အခန်း (၁၂၃-၁၂၄)
Vol. 13 Ch. 123-124
အခန်း (၁၂၃)
အစည်ကားဆုံးနေရာတွင်
သံသယများလွန်းသဖြင့် စစ်သေနာပတိမှာ တုံ့ဆိုင်းနေမိ၏။ ထိုအချိန်တွင် သူ့ဘေးမှ စစ်သည်လေးတစ်ယောက် ကိုယ်ကိုကိုင်းကာ တိုးတိုးလေး မေးလာသည်။
“စစ်သေနာပတိကြီး ဒါ သရဲခြောက်နေတာလားခင်ဗျ”
သူသည် စကား၏ နောက်တစ်ဝက်ကိုတော့ ကျယ်ကျယ်မပြောရဲပေ။
‘ဒီကျောက်ပြားခင်းလမ်းက မရဏမင်းရဲ့ နန်းတော်ဆီ ဦးတည်နေတာတော့ မဟုတ်ပါဘူးနော်’
စစ်သေနာပတိ သူ့ကို စိုက်ကြည့်လျက် ပြော၏။
“ဘာတွေ လျှောက်ပြောနေတာလဲ။ ရှေ့မှာ မုန့်ဆိုင်ရှိတယ်လို့ ရွာသားတွေ ပြောတာ မကြားလိုက်ဘူးလား”
“မုန့်ဆိုင်ဆိုတာက မရဏမင်းနန်းတော်ရဲ့ နာမည်ဝှက် ဖြစ်နေရင်ရော။ မုန့်ဆိုင်ပိုင်ရှင်က မရဏမင်းကြီး ကိုယ်တိုင် ဖြစ်နေရင်...”
စစ်သေနာပတိကြီးက စစ်သည်လေး၏ ခေါင်းနောက်ဘက်ကို ခပ်ပြင်းပြင်း တစ်ချက်ရိုက်လိုက်ရာ အရှိန်ဖြင့် ရှေ့သို့ ယိုင်သွားပြီး ကိုယ်ကို မနည်းပြန်ထိန်းလိုက်ရသည်။
ထိုစစ်သည်လေးက ခေါင်းကိုပွတ်ရင်း ပြော၏။
“နာတယ်၊ ဒါဆို အိပ်မက်မဟုတ်ဘူးပဲ”
စစ်သေနာပတိက ပြောလိုက်သည်။
“သွားကြစို့။ လူလား သရဲလားဆိုတာ စစ်ဆေးကြည့်ရင် သိရမှာပေါ့”
ချောမွေ့သော လမ်းမနှင့် လမ်းဘေးရှိ မှန်အိမ်များမှာ သူတို့ကို လူ့လောကထဲ မရောက်နေသကဲ့သို့ အမှန်ပင် ခံစားရစေ၏။ လမ်းအတိုင်း လျှောက်လာကြစဉ် လူတစ်ယောက်ကိုမျှ မမြင်ရသေးခင်မှာပင် ဟင်းလျာများ၏ ရနံ့ကို အရင်ရလိုက်သည်။
ပထမဆုံးတွင် အသားကင်၏ မီးခိုးနံ့သင်းသင်းလေးကို ရပြီး တဖြည်းဖြည်းနှင့် ထိုအနံ့မှာ ပို၍ ပြင်းထန်လာသည်။ စစ်သည်လေးမှာ သံသယများကို အဝေးသို့ လွှင့်ပစ်လိုက်ပြီး အသက်ကို ပြင်းပြင်းရှူလျက် ထိုအနံ့ကို ခံစားနေတော့၏။
တဖြည်းဖြည်းနှင့် လူသံများမှာ ကျယ်လောင်လာပြီး ရွာသားများပြောသော မုန့်ဆိုင်ကို နောက်ဆုံးတွင် မြင်လိုက်ရသည်။ ဆိုင်၏ မီးရောင်များမှာ ထူးထူးခြားခြား လင်းထိန်နေပြီး ဧည့်သည်များမှာ ဆိုင်ရှေ့တွင် တန်းစီနေကြ၏။ ဘေးတစ်ဖက်တစ်ချက်တွင်လည်း အနံ့မှာ မွှေးသလိုလို နံသလိုလို ရှိသော အစားအစာများ ရောင်းချသည့် ဆိုင်လေးနှစ်ဆိုင် ရှိနေသည်။
စစ်သေနာပတိသည် မြင်းပေါ်တွင် ထိုင်လျက် မြင်းဇက်ကြိုးကို ကိုင်ကာ အသာအယာ အကဲခတ်နေ၏။ စစ်သည်လေးမှာ မအောင့်နိုင်တော့ပေ။ သူသည် တံတွေးမျိုချလျက် မေးလိုက်သည်။
“စစ်သေနာပတိကြီး... ကျွန်တော် ဟိုဘက်မှာ ဘာတွေရောင်းနေလဲဆိုတာ သွားကြည့်လိုက်ရမလားခင်ဗျ”
စစ်သေနာပတိ ခေါင်းညိတ်ပြကာ ငွေတုံးတစ်တုံး ပစ်ပေးလိုက်၏။ စစ်သည်လေးမှာ မြင်းပေါ်မှ ဆင်းပြီး သူသွားလိုရာဆီသို့ လျှောက်သွားရင်း ခြေလှမ်းများကို အရှိန်မြှင့်လိုက်၏။ နောက်ဆုံးတွင် မထိန်းနိုင်ဘဲ ပြေးတော့သည်။ မကြာမီမှာပင် သူ တန်းစီနေသော လူအုပ်ကြားထဲသို့ ဟိုကြည့်သည်ကြည့်နှင့် ရောက်သွား၏။
“အစ်ကို... အားနာပါတယ်၊ ဒီမှာ ဘာအတွက် တန်းစီနေကြတာလဲဗျ”
“အသားကင်လေ။ အရမ်းအရသာရှိတာ”
‘အသားကင် ဟုတ်လား။ ဒါက ကင်ထားတဲ့ အသားပဲ မဟုတ်လား’
သူ နယ်စပ်တွင် နေစဉ်က အသားများကို ကိုယ်တိုင်ကင်စားလွန်း၍ ငြီးငွေ့လုနီးပါးပင် ဖြစ်နေခဲ့သည်။
“ဒီအသားကင်က သာမန်မဟုတ်ဘူး။ မမြည်းကြည့်ရသေးခင် စကားကို ကြိုမပြောနဲ့ဦး”
ဒီကို ရောက်တုန်းရောက်ခိုက် သူ တန်းစီပြီး စောင့်ကြည့်ရန် ဆုံးဖြတ်လိုက်၏။
ထိုဧည့်သည်မှာ စိတ်ကောင်းရှိ၏။ စစ်သည်လေးမှာ ဒေသခံနှင့် မတူသည်ကို မြင်သည့်အခါ သူ ပြောပြပေးလိုက်၏။
“မုန့်ဆိုင်ထဲမှာ ဝင်စားချင်ရင်တော့ ဆိုင်ရှေ့မှာပဲ တန်းစီရုံပဲ။ ပြီးတော့ ဆိုင်ရှင်ကို ပြောလိုက်ရင် သူတို့က ခင်ဗျားထိုင်တဲ့ နေရာအထိ လာပို့ပေးလိမ့်မယ်”
ထိုသူ ညွှန်ပြရာသို့ သူ လှမ်းကြည့်လိုက်သည့်အခါ အံ့သြသွားမိ၏။ ထိုတန်းစီနေသော လူတန်းကြီးမှာ အဆုံးမရှိသယောင် ရှိနေသည်။ စစ်သေနာပတိ သူ့ကို စောင့်နေဆဲ ဖြစ်သဖြင့် ဆိုင်ထဲဝင်စားရန် အချိန်မရှိပေ။ သူ ခေါင်းခါလိုက်၏။
ထိုသူ၏ မျက်နှာတွင် တောင့်တရိပ်များ ပြည့်နှက်နေလျက် ပြောလိုက်သည်။
“ဒီနေ့ ဆိုင်မှာ ငါးကင်ရတယ်လို့ ကြားတယ်။ ကျွန်တော် ခုနက လှမ်းချောင်းကြည့်တော့ သံဒယ်အိုးကြီးထဲမှာ ငါးအကြီးကြီးတစ်ကောင်ရယ်၊ တခြား အရံဟင်းတွေရယ်၊ ပြီးတော့ ထမင်းတစ်လုတ်နဲ့ စားလိုက်ရင် အရမ်းမွှေးတာပဲ”
စစ်သည်လေးမှာလည်း ကောင်းမွန်သော အစားအစာကို မစားရသည်မှာ ကြာပြီဖြစ်၏။ ထိုစကားကို ကြားရသည့်အခါ စားချင်စိတ််မှာ ပို၍ပင် ပြင်းပြလာတော့၏။
“ထမင်းတောင် ရတာလား”
“ဒါပေါ့။ မုန့်ဆိုင် စဖွင့်ကတည်းက နေ့တိုင်း ထမင်းကျွေးတာ။ တကယ့် နတ်ဘုံနတ်နန်းပဲ”
စစ်သည်လေးသည် ခြေဖျားထောက်ကာ ဆိုင်ထဲသို့ လှမ်းကြည့်လိုက်ရာ အတွင်း၌ လင်းထိန်နေသည်ကို တွေ့ရ၏။ ဝတ်ကောင်းစားလှ ဝတ်ထားသော ဧည့်သည်များမှာ စားပွဲတွင် ထိုင်လျက် ပျော်ရွှင်စွာ စားသောက်ရင်း စကားပြောနေကြသည်။
“ဒါဆို ခင်ဗျားက ဘာလို့ သွားမစားတာလဲ”
“အရမ်းဈေးကြီးတာကိုး။ ကျွန်တော်တို့လို သာမန်လူတွေက နေ့တိုင်း ဘယ်သွားစားနိုင်ပါ့မလဲ။ ကံကောင်းတာက ဒီဆိုင်ရှေ့က ဆိုင်လေးတွေရဲ့ အရသာကလည်း အရမ်းကောင်းတယ်။ အော်... ဒါနဲ့ ဟိုဘက်က နံစော်တို့ဟူးကိုလည်း မြည်းကြည့်ဖို့ မမေ့နဲ့ဦး။ မွှေးနေတာပဲ၊ နံနံပင် ထည့်ခိုင်းဖို့ မမေ့နဲ့။ စပ်တာ စားနိုင်ရင် ငရုတ်သီး အများကြီး ထည့်ခိုင်းလိုက်”
စစ်သည်လေး ခေါင်းညိတ်ပြလျက် စိတ်ထဲတွင် မှတ်သားထားလိုက်ပြီး ထိုအကြံပေးချက်အတိုင်း လုပ်ရန် ဆုံးဖြတ်လိုက်၏။
မကြာမီ သူတို့အလှည့် ရောက်လာသည်။ ရှေ့မှ ဧည့်သည်မှာ ကျွမ်းကျင်စွာပင် မှာယူလိုက်၏။
“အန်တီ... သိုးသားကင် နှစ်ချောင်း၊ ဝက်သုံးထပ်သားကင် နှစ်ချောင်းနဲ့ ခရမ်းသီးကင် တစ်ခုပေးပါ။ နံနံပင်နဲ့ ကြက်သွန်မြိတ် ထည့်မယ်၊ အစပ် ပုံမှန်ပဲ။ ဒီမှာပဲ စားမယ်”
ဆိုင်ရှင်အမျိုးသမီး၏ အသံမှာ ကျယ်လောင်ပြတ်သားလှ၏။
“ကောင်းပြီ။ သိုးသားနဲ့ ဝက်သား နှစ်ချောင်းစီ၊ ခရမ်းသီးကင် တစ်ခု၊ အစပ်ပုံမှန်၊ ဒီမှာစားမယ်ဆိုရင် ဟိုဘက်မှာ ထိုင်ပါဦးရှင်”
ဧည့်သည် ဘေးသို့ လျှောက်သွားစဉ် စစ်သည်လေး သတိပြုမိသည်မှာ ထိုနေရာတွင် စားပွဲနှင့် ထိုင်ခုံများစွာ ရှိနေပြီး လူအပြည့်နီးပါး ရှိနေခြင်းပင် ဖြစ်၏။
“မောင်ရင်လေး... ဘာစားမလဲ”
သူ ငေးနေစဉ် ဆိုင်ရှင်အမျိုးသမီး မေးလိုက်သည်ကို ကြားသဖြင့် ရှေ့မှလူ မှာယူသကဲ့သို့ အလျင်အမြန် မှာလိုက်သည်။
“ကျွန်တော် သိုးသားကင် လေးချောင်း၊ ဝက်သုံးထပ်သားကင် လေးချောင်းနဲ့ ခရမ်းသီးကင် နှစ်ခု ပေးပါ”
လူနှစ်ယောက်အတွက် ဤမျှဆိုလျှင် လုံလောက်မည်ဟု သူ တွေးလိုက်၏။
“ကောင်းပြီ၊ အစပ်၊ နံနံပင်နဲ့ ကြက်သွန်မြိတ်ရော ထည့်မလား”
“အင်း... အကုန်ထည့်ပေးပါ”
“ဒါဆို မောင်ရင်လေးက ဒီမှာပဲ စားမှာလား”
“မဟုတ်ဘူး၊ မဟုတ်ဘူး၊ စစ်သေနာပတိအတွက် သယ်သွားမှာပါ”
“ကောင်းပြီ။ သိုးသား လေးချောင်း၊ ဝက်သား လေးချောင်း၊ ခရမ်းသီးကင် နှစ်ခု၊ အစပ်ပုံမှန်၊ ပါဆယ်ယူမယ်။ ခဏစောင့်ပါဦး မောင်ရင်လေး။ နောက်တစ်ယောက်”
စစ်သည်လေး ငွေပေးချေကာ ဘေးသို့ အနည်းငယ် တိုးလိုက်ပြီး နောက်ကလူအတွက် နေရာပေးလျက် စောင့်နေသည်။
အဒေါ်ပန်းသည် အမှာစာအချို့ကို လက်ခံပြီးနောက် စစ်သည်လေးမှာ သူမကို စောင့်ရှောက်နေသကဲ့သို့ မတ်မတ်ရပ်နေသည်ကို မြင်သည့်အခါ စကားဆိုလိုက်၏။
“မောင်ရင်လေး... နံစော်တို့ဟူးရော သွားဝယ်ဦးမှာလား။ ဟိုဘက်မှာ သွားတန်းစီနှင့်လို့ ရတယ်၊ ဒါတွေ အဆင်သင့်ဖြစ်ရင် အဒေါ် လှမ်းခေါ်လိုက်မယ်”
စစ်သည်လေး ရယ်မောလျက် ပြော၏။
“ကောင်းတာပေါ့၊ ဒါဆိုရင် ခဏနေရင် လှမ်းခေါ်ပေးပါဦး အဒေါ်”
အဒေါ်ပန်း တက်ကြွစွာပင် ကတိပေးလိုက်သည်။
“ကောင်းပြီ၊ ပြဿနာမရှိဘူး။ သွားသာသွား”
ထို့နောက် စစ်သည်လေးသည် နံစော်တို့ဟူးဆိုင် တန်းစီရာသို့ ပြေးသွားတော့၏။ သူ ရှေ့ကလူ၏ ပုခုံးကို ပုတ်ကာ မေးလိုက်သည်။
“အစ်ကို... အားနာပါတယ်၊ တို့ဟူးက ဒီလောက် နံနေတာကို လူတွေ ဘာလို့ ဒီလောက်အထိ တန်းစီနေကြတာလဲ”
“ခင်ဗျားက နယ်ဝေးက လာတာထင်တယ်။ ဒါကို မသိဘူးပဲ၊ နံစော်တို့ဟူးဆိုတာ အနံ့ကသာ နံတာ၊ အရသာကတော့ ရှယ်ကောင်းတာ။ တစ်ခါစားပြီးရင် ထပ်စားချင်နေမှာ အသေအချာပဲ”
စစ်သည်လေး ထိုစကားကို ယုံကြည်ကာ စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေသည်။ နံစော်တို့ဟူးမှာ အသားကင်ထက် ပိုမြန်သဖြင့် မကြာမီ သူ့အလှည့် ရောက်လာ၏။ တို့ဟူးများကို တစ်ခါ ကြော်ထားပြီးဖြစ်ရာ ယခုမှာ ဧည့်သည်၏ အလိုအတိုင်း အရံဟင်းများ ထည့်ပေးရုံသာ ဖြစ်သဖြင့် ချက်ချင်း သယ်သွားနိုင်သည်။
ပုံမှန်အတိုင်းပင် စစ်သည်လေးသည် အရံဟင်းအစုံဖြင့် နှစ်ပွဲ ဝယ်လိုက်၏။ ဆိုင်ရှင်က ၎င်းတို့ကို ဆီစိမ်စက္ကူအိတ်ဖြင့် ထုပ်ပေးလိုက်သည်။ သူ ဘေးသို့ လျှောက်သွားကာ အိတ်ကိုဖွင့်၍ အနံ့ခံကြည့်၏။ ကြော်ထားသော နံစော်တို့ဟူးမှာ ထင်သလောက် မနံတော့ပေ။ အရံဟင်းမျိုးစုံနှင့်ဆိုလျှင် ပူပူနွေးနွေးနှင့် စားချင်စဖွယ်ပင်။
“ဟို မောင်ရင်လေး၊ အသားကင်တွေ ရပြီဟေ့”
အဒေါ်ပန်း၏ အသံမှာ အခြားတစ်ဖက်မှ ထွက်ပေါ်လာ၏။
စစ်သည်လေး လှမ်းကြည့်လိုက်သည့်အခါ အဒေါ်ပန်းသည် ဆီစိမ်စက္ကူအိတ်ကို ကိုင်လျက် သူ့ကို ပြုံးပြနေသည်ကို တွေ့ရ၏။ သူ အပြေးအလွှား သွားယူပြီး အဒေါ်ပန်းကို ကျေးဇူးတင်စကား ပြောလိုက်သည်။
သူ့လက်ထဲတွင် အစားအစာများ ပြည့်နေပြီး မွှေးပျံ့သော အနံ့မှာ နှာခေါင်းထဲသို့ တိုးဝင်နေ၏။ သူ ခြေလှမ်းကို လျှော့ကာ စက္ကူအိတ်ကို ဖွင့်၍ အတွင်း၌ ဘာတွေပါသလဲဟု ကြည့်လိုက်၏။
အိတ်ကို ဖွင့်လိုက်သည်နှင့် အနံ့မှာ နှာခေါင်းထဲသို့ တန်းတိုးဝင်လာသည်။ သူ စစ်သေနာပတိရှိရာသို့ ဖြည်းဖြည်းချင်း လျှောက်သွားကာ အသားတစ်ချောင်းကို ယူလိုက်၏။ နှီးတုတ်လေးပေါ်တွင် အသားရှစ်တုံးကို အဆီတစ်တုံး အသားတစ်တုံးစီ သီထားခြင်း ဖြစ်၏။ အဆီတုံးလေးများမှာ ကြည်လင်နေပြီး အသားတုံးလေးများမှာ နီရဲကာ တောက်ပနေသည်။
စုစုပေါင်း လေးချောင်း ရှိသည်။ တစ်ချောင်းလောက် စားလိုက်လျှင် ဘာမှမဖြစ်ပါဘူးဟု သူ တွေးလိုက်မိ၏။ ထို့နောက် သူ အသားကင်ကို စားလိုက်တော့၏။ စားနေရင်းနှင့် တတွတ်တွတ် ရေရွတ်နေမိ၏။
“အရသာရှိလိုက်တာ၊ အရသာရှိလိုက်တာ၊ ဘယ်လိုလုပ် ဒီလောက်တောင် အရသာရှိနေရတာလဲ”
စစ်စခန်းက ထမင်းချက်ဆရာကို ဒီမှာလာသင်ခိုင်းရမယ်ဟု သူ တွေးနေမိ၏။ တစ်ချောင်း စားပြီးသည့်နောက် နောက်တစ်ချောင်းကို ထပ်ယူလိုက်ပြန်ရာ စစ်သေနာပတိ သူ့ကို စောင့်နေသည်ကိုပင် လုံးဝ မေ့လျော့သွားတော့၏။ သူ နောက်ဆုံးတွင် စစ်သေနာပတိရှိရာသို့ ဖြည်းဖြည်းချင်း လျှောက်လာသည့်အချိန်၌ စစ်သေနာပတိ၏ မျက်နှာမှာ မည်းမှောင်နေပြီ ဖြစ်၏။
အခန်း (၁၂၄)
ငါးကင်
စစ်သေနာပတိချင်း အေးစက်စွာ နှာခေါင်းရှုံ့လျက် ပြော၏။
“မင်းသာ ပြန်မလာရင် သရဲတစ်ကောင်က မင်းကို ဖမ်းသွားပြီမှတ်လို့ မရဏမင်းဆီမှာ သွားရွေးမလို့ ပြင်နေတာ”
စစ်သည်လေး ရယ်မောလျက် ပြောသည်။
“ကျွန်တော်က စစ်သေနာပတိချင်းကို အဲဒီလောက်အထိ ဘယ်ဒုက္ခပေးပါ့မလဲခင်ဗျာ”
“ဘာတွေ သယ်လာတာလဲ”
စစ်သည်လေးသည် လျင်မြန်စွာပင် ဆီစိမ်စက္ကူထုပ်ကို ကမ်းပေးလိုက်၏။
“ဟိုမှာ စားစရာတွေ အများကြီးပဲ၊ အသားကင်ရော၊ နံစော်တို့ဟူးရော၊ ပြီးတော့ ရေနွေးငွေ့တွေ ထွက်နေတဲ့ မှန်အိမ်ကြီး တစ်ခုလည်း ရှိသေးတယ်။ အဲဒါ ဘာလဲတော့ ကျွန်တော် မသိဘူး။ ဒါပေမဲ့ အရေးကြီးဆုံးကတော့ အဲဒီမုန့်ဆိုင်ပဲ...”
သူသည် ဧည့်သည်၏ တောင့်တနေသော မျက်နှာအမူအရာကို ပြန်လည်အမှတ်ရသွားပြီး ပြောလိုက်သည်။
“ဟင်းတွေက မယုံနိုင်စရာကောင်းလောက်အောင် အရသာရှိတယ်လို့ ပြောကြတယ်၊ ထမင်းဖြူတောင် ရတယ်တဲ့ဗျ”
စစ်သေနာပတိချင်း အထုပ်ကို ဖွင့်လိုက်ရင်း မေးလိုက်၏။
“မင်း စားခဲ့ပြီးပြီလား။ အဆိပ်ရှိမရှိရော စစ်ပြီးပြီလား”
စစ်သည်လေး၏ မျက်နှာမှာ ချက်ချင်းပင် တောင့်ခဲသွားတော့၏။ သူ ထိုနေရာအပေါ် ထားရှိခဲ့သော အစောပိုင်း သံသယများကို လုံးဝ မေ့လျော့နေခဲ့ခြင်း ဖြစ်သည်။
“လူတွေ အများကြီး ဝယ်စားနေတာပဲ၊ အဆိပ်တော့ မရှိနိုင်ပါဘူး”
သူ ဘာမှမဖြစ်သည်ကို မြင်မှသာ စစ်သေနာပတိချင်း သက်ပြင်းချလိုက်၏။
“ငါ မင်းကို ဘယ်လို သင်ပေးထားသလဲ။ ဒီလောက်အထိ ပေါ့ဆရသလား။ အဲဒါက လူသတ်တဲ့ဆိုင် ဖြစ်နေရင်ရော။ မင်းအသက်က ဒီအတိုင်းပဲ ပါသွားမှာပေါ့”
သူသည် မြင်းပေါ်မှ ဆင်းကာ ချပ်ဝတ်တန်ဆာကို ချွတ်၍ အနီးရှိ သစ်ပင်အောက်တွင် ထားလိုက်၏။
“သွားကြစို့၊ ငါ ကိုယ်တိုင် သွားကြည့်မယ်”
သူတို့နှစ်ယောက်သည် လူအုပ်ကြားထဲတွင် အေးအေးဆေးဆေး လျှောက်လာကြပြီး အစည်ကားဆုံးနေရာဖြစ်သော ဟွာကျွင်းမုန့်ဆိုင်သို့ ရောက်ရှိလာကြသည်။
စစ်သေနာပတိချင်းသည် ဆိုင်းဘုတ်ကို မော့ကြည့်လိုက်ရာ စာလုံးငါးလုံးမှာ အလွန်ပင် လက်ရာမြောက်လှသည်ကို တွေ့ရ၏။ သို့သော် ကံကောင်းထောက်မစွာ ထိုလက်ရေးမှာ သူ့တပည့်ဖြစ်သူ လက်ရေးနှင့် မတူပေ။ သူသည် ခေါင်းခါလျက် ပြုံးလိုက်မိ၏။ ရွာအဝင်တွင် သူ အထင်မှားခဲ့ခြင်း ဖြစ်နိုင်ပါ၏။ လုမင်လီက ရွာတစ်ရွာအတွက် ဘယ်လိုလုပ် ဆိုင်းဘုတ်လာရေးပေးပါ့မည်နည်း။
သို့သော်လည်း စစ်သေနာပတိချင်းသာ နောက်ထပ် ခြေလှမ်းအနည်းငယ် ဆက်လှမ်းမိလျှင် ‘ဟွာကျွင်း ပန်းထိုးအလုပ်ရုံ’ ဟုရေးထားသော ရင်းနှီးသည့် လက်ရေးကို ထပ်မံ မြင်တွေ့ရပေမည်။
စစ်သည်လေးက သူ့နား၊ နားသို့ကပ်ကာ တိုးတိုးလေး ပြောလိုက်သည်။
“စစ်သေနာပတိချင်း... ဒီဆိုင်လေးက တကယ့်ကို ထူးခြားတာဗျ”
စစ်သေနာပတိချင်းသည် လက်ကို ခါယမ်းလိုက်ပြီး အထဲသို့ အရင်ဆုံး ဝင်သွားသည်။
ဆိုင်အဝင်ရှိ ဧည့်သည်တစ်ယောက်က သူတို့ကို မြင်သည့်အခါ မေး၏။
“မင်းတို့နှစ်ယောက် ဘာလို့ တန်းမစီတာလဲ”
သူ့နောက်မှလူက သူ့ကို အလျင်အမြန် ဆွဲလိုက်ပြီး သတိပေးလိုက်သည်။
“တော်တော့၊ သူ့ခါးက ခါးပတ်ကို မမြင်ဘူးလား။ အနည်းဆုံး တတိယအဆင့် အရာရှိပဲ ဖြစ်ရမယ်”
ထိုသူမှာ ချက်ချင်းပင် နှုတ်ဆိတ်သွားပြီး စစ်သေနာပတိချင်း၏ ကျောပြင်ကို သေချာ ကြည့်နေမိတော့၏။ သူသည် သာမန်အဝတ်အစားများ ဝတ်ထားသော်လည်း ခါးပတ်မှာ အမှန်ပင် ထူးခြားလှပြီး သူ စီးထားသော ဖိနပ်များမှာလည်း စစ်ဖိနပ်များ ဖြစ်နေသည်မှာ ထင်ရှားလှ၏။
စစ်သေနာပတိချင်းမှာ အရပ်ရှည်ပြီး ကိုယ်လုံးကိုယ်ထည် တောင့်တင်းလှရာ ဆိုင်ထဲတွင် ရပ်နေသည့်အခါ အရှိန်အဝါ တစ်ခုမှာ ပျံ့နှံ့နေသည်။ ဟွာကျွင်းမှာ ဆိုင်ထဲတွင် ရှိနေသဖြင့် သူ့ကို သတိမပြုမိရန် မဖြစ်နိုင်ပေ။ စစ်သေနာပတိချင်းသည်လည်း ဆိုင်ထဲတွင် ရပ်နေသည့် တစ်ဦးတည်းသော အမျိုးသမီးကို အကဲခတ်နေမိ၏။
သူမ၏ ကိုယ်လုံးကိုယ်ထည်မှာ လှပပြီး အသားအရည်မှာ ဖြူစင်ဝင်းပနေ၏။ ရုပ်ရည်မှာ အလွန်အမင်း လှပလွန်းခြင်း မရှိသော်လည်း ကြည့်ရသည်မှာ မျက်စိပသာဒ ဖြစ်လှ၏။ အထူးသဖြင့် ချီးကျူးစရာ ကောင်းသည်မှာ သူမ၏ ရဲရင့်တည်ငြိမ်သော အရှိန်အဝါပင် ဖြစ်၏။ သူမသည် သူ့ကို ရင်ဆိုင်ရာတွင် ပုခုံးများမှာ ပြေလျော့နေပြီး အကြည့်များမှာလည်း ခိုင်မာလျက် ရှောင်ဖယ်ခြင်း အလျဉ်းမရှိပေ။
သူမ မေးလိုက်၏။
“ဧည့်သည်တော်... ကျွန်မတို့ဆိုင်က တန်းစီရမှာပါရှင်။ အပြင်ထွက်ပြီး နံပါတ်စဉ်လေး ယူပေးလို့ ရမလားရှင်”
“ငါ ဒီကို စားဖို့လာတာ မဟုတ်ဘူး၊ မင်းကို မေးစရာ ရှိလို့လာတာ”
ဟွာကျွင်း ခဏ စဉ်းစားလိုက်၏။ သူမ ဤသူကို တစ်ခါမှ မမြင်ဖူးသဖြင့် သူ ဘာမေးချင်သည်ကို စဉ်းစားမရပေ။
မော့ချွမ်းသည် မီးဖိုချောင်ထဲမှ ထွက်လာစဉ် ဧည့်သည်ကို မြင်ပြီး လန့်သွားသည်။ သူ့အဆင့်အတန်းဖြင့် စစ်သေနာပတိချင်းက်ို တစ်ခါမှ မမြင်ဖူးသော်လည်း ခါးပတ်ကို မှတ်မိသည်။
မော့ချွမ်း ချက်ချင်းပင် နှုတ်ဆက်လိုက်ပြီး မေးလိုက်၏။
“ဘာများ လိုအပ်လို့လဲခင်ဗျာ”
ဟွာကျွင်း လှည့်ကြည့်ကာ မေးသည်။
“ရှင်တို့နှစ်ယောက် သိကြတာလား”
မော့ချွမ်း သူမ နားသို့ တိုးတိုးလေး ကပ်ပြောလိုက်သည်။
“ကျွန်တော် ဒီခါးပတ်ကို မှတ်မိတယ်။ သူက တတိယအဆင့် အရာရှိတစ်ယောက် ဖြစ်ပုံရတယ်”
စစ်သေနာပတိချင်း စကားမပြောရသေးမီမှာပင် စစ်သည်လေးက အော်လိုက်သည်။
“စစ်သေနာပတိချင်း... ဒါ စစ်သူကြီးလုရဲ့ ကျောက်စိမ်းဆွဲပြားပဲ”
သူ ဟွာကျွင်းကို ညွှန်ပြလိုက်ရာ သူမ ခါးကို ငုံ့ကြည့်လိုက်၏။ ၎င်းမှာ လုမင်လီ ပေးထားသော ဆွဲပြားပင် ဖြစ်၏။
“ရှင် လုမင်လီကို သိတာလား”
စစ်သည်လေးက ပြောလိုက်သည်။
“ဒါက စစ်သေနာပတိချင်းလေ၊ စစ်သူကြီးလုရဲ့ ဆရာပေါ့”
‘ဒါဆိုရင် လုမင်လီရဲ့ ဆရာပေါ့’
စစ်သေနာပတိချင်းအပေါ် ထားရှိသော ဟွာကျွင်း၏ အကြည့်များမှာ ပျော့ပြောင်းသွားတော့၏။
“ကျွန်မ ရိုင်းပြမိသွားတဲ့အတွက် တောင်းပန်ပါတယ်ရှင်။ အပေါ်ထပ်က သီးသန့်ခန်းဆီ လိုက်ခဲ့ပေးပါ”
သူတို့ကို ဒုတိယထပ်သို့ ခေါ်ဆောင်သွားပေးလိုက်သည်။ သူတို့ ထိုင်လိုက်သည်နှင့် စစ်သေနာပတိချင်းက လိုရင်းကို တန်းပြောလိုက်၏။
“မင်း စစ်သူကြီးယွမ်ကျိုးနဲ့ စေ့စပ်ထားတာလား”
ဟွာကျွင်း ဇဝေဇဝါ ဖြစ်သွား၏။ “စစ်သူကြီးယွမ်ကျိုးဆိုတာ ဘယ်သူလဲရှင်။ ကျွန်မ သူ့ကို မသိပါဘူး”
“စစ်သူကြီးယွမ်ကျိုးဆိုတာ မင်လီရဲ့ ငယ်နာမည် ပါ။ မင်းရဲ့ခါးမှာ လုမိသားစုရဲ့ ဘိုးဘွားပိုင် ကျောက်စိမ်းဆွဲပြားကို မြင်လိုက်လို့ ငါ မေးတာပါ”
ဟွာကျွင်း သဘောပေါက်သွားသည်။ လုမင်လီ၏ ငယ်နာမည်မှာ စစ်သူကြီးယွမ်ကျိုးပေ။ နားထောင်ရသည်မှာ အတော်လေး နားဝင်ချိုလှ၏။
“အော်... ဒါဆိုရင် ရှင် အထင်လွဲသွားပြီထင်တယ်။ စစ်သူကြီးလုနဲ့ ကျွန်မက သူငယ်ချင်းတွေပါပဲ။ ဒီကျောက်စိမ်းဆွဲပြားကလည်း ကျွန်မဆီမှာ ခဏရှိနေတာပါ၊ သူ့ကို ပြန်ပေးဖို့ အခွင့်မသာသေးလို့ပါ”
စစ်သေနာပတိချင်းက ခေါင်းညိတ်ပြလျက် ပြောသည်။
“မင်လီက တစ်ခါက ငါ့ဆီ စာရေးဖူးတယ်၊ သူ့ရဲ့ အစာစားချင်စိတ် မရှိတဲ့ ရောဂါကို အမျိုးသမီးတစ်ယောက်က ကုပေးလိုက်တယ်တဲ့။ အဲဒါ မင်းကို ပြောတာ ထင်တယ်”
ဟွာကျွင်းက ပြုံးလျက် ပြော၏။
“ဒါက တိုက်ဆိုင်မှုသက်သက်ပါရှင်”
စစ်သေနာပတိချင်းက ဆက်၍ မေးပြန်သည်။
“ဘေးဒုက္ခရောက်နေတဲ့ ဒေသတွေကို ကူညီပေးခဲ့တာလည်း မင်းပဲ မဟုတ်လား”
ဟွာကျွင်းသည် လုမင်လီ စာအတော်လေး ရေးပုံရသည်ဟု တွေးမိလိုက်၏။
စစ်သေနာပတိချင်းမှာ အမှန်ပင် စစ်ခေါင်းဆောင်တစ်ဦး ပီသလှ၏။ စကားအနည်းငယ် ပြောရုံနှင့်ပင် မုန့်ဆိုင်၏ အခြေအနေများကို အကုန်နားလည်သွားတော့၏။ ယခုအခါ ဟွာကျွင်းအပေါ် ထားရှိသော သူ့အမြင်မှာ လုံးဝ ပြောင်းလဲသွား၏။
သူမသည် သာမန်ကုန်သည်တစ်ဦးသာ ဖြစ်သော်လည်း မျိုးချစ်စိတ်ပြင်းထန်ပြီး ပစ္စည်းများကို ရက်ရောစွာ ထောက်ပံ့ပေးရုံသာမက ဒုက္ခသည်များကိုလည်း စနစ်တကျ အခြေချပေးခဲ့သည်။ ထို့ထက် ပို၍ အရေးကြီးသည်မှာ သူမ အချက်အပြုတ်လက်ရာမှာ အလွန်ပင် ကောင်းမွန်လှပြီး သူ့တပည့်ကိုပင် ကုသပေးနိုင်ခဲ့ခြင်း ဖြစ်၏။
သူတို့နှစ်ယောက်လုံးမှာ ခရီးပန်းလာကြသည်ကို ဟွာကျွင်း မြင်ရသည့်အပြင် ဘေးနားရှိ စစ်သည်လေးမှာလည်း နံစော်တို့ဟူး ခိုးစားနေသည်ကို တွေ့ရသဖြင့် သူမ မေးလိုက်၏။ “စစ်သေနာပတိချင်း... ဒီနေ့ ဆိုင်မှာ ငါးကင် ရှိပါတယ်ရှင်။ ကျွန်မ ရှင့်အတွက် တစ်ပွဲ ယူလာပေးမယ်၊ စားရင်းနဲ့ စကားပြောကြတာပေါ့”
ယနေ့တွင် ရွာသားများသည် မြစ်ထဲ၌ ငါးဖမ်းကြရာ ငါးကြင်း အမြောက်အမြား ရခဲ့ကြ၏။ ဟွာကျွင်း အချို့ကို ဝယ်ယူခဲ့ပြီး ထိုငါးများကို ချက်ပြုတ်ရန် နည်းလမ်းကောင်း မရှိသဖြင့် သူမနှင့် အားမန်တို့ ငါးကင်ကို စမ်းသပ်လုပ်ကိုင်ကြည့်ခြင်း ဖြစ်သည်။
သူတို့ ငါးကို ဗိုက်မှနေ၍ အလျားလိုက် ခွဲလိုက်ပြီး ဆီအနည်းငယ် သုတ်လိုက်၏။ ထို့နောက် အပူပေးစက် ထဲတွင် မိနစ်သုံးဆယ်ခန့် ကင်ပြီး သံဒယ်အိုးထဲသို့ ထည့်လိုက်သည်။
ဒယ်အိုးပူပူထဲတွင် ဆီထည့်ကာ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် ဂျင်းတို့ကို ဆီသတ်လိုက်၏။ ထို့နောက် စူပါမားကတ်မှ ဝယ်လာသော ငါးကင်အနှစ်များကို ထည့်ကာ ရေသန့်ဖြင့် ဆူပွက်အောင် လုပ်ပြီး ငါးပေါ်သို့ လောင်းချလိုက်သည်။
ထို့နောက် ချက်ထားသော အပ်မှို၊ တို့ဟူးကြော်နှင့် ပဲပင်ပေါက်တို့ကို ထည့်ကာ အပေါ်မှ နံနံပင်လေး အုပ်ပြီး မီးအေးအေးဖြင့် တည်ထားလိုက်၏။ စားရင်းသောက်ရင်း စကားပြောရသည်မှာ အလွန်ပင် သက်သောင့်သက်သာ ရှိလှသည်။
စကားပြောနေစဉ်မှာပင် မော့ချွမ်းသည် မီးဖိုချောင်သုံး လက်အိတ် အထူကြီးများကို ဝတ်ဆင်ကာ ငါးကင်ဒယ်အိုးနှင့် အရက်အိုးကို သယ်ဆောင်လာသည်။ စစ်သေနာပတိချင်းမှာ ပါဝင်ပစ္စည်းများတွင် အဆိပ်ရှိမရှိကို စိုးရိမ်မနေတော့ပေ။ သူ့တပည့်ပေးထားသော ကျောက်စိမ်းဆွဲပြားက သူမ ခါးတွင် ရှိနေသည် မဟုတ်ပါလား။ သူ့အရသာခံနိုင်စွမ်းမှာလည်း အမြဲတမ်း စေ့စပ်လှ၏။
စစ်သေနာပတိချင်းသည် ငါးတစ်ဖတ်ကို ယူကာ ပါးစပ်ထဲ ထည့်လိုက်၏။ နူးညံ့ပြီး အရည်ရွှမ်းသော အသားမှာ လျှာပေါ်တွင် ချက်ချင်းပင် ပျံ့နှံ့သွားတော့၏။ သူ ချီးကျူးလိုက်သည်။
“စစ်သူကြီးယွမ်ကျိုးက မင်း လက်ရာကို ဘာလို့ သဘောကျသလဲဆိုတာ မဆန်းတော့ပါဘူး။ တကယ်ကို ထူးခြားလွန်းတယ်”
ငါးအချပ်များမှာ ကျွတ်နေအောင် ကင်ထားပြီး ဆော့စ်မှာလည်း စပ်စပ်၊ ငံငံ၊ မွှေးမွှေးနှင့်မို့ ငါးညှီနံ့ကို လုံးဝ ပျောက်ကွယ်သွားစေ၏။ အရံဟင်းများမှာ သာမန်အိမ်သုံး ဟင်းများသာ ဖြစ်သော်လည်း ယခုအခါတွင် ဆော့စ်အရသာ စိမ့်ဝင်နေသဖြင့် ငါးထက်ပင် အရသာ မလျော့ပါပေ။ ဆန့်ကျင်ဘက်အားဖြင့် အရသာများ စုံလင်ပြီး ဆွဲဆောင်မှု ရှိနေသည်။
စစ်သည်လေးမှာ စကားမပြောနိုင်လောက်အောင် အလုပ်ရှုပ်နေပြီး ပါးစပ်ထဲတွင် အစားအစာများ ပြည့်နှက်လျက် ခေါင်းကိုသာ တဆတ်ဆတ် ညိတ်ပြနေတော့၏။
ဟွာကျွင်း ပြုံးလျက် ဆို၏။
“ဒီငါးက လတ်ဆတ်ပြီး လုပ်နည်းကလည်း ရိုးရှင်းပါတယ်။ ပါဝင်ပစ္စည်းတွေသာ ပြည့်စုံရင် အရသာရှိတာပါပဲ”
ပန်းကန်ထဲမှ နောက်ဆုံး ထမင်းတစ်လုပ်ကို စားပြီးနောက် စစ်သေနာပတိချင်း သက်ပြင်းချလျက် ပြောသည်။
“စစ်သူကြီးယွမ်ကျိုးကတော့ နောက်ကို အစားကောင်းတွေ စားရမဲ့ ကံထူးရှင် ဖြစ်လာတော့မှာပဲ”
ဟွာကျွင်း ပြောလိုက်၏။
“သူက စစ်သူကြီးတစ်ယောက်ပဲ၊ အစားကောင်းတွေ မစားရဘဲ နေပါ့မလားရှင်”
စစ်သေနာပတိချင်း ပြုံးလိုက်ပြီး ပြောသည်။
“သူက စစ်သူကြီးအဖြစ် မွေးဖွားလာတာ မဟုတ်ဘူး။ သူ လျှောက်ခဲ့ရတဲ့ လမ်းက အတော်လေးကို ပင်ပန်းဆင်းရဲလှပါတယ်။ စစ်သူကြီးယွမ်ကျိုးက ငယ်စဉ်ကတည်းက ဒုက္ခတွေကို ကြံ့ကြံ့ခံနိုင်ခဲ့တယ်။ သူ့ရဲ့ ဒီလို စိတ်ဓာတ်ကြောင့်ပဲ သူတို့ လုမိသားစုကို ကာကွယ်နိုင်ခဲ့တာပေါ့”