အခန်း (၈၉၅-၈၉၆)
Vol. 73 Ch. 895-896
အခန်း (၈၉၅) - စစ်စခန်းမှ နတ်သူငယ်မျိုးနွယ်စုနှင့် စိန်ခေါ်ပွဲ
ရှောင်းယီ၏ စကားကို ကြားလိုက်ရသည့်အခါ ကျန်းယွင်ထျန်းမှာ အနည်းငယ် ကြောင်အမ်းသွားခဲ့သည်။
“တိုက်ပွဲဝင်ဖို့ တောင်းဆိုတာလား။ ဘာအတွက် တိုက်မှာလဲ။”
“ငါတို့ ဗန်ပိုင်းယားတွေကို တွေ့ထားတယ်ဆိုတာ ကြားတော့ သူတို့တွေ တက်ကြွနေကြတာလေ။”
ရှောင်းယီက အမှော်နတ်သူငယ်များနှင့် ဗန်ပိုင်းယားများကြားက ဘိုးဘေးစဉ်ဆက် ရန်ငြိုးဟောင်းများအကြောင်းကို ရယ်မောရင်း ရှင်းပြလိုက်လေသည်။
ကျန်းယွင်ထျန်းလည်း အခြေအနေကို နားလည်သွားခဲ့သည်။
“အို...အဲ့ဒါကြောင့်ကိုး။ ဒါပေမဲ့ သူတို့တွေ လိုအပ်တဲ့ လေ့ကျင့်မှုတွေကိုတော့ လုပ်ရဦးမှာပဲ။ အဆင်သင့်ဖြစ်ပြီဆိုရင်တော့ ငါတို့ စစ်စခန်းကို လာခဲ့ခိုင်းလိုက်ပါ။”
“ကောင်းပြီ။ ငါ သူတို့ကို အကြောင်းကြားလိုက်မယ်။”
ရှောင်းယီက ဆာရာထံသို့ ချက်ချင်း ဖုန်းဆက်လိုက်တော့သည်။
ရှောင်းယီ၏ အကြောင်းကြားစာကို လက်ခံရရှိပြီးနောက် ဆာရာသည် သူမ၏အဖွဲ့ကို ဦးဆောင်ကာ အလင်းနတ်သူငယ်၏ အခြေစိုက်စခန်းသို့ ချက်ချင်း ထွက်ခွာခဲ့၏။
ယခုတစ်ကြိမ်တွင်မူ အလင်းနတ်သူငယ်များသည် အမှောင်နတ်သူငယ်များကို မြင်ရသည့်အခါ ယခင်ကထက် ပိုမိုတည်ငြိမ်နေခဲ့ကြသည်။
“ဘာကိစ္စရှိလို့ပါလဲ။”
အလင်းနတ်သူငယ် ကင်းစောင့်က မေးမြန်းလိုက်သည်။
“ငါက အမှောင်နတ်သူငယ် ဘုရင်မ ဆာရာပဲ။ နင်တို့ ဘုရင်မနဲ့ တွေ့ချင်တယ်။ ငါ့မှာ ဆွေးနွေးစရာ အရေးကြီးကိစ္စရှိတယ်။”
ဆာရာက ပြောလိုက်သည်။
“နားလည်ပါပြီ။ ကျွန်မနောက်ကို လိုက်ခဲ့ပါ။”
ကင်းစောင့်က ဆာရာကို အတွင်းသို့ ခေါ်ဆောင်သွားခဲ့သည်။
ဟေးလ်သည် ဆာရာ ရောက်ရှိလာကြောင်း ကြားလိုက်ရသည့်အခါ အလွန်အံ့အားသင့်သွားခဲ့သည်။
“ဘာဖြစ်လို့လဲ။ တစ်ခုခု ဖြစ်လို့လား။”
“ကျွန်းပိုင်ရှင်က ဗန်ပိုင်းယားတွေရဲ့ သဲလွန်စကို တွေ့ထားလို့ ငါတို့ အဖွဲ့တွေကို စစ်စခန်းကို လာဖို့ ပြောလိုက်တယ်။”
ဆာရာက လိုရင်းကို ပြောပြလိုက်သည်။
“တကယ် တွေ့ပြီလား။”
ဟေးလ်သည် ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် မတ်တပ်ရပ်ကာ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်ရင်း ပြောလိုက်သည်။
“ငါတို့လည်း တပ်ဖွဲ့တစ်ဖွဲ့ စေလွှတ်မယ်။ အဲဒီ စက်ဆုပ်ရွံရှာဖို့ကောင်းတဲ့ ဗန်ပိုင်းယားတွေကို သုတ်သင်တဲ့နေရာမှာ ငါတို့ ကူညီနိုင်မယ်လို့ မျှော်လင့်ပါတယ်။”
“ငါကလည်း အတူတူသွားဖို့ ဖိတ်ခေါ်ဖို့ လာခဲ့တာပဲလေ။”
ဆာရာက ပြုံးကာ ပြောလိုက်သည်။ အလင်းနတ်သူငယ်များလည်း ဤတိုက်ပွဲတွင် ပါဝင်လိုကြမည်ကို သူမ သိပေသည်။
ဟေးလ်သည် ဖုန်းယူအား တပ်ဖွဲ့တစ်ဖွဲ့ကို ဦးဆောင်စေကာ ဆာရာနှင့်အတူ ယီရန်ပင်း၏ စစ်စခန်းသို့ လိုက်သွားရန် အလျင်အမြန် စီစဉ်ပေးလိုက်၏။
ဆာရာကို အကြောင်းကြားပြီးနောက် ရှောင်းယီသည် အနည်းငယ် စဉ်းစားကာ စာအုပ်ကို ပိတ်လိုက်ပြီး မြို့ပြန်ကျောက်ကို အသုံးပြု၍ စစ်စခန်းသို့ ခရီးနှင်ခဲ့လိုက်လေသည်။
“ကျွန်းပိုင်ရှင် ဘာလို့ ဒီကို ရောက်လာတာလဲ။”
ကျန်းယွင်ထျန်းက ရှောင်ယီကို အံ့သြတကြီး ကြည့်လိုက်၏။
“မင်း အဲဒီ နတ်သူငယ်တွေကို မထိန်းချုပ်နိုင်မှာ စိုးလို့ လာကြည့်တာပေါ့။”
ရှောင်းယီက ရယ်မောရင်း ပြန်ပြောလိုက်သည်။
“ငါက မင်းတို့ကို လာပြီး အားပေးတာပါ။”
“စိတ်မပူပါနဲ့။ ပြဿနာမရှိနိုင်ပါဘူး။”
ကျန်းယွင်ထျန်းက အလွန် ယုံကြည်မှုရှိနေခဲ့လေသည်။
ထိုစဉ် သမန်းဝံပုလွေ ဘင်နီသည်လည်း ဘေးတစ်ဖက်မှ လမ်းလျှောက်လာခဲ့သည်။
အလေးပြုပြီးနောက် သူက ပြောလိုက်သည်။
“ကျွန်းပိုင်ရှင်၊ နည်းပြ... ကျုပ်တို့ အရင်တုန်းကရှိခဲ့တဲ့ တိုက်ကြီးမှာ ဗနခပိုင်းယားတွေကို တွေ့ခဲ့တယ်လို့ ကြားမိပါတယ်။”
“မင်းတို့ဆီ သတင်းရောက်တာက တော်တော် မြန်တာပဲ။”
ရှောင်းယီက မှတ်ချက်ပေးလိုက်၏။
“ကျုပ်တို့ လူမျိုးစုဝင်တွေ အရက်ဆိုင်ကနေ ကြားလာခဲ့တာပါ။”
ဘင်နီက သူ၏ ဝံပုလွေဦးခေါင်းကို ကုပ်ရင်း ရှက်ကိုးရှက်ကန်း ပြန်ဖြေလိုက်သည်။
“သတင်းရှာချင်ရင် အရက်ဆိုင်ကို သွားရမယ်ဆိုတာ မမှားဘူးပဲ။”
ကျန်းယွင်ထျန်းလည်း ရယ်မောလိုက်လေသည်။
“ကျုပ်တို့ ဝံပုလွေမျိုးနွယ်စုက တိုက်ပွဲဝင်ဖို့ တောင်းဆိုပါတယ်။ ကျုပ်တို့မှာ ဗန်ပိုင်းယားတွေနဲ့ ရင်ဆိုင်ခဲ့တဲ့ အတွေ့အကြုံရှိပါတယ်။”
ယခု လေ့ကျင့်မှု ကာလအတွင်းတွင် ဝံပုလွေမျိုးနွယ်စုသည် ၎င်းတို့၏ ခွန်အားမှာ တစ်ဆင့်ထက်မက တိုးတက်လာသည်ဟု ခံစားနေခဲ့ကြရသည်။ ယခုဆိုလျှင် တူညီသောအဆင့်ရှိသည့် ဗန်ပိုင်းယားတစ်ကောင်ကို သူတို့ သေချာပေါက် အနိုင်ယူနိုင်ပြီဖြစ်သည်။
ဝံပုလွေမျိုးနွယ်စုသည် ၎င်းတို့၏ တိုက်ခိုက်ရေးစွမ်းရည်ကို အမြဲတစေ ယုံကြည်မှုရှိခဲ့သော်လည်း ကျန်းယွင်ထျန်းနှင့် သူ၏ဇနီးတို့က အရောင်တင်ပေးပြီးနောက်တွင်မှ ၎င်းတို့၏ အစွမ်းအစအား အပြည့်အဝ မည်သို့ ထုတ်သုံးရမည်ကို သိရှိလာခဲ့ကြခြင်း ဖြစ်ပေသည်။
လက်ရှိအခြေအနေအရ အဆင့်တူညီသည့် လူသားစစ်သည် အထူးချွန်ဆုံးလူများပင်လျှင် သမန်းဝံပုလွေများကို မယှဉ်နိုင်တော့ပေ။
သို့သော်လည်း ဘင်နီနှင့် အခြားသူများသည် ၎င်းတို့၏ စွမ်းရည်များ တိုးတက်အောင် ကူညီပေးခဲ့သည့် လူသားများကို အလွန် ကျေးဇူးတင်နေခဲ့ကြ၏။ သူတို့သည် နည်းပြ၏ လိုအပ်ချက်များကို သစ္စာရှိရှိ လိုက်နာကြပြီး နည်းပြထက် ခွန်အားသာလွန်သွားသည်ဆိုသော အချက်ကြောင့် မည်သည့်အခါမျှ အာဏာမဖီဆန်ခဲ့ကြပေ။
“အင်း... တကယ်တမ်း အဲဒီတိုက်ပေါ်က ဗန်ပိုင်းယားတွေကို ဝိုင်းပတ်ချေမှုန်းတဲ့အချိန်ကျရင် မင်းတို့ကို သေချာပေါက် ခေါ်သွားပါ့မယ်။”
ရှောင်းယီက ပြုံးကာ ကတိပေးလိုက်သည်။
“ကျေးဇူးတင်ပါတယ် ကျွန်းပိုင်ရှင်။”
ဘင်နီက စိတ်လှုပ်ရှားစွာ ပြန်ဖြေလိုက်သည်။
“ကျုပ် လေ့ကျင့်ရေး ပြန်ဆင်းလိုက်ပါဦးမယ်။”
စစ်စခန်းသည် နည်းပြ ကျန်းယွင်ထျန်း၏ နယ်မြေဖြစ်သော်လည်း ကျွန်းပိုင်ရှင်က စကားတစ်ခွန်း ပြောလိုက်လျှင် မည်သူမျှ မဖီဆန်နိုင်သော နတ်ဘုရား၏ အမိန့်တော်ကဲ့သို့ ဖြစ်ကြောင်း ဘင်နီ သိထားပေသည်။
ဘင်နီ တစ်ဟုန်ထိုး ပြေးထွက်သွားသည်ကို ကြည့်ရင်း ကျန်းယွင်ထျန်းက ခေါင်းယမ်းလိုက်၏။
“ဗန်ပိုင်းယားတွေတော့ ဒုက္ခလှလှတွေ့တော့မယ်လို့ ငါ ခံစားနေရတယ်။ ကောင်းကောင်း လေ့ကျင့်ထားတဲ့ သမန်းဝံပုလွေမျိုးနွယ်စုနဲ့တင် သူတို့ကို ကိုင်တွယ်ဖို့ လုံလောက်နေပြီ။ အခု နတ်သူငယ်မျိုးနွယ်စုပါ ထပ်တိုးလာပြီဆိုတော့...သူတို့အတွက် ၃ စက္ကန့်လောက် ငြိမ်သက်ပြီး ဆုတောင်းပေးလိုက်ရအောင်။”
သူတို့ စကားပြောနေစဉ်မှာပင် ဆာရာနှင့် အခြားသူများသည် စစ်ဘက်သုံး ရထားဖြင့် စစ်စခန်းသို့ ရောက်ရှိလာခဲ့ကြလေသည်။
တံခါးဝရှိ ကင်းစောင့်များက သူတို့ကို လေ့ကျင့်ရေးကွင်းသို့ တိုက်ရိုက် ခေါ်ဆောင်လာခဲ့သည်။ ထိုနေရာတွင် အခြားသူများစွာလည်း လေ့ကျင့်နေကြ၏။
“ဟင်...။”
ဆာရာသည် အရပ်ရှည်သော သမန်းဝံပုလွေများကို တစ်ချက်ကြည့်ရုံနှင့် မြင်သွားပြီး အာမေဋိပ်သံ ထွက်သွားမိလေသည်။
သူတို့သည် ယခင်က သမန်းဝံပုလွေမျိုးနွယ်စုနှင့် ဆုံဖူးခဲ့ပေသည်။ ထိုမျိုးနွယ်စုသည် တိုက်ခိုက်ရေးပါရမီ အလွန်မြင့်မားပြီး မာနကြီးသော မျိုးနွယ်ဖြစ်သင့်၏။ သူတို့ကို လူသားမျိုးနွယ်၏ စစ်စခန်း၌ လေ့ကျင့်နေသည်ကို မြင်ရသည်မှာ အမှန်ပင် ထူးဆန်းနေခဲ့သည်။
ကျန်းယွင်ထျန်းသည် ချဉ်းကပ်လာသော နတ်သူငယ်များကို ကြည့်လိုက်သည်။ အမှောင်နတ်သူငယ်များသာမက အလင်းနတ်သူငယ်များပါ ပါဝင်နေခဲ့သည်။
သို့သော် အမှောင်နတ်သူငယ် ဦးရေမှာ ခြောက်ရာကျော်ရှိပြီး အလင်းနတ်သူငယ်များမှာမူ တစ်ရာခန့်သာ ရှိပေသည်။
ထိုနတ်သူငယ်များ၏ မျက်နှာအမူအရာများမှာ မာနထောင်လွှားနေကြ၏။ သူတို့သည် မွေးရာပါ တောတွင်းမုဆိုးများဖြစ်ကြပြီး လူသားများအနေဖြင့် သူတို့ကို မယှဉ်နိုင်ဟု ယူဆထားကြသည်။
လူသားများ၏ လေ့ကျင့်ပေးမှုကို လက်ခံရန်ဆိုသည်မှာ ပို၍ပင် မဖြစ်နိုင်ပေ။ မိမိထက် အားနည်းသူတစ်ယောက်၏ လေ့ကျင့်ပေးမှုကို မည်သူက လက်ခံလိုမည်နည်း။
ကျန်းယွင်ထျန်းက သူတို့ကို ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။
“မင်းတို့ မဟာမိတ်အစောင့်တပ်ထဲကို ဝင်ချင်တယ်ဆိုရင် အစောင့်တပ်ရဲ့ စည်းကမ်းတွေကို လိုက်နာရမယ်။ မဟုတ်ရင် အခုချက်ချင်း ဒီကနေ ထွက်သွားလိုက်တော့။”
ကျန်းယွင်ထျန်း၏ စကားကို ကြားလိုက်ရသည့်အခါ နတ်သူငယ်အားလုံး မျက်မှောင်ကြုတ်သွားခဲ့ကြသည်။
“မင်းတို့က မင်းတို့ကိုယ်မင်းတို့ အရမ်းတော်တယ်လို့ ထင်နေပြီး ငါတို့ရဲ့ လေ့ကျင့်ပေးမှုကို လက်မခံချင်ဘူးလို့ ကြားတယ်။ အဲဒါ ဟုတ်သလား။”
ကျန်းယွင်ထျန်းက ဆက်ပြောလိုက်သည်။
သူ့ရှေ့တွင် ရပ်နေသော နတ်သူငယ်များထဲမှ တစ်ယောက်မှ စကားမပြောကြပေ။
“ဘာလဲ... စွမ်းအားကြီးတဲ့ နတ်သူငယ်မျိုးနွယ်စုက မင်းတို့ပြောခဲ့တဲ့ စကားကိုတောင် ဝန်မခံရဲဘူးလား။”
ကျန်းယွင်ထျန်းက ပြန်မေးလိုက်သည်။
“ဘာလို့ မဝန်ခံရဲရမှာလဲ။”
အမှောင်နတ်သူငယ်ဟေအာက ချက်ချင်း ရှေ့သို့ တိုးထွက်လာခဲ့၏။
“ငါတို့ ပြောခဲ့တာ ဟုတ်တယ်။ ဒါပေမဲ့ အဲဒါကလည်း အမှန်တရားပဲ မဟုတ်ဘူးလား။”
အနီးအနားတွင် လေ့ကျင့်နေသော သမန်းဝံပုလွေမျိုးနွယ်စုသည်လည်း ထိုမြင်ကွင်းကို လှမ်းမြင်လိုက်ကြသည်။
“ဟီးဟီး ပြဿနာရှာတဲ့သူတွေ နောက်တစ်သိုက် ရောက်လာပြန်ပြီ။ ဒီတစ်ခါတော့ အုပ်စုလိုက်ကြီးပဲ။ သူတို့လည်း နည်းပြရဲ့ ဆုံးမတာကို ခံရတော့မယ် ထင်တယ်။ သနားစရာပဲ။ သူတို့က နုနယ်သေးတယ်။”
ဘင်နီက နတ်သူငယ်များကို ကြည့်ရင်း သက်ပြင်းချလိုက်မိသည်။
“ငါတို့လည်း အစတုန်းက အဲဒီလိုပဲလေ။ ဒါပေမဲ့ အမှန်အတိုင်းပြောရရင် အဲဒီတုန်းက ငါတို့ တော်တော်လေး အထိနာခဲ့တာ။”
“နည်းပြက အဲ့ဒီမာနကြီးတဲ့ နတ်သူငယ်အုပ်စုကို ဘယ်လို ကိုင်တွယ်မလဲ ကြည့်ကြရအောင်။”
သမန်းဝံပုလွေလူသားများက တိုးတိုးတိုးတိုးဖြင့် စတင်ပြောဆိုလာကြသည်။
ကျန်းယွင်ထျန်းက ဟေအာကို ကြည့်ကာ လှောင်ပြုံးပြုံးလိုက်၏။
“မင်းတို့က မွေးရာပါ တောတွင်းမုဆိုးတွေလို့ ဂုဏ်ယူနေကြတာဆိုတော့ ပြိုင်ပွဲတစ်ခု လုပ်ကြတာပေါ့။ မင်းတို့ဘက်က လူ ၁၀ ယောက် ထုတ်ခဲ့။ ငါ့ဘက်ကတော့ ငါနဲ့ ငါ့မိန်းမပဲ ရှိမယ်။ ငါတို့ လေ့ကျင့်ရေးကွင်းထဲမှာ တောတွင်းမြေမျက်နှာသွင်ပြင်လည်း ရှိတယ်။ အကယ်၍ မင်းတို့ ရှုံးသွားရင် ငါတို့ရဲ့ လေ့ကျင့်ပေးမှုကို စောဒကမတက်ဘဲ လက်ခံရမယ်။”
“ဟွမ့် ၁၀ ယောက်တောင် မလိုဘူး။ ငါတစ်ယောက်တည်းနဲ့ တင် လုံလောက်တယ်။”
ဟေအာက အေးစက်စွာ ပြန်ဖြေလိုက်သည်။
“ဒါနဲ့ ငါတို့ နိုင်ရင်ကော ဘာဖြစ်မလဲ။”
“မင်းတို့ နိုင်ရင် ငါတို့ရဲ့ အမိန့်ကို နာခံစရာမလိုဘဲ မဟာမိတ်အစောင့်တပ်ထဲကို ဝင်နိုင်တယ်။”
ကျန်းယွင်ထျန်းက တည်ငြိမ်စွာ ပြောလိုက်သည်။
“ဒါပေမဲ့... တစ်ယောက်တည်းပဲဆိုတာ သေချာလား။”
“မဟုတ်ဘူး ငါတို့ ၁၀ ယောက် သုံးမယ်။”
ဆာရာက နောက်ကနေ လှမ်းပြောလိုက်၏။
ဟေအာမှာ ဆွံ့အသွားခဲ့ပြီး ထပ်ပြောချင်သေးသော်လည်း ဆာရာက ကြားဖြတ်ပြောလိုက်သည်။
“မင်း တကယ်ပဲ သူတို့ရဲ့ လေ့ကျင့်မှုနဲ့ အမိန့်ကို လက်မခံချင်ဘူးဆိုရင် ပိုပြီး သတိထားတာ ကောင်းလိမ့်မယ်။”
“ဟုတ်ကဲ့ပါ ဘုရင်မ။ ကျွန်မ သေချာပေါက် အပြတ်အသတ် အနိုင်ယူပြမယ်။”
ဟေအာက ခေါင်းငြိမ့်ကာ ပြန်ဖြေလိုက်လေသည်။
အခန်း ၈၉၆ - တောတွင်းတိုက်ခိုက်ရေးပြိုင်ပွဲ
ဟေအာသည် သူနှင့်အတူ အမြဲတမ်းလက်တွဲတိုက်ခိုက်လေ့ရှိသော အဖော်များကို ချက်ချင်းသွားရောက်ရွေးချယ်လိုက်၏။ ဆာရာက မေးလိုက်သည်။
“ရှင်တို့ အဲဒီအဆင့်မြင့်လက်နက်တွေကို သုံးမှာလားလို့ မေးပါရစေ။”
ကျန်းယွင်ထျန်းက ရယ်မောကာ ခေါင်းခါပြလိုက်သည်။
“စိတ်မပူပါနဲ့။ ကျုပ်တို့က သစ်သားဓားတွေနဲ့ မြှားထိပ်မပါတဲ့ လေးနဲ့မြှားတွေကိုပဲ သုံးမှာပါ။”
ကျန်းယွင်ထျန်း၏စကားကို ကြားရသောအခါ ဆာရာက ခေါင်းငြိမ့်ပြလိုက်သည်။ အမှန်တကယ်တော့ သူမကိုယ်တိုင်လည်း အနည်းငယ် မကျေမနပ်ဖြစ်နေမိပေသည်။ နတ်သူငယ်များသည် သဘာဝကပေးသော တောတွင်းစစ်သည်တော်များဖြစ်ရာ သူမကို စည်းရုံးသိမ်းသွင်းလိုပါက တောတွင်း၌ သူတို့ကို အမှန်တကယ် အနိုင်ယူပြရမည်ဖြစ်သည်။
ထိုစဉ် ရှောင်းယီက လမ်းလျှောက်လာပြီး ပြောလိုက်၏။
“မင်းတို့ ပြိုင်ပွဲလုပ်ဖို့ ဆုံးဖြတ်ပြီးပြီဆိုတော့ ကျုပ် သက်သေအဖြစ် ဆောင်ရွက်ပေးမယ်ဆိုရင်ရော ဘယ်လိုလဲ။”
“ကောင်းပါပြီ။ ကျွန်းပိုင်ရှင်က သက်သေအဖြစ်ရှိနေရင် ကျွန်မတို့ စိတ်အေးရတာပေါ့။”
ဆာရာက ဆိုသည်။ ရှောင်းယီကိုယ်တိုင် ကြည့်ရှုနေမည်ဖြစ်သောကြောင့် သူတို့သာ အနိုင်ရခဲ့လျှင် ကျန်းယွင်ထျန်း၏ လေ့ကျင့်မှုကို ခံယူစရာမလိုတော့သလို ရှောင်းယီကိုလည်း ထပ်မံရှင်းပြနေစရာ မလိုတော့သည့်အတွက် အဆင်ပြေသွားမည်ဟု သူမ တွေးလိုက်မိလေသည်။
“ဟုတ်ပြီ... ဒီပွဲရဲ့ စည်းမျဉ်းတွေကတော့ လေ့ကျင့်ရေးလက်နက်တွေကို သုံးရမယ်။ ကာကွယ်ရေးဝတ်စုံတွေ ဝတ်ရမယ်။ လေးမြှားနဲ့ အပစ်ခံရသူ ဒါမှမဟုတ် သစ်သားဓားနဲ့ အထိုးခံရသူဟာ ပြိုင်ပွဲက ထွက်ရမယ်။ အသင်းတစ်သင်းလုံး ပြုတ်သွားတဲ့အထိ ပြိုင်ပွဲကို ဆက်သွားမယ်။ နားလည်ကြလား။”
ရှောင်းယီက စတင်ပြောကြားလိုက်သည်။
“ကျွန်မတို့က ကာကွယ်ရေးဝတ်စုံတွေ ဝတ်လေ့မရှိဘူး။ ဝတ်ဖို့လည်း မလိုဘူး။”
ဟေအာက ချက်ချင်း ကန့်ကွက်လိုက်သည်။
“အဲဒါတွေက ကျွန်မတို့ရဲ့ အရှိန်နဲ့ ဖျတ်လတ်မှုကို အနှောင့်အယှက်ဖြစ်စေလိမ့်မယ်။”
ရှောင်းယီ အံ့အားသင့်သွားခဲ့ပြီး ကျန်းယွင်ထျန်းကို လှမ်းကြည့်လိုက်ရာ သူက ပြန်ဖြေလိုက်သည်။
“ပြဿနာမရှိပါဘူး။ ကျုပ်တို့ သတိထားပါ့မယ်။”
ထိုစကားကို ကြားသောအခါ ဟေအာနှင့် အခြားနတ်သူငယ်များ၏ မျက်နှာများ ပို၍ပင် တင်းမာသွားခဲ့ကြ၏။ ၎င်းမှာ သူတို့၏ တိုက်ခိုက်ရေးစွမ်းရည်ကို ဗြောင်ကျကျ အထင်သေးလိုက်ခြင်းပင်။
ဟေအာသည် အမှောင်နတ်သူငယ်ကိုးဦးကို ဦးဆောင်ကာ သူတို့၏ လေးနှင့်မြှားများကို လေ့ကျင့်ရေး လေးမြှားများဖြင့် ဒေါသတကြီး လဲလှယ်လိုက်ကြလေသည်။ ကျန်းယွင်ထျန်းနှင့် ကျန်းရွှဲ့တို့သည်လည်း အသင့်ဖြစ်နေပြီဖြစ်သည်။
“ကဲ... ဆန့်ကျင်ဘက် အစွန်းနှစ်ဖက်ကနေ တောထဲကို ဝင်ကြတော့။ ပြိုင်ပွဲ စပြီ။”
ရှောင်းယီက ကြေညာလိုက်သည်။ နှစ်ဖက်စလုံး တောထဲသို့ ချက်ချင်း ဝင်ရောက်သွားကြတော့လေသည်။
“ကျွန်းပိုင်ရှင် ကျန်းယွင်ထျန်းနဲ့ သူ့ဇနီးက အဆင့် မနိမ့်ဘူးမလား။”
ဆာရာသည် မမေးဘဲ မနေနိုင်ဖြစ်ကာ မေးလိုက်၏။ ရှောင်းယီ အနည်းငယ် အံ့အားသွားပြီးနောက် ပြန်ဖြေလိုက်သည်။
“ဟုတ်တယ် မနိမ့်ဘူး။ အစ်ကိုကျန်းက S အဆင့်၊ အစ်မရွှဲ့က A အဆင့်ပဲ။”
“ဘာ...”
ဆာရာ အံ့ဩတုန်လှုပ်သွား၏။ ဟေအာ ရွေးချယ်ထားသော နတ်သူငယ်များမှာ အားလုံး S အဆင့် များဖြစ်ကြောင်း သူမ သိထားသည်။
“ဒါဆိုရင်တော့ သူတို့ ရှုံးမှာ သေချာသွားပြီ။”
“ဟုတ်လို့လား။”
ရှောင်းယီက ပြုံးလျက် ပြန်မေးလိုက်၏။
“လူသား တောတွင်းတိုက်ပွဲ အထူးစွမ်းအားရှင်တွေရဲ့ စွမ်းအားကို မင်း မသိသေးဘူးထင်တယ်။”
“အို... သူတို့နှစ်ယောက်ထဲနဲ့ အနိုင်ရနိုင်မယ်လို့ ရှင် ထင်နေတာလား။”
ဆာရာ မျက်မှောင်ကျုံ့ကာ မေးလိုက်သည်။
“သေချာတာပေါ့။ မင်းတို့ နတ်သူငယ်တွေမှာ သဘာဝကပေးတဲ့ အားသာချက်တွေ ရှိတာမှန်ပေမဲ့ အချို့အရာတွေကို လေ့ကျင့်မှုနဲ့ အားကောင်းအောင် လုပ်လို့ရတယ်ဆိုတာ မင်း သိသင့်တယ်။ စစ်မြေပြင်က ဉာဏ်ပညာနဲ့ဆိုရင် အဲဒီ မွေးရာပါ ကွာဟချက်ကို အပြည့်အဝ အစားထိုးနိုင်တယ်။”
ရှောင်းယီက ရှင်းပြလိုက်၏။ ဆာရာသည် မျက်မှောင်ကျုံ့ကာ စဉ်းစားခန်း ဝင်သွားတော့လေသည်။
“တကယ်တော့ စောစောက အစ်ကိုကျန်းကို မင်းမေးတဲ့မေးခွန်းက နည်းနည်းတော့ မလိုအပ်ဘူး။”
ရှောင်းယီက ဆက်ပြောလိုက်သည်။ ဆာရာ အနည်းငယ် ကြောင်အသွားခဲ့သည်။ ထို့နောက် ရှောင်းယီက ဆက်ပြောလိုက်သည်။
“တကယ်လို့ ငါတို့သာ အဲဒီအဆင့်မြင့်လက်နက်တွေကို သုံးခဲ့ရင် ဒီပြိုင်ပွဲက အဓိပ္ပာယ်ရှိမှာ မဟုတ်တော့ဘူး။ ဘာလို့လဲဆိုတော့ မင်းတို့လူတွေမှာ ဘာအခွင့်အရေးမှ ရှိတော့မှာ မဟုတ်လို့ပဲ။”
ရှောင်းယီ၏ ယုံကြည်မှုမှာ မည်သည့်နေရာမှ ရောက်လာသနည်းဟု ဆာရာ သိချင်စိတ် ပြင်းပြသွားမိသည်။
ဟေအာသည် သူ၏အဖွဲ့ကို တောထဲသို့ ဦးဆောင်ဝင်ရောက်ပြီးနောက် အမိန့်ပေးလိုက်သည်။
“အားလုံး လူစုခွဲလိုက်ကြ။ သူတို့က နှစ်ယောက်တည်း ရှိတာ။ ပုန်းနေကြမှာ သေချာတယ်။ တစ်ယောက်ယောက်ကို တွေ့တာနဲ့ ကျန်တဲ့သူတွေကို ချက်ချင်းလှမ်းခေါ်လိုက်။”
“နားလည်ပါပြီ။”
ဟေအာ၏ အဖွဲ့ဝင် ဆယ်ဦးသည် ချက်ချင်းပင် လူစုခွဲကာ တောတွင်း၌ ပိုက်စိပ်တိုက်ကာ ရှာဖွေကြတော့သည်။ ဤတောတွင်း မြေမျက်နှာသွင်ပြင်မှာ ကျန်းယွင်ထျန်းက လေ့ကျင့်ရေးအတွက် အထူးတောင်းဆိုထားခြင်းဖြစ်သည်။ ကျွန်းတွင် အလိုအလျောက် ပြန်လည်ဖြစ်ပေါ်နိုင်သော ဂုဏ်သတ္တိရှိရာ ဤနေရာရှိ တောအုပ်မှာ စိမ်းလန်းစိုပြည်ပြီး တောရိုင်းတိရစ္ဆာန်များပင် ပေါ်ထွက်လာတတ်သဖြင့် လက်တွေ့ကျသော တောတွင်းပတ်ဝန်းကျင်ကို ဖန်တီးပေးထားခဲ့သည်။
အမှောင်နတ်သူငယ်တစ်ဦးသည် ကျန်းယွင်ထျန်းတို့ ဇနီးမောင်နှံကို ရှာဖွေနေစဉ် သစ်ရွက်ခြောက်များအပေါ် ခြေချလိုက်မိရုံရှိသေး ကြိုးကွင်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး သူမ၏ခြေထောက်ကို ရစ်ပတ်လိုက်၏။
နတ်သူငယ်၏ တုံ့ပြန်မှုမှာ လျှပ်စီးကဲ့သို့ မြန်ဆန်လှပေသည်။ သူမသည် ခြေဖျားဖြင့် မြေကြီးကို အသာလေးထောက်ကာ သစ်ရွက်တစ်ရွက်ကဲ့သို့ နောက်သို့ လွင့်ပျံကာ ဆုတ်ခွာလိုက်လေသည်။ ထိုခဏမှာပင် အနီးအနားမှ မြှားတစ်စင်း ပျံသန်းလာရာ နတ်သူငယ်သည် ဆုတ်ခွာနေစဉ်အတွင်းမှာပင် လေးကိုဆွဲကာ ပြန်လည်ပစ်ခတ်နိုင်ခဲ့သည်။
သို့သော် ထူးဆန်းသည်မှာ သူမ ပစ်လိုက်သောမြှားသည် လမ်းကြောင်းလွဲသွားပြီး ပျံသန်းလာသော မြှားကို မထိမှန်ခဲ့ပေ။
ဗုန်း
မြှားသည် အမှောင်နတ်သူငယ်၏ လည်ပင်းကို တိတိကျကျ ထိမှန်သွား၏။ ထိုစဉ် အနီးရှိ မြက်တောထဲမှ စပျစ်နွယ်ပင်များဖြင့် ရစ်ပတ်ထားသော လူရိပ်တစ်ခု ထရပ်ကာ ပြောလိုက်သည်။
“မင်း ထွက်လို့ရပြီ။”
အမှောင်နတ်သူငယ်က စကားပြောရန် ကြိုးစားလိုက်သော်လည်း ကျန်းယွင်ထျန်းက တားလိုက်၏။
“ပြိုင်ပွဲက ထွက်ရတဲ့သူတွေက စစ်မြေပြင်မှာ စကားမပြောရဘူး။ ဒါက လေ့ကျင့်ရေး စည်းမျဉ်းပဲ။”
အမှောင်နတ်သူငယ်သည် ကျန်းယွင်ထျန်းက သူမကိုယ်ပေါ်ရှိ မြှားများအား လိုက်လံသိမ်းဆည်းနေသည်ကို မကျေမနပ် ကြည့်နေရုံမှတစ်ပါး မတတ်နိုင်တော့ပေ။
တစ်ချိန်တည်းမှာပင် အခြားတစ်ဖက်၌လည်း အမှောင်နတ်သူငယ်တစ်ဦးသည် မြေပုံတစ်ခုအနားမှ ဖြတ်သွားစဉ် အန္တရာယ်ကို အာရုံခံမိလိုက်သော်လည်း သစ်သားဓားတစ်စင်းမှာ သူမ၏လည်ပင်းကို ထိုးစိုက်ပြီးသား ဖြစ်နေလေပြီ။
ဟေအာသည် အလယ်ပိုင်းဒေသတွင် ရှာဖွေနေသော်လည်း ကျန်းယွင်ထျန်းတို့ ဇနီးမောင်နှံကို ရှာမတွေ့သေးပေ။
“တခြားသူတွေလည်း မတွေ့ကြဘူးလား။”
ဟေအာသည် မျက်မှောင်ကျုံ့ကာစဉ်းစားရင်း အစွန်တစ်ဖက်သို့ သွားရောက်ရှာဖွေလိုက်၏။
ထိုစဉ် အဝေးတစ်နေရာမှ လှုပ်ရှားမှုမရှိဘဲ ရပ်နေသော လူရိပ်တစ်ခုကို သူတွေ့လိုက်ရသည်။ ဟေအာက အပြေးအလွှားသွားပြီး မေးလိုက်၏။
“နင် ဘာလို့ မရှာနေတာလဲ။”
ထိုအမှောင်နတ်သူငယ်မှာ အမှန်တကယ်တွင် “ကျွန်မလည်း ရှာချင်တာပေါ့။ ဒါပေမဲ့ ကျွန်မ အသတ်ခံလိုက်ရပြီလေ။” ဟု ပြောချင်နေသော်လည်း စည်းမျဉ်းအတိုင်း အသံတိတ်နေခဲ့ရလေသည်။
“ဟမ်... ဘာဖြစ်လို့လဲ။”
ဟေအာ အနားသို့ တိုးသွားစဉ် လေပြင်းတစ်ချက် ရုတ်တရက် တိုးဝှေ့လာရာ သူ ချက်ချင်းပင် နောက်သို့ လိမ့်ကာ ရှောင်တိမ်းလိုက်ရ၏။
၎င်းမှာ မြှားတစ်စင်းပင်။
မြှားကို ရှောင်တမ်းနိုင်လိုက်၍ ဝမ်းသာရန် အချိန်မရမီမှာပင် သူသည် မြက်ကြိုးဖြင့် ရက်လုပ်ထားသော ထောင်ချောက်ထဲသို့ ကျရောက်သွားခဲ့ပြန်သည်။ သူသည် သစ်သားဓားကို အလျင်အမြန်ဆွဲထုတ်ကာ မြက်ကွင်းကို ပိုင်းဖြတ်လိုက်ပြီး ညာဘက်သို့ ခုခံကာကွယ်လိုက်လေသည်။
ခရက်
သစ်သားဓားသည် ပျံသန်းလာသော အခြားမြှားတစ်စင်းကို မြေပြင်ပေါ်သို့ ပုတ်ချလိုက်၏။ ဟေအာသည် အနီးရှိ သစ်ပင်တစ်ပင်နောက်သို့ အလျင်အမြန်လိမ့်ဝင်သွားပြီး မြှားလာရာ လမ်းကြောင်းကို ဂရုတစိုက် ကြည့်လိုက်သော်လည်း ကျန်းယွင်ထျန်းတို့ကို မတွေ့ရသေးပေ။ ရှေ့နားက သူ့ရဲဘော်များမှာ သေကုန်ပြီထင်တယ်ဟု သူတွေးလိုက်မိသည်။
ထိုစဉ် ကျန်းရွှဲ့က ဘေးဘက်မှ ထွက်လာပြီး ပြောလိုက်၏။
“မင်း ရှုံးသွားပြီ။ လက်နက်ချလိုက်တော့။”
ကျန်းရွှဲ့၏ တစ်ကိုယ်လုံး ရုပ်ဖျက်ထားပုံစံကို မြင်လိုက်ရသောအခါ ဟေအာ အံ့အားသင့်သွားခဲ့သည်။ စောစောက ထိုနေရာတွင် လူရှိနေသည်ကို သူ လုံးဝ သတိမထားမိခဲ့ပေ။
ရန်သူကို တွေ့ပြီဖြစ်၍ ဟေအာသည် သူ၏လေးနှင့်မြှားကို ဆွဲထုတ်ကာ ကျန်းရွှဲ့ထံသို့ ဆက်တိုက် ပစ်ခတ်တော့လေသည်။ သို့သော် သူ၏ ပစ်မှတ်မှာ လွဲချော်နေပြီး ကျန်းရွှဲ့သည်မူ သူမဘေးမှ ဖြတ်သွားသော မြှားများကို အသာလေးပင် ရပ်ကြည့်နေခဲ့သည်။
ဟေအာသည် မိမိ၏ လက်ဖြောင့်စွမ်းရည်မှာ အဘယ်ကြောင့် ဤမျှ ညံ့ဖျင်းသွားရသနည်းဟု အံ့ဩနေစဉ်မှာပင် သစ်သားဓားတစ်စင်းမှာ သူ၏ လည်ပင်းသို့ ရောက်ရှိလာခဲ့လေသည်။
“မင်း ရှုံးပြီ။”
ကျန်းယွင်ထျန်း၏ အသံက နောက်ကျောဘက်မှ ထွက်ပေါ်လာခဲ့သည်။ ဟေအား တစ်ကိုယ်လုံး ဆွံ့အသွားခဲ့တော့လေသည်။
“ရှင်... ရှင် စောစောက ဘယ်မှာလဲ။”
ဟေအာ မမေးဘဲ မနေနိုင် ဖြစ်သွားခဲ့၏။
“ငါ မင်းရဲ့ ခြေထောက်အောက်မှာပဲ ရှိနေတာလေ။”
ကျန်းယွင်ထျန်းက သူ၏သစ်သားဓားကို ပြန်သိမ်းရင်း ဖြေလိုက်သည်။
“မင်းတို့ ဆယ်ယောက်လုံး အပြုတ်တိုက်ခံလိုက်ရပြီ။ ပြိုင်ပွဲပြီးပြီ။ သွားကြစို့။”
“ဒါ မဖြစ်နိုင်ဘူး။”
ဟေအာက အော်ဟစ်လိုက်သည်။ ကျန်းယွင်ထျန်းက သူ၏ခြေထောက်အောက်တွင် ရှိနေခြင်းကို မယုံကြည်နိုင်ဖြစ်နေသည်လား၊ သို့မဟုတ် အမှောင်နတ်သူငယ်အားလုံး ရှုံးနိမ့်သွားခြင်းကို မယုံကြည်နိုင်သည်လား၊ သို့မဟုတ် နှစ်ခုစလုံးလား ဆိုသည်မှာမူ မသေချာပေ။