အခန်း (၁၂၁-၁၂၂)
Vol. 13 Ch. 121-122
အခန်း (၁၂၁)
ကျားကို တောင်ပေါ်သို့ ပြန်လွှတ်ခြင်း
လုမင်လီ အနည်းငယ် ဇဝေဇဝါ ဖြစ်သွား၏။ မော့ချွမ်းသည် ပုံမှန်ဆိုလျှင် သူနှင့် သိပ်ရင်းနှီးပေ။ သို့သော် ယနေ့မှ အဘယ်ကြောင့် ရုတ်တရက်ကြီး စကားလာပြောနေသနည်း။
သူ ဟွာကျွင်း ပေးသော အစားအစာကို မည်သည့်အခါမျှ ငြင်းပယ်လေ့မရှိသဖြင့် သူမကို ခေါင်းညိတ်ပြကာ ပြောလိုက်သည်။
“ကောင်းပြီလေ။ ကျေးဇူးပါ ဟွာကျွင်း၊ ကိုယ် အဆင်ပြေတာပဲ စားပါ့မယ်”
ဟွာကျွင်းသည် မီးဖိုချောင်ထဲသို့ လှည့်ဝင်သွားပြီး အအေးခန်းထဲမှ ဆယ်လ်မွန်ကို ထုတ်ယူကာ လှီးဖြတ်လိုက်၏။ မော့ချွမ်း သူမ အနောက်သို့ လိုက်လာပြီး ဘေးတစ်ဖက်မှ ပဲငံပြာရည် လောင်းပေးနေသည်။ ဟွာကျွင်း လှမ်းကြည့်လိုက်သည့်အခါ သူ ပဲငံပြာရည်ထဲသို့ ဝါစာဘီများ ညှစ်ထည့်နေသည်ကို တွေ့လိုက်ရ၏။
“ရှင် စစ်သူကြီးလုအပေါ် ဘာများ အငြိုးရှိလို့လဲ”
ဟွာကျွင်း သိချင်စိတ်ဖြင့် မေးလိုက်သည်။
မော့ချွမ်း မော့ကြည့်ကာ ပြော၏။
“မရှိပါဘူး။ သူ ဝါစာဘီ စားပြီးရင် ဘယ်လိုပုံစံ ဖြစ်သွားမလဲဆိုတာ မြင်ချင်လို့ပါ။ ဟဲဟဲ၊ ခင်ဗျား လည်း မြင်ချင်တယ်မလား”
ဟွာကျွင်း ခဏစဉ်းစားပြီး ပြောလိုက်သည်။
“ကျွန်မကတော့ ရှင်လိုမျိုး မတွေးပါဘူး”
သူမသည် ကြက်သွန်နီ၊ ငရုတ်သီးစိမ်း၊ နံနံပင်နှင့် နုပ်နုပ်စဉ်းထားသော ကြက်သွန်ဖြူတို့ကို ညှပ်ပြီး ဆယ်လ်မွန်ပန်းကန်ထဲ ထည့်လိုက်၏။ ထို့နောက် ပုစွန်နှစ်ကောင်ကို အခွံနွှာထည့်လိုက်ပြီး မော့ချွမ်း စပ်ထားသော ပဲငံပြာရည်နှင့် ဝါစာဘီအရောကို အကုန်လောင်းထည့်လိုက်သည်။ ပဲငံပြာရည် နည်းနေသည်ကို မြင်သဖြင့် သူမ အနည်းငယ် ထပ်ထည့်လိုက်သေး၏။
သူမသည် သံပရာသီး ညှစ်ထည့်ပြီး သံပရာသီးစိတ်လေး အချို့ကိုပါ ထည့်လိုက်သည့်အခါ ဟင်းပွဲမှာ အဆင်သင့် ဖြစ်သွားတော့၏။ မော့ချွမ်း မေးလိုက်သည်။
“ဒါက ကျွန်တော် ခုန စားတာနဲ့ ဘာကွာလို့လဲ။ ဘာလို့ ဒီထဲမှာ အဖတ်တွေ ဒီလောက်များနေရတာလဲ”
“မတူဘူး။ ဒါက ပင်လယ်စာ အစိမ်းသုပ်လေ”
ဟွာကျွင်းသည် ဆယ်လ်မွန်နှင့် ပုစွန်များပေါ်တွင် အမွှေးအကြိုင်များ သေချာနှံ့စပ်သွားစေရန် မွှေလိုက်ပြီးနောက် အပြင်သို့ သယ်သွားသည်။
မော့ချွမ်းကလည်း နောက်ကနေ ထပ်ကြပ်မကွာ လိုက်လာ၏။ ဟွာကျွင်း အသုပ်ပန်းကန်ကို လုမင်လီ ရှေ့တွင် ချပေးလိုက်သည်။ မော့ချွမ်းသည် လုမင်လီနှင့် မျက်နှာချင်းဆိုင်တွင် ရပ်လျက် သူ့ကို စူးစူးဝါးဝါး စိုက်ကြည့်နေတော့၏။ ကြည့်ရသည်မှာ အတော်လေး ထူးဆန်းနေ၏။
လုမင်လီ မေးလိုက်၏။
“တစ်ခုခု ရှိလို့လား၊ သခင်လေးမော့”
“မရှိပါဘူး၊ မရှိပါဘူး၊ ကျွန်တော် စားပွဲသုတ်နေတာပါ”
ထိုသို့ပြောကာ သူသည် အေပရွန်ဖြင့် စားပွဲကို သုတ်ချင်ယောင် ဆောင်နေသည်။
ဟွာကျွင်း ပြုံးလျက် ပြော၏။
“သူ့ကို ဂရုမစိုက်နဲ့၊ ဆယ်လ်မွန်ကို မြည်းကြည့်ပါဦး”
“ဒါက ငါးလား။ အရောင်က ထူးဆန်းတာပဲ”
“ဟုတ်တယ်၊ ဒါက ပင်လယ်နက်ထဲမှာ နေတဲ့ နယူးဇီလန် ကင်းဆယ်လ်မွန်လေ”
မော့ချွမ်း၏ အလွန်အမင်း မျှော်လင့်နေသော အကြည့်အောက်တွင် လုမင်လီ စားလိုက်သည်။ သူ အရသာခံပြီးနောက် ပြောလိုက်၏။
“ဒါက အဆီများတဲ့ အသားနဲ့ တူတယ်။ အရသာက ချိုစိမ့်စိမ့်လေး”
မော့ချွမ်း ခဏ စောင့်ကြည့်သော်လည်း လုမင်လီ၏ မျက်နှာအမူအရာ အနည်းငယ်မျှပင် ပြောင်းလဲခြင်း မရှိသည်ကို မြင်ရသည့်အခါ သူ အံ့ဩတကြီး မေးလိုက်မိသည်။
“မစပ်ဘူးလား”
“ စပ်တယ်၊ ဒါပေမဲ့ သိပ်မပြင်းပါဘူး”
လုမင်လီ ပြန်ဖြေသည်။
သူသည် အချပ်အနည်းငယ် စားပြီးနောက် အိီသလို ခံစားရသဖြင့် တူကို ပြန်ချလိုက်၏။
“ကျွန်မ ရှင့်အတွက် ပူပူနွေးနွေး စားစရာတစ်ခု သွားလုပ်ပေးမယ်”
“မလိုပါဘူး၊ ကိုယ် ညစာ စားပြီးပြီ။ အချိန်လည်း နှောင်းနေပြီဆိုတော့ ကိုယ် ဒီကျားပေါက်လေးကို ခေါ်သွားပြီး မနက်ဖြန် တောင်ပေါ် ပြန်ပို့ပေးလိုက်ပါ့မယ်”
“ဒါဆို ခဏစောင့်ဦး။ ရှင့်အတွက် ရေနဂါးတွေ သွားယူပေးမယ်”
မော့ချွမ်း ဟွာကျွင်းနောက်သို့ မီးဖိုချောင်ထဲ ထပ်လိုက်လာ၏။ သူ မျက်လုံးပြူးလျက် ဟွာကျွင်းကို ကြည့်ကာ မေးလိုက်သည်။
“ဘာဖြစ်တာလဲ။ ကျွန်တော့်တုန်းကတော့ ခေါင်းမီးတောက်မတတ် စပ်ပြီး သူကျတော့ ဘာလို့ ဘာမှမဖြစ်တာလဲ။ ကျွန်တော် ဝါစာဘီတွေ အများကြီး ညှစ်ထည့်လိုက်တာလေ”
ဟွာကျွင်း သူ့ကို မျက်စောင်းထိုးကာ ပြောလိုက်၏။
“ရှင်က ငတုံးလား။ ဝါစာဘီတွေကို အကုန်ရောမွှေလိုက်တာလေ၊ အဲဒီတော့ သိပ်မစပ်တော့ဘူးပေါ့”
“ဒါဆို ကျန်တာတွေကို ကျွန်တော်ပဲ စားတော့မယ်၊ ဖြုန်းတီးရာမရောက်အောင်”
လုမင်လီ ရေနဂါးများ ထည့်ထားသော လက်ရာမြောက်သည့် သေတ္တာကို ကိုင်ဆောင်လျက် ကုန်သည်ထံသို့ ရောက်ရှိလာ၏။ သေတ္တာကို ဖွင့်လိုက်သည့် ခဏမှာပင် ကုန်သည်ကြီး၏ မျက်လုံးများ ပြူးကျယ်သွားသည်။ ရေနဂါးမှာ သေးငယ်သော်လည်း အသက်ဝင်လှပြီး ကိုယ်ပေါ်ရှိ အရေးအကြောင်းများမှာလည်း ထင်ရှားနေ၏။ ပုံသဏ္ဌာန်မှာ ရှေ့ခြေထောက်များကို မြှောက်ထားသော စစ်မြင်းတစ်ကောင်ကဲ့သို့ ရှိနေပြီး တင့်တယ်ကာ ခွန်အားရှိသော ခံစားချက်ကို ပေးစွမ်းသည်။
“ဒါက အရမ်းရှားပါးတဲ့ မျိုးစိတ်ပဲ။ အထူးပြုပြင်ထားတာမလို့ စုဆောင်းဖို့အတွက်ရော ဆေးဖက်ဝင်ဖို့အတွက်ရော တန်ဖိုးကြီးတယ်”
လုမင်လီ တည်ငြိမ်စွာ ပြောလိုက်၏။
ကုန်သည်ကြီးသည် ရေနဂါးကို ဂရုတစိုက် ကိုင်ကြည့်ပြီး အံ့သြတုန်လှုပ်နေသော မျက်နှာဖြင့် ပြောသည်။
“တကယ်ကို ရှားပါးတဲ့ ပစ္စည်းပဲ။ ဈေးကွက်ထဲမှာ ဒီလို ထူးခြားတာမျိုး လုံးဝ ရှာမတွေ့နိုင်ဘူး”
“ဒါပေါ့၊ ကျွန်တော်လည်း ဒါကို ကံကောင်းလို့ ရခဲ့တာပါ”
လုမင်လီ လက်ပိုက်လျက် တည်ငြိမ်သော အမူအရာဖြင့် ပြောလိုက်သည်။
ကုန်သည်ကြီးသည် အင်မတန် သဘောကျသွားသဖြင့် အလျင်အမြန် ပြော၏။
“စစ်သူကြီးလု ဒီအရောင်းအဝယ်က ကျွန်တော့်ကို တကယ်ပဲ မျက်စိပွင့်စေပါတယ်။ စစ်သူကြီး ပြောသလိုပဲ ကျားဆိုတာ ကြိုးစားရင် ရနိုင်ပေမဲ့ ဒီရေနဂါးကိုတော့ ကျွန်တော် ပထမဆုံး မြင်ဖူးတာပဲ။ ဒီတစ်ခါ မြို့တော်ကို ပြန်သွားရင်တော့ ဒါကို အပြိုင်အဆိုင် လိုချင်ကြမှာ သေချာတယ်”
“ဒါကို ဘယ်လောက်နဲ့ ပြန်ရောင်းမလဲဆိုတာကတော့ ခင်ဗျားရဲ့ အရည်အချင်းပေါ့”
လုမင်လီက ယဉ်ကျေးစွာ ပြန်ပြောလိုက်၏။
“ဒါနဲ့ စစ်သူကြီးက အဲဒီကျားပေါက်လေးကို ဘာလို့ စိတ်ဝင်စားရတာလဲ။ ကျားရိုးကို အရက်စိမ်ဖို့လား။ ကျွန်တော့်မှာ ကျားသတ်ကျွမ်းတဲ့ ဆရာတစ်ယောက် ရှိတယ်။ သူက အကုန်လုံးကို သန့်သန့်ရှင်းရှင်း လုပ်ပေးနိုင်တယ်”
“မဟုတ်ပါဘူး။ ကျွန်တော် ကျားရိုးကို စိတ်မဝင်စားဘူး”
“အော် ဒါဆိုရင် အလှလေးတစ်ယောက်ရဲ့ အပြုံးကို ရဖို့အတွက်ပေါ့”
ကုန်သည်ကြီး နောက်ပြောင်လိုက်၏။ သူကလည်း ငတုံးမဟုတ်ပေ။ မနေ့က လုမင်လီနှင့် ဆုံပြီးနောက် အနည်းငယ် စုံစမ်းကြည့်ခဲ့၏။ သူ့လက်အောက်ငယ်သားများသည် လုမင်လီ ကျားပေါက်လေးကို မုန့်ဆိုင်သို့ သယ်သွားသည်ကို မြင်ခဲ့ကြရာ သဘောပေါက်သွား၏။ သူရဲကောင်းများသည် လှပသော အမျိုးသမီးနှင့်တွေ့လျှင် မလွန်ဆန်နိုင်ကြပေ။
လုမင်လီ ပြန်လည်ချေပချင်သော်လည်း စိတ်ထဲတွင် အနည်းငယ် အပြစ်ရှိသလို ခံစားရသည်။ သူ ထိုကျားပေါက်လေးကို ဟွာကျွင်းအတွက် ဝယ်ခဲ့သည်မှာ မှန်သော်လည်း ကုန်သည်ကြီး၏ ပါးစပ်မှ ထွက်လာသည့်အခါတွင် စကားလုံးများမှာ နားဝင်မချိုလှပေ။
သူ ထရပ်ပြီး အဝတ်အစားများကို ဆွဲဆန့်လိုက်ကာ ပြော၏။
“ကျွန်တော် ဒါကို ဒေသတွင်း အေးချမ်းဖို့အတွက် လုပ်တာပါ၊ ပုဂ္ဂိုလ်ရေး ကိစ္စတွေနဲ့ မဆိုင်ဘူး။ စကားပြောရင် သတိထားပါ၊ အဲဒီမိန်းကလေးရဲ့ ဂုဏ်သိက္ခာကို မထိခိုက်စေနဲ့။ ကျေးဇူးပဲ၊ ကျွန်တော် တခြားကိစ္စတွေ ရှိသေးလို့ အရင်သွားတော့မယ်”
ကုန်သည်ကြီးသည် လုမင်လီ သူ့ပြက်လုံးများကို လက်မခံသည်ကို မြင်ရသည့်အခါ ပါးစပ်မစောင့်တတ်သူပီပီ ပြောလိုက်သည်။
“စစ်သူကြီးလု ဘာလို့ စိတ်တိုနေတာလဲ။ အဲဒီမိန်းကလေးက စီးပွားရေးလုပ်နေတာဆိုတော့ လူတွေကို ကြိုဆိုနှုတ်ဆက်ရတာ ကျင့်သားရနေမှာပဲ။ သူ့စိတ်ကို ရဖို့က လွယ်လိမ့်မယ်လို့ ကျွန်တော် ထင်တယ်။ ဘာလို့ ဒီလောက်အထိ အပင်ပန်းခံနေရတာလဲ။ စစ်သူကြီးမှာ အတွေ့အကြုံ မရှိရင် ကျွန်တော်တောင် သင်ပေးလို့”
ထိုစကားကို ကြားလိုက်ရသည့်အခါ လုမင်လီ၏ ဒေါသမှာ ဟုန်းဟုန်းတောက်သွားတော့၏။ သူ ကုန်သည်ကြီးဘက်သို့ လှည့်ကြည့်လိုက်သည်။ သူ့မျက်နှာမှာ မည်းသည်းပြီး ကြောက်စရာ ကောင်းနေတော့၏။ နောက်တစ်စက္ကန့်တွင် သူ ဓားကို ဆွဲထုတ်လိုက်သည်။ ငွေရောင်အလင်းတန်း တစ်ချက်နှင့်အတူ ကုန်သည်ကြီး ရှေ့မှ စားပွဲမှာ နှစ်ခြမ်းကွဲသွားတော့၏။
သူ အသံကို နှိမ့်ကာ အေးတိအေးစက် ပြောလိုက်၏။
“အဲဒီစကားမျိုး နောက်တစ်ခါ ထပ်ကြားရရင် မင်းရဲ့ အဆုံးသတ်က ဒီစားပွဲလိုပဲ ဖြစ်သွားမယ်”
ထို့နောက် သူ လှည့်ထွက်သွားတော့၏။
ကုန်သည်ကြီးမှာ ချွေးစေးများ ထွက်နေပြီး စားပွဲမရှိတော့သဖြင့် ပေါ်နေသော သူ့ခြေထောက်များမှာ တဆတ်ဆတ် တုန်နေတော့၏။ လုမင်လီ ယဉ်ကျေးစွာ စီးပွားရေး စကားပြောနေသည်ကို မြင်ရသဖြင့် သူ တစ်ချိန်က စစ်မြေပြင်တွင် ကျော်ကြားသော စစ်သူကြီးတစ်ဦး ဖြစ်မှန်း သူ မေ့သွားခဲ့ခြင်း ဖြစ်၏။ သူ့ဂုဏ်သိက္ခာမှာ လုမင်လီ ရှေ့တွင် တန်ဖိုးမရှိပေ။
နောက်တစ်နေ့တွင် လုမင်လီသည် လူတစ်စုကို ဦးဆောင်ကာ ကျားပေါက်လေး၏ လှောင်အိမ်ကို သယ်ဆောင်လျက် တောင်နောက်ဘက်သို့ ထပ်မံ ဝင်ရောက်ခဲ့၏။ ကျားပေါက်လေးမှာ လွတ်လပ်မှု၏ အနံ့အသက်ကို ရနေပုံရပြီး လှောင်အိမ်ထဲတွင် မငြိမ်မသက် ဖြစ်နေသည်။
အတော်လေး ကျယ်ဝန်းသော ချိုင့်ဝှမ်းတစ်ခုသို့ ရောက်သည့်အခါ လုမင်လီ လှောင်အိမ်တံခါး ဖွင့်ရန် အချက်ပြလိုက်၏။ ကျားပေါက်လေးမှာ အရင်ဆုံး ခေါင်းကို သတိထားကာ ထွက်ကြည့်ပြီးနောက် လှောင်အိမ်ထဲမှ ဖြည်းဖြည်းချင်း လမ်းလျှောက် ထွက်လာသည်။ သူ လုမင်လီကို ပြန်ကြည့်လိုက်ရာ မျက်လုံးထဲတွင် ကျေးဇူးတင်သည့် အရိပ်အယောင်လေး ရှိနေသယောင် ထင်ရ၏။
ထိုအချိန်မှာပင် ချိုင့်ဝှမ်းထဲ၌ ကျားဟိန်းသံတစ်ခု ပဲ့တင်ထပ်သွား၏။ ၎င်းမှာ ကျားပေါက်လေးကို ခေါ်နေသကဲ့သို့ပင်။ ကျားပေါက်လေးသည် သူ့မိခင်၏ ခေါ်သံကို ကြားလိုက်ရသဖြင့် တောနက်ထဲသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားကာ ချက်ချင်းပင် ပျောက်ကွယ်သွားတော့သည်။
တောအုပ်ကြီး ပြန်လည် တိတ်ဆိတ်သွားသည်အထိ လုမင်လီ တစ်ခဏ စောင့်ဆိုင်းပြီးမှ ပြန်လှည့်လာခဲ့သည်။ သူ သက်ပြင်းတစ်ချက်ကို အသာအယာ ချလိုက်မိ၏။ သူ့ကတိကို ဖြည့်ဆည်းပေးနိုင်ခဲ့ပြီး ကျားဘေးအန္တရာယ်ကိုလည်း ဖြေရှင်းနိုင်ခဲ့ပြီဟု သူ တွေးနေမိသည်။ အပြန်လမ်းခရီးမှာ အလွန်ပင် စိတ်လက်ပေါ့ပါးနေတော့၏။
လမ်းတစ်လျှောက်တွင် သူ မနေ့က ကုန်သည်ကြီး၏ စကားများကို ပြန်လည် ကြားယောင်နေမိပြီး ဟွာကျွင်းကိုလည်း သတိရနေမိ၏။ သူမသည် မည်သူနှင့်မဆို ဆက်ဆံရာတွင် ဟန်ဆောင်ခြင်း မရှိဘဲ ပွင့်လင်းပြီး ရက်ရောတတ်သူ ဖြစ်ရာ အခြားသူတို့၏ အထင်လွဲခြင်းကို မခံသင့်ပေ။
သို့သော် ဟွာကျွင်းသည် ထိုလူများ၏ အမြင်ကို ဂရုစိုက်လိမ့်မည်မဟုတ်မှန်း သူ သိနေသည်။ သူမသည် စိတ်ထား မြင့်မြတ်လွန်း၍ မဟုတ်ဘဲ မူလကတည်းက ဤကမ္ဘာနှင့် မသက်ဆိုင်ဘဲ ပိုမိုကောင်းမွန်သော ကမ္ဘာတစ်ခုမှ လာသူဖြစ်သောကြောင့်ပင်။ ထိုအချက်ကို တွေးမိသည့်အခါ သူနှင့် ဟွာကျွင်းကြားရှိ ကွာဟချက်ကို ပိုမိုနားလည်သွားပြီး သူ့စိတ်မှာ ပို၍ လေးလံသွားရတော့သည်။
အခန်း (၁၂၂)
မြို့တော်လမ်းထက် ပိုမိုချောမွေ့သော လမ်းတစ်သွယ်
ယနေ့သည် သာယာသောနေ့တစ်နေ့ ဖြစ်၏။ ညနေပိုင်း ဟွာကျွင်း ရောက်ရှိလာသည်နှင့် သတင်းကောင်းတစ်ခုကို ကြားလိုက်ရသည်။
ပန်းထိုးအလုပ်ရုံကြီး တည်ဆောက်ပြီးစီးသွား၏။
၎င်းကို မုန့်ဆိုင်နှင့် မလှမ်းမကမ်းတွင် တည်ဆောက်ထားပြီး လီနျန် ဟွာကျွင်းကို လိုက်လံကြည့်ရှုရန် ခေါ်သွားသည်။ ပန်းထိုးအလုပ်ရုံ၏ အပြင်ဘက်နံရံများကို ကျောက်တုံးများဖြင့် ပြုလုပ်ထားပြီး အတွင်းဘက်တွင် သစ်သားနှစ်ထပ်အဆောက်အအုံ ရှိနေ၏။
ဟွာကျွင်း လက်နှိပ်ဓာတ်မီးကို ကိုင်ဆောင်ပြီး အလုပ်ရုံထဲသို့ ဝင်သွားစဉ် သစ်သားနံ့သင်းသင်းလေးမှာ လေထုထဲတွင် ပျံ့နှံ့နေသည်။ အလင်းရောင် ကောင်းစွာရရှိစေရန် မြေညီထပ်ရှိ ခန်းမနံရံများတွင် ပြတင်းပေါက် အများအပြား တပ်ဆင်ထား၏။ အလယ်တွင် အသစ်စက်စက် ပန်းထိုးကွင်း အချို့ကို စနစ်တကျ စီထားပြီး ဘေးတွင်လည်း အရောင်အသွေးစုံလင်သော ပိုးချည်မျှင်များကို အစီအရီ ပြသထားသည်။
လီနျန် ပန်းထိုးကွင်းတစ်ခုကို အသာအယာ ပွတ်သပ်ရင်း မျက်လုံးထဲတွင် ဝမ်းသာရိပ်များ ပြည့်နှက်နေ၏။
“ကျေးဇူးတင်ပါတယ် သူဌေးမဟွာ။ အခုတော့ ဒီရပ်ခြားမြေမှာ ကျွန်မ အခြေချနေထိုင်ဖို့ တည်ငြိမ်တဲ့ နေရာတစ်ခု ရခဲ့ပြီ။ နောင်ကိုလည်း သူဌေးမရဲ့ မျှော်လင့်ချက်တွေကို အကောင်အထည်ဖော်ပြီး ပန်းထိုးအလုပ်ရုံကို အကောင်းဆုံး စီမံခန့်ခွဲသွားပါ့မယ်”
ဒုတိယထပ်မှာ ချုပ်လုပ်ပြီးသား အဝတ်အထည်များနှင့် ပိတ်စများ သိုလှောင်ရန်ဖြစ်ပြီး ပန်းထိုးသူများ အနားယူရန်လည်း ဖြစ်၏။ နောက်ဘက်သို့ ဆက်ကြည့်လျှင် ပိတ်စများ လျှော်ဖွပ်ရန်အတွက် သစ်သားစင် အများအပြားကိုလည်း တွေ့ရသည်။
ဟွာကျွင်းသည် ကြမ်းပြင်မှလွဲ၍ ပန်းထိုးအလုပ်ရုံကို အလွန်ပင် သဘောကျမိ၏။ ဤခေတ်တွင် ချမ်းသာသော မိသားစုများသာ ကြမ်းပြင်ကို ကျောက်ပြား သို့မဟုတ် အုတ်ခဲများ ခင်းနိုင်ကြခြင်း ဖြစ်၏။ သာမန်အိမ်ထောင်စုများမှာ ကျောက်စရစ်ခဲများကိုသာ သုံးကြသည်။ ရွာသားများသည် ငွေကြေးမတတ်နိုင်သဖြင့် အလုပ်ရုံ၏ ကြမ်းပြင်ကို သဲနှင့် ကျောက်မှုန့်များခင်းကာ သစ်သားတိုင်များဖြင့် ကျစ်လျစ်အောင် ထုရိုက်ထားကြ၏။ ထို့ကြောင့် ၎င်းကို မြေထုကြမ်းပြင်ဟု ဆိုနိုင်သည်။
ဤနည်းလမ်းမှာ ငွေကုန်ကြေးကျ သက်သာသော်လည်း အချိန်ကြာလျှင် ချောင်လာခြင်း၊ အက်ကွဲခြင်းနှင့် ရေစိုလျှင် ရွှံ့ဖြစ်တတ်သဖြင့် ပန်းထိုးအလုပ်ရုံအတွက် ဒုက္ခပေးနိုင်သည်။ ထို့ကြောင့် ဟွာကျွင်း ကြမ်းပြင်ခင်းပေးခဲ့သော ရွာသားများကို ရှာဖွေပြီး မေးလိုက်၏။
“ဒီကြမ်းပြင်ပေါ်မှာ သစ်သားပြားတွေ ခင်းဖို့ နည်းလမ်းရှိလား”
ထိုရွာသားမှာ သက်လတ်ပိုင်းအရွယ် ဦးလေးကြီးတစ်ဦး ဖြစ်၏။ သူ ခေါင်းငုံ့ကာ ပြန်ဖြေလိုက်သည်။
“သူဌေးမဟွာ... ဒီမြေထုကြမ်းပြင်က အသုံးအများဆုံးပဲလေ။ ဘာလို့ သစ်သားခင်းချင်ရတာလဲ။ အဲဒါက ဖြုန်းတီးရာ ရောက်လိမ့်မယ်”
“အဲဒါ အရေးမကြီးပါဘူး။ ခင်းလို့ရမရပဲ ပြောပါ။ ကုန်ကြမ်းတွေကို ကျွန်မ ဘာသာ ရှာပါ့မယ်၊ ရှင့်ကိုလည်း ငွေအပို ပေးပါ့မယ်”
ဦးလေးကြီးမှာ ပျာပျာသလဲ ဖြစ်သွားပြီး ပြော၏။
“ကျွန်တော်... ကျွန်တော် အဲဒီလို ဆိုလိုတာ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ အခေါက်က ပေးထားတဲ့ ငွေဆယ်ပြားကတောင် အများကြီး ပိုနေပါသေးတယ်။ ပန်းထိုးအလုပ်ရုံအတွက် ဒီလောက် ဈေးကြီးတဲ့ ပစ္စည်းတွေ မလိုဘူး ထင်လို့ပါ။ သူဌေးမ လိုအပ်တယ်ဆိုရင်တော့ ကျွန်တော်တို့ ခင်းပေးနိုင်ပါတယ်”
‘ကောင်းပြီလေ၊ အုတ်ခဲတွေပဲဟာ လွယ်ပါတယ်’
နောက်တစ်နေ့တွင် ဟွာကျွင်း သစ်သားကြမ်းပြင် စက်ရုံတစ်ရုံကို ရှာဖွေပြီး အလုပ်ရုံ နှစ်ထပ်လုံးအတွက် လိုအပ်သော ကြမ်းပြင်ပြားများကို မှာယူလိုက်၏။
ထို့နောက် ပြင်ပသုံး အုတ်ခဲစက်ရုံကိုလည်း ရှာပြီး ခြံဝင်းအတွက် လိုအပ်သည်များကို ဝယ်ယူလိုက်သည်။ ထို့အပြင် မြေအောက်ခံ ခင်းရန်အတွက် သဲဝါနှင့် ဘိလပ်မြေများကိုပါ ဝယ်လိုက်၏။
ကုန်လှောင်ရုံလိပ်စာကို ပေးခဲ့ပြီးနောက် ဟွာကျွင်း ဆိုင်သို့ပြန်ကာ ပစ္စည်းရောက်မည့်အချိန်ကို စောင့်နေရုံသာ ရှိတော့၏။ စက်ရုံများတွင် ကုန်ပစ္စည်း လက်ကျန်ရှိနေသဖြင့် ထိုညမှာပင် ကုန်လှောင်ရုံသို့ ပစ္စည်းများ ရောက်လာသည်။ ထို့နောက် ဟွာကျွင်းသည် သူမ နည်းလမ်းဟောင်းအတိုင်းပင် ကရိန်းကို သုံးကာ ထိုကုန်ကြမ်းများကို မုန့်ဆိုင်အပြင်ဘက်သို့ သယ်ဆောင်လိုက်၏။
ဟွာကျွင်း ကုန်ကြမ်းများကို မှော်ဆန်ဆန် ဖန်တီးလိုက်သည်ကို မြင်ရသည့်အခါ ရွာသားများ အံ့အားသင့်ကာ စကားပင် မပြောနိုင်ကြတော့ပေ။ မော့ချွမ်း လူတိုင်းကို ပစ္စည်းများ စတင်သယ်ယူရန် ညွှန်ကြားလိုက်ရာ သစ်သားကြမ်းခင်းပြားများကို အလုပ်ရုံအတွင်းသို့ သယ်ယူပြီး အုတ်ခဲများကို ရင်ပြင်တွင် ထားရှိလိုက်ကြသည်။
“သစ်သားတွေကို ဒီလောက် အထူအပါး ညီအောင် ဖြတ်ဖို့ဆိုတာ ဘယ်လောက် လက်ရာမြောက်လိုက်သလဲ။ သစ်သားပြားတွေရဲ့ မျက်နှာပြင်ကလည်း ချောမွေ့နေတာပဲ၊ ခုတင် ပျဉ်ပြားအနေနဲ့တောင် သုံးလို့ရတယ်”
ဦးလေးကြီးသည် သစ်သားပြားတစ်ပြားကို ကောက်ကိုင်ကာ စိတ်လှုပ်ရှားစွာ ရေရွတ်နေမိ၏။
ဟွာကျွင်း ပြောလိုက်သည်။
“ဦးလေး... ဒီမြေကြမ်းပြင်ကို အရင်ဆုံး ညီအောင်လုပ်ရမယ်၊ ပြီးမှ ဆင့်တွေကို ခင်း၊ အဲဒီအပေါ်မှ သစ်သားကြမ်းပြင်ပြားတွေကို တင်ရမှာ။ ဒါဆိုရင် အသားက ကောက်မသွားဘဲ ပိုပြီး ခိုင်ခံ့လိမ့်မယ်”
ဦးလေးကြီး ဝမ်းသာအားရ သဘောတူလိုက်၏။
“ဟုတ်ကဲ့ပါ၊ ပြဿနာ မရှိပါဘူး”
ဟွာကျွင်း ခဏစဉ်းစားပြီးနောက် ပြောလိုက်သည်။
“လူအင်အား ပိုသေးတယ်ဆိုရင် ရွာလမ်းတွေကို ပြင်ပြီး ကျောက်ပြားတွေ ခင်းပေးကြပါ။ လုပ်အားခနဲ့ ကုန်ကြမ်းဖိုးတွေကို ကျွန်မ စိုက်ထုတ်ပေးပါ့မယ်”
“ဒါတွေက ကျွန်တော်တို့ ရွာလမ်းတွေပဲလေ၊ သူဌေးမဆီက လုပ်အားခ ဘယ်ယူလို့ ဖြစ်ပါ့မလဲ။ လွန်ခဲ့တဲ့ ရက်ပိုင်းကတည်းက သစ်ပင်တွေ ခုတ်ပြီး လမ်းပြင်နေတဲ့သူတွေ ရှိနေပါပြီ။ လူတိုင်းက မုန့်ဆိုင်အဝင်ကနေ စပြီး ပြင်ဖို့ တိုင်ပင်နေကြတာ”
ဟွာကျွင်း ပြောလိုက်၏။
“လယ်ကွင်းတွေကနေ ဝင်ငွေ မရသေးဘူးလေ။ ဦးလေးတို့က အလကားပဲ လုပ်ပေးနေရင် ငတ်ကုန်မှာပေါ့။ မြို့တံခါးဝကနေ ရွာအဆုံးအထိ လမ်းကို ပြင်ပေးကြပါ။ ဒါဆိုရင် လူတိုင်း မြို့ထဲသွားဖို့ပဲဖြစ်ဖြစ်၊ မြို့ထဲကလူတွေ မုန့်ဆိုင်လာဖို့ပဲဖြစ်ဖြစ် ပိုပြီး အဆင်ပြေသွားတာပေါ့”
ဟွာကျွင်း ဆိုင်သို့ ပြန်ရောက်သည်နှင့် ဟော့ပေါ့ ပြန်ရချင်နေသော ဧည့်သည်အချို့ သူမကို တားလိုက်ကြ၏။
“သူဌေးမဟွာ... ဒီဆိုင်မှာ ဟော့ပေါ့ဆိုတဲ့ အသစ်အဆန်း ဟင်းလျာ ရတယ်လို့ ကြားတယ်။ ကျွန်တော်တို့ အကြိမ်ကြိမ် လာတာတောင် ဘာလို့ မစားရသေးတာလဲ”
ဟွာကျွင်းသည် ယခင်က ဟော့ပေါ့မှာ တစ်မျိုးတည်းသာ ဖြစ်သဖြင့် ကြိုက်သည့်သူရော၊ မကြိုက်သူပါ ရှိနိုင်ခြင်း၊ ဆီခိုးနံ့များ ထွက်ခြင်းတို့ကို ထည့်တွက်ပြီး ရက်အနည်းငယ်ကြာ ရပ်နားထားခြင်း ဖြစ်၏။
“ဟုတ်တယ်လေ။ ကျွန်မ ပြီးခဲ့တဲ့ အခေါက်က တစ်ခါ စားဖူးပြီးကတည်းက အခုထိ စားချင်နေတုန်း။ အခုတော့ မရတော့ဘူးတဲ့”
အခြားသော သဘောထားကွဲလွဲသူများလည်း ရှိနေ၏။
“ကျွန်တော်ကတော့ အဆီများတာကို မကြိုက်ဘူး။ နေ့တိုင်း ဘာဟင်းရမလဲဆိုပြီး ရင်ခုန်ရတာကိုပဲ သဘောကျတယ်။ ဒါပေမဲ့ သူဌေးမဟွာ ဘာရောင်းရောင်း ကျွန်တော် စားမယ်။ ဒါက ပိုကောင်းပါတယ်”
ဟွာကျွင်း ပြောလိုက်သည်။
“အားလုံးပဲ စိတ်မပူကြပါနဲ့။ နောင်မှာ ဟော့ပေါ့ကို ပြန်ရောင်းပေးပါ့မယ်။ နောက်တစ်နေ့မှာ ရမဲ့ ဟင်းစာရင်းကို နေ့တိုင်း ဆိုင်တံခါးရှေ့မှာ ကပ်ပေးထားပါ့မယ်။ ရှင်တို့ စားချင်တာ ရှိရင် အဲဒီနေ့ကျမှ လာခဲ့ကြပေါ့။ နေ့တိုင်း လာစောင့်နေစရာ မလိုတော့ဘူးပေါ့”
“ပြောရတာတော့ လွယ်တာပေါ့၊ ဒါပေမဲ့ တစ်ရက်လောက် မလာရရင်ကို နေရထိုင်ရတာ အဆင်မပြေဘူး။ ဟော့ပေါ့ မရှိလည်း တခြားဟာတွေ စားချင်သေးတာပဲ”
ထိုအချိန်မှာပင် ဟွာရှန့်၏ အဘိုး ဟင်းသီးဟင်းရွက်များ လာပို့ရာ ဟွာကျွင်း စိတ်ကူးတစ်ခု ရသွားသည်။
“အဘိုး... ဟော့ပေါ့ဆိုင် ဖွင့်ဖို့ စိတ်ဝင်စားလား”
ဟွာရှန့်အဘိုး ထိုစကားကို ကြားရသဖြင့် အလွန်ဝမ်းသာသွားသော်လည်း အနည်းငယ် စိုးရိမ်နေမိ၏။
“အဘိုးက တစ်သက်လုံး ဟင်းသီးဟင်းရွက်ပဲ စိုက်လာတာ။ ဆိုင်ဘယ်လို လည်ပတ်ရမလဲဆိုတာ မသိဘူး”
“မစိုးရိမ်ပါနဲ့၊ ကျွန်မတို့ ဟော့ပေါ့အနှစ်နဲ့ အမဲသားကို ထောက်ပံ့ပေးမယ်။ အဘိုးက သိုးသားနဲ့ ဟင်းသီးဟင်းရွက်တွေကို တာဝန်ယူ၊ ပြီးရင် အမြတ်ကို (၇၀) (၃၀) ခွဲကြတာပေါ့၊ ကျွန်မ (၃၀) ပဲ ယူမယ်”
“ဆိုင်ကြီးဆိုင်ကောင်း ဆောက်နေစရာတောင် မလိုပါဘူး။ တဲလေးတစ်လုံး ထိုးလိုက်ရင် ရပါပြီ”
ဤနည်းဖြင့် မုန့်ဆိုင်မှာ ရိုးရှင်းသော စားစရာများကိုသာ အာရုံစိုက် ရောင်းချနိုင်မည်။ ဟွာရှန့်အဘိုးကလည်း သဘောတူလိုက်သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် တစ်လ ကုန်ဆုံးသွားပြီး မုန့်ဆိုင်အပြင်ဘက်ရှိ လမ်းမှာလည်း လုံးဝ ပြင်ဆင်ပြီးစီးလုနီးပါး ဖြစ်သွား၏။ ယခုအခါ ညဘက်သာမက နေ့ဘက်တွင်လည်း လူအများအပြား လမ်းလျှောက်နေကြတော့သည်။ ဤလမ်းမှာ ကျောက်ပြားများ ခင်းထားသဖြင့် မြင်းရထားများမှာ ချောမွေ့စွာ သွားလာနိုင်၏။ မြို့တော်လမ်းမှာ ချိုင့်ခွက်များ များပြားလှသည့်အပြင် သွားလာပြီးတိုင်း နှာခေါင်းထဲတွင် ဖုန်များဖြင့် ပြည့်နှက်သွားတတ်သည်။
လုမင်လီသည် မြို့တော်သို့ ခဏပြန်လာမည်ဖြစ်ကြောင်း စာကြိုပို့ထားခဲ့၏။ သူ့တွက်ချက်မှုအရ ဟွာကျွင်း သူ့ကို မတွေ့ရသည်မှာ ရက်နှစ်ဆယ်ခန့် ရှိနေပြီ ဖြစ်၏။
မြို့တော်လမ်းမပေါ်တွင် မြင်းကောင်းများ စီးနင်းလာသော လူတစ်စုသည် အဝေးမှ အသော့နှင်လာကြသည်။ အရှေ့ဆုံးမှ လူသည် ရုတ်တရက် မြင်းဇက်ကြိုးကို ဆွဲလိုက်၏။
“ထူးဆန်းလိုက်တာ။ ဒီမှာ ဘယ်လိုလုပ် လမ်းအပိုတစ်ခု ပေါ်လာတာလဲ”
သူ မြင်းကို လှည့်ကာ အနောက်မှ ခေါင်းဆောင်ထံသို့ သွားရောက် သတင်းပို့လိုက်၏။ “စစ်သေနာပတိ အရှေ့မှာ လမ်းအသစ်တစ်ခု ရှိနေတယ်။ ကြည့်ရတာ မြို့တော်လမ်းထက်တောင် ပိုကျယ်ပုံရတယ်”
စစ်သေနာပတိသည် မြင်းကို ရပ်တန့်လိုက်ပြီး ညွှန်ကြားလိုက်၏။
“အားလုံးပဲ မူလလမ်းအတိုင်း ဆက်သွားကြ။ ငါ လမ်းအသစ်ကို သွားစစ်ဆေးလိုက်ဦးမယ်”
သူ မြင်းကို အရှိန်မြှင့်ပြီး ရှေ့သို့ သွားကြည့်ရာ မလှမ်းမကမ်းတွင် လမ်းအပိုတစ်ခုကို အမှန်ပင် တွေ့လိုက်ရ၏။ ၎င်းမှာ ကျောက်ပြားများ ခင်းထားခြင်း ဖြစ်၏။
‘မြို့ပြင်က တောထဲမှာ ဘယ်သူက ကျောက်ပြားတွေ ခင်းထားပါလိမ့်။ ဘယ်လောက်တောင် ကြီးကျယ်တဲ့ လုပ်ရပ်လဲ။ ငါ မြို့တော်က ထွက်သွားတာ ဘယ်လောက်ရှိသေးလို့လဲ၊ ဒီလောက်ကြီးမားတဲ့ ပြောင်းလဲမှုမျိုး ဘယ်လိုဖြစ်လာတာလဲ’
သူ သံသယများဖြင့် ဖြည်းဖြည်းချင်း ရှေ့သို့ စီးလာရာ ပို၍ပင် ကြီးမားသော မေးခွန်းတစ်ခု ပေါ်လာပြန်၏။ ဤတောရိုင်းမြေတွင် ရွာတစ်ရွာက အဘယ်နည်းဖြင့် ရုတ်တရက် ပေါ်လာသနည်း။ သစ်သားအိမ်များကို စနစ်တကျ စီတန်းထားသည်။ ထိုအချိန်တွင် နေဝင်သွားပြီဖြစ်သဖြင့် သူ့ရှေ့မှ မရေမတွက်နိုင်သော မီးရောင်များသည် ကောင်းကင်ယံကို လင်းထိန်စေတော့၏။
သူသည် ရှေ့သို့ ဆက်စီးလာပြီး ရွာ အရှေ့ဘက်သို့ ရောက်သည့်အခါ စာလုံးကြီး သုံးလုံး ရေးထားသည်ကို တွေ့လိုက်ရ၏။
‘နျန်ဟွာကျေးရွာ’
‘ဒီစာလုံးတွေကိုရင်းနှီးနေသလိုပဲ။ ဒါ ငါ့တပည့် လုမင်လီရဲ့ လက်ရေးနှင့် ဘယ်လိုလုပ် တစ်ပုံစံတည်း ဖြစ်နေရတာလဲ’
ထိုအချိန်မှာပင် အမျိုးသမီးတစ်ဦး ဖြတ်သွားသဖြင့် ယဉ်ယဉ်ကျေးကျေး မေးလိုက်၏။ ထိုအမျိုးသမီးက ပြန်ဖြေသည်။
“ဧည့်သည်က မုန့်ဆိုင်ကို သွားမလို့လား။ ဒီလမ်းအတိုင်း တည့်တည့်သွားရင် အစည်ကားဆုံးနေရာကို တွေ့ပါလိမ့်မယ်။ မုန့်ဆိုင်က အဲဒီဆိုင်ပါပဲ”