ည တံဆိပ်ပြား
Vol. 25 Ch. 343
ပေ ၁၀၀၀၀၀ မြင့်မြတ်သားရဲကြီးများ၏ ကြောက်မက်ဖွယ် သေခြင်းတရားဖြင့် သေဆုံးသွားမှုကြောင့် အစွမ်းထက် ရှာမန်သုံးဦး၏ ခြေလှမ်းများ ရပ်တန့်သွားစဉ်မှာပင် ကောင်းကင်မြူခိုး မြို့တော်အပြင်ဘက် ရှာမန်များ၏ နယ်မြေထဲရှိ မာန်စွမ်းအားရှင်များအားလုံးက သူတို့၏ အပြင်းအထန် တိုက်ခိုက်မှုများကို စတင်လိုက်ကြသည်။ လေထုထဲတွင်လည်း စစ်ဗုံသံများက ပဲ့တင်ထပ် ပြည့်နှက်လို့နေ၏။
တစ်ချိန်တည်းမှာပင် ကောင်းကင်မြူခိုး မြို့တော်နှင့် မြို့တော်အတွင်းရှိ ဧရာမ သလင်းကျောက်တိုင်ကြီး ကိုးခုကို ဝန်းရံထားသော အလင်းမှာ တစ်ဖန်ထပ်မံ တုန်ခါ သွားပြန်သည်။ ထို့နောက် မကြာမီမှာပင် ပေ ၁၀၀၀၀၀ ခန့် မြင့်မားပြီး ပေ ၁၀၀၀၀ အကျယ်ရှိသော ဧရာမ အထိမ်းအမှတ် ကျောက်တိုင်ကြီးတစ်ခုက မြေပြင်မှ တိုးထွက်လာခဲ့သည်။ ၎င်း၏အမြင့်က သလင်းကျောက်တိုင် ကိုးခုထက်ပင် ကျော်လွန်နေသေးသည်။ ၎င်းသည် ကောင်းကင်မြူခိုး မြို့တော်အတွင်း မြင့်မားစွာ တည့်တည့်မတ်မတ် တည်ရှိနေပြီး ထိုအထိမ်းအမှတ်ကျောက်တိုင်ကြီး ပေါ်ထွက်လာသည်နှင့် အိုမင်းရှေးကျသော ခံစားချက်တစ်ခုလည်း ပျံ့နှံ့လာခဲ့သည်။
ထိုကျောက်တိုင်ပေါ်တွင် နာမည်များ ရေးထိုးထားပြီး ထိုနာမည်နောက်တွင်တော့ နာမည်ပိုင်ရှင်၏ မျိုးနွယ်စု သို့မဟုတ် ကလန်ကိုဖော်ပြထားသည်။ ဤကျောက်တိုင်ကြီးသည် တောင်ပိုင်းအရုဏ်ဦး ကုန်းမြေအတွင်းရှိ မာန်စွမ်းအားရှင်များ၏ သတ်ဖြတ်မှုအားလုံးကို မှတ်တမ်းတင်ထားသော အောင်မြင်မှု အထိမ်းအမှတ်ကျောက်တိုင်ကြီး ဖြစ်သည်။
၎င်းထွက်ပေါ်လာစဉ် စစ်မြေပြင်ထက်ရှိ မာန်စွမ်းအားရှင်များထံမှ တိုက်ခိုက်သံများမှာလည်း ပိုမိုကျယ်လောင်လာခဲ့သည်။ အောင်မြင်မှု အထိမ်းအမှတ် ကျောက်တိုင်ပေါ်မှ အဆင့်သတ်မှတ်ချက်များမှာ မကြာခဏ ပြောင်းလဲနေလိမ့်မည် မဟုတ်ပေ။ စစ်ပွဲပြီးသွားသည့်နောက်တွင် မာန်စွမ်းအားရှင်များသည် သူတို့၏ သက်သေနှင့်အတူ မြို့တော်ထံ ပြန်သွားရမှာ ဖြစ်သည်။ ထို့နောက်တွင်မှ မှတ်တမ်းတင်သူများသည် အမှတ်များကို ရေတွက်၍ သူတို့အား အဆင့်ဇယားအတွင်း ထည့်သွင်းပေးပေလိမ့်မည်။
အထိမ်းအမှတ် ကျောက်တိုင်ပေါ်တွင် မှတ်တမ်းတင်ခံရသူများသည် မာန်စွမ်းအားရှင် အားလုံး၏ အာရုံစူးစိုက်မှု အလယ်ဗဟို ဖြစ်သွားပေလိမ့်မည်။ ထိုအရာသည် မာန်စွမ်းအားရှင်တစ်ဦးအတွက် ဂုဏ်ကျက်သရေဖြစ်သလို ထိုမာန်စွမ်းအားရှင်၏ မျိုးနွယ်စုနှင့် ကလန်တို့အတွက် ဂုဏ်ကျက်သရေလည်း ဖြစ်သည်။
အထိမ်းအမှတ်ကျောက်တိုင်သည် ထိပ်ဆုံး စစ်သည်တော် အယောက်သုံးရာကိုသာ ဖော်ပြ၏။ ထိပ်ဆုံး၌ မရှိသူများအတွက် နေရာရလိမ့်မည် မဟုတ်ပေ။
ယခုအချိန်တွင်တော့ ပထမနေရာ၌ ရှိနေသူသည် 'ဟယ်လော' အမည်ရှိ လူတစ်ဦးဖြစ်သည်။ ဤလူသည် အေးခဲကောင်းကင်မှ မဟုတ်သလို အနောက်ပိုင်းပင်လယ်မှလည်း မဟုတ်ချေ။ ထိုအစား လောရွှေ့ဟု ခေါ်သော မျိုးနွယ်စုတစ်စုမှ လာခြင်းဖြစ်သည်။ ထိုသူသည် သူ့နံမည်အောက်၌ အောင်မြင်မှုရမှတ် ၃၀၀၀ နီးပါးကိုပင် ချိတ်ဆွဲရယူထားနိုင်ပြီး ဖြစ်သည်။
တိုက်ပွဲ အောင်မြင်မှုရမှတ်များ စုဆောင်းခြင်းသည် လူတစ်ဦးမှ အခြားရှာမန် တစ်ဦးကို သတ်ဖြတ်လိုက်ချိန်တိုင်း တစ်မှတ်တိုးလာခြင်း မဟုတ်ပေ။ ထိုအစား အောင်မြင်မှုရမှတ်များသည် သူတို့သတ်လိုက်သော ရှာမန်၏ အဆင့်အတန်းနှင့် ထိုရှာမန်၏ ကျင့်ကြံဆင့်တို့အပေါ် အခြေခံ၍ ခွဲဝေရရှိခြင်း ဖြစ်သည်။ ကောင်းကင်မြူခိုး မြို့တော်မှ ကျွမ်းကျင်သူတစ်ဦးသည် ရမှတ်များကို တွက်ချက်ပြီးသည်နှင့် တစ်ပြိုင်နက် သူတို့၏ အောင်မြင်မှုများကို ရရှိပေလိမ့်မည်။
ထိပ်ဆုံးဆယ်ယောက်ထဲမှ လူများသည် သူတို့ခါးပတ်အောက်၌ အောင်မြင်မှုရမှတ် ၂၀၀၀ နီးပါးစီ ရရှိထားကြချေပြီ။ သူတို့အကြား ရမှတ် ကွာခြားချက်မှာ အလွန်မကြီးမားပေ။ ထိပ်ဆုံး အယောက်ရှစ်ဆယ် နောက်ရှိ လူများ၏ အမည်အောက်တွင်တော့ ရမှတ် ၁၀၀၀ အောက်သာ ရရှိထားချေသည်။ သို့သော် နောက်ဆုံးနေရာ၌ ရှိနေသူသည်ပင် အမှတ်ရာပေါင်းများစွာ ရရှိထားခဲ့ပြီ ဖြစ်သည်။
ဤသည်မှာ ယခင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲအနည်းငယ် အပြီးတွင် ရမှတ် စုဆောင်းမှုတစ်ခု ဖြစ်သည်မှာ ထင်ရှားလို့နေ၏။ တစ်စုံတစ်ဦးသည် စစ်ပွဲတစ်ခုတွင် စောစော ပါဝင်လေလေ၊ ရမှတ်များများ ပိုစုဆောင်းမိလေလေ ဖြစ်သည်မှာ သဘာဝပင်။ စုမင်သည် ကောင်းကင်မြူခိုး မြို့တော်သို့ နောက်ကျမှ ရောက်လာခဲ့ပြီး သူ၏ တိုက်ပွဲအောင်မြင်မှုများကိုလည်း အစီအရင် မခံရသေးပေ။ ထို့ကြောင့်ပင် သူ့နာမည်အား အဆင့်ဇယား၌ ရှာမတွေ့နိုင်ခြင်း ဖြစ်သည်။
အထိမ်းအမှတ်ကျောက်တိုင်ကြီး ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် လျှောက်လှမ်းထွက်ပေါ်လာကြသော အစွမ်းထက်ရှာမန်သုံးဦး၏ မျက်နှာထားများမှာ သူတို့ အေးခဲရပ်တန့်နေသော နေရာမှာပင် ရက်စက်တင်းမာကုန်ကြသည်။
သူတို့သည် အဆုံးသတ် ရှာမန်များ မဟုတ်ပဲ နှောင်းပိုင်း ရှာမန်များသာ ဖြစ်သော်လည်း သူတို့အားလုံးသည် အခြားနှောင်းပိုင်းရှာမန်များ အနက် ထူးချွန်သူများအဖြစ် သတ်မှတ်ခံခဲ့ရသူများ ဖြစ်သည်။ သူတို့ ကျင့်ကြံဆင့်မှာ မာန်ဝိညာဉ်နယ်ပယ် အလယ်ဆင့်ရှိ လူများနှင့် တူညီပေသည်။ ယခင် မာန်စွမ်းအားရှင်တို့၏ နယ်မြေထဲရှိ အက်ကြောင်းအတွင်းမှ လျှောက်လှမ်း ထွက်ပေါ်လာခဲ့ကြသော တစ်ထပ်တည်းတူညီသည့် ရှာမန်သုံးဦး၏ စွမ်းအားသည်ပင် သူတို့နှင့် နှိုင်းယှဉ်နိုင်ရန် မျှော်လင့်ချက် မရှိချေ။ ထိုတစ်ထပ်တည်း တူညီသည့် ရှာမန်သုံးဦးသည်လည်း အဆုံးသတ် ရှာမန်များ မဟုတ်ပဲ မကြာသေးခင်ကမှ နှောင်းပိုင်းရှာမန် ဖြစ်လာကြသူများ ဖြစ်၏။
အဆိုပါ ရှာမန်သုံးဦး၏ မျက်နှာထက်တွင် မည်းမှောင်သော အမူအရာတစ်ခု ရှိနေစဉ်တွင် အက်ကြောင်းများ အောက်ခြေ၌ ရှိနေခဲ့သော အစွမ်းထက် မာန်စွမ်းအားရှင်အနည်းငယ်က တစ်ဟုန်ထိုး ပြေးဝင်လာကြသည်။ သို့သော် ထိုမျှ မကသေးပေ။ သူတို့အခြားတစ်ဖက်ရှိ အေးခဲရေခဲကောင်းကင် (အေးခဲကောင်းကင် ဓားရှည်ကြီး)ထံမှလည်း ခြိမ်းခြောက်နိုင်စွမ်းရှိသော အေးစက်စက်လေထု တစ်ခုအား ထုတ်လွှတ်လာသည်။
တစ်ချိန်တည်းမှာပင် အခြားတစ်ဖက်၌လည်း အနောက်ပိုင်း ပင်လယ်ကလန်မှ ဧရာမ ကြေးမုံမှန်ကြီးသည်လည်း ထူးဆန်းသော စွမ်းရည်တစ်ခု၏ စွမ်းအားကို ထုတ်ဖော်နေဟန်ဖြင့် ထင်ထင်ရှားရှား ထွန်းလင်းတောက်ပလာသည်။
ကောင်းကင်မြူခိုး မြို့တော် လက်အောက်ရှိ ဧရာမရုပ်တုကြီး ဆယ့်ရှစ်ခုမှ တစ်ဝက်သည်လည်း အသက်ဝင်လာကြပြီး စစ်မြေပြင်အတွင်းသို့ ခြေလှမ်းကျယ်ကြီးများဖြင့် လှမ်းလာကြသည်။
"မဟာ ဘိုးဘေးကြီးရဲ့ အမိန့်တွေအရ၊ မြို့တော်အပေါ် တတိယမြောက် တိုက်ခိုက်မှုက စမ်းသပ်ချက်တစ်ခုပဲ ရည်ရွယ်ချက်ကတော့ အရင်နှစ်ကြိမ်နဲ့ မတူဘူး။ ဒီတစ်ကြိမ်မှာ ငါတို့တွေက အဆုံးသတ် ရောင်နီခွဲဖြာတွေလုပ်တဲ့ အက်ကြောင်းတွေကို ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်နိုင်မလားဆိုတာကို စမ်းသပ်ခဲ့ကြတာ။ ပြီးတော့ ငါတို့က အဲဒီအရာကို သုံးပြီး ကောင်းကင်မြူခိုး မြို့တော်က နတ်ဘုရား သလင်းရောင်ခြည်တန်းရဲ့ စွမ်းအားကို လျော့ပါးသွားစေဖို့ပဲ..."
"ပုံစံအရဆိုရင်တော့ မာန်စွမ်းအားရှင်တွေကလည်း မဟာဘိုးဘေးကြီးရဲ့ အစီအစဉ်တွေကို ရှင်းရှင်းလင်းလင်း ကြိုမြင်ထားပုံရတယ်... ဒါပေမယ့် သူတို့က မာန်ဝိညာဉ်နယ်ပယ် အလယ်ဆင့်က မာန်စွမ်းအားရှင် တစ်ယောက်မှ မပို့လွှတ်သေးဘူး။ ကနဦးဆင့်က လူတချို့ပဲ ပို့ပေးလိုက်တယ်..."
"သူတို့က ငါတို့သုံးယောက်နဲ့ တိုက်ဖို့ ဒီရောက်နေတာ။ ကောင်းကင်မြူခိုးမြို့တော်က လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း ရှာမန်တွေရဲ့ စွမ်းအားကို ငါတို့သုံးယောက်က တစ်ဆင့် တိုင်းတာဖို့များ သူတို့ကို ဒီလွှတ်လိုက်တာလား... အဲဒီ အနောက်ပိုင်းပင်လယ် ကလန်ရဲ့ ရှေးဟောင်းမှန်ကြီးက တစ်ကယ့်ကိုမုန်းဖို့ ကောင်းတာပဲ။ အဲဒါသာ အနားမှာရှိနေရင် ငါတို့ ထုတ်ဖော်သမျှ နတ်ဘုရားစွမ်းရည် ပညာရပ်တွေအကုန်လုံးကို မှတ်တမ်းတင်ထားပြီး မာန်စွမ်းအားရှင်တွေက သတင်းအချက်အလက် ရယူဖို့အတွက် အဲဒါကြီးကို သုံးလိမ့်မယ်"
"အေးခဲကောင်းကင် ကလန်ရဲ့ အေးခဲရေခဲကောင်းကင်ကြီး ကတော့... ကောင်းပြီလေ၊ ငါတို့ သုံးဦးနဲ့ ရင်ဆိုင်တဲ့အချိန်မှာတော့ ဓားက သူ့စွမ်းအားပြည့် မသုံးလောက်ပါဘူး"
"ဟမ့် မာန်စွမ်းအားရှင်တွေက တစ်ကယ့်ကို ငါးစာ ကောင်းကောင်း ချတတ်တာပဲ။ သူတို့ အရင်ကလည်း ဒီလိုလုပ်ခဲ့ဖူးတယ်။ ကြည့်ရတာတော့ သူတို့က ငါတို့သုံးယောက်ကို ငါးစာအဖြစ် သုံးပြီး ငါတို့ရဲ့ အဆုံးသတ်ရှာမန်တွေကို မျှားထုတ်ဖို့ တွေးနေတာပဲ..."
အစွမ်းထက် ရှာမန်သုံးဦးသည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး ၎င်းတို့အထဲမှ နှစ်ဦးက ရှေ့သို့ ခြေတစ်လှမ်း တက်လိုက်ကြသည်။ သူတို့ ခြေထောက်အောက်ရှိ လေထဲတွင် လှိုင်းတွန့်များ ဖြစ်ပေါ်လာပြီး မသဲမကွဲ ပေါက်ကွဲသံများလည်း ပျံ့နှံ့လာခဲ့သည်။ သူတို့ပတ်ဝန်းကျင်တွင် အစိမ်းရောင်မြူခိုးများ ချက်ချင်း ထွက်ပေါ်လာသည်။ မြူခိုးများမှာ ချက်ချင်း ပျံ့နှံ့လာပြီး အရပ်မျက်နှာအနှံ့ စီးမျောသွားသည်။ တစ်ခဏအတွင်းမှာပင် ၎င်းတို့မှာ ဧရိယာတစ်ခုလုံးအား ဖုံးလွှမ်းသွားခဲ့ချေပြီ။
မကြာမီမှာပင် ရှာမန်သုံးဦးအနက် နောက်ဆုံးတစ်ဦးသည် တင်ပျဉ်ချိတ် ထိုင်ချလိုက်ပြီး သူ့လက်များကို မြှောက်၍ လေထဲမှ တစ်ဆင့် မြေပြင်သို့ ဖိကပ်ရိုက်ချလိုက်သည်။ မြေပြင်ပေါ်တွင် လှိုင်းဂယက်များ စတင် ပျံ့နှံ့လာပြီး စူးရှသော အော်မြည်ဟိန်းဟောက်သံများ ထွက်ပေါ်လာခဲ့သည်။ သေဆုံးသွားသူများထံမှ သွေးများစွာ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
ထိုလူသုံးဦး သူတို့၏ နတ်ဘုရားစွမ်းရည်များကို အသက်သွင်းလိုက်သည်နှင့် တစ်ပြိုင်နက် ပျောက်ကွယ်သွားသော အက်ကြောင်းများ အောက်ခြေတွင် ရှိနေခဲ့သည့် အစွမ်းထက် မာန်စွမ်းအားရှင် လေးဦးသည်လည်း မြူခိုးများအတွင်း ပြေးဝင်သွားကြသည်။ အတွင်းဘက်မှ မသဲမကွဲပေါက်ကွဲသံများ အဆက်မပြတ် ထွက်ပေါ်လာခဲ့သည်။ အနောက်ပိုင်း ပင်လယ်ကလန်မှ ဧရာမမှန်ကြီးသည် ဆက်လက်တောက်ပနေရင်းမှ တိမ်းစောင်းသွားသဖြင့် မာန်မျက်နှာပြင်အား မြူခိုးများဘက်သို့ လှည့်သွားစေသည်။
အေးခဲကောင်းကင်ကလန်၏ အေးခဲရေခဲကောင်းကင်ကြီးသည်လည်း ၎င်း၏ထိပ်ဖျားကို မြူခိုးများအား ထိုးညွှန်ထားလိုက်သည်။ ဓား၏ ဓားရိုးမှ အဖြူရောင် အလင်းတစ်ဖြာ ပေါ်လာပြီး ထိုအလင်းသည် ဓားကိုယ်ထည်တွင် ကူးခပ်လှုပ်ရှားသွားကာ ဓားဖျားတွင် စုဝေးသွားသည်။ ထို့နောက် ဓားရှည်ကြီးထံမှ ဓားအလင်းတန်းတစ်ခု ပစ်လွှတ်လိုက်သည်။
ဓားအလင်းတန်း ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ကမ္ဘာလောကမှာ အေးခဲသွားသည်။ ထိုအလင်းတန်းသည် ဉာဏ်ရည်ပိုင်ဆိုင်ထားပုံ ပေါ်ပြီး မြူခိုးများထဲသို့ တည့်တည့်တိုးဝင်သွားသည်။ ၎င်းသည် အတွင်းသို့ ဝင်ရောက်သွားပြီးသည်နှင့် အစွမ်းထက် မာန်စွမ်းအားရှင် လေးဦးနှင့်အတူ ရှာမန်သုံးဦးအား စတင်တိုက်ခိုက်လိုက်သည်။
မြေပြင်ပေါ်မှ စစ်ပွဲသည်လည်း အစိမ်းရောင်မြူခိုးများ အောက်တွင် တစ်ဖန်ပြန်လည်၍ ဆက်လက်ဖြစ်ပွားခဲ့သည်။
စုမင်၏ဘေးတွင်... ရှန်ဟွား၏ မျက်လုံးများအတွင်း စူးရှသော အကြည့်တစ်ခု ဖြစ်ပေါ်လာပြီး စုမင်နှင့် မျက်နှာပုံပန်းသွင်ပြင် ပျက်စီးနေသော အမျိုးသမီးတို့ထံ တစ်ချက်လှည့်ကြည့်၍ ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် လှုပ်ရှားမှု တစ်ခုနှင့်အတူ ကောင်းကင်ရှိ မြူခိုးများအတွင်း ဦးတည်လိုက်ချေ၏။
"မင်းတို့ နှစ်ယောက်က ငါ့စမ်းသပ်ချက်ကို အောင်မြင်ခဲ့တယ်။ ငါ မင်းတို့နှစ်ယောက်လုံးကို ကောင်းကင်မြူခိုးရဲ့ ညစစ်သည်တော်တွေဆိုတဲ့ ဘွဲ့ပေးအပ်လိုက်တယ်" ရှန်ဟွား ထွက်ခွာသွားချိန်မှာပင် သူ့အသံက ထွက်ပေါ်လာပြီး စုမင်နှင့် အမျိုးသမီးတို့၏ နားများထဲသို့ ဝင်ရောက်လာခဲ့သည်။ အနက်ရောင်တံဆိပ်ပြား နှစ်ခုသည် ရှန်ဟွားထံမှ ပျံထွက်လာပြီး သူတို့နှစ်ဦးထံ ဦးတည်ရောက်ရှိလာခဲ့သည်။
စုမင် ညာလက်ကိုမြှောက်၍ တံဆိပ်ပြားကို ဖမ်းယူလိုက်သည်။ ၎င်းပုံစံသည် အမှန်တကယ်ပင် သာမန်ဟု ထင်ရသော်လည်း လုံးလုံး နက်မှောင်တောက်ပသွားသည်။ ၎င်းမှာ အလွန်နက်မှောင်လွန်းသဖြင့် ကောင်းကင်တွင် ကြယ်စင်တစ်ခုမှ တောက်ပခြင်းမရှိသည့် မှောင်မည်းနေသော ညအချိန်ကဲ့သို့ပင် ဖြစ်၏။
'သူ့နောက်ကို လူခုနစ်ယောက် လိုက်လာခဲ့ပေမယ့် ငါးယောက် သေဆုံးသွားခဲ့တယ်...'
စုမင် သက်ပြင်းချလျက် သူ့လက်များထဲရှိ တံဆိပ်ပြားကို ကြည့်လိုက်မိသည်။ ဤအရာနှင့် ပက်သက်ပြီး သူများစွာ မခံစားရသလို ၎င်း၏နောက်ကွယ်မှ အဓိပ္ပာယ်ကိုလည်း သူမသိချေ။
သူသည် ကနဦးတွင် မာန်စွမ်းအားရှင်များနှင့် ရှာမန်များအကြား ဤစစ်ပွဲကို ဘေးမှရပ်ကြည့်သူ တစ်ဦးသာဖြစ်ချင်ခဲ့သည်။ သူ ပါဝင်ခဲ့မည်ဆိုလျှင်တောင် သူ့ကိုယ်ပိုင် အကြောင်းအရင်းအတွက်သာ ဖြစ်သည်။ ယခုအချိန်တွင်တော့ ဤအရာသည် သူ၏ ပထမဆုံး စစ်ပွဲသာ ဖြစ်သော်လည်း မူလက သူ့စိတ်ထဲတွင် ရှိခဲ့သည့်အတိုင်း လုပ်ဆောင်ရန်မှာ မလွယ်ကူနိုင်တော့ဟု ခံစားမိနေပြီ ဖြစ်သည်။ သူ့ဆန္ဒအတိုင်း လုပ်နိုင်မည့် အကြိမ်များတော့ ရှိနိုင်ကောင်းပါရဲ့...
"အဲဒီ တံဆိပ်ပြားကို ထင်ထင်ရှားရှား ရှိအောင် ရှင့်ခါးပေါ်မှာ ချိတ်ထားဖို့ အကြံပေးချင်တယ်..." စုမင် သက်ပြင်းချနေစဉ်မှာပင် အနောက်ပိုင်းပင်လယ်ကလန်မှ အမျိုးသမီး၏ အသံက သူ့နားထဲသို့ ဝင်ရောက်လာခဲ့သည်။ စုမင်အား အေးစက်စွာ စိုက်ကြည့်နေသော အမျိုးသမီးသည် သူမတံဆိပ်ပြားကို ဝတ်ရုံများပေါ်တွင် ချည်နှောင်ထားခဲ့ချေပြီ။
"ဒါက ကောင်းကင်မြူခိုး မြို့တော်ရဲ့ တိုက်ပွဲ တံဆိပ်ပြားပဲ။ သူတို့ကို နေ၊ လ၊ ကြယ်တာရာနဲ့ ညဆိုပြီး အဆင့်လေးဆင့် ခွဲခြားထားတယ်။ ရှင့်မှာ ညတံဆိပ်ပြား ရှိနေရင် အခု ရှင့်ကို ကောင်းကင်မြူခိုး မြို့တော်က ပိုင်သွားပြီလို့ ဆိုလိုတာပဲ။ အဲဒါနဲ့ ဆိုရင် ရှင့်လုပ်ရပ်တွေနဲ့ ပတ်သက်လို့ ရှင့်ကလန်ကတောင် ဝင်ရောက်စွက်ဖက်ခွင့် မရှိသလို အပြစ်လည်း ပေးလို့မရဘူး။ ရှင်နဲ့ ပတ်သက်သမျှ အရာအားလုံးက ကောင်းကင်မြူခိုး မြို့တော်နဲ့ပဲ သက်ဆိုင်ပြီး စစ်ပွဲမပြီးသေးခင်မှာ ကောင်းကင်မြူခိုး မြို့တော်ကပဲ ရှင့်ကို အမိန့်ပေးလို့ရတယ်" အမျိုးသမီးက အေးစက်စက်ဖြင့် ရှင်းပြသည်။
"ဒီစစ်မြေပြင်ထဲမှာ ကောင်းကင်မြူခိုး မြို့တော်ရဲ့ တိုက်ပွဲတံဆိပ်ပြားတွေထဲက တစ်ခုကို လိုချင်နေပေမယ့် မရနိုင်တဲ့ လူတွေ အများကြီးရှိတယ်။ ဘာလို့ဆို တိုက်ပွဲတံဆိပ်ပြားတွေကို မာန်ဝိညာဉ်နယ်ပယ်မှာ ရှိတဲ့ ကောင်းကင်မြူခိုးမြို့တော်ရဲ့ မာန်စွမ်းအားရှင်တွေကပဲ ပေးအပ်နိုင်တာ မို့လို့ပဲ။ ကျွန်မတို့ အများကြီး မလုပ်ခဲ့ရပေမယ့် ဒါကို ရခဲ့တယ်ဆိုတာ အရင်က ကျွန်မတို့ လုပ်ခဲ့တာတွေ အကုန်လုံးကို စီနီယာရှန်က မြင်ခဲ့တာကြောင့်ပဲ"
"ဒါပေမယ့် ကျွန်မတို့ထက် အများကြီး ပိုလုပ်ခဲ့ပြီး သေသွားရတာတောင်မှ သူတို့ကို ဘယ်သူကမှ သတိမပြုမိလို့ ဒီတိုက်ပွဲ တံဆိပ်ပြားကို မရခဲ့တဲ့ လူတွေအများကြီး ရှိနေတုန်းပဲ။ ရှင်က အဲဒါနဲ့တောင် မကျေနပ်နိုင်သေးဘူးလား" အမျိုးသမီးသည် စုမင်အား ဆက်ကြည့်မနေတော့ပဲ ထိုအစား စစ်မြေပြင်သို့သာ ဦးတည်ရန် ရွေးချယ်လိုက်တော့သည်။
စုမင် ငြိမ်သက်စွာဖြင့် သူ့လက်ထဲရှိ တံဆိပ်ပြားကို ကြည့်နေမိသည်။ အဆုံးတွင်တော့ သူ ထိုအရာကို သူ့ကိုယ်ပေါ်တွင် ချိတ်ဆွဲထားရန် မရွေးချယ်တော့ပဲ ထိုအစား သူ့ရင်ဘတ်ထဲသို့သာ ထည့်သွင်းသိမ်းဆည်းလိုက်သည်။ ထို့နောက် တစ်ဖက်သို့လှည့်၍ အစောပိုင်းက အမျိုးသမီး ထွက်ခွာသွားရာဘက်နှင့် ဆန့်ကျင်ဘက်ရှိ ရှာမန်များ၏ နယ်မြေထဲမှ အဆုံးမရှိသော စစ်မြေပြင်ထံ ဦးတည်လိုက်တော့သည်။
ဤနေရာ၏ တစ်လက်မချင်းစီတိုင်းက တိုက်ပွဲများဖြင့် ပြည့်လို့နေ၏။ တိုက်ခိုက်နေကြသော ရှာမန်များနှင့် မာန်စွမ်းအားရှင်များသည်လည်း သူတို့ မသေဆုံးသရွေ့ ရပ်တန့်လိမ့်မည် မဟုတ်ပေ။ အော်မြည် ဟိန်းဟောက်သံများ၊ အရိုးအသားများ စုတ်ပြဲသံများ၊ ခန္ဓာကိုယ် ပေါက်ကွဲသံများနှင့် စူးရှနာကျင်စွာ အော်ဟစ်သံများသည် စုမင်နားထဲ၌ ဆူညံသံများ အဖြစ် ပြောင်းလဲသွားသည်။ ကောင်းကင်ရှိ မြူခိုးများအတွင်း တိုက်ခိုက်နေကြသော အစွမ်းထက်စစ်သည်တော်များမှ အပ စစ်မြေပြင်ရှိ လူများအားလုံးသည် အသေးအဖွဲမျှသာ ဖြစ်၏။ သူတို့သည် ဤစစ်ပွဲကြီးအတွင်းမှ အစိတ်အပိုင်းငယ်လေး တစ်ခုသာ ဖြစ်သည်။
ဤစစ်ပွဲမှာ ဘယ်လောက်ရှည်ကြာလိမ့်မည်မှန်း စုမင် မသိချေ။ သူ့အတွက် အရှေ့သို့ ပြေးထွက်၍ သူမြင်သမျှ ရှာမန်အားလုံးကို သတ်ဖြတ်ရန်သာ တတ်နိုင်ပေသည်။
ဤသည်မှာ ကောင်းကင်မြူခိုး မြို့တော် အတွင်းရှိ စစ်ပွဲနှင့် ယှဉ်လျင် လုံးဝ မတူကွဲပြားသော ခံစားချက်တစ်ခု ဖြစ်သည်။ ဤစစ်မြေပြင်နှင့် နှိုင်းယှဉ်လျှင် ထိုနေရာ၌ ဖြစ်ပွားခဲ့သော စစ်ပွဲမှာ အလွန်သေးငယ်ခဲ့၏။ ဤနေရာတွင်တော့ စုမင် အဆုံးသတ်ကိုပင် မတွေ့ရချေ။ သူမြင်နေရသမျှ အရာအားလုံးသည် သူ့အဖွဲ့ဝင် မာန်စွမ်းအားရှင်များနှင့် အဆုံးမရှိသော ရန်သူ ရှာမန်များသာ ဖြစ်သည်။
သူတို့ကို သတ်၊ သူ့အတွက် တစ်ခုတည်းသော ရွေးချယ်မှုမှာ သူတို့ကို သတ်ရန်သာ ဖြစ်၏။ စုမင်သည် ကျောက်စိမ်းဓားရှည်အား ညာလက်ထဲတွင် ကိုင်ဆောင်ထားပြီး အရှေ့သို့ ဦးတည်ရင်း သူ့ပတ်ဝန်းကျင်တွင် သွေးလွှမ်းသတ်ဖြတ်မှုများကို ယူဆောင်လာခဲ့သည်။
သူတို့ကို သတ်၊ သူ သူတို့ကို သတ်ရမည်။ သူ့လက်မောင်းအား ဝှေ့ယမ်းနေစဉ် သူ့ခန္ဓာကိုယ်ကိုအား အနက်ရောင်မီးခိုးများက ဝန်းရံထားသည်။ အကယ်၍ စုမင်အတွက် ခြိမ်းခြောက်မှုဖြစ်စေနိုင်မည့် တစ်စုံတစ်ဦး ပေါ်လာသည်နှင့် ထိုမီးခိုးများမှာ အရှေ့သို့ အလိုလို ပျံထွက်သွားပြီး အမျိုးသမီးတစ်ဦးအဖြစ် ပြောင်းလဲသွားပေလိမ့်မည်။ သူမသည် ထိုရှာမန်နောက်တွင် ဖြစ်ပေါ်လာလိမ့်မှာဖြစ်ပြီး ၎င်းတို့အား သတ်လျှင်သတ်၊ မသတ်လျှင် အဝေးသို့ မောင်းထုတ်ပစ်တတ်၏။
ဆက်လက်ရှင်သန်နိုင်ရန်၊ စစ်မြေပြင်ပေါ်မှ အရေးမပါသော မိမိကိုယ်တိုင်မှာ အခြားနေဝင်ချိန်ကို ထပ်မံ မြင်တွေ့နိုင်သေးရန် သူ ဆက်လက်သတ်ဖြတ်နေဖို့ လိုသည်။ အကယ်၍ သူသာ မသတ်လျှင် သေဆုံးသွားရမည့်လူက သူပင် ဖြစ်နေလိမ့်မည်။ ဤစစ်မြေပြင်သည် သန်မာသော ဖိအားကြီးတစ်ခုလိုပင်။ သူတို့ ထိုအရာကို ဆန့်ကျင်၍မရပေ။ ၎င်းဆန္ဒအောက်တွင်တော့ သူတို့အတွက် သတ်မလား၊ သေမလား ဆိုတာပင် ရှိ၏။
ထိုအရာမှာ လူတစ်ဦးသည် သူ့မျက်နှာအား သွေးများဖြင့် ဖုံးကွယ်၍ အလောင်းတစ်ခုအဖြစ် ဟန်ဆောင်ခြင်း မပြုသရွေ့ပင်။ ထိုသို့လုပ်မည် ဆိုလျှင်တော့ သူတို့သည် အသက်ရှင်သန်နိုင်ရန် အခြားနည်းလမ်းတစ်မျိုးကို အသုံးပြုနိုင်ခြင်း ဖြစ်သည်။ စုမင်ရှေ့သို့ ချီတက်လာနေစဉ် အချို့လူများသည် အသက်ရှင်နိုင်ရန် ထိုနည်းလမ်းအား အသုံးပြုနေကြသည်ကို သူမြင်ခဲ့ရသည်။ ၎င်းတို့အထဲမှ အချို့မှာ ရှာမန်များ ဖြစ်ပြီး အချို့မှာ မာန်စွမ်းအားရှင်များ ဖြစ်သည်။
သို့သော် စစ်ပွဲ အောင်မြင်မှုရမှတ်များ စုဆောင်းရန် လူတိုင်းအတွက် ဦးခေါင်းများ စုဆောင်ဖို့ လိုအပ်သောကြောင့် ဤအရာက အစီအစဉ်ကောင်းတစ်ခုတော့ မဟုတ်ချေ... အကယ်၍ သူတို့တွင် ခန္ဓာကိုယ်အပြည့်အစုံ တစ်ခုရှိနေခဲ့လျှင် တစ်စုံတစ်ဦးသည် ၎င်းတို့အား အဆင်ပြေလွယ်ကူစွာဖြင့် ခေါင်းဖြတ်သွားလိမ့်မည်မှာ သေချာသလောက်ပင်။
"သတ်"
စုမင် မျက်လုံးများမှာ သွေးနီရောင်ပြောင်းနေပြီး သူ့တစ်ကိုယ်လုံးမှာ သွေးများဖြင့် ရွှဲနစ်နေသည်။ အော်ဟစ် ဟိန်းဟောက်သံ တစ်ချက်နှင့် သူ့ကိုယ်ထဲရှိ ချီများမှာ စတင်လှည့်ပတ်လာခဲ့သည်။ လက်သီးတစ်ချက်နှင့်အတူ ရှာမန်တစ်ဦး၏ ရင်ဘတ်ကို ပွင့်ထွက်သွားစေလိုက်သည်။ သူ့ကိုယ်အတွင်းမှ ခေါင်းလောင်းသည် မြည်ဟည်းသွားပြီး သူ့ရန်သူ မသေဆုံးခင် တန်ပြန်တိုက်ခိုက်မှုကို တားဆီးခဲ့သော်လည်း စုမင်မှာ သွေးအန်လိုက်ရဆဲပင်။ သို့သော် သူ့နှုတ်ခမ်းများမှ သွေးများ စီးကျနေခဲ့သည့်တိုင် သူသည် အခြားတစ်ဦးဆီသို့ အရှိန်အပြည့်ဖြင့် ပြေးဝင်သွားဆဲ ဖြစ်သည်။
***