အခန်း (၈၉၃-၈၉၄)
Vol. 73 Ch. 893-894
အခန်း ၈၉၃- နောက်ဆုံးမျိုးဆက် သွေးမျိုးနွယ်စုနှင့် ပျင်းရိဖွယ်ကောင်းသော လုပ်ကြံမှု
ထိုသူ၏ ကိုယ်တွင်းသွေး ဆယ်ပုံခြောက်ပုံခန့် ကုန်ဆုံးသွားပြီး နှလုံးခုန်ရပ်တန့်လုနီးပါး ဖြစ်လာချိန်ကျမှသာ ချာလီသည် သွေးစုပ်ယူမှုကို ရပ်တန့်လိုက်၏။
ထို့နောက် သူသည် မိမိ၏ သွေးများကို ထိုသူ၏ ကိုယ်တွင်းသို့ ပြန်လည်ထိုးသွင်းလိုက်ပြီး သွေးထုတ်ယူခြင်းနှင့် ထိုးသွင်းခြင်းကို တစ်ပြိုင်နက် ဆက်တိုက်ပြုလုပ်လိုက်တော့သည်။
မကြာမီတွင် ထိုသူ၏ သွေးအများစုမှာ အစားထိုးလဲလှယ်ပြီးဖြစ်သည်ကို ချာလီ ခံစားမိသွားသောအခါ သူသည် ရပ်တန့်လိုက်ပြီး အခြားလူတစ်ဦးကို ဖမ်းဆီးကာ သွေးကို ဆက်လက်စုပ်ယူလိုက်ပြန်သည်။
ဤတစ်ကြိမ်တွင်မူ သွေးသက်သက်ကိုသာ စုပ်ယူခြင်းဖြစ်ပြီး ထိုလူ၏ခန္ဓာကိုယ်ထဲမှ သွေးအားလုံး ခမ်းခြောက်သွားမှသာ ချာလီ ရပ်တန့်လိုက်တော့သည်။
ထိုအချိန်တွင် ချာလီကိုယ်တိုင် မျိုးဆက်သစ်အဖြစ် ဖန်တီးလိုက်သော ထိုအပြင်လူ၏ ခန္ဓာကိုယ်တွင် ပြောင်းလဲမှုများ ဆက်တိုက်ဖြစ်ပေါ်လာခဲ့သည်။ သူ၏ လက်မောင်းများပေါ်တွင် အနက်ရောင် သွေးကြောများ ဖြစ်ပေါ်လာပြီး အသားအရေမှာ တဖြည်းဖြည်း ညိုမှောင်လာကာ အနက်ရောင် ချွေးများ ထွက်လာတော့သည်။
ချာလီနှင့်အတူ ပါလာသော စစ်သည်များက ထိုသူ၏ ခန္ဓာကိုယ်မှ အနက်ရောင်ချွေးများကို သုတ်သင်ပေးလိုက်ရာ ထိုသူ၏ အသားအရေမှာ ချက်ချင်းဆိုသလို ဖြူစင်ဝင်းပပြီး နုနယ်သွားတော့၏။ မည်သည့်အမျိုးသမီးမဆို မနာလိုဖြစ်လောက်သော အသားအရေမျိုးပင်။
ချာလီသည် ဝတ်ရုံတစ်ထည်ကို ထုတ်ပေးကာ စစ်သည်များကို ၎င်းအား ဝတ်ပေးခိုင်းလိုက်၏။ ယခုအခါ ဗန်ပိုင်းယာတစ်ဦး ဖြစ်သွားပြီဖြစ်သော ထိုသူသည် နေရောင်ခြည်နှင့် မထိတွေ့နိုင်တော့ပေ။
ထို့နောက် ထိုသူမှာ တဖြည်းဖြည်း သတိရလာခဲ့လေသည်။ ချာလီက သူ့ကိုကြည့်ကာ ပြောလိုက်သည်။
“ငါ မင်းကို ထာဝရအသက်ကို ပေးသနားလိုက်ပြီ။ ဒါဟာ ဖျက်ဆီးလို့မရတဲ့ သွေးမျိုးနွယ်ရဲ့ ကတိသစ္စာပဲ။”
ထိုအခါ ထိုသူသည် မြေပြင်ပေါ်တွင် ရိုသေစွာ ဒူးထောက်လိုက်ပြီး ပြန်လည်ဖြေကြားလိုက်၏။
“ဟုတ်ကဲ့ပါ မြို့စားမင်း”
“အခု မင်း ပြန်သွားပြီး ငါ့အတွက် ယီရန်ပင်းကို စမ်းသပ်ပေးစမ်း။”
ချာလီက ပြုံးကာ ပြောလိုက်ပြီးနောက် ထိုသူကို ထိုးနှက်ကာ ဒဏ်ရာရအောင် ပြုလုပ်လိုက်လေသည်။
“ဟုတ်ကဲ့။”
ထိုသူသည် သူ၏ ရင်ဘတ်ကို ဖိထားရင်း ခန္ဓာကိုယ်ပေါ်ရှိ မြို့ပြန်ကျောက်ကို အသက်သွင်းလိုက်သည်။ အဖြူရောင် အလင်းတန်းတစ်ခု ဖြာထွက်လာပြီးနောက် ထိုသူသည် နေရာမှ ပျောက်ကွယ်သွားတော့၏။
“ကဲ... သွားကြစို့။ ငါတို့ ယီရန်ပင်းရဲ့ အဖွဲ့တွေကို နောက်ထပ် အများကြီး ရှာတွေ့နိုင်ဖို့ မျှော်လင့်တယ်။”
ချာလီက ပြုံးရင်း ပြောလိုက်သည်။
ထိုအချိန်တွင် ယီရန်ပင်း မဟာမိတ်အဖွဲ့၏ တည်နေရာကူးပြောင်းခြင်းအမှတ်တွင် အနက်ရောင် ဝတ်ရုံဝတ်ဆင်ထားသော လူတစ်ယောက် ရုတ်တရက် ထွက်ပေါ်လာ၏။ ထိုအနီးရှိ ကင်းစောင့်စစ်သည်က သူ၏လက်နက်ကို ချက်ချင်းကိုင်မြှောက်ကာအော်လိုက်လေသည်။
“မလှုပ်နဲ့”
“ကျုပ်နာမည် လျူပါးပါ။ ကျုပ်က အသက်ရှင်းကျန်ရစ်သူ တစ်ယောက်ပါ။ ဒီတိုက်ကြီးကို စူးစမ်းရှာဖွေရင်းနဲ့ ဗန်ပိုင်းယာတစ်ကောင်နဲ့ တိုးခဲ့လို့ ကျုပ်မှာ ကျွန်းပိုင်ရှင်ဆီ သတင်းပို့စရာ အရေးကြီးတဲ့ အချက်အလက်တွေ ရှိပါတယ်။”
ထိုလူက ချက်ချင်း ပြန်ပြောလိုက်သည်။
လျူပါးသည် သူ၏ ဝတ်ရုံကို အနည်းငယ် ဟပြလိုက်ရာ သူ၏ မျက်နှာ ထွက်ပေါ်လာ၏။ ကင်းစောင့်သည် လျူပါး၏ မျက်နှာကို မြင်လိုက်ရသောအခါ သူသည် အမှန်တကယ်ပင် အပြင်လူတစ်ဦး ဖြစ်သည်ကို အတည်ပြုနိုင်လိုက်ပြီး သေနတ်ကို အောက်ချကာ ပြောလိုက်သည်။
“ခဏစောင့်ပါ၊ယ။ ကျွန်းပိုင်ရှင်ကို အခုချက်ချင်း အကြောင်းကြားလိုက်ပါမယ်။”
“ကောင်းပါပြီ၊ မြန်မြန်လုပ်ပေးပါ။”
လျူပါးသည် သူ၏ ဝတ်ရုံကို ပိုမို တင်းကျပ်စွာ စည်းလိုက်၏။ စောစောက ထိတွေ့လိုက်ရသည့် နေရောင်ခြည်က သူ့ကို အလွန်နေရထိုင်ရ ခက်ခဲစေပေသည်။
ကင်းစောင့်က ကျန်းယွင်ထျန်းထံ ဖုန်းဖြင့် ချက်ချင်း အကြောင်းကြားလိုက်သည်။
“ဆရာ... စူးစမ်းရှာဖွေသူတစ်ယောက်က ဗန်ပိုင်းယာတစ်ကောင်နဲ့ တွေ့ခဲ့တယ်လို့ ပြောပါတယ်။ ကျွန်းပိုင်ရှင်ကို သတင်းပို့စရာ အရေးကြီး အချက်အလက်တွေ ရှိတယ်လို့ ဆိုပါတယ်။”
ကျန်းယွင်ထျန်း အနည်းငယ် ကြောင်အသွားခဲ့သည်။
“ကောင်းပြီ။ သူ့ကို ခဏစောင့်ခိုင်းထားလိုက်ပါ။ ကျွန်းပိုင်ရှင်နဲ့ ငါ အခုချက်ချင်း လာခဲ့မယ်။”
ထို့နောက် ကျန်းယွင်ထျန်းက ရှောင်းယီထံသို့ ဖုန်းဆက်လိုက်ပြန်သည်။
“ကျွန်းပိုင်ရှင် တိုက်သစ်မှာ ဗန်ပိုင်းယာတစ်ကောင်နဲ့ တွေ့ခဲ့တဲ့သူတစ်ယောက်က မင်းကို သတင်းပို့ချင်နေတယ်။”
“အို... ငါ အခု သွားကြည့်လိုက်မယ်။”
ရှောင်းယီက ပြန်ပြောလိုက်သည်။
ကျန်းယွင်ထျန်းသည် မြို့ပြန်ကျောက်ကို အသုံးပြုကာ တည်နေရာကူးပြောင်းခြင်းအမှတ်သို့ ရောက်ရှိလာခဲ့၏။ လျူပါးကို မြင်လိုက်ရသောအခါ တစ်ကိုယ်လုံးကို ဝတ်ရုံနှင့် လုံအောင်ခြုံထားသည်ကို တွေ့ရသဖြင့် ကျန်းယွင်ထျန်း အနည်းငယ် ထူးဆန်းသလို ခံစားလိုက်ရသည်။
“မင်းနာမည်က လျူပါးလား။”
ကျန်းယွင်ထျန်းက သူ့ကို စိုက်ကြည့်ရင်း မေးလိုက်သည်။
“ဟုတ်ပါတယ်။”
“မင်းမှာ ဘာသတင်းရှိလို့လဲ။ ငါ့ကို ပြော။”
လျူပါးက ခေါင်းခါလိုက်၏။
“ဒီသတင်းက အရမ်းအရေးကြီးပါတယ်။ ကျွန်းပိုင်ရှင် ရောက်လာမှ ပြောပြနိုင်ပါမယ်။”
ကျန်းယွင်ထျန်းသည် ပို၍ပင် သံသယဝင်သွားခဲ့သည်။
“ကောင်းပြီ အဲ့ဒါဆိုရင် မင်းရဲ့ ဝတ်ရုံကို ချွတ်လိုက်ပါဦး။ အခုက မအေးတော့ပါဘူး။”
“ကျုပ် နေမကောင်းတော့ ခန္ဓာကိုယ်က အေးနေလို့ပါ။”
လျူပါးက ငြင်းဆန်လိုက်၏။
“နေမကောင်းရင် ဆရာဝန်ဆီ သွားပြလေ။ စွန်းယောင်က မင်းကို ကူညီပေးနိုင်မှာပါ။ သူဖော်စပ်ထားတဲ့ ဆေးတွေက တော်တော်ကောင်းတယ်လို့ ကြားတယ်။”
ကျန်းယွင်ထျန်းက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
“ဟုတ်ကဲ့ ကျွန်းပိုင်ရှင်ကို သတင်းပေးပြီးဆာနဲ့ စွန်းယောင်ဆီ သွားပြလိုက်ပါ့မယ်။”
မကြာမီ ရှောင်းယီ ရောက်လာခဲ့လေသည်။ ကျန်းယွင်ထျန်းက ရှောင်ယီကို ကြိုဆိုရင်း တိုးတိုးလေး ပြောလိုက်သည်။
“ကျွန်းပိုင်ရှင် ဒီလူမှာ ပြဿနာတစ်ခုခု ရှိနေတယ်။”
ရှောင်းယီသည် အနည်းငယ် တုံ့ဆိုင်းသွားခဲ့ပြီး နောက် ဝတ်ရုံနှင့် လူကို ကြည့်လိုက်ရာ စနစ်ထံမှ အချက်ပြသံ ပေါ်လာခဲ့လေသည်။
လျူပါး (B အဆင့်): နောက်ဆုံးသွေးမျိုးနွယ်၊ ဗန်ပိုင်းယာအသစ်အဖြစ် ကူးပြောင်းထားသူ။ မျိုးနွယ်စု မင်းသား၏ အသိအမှတ်ပြုခြင်းကို မရရှိသေးသူ။”
စနစ်၏ အချက်ပြမှုကို မြင်လိုက်ရသောအခါ ရှောင်းယီသည် သက်ပြင်းချလိုက်ပြီး ထိုသူ့အနားသို့ လျှောက်သွားကာ မေးလိုက်၏။
“ပြောစမ်းပါဦး။ ချာလီက မင်းကို ဘာသတင်းစကား ပြောခိုင်းလိုက်လို့လဲ။”
ဗန်ပိုင်းယာအသစ်တစ်ယောက်ကို အသုံးချပြီး သူ့ကို စမ်းသပ်ဖို့ စဉ်းစားနိုင်သူမှာ သူ့အပေါ် ရန်ငြိုးရှိနေသည့် ချာလီသာ ဖြစ်ရပေမည်။
လျူပါးသည် ရှောင်းယီ၏ စကားကို ကြားသောအခါ အံ့အားသင့်သွားပြီး မည်သို့ တုံ့ပြန်ရမည်မသိ ဖြစ်သွားခဲ့၏။ သို့သော် သူက ချက်ချင်းပင် ဟန်ဆောင်လိုက်လေသည်။
“ကျွန်းပိုင်ရှင်... ခင်ဗျား ဘာကို ဆိုလိုတာလဲဆိုတာ ကျုပ် နားမလည်ဘူး။”
လျူပါးသည် သာမန်လူတစ်ယောက်ကဲ့သို့ ဟန်ဆောင်ရန် ကြိုးစားနေဆဲပင်။
ရှောင်းယီက ဆက်ပြောမနေတော့ဘဲ လျင်မြန်စွာ လှုပ်ရှားလိုက်ကာ လျူပါး မတုံ့ပြန်နိုင်ခင်မှာပင် သူ၏ ဝတ်ရုံကို ဆွဲချွတ်လိုက်တော့သည်။
လျူပါး၏ မျက်နှာမှာ ပုံမှန်မဟုတ်စွာ ဖြူဖျော့နေခဲ့သည်။ ဝတ်ရုံ၏ အရိပ်မရှိတော့သောကြောင့် နေရောင်ခြည်ဒဏ်ကို လျူပါး ချက်ချင်း ခံစားလိုက်ရ၏။ သို့သော် သူသည် အရိပ်ထဲသို့ ပြေးမဝင်ဘဲ ထိုအသား ဓားမြှောင်ကို ဆွဲထုတ်ကာ ရှောင်းယီကို လုပ်ကြံရန် ခုန်အုပ်လိုက်လေသည်။
သို့သော်လည်း B အဆင့်အဆင့်သာ ရှိသော ဗန်ပိုင်းယာအသစ်ကို ရှောင်းယီက အသာလေး ကန်ထုတ်လိုက်လေသည်။
“ချာလီက တုံးလှချည်လား။ မင်းကို လွှတ်ပြီး ငါ့ကို လုပ်ကြံခိုင်းတယ် ဟုတ်လား။”
ရှောင်းယီက ပြုံးကာ မေးလိုက်သည်။
လျူပါးသည် ရှောင်ယီကို မုန်းတီးသော မျက်လုံးများဖြင့် ကြည့်ကာ ပြောလိုက်၏။
“ဟမ့်... မြို့စားမင်းက မင်းကို အလွတ်ပေးမှာ မဟုတ်ဘူး။”
ရှောင်းယီက ခေါင်းခါလိုက်သည်။
“ချာလီ အခု ဘယ်မှာလဲ။”
“မင်း ဘယ်တော့မှ မြို့စားမင်းရှိတဲ့ နေရာကို ရှာတွေ့မှာ မဟုတ်ဘူး။”
နေရောင်ခြည်ကြောင့် ဖြစ်ပေါ်လာသော နာကျင်မှုကို အောင့်အည်းသည်းခံရင်း လျူပါးက အေးစက်စွာ ပြောလိုက်သည်။
“အစ်ကိုကျန်း ဒီလူကို မင်းပဲ ကိုင်တွယ်လိုက်တော့။ သူ့ဆီကနေ သတင်းအချက်အလက်တွေ ရအောင် ယူနိုင်မယ်လို့ မျှော်လင့်ပါတယ်။”
ရှောင်းယီက ပြောလိုက်သည်။
“ဟားဟားဟား စိတ်ချထားလိုက်စမ်းပါ။”
ကျန်းယွင်ထျန်းက အေးစက်စွာ ရယ်မောရင်း ပြန်ပြောလိုက်၏။
ကျန်းယွင်ထျန်းက လျူပါးကို ခေါ်ဆောင်သွားပြီးနောက် ရှောင်းယီသည် အနည်းငယ် စဉ်းစားကာ အန်ယွဲ့းထံသို့ ဖုန်းဆက်လိုက်လေသည်။
“ဦးလေးအန်း တိုက်သစ်မှာ စူးစမ်းရှာဖွေနေတဲ့ အဖွဲ့တွေအားလုံးကို သူတို့ရဲ့ သင်္ဘောတွေပေါ် ပြန်ဆုတ်ခိုင်းလိုက်ပါ။”
“အားလုံးလား။”
အန်းယွဲ့ အံ့သြသွား၏။
“ဟုတ်တယ်။ ကျုပ် ရှာဖွေတွေ့ရှိထားတဲ့ တိုက်သစ်ပေါ်က အဖွဲ့တွေ အားလုံးပဲ။”
“ကောင်းပြီ။ ငါ ချက်ချင်း အကြောင်းကြားလိုက်မယ်။”
အန်းယွဲ့က ထိုသို့ပြောပြီးနောက် မေးလိုက်သည်။
“တစ်ခုခု ဖြစ်လို့လား။”
“ချာလီက ကျုပ်တို့ မဟာမိတ်အဖွဲ့တွေကို ပစ်မှတ်ထားနေပုံရတယ်။”
ရှောင်းယီက ရှင်းပြလိုက်သည်။
“ချာလီလား။ အဲ့ဒီ ဗန်ပိုင်းယာ မြို့စားမင်းလား။”
“ဟုတ်တယ်။ အဲ့ဒါကြောင့်ပဲ။ သူက တော်တော် ဒုက္ခပေးနိုင်တယ်။”
ရှောင်းယီက သက်ပြင်းချရင်း ဆိုလိုက်သည်။
ရှောင်းယီအနေဖြင့် ချာလီကို တိုက်ခိုက်နိုင်သော်လည်း ချာလီသည် ထိပ်တိုက်ရင်မဆိုင်ဘဲ ရှောင်တိမ်းနေပါက သူ၏ အရှိန်မှာ အလွန်လျင်မြန်လွန်းသဖြင့် ဖမ်းဆီးရန်မှာ ခက်ခဲပေလိမည်။
“ကောင်းပြီ။ ငါ အခုချက်ချင်း အားလုံးကို အကြောင်းကြားလိုက်မယ်။”
ထို့နောက် ရှောင်းယီသည် မြို့ပြန်ကျောက်ကို အသုံးပြုကာ သူ၏ အိပ်ခန်းသို့ ပြန်လာခဲ့၏။ ထို့နောက် ယီထျန်းဂရုထဲသို့ မက်ဆေ့ခ်ျ ပို့လိုက်တော့လေသည်။
“အားလုံးပဲ... ကျုပ် တွေ့ရှိထားတဲ့ တိုက်သစ်ကြီးကို စူးစမ်းတဲ့အခါမှာ အဆင့်မြင့် ဗန်ပိုင်းယာတစ်ကောင်ကို သတိထားကြပါ။ သူက အဆင့် အရမ်းမြင့်တယ်။ အဖွဲ့တွေအားလုံးကို အခုလောလောဆယ် ပြန်ဆုတ်ထားဖို့ အကြံပြုချင်ပါတယ်။ ဒီဗန်ပိုင်းယာကို ရှင်းထုတ်ပြီးမှ စူးစမ်းမှုကို ဆက်လုပ်ကြပါ။”
အခန်း ၈၉၄- စူးစမ်းရှာဖွေရေးအဖွဲ့များ ဆုတ်ခွာခြင်းနှင့် နတ်သူငယ်မျိုးနွယ်စုများ တိုက်ပွဲဝင်ရန် တောင်းဆိုခြင်း
အသက်ရှင်ကျန်ရစ်သူများသည် ယီထျန်းဂရုထဲတွင် ရှောင်းယီ၏ မက်ဆေ့ခ်ျကို မြင်လိုက်ရသောအခါ အားလုံးမှာ မှင်သက်သွားကြခဲ့လေသည်။
“သူဌေး... ဒါက ဘာကို ဆိုလိုတာလဲ။”
“မင်း စာမဖတ်တတ်ဘူးလား။ တိုက်သစ်ထဲမှာ ငါတို့ အသက်ရှင်ကျန်ရစ်သူတွေကို အမဲလိုက်နေတဲ့ အရမ်းအစွမ်းထက်တဲ့ ဗန်ပိုင်းယားတစ်ကောင် ရှိနေတယ်လို့ ပြောတာလေ။”
“အဲ့လောက်တောင် အန္တရာယ်များတာလား။ ဗန်ပိုင်းယားတွေက မြန်ဆန်ပြီး သန်မာပေမဲ့ နေရောင်ခြည်နဲ့ ငွေကို ကြောက်တယ်လို့ ကြားဖူးတယ်။”
“အဲ့ဒါက ငါတို့ကမ္ဘာက ဗန်ပိုင်းယားတွေလေ။ ဒီကမ္ဘာက ဗန်ပိုင်းယားတွေကော အတူတူပဲလားဆိုတာ ဘယ်သူသိမှာလဲ။”
“ဗန်ပိုင်းယားတစ်ကောင်က မင်းကို ‘ပွေ့ဖက်ခြင်း’ ပေးလိုက်ရင် မင်းလည်း ဗန်ပိုင်းယားဖြစ်သွားပြီး ထာဝရအသက်ကို ရမယ်လို့ ပြောကြတယ်မဟုတ်လား။”
“ဖြစ်နိုင်တာပေါ့။ ဒါပေမဲ့ မင်းက အဲ့ဒီဗန်ပိုင်းယားရဲ့ ထာဝရလက်ပါးစေ ဖြစ်သွားမှာလေ။ မင်းရဲ့ လွတ်လပ်မှုကို ထာဝရအသက်နဲ့ လဲမလို့လား။”
“အဲ... လဲတော့မလဲပါဘူး။”
“အသက်က တန်ဖိုးရှိတယ်။ အချစ်က ပိုပြီးတန်ဖိုးရှိတယ်။ ဒါပေမဲ့ လွတ်လပ်မှုအတွက်ဆိုရင် နှစ်ခုလုံးကို စွန့်လွှတ်နိုင်တယ်။”
“အားလုံးပဲ ကိုယ့်အဖွဲ့တွေကို ပြန်ခေါ်လိုက်ကြပါ။ သူဌေးကိုယ်တိုင်က ရန်သူက အဆင့်မြင့်တယ်လို့ ပြောရင် အနည်းဆုံး SS အဆင့်လောက်တော့ ရှိမှာပဲ။ အဲ့ဒီလို ဗန်ပိုင်းယားမျိုးက ကျုပ်တို့ကို တစ်ယောက်ချင်းစီ လိုက်သတ်လို့ရတယ်။ အရင်ဆုတ်ကြစို့။ သူဌေး ရှင်းလင်းပြီးမှ ပြန်သွားကြတာပေါ့။”
“ဟုတ်တယ်။ တခြား တိုက်သစ်တွေလည်း အများကြီး ရှိပါသေးတယ်။ ဒီတစ်ခုကို ခဏကျော်လိုက်လို့ ကျုပ်တို့ရဲ့ အုတ်မြစ်ကျောက်ဝင်ငွေကို ထိခိုက်စေမှာ မဟုတ်ပါဘူး။”
“ဟုတ်တယ်။ တခြားတိုက်က တည်နေရာကူးပြောင်းခြင်း အဖွဲ့တစ်ခုခုနဲ့ ဆက်သွယ်ပြီး ဖြတ်သန်းခွင့် တောင်းကြည့်ရမယ်။”
ခဏအတွင်းမှာပင် အသက်ရှင်ကျန်ရစ်သူ အားလုံးသည် သူတို့၏ ကင်းထောက်များကို ပြန်ခေါ်ပြီး အခြားတိုက်သစ်များသို့ ပြောင်းရွှေ့ကုန်ကြ၏။
ချာလီသည် တိုက်သစ်ပေါ်တွင် အပြင်အဖွဲ့များကို လိုက်လံရှာဖွေနေဆဲဖြစ်သော်လည်း အခြေအနေတစ်ခုခု မှားယွင်းနေသည်ကို ချက်ချင်း သတိထားမိလိုက်သည်။
“စူးစမ်းရှာဖွေရေးအဖွဲ့တွေ ဘာလို့ နည်းသွားသလို ခံစားနေရတာလဲ။”
ချာလီက မျက်မှောင်ကြုတ်ရင်း ရေရွတ်လိုက်သည်။
“မြို့စားမင်း... အပြင်တွေက ကျုပ်တို့ရဲ့ လှုပ်ရှားမှုကို ရိပ်မိသွားတာ ဖြစ်နိုင်မလား။”
အစောင့်တစ်ဦးက အကြံပြုလိုက်သည်။ချာလီသည် ပင်လယ်ဘက်သို့ ခဏမျှ ငေးကြည့်နေပြီးနောက် ပြောလိုက်သည်။
“ယီရန်ပင်းက ငါပေးလိုက်တဲ့ လက်ဆောင်ကို ရသွားပြီထင်တယ်။”
“အခု ကျုပ်တို့ ဘာဆက်လုပ်ကြမလဲ။ တခြားတိုက်သစ်တွေကို ကျူးကျော်ကြမလား။”
ချာလီသည် မဟာမိတ်အဖွဲ့ အတော်များများကို ထိန်းချုပ်ထားနိုင်ပြီဖြစ်ရာ တခြားနေရာများကို ကျူးကျော်နိုင်သော်လည်း သူ၏ အဓိက အာရုံမှာ ဤတိုက်ကြီးပေါ်တွင်သာ ရှိနေဆဲပင်။
“ဟမ့်... မလောပါဘူး။ နောက်ဆုံးမျိုးဆက် သွေးမျိုးနွယ်တွေကို တခြားတိုက်တွေဆီ လွှတ်ပြီး ကင်းထောက်ခိုင်းလိုက်။ စောင့်ကြည့်ရုံပဲ စောင့်ကြည့်။ တိုက်ခိုက်ခြင်းမပြုနဲ့။ ယီရန်ပင်းက သူကိုယ်တိုင် ငါ့ဆီ လာလိမ့်မယ်။ ငါ ဒီမှာပဲ စောင့်နေမယ်။”
“ဟုတ်ကဲ့ပါ မြို့စားမင်း။”
ရှောင်းယီ၏ ကျွန်းပေါ်တွင် အပန်းဖြေနေကြသော မဟာမိတ်ခေါင်းဆောင်များသည်လည်း ဖုန်းခေါ်ဆိုမှုများ လက်ခံရရှိကြ၏။
“ဘာ...တိုက်သစ်မှာ အဆင့်မြင့် ဗန်ပိုင်းယားတစ်ကောင် ရှိနေတာလား။ သူဌေးကိုယ်တိုင် ပြောတာဟုတ်လား။ အဲ့ဒါဆို ဘာစောင့်နေဦးမှာလဲ။ ချက်ချင်း ပြန်ဆုတ်ကြ။ တိုက်သစ်က တစ်ခုတည်း ရှိတာမှ မဟုတ်တာ။ တခြား ရွေးချယ်စရာတွေ အများကြီးရှိသေးတယ်။”
“အင်း... မင်း အဆင်ပြေသလို လုပ်ပါ။ အဆင့်မြင့် ဗန်ပိုင်းယားဆိုတာ ရင်ဆိုင်ဖို့ မလွယ်ဘူး။ ဒါကြောင့်လည်း သူဌေးက သတိပေးတာနေမှာ။”
“ဟုတ်တယ်။ အားလုံးကို ပြန်ခေါ်လိုက်။ ငါ့မဟာမိတ်အဖွဲ့ထဲမှာ ဗန်ပိုင်းယားတွေနဲ့ ပြည့်နေတာမျိုး ငါမလိုချင်ဘူး။”
ဖုန်းပြောပြီးနောက် ထိုခေါင်းဆောင်များ အားလုံးသည် ထိုတိုက်သစ်မှ ဆုတ်ခွာရန် ဆုံးဖြတ်လိုက်ကြ၏။
သူတို့၏ ဘေးတွင် အမှောင်နတ်သူငယ်ဆယ်ဦး ထိုင်နေကြလေသည်။ ထိုသူတို့မှာ ဆာရာက အပြင်လူများ၏ ကျွန်းယဉ်ကျေးမှုနှင့် ဗိသုကာလက်ရာများကို လေ့လာရန် ခေါ်ဆောင်လာသော အကြီးအကဲကိုးဦးနှင့် စကားပြန်တစ်ဦးတို့ ဖြစ်ပေသည်။
ခေါင်းဆောင်များ ပြောနေကြသည်ကို ကြားသောအခါ အကြီးအကဲချုပ်က မေးလိုက်၏။
“သူတို့ ဘာတွေ ပြောနေကြတာလဲ။”
ဆယ်ဦးမြောက် နတ်သူငယ်မှာ ရှားနိုင်ငံဘာသာစကားကို လေ့လာထားသော စကားပြန်ဖြစ်သည်။
“အကြီးအကဲချုပ်... တိုက်သစ်မှာ အဆင့်မြင့် ဗန်ပိုင်းယတစ်ကောင် ပေါ်လာတယ်လို့ သူတို့ ပြောနေကြတာပါ။”
စကားပြန်က ပြန်ဖြေလိုက်သည်။
“ဘာ... ဗန်ပိုင်းယားတွေ တွေ့တယ် ဟုတ်လား။ အကြီးအကဲကိုး...အခုချက်ချင်း ပြန်သွားပြီး နတ်သူငယ်ဘုရင်မကို အကြောင်းကြားလိုက်။ ငါတို့ မဟာမိတ်အဖွဲ့ရဲ့ ကာကွယ်ရေးတပ်မှာ ချက်ချင်း ပူးပေါင်းရမယ်။ သူတို့ခြေရာကို တွေ့ပြီဆိုမှတော့ အလွတ်မပေးနိုင်ဘူး။”
အကြီးအကဲကိုးသည်လည်း ချက်ချင်းထရပ်ကာ အမှောင်နတ်သူငယ် စခန်းသို့ အပြေးသွားတော့လေသည်။
မကြာမီမှာပင် သူမ ရောက်ရှိသွားခဲ့ပြီး ဆာရာကို သွားတွေ့လိုက်လေသည်။
“ငါတို့ ဘားမှာ ကြားခဲ့တာ... ကျွန်းပိုင်ရှင်ရှောင်းက ဗန်ပိုင်းယားတွေရဲ့ ခြေရာကို တွေ့ထားတယ်။ အကြီးအကဲချုပ်က သူတို့ကို အခုချက်ချင်း လိုက်လံနှိမ်နင်းဖို့ မင်းကို မဟာမိတ်တပ်ဖွဲ့ထဲကို ပူးပေါင်းစေချင်နေတယ်။”
ထိုအခါ ဆာရာသည် သူမ၏ မိုဘိုင်းဖုန်းကို ချလိုက်ပြီး ထရပ်ကာ ပြောလိုက်သည်။
“နားလည်ပြီ။ ကျွန်မ ကျွန်းပိုင်ရှင်ကို အခုချက်ချင်း ဆက်သွယ်လိုက်မယ်။”
“ကောင်းပြီ”
ထိုသို့ပြောပြီးနောက် အကြီးအကဲကိုးက လှည့်ထွက်သွားရန် ပြင်လိုက်သည်။ သို့သော် ဆာရာက လှမ်းတားလိုက်၏။
“အကြီးအကဲကိုး...။”
သူမ ရပ်ပြီး လှည့်ကြည့်လာခဲ့သည်။ ဆာရာက မိုဘိုင်းဖုန်း နှစ်လုံးကို ထုတ်ပေးလိုက်၏။
“ဒါကို မိုဘိုင်းဖုန်းလို့ ခေါ်တယ်။ အဝေးကြီးကနေ မက်ဆေ့ခ်ျ ပို့လို့ရတယ်။ မဟာမိတ်အဖွဲ့အတွင်းမှာဆိုရင် ဘယ်သူ့ကိုမဆို အချိန်မရွေး ဆက်သွယ်လို့ရတယ်။ သတင်းပို့ဖို့ ဒီလောက်အထိ ပြေးလာနေစရာ မလိုတော့ဘူး။”
သူမက ရှင်းပြလိုက်သည်။
အကြီးအကဲကိုးက ထိုကိရိယာကို ကြည့်ကာ မေးလိုက်သည်။
“လူသားတွေ သုံးနေတဲ့ ဟာမျိုးလား။”
“ဟုတ်တယ်။ ကျွန်မ သုံးနည်းကို ပြောပြပေးပါမယ်။”
စူးစမ်းလိုစိတ်ရှိသော အကြီးအကဲကိုးသည် အသုံးပြုပုံကို လျင်မြန်စွာ သင်ယူလိုက်ပြီး ဖုန်းနှစ်လုံးကို ယူကာ ထွက်သွားတော့လေသည်။
ထို့နောက် ဆာရာသည် ရှောင်းယီထံ ချက်ချင်း ဆက်သွယ်လိုက်တော့သည်။
“တစ်ခုခု ဖြစ်လို့လား။”
ရှောင်းယီသည် သူမဆီမှ ဖုန်းထပ်လာသဖြင့် အံ့သြသွားခဲ့သည်။
“ဟုတ်တယ်။ နင် ဗန်ပိုင်းယားတွေရဲ့ ခြေရာကို တွေ့ထားတယ်လို့ ကြားတယ်။”
ဆာရာက မေးလိုက်သည်။
“မင်းတို့ဆီ သတင်းရောက်တာ မြန်လှချည်လား။”
ရှောင်းယီက ရယ်မောလိုက်၏။ သူ ဂရုထဲ၌ ပြောလိုက်သည်မှာ ခဏလေးသာ ရှိသေးပေသည်။
“သူတို့ ဘယ်မှာလဲ ပြောပြပါ။ ငါတို့ သွားရောက် နှိမ်နင်းမယ်။”
ဆာရာက အတည်ပေါက်ဖြင့် ပြောလိုက်သည်။ ရှောင်းယီ မျက်တောင်ခတ်လိုက်မိ၏။
“မင်းတို့နဲ့ ဗန်ပိုင်းယားတွေနဲ့ ဘာရန်ငြိုးရှိလို့လဲ။”
“ရှိတာပေါ့။ တစ်ခါက ငါတို့ရဲ့ နတ်သူငယ်ဘုရင်မတစ်ပါးက နန်းတက်ပွဲပြီးပြီးချင်းမှာပဲ ဗန်ပိုင်းယားတစ်ကောင်ရဲ့ ‘ပွေ့ဖက်ခြင်း’ ကို ခံလိုက်ရပြီး ဗန်ပိုင်းယားနတိသူငယ်အဖြစ် ပြောင်းလဲသွားခဲ့ဖူးတယ်။ ဒါက ငါတို့ အမှောင်နတ်သူငယ်မျိုးနွယ်စုအတွက် ထာဝရ အရှက်ရစရာပဲ။ အဲ့ဒါကြောင့် ငါတို့ အမှောင်နတ်သူငယ်က ဗန်ပိုင်းယားတွေရဲ့ ခါးသီးတဲ့ ရန်သူတွေ ဖြစ်လာခဲ့တာပဲ။ အဲ့ဒါကြောင့်လည်း လူသားတွေနဲ့ လေ့ကျင့်ဖို့ ငါတို့ သဘောတူခဲ့တာ။”
ဆာရာက ရှင်းပြလိုက်သည်။
“ဒါကြောင့်လည်း မင်းတို့ ဒီလောက် လွယ်လွယ်နဲ့ သဘောတူခဲ့တာကိုး။ ဒါပေမဲ့ ငါတို့ ဗန်ပိုင်းယားတွေကို တိုက်ခိုက်မယ်ဆိုတာ မင်း ဘယ်လိုသိတာလဲ။”
“မိုဘိုင်းဖုန်းထဲက ဗီဒီယိုတစ်ခုမှာ နင်တို့ရဲ့ သမန်းဝံပုလွေတွေ ဗန်ပိုင်းယားတွေကို သတ်နေတဲ့ တိုက်ပွဲကို မြင်ခဲ့ရလို့ပဲ။”
ဆာရာက ဆိုသည်။
ရှောင်းယီ နားလည်သွားခဲ့သည်။ ၎င်းမှာ ချောင်ယန်နိုင်ငံမှ ခြင်္သေ့ခေါင်း မဟာမိတ်အဖွဲ့နှင့် တိုက်ပွဲဖြစ်စဉ် ဝီလျံ၏ တပ်ဖွဲ့များ ဗန်ပိုင်းယားများ၏ ကျူးကျော်မှုကို ခံရသည့် ဗီဒီယို ဖြစ်ပေလိမ့်မည်။
“ကောင်းပြီ။ မင်းတို့ရဲ့ တပ်ဖွဲ့တွေ အဆင်သင့်ဖြစ်ပြီလား။ အပြင်ပိုင်း စစ်ဆင်ရေး အားလုံးကို ကိုင်တွယ်တဲ့ အစ်ကိုကျန်းနဲ့ ငါ တိုင်ပင်လိုက်ဦးမယ်။”
ရှောင်းယီက ပြောလိုက်သည်။
“အမြဲတမ်း အဆင်သင့်ပဲ။ အမိန့်သာ ပေးလိုက်ပါ။”
ဆာရာက ပြန်ဖြေလိုက်သည်။
ထို့နောက် ရှောင်းယီသည် ဖုန်းချလိုက်ပြီး ကျန်းယွင်ထျန်းထံ ဆက်သွယ်လိုက်လေသည်။
“အမှောင်နတ်သူငယ်တွေက တိုက်ပွဲဝင်ဖို့ တောင်းဆိုနေပြီ။ မင်းတို့ဘက်မှာရော အဆင်သင့်ဖြစ်ပြီလား။”