အခန်း (၁၂၇-၁၂၈)
Vol. 13 Ch. 127-128
အခန်း (၁၂၇)
သုံးဘူးဝယ်လျှင် ဓာတ်ပုံတစ်ပုံ အလကားရမည်
ဟွာကျွင်း သိချင်စိတ်ဖြင့် မေးလိုက်၏။
“ရှင် အခု ဘာဖြစ်နေတာလဲ”
“ခုနက တစ်ယောက်ယောက်က ကျွန်တော့်ဆံပင်ကို ကိုင်သွားတယ်”
“ဘာလို့ ရှင့်ဆံပင်ကို ကိုင်ရတာလဲ”
“သူက ကျွန်တော့်ဆံပင်တွေက သေသေချာချာ ထိန်းသိမ်းထားပုံရတယ်လို့ ပြောတယ်”
“ဟားဟားဟားဟား၊ သူက ချီးကျူးတာပါ။ တခြား ဘာမှမဟုတ်ပါဘူး”
“သူက ကျွန်တော့်ကို နှောင့်ယှက်ချင်နေတာ သိသာတယ်လေ”
ဟွာကျွင်း ရယ်နေသည်ကို ရပ်လိုက်ပြီး တည်တည်တံ့တံ့ဖြင့် ပြောလိုက်၏။ “လျှောက်မပြောနဲ့။ သူက သဘောကျလို့ ကြည့်တာသက်သက်ပါ။ အများကြီး မတွေးနဲ့”
မော့ချွမ်း အခြားရွေးချယ်စရာ မရှိသဖြင့် ဆိုင်အဝင်ဝရှိ ဆိုင်ခန်းလေးတွင် ဆက်၍ စောင့်နေရသည်။
လမ်းမပေါ်တွင် လူများ သွားလာနေကြပြီး သူ ဆိုင်အဝင်ဝတွင် ထိုင်နေသည့်အခါ လူအာရုံစိုက်ခြင်းကို အတော်လေး ခံရသည်။ သို့သော်လည်း နှစ်ကြိမ်တိုင်တိုင် လန့်သွားပြီးနောက် မော့ချွမ်း မည်သူမျှ မချဉ်းကပ်ရဲအောင် တင်းမာသော မျက်နှာထားဖြင့် ထိုင်နေရာ မည်သူမှ သူ့ကို လာ၍ မစရဲကြတော့ပေ။
တစ်နာရီခန့် ကြာသွားသော်လည်း စိမ်းစိုစို မုန့်လုံးလေး တစ်လုံးမျှ မရောင်းရသေးပေ။
ဟွာကျွင်း ဆိုင်ထဲတွင် စောင့်နေရသည်မှာ ပျင်းလာသဖြင့် အခြေအနေကို ထွက်ကြည့်ရာ မော့ချွမ်းမှာ ဧည့်သည်များကို နှင်ထုတ်နေသည်ကို တွေ့လိုက်ရ၏။
“မော့ချွမ်း... ရှင် အဲဒီလို မျက်နှာဆိုးကြီးနဲ့ ကျွန်မဆိုင် ရဲ့ ဂုဏ်သတင်းကို ဖျက်ဆီးမလို့လား”
မော့ချွမ်း နှာခေါင်းရှုံ့လျက် ပြော၏။
“ခင်ဗျားမှာ ဖျက်ဆီးစရာ ဂုဏ်သတင်း ဘာရှိလို့လဲ။ မုန့်ဆိုင်မှာ အလုပ်မရှိတာ ဘယ်လောက်ကြာပြီလဲ။ ဆိုင်အဝင်မှာ မြက်တွေတောင် ပေါက်နေပြီ”
သူမ သူ့ကို ပြင်းပြင်းထန်ထန် ခြိမ်းခြောက်လိုက်၏။
“ကျွန်မ ပြောမယ်။ ဒီမုန့်လုံးတွေ ဒီနေ့ မရောင်းရရင် မနက်ဖြန်လည်း ရောင်းလို့မရတော့ဘူး။ အဲဒီကျရင် ကျွန်မတို့ သုံးယောက်လုံး တစ်နေ့လုံး ဒီမုန့်လုံးတွေကိုပဲ ထိုင်စားကြရလိမ့်မယ်”
မော့ချွမ်း ဆွံ့အသွားသည်။ စိမ်းစိုစို မုန့်လုံးလေးများမှာ အရသာရှိသော်လည်း မည်သူက ၎င်းကို အမြဲတမ်း စားနိုင်ပါမည်နည်း။ သူ ထမင်းကိုသာ ပို၍ စားချင်၏။
ဟွာကျွင်း၏ ပြတ်သားသော ကျောပြင်ကို ကြည့်ရင်း သူ အံကြိတ်ကာ မိမိကိုယ်ကို အားပေးလျက် ဧည့်သည်များကို ဖိတ်ခေါ်ရန် ထရပ်လိုက်သည်။
“လတ်ဆတ်ပြီး စားလို့ကောင်းတဲ့ စိမ်းစိုစို မုန့်လုံးလေးတွေ ရပါမယ်၊ ဘယ်သူများ ဝယ်ချင်ပါသလဲခင်ဗျာ။ တစ်လုံး သုံးယွမ်၊ နှစ်လုံးဆို ငါးယွမ်ပါ”
သူ့အော်သံကြောင့် လူများမှာ ချက်ချင်းပင် ရပ်ကြည့်ကြ၏။ မော့ချွမ်းသည် မိန်းကလေး တစ်ယောက်ကို တွေ့သည့်အခါ အောင့်သက်သက် အပြုံးလေးဖြင့် မေးလိုက်၏။
“ညီမလေး... အစ်ကိုတို့ဆိုင်က မုန့်လုံးလေးတွေကို စမ်းစားကြည့်ပါဦးလား”
ထို့နောက် အဘွားအိုတစ်ဦးကိုလည်း ပြုံးပြလျက် ပြောသည်။
“အဘွား... ဒီမုန့်လုံးလေးတွေက အိုးထဲက ခုနကမှ ချထားတာပါ၊ နည်းနည်း ဝယ်မသွားချင်ဘူးလား”
သူသည် ခေတ်သစ်လူသားများ၏ ထူထဲနက်မှောင်သော ဆံပင်အရှည်ကြီးများအပေါ် စွဲလန်းမှုကို လျှော့တွက်ခဲ့မိခြင်း ဖြစ်၏။ လူအများအပြား သူ့ဆံပင်အရှည်ကြီးအကြောင်းကို မေးမြန်းကြရာ သူ ပြုံးလျက် ရှင်းပြရ၏။
“အထူးတလည် ထိန်းသိမ်းထားတာ မရှိပါဘူး၊ ကျွန်တော် အမြဲတမ်း ရေတွင်းရေနဲ့ ခေါင်းလျှော်လို့ ဖြစ်မှာပါ”
ကိုင်ကြည့်ဖို့ ဆိုသည်မှာ လုံးဝ မဖြစ်နိုင်သည့် ကိစ္စဖြစ်ပေ။ ထိုအချက်မှာ သူ၏ နောက်ဆုံးစည်းပင် ဖြစ်၏။
မော့ချွမ်း တက်တက်ကြွကြွ ရောင်းချလာသည့်အခါ ဧည့်သည်များမှာ တဖြည်းဖြည်း များပြားလာပြီး အများစုမှာ သူ၏ ထူးခြားသော အရှိန်အဝါကြောင့် ဆွဲဆောင်ခြင်း ခံရသူများ ဖြစ်ကြ၏။
တစ်ဘူးလျှင် ရှစ်လုံးပါသဖြင့် မော့ချွမ်း သူတို့ကို ဘူးလိုက်ဝယ်ရန် စည်းရုံးလိုက်သည်။ မကြာမီမှာပင် မုန့်လုံးပေါင်း တစ်ရာကျော်မှာ အကုန်ရောင်းထွက်သွားတော့၏။
“ကောင်းပြီ၊ နောင်ကို ဒီမုန့်လုံးတွေကို စားနေစရာ မလိုတော့ဘူး”
မော့ချွမ်း စားပွဲကို ဆိုင်ထဲသို့ ပြန်ရွှေ့လိုက်ပြီး ဟွာကျွင်းနှင့် အခြားသူများကို ဂုဏ်ယူစွာ ပြောလိုက်သည်။
“တွေ့လား၊ ကျွန်တော် ပစ္စည်းတွေကို မြန်မြန်ရောင်းနိုင်တယ် မဟုတ်လား”
မွန်းလွဲပိုင်းတွင် ဟွာကျွင်းသည် ဆိုင်ကို ခဏပိတ်ကာ အနားယူပြီး ညနေပိုင်းတွင် ပြန်ဖွင့်ရန် စောင့်နေစဉ် တံခါးခေါက်သံ ကြားလိုက်ရ၏။ ဟွာကျွင်း သံသယများဖြင့် တံခါးကို ဖွင့်လိုက်ရာ အဝင်ဝတွင် ရပ်နေသူမှာ မနက်က မုန့်လုံးဝယ်သွားသော ဧည့်သည်ဖြစ်နေသည်ကို တွေ့လိုက်ရ၏။
သူမ ဆိုင်ထဲသို့ လှမ်းကြည့်ပြီးနောက် မသေချာသလို မေးလိုက်၏။
“ဒီဆိုင်က မနက်တုန်းက ဆံပင်ရှည်နဲ့ လူချောလေး မုန့်လုံးရောင်းတဲ့ ဆိုင်လားဟင်”
ဟွာကျွင်း ခေါင်းညိတ်ပြလျက် မော့ချွမ်းကို အပြင်သို့ ခေါ်လိုက်သည်။
အမျိုးသမီး ဧည့်သည်သည် မော့ချွမ်းကို မြင်သည့်အခါ မေးလိုက်သည်။
“ရှင်ရောင်းတဲ့ မုန့်လုံးလေးတွေက တကယ် အရသာရှိတာပဲ။ ကျွန်မ ကုမ္ပဏီမှာ ဘူးဖွင့်လိုက်တော့ လူတိုင်းက အပြင်မှာ ဝယ်ရတာထက် ပိုမွှေးတယ်လို့ ပြောကြတယ်။ ကျွန်မတို့ ခေါင်းဆောင်က ချင်မင်းပွဲတော် အတွက် ကုမ္ပဏီဝန်ထမ်းတွေကို လက်ဆောင်ပေးဖို့ အချို့ကို မှာချင်လို့ပါ။ ရှင့်ကို ဝီချက်မှာ အကောင့်အပ်ထားလို့ အဆင်ပြေမလား”
မော့ချွမ်း နားမလည်သဖြင့် ဟွာကျွင်းကို လှမ်းကြည့်သည်။ ဟွာကျွင်း ရှင်းပြလိုက်သည်။
“ဒီအမျိုးသမီးက ရှင့် ဆီကနေ မုန့်လုံးတွေ မှာချင်လို့တဲ့။ ဝီချက်အပ်ထားရင် ဆက်သွယ်ရတာ ပိုလွယ်တာပေါ့”
ထို့နောက် ဟွာကျွင်း သူ့နားသို့ တိုးတိုးလေး ကပ်၍ ဆို၏။
“ရှင် ရောင်းရတဲ့ မုန့်လုံးတွေအတွက် ကျွန်မ ကော်မရှင် ပေးပါ့မယ်”
ထိုအခါမှသာ သူသည် သူမကို ဝီချက်တွင် အပ်လိုက်တော့၏။
အမျိုးသမီး ဧည့်သည်မှာ ချက်ချင်းပင် ဘူးငါးဆယ် မှာယူလိုက်ပြီးနောက် ကုမ္ပဏီတစ်ခုတွင် အလုပ်သမားရေးရာအဖြစ် အလုပ်လုပ်နေသော သူမ၏ အခြားသူငယ်ချင်းတစ်ဦးကိုလည်း မော့ချွမ်းနှင့် မိတ်ဆက်ပေးလိုက်သည်။
ထို HR အမျိုးသမီးသည် အရသာရှိပါက အမှာစာ တင်မည်ဖြစ်ကြောင်း ပြောကာ စမ်းစားရန် တစ်ဘူး တောင်းလိုက်၏။ ထို့အပြင် ဧည့်သည်အချို့မှာလည်း မွန်းလွဲပိုင်းတွင် ထပ်မံ လာဝယ်ကြသဖြင့် မော့ချွမ်း သူတို့အားလုံးကို ဝီချက်တွင် အပ်ထားလိုက်သည်။
ယနေ့တစ်ရက်တည်းမှာပင် မော့ချွမ်းသည် ကြိုတင်အမှာစာ ဘူးပေါင်း ရှစ်ဆယ် ရရှိခဲ့သည်။
အမှာစာများပြားလှသဖြင့် သူတို့သုံးယောက်တည်းနှင့် မနိုင်နိုင်ပေ။ ထို့ကြောင့် ညနေပိုင်းတွင် ဟွာကျွင်း ရွာထဲသို့ လူလွှတ်ကာ မုန့်လုံးလုပ်ရန် ကူညီပေးမည့်သူ ရှိမရှိနှင့် နေ့တွက်ခ ပေးမည်ဖြစ်ကြောင်း မေးခိုင်းလိုက်သည်။
ချက်ချင်းပင် အမျိုးသမီး ခုနစ်ယောက်၊ ရှစ်ယောက်ခန့် အတူတူ ရောက်လာကြပြီး သူတို့အားလုံးမှာ အလွန်ပင် ပျော်ရွှင်နေကြ၏။ ဤအလုပ်ကို ရရန်အတွက် သူတို့မှာ တစ်ယောက်နှင့်တစ်ယောက် လုယူခဲ့ကြရခြင်း ဖြစ်၏။ အကယ်၍ ဟွာကျွင်းသာ ခုနစ်ယောက်ပဲ လိုသည်ဟု မပြောခဲ့လျှင် တစ်ရွာလုံး ရောက်လာကြပေလိမ့်မည်။
“သူဌေးမဟွာရဲ့ နေရာက လစာလည်းကောင်းပြီး အလုပ်လည်း သက်သာတယ်လို့ ကြားနေတာ ကြာပြီ။ အခုတော့ တို့တွေဆီ ဒီကံကောင်းမှုကြီး ရောက်လာပြီပဲ”
“တို့တွေ သေသေချာချာ လုပ်ကြရမယ်၊ အထင်ကြီးအောင် လုပ်ပြရမယ်”
ဟွာကျွင်းသည် အမှန်တကယ်ပင် သဘောကောင်းလှ၏။ သူမသည် မုန့်လုံးများတွင် ပါဝင်ပစ္စည်းများကို ရက်ရက်ရောရော သုံးရန်နှင့် သန့်ရှင်းမှုကို ဂရုစိုက်ရန်သာ ညွှန်ကြားလိုက်ပြီး သူတို့ကို အလုပ်စခိုင်းလိုက်သည်။
အချို့ကို လုပ်ပြီးသည့်အခါ ဟွာကျွင်း အရသာစမ်းရန် အရင်ဆုံး တစ်ပွဲ ပေါင်းလိုက်၏။ အရသာမှာ အတော်လေး ကောင်းမွန်လှ၏။ မုန့်သားမှာ နူးညံ့ပြီး စေးပိုင်နေကာ ပဲနီအနှစ်မှာလည်း ချိုမြိန်နေသည်။
ဟွာကျွင်း ခဏစဉ်းစားလိုက်ပြီးနောက် မော့ချွမ်းကို ဧည့်သည်တိုင်းဆီသို့ နမူနာတစ်ခုစီ ပေးခိုင်းလိုက်၏။ ထို့အပြင် ဟွာကျွင်းမုန့်ဆိုင်မှ ချင်းမင်ပွဲတော် အထိမ်းအမှတ် လက်ဆောင်ဘူးအသစ်ကို မိတ်ဆက်လိုက်ကြောင်းနှင့် တစ်ဘူးလျှင် မုန့်လုံး ရှစ်လုံးပါဝင်ကာ ကြိုတင်မှာယူနိုင်ကြောင်းကိုလည်း မော့ချွမ်းကို ပြောခိုင်းလိုက်သည်။
လူတိုင်းမှာ ထိုမုန့်လုံးကို ပထမဆုံးအကြိမ် စားဖူးခြင်းဖြစ်ပြီး ဟွာကျွင်းမုန့်ဆိုင်၏ အမည်မှာလည်း လက်ဆောင်ဘူးပေါ်တွင် ပါဝင်မည်ဟု ကြားရသည့်အခါ ဆိုင်တွင်ရှိနေသော ဧည့်သည်တိုင်းနီးပါးမှာ တစ်ဘူးစီ မှာယူကြသည်။ အချို့မှာ ငါဘူးအထိပင် မှာယူကြ၏။
မော့ချွမ်း အားလုံးကို စီမံခန့်ခွဲပေးသည်။ သူသည် ဧည့်သည်များ၏ အမည်နှင့် အရေအတွက်ကို မှတ်သားထားပြီး စပေါ်ငွေ အချို့ကိုလည်း ကောက်ခံထားလိုက်၏။ ယခုတစ်ကြိမ်တွင် နောက်ထပ် ဘူးပေါင်း တစ်ရာ ရောင်းထွက်သွားပြန်ရာ မက်မွတ်ပင်များမှာ လုံးဝ မလောက်ငတော့ပေ။
အလုပ်ကူလုပ်ပေးနေသော အမျိုးသမီးများထဲမှ တစ်ယောက်က အမြန်ပြောလိုက်၏။
“ရပါတယ် သူဌေးမဟွာ၊ မက်မွတ်ပင်တွေက အများကြီးရှိတယ်၊ ကျွန်မ ယောက်ျားကို မနက်ဖြန် သွားရိတ်ခိုင်းလိုက်မယ်၊ သူဌေးမ ဘယ်လောက်လိုလို ရစေရမယ်”
ဟွာကျွင်း ခေါင်းညိတ်လျက် ပြော၏။
“ကျွန်မ အချိန်နဲ့ တွက်ပြီး ဝယ်ပါ့မယ်။ ဒါပေမဲ့ လတ်ဆတ်ပြီး နုတာပဲ ဖြစ်ရမယ်နော်၊ ရင့်တာတွေ မပါစေနဲ့”
“စိတ်ချပါ ကျွန်မတို့ အစွမ်းကုန် လုပ်ပေးပါ့မယ်”
နောက်တစ်နေ့ နံနက်တွင် မော့ချွမ်းသည် အမျိုးသမီး ဧည့်သည်ထံသို့ မုန့်လုံး ဘူးငါးဆယ် ပေးအပ်ပြီးနောက် ဆိုင်အဝင်ဝတွင် လူများ ပိုမို စုဝေးလာသည်ကို သတိပြုမိလိုက်၏။ အများစုမှာ မိန်းကလေးများ ဖြစ်ကြပြီး မော့ချွမ်းကို ကြည့်ကာ တိုးတိုးတိုးတိုး ပြောနေကြသည်။
မိန်းကလေး နှစ်ယောက်မှာ တစ်ယောက်ကိုတစ်ယောက် တွန်းတိုက်နေကြ၏။ မော့ချွမ်းသည် စစ်တပ်တွင် ကြာရှည်စွာ နေခဲ့ဖူးသဖြင့် အကြားအာရုံမှာ ကောင်းမွန်လှရာ သူတို့စကားများကို တစ်စွန်းတစ်စ ကြားနေရသည်။
“နင် သွားလေ”
“နင် အရင်သွား”
“မုန့်လုံးဝယ်မလို့လို့ပဲ ပြောလိုက်ပေါ့၊ ဘာကြောက်စရာ ရှိလို့လဲ”
“ဒါဆို အတူတူ သွားရအောင်”
မော့ချွမ်းသည် သူ့ဖုန်းကို ကြည့်နေဟန် ဆောင်ကာ စိတ်ရှည်စွာ စောင့်နေ၏။ နောက်ဆုံးတွင် သူတို့နှစ်ယောက် လျှောက်လာကြသည်။
သူ မော့ကြည့်လိုက်ပြီး မေးလိုက်၏။
“မုန့်လုံးဝယ်ချင်လို့လားခင်ဗျာ။ ကြိုတင်မှာရုံပဲ ရပါတော့မယ်၊ တစ်ဘူးကို ယွမ်နှစ်ဆယ်ပါ”
မိန်းကလေး နှစ်ယောက်မှာ တစ်ဘူးစီ ဝယ်ယူလိုက်ပြီး ဝမ်းသာအားရ ငွေချေလိုက်ကြ၏။
ထို့နောက် သူတို့၏ ဖုန်းများကို ကိုင်ကာ မေးလိုက်သည်။
“ရှင့်နဲ့အတူ ဓာတ်ပုံတစ်ပုံလောက် တွဲရိုက်လို့ ရမလားဟင်”
“ဒါက...”
မော့ချွမ်း အနည်းငယ် တုံ့ဆိုင်းသွား၏။
မိန်းကလေး၏ မျက်လုံးများမှာ တောက်ပနေပြီး လက်ကလေးများကို ဆုပ်ကာ တောင်းပန်လာ၏။
“ကျေးဇူးပြုပြီးတော့ပါ...”
မော့ချွမ်းသည် ဟွာကျွင်း သူ့ကို ပေးထားသော ကတိများကို သတိရသွား၏။
“အများကြီး ရောင်းရလေ ရှင် ပိုရလေပဲ၊ ရွာသားတွေအတွက်လည်း ဝင်ငွေရတာပေါ့”
သူ အံကြိတ်လိုက်ပြီး ပြောလိုက်သည်။
“သုံးဘူးဝယ်ရင် ဓာတ်ပုံတစ်ပုံ တွဲရိုက်လို့ ရပါမယ်”
မိန်းကလေးက ဝမ်းသာအားရဖြင့် မေး၏။
“ရတာပေါ့၊ ဒါပေမဲ့ ရှင် ဟန်ဖူ ဝတ်ပေးလို့ ရမလား”
မော့ချွမ်း ခေါင်းညိတ်ပြလျက် ပြောသည်။
“ကောင်းပါပြီ၊ ခဏစောင့်ပါ”
သူသည် ဆိုင်ထဲသို့ ပြန်ဝင်ကာ သူ့ကိုယ်ပိုင်အဝတ်အစားများကို လဲလှယ်လိုက်၏။ သူ အပြင်သို့ ပြန်ထွက်လာသည့်အခါ လူတိုင်းက အော်လိုက်ကြသည်။
“ဝါး၊ အရမ်းချောတာပဲ”
မော့ချွမ်း ရှေးခေတ်လူသားအစစ်အမှန် တစ်ဦးဖြစ်သဖြင့် ဟန်ဖူကို ဝတ်ဆင်ကာ ဆံပင်အရှည်ကြီးနှင့် ရှိနေသည်မှာ အလွန်ပင် သဘာဝကျလှ၏။ ထို့အပြင် သူ၏ လှုပ်ရှားမှု တိုင်းမှာလည်း ရှေးဆန်ပြီး တည်ငြိမ်သော အရှိန်အဝါများ ပျံ့လွင့်နေသည်။
မိန်းကလေး နှစ်ယောက်မှာ နောက်ထပ် နှစ်ဘူးစီအတွက် ငွေထပ်ပေးကာ မော့ချွမ်းကို ဝီချက်တွင် အပ်လိုက်ကြပြီး ဓာတ်ပုံတွဲရိုက်လိုက်ကြသည်။
သူတို့ ထွက်သွားပြီးနောက် အခြားတစ်ယောက် ရောက်လာပြီး မေးလိုက်သည်။
“သုံးဘူးဝယ်ရင် ဓာတ်ပုံတစ်ပုံ ရိုက်ရမှာ တကယ်လား”
မော့ချွမ်းသည် အစွမ်းကုန် လုပ်ဆောင်ရန် ဆုံးဖြတ်လိုက်သည်။ သူက ကျယ်လောင်စွာဖြင့် ကြေညာလိုက်၏။
“သုံးဘူးဝယ်ရင် ဓာတ်ပုံတစ်ပုံ ရိုက်လို့ ရပါမယ်ခင်ဗျာ”
အခန်း (၁၂၈)
အရောင်းချန်ပီယံ မော့ချွမ်း
ဟွာကျွင်း ကြေညာလိုက်၏။
“ဒီလရဲ့ အရောင်းချန်ပီယံကတော့ မော့ချွမ်းပဲ ဖြစ်ပါတယ်။ သူက သူ့ကိုယ်သူ ရောင်းစား... မဟုတ်ပါဘူး၊ သူရဲ့ ထူးချွန်ပြောင်မြောက်တဲ့ အရောင်းစွမ်းရည်တွေနဲ့ ဒီနေ့တင် ဘူးပေါင်းတစ်ရာ ရောင်းနိုင်ခဲ့တာပါ။ အားလုံးပဲ သူ့ကို လက်ခုပ်တီးပေးလိုက်ကြပါဦး”
ဟွာကျွင်း ဦးဆောင်ပြီး လက်ခုပ်တီးပေးလိုက်ပြီးနောက် မော့ချွမ်းကို တည်တည်တံ့တံ့ဖြင့် ပြောလိုက်၏။
“တော်တယ်၊ ဒီအတိုင်းပဲ ဆက်ကြိုးစားပါဦး”
မော့ချွမ်း၏ မျက်နှာပေးမှာ အတော်လေး အနေရခက်နေပြီး မဲ့ပြုံး ပြုံးပြရင်း ပြောလိုက်သည်။
“ကျွန်တော့်ပါးစပ်တွေတောင် ပြုံးရလွန်းလို့ တောင့်ကုန်ပြီ။ ပိုက်ဆံရှာရတာ တကယ်မလွယ်ဘူးပဲ”
ဟွာကျွင်းက သူ့ပုခုံးကို ပုတ်ပေးရင်း ပြောလိုက်သည်။
“ရှင့်ရဲ့ ရွာအပေါ် အားထုတ်မှုတွေကို လူတိုင်း မှတ်မိနေမှာပါ”
သူသည် လွန်ခဲ့သော ရက်ပိုင်းက အမှာစာများ လက်ခံရန်အတွက် ဝီချက်ဂရုတစ်ခုကိုပင် သီးသန့်ပြုလုပ်ပြီး အလွန်ပင် အလုပ်များနေခဲ့သည်။ သူ့ကြိုးစားမှုကြောင့် ထိုဂရုထဲတွင် အသက် (၁၃) နှစ်မှ (၆၃) နှစ်အထိ လူပေါင်းစုံ ရောက်ရှိလာ၏။
ဘူးပေါင်း ဒါဇင်နှင့်ချီသော အမှာစာကြီးများ ရှိသကဲ့သို့ တစ်ဘူး၊ နှစ်ဘူး အမှာစာလေးများလည်း ရှိသည်။ အလုပ်သမား ရှစ်ယောက်မှာ မလုံလောက်တော့သဖြင့် ဟွာကျွင်း ရွာသားအချို့ကို ထပ်ခေါ်လိုက်ရ၏။ ဟွာကျွင်းမုန့်ဆိုင်၏ အဝင်ဝတွင် စိမ်းစိုစို မုန့်လုံးလေးများ ပြုလုပ်ရန်အတွက် စားပွဲနှင့် ထိုင်ခုံများ တန်းစီနေတော့သည်။
ဟွာကျွင်း သူမ ရရှိထားသော ယွမ် ထောင်ပေါင်းများစွာကို ယူကာ ငွေဆံထိုး ဒါဇင်အချို့ ဝယ်လိုက်ပြီး မြို့ထဲတွင် သွားရောင်းရန် လျိုကို ခိုင်းလိုက်၏။ ရောင်းရသော ကြေးပြားများကိုမူ အလုပ်သမားခ ပေးရန်အတွက် အသုံးပြုမည် ဖြစ်သည်။
ထိုငွေဆံထိုးများပေါ်တွင် လအလိုက် ကွဲပြားသော ပန်းပုံလေးများကို ထွင်းထုထားပြီး တစ်ခုချင်းစီတွင် ထူးခြားသော ပန်းစကားများ ရှိသည်။ ဥပမာအားဖြင့် ဇန်နဝါရီလ၏ ပန်းမှာ ဇီးပန်း ဖြစ်ပြီး ကြံ့ခိုင်မှုကို ကိုယ်စားပြုကာ၊ ဖေဖော်ဝါရီလမှာမူ အက်ပရီကော့ပန်း ဖြစ်ပြီး မြတ်နိုးမှုကို ကိုယ်စားပြုသည်။ ဆွဲဆောင်မှုအပြည့်ရှိသော ထိုဆံထိုးများမှာ ရှေးခေတ်လူများကြားတွင် အထူးရေပန်းစားလှ၏။
လုမင်လီ နောက်ဆုံးတွင် မြို့တော်မှ ပြန်ရောက်လာခဲ့၏။ သူ ရောက်လာသည်နှင့် လက်အောက်ငယ်သားက စိမ်းစိုစို မုန့်လုံးလေး လက်ဆောင်ဘူးကို လာပေးကာ ယခုတလော မြို့ထဲတွင် အလွန်ရေပန်းစားနေပြီး ရဖို့ခဲယဉ်းကြောင်း ပြောသည်။
လုမင်လီသည် ဘူးပေါ်တွင် “ဟွာကျွင်းမုန့်ဆိုင်” ဟု ထွင်းထုထားသည်ကို တွေ့လိုက်ရပြီး အောက်တွင် စာကြောင်းအသေးလေးဖြင့် “စိမ်းစိုစို မုန့်လုံးလေး တစ်ခုကနေ ကျန်းနန်ရဲ့ နွေဦးရနံ့ကို ခံစားပါ” ဟု ရေးထားသည်ကို မြင်လိုက်ရ၏။ သူ ပြုံးလိုက်မိသည်။
သူ မရှိသည့် တစ်လခွဲအတွင်းမှာပင် ဟွာကျွင်း ထိုကဲ့သို့ ထူးခြားသော အရာတစ်ခုကို ဖန်တီးလိုက်ပြန်ပြီ ဖြစ်၏။ သူ့လက်အောက်ငယ်သားမှာ သူ ပြုံးသွားသည်ကို မြင်သောအခါ လက်ဆောင် ပေးရကျိုးနပ်ပြီဟု ထင်ကာ ဝမ်းသာအားရ ပြန်ထွက်သွားသည်။
လုမင်လီ ဘူးကို ဖွင့်ကြည့်လိုက်၏။ အတွင်းတွင် ကျောက်စိမ်းရောင်ကဲ့သို့ စိမ်းစိုနေသော မုန့်လုံး ရှစ်လုံး ရှိနေပြီး တစ်လုံးနှင့်တစ်လုံး မကပ်စေရန် အကန့်လေးများဖြင့် ခွဲထားသည်။
တစ်လုံးကို ကောက်ယူကြည့်သည့်အခါ ထင်ထားသည်ထက် ပိုလေးပြီး အသားပြည့်နေသည်။ နူးညံ့သောအထိအတွေ့ကြောင့် သူ မသိစိတ်ဖြင့် နှစ်ချက်ခန့် ညှစ်ကြည့်မိ၏။ ထိုသို့ ညှစ်လိုက်သည့်အခါ သူ၏ လက်ချောင်းများမှာ ကောက်ညှင်းသားနှင့် ကပ်သွားပြီး ခွာရခက်သွားတော့သည်။
တစ်ခုစားကြည့်လိုက်မှသာ အထဲတွင် အနှစ်ပါသည်ကို သိလိုက်ရ၏။ မုန့်သားမှာ ပျော့ပြောင်းစေးပိုင်ပြီး ချိုမြိန်သော အရသာ အနည်းငယ် ပါသည်။ ပဲနီအနှစ်မှာ ပိုချိုသော်လည်း မအီပေ။
သူ့ပါးစပ်ထဲတွင် လန်းဆန်းသော ရနံ့များ ပြည့်နှက်သွားပြီး ဟွာကျွင်း ပြောသကဲ့သို့ပင် ကျန်းနန်၏ နွေဦးကို စားသုံးနေရသလို ခံစားလိုက်ရ၏။ သူ နောက်ထပ် တစ်လုံး စားလိုက်ပြီး ကျန်သည်များကို သူ့အဘွားအခန်းသို့ ယူသွားလိုက်သည်။
အဘွားက နေ့လယ်စာ စားပြီးစ ဖြစ်သဖြင့် တစ်ခဏအနားယူရန် ပြင်နေချိန် ဖြစ်ရာ သူ၏ အချိန်ကိုက်မှုမှာ ကောင်းမွန်လှ၏။ အဘွားသည် ထိုမုန့်လုံးကို အလွန်သဘောကျသော်လည်း ၎င်းမှာ ကောက်ညှင်းဖြင့် လုပ်ထားခြင်း ဖြစ်၏။ လုမင်လီ အဘွား အစာမကြေမည်ကို စိုးရိမ်သဖြင့် တစ်လုံးသာ စားခိုင်းသည်။
အဘွားက ရေတစ်ငုံ သောက်ကာ မေး၏။
“ဒါ ဟိုမုန့်ဆိုင်က မုန့်အသစ်လား”
လုမင်လီ ခေါင်းညိတ်ပြလိုက်သည်။
“အဲဒီ မိန်းကလေးက တကယ်ကို ဉာဏ်ကောင်းတာပဲ၊ လုပ်တဲ့မုန့်တွေကလည်း ထူးခြားတယ်”
“ဟုတ်ပါတယ်”
အဘွားက သူ့လက်ကို ပုတ်ကာ မေး၏။
“ငါ ကြားတာက မင်း သူနဲ့ အတော်လေး ရင်းနှီးတယ်ဆို။ တကယ်လို့ မင်းမှာ ဆန္ဒရှိရင် ဘာလို့ လက်ထပ်ခွင့် မတောင်းတာလဲ”
“အဘွား... အဘွား အများကြီး တွေးနေပါပြီ။ ကျွန်တော် သူနဲ့ ရင်းနှီးတာက ကျွန်တော့်ကို အများကြီး ကူညီခဲ့ဖူးလို့ပါ။ ဒါ့အပြင် ကျွန်တော်တို့က ကမ္ဘာနှစ်ခုက လူတွေလေ”
အဘွားက သူ အဆင့်အတန်း ကွာခြားမှုကို ဆိုလိုသည်ဟု ထင်ကာ နှစ်သိမ့်ပေးလိုက်သည်။
“ငါတို့ မိသားစုမှာ အဲဒီလို တင်းကျပ်တဲ့ စည်းကမ်းတွေ မရှိပါဘူး၊ ဒါကြောင့် စိုးရိမ်မနေပါနဲ့။ ငါကတော့ ကုန်သည်တွေက တော်တယ်လို့ ထင်တယ်၊ သူတို့က အလုပ်ကြိုးစားပြီး ဉာဏ်လည်း သုံးကြတယ်”
လုမင်လီ ပြုံးလျက် ပြော၏။
“အဘွား ပြောတာ မှန်ပါတယ်”
“တစ်နေ့ကျရင် သူ့ကို ငါ့ဆီ ခေါ်လာဦးမလား”
လုမင်လီ အဘွားအိုကို လဲလျောင်းစေပြီး စောင်ခြုံပေးရင်း ပြောလိုက်သည်။
“ဒါပေါ့၊ အခွင့်အရေး ရတဲ့အခါ အဘွားဆီ သေချာပေါက် ခေါ်လာခဲ့ပါ့မယ်”
အဘွား အိပ်ပျော်သွားသည်ကို မြင်မှ သူ အခန်းသို့ ပြန်ကာ ရေချိုးပြီး စာကြည့်ခန်းတွင် ခဏ စာဖတ်နေသည်။ အချိန်တန်ပြီဟု ခံစားရသည့်အခါ ထရပ်လိုက်ပြီး မုန့်ဆိုင်ဆီသို့ လျှောက်လှမ်းလာခဲ့၏။
ဆိုင်ရှေ့မှာ ပုံမှန်အတိုင်း စည်ကားနေဆဲ ဖြစ်၏။ သူ ဝင်သွားသည့်အခါ ကြေးပြား များကို ကိုင်ကာ မျက်လုံးလေးများ ပိတ်သွားသည်အထိ ပြုံးနေသော ဟွာကျွင်းကို တွေ့လိုက်ရသည်။
လုမင်လီကို မြင်သည့်အခါ သူမသည် စစ်သေနာပတိကြီးချင်းကို တွေ့ခဲ့ရသည့်အကြောင်း အကုန်လုံး ဖောက်သည်ချတော့၏။
“ကိုယ် မြို့တော်မှာ ဆရာ့ကို တွေ့ခဲ့တယ်၊ သူက မင်း အကြောင်းကို အတော်လေး ချီးကျူးနေတာ”
လုမင်လီက ပြုံးလျက် ပြောလိုက်၏။ ဤသည်မှာ ချဲ့ကားပြောခြင်း မဟုတ်ပေ။ စစ်သေနာပတိချင်းက သူ့ကို ဆွဲထားကာ ဝိုင်က ဘယ်လောက်ကောင်းကြောင်း၊ အစားအစာတွေက ဘယ်လောက်အရသာရှိကြောင်းနှင့် သူမက ဘယ်လောက်သဘောကောင်းကြောင်းကို မရပ်မနား ပြောခဲ့ခြင်း ဖြစ်၏။
ဟွာကျွင်းသည် ကျောက်စိမ်းဆွဲပြားကို သတိရသွားသဖြင့် ဖြုတ်လိုက်ကာ ပြော၏။
“ဒါကို ကျွန်မ ရှင့်ကို ပြန်ပေးရမယ်”
လုမင်လီက မယူဘဲ ပြောလိုက်သည်။
“ဒါက ကိုယ့်အတွက် အသုံးမဝင်ပါဘူး၊ မင်း ကိုပဲ ပေးထားတာပါ”
“ဘယ်လိုလုပ် ဖြစ်မှာလဲ။ ကျွန်မ ကြားတာက ရှင် က စေ့စပ်ထားတဲ့သူ ရှိတယ်ဆို၊ ပြီးတော့ ဒီကျောက်စိမ်းဆွဲပြားက ရှင့်ရဲ့ မိသားစု အမွေအနှစ်လေ...”
လုမင်လီက မျက်မှောင်ကြုတ်လျက် မေးလိုက်၏။
“ဘယ်သူက မင်း ကို ဒီ အတင်းအဖျင်းတွေ ပြောထားတာလဲ။ ပြီးတော့ ဘာလို့ စကားကို ဆုံးအောင် မပြောတာလဲ”
မော့ချွမ်းမှာ မီးဖိုချောင်ထဲတွင် နှာချေလိုက်သည်။
ဟွာကျွင်း မေးလိုက်၏။
“ဒါက လူတိုင်းသိတဲ့ ကိစ္စပဲ မဟုတ်လား...”
သူ သက်ပြင်းချကာ ပြောလိုက်သည်။
“ကိုယ် မင်း ကို ဖုံးကွယ်ထားဖို့ မရည်ရွယ်ပါဘူး။ ဒါပေမဲ့ ပြောဖို့ အခွင့်အရေး မရသေးလို့ပါ”
ထိုစကားက အနည်းငယ် မရေမရာ ဖြစ်နေသဖြင့် ဟွာကျွင်း၏ မျက်နှာမှာ နီမြန်းသွား၏။ သူမ တိုးတိုးလေး ပြောလိုက်သည်။
“ရှင် ကျွန်မ ကို ပြောပြစရာလည်း မလိုပါဘူး”
လုမင်လီ မကြားချင်ယောင်ဆောင်ကာ ရှင်းပြသည်။
“ကိုယ် အရင်က စေ့စပ်ထားခဲ့ဖူးတာ ဟုတ်တယ်။ ဒါပေမဲ့ နောက်ပိုင်း ကိုယ့်မိသားစုမှာ တစ်ခုခု ဖြစ်သွားပြီးတဲ့နောက် အဲဒီ စေ့စပ်မှုကို ဖျက်သိမ်းလိုက်ပြီ။ ကိုယ်နဲ့ သူ့ကြားမှာ ဘာမှ မရှိပါဘူး၊၊ စကားတောင် အများကြီး မပြောဖူးပါဘူး”
“ဒါဆို ဒီကျောက်စိမ်းဆွဲပြားက...”
သူ အမြန်ပြောလိုက်၏။
“ကျောက်စိမ်းဆွဲပြားကိုပဲ သိမ်းထားလိုက်ပါ။ မင်း အဲဒါကို ရောင်းမပစ်သရွေ့ ကြိုက်သလို လုပ်လို့ရပါတယ်”
သူ မယူသည်ကို မြင်သည့်အခါ ဟွာကျွင်း ကျောက်စိမ်းဆွဲပြားကို ပြန်ယူလိုက်ပြီး ပြောသည်။
“စိတ်ချပါ၊ ကျွန်မ မရောင်းပါဘူး”
လုမင်လီ သူမ ဆွဲပြားကို ပြန်ယူလိုက်သည်ကို မြင်မှ စိတ်သက်သာရာ ရသွားပြီး အမှတ်မထင်မေးလိုက်သည်။
“ဒါနဲ့ မင်းရော စေ့စပ်ထားတာ ရှိလား”
ဟွာကျွင်း ခေါင်းခါပြလျက် ဖြေ၏။
“ကျွန်မတို့ ခေတ်မှာတော့ လွတ်လပ်တဲ့ အချစ်ကိုပဲ အလေးထားကြတယ်။ စေ့စပ်တဲ့ ဓလေ့တွေ မရှိတော့ဘူး”
“လွတ်လပ်တဲ့ အချစ် ဟုတ်လား၊ အဲဒါက ဘယ်လိုမျိုး လွတ်လပ်တာလဲ။ အချစ်ဆိုတာကကော ဘာလဲ”
ဟွာကျွင်း ခဏစဉ်းစားပြီးနောက် ရှင်းပြလိုက်၏။
“အချစ်ဆိုတာ ယောကျာ်လေးတစ်ယောက်နဲ့ မိန်းကလေးတစ်ယောက်က လက်ထပ်ဖို့ ရည်ရွယ်ချက်နဲ့ ပေါင်းသင်းဆက်ဆံပြီး သူတို့နှစ်ယောက် လိုက်ဖက်မှု ရှိမရှိ ကြည့်ကြတာ။ လွတ်လပ်တယ်ဆိုတာကတော့ လက်တွဲဖော်ရွေးတဲ့အခါ မိဘတွေရဲ့ အမိန့် ဒါမှမဟုတ် အောင်သွယ်တွေရဲ့ စကားကို လိုက်နာစရာ မလိုတော့တာကို ပြောတာပါ”
လုမင်လီ၏ ရှေးရိုးစွဲ စိတ်ဓာတ်ဖြင့် ထိုကဲ့သို့ ပတ်သက်မှုကို စိတ်ကူးကြည့်ရန် ခဲယဉ်းလှ၏။ သူ ခဏ စဉ်းစားပြီးနောက် မေးပြန်၏။
“အဲဒါက စိတ်ဝင်စားစရာပဲ။ ဒါဆို လိုက်ဖက်မှု ရှိမရှိကို ဘယ်လို ဆုံးဖြတ်ကြတာလဲ”
ဟွာကျွင်း ခေါင်းလေးစောင်းကာ ဖြေလိုက်သည်။
“အတူတူ စားကြမယ်၊ ရုပ်ရှင်ကြည့်ကြမယ်၊ စကားတွေပြောရင်း ဘဝရဲ့ ပျော်ရွှင်မှုနဲ့ ဝမ်းနည်းမှုတွေကို မျှဝေကြတာပေါ့။ အတူရှိနေတဲ့အခါ ပျော်ဖို့ကောင်းတယ်လို့ ခံစားရရင် အဲဒါ လိုက်ဖက်တာပဲ ဖြစ်မှာပါ”
လုမင်လီ သိပ်နားမလည်သလိုဖြင့် ခေါင်းညိတ်လိုက်၏။ သူ တွေးမိသွား၏။
‘အတူစားတာ၊ ရုပ်ရှင်ကြည့်တာ၊ စကားပြောတာ... ဒီသုံးခုထဲမှာ ငါ ဟွာကျွင်း နဲ့ အတူတူ ခဏခဏ အစားစားဖူးတယ်၊ အခုလည်း စကားပြောနေတယ်။ ငါ့အနားမှာ နေလို့ကောင်းတယ်လို့ ခံစားရမှာပဲ မဟုတ်လား။ ရုပ်ရှင်ကြည့်တာ ဆိုတာကိုတော့ ဘာမှန်း မသိဘူး’
သူ မသိသည်ကို မေးလိုက်၏။
“ဟွာကျွင်း ရုပ်ရှင်ကြည့်တာ ဆိုတာက ဘာလဲ”
ဟွာကျွင်း၏ မျက်လုံးများမှာ တောက်ပသွားပြီး စိတ်ဝင်တစားဖြင့် ပြော၏။
“ရုပ်ရှင်ကြည့်တာလား။ အင်း၊ ရှင့်ကို ရှင်းပြရတာ ခက်မယ်နော်။ အကယ်၍ ရှင် အချိန်ရမယ်ဆိုရင် နောက်ကျရင် ကျွန်မ ရုပ်ရှင်တစ်ကား ရှာလိုက်မယ်၊ အတူတူ ကြည့်ကြတာပေါ့”
လုမင်လီ သိချင်စိတ်အပြည့်ဖြင့် နားထောင်ကာ ပြောလိုက်သည်။
“ကောင်းသားပဲ။ ကိုယ် စောင့်နေပါ့မယ်”