← Chapters

အခန်း (၁၄၃-၁၄၄)

Vol. 15 Ch. 143-144

အခန်း (၁၄၃-၁၄၄)

Vol. 15 Ch. 143-144

အခန်း (၁၄၃) ပန်းချီလိပ်

ချန်လော့တစ်ယောက် အထဲသို့ပြေးဝင်သွားသည်နှင့် တစ်ပြိုင်နက် တောင်ခါးပန်းဆီမှ နားစည်ကွဲလုမတတ် ဟိန်းဟောက်သံကြီး တစ်သံ ထွက်ပေါ်လာ၏။

ထို့နောက် မီးတောက်များမှာ တစ်ကောင်းကင်လုံးသို့ ပျံ့နှံ့သွားကာ တစ်ညတာလုံးကို လင်းထိန်သွားစေတော့သည်။

ဤသည်ကို မြင်သောအခါ လောချင်းယွီသည် မျက်မှောင်ကြုတ်လိုက်မိပြီး သူမ၏ မျက်လုံးများထဲတွင် ဒေါသအရိပ်အယောင်များ ဖြတ်ပြေးသွား၏။

ယွီထျန်းစီ ရောက်လာပြီး ချန်လော့၏ အိမ်ကို ဖောက်ခွဲပစ်လိုက်သည်မှာ သေချာသလောက်ပင်။

သူမ၏ အိမ်ကို ဖောက်ခွဲခံရခြင်း မဟုတ်သော်လည်း ဤမြေနေရာမှာ သူမ ပိုင်ဆိုင်သော ချင်းယန်တောင်ထွတ် ဖြစ်သည်။

ဤနေရာတွင် ရမ်းကားရဲသည်ဆိုသည်မှာ သူမ၏ မျက်နှာကို မထောက်ထားခြင်းပင် မဟုတ်လော။

မကြာမီတွင် ယွီထျန်းစီသည် လောချင်းယွီ၏ ရှေ့မှောက်သို့ ရောက်ရှိလာတော့သည်။

“ချန်လော့…”

“ဘုန်း!”

ယွီထျန်းစီမှာ ပါးစပ်ဟရုံသာ ရှိသေးသည်၊ ချက်ချင်း လွင့်ထွက်သွားသည်။ လောချင်းယွီသည် မြေပြင်ပေါ်တွင် လဲကျနေသော ယွီထျန်းစီကို အေးစက်စက် အကြည့်ဖြင့် ကြည့်လိုက်၏။

“မင်းက ငါ့ရဲ့ ချင်းယန်တောင်ထွတ်ပေါ်မှာ အိမ်လာဖောက်ခွဲရဲတယ်ပေါ့... ငါ သေသွားပြီလို့ ထင်နေတာလား...”

ယွီထျန်းစီသည် မြေပြင်မှ တဖြည်းဖြည်း ထလာပြီး လောချင်းယွီကို ဒေါသတကြီး ကြည့်လိုက်၏။

“မင်းရဲ့ တပည့်လိမ္မာလေးက ငါ့အိမ်ကို ဖောက်ခွဲပြီး ငါ့ဆီက ရတနာတွေအများကြီး ခိုးသွားတာလေ”

“ဒါဆိုလည်း သူ့ကို သွားဖောက်ခွဲလေ...”

လောချင်းယွီက အေးစက်စွာ ပြောလိုက်သည်။

ဤစကားကြောင့် ယွီထျန်းစီမှာ လုံးလုံးလျားလျား ဆွံ့အသွားတော့သည်။ သူသည် တစ်စုံတစ်ခုကို ပြောရန် ပါးစပ်ဟလိုက်သော်လည်း အချိန်အတော်ကြာအောင် စကားတစ်ခွန်းမှ ထွက်မလာချေ။

သူသည် ချန်လော့၏ နေအိမ်ကို ဖောက်ခွဲခဲ့သည်မှာ မှန်သော်လည်း ထိုအိမ်မှာ ချန်လော့ပိုင်သည် မဟုတ်ဘဲ ချင်းယန်တောင်ထွတ်က ပိုင်ဆိုင်ခြင်း ဖြစ်ပေ၏။ ချန်လော့မှာ အလွန်ဆုံးရှိလှ အိမ်ငှားတစ်ယောက်သာ ဖြစ်ပြီး အိမ်ရှင်အစစ် မဟုတ်ချေ။

ထို့ကြောင့် သူသည် လောချင်းယွီ၏ အိမ်ကို အမှန်တကယ် ဖောက်ခွဲလိုက်ခြင်းပင်။

ပြဿနာမှာ ချန်လော့အတွက် ချန်ရှင်းဂိုဏ်းတစ်ခုလုံးတွင် နေစရာဟူ၍ ဤတစ်နေရာသာ ရှိခြင်းပင်။ ဤနေရာကို မဖောက်ခွဲလျှင် အခြား မည်သည့်နေရာကို သွားဖောက်ခွဲရမည်နည်း။

သို့သော် ယွီထျန်းစီသည် ထိုအကြောင်းများကို ပြောနေခြင်းမှာ အပိုပင်ဖြစ်ကြောင်း သိပေ၏။

အိမ်ကလည်း ပြိုသွားပြီ၊ လောချင်းယွီ၏ ကန်ခြင်းကိုလည်း ခံလိုက်ရပြီးပြီဖြစ်ရာ ထိုကိစ္စအတွက် ငြင်းခုံမနေတော့ချေ။

“ချန်လော့ မင်းဆီမှာ ရှိနေတာလား...”

ယွီထျန်းစီသည် လောချင်းယွီနှင့် စကားအပိုမပြောတော့ချေ။

လောချင်းယွီက ယွီထျန်းစီကို တစ်ချက်ကြည့်ပြီး ခေါင်းညိတ်ပြလိုက်သည်။

“သူ့ကို ထွက်လာခိုင်းလိုက်...”

ယွီထျန်းစီက ချက်ချင်းပင် ထပ်ပြောလိုက်၏။

အကယ်၍ ယနေ့ သူသည် ချန်လော့၏ အရိုးတွေကို တစ်ချောင်းမကျန် ရိုက်မချိုးနိုင်ခဲ့ရင် သူ၏မျိုးရိုးအမည်ကိုပင် ချန်လော့၏ မျိုးရိုးအမည်သို့ ပြောင်းပစ်လိုက်မည် ဟု ကျိန်ဆိုထား၏။

အတိတ်တုန်းက လောချင်းယွီ၏ မျက်နှာကို ထောက်ထားသောကြောင့် သူသည် ချန်လော့ကို အလွတ်ပေးခဲ့သည်။ ဂိုဏ်းတူတပည့်များကို နှိပ်စက်ခြင်း၊ အကြီးအကဲများကို လိမ်လည်ခြင်းနှင့် တပည့်များကို ပြန်ပေးဆွဲခြင်း စသည်တို့ကို သူ သည်းခံခဲ့၏။

သို့သော် ယခုတစ်ကြိမ်တွင်မူ သူ လုံးလုံးလျားလျား သည်းမခံနိုင်တော့ချေ။ အဘယ်ကြောင့်ဆိုသော် ချန်လော့သည် သူ၏ စည်းကို ကျော်လာခဲ့သောကြောင့်ပင်။

ထိုစည်းမှာ ဖောက်ခွဲခံလိုက်ရသော အိမ် သို့မဟုတ် လုယူခံလိုက်ရသော ရတနာများ မဟုတ်ဘဲ သူ ခေါင်းအုံးအောက်တွင် ဝှက်ထားသော ပန်းချီလိပ်ပင် ဖြစ်၏။ အကယ်၍ ထိုပန်းချီကားထဲက အကြောင်းအရာများကိုသာ တစ်စုံတစ်ယောက် သိသွားခဲ့လျှင် သူ၏ တစ်သက်တာ ဂုဏ်သိက္ခာမှာ ပျက်စီးသွားပေလိမ့်မည်။

“သူ တံခါးပိတ်ကျင့်ကြံနေတယ်...”

လောချင်းယွီက တည်ငြိမ်စွာ ပြန်ပြောလိုက်၏။

ထိုစကားကို ကြားသောအခါ ယွီထျန်းစီ၏ ဒေါသမှာ ဝုန်းခနဲ ထွက်လာတော့သည်။

“တံခါးပိတ်ကျင့်ကြံတာ ဟုတ်လား၊ ဘာတရားထိုင်တာလဲ၊ သူက ငါ့ကို ရည်ရွယ်ချက်ရှိရှိ ရှောင်နေတာလေ”

ထိုသို့ပြောပြီးနောက် သူသည် လောချင်းယွီ၏ အိမ်ဘက်သို့ လှည့်ကြည့်လိုက်၏။ သူသည် အထဲသို့ အတင်းဝင်သွားပြီး ချန်လော့ကို ဆွဲထုတ်ကာ ရိုက်နှက်ချင်နေသည်။

ထို့နောက် ချန်ရှင်းဂိုဏ်း၏ သစ္စာဖောက်များအတွက် သတ်မှတ်ထားသော အပြစ်ဒဏ်များကို ဆယ်ကြိမ်၊ အကြိမ်နှစ်ဆယ်ခန့် ပေးကာ သေချင်စိတ် ပေါက်သွားအောင် လုပ်ချင်နေ၏။

ပြဿနာမှာ အကယ်၍ သူသာ အထဲသို့ အတင်းဝင်ရန် ကြိုးစားလျှင် လောချင်းယွီက သူ အထဲမရောက်မီမှာတင် သူ့ကို ဒုက္ခိတဖြစ်အောင် လုပ်ပစ်မည်ကို သူ ကောင်းကောင်း သိနေခြင်းပင်။

သို့သော် သူသည် ဤအတိုင်း ပြန်သွားရမည်လော။

မဖြစ်နိုင်ဘူး၊လုံးဝ မဖြစ်နိုင်ဘူး၊

သူသည် မိစ္ဆာဂိုဏ်း၏ ဂိုဏ်းချုပ်တစ်ဦးပင် မဟုတ်လော။ ဤအတိုင်း ပြန်သွားလျှင် သူ၏ ဂုဏ်သိက္ခာက ဘယ်ရောက်သွားမည်နည်း။ ထို့အပြင် သူ၏ ပစ္စည်းများကိုလည်း ပြန်မရသေးချေ။

ထိုသို့ တွေးမိသည်နှင့် ယွီထျန်းစီက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။

“ တံခါးပိတ်ကျင့်ကြံနေတယ် ဟုတ်လား... ကောင်းပြီ၊ မင်း ထွက်လာတဲ့အထိ ငါ ဒီမှာပဲ စောင့်နေမယ်”

ထိုသို့ပြောပြီးနောက် သူသည် မြေပြင်ပေါ်တွင် ထိုင်ချလိုက်တော့သည်။

ယွီထျန်းစီ၏ မကျေမနပ်ဖြစ်နေသော မျက်နှာကို မြင်သောအခါ လောချင်းယွီမှာ အားကိုးရာမဲ့စွာ သက်ပြင်းချလိုက်မိ၏။ သူမသည် ရင်ဘတ်ထဲမှ သိုလှောင်အိတ်တစ်ခုကို ဖြည်းဖြည်းချင်း ထုတ်ယူလိုက်သည်။

“ဒါတွေက သူ မင်းဆီက ခိုးလာတဲ့ ရတနာတွေပဲ...”

“ဒါပေမဲ့ အကုန်လုံးတော့ မဟုတ်ဘူး... မင်း အရင်တုန်းက သူ့ကို ကတိပေးခဲ့တယ် မဟုတ်လား၊ မိစ္ဆာတာအိုပြိုင်ပွဲမှာ နိုင်ရင် ဝိညာဉ်ကျောက်တုံးတွေ ပေးမယ်ဆိုတာ... အဲ့ဒါကြောင့် သူက အချို့ကို ယူထားလိုက်တယ်...”

“ဒါပေမဲ့ မင်း ကတိပေးခဲ့တဲ့ ပမာဏနဲ့ သူယူလိုက်တဲ့ ပမာဏကြားမှာတော့ ကွဲလွဲချက် အနည်းငယ် ရှိကောင်းရှိနိုင်တယ်ပေါ့...”

ထိုသို့ပြောပြီးနောက် လောချင်းယွီသည် လက်ထဲမှ သိုလှောင်အိတ်ကို ယွီထျန်းစီဆီသို့ ပစ်ပေးလိုက်သည်။

ထိုအခါ ယွီထျန်းစီ၏ မျက်လုံးများမှာ လင်းလက်သွားပြီး သိုလှောင်အိတ်ကို အမြန်ဆွဲယူကာ အထဲသို့ မွှေနှောက်ကြည့်လိုက်တော့သည်။

သိုလှောင်အိတ်ထဲတွင် ချန်လော့ ခိုးယူသွားသော ရတနာအများစု ပါဝင်သော်လည်း အရေအတွက်မှာမူ မှားယွင်းနေ၏။

သူနှင့် ချန်လော့ ညှိနှိုင်းခဲ့စဉ်က သဘောတူညီခဲ့သော ဈေးနှုန်းမှာ ဝိညာဉ်ကျောက်တုံး တစ်သောင်းနှစ်ထောင် ဖြစ်သည်။ ထို့အပြင် ဂိုဏ်းချုပ်တံဆိပ်တုံးကြောင့် ဝိညာဉ်ကျောက်တုံး နှစ်ထောင် အပြည့်အဝ လျှော့ချပေးခဲ့သဖြင့် သူသည် ဝိညာဉ်ကျောက်တုံး တစ်သောင်းသာ ပေးရန် လိုအပ်၏။

သို့သော် သိုလှောင်အိတ်ထဲတွင် ဝိညာဉ်ကျောက်တုံး သုံးသောင်းကျော် ပျောက်ဆုံးနေသည်။ ထို့အပြင် လျှို့ဝှက် လက်နက် နှစ်ခု၊ မှော်လက်နက် နှစ်ခုနှင့် ဝိညာဉ်ဆေးပင်၊ ဆေးလုံး အချို့လည်း ပျောက်ဆုံးနေသည်။

သို့သော် ယွီထျန်းစီမှာ ထိုအရာအားလုံးကို သည်းခံနိုင်သည်။ ဝိညာဉ်ကျောက်တုံး သုံးသောင်းမှာ များပြားသော်လည်း အံကြိတ်ပြီး သည်းခံလိုက်ရုံသာ ရှိသည်။

နတ်ဝိညာဉ်အဆင့်ရှိ စွမ်းအားရှင်တစ်ဦးအနေဖြင့် လျှို့ဝှက် လက်နက်နှင့် မှော်လက်နက်များမှာ သူ့အတွက် အသုံးမဝင်တော့ချေ။ ထိုအရာများကို တပည့်များအတွက် ဆုလာဘ်အဖြစ်သာ သိမ်းဆည်းထားခြင်းသာ ဖြစ်ပြီး ပေးလိုက်ရလည်း ကိစ္စမရှိပေ။

ဝိညာဉ်ဆေးပင်နှင့် ဆေးလုံးများမှာလည်း ပြဿနာ မဟုတ်ချေ၊ အဘယ်ကြောင့်ဆိုသော် အမှန်တကယ် အဖိုးတန်လှသော ဆေးလုံးများကိုမူ သူသည် အမြဲတစေ ဆောင်ထားလေ့ရှိသောကြောင့် ဖြစ်သည်။

ထို့ကြောင့် အိမ်တွင် ထားခဲ့သော အရာများမှာ အဖိုးတန်သော်လည်း ပျောက်ဆုံးသွားပါက ဆေးတောင်ထွတ်မှ ယွီယန်ဇီကို အခြားတစ်သုတ် ထပ်မံဖော်စပ်ပေးရန် အကူအညီ တောင်းလိုက်ရုံသာ ရှိသည်။

သူ လုံးဝ သည်းမခံနိုင်ဆုံး အချက်မှာ သူ အလေးအနက်ထားဆုံးဖြစ်သော ပန်းချီလိပ်မှာ သိုလှောင်အိတ်ထဲတွင် မရှိခြင်းပင်။

“ချန်လော့ကို ထွက်လာခိုင်းလိုက်”

ယွီထျန်းစီမှာ လက်ထဲက အရာများကို မကျေနပ်နိုင်ဘဲ ထပ်မံ ဟိန်းဟောက်လိုက်ပြန်သည်။

ဤမြင်ကွင်းကို ကြည့်နေသော လောချင်းယွီမှာ အံ့အားသင့်သွာပြန်သည်။

“အဲ့ဒီ မှော်လက်နက်တွေက နတ်ဝိညာဉ်အဆင့် ကျင့်ကြံသူဖြစ်တဲ့ မင်းအတွက် မလိုတော့ဘူး မဟုတ်လား... သူ ယူထားပါစေ...”

လောချင်းယွီက ယွီထျန်းစီ စိတ်တိုနေရခြင်းမှာ ချန်လော့ ယူထားလိုက်သော မှော်လက်နက် နှစ်ခုကြောင့်ဟု ထင်မှတ်ကာ ပြောလိုက်ခြင်း ဖြစ်သည်။ သို့သော် ယွီထျန်းစီက ခေါင်းယမ်းလိုက်၏။

“ငါက အဲ့ဒီ မှော်လက်နက်တွေကြောင့် မဟုတ်ဘူး’

ထိုစကားကြောင့် လောချင်းယွီမှာ ထပ်မံ အံ့အားသင့်သွားရပြန်သည်။

“မှော်လက်နက်အတွက် မဟုတ်ဘူးလား... ဒါဆို ဆေးလုံးတွေအတွက်လား...”

“မဟုတ်ဘူး၊ လုံးဝ မဟုတ်ဘူး”

“ဝိညာဉ်ကျောက်တုံးလား...”

“မဟုတ်ဘူး”

“ဒါဆို ဘာအတွက်လဲ...”

လောချင်းယွီမှာ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားရသည်။ သူမသည် ချန်လော့ ယူလာခဲ့သမျှ အရာအားလုံးကို ကြည့်ခဲ့ပြီးသား ဖြစ်ပေ၏။ တန်ဖိုးအရှိဆုံးမှာ မှော်လက်နက်များ ဖြစ်ပြီး၊ ထို့နောက်တွင် ဝိညာဉ်ကျောက်တုံး၊ ၎င်းနောက်တွင် ဆေးလုံးနှင့် ဝိညာဉ်ဆေးပင်များ ဖြစ်သည်။

ယခုအခါ ယွီထျန်းစီက ထိုအရာများကြောင့် မဟုတ်ဟု ဆိုလာသောကြောင့် အခြား ဘာဖြစ်နိုင်ဦးမည်နည်း။

လောချင်းယွီ၏ ဇဝေဇဝါ ဖြစ်နေသော မျက်နှာကို မြင်သောအခါ ယွီထျန်းစီမှာလည်း မည်သို့ စတင် ပြောပြရမည်ကို မသိတော့ချေ။ ထိုအရာမှာ ပန်းချီကားတစ်ချပ် ဖြစ်ကြောင်း သူ တိုက်ရိုက် ပြော၍ မရပေ။

အမှန်စင်စစ် ပန်းချီကားဖြစ်ကြောင်း ပြောခြင်းမှာ ပြဿနာ မဟုတ်သော်လည်း ပန်းချီကားထဲက အကြောင်းအရာမှာမူ ပြဿနာ ရှိနေသည်။ အထဲမှာ ဘာရှိသည်ကို မည်သူမှ သိလို့မဖြစ်ချေ။

အကယ်၍ သူသာ လောချင်းယွီကို သူလိုချင်သောအရာမှာ ထိုပန်းချီကား ဖြစ်ကြောင်း ပြောလိုက်ပါက လောချင်းယွီသည် စူးစမ်းလိုစိတ် ဖြစ်သွားမည်ကို သူ စိုးရိမ်မိသည်။

အဘယ်ကြောင့်ဆိုသော် မှော်လက်နက်၊ ဝိညာဉ်ကျောက်တုံးနှင့် ဆေးလုံးများထက်ပင် ဤအရာကို သူ ပို၍ အလေးထားနေသည် မဟုတ်လော။

လောချင်းယွီသာ ထိုပန်းချီကားကို အလေးထားမှန်း သိသွားပါက စူးစမ်းလိုစိတ်ဖြင့် ဖွင့်ကြည့်မိနိုင်သည်။

ထိုအချိန်ကျလျှင် သူ၏ သန့်ရှင်းမှုနှင့် ဂုဏ်သိက္ခာမှာ လုံးလုံးလျားလျား ပျက်စီးသွားပေတော့မည်။

သို့သော် သူ မည်သို့ပြောရမည်ကို မစဉ်းစားရသေးမီမှာပင် လောချင်းယွီ၏ အခန်းထဲမှ အော်ဟစ်သံ တစ်သံ ထွက်ပေါ်လာတော့သည်။

“အား!!!”

အခန်း (၁၄၄) ကိုယ်တိုင်ကိုယ်ကျ ခံစားရခြင်း

ချန်လော့သည် တံခါးနားကပ်လျက် အပြင်ကလူနှစ်ယောက်၏ စကားဝိုင်းကို ခိုးနားထောင်နေ၏။ ယွီထျန်းစီ ရောက်လာကတည်းက သူသည် အိမ်ထဲမှနေ၍ အခြေအနေကို အကဲခတ်နေခြင်း ဖြစ်သည်။

အကယ်၍ လောချင်းယွီက သူ့ကို ရောင်းစားရန် ကြံစည်ပါက သူကလည်း သူမကို ချက်ချင်း ပြန်ရောင်းစားရန် အသင့်ပြင်ထားသည်။ ထိုသို့ဖြစ်နိုင်ခြေ အလွန်နည်းပါးသော်လည်း သတိထားသည်မှာ အကောင်းဆုံးပင် မဟုတ်လော။

ယွီထျန်းစီက သူလိုချင်သောအရာမှာ မှော်လက်နက်လည်း မဟုတ်၊ ဝိညာဉ်ကျောက်တုံးလည်း မဟုတ်၊ ဆေးလုံးလည် မဟုတ်ဟု ပြောလိုက်သဖြင့် ချန်လော့လည်း အံ့အားသင့်သွားရသည်။ သူယူလာခဲ့သည့် ပစ္စည်းများထဲတွင် ထိုအရာများထက် တန်ဖိုးရှိသော အခြားအရာတစ်ခု ရှိနေသေးသလော။

သူကိုယ်တိုင်တောင် သတိမထားမိဘူး…

ထိုစဉ် ချန်လော့သည် ယွီထျန်းစီ၏ ခေါင်းအုံးအောက်မှ သူယူလာခဲ့သော ပန်းချီလိပ်ကို ရုတ်တရက် သတိရသွားတော့သည်။

“အဲ့ဒီ ပန်းချီကားလား...”

ထိုသို့တွေးမိသည်နှင့် ချန်လော့သည် အချိန်ဆွဲမနေတော့ဘဲ သိုလှောင်အိတ်ထဲမှ ပန်းချီလိပ်ကို တိုက်ရိုက် ထုတ်ယူလိုက်သည်။

“ရှေးဟောင်း နတ်ဘုရား အတတ်ပညာတွေလား...”

“အဆင့်မြင့် ကျင့်စဉ်တစ်ခုလား...”

“လျှို့ဝှက်နယ်မြေ မြေပုံလား...”

ဖြစ်နိုင်ခြေပေါင်းများစွာမှာ ချန်လော့၏ ဦးနှောက်ထဲတွင် လျှပ်စီးကဲ့သို့ ဖြတ်ပြေးသွားသည်။ သူသည် ပန်းချီလိပ်ပေါ်ရှိ ပိုးကြိုးမျှင်ကို ဖြည်ချလိုက်ပြီးနောက် ဖြည်းဖြည်းချင်း ဖြန့်ကြည့်လိုက်တော့သည်။

ပန်းချီလိပ် ပွင့်လာသည်နှင့်အမျှ ချန်လော့၏ ရင်ခုန်သံမှာလည်း မြန်ဆန်လာပြီး အထဲတွင် ဘာတွေပါဝင်နေမည်ကို အလွန်ပင် စိတ်လှုပ်ရှားနေမိ၏။

“ဝှစ်~”

ပန်းချီလိပ်မှာ ပွင့်သွားပြီး အထဲရှိ အရာအားလုံးမှာ ချန်လော့၏ ရှေ့မှောက်တွင် အထင်အရှား ပေါ်ထွက်လာတော့သည်။ သို့သော် ပန်းချီကားထဲက အရာများကို မြင်လိုက်ရချိန်တွင် ချန်လော့မှာ ကျောက်ရုပ်တစ်ခုကဲ့သို့ တောင့်တင်းသွားရ၏။

“ ဝှစ်~”

ချန်လော့၏ လက်ထဲမှ ပန်းချီလိပ်မှာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီး လုံးလုံးလျားလျား ပွင့်သွားတော့သည်။ ပန်းချီကားထဲတွင် ကျား၊ မ ရောနှောနေသော ရေချိုးကန်တစ်ခုကို ရေးဆွဲထားခြင်း ဖြစ်သည်။ အချို့သော အမျိုးသား၊ အမျိုးသမီးများမှာ ဝါးလုံးကဲ့သို့ ပိန်ချောင်နေပြီး အရိုးနှင့် အရေသာ ကျန်တော့သလို၊ အချို့မှာမူ အသားပုံကြီးများကဲ့သို့ အလွန်အမင်း ဝဖြိုးနေကြပေ၏။ ထိုထူးဆန်းပြီး ရွံရှာဖွယ်ကောင်းသော သတ္တဝါများမှာ ဖော်ပြ၍မရသော ကိစ္စရပ်များကို ပြုမူနေကြခြင်းပင်။

ထို့အပြင် ဤပန်းချီကားမှာ သာမန်လူတစ်ယောက်က ရေးဆွဲထားခြင်းမဟုတ်ဘဲ ကျင့်ကြံသူတစ်ဦးမှ ရေးဆွဲထားခြင်း ဖြစ်ပုံရသည်။ ပန်းချီဆွဲရာတွင် မှော်အတတ်အချို့ကို ထည့်သွင်းထားသဖြင့် ချန်လော့ မြင်လိုက်ရသည့် ခဏမှာပင် “ကိုယ်တိုင်ကိုယ်ကျ ရောက်ရှိနေသကဲ့သို့” ခံစားလိုက်ရခြင်းပင်။ အရာအားလုံးက အစစ်အမှန်အတိုင်းပင် ရှိနေလေ၏။

“အော့...”

ချန်လော့မှာ ပျို့အန်တက်လာပြီး ချက်ချင်းပင် ဒူးထောက်ကျသွားကာ ထိုနေရာမှာတင် အန်တော့မတတ် ဖြစ်သွားရသည်။ သို့သော် သူ မော့ကြည့်လိုက်တိုင်း ပန်းချီကားမှာ သူ၏ မြင်ကွင်းထဲသို့ ရောက်လာပြီး ရွံရှာဖွယ် ပုံရိပ်များက မျက်စိရှေ့တွင် ပြန်လည် ပေါ်လာပြန်သည်။

ယခုအချိန်တွင် ချန်လော့မှာ အလွန်အမင်း ကြောက်လန့်သွားကာ တစ်ကိုယ်လုံး တုန်ယင်နေသည်။ သူသည် မျက်လုံးများကို အမြန်မှိတ်လိုက်ပြီး ပန်းချီလိပ်ကို ပြန်ပိတ်ရန် စမ်းတဝါးဝါး ရှာဖွေလိုက်မိ၏။ သို့သော် သူ၏ လက်ချောင်းများက ပန်းချီကားကို ထိတွေ့လိုက်မိသည့် ခဏတွင် မှိတ်ထားသော သူ၏မျက်လုံးများထဲ၌ အလင်းရောင်တစ်ခု ဖျတ်ခနဲ ဝင်းလက်သွားသည်။

စက္ကန့်အနည်းငယ်အကြာတွင် သူသည် ပန်းချီကားထဲက ကမ္ဘာကြီးထဲသို့ ရောက်ရှိသွားလေတော့သည်။

“အရှင်... နောက်ဆုံးတော့ ရောက်လာပြီပေါ့...”

ချန်လော့သည် ချိုသာသော အသံတစ်ခုကို ကြားလိုက်ရသဖြင့် လှည့်ကြည့်လိုက်ရာ ပေါင် ၈၀၀ ကျော် ဝတုတ်တုတ် အမျိုးသမီးကြီးတစ်ဦးက သူ့ဆီသို့ ပြေးလာသည်ကို တွေ့လိုက်ရသည်။

“အား”

“အနားမလာနဲ့”

ချန်လော့မှာ ဟိန်းဟောက်လိုက်ပြီး လက်ထဲက ပန်းချီလိပ်ကို လွှင့်ပစ်လိုက်တော့သည်။ သူ၏ လက်ချောင်းသည် ပန်းချီကားနှင့် ဝေးကွာသွားသည်နှင့် ထိုထင်ယောင်ထင်မှားမှုကြီးမှာ လုံးဝ ပျောက်ကွယ်သွားသော်လည်း သူ၏ စိတ်ထဲတွင်မူ ကြောက်ရွံ့မှုများ ကျန်ရစ်နေဆဲပင်။

“ဘုန်း”

အိမ်တံခါးမှာ ဝုန်းခနဲ ကန်ဖွင့်ခံလိုက်ရသည်။ လောချင်းယွီသည် အထဲမှ အသံကို ကြားသည်နှင့် ချက်ချင်း ပြေးဝင်လာပြီး နောက်တွင်လည်း ယွီထျန်းစီက ကပ်ပါလာပေ၏။ သို့သော် သူတို့နှစ်ဦး အခန်းထဲသို့ ရောက်လာချိန်တွင် ကြောင်အသွားကြတော့သည်။

ချန်လော့မှာ မြေပြင်ပေါ်တွင် လဲလျောင်းလျက် တစ်ကိုယ်လုံး တုန်ယင်နေပြီး သူ၏ ဘေးတွင်မူ ပန်းချီလိပ် တစ်ခု ရှိနေသည်။ ပန်းချီလိပ်မှာ မြေပြင်ပေါ်တွင် အပြည့်အဝ ပွင့်နေသဖြင့် အထဲက အရာအားလုံးမှာ လူတိုင်း၏ရှေ့တွင် အထင်အရှား ရှိနေပေ၏။

ချန်လော့မှာ မြေပြင်ပေါ်တွင် တုန်ယင်နေဆဲ ဖြစ်ပြီး ယွီထျန်းစီနှင့် လောချင်းယွီမှာမူ ဘာမှမလုပ်နိုင်ဘဲ ထိုနေရာတွင်သာ တိတ်ဆိတ်စွာဖြင့် ရပ်နေကြမိသည်။ နေရခက်သော လေထုကြီးက ပတ်ဝန်းကျင်တစ်ခုလုံးကို ဖုံးလွှမ်းထားလေ၏။

ကြာမြင့်စွာ တိတ်ဆိတ်နေပြီးနောက် နောက်ဆုံးတွင် လောချင်းယွီက စကားစလိုက်၏။

“ဂိုဏ်းချုပ်ရဲ့ အကြိုက်က... တော်တော်လေး ထူးခြားတာပဲ...”

“အော့...”

လောချင်းယွီ၏ စကားအဆုံးတွင် ဘေး၌ရှိသော ချန်လော့မှာ အောင့်မထားနိုင်တော့ဘဲ အန်ချလိုက်တော့သည်။ ထိုသည်ကို မြင်သောအခါ ယွီထျန်းစီ၏ မျက်နှာမှာ ချက်ချင်းပင် မည်းမှောင်သွားတော့၏။

သူသည် မြေပြင်ပေါ်တွင် မရပ်မနား အန်နေသော ချန်လော့ကို လူသတ်လိုသော အကြည့်ဖြင့် စိုက်ကြည့်နေမိသည်။

ဤအခြေအနေထိ ရောက်နေလျှင်ပင် ယွီထျန်းစီမှာ သူ၏ ဂုဏ်သိက္ခာကို အပျက်အစီးမခံလိုသဖြင့် အံကြိတ်လျက် ပြောလိုက်ရ၏။

“ဒီပန်းချီကားက ငါ့ဟာ မဟုတ်ဘူး...”

ထိုအခါ အခြေအနေမှာ ထပ်မံ၍ နေရခက်သွားပြန်သည်။ အတော်ကြာပြီးနောက် လောချင်းယွီက သက်ပြင်းချလိုက်၏။

“သိပါပြီ... ဒီပန်းချီကားက ချန်လော့ဟာပါ...”

“အော့...”

လောချင်းယွီ စကားမဆုံးသေးမီ ချန်လော့မှာ ထပ်အန်ပြန်သည်။ သူသည် ငြင်းဆန်ချင်သော်လည်း ထိုမြင်ကွင်းကို တွေးမိသည်နှင့် ပျို့တက်လာသဖြင့် မရပ်မနား အန်နေမိသည်။

လောချင်းယွီက ချန်လော့ကို ထပ်မကြည့်တော့ဘဲ ဆက်ပြောလိုက်၏။

“ဒီပန်းချီလိပ်ကို ငါ မီးရှို့ဖျက်ဆီးပစ်လိုက်မယ်... ဒါဆို ဘယ်သူမှ သိတော့မှာ မဟုတ်ဘူး...”

ထိုစကားကို ကြားလိုက်ရချိန်တွင် ယွီထျန်းစီမှာ ချက်ချင်း ထိတ်လန့်သွားတော့သည်။

မီးရှို့မယ် ဟုတ်လား၊ ဒီပန်းချီကားကို ရဖို့ ငါ ဘယ်လောက်တောင် ရှာခဲ့ရလဲ မင်းသိလား၊ ဒါက ငါ့ရဲ့ တစ်ခုတည်းသော စိတ်ပိုင်းဆိုင်ရာ အားကိုးရာပဲ…

အမှန်စင်စစ် ဤကဲ့သို့သော ပန်းချီကားမျိုးကို ရှာရသည်မှာ မခက်ခဲသလို၊ နတ်ဝိညာဉ်အဆင့် စွမ်းအားဖြင့်လည်း ဖန်တီးနိုင်သည်။ ဂိုဏ်းချုပ်တစ်ဦးအနေဖြင့် ယင်းကို ရယူရန်မှာ အလွန် လွယ်ကူပေလိမ့်မည်။ ထူးခြားချက်မှာ အများအားဖြင့် ရှာတွေ့နိုင်သော အမျိုးသား၊ အမျိုးသမီးပုံများမှာ ပုံမှန်သာ ဖြစ်ကြပြီး ယခုကဲ့သို့ အမျိုးအစားမှာ အလွန်ပင် ရှားပါးခြင်းပင်။

ထို့အပြင် ပန်းချီကားအများစုမှာ “ကိုယ်တိုင်ကိုယ်ကျ ရောက်ရှိနေသကဲ့သို့” ခံစားချက်ကိုသာ ပေးနိုင်သော်လည်း မျက်စိမှိတ်ထားရုံနှင့် ပန်းချီကားထဲက ကမ္ဘာထဲသို့ ဝင်ရောက်နိုင်ရန်မှာ အလွန်ပင် ခက်ခဲ၏။ တောင်ပိုင်း တိုက်မြေ တစ်ခုလုံးတွင်ပင် ဤမျှ ကောင်းမွန်စွာ လုပ်ဆောင်နိုင်သူ မရှိသလောက်ပင်။

ထို့ပြင် သူသည် ဂိုဏ်းတစ်ခု၏ အကြီးအကဲဖြစ်ရာ ဤကဲ့သို့သောအရာကို မည်သို့ လူကိုယ်တိုင် သွားတောင်းရမည်နည်း။

သူက ဂိုဏ်းချုပ်လေ၊ မျက်နှာရှိသေးတယ်..

အခြားသူကို အကူအညီတောင်းရန်မှာလည်း ထိုသူ့ထံတွင် မိမိ၏ အားနည်းချက်ကို ပေးလိုက်သလို ဖြစ်သွားပေလိမ့်မည်။

ဤကဲ့သို့သော ပန်းချီကားမျိုးကို နောက်တစ်ကြိမ် ထပ်ရှာတွေ့နိုင်တော့မည် မဟုတ်ဟု တွေးမိကာ ယွီထျန်းစီခမျာ အံကြိတ်လျက် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။

“ဒီလို ညစ်ပတ်တဲ့အရာတွေကို မီးရှို့ပစ်ရမယ်’

လောချင်းယွီ မှာ တုံ့ပြန်ချိန်ပင် မရလိုက်မီ ၊ သူသည် ပန်းချီလိပ်ဆီသို့ လျှောက်သွားကာ ပြန်လိပ်လိုက်ပြီး သူ၏ သိုလှောင်အိတ်ထဲသို့ ထည့်လိုက်တော့သည်။

“ဒါကို ငါ ပြန်ယူသွားပြီး မီးရှို့မယ်၊ ဓားနဲ့ ခုတ်မယ်၊ ကျောက်ခဲနဲ့ ထုမယ်... လောကမှာရှိတဲ့ ဒုက္ခအားလုံးကို သူ့ကို ခံစားခိုင်းမယ်၊အဲ့တာမှ ငါ့ရင်ထဲက အာဃာတတွေ ပြေပျောက်မှာ”

ယွီထျန်းစီက ထိုသို့ပြောရင်း ချန်လော့ကို စိုက်ကြည့်နေ၏။ လောချင်းယွီမှာမူ ဤသည်ကို မြင်သောအခါ နှုတ်ခမ်းများ တွန့်သွားသော်လည်း ဘာမှ ထပ်မပြောတော့ချေ။

“ငါ လုပ်စရာရှိလို့ သွားတော့မယ်...”

ယွီထျန်းစီက ပြောလိုက်ပြီး ဤနေရာတွင် စက္ကန့်ပိုင်းမျှပင် ထပ်မနေချင်တော့ချေ။ ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် ရုတ်တရက် ရပ်လိုက်သည်။

သူသည် သူတို့နှစ်ဦးကို ကျောခိုင်းလျက် တည်ငြိမ်စွာပင် ပြောလိုက်၏။

“ဒီနေ့ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေကို တစ်ယောက်ယောက်သာ သိသွားခဲ့ရင်... လောချင်းယွီတောင်မှ ချန်လော့ရဲ့ အသက်ကို ကယ်နိုင်မှာ မဟုတ်ဘူး...”

သို့သော် သူ၏စကားပင် မဆုံးသေးမီ လောချင်းယွီက သူ့ကို နောက်မှနေ၍ တစ်ချက် ကန်လိုက်သဖြင့် လွင့်ထွက်သွားတော့သည်။

“မင်း ငါ့ကို ခြိမ်းခြောက်နေတာလား...”

လောချင်းယွီက အေးစက်သော အကြည့်ဖြင့် ကြည့်လိုက်သည်။

ယွီထျန်းစီမှာ နေရခက်စွာဖြင့် ပြန်ထလာပြီး ကိုယ်ပေါ်က ဖုန်များကို ခါကာ ကမန်းကတန်း ထွက်ပြေးသွားတော့သည်။ ယွီထျန်းစီ ထွက်သွားသည်ကို ကြည့်ရင်း လောချင်းယွီမှာ သက်ပြင်းချကာ အိမ်ထဲသို့ ပြန်ဝင်လာ၏။

သို့သော် အထဲသို့ ရောက်သောအခါ ချန်လော့မှာ ကြမ်းပြင်ပေါ်တွင် လက်ထောက်လျက် အန်နေဆဲ ဖြစ်သည်ကို တွေ့လိုက်ရသည်။ ထို့ကြောင့် သူမသည် အလွန်ပင် ကိုယ်ချင်းစာနာစွာဖြင့် ချန်လော့၏ ကျောကို ပုတ်ပေးလိုက်ပေ၏။

“အန်ပြီးရင်လည်း ကိုယ့်ဘာသာကိုယ် ပြန်ရှင်းလိုက်ဦး... မဟုတ်ရင် မင်းကို အဲ့ဒါတွေ ပြန်စားခိုင်းမိလိမ့်မယ်...”

ထိုသို့ပြောပြီးနောက် သူမလည်း ထွက်သွားတော့သည်။

All Chapters