အခန်း (၁၄၅-၁၄၆)
Vol. 15 Ch. 145-146
အခန်း (၁၄၅) အလွန်ပင် ဝီရိယရှိလှပေ၏
ယွီထျန်းစီ ထွက်သွားပြီးနောက် ချန်လော့သည် မိမိကိုယ်ကိုယ် ကာကွယ်သောအားဖြင့် လောချင်းယွီ၏ ကျင့်ကြံခြင်းအခန်း၌ပင် ဆက်လက်နေထိုင်ကာ ဝီရိယရှိစွာ ကျင့်ကြံနေတော့သည်။
ဤသို့ပြုလုပ်ရခြင်းမှာ ပထမအချက်အနေဖြင့် သူ၏အိမ်မှာ ယွီထျန်းစီကြောင့် ပြိုကျပျက်စီးသွားသဖြင့် ပြန်လည်ပြင်ဆင်ရန် အချိန်ယူရမည်ဖြစ်သောကြောင့် ဖြစ်၏။
ဒုက္ခိတအချက်မှာ ယွီထျန်းစီက သူ့ကို အခွင့်ကောင်းယူကာ လက်စားချေမည်ကို စိုးရိမ်သောကြောင့်ပင်။ ယွီထျန်းစီနှင့် ပတ်သက်သည့်ကိစ္စမှာ ပြီးဆုံးသွားပုံရသော်လည်း ထိုသူက နောက်မှနေ၍ အငြိုးအတေးထားကာ လက်စားချေမည်ကို ချန်လော့ စိုးရိမ်နေမိသည်။
သူသာ လောချင်းယွီ၏ နေအိမ်မှ ထွက်သွားပါက ယွီထျန်းစီက သူ့ကို လူသူကင်းဝေးသော လမ်းကြားတစ်ခုထဲသို့ ဆွဲခေါ်သွားပြီး မကောင်းသောကိစ္စရပ်များ လုပ်ဆောင်မည်ကို တွေးပူနေမိသည်။
မိစ္ဆာတာအိုပြိုင်ပွဲမှ အဆိပ်ခတ်မှုနှင့် ပတ်သက်၍ ကုထျန်းရန်သည် သူ၏ သံသယများကို ယွီထျန်းစီအား ပြောပြခဲ့ပြီး ချန်လော့နှင့် ပတ်သက်နိုင်ကြောင်း ခန့်မှန်းခဲ့သော်လည်း ယွီထျန်းစီက ထိုကိစ္စကို အတင်းအကျပ် ဖုံးကွယ်ထားလိုက်သည်။
သူသည် ချန်လော့ကို အပိုင်းပိုင်း ဆွဲဖြတ်ပစ်ချင်သော်လည်း အကယ်၍သာ ချန်လော့က သူ၏ လျှို့ဝှက်ချက် (ပန်းချီကားကိစ္စ) ကို ဖွင့်ချလိုက်ပါက သူကိုယ်တိုင်လည်း ကောင်းကျိုးခံစားရမည် မဟုတ်ကြောင်း ဆင်ခြင်တုံတရားက သတိပေးနေသောကြောင့်ပင်။
ထို့ကြောင့် သူတို့သည် ထိုကိစ္စကို ဖုံးဖိထားလိုက်ပြီး ကုထျန်းရန်ကို ဆက်လက်စုံစမ်းခြင်း မပြုရန် တားမြစ်လိုက်သည်။ အခြားသော ဂိုဏ်းများကိုမူ စားဖိုမှူးတစ်ဦးက ဟင်းချက်ရာတွင် မတော်တဆ မကောင်းသောပစ္စည်းများ ထည့်မိသွားခြင်းဖြစ်ကြောင်းသာ အကြောင်းပြခဲ့သည်။ ထို့နောက် ဓားစာခံတစ်ဦးကို ရှာဖွေကာ အကျဉ်းချလိုက်တော့၏။
စားဖိုဆောင်မှ ဝန်ထမ်းများမှာ အခြေခံတည်ဆောက်ခြင်းအဆင့်မျှသာ ရှိကြသဖြင့် အတွင်းစည်းတပည့်ဟု ခေါ်ဆိုနိုင်သော်လည်း ဂိုဏ်းအတွက်မူ စွန့်လွှတ်၍မရသော အရာများ မဟုတ်ပေ။
ပြိုင်ပွဲရလဒ်နှင့် ပတ်သက်၍ ယွီထျန်းစီ၏ သဘောထားမှာ ချန်လော့ကိုသာ ချန်ပီယံအဖြစ် ဆက်လက်သတ်မှတ်ရန် ဖြစ်ပြီး အခြားအသင်းများကလည်း ကန့်ကွက်ခြင်း မရှိကြချေ။
အဘယ်ကြောင့်ဆိုသော် နောက်ဆုံးပွဲ၌ “မမျှော်လင့်ထားသော” ကိစ္စရပ် ဖြစ်ပွားခဲ့သည်မှလွဲ၍ ချန်လော့၏ စွမ်းဆောင်ရည်မှာ တစ်လျှောက်လုံး အထင်အရှား ပြသနိုင်ခဲ့သောကြောင့် ဖြစ်သည်။
ရာက္ခသတံခါးဂိုဏ်း မှာမူ ထိုရလဒ်ကို မကျေနပ်သော်လည်း များများစားစား မပြောခဲ့ချေ။ အမှန်စင်စစ် သူတို့သည်လည်း ထိုအဆိပ်ခတ်မှုမှာ ချန်ရှင်းဂိုဏ်းသားများ ကိုယ်တိုင် လုပ်ဆောင်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း စဉ်းစားမိကြသည်။
သို့သော်လည်း လူတိုင်း၏ အစားအသောက်ထဲသို့ အဆိပ်ခတ်ခြင်း၊ မိမိတို့၏ တပည့်များအပါအဝင် လူတိုင်းကို အဆိပ်မိစေခြင်းမှာ မယုံကြည်နိုင်စရာပင်။ ဤကဲ့သို့သော သတ္တိမျိုးမှာ အတော်လေးကို ချီးကျူးဖွယ်ကောင်းလှပေသည်။
အကယ်၍သာ သူတို့က ကန့်ကွက်ပြီး ပြိုင်ပွဲကို ပြန်စရန် ကြိုးစားပါက နောက်ပိုင်းတွင် မည်သို့သော အဆိပ်မျိုးနှင့် ထပ်မံတွေ့ကြုံရဦးမည်ကို မည်သူမှ မသိနိုင်ပေ။
ဤသို့ဖြင့် ချန်ပီယံဆုမှာ ချန်လော့၏ လက်ထဲသို့ ရောက်ရှိသွားတော့သည်။ ကာယကံရှင်ဖြစ်သော ချန်လော့မှာမူ ထိုဆုအတွက် သိပ်ပြီး အလေးထားပုံမရပေ။ အဘယ်ကြောင့်ဆိုသော် သူသည် ရသင့်ရထိုက်သော ဆုလာဘ်များကို ရရှိပြီးသား ဖြစ်သောကြောင့်ပင်။
သဘောတူညီချက်အရ သူသည် ချန်ရှင်းဂိုဏ်းအတွက် အခြေခံတည်ဆောက်ခြင်း အဆင့်၌ ပထမဆုကို ရယူပေးခဲ့ပြီးပြီ ဖြစ်၏။ အကယ်၍ ထိုအဆင့်အတန်း ပျောက်ကွယ်သွားပါကလည်း ယင်းမှာ အခွင့်အရေးကို လက်လွှတ်ခဲ့သော ယွီထျန်းစီ၏ အပြစ်သာ ဖြစ်ပေလိမ့်မည်။
ဤကိစ္စတွင် မကျေမနပ် ဖြစ်နေနိုင်သူမှာ နောက်ဆုံးပွဲ၌ ချန်လော့နှင့် ရင်ဆိုင်ခဲ့ရသော ချင်မူ တစ်ဦးတည်းသာ ဖြစ်ပေလိမ့်မည်။ သူသည် အဆင့်သတ်မှတ်ချက်ကို မကျေနပ်ခြင်း မဟုတ်ပေ။ သူသည် စိတ်ရင်းရိုးရှင်းသူဖြစ်ရာ မိမိကိုယ်တိုင် ပြိုင်ပွဲစင်မြင့်ပေါ်မှ ခုန်ချခဲ့ခြင်းဖြစ်သဖြင့် မည်သူ့ကိုမှ အပြစ်မတင်ချေ။
အကြောင်းရင်းမှာ ချန်လော့က သူ့ကို ထူးခြားသော စားသောက်ဆိုင်သို့ ထပ်မံခေါ်သွားမည်ဟု ကတိပေးခဲ့သော်လည်း ပြိုင်ပွဲပြီးကတည်းက ချန်လော့၏ အရိပ်အယောင်ကို မတွေ့ရတော့သဖြင့် မကျေမနပ် ဖြစ်နေခြင်းသာ။
ချန်လော့ကို ချန်ပီယံအဖြစ် အတည်ပြုပြီးနောက် နောက်တစ်နေ့တွင် ဂိုဏ်းအတွင်း၌ ရွှေမြုတေအဆင့် ချန်ပီယံကို ဆုံးဖြတ်ရန် ပြိုင်ပွဲများ ဆက်လက်ကျင်းပခဲ့သည်။ ထိုအဆင့်၌ ချန်ပီယံဖြစ်လာသူမှာ လူတိုင်း ခန့်မှန်းထားသည့်အတိုင်း ယန်ချင်းချွမ်ပင် ဖြစ်၏။
“ဂိုဏ်းတစ်ခုတည်းကနေ ချန်ပီယံဆု နှစ်ခုလုံးကို ရယူနိုင်တာဆိုတော့ ဂိုဏ်းချုပ်ယွီကတော့ ဒီတစ်ခါ ဝမ်းသာပီတိ ဖြစ်နေမှာပဲ...”
ဒေါသမီးတောက်ဂိုဏ်း မှ အကြီးအကဲက ရယ်မောရင်း ပြောလိုက်သည်။
လူတိုင်း၏ အကြည့်မှာ ယွီထျန်းစီ ရှိရာသို့ ရောက်သွားကြသော်လည်း သူ၏ မျက်နှာကို မြင်လိုက်ရချိန်တွင် အံ့အားသင့်သွားကြရ၏။ ယွီထျန်းစီသည် မျက်နှာညှိုးငယ်ကာ မှိုင်တွေလျက် ရှိနေပြီး ပျော်ရွှင်နေဟန် လုံးဝမရှိပေ။
“ဘာဖြစ်တာလဲ... ဂိုဏ်းချုပ်ယွီရဲ့ မျက်နှာကို ကြည့်ရတာ တစ်ခုခုကို မကျေမနပ် ဖြစ်နေသလိုပဲ...”
လူတိုင်းက ယွီထျန်းစီကို ဇဝေဇဝါဖြင့် ကြည့်နေကြသည်။
“ကျွန်တော် ထင်တာကတော့ သူ အဆိပ်ခတ်ခံရတဲ့ ကိစ္စအတွက် စိတ်မကောင်းဖြစ်နေတာ ထင်ပါရဲ့...”
အကြီးအကဲ တစ်ဦးက ပြောလိုက်ရာ လူတိုင်းက ခေါင်ညိတ်ထောက်ခံကြသည်။ အမှန်စင်စစ် ထိုအကြောင်းပြချက်မှလွဲ၍ အခြား အကြောင်းရင်း ရှိနိုင်မည် မဟုတ်ပေ။
ယွီထျန်းစီမှာမူ ပတ်ဝန်းကျင်မှ တိုးတိုးတိတ်တိတ် ပြောဆိုနေသံများကို မကြားရဘဲ ထိုညက မြင်ကွင်းများကိုသာ စိတ်ထဲတွင် ပြန်လည် မြင်ယောင်နေမိသည်။ သူ တွေးလေလေ ရင်ထဲတွင် ပို၍ နာကျင်လေလေ ဖြစ်နေလေ၏။
“တိရစ္ဆာန်လေး ၊ တိရစ္ဆာန်လေး”
သူသည် တိုးတိုးလေး ရေရွတ်မိရင်း သူ၏နှလုံးသားမှာ ပို၍ ဝမ်းနည်းကြေကွဲမှုများဖြင့် ပြည့်နှက်လာတော့သည်။
“ဒါနဲ့... ကျွန်တော့်ရဲ့ သူငယ်ချင်းလေး ချန်လော့ကော ဘယ်မှာလဲ...”
ထိုစဉ် အဖိုးအို ချွမ်ယန်က ရုတ်တရက် စကားစကာ မေးမြန်းလိုက်သည်။ ထိုစကားကို ကြားသောအခါ နံဘေးရှိ အကြီးအကဲများမှာ အဖိုးအို ချွမ်ယန်ကို သတိထားသော အကြည့်များဖြင့် ကြည့်လိုက်ကြ၏။ သို့သော် ပြန်စဉ်းစားကြည့်လျှင် လွန်ခဲ့သော နှစ်ရက်လုံးလုံး ချန်လော့ကို သူတို့ မတွေ့ခဲ့ကြရသည်မှာ အမှန်ပင်။
“သူ တံခါးပိတ်ကျင့်ကြံနေတယ်လို့ ကြားတယ်...”
ရာက္ခသတံခါးဂိုဏ်း အကြီးအကဲက ပြန်ဖြေလိုက်၏။
ချင်မူသည် ချန်လော့ကို သွားရောက်ရှာဖွေခဲ့ရာမှ ၊ ထိုသူလည်း ကြားသိခဲ့ရခြင်း ဖြစ်သည်။
ထိုစကားကို ကြားသောအခါ အကြီးအကဲများမှာ အံ့အားသင့်သွားကြသည်။
“ပြိုင်ပွဲပြီးတာနဲ့ ချက်ချင်း တံခါးပိတ်ကျင့်ကြံပြီတဲလား... ချန်လော့လေးက တကယ်ကို ဝီရိယရှိတာပဲ”
“သူက ပြိုင်ပွဲမှာ ပထမရခဲ့ပေမဲ့ နည်းနည်းလေးမှ လျော့မသွားဘူး... ဒီလို စိတ်ဓာတ်မျိုးက သာမန်လူတွေအတွက် ရဖို့ ခက်ခဲတယ်”
“ငါတို့ဂိုဏ်းက တပည့်တွေသာ ချန်လော့ဆီကနေ နည်းနည်းလောက် သင်ယူနိုင်ရင် ကောင်းမှာပဲ...”
ဂိုဏ်းသုံးဂိုဏ်းမှ အကြီးအကဲများမှာ ချန်လော့ကို ကောင်းကင်အထိ ရောက်အောင် ချီးမွမ်းနေကြတော့သည်။ ဤသည်ကို ကြားသောအခါ ချန်ရှင်းဂိုဏ်းမှ အကြီးအကဲများမှာမူ တိတ်ဆိတ်နေကြ၏။
အမှန်စင်စစ် ချန်လော့သည် မည်သို့သော လူစားမျိုးဖြစ်ကြောင်းကို သူတို့ထက် ပိုသိသူ မရှိပေ။ သို့သော်လည်း မိမိတို့ဂိုဏ်း၏ တပည့်ဖြစ်နေသဖြင့် ဘာမှ ထပ်မပြောတော့ချေ။
“ချန်လော့က တကယ့်ကို တော်တဲ့ကောင်လေးပါပဲ...”
ရာက္ခသတံခါးဂိုဏ်းမှ အကြီးအကဲက ပြုံးလျက် တစ်စုံတစ်ခုကို စဉ်းစားနေဟန်ဖြင့် ပြောလိုက်၏။
…
ပြိုင်ပွဲများ ပြီးဆုံးသွားပြီးနောက် ချန်ရှင်းဂိုဏ်းသည် လူတိုင်းကို စားသောက်ပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး ဂိုဏ်းအသီးသီးမှာ မိမိတို့၏ အိမ်သို့ အသီးသီး ပြန်သွားကြတော့သည်။
ရက်အနည်းငယ်အကြာတွင် ရာက္ခသတံခါးဂိုဏ်းအတွင်း၌…
ပင်မခန်းမဆောင်အတွင်း အနီရင့်ရင့် ပိုးထည်စကို ဝတ်ဆင်ထားသော အလယ်အလတ်အရွယ် အမျိုးသားတစ်ဦးသည် ထိပ်ဆုံးနေရာတွင် ထိုင်နေ၏။ ထိုသူမှာ ရာက္ခသတံခါးဂိုဏ်း၏ လက်ရှိဂိုဏ်းချုပ်ဖြစ်သော ချင်ခဲ့ ပင် ဖြစ်သည်။
အောက်ဘက်တွင်မူ ချန်ရှင်းဂိုဏ်းရှိ မိစ္ဆာတာအိုပြိုင်ပွဲသို့ သွားရောက်ခဲ့သော အကြီးအကဲ က ရပ်နေပေ၏။
“ဒါဆို... မူအာက ရှုံးသွားတာပေါ့...”
“ဂိုဏ်းချုပ်ကို တင်ပြပါတယ်... ပြိုင်ပွဲအတွင်းမှာ တစ်ခုခု မှားယွင်းသွားခဲ့ပါတယ်... တပည့်အားလုံး အဆိပ်မိသွားခဲ့ကြတာပါ... ချင်မူလည်း ပွဲအလယ်မှာ အောင့်မထားနိုင်တော့ဘဲ... အဲ့ဒါနဲ့...”
“တစ်ဖွဲ့လုံး အဆိပ်မိသွားတာလား...”
ချင်ခဲ့၏ မျက်နှာတွင် အဓိပ္ပာယ်ပါသော အပြုံးတစ်ခု ပေါ်ထွက်လာသည်။
“ချန်ရှင်းဂိုဏ်းက ဒါကို သေချာ စုံစမ်းစစ်ဆေးခြင်း မရှိဘူးလား...”
အကြီးအကဲက ခေါင်းညိတ်ပြလိုက်သည်။
“စုံစမ်းခဲ့ပါတယ်... စားဖိုဆောင်က အစားအသောက်ကို သေချာ မကိုင်တွယ်ဘဲ အဆိပ်ရှိတဲ့ အသားတွေနဲ့ ရောချက်မိသွားလို့ ဖြစ်ရတာလို့ ပြောပါတယ်...”
ထိုစကားကို ကြားသောအခါ ချင်ခဲ့သည် ပြုံးလျက် ခေါင်းယမ်းလိုက်၏။
“စားဖိုဆောင်က တပည့်တွေက သေချာ မကိုင်တွယ်ရုံနဲ့ အခုလို ဖြစ်သွားနိုင်ပါ့မလား... ဒီလောက် သိသာတဲ့ အရာမျိုးကိုတောင် မသိရအောင် သူတို့က ညံ့နေလို့လား...”
သို့သော် ချင်ခဲ့သည် ထိုကိစ္စကို ကြီးကျယ်အောင် လုပ်ရန် ရည်ရွယ်ချက်မရှိပုံရဘဲ ပြုံးလျက် လက်ဝှေ့ယမ်းလိုက်သည်။
“ထားလိုက်ပါတော့... တပည့်အားလုံး အဆိပ်မိသွားပြီး တပည့်တစ်ယောက်ပဲ အနိုင်ရသွားတယ်ဆိုတာကလည်း မဆိုးပါဘူး... ဒါ့အပြင် မိစ္ဆာတာအိုပြိုင်ပွဲမှာ အဆိပ်ခတ်တာကိုလည်း တားမြစ်ထားတာမှ မဟုတ်တာ... သူတို့ အနိုင်ရတာကလည်း သူတို့ရဲ့ စွမ်းရည်ကြောင့်ပါပဲ...”
ထို့နောက် သူသည် တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် အကြီးအကဲကို ကြည့်ကာ မေးလိုက်သည်။
“အခြားဂိုဏ်းတွေက တကယ့် တိုက်ရိုက်တပည့်တွေအပေါ် မင်းရဲ့ အမြင်ရော ဘယ်လိုရှိလဲ...”
ထိုစကားကို ကြားသောအခါ အကြီးအကဲက ပြုံးလိုက်သည်။ ချင်ခဲ့၏ မေးခွန်းမှာ သူ ပြောပြချင်နေသော အချက်ကို ထိမှန်သွားပုံရသည်။
အခန်း (၁၄၆) ကြော်ငြာအမှား
“မိစ္ဆာရမ္မက်ဂိုဏ်း နဲ့ ဒေါသမီးတောက်ဂိုဏ်းက တပည့်နှစ်ယောက်လုံးက တော်တော်လေး သန်မာကြတယ်၊ တစ်ယောက်ချင်းစီမှာလည်း အစွမ်းထက်တဲ့ ခန္ဓာကိုယ်အမျိုးအစား တွေ ရှိကြတယ်၊ သူတို့ရဲ့ ကျင့်စဉ်တွေက အခြေခံတည်ဆောက်ခြင်းအဆင့် အထွတ်အထိပ် ကို ရောက်နေပြီဆိုတော့ သွေးကန္တာရ လျှို့ဝှက်နယ်မြေအတွက် အဓိက အင်အားစုတွေ ဖြစ်လာလိမ့်မယ်”
“ချန်ရှင်းဂိုဏ်းဘက်မှာဆိုရင်တော့ ကျောက်မန် က အခြေခံတည်ဆောက်ခြင်း အဆင့်ကို ရောက်တာ မကြာသေးဘူးလို့ ထင်ရပေမဲ့ သူမမှာ ‘အဆိပ်တစ်သောင်းခန္ဓာ’ ရှိနေတယ်၊ ပြီးတော့ ချန်ရှင်းဂိုဏ်းမှာ ‘မိစ္ဆာနှလုံးသား အဆိပ်ကျွေး ခန္ဓာပျိုးခြင်း’ ဆိုတဲ့ ကျင့်စဉ်ရှိတာကြောင့် သူမရဲ့ အနာဂတ်ကလည်း နိမ့်ကျမှာ မဟုတ်ဘူး”
“ချန်လော့နဲ့ ပတ်သက်ရင်တော့...”
ဤနေရာတွင် အကြီးအကဲဖြစ်သူက ခေတ္တမျှ စဉ်းစားလိုက်သည်။
“ဒီကောင်လေးမှာတော့ အခြားသုံးယောက်လို ထူးခြားတဲ့ ခန္ဓာကိုယ်အမျိုးအစား အားသာချက် မရှိဘူး။ သူရဲ့ ကျင့်ကြံမှုအဆင့်က အခြေခံတည်ဆောက်ခြင်း အဆင့်(၇) ဝန်းကျင်မှာပဲ ရှိပုံရတယ်၊ ပထမဆုံး ကြည့်လိုက်ရင်တော့ သူက အရမ်းကို သာမန်ဆန်တဲ့ ခံစားချက်မျိုးပဲ”
ချင်ခဲ့မှာ ထိုစကားကို နားထောင်ရင်း ပြုံးလိုက်မိသည်။
“သာမန်ဆန်တယ်၊ လောချင်းယွီ လက်ခံထားတဲ့ တပည့်က သာမန်လူ ဖြစ်နိုင်ပါ့မလား”
အကြီးအကဲက ခပ်ဖျော့ဖျော့ ပြုံးလိုက်၏။
“အမှန်ပဲ... သူ့ကို သာမန်လူလို့တော့ ခေါ်လို့မရဘူး။ သူ့မှာ ထူးထူးခြားခြား ဘာမှမရှိဘူးလို့ ထင်ရပေမဲ့ သူ့ရဲ့ စိတ်ဓာတ်ကြံ့ခိုင်မှု ကတော့ အံ့မခန်းပဲ”
“အို...”
ချင်ခဲ့မှာ စိတ်ဝင်စားသွားဟန်ဖြင့် ဆက်ပြောရန် အချက်ပြလိုက်သည်။
“ဒီကောင်လေးက ပြိုင်ပွဲစင်မြင့်ပေါ်မှာ ဆယ်ပွဲ တိုက်ခိုက်ခဲ့တာ၊ ပွဲတိုင်းလိုလိုကို လူတွေကို အံ့အားသင့်စေတဲ့ နည်းလမ်းတွေနဲ့ အနိုင်ယူသွားတာပဲ”
ထို့နောက် အကြီးအကဲသည် ချန်လော့၏ တိုက်ပွဲအချို့ကို ချင်ခဲ့အား ပြန်လည် ပြောပြလိုက်ရာ ချင်ခဲ့မှာ ပြုံးလျက် ခေါင်းညိတ် ထောက်ခံနေတော့သည်။
“မင်းပြောပုံအရဆိုရင်တော့... ဒီလူက ကျင့်ကြံခြင်းမှာ ပါရမီ သိပ်မရှိရင်တောင်မှ အလွန်ကောင်းမွန်တဲ့ စိတ်ဓာတ်နဲ့ ရက်စက်တဲ့ နည်းလမ်းတွေ ရှိတာကြောင့် တကယ့်ကို ထူးချွန်တဲ့လူတစ်ယောက်ပဲ”
သို့သော် စကားအဆုံးတွင် သူသည် မျက်မှောင်ကြုတ်လိုက်မိ၏။
“ဒါပေမဲ့... သူ့ကို ငါတို့ရဲ့ အရန်တာဝန်မှာ ထည့်လိုက်ရင် အခြားလူတွေကို ထိခိုက်မှု မရှိနိုင်ဘူးလို့ မင်းသေချာလား”
ထိုသို့ဆိုရခြင်းမှာ ရာက္ခသတံခါးဂိုဏ်းက ယခုလေးတင် လက်ခံရရှိထားသော သတင်းအချက်အလက်တစ်ခုကြောင့် ဖြစ်၏။
ဖြောင့်မတ်တာအိုဂိုဏ်းဘက်ခြမ်းတွင် ရာက္ခသတံခါးဂိုဏ်းက မိမိတို့ဂိုဏ်းထဲသို့ သွင်းယူရန် လျာထားသော အလားအလာရှိသည့် မိစ္ဆာတာအို မျိုးဆက်သစ်တစ်ဦး ရှိနေသည်။
သို့သော် အချို့သော အကြောင်းရင်းများကြောင့် ရာက္ခသတံခါးဂိုဏ်းမှ ထိုနေရာသို့ တိုက်ရိုက် သွားရောက်ရန် မဖြစ်နိုင်ပေ။ ထို့ကြောင့် သွေးကန္တာရအထိသာ သွားရောက်နိုင်ပြီး ထိုနယ်မြေအနီးမှနေ၍ အကူအညီ ပေးရမည် ဖြစ်သည်။
သွေးကန္တာရမှာ အများအားဖြင့် ငြိမ်သက်သော်လည်း ရံဖန်ရံခါတွင် မငြိမ်မသက်မှုများ ရှိတတ်သည်။ ထိုနေရာတွင် မိစ္ဆာသားရဲ များနှင့် အခြားအုပ်စုများ ရှိနေသောကြောင့် အကူအညီပေးရန် အဖွဲ့တစ်ဖွဲ့ စေလွှတ်ခြင်းက ပို၍ ကောင်းမွန်ပေလိမ့်မည်။
အမှန်စင်စစ် ဤသည်မှာ အကြောင်းပြချက် သက်သက်သာ ဖြစ်သည်။ ရည်ရွယ်ချက် အစစ်အမှန်မှာ မိစ္ဆာဂိုဏ်းကြီးများမှ တိုက်ရိုက်တပည့် အချင်းချင်း ပြန်လည် ချိတ်ဆက်ပေးရန် ဖြစ်၏။ ကံကောင်းထောက်မစွာဖြင့် တစ်လအကြာတွင် ဖွင့်လှစ်မည့် သွေးကန္တာရ လျှို့ဝှက်နယ်မြေ၌ သူတို့သည် အချင်းချင်း ကူညီနိုင်ကြတော့မည်။
အဘယ်ကြောင့်ဆိုသော် ဤတစ်ကြိမ်တွင် ဖြောင့်မတ်တာအို ထိုက်ရိဂိုဏ်း ၏ သူတော်စင်မ ချိုးယွီနင်ကို သွေးကန္တာရ လျှို့ဝှက်နယ်မြေသို့ စေလွှတ်ရန် အလားအလာ အလွန် များနေသောကြောင့်ပင်။
ချိုးယွီနင်သည် လင်လန်၏ ဓားသူတော်စင် ချိုးဖုန်းလီ၏ သမီးဖြစ်ပြီး အလွန်အစွမ်းထက်သည်။ သူတို့ ရာက္ခသတံခါးဂိုဏ်းမှ ချင်မူပင်လျှင် သူမကို ယှဉ်နိုင်မည် မဟုတ်ချေ။ အကယ်၍သာ ဤမိစ္ဆာဂိုဏ်းအချို့ မပူးပေါင်းထားပါက သူတို့ သေချာပျိုးထောင်ထားသော တိုက်ရိုက်တပည့်များမှာ သွေးကန္တာရ လျှို့ဝှက်နယ်မြေ ဖွင့်လှစ်သည့်နေ့မှာတင် အကုန်အစင် သုတ်သင်ခံရဖွယ် ရှိနေသည်။
ဖြောင့်မတ်တာအိုဂိုဏ်းကို ခုခံနိုင်မည့် တစ်ခုတည်းသော နည်းလမ်းမှာ မိစ္ဆာတာအိုမှ တိုက်ရိုက်တပည့်များ စည်းလုံးညီညွှန်ရန်သာ ရှိတော့သည်။
ထိုစကားကို ကြားသောအခါ အကြီးအကဲက ချက်ချင်းပင် ပြုံးလိုက်သည်။
“ဂိုဏ်းချုပ် စိတ်ချပါ။ ကျွန်တော် ချန်ရှင်းဂိုဏ်းမှာ ရှိနေတုန်းက ချန်လော့အကြောင်း စုံစမ်းခဲ့ပြီးသားပါ”
“သူ့ရဲ့ အပြုအမူတွေက ယုတ်မာညစ်ပတ်တယ်ဆိုပေမဲ့ ထူးဆန်းတာက သူက ချန်ရှင်းဂိုဏ်းမှာ နာမည်ကောင်း ရနေတာပဲ”
“နာမည်ကောင်း ဟုတ်လား...”
ချင်ခဲ့မှာ အံ့အားသင့်သွားရ၏။
ချန်လော့ကဲ့သို့ ကောက်ကျစ်စဉ်းလဲသူတစ်ဦးမှာ နာမည်ဆိုးနှင့် ကျော်ကြားမည်ဟု သူ ထင်မှတ်ထားသော်လည်း ၊ ချန်လော့၏ ဂုဏ်သတင်းမှာ အံ့သြစရာကောင်းလောက်အောင် ကောင်းမွန်နေသည် မဟုတ်လော။
“ပြောပြပါဦး”
ချင်ခဲ့၏ စူးစမ်းလိုစိတ်မှာ ချက်ချင်းပင် နိုးကြားလာတော့သည်။
မိမိ၏ ဂိုဏ်းချုပ်က စိတ်ဝင်စားနေသည်ကို မြင်သောအခါ အကြီးအကဲသည်လည်း အချိန်ဆွဲမနေတော့ဘဲ ဆက်ပြောလိုက်၏။
“ကျွန်တော် ချန်ရှင်းဂိုဏ်းက အကြီးအကဲအချို့ကို မေးကြည့်တော့ သူတို့က ချန်လော့အပေါ် အမြင်တော်တော် ကောင်းကြတယ်၊ ဒါကတော့ ပုံမှန်ပါပဲ... ကျွန်တော်က အပြင်လူဆိုတော့ သူတို့ရဲ့ တပည့်အကြောင်းကို ကျွန်တော့်ရှေ့မှာ မကောင်းပြောမှာ မဟုတ်ဘူးလေ”
“ဒါပေမဲ့ ကျွန်တော် တပည့်တွေကြားထဲမှာ ချန်လော့ရဲ့ ဂုဏ်သတင်းကို လိုက်မေးကြည့်တဲ့အခါမှာ သူက တပည့်တွေကြားထဲမှာ အရမ်းကို ကြည်ညိုခံရတဲ့လူ ဖြစ်နေတာကို တွေ့ရတယ်”
“အထူးသဖြင့် အဆိပ်တောင်ထွတ် က တပည့်တွေရဲ့ အပြောအရဆိုရင် ချန်လော့က လောကကြီးပေါ်ကို ဆင်းသက်လာတဲ့ နတ်သားလေးတစ်ပါးလိုပဲတဲ့”
“မကြာခင်တုန်းက အဆိပ်တောင်ထွတ်က အတွင်းစည်းတပည့်တွေ အဆိပ်မိကြတုန်းက ချန်လော့က သူတို့ဆီကို တစ်ယောက်ချင်းစီ လိုက်ကြည့်ပြီး အားပေးစကားပြောတာတွေ၊ အားဖြည့်ဆေးတွေ ဝယ်ပေးတာတွေတောင် လုပ်ခဲ့သေးတယ်လို့ သိရပါတယ်”
ထိုစကားများကို ကြားရချိန်တွင် ချင်ခဲ့မှာ ဆွံ့အသွားရ၏။ သူသည် မျက်မှောင်ကြုတ်လျက် တစ်စုံတစ်ခုကို အလေးအနက် စဉ်းစားနေပုံရသည်။ အတော်ကြာပြီးနောက် သူသည် ခေါင်းကို ဖြည်းဖြည်းချင်း မော့လိုက်ပြီး သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်လေသည်။
“မိစ္ဆာတာအိုမှာ ကောက်ကျစ်စဉ်းလဲတဲ့လူတွေ၊ ယုတ်မာပက်စက်တဲ့လူတွေ အများကြီး ရှိတတ်ကြတယ်”
“ငါတို့က ကြင်နာသနားတတ်တဲ့ တပည့်တွေကိုလည်း တွေ့ဖူးတယ်၊ လောကကြီးအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံတဲ့ တပည့်တွေကိုလည်း တွေ့ဖူးတယ်”
“ဒါပေမဲ့ သူ့လိုမျိုး ကောက်ကျစ်ယုတ်မာနိုင်သလို တစ်ဖက်မှာလည်း အခြားသူတွေကို ဂရုစိုက်တတ်တဲ့ စိတ်နှလုံးရှိတဲ့လူမျိုးကတော့ အင်မတန် ရှားပါးတယ်”
“ရန်သူကို ကိုင်တွယ်တဲ့နေရာမှာ နည်းလမ်းအမျိုးမျိုး သုံးတတ်ပေမဲ့ မိမိလူတွေကိုတော့ ကြင်နာမှုနဲ့ သနားဂရုစိုက်မှုတွေနဲ့ ဆက်ဆံတတ်တဲ့လူမျိုးကတော့ ရေရှည်လက်တွဲသင့်တဲ့ လူမျိုးပဲ”
ချင်ခဲ့က ခေါင်းငြိမ့်လိုက်ပြီး ချန်လော့အပေါ် အလွန်မြင့်မားသော အကဲဖြတ်ချက်ကို ပေးလိုက်လေ၏။
ဘေးတွင် ရပ်နေသော အကြီးအကဲကလည်း ထောက်ခံသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်သည်။ အမှန်စင်စစ် သူလည်း ချန်လော့ကို ထိုသို့ပင် မြင်နေမိသည် မဟုတ်လော။
ရန်သူအပေါ်တွင်မူ ကရုဏာမဲ့သော်လည်း မိမိလူများအပေါ်တွင်မူ အမြဲတမ်း ဂရုစိုက်ပေးတတ်ကြသည်။
သို့သော် ချင်ခဲ့နှင့် ဤအကြီးအကဲမှာ အခြေအနေမှန်ကို လုံးဝ မသိရှိကြချေ။ အကြီးအကဲအချို့၏ ချန်လော့အပေါ် အကဲဖြတ်ချက်မှာ မိမိတပည့်ကို ကာကွယ်လိုသည့် ဘက်လိုက်မှုများ ပါဝင်နေသဖြင့် ယုံကြည်စိတ်ချ၍ မရပေ။
ထို့အပြင် တပည့်များ၏ အကဲဖြတ်ချက်များမှာလည်း ထပ်တူပင် ယုံကြည်၍ မရနိုင်ချေ။ အထူးသဖြင့် အဆိပ်တောင်ထွတ်မှ တပည့်များမှာမူ ချန်လော့၏ အမြတ်ထုတ်ခြင်းကို ခံနေရသော်လည်း ချန်လော့အတွက် ပိုက်ဆံ လိုက်တွက်ပေးနေကြသူများသာ ဖြစ်ကြသည်။ အခြားတောင်ထွတ်များမှ တပည့်များကမူ ချန်လော့နှငိ့ပတ်သတ်၍ မကောင်းကြောင်း မပြောရဲကြခြင်းသာ ဖြစ်ပေသည်။
ချန်လော့က ကောင်းမှုတွေ အများကြီး လုပ်ခဲ့လို့လား…
မဟုတ်ဘူး၊ ချန်လော့က မကောင်းမှုတွေ အများကြီး လုပ်ခဲ့လွန်းလို့ပဲ…
သူ၏ နာမည်ဆိုးက တစ်ဂိုဏ်းလုံး ပျံ့နှံ့နေသောကြောင့် မည်သူမှ စကားမဟရဲကြခြင်း ဖြစ်သည်။
အနှစ်ချုပ်ရလျှင် ဂိုဏ်းအတွင်းရှိ တပည့်များမှာ နှစ်မျိုးနှစ်စား ရှိပေသည်။ တစ်မျိုးမှာ အဆိပ်တောင်ထွတ်မှ တပည့်များ ဖြစ်ပြီး ၊ ၎င်းတို့သည် ချန်လော့ကို နတ်ဘုရားတစ်ပါးလို ကိုးကွယ်နေကြသူများ ဖြစ်သည်။
နောက်တစ်မျိုးမှာမူ ချန်လော့ မည်မျှ ကြောက်စရာကောင်းသည်ကို သိထားသဖြင့် မကောင်းကြောင်း မပြောရဲဘဲ ကြောက်လန့်နေကြသူများသာ ဖြစ်၏။
မည်သူ့ကိုပဲ မေးမေး ချန်လော့မှာ လူဆိုးမဟုတ်ပါဟုသာ ဖြေကြမည် ဖြစ်သော်လည်း ၊ ထိုအဖြေမှာ အနှစ်မပါသော အဖြေသာ ဖြစ်ပေလိမ့်မည်။
သို့သော် ထိုအကြီးအကဲမှာ ချန်ရှင်းဂိုဏ်းသား မဟုတ်သဖြင့် ဤကိစ္စများကို မသိနိုင်ခဲ့ပေ။
ထို့ကြောင့် “ကြော်ငြာအမှား” များဖြင့် ချင်ခဲ့မှာ အလွန်ပင် ကျေနပ်နေလေ၏။
“ချန်လော့က တော်တဲ့ကောင်လေးပဲ။ ငါတို့ ချင်မူကို သူ့ဆီကနေ အများကြီး သင်ယူခိုင်းသင့်တယ်”
“သူ့ဆီကနေ ကောက်ကျစ်စဉ်းလဲမှုကို သင်ယူရင် ချင်မူလည်း အဖြူထည်ကြီး ဖြစ်မနေတော့ဘူးပေါ့”
“ဒါက သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကိုလည်း တိုးတက်စေလိမ့်မယ်၊ သူတို့ သူငယ်ချင်းအရင်းကြီးတွေ ဖြစ်သွားရင် ပိုတောင် ကောင်းသေးတယ်။”
“အတိုချုပ်ပြောရရင် ချန်လော့က မိတ်ဆွေဖွဲ့ရမယ့်လူမျိုးပဲ၊ ရန်သူမလုပ်သင့်ဘူး”
ထိုစကားကို ကြားသောအခါ အကြီးအကဲက ချက်ချင်း ခေါင်းညိတ်လိုက်သည်။
“ဂိုဏ်းချုပ်က ဉာဏ်ပညာရှိပါပေတယ်”
ချင်ခဲ့ မသိသည်မှာ သူ၏ ယနေ့ အကဲဖြတ်ချက်အမှားသည် အပြစ်ကင်းစင်လှသော ချင်မူအတွက် မည်မျှအထိ ကြီးမားသော ဒုက္ခဆိုးကြီး ဖြစ်လာမည်ဆိုသည်ကိုပင် ။