အခန်း (၁၃၉-၁၄၀)
Vol. 14 Ch. 139-140
အခန်း (၁၃၉) ဒီဝင်္ကပါကို ကျွန်တော် ချိုးဖျက်နိုင်တယ်လို့ ပြောသားပဲ
"ကျွန်တော် နိုင်ပြီ... ကျွန်တော် ချန်ပီယံပဲ..."
ချန်လော့က ပြိုင်ကွင်းပေါ်တွင် မတ်တတ်ရပ်လျက် လက်နှစ်ဖက်ကို အပေါ်သို့ မြှောက်ကာ ပရိသတ်များထံမှ လက်ခုပ်သံများနှင့် အားပေးသံများ ထွက်ပေါ်လာမည်ကို စောင့်ဆိုင်းနေ၏။
သို့သော် မည်သည့် လက်ခုပ်သံမျှ ထွက်မလာခဲ့ပေ။ ချန်လော့က အောက်သို့ ကြည့်လိုက်ရာ တစ်ချိန်က လူပြည့်နေခဲ့သော ပရိသတ် နေရာများမှာ အလွတ်နီးပါး ဖြစ်နေပြီး တပည့် ဒါဇင်ခန့်သာ ကျန်ရှိတော့ကြောင်း တွေ့လိုက်ရသည်။
ကျန်ရှိနေသော တပည့်များမှာလည်း အိမ်သာသို့ သွားနေကြပြီ ဖြစ်၏။ ခန်းမထဲတွင် မစားခဲ့သော တွင်းစည်းတပည့် အချို့က သူတို့ကို အိမ်သာဆီသို့ တွဲခေါ်သွားပေးနေကြသည်။
ထိုအချိန်တွင် အနီးဆုံး အိမ်သာ အပြင်ဘက်၌ တပည့် ဒါဇင်ခန့်က လမ်းပိတ်ထားကြ၏။
"ဒေါက်... ဒေါက်... ဒေါက်..."
"ထွက်ခဲ့စမ်း... ထွက်ခဲ့စမ်း..."
"မင်း မြန်မြန် မထွက်လာရင် တစ်ယောက်ယောက် သေတော့မယ်ဟေ့..."
အိမ်သာ အပြင်ဘက်တွင် တပည့်တစ်ယောက်က တံခါးကို အဆက်မပြတ် ထုရိုက်နေပြီး သူ၏ ခြေထောက်နှစ်ချောင်းကို တင်းကျပ်စွာ စုထားကာ ရပ်နေ၏။
"အသုံးမကျလိုက်တာ... အခုချက်ချင်း တံခါးဖွင့်စမ်း..."
"အဖေရေ... ကျေးဇူးပြုပြီး မြန်မြန် ထွက်ခဲ့ပါ... ကျွန်တော် ဆက်မတောင့်ခံနိုင်တော့ဘူး..."
ဂိုဏ်းသားက အိမ်သာ တံခါးကို မှီလျက် သူ၏ ခန္ဓာကိုယ်မှာ ထိန်းချုပ်မရအောင် တုန်ယင်နေရင်း အော်ဟစ်လိုက်၏။
"ကျစ်... မင်းက သေချင်ယောင် ဆောင်နေတာ မဟုတ်လား... အဲဒါဆိုရင် ငါ ဝင်လာတာကို အပြစ်မတင်နဲ့နော်..."
ထိုတပည့်မှာ သူ၏ သည်းခံနိုင်စွမ်း အကန့်အသတ်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း သိသာလှပြီး သူက လက်ကို မြှောက်ကာ အိမ်သာ တံခါးကို လက်သီးဖြင့် ထိုးချလိုက်တော့၏။
"ဘုန်း..."
ကျယ်လောင်သော အသံကြီးတစ်ခုနှင့်အတူ အိမ်သာ တံခါး ပွင့်ထွက်သွားပြီး အထဲတွင် ရှိနေသောအရာကို မြင်လိုက်ရသောအခါ ထိုတပည့်မှာ ဆွံ့အသွားတော့သည်။
တပည့်တစ်ယောက်က အိမ်သာထဲတွင် လှဲနေပြီး သူ၏ ဘောင်းဘီက ခြေကျင်းဝတ်အထိ လျှောကျနေသည်။ သူ၏ ခြေထောက်များက မြင်းထိုင်ခွင် အနေအထား ဖြစ်နေပြီး လက်များကို ဆုပ်ထားကာ မျက်လုံးများ ပြူးကျယ်နေ၏။ သူ၏ မျက်နှာမှာ ထိန်းချုပ်မရအောင် ရှုံ့မဲ့နေသည်ကို တွေ့လိုက်ရ၏။
ဤသည်ကို မြင်သောအခါ ထိုတပည့်ဖြစ်သူက အခြေအနေကို ချက်ချင်း နားလည်သွားပြီး သူ့ဘေးရှိ တပည့်များကို အလျင်အမြန် အော်ပြောလိုက်သည်။
"ဘုရားရေ... တစ်ယောက်ယောက် ဝမ်းလျှောပြီး မေ့လဲသွားပြီ... မြန်မြန် သူ့ကို ခေါ်သွားကြ..."
သို့သော် သူ စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် နောက်ထပ် လှိုင်းလုံးကြီး တစ်ခုက သူ၏ ဝမ်းဗိုက်ထဲတွင် ရစ်ပတ်လာပြီး ၎င်း၏ မျက်နှာအမူအရာက ချက်ချင်း အေးခဲသွားတော့၏။
အဆိပ်မသင့်သော တွင်းစည်းတပည့် အချို့က ပြေးလာပြီး ထိုလူကို အပြင်သို့ ခေါ်ထုတ်ရန် ပြင်လိုက်ကြသည်။
သို့သော် ထိုတပည့်က အရင် ဝင်သွားပြီး အိမ်သာ တံခါးကို ပြင်းပြင်းထန်ထန် ပိတ်လိုက်၏။
"ငါ ဆက်မတောင့်ခံနိုင်တော့ဘူး... ငါ ပြီးတဲ့အထိ စောင့်... ပြီးမှ သူ့ကို သယ်သွားကြ..."
ဤသည်ကို မြင်သောအခါ တွင်းစည်းတပည်များက ဘာလုပ်ရမှန်း မသိဘဲ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။ ထို့နောက် အိမ်သာထဲမှ ကျယ်လောင်သော ရေပန်းသံကြီး တစ်ခု ထွက်ပေါ်လာ၏။
...
"ဘာ... ဘာတွေ ဖြစ်ကုန်တာလဲ..."
ယွီထျန်းစီမှာ သူ မြင်လိုက်ရသည့် အရာကြောင့် ဆွံ့အသွားတော့သည်။
ဤအခိုက်အတန့်တွင် သူ့နှင့် ဆယ်မီတာခန့် အတွင်းရှိ တပည့် ခြောက်ယောက်၊ ခုနစ်ယောက်ခန့်က လဲကျနေကြပြီး သူတို့၏ စအိုကြွက်သားများက အလုပ်မလုပ်တော့သဖြင့် မြေပြင်ပေါ်တွင် ပက်လက်လန်နေကြ၏။
စင်ပေါ်တွင် ချန်လော့က အတော်လေး ကြီးကျယ်ခမ်းနားသော မြင်ကွင်းနှင့် လေထုထဲတွင် ပျံ့နှံ့နေသော အနံ့ဆိုးများကို ကြည့်ရင်း ရုတ်တရက် အနည်းငယ် စိုးရိမ်လာသည်။
"ငါ အရင်ဆုံး လစ်ပြေးသင့်လား..."
ဤသည်ကို တွေးမိသောအခါ ချန်လော့က အချိန်မဖြုန်းတော့ပေ။
သို့သော် သံသယ ကင်းရှင်းစေရန်အတွက် ချန်လော့က ချက်ချင်း မထွက်ခွာသွားခဲ့ပေ။
"ငါ တကယ်ကို စိတ်လှုပ်ရှားနေပြီပဲ..."
"ဂိုဏ်းချုပ်... ကျွန်တော် ဆက်မတောင့်ခံနိုင်တော့ဘူး... အိမ်သာ သွားဖို့ ချင်းယန်တောင်ထွတ်ကို ပြန်ရမယ်... မိစ္ဆာတာအို ပြိုင်ပွဲရဲ့ ပထမဆုကို ကျွန်တော့် ဆရာဆီမှာပဲ ပေးထားခဲ့လိုက်ပါ..."
ထိုသို့ ပြောပြီးနောက် သူသည် ချက်ချင်းပင် ရွေ့လျားမှု သိုင်းကွက်ကို အသုံးပြု၍ ချင်းယန်တောင်ထွတ်ဆီသို့ ပြေးသွားလေ၏။
ယွီထျန်းစီက လှည့်ကြည့်လိုက်ရာ ကျန်ရှိနေသေးသော အကြီးအကဲများနှင့် မယှဉ်ပြိုင်ရသေးသော ရွှေမြုတေအဆင့် တိုက်ရိုက်တပည့်များမှာ လုံးဝ ဆွံ့အလျက် ကြည့်နေကြသည်ကို တွေ့လိုက်ရသည်။
"ဘာလို့လဲ... ဘာလို့လဲ..."
...
ပြိုင်ကွင်းမှ ထွက်ခွာလာပြီးနောက် ချန်လော့က ချင်းယန်တောင်ထွတ်သို့ ချက်ချင်း မပြန်ဘဲ ချန်ရှင်းဂိုဏ်း၏ အဓိက တောင်ထွတ်ဆီသို့ ပြေးသွားလေ၏။
ထို အဓိက တောင်ထွတ်မှာ ယွီထျန်းစီ နေထိုင်သော တောင်ထွတ် ဖြစ်သည်။
"အခုချိန်မှာ ဂိုဏ်းချုပ်က အဲဒီ အိမ်သာပြဿနာတွေနဲ့ အလုပ်ရှုပ်နေလောက်ပြီ... တခြား ဘာကိုမှ တွေးဖို့ အချိန်ရမှာ မဟုတ်ဘူး..."
"မိစ္ဆာတာအို ပြိုင်ပွဲမှာ ငါ ပထမရရင် ဝိညာဉ်ကျောက်တုံး ၁၀,၀၀၀ ပေးမယ်လို့ သူ ကတိပေးထားတယ်လေ..."
"ဂိုဏ်းချုပ်ရဲ့ အခြေအနေကို ကြည့်ရတာ ဒီကိစ္စက မြန်မြန်ဆန်ဆန် ပြီးသွားမယ့်ပုံ မပေါ်ဘူး... ငါကိုယ်တိုင်ပဲ ဒုက္ခခံပြီး သွားယူလိုက်ပါ့မယ်..."
ဤသည်ကို တွေးမိသောအခါ ချန်လော့၏ အပြုံးက ပိုမို တောက်ပလာပြီး အဓိက တောင်ထွတ်ဆီသို့ ပြေးသော အရှိန်ကို မြှင့်တင်လိုက်၏။
မကြာသော အချိန်အတွင်း ချန်လော့သည် အဓိက တောင်ထွတ်သို့ ရောက်ရှိသွားသည်။
အနည်းငယ်မျှ ချီတုံချတုံ မဖြစ်ဘဲ သူသည် အဓိက တောင်ထွတ်ဆီသို့ ပြေးဝင်သွားလေ၏။
ဂိုဏ်းချုပ် နေထိုင်ရာ တောင်ထွတ် ဖြစ်သဖြင့် အဓိက တောင်ထွတ်တွင် အကာအကွယ် ဝင်္ကပါများစွာ ရှိသည်။
ကံကောင်းထောက်မစွာဖြင့် ချန်လော့သည် တိုက်ရိုက်တပည့် တစ်ယောက် ဖြစ်နေသည့်အတွက် ဤနေရာများသို့ လွတ်လပ်စွာ အဝင်အထွက် ပြုလုပ်ခွင့်ရှိရာ၊ အဓိကတောင်ထွတ်ရှိ အစောင့်များက သူ့ကို တားဆီးခြင်း မပြုခဲ့ကြပေ။ မကြာမီမှာပင် ချန်လော့သည် အဓိကတောင်ထွတ်၏ ခန်းမကြီးသို့ ရောက်ရှိသွားတော့သည်။
ခန်းမကြီး၏ အပြင်အဆင်ကို လေ့လာကြည့်ရာတွင် ခမ်းနားထည်ဝါစွာ အလှဆင်ထားသည်မှလွဲ၍ ထူးခြားမှုမရှိကြောင်း တွေ့လိုက်ရ၏။ ၎င်းမှာ ဆေးတောင်ထွတ်နှင့် အဆိပ်တောင်ထွတ်တို့တွင် ချန်လော့ တွေ့မြင်ခဲ့ရသည့် အခြေအနေများနှင့် ဆင်တူလှသည်။
ထို့နောက် ချန်လော့သည် စတင်ရှာဖွေတော့သည်။ သို့သော် ခန်းမကြီးအတွင်း၌ ပစ္စည်းကောင်းများစွာ ရှိပုံမရပေ။ ချန်လော့က အချိန်အတော်ကြာအောင် အပတ်တကုတ် ရှာဖွေခဲ့သော်လည်း တန်ဖိုးရှိသော အရာတစ်ခုတစ်လေမျှ မတွေ့ရှိခဲ့ရပေ။
"အဲဒါလည်း မှန်ပါတယ်... စိတ်မှန်တဲ့ ဘယ်သူကများ ပစ္စည်းကောင်းတွေကို ဒီလို နေရာမျိုးမှာ ဖွက်ထားမှာလဲ..."
"ဂိုဏ်းချုပ် အိပ်တဲ့ နေရာကို သွားကြည့်ရမယ်..."
ထိုသို့ ပြောရင်း သူသည် ဂိုဏ်းချုပ်၏ အိပ်ဆောင်ဆီသို့ လျှောက်သွားလေ၏။
သို့သော် အိပ်ဆောင်က လူအများ အဝင်အထွက် ပြုလုပ်နိုင်သော ခန်းမကြီးနှင့် မတူသဖြင့် ချန်လော့သည် ထိုနေရာသို့ သွားသောအခါ အလွန် သတိထားခဲ့သည်။
သူသည် အပြင်ဘက်တွင် ခဏ စောင့်ကြည့်နေခဲ့ပြီး ထို စောင့်ကြည့်မှုက အလဟဿ မဖြစ်ခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ဂိုဏ်းချုပ်၏ အိပ်ဆောင် အပြင်ဘက်တွင် ကြီးမားသော ဝင်္ကပါ အချို့ကို သူ တကယ် တွေ့ရှိခဲ့သောကြောင့် ဖြစ်၏။
သေသေချာချာ စစ်ဆေးပြီးနောက် ဤသည်က စတုတ္ထအဆင့် ပေါင်းစပ် ဝင်္ကပါကြီး တစ်ခု ဖြစ်ကြောင်း ချန်လော့ ဆုံးဖြတ်နိုင်ခဲ့သည်။
စတုတ္ထအဆင့် ပေါင်းစပ် ဝင်္ကပါကြီး ဆိုသည်မှာ တကယ်တမ်းတွင် တတိယအဆင့် ဝင်္ကပါ အများအပြားကို ပေါင်းစပ် ဖွဲ့စည်းထားခြင်း ဖြစ်၏။ ဤဝင်္ကပါ တစ်ခုစီက တတိယအဆင့် စွမ်းအားသာ ရှိသော်လည်း ၎င်းတို့ကို ပေါင်းစပ်လိုက်သောအခါ စွမ်းအားက စတုတ္ထအဆင့် ဝင်္ကပါကြီး တစ်ခုနှင့် ယှဉ်ပြိုင်နိုင်စွမ်း ရှိသည်။
"တကယ်လို့ စတုတ္ထအဆင့် ဝင်္ကပါကြီးသာ ဆိုရင် ငါ နောက်ဆုတ်ရလောက်တယ်... ကံကောင်းတာက ဒါက စတုတ္ထအဆင့် ပေါင်းစပ် ဝင်္ကပါကြီး ဖြစ်နေလို့ ငါ ချိုးဖျက်နိုင်သေးတယ်...”
ထိုသို့ ပြောပြီးနောက် ချန်လော့က ဝင်္ကပါကြီးကို ချက်ချင်း စတင် ချိုးဖျက်တော့၏။
မိနစ်အနည်းငယ် ကြာပြီးနောက်
"ဘုန်း!!!"
"ဘုန်း... ဘုန်း... ဘုန်း ဘုန်း!!!
ဗြောက်အိုးများ ဖောက်လိုက်သကဲ့သို့ ပေါက်ကွဲသံများ အဆက်မပြတ် ထွက်ပေါ်လာပြီးနောက် ကောင်းကင်ယံ တစ်ခုလုံး မီးတောက်များဖြင့် ပြည့်နှက်သွားကာ မရေမတွက်နိုင်သော အမည်းရောင် ပြာမှုန့် တိမ်တိုက်များ ထွက်ပေါ်လာ၏။
ပေါက်ကွဲမှု ပြီးဆုံးသွားပြီး ထူထပ်သော မီးခိုးငွေ့များ တဖြည်းဖြည်း ပျောက်ကွယ်သွားသောအခါ ယိုယွင်းပျက်စီးနေသော အိမ်တစ်လုံးက အရှေ့တွင် ထွက်ပေါ်လာသည်။
၎င်းသည် မူလက ယွီထျန်းစီ၏ အိပ်ဆောင် ဖြစ်သော်လည်း ပေါက်ကွဲမှု အပြီးတွင် တစ်စစီ ဖြစ်သွားခဲ့ပြီ ဖြစ်၏ ။
ချန်လော့က အပျက်အစီးပုံ အောက်မှ ဖြည်းညင်းစွာ တွားသွား၍ တက်လာသည်။
"ဒီဝင်္ကပါကို ငါ ချိုးဖျက်နိုင်တယ်လို့ ပြောသားပဲ..."
ချန်လော့က ပြောရင်း သူ၏ ခေါင်းမှ အဆက်မပြတ် ထွက်ကျနေသော သွေးများကို သုတ်ပစ်လိုက်၏။ ပေါက်ကွဲမှုကြောင့် မည်းနက်နေသော သူ၏ မျက်နှာပေါ်တွင် အဖြူရောင် သွားတန်းလေးများ ပေါ်လွင်နေသည်။ သူ၏ အဝတ်အစားများမှာလည်း အပိုင်းပိုင်း အစစဖြစ်နေပြီး ခန္ဓာကိုယ်ပေါ်တွင် တွဲလောင်းကျနေ၏ ။
ဒီနောက်ဆုံးအဆင့်က သူ့ကို သတ်လုမတတ် ဖြစ်သွားစေခဲ့တာပဲ...
ပုံမှန်အားဖြင့် ဝင်္ကပါကြီး တစ်ခုကို ချိုးဖျက်သည့်အခါ ဤကဲ့သို့သော ကိစ္စမျိုး ဖြစ်လေ့ မရှိပေ။
ပြဿနာမှာ ချန်လော့၏ ဝင်္ကပါ ချိုးဖျက်နည်းက သာမန် နည်းလမ်း မဟုတ်သောကြောင့် ဖြစ်၏။
၎င်းက ဝင်္ကပါကို ချိုးဖျက်ခြင်းထက် ၎င်းကို ဖျက်ဆီးပစ်ခြင်းနှင့် ပိုတူသည်။
သူအသုံးပြုခဲ့သော ဝင်္ကပါချိုးဖျက်နည်းကို "ဖျက်ဆီးခြင်းနည်းလမ်း" ဟု ခေါ်သည်။ ၎င်းသည် ရှေးဟောင်းနည်းလမ်းတစ်ခုဖြစ်သော်လည်း အလွန်ထိရောက်ပြီး ကျယ်ကျယ်ပြန့်ပြန့် အသုံးဝင်သော နည်းစနစ်တစ်ခုဖြစ်သည်။ ဝင်္ကပါပညာရပ်များကို နက်နက်နဲနဲ မသိရှိသူများပင်လျှင် ဤနည်းလမ်းကို အသုံးပြုနိုင်ကြ၏။
အသုံးပြုပုံမှာလည်း အလွန်ရိုးရှင်းသည်။ မိမိ၏ ကိုယ်ပိုင်စွမ်းအား (သို့မဟုတ်) ပြင်ပစွမ်းအားများကို အသုံးပြု၍ ဝင်္ကပါအတွင်းသို့ စွမ်းအားအမြောက်အမြားကို အတင်းအဓမ္မ ထည့်သွင်းခြင်းဖြစ်သည်။
ထိုသို့ စွမ်းအားများ ပိုလျှံလာသောအခါ ဝင်္ကပါသည် ၎င်း၏အကန့်အသတ်သို့ ရောက်ရှိသွားပြီး ဖိအားကို ဆက်လက်မတောင့်ခံနိုင်တော့ဘဲ နောက်ဆုံးတွင် ပြင်းထန်စွာ ပေါက်ကွဲထွက်သွားကာ ဝင်္ကပါတစ်ခုလုံး ပျက်စီးသွားမည် ဖြစ်သည်။
သို့သော် ဤနည်းလမ်းတွင် အားနည်းချက်တစ်ခုရှိသည်။ ထိုသို့ပြုလုပ်ခြင်းက အလွန်လျင်မြန်ပြီး ပြင်းထန်သော ပေါက်ကွဲမှုကို ဖြစ်ပေါ်စေသည့်အတွက် အနီးအနားရှိသူမှာ ကံမကောင်းလျှင် သေဆုံးသွားနိုင်သည်။
ထို့အပြင် ယခုဝင်္ကပါမှာ "ပေါင်းစပ်ဝင်္ကပါ" တစ်ခုဖြစ်သဖြင့် ဝင်္ကပါတစ်ခု ပေါက်ကွဲသွားသည်နှင့် ကျန်ရှိနေသော ဝင်္ကပါများအားလုံးပါ ကွင်းဆက်တုံ့ပြန်မှုဖြင့် တစ်ခုပြီးတစ်ခု လိုက်လံပေါက်ကွဲသွားမည် ဖြစ်သည်။
ချန်လော့သည် မြန်ဆန်သော်လည်း ဝင်္ကပါ ပေါက်ကွဲမှု၏ အရှိန်ကိုတော့ သူ မကျော်လွန်နိုင်ခဲ့ပေ။ မည်သည့်အရာမှ မလွတ်မြောက်နိုင်ခဲ့ဘဲ အားလုံး လွင့်စင်သွားခဲ့ကြသည်။
ကံကောင်းထောက်မစွာဖြင့် သူ၏ ခန္ဓာကိုယ်ကျင့်ကြံမှုက ကိုးကြိမ်သွန်း သံအရိုးအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ သို့မဟုတ်ပါက သူ အသက်ရှင်နိုင်မည် မဟုတ်ပေ။
အခန်း( ၁၄၀ ) ဝေးကွာသော မွန်းလွဲပိုင်း
ချန်လော့သည် ဂိုဏ်းချုပ်၏ အိပ်ဆောင်ထဲသို့ ခြေလှမ်းကျဲကြီးများဖြင့် ဝင်သွားရာ သူ၏ ဦးခေါင်းမှ သွေးများမှာ ထိန်းချုပ်မရနိုင်လောက်အောင် ပန်းထွက်နေလေသည်။ သို့သော် ချန်လော့ကမူ ထိုဒဏ်ရာကို လုံးဝဂရုမစိုက်ပေ။ "ရတနာသိုက်" ကို ရှာဖွေတော့မည့် သူ့ကို အသေးအဖွဲ ဒဏ်ရာလေးတစ်ခုက မည်သို့ တားဆီးနိုင်မည်နည်း။
သူသည် လျှပ်စီးလက်သကဲ့သို့ လျင်မြန်လှသော အရှိန်ဖြင့် အခန်း၏ ထောင့်တိုင်းကို လိုက်လံရှာဖွေပြီး၊ မသင်္ကာစရာကောင်းသော ပစ္စည်းမှန်သမျှကို သူ၏ သိုလှောင်အိတ် ထဲသို့ အငမ်းမရ ထည့်လိုက်တော့သည်။
ပစ္စည်းတစ်ခုခုကို ကောက်ယူလိုက်တိုင်း ၎င်းကို ဘာအတွက် အသုံးပြုရမှန်း၊ တန်ဖိုး မည်မျှရှိမှန်း သို့မဟုတ် သူ့အတွက် အမှန်တကယ် အသုံးဝင်မည်လား ဆိုသည်ကို ချန်လော့ သေချာမသိချေ။ သို့သော် သူသေချာပေါက် သိထားသည့်အချက်မှာ "လက်ဦးအောင် ယူသွားမှသာ ဘာအရှုံးမှ ရှိမည်မဟုတ်" ဆိုသည့် အချက်ပင် ဖြစ်သည်။
မိနစ်အနည်းငယ်မျှ ကြာပြီးနောက်တွင်မူ ချန်လော့သည် ဂိုဏ်းချုပ်၏ အခန်းအများစုကို ပြောင်သလင်းခါသွားအောင်အထိ အကုန်အစင် ရှင်းလင်းသိမ်းဆည်းပြီးသွားပြီ ဖြစ်သည်။
"အချိန်တန်လောက်ပြီ ထင်တယ်..."
ချန်လော့က သူ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။ သို့သော် ထိုအချိန်မှာပင် သူ၏ မျက်စိရှေ့တွင် ရုတ်တရက် ဝေဝါးသွားပြီး ပြင်းထန်သော ခေါင်းမူးဝေမှုကို ခံစားလိုက်ရ၏။
၎င်းမှာ သွေးထွက်လွန်ခြင်း၏ သိသာထင်ရှားလှသော လက္ခဏာရပ်ပင် ဖြစ်သည်။ သို့သော် ချန်လော့ကမူ ထိုသို့ တွေးမိပုံ မရဘဲ "ရတနာ" များအပေါ်တွင်သာ အာရုံရ နေသည်။
ဒီနေ့ ငါ အကျိုးအမြတ်တွေ အများကြီး ရလိုက်လို့ အရမ်း ဝမ်းသာလွန်းလို့နေမယ်..."
ထိုသို့ ပြောပြီးနောက် ချန်လော့က အချိန်မဖြုန်းတော့ဘဲ တောင်အောက်သို့ ဆင်းရန် ပြင်ဆင်လိုက်၏။
ဤနေရာရှိ ပေါက်ကွဲမှုအကြောင်းကို ဂိုဏ်းချုပ်ထံ မကြာမီ သတင်းပို့ကြလိမ့်မည် ဖြစ်သည်။
မြန်မြန် မပြေးဘဲ ဂိုဏ်းချုပ် ပြန်လာခဲ့ရင် သူ အရှင်လတ်လတ် အရေခွံဆုတ်ခံရမှာ သေချာတယ်...
ချန်လော့က ထွက်သွားတော့မည် ပြင်လိုက်စဉ် တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားပြီး သူ့ဘေးရှိ ဂိုဏ်းချုပ်၏ ကုတင်ကို လှည့်ကြည့်လိုက်၏။
"ခေါင်းအုံးအောက်မှာများ ပစ္စည်းကောင်းလေး တစ်ခုခု ရှိနေမလား..."
ချန်လော့ ကိုယ်တိုင်လည်း တစ်ခါတစ်ရံတွင် ပစ္စည်းများကို ခေါင်းအုံးအောက်၌ ဖွက်ထားလေ့ ရှိ၏။
ထို့ကြောင့် သူသည် ခေါင်းအုံးကို ဖြစ်သလို မလိုက်ရာ ပန်းချီကားလိပ် တစ်လိပ်က သူ၏ မျက်စိရှေ့တွင် ပေါ်လာတော့သည်။
"တကယ်ပဲ တစ်ခုခု ရှိနေတာပဲ..."
ချန်လော့မှာ အလွန် ဝမ်းသာသွားသော်လည်း သူ၏ စိတ်လှုပ်ရှားမှုကြောင့်ခေါင်းမှ ယခုလေးတင် တိတ်သွားသော သွေးများက ပြန်လည် ပန်းထွက်လာပြီး ခေါင်းမူးလာသဖြင့် ယိမ်းယိုင်သွားလုမတတ် ဖြစ်သွား၏။
သူသည် ကုတင်ဘေးကို အလျင်အမြန် လှမ်းကိုင်လိုက်ရင်း။
"မဖြစ်ဘူး... မဖြစ်ဘူး... ငါတို့ မြန်မြန် ပြန်သွားရမယ်..."
"မဟုတ်ရင် လမ်းမှာ လဲကျသွားပြီး ဒီပစ္စည်းတွေ ခိုးခံရရင် ငါ အများကြီး ရှုံးသွားမှာပေါ့..."
ထိုသို့ ပြောပြီးနောက် ချန်လော့သည် ပန်းချီကားလိပ်ကို သူ၏ သိုလှောင်အိတ်ထဲသို့ ထည့်လိုက်ပြီး ဂိုဏ်းချုပ်၏ အိပ်ဆောင်ကို တစ်ချက်မှ ပြန်မကြည့်ဘဲ လှည့်ထွက်သွားလေ၏။
ထိုအချိန်တွင် ပြိုင်ကွင်းအနီး၌။
"ဂိုဏ်းချုပ်... ကျွန်မ ဆရာ ရောက်လာပါပြီ..."
ကျောက်မန်က ကုထျန်းရန်ကို ပြိုင်ကွင်းဆီသို့ ခေါ်လာခဲ့၏။
ထိုနေရာရှိ တပည့်များအားလုံးထဲတွင် သူမတစ်ယောက်တည်းသာ တွင်းစည်းတပည့် မဟုတ်သလို၊ အဆိပ်သင့်ခြင်းလည်း မခံခဲ့ရသူ ဖြစ်သည်။
ဤသည်မှာလည်း ပုံမှန်ပင်ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ သူမသည် အဆိပ်တစ်သောင်းခန္ဓာ ပိုင်ရှင် မဟုတ်လော။ သူမ၏ခန္ဓာကိုယ်မှာ အပြည့်အဝ မရင့်ကျက်သေးသော်လည်း သာမန်အဆိပ်များကိုမူ ပြဿနာမရှိဘဲ ခံနိုင်ရည်ရှိပေသည်။
ယွီထျန်းစီက ကုထျန်းရန်ကို ကြည့်လိုက်ပြီးမှသာ သူ၏ မျက်မှောင်ကြုတ်နေမှုမှာ အနည်းငယ် ပြေလျော့သွားတော့သည်။
"ကုအကြီးအကဲ... ဒီတပည့်တွေကို တစ်ချက်လောက် ကြည့်ပေးပါဦး..."
"ဘာဖြစ်သွားတယ် ဆိုတာ မသိဘူး... ရုတ်တရက်ကြီး တစ်ကိုယ်လုံး ဝမ်းတွေ သွားနေကြတာပဲ...”
"ဒီမနက် ငါတို့ စားခဲ့တဲ့ အစားအသောက်တွေနဲ့ ဆက်စပ်နေမယ်လို့ ငါ သံသယရှိတယ်..."
ယွီထျန်းစီက ဂိုဏ်းတစ်ဂိုဏ်း၏ ဂိုဏ်းချုပ် ဖြစ်လာနိုင်သည် ဆိုကတည်းက သူ၏ ခွဲခြမ်းစိတ်ဖြာနိုင်စွမ်း အချို့ ရှိကြောင်း ပြသနေ၏။
ပထမအချက် အနေဖြင့် အဆိပ်သင့်သူများ အားလုံးက တိုက်ရိုက်တပည့်များနှင့် အဓိကတပည့်များ ဖြစ်ကြပြီး တွင်းစည်းတပည့်များမှာ အထိအခိုက် မရှိကြပေ။ ထို့အပြင် သူတို့၏ အဆိပ်သင့်မှု လက္ခဏာများ အားလုံး တူညီကြပြီး အာနိသင် ပြသည့် အချိန်များကလည်း အကြမ်းဖျင်း တူညီကြသည်။
ဤသည်က တပည့်များ အားလုံး တစ်ပြိုင်နက်တည်း အဆိပ်သင့်ခဲ့ကြပြီး တွင်းစည်းတပည့်များက သူတို့ အဆိပ်သင့်ချိန်တွင် ထိုနေရာ၌ မရှိခဲ့ကြောင်း ညွှန်ပြနေ၏။
ဤခွဲခြမ်းစိတ်ဖြာမှုအပေါ် အခြေခံ၍ ကြည့်ပါက တစ်ခုတည်းသော အခွင့်အရေးမှာ အစာစားချိန်တွင် ဖြစ်ပုံရသည်။
ထို့အပြင် အဓိကတပည့်ရော၊ တိုက်ရိုက်တပည့်ပါ တူညီသော အစားအသောက်ကို ရရှိကြသဖြင့် အဖြေက အတော်လေး ရှင်းလင်းနေပြီ ဖြစ်၏။
ကုထျန်းရန်က တစ်ခဏမျှ စဉ်းစားလိုက်ပြီး အဝေးသို့ သယ်ဆောင်မသွားရသေးဘဲ ရေများအလား ပန်းထွက်နေဆဲ ဖြစ်သော တပည့် အနည်းငယ်ကို ကြည့်ကာ ဤမြင်ကွင်းက အတော်လေး ရင်းနှီးနေသလို၊ အရင်က တစ်နေရာရာမှာ မြင်ဖူးသလို ရုတ်တရက် ခံစားလိုက်ရသည်။
အချိန်အတော်ကြာ စဉ်းစားပြီးနောက် ကုထျန်းရန်က ဖြစ်နိုင်ခြေကို အကြံပြုလိုက်၏။
"ဒါကို ချန်လော့က အဆိပ်ခတ်ခဲ့တာများ ဖြစ်နိုင်မလား..."
ဤသည်ကို ကြားသောအခါ ယွီထျန်းစီမှာ အံ့အားသင့်သွား၏။ သူ တကယ်ပဲ သံသယ ရှိခဲ့သော်လည်း လုံးဝ သေချာမှုတော့ မရှိခဲ့ပေ။
"ငါလည်း အဲဒီအကြောင်း တွေးမိသားပဲ... ဒါပေမဲ့ ဒီတစ်ခါတော့ ဖြစ်နိုင်ခြေ မရှိဘူးလို့ ထင်တယ်... ဘာလို့လဲဆိုတော့ သူ ကိုယ်တိုင်လည်း အဆိပ်သင့်သွားတာကိုး..."
ဤသည်ကို ကြားသောအခါ ကုထျန်းရန်မှာ အနည်းငယ် အံ့အားသင့်သွားပုံရသော်လည်း သဘောတူသည့်အနေဖြင့် ခေါင်းညိတ်လိုက်၏။
"သူ ကိုယ်တိုင်လည်း အဆိပ်သင့်သွားတယ် ဆိုရင်တော့ သူ လုပ်နိုင်ဖို့ ဖြစ်နိုင်ခြေ နည်းတယ်..."
"ဒီကောင်လေးက မကောင်းမှု မျိုးစုံ လုပ်ခဲ့တယ် ဆိုပေမယ့် ငါ့ကို ဆက်ဆံတဲ့ နေရာမှာတော့ အတော်လေး ယဉ်ကျေးပါသေးတယ်..."
"ငါတောင် အဆိပ်သင့်ခံရမယ့် အန္တရာယ်ကို မစွန့်စားရဲဘူး... ဒဏ်ရာရဖို့ ဆိုတာတော့ ပြောမနေနဲ့တော့”
ယွီထျန်းစီနှင့် ဘေးတွင် ရပ်နေသော ကျောက်မန်တို့က အပြင်းအထန် သဘောတူသည့်အနေဖြင့် ခေါင်းညိတ်လိုက်ကြ၏။
ချန်လော့သည် တရားခံ ဖြစ်နိုင်ခြေကို ဖယ်ထုတ်လိုက်ပြီးနောက် ကုထျန်းရန်မှာ ဇဝေဇဝါ ဖြစ်သွားတော့သည်။
ချန်လော့ မဟုတ်ရင် ဂိုဏ်းထဲမှာ ဘယ်သူကများ ဒီလိုမျိုး လုပ်ရဲတဲ့ သတ္တိ ရှိမှာလဲ...
ဖြောင့်မတ်သော တာအိုဂိုဏ်းက စေလွှတ်လိုက်တဲ့ လျှို့ဝှက် သူလျိုများလား... အဲဒါက ဖြစ်နိုင်ခြေ နည်းတယ်
အဘယ်ကြောင့်ဆိုသော် သူတို့သာ လုပ်မည်ဆိုပါက ဤသို့ လုပ်ဆောင်ခြင်းအတွက် မည်သည့် အကျိုးကျေးဇူးမျှ ရှိမည် မဟုတ်သောကြောင့် ဖြစ်၏။
ဒါက သေစေနိုင်တဲ့ အဆိပ် မဟုတ်ဘူးလေ... ပြင်းထန်တဲ့ ဝမ်းလျှောခြင်းကို ဖြစ်စေမယ့် ဆေးတစ်မျိုး သက်သက်ပဲ ဆိုတော့ သူတို့အပေါ် သိပ်ပြီး အကျိုးသက်ရောက်မှု ရှိမှာ မဟုတ်ဘူးလေ…
ဤသည်ကို တွေးမိသောအခါ ယွီထျန်းစီ၏ မျက်နှာပေါ်တွင် စိတ်အနှောင့်အယှက် ဖြစ်သည့် အရိပ်အယောင်တစ်ခု ပေါ်လာ၏။
သူ၏ ချန်ရှင်းဂိုဏ်းက မိစ္ဆာတာအို ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံ ကျင်းပခွင့် ရခဲ့ပြီး အခြေခံတည်ဆောက်ခြင်းအဆင့်နှင့် ရွှေမြုတေအဆင့် နှစ်ခုစလုံးတွင် ပထမနေရာ ရယူနိုင်ခဲ့သည်။
ဒါပေမဲ့ ဒီလို ဖြစ်သွားခဲ့ပြီး ဘယ်သူလုပ်ခဲ့တယ် ဆိုတာကိုတောင် သူတို့ မသိကြဘူး...
တခြားဂိုဏ်းတွေကို သူ ဘယ်လို ရှင်းပြရမလဲ... သူတို့က ချန်ရှင်းဂိုဏ်းကို ဘယ်လို မြင်ကြမလဲ...
ထိုအချိန်မှာပင် တပည့်တစ်ယောက်က မလှမ်းမကမ်းမှ ချွေးသံတရွဲရွဲဖြင့် ပြေးလာ၏။
"ဂိုဏ်းချုပ်... ကျွန်တော်... ကျွန်တော်... ကျွန်တော်..."
ထိုတပည့်မှာ ပြေးလာရသဖြင့် မောပန်းနေကြောင်း သိသာလှပြီး အသက်ကို ပြင်းပြင်းရှူနေကာ စကားတစ်ခွန်းကိုပင် ဆုံးအောင် မပြောနိုင်ချေ။
ထိုအခိုက်အတန့်တွင် ယွီထျန်းစီမှာ အလွန် ဒေါသထွက်နေပြီး တပည့်ဖြစ်သူက စကားတစ်ခွန်းကိုပင် ဆုံးအောင် မပြောနိုင်သည်ကို မြင်သောအခါ သူက ပို၍ပင် ဒေါသထွက်လာတော့၏။
"ကျစ်... ငါ အလုပ်များနေတာ မမြင်ဘူးလား... မင်း ဘာတွေ လာလုပ်နေတာလဲ..."
ယွီထျန်းစီ၏ အော်ငေါက်မှုကြောင့် ထိုတပည့်မှာ လန့်သွားပြီး တစ်ခဏမျှ ဆွံ့အသွားတော့၏။
သို့သော် ထက်ဝက်သာ ကျန်ရှိတော့သည် ဂိုဏ်းချုပ်၏ အိပ်ဆောင်ကိုသတိရသွားသောအခါ သူ သတင်းပို့ရမည်ဟု ခံစားလိုက်ရသည်။
"ဟုတ်... ဟုတ်ကဲ့ပါ... ဒါပေမဲ့ ဂိုဏ်းချုပ်..."
"ထွက်သွားစမ်း... ဘယ်သူ အဆိပ်ခတ်တာလဲ ဆိုတာ ငါ သိပြီးမှ မင်းနဲ့ စကားပြောမယ်..."
ထိုသို့ ပြောပြီးနောက် ယွီထျန်းစီက လက်ကို ခါလိုက်ပြီး ထွက်သွားလေ၏။
ဤသည်ကို မြင်သောအခါ တပည့်ဖြစ်သူက နောက်မှ လိုက်သွားချင်သော်လည်း ကုထျန်းရန်က သူ့ကို တားလိုက်သည်။
"ထားလိုက်ပါတော့... ဂိုဏ်းချုပ်က အခု စိတ်မကြည်ဖြစ်နေတာ... မင်းသာ သူ့နောက် လိုက်သွားရင် စကားတစ်ခွန်းမှ မပြောနိုင်ခင် သူက မင်းကို ပါးရိုက်သတ်ပစ်လောက်တယ်..."
ဤသည်ကို ကြားသောအခါ တပည့်ဖြစ်သူမှာ ကျောရိုးတစ်လျှောက် ချမ်းစိမ့်သွားသည်ကို ခံစားလိုက်ရ၏။
ဂိုဏ်းချုပ်၏ အိပ်ဆောင် အခြေအနေကို သတင်းပို့ခြင်းက အရေးကြီးသော်လည်း သူ၏ ကိုယ်ပိုင် အသက်လောက် ဘာကမှ အရေးမကြီးပေ။
" သူ ပြန်လာမှပဲ ပြောပြလိုက်ပါ..."
တပည့်ဖြစ်သူက အတန်ကြာ စဉ်းစားလိုက်ပြီးနောက် ခေါင်းညိတ်ကာ ထွက်သွားလေ၏။
ကုထျန်းရန်က ထွက်သွားသော တပည့်ကို ဖျော့တော့သော အပြုံးတစ်ခုဖြင့် ကြည့်လိုက်သည်။
"ဂိုဏ်းချုပ်ကို ဒေါသထွက်အောင် လုပ်လုမတတ် ဖြစ်သွားတဲ့ ကောင်လေး တစ်ယောက်ကို ငါ ကယ်တင်လိုက်နိုင်ပြီပဲ..."
သူ ပြောနေစဉ် သူ၏ နှုတ်ခမ်းပေါ်တွင် အပြုံးတစ်ခု ပေါ်လာ၏။
ကုထျန်းရန် မသိခဲ့သည့် အရာမှာ သူ၏ အကြံပေးမှုကြောင့်သာ ယွီထျန်းစီက သူ၏ နေအိမ် ဖောက်ခွဲခံရသည့် သတင်းကို နာရီအတော်ကြာ နောက်ကျပြီးမှ သိရှိခဲ့ရခြင်း ဖြစ်သည်။
ဤသတင်းကို နောက်ကျမှ ရရှိခြင်းက ယွီထျန်းစီကို နောင်ဆယ်စုနှစ်များစွာ တိုင်အောင် ဖြေရှင်း၍ မရနိုင်သော နှလုံးသား မိစ္ဆာ တစ်ခု ဖြစ်ပေါ်လာစေလိမ့်မည် ဖြစ်၏။
နှစ်များစွာ ကြာပြီးနောက် သူ၏ ကိုယ်ပိုင် နှလုံးသား မိစ္ဆာကို ရင်ဆိုင်ရချိန်တွင် ဂိုဏ်းချုပ် ယွီထျန်းစီခမျာ ထိုတပည့်ဖြစ်သူမှ သူ့ကို သတင်းလာပြောခဲ့သည့် ဝေးကွာသော မွန်းလွဲပိုင်းကို ပြန်လည် သတိရနေလိမ့်မည် ဖြစ်၏။