အခန်း (၁၄၁-၁၄၂)
Vol. 15 Ch. 141-142
အခန်း (၁၄၁) ဓားပြတိုက်ခံရခြင်း
“ဒီအဆိပ်က... ကြည့်ရတာ တစ်ခုခုတော့ လွဲနေသလိုပဲ...”
ကုထျန်းရန်သည် စားဖိုဆောင်အတွင်း၌ ရပ်လျက် စားကြွင်းစားကျန်များထဲမှ ထုတ်ယူထားသော အဆိပ်ကို ကြည့်ကာ မျက်မှောင်ကြုတ်နေမိ၏။
ဤအဆိပ်သည် အဆိပ်တောင်ထွတ်ရှိ ရေတွင်းထဲမှ သူရှာဖွေတွေ့ရှိခဲ့သော အဆိပ်နှင့် ခုနစ်ဆယ်၊ ရှစ်ဆယ်ရာခိုင်နှုန်းခန့် ဆင်တူနေသည်။ အချို့သော အစိတ်အပိုင်းများကို ပြောင်းလဲထားပြီး အဆိပ်အမျိုးအစားအချို့ကို ဖယ်ရှားထားသော်လည်း အခြေခံပါဝင်ပစ္စည်းများမှာမူ အတူတူပင်။
“ဒါပေမဲ့ ဂိုဏ်းချုပ်ပြောတာတော့ ချန်လော့လည်း အဆိပ်မိသွားတယ် ဆိုတာပဲ...”
“သူက ဟန်ဆောင်နေတာများလား...”
ကုထျန်းရန်၏ မျက်ခုံးများ ချက်ချင်းပင် တွန့်ချိုးသွားသည်။
အရေးကြီးဆုံးအချက်မှာ သူသည် စားဖိုဆောင်ဝန်ထမ်းများကို စုံစမ်းမေးမြန်းခဲ့ရာ ယနေ့နံနက်တွင် စားဖိုမှူးများအပြင် ချန်လော့တစ်ယောက်သာ စောစောစီးစီး ရောက်လာခဲ့သည်ဟု သိရခြင်းပင်။
ဤအဆိပ်ခတ်မှုတွင် ချန်လော့နှင့် ပတ်သက်မှုတစ်ခုခု ရှိနေသည်မှာ အတော်လေး သံသယဖြစ်စရာပင်။
“ဒါကို ရှင်းရှင်းလင်းလင်း သိရဖို့ ဂိုဏ်းချုပ်ကို ထပ်မေးကြည့်ဦးမှပဲ...”
သူသည် စကားပြောရင်း လှည့်ကြည့်လိုက်သော်လည်း စားဖိုဆောင်ထဲတွင် ယွီထျန်းစီကို မတွေ့ရသဖြင့် ချက်ချင်းပင် မျက်မှောင်ကြုတ်သွားပြန်သည်။
“ဂိုဏ်းချုပ် ဘယ်မှာလဲ...”
သူက နံဘေးတွင် ရပ်နေသော တပည့်ဖြစ်သူကို လှည့်မေးလိုက်၏။
“ဂိုဏ်းချုပ်က စိတ်မကြည်မသာဖြစ်ပြီး ပင်ပန်းနေလို့ အနားယူဖို့ ပြန်သွားပြီလို့ ပြောပါတယ်...”
ထိုစကားကို ကြားသောအခါ ကုထျန်းရန်သည် ခဏမျှ စဉ်းစားပြီးနောက် သက်ပြင်းတစ်ချက် ချလိုက်သည်။
“ဒီလို မမျှော်လင့်ဘဲ ဖြစ်ပျက်သွားတဲ့ ကိစ္စက ချန်ရှင်းဂိုဏ်းကို အရှက်ရစေခဲ့တာပဲ... ဂိုဏ်းချုပ်လည်း ဖိအားတွေ အများကြီး ရှိနေမှာပေါ့...”
“ထားလိုက်ပါတော့... ဂိုဏ်းချုပ်နဲ့ မနက်ဖြန်မှပဲ စကားပြောကြတာပေါ့... ဒီနေ့တော့ သူ့ကို ကောင်းကောင်း အနားယူပါစေ...”
…
တစ်ချိန်တည်းမှာပင်။
ပင်မတောင်ထွတ်နှင့် မိုင်အနည်းငယ်အကွာ ကောင်းကင်ယံထက်၌…
ယွီထျန်းစီသည် ဓားပျံပေါ်တွင် ရပ်နေရင်း၊ မျက်နှာတွင်လည်း ဝမ်းနည်းရိပ်များဖြင့် ဖုံးလွှမ်းနေ၏။ သူသည် သက်ပြင်းကို ခဏခဏဆိုသလို လေးလေးပင်ပင် ချနေမိတော့သည်။
“ကောင်းမွန်လှတဲ့ မိစ္ဆာတာအိုပြိုင်ပွဲကြီးမှာ ဘယ်လိုဖြစ်လို့ ဒီလိုကိစ္စမျိုးက ရုတ်တရက်ကြီး ဖြစ်လာရတာလဲ...”
“အကယ်၍ လူတိုင်းက အဆိပ်မိနေကြရင် အခြေခံတည်ဆောက်ခြင်းအဆင့် ပြိုင်ပွဲမှာ ပထမရတာကရော အတည်ဖြစ်ဦးမှာလား...”
“ရွှေမြုတေအဆင့် ပြိုင်ပွဲကလည်း မနက်ဖြန်ကို ရွှေ့လိုက်ရပြီ... ဘာလို့ ပြဿနာတွေ ဒီလောက်တောင် များနေရတာလဲ...”
ဟူး~
ယွီထျန်းစီမှာ တွေးလေလေ ပို၍ စိတ်ပျက်အားငယ်လေလေ ဖြစ်နေ၏။
ထိုစဉ် သူ၏အကြည့်သည် မလှမ်းမကမ်းရှိ တောင်ကုန်းတစ်ခုဆီသို့ ရောက်သွားကာ အိမ်တစ်လုံးမှာ အကြောင်းရင်းမသိရဘဲ အပျက်အစီးများ ဖြစ်နေသည်ကို မြင်လိုက်ရသည်။
တစ်ချိန်က ပြည့်စုံလှပခဲ့သော အိမ်ကြီးမှာ တစ်ဝက်ခန့်သာ အကောင်းအတိုင်း ကျန်ရစ်ပြီး ကျန်တစ်ဝက်မှာမူ အပျက်အစီးပုံကြီးအဖြစ် ပြိုကျနေချေပြီ။
တပည့်အချို့မှာ အိမ်အောက်တွင် အပျက်အစီးပုံများကို ဖယ်ရှားရန် ကြိုးစားနေကြသည်။
“ဂျောက်~”
ကျယ်လောင်သော အသံကြီးနှင့်အတူ ယိုင်နဲ့နေသော အိမ်၏ အစိတ်အပိုင်း အတော်များများမှာ ထပ်မံပြိုကျသွားပြီး အောက်ရှိ တပည့်တစ်ဦးကို အရှင်လတ်လတ် မြှုပ်နှံလိုက်တော့သည်။ ထိုသည်ကို မြင်သောအခါ အခြားတပည့်များမှာ အပြေးအလွှား သွားရောက်ကာ ကျောက်ခဲပုံထဲမှ ဆွဲထုတ်လိုက်ကြရ၏။
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ယွီထျန်းစီ၏ ညှိုးငယ်နေသော မျက်နှာထက်တွင် မသိမသာ ပြုံးရိပ်တစ်ခု ထင်ဟပ်လာလေ၏။ ဤသည်မှာ ရယ်စရာကိစ္စ မဟုတ်သော်လည်း တစ်နေ့ကုန် ကံဆိုးမှုများနှင့် ရင်ဆိုင်နေရသော သူ့အတွက်မူ ရှားပါးလှသော ဖျော်ဖြေမှုတစ်ခုပင်။
အမှန်စင်စစ်... စိတ်မချမ်းသာဖြစ်နေသူ တစ်ဦးကို ချက်ချင်း စိတ်ကြည်လင်သွားစေသည့် အကောင်းဆုံး နည်းလမ်းမှာ အခြားသူတစ်ဦး၏ ကံဆိုးမှုကို မြင်တွေ့လိုက်ရခြင်းပင် မဟုတ်လော။
“ဟားဟား... ဒါနဲ့ ဒါက ဘယ်သူ့အိမ်လဲ... ဘယ်လိုဖြစ်လို့ ဒီလိုအခြေအနေထိ ရောက်သွားတာလဲ...”
သို့သော် သူ့ခမျာ စကားပင် မဆုံးလိုက်ချေ။ တစ်စုံတစ်ခုကို ရုတ်တရက် သတိပြုမိသွားကာ စူးစူးစိုက်စိုက် ကြည့်လိုက်မိသည်။
“နေဦး! ဒါက ပင်မတောင်ထွတ် မဟုတ်ဘူးလား”
“ဒါ ငါနေတဲ့ အိမ် မဟုတ်လား”
“တောက်! ဒါ ငါ့အိမ်ပဲ”
အခြေအနေကို သိရှိသွားချိန်တွင် ယွီထျန်းစီသည် သူ့အိမ်ဆီသို့ ချက်ချင်း အပြေးအလွှား သွားတော့သည်။
တပည့်များမှာ ယွီထျန်းစီ ရောက်လာသည်ကို မြင်သောအခါ သူတို့၏အလုပ်များကို ခေတ္တရပ်နားပြီး ဘေးသို့ ဖယ်ပေးလိုက်ကြ၏။
ယွီထျန်းစီသည် အိမ်ရှေ့တွင် ဆွံ့အလျက် ရပ်နေပြီး အချိန်အတော်ကြာအောင် စကားတစ်ခွန်းမှ မပြောနိုင်ဘဲ ရှိနေ၏။
“ဒါ ဘယ်သူလုပ်တာလဲ”
သူသည် ဟိန်းဟောက်လိုက်ပြီး အပျက်အစီးများကို ရှင်းလင်းနေသော တပည့်များကို စိုက်ကြည့်လိုက်သည်။
“ဂိုဏ်းချုပ်ကို တင်ပြပါတယ်... ကျွန်တော်တို့လည်း သေချာမသိပါဘူး... နေ့လယ်ပိုင်းမှာ ရုတ်တရက် ပေါက်ကွဲသံကြီး ကြားလိုက်ရပြီး အခုလို ဖြစ်သွားတာပါ...”
ထိုစကားကို ကြားသောအခါ ယွီထျန်းစီသည် တပည့်များဘက်သို့ ဝုန်းခနဲ လှည့်ကြည့်လိုက်၏။
“ဒီနေ့ နေ့လယ်ကလား၊ မင်းတို့ပြောချင်တာက ငါ့အိမ်က ဒီနေ့နေ့လယ်မှာတင် ပေါက်ကွဲသွားတာပေါ့”
“ဒါဆို ဘာလို့ ငါ့ကို ချက်ချင်း လာမပြောကြတာလဲ”
“ငါ ပြန်လာမှ ကိုယ့်မျက်စိနဲ့ကိုယ် မြင်ပြီး အံ့သြသွားအောင် စောင့်နေကြတာလား”
ထိုအခါ လူတိုင်း၏ အကြည့်မှာ အလယ်တွင် ရပ်နေသော တပည့်တစ်ဦးဆီသို့ ရောက်သွားကြသည်။ ယွီထျန်းစီသည်လည်း ထိုအကြည့်များနောက်သို့ လိုက်ကြည့်လိုက်ရာ ရင်းနှီးနေသော တပည့်တစ်ဦးကို တွေ့လိုက်ရ၏။ ထိုတပည့်၏ မျက်နှာမှာလည်း အားကိုးရာမဲ့နေဟန် ရှိသည်။
“ဂိုဏ်းချုပ်... ကျွန်တော် လာပြောဖို့ လုပ်ပါသေးတယ်... ဒါပေမဲ့ ဂိုဏ်းချုပ်က ပြဿနာမရှာနဲ့ဦး၊ အဆိပ်ခတ်တဲ့လူကို ရှာတွေ့မှ လာပြောဆိုပြီး ဆူလိုက်တာလေ...”
ထိုစကားကို ကြားလိုက်ရချိန်တွင် ယွီထျန်းစီသည် ယနေ့နေ့လယ်က ဖြစ်ပျက်ခဲ့သည်များကို ပြန်လည်သတိရသွားသည်။ သူသည် အဆိပ်ခတ်ခံရသည့် ကိစ္စကြောင့် စိတ်တိုဒေါသထွက်နေသဖြင့် သတင်းလာပို့သော တပည့်ကိုပင် ကောင်းကောင်းကြီး ကြိမ်းမောင်းလွှတ်လိုက်မိသည်။
ထိုအကြောင်းကို တွေးမိသောအခါ သူသည် အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွားပြီး ဘာပြောရမှန်း မသိတော့ချေ။
“သွားကြတော့၊ အကုန်လုံး ထွက်သွားကြစမ်း”
နောက်ဆုံးတွင် ယွီထျန်းစီမှာ ဒေါသကို မျိုသိပ်ရင်း တပည့်များကို မောင်းထုတ်လိုက်ရုံသာ တတ်နိုင်တော့သည်။
သို့သော် မထွက်ခွာမီ တပည့်တစ်ဦးက တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် လှည့်ပြောလိုက်၏။
“ဒါနဲ့ ဂိုဏ်းချုပ်... မပေါက်ကွဲခင်တုန်းက ချန်လော့... စီနီယာအစ်ကိုက ဒီကို ရောက်နေခဲ့ပါတယ်...”
“သူက ပေါက်ကွဲပြီး မကြာခင်မှာပဲ ထွက်သွားတာ... ထွက်သွားတုန်းကလည်း သူ့မှာ ဒဏ်ရာတွေနဲ့ ...”
ထိုစကားကို ကြားလိုက်ရချိန်တွင် ယွီထျန်းစီသည် ချက်ချင်းပင် အံကြိတ်လိုက်တော့သည်။
“ချန်လော့ ၊ အဲ့ဒီ နွားမသားလေး”
“ငါ မင်းကို ဘာများ လုပ်မိလို့လဲ ၊ ငါ့အိမ်ကို လာဖောက်ခွဲရအောင်”
သို့ရာတွင် အော်ဟစ်ပြီးနောက် ယွီထျန်းစီသည် ရုတ်တရက် ကြောင်အမ်းသွားသည်။ သူ့ စိတ်ထဲတွင် ရဲတင်းလွန်းပြီး မယုံကြည်နိုင်စရာကောင်းသော အတွေးတစ်ခု ဖြတ်ပြေးသွား၏။
“အဲ့ဒီကောင်လေးက ငါ အဆိပ်ခတ်တဲ့ကိစ္စကို ကိုင်တွယ်နေတာကို အခွင့်ကောင်းယူပြီး တစ်ခုခုကို လာခိုးသွားတာများလား...”
ဤအတွေးမှာ ရဲတင်းလွန်းသည်ဟု ထင်ရသော်လည်း ထိုကောင်လေးမှာ ဤမျှအထိ လုပ်ရဲသည့် သတ္တိမျိုး ရှိသည်ကို သူ ကောင်းကောင်းသိသည်။ အထူးသဖြင့် သူ၏ဆရာဖြစ်သူ လောချင်းယွီက သူ့ကို သေချာပေါက် ကာကွယ်ပေးမည်ကို သိနေသည် မဟုတ်လော။
ထိုသို့ တွေးမိသည်နှင့် ယွီထျန်းစီသည် ဘာမှ ထပ်မပြောတော့ဘဲ တစ်ဝက်ခန့်သာ ကျန်ရှိတော့သော အိမ်ထဲသို့ ပြေးဝင်သွားတော့သည်။ ထို့နောက် ရှာဖွေကြည့်ပြီးချိန်တွင် အမှန်တရားတစ်ခုကို သူ အတည်ပြုနိုင်လိုက်၏။
သူ တကယ်ကြီး ဓားပြတိုက်ခံလိုက်ရချေပြီ။
မဟုတ်သေးဘူး... အခြေအနေအရ ကြည့်လျှင် ခိုးယူခံရသည်ဟု ပြောခြင်းမှာ အားနည်းလွန်းသည်။ အတိအကျ ပြောရလျှင် ဓားပြတိုက်ခံလိုက်ရခြင်းပင် ဖြစ်ပေ၏။
အခန်းထဲရှိ ဝိညာဉ်ဆေးများ၊ ဝိညာဉ်ကျောက်တုံးများ၊ မှော်လက်နက်များနှင့် အခြားသော ပစ္စည်းအမျိုးမျိုး အကုန်လုံး ခိုးယူခံလိုက်ရသည်။
ထိုပစ္စည်းများသည် သူ၏ ချမ်းသာကြွယ်ဝမှုအားလုံးကို ကိုယ်စားမပြုသော်လည်း အားလုံးပေါင်းလိုက်လျှင် အနည်းဆုံး ဝိညာဉ်ကျောက်တုံး သောင်းချီ တန်ဖိုးရှိပေ၏။
“မင်းလို ကောင်မျိုးကတော့ကွာ.. ချန်လော့ ငါ မင်းကို သတ်ပစ်မယ်!”
ယွီထျန်းစီသည် အံကြိတ်လျက် အော်ဟစ်လိုက်ပြီး သူ၏မျက်လုံးများတွင် သတ်ဖြတ်လိုသော အရိပ်အယောင်များ ထင်ဟပ်လာ၏။ သူသည် ဓားပျံကို ဆင့်ခေါ်လိုက်ပြီး ချင်းယန်တောင်ထွတ်သို့ ချက်ချင်း ဦးတည်ရန် ပြင်လိုက်သည်။
ယခုတစ်ကြိမ်တွင် လောချင်းယွီက တားဆီးရန် ကြိုးစားလျှင်ပင် သူသည် ချန်လော့ကို မေ့မရနိုင်သော သင်ခန်းစာတစ်ခု ပေးရမည်ဟု ဆုံးဖြတ်ထားသည်။ သေချင်သော်လည်း မသေနိုင်၊ ရှင်ချင်သော်လည်း မရှင်နိုင်သည့် အရသာမှာ မည်သို့ရှိသည်ကို သူ သိအောင် လုပ်ပြရပေမည်။
ယွီထျန်းစီသည် ဓားပျံပေါ်သို့ တက်လိုက်ပြီး ထွက်ခွာရန် ပြင်လိုက်စဉ် သူ၏အကြည့်သည် ကုတင်ပေါ်ရှိ ခေါင်းအုံးဆီသို့ ရုတ်တရက် ကျရောက်သွားသည်။ ထိုခေါင်းအုံးကို တစ်စုံတစ်ယောက် က ရွှေ့ထားသကဲ့သို့ပင်။
“မဖြစ်နိုင်တာ... မဖြစ်နိုင်ဘူး...”
ယွီထျန်းစီမှာ စကားပင် မဟရဲတော့ဘဲ သူ၏ စိတ်ထဲတွင် ကြောက်ရွံ့မှုများ တိုးဝင်လာခဲ့သည်။
“ပေါက်ကွဲမှုရဲ့ တုန်ခါမှုကြောင့် ခေါင်းအုံးက အနည်းငယ် ရွေ့သွားတာ ဖြစ်မှာပါ...”
“ဟုတ်တယ်... ဒါပဲ ဖြစ်ရမယ်”
ယွီထျန်းစီသည် မိမိကိုယ်ကိုယ် လှည့်စားကာ အားပေးနေမိသည်။ သို့သော် သူ၏လက်က ခေါင်းအုံးကို မလိုက်သည့် ခဏတွင် ၊ သူ၏ ထင်ယောင်ထင်မှားဖြစ်မှု အားလုံးမှာ ပေါက်ကွဲသွားသော ပူဖောင်းတစ်ခုကဲ့သို့ လုံးလုံးလျားလျား ပျောက်ကွယ်သွားတော့သည်။
သူ ခေါင်းအုံးအောက်တွင် အမြတ်တနိုး ဝှက်ထားသော ပန်းချီကားမှာလည်း ခိုးယူခံလိုက်ရချေပြီ။
အခန်း (၁၄၂) ကျေးဇူးတင်ပါတယ် ဆရာ
ချင်းယန်တောင်ထွတ် ။
လောချင်းယွီသည် ချင်းယန်တောင်ထွတ်ရှိ သူမ၏ နေအိမ်သို့ ပြန်ရောက်လာချိန်တွင် အခန်းထဲသို့ပင် မဝင်ရသေးမီ တစ်စုံတစ်ခု မှားယွင်းနေသည်ကို အာရုံခံမိလိုက်သည်။
“ထွက်ခဲ့တော့...”
သူမက တိုးညှင်းစွာ ပြောလိုက်သည်။
ထိုခဏတွင် ချန်လော့သည် ဘေးဘက်မှ ဖြည်းဖြည်းချင်း လမ်းလျှောက်ထွက်လာသည်။ သူ၏ ခေါင်းတွင် ပတ်တီးများ ပတ်ထားပြီး ဒဏ်ရာရထားပုံသည်။
“ဆရာ... ပြန်လာပြီလား...”
ချန်လော့က ပြုံးပြလိုက်ပြီး သူမအနီးသို့ အမြန် တိုးကပ်သွားသည်။
“ငါ့ဆီက ဘာလိုချင်လို့လဲ...”
လောချင်းယွီက စကားအပိုမပြောဘဲ တိုက်ရိုက်ပင် မေးမြန်းလိုက်၏။
“ဟို... ဆရာ... ကျွန်တော် ခဏလောက် တံခါးပိတ်ကျင့်ကြံချင်လို့ပါ...”
လောချင်းယွီက ခေါင်းညိတ်ပြလိုက်သည်။
“ဒါဆိုလည်း သွားလေ...”
လောချင်းယွီမှာ သူ၏ ဆိုလိုရင်းကို နားမလည်သေးပုံရသဖြင့် ချန်လော့က ဆက်လက် ရှင်းပြလိုက်၏။
“ဟို... ကျွန်တော် ဆိုလိုတာက ဒီမှာ ဆရာနဲ့အတူတူ...”
“ဒီမှာ...”
လောချင်းယွီသည် မျက်မှောင်ကြုတ်လိုက်မိပြီး အခြေအနေကို ရိပ်မိသွားတော့သည်။
ချန်လော့၏ ရည်ရွယ်ချက်အစစ်အမှန်မှာ အခြားတစ်နေရာတွင် ရှိနေချေပြီ။
အကယ်၍ သူသည် အမှန်တကယ် ကျင့်ကြံလိုပြီး အနှောင့်အယှက် ခံရမည်ကို စိုးရိမ်ပါက လောချင်းယွီကို ပြောရုံနှင့် အရာအားလုံး အဆင်ပြေနိုင်သည်။ သို့သော် ချန်လော့က သူမ၏ နေအိမ်မှာပင် လာရောက် အောင်းနေသည်မှာ အဓိပ္ပာယ် တစ်ခုသာ ရှိပေ၏။
ဒီကောင်လေး ပြဿနာရှာလာပြန်ပြီ!
ကျင့်ကြံလိုသည်မှာ အကြောင်းပြချက်သက်သက်သာ ဖြစ်ပြီး အမှန်စင်စစ်မှာမူ ခိုလှုံခွင့် လာတောင်းခြင်းပင်။
“မင်း အခု ဘာတွေ လုပ်လာပြန်ပြီလဲ...”
လောချင်းယွီသည် ချန်လော့ကို စိုက်ကြည့်လိုက်သည်။ သူမသည် ချန်လော့ကို ၂၄ နာရီလုံး စောင့်ကြည့်မနေနိုင်သဖြင့် ယခုတစ်ကြိမ်တွင် သူ ဘာတွေ လုပ်ခဲ့သည်ကို မသိထားချေ။
“မဟုတ်ပါဘူး ဆရာရယ်... ကျွန်တော့်ကို အဲ့လို အမြင်စောင်းပြီး မကြည့်ပါနဲ့ဦး...”
“ကျွန်တော် ချန်လော့က အလုပ်မရှိ အလုပ်ရှာပြီး ပြဿနာလျှောက်ရှာနေမယ့် လူမျိုးလို့ ထင်နေတာလား...”
“မင်းက အဲ့လိုလူ မဟုတ်လို့လား...”
လောချင်းယွီက ပြန်မေးချင်စိတ် ပေါက်သွားသော်လည်း ချန်လော့နှင့် စကားအရှည်ကြီး မပြောချင်တော့ပေ။
“အကယ်၍ မင်း မပြောချင်ဘူးဆိုရင်လည်း မင်းရဲ့ နေရာကို ပြန်ပြီး အောင်းနေတော့...”
ထိုသို့ပြောပြီးနောက် လောချင်းယွီသည် အိမ်ထဲသို့ တိုက်ရိုက် ဝင်သွားရန် ပြင်လိုက်သည်။
လောချင်းယွီက သူ့ကို မောင်းထုတ်ရန် ပြင်နေသည်ကို မြင်သောအခါ ချန်လော့က အမြန် တားလိုက်၏။
“မလုပ်ပါနဲ့ ဆရာ၊ မဟုတ်ဘူး! ကျွန်တော် ပြောပါ့မယ် ဝန်ခံပါ့မယ် ၊ ကျွန်တော် ကိုယ်တိုင် အဖမ်းခံပါ့မယ်..ကျေးဇူးပြုပြီး သက်ညှာပေးပါ”
လောချင်းယွီက ခြေလှမ်းရပ်ကာ ချန်လော့ကိုကြည့်လိုက်သည်။
“တကယ်တော့ အဲ့ဒါက ဘာမှ မဟုတ်ပါဘူး... ဒီနေ့နေ့လယ်က ပျင်းပျင်းနဲ့ ပင်မတောင်ထွတ်ကို သွားလိုက်မိတာ...”
“အင်း...”
“အဲ့ဒီမှာ ရုတ်တရက် သတိရသွားတာက ဂိုဏ်းချုပ်က ကျွန်တော့်ကို ကတိပေးထားတာလေ... အခြေခံတည်ဆောက်ခြင်းအဆင့် ပြိုင်ပွဲမှာ ပထမရရင် ဝိညာဉ်ကျောက်တုံး တစ်သိန်း ပေးမယ်ဆိုတာ…”
“ဟင်~”
“ငါးသောင်း...”
“ဟမ်”
“နှစ်သောင်း... ဒါ အနည်းဆုံးပဲ...”
လောချင်းယွီသည် ချန်လော့ကို တစ်ချက် ကြည့်လိုက်သည်။ သူ အမှန်အတိုင်း ပြောနေခြင်း မဟုတ်သည်ကို သူမ သိသော်လည်း နှစ်သောင်းဆိုသည့် ပမာဏမှာ သူမအတွက်မူ များပြားလှသည် မဟုတ်ချေ။
လောချင်းယွီက ဘာမှ ထပ်မပြောတော့သည်ကို မြင်ရသောအခါ ချန်လော့၏ ရင်ထဲတွင် တဆစ်ဆစ် နာကျင်သွားသည်။ သူ၏ ကမ်းလှမ်းမှုမှာ နည်းလွန်းနေပုံရသည်။ တစ်ခါတည်းနှင့် တစ်သောင်းစီ လျှော့ချပစ်လိုက်မိသည် မဟုတ်လော။ သို့သော် ယခုအချိန်တွင်မူ ထိုသုံးသောင်း၊ ငါးသောင်းအတွက် ငြင်းခုံမနေလိုတော့ချေ။
“အဲ့ဒါနဲ့ ကျွန်တော် တွေးလိုက်မိတယ်... ပင်မတောင်ထွတ်ကိုလည်း ရောက်နေပြီဆိုတော့ ဂိုဏ်းချုပ်ကို အလုပ်မရှုပ်စေတော့ဘဲ ဝိညာဉ်ကျောက်တုံးတွေကို ကိုယ့်ဘာသာကိုယ်ပဲ ယူလိုက်တော့မယ်ပေါ့...”
“ဂိုဏ်းချုပ်ရဲ့ နေရာကို တန်းသွားပြီး အထဲဝင်ဖို့ ကြိုးစားလိုက်တဲ့အချိန်မှာ ဘာဖြစ်သွားလဲ သိလား”
ချန်လော့သည် လောချင်းယွီကို ကြည့်လိုက်သော်လည်း သူမက ဘာမှ ပြန်ပြောမည့်ပုံ မပေါ်သဖြင့် သူကပဲ ရှက်ကိုးရှက်ကန်း ပြုံးကာ ဆက်ပြောလိုက်ရ၏။
“အဲ့ဒီတံခါးမှာ ကာကွယ်ထားတဲ့ ဝင်္ကပါတစ်ခု ရှိနေတာကို တွေ့လိုက်ရတယ်...”
“ဆရာလည်း သိတဲ့အတိုင်း ကျွန်တော်က ဝင်္ကပါအတတ်ပညာကို ကျွမ်းကျင်တဲ့ ကျင့်ကြံသူတစ်ယောက်လေ... ဝင်္ကပါတွေကို အရမ်း ဝါသနာပါတာဆိုတော့ အားရင် အားသလို အခန်းထဲမှာ ဝင်္ကပါတွေနဲ့ ဆော့နေတတ်တာ... အဲ့ဒါနဲ့ အဲ့ဒီဝင်္ကပါကို ကြည့်ပြီး ဘယ်လို ဖြေရှင်းရမလဲဆိုတာကို စဉ်းစားကြည့်လိုက်မိတယ်...”
“မင်း ဖြေရှင်းနိုင်ခဲ့တာလား...”
လောချင်းယွီက စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။
သူမသည် ပင်မတောင်ထွတ်သို့ ရောက်ဖူးသဖြင့် ယွီထျန်းစီ၏ အဝင်ဝတွင် မည်သို့သော ဝင်္ကပါ ရှိသည်ကို သိ၏။
ယင်းမှာ ယွီထျန်းစီ ကိုယ်တိုင် တည်ဆောက်ထားသော စတုတ္ထအဆင့် ဝင်္ကပါ ဖြစ်ပေသည်။ သို့သော် ယွီထျန်းစီ၏ ဝင်္ကပါစွမ်းရည်မှာ စစ်မှန်သော စတုတ္ထအဆင့် ဝင်္ကပါဆရာအဆင့်သို့ မရောက်သေးသဖြင့် တတိယအဆင့် ဝင်္ကပါများကို ပေါင်းစပ်ထားသည့် စတုတ္ထအဆင့်ရှိ ပေါင်းစပ်ဝင်္ကပါ တစ်ခုသာ ဖြစ်သည်။
အကယ်၍ ချန်လော့က ယင်းကို ဖြေရှင်းနိုင်ခဲ့လျှင် သူ၏ ဝင်္ကပါပါရမီမှာ သာမန် မဟုတ်တော့ချေ။
ချန်လော့၏ နှုတ်ခမ်းထက်တွင် ကောက်ကျစ်သော အပြုံးတစ်ခု ထင်ဟပ်လာသည်။
“ကျွန်တော် အောင်အောင်မြင်မြင်နဲ့ တာဝန်ကျေပွန်ခဲ့ပါတယ်...”
သို့သော် သူ၏စကားပင် မဆုံးသေးမီ လောချင်းယွီက သူ့ကို တစ်ချက် ကြည့်လိုက်သည်။
“တာဝန်ကျေပွန်ခဲ့တယ် ဟုတ်လား...”
ချန်လော့က ထိုဝင်္ကပါကြီးကို သွားဖျက်ဆီးခဲ့သည်မှာ တာဝန်တစ်ခုကို ထမ်းဆောင်ခဲ့သလိုပင်။
သို့သော် လောချင်းယွီမှာ စိတ်ဝင်စားနေဆဲပင်။
“မင်း အဲ့ဒီဝင်္ကပါကို ဘယ်လို ဖောက်ထွင်းခဲ့တာလဲ...”
“ဪ... ဖျက်ဆီးခြင်းနည်းလမ်းနဲ့ ဖောက်ခွဲလိုက်တာပါ...”
ထိုစကားကို ကြားသောအခါ လောချင်းယွီ၏ နှုတ်ခမ်းများ တွန့်သွားတော့သည်။
ဖျက်ဆီးခြင်းနည်းလမ်းဆိုသည်မှာ အမှန်စင်စစ် “အင်အားသုံး ဖျက်ဆီးခြင်း” ပင် မဟုတ်လော။ ထို့နောက် ချန်လော့၏ ခေါင်းပေါ်ရှိ ပတ်တီးများကို ကြည့်ကာ ထိုဒဏ်ရာမှာ မည်သို့ ရလာသည်ကို သူမ နားလည်သွားပေ၏။
“ဆက်ပြောဦး...”
လောချင်းယွီက အချက်ပြလိုက်သည်။
ချန်လော့က ခေါင်းငြိမ့်လိုက်၏။
“ပေါက်ကွဲမှုရဲ့ တုန်ခါမှုက တော်တော်လေး ပြင်းထန်တယ်... ကျွန်တော်လည်း တော်တော်လေး ဒဏ်ရာရသွားတယ်... ဒါပေမဲ့ ဂိုဏ်းချုပ်ဆီကတော့ ကုသစရိတ် တောင်းဖို့ အစီအစဉ် မရှိပါဘူး...”
“……”
လောချင်းယွီသည် ချန်လော့ကို တစ်ချက်လောက် ပိတ်ရိုက်ချင်စိတ် ပေါက်သွားသည်။
ကုသစရိတ် ဟုတ်လား... ဒီစကားကို ဘယ်လိုများ ပြောထွက်တာလဲ။
“အဲ့ဒီနောက်မှာ... ဂိုဏ်းချုပ်ရဲ့ အိမ်ကလည်း အနည်းငယ် ထိခိုက်ပျက်စီးသွားတယ်...”
…
ဒါပဲလား..
လောချင်းယွီသည် ချန်လော့ တစ်စုံတစ်ခု ထပ်ပြောဦးမည်ဟု မျှော်လင့်ကာ စောင့်နေမိသည်။
ဒါအကုန်ပဲလား..
အမှန်အတိုင်း ပြောရလျှင် ယွီထျန်းစီ၏ အိမ်ကို မတော်တဆ ဖောက်ခွဲမိသွားရုံသက်သက်ပင် မဟုတ်လော။ ဤသည်မှာ ကြီးကျယ်သော ကိစ္စကြီး မဟုတ်ချေ။
ချန်ရှင်းဂိုဏ်းရှိ အကြီးအကဲများ၏ နေအိမ်များကို လောချင်းယွီ ကိုယ်တိုင်လည်း ဖောက်ခွဲခဲ့ဖူးသည် မဟုတ်လော။
ချန်လော့မှာ လောချင်းယွီကို ကြည့်ရင်း စိတ်ထဲတွင် ပြင်းထန်စွာ တိုက်ပွဲဝင်နေရ၏။ နောက်ဆုံးတွင် သူသည် အံကြိတ်ကာ ဆက်ပြောလိုက်သည်။
“ကျွန်တော် ပစ္စည်းယူတဲ့အခါကျရင်လည်း... ယူသင့်တာထက် အနည်းငယ်လေး ပိုယူမိတတ်တယ်...”
ချန်လော့သည် သူ၏ လက်ညှိုးနှင့် လက်မကို ကပ်ပြကာ ပြောလိုက်ပေ၏။
ထိုစကားကို ကြားရချိန်တွင် လောချင်းယွီ၏ မျက်နှာထက်၌ အားကိုးရာမဲ့သော အပြုံးတစ်ခု ထင်ဟပ်လာသည်။
ချန်လော့သည် အိမ်ဖောက်ခွဲမိရုံသက်သက်နှင့် သူမဆီသို့ လာမည် မဟုတ်သည်ကို သူမ သိနေသည်။
လောချင်းယွီက စကားအပိုမပြောတော့ဘဲ သိုလှောင်အိတ်တစ်ခုကို ထုတ်ကာ ချန်လော့ဆီသို့ ပစ်ပေးလိုက်သည်။
“ပိုယူလာတာတွေကို အဲ့ဒီအိတ်ထဲ ထည့်လိုက်တော့... ယွီထျန်းစီ ရောက်လာရင် ငါ ပြန်ပေးလိုက်မယ်...”
ချန်လော့သည် လက်ထဲရှိ သိုလှောင်အိတ်ကို ကြည့်ကာ ရင်ထဲတွင် နာကျင်သွားရ၏။ ဤအရာအားလုံးမှာ သူ၏ ပင်ပန်းဆင်းရဲမှုများကြောင့် ရရှိလာခြင်းဖြစ်သော်လည်း ယခုအခါ ပြန်ပေးရတော့မည် မဟုတ်လော။
သို့သော် ချန်လော့သည်လည်း ကောင်းကောင်း သိထားသည်။ အကယ်၍ သူသည် မိမိ၏ အကျိုးစီးပွားကို ကာကွယ်လိုလျှင် အချို့သောအရာများကို စွန့်လွှတ်ရပေမည်။ မဟုတ်ပါက နောက်ဆုံးတွင် ဘာမှ ရရှိတော့မည် မဟုတ်ချေ။
ထို့ကြောင့် ချန်လော့သည် ရင်နာနာနှင့်ပင် ပစ္စည်းများကို သိုလှောင်အိတ်ထဲသို့ စတင် ထည့်သွင်းတော့သည်။ ဘေးတွင် ရပ်နေသော လောချင်းယွီမှာမူ ချန်လော့၏ သိုလှောင်အိတ်ထဲမှ ထွက်လာသော ပစ္စည်းများကို ကြည့်ကာ ဆွံ့အသွားရ၏။
မှော်လက်နက် ငါးခု၊ တန်ဖိုးကြီး ဝိညာဉ်ဆေးပင် ရာချီ၊ အဆင့် ၅ ဆေးလုံး ခြောက်လုံးနှင့် အဆင့် ၄ ဆေးလုံး ဒါဇင်ပေါင်းများစွာ…
ဒါကို အနည်းငယ်လေး ပိုယူတယ်လို့ ခေါ်တာလား။
မကြာမီတွင် ချန်လော့သည် ပိုနေသော ပစ္စည်းအားလုံးကို သိုလှောင်အိတ်ထဲသို့ ထည့်လိုက်ပြီး ဝိညာဉ်ကျောက်တုံး သုံးသောင်း၊ မှော်လက်နက် တစ်ခု၊ လျို့ဝှက် လက်နက် နှစ်ခုနှင့် ဝိညာဉ်ဆေးပင် အပင် အနည်းငယ်ကိုသာ မိမိအတွက် ချန်ထားလိုက်သည်။
သိုလှောင်အိတ်ထဲရှိ ပစ္စည်းများကို ကြည့်ရင်း ချန်လော့မှာ ရင်နာနေဆဲပင်။ ထို့နောက် သူသည် လောချင်းယွီကို ကြည့်လိုက်၏။
“ဆရာ... ကျွန်တော် နောက်ထပ် နည်းနည်းလောက် ထပ်ယူထားလို့ ရမလား...”
လောချင်းယွီက သူ့ကို တစ်ချက်ကြည့်ကာ မေးလိုက်သည်။
“မင်း ဘယ်လို ထင်လို့လဲ...”
“ကျေးဇူးတင်ပါတယ် ဆရာ...”
ထိုသို့ ပြောပြီးနောက် ချန်လော့သည် သိုလှောင်အိတ်ထဲမှ မှော်လက်နက်တစ်ခုနှင့် ပန်းချီလိပ်တစ်ခုကို အမြန်ဆွဲယူကာ လောချင်းယွီ၏ နေအိမ်ထဲသို့ ပြေးဝင်သွားတော့သည်။
လောချင်းယွီ: ???
မင်းက ကောင်းကောင်းပြောတာကို နားမလည်တာလား၊ နားမလည်ချင်ယောင် ဆောင်နေတာလား။