← Chapters

အခန်း (၁၃၅-၁၃၆)

Vol. 14 Ch. 135-136

အခန်း (၁၃၅-၁၃၆)

Vol. 14 Ch. 135-136

အခန်း (၁၃၅ )ငါ သူ့ကို အရမ်း လေးစားတယ်

ချန်လော့က စံနမူနာပြ ပေးလိုက်သည့်အတွက် နောက်ပိုင်းပွဲစဉ်များ၏ ပုံစံမှာ တဖြည်းဖြည်းနှင့် ထူးဆန်း လာတော့သည်။

မူလကဆိုလျှင် ယှဉ်ပြိုင်သူများသည် စင်ပေါ်သို့ တက်လာပြီးနောက် တစ်ဦးကိုတစ်ဦး ယဉ်ကျေးပျူငှာစွာ ဦးညွှတ်နှုတ်ဆက်ကြကာ၊ နှစ်ဖက်လုံး အသင့်ဖြစ်ပြီဆိုမှသာ တိုက်ခိုက်လေ့ရှိကြသည်။ သို့သော် ချန်လော့၏ လုပ်ရပ်များကို မြင်တွေ့ပြီးနောက် လူတိုင်းမှာ အတွေးသစ် အမြင်သစ်များ ရရှိသွားကြပုံရ၏။

...

“ဟုတ်သားပဲ! ငါတို့က မိစ္ဆာတာအို ကျင့်ကြံသူတွေပဲဥစ္စာ... တိုက်ပွဲမစခင်မှာ ပြိုင်ဘက်က အသင့်ဖြစ်မဖြစ် ဘာလို့ စောင့်နေရမှာလဲ။”

လူတိုင်း၏ ခေါင်းထဲတွင် စည်းကမ်းချက်များကို ပြန်လည်သုံးသပ်မိကြသည်။ စည်းကမ်းအရ တစ်ဦးတစ်ယောက်က ပြိုင်ကွင်းပေါ် ခြေချလိုက်သည်နှင့် တိုက်ပွဲက စတင်နေပြီဖြစ်သည်။ “မင်း အသင့်မဖြစ်သေးတာက မင်းရဲ့အားနည်းချက်ပဲ... ငါနဲ့ ဘာမှမဆိုင်ဘူး” ဆိုသည့် အတွေးမျိုးက လူတိုင်း၏ သွေးကြောထဲ စီးဝင်သွားသည်။

ရလဒ်အနေဖြင့် ပုံမှန်ဆိုလျှင် အချိန်ဆွဲနေတတ်သော ပြိုင်ပွဲများသည် ရုတ်တရက် အရှိန်အဟုန် မြန်ဆန်လာပြီး၊ ငါးမိနစ်ခန့်အတွင်းမှာပင် အနိုင်အရှုံးများ ပြတ်ပြတ်သားသား ပေါ်ထွက်လာတော့သည်။

တိုက်ပွဲများမှာ အချိန်တိုအတွင်း ပြီးဆုံးသွားကြသော်လည်း လူအများစုမှာ အစွမ်းကုန် ထုတ်ဖော်တိုက်ခိုက်ခြင်း မရှိကြသလို၊ အသက်ဘေးအန္တရာယ် ကြုံရသည်အထိ တိုက်ခိုက်လိုစိတ်လည်း မရှိကြပေ။ သူတို့၏ အမြင်တွင် ပြိုင်ပွဲတစ်ခုအတွက်နှင့် ပြင်းထန်သော ဒဏ်ရာရရှိနိုင်သည့် စွန့်စားမှုကို ပြုလုပ်ရခြင်းမှာ လုံးဝ မထိုက်တန်ဟု ယူဆထားကြသည်။

ပြိုင်ကွင်းထက်တွင် တပည့်များ တစ်သုတ်ပြီးတစ်သုတ် အလျင်အမြန် အလှည့်ကျ ပြောင်းလဲနေသော အဆက်မပြတ် တိုက်ပွဲများကို ကြည့်ရင်း ချန်လော့မှာ မျက်မှောင်ကြုတ်မိသွားတော့၏။

"ကျစ်... ဒီနှုန်းအတိုင်းဆိုရင် ငါ အိမ်သာထဲမှာ နာရီဝက်လောက် ပိတ်မိနေမှာ သေချာတယ်..."

မည်သို့ပင်ဆိုစေကာမူ သူက အဆိပ်ခတ်ပြီးပြီ ဖြစ်သဖြင့် ချင်မုနှင့် မတိုက်ခိုက်မီ အဆိပ်က အာနိသင် အပြည့်အဝ ပြလာမည့် အချိန်အထိ သေချာပေါက် စောင့်ဆိုင်းနေမည် ဖြစ်၏။

မကြာမီမှာပင် ပထမအချီ ပြိုင်ပွဲ ပြီးဆုံးသွားပြီး ဒုတိယအချီကို စတင်ခဲ့သည်။ ချန်လော့က စင်ပေါ်သို့ ပထမဆုံး တက်ရောက်သူ ဖြစ်နေဆဲပင် ဖြစ်၏။

ဤတစ်ကြိမ်တွင် သူ၏ ပြိုင်ဘက်မှာ ဒေါသမီးတောက်ဂိုဏ်းမှ အဓိကတပည့် တစ်ယောက် ဖြစ်လာသည်။

ထိုတပည့်သည် ပြိုင်ကွင်းပေါ်သို့ ခြေချလိုက်သည်နှင့် တစ်ပြိုင်နက် အသင့်ပြင်ထားပြီး သူ၏ ဓားကြီးကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။ သူသည် ချန်လော့ထံမှ မျက်တောင်တစ်ချက်မခွာဘဲ အထူးသတိထားကာ စူးစိုက်ကြည့်နေမိ၏။

၎င်းမှာ ချန်လော့၏ စွမ်းအားက အဆမတန် ကြောက်စရာကောင်းနေ၍တော့ မဟုတ်ပေ။ သို့သော် ချန်လော့၏ တိုက်ခိုက်ပုံ နည်းလမ်းများက တကယ်ကို ညစ်ပတ်လွန်းလှသည်။

ပထမအချီ တွင် ကောက်ကျစ်စဉ်းလဲသော နည်းဗျူဟာများကို သုံးခဲ့သည်။ဒုတိယအချီတွင်ထောင်ချောက်များကို အသုံးချ၍ အနိုင်ယူခဲ့သည်။တတိယအချီတွင်မှု အသံတောင်မထွက်ဘဲ ပြိုင်ဘက်များကို ခြောက်လှန့်ကာ မောင်းထုတ်ပစ်ခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ... ချန်လော့၏ ရုတ်တရက် လှုပ်ရှားမှုအောက်တွင် မိမိဘက်မှ မတုံ့ပြန်နိုင်ခင် အသက်ဆုံးရှုံးသွားရမည်ဆိုလျှင် ထိုအရာက တကယ့်ကို နောင်တရစရာ ဆုံးရှုံးမှုကြီး ဖြစ်သွားပေလိမ့်မည်။

သို့သော် ဤတစ်ကြိမ်တွင် ချန်လော့က ထူးထူးခြားခြားပင် သူ၏ ပြိုင်ဘက်ကို အနိုင်ယူရန် ကောက်ကျစ်သော နည်းဗျူဟာများကို အသုံးမပြုခဲ့ပေ။ ယင်းအစား သူက တိုက်ရိုက် ပြေးဝင်သွားပြီး မညှာမတာ တိုက်ခိုက်တော့၏။

စက္ကန့်သုံးဆယ်မျှသာ ကြာသော အချိန်အတွင်း ချန်လော့က ဒေါသမီးတောက်ဂိုဏ်းမှ တပည့်ကို သူ၏ ဓားဖြင့် သတ်လုမတတ် ဖြစ်သွားစေခဲ့သည်။

ထိုနေရာရှိ လူအားလုံးးမှာ ချန်လော့၏ တကယ့်အစစ်အမှန် စွမ်းအားကို ပထမဆုံးအကြိမ် မြင်တွေ့လိုက်ရခြင်း ဖြစ်၏။

"ဒီစွမ်းအားကို ကြည့်ရတာ... သူက ယန်ချုံထျန်းထက်တောင် ပိုစွမ်းနေလောက်တယ်..."

ဒေါသမီးတောက်ဂိုဏ်းမှ အကြီးအကဲက ပြောလိုက်ပြီး ချန်လော့ကို ခေါင်းညိတ်ပြလိုက်၏။

"ဘယ်လိုပဲဖြစ်ဖြစ် သူက လောအကြီးအကဲရဲ့ တိုက်ရိုက်တပည့်ပဲ... ဒါကြောင့် သူ့ရဲ့ စွမ်းအားက မဆိုးနိုင်ပါဘူး..."

ထိုအချိန်တွင် အနီးအနားရှိ ရာက္ခသတံခါးဂိုဏ်းမှ အကြီးအကဲက ချက်ချင်းပင် ပြုံး၍ ပြောလိုက်၏။

အခြားသူများက သဘောတူသည့်အနေဖြင့် ခေါင်းညိတ်လိုက်ကြသည်။

သူတို့က လောချင်းယွီနှင့် အပြန်အလှန် ဆက်ဆံမှု မရှိကြသော်လည်း လောချင်းယွီ၏ ဂုဏ်သတင်းက ချန်ရှင်းဂိုဏ်းမှာတင် ကန့်သတ်ထားခြင်း မဟုတ်။

လောချင်းယွီ၏ ခွန်အားသည် နန်ချန်တိုက်ကြီး တစ်ခုလုံးတွင် အကောင်းဆုံးများထဲတွင် ပါဝင်၏။ သူမ၏ နတ်ဝိညာဉ်တပိုင်းအဆင့် ကျင့်ကြံမှုက လူအများစုကြားတွင် သူမကို ထင်ရှားစေရန် လုံလောက်သည်။

ဂိုဏ်းထဲရှိ ဘီလူးကြီး အချို့ပင်လျှင် သူမ၏ ပြိုင်ဘက် မဟုတ်နိုင်ချေ။

"မင်းတို့ ရာက္ခသတံခါးဂိုဏ်းက ချင်မုနဲ့ ယှဉ်ရင် ဘယ်လိုနေလဲ..."

ထိုအချိန်တွင် အဖိုးအို ချွမ်ယန်က စပ်စုချင်စိတ်ကြောင့်ဖြစ်စေ၊ အခြား အကြောင်းပြချက် တစ်ခုခုကြောင့်ဖြစ်စေ ရုတ်တရက် ဝင်ပြောလိုက်ပြီး မေးလိုက်သည်။

ဤသည်ကို ကြားပြီးနောက် ရာက္ခသတံခါးဂိုဏ်းမှ အကြီးအကဲက စက္ကန့်အနည်းငယ်မျှ စဉ်းစားလိုက်ပြီး အတွေးထဲ နစ်မျောနေပုံရသည်။

"ပြောရခက်တယ်..."

ရာက္ခသတံခါးဂိုဏ်းမှ အကြီးအကဲက အဖြေတစ်ခု မဟုတ်သည့် နည်းလမ်းဖြင့် ပြန်ဖြေလိုက်၏။

သို့သော် ထို့နောက် သူက စတင် ရှင်းပြတော့သည်။

"ချင်မုက သတ်ဖြတ်ခြင်း တာအိုကို ကျင့်ကြံဖို့အတွက် ကမ္ဘာပေါ်မှာ အသင့်တော်ဆုံး ခန္ဓာကိုယ် ဖြစ်တဲ့ ရာက္ခသခန္ဓာကို ပိုင်ဆိုင်ထားတယ်... အဲဒီအပြင် သူက ငါတို့ ရာက္ခသတံခါးဂိုဏ်းရဲ့ အမြင့်ဆုံး အဆင့် ကျင့်စဉ်တွေနဲ့ သိုင်းကွက်တွေကို ကျင့်ကြံနေခဲ့တာ... သူ့ရဲ့ စွမ်းအားက အဆင့်တူမှာ ပြိုင်ဘက်ရှားလောက်တယ် ..."

ရွှေမြုတေအဆင့်နှောင်းပိုင်းက သိုင်းဆရာကြီးတစ်ယောက်နှင့် တွေ့လျှင်ပင် ချင်မုအနေဖြင့် အနိုင်မတိုက်နိုင်လျှင်တောင်မှ ပြိုင်ဘက်ကလည်း သူ့အပေါ် အသာစီးရဖို့ဆိုသည်မှာ မဖြစ်နိုင်သလောက်ပင် ။

အကြီးအကဲက ချင်မုတွင် ရာက္ခသခန္ဓာ ရှိနေသည့် အချက်ကို လုံးဝ မဖုံးကွယ်ခဲ့ပေ။

အဘယ်ကြောင့်ဆိုသော် ဤသည်က လျှို့ဝှက်ချက် တစ်ခု မဟုတ်တော့သောကြောင့် ဖြစ်၏။

မိစ္ဆာဂိုဏ်းကြီး လေးခုတွင် ဂိုဏ်းတိုင်းနီးပါး၌ အထူး ခန္ဓာကိုယ် အချို့ ရှိကြသည်။

ရာက္ခသတံခါးဂိုဏ်းမှ ချင်မုတွင် ရာက္ခသခန္ဓာ ရှိပြီး၊ ဒေါသမီးတောက်ဂိုဏ်းမှ ယန်ချုံထျန်းတွင် မီးတောက်ခန္ဓာ ရှိကာ၊ ဆန္ဒရမ္မက်နတ်ဆိုးဂိုဏ်းမှ မူရှာရှာတွင် ပြောင်းပြန်ယန်ခန္ဓာ ရှိသည်။ ထို့နောက် ချန်ရှင်းဂိုဏ်းမှ ကျောက်မန်တွင်လည်း အလွန် ရှားပါးသော အဆိပ်တစ်သောင်းခန္ဓာ ရှိ၏။

အားလုံးကို ကြည့်ပြီးနောက် ချန်လော့က အထူး ခန္ဓာကိုယ် လုံးဝ မရှိသလောက် ဖြစ်ပြီး သူတို့ထဲတွင် အဆိုးရွားဆုံး ခန္ဓာကိုယ် ရှိသူ ဖြစ်လာကာ အထူးဆန်းဆုံး ဖြစ်လာတော့သည်။

"ဒါဆို ချန်လော့က ချင်မုရဲ့ ပြိုင်ဘက် ဖြစ်ဖို့ မဖြစ်နိုင်လောက်ဘူးပေါ့..."

ဒေါသမီးတောက်ဂိုဏ်းမှ အကြီးအကဲက ဘေးမှ နေ၍ မေးမြန်းလိုက်ရာ အခြားသူများကလည်း ထောက်ခံသည့်အနေဖြင့် ခေါင်းညိတ်ပြကြသည်။ သူတို့အားလုံးသည် ရာက္ခသခန္ဓာ ၏ ကြောက်မက်ဖွယ်စွမ်းအားကို ကောင်းကောင်းသိထားကြသည် ။

ထို့အပြင် ချင်မုသည် ရက်စက်ကြမ်းကြုတ်မှုနှင့် လူသတ်အတတ်ပညာများတွင် နာမည်ကျော်သည့် ရာက္ခသတံခါးဂိုဏ်း တွင် ကြီးပြင်းလာသူဖြစ်သည်။ သေစေနိုင်သော တိုက်ခိုက်ရေးနည်းစနစ်များကို အထူးလေ့ကျင့်ထားသည့် သူ၏အစွမ်းမှာ သာမန်ကျင့်ကြံသူတစ်ဦးထက် များစွာသာလွန်နေမည်မှာ မြေကြီးလက်ခတ်မလွဲပင်။

ဤစကားကို ကြားပြီးနောက်တွင်မူ ရာက္ခသတံခါးဂိုဏ်းမှ အကြီးအကဲက ပြုံး၍သာ ခေါင်းခါလိုက်ပါတော့သည်။

" “အဲဒီလိုတော့လည်း မဟုတ်ပါဘူး... ချန်လော့မှာ အထူးထူးခြားခြား ခန္ဓာကိုယ်ပိုင်ဆိုင်မှုမျိုး မရှိသလို၊ သူ့ရဲ့ကျင့်ကြံမှု အဆင့်ကလည်း အခြေခံတည်ဆောက်ခြင်းအဆင့် ရဲ့ အထွတ်အထိပ်ကိုတောင် မရောက်သေးပါဘူး။ ဒါကြောင့် စွမ်းအားချင်း တိုက်ရိုက်ယှဉ်ရင်တော့ ချင်မုထက် အနည်းငယ် နိမ့်ကျနိုင်ပါတယ်။ ဒါပေမဲ့ သူက အင်မတန် ပါးနပ်ပြီး အခွင့်အရေးကို ဘယ်လိုဆုပ်ကိုင်ရမလဲဆိုတာ ကောင်းကောင်းသိတယ်... အဲဒီအချက်ကပဲ သူ့ရဲ့ စွမ်းအားပိုင်း အားနည်းချက်တွေကို အတိုင်းအတာတစ်ခုအထိ ပြန်လည်ဖြည့်ဆည်းပေးဖို့ လုံလောက်တယ်...”

“တကယ်လို့သာ သူတို့နှစ်ယောက် တိုက်ပွဲဖြစ်လာခဲ့ရင် ဘယ်သူနိုင်ပြီး ဘယ်သူရှုံးမလဲဆိုတာကို ခန့်မှန်းဖို့က မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး...”

ဤသည်ကို ကြားသောအခါ လူတိုင်းက သဘောတူသည့်အနေဖြင့် ခေါင်းညိတ်လိုက်ကြ၏။

ဤနေရာမှာ ရှိနေတဲ့ တပည့်တွေထဲမှာ ဘယ်သူ့ကို အလေးစားဆုံးလဲလို့ မေးရင် ချန်လော့က ထိပ်ဆုံးစာရင်းတွင် သေချာပေါက် ပါဝင်နိုင်သည်။

“ချန်လော့ရဲ့ နည်းလမ်းတွေက အမြဲတမ်း သေစေနိုင်လောက်အောင် ထိရောက်တယ်၊ လုံလောက်အောင်လည်း ရက်စက်တယ်။ လူသားတွေရဲ့ အားနည်းချက်ကို အသုံးချတတ်သလို အခွင့်အရေးတွေကို ဘယ်လိုဆုပ်ကိုင်ရမလဲဆိုတာကိုလည်း ကောင်းကောင်းကြီး သိတယ်။ ဒီလိုတပည့်မျိုးက ပါရမီပိုင်းမှာ ထူးချွန်မနေရင်တောင်မှ သူရဲ့ အနာဂတ်အောင်မြင်မှုတွေကတော့ ဘယ်လိုမှ နိမ့်ကျနေမှာ မဟုတ်ဘူး...”

"ဟုတ်တယ်... ချန်လော့က တကယ်ကို အရမ်းကောင်းတဲ့ လူငယ်လေး တစ်ယောက်ပါ... ငါ သူ့ကို အရမ်း လေးစားတယ်..."

အဖိုးအို ချွမ်ယန်က စကားပြောနေစဉ် သူ၏ နှုတ်ခမ်းပေါ်တွင် အပြုံးတစ်ခု ပေါ်လာပြီး သူ၏ အကြည့်က ချန်လော့ဆီသို့ အလိုအလျောက် ရောက်ရှိသွား၏။

ဤသည်ကို မြင်သောအခါ အခြား အကြီးအကဲများ အားလုံးက ခြေတစ်လှမ်း နောက်ဆုတ်သွားကြသည်။

အဖိုးအို ချွမ်ယန်က ဘယ်လို လူစားမျိုးလဲ ဆိုတာကို သူတို့ အားလုံး အတိအကျ သိကြ၏။

တပည့်များအပေါ် အဖိုးအို ချွမ်ယန် လေးစားမှုနှင့် သူတို့၏ လေးစားမှုမှာ လုံးဝ ကွဲပြားသော အရာများ ဖြစ်သည်။

...

မကြာမီမှာပင် ဒုတိယအချီ ပြိုင်ပွဲကလည်း လုံးဝ ပြီးဆုံးသွား၏။

ယခုအခါ နောက်ဆုံးအချီတွင် ယှဉ်ပြိုင်ရန် တိုက်ရိုက်တပည့် လေးယောက်သာ ကျန်ရှိတော့သည်။

ချန်လော့၏ နောက်ပြိုင်ဘက်မှာ ဆန္ဒရမ္မက်နတ်ဆိုးဂိုဏ်း၏ တိုက်ရိုက်တပည့် ရှောက်ယင်နန်းဆောင်၏ နန်းဆောင်သခင်မ မူရှာရှာ ဖြစ်၏။

ချန်လော့က အချိန်ကို တွက်ချက်ကြည့်လိုက်ရာ သူ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။

"အချိန်က နီးနေပြီ... မိနစ် ၂၀ လောက်ပဲ ကျန်တော့တယ်... အဆိပ်က မကြာခင် အာနိသင် ပြလာတော့မှာပဲ..."

"ဘေးကင်းစေဖို့အတွက် တိုက်ပွဲကို မြန်မြန် အဆုံးသတ်တာ အကောင်းဆုံးပဲ..."

ချင်မုနှင့် ယန်ချုံထျန်းတို့ ဘယ်လောက်ကြာကြာ တိုက်ခိုက်နေရမလဲ ဆိုတာ ဘယ်သူသိမှာလဲ... အရမ်း ကြာသွားလို့ မိနစ် ၂၀ ကျော်သွားရင် အဆိပ်က အာနိသင် ပြလာပြီး ဒုက္ခရောက်ကုန်မှာပဲ...

"လူတစ်သောင်းလောက် တစ်ပြိုင်တည်း အိမ်သာသွားနေကြမယ့် မြင်ကွင်းကို တွေးကြည့်ရုံနဲ့တင် စိတ်လှုပ်ရှားစရာ ကောင်းနေပြီ!"

ချန်လော့က ဤအကြောင်းကို စဉ်းစားရင်း ပြိုင်ကွင်းဆီသို့ လျှောက်သွားလေ၏။

အခန်း (၁၃၆ )မင်းကို သုံးကွက် အခွင့်အရေးပေးမယ်

ချန်လော့က မော့ကြည့်လိုက်ရာ သူ၏ အရှေ့တွင် ရပ်နေသော မူရှာရှာကို တွေ့လိုက်ရပြီး သူမက ချန်လော့ကို ဆွဲဆောင်မှုရှိသော အမူအရာဖြင့် ကြည့်နေ၏။

"ချန်လော့ စီနီယာအစ်ကို... တိုက်ပွဲဖြစ်လာရင် သိပ်မလွန်ကျူးပါနဲ့နော်... ညီမက အားနည်းတဲ့ မိန်းကလေး တစ်ယောက်ပါ..."

"ဒါနဲ့... ဖြစ်နိုင်ရင် မျက်နှာကိုတော့ မရိုက်ပါနဲ့နော်... ညီမက အမာရွတ် မကျန်ခဲ့ချင်လို့ပါ...စီနီယာအစ်ကို တကယ် တိုက်ချင်ရင် ဒီနေရာကို တိုက်ပါ..."

မူရှာရှာက ပြောရင်း သူမ၏ ပြည့်ဖြိုးလုံးဝန်းသော ရင်ဘတ်ကို လက်ညှိုးထိုးပြလိုက်၏။

ပရိသတ်ထဲရှိ သွေးဆူနေသော တပည့် အများအပြားမှာ ဤမြင်ကွင်းကို မြင်သောအခါ နှာခေါင်းသွေးယိုမတတ် ဖြစ်သွားကြသည်။

အကြီးအကဲများကတော့ သိပ်ပြီး မထူးဆန်းလှပေ။ မည်သို့ပင်ဆိုစေကာမူ ဆန္ဒရမ္မက်နတ်ဆိုးဂိုဏ်းမှ လူများနှင့် အတော်လေး ရင်းနှီးကျွမ်းဝင်မှု ရှိပြီး သူတို့က အခြားသူများကို မည်သို့ မြူဆွယ်ရမည်ကို သိကြ၏။

သူမက ၏ လှပသော ရုပ်ရည်သွင်ပြင်အောက်တွင် ရက်စက်ကြမ်းကြုတ်သော နှလုံးသား တစ်ခု ရှိနေကြောင်းကိုလည်း သိထားသည်။

ချန်လော့မှာလည်း မြင်လိုက်ရသည့်အရာကြောင့် တုန်လှုပ်သွား၏။ မည်သို့ပင်ဆိုစေကာမူ သူသည် အသက်နှစ်ဆယ်ကျော် အရွယ် လူငယ်လေး တစ်ယောက်သာ ဖြစ်သည်။

သို့သော် တစ်ဖက်လူ၏ ကျင့်ကြံမှု နည်းလမ်းက ဆန့်ကျင်ဘက် လိင်ကို ဆွဲဆောင်ခြင်းအတတ် ဖြစ်သည်ဟု တွေးလိုက်မိသောအခါ ချန်လော့မှာ ချက်ချင်း သတိပြန်ဝင်လာတော့၏။

"တောက်... ငါ ချန်လော့က အလှအပလေး အတွက်နဲ့ အကျိုးအမြတ်ကို မေ့သွားမယ့် လူစားမျိုးလို့ မင်း ထင်နေတာလား..."

"ငါက 'နွေဦးနဲ့ ဆောင်းဦး မှတ်တမ်း' တွေကို ဖတ်ပြီး ကြီးပြင်းလာခဲ့တာကွ..."

ဤသည်ကို ကြားသောအခါ မူရှာရှာမှာ အံ့အားသင့်သွားပြီး ချန်လော့တွင် ထိုကဲ့သို့သော ခံယူချက်မျိုး ရှိလိမ့်မည်ဟု သူမ မထင်မှတ်ထားခဲ့ပေ။

ထိုအခိုက်အတန့်တွင် ချန်လော့က တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားပုံရပြီး သူ၏ နှုတ်ခမ်းပေါ်တွင် အပြုံးတစ်ခု အလိုအလျောက် ပေါ်လာကာ ဆက်ပြောလိုက်၏။

"ဒါပေမဲ့... မင်းက မိန်းကလေး တစ်ယောက် ဖြစ်နေတာကို ထောက်ထားပြီး ငါ သုံးကွက် အကျော ပေးမယ်..."

"သုံးကွက် အတွင်းမှာ ငါ ဘာမှ ပြန်မလုပ်ဘူး... မင်းဘာသာမင်း ကြည့်ကျက် လုပ်တော့..."

ထိုသို့ ပြောပြီးနောက် သူက လက်ကို နောက်ပစ်၍ နေရာ၌ တိတ်ဆိတ်စွာ ရပ်နေလိုက်သည်။

မူရှာရှာမှာ တစ်ခဏမျှ အံ့အားသင့်သွားသော်လည်း သတိပြန်ဝင်လာသောအခါ သူမ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ချက်ချင်း ပေါ်လာ၏။

"ချန်လော့ စီနီယာအစ်ကိုက အရမ်း သဘောကောင်းတာပဲ... ညီမကို သုံးကွက်တောင် အခွင့်အရေး ပေးတယ်... ရှာရှာ အရမ်းကို ကျေးဇူးတင်ပါတယ်..."

"ပြိုင်ပွဲ ပြီးသွားရင်... စီနီယာအစ်ကို သဘောကျမယ် ဆိုရင် ရှာရှာ့ဆီ လာခဲ့လို့ ရပါတယ်... စီနီယာအစ်ကိုရဲ့ ကျေးဇူးကို ရှာရှာ သေချာပေါက် ဆပ်ပါ့မယ်..."

ဤသည်ကို ကြားသောအခါ အောက်ဘက်ရှိ တပည့်များမှာ ချက်ချင်းပင် စိတ်လှုပ်ရှားစွာ အော်ဟစ်ကြတော့၏။

"ချန်လော့ စီနီယာအစ်ကို... ဘာတွေ လုပ်နေတာလဲ... သတိထားစမ်းပါ..."

"စီနီယာအစ်ကိုက 'နွေဦးနဲ့ ဆောင်းဦး မှတ်တမ်း' ကို ဖတ်ပြီး ကြီးလာတာ မဟုတ်ဘူးလား... အဲဒီ ဗဟုသုတတွေ အကုန် အလဟဿ ဖြစ်ကုန်ပြီပဲ..."

"ကျစ်... ရှာရှာ့ကို လွှတ်လိုက်စမ်း... ငါ့ကို ပေးလုပ်... ငါ့ကို ပေးလုပ်..."

အောက်ဘက်ရှိ တပည့်များက ကျယ်လောင်စွာ အော်ဟစ်နေကြပြီး သူတို့၏ မျက်လုံးများက သွေးရောင်လွှမ်းနေကာ လက်သီးများကို တင်းကျပ်စွာ ဆုပ်ထားပြီး ချန်လော့ကို သူတို့၏ ရန်သူတော်ကြီး တစ်ယောက်အလား ကြည့်နေကြ၏။

ဘေးတွင် ရပ်နေသော အကြီးအကဲများမှာ အကူအညီမဲ့စွာ ပြုံး၍ ခေါင်းခါရုံသာ တတ်နိုင်တော့သည်။

"မူရှာရှာက လူတွေကို မြူဆွယ်ဖို့ သူမရဲ့ အလှအပကို ဘယ်လို အသုံးချရမလဲ ဆိုတာကို ကောင်းကောင်း သိတာပဲ..."

"သူရဲကောင်းတွေတောင် လှပတဲ့ မိန်းမချောလေးတွေရဲ့ ဆွဲဆောင်မှုကို မလွန်ဆန်နိုင်ဘူးလို့ ပြောကြတယ်လေ... ချန်လော့ကလည်း ချွင်းချက် မဟုတ်ဘူး ထင်တယ်..."

"ဂိုဏ်းချုပ်ယွီ... ဒီတစ်ခါတော့ ခင်ဗျားတို့ ဗိုလ်စွဲနိုင်တော့မယ့်ပုံ မပေါ်ဘူး..."

အကြီးအကဲများက တစ်ယောက်တစ်ပေါက် ဝင်ပြောနေကြပြီး အတော်လေး ပျော်ရွှင်နေပုံရ၏။

သို့သော် ယွီထျန်းစီမှာ ဤစကားကို ကြားသောအခါ အနည်းငယ် စိတ်ပျက်သွားသည်။

ချန်လော့က မိန်းမချောလေးရဲ့ အလှကို မလွန်ဆန်နိုင်ဘူးလား... ဒါပေမဲ့ ဘာလို့ အဲဒီလို မဖြစ်နိုင်ဘူးလို့ ထင်နေရတာလဲ...

သူသည် ပုံမှန်အားဖြင့် ချန်လော့ကို သိပ်ဂရုမစိုက်သော်လည်း ချန်လော့လုပ်ခဲ့သော ရက်စက်ယုတ်မာသည့် ကိစ္စများကို မြင်ပြီးနောက် ချန်လော့နှင့် ပတ်သက်၍ အတိုင်းအတာ တစ်ခုအထိ နားလည်မှု ရှိသည်ဟု ထင်ထား၏။

ချန်လော့က တကယ်ပဲ နှာဘူး တစ်ယောက် ဆိုရင် ဂိုဏ်းထဲမှာ ရှိနေတုန်းက ဘာလို့ ဒီလို ကောလာဟလမျိုး တစ်ခါမှ မကြားခဲ့ရတာလဲ...

ထို့အပြင် ချန်လော့က ခူယီတောင်ထိပ်သို့ အတိုးကြီးစား စာချုပ်ဖြင့် ရောင်းစားခဲ့သော တပည့် နှစ်ဆယ်ထဲတွင် အတော်လေး ဆွဲဆောင်မှု ရှိသော အမျိုးသမီး တပည့် အချို့လည်း ပါဝင်သည်။

ချန်လော့သာ တကယ် နှာဘူး တစ်ယောက် ဖြစ်မည် ဆိုလျှင် သူတို့ကို ခူယီတောင်ထိပ်သို့ အလုပ်ကြမ်းလုပ်ရန် ရောင်းစားပစ်မည့် ကိစ္စမျိုးကို သူ တကယ် လုပ်မည်လော။

အတိုးကြီးစား စာချုပ်ကို ယူပြီး သူတို့ကို ဒီလို ပြောလိုက်လို့ ရတာပဲလေ...

"မင်းတို့ တစ်သက်လုံး အကြွေးတွေ ဆပ်ရင်း အချိန်မကုန်ချင်ဘူး မဟုတ်လား...ငါ့မိန်းမလုပ်ကြ “

အချိန်အတော်ကြာ စဉ်းစားပြီးနောက် ယွီထျန်းစီက သူ့ဘေးရှိ လောချင်းယွီကို ကြည့်လိုက်၏။

ထိုအခိုက်အတန့်တွင် လောချင်းယွီ၏ မျက်နှာအမူအရာက တည်ငြိမ်နေပြီး မည်သည့် စိုးရိမ်မှုမျှ မရှိကြောင်း သူ သတိပြုမိသွားသည်။

"ချန်လော့မှာ တခြား အကြံအစည် တစ်ခုခုများ ရှိနေလို့လား..."

လောချင်းယွီက ချန်လော့ကို တစ်ချက် ကြည့်လိုက်၏။ ထိုကောင်လေး ဖင်ကြွလိုက်ကတည်းက သူ ဘာလုပ်တော့မယ် ဆိုတာကို သူမ သိနေ၏။

သူသည် တစ်ခုခုကို ဖုံးကွယ်ထားပြီး အကြံဆိုး တစ်ခုခု ကြံနေမှန်း သိသော်လည်း လောချင်းယွီက ဂရုစိုက်ပုံ မပေါ်ပေ။

သူ အနိုင်ရနိုင်သရွေ့ နည်းလမ်းက အရေးမကြီးပေ။ သို့မဟုတ်ပါက နံနက်စာ စားနေစဉ်ကတည်းက သူမက ချန်လော့ကို ဖမ်းဆွဲပြီး ကောင်းကောင်း ရိုက်နှက်ဆုံးမပြီးလောက်ပြီ ဖြစ်၏။

ချန်လော့က သူ ဖော်စပ်ထားသော အဆိပ်သည် အရောင်အဆင်း၊ အနံ့အရသာ မရှိသဖြင့် မည်သူမျှ သတိမထားမိနိုင်ဟု ယုံကြည်ထားသော်လည်း...

အတိုင်းအတာ တစ်ခုအထိတော့ မှန်သည်။

မည်သို့ပင်ဆိုစေကာမူ ရွှေမြုတေအဆင့် ကျင့်ကြံသူရော၊ အဆိပ်ဆရာပါ ချန်လော့၏ အဆိပ်မှ မလွတ်မြောက်နိုင်ခဲ့ကြပေ။

ပြဿနာမှာ လောချင်းယွီက ရွှေမြုတေအဆင့် ကျင့်ကြံသူ မဟုတ်သလို အခြေတည်အဆင့်လည်း မဟုတ်ပေ။ သူမသည် နတ်ဝိညာဉ်တပိုင်းအဆင့် ကျင့်ကြံသူ တစ်ဦး ဖြစ်၏။

နတ်ဝိညာဉ်တပိုင်းအဆင့်က ဝိညာဉ်ပြောင်းလဲခြင်းအဆင့်သို့ တကယ်တမ်း မရောက်ရှိသေးသော်လည်း သူမ၏ အာရုံခံနိုင်စွမ်း များစွာ တိုးတက်လာခဲ့ပြီး ဖြစ်သည်။

ထို့အပြင် သူမက ငယ်ရွယ်စဉ်က အဆိပ်ဖော်စပ်နည်း အချို့ကို လေ့လာခဲ့ဖူးပြီး ပထမတန်းစား အဆိပ်ဆရာ တစ်ဦးလည်း ဖြစ်၏။ အနံ့ တစ်ချက် ရှူလိုက်ရုံဖြင့် ပြဿနာကို သူမ တွေ့ရှိသွားခဲ့သည်။

ထို့အပြင် ချန်လော့က ချင်မုကို အစားအသောက်များ အတင်းအကျပ် "ကျွေး" နေပြီး သူကိုယ်တိုင်ကျတော့ တစ်လုတ်မှ မစားဘဲ နေနေသဖြင့် အဆိပ်ခတ်ထားသူမှာ မည်သူနည်း ဆိုသည်က အလွန် သိသာထင်ရှားနေ၏။

...

"စကားများမနေနဲ့တော့... လာပြီး ငါ့ကို စိတ်ကြိုက် နယ်ဖတ်လိုက်စမ်း... အာ... မဟုတ်ဘူး... လာတိုက်စမ်းပါ..."

ချန်လော့က ကြိုတင် ပြင်ဆင်မှုများ အားလုံး ပြီးစီးနေပြီ ဖြစ်သည့်အလား အော်ဟစ်လိုက်၏။

ဤသည်ကို မြင်သောအခါ မူရှာရှာက စိုးရိမ်ပူပန်သည့် အမူအရာကို ပြသလိုက်သည်။

"အဲဒါဆိုရင် စီနီယာအစ်ကို... သတိထားနော်... ဒဏ်ရာမရစေနဲ့..."

"စိတ်မပူပါနဲ့... ... ငါက ကျန်းမာရေး ကောင်းပါတယ်..."

ဤသည်ကို ကြားသောအခါ မူရှာရှာက ပြုံးလိုက်၏။

နောက်တစ်စက္ကန့်တွင် သူမ၏ မျက်နှာအမူအရာက ရုတ်တရက် ပြောင်းလဲသွားပြီး မျက်နှာပေါ်ရှိ ဆွဲဆောင်မှုများ လုံးဝ ပျောက်ကွယ်သွားကာ သူမ၏ မျက်လုံးများထဲတွင် သတ်ဖြတ်လိုသည့် အငွေ့အသက်သာ ကျန်ရှိတော့သည်။

လျင်မြန်သော လှုပ်ရှားမှု ဖြင့် ကျားသစ် တစ်ကောင်အလား ချန်လော့ဆီသို့ ပြေးဝင်သွားရာ သူမ၏ လက်သီးများတွင် သွေးကြောများ ထောင်နေပြီး ယခင်က နူးညံ့သိမ်မွေ့သော အမျိုးသမီးနှင့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေ၏။

သူမက ချန်လော့၏ အရှေ့သို့ ရောက်လာပြီး လက်သီးကို ရုတ်တရက် မြှောက်ကာ ချန်လော့ကို သတ်ရန် ပြင်လိုက်သည်။

သို့သော် ဤအရေးကြီးသော အခိုက်အတန့်တွင်...

"ဘုန်း..."

ကျယ်လောင်သော အသံကြီးတစ်ခုနှင့်အတူ သနားညှာတာမှု ကင်းမဲ့သော သံလက်သီး တစ်ချက်က မူရှာရှာ၏ မျက်နှာကို ဝင်သွားပြီး မြင့်မားသော နှာတံကို လက်သီး တစ်ချက်တည်းဖြင့် ကြေမွသွားစေ၏။

ထို့နောက် ချက်ချင်းပင် သူမသည် အရှိန်ဖြင့် လွင့်စင်သွားပြီး ပြိုင်ကွင်းပေါ်သို့ လွင့်စင်သွားတော့သည်။

ဤအခိုက်အတန့်တွင် မူရှာရှာမှာ တစ်ကိုယ်လုံး ခေါင်းမူးနောက်သွားပြီး ဘာတွေ ဖြစ်ပျက်သွားသည်ကို သတိမပြုမိသေးပေ။ သို့သော်လည်း ချန်လော့ကမူ သူမအား ပြန်လည်အာရုံစုစည်းရန် မည်သည့်အခွင့်အရေးမျှ မပေးတော့ဘဲ၊ သူမရှိရာသို့ အမြန်ပြေးဝင်သွားကာ အဆက်မပြတ် တိုက်ခိုက်တော့၏။

"ဘုန်း..." "ဘုန်း..." "ဘုန်း..." ...

မူရှာရှာအပေါ်သို့ လက်သီးချက်များ မိုးရွာသကဲ့သို့ ကျရောက်လာပြီး သူမကို တုံ့ပြန်ရန် အခွင့်အရေး လုံးဝ မပေးဘဲ အရိုက်ခံနေရသည့် အနေအထားသို့ ရောက်ရှိသွားစေ၏။

ထိုအခိုက်အတန့်တွင် စင်အောက်ရှိ အကြီးအကဲများက ဘာတွေ ဖြစ်နေသည်ကို နောက်ဆုံးတွင် သဘောပေါက်သွားကြသည်။ အဖိုးအို ချွမ်ယန်က အလျင်အမြန် လက်ဝှေ့ယမ်းကာ သတိလစ်နေသော မူရှာရှာကို အောက်သို့ ခေါ်ဆောင်သွား၏။

ဤသည်ကို မြင်သောအခါ ချန်လော့က ဆက်မလိုက်တော့ပေ။ အဖိုးအို ချွမ်ယန်ကို သူ မနိုင်သောကြောင့် ဖြစ်၏။

ထို့ကြောင့် သူက ဖြည်းညင်းစွာ မတ်တတ်ရပ်လိုက်ပြီး အဝတ်အစားများပေါ်ရှိ ဖုန်များကို ခါလိုက်ပြီးနောက် လူအုပ်ကို ကျောခိုင်းကာ လှည့်လိုက်သည်။

"တောင်းပန်ပါတယ်... ဈေးထဲမှာ ငါးသတ်လာတာ အနှစ် ၂၀ ရှိပြီ ဆိုတော့ ငါ့နှလုံးသားက ငါးသတ်တဲ့ ဓားလိုပဲ အေးစက်နေတာ ကြာပါပြီ..."

"မိန်းမတွေ ဟုတ်လား... ဟွန့်... သူတို့က ငါ့ရဲ့ ငါးသတ်တဲ့ အရှိန်ကို နှေးသွားအောင်ပဲ လုပ်နိုင်လိမ့်မယ်..."

ထိုသို့ ပြောပြီးနောက် သူက ဝတ်ရုံလက်စကို ခါလိုက်ပြီး ပြိုင်ကွင်းပေါ်မှ ဆင်းသွားလေရာ လူအုပ်ကြီးမှာ လုံးဝ ဇဝေဇဝါ ဖြစ်ကျန်ရစ်ခဲ့တော့၏ ။

All Chapters