အခန်း (၁၄၇-၁၄၈)
Vol. 15 Ch. 147-148
အခန်း (၁၄၇) သေချာစောင့်ကြည့်ထား
ချန်လော့သည် ကျင့်ကြံခန်းထဲတွင် ထိုင်ရင်း အပေါ်သို့ မော့ကြည့်လိုက်၏။ ထိုအခန်းတွင် လူသူမသိသော ပုဂ္ဂိုလ်တစ်ဦး၏ ပုံတူပန်းချီကား တစ်ချပ်မှလွဲ၍ ဘာမှမရှိဘဲ ဟောင်းလောင်းသာ ဖြစ်၏။
ထိုနေ့ကတည်းက သူသည် ဤနေရာတွင် ရှိနေသည်မှာ တစ်ပတ်ပြည့်ခဲ့ပြီ ဖြစ်၏။
“ဘေးကင်းဖို့အတွက်ဆိုရင် သွေးကန္တာရ လျှို့ဝှက်နယ်မြေ မဖွင့်မချင်း ဒီမှာပဲ စောင့်နေတာ ပိုကောင်းမယ်...”
ချန်လော့သည် ရေရွတ်လိုက်ရင်း မျက်လုံးမှိတ်ကာ ကျင့်ကြံခြင်းကို ဆက်လက်လုပ်ဆောင်ရန် ပြင်လိုက်သည်။ ဤတစ်ပတ်အတွင်း သူသည် နေ့စဉ်မပြတ် ကျင့်ကြံခဲ့သဖြင့် သူ၏ ခွန်အားမှာ သိသိသာသာ တိုးတက်လာခဲ့၏။
သူ၏ ကျင့်ကြံခြင်းအဆင့်မှာ အခြေခံတည်ဆောက်ခြင်း အဆင့်(၇) မှ အဆင့်(၉) အထွတ်အထိပ် သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့သည်။ ထို့အပြင် သူ၏ အဆိပ်ဆရာ စွမ်းရည်ကိုလည်း ဒုတိယအဆင့် ကနဦးအဆင့် သို့ ရောက်အောင် ကျင့်ကြံနိုင်ခဲ့၏။
သို့သော် ဝိညာဉ်ကျောက်တုံးများလည်း အတော်လေး ကုန်ဆုံးခဲ့ရာ စုစုပေါင်း ၇၀၀ ခန့် ကုန်ဆုံးသွားခဲ့သည်။ ကံကောင်းသည်မှာ ချိုးအကြီးအကဲနှင့် ယွီထျန်းစီတို့ဆီမှ ရရှိထားသော ဝိညာဉ်ကျောက်တုံး ၇၀,၀၀၀ ခန့် ရှိနေသဖြင့် ချန်လော့အတွက် ခဏတဖြုတ် ဖြုန်းတီးရန် လုံလောက်သေးသည်။
ထိုစဉ် ချန်လော့သည် အသံတစ်ခုကို ကြားလိုက်ရပြီး နောက်တစ်စက္ကန့်တွင် ကျင့်ကြံအခန်း၏ တံခါးမှာ ဝုန်းခနဲ ပွင့်သွားတော့သည်။ ချန်လော့သည် တွန့်ဆုတ်မနေဘဲ သိုလှောင်အိတ်ထဲမှ ဓားရှည်တစ်လက်ကို ချက်ချင်းထုတ်ကာ တိုက်ခိုက်ရန် အသင့်ပြင်လိုက်၏။
တံခါးအပြင်ဘက်တွင်မူ လောချင်းယွီသည် အထဲဝင်လာသည်နှင့် ဓားရှည်ကို ကိုင်ကာ သူမကို သတိကြီးစွာ စိုက်ကြည့်နေသော ချန်လော့ကို တွေ့လိုက်ရသည်။ လောချင်းယွီ ဖြစ်နေသည်ကို မြင်မှသာ ချန်လော့သည် ဓားကို အမြန် ပြန်သိမ်းလိုက်၏။
“ဆရာ... ဘာကိစ္စရှိလို့လဲ... ကျွန်တော်က ဓားသိုင်း လေ့ကျင့်နေတာပါ...”
ချန်လော့က ပြုံးစိစိဖြင့် ပြောလိုက်သည်။
လောချင်းယွီမှာ ချန်လော့နှင့် စကားအပိုမပြောချေ။
“ရာက္ခသတံခါးဂိုဏ်းက လူလွှတ်လိုက်တယ်... မင်းကို အရန်တာဝန်တစ်ခုမှာ ပါဝင်ဖို့ ခေါ်ခိုင်းလိုက်တာပဲ...”
ထိုစကားကြောင့် ချန်လော့မှာ အံ့အားသင့်သွားရ၏။
“ရာက္ခသတံခါးဂိုဏ်း ၊ သူတို့က ကျွန်တော့်ဆီက ဘာလိုချင်လို့လဲ... ကျွန်တော်က သူတို့ကို သိတောင် မသိတာ”
သို့သော် ခဏအကြာတွင် တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် သူ သည် ရေရွတ်လိုက်သည်။
“ဒါ... မိစ္ဆာတာအိုပြိုင်ပွဲကိစ္စကြောင့် ကျွန်တော့်ကို ရည်ရွယ်ချက်ရှိရှိ အပြင်ကို မျှားခေါ်ပြီး လူသူကင်းဝေးတဲ့ နေရာမှာ လုပ်ကြံဖို့များလား...”
“မင်းအပြင် ဒေါသမီးတောက်ဂိုဏ်းက ယန်ချုံထျန်းနဲ့ မိစ္ဆာရမ္မက်ဂိုဏ်းက မူရှာရှာ တို့ကိုလည်း ဖိတ်ထားတယ်...”
“ဟာ... ဒါဆို သူတို့က တိုက်ရိုက်တပည့် အုပ်စုတွေကို စုပြီး တစ်ခါတည်း အကုန်သုတ်သင်ဖို့ ကြံနေတာပဲ”
ချန်လော့၏ စကားကို နားထောင်ရင်း လောချင်းယွီမှာ အားကိုးရာမဲ့သလို ခံစားလိုက်ရ၏။ ဤကောင်လေး၏ ခေါင်းထဲတွင် လုပ်ကြံသတ်ဖြတ်မှုနှင့် ပူးပေါင်းကြံစည်မှုတွေကလွဲရင် အခြား မရှိပုံရသည်။
“ရာက္ခသတံခါးဂိုဏ်းမှာ အခြားဂိုဏ်း သုံးဂိုဏ်းစလုံးကို တစ်ပြိုင်နက်တည်း ရန်စရဲတဲ့ သတ္တိမရှိဘူး၊ သူတို့ရဲ့ ရည်ရွယ်ချက်က မင်းတို့ကို စုစည်းပေးပြီး အချင်းချင်း မိတ်ဖွဲ့ခိုင်းတာပဲ၊ နောက်တစ်လနေရင် သွေးကန္တာရ လျှို့ဝှက်နယ်မြေကို ရောက်တဲ့အခါ မင်းတို့ အချင်းချင်း အဖွဲ့ဖွဲ့ပြီး ကူညီနိုင်အောင်လို့လေ...”
လောချင်းယွီ၏ ရှင်းပြချက်ကို ကြားပြီးနောက်မှ ချန်လော့က ခေါင်းညိတ်လိုက်သည်။
“ဒါနဲ့ အဲ့ဒီတာဝန်က ဘာလုပ်ရမှာလဲ...”
သူက စူးစမ်းလိုစိတ်ဖြင့် မေးလိုက်၏။
အန္တရာယ်များလွန်းသော တာဝန်မျိုးဆိုလျှင် သူ လက်ခံမည် မဟုတ်ပေ။ မိမိအသက်ထက် ဘာမှအရေးမကြီးပေ။
“သွေးကန္တာရကို သွားပြီး ဖြောင့်မတ်တာအိုဂိုဏ်းကနေ ထွက်ပြေးလာတဲ့ တပည့်တစ်ယောက်ကို သွားကြိုရမှာ...”
“သွေးကန္တာရ” ဆိုသည့် စကားလုံးကို ကြားလိုက်ရချိန်တွင် ချန်လော့မှာ ခေတ္တမျှ မှင်သက်သွားသည်။ ထိုစဉ်က ရွှေမြုတေအဆင့် နှောင်းပိုင်း ရှိသော မိစ္ဆာသားရဲ၏ လိုက်လံတိုက်ခိုက်ခြင်းကို ခံခဲ့ရသည့် အမှတ်တရများကို ပြန်လည် သတိရမိသွားသည်။
သူသည် ငြင်းပယ်ရန် ပြင်လိုက်သော်လည်း ပြန်စဉ်းစားကြည့်ကာ ပါးစပ်ပိတ်ထားလိုက်မိသည်။ ရွှေမြုတေအဆင့်နှောင်းပိုင်း သားရဲက သန်မာသည်ဟု ဆိုသော်လည်း ၊ သူသည်လည်း ယခုအခါ အားနည်းသူ မဟုတ်တော့ပေ။ တိုက်ခိုက်လို့ မနိုင်ရင်တောင်မှ ထွက်ပြေးဖို့ကတော့ ပြဿနာ မရှိနိုင်ချေ။
ထို့အပြင် ယွီထျန်းစီ၏ ကိစ္စကြောင့် သူသည် ဂိုဏ်းအတွင်း၌ လွတ်လပ်စွာ မလှုပ်ရှားရဲဘဲ ဤအခန်းလေးထဲမှာပင် ပုန်းအောင်းကာ နေ့စဉ် ကျင့်ကြံနေရသည်မှာ အလွန်ပင် ပျင်းရိစရာ ကောင်းလှပေသည်။
ဤအခွင့်အရေးကို သုံးကာ ဂိုဏ်းအပြင်ဘက်သို့ ထွက်သွားခြင်းက ကောင်းသော အကြံဉာဏ်ပင် ဖြစ်၏။ အနည်းဆုံးတော့ ယွီထျန်းစီက တံခါးကို ဝုန်းခနဲ ကန်ဖွင့်ဝင်လာမလားဆိုသည့် ကြောက်စိတ်နှင့် နေ့တိုင်း နေစရာ မလိုတော့ပေ။
ထိုသို့ တွေးမိသည်နှင့် ချန်လော့က ချက်ချင်း ပြုံးလိုက်သည်။
“ကောင်းပြီ၊ ဒီတာဝန်ကို ကျွန်တော် လက်ခံတယ် ဘယ်တော့ စမှာလဲ”
“ငါ သူတို့ကို အကြောင်းကြားလိုက်မယ်၊ နောက် နှစ်ရက် သုံးရက်နေရင် စရလိမ့်မယ်...”
ထိုသို့ပြောပြီးနောက် လောချင်းယွီသည် ထွက်သွားခဲ့ရာ ချန်လော့ တစ်ယောက်တည်း ကျန်ရစ်ခဲ့သည်။ ချန်လော့မှာ မျှော်လင့်ချက်အပြည့်ဖြင့် မြေပြင်ပေါ်တွင် ထိုင်နေမိ၏။ ပြောရလျှင် သူ ဂိုဏ်းသို့ စတင်ဝင်ရောက်ကတည်းက ဂိုဏ်းအပြင်ဘက်သို့ လုံးဝ မထွက်ဖူးသေးချေ။ ယခု လောကကြီးကို ပတ်ကြည့်ရန် အခွင့်အရေး ရပြီ ဖြစ်ရာ မဆိုးလှပေ။
“ဒါပေမဲ့ မသွားခင် ပြင်ဆင်စရာ တစ်ခုတော့ ရှိသေးတယ်...”
သူသည် သိုလှောင်အိတ်ထဲမှ မှော်ရတနာများနှင့် ဝိညာဉ်ကျောက်တုံး အမြောက်အမြားကို ထုတ်လိုက်သည်။ ဤသည်မှာ ချန်လော့၏ ပိုင်ဆိုင်မှု အားလုံးပင် ဖြစ်၏။ သို့သော် ချန်လော့၏ အလေ့အကျင့်မှာ အပြင်သွားလျှင် ပစ္စည်းအားလုံးကို တစ်ပါတည်း မသယ်ဆောင်သွားခြင်းပင်။လမ်းတွင် ဓားပြတိုက်ခံရပါက အကုန်ဆုံးရှုံးမည်ကို စိုးရိမ်သောကြောင့် ဖြစ်၏။
“ဒီနေရာမှာပဲ ဝှက်ထားရင်ရော...”
သူသည် အခန်းကို ဝေ့ဝဲကြည့်လိုက်သည်။ လောချင်းယွီသည် ဂိုဏ်းအတွင်း ဩဇာအာဏာ ကြီးမားသူဖြစ်ရာ သူမ၏ နေအိမ်သို့ မည်သူမှ မလာရဲကြချေ။ ဤနေရာတွင် တစ်ခုခု ဝှက်ထားလျှင် မည်သူမှ တွေ့မည် မဟုတ်ပေ။
လောချင်းယွီကိုယ်တိုင် ယူသွားမည်ကို စိုးရိမ်ရသော်လည်း ချန်လော့၏ အမြင်တွင် ထိုသို့ဖြစ်နိုင်ခြေ အလွန်နည်းသည်။ ဤအခန်းကို သူ စတင် ဝင်ရောက်လာစဉ်က ၊ အနည်းငယ် ဖုန်တက်နေသည်ကို တွေ့ခဲ့ရသဖြင့် လောချင်းယွီသည် ဤအခန်းသို့ မလာသည်မှာ ကြာပြီဖြစ်ကြောင်း သူ သိထား၏။
ထို့ကြောင့် ချန်လော့မှာ အချိန်ဆွဲမနေဘဲ ချက်ချင်း အကောင်အထည် ဖော်တော့သည်။ သို့သော် ဤအခန်းမှာ စတုရန်းပုံစံ အလွတ်ကြီးဖြစ်ရာ ပစ္စည်းဝှက်ရန် မလွယ်ကူလှပေ။
“တံခါးနားမှာ ထားမလား...”
သူသည် တံခါးနားသို့ သွားကာ သိုလှောင်အိတ်ကို တံခါးဘောင်အနီးတွင် ထားကြည့်သော်လည်း၊အထဲဝင်လာသူတိုင်း တွေ့နိုင်သည် မဟုတ်လော။
“ဘာလို့ ဒီနေရာက ဒီလောက်တောင် သန့်ရှင်းနေရတာလဲ”
သူသည် ညည်းတွားမိလိုက်သည်။
ထိုစဉ် သူ့မျက်လုံးက အခန်း၏ တစ်ခုတည်းသော အလှဆင်ပစ္စည်းဖြစ်သည့် နံရံက ပန်းချီကားဆီသို့ ရောက်သွား၏။
“အကြံရပြီ”
ချန်လော့က ပြုံးလိုက်ပြီး ပန်းချီကားဆီသို့ လျှောက်သွားလိုက်သည်။
သူသည် ပန်းချီကားကို အရင်ဆုံး လက်ဖြင့် အသာအယာ ထိကြည့်ကာ ယွီထျန်းစီ၏ ပန်းချီကားလို ထူးဆန်းသော နေရာသို့ ခေါ်ဆောင်သွားခြင်း မရှိစေရန် အရင် စစ်ဆေးလိုက်၏။
အဆင်ပြေကြောင်း သေချာမှ သူသည် ပန်းချီကားကို ဖြည်းဖြည်းချင်း ဖြုတ်ချလိုက်သည်။ ပန်းချီကား၏ နောက်ကွယ်တွင်မူ နံရံတွင် စိုက်ထားသော သံတစ်ချောင်းမှလွဲ၍ ဘာမှမရှိပေ။
ချန်လော့သည် ဓားတိုတစ်လက်ကို ထုတ်ကာ နံရံကို စတင် ထွင်းထုတော့သည်။ မိနစ်အနည်းငယ်အတွင်းမှာပင် နံရံ၌ အပေါက်ငယ်တစ်ခု ပေါ်လာ၏။ သူသည် သိုလှောင်အိတ်ကို ထည့်ကြည့်ရာ ကွက်တိ ဖြစ်နေသဖြင့် ပြုံးလိုက်မိသည်။
“ပြီးပြည့်စုံတယ်”
သူသည် ကြမ်းပြင်ပေါ်က အစအနများကို အကုန်ရှင်းလင်းပြီးနောက် ပန်းချီကားကို မူလအတိုင်း ပြန်ချိတ်ဆွဲလိုက်သည်။
ပန်းချီကားထဲရှိ ဓားတစ်လက်ကို ကိုင်ကာ အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားသော၊ မျက်ခုံးကောင်းကောင်း လူငယ်ကို စိုက်ကြည့်ရင်း ချန်လော့သည် ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
“ဟေ့ကောင်လေး... ဒါကို သေချာ စောင့်ကြည့်ထားနော်၊ ငါ ပြန်လာတဲ့အချိန်မှာ ဒီပိုက်ဆံအိတ်သာ ပျောက်သွားရင် မင်းကို ငါ မီးရှို့ပစ်မယ်”
အခန်း (၁၄၈) လွတ်လပ်မှု၏ အရသာ
သုံးရက်အကြာတွင် ရာက္ခသတံခါးဂိုဏ်းမှ စီစဉ်လိုက်သော အဖွဲ့သည် ချန်ရှင်းဂိုဏ်းသို့ ရောက်ရှိလာခဲ့သည်။ ချန်လော့သည် လောချင်းယွီကို အတန်တန် တောင်းဆိုပြီးနောက်တွင်မှ သူမသည် သူ့ကို တောင်အောက်အထိ လိုက်လံပို့ဆောင်ပေးရန် သဘောတူခဲ့၏။
ချိန်းဆိုထားသော နေရာသို့ ရောက်သောအခါ ယန်ချုံထျန်း၊ မူရှာရှာ နှင့် ချင်မူတို့အပြင် ကျောက်မန်ပါ ပါဝင်နေသည်ကို ချန်လော့ တွေ့လိုက်ရသည်။
“နင်လည်း လိုက်မှာလား...”
ချန်လော့က ကျောက်မန်ကို ဇဝေဇဝါဖြင့် ကြည့်ကာ မေးလိုက်၏။
ကျောက်မန်က ခေါင်းညိတ်ပြသည်။
“အင်း... သူတို့က ငါ့ကိုလည်း ဖိတ်ထားတာ။ ဆရာကလည်း ဒါက အတွေ့အကြုံသစ်တွေ ရနိုင်မယ့် အခွင့်အရေးကောင်းဆိုပြီး လိုက်သွားခိုင်းလိုက်တာ...”
ထိုစကားကို ကြားသောအခါ ချန်လော့က မျက်မှောင်ကြုတ်လိုက်မိသည်။
“အခုတော့ ဒီအဖွဲ့ရဲ့ ကျွမ်းကျင်မှုအပေါ် ငါ တော်တော်လေး သံသယဝင်သွားပြီ...”
ကျောက်မန်မှာ ခေတ္တမျှ ကြောင်အသွားသော်လည်း ချန်လော့ ဆိုလိုသည့် အဓိပ္ပာယ်ကို နားလည်သွားကာ ဒေါသတကြီး အံကြိတ်လိုက်တော့သည်။
“နင်... ဘာစကားပြောတာလဲ”
ချန်လော့က သူမကို ဂရုမစိုက်ဘဲ မျက်နှာလွှဲလိုက်၏။ သူသည် တစ်စုံတစ်ယောက်ကို ရည်ရွယ်ချက်ရှိရှိ စော်ကားချင်၍ ပြောခြင်းမဟုတ်ပေ။
လူတိုင်းမှာ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများ ဖြစ်ကြသော်လည်း သို့သော် ကနဦးအဆင့် နှင့် အထွပ်အထိပ်အဆင့် ကြားတွင် ကွာခြားချက်မှာ အလွန်ကြီးမားသည်။
အကယ်၍ အန္တရာယ်နှင့် ကြုံတွေ့ရပါက အခြေခံတည်ဆောက်ခြင်း နှောင်းပိုင်းအဆင့်ရှိ ကျင့်ကြံသူများမှာ မိမိကိုယ်ကိုယ် ကာကွယ်နိုင်စွမ်း ရှိဦးမည် ဖြစ်သော်လည်း ကျောက်မန်ကဲ့သို့ ကနဦးအဆင့်သာ ရှိသေးသော ကျင့်ကြံသူများအတွက်မူ ထိုသို့ ဖြစ်နိုင်မည် မဟုတ်ချေ။
မည်သို့ပင်ဖြစ်စေ အန္တရာယ် အစစ်အမှန်နှင့် ကြုံလာပါက ပထမဆုံး ထွက်ပြေးမည့်သူမှာ ချန်လော့သာ ဖြစ်သည်။ ဂိုဏ်းတူ မောင်နှမ ၊ စီနီယာဆိုသည်မှာ သူ့ ခေါင်းထဲတွင် ရှိနေမည် မဟုတ်ပေ။
ကျောက်မန်ကို သူ စေလွှတ်လိုက်ခြင်း မဟုတ်သဖြင့် တစ်ခုခုဖြစ်လည်း သူနှင့် မသက်ဆိုင်ချေ။ ‘သူတစ်ပါးကို ကူညီချင်စိတ်ကို ဘေးဖယ်ထားပြီး သူတို့ရဲ့ ကံကြမ္မာကိုပဲ လေးစားလိုက်ပါ’ ဟူသည့် အတိုင်းပင်။
အားလုံး ပြင်ဆင်ပြီးနောက် ချင်မူ၏ ဦးဆောင်မှုဖြင့် ချန်ရှင်းဂိုဏ်း၏ နယ်မြေအတွင်းမှ ထွက်ခွာခဲ့ကြသည်။ ဤအဖွဲ့တွင် တိုက်ရိုက်တပည့် ငါးဦးသာ ပါဝင်နေခြင်းမှာ ချန်လော့ကို အနည်းငယ် အံ့အားသင့်စေ၏။ ယေဘုယျအားဖြင့် ဤကဲ့သို့သော တာဝန်များကို ထမ်းဆောင်ရာတွင် အထက်လူကြီးများက အကြီးအကဲ တစ်ဦးဦးကို အဖော်အဖြစ် ထည့်ပေးလေ့ရှိသည်။
မျက်စိရှေ့တွင် အကြီးအကဲကို မတွေ့ရသော်လည်း ရွှေမြုတေအဆင့် သို့မဟုတ် နတ်ဝိညာဉ်အဆင့် အကြီးအကဲ တစ်ဦးဦးကတော့ သူတို့နောက်မှ တောက်လျှောက် လိုက်ပါလာမည်မှာ ၁၀၀ ရာခိုင်နှုန်း သေချာသည်ဟု ချန်လော့ ယုံကြည်သည်။
အဘယ်ကြောင့်ဆိုသော် သူတို့ ငါးယောက်စလုံးမှာ သက်ဆိုင်ရာ ဂိုဏ်းအသီးသီး၏ မျိုးဆက်သစ် အညွန့်အဖူးများ ဖြစ်ကြသောကြောင့်ပင်။ လမ်းတွင် သူတို့ ငါးယောက်စလုံးသာ အသတ်ခံရပါက မိစ္ဆာဂိုဏ်းကြီး လေးဂိုဏ်းအတွက် ကြီးမားသော ဆုံးရှုံးမှု ဖြစ်ပေလိမ့်မည်။
ချန်လော့၏ ခန့်မှန်းချက်မှာ မှန်ကန်ပေသည်။ ယခုအချိန်တွင် သူတို့နှင့် မိုင်အနည်းငယ်အကွာမှနေ၍ ရာက္ခသတံခါးဂိုဏ်းမှ နတ်ဝိညာဉ်အဆင့်ရှိ အကြီးအကဲ နှစ်ဦးက တိတ်တဆိတ် လိုက်ပါလာခဲ့သည်။
…
မိနစ်အနည်းငယ်အကြာတွင် သူတို့အုပ်စုသည် ချန်ရှင်းဂိုဏ်း၏ နယ်မြေမှ ထွက်ခွာလာပြီး တောလမ်းလေးတစ်ခုပေါ်သို့ ရောက်ရှိလာကြသည်။
ဘေးပတ်ပတ်လည်ရှိ မြင့်မားသော သစ်ပင်ကြီးများကို ကြည့်ရင်း၊ မြေမှုန့်အနည်းငယ် တက်နေသော လမ်းလေးကို နင်းလျှောက်ရင်း ချန်လော့က ပြုံးလိုက်ကာ အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်မိ၏။
ထိုသည်ကို မြင်သောအခါ ချင်မူက စူးစမ်းလိုစိတ်ဖြင့် လိုက်ရှူကြည့်သော်လည်း ဘာမှ ထူးခြားမှုကို မခံစားရပေ။
“မင်း ဘာနံ့ကို ရှူနေတာလဲ...” ချင်မူက ချန်လော့ကို ကြောင်တောင်တောင်ဖြင့် ကြည့်ကာ မေးလိုက်သည်။
ချန်လော့က ခေါင်းလှည့်လိုက်ပြီး အပြုံးလေးဖြင့် ပြန်ဖြေ၏။
“မင်း နားမလည်ပါဘူး... ဒါက လွတ်လပ်မှုရဲ့ အရသာလေ...”
ချင်မူမှာ နားလည်သလိုလိုနှင့် ဘာမှ နားမလည်ဘဲ ကျန်ရစ်ခဲ့သည်။ အိမ်ထဲမှာပင် လပေါင်းများစွာ ပိတ်မိနေပြီးမှ ပထမဆုံးအကြိမ် ကမ္ဘာကြီးထဲသို့ ထွက်လာရသူ တစ်ဦး၏ ခံစားချက်ကို သူ မည်သို့ နားလည်နိုင်မည်နည်း။
ချန်လော့က အသက်ကို ထပ်မံ ရှူသွင်းလိုက်ပြီး သက်ပြင်းချလိုက်၏။
“အာ... လွတ်လပ်မှု... လွတ်လပ်မှုက တကယ်ကို မွှေးကြိုင်တာပဲ’
သို့သော် သူ၏ စကားပင် မဆုံးသေးမီ ဘေးနားရှိ မြက်တောကြီးမှာ လှုပ်ခါသွားတော့သည်။ ထို့နောက်တွင် အလယ်အလတ်အရွယ် အမျိုးသမီးတစ်ဦးသည် ဘောင်းဘီကို ဆွဲတင်ရင်း မြက်တောထဲမှ ထွက်လာပေ၏။
ချန်လော့က သူမ၏ ဘေးတွင်ရပ်ကာ လေကို အငမ်းမရ ရှူသွင်းနေသည်ကို မြင်သောအခါ သူမက နှာခေါင်းရှုံ့လျက် အေးစက်စွာ ပြောလိုက်သည်။
“ဟင်... ဒီလို လူရမ်းကားမျိုးလည်း ရှိသေးတာပဲ...”
ထိုသို့ပြောပြီးနောက် သူမသည် နောက်လှည့်မကြည့်ဘဲ ထွက်သွားတော့သည်။ ချန်လော့မှာ ခေတ္တမျှ ကြောင်အသွားပြီးမှ ဘာဖြစ်နေသည်ကို နားလည်သွားကာ မျက်နှာမှာ အနည်းငယ် ပျက်သွားတော့၏။
ထိုစဉ် ဘေးနားရှိ အခြားသူများမှာမူ တဟားဟား အော်ရယ်ကြတော့သည်။ ထိုအသံကို ကြားသောအခါ ချန်လော့က အုပ်စုဘက်သို့ ဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်၏။
“အား!”
“အား!”
“အား!”
အော်သံ သုံးသံ ထွက်ပေါ်လာပြီး ချင်မူမှလွဲ၍ ကျန်သူများ၏ ဦးခေါင်းပေါ်တွင် ဘုအကြီးကြီး တစ်ခုစီ ထွက်လာတော့သည်။ ချင်မူ ဘုမထွက်ရခြင်းမှာ သူ မရယ်လို့ မဟုတ်ပေ။ အမှန်စင်စစ် သူက အကျယ်ဆုံး ရယ်နေသူ ဖြစ်၏။
ချန်လော့က သူ့ကို မရိုက်ရခြင်းမှာ ထိပ်တိုက်တွေ့ပါက အနိုင်ရရန် ခက်ခဲမည်ကို သိသောကြောင့် ဖြစ်သည်။ သို့သော် ကျန်သုံးယောက်မှာမူ သူ့ထက် အားနည်းကြသဖြင့် သူသည် လက်ရဲဇာရဲ လုပ်လိုက်ခြင်းပင်။ သို့သော် မကျေနပ်သူ တစ်ယောက် ရှိနေသည်။
“ချန်လော့၊ မင်းကို ငါ သတ်မယ်!”
ယန်ချုံထျန်းမှာ ချန်လော့၏ ရုတ်တရက် တိုက်ခိုက်မှုကြောင့် ဒေါသထွက်သွားကာ ချန်လော့ကို လက်သီးဖြင့် လှမ်းထိုးလိုက်သည်။ သို့သော် ချန်လော့က ပြိုင်ဘက်၏ အင်အားကို အသုံးချကာ အသာအယာ ရှောင်တိမ်းလိုက်ပြီးနောက် သူ၏ ခေါင်းကို လက်ဝါးဖြင့် ထပ်မံ ရိုက်ချလိုက်ပြန်၏။
“ဘုန်း!”
ဤရိုက်ချက်မှာ အလွန်ပြင်းထန်သဖြင့် ယန်ချုံထျန်းမှာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားကာ သူ၏ ခေါင်းပေါ်တွင် ပို၍ကြီးသော ဘုကြီးတစ်ခု ထွက်လာပြန်သည်။
“ဒါကတော့ လွန်ပြီ”
ယန်ချုံထျန်းက ဟိန်းဟောက်လိုက်ပြီး မျက်လုံးများ နီရဲလျက် မြေပြင်မှ ထကာ ချန်လော့ကို ထပ်မံ အားပြု တိုက်ခိုက်ပြန်သည်။
ချန်လော့က လွယ်ကူစွာပင် ရှောင်လိုက်ပြီး သူ၏ ခေါင်းကို ထပ်မံ ရိုက်လိုက်ပြန်၏။
“ဘုန်း!”
“မင်းက ငါ တကယ် မသတ်ရဲဘူးလို့ ထင်နေတာလား!”
…
“ဘုန်း!”
“အရမ်းကြီး မလုပ်နဲ့လေ”
…
မလှမ်းမကမ်းတွင် ရာက္ခသတံခါးဂိုဏ်းမှ အကြီးအကဲ နှစ်ဦးသည် ချန်လော့က ယန်ချုံထျန်းကို အလွယ်တကူ ကိုင်တွယ်နေပုံကို ကြည့်ရင်း ဘာလုပ်ရမှန်း မသိ ဖြစ်နေကြ၏။
“ဟို... ကျွန်တော်တို့ ဝင်ပါဖို့ လိုမလား...”
အကြီးအကဲ တစ်ဦးက မေးလိုက်သည်။
“မလိုလောက်ပါဘူး...”
အခြား အကြီးအကဲ တစ်ဦးက ဝေခွဲမရစွာ ပြန်ဖြေ၏။
ဆယ်မိနစ်ခန့်အကြာတွင် ယိုင်နဲ့နဲ့ဖြစ်နေသော ယန်ချုံထျန်းမှာ မနည်း ပြန်ထရပ်လိုက်သည်။ ချန်လော့ကတော့ တည်ငြိမ်စွာပင် ရပ်နေ၏။ ဤမျှ ဇွဲကောင်းသော လူစားမျိုးကို သူ တစ်ခါမှ မတွေ့ဖူးချေ။ ရိုက်ရလွန်း၍ သူ၏ လက်များပင် နီရဲနေပြီဖြစ်သော်လည်း ပြိုင်ဘက်က အရှုံးမပေးသေးပေ။
ကျန်ရှိသော သုံးယောက်မှာမူ မြေပြင်ပေါ်တွင် ထိုင်ကာ သစ်သီးများ စားရင်း ချန်လော့က ယန်ချုံထျန်းကို “ပညာပေး” နေသည်ကို ကြည့်နေကြသည်။
“လာစမ်း! နောက်တစ်ခါ ထပ်လုပ်ဦးမယ်”
ယန်ချုံထျန်းက ဟိန်းဟောက်လိုက်သော်လည်း သူသည် ရိုက်ခံရလွန်း၍ စိတ်နောက်နေပုံရသည်။ အဘယ်ကြောင့်ဆိုသော် သူသည် ချန်လော့ကို ကျောခိုင်းကာ အော်ဟစ်နေသောကြောင့်ပင်။ ယန်ချုံထျန်း၏ ဇွဲကို မြင်သောအခါ ချန်လော့မှာ အနည်းငယ် စိတ်လှုပ်ရှားသွားရ၏။
“ကောင်းပြီ မင်းက တကယ် သတ္တိရှိတဲ့ကောင်ပဲ”
ထိုစကားကို ကြားသောအခါ ချန်လော့ အရှုံးပေးပြီဟု ထင်မှတ်ကာ ယန်ချုံထျန်း၏ နှုတ်ခမ်းတွင် အပြုံးတစ်ခု ပေါ်လာပြီး အနိုင်ရစကား ပြောရန် ပြင်လိုက်သည်။ သို့သော် နောက်တစ်စက္ကန့်တွင် သူ၏ ဦးခေါင်းနောက်ဘက်မှ ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရပြီး မြင်ကွင်းများမှာ မှောင်မည်းသွားကာ သတိလစ်သွားတော့၏။
သူ့နောက်တွင်မူ ကျောက်တုံးကြီး တစ်တုံးကို ကိုင်ကာ ရပ်နေသော ချန်လော့ကို တွေ့ရသည်။ ကျောက်တုံးမှာ အက်ကွဲသွားသည်ကို ကြည့်ခြင်းအားဖြင့် ချန်လော့ မည်မျှ အားထည့်လိုက်သည်ကို သိနိုင်ပေ၏။
ချန်လော့က ကျောက်တုံးကို ဘေးသို့ ပစ်ချလိုက်ပြီး ယန်ချုံထျန်း၏ ခေါင်းကို ကြည့်ကာ သွေးအနည်းငယ် ထွက်နေသည်ကို တွေ့လိုက်ရသည်။
“ဟင်... ဒီခေါင်းက တကယ် မာတာပဲ...”
ထိုသို့ပြောပြီးနောက် သူသည် ယန်ချုံထျန်း၏ ခြေထောက်တစ်ဖက်ကို လက်တစ်ဖက်ဖြင့် ဆွဲကာ ဘေးနားက လူတွေကို လှမ်းကြည့်လိုက်၏။
“သွားကြစို့... သွားရမယ့် အချိန်ရောက်ပြီ...”
ထို့နောက် သူတို့သည် မှောက်လျက်သား ဖြစ်နေသော ယန်ချုံထျန်းကို မြေကြီးပေါ်တွင် တရွတ်တိုက် ဆွဲခေါ်သွားကြတော့သည်။