← Chapters

အခန်း (၁၃၃-၁၃၄)

Vol. 14 Ch. 133-134

အခန်း (၁၃၃-၁၃၄)

Vol. 14 Ch. 133-134

အခန်း (၁၃၃) ကတိအလွတ်များ

နောက်တစ်နေ့ နံနက်တွင် ချန်လော့ တစ်ယောက် စောစော ထလာခဲ့၏။

ပို၍ တိတိကျကျ ပြောရလျှင် မနေ့ညက သူ တစ်ရေးမှ မအိပ်ခဲ့ပေ။

"တစ်ညလုံး အချိန်ယူလိုက်ရတယ်... နောက်ဆုံးတော့ ငါ အောင်မြင်သွားပြီ..."

ချန်လော့က ပြောရင်း သူ၏ အရှေ့တွင် ရှိနေသော ပုလင်းငယ် ဒါဇင်ပေါင်းများစွာကို ကြည့်လိုက်၏။

ဒါက သူ တစ်ညလုံး အချိန်ယူပြီး ဖော်စပ်ထားတဲ့ အဆိပ်တွေပဲ…

မနေ့က မီးဖိုချောင်ရှိ စားနပ်ရိက္ခာများသည် ဂိုဏ်းဝင်အားလုံးအတွက် ဖြစ်ကြောင်း သိလိုက်ရပြီးနောက် ချန်လော့ တစ်ယောက် အကြံတစ်ခု ရသွားတော့သည်။ အကယ်၍ သူသာ တစ်စုံတစ်ယောက်ကို အဆိပ်ခတ်မည်ဆိုပါက လူတိုင်းကို တစ်ပြိုင်နက်တည်း ခတ်ရမည်သာ ဖြစ်၏။

သို့သော် ထိုသို့ပြုလုပ်ခြင်းက လူသောင်းချီ၍ အိမ်သာတစ်ခုတည်းကို လုတက်နေကြရသည့် အခြေအနေဆိုးကြီးသို့ ဆိုက်ရောက်သွားစေနိုင်သည်။

ချန်လော့ကိုယ်တိုင်လည်း ဤကဲ့သို့ ရုပ်ပျက်ဆင်းပျက် အခြေအနေမျိုးကို မဖြစ်စေချင်သော်လည်း အခြားရွေးချယ်စရာ လမ်းမရှိတော့ပေ။ "ဂိုဏ်း၏ ဂုဏ်သိက္ခာအတွက်ဆိုလျှင် လူရာချီ၊ ထောင်ချီကို စတေးရသည်မှာ ပြဿနာမဟုတ်" ဟု သူ ခံယူထားသည်။

စစ်သူကြီးတစ်ယောက်ရဲ့ အောင်မြင်မှုဆိုတာ လူပေါင်းတစ်သောင်းရဲ့ အရိုးစုတွေပေါ်မှာ တည်ဆောက်ထားရတာ" ဆိုတဲ့ စကားကို ကြားဖူးကြတယ်မလား....

သေချာသည်မှာ ထိုစကားသည် စတေးခံရသူများထဲတွင် ချန်လော့ ကိုယ်တိုင် မပါဝင်မှသာ အဓိပ္ပာယ်ရှိပေမည်။

ချန်လော့သည် တစ်ညလုံး အပင်ပန်းခံ ဖော်စပ်ထားသည့် အဆိပ်များကို သယ်ဆောင်ကာ မီးဖိုချောင်ဆီသို့ အေးအေးလူလူ လျှောက်လှမ်းလာခဲ့သည်။ မီးဖိုချောင်အတွင်း၌ အလုပ်များ စတင်ရှုပ်ထွေးနေချိန်ဖြစ်ပြီး ချန်လော့ ဝင်လာသည်ကို မြင်လိုက်ရသော ဝန်ထမ်းများမှာ ခနဲ့တဲ့တဲ့ အပြုံးများဖြင့် နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားကြ၏။

အကြောင်းမှာ မနေ့က ချန်လော့နှင့် ချင်မုတို့သည် အထူးမီးဖိုချောင်သို့ "ကျူးကျော်ဝင်ရောက်" ကာ ဂိုဏ်းချုပ်နှင့် အကြီးအကဲများအတွက် ပြင်ဆင်ထားသော အစားအသောက် ၇၀ မှ ၈၀ ရာခိုင်နှုန်းခန့်ကို ပြောင်သလင်းခါအောင် စားပစ်ခဲ့ကြသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ဂိုဏ်းချုပ်က သူတို့နှစ်ယောက်ကို မြင်သည်နှင့် မီးဖိုချောင်တံခါးကို ချက်ချင်းပိတ်ပစ်ရန်နှင့် အထူးမီးဖိုချောင်ဧရိယာအတွင်းသို့ နောက်နောင် လုံးဝ (လုံးဝ) ပေးမဝင်ရန် အမိန့်ထုတ်ထားခဲ့ရသည်။

သို့သော် ယခု သူရောက်နေသည့် ပုံမှန်မီးဖိုချောင်ကတော့ ထိုအမိန့်နှင့် မသက်ဆိုင်ချေ။ ဝန်ထမ်းများကလည်း ဤနေရာတွင် တပည့်ပေါင်း ရာချီ၊ ထောင်ချီအတွက် ပြင်ဆင်ထားသည့် ရိက္ခာအမြောက်အမြား ရှိနေသဖြင့် ချန်လော့နှင့် သူ၏အဖော်တို့ နှစ်ယောက်တည်းနှင့် အကုန်စားပစ်နိုင်မည် မဟုတ်ဟု တွေးကာ စိုးရိမ်ခြင်းမရှိပေ။

"ချန်လော့ စီနီယာအစ်ကို ရောက်လာပြီပဲ... ဘာစားချင်လို့လဲ မသိဘူး...”

ထမင်းချက်က ချန်လော့ကို မျက်နှာချိုသွေးသည့် အမူအရာဖြင့် ကြည့်၍ မေးလိုက်၏။

သူတို့က သာမန် တပည့်များသာ ဖြစ်ပြီး ချန်လော့ကို ဒေါသထွက်အောင် မလုပ်ရဲကြပေ။

ချန်လော့က ပြုံး၍ ထိုတပည့်ကို တစ်ချက် ကြည့်လိုက်သည်။

"ရပါတယ်... ငါ ဒီအတိုင်း လာကြည့်တာပါ... မင်းတို့ အလုပ်သာ မင်းတို့ ဆက်လုပ်ကြပါ... ငါ့ကို ဂရုမစိုက်နဲ့..."

ထမင်းချက်က ခေါင်းတစ်ချက်ညိတ်ပြကာ သူ၏ ဟင်းလျာများကို ဆက်လက်ချက်ပြုတ်ရန် ကျောခိုင်းလှည့်သွား၏။ လူတိုင်းက ကိုယ့်အလုပ်နှင့်ကိုယ် ရှုပ်နေကြပြီး သူ့ကို မည်သူမျှ စောင့်ကြည့်ခြင်းမရှိတော့ကြောင်း သေချာသွားမှသာ ချန်လော့ သည် သိုလှောင်အိတ်အတွင်းမှ အဆိပ်ပုလင်းကို တိတ်တဆိတ် ထုတ်ယူလိုက်သည်။

သူသည် အသားဟင်းချိုများ တပွက်ပွက်ဆူနေသော အိုးကြီးတစ်လုံးဆီသို့ အသာအယာ လျှောက်သွားလိုက်သည်။ ဘေးဘီကို အကဲခတ်ကြည့်ရာ မည်သူမျှ သတိမထားမိသည်ကို မြင်သောအခါ လက်ထဲမှ အဆိပ်များကို အိုးထဲသို့ ချက်ချင်း လောင်းထည့်လိုက်တော့၏။

ထို့နောက် ဘေးရှိ ဇွန်းကို ယူ၍ မွှေလိုက်သည်။

သူက ဟင်းချို တစ်ဇွန်းကို ခပ်ယူ၍ နမ်းကြည့်လိုက်၏။

"ကောင်းပြီ... ဘာပြဿနာမှ မရှိဘူး..."

ထို့နောက် ဟင်းချိုဇန်းကို ပြန်ချထားခဲ့ပြီးနောက် ဘေးရှိ အကြော်ဟင်းလျာများဆီသို့ ခပ်တည်တည်ဖြင့် လျှောက်သွားပြန်သည်။ မကြာမီမှာပင် ချန်လော့သည် ပြင်ဆင်ထားသမျှ ဟင်းလျာအားလုံးထဲသို့ အဆိပ်များ တစ်ခုမကျန် ထည့်ပြီးသွားတော့၏။

မီးဖိုချောင်အတွင်းရှိ (အဆိပ်သင့်နေပြီဖြစ်သော) ဟင်းလျာအမြောက်အမြားကို ကြည့်ရင်း ချန်လော့က ကျေနပ်အားရစွာဖြင့် ခေါင်းညိတ်လိုက်လေသည်။

"ကောင်းပြီ... ဒါဆိုရင် ပြဿနာ ပြေလည်သွားလောက်ပြီ..."

အကြံအစည် အောင်မြင်ပြီးနောက် ချန်လော့ သည် မီးဖိုချောင်အတွင်းမှ အသာအယာ ပြန်လည်ထွက်ခွာသွားတော့၏။

ဆယ်မိနစ်ခန့် ကြာပြီးနောက် ချန်ရှင်းဂိုဏ်း ၏ ဧည့်ခံခန်းမကြီးအတွင်း၌... ချန်လော့နှင့် ချင်မု တို့သည် ဘေးချင်းယှဉ်ထိုင်နေကြပြီး ဝန်ထမ်းများက ဟင်းလျာများကို တစ်ပွဲပြီးတစ်ပွဲ ခင်းကျင်းချထားပေးသည်ကို ကြည့်နေကြသည်။

မကြာမီမှာပင် ခန်းမအတွင်းရှိ လူတိုင်းက ဟင်းပွဲများမှ အစားအသောက်များကို မြိန်ရည်ယှက်ရည် စတင်စားသောက်ကြတော့သည်။ ထိုမြင်ကွင်းကို ကြည့်ရင်း ချန်လော့က ကျေနပ်အားရစွာဖြင့် ပြုံးလိုက်မိ၏။

သို့သော်လည်း ချန်လော့သည် ဘေးတွင်ထိုင်နေသော ချင်မုကို လှည့်ကြည့်လိုက်မိသည့်အခါတွင်မူ သူ၏မျက်နှာမှာ ချက်ချင်းဆိုသလို မျက်မှောင်ကြုတ်သွားရတော့သည်။

တစ်ဖက်လူက တူကို ကိုင်ထားသော်လည်း စားမည့် အရိပ်အယောင် လုံးဝ မပြသည်ကို ချန်လော့ သတိပြုမိသွား၏။

ဤမြင်ကွင်းက ချန်လော့ ကို အနည်းငယ် စိုးရိမ်သွားစေသည်။ သို့သော် သူစိုးရိမ်သည်မှာ ချင်မု ၏ ကျန်းမာရေးအတွက် မဟုတ်ပေ။ ချင်မုက အပြင်ဘက်တွင် ငတ်သေသွားလျှင်ပင် သူ့အတွက် အရေးမကြီးချေ။

အဓိကအချက်မှာ ဤအဆိပ်များကို ချင်မုအတွက်သာ သီးသန့်ရည်ရွယ်၍ ဖော်စပ်ထားခြင်းဖြစ်ရာ ၎င်းသာ မစားပါက သူ၏ ကြိုးပမ်းအားထုတ်မှုများမှာ အလဟဿ ဖြစ်သွားပေတော့မည်။ ထို့ကြောင့် ချန်လော့သည် သူ၏ မကောင်းဆိုးဝါး အပြုံးကို ဖုံးကွယ်ကာ ချင်မုကို ကြည့်ပြီး နူးညံ့စွာ ပြောလိုက်၏။

"မင်း ဘာလို့ မစားတာလဲ... ဒီအစားအသောက်တွေက အရမ်း အရသာရှိတာပဲ..."

"လာပါ... စားစမ်းပါ... စားစမ်းပါ..."

ချန်လော့က ပြောရင်း ဟင်းများကို ချင်မု၏ ပန်းကန်လုံးထဲသို့ အဆက်မပြတ် ထည့်ပေးနေ၏။

သို့သော် ချင်မုက ကြည့်နေရင်း သက်ပြင်းရှည်ကြီး ချလိုကိသည်။

"ဒါတွေက မနေ့က ငါတို့စားခဲ့တဲ့ အထူးဟင်းလျာတွေလောက် အရသာမရှိဘူးလို့ ငါ ခံစားရတယ်..."

ချန်လော့ စကားပင် မပြောနိုင်ခင်မှာပင် မူရှာရှာက သူမ၏ အစားအသောက်များကို ပြန်အန်ထုတ်လုမတတ် ဖြစ်သွား၏။

မနေ့က အဖြစ်အပျက်ကို မီးဖိုချောင်ဝန်ထမ်းများ အမှတ်ရနေဆဲ ဖြစ်သည်။ ဂိုဏ်းချုပ်၏ စားပွဲပေါ်သို့ ပို့ဆောင်ရမည့် ဟင်းလျာ ဆယ်ခွက်အနက် ခုနစ်ခွက်ခန့်မှာ အကြွင်းအကျန်များသာ ဖြစ်နေခဲ့သည် မဟုတ်လော။

နောက်မှ စုံစမ်းကြည့်တော့မှ ချန်လော့ က ချင်မု ကို ခေါ်ဆောင်လာခဲ့သောကြောင့်သာ ဤသို့ ဖြစ်ခဲ့ရမှန်း သိလိုက်ရသည်။ သူတို့နှစ်ယောက်သည် အထူးဟင်းလျာများ ပြင်ဆင်ရာနေရာသို့ ဝင်ရောက်လာပြီး အားပါးတရ စားသောက်ခဲ့ကြရာ ဝန်ထမ်းများ သတိထားမိချိန်တွင် အခြေအနေက နောက်ကျသွားခဲ့ပြီဖြစ်သည်။ ကျန်ရှိနေသော ၃၀ ရာခိုင်နှုန်းကိုပင် ထိုနှစ်ယောက်၏ ပါးစပ်ထဲမှ အနိုင်နိုင် လုယူခဲ့ရခြင်း ဖြစ်သည်။

ချန်လော့က မူရှာရှာကို လျစ်လျူရှု၍ ချင်မုကို လှည့်ကြည့်လိုက်၏။

"မနေ့ကလောက် မကောင်းပေမယ့်လည်း စားရမှာပဲလေ... အချိန်မှန် မစားရင် ကျန်းမာရေး ထိခိုက်လိမ့်မယ်..."

ထိုသို့ ပြောရင်း သူက အသားတုံးကြီး အနည်းငယ်ကို ချင်မု၏ ပန်းကန်ထဲသို့ ထပ်ထည့်ပေးလိုက်၏။

"ရပါတယ်... အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ တစ်ယောက်က တစ်လလောက် မစားဘဲ နေလည်း အဆင်ပြေပါတယ်..."

ဘေးမှ ကျောက်မန်က ဝင်ပြောလိုက်သည်။

ဤသည်ကို ကြားသောအခါ ချန်လော့၏ မျက်နှာက ချက်ချင်း မည်းမှောင်သွား၏။

“သူသာ မစားဘူးဆိုရင် ငါ လောင်းထည့်ထားတဲ့ အဆိပ်တွေ အကုန် အလဟဿ ဖြစ်သွားမှာပေါ့! အဲဒါက တစ်ညလုံး အချိန်ယူပြီး ဖော်ထားရတဲ့ အဆိပ်တွေနော် “

"မင်းကို ဘယ်သူကမှ စကားမပြောဘူး... ပါးစပ်ပိတ်ပြီး မင်းရဲ့ ထမင်းကိုသာ မင်း စားစမ်းပါ..."

ချန်လော့၏ အမူအရာကို မြင်သောအခါ ကျောက်မန်မှာ အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်သွားပြီး အေးစက်စက် နှာခေါင်းရှုံ့ကာ သူ့ကို လုံးဝ လျစ်လျူရှုထားလိုက်၏။

သို့သော်လည်း အဓိကပြဿနာမှာ ချင်မု ဖြစ်သည်။ သူသည် စားချင်စိတ် လုံးဝ မရှိသေးသည့်ပုံစံဖြင့် ထိုင်နေဆဲပင်။ တစ်ညလုံး အချိန်ယူ ဖော်စပ်ထားရုံမက မီးဖိုချောင်အထိ ခိုးကြောင်သူခိုးဝှက် သွားရောက်ထည့်ခဲ့သော အဆိပ်များမှာ အလဟဿ ဖြစ်တော့မည့်အရေးကို မြင်လိုက်ရသဖြင့် ချန်လော့ တစ်ယောက် ဒေါသတကြီးဖြင့် အံကြိတ်ကာ ချင်မုကို စတင်ဖျောင်းဖျရတော့သည်။

"ဒီလို လုပ်ပါလား... ဒီတစ်နပ်ကိုတော့ မင်း လိမ်လိမ်မာမာ စားလိုက်ပါ..."

"ငါတို့ ပြိုင်ပွဲ ပြီးသွားရင် မနေ့က စားခဲ့တဲ့ အထူးဟင်းလျာတွေကို သွားစားဖို့ မင်းကို ငါ ခေါ်သွားပေးမယ်..."

ဤသည်ကို ကြားသောအခါ မှုန်ကုပ်ကုပ် ဖြစ်နေသော ချင်မုမှာ ရုတ်တရက် မျက်နှာလင်းလက်သွားပြီး ချန်လော့ကို မယုံကြည်နိုင်စွာ ကြည့်လိုက်၏။

"တကယ်လား..."

ချန်လော့က ခေါင်းညိတ်လိုက်သည်။

"သေချာတာပေါ့... တကယ်ပဲ... ချန်ရှင်းဂိုဏ်းမှာ သွားမေးကြည့်လိုက်... ငါ ချန်လော့က ဘယ်သူ့ကို လိမ်ဖူးလဲဆိုတာ..."

ထိုသို့ ပြောပြီးနောက် ချန်လော့က တစ်စုံတစ်ခုကို သတိရသွားပုံရပြီး ချက်ချင်းပင် ကျောက်မန်ကို သတိထားသည့် အမူအရာဖြင့် ကြည့်လိုက်၏။

ကျောက်မန်က မူလက တစ်ခုခု ပြောချင်ခဲ့သော်လည်း ချန်လော့၏ အကြည့်ကို မြင်ပြီးနောက် တိတ်တဆိတ် နေရန်သာ ရွေးချယ်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် သူမက ချန်လော့၏ ပြိုင်ဘက် မဟုတ်ကြောင်း သူမ ကောင်းကောင်း သိထားသောကြောင့် ဖြစ်၏။

ချန်လော့ထံမှ အတည်ပြုချက် ရရှိပြီးနောက် ချင်မုက စကားမပြောတော့ဘဲ ချန်လော့ ထည့်ပေးထားသော အစားအသောက်များကို ချက်ချင်း စားသောက်တော့၏။

ထိုအချိန်ကျမှသာ ချန်လော့၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။

"ဟုတ်တယ်မလား... မင်း အားပါးတရ စားသင့်တယ်..."

စကားပြောနေစဉ် သူက ချင်မု၏ ပန်းကန်ထဲသို့ ဟင်းအနည်းငယ် ထပ်ထည့်ပေးလိုက်၏။

ချင်မု စားနေသည်ကို ကြည့်ရင်း ချန်လော့၏ မျက်နှာတွင် ကြင်နာတတ်သော အဘွားအို တစ်ဦး၏ အပြုံးမျိုး လင်းလက်နေသည်။

နောင်တစ်ချိန်တွင် ချန်လော့က ချင်မုကို အထူးဟင်းလျာများဖြင့် တည်ခင်းဧည့်ခံမည်၊ မဧည့်ခံမည်မှာ မရေရာသော ကိစ္စသာ ဖြစ်သည်။ ဤသည်မှာ ကလေးငယ်တစ်ဦး ထမင်းကုန်အောင်စားစေရန် 'ကုန်အောင်စားလျှင် အာထရာမန်းအရုပ် ဝယ်ပေးမည်' ဟု အဘွားဖြစ်သူက ချော့မော့လှည့်ဖျားခြင်းနှင့် အလားသဏ္ဌာန်တူပေသည်။

တကယ်တမ်းကြ ကတိအတိုင်း အရုပ်ဝယ်ပေးခဲ့ဖူးလို့လား။

ဤသည်မှာလည်း အကောင်အထည်ဖော်ရန် ရည်ရွယ်ချက်မရှိဘဲ ပျက်ပြယ်သွားဖို့ သေချာနေသည့် တန်ဖိုးမရှိသော ကတိအလွတ်တစ်ခုသာ ဖြစ်ပေတော့သည်။

...

ခန်းမအတွင်းရှိ လူတိုင်း အားရပါးရ စားသောက်ပြီးစီးသွားကြသောအခါမှ ချန်လော့၏ နှုတ်ခမ်းထောင့်တွင် အောင်နိုင်သူတစ်ယောက်ကဲ့သို့ အပြုံးတစ်ခု ပေါ်လာတော့သည်။

အဆိပ်အာနိသင် စတင်ပြရန် တစ်နာရီခန့် လိုသေး၏။ ဤအချိန်သည် အဆိပ်တက်စေရန် ချန်လော့ အသေအချာ တွက်ချက်ထားသည့် "သတ်မှတ်ချိန်" ပင် ဖြစ်သည်။ မနေ့က ပြိုင်ပွဲအပြီးတွင် ဂိုဏ်းဝင်တစ်ဦးချင်းစီ၏ ပွဲစဉ်အဆင့်သတ်မှတ်ချက်များကို ထုတ်ပြန်ပြီးဖြစ်ရာ နောက်ထပ် ယှဉ်ပြိုင်မှုများက မကြာမီ စတင်တော့မည်။

နောက်ဆုံးအဆင့်တွင် လူဆယ့်ခြောက်ယောက် ရှိသည်။ ချန်လော့နှင့် သူ၏ အသင်းဖော် သုံးယောက် အပြင် အဓိကတပည့် ဆယ့်နှစ်ယောက် ရှိ၏။

သူတို့သည် ၁၆ ယောက်မှ ၈ ယောက်၊ ၈ ယောက်မှ ၄ ယောက်၊ ၄ ယောက်မှ ၂ ယောက်၊ နောက်ဆုံး ၂ ယောက်ကနေ ၁ ယောက်အထိ ဗိုလ်စွဲဖို့အတွက် ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

ပထမအချီနှင့် ဒုတိယအချီတွင် သူတို့၏ ပြိုင်ဘက်များမှာ အဓိကတပည့် များသာ ဖြစ်ကြသည်။

ဤသည်မှာ ဂိုဏ်းမှ ကြိုတင်စီစဉ်ထားခြင်း ဖြစ်ကြောင်း သိသာ၏။ အကယ်၍သာ ထိုသို့မဟုတ်ဘဲ တိုက်ရိုက်တပည့် နှစ်ဦးသာ ပထမအချီမှာတင် ထိပ်တိုက်တွေ့ခဲ့လျှင် တစ်ဦးဦးမှာ ထိပ်ဆုံး ၁၆ ယောက်အဆင့်၌ပင် ပြိုင်ပွဲမှ ထွက်ခွာသွားရမည်ဖြစ်ရာ ဂိုဏ်းအတွက် ကြည့်မကောင်းနိုင်ပေ။

သူတို့က မိစ္ဆာတာအိုဂိုဏ်းဝင်များ ဖြစ်ကြသော်လည်း လူမှုဆက်ဆံရေးနှင့် လုပ်ထုံးလုပ်နည်း ဓလေ့ထုံးစံများကိုတော့ အလေးထားရဦးမည် မဟုတ်လော။ ချန်လော့သည် သူ၏ ပြိုင်ဘက်အချက်အလက်များကို စစ်ဆေးကြည့်ရာ တတိယမြောက် ပွဲစဉ်တွင် ဆန္ဒရမ္မက်နတ်ဆိုးဂိုဏ်းမှ မူရှာရှာနှင့် တွေ့ဆုံရမည်ဖြစ်ပြီး၊ ချင်မု၏ ပြိုင်ဘက်မှာမူ ယန်ချုံထျန်း ဖြစ်ကြောင်း တွေ့ရှိလိုက်ရသည်။

တစ်နည်းအားဖြင့်ဆိုရသော် မျှော်လင့်မထားသော အခြေအနေများ မရှိပါက သူသည် ချင်မုနှင့် နောက်ဆုံး ပွဲစဉ်တွင် ရင်ဆိုင်ရမည် ဖြစ်သည်။

စုစုပေါင်း ပွဲစဉ် (၁၅) ပွဲ ရှိပြီး ပွဲစဉ်တစ်ပွဲလျှင် ၇ မိနစ်၊ ၈ မိနစ်ခန့် ကြာမြင့်မည်ဆိုပါက အချိန်က သူတွက်ချက်ထားသည်နှင့် အတော်လေး ကွက်တိဖြစ်နေ၏။

ပုံမှန်အားဖြင့် သူတို့ကဲ့သို့ တိုက်ရိုက်တပည့်များသည် ထိုအဓိကတပည့်များကို တစ်မိနစ်ပင်မကြာသော အချိန်အတွင်း အမြန်ဆန်ဆုံး ဖြေရှင်းနိုင်ကြမည်ဖြစ်သည်။ သို့ဖြစ်ရာ အဆိပ်အာနိသင်က ဆယ်မိနစ်ခန့်အကြာမှသာ စတင်ပြလာမည်ဖြစ်သဖြင့် အချိန်ပိုနေသေးသည်။ သို့သော်လည်း ချန်လော့က ထိုကိစ္စအတွက် ဖြေရှင်းနည်းတစ်ခုကို ကြိုတင်စဉ်းစားမိပြီးသား ဖြစ်လေသည်။

“ဆယ်မိနစ်ကျော်လေးပဲလေ... မဆိုးပါဘူး... အပြင်က အိမ်သာကို ပြေးသွားပြီး ဆယ်မိနစ်လောက် ထိုင်နေလိုက်လို့ ရပါတယ်...”

အခန်း (၁၃၄) မင်း လုပ်ရပ်နဲ့ မင်း ထိုက်တန်တာကို ရမှာပဲ

နံနက်စာ စားပြီးနောက် လူတိုင်းက ပြိုင်ကွင်းဆီသို့ သွားကြ၏။

ချန်လော့သည် ပြိုင်ကွင်းပေါ်တွင် ရာက္ခသတံခါးဂိုဏ်းမှ တပည့်တစ်ဦးနှင့် မျက်နှာချင်းဆိုင် မတ်တတ်ရပ်နေသည်။

ထိုတပည့်၏ လက်ထဲတွင် ခုနစ်ပေ ရှည်လျားသော ဓားတစ်လက်ကို ကိုင်ဆောင်ထားပြီး ၎င်း၏ ဓားသွားမှာ အနီရောင်ရင့်ရင့်ဖြင့် တောက်ပနေကာ ရက်စက်ကြမ်းကြုတ်မှုအရှိန်ဝါကို ထုတ်လွှတ်နေ၏။

"ကြည့်ရတာ မင်းက လူတော်တော်များများကို သတ်ခဲ့ဖူးတဲ့ပုံပဲ...”

ထိုတပည့်၏ လက်ထဲမှ ဓားကို ကြည့်ရင်း ချန်လော့၏ မျက်လုံးများမှာ အံ့အားသင့်စွာဖြင့် ပြူးကျယ်သွားရ၏။ ဤမျှအထိ ပြင်းထန်သော သွေးညှီနံ့နှင့် ရက်စက်ကြမ်းကြုတ်သည့် အငွေ့အသက်များ ထွက်ပေါ်လာစေရန်ဆိုလျှင် ထိုဓားဖြင့် အနည်းဆုံး လူပေါင်းတစ်ရာခန့်ကို သတ်ဖြတ်ခဲ့ဖူးမှသာ ဖြစ်နိုင်ပေလိမ့်မည်။

ချန်လော့၏ အကြည့်သည် သူ့လက်ထဲရှိ ရှည်လျားသော ဓားပေါ်တွင် ရပ်တန့်နေသည်ကို ထိုတပည့်က သတိပြုမိသွားပုံရသည်။ သူ၏ နှုတ်ခမ်းထောင့်တွင် အေးစက်စက် အပြုံးတစ်ခု ပေါ်လာပြီးနောက် တည်ငြိမ်စွာဖြင့် ပြန်ပြောလိုက်သည်။

"ဒီဓားကို ငါ ပညာစသင်တုန်းက ငါ့ကို သတ်ချင်ခဲ့တဲ့ စီနီယာအစ်ကို တစ်ယောက်ဆီကနေ ယူခဲ့တာ..."

"သာမန် ပြင်စည်းတပည့် ဘဝကနေ တွင်းစည်းတပည့် ပြီးတော့ အဓိကတပည့် ဖြစ်လာတဲ့အထိ ဒီဓားက ငါနဲ့အတူ လိုက်ပါလာခဲ့တာ..."

"ဒီဓားမှာ မရေမတွက်နိုင်တဲ့ ကျင့်ကြံသူတွေရဲ့ သွေးတွေ စွန်းထင်းနေတာ ကြာပြီ... ဒီနေ့ မတော်တဆ မင်းရဲ့ သွေးတွေ စွန်းထင်းသွားရင်လည်း စိတ်မဆိုးဘူးလို့ မျှော်လင့်ပါတယ်..."

ထိုတပည့်သည် ခေါင်းကို အသာငုံ့ကာ သူ၏ဓားသွားကို လက်ချောင်းများဖြင့် ညင်သာစွာ ပွတ်သပ်နေရင်း နှုတ်ခမ်းထောင့်တွင် ထူးဆန်းသော အပြုံးတစ်ခုကို ဆင်မြန်းထား၏။

သို့သော် ထိုအချိန်မှာပင် အမည်းရောင်ပုံရိပ်တစ်ခုက သူ၏ရှေ့မှ နေရောင်ခြည်ကို ရုတ်တရက် ဖုံးလွှမ်းသွားတော့သည်။

ထိုတပည့်မှာ ခဏမျှ ကြောင်အမ်းသွားသော်လည်း မော့ပင်မကြည့်ရသေးမီမှာပင် သူ၏ခေါင်းတစ်ခုလုံး လေးလံထိုင်းမှိုင်းသွားသည်ကို ခံစားလိုက်ရ၏။ နောက်တစ်စက္ကန့်တွင်မူ သူသည် စင်မြင့်ပေါ်တွင် မဟုတ်တော့ဘဲ စင်အောက်ရှိ အကဲဖြတ်အကြီးအကဲ၏ ဘေးသို့ ရောက်ရှိနေပြီဖြစ်ကြောင်း အံ့သြဖွယ်ရာ တွေ့လိုက်ရတော့သည်။

"ဘာ... ဘာဖြစ်သွားတာလဲ...”

ထိုတပည့်သည် ဘေးဘီဝဲယာကို ကြောင်တောင်တောင်ဖြင့် လှည့်ကြည့်လိုက်ရာ အကဲဖြတ်အကြီးအကဲ၏ မျက်နှာမှာ အနည်းငယ် ထူးဆန်းနေပြီး ပတ်ဝန်းကျင်ရှိ သူများကလည်း တစ်စုံတစ်ခုကို ပြောရန် ချီတုံချတုံ ဖြစ်နေကြသည်ကို သတိပြုမိသွားသည်။

ရုတ်တရက် သူ၏ ဦးခေါင်းထက်သို့ ပူနွေးသော အရည်တစ်မျိုး ကျဆင်းလာသည်ကို ခံစားလိုက်ရပြီး ထိုအရည်သည် ခေါင်းမှတစ်ဆင့် မျက်နှာပေါ်သို့ စီးဆင်းလာတော့၏။

သူက ခေါင်းကို အသာအယာ စမ်းကြည့်ပြီးနောက် လက်ကို ပြန်ကြည့်လိုက်ရာ ရဲရဲနီနေသော သွေးများကို တွေ့လိုက်ရသည်။ ထိုအခိုက်အတန့်တွင် သူသည် တစ်စုံတစ်ခုကို ရိပ်မိသွားပုံရပြီး ထိတ်လန့်တကြား ပြူးကျယ်နေသော မျက်လုံးများဖြင့် ပြိုင်ကွင်းစင်မြင့်ထက်သို့ လှမ်းကြည့်လိုက်တော့၏။

ပြိုင်ကွင်းပေါ်တွင် ချန်လော့က သူ၏ နေရာ၌ ရပ်နေပြီး လက်ထဲတွင် ဓားတစ်လက်ကို ကိုင်ထားကာ ဓားသွားပေါ်တွင် သွေးအနည်းငယ် စွန်းထင်းနေဆဲ ဖြစ်သည်။

"ကျစ်... နောက်ကျောကို ဓားနဲ့ ထိုးတာပဲ “

သူသည် အံ့အားသင့်ရာမှ သတိပြန်ဝင်လာပြီး ချန်လော့ကို စတင် ဆဲဆိုတော့၏။

" မင်း... မင်းက တိုက်ပွဲအလယ်မှာ နောက်ကျောကို ဓားနဲ့ထိုးတဲ့ အောက်တန်းစားနည်းလမ်းကို သုံးရဲတယ်ပေါ့လေ! ဒီလိုလူမျိုးကများ တိုက်ရိုက်တပည့် တစ်ယောက်ပါလို့ အရှက်မရှိ ခေါ်ဝံ့သေးတယ်”

"အောက်တန်းကျလိုက်တာ! အရှက်မရှိဘူး! ရိုင်းစိုင်းလိုက်တာ”

ထိုကဲ့သို့ စွပ်စွဲပုတ်ခတ်မှုများကို ရင်ဆိုင်နေရသော်လည်း ချန်လော့၏ အကြည့်များမှာ မယုံနိုင်လောက်အောင်ပင် တည်ငြိမ်အေးစက်နေဆဲဖြစ်၏။ သူသည် တစ်ခွန်းမျှ တုံ့ပြန်ခြင်းမရှိဘဲ တစ်ဖက်လူကိုသာ အားရပါးရ ဆက်လက်အော်ဟစ်ခွင့် ပေးထားလိုက်သည်။

တစ်ဖက်လူ၏ စကားများ ဆုံးသွားသည့်အခါမှ ချန်လော့သည် သူ့ကို ကြည့်လိုက်၏။ ထို့နောက် သူ၏ ရှည်လျားသော ဓားကို တစ်ချက် ဝှေ့ယမ်းလိုက်ရာ ဓားဖျားမှာ ထိုတပည့်၏ မျက်နှာဆီသို့ တည့်တည့်မတ်မတ် ညွှန်ပြလျက်သား ရှိနေတော့သည်။ သူက အေးစက်စက် လေသံဖြင့် ခပ်ပြတ်ပြတ်ပင် ပြောလိုက်တော့၏။

" ဒါက သာမန်ပြိုင်ပွဲတစ်ခု ဖြစ်နေတာကိုပဲ မင်း ကျေးဇူးတင်သင့်တယ်။ မဟုတ်လို့ကတော့ မင်း အခုချိန်မှာ အလောင်းဖြစ်နေလောက်ပြီ။"

ချန်လော့က ခပ်အေးအေးပင် ဆက်ပြောလိုက်၏။

"မျက်နှာချင်းဆိုင် တိုက်ပွဲတစ်ခုမှာ ရန်သူ့ကို ရှေ့မှာထားပြီး မင်းက မျက်လွှာချ ကြည့်နေရဲတယ်ဆိုတော့... မင်းက ကိုယ့်ကိုယ်ကိုယ် သေချင်ဇောနဲ့ လမ်းဖွင့်ပေးနေတာ မဟုတ်ဘူးလား"

"အောက်တန်းကျတယ်... အရှက်မရှိဘူး... ရိုင်းစိုင်းတယ်... ဟုတ်လား... ငါက အဲဒီလို လူစားမျိုး ဖြစ်နိုင်ပါတယ်... ဒါပေမဲ့ မင်းကတော့ ငါ့အမြင်မှာ မတ်တတ်ရပ်နေတဲ့ အလောင်း တစ်လောင်း သက်သက်ပဲ..."

"ပြီးတော့ ဒါက ပြိုင်ကွင်းနော်... မင်းရဲ့ အတိတ် အကြောင်းတွေကို ပြန်ပြောပြဖို့ စင်မြင့် မဟုတ်ဘူး"

ထိုသို့ ပြတ်ပြတ်သားသား ပြောဆိုပြီးနောက် ချန်လော့သည် ကျောခိုင်းလှည့်ထွက်ကာ ပြိုင်ကွင်းစင်မြင့်ပေါ်မှ အေးအေးလူလူ ဆင်းသွားလေတော့သည်။

ထိုအချိန်တွင် ပရိသတ်များကြားရှိ ရာက္ခသတံခါးဂိုဏ်းမှ တပည့်များမှာ ကြောင်အမ်းအမ်းဖြင့် အံ့အားသင့်နေကြဆဲပင်။ အခြားသော အမြော်အမြင်ရှိသည့် ပုဂ္ဂိုလ်များစွာမှာလည်း ချန်လော့၏ စကားများအတွင်းမှ ပါရှိသော ဆိုလိုရင်းကို နားလည်သွားကြသဖြင့် အံ့သြတုန်လှုပ်သွားကြရ၏။

ဤသဘောတရားကို သူတို့အားလုံး ကောင်းကောင်းနားလည်ကြသည်။ အကြောင်းမူကား မိစ္ဆာဂိုဏ်း၏ လောကတွင် လူအနည်းငယ်မှအပ ကျန်ရှိသူများမှာ လုံခြုံချောမွေ့စွာဖြင့် ယခုကဲ့သို့သော အဆင့်အတန်းမျိုးသို့ ရောက်ရှိလာခဲ့ခြင်း မဟုတ်သောကြောင့် ဖြစ်၏။

အစကတည်းက တိုက်ရိုက်တပည့်အဖြစ် အထူးအခွင့်အရေးရကာ သတ်မှတ်ခံခဲ့ရသည့် 'ကျောက်မန်' နှင့် 'ချန်လော့' တို့ကဲ့သို့ လူမျိုးမှာ အလွန်ရှားပါးလှသည်။ ကျန်ရှိသည့် လူအများစုမှာမူ အလောင်းတောင်များကို ကျော်ဖြတ်၊ သွေးပင်လယ်များကို ဖြတ်သန်းကာ တစ်ဆင့်ပြီးတစ်ဆင့် အသေအလဲ တိုက်ခိုက်ရင်းမှသာ ယခုနေရာသို့ ရောက်ရှိအောင် ရုန်းကန်ခဲ့ကြရခြင်း ဖြစ်ပေသည်။

၎င်းတို့သည် ပါရမီထူးချွန်ရုံမျှဖြင့် အဓိကတပည့်များ ဖြစ်လာခဲ့ကြသည်မဟုတ်။ ပါရမီထက် ပိုမိုပြင်းထန်သည့် ရက်စက်ကြမ်းကြုတ်မှုများ၊ လိုရာခရီးရောက်ရန်အတွက် အောက်တန်းကျသည့် နည်းလမ်းများကိုပါ မတွန့်မတို အသုံးပြုခဲ့ကြသောကြောင့်သာ ဤနေရာသို့ ရောက်ရှိလာခြင်းဖြစ်သည်။

သာမန်လူများအဖို့မူ ချန်လော့၏ လုပ်ရပ်မှာ စက်ဆုပ်ဖွယ်ကောင်းသော ကောက်ကျစ်မှုဟု ထင်ရပေလိမ့်မည်။ သို့သော် သူတို့ကဲ့သို့ မိစ္ဆာလမ်းစဉ်ကို လျှောက်လှမ်းနေသူများအတွက်မူ ဤသည်မှာ အထူးအဆန်းမဟုတ်ဘဲ ပုံမှန်ဖြစ်ရိုးဖြစ်စဉ် ကိစ္စရပ်တစ်ခုသာ ဖြစ်ပေတော့သည်။

သို့သော်လည်း ပြိုင်ပွဲစင်မြင့်ထက်သို့ ရောက်ရှိလာချိန်မှစ၍ လူအနည်းငယ်မှလွဲလျှင် အများစုမှာ ထိုအခြေခံကျသော အမှန်တရားများကို မေ့လျော့နေပုံရ၏။

အရာအားလုံးအတွက် အကြောင်းပြချက်တစ်ခု ရှာရမည်ဆိုပါက ဤနေရာတွင် သူတို့အနေဖြင့် သေဘေးကို စိုးရိမ်စရာမလိုသောကြောင့် ဖြစ်ပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ဂိုဏ်း၏ အကြီးအကဲများက သူတို့ကို အနီးကပ်စောင့်ကြည့်ကာ ကာကွယ်ပေးထားပြီး၊ အသက်အန္တရာယ်နှင့် ကြုံတွေ့ရပါက ချက်ချင်းဝင်ရောက် ကယ်တင်မည်ဖြစ်သောကြောင့် ဖြစ်၏။

ဤကဲ့သို့ ကာကွယ်ပေးထားခြင်းသည် တပည့်များ၏ အသက်ကို ဘေးကင်းစေသော်လည်း၊ တစ်ဖက်တွင်မူ တကယ့်စစ်မြေပြင်တွင် ရှိသင့်ရှိထိုက်သော "သေခြင်းတရားအပေါ် သတိထားမှု" နှင့် "ရှင်သန်လိုစိတ်" တို့ကို တဖြည်းဖြည်း ဆုံးရှုံးသွားစေတော့သည်။

အကယ်၍သာ ဤတိုက်ပွဲသည် သေကြေပျက်စီးရမည့် စစ်တလင်းပြင်မျိုးသာ ဖြစ်ခဲ့ပါက ထိုတပည့်များတွင် အသက်ရှင်ရန် အခွင့်အရေး လုံးဝရှိတော့မည်မဟုတ်ပေ။ သို့သော်လည်း အခြားတစ်ဖက်တွင်မူ သူတို့သည် နောက်ဆုံးထွက်သက်တိုင်အောင် လက်လျှော့ကြမည်မဟုတ်ဘဲ အသေအလဲ တိုက်ခိုက်ကြပေလိမ့်မည်။

သို့သော် ယခုကဲ့သို့ အသက်အန္တရာယ် ခြိမ်းခြောက်မှု မရှိသည့်အခါတွင်မူ လူအများစုက အစွမ်းကုန်ထုတ်ရန် ဆန္ဒမရှိကြတော့ပေ။ အဘယ်ကြောင့်ဆိုသော် သူတို့၏ စိတ်ထဲတွင် “ငါရှုံးရင်လည်း ရှုံးပါစေ... ဘယ်လိုပဲဖြစ်ဖြစ် ငါသေမှာမှ မဟုတ်တာ... ဘာလို့ အသေအလဲ တိုက်ခိုက်နေရမှာလဲ” ဟူသော အတွေးမျိုး အမြဲတမ်း ဝင်နေတတ်သောကြောင့် ဖြစ်၏။

ချန်လော့၏ စကားကို ကြားပြီးနောက် ရာက္ခသတံခါးဂိုဏ်းမှ အကြီးအကဲသည် ချန်လော့ကို လေးစားအသိအမှတ်ပြုသည့် အရိပ်အယောင်များဖြင့် ကြည့်လိုက်မိသည်။ သို့သော် သူ၏ဘေးတွင်ရှိ ယခုလေးတင် ရှုံးနိမ့်သွားခဲ့သော တပည့်ကို ပြန်ကြည့်လိုက်သောအခါတွင်မူ အားမလိုအားမရဖြစ်မှုနှင့်အတူ အကူအညီမဲ့သည့် ခံစားချက်ကိုသာ ခံစားလိုက်ရတော့သည်။

" ဒီအဆင့်အထိ ရောက်လာတဲ့သူတိုင်းက ဒီအမှန်တရားတွေကို မသိဘဲနေလို့ မရဘူး..."

"ဒါပေမဲ့ တချို့အရာတွေက နားလည်ရုံနဲ့တင် လက်တွေ့မှာ အကောင်အထည်ဖော်ဖို့ မလွယ်ကူဘူး ဖြစ်နေတာပဲ..."

ရာက္ခသတံခါးဂိုဏ်းမှ အကြီးအကဲက သူ၏နှုတ်ခမ်းပေါ်တွင် ခါးသီးသောအပြုံးတစ်ခုဖြင့် ရေရွတ်လိုက်၏။ မိစ္ဆာတာအိုသည် ရက်စက်ကြမ်းကြုတ်လှသည်၊ ဂိုဏ်းတူအချင်းချင်းပင် သတ်ဖြတ်လေ့ရှိသည်ဟူသော ကောလာဟလများမှာ လူအများကြားတွင် ပျံ့နှံ့နေလေ့ရှိသော်လည်း... တကယ်တမ်းတွင်မူ မိစ္ဆာတာအိုလောကသည် လူအများထင်သလောက် မရက်စက်လှပေ။

ဂိုဏ်းတူအချင်းချင်းကြားတွင် အားပြိုင်မှုများနှင့် ပဋိပက္ခများ ရှိသည်မှာ မှန်သော်လည်း၊ ၎င်းမှာ အောက်ခြေအဆင့်များတွင်သာ ဖြစ်လေ့ရှိပြီး ပို၍ တိတိကျကျ ပြောရလျှင် ပြင်စည်းတပည့် များကြားတွင်သာ ဖြစ်ပွားလေ့ရှိ၏။ အဘယ်ကြောင့်ဆိုသော် ပြင်စည်းတပည့်များသည် တန်ဖိုးထားခံရမှု နည်းပါးသောကြောင့် ဖြစ်သည်။ အနည်းငယ်မျှသော ပါရမီရှိသူတိုင်းက ပြင်စည်းတပည့် ဖြစ်လာနိုင်သည် မဟုတ်လော။

သို့သော်လည်း အတွင်းဂိုဏ်း သို့ ရောက်ရှိသွားသည်နှင့် အခြေအနေက သိသိသာသာ ပြောင်းလဲသွားမည် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အတွင်းဂိုဏ်းသို့ ဝင်ရောက်နိုင်ရန်မှာ အခြေခံတည်ဆောက်ခြင်းအဆင့် ကို အောင်မြင်စွာ ပြီးမြောက်ထားရန် လိုအပ်သောကြောင့် ဖြစ်၏။

ဂိုဏ်းတစ်ခုအတွက်မူ အခြေခံတည်ဆောက်ခြင်းအဆင့်၊ ၎င်းအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနေသူများမှာ အလွန် တန်ဖိုးရှိလှသော အဖိုးတန်များသာ ဖြစ်သည်။

ဂိုဏ်းတူအချင်းချင်းကြား အမြဲတစေ အားပြိုင်မှုများ ရှိနေသည်မှာ မှန်သော်လည်း၊ တွင်းစည်းတပည့်များသာ ယခုကဲ့သို့ မကြာခဏ အသက်ဆုံးရှုံးနေရပါက မည်သည့်ဂိုဏ်းကမျှ ရေရှည်တောင့်ခံနိုင်မည် မဟုတ်ပေ။

ထို့အပြင် ဤကဲ့သို့သော ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းရန်မှာလည်း အလွန် ခက်ခဲလှ၏။ အကယ်၍ ဂိုဏ်းတူတပည့်ကို သတ်ဖြတ်သောသူအား ထိုက်တန်သော အပြစ်ပေးမှု မပြုလုပ်ပါက အခြားတပည့်များကလည်း ၎င်းကို အတုခိုးလာကြပေလိမ့်မည်။ ဤသို့သာဆိုလျှင် ဝိညာဉ်ကျောက်တုံး တစ်တုံးအတွက်နှင့်ပင် လူအများအပြား အသက်ဆုံးရှုံးရမည့်အရေးကို စိုးရိမ်ရပေတော့မည်။

‘ ဒီတပည့်တွေကို ဒီအဆင့်အထိ ရောက်အောင် လေ့ကျင့်ပေးဖို့ ဝိညာဉ်ကျောက်တုံးတွေ ဘယ်လောက်တောင် ကုန်ဆုံးခဲ့ရသလဲ'

ဤသည်မှာလည်း နှစ်များစွာတစ်လျှောက် မိစ္ဆာတာအိုဂိုဏ်းများ ရင်ဆိုင်နေရသော ဘုံပြဿနာတစ်ခု ဖြစ်လာရခြင်း၏ အကြောင်းရင်းပင် ဖြစ်လေတော့သည်။

တပည့်တစ်ယောက်က အစွမ်းထက်လေလေ၊ သူ၏ အဆင့်အတန်းက မြင့်မားလေလေ၊ သူ၏ ပါရမီက ကြီးမားလေလေ ကာကွယ်မှုနှင့် အာရုံစိုက်မှု ပိုမို ရရှိလေလေ ဖြစ်ပြီး ဂိုဏ်းတွင်းရှိ အခြား တပည့်များနှင့် ပဋိပက္ခ ဖြစ်ပွားနိုင်ခြေ နည်းပါးလေလေ ဖြစ်သည်။

တဖြည်းဖြည်းနှင့် သူတို့၏ ရက်စက်ပြီး ပြတ်သားသော သဘာဝက အနည်းငယ် ပြောင်းလဲသွားမည် ဖြစ်၏။ ရက်စက်မှုကြောင့် နာမည်ကြီးသော ရာက္ခသတံခါးဂိုဏ်းပင်လျှင် ဤပြဿနာ ရှိနေပါက အခြား ဂိုဏ်းများအကြောင်း ပြောနေစရာပင် မလိုတော့ချေ။

အမှန်စင်စစ် မိစ္ဆာတာအိုဂိုဏ်းများ၏ လောကတွင် ထိုကဲ့သို့သော ကိစ္စရပ်များကို လူသိရှင်ကြား ထုတ်ဖော်ပြောဆိုလေ့မရှိကြပေ။ သူတို့အတွက်မူ အောင်နိုင်သူသည်သာ အမှန်တရားဖြစ်ပြီး၊ သေဆုံးသွားသူမှာမူ မည်မျှပင် အရင်းအမြစ်များ ကုန်ကျခဲ့ပါစေ ရေထဲမြုပ်သွားသည့် ကျောက်ခဲတစ်ခုသာ ဖြစ်ပေမည်။ မိစ္ဆာလမ်းစဉ်ကို လျှောက်လှမ်းသူများအတွက် ဂိုဏ်းတွင်းစည်းကမ်းဆိုသည်မှာ အကျိုးစီးပွား၏ နောက်ကွယ်၌သာ ရှိနေတတ်ပေသည်။

သို့သော်လည်း ဤကဲ့သို့သော တင်းကျပ်သည့် စည်းမျဉ်းများမှာ ပြီးခဲ့သည့် ရာစုနှစ်အတွင်းတွင် အကျိုးသက်ရောက်မှု နည်းပါးလာခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ထိုက်ရီဂိုဏ်း ဦးဆောင်သော ဖြောင့်မတ်တာအိုဂိုဏ်းများက မိစ္ဆာတာအိုဂိုဏ်းများကို အမြစ်ပြတ်ချေမှုန်းရန် မဟာမိတ်ဖွဲ့ကာ ပူးပေါင်းတိုက်ခိုက်လာခဲ့သောကြောင့် ဖြစ်၏။

မိစ္ဆာတာအိုဂိုဏ်းများသည် အစပိုင်းတွင် တစ်သီးပုဂ္ဂလသာ တိုက်ခိုက်ခဲ့ကြသဖြင့် အကြိမ်ကြိမ် ရှုံးနိမ့်ခဲ့ကြရသည်။ ထို့နောက်မှသာ သူတို့၏ကိုယ်ပိုင် မိစ္ဆာတာအို မဟာမိတ်အဖွဲ့အစည်းကို အလျင်အမြန် ဖွဲ့စည်းနိုင်ခဲ့ပြီး ရန်သူများကို ပြန်လည်ခုခံကာ ဆက်လက်ရပ်တည်နိုင်ခဲ့ကြခြင်း ဖြစ်သည်။

ဤသို့သော အကျပ်အတည်းကာလတွင် မိမိတို့၏ တန်ဖိုးရှိလှသော တပည့်များကို အခြားမိစ္ဆာဂိုဏ်းများနှင့် အသေအလဲ တိုက်ပွဲဝင်ရန် စေလွှတ်နေဦးမည်ဆိုပါက ၎င်းသည် အဖိုးတန်လူအင်အားကို ကုန်ခမ်းစေရုံသာမက ဂိုဏ်းအချင်းချင်းကြားတွင်ပါ သဘောထားကွဲလွဲမှုများကို ဖြစ်ပေါ်စေပေလိမ့်မည်။ ဤသည်ကို တွေးမိသောအခါ ရာက္ခသတံခါးဂိုဏ်း အကြီးအကဲသည် အကူအညီမဲ့စွာဖြင့် သက်ပြင်းရှည်ကြီးကိုသာ ချလိုက်မိတော့၏။

"ဒီအတိုင်း ဆက်သွားရင် မိစ္ဆာတာအိုက မကြာခင်မှာ ဖြောင့်မတ်တဲ့ တာအိုနဲ့ ဘာမှ ကွာခြားတော့မှာ မဟုတ်ဘူး..."

ဤသည်ကို ကြားပြီးနောက် အခြား ဂိုဏ်းများမှ အကြီးအကဲများမှာလည်း အကူအညီမဲ့စွာ ပြုံးရုံသာ တတ်နိုင်တော့၏။

ထိုအချိန်တွင် စင်ပေါ်မှ ဆင်းလာခါစ ချန်လော့က ပရိသတ်များ၏ ဝေဖန်မှုကို ခံနေရသော ရာက္ခသတံခါးဂိုဏ်းမှ တပည့်ကို ကြည့်လိုက်၏။

သူက တစ်ဖက်လူ၏ ပုံပန်းသဏ္ဌာန်ကို တိတ်တဆိတ် မှတ်သားထားလိုက်ပြီး မထွက်ခွာမီ သူ့ကို သင်ခန်းစာ ပေးရန် ဆုံးဖြတ်လိုက်သည်။

"ကျစ်... မင်းက ငါ့ကို ပြန်ပြောရဲတယ်ပေါ့... နောက်မှ မင်းနဲ့ ထိုက်တန်တာကို ရလိမ့်မယ်..."

All Chapters