← Chapters

အခန်း (၁၄၉-၁၅၀)

Vol. 15 Ch. 149-150

အခန်း (၁၄၉-၁၅၀)

Vol. 15 Ch. 149-150

အခန်း (၁၄၉) ကတိတည်ခြင်း

ချန်လော့သည် ယန်ချုံထျန်းကို မိုင်ပေါင်းများစွာ တရွတ်တိုက် ဆွဲခေါ်လာခဲ့သော်လည်း အခြေခံတည်ဆောက်ခြင်းအဆင့် အထွတ်အထိပ်သို့ ရောက်နေသော ကျင့်ကြံသူတစ်ဦးအတွက် ဤမျှ အလေးချိန်မှာ မပြောပလောက်ပေ။ သို့သော် အမြဲတမ်း ဆွဲနေရသည်မှာ အနည်းငယ် အလုပ်ရှုပ်လှပေ၏။

ခေတ္တမျှ စဉ်းစားပြီးနောက် သူသည် ယန်ချုံထျန်း၏ သိုလှောင်အိတ်ကို သိမ်းလိုက်ပြီး ဘေးတွင် ရပ်နေသော မူရှာရှာကို လူလွှဲပေးလိုက်သည်။ မူရှာရှာမှာ ပထမတွင် မကူညီလိုသော်လည်း ချန်လော့က သူမ၏ ခေါင်းကို လက်သီးဖြင့် နှစ်ချက်ခန့် ခပ်ပြင်းပြင်း ထုလိုက်သောအခါမှသာ မတတ်သာဘဲ သဘောတူလိုက်ရတော့သည်။

“ရှင်ကတော့လေ... အမျိုးသမီးတွေအပေါ်မှာ နည်းနည်းလောက်တောင် လူကြီးလူကောင်း မဆန်နိုင်ဘူးလား”

မူရှာရှာသည် လက်တစ်ဖက်ဖြင့် ယန်ချုံထျန်းကို ထိန်းကိုင်ကာ အခြားလက်တစ်ဖက်ဖြင့် ဘုထွက်နေသော သူမ၏ ခေါင်းကို အသာအယာ ပွတ်သပ်နေမိသည်။ ချန်လော့ကမူ လုံးဝ ဂရုမစိုက်ပေ။

“အမျိုးသမီးတစ်ယောက်အပေါ် ပြသနိုင်တဲ့ အကြီးမားဆုံး လေးစားမှုက တိုက်ပွဲမှာ အစွမ်းကုန် တိုက်ခိုက်ပြတာပဲ”

ထိုစကားကို ကြားသောအခါ ဘေးတွင်ရှိသော ချင်မူက ခေါင်းငြိမ့် ထောက်ခံလိုက်မိသည်။ သူ ထွက်မလာခင်က သူ၏ဖခင်က ချန်လော့နှင့် အချိန်များများဖြုန်းပြီး သူ၏ဆီကနေ သင်ယူရန် မှာကြားခဲ့ခြင်း ဖြစ်သည်။ ယခု ပြန်စဉ်းစားကြည့်လျှင် သူ၏ဖခင်မှာ အမြော်အမြင် ကြီးမားလှပေ၏။ ချန်လော့ ပြောသမျှ စကားတိုင်းမှာ အလွန်ပင် အတွေးအခေါ် ပါလှပေသည်။

…

ထိုညတွင် ချန်လော့နှင့် အခြားသူများသည် မြို့ငယ်လေးတစ်မြို့သို့ ရောက်ရှိလာကြသည်။ သူတို့သည် တည်းခိုခန်းတစ်ခုကို ရှာဖွေကာ အခြေချလိုက်ကြ၏။ တည်းခိုခန်းပိုင်ရှင်မှာ အကဲခတ် တော်သူဖြစ်ရာ ချန်လော့တို့ ဝတ်ဆင်ထားသော အဝတ်အစားများကို ကြည့်ရုံဖြင့် သူတို့၏ အဆင့်အတန်းကို သိရှိသွားကာ ချက်ချင်းပင် အခမဲ့ တည်းခို စားသောက်ရန် ကမ်းလှမ်းတော့သည်။

သို့သော် ချန်လော့မှာ သူတစ်ပါးအပေါ် အမြတ်ထုတ်မည့်သူမျိုး မဟုတ်ပေ။သူသည် စားပွဲကို လက်သီးဖြင့် ဝုန်းခနဲ ထုလိုက်တော့၏။

“ငါတို့က မိစ္ဆာဂိုဏ်းက ဖြစ်ပေမဲ့... မိစ္ဆာဂိုဏ်းသား ဖြစ်တိုင်း မကောင်းမှု လုပ်ရမယ်လို့ မဆိုလိုဘူး”

“သူတစ်ပါးရဲ့ အစားအသောက်ကို စားရင် ပြန်ပေးရမှာက သဘာဝပဲ”

ချန်လော့၏ ပုံစံကို ကြည့်ကာ ဆိုင်ရှင်မှာ မျက်ရည်များပင် ဝဲလာပြီး ဘာပြောရမှန်း မသိ ဖြစ်သွားရသည်။ နှစ်ပေါင်းများစွာအတွင်း သူ၏ တည်းခိုခန်းသို့ ဂိုဏ်းငယ်လေးများမှ အပြင်စည်းတပည့်များမှစ၍ ဂိုဏ်းကြီးများမှ တိုက်ရိုက်တပည့်များအထိ လာရောက်ခဲ့ဖူးသည်။

သို့သော် ထိုသူများသည် ပိုက်ဆံပေးဖို့ နေနေသာသာ၊ ဆိုင်ကို ရိုက်နှက်ဖျက်ဆီးမသွားလျှင်ပင် အံ့သြစရာ ကောင်းလှပေပြီ။

ယနေ့တွင်မူ ပိုက်ဆံပေးမည်ဟု ပြောသော ကျင့်ကြံသူနှင့် တွေ့ရသည်မှာ မည်သူမဆို စိတ်လှုပ်ရှားမိမည်ပင်။ ဆိုင်ရှင်၏ ကျေးဇူးတင်မျက်ရည်များကို မြင်သောအခါ ချန်လော့က ပြုံးလိုက်၏။

“ငွေသား ၁၀၀ ဆိုရင်ကော ဘယ်လိုလဲ”

ထိုစကားကို ကြားသောအခါ ဆိုင်ရှင်မှာ တုန်ရင်သွားတော့သည်။ ငွေသား ၁၀၀ ဆိုသည်မှာ ဤနေရာတွင် အနည်းဆုံး မိုင်ဝက် (သို့မဟုတ်) ခြောက်လခန့် တည်းခိုနိုင်သည့် ပမာဏပင်။ သူသည် တကယ့် အလှူရှင်ကြီးနှင့် တွေ့ခဲ့ရလေသလော။

“ကျေးဇူးတင်ပါတယ် သခင်... ကျေးဇူးတင်ပါတယ်ခင်ဗျာ”

ဆိုင်ရှင်က အလျင်အမြန် ခေါင်းညိတ်လိုက်သည်။

“ကိစ္စမရှိပါဘူး... ငါ့ရဲ့ စေတနာပါ”

ချန်လော့က ခပ်ဖွဖွ ရယ်လိုက်ပြီး တစ်စုံတစ်ခု ပြောရန် ပြင်လိုက်သော်လည်း ရုတ်တရက် အတွေးတစ်ခု ဝင်လာကာ မျက်နှာပျက်သွားသည်။

ဆိုင်ရှင်မှာလည်း တစ်ခုခု မှားနေပြီကို ရိပ်မိသွား၏။ သို့သော် နောက်တစ်စက္ကန့်တွင် ချန်လော့က မူရှာရှာကို လှည့်ကြည့်လိုက်သည်။

“မူရှာရှာ... ပိုက်ဆံပေးလိုက်”

ထိုသို့ပြောပြီးနောက် သူသည် ခေါင်းငုံ့ကာ အစားကို ဆက်စားနေတော့သည်။ မူရှာရှာ၏ မျက်နှာမှာ ထိုစကားကြောင့် မည်းမှောင်သွားတော့၏။

‘ဒီကောင်... နာမည်ကောင်းကိုတော့ သူယူပြီး အိတ်ထဲက စိုက်ရမှာကျတော့ ငါလား၊ သူတစ်ပါးရဲ့ ပစ္စည်းနဲ့ မျက်နှာလုပ်တာ တကယ့်ကို ပါရမီရှင်ပဲ’

သို့သော် မူရှာရှာ မသိသည်မှာ ချန်လော့သည် အစကတည်းက ပိုက်ဆံပေးရန် အစီအစဉ် မရှိခဲ့ခြင်းပင်။ သူသည် ကိန်းဂဏန်းတစ်ခုကို ပြောလိုက်ပြီး ဆိုင်ရှင်ထံမှ ပိုက်ဆံပြန်တောင်းရန် စီစဉ်ထားခြင်း ဖြစ်သည်။

မိစ္ဆာတာအိုတပည့် ဖြစ်နေမှတော့ မတရားတာ လုပ်တာက ပုံမှန်ပဲ မဟုတ်လား ။

ဂိုဏ်းအပြင် ရောက်တုန်း ဂိုဏ်းရဲ့ ဂုဏ်သတင်းကို မြှင့်တင်ပေးရမည်ပင်။

သို့သော် ပြန်စဉ်းစားကြည့်တော့ ကျင့်ကြံသူတွေအတွက် ငွေသားဆိုတာ ဘာမှ အသုံးမဝင်ချေ။ သူတို့၏ နေ့စဉ်ဘဝတွင် ဝတ်၊ စား၊ နေ၊ ရေး အားလုံးအတွက် ဝိညာဉ်ကျောက်တုံး ကိုသာ သုံးကြသည် မဟုတ်လော ။ ဆိုင်ရှင်ထံမှ သူ ငွေသား ၁၀၀ ယူထားးရင်တောင်မှ သိုလှောင်အိတ်ထဲတွင် နေရာယူရုံမှလွဲ၍ အပိုပင် ဖြစ်နေလိမ့်မည်။

ထို့ကြောင့် ချန်လော့က ပိုက်ဆံတောင်းမည့် အကြံကို လက်လွှတ်လိုက်ပြီး မူရှာရှာကို ပေးခိုင်းလိုက်ခြင်း ဖြစ်သည်။ မူရှာရှာမှာလည်း ချန်လော့၏ အရိုက်ခံရမည်ကို ကြောက်သဖြင့် စကားမများတော့ဘဲ သိုလှောင်အိတ်ထဲတွင် ရှာဖွေလိုက်သည်။ ထို့နောက် သူမက ရှက်ရှက်ဖြင့် မော့ကြည့်လာ၏။

“ဟို... ကျွန်မဆီမှာ ငွေသား မပါဘူး”

ချန်လော့မှာ ကြောင်အမ်းသွား၏။ သို့သော် ပြန်စဉ်းစားကြည့်တော့လည်း ကျိုးကြောင်းဆီလျော်ပေသည်။

အားလုံးက ကျင့်ကြံသူတွေ၊ တိုကိရိုက်တပည့်တွေဆိုတော့ လောကီလူသားတွေ သုံးတဲ့ ငွေသားကို ဘယ်သူက အပိုသယ်နေပါ့မလဲ။ ဝိညာဉ်ကျောက်တုံးတွေသာ သယ်ကြမည် မဟုတ်လော ။

ထို့ကြောင့် ချန်လော့က ဘေးမှာ အားရပါးရ စားနေသော ချင်မူကို လှည့်ကြည့်လိုက်သည်။

“ချင်မူ... မင်း ပေးလိုက်”

ချင်မူက ခေတ္တမျှ ရပ်သွားပြီးမှ ချန်လော့ကို ကြောင်တောင်တောင် ကြည့်ကာ ပြန်ဖြေ၏။

“ကျွန်တော့်မှာလည်း မပါဘူး”

ချန်လော့မှာ အံ့အားသင့်သွားရသည်။

“ဒီတာဝန်ရဲ့ ခေါင်းဆောင်အနေနဲ့ မင်းဂိုဏ်းက ရန်ပုံငွေ မပေးလိုက်ဘူးလား”

ချင်မူက ခေါင်းယမ်းပြသည်။ “ဝိညာဉ်ကျောက်တုံးတွေပဲ ပေးလိုက်တာ၊ ငွေသား မပါဘူး”

ထိုအခါ ချန်လော့က ဘေးမှာ ရပ်နေသော ဆိုင်ရှင်ကို ကြည့်လိုက်သည်။ အတော်ကြာအောင် စဉ်းစားပြီးနောက် သူသည် ကတိမဖျက်နိုင်ဟု ဆုံးဖြတ်လိုက်၏။ ထို့ကြောင့် ချန်လော့သည် ထရပ်လိုက်ပြီး တည်းခိုခန်းအတွင်းရှိ အခြား ဧည့်သည်များထံသို့ လျှောက်သွားတော့သည်။

ဧည့်သည်များမှာ အလွန်ပင် “စေတနာ ရက်ရော” ကြသဖြင့် ချန်လော့အတွက် ငွေသား ၁၀၀ ကို ခဏချင်းအတွင်း စုပေးလိုက်ကြ၏။

မိနစ်အနည်းငယ်အကြာတွင် ချန်လော့သည် ငွေသား ၁၀၀ နှင့်အတူ ပြန်လာကာ ဆိုင်ရှင်ကို ပေးလိုက်သည်။

“ငါ ချန်လော့က အမြဲတမ်း ကတိတည်တဲ့လူပဲ”

ထိုသို့ပြောပြီးနောက် သူသည် သူ၏ အစားအစာကို အေးအေးဆေးဆေး ဆက်စားနေတော့သည်။ ဆိုင်ရှင်မှာ လက်ထဲက လေးလံသော ငွေခဲများကို ကြည့်ရင်း မျက်နှာတွင် အပြုံး အရိပ်အယောင်မျှ မရှိပေ။ အကြောင်းမှာ အရပ်မျက်နှာ အသီးသီးမှ သူ့ထံသို့ ရောက်လာသော ရန်လိုသည့် အကြည့်များကို သူ ခံစားနေရသောကြောင့်ပင်။ ထိုပိုက်ဆံကို သူ သိမ်းထားနိုင်မည် မဟုတ်ကြောင်း သူ ကောင်းကောင်း သိလိုက်ပေပြီ။

ညစာစားပြီးနောက် သူတို့သည် သက်ဆိုင်ရာ အခန်းများသို့ ပြန်သွားကြသည်။ ယန်ချုံထျန်းမှာမူ သတိမရသေးသဖြင့် ချန်လော့က သူ့ကို မြင်းဇောင်းထဲသို့ ပစ်ထည့်လိုက်ကာ မြင်းများနှင့်အတူ တစ်ညတာ အိပ်စက်ခိုင်းလိုက်တော့၏။

…

နောက်တစ်နေ့ နံနက်တွင် ချန်လော့သည် နိုးလာကာ နံနက်စာအဖြစ် ခေါက်ဆွဲတစ်ပန်းကန် မှာစားလိုက်သည်။ ထိုအခါ ဆိုင်ရှင်၏ မျက်နှာတွင် ဒဏ်ရာအသစ် အချို့ကို တွေ့လိုက်ရ၏။ သို့သော် ချန်လော့ကတော့ များများစားစား မစဉ်းစားပေ၊ ဤသည်မှာ သူနှင့် မသက်ဆိုင်ကြောင်း သူ သေချာပေါက် သိနေသည် မဟုတ်လော။

ယန်ချုံထျန်းမှာ သတိရလာပြီဖြစ်ပြီး ချန်လော့၏ ရှေ့တွင် ထိုင်နေသော်လည်း မကျေနပ်ပုံ ရနေဆဲပင်။ သို့သော် သူသည် ချန်လော့ကို တည့်တည့် မကြည့်ရဲပေ၊ မနေ့က အရိုက်ခံရသည်ကို ကြောက်နေဆဲ ဖြစ်ပုံရသည်။

ထိုစဉ် ချန်လော့သည် ဘေးနားရှိ ချင်မူကို ကြည့်လိုက်ရာ ချင်မူမှာ ထူးဆန်းစွာ ပြုမူနေသည်ကို တွေ့လိုက်ရသည်။ ချင်မူသည် လက်တစ်ဖက်မှ မြေပုံကို ကိုင်ကာ မျက်မှောင်ကြုတ်နေပြီး အခြားလက်တစ်ဖက်ကမူ ပေါက်စီများကို ပါးစပ်ထဲသို့ အဆက်မပြတ် သွတ်သွင်းနေပေ၏။

“ဘာဖြစ်လို့လဲ... ပေါက်စီတွေက မကောင်းလို့လား” ချန်လော့က ခေါက်ဆွဲဟင်းရည်ကို သောက်ရင်း မေးလိုက်သည်။

ချင်မူက ခေါင်းယမ်းပြပြီး ခေတ္တမျှ စဉ်းစားကာ ဖြည်းဖြည်းချင်း ပြောလိုက်၏။

“ဒီမှာ နားမလည်တာ တစ်ခု ရှိနေလို့...”

သူသည် မြေပုံကို ကိုင်ကာ နားမလည်နိုင်သလို ကြည့်နေမိသည်။ ချန်လော့က လှမ်းကြည့်သော်လည်း သူက မြေပုံကြည့်တတ်သူ မဟုတ်ပေ။ မြေပုံပေါ်က အမှတ်အသားများကို သိသော်လည်း နေရာအတိအကျကိုတော့ သူ မပြောနိုင်ချေ။

ထိုစဉ် ဘေးတွင် ရှိနေသော ကျောက်မန်က အနားသို့ ရောက်လာပြီး သူတို့လက်ထဲက မြေပုံကို ကြည့်ကာ ခေတ္တမျှ ရပ်သွား၏။ ထို့နောက် သူမက ချင်မူ၏ လက်ထဲမှ မြေပုံကို ယူကာ အသာအယာ ပြောင်းပြန် လှန်လိုက်သည်။

“ဒီလိုကြည့်ရင် ပိုပြီး နားလည်ရ လွယ်မသွားဘူးလား”

သေချာကြည့်လိုက်သောအခါ ချင်မူသည် ကျောက်မန် မြေပုံကို လှန်ပေးလိုက်ပြီးနောက် သူ နားမလည်ခဲ့သော အစိတ်အပိုင်းများမှာ ရုတ်တရက် ရှင်းလင်းသွားတော့သည်။

“တကယ်ပဲ... ပိုလွယ်သွားပြီ”

ဤသည်ကို မြင်သောအခါ ချန်လော့က မျက်မှောင်ကြုတ်လိုက်မိ၏။

“နေဦး... အဲ့ဒါဆို မင်းက မနေ့ကတည်းက မြေပုံကို ပြောင်းပြန် ကြည့်နေတာလား”

ချင်မူက ခေါင်းညိတ်ပြသည်။

“အဲ့ဒီလို ဖြစ်မယ် ထင်တယ်”

“ဒါဆို မနေ့က ငါတို့ သွားခဲ့တဲ့ လမ်းကြောင်းက‌ ရော”

“ဆန့်ကျင်ဘက် လမ်းကို သွားမိတာ ဖြစ်လိမ့်မယ်”

ချင်မူက သေချာသလို ခေါင်းညိတ်ကာ ပြောလိုက်သည်။

ချန်လော့: ...

“ငါ ဘာလို့ မင်းတို့နဲ့ အတူတူ လိုက်လာမိပါလိမ့်?!”

အခန်း (၁၅၀) မျှခြေအခြေအနေ

ငါးရက်အကြာ။

သွေးကန္တာရနယ်စပ်။

ခရီးကြမ်းနှင်လာခဲ့ပြီးနောက် ချန်လော့နှင့် သူ၏အဖွဲ့သားငါးဦးသည် နောက်ဆုံးတွင် ထိုနေရာသို့ ရောက်ရှိလာခဲ့ကြသည်။ အစပိုင်းတွင် လမ်းမှားသွားခဲ့သော်လည်း ကံကောင်းထောက်မစွာဖြင့် အချိန်လုံလောက်မှုရှိခဲ့ပြီး သူတို့အားလုံး၏ ကျင့်ကြံမှုအဆင့်မှာ မြင့်မားကြသဖြင့် အရှိန်မြှင့်တင်ကာ အချိန်မီ ရောက်လာနိုင်ခဲ့ခြင်းဖြစ်သည်။

အကယ်၍သာ အရေးပေါ်တာဝန်မျိုးဖြစ်ပါက သူတို့ရောက်ချိန်တွင် ကြိုဆိုရမည့်သူမှာ ရှိတော့မည်မဟုတ်ပေ။

“တကယ်ပါပဲ... မင်းတို့ဂိုဏ်းချုပ်က တော်တော်ကပ်စေးနှဲတာပဲ၊ ငါတို့ကို လူကြိုဖို့ လွှတ်လိုက်တာကို အနည်းဆုံး ပျံသန်းနိုင်တဲ့ မှော်ရတနာ လေးတစ်ခုလောက်တော့ ပေးသင့်တာပေါ့”

“တကယ်ကြီး ခြေတစ်လှမ်းချင်း လျှောက်လာရတယ်လို့”

ချန်လော့က တတွတ်တွတ် ညည်းညူနေ၏။ အကယ်၍ ပျံသန်းနိုင်သော ရတနာသာပါလျှင် သူတို့သည် ဤမျှ ပင်ပန်းနေမည် မဟုတ်ပေ။ ဘေးတွင်ရှိသော ချင်မူကမူ ဘာမှမကြားသလိုပင် လက်ထဲက မြေပုံကို ကြည့်လိုက်၏။

“မြေပုံအရဆိုရင် ဒီဘက်ကို နောက်ထပ် နှစ်ရက်လောက် ထပ်သွားရင် ချိန်းဆိုထားတဲ့ နေရာကို ရောက်ပြီ”

သို့သော် သူစကားပင် မဆုံးသေးမီ ချန်လော့က သူ၏လက်ထဲမှ မြေပုံကို ဆွဲယူလိုက်သည်။

“ဖယ်စမ်း၊ မင်းက လမ်းကြောင်းမှားတတ်တဲ့ကောင်ပဲ၊ အဖွဲ့ကို ဦးမဆောင်နဲ့”

ချန်လော့သည် မြေပုံကို သေချာကြည့်ကာ ချင်မူ မှားယွင်းခြင်းမရှိကြောင်း အတည်ပြုပြီးနောက် မြေပုံကို သိမ်းလိုက်သည်။ အဖွဲ့သားများသည် သွေးကန္တာရအတွင်းသို့ ဆက်လက် ခရီးနှင်ခဲ့ကြ၏။

“ဒါနဲ့... ဖြောင့်မတ်တာအိုဂိုဏ်းက လူတွေက ဘာလို့ ဒီဘက်ကို ထွက်ပြေးလာကြတာလဲ”

ချန်လော့က စပ်စုလိုက်သည်။

လက်ရှိတွင် နမ်ချန်းတိုက်ကြီး၌ ဖြောင့်မတ်တာအိုဂိုဏ်း၏ အင်အားမှာ မိစ္ဆာတာအိုထက် အဆပေါင်းများစွာ သာလွန်ပေသည်။ အကယ်၍ တစ်စုံတစ်ယောက်က ထွက်ပြေးရမည်ဆိုပါက မိစ္ဆာတာအိုဘက်ကလူတွေက ဖြောင့်မတ်တာအိုဂိုဏ်းဘက်ကို ပြေးသင့်သည် မဟုတ်လော။

“အကြောင်းရင်းတွေ အများကြီးရှိတယ်... ခန္ဓာကိုယ်ဖွဲ့စည်းပုံပြဿနာ၊ အဆင့်အတန်း ပြဿနာ၊ ကိုယ်ကျင့်တရား ပြဿနာ၊ ဒါမှမဟုတ် မိစ္ဆာတာအို ကျင့်စဉ်က ပိုပြီး အဆင်ပြေမယ်လို့ ထင်တာမျိုးပေါ့”

မူရှာရှာက ဘေးမှ ရှင်းပြသည်။

“အသေးစိတ်လေး ပြောပြပါဦး”

ချန်လော့က စိတ်ဝင်တစား မေးလိုက်၏။ သူ ဤအကြောင်းကို တစ်ခါမှ မကြားဖူးသေးချေ။

မူရှာရှာကလည်း လျှို့ဝှက်ထားရန် ရည်ရွယ်ချက်မရှိသဖြင့် ဆက်လက် ရှင်းပြတော့သည်။

“ခန္ဓာကိုယ်ဖွဲ့စည်းပုံ ပြဿနာဆိုတာကတော့ ရိုးရှင်းပါတယ်။ ကျောက်မန်တို့လိုပေါ့၊ ခန္ဓာကိုယ်က ထူးခြားနေပြီး ဖြောင့်မတ်တာအိုဂိုဏ်း တွေမှာ မသင်ကြားနိုင်တဲ့အခါ ချန်ရှင်းဂိုဏ်းလို နေရာမျိုးကို လာကြရတာပဲ”

“အဆင့်အတန်း ပြဿနာကျတော့ သူတို့ရဲ့ မိဘတွေ ဒါမှမဟုတ် ဆွေမျိုးတွေက ဖြောင့်မတ်တာအိုဂိုဏ်းဘက်မှာ အမှားတစ်ခုခု လုပ်ခဲ့မိရင်၊ အဲ့ဒီကလေးမှာကလည်း ဂိုဏ်းကြီးတွေက သတိထားမိလောက်တဲ့အထိ ပါရမီမပါလာရင် သူတို့က အမြဲတမ်း အပယ်ခံရပြီး ဂိုဏ်းမဲ့ကျင့်ကြံသူအဆင့်မှာပဲ တစ်သက်လုံး နေသွားရမှာမို့လို့ မိစ္ဆာဂိုဏ်းတွေဆီ လာကြတာ”

“ကိုယ်ကျင့်တရားကျတော့ ပြောစရာမလိုတော့ဘူးလေ၊ အတိတ်မှာ မကောင်းတာတွေ အများကြီး လုပ်ခဲ့လို့ ဖြောင့်မတ်တာအိုဂိုဏ်းဘက်မှာ နေစရာမရှိတော့တဲ့အခါ ငါတို့ မိစ္ဆာဂိုဏ်းတွေဆီ ရောက်လာကြတာပေါ့”

မူရှာရှာ၏ ရှင်းပြချက်ကို ကြားပြီးနောက် ချန်လော့က ခေါင်းညိတ်လိုက်သည်။

“ဒါဆို... အခု ငါတို့ သွားကြိုမယ့်သူက ဘယ်လိုလူလဲ”

မူရှာရှာက ပုခုံးတွန့်ပြကာ သူမလည်း မသိကြောင်း ပြသလိုက်သည်။ ထို့ကြောင့် လူတိုင်း၏ အကြည့်မှာ ချင်မူဆီသို့ ရောက်သွား၏။ ချင်မူမှာ အားလုံးက သူ့ကို စိုက်ကြည့်နေသည်ကို မြင်သောအခါ အနေခက်သွားသည်။

“ဟို... အဖေကတော့ ကျွန်တော့်ကို ပြောပြဖူးသလိုပဲ၊ ဒါပေမဲ့ ကျွန်တော် မေ့သွားတယ်”

ထိုစကားကြောင့် လူတိုင်း ဆွံ့အသွားကြတော့သည်။

မြေပုံကို ပြောင်းပြန်ဖတ်ရုံသာမက တာဝန်၏ ရည်မှန်းချက်ကိုပါ မသိသော အဖွဲ့ခေါင်းဆောင်—ဤကောင်သည် ဘာအသုံးကျသလဲဟုပင် တွေးမိကြတော့သည်။ ချန်လော့က သူ့ကို လျစ်လျူရှုလိုက်ပြီး ကျောက်မန်ကို လှည့်ကြည့်လိုက်၏။

“ဒါနဲ့... အဲ့ဒီတုန်းက ချန်ရှင်းဂိုဏ်းက ဘာလို့ မင်းကို လာမကြိုတာလဲ”

ချန်လော့၏ အမြင်တွင် ချန်ရှင်းဂိုဏ်းသည် ကျောက်မန်ကို တော်တော်လေး တန်ဖိုးထားသင့်သည်။

‘အဆိပ်တစ်သောင်းခန္ဓာ’ဆိုသည်မှာ နှစ်သန်းပေါင်းများစွာမှ တစ်ယောက်သာ ပေါ်ထွက်လာနိုင်သော ရှားပါးလှသည့် ခန္ဓာကိုယ်မျိုး ဖြစ်သည်။

ကျောက်မန်က ခေါင်းယမ်းပြသည်။

“အဲ့ဒီတုန်းက လာကြိုမယ့်အဖွဲ့ ရှိပါတယ်”

“ပုံမှန်ဆိုရင် ငါက ကုန်သည်အဖွဲ့နဲ့ လိုက်လာပြီး တစ်ပတ်လောက်ဆို ကြိုမယ့်အဖွဲ့နဲ့ ဆုံရမှာ။ အကယ်၍ လမ်းမှာ တစ်ခုခုမှားယွင်းခဲ့ရင် နေရာရွေ့ပြောင်းခြင်း မှော်စာရွက်ကို သုံးပြီး အရှေ့ကို ခုန်ကျော်သွားရမှာ။ ဒါဆိုရင် အလွန်ဆုံး နှစ်ရက် သုံးရက်အတွင်း ကြိုမယ့်အဖွဲ့ကို တွေ့ရမှာပဲ”

“ဒါပေမဲ့ ငါတို့ လမ်းမှာ ဘာကြိုဆိုရေးအဖွဲ့မှ မတွေ့မိပါဘူး”

ချန်လော့က ထပ်လောင်း ပြောလိုက်သည်။

ထိုအခါ ကျောက်မန်က ချန်လော့ကို မျက်စောင်းထိုးလိုက်၏။

“အဲ့ဒါက တစ်ယောက်ယောက်က ငါ့ရဲ့ မှော်စာရွက်ကို လုဖို့ ကြိုးစားခဲ့လို့လေ၊ အဲ့တာက တစ်ယောက်တည်းပဲ‌ နေရာရွေ့ပြောင်းလို့ ရတာ။ မဟုတ်ရင် ‌ တည်နေရာက အကြီးအကျယ် လွဲချော်သွားတာပေါ့။ ကြိုမယ့်အဖွဲ့နဲ့ ဆုံဖို့ဆိုရင် ရက်အတော်ကြာ လမ်းလွှဲသွားရမှာ၊ အဲ့ဒါက မိစ္ဆာဂိုဏ်းဆီ တိုက်ရိုက်သွားတာထက် ပိုပြီး အန္တရာယ်များတယ်လေ”

ချန်လော့က ပုခုံးတွန့်လိုက်သည်။

“ဒါက ငါ့အပြစ်လား၊ ချန်ရှင်းဂိုဏ်းက သေချာ မစဉ်းစားထားလို့ ဖြစ်တာ”

ကျောက်မန်: ...

“ဒါနဲ့... မိစ္ဆာတာအိုဘက်က လူတွေက မင်းကို တန်းလွှတ်ပြီးမကြိုနိုင်ဘူးလား၊ မင်းကို ဒီလောက်ဝေးတဲ့လမ်းကို တစ်ယောက်တည်း လွှတ်ထားတယ်၊ ဖြောင့်မတ်တာအိုဂိုဏ်းက လူတွေ ဝိုင်းတိုက်ခံရနိုင်တာ သိသိကြီးနဲ့”

ချန်လော့က အပြစ်အားလုံးကို ချန်ရှင်းဂိုဏ်းပေါ်သို့ ပုံချလိုက်ပြန်သည်။

ကျောက်မန် မဖြေရသေးမီ မူရှာရှာက ခေါင်းယမ်းကာ ဝင်ပြောလိုက်သည်။

“အဲ့ဒါက မဖြစ်နိုင်ဘူး... အဲ့ဒီလိုလုပ်တာက ဖြောင့်မတ်တာအိုဂိုဏ်းနဲ့ မိစ္ဆာတာအိုဂိုဏ်းအကြား ချုပ်ဆိုထားတဲ့ သဘောတူညီချက်ကို ချိုးဖောက်တာ ဖြစ်သွားလိမ့်မယ်”

“သဘောတူညီချက်?”

ချန်လော့မှာ အံ့အားသင့်သွားသည်။ ဤအကြောင်းကို သူ ပထမဆုံးအကြိမ် ကြားဖူးခြင်းဖြစ်သည်။

ချန်လော့မှာ ဘာမှမသိသော လူသစ်တစ်ယောက်လို ဖြစ်နေသည်ကို မြင်သောအခါ မူရှာရှာက စိတ်ရှည်လက်ရှည် ရှင်းပြတော့သည်။

“လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေတုန်းက ထိုက်ရိဂိုဏ်း ဦးဆောင်တဲ့ ဖြောင့်မတ်တာအိုဂိုဏ်း အဖွဲ့အစည်းတွေဟာ မိစ္ဆာတာအိုဂိုဏ်းတွေကို တိုက်ခိုက်ခဲ့ကြတယ်၊ အစပိုင်းမှာ မိစ္ဆာတာအိုဘက်က ဂိုဏ်းတွေက တစ်ခုချင်းစီ ခုခံခဲ့ကြပေမဲ့ နောက်ပိုင်းမှာ သူတို့ကို မယှဉ်နိုင်မှန်း သိသွားတဲ့အခါ ‘မိစ္ဆာတာအို မဟာမိတ်အဖွဲ့’ ကို အမြန်ဆုံး ဖွဲ့စည်းခဲ့ကြတာပေါ့”

“အဲ့ဒီနောက်ပိုင်းမှာ နှစ်ဖက်စလုံးက အနိုင်အရှုံး အပြန်အလှန် ရှိခဲ့ကြပေမဲ့ ဘယ်သူကမှ တစ်ဖက်ကို အမြစ်ပြတ်အောင် မချေမှုန်းနိုင်ခဲ့ဘူး၊ သွေးကန္တာရဟာ သွေးကန္တာရ လျှို့ဝှက်နယ်မြေရှိတဲ့ နေရာဖြစ်လို့ နှစ်ဖက်စလုံးအတွက် အဓိက စစ်မြေပြင် ဖြစ်လာခဲ့တယ်”

“ဘယ်သူက သွေးကန္တာရ လျှို့ဝှက်နယ်မြေကို ထိန်းချုပ်နိုင်မလဲဆိုတာက သူတို့အတွက် အကြီးမားဆုံးသော အားသာချက်ဖြစ်လာမှာပဲလေ”

“ဒါကြောင့် သွေးကန္တာရကို ဗဟိုပြုပြီး စစ်ပွဲတွေ နှစ်ပေါင်းများစွာ ဖြစ်ပွားခဲ့တယ်။ ကျင့်ကြံသူတွေ ဘယ်လောက်တောင် သေကြေပျက်စီးခဲ့ရလဲဆိုတာ မသိနိုင်ဘူး၊ နတ်ဝိညာဉ်အဆင့် စွမ်းအားရှင်‌တွေတောင် အများကြီး ကျဆုံးခဲ့ရတယ်”

“နောက်ဆုံးမှာတော့ နှစ်ဖက်စလုံးက ဒီလို ဆက်တိုက်နေရင် ကောင်းကျိုးမရှိဘူး၊ နှစ်ဦးနှစ်ဖက် အကြီးအကျယ် ထိခိုက်ရုံပဲ ရှိမယ်ဆိုတာ သိသွားတဲ့အခါ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ လုပ်ခဲ့ကြတယ်”

“အဲ့ဒီအချိန်ကစပြီး သွေးကန္တာရ လျှို့ဝှက်နယ်မြေရဲ့ အဝင်ဝကို နယ်ခြားစည်းအဖြစ် သတ်မှတ်လိုက်ကြပြီး ဘယ်သူမှ စည်းကျော်ခွင့် မရှိဘူးလို့ သတ်မှတ်လိုက်ကြတာ”

“သွေးကန္တာရ လျှို့ဝှက်နယ်မြေကို နှစ်ဖက်စလုံးက ပူးတွဲပိုင်ဆိုင်ပြီး နယ်မြေပွင့်လာတဲ့အခါ နှစ်ဖက်စလုံးက တပည့်တွေကို အတူတူ စေလွှတ်ခွင့်ရမှာ ”

မူရှာရှာ၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် ချန်လော့က ခေါင်းညိတ်လိုက်သည်။

“ဒါဆို... အဲ့ဒီစည်းမျဉ်းကို ဘယ်သူမှ မချိုးဖောက်ခဲ့ဘူးလား”

မူရှာရှာက ခေါင်းယမ်းပြသည်။

“အစပိုင်းမှာတော့ တမင်တကာ နယ်စပ်ဖြတ်ကျော်ပြီး ရန်စတဲ့သူတွေ ရှိခဲ့ဖူးတယ်။ ဒါပေမဲ့ နှစ်ဖက်စလုံးက အဲ့ဒီကိစ္စကို အလွန်ပါးနပ်စွာ ကိုင်တွယ်ခဲ့ကြပြီး အချင်းချင်း နားလည်မှု ရှိခဲ့ကြတယ်”

“အကယ်၍ တစ်စုံတစ်ယောက်က နယ်ခြားစည်းကို ဖြတ်ကျော်သွားခဲ့ရင် အဲ့ဒီလူဟာ သူ့ရဲ့ မူလဂိုဏ်းကနေ နှုတ်ထွက်ပြီး ဂိုဏ်းမဲ့ကျင့်ကြံသူ ဖြစ်သွားပြီလို့ သတ်မှတ်လိုက်ကြတာ၊ အဲ့ဒီအခါ တစ်ဖက်ဂိုဏ်းက ကျင့်ကြံသူတွေက အဲ့ဒီလူကို တိုက်ရိုက် အရေးယူနိုင်ခွင့် ရှိသွားပြီ”

“အဲ့ဒီလူက သူ့ဂိုဏ်းကို ပြန်ပြေးလာရင်တောင်မှ သူ့ဂိုဏ်းက သူ့ကို အပြင်ကို ပြန်ထုတ်ပေးရတယ်၊ ဘာလို့လဲဆိုတော့ ဖြောင့်မတ်တာအိုဂိုဏ်းနဲ့ မိစ္ဆာတာအိုဂိုဏ်းကြားမှာ စစ်ပွဲကြီး ပြန်ဖြစ်လာမှာကို ဘယ်သူမှ မလိုလားကြဘူးလေ၊ လက်ရှိ မျှခြေအခြေအနေကို ထိန်းသိမ်းထားတာက အလုံခြုံဆုံးပဲဆိုတာ သူတို့ ကောင်းကောင်း သိထားကြလို့ပဲ”

All Chapters