← Chapters

လှည့်စားမှုပရိယာယ်

Vol. 25 Ch. 342

လှည့်စားမှုပရိယာယ်

Vol. 25 Ch. 342

သားရဲရိုင်းပေါ်တွင် မတ်တတ်ရပ်နေခဲ့သော ရှာမန်သည် လေထဲသို့ ခုန်တက်ခဲ့သော်ငြား သူ့မျက်နှာပေါ်တွင်တော့ ထိတ်လန့်တုန်လှုပ်ဟန် အထင်းသားပေါ်နေခဲ့သည်။ အနက်ရောင်မီးခိုးများမှ ဖွဲ့စည်းဖြစ်ပေါ်လာသော အမျိုးသမီး တစ်ဦး၏ ပုံရိပ်သည် သူ့ရှေ့တွင် စုဝေးဖြစ်တည်လာခဲ့သည်။ ထို့နောက် ၎င်းပုံရိပ်သည် သူ့ပတ်လည်တွင် လှည့်ပတ်လှုပ်ရှားလို့နေ၏။ ထိုမီးခိုးငွေ့များ ဝါးမျိုခြင်းလေပွေငယ်တစ်ခုအဖြစ် ပြောင်းလဲသွားစဉ်မှာပင် ရှာမန်သည်လည်း မန္တာန်တစ်ခုအား အသုံးပြုကာ ချက်ချင်းပျောက်ကွယ်သွားခဲ့သည်။ သူ့ပုံစံမှာ အဝေးသို့ သည်အတိုင်း ထွက်ပြေးသွားသကဲ့သို့ပင်။

အနက်ရောင်မီးခိုးငွေ့များမှ ဖြစ်ပေါ်လာသော အမျိုးသမီးသည် ထိုရှာမန်နောက်သို့ လိုက်ဖမ်းခြင်းမပြုခဲ့ပေ။ ထိုအစား အနောက်သို့ ပြန်ဆုတ်လာပြီး စုမင် လက်ကောက်ဝတ်ပေါ်ရှိ လက်ကောက်အဖြစ် ပြန်လည်ပြောင်းလဲသွားသည်။

စုမင် ဟယ်ဖုန်းကို အာရုံစိုက်မနေတော့ပဲ ထိုအစား ရှေ့သို့ခြေတစ်လှမ်းတက်၍ ရှန်ဟွားဆီသို့ ဦးတည်လိုက်သည်။ ထိုအချိန်တွင် ရှန်ဟွားသည် အက်ကြောင်း အောက်ခြေ၌ မတ်တတ်ရပ်လျက် အဆက်မပြတ် ကျယ်ပြန့်လာနေသော ဧရာမ အက်ကြောင်းကြီးကို မော့ကြည့်နေလေသည်။

တစ်စုံတစ်ရာအား စောင့်ဆိုင်းနေဟန်ဖြင့် သူ့မျက်နှာထားမှာ ရက်စက်တင်းမာလို့ နေ၏။

စုမင် သူ့ထံ ဦးတည်သွားခဲ့ပြီး တစ်ခဏအကြာတွင် ရှန်ဟွားနောက်သို့ ရောက်ရှိသွားခဲ့သည်။ စုမင်လည်း အက်ကြောင်းကြီး အောက်ခြေတွင် ရပ်တန့်လိုက်သည်။ အချိန်အတော်ကြာပြီးမှသာ သူ၏ လျင်မြန်နေသော အသက်ရှူသံများက တည်ငြိမ်လာခဲ့သည်။

စုမင် အသက်ရှူနှုန်းကို ထိန်းညှိနေစဉ်မှာပင် သူ့နားရွက်များအား လေဖြတ်တိုက်သွားပြီး အနောက်ပိုင်းပင်လယ်ကလန်မှ မျက်နှာပျက်စီးနေသော  အမျိုးသမီးက သူတို့ထံ အလျင်အမြန် ဦးတည်လာခဲ့၏။ သူမသည်လည်း ရပ်တန့်လိုက်သည်နှင့် တစ်ပြိုင်နက် သွေးအမြောက်အမြား အန်လိုက်ရချေသည်။ သူမခန္ဓာကိုယ်တွင် ဒဏ်ရာများစွာ ရှိနေပြီး သူမဝမ်းဗိုက်ဆိုလျှင် သွေးသံရဲရဲ ဖြစ်နေခဲ့သည်။ သို့သော်လည်း သူမပုံစံက အေးစက်၍ သီးသန့်ဆန်နေဆဲ ပင်။ သူမသည် ထိုနေရာတွင် ရပ်လိုက်ပြီးသည်နှင့် ခေါင်းငုံ့လျက် အနာကျက်စေသည့် ဆေးအချို့ကိုထုတ်ယူကာ သူမဒဏ်ရာများပေါ် လိမ်းကျံလိုက်သည်။

"မင်းတို့နှစ်ယောက်ပဲ ရောက်လာကြတာလား။ အဲလိုဆိုလည်း မင်းတို့နှစ်ယောက်ကပဲ ငါ့ရဲ့ အစောင့်အကြပ်တွေ ဖြစ်လာလိမ့်မယ်။ ငါ့အတွက် အမွှေးတိုင်တစ်တိုင်ထွန်းစာလောက် အချိန်ဆွဲထားပေး" ရှန်ဟွားက ရုတ်တရက်ပြောလိုက်ပြီး စုမင်နှင့် ထိုအမျိုးသမီးတို့ကို တစ်ချက်လှည့်ကြည့်လာပြီးနောက် လေထဲမှာပင် ထိုင်ချလိုက်သည်။ သူ့မျက်လုံးများပင် ပိတ်သွားခဲ့သည်။

အမျိုးသမီး၏ မျက်ခုံးများမှာ အနည်းငယ် တွန့်ချိုးသွားသော်လည်း မည်သည့်စကားမျှတော့ ပြောဆိုမလာခဲ့ပေ။ သူမသည် ပတ်ဝန်းကျင်ကိုသာ သတိထားလျက် စောင့်ကြည့်လေ့လာနေချေ၏။

စုမင်မှာမူ သူ၏ ကိုယ်ပိုင်အတွေးများ အတွင်း၌သာ ပိတ်မိနေခဲ့သည်။ ထိုအမျိုးသမီး သူ့နောက်သို့ ရောက်ရှိလာရန် ဘယ်လိုလုပ်ခဲ့ရကြောင်း စုမင် တွေးတောနေချိန် မရခဲ့ပေ။ ကောင်းကင်ပေါ်ရှိ တဖျတ်ဖျတ် တောက်ပနေသော အက်ကြောင်းကို ကြည့်မိပြီးနောက် အဝေးသို့ လှမ်းကြည့်လိုက်မိချိန်တွင် စုမင်မျက်လုံးတို့ ကျဉ်းမြောင်းသွားခဲ့ရလေသည်။

ရှာမန်များ၏ နယ်မြေထဲရှိ အက်ကြောင်းငါးခုအောက်တွင် ရှန်ဟွားကဲ့သို့ အစွမ်းထက်မာန်စွမ်းအားရှင်များ ရှိနေခဲ့သည်။ သူတို့သည် အက်ကြောင်းများအား ငေးကြည့်လျှင်ကြည့် မဟုတ်လျှင် ၎င်း၏အောက်ခြေ၌ တရားထိုင်နေခြင်းဖြင့် သူတို့ပတ်ဝန်းကျင်တွင် ဖြစ်ပွားနေသော စစ်ပွဲများကို လုံးဝ လျစ်လျူရှုထားကြသည်။ သူတို့ပုံစံက တစ်စုံတစ်ရာအား စောင့်ဆိုင်းနေသကဲ့သို့ပင်။

သူတို့အထဲမှ အချို့၏ ပတ်ဝန်းကျင်တွင် စုမင်ကဲ့သို့ အစောင့်များ ရှိနေသော်ငြား တစ်ဦးတည်းဖြစ်နေသူ အချို့လည်းရှိ၏။

ကောင်းကင်ထက်တွင် ရှာမန်များစွာ ရှိနေဆဲ ဖြစ်သည်။ မြေပြင်ပေါ်ရှိ တိုက်ပွဲများနှင့် သတ်ဖြတ်မှုများသည်လည်း မရပ်မနား ဆက်လက်ဖြစ်ပွားနေသည်။ နှစ်ဖက်စလုံးမှ သူများသည် ရူးသွပ်သော အခြေအနေသို့ ရောက်ရှိနေကြပြီ ဖြစ်သည်။ တိုက်ပွဲဝင်ရန် ကောင်းကင်မြူခိုး မြို့တော်ထံမှ ပြေးထွက်လာကြသော မာန်စွမ်းအားရှင်များလည်း များစွာရှိသည်။

အချိန်များ ကုန်လွန်လာသည်နှင့်အမျှ ရှာမန်များပိုင်ဆိုင်သော ကောင်းကင်ထက်ရှိ အက်ကြောင်းငါးခုသည်လည်း အချိန်မရွေး ပွင့်လာတော့မည်ဟန်ဖြင့် ပိုမိုကြီးထွားလာခဲ့သည်။ ၎င်းအနောက်မှ ထွက်ပေါ်လာနေသည့် မြည်ကြွေးဟိန်းဟောက်သံများကိုပင် ကြားနေရလေသည်။ အက်ကြောင်းထဲတွင် အရေအတွက် အကန့်အသတ်မရှိသော သားရဲရိုင်းများနှင့် ရှာမန် သန်းပေါင်းများစွာ စောင့်ဆိုင်းနေကြသကဲ့သို့ပင် ဖြစ်သည်။ အက်ကြောင်း ပွင့်လာသည်နှင့် တစ်ပြိုင်နက် ၎င်းတို့က ချက်ချင်းပြေးထွက် လာကြပေလိမ့်မည်။

'ဘယ်သူကမှ ဒီနေရာကို မလာကြဘူး...'

စုမင် မျက်မှောင်ကြုတ် သွားမိသည်။ သူ ဤအရာကို ယခုလေးပင် သတိပြုမိသွားခြင်း ဖြစ်သည်။ ဤနေရာသို့ ရှန်ဟွား၊ စုမင်နှင့် အမျိုးသမီးတို့ ရောက်လာချိန်မှစ၍ မည်သည့်ရှာမန်ကမှ သူတို့အနီးသို့ ကပ်မလာခဲ့ပေ။ ရှာမန်အများစုသည် သူတို့သုံးဦးအား မမြင်နိုင်ကြသကဲ့သို့ ဤနေရာပတ်လည်တွင်သာ ဝိုင်းပတ်လျက်ရှိနေကြသည်။

ယခုလို မြင်ကွင်းမျိုး ဖြစ်နေသည်မှာ ဤတစ်နေရာတည်း မဟုတ်ပါချေ။ အက်ကြောင်းငါးခုလုံး၏ အောက်ခြေတွင် အလားတူအရာမျိုး ဖြစ်ပွားနေခြင်း ဖြစ်သည်။

'အဲလိုများ ဖြစ်နေမလား...'

စုမင်မျက်လုံးများ ဝင်းလက်သွားသည်။ ကောင်းကင်မြူခိုး မြို့တော်ထံမှ မြည်ဟည်းသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။ ထိုစူးရှသောအသံသည် လေထုအား တစ်စုံတစ်ရာ ထိုးဖောက်ဖြတ်သန်းလာသော အသံမျိုးဖြစ်သည်။ ကောင်းကင်မြူခိုး မြို့တော်တစ်ခုလုံး တုန်ခါနေပုံပေါ်သည်။ စုမင် ခေါင်းလှည့်ကြည့်လိုက်စဉ်မှာပင် သလင်းကျောက်သဖွယ် ကျောက်တိုင်ကြီးကိုးခုသည် ကောင်းကင်မြူခိုး မြို့တော်ထံမှ တိုးထွက်လာပြီး ကောင်းကင်သို့ ထိုးတက်သွားသည်ကို စုမင်တွေ့လိုက်ရသည်။

ကျောက်တိုင်များမှာ ပေရာပေါင်းများစွာ အကျယ်ရှိသည်။ ၎င်းတို့သည် ကောင်းကင်မြူခိုး မြို့တော်အတွင်းရှိ မြေပြင်မှ တိုးထွက်လာပြီးသည်နှင့် တစ်ပြိုင်နက် သန်မာသော အလင်းတစ်ဖြာနှင့် အတူ စတင်တောက်ပလာသည်။ ၎င်းတို့ တောက်ပလာချိန်တွင် ကောင်းကင်ထက်မှ နေမင်းကြီးသည်ပင် ၎င်းတို့ကြောင့် မှေးမိန်သွားပုံပေါ်၏။ မကြာမီမှာပင် ဧရာမ သလင်းကျောက်တိုင်ကြီး ကိုးခုမှအလင်းသည် စတင်ဖြန့်ကျက်လာခဲ့သည်။ ထိုအလင်းများ အတူတကွ ပေါင်းစည်းပြီးသွားသည်နှင့် စုမင်ကိုပင် အသက်ရှူရန် မေ့လျော့သွားစေနိုင်သည့် အလင်းရောင်ခြည်တန်းကြီး တစ်ခုက အက်ကြောင်းများထဲမှ တစ်ခုစီ တိုးဝင်သွားတော့သည်။

ကောင်းကင်မြူခိုး မြို့တော်ထံမှ တိုးထွက်လာသည့် ပေ ၁၀၀၀ခန့် ကျယ်ဝန်းသော ထိုအလင်းတန်းသည် စုမင်အား ကြက်သီးမွေးညင်းများ ထသွားစေသည်။ ၎င်းသည် ကောင်းကင်အား ထိုးဖောက်ဖြတ်သန်းလာသည့် အလင်းတန်းရှည်ကြီး တစ်ခုနှင့်တူပြီး လေတိုးသံများမှာ ကျယ်လောင်လွန်းသဖြင့် စုမင်နားထဲတွင် အော်မြည်ဟိန်းဟောက်သံများသာ ကြားနေရလေသည်။ ထိုအသံသည် တဖြည်းဖြည်း အလွန်ကျယ်လောင်လာခဲ့ပြီး နားအူလွန်း၍ အသံများအားလုံး ငြိမ်သက်သွားသကဲ့သို့ပင်။

ရုတ်တရက်ဆိုသလိုပင် ကောင်းကင်မြူခိုး မြို့တော်မှ ပေသိန်းပေါင်းများစွာအဝေးမှ ပထမဆုံးအက်ကြောင်းသည် အလင်းတန်း၏ ထိုးဖောက်ခံလိုက်ရသည်။

ကောင်းကင်တစ်ခုလုံးသည် လှိုင်းလုံးများဖြင့် ပြည့်နေသည့် မီးပင်လယ်ကြီး တစ်ခုအသွင် ပြောင်းလဲသွားပုံရပြီး ၎င်းတို့သည် အရပ်မျက်နှာအားလုံးသို့ အလျင်အမြန် စတင်ပျံ့နှံ့သွားသည်။ ပထမဆုံးအက်ကြောင်းသည် ဆိုးဆိုးရွားရွား ပျက်စီးသွားပြီး အစိတ်အပိုင်းများစွာအဖြစ် ပြောင်းလဲ၍ ပြန့်ကျဲသွားသည်။ အစိတ်အပိုင်းများသည် အလွန်ပါးလွှာပြီး ကြေးမုံမှန်ချပ်များကဲ့သို့ပင် ဖြစ်သည်။

ထိုအရာသည် အက်ကြောင်းတစ်ခု မဟုတ်ပဲ အမျိုးအမည်မသိသော နည်းလမ်းတစ်မျိုးအား သုံး၍ ရှာမန်များ ဖန်တီးထားသော အတုအယောင်တစ်ခု ဖြစ်ကြောင်း ထင်ရှားလို့နေသည်။ ၎င်းသည် တကယ့် အစစ်အမှန်ဖြစ်သည်ဟု ထင်ရပြီး အစစ်အမှန်ကဲ့သို့ပင် ခံစားရသော်လည်း တကယ်တမ်းတွင်တော့ အတုတစ်ခု ဖြစ်နေခဲ့သည်။

'အက်ကြောင်းငါးခုထဲမှာ ပထမဆုံးတစ်ခုက အတုဖြစ်နေတယ်။ ရှာမန်တွေရဲ့ ရည်ရွယ်ချက်က မယုံကြည်နိုင်လောက်အောင် အစွမ်းထက်တဲ့ အလင်းရောင်ခြည်တန်းကို သုံးဖို့ အတင်းအကြပ် ဖိအားပေးပြီး...  ကောင်းကင်မြူခိုး မြို့တော်ရဲ့ စွမ်းအားကို အားနည်းသွားစေဖို့ပဲ'

စုမင် အသက်ပြင်းပြင်း ရှူရှိုက်လိုက်မိပြီး ကောင်းကင်မြူခိုး မြို့တော်နှင့် ပထမဆုံးအလင်းရောင်ခြည်တန်းတို့ အကြား ပြိုကွဲပျက်စီးသွားသော အက်ကြောင်းအတုထံ လှမ်းကြည့်လိုက်မိသည်။ ယခုအချိန်တွင် ထိုနေရာရှိ လေထဲ၌ စုတ်ပြဲရာတစ်ခု ရှိနေပြီး အလင်းရောင်ခြည်တန်းအား တားဆီးရန် ကြိုးစားခဲ့သော သက်ရှိမှန်သမျှ ဖျက်ဆီးခံလိုက်ရလေသည်။

ဤစွမ်းအားအောက်တွင်တော့ မာန်ဝိညာဉ်နယ်ပယ်မှ လူများပင် ရှင်သန်ကျန်ရစ်နိုင်ရန် ခက်ခဲပေလိမ့်မည်။

'ကောင်းကင်မြူခိုး မြို့တော်...'

ကြီးကျယ်ခမ်းနားသော မြို့တော်ကြီးအား စုမင်ငေးကြည့်လိုက်မိသည်။ အဘယ်ကြောင့် ထိုမြို့တော်သည် ရှာမန်များအား သူတို့နယ်မြေထဲသို့ ခြေတစ်လှမ်းပင် မချနိုင်အောင် တားဆီးပေးထားပြီး တောင်ပိုင်းအာရုဏ်ဦး ကုန်းမြေအား ကာကွယ်ပေးထားနိုင်သည်ကို စုမင် နားလည်သွားရသည်။ ထိုမြို့တော်သည် ထူးခြားဆန်းကျယ်မှုများဖြင့် ပိတ်ဖုံးကာဆီးခံထားရရုံမျှ မက  ၎င်းထံတွင် ရှာမန်များကို ထိတ်လန့်မင်သက် သွားစေနိုင်သည့် ခွန်အားတစ်ခုလည်း ရှိနေခဲ့၏။

အလင်းရောင်ခြည်တန်းကြောင့် စုမင် ထိတ်လန့်နေစဉ်မှာပင် ကောင်းကင်မြူခိုး မြို့တော်မှ ဧရာမသလင်းကျောက်တိုင်ကြီး ကိုးခုသည် တစ်ဖန် ပြန်လည်တောက်ပလာပြီး ဒုတိယအလင်းတန်းကို ပစ်လွှတ်လိုက်ပြန်သည်။

ကမ္ဘာလောကမှာ တုန်ခါသွားပုံရပြီး လေထဲ၌ စုတ်ပြဲရာတစ်ခု ပေါ်လာခဲ့သည်။ ဒုတိယမြောက် အလင်းတန်းသည် လေထုအား ဖြတ်သန်းသွားပြီး ကျယ်လောင်သော မြည်ဟည်းသံကြီး ဖြစ်ပေါ်လာစေသည်။ ထိုကျယ်လောင်သံသည် စစ်မြေပြင်တစ်ခုလုံးသို့ ပျံ့နှံ့သွားပြီး လူအားလုံးမှာ ၎င်းကို အလိုလို မော့ကြည့်လိုက်မိကြချေသည်။ ထိုအချိန်မှာပင် အလင်းတန်းသည် ဒုတိယအက်ကြောင်းကို တိုက်မိသွားခဲ့သည်။

အက်ကြောင်းမှာ တုန်ခါသွားပြီး ပါးလွှာသော အပိုင်းအစများအဖြစ် ထပ်မံ၍ ကျိုးပဲ့ပျက်စီးသွားပြန်သည်။ ဒုတိယ အက်ကြောင်းသည်လည်း... အတုအယောင်ပင် ဖြစ်သည်။

စုမင် ခေါင်းမော့၍ သူ့အထက်ရှိ တတိယမြောက် အက်ကြောင်းကို လှမ်းကြည့်မိသည်။ အက်ကြောင်းသည် အလွန်လျင်မြန်စွာ ကျယ်ပြန့်လာနေပြီး ၎င်းအတွင်းရှိ တဖျတ်ဖျတ်လက်နေသော အလင်းမှာလည်း မကြာခဏ တောက်ပလာနေသည်။ အက်ကြောင်းအတွင်း စိုးရိမ်တကြီး စောင့်ဆိုင်းနေကြသူများမှာ အပြင်သို့ ပြေးထွက်လာရန် ထပ်မံ မစောင့်ဆိုင်းနိုင်တော့သကဲ့သို့ပင်။

ထိုအချိန်တွင် ကောင်းကင်မြူခိုး မြို့တေည်ထံမှ သလင်းကျောက်တိုင် ကိုးခုမှာ တစ်ဖန် တောက်ပ လာပြန်သည်။ တတိယမြောက် အလင်းတန်းသည် ကမ္ဘာလောကကိုပင် တုန်ခါသွားစေနိုင်သော အားတစ်ရပ်နှင့်အတူ တိုးထွက်လာခဲ့ပြန်၏။ ၎င်းသည် စုမင်ရှိနေသော တတိယအက်ကြောင်းအပေါ် ကျရောက်လာခြင်း မရှိချေ။ ထိုအစား စတုတ္ထမြောက် အက်ကြောင်းပေါ်သို့ ကျရောက်သွားပြီး ၎င်းအား မရေမတွက်နိုင်သော အပိုင်းအစများအဖြစ် ပြောင်းလဲသွားစေပြန်သည်။

ဤတစ်ကြိမ်တွင် အလင်းတန်း၏ ခွန်အားမှာ အနည်းငယ် လျော့ကျသွားသည်ကို စုမင် ခံစားလိုက်မိသည်။ ၎င်းထံ၌ စွမ်းအင် လုံလောက်စွာ မရှိတော့သကဲ့သို့ပင်။

တတိယအကြိမ် အလင်းတန်း ထွက်ပေါ်လာချိန်တွင်တော့ စစ်မြေပြင်ရှိ သတ်ဖြတ်မှုများမှာ သိသိသာသာပင် ရပ်တန့်သွားခဲ့ချေပြီ။ ရှာမန်အားလုံး၏ မျက်နှာပေါ်တွင် ထိတ်လန့်မှု၊ ကြောက်ရွံ့မှုများ ပေါ်ထွက်လာခဲ့သည်။ သို့သော်ငြား ဆန့်ကျင်ဘက်အနေဖြင့် မာန်စွမ်းအားရှင် အများစုသည် အလွန်အံ့အားသင့်သွားခဲ့သော်လည်း သူတို့ အသက်ဓာတ်များ ပြည့်လျှမ်းလာသကဲ့သို့ သူတို့သွေးများ ဆူပွက်လာသည်ဟု ခံစားနေကြရလေသည်။

ရုတ်တရက်ဆိုသလိုပင် ကောင်းကင်မြူခိုး မြို့တော်ထံမှ စတုတ္ထမြောက် အလင်းတန်း ထွက်ပေါ်လာပြန်သည်။ ဤအလင်းတန်းသည် ယခင်ကထက် သိသိသာသာပင် အားနည်းသွားပြီး ယခင်အလင်းတန်းများကဲ့သို့လည်း ထိတ်လန့်ဖွယ် မကောင်းတော့ချေ။ ပဉ္စမအက်ကြောင်းသည်လည်း အလင်းတန်း ကျရောက်လာသောအခါ အပိုင်းပိုင်း ပြိုကွဲပျက်စီးသွားသည်။ သို့သော် ထိုသို့ဆိုလျှင်တောင်  အစစ်အမှန် အက်ကြောင်း ရှိခဲ့ပါက အလင်းတန်းသည် ၎င်းကို အပြည့်အဝ မဖျက်ဆီးနိုင်တော့မည့် အခွင့်အလမ်း ပိုမိုမြင့်မားလာခဲ့ချေသည်။

စုမင် ခေါင်းကို အလျင်အမြန်မော့၍ သူ့ခေါင်းအထက်ရှိ အက်ကြောင်းကို စိုက်ကြည့်လိုက်မိသည်။ စုမင် မော့ကြည့်လိုက်စဉ်မှာပင် အတုအယောင် အက်ကြောင်းများ အောက်ခြေ၌ စောင့်ဆိုင်းနေခဲ့ကြသော အစွမ်းထက် မာန်စွမ်းအားရှင်များသည်လည်း စုမင်တို့ထံ ဦးတည်လာကြသည်။ ဤအက်ကွဲကြောင်းသည် အမှန်တစ်ကယ့် အစစ်အမှန်ဖြစ်သည်ဟု သူတို့ ယုံကြည်နေသည်မှာ အရှင်းအလင်းပင်။

ထိုအခိုက်အတန့်မှာပင် ကောင်းကင်မြူခိုး မြို့တော်မှ သလင်းကျောက်တိုင်ကြီး ကိုးခုသည် ၎င်းတို့၏ နောက်ဆုံးဦးတည်မှုအတွက် စွမ်းအင်စုဆောင်းပြီးသွားပုံရကာ ပဉ္စမမြောက် အလင်းတန်းကို ပစ်လွှတ်လိုက်သည်။ ထိုအလင်းတန်းသည် ဝင်ခါနီး နေ၏ နောက်ဆုံး အလင်းရောင်ခြည်နှင့် တူ၏။ ၎င်းသည် မယုံနိုင်လောက်အောင်ပင် ခမ်းနားလှပသော်လည်း ဤသည်မှာ အလင်းတန်း၏ နောက်ဆုံးသော အင်အားဖြစ်ကြောင်း မျက်စိရှိသူတိုင်း တွေ့မြင်နိုင်ပေသည်။

အလင်းတန်းသည် တိုးထွက်လာစဉ်မှာပင် တောက်ပသော အလင်းတစ်ဖြာနှင့်အတူ စုမင်အပေါ်ရှိ တတိယအက်ကြောင်းအပေါ် ကျရောက်သွားသည်။ ထိုအချိန် အခိုက်အတန့်မှာပင် ရှန်ဟွား၏ မျက်လုံးများ ပြန်ပွင့်လာခဲ့သည်။

သို့သော် ဆက်လက်ဖြစ်ပေါ်လာသော အရာက စုမင်အား အံ့အားသင့်မှင်တက်သွားစေခဲ့သည်။ တတိယမြောက် အက်ကြောင်းပေါ်သို့ အလင်းတန်း ကျရောက်သွားသည့် တစ်ခဏမှာပင် ၎င်းသည်လည်း ပါးလွှာသော ဖန်ကွဲစများစွာ အဖြစ် ပြောင်းလဲ၍ လေထဲသို့ ပျောက်ကွယ်သွားတော့သည်။

"သူတို့အားလုံးက အတုတွေ.. ရှာမန်တွေရဲ့ ရည်ရွယ်ချက်က ကောင်းကင်မြူခိုး မြို့တော်က သလင်းကျောက်တိုင်တွေရဲ့ ခွန်အားကို အားနည်းအောင်လုပ်ဖို့ပဲ... ဘာကြောင့်ဆို ဒီစွမ်းအားက အဆုံးသတ် ရှာမန်တွေအတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်နေလို့ပဲ..." စုမင် တီးတိုးရေရွတ်လိုက်မိသည်။

ထိုအခိုက်အတန့်မှာပင် အဝေးမှ ကျယ်လောင်ရှည်လျားသော ရယ်မောသံကြီး ပဲ့တင်ထပ်ပျံ့လွင့်လာခဲ့သည်။ ပေ ၁၀၀၀၀၀ အဝေးရှိ ရှာမန်များပိုင်ဆိုင်သော ကောင်းကင်ထက်တွင် တွန့်လိမ်ပုံပျက်မှုများ ဖြစ်ပေါ်လာပြီး လူသုံးဦး လျှောက်လှမ်း ထွက်ပေါ်လာခဲ့သည်။

သူတို့ ခန္ဓာကိုယ်မျအား ရှင်းရှင်းလင်းလင်း မမြင်ရချေ။ သို့သော် သူတို့ လျှောက်လှမ်းထွက်ပေါ်လာသောအခါ ကျယ်လောင်သော မြည်ဟည်းသံနှင့်အတူ စစ်မြေပြင်တစ်ခုလုံးတွင် မယုံကြည်နိုင်ဖွယ် ဖိအားကြီးတစ်ရပ်က  ပြည့်သွားခဲ့သည်။ လူသုံးဦးသည် ရှေ့သို့ခြေတစ်လှမ်းတက်ကာ တိုက်ပွဲအတွင်းသို့ ဦးတည်လာခဲ့ကြသည်။ တစ်ချိန်တည်းမှာပင် ယခင်က သတ်မှတ်နေရာတွင် ရှိနေခဲ့သော ပေ ၁၀၀၀၀၀ ရှိ မြင့်မြတ်သားရဲနှစ်ကောင်သည်လည်း ကျယ်လောင်သော ဟိန်းဟောက်သံများ ပြု၍ ကောင်းကင်မြူခိုး မြို့တော်ထံ ဦးတည်လာခဲ့ကြသည်။

သူတို့ အနားကပ်မလာနိုင်စေရန် တားဆီးထားခဲ့သော စွမ်းအင်မှာ ပျောက်ကွယ်သွားသကဲ့သို့ပင်။

ပေ ၁၀၀၀၀၀ မြင့်မြတ်သားရဲများ ထိပ်တွင်ရပ်နေသော အစွမ်းထက် စစ်သည်တော်များ ဖြစ်မည့် ရှာမန်နှစ်ဦး၏ နှုတ်ခမ်းများသည်လည်း အေးစက်ဆိုးညစ်သော အပြုံးများဖြင့် တွန့်ကွေးသွားကြသည်။

အားသာချက်မှာ ရှာမန်များဘက်သို ကျရောက်သွားပုံ ရသည်။ သူတို့အား ထိတ်လန့် ကြောက်ရွံ့စေခဲ့သည့် အစွမ်းထက် လင်းရောင်ခြည်တန်းမှာ ယာယီပျောက်ကွယ်သွားခဲ့ပြီ ဖြစ်၍ ထွက်ပေါ်လာသော ရှာမန်သုံးဦးသည် မယုံနိုင်ဖွယ် လျင်မြန်သော အမြန်နှုန်းဖြင့် ရှေ့တက်လာကြသည်။ ပေ ၁၀၀၀၀၀ရှိ မြင့်မြတ်သားရဲကြီး နှစ်ကောင်သည်လည်း ထိုရှာမန်သုံးဦးနောက်သို့ ထောပတ်အား လှီးဖြတ်လိုက်သော ဓားတစ်ချောင်းသဖွယ် အလွယ်တကူ နီးကပ်ရောက်ရှိလာခဲ့သည်။

သို့သော်ငြား ကိစ္စရပ်များမှာ သူတို့အလိုရှိသလို အဆုံးသတ်မသွားခဲ့ချေ။ ထိုလူသုံးဦး ထွက်ပေါ်လာပြီး ပေ ၁၀၀၀၀၀ရှိ မြင့်မြတ်သားရဲကြီး နှစ်ကောင်နဲ့ ရှေ့တိုးလာကြရင်း ကောင်းကင်မြူခိုး မြို့တော်နှင့် ပေ ၁၀၀၀၀၀ အကွာအဝေး ဧရိယာအတွင်း ဝင်ရောက်လာသည်နှင့် တစ်ပြိုင်နက် မှုန်မှိုင်းနေသော သလင်းကျောက်တိုင် ကိုးခုသည် ရုတ်တရက်ဆိုသလိုပင် စူးရှတောက်ပသော အလင်းတစ်ဖြာနှင့်အတူ တောက်ပလာခဲ့သည်။ ထိုတောက်ပမှုသည် စုမင်မြင်တွေ့ခဲ့ရသော ပထမဆုံး အလင်းတန်းထက်ပင် ပိုမိုသန်မာနေခဲ့သည်။

ထိုတစ်ချက်တောက်ပသွားသော အလင်းနှင့်အတူ ကမ္ဘာလောကတစ်ခုလုံး မည်းမှောင်လို့သွား၏။ နေရောင်ခြည်သည်ပင် သလင်းကျောက်တိုင် ကိုးခုနှင့် ယှဉ်ပြိုင်ရန် မျှော်လင့်နိုင်ခြင်း မရှိတော့ပေ။ ထိုအချိန်အခိုက်အတန့်၌ သလင်းကျောက်တိုင်များသည် သူတို့ပတ်ဝန်းကျင်ရှိ ကမ္ဘာလောကပေါ်မှ အလင်းများအားလုံးကို စုပ်ယူသွားသကဲ့သို့ပင် ဖြစ်၏။

ထို့နောက် စုမင်အား ကျောရိုးထဲမှပင် ထိတ်လန့်တုန်လှုပ်သွားစေသည့် အလင်းရောင်ခြည်တန်းကြီး နှစ်ခု ထွက်ပေါ်လာတော့သည်။

ထိုအလင်းတန်းနှစ်ခုလုံးမှာ ပေထောင်ပေါင်းများစွာ အကျယ်ရှိသည်။ ၎င်းတိုသည် ထိတ်လန့်ဖွယ် စူးရှသံနှင့်အတူ လေထုအား ဖြတ်သန်းသွားပြီး လေထုအလွှာကိုပင် စုတ်ပြဲသွားစေ၏။ မျက်စိတစ်မှိတ်အတွင်း မှာပင် စုမင် တစ်သက်မမေ့နိုင်တော့မည့် တစ်စုံတစ်ရာကို တွေ့မြင်လိုက်ရတော့သည်။

အလင်းရောင်ခြည်တန်းကြီး နှစ်ခုသည် ကောင်းကင်မြူခိုး မြို့တော်နှင့် ပေ ၁၀၀၀၀၀ အကွာအဝေးသို့ ရောက်ရှိနေပြီဖြစ်သော ပေ ၁၀၀၀၀၀ အရွယ်အစားရှိ မြင့်မြတ်သားရဲကြီး နှစ်ကောင်အား တိုက်မိသွားသည်။ ၎င်းတို့မှာ ရှောင်တိမ်းချိန်ပင် မရလိုက်ချေ။ ၎င်းတို့အား အလင်းတန်းကြီးနှစ်ခု တိုက်မိသွားသည်နှင့် မြင့်မြတ်သားရဲကြီးနှစ်ကောင်နှင့်အတူ ၎င်းတို့အပေါ်ရပ်နေသော အစွမ်းထက်ရှာမန်များသည် အလင်းတန်းနှစ်ခုအတွင်း ပါဝင်သော စွမ်းအားများကြောင့် အသက်နှုတ်ခံလိုက်ရတော့သည်။

မြင့်မြတ်သားရဲကြီး နှစ်ကောင်ထံမှ နားအူဖွယ် စူးရှစွာ အော်မြည်သံကြီးများ ထွက်ပေါ်လာခဲ့ပြီး ၎င်းတို့၏ ခန္ဓာကိုယ်ကြီးများမှာ ချက်ချင်းပေါက်ကွဲသွားကြသည်...

စစ်မြေပြင်တစ်ခုလုံး သုဿန်တစပြင်သဖွယ် ချက်ချင်း တိတ်ကျသွားသည်။

အရှေ့မှ ဦးဆောင်လာနေသည့် ထွက်ပေါ်လာခဲ့သော ရှာမန်သုံးဦးသည်လည်း မှင်တက်ကြောင်အသွားပြီး နေရာမှာပင် အေးခဲရပ်တန့်သွားကြသည်။

"ငါတို့လည်း လှည့်ကွက် ဘယ်လိုဆင်ရမလဲ သိပါတယ်" ထိုအချိန်မှာပင် စုမင်ဘေးရှိ ရှန်ဟွားမှာ မတ်တတ်ထရပ်လာခဲ့သည်။

ထို့နောက် တစ်ခဏတွင် အိုမင်းသော အသံတစ်သံသည် သန်မာသောစွမ်းအားတစ်ရပ်နှင့်အတူ ကောင်းကင်မြူခိုး မြို့တော်ထံမှ ထွက်ပေါ်လာခဲ့သည်။ "စစ်သည်တော်အားလုံး နားထောင်။ သူတို့ဆီ ပြေးဝင်တိုက်ခိုက်လို့ သူတို့ကို ပေ ၃၀၀၀၀ အကွာအဝေး ရောက်သည်အထိ နှင်ထုတ်ကြ"

ဒုံ၊ ဒုံ၊ ဒုံ...

လေထဲသို့ စစ်ဗုံ တီးခတ်သူများ ပျံ့လွင့်လာပြီး စစ်မြေပြင်ရှိ မာန်စွမ်းအားရှင်များအားလုံးကို ချက်ချင်းရူးသွပ်သွားစေသည်။

"သူတို့ကို သတ်"

***

All Chapters