အခန်း (၈၉၉-၉၀၀)
Vol. 73 Ch. 899-900
အခန်း ၈၉၉- ကျိမိသားစု၏ ရုပ်ဖျက်မှု၊ စစ်ကူများနှင့် ဧရာမ မိုဆာဆောရပ်စ်
တစ်ဖက်လူက ရှောင်းယီ၏ တောင်းဆိုချက်အား သဘောတူလိုက်သည်ကို မြင်သောအခါ ဆုဝမ်သည် ၎င်းတို့ လဲလှယ်ပေးပို့လာသော အုတ်မြစ်ကျောက်များကို ချက်ချင်း လက်ခံလိုက်လေသည်။
ထို့နောက် ရှောင်းယီကလည်း ကျန်းယွင်ထျန်းကို အကြောင်းကြားလိုက်တော့သည်။
“အစ်ကိုကျန်း... တခြား မဟာမိတ်အဖွဲ့တစ်ခုမှာလည်း သမိုင်းမတင်မီ ရှေးဦးဧရာမသားရဲတစ်ကောင်ရဲ့ တိုက်ခိုက်ခြင်းကို ခံနေရတယ်။ တော်ပီဒို အချို့ယူပြီး အခြေအနေကို သွားကြည့်လိုက်ပါ။”
“ဟုတ်ကဲ့။”
ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်သည်။
“ကိုယ်ကျပ်ဝတ်စုံကို ဝတ်ထားပြီး ဘေးကင်းအောင်နေပါ။”
ရှောင်းယီက သတိပေးလိုက်သည်။
“ကောင်းပြီ။”
ကျန်းယွင်ထျန်းက ထပ်မံဖြေကြားလိုက်၏။
တော်ပီဒို အနည်းငယ်နှင့် ကိုယ်ကျပ်ဝတ်စုံကို ယူဆောင်ပြီးနောက် ကျန်းယွင်ထျန်းသည် တစ်ဖက်လူ ပေးပို့ထားသော မြို့ပြန်ကျောက်ကို အသုံးပြု၍ ရှေးဟောင်းသိုင်းပညာမိသားစုဖြစ်သော ကျိမိသားစု၏ မဟာမိတ်ကျွန်းသို့ ရောက်ရှိသွားတော့သည်။
ကျိကျန့်ထျန်းသည် ကျန်းယွင်ထျန်းနှင့် အခြားသူများ ကိုယ်ကျပ်ဝတ်စုံများ ဝတ်ဆင်ထားသည်ကို မြင်သော်လည်း အထူးတလည် အံ့သြသွားခြင်းမရှိပေ။ သူက ရှေ့သို့တက်ကာ နှုတ်ဆက်လိုက်သည်။
“မင်္ဂလာပါ ကျုပ်မျိုးရိုးက ဝမ်ပါ။ အားလုံးက ကျုပ်ကို ဦးလေးဝမ်လို့ ခေါ်ကြပါတယ်။ ကျုပ်က ဒီမဟာမိတ်အဖွဲ့ရဲ့ တာဝန်ခံပါ။”
ကျန်းယွင်ထျန်းက ခေါင်းငြိမ့်ပြလိုက်သည်။
“ရှေးဦး ဧရာမသားရဲက ဘယ်မှာလဲ။ ကျုပ်တို့ အမြန်ဆုံး သွားဖြေရှင်းသင့်တယ်။”
“ကောင်းပြီ...ကျုပ်နောက်ကို လိုက်ခဲ့ပါ။”
ကျိကျန့်ထျန်းသည် ကျန်းယွင်ထျန်းကို တောင်ဘက်အရပ်ဆီသို့ ခေါ်ဆောင်သွားခဲ့သည်။
ထိုအချိန်တွင် ကျန်းယွင်ထျန်းသည် တစ်စုံတစ်ယောက်က သူ့ကို ချောင်းကြည့်နေသလို ခံစားလိုက်ရသဖြင့် ရုတ်တရက် ခေါင်းလှည့်ကာ တစ်နေရာသို့ ကြည့်လိုက်၏။
ကျန်းယွင်ထျန်း၏ လှုပ်ရှားမှုကို မြင်သောအခါ ကျိကျန့်ထျန်းက နားမလည်သလို မေးလိုက်သည်။
“ဘာဖြစ်လို့လဲ။”
“ဘာမှမဟုတ်ပါဘူး။ သွားရအောင်။”
ကျန်းယွင်ထျန်းက ပြုံးပြီး ပြန်ဖြေလိုက်သည်။
“ခင်ဗျားကို ဘယ်လိုခေါ်ရမလဲဆိုတာ သိခွင့်ရှိမလား။”
ကျိကျန့်ထျန်းက မေးလိုက်သည်။
ကျန်းယွင်ထျန်းသည် ကိုယ်ကျပ်ဝတ်စုံ ဝတ်ထားသောကြောင့် သူ့ကို ရင်းနှီးကျွမ်းဝင်ခြင်း မရှိသူများအနေဖြင့် မှတ်မိရန် ခဲယဉ်းလှပေသည်။ ကျန်းယွင်ထျန်းသည် ယခုအခါ ယီရန်ပင်း လက်အောက်ရှိ ထိပ်တန်းစစ်ဗိုလ်ချုပ်တစ်ဦးအဖြစ် ကျော်ကြားနေသော်လည်း ကျိကျန့်ထျန်းက သူ့ကို မမှတ်မိသေးပေ။
“ကျန်းယွင်ထျန်း”
ကျန်းယွင်ထျန်းက သူ၏အမည်ရင်းကို ဖုံးကွယ်မထားခဲ့ပေ။
“အို... ကျန်းယွင်ထျန်းကိုး။ ခင်ဗျားရဲ့သတင်းတွေကို ကျုပ် ကြားဖူးပါတယ်။”
ကျိကျန့်ထျန်းက ချက်ချင်းပင် မြှောက်ပင့်ပြောဆိုလိုက်လေသည်။
ကျန်းယွင်ထျန်းက လက်ကိုဝှေ့ယမ်းကာ မလိုအပ်ကြောင်း ပြလိုက်သည်။
ကျန်းယွင်ထျန်း ခုနက ကြည့်လိုက်သည့်အရပ်တွင် ဖခင်ဖြစ်သူ ကျိပါ့ထျန်း နှင့် သားဖြစ်သူ ကျိကျိယင်တို့သည် အခန်းတစ်ခန်းထဲ၌ ပုန်းကွယ်နေကြခြင်းဖြစ်လေသည်။
“ဘယ်လောက်တောင် ထက်မြက်တဲ့ အာရုံခံစားမှုလဲ။”
ကျိပါ့ထျန်းက မျက်လုံးများကို မှေးစင်းရင်း ပြောလိုက်၏။
“ဒီတစ်ခါ ယီရန်ပင်း ကိုယ်တိုင်ရောက်မလာဘူးပဲ။ သူသာ ရောက်လာရင် သူ့ကို ကျုပ်ရဲ့ပညာတွေကို ပြလိုက်မယ်။”
ကျိကျိယင်က အေးစက်စွာ ပြောလိုက်သည်။
“ယင်းအာ... စိတ်လိုက်မာန်ပါမလုပ်နဲ့။ အခု ငါတို့ဖြေရှင်းရမယ့် ပြဿနာက အဲဒီဧရာမသားရဲပဲ။ ယီရန်ပင်းနဲ့ ရန်ဖြစ်လိုက်ရင် အဲဒီစွမ်းအားမြင့်လက်နက်တွေမပါဘဲ ဒီလောက်ကြီးတဲ့ သားရဲကို ငါတို့ ရင်ဆိုင်နိုင်မှာ မဟုတ်ဘူး။”
ကျိပါ့ထျန်းက အကြံပေးလိုက်သည်။
“စိတ်မပူပါနဲ့ အဖေ။ ဘယ်အရာက အရေးကြီးတယ်ဆိုတာ ကျုပ် သိပါတယ်။”
ကျိကျိယင်းက ပြန်ပြောလိုက်သည်။
“မင်းသိရင် ပြီးတာပါပဲ။”
ကျိပါ့ထျန်းက ခေါင်းငြိမ့်လိုက်ပြီး ကျန်းယွင်ထျန်းတို့ ထွက်ခွာသွားသော လမ်းကြောင်းသို့ လှမ်းကြည့်လိုက်၏။
“ဦးလေးဝမ်...ကျုပ် မေးပါရစေ။ ခင်ဗျားတို့ မဟာမိတ်အဖွဲ့မှာ မကြာသေးခင်က ထူးထူးခြားခြား တစ်ခုခု ဖြစ်ခဲ့တာရှိလား။”
လမ်းတွင် ကျန်းယွင်ထျန်းက မေးလိုက်သည်။ ကျိကျန့်ထျန်းက အနည်းငယ် စဉ်းစားပြီးနောက် ပြန်ဖြေလိုက်သည်။
“ထူးထူးခြားခြားတော့ ဘာမှမဖြစ်ခဲ့ပါဘူး။ ဘာကြောင့် ဒီဧရာမသားရဲက ကျုပ်တို့ကို ပစ်မှတ်ထားသလဲဆိုတာကို ကျုပ်တို့လည်း မသိဘူး။”
ကျန်းယွင်ထျန်းက ခေါင်းငြိမ့်ပြလိုက်ပြီး ထပ်မမေးတော့ပေ။
မကြာမီ ၎င်းတို့သည် ကျွန်း၏ တောင်ဘက်ကမ်းခြေသို့ ရောက်ရှိလာခဲ့ကြ၏။ အဝေးရှိ ပင်လယ်ပြင်တွင် လှိုင်းဖြူများ ထနေပြီး တစ်စုံတစ်ခုက ကျွန်းဆီသို့ အရှိန်အဟုန်ဖြင့် ချဉ်းကပ်လာနေခဲ့သည်။
“ဦးလေးဝမ်... ကောင်းကင်က မိုးပျံပူဖောင်းက ခင်ဗျားတို့ဟာလား။”
ကျန်းယွင်ထျန်းက ကောင်းကင်သို့ လက်ညှိုးထိုးပြကာ မေးလိုက်သည်။
“ဟုတ်ပါတယ်။”
ကျိကျန့်ထျန်းက ခေါင်းငြိမ့်ပြလိုက်သည်။
“ပင်လယ်မျက်နှာပြင်နဲ့ ဝေးဝေးမှာနေဖို့ သူတို့ကို ပြောထားလိုက်ပါ။ အဲဒီဧရာမသားရဲတွေက ရေထဲကနေ ခုန်တက်နိုင်တယ်။”
ကျန်းယွင်ထျန်းက သတိပေးလိုက်သည်။
“သူတို့ဆီမှာ ဖုန်းတွေရှိတယ်မလား။ အဲဒါက ဘာကောင်လဲဆိုတာ သိရအောင် ဓာတ်ပုံအချို့ရိုက်ပြီး ပို့ခိုင်းလိုက်ပါဦး။”
“ကောင်းပြီ။”
ကျိကျန့်ထျန်းက ချက်ချင်းပင် ဖုန်းဆက်၍ အမိန့်ပေးလိုက်၏။
မိုးပျံပူဖောင်းပေါ်ရှိ လူများသည် ပင်လယ်ထဲရှိ အရိပ်မည်းကြီးကို ဓာတ်ပုံများစွာ ရိုက်ကူးပြီး ပို့ပေးလာခဲ့သည်။ ကျန်းယွင်ထျန်းသည် ထိုပုံများကို ကြည့်ပြီး ဆွံ့အသွားရ၏။ အဘယ်ကြောင့်ဆိုသော် ၎င်းမှာ ဝေဝါးနေသော အရိပ်မည်းကြီးတစ်ခုသာ ဖြစ်နေပြီး အခြားဘာမှ သေချာမမြင်ရသောကြောင့်ပင်။
“အမြောက်တွေနဲ့ ပစ်လို့ရတဲ့ အကွာအဝေးကို ရောက်တော့မယ်။ အရင်ဆုံး တစ်ချက်ပစ်ကြည့်ပြီး အကျိုးသက်ရောက်မှုကို ကြည့်ရအောင်။”
ကျန်းယွင်ထျန်းက ပြောလိုက်သည်။
“အမြောက်နဲ့ အဆင်ပြေရင် တော်ပီဒိုတွေ သုံးစရာ မလိုတော့ဘူးပေါ့။”
“ကောင်းပြီ။”
ကျိကျန့်ထျန်းက အမြောက်များ ပစ်ခတ်ရန် ချက်ချင်း အမိန့်ပေးလိုက်၏။
ဝုန်း ဝုန်း ဝုန်း
ကမ်းခြေရှိ အမြောက်များ ပစ်ခတ်လိုက်သော်လည်း ထိုကျည်ဆန်များသည် အရိပ်မည်းကြီးအပေါ်တွင် မည်သည့်သက်ရောက်မှုမှ မရှိသကဲ့သို့ ထိုအရာက ကမ်းခြေဆီသို့ ဆက်လက်တိုးဝင်လာနေခဲ့သည်။
“အလကားပဲ... တော်ပီဒိုတွေကိုပဲ သုံးကြရအောင်။”
ကျိကျန့်ထျန်းက စိတ်ပျက်လက်ပျက် ပြောလိုက်သည်။
သူ့စကားပင် မဆုံးသေးမီမှာပင် ပင်လယ်ထဲမှ ဧရာမဦးခေါင်းကြီး တစ်ခု ပေါ်ထွက်လာခဲ့၏။ ၎င်းသည် မိကျောင်းခေါင်းနှင့် တူသလိုလိုရှိသော်လည်း ဒိုင်နိုဆောခေါင်းနှင့်လည်း တူနေခဲ့လေသည်။
ကျန်းယွင်ထျန်းနောက်သို့ လိုက်ပါလာသော စစ်သားက ၎င်းကို ချက်ချင်း ဓာတ်ပုံရိုက်ပြီး ရှောင်းယီထံသို့ ပို့ပေးလိုက်လေသည်။ ရှောင်းယီ ဓာတ်ပုံကို မြင်လိုက်ရသည့်အခါ စနစ် အသိပေးချက် ထွက်ပေါ်လာခဲ့သည်။
[ဧရာမ မိုဆာဆောရပ်စ် (SSS အဆင့်) : အလျား မီတာ ၃၀ ကျော်၊ အလေးချိန် တန် ၃၀ ခန့်ရှိသည်။ ရေမျက်နှာပြင်အနီး ကျက်စားသော အသားစားသတ္တဝါဖြစ်ပြီး အလွန်အန္တရာယ်များသည်။]
“နောက်ထပ် ရှေးဦး ဧရာမသားရဲကြီးတစ်ကောင်ပဲ။ ပြီးတော့ အစစ်အမှန် SSS အဆင့်ကြီးပဲ။”
ရှောင်းယီက မျက်မှောင်ကျုံ့ရင်း ရေရွတ်လိုက်သည်။
“သူတို့ကျွန်းမှာ SSS အဆင့် အသက်ရှင်ကျန်ရစ်သူတစ်ယောက် ပေါ်လာလို့များလား။”
ဒေသခံများဖြစ်စေ၊ အိမ်မွေးတိရစ္ဆာန်များဖြစ်စေ ရှောင်းယီတွင် SSS အဆင့် တိုက်ခိုက်ရေးစွမ်းအားများ ရှိနေသည်မှာ ကြာပြီဖြစ်သော်လည်း ယခုအချိန်အထိ SSS အဆင့် ဧရာမသားရဲများနှင့် မတွေ့ဖူးခဲ့ပေ။ သို့သော် သူကိုယ်တိုင် SSS အဆင့်သို့ ရောက်ရှိပြီးနောက်မှသာ ဤကဲ့သို့ သားရဲမျိုးနှင့် တွေ့ဆုံရခြင်းဖြစ်၏။ ၎င်းမှာ တစ်ခုခုတော့ ဆက်စပ်မှုရှိနေရပေမည်။
“ဒီသားရဲတွေက ငါ SSS အဆင့် ရောက်လို့ ပေါ်လာတာဆိုရင်တော့ ခန္ဓာကိုယ်ကြံ့ခိုင်မှုကို မြန်မြန်မြှင့်တာက သိပ်မကောင်းလှဘူး။ တခြားလက်နက်တွေက လိုက်မမီဘဲ သားရဲနဲ့ တိုးရင်တော့ တစ်ခါတည်း ဂိမ်းအိုဗာ သွားလိမ့်မယ်။”
ရှောင်းယီက သက်ပြင်းချရင်း ပြောလိုက်သည်။
ကံကောင်းထောက်မစွာ သူသည် အဆင့်မြှင့်တင်ခြင်းကတ်များ သုံး၍ အဆင့်မြှင့်တင်ခဲ့သော်လည်း ကျွန်းပေါ်ရှိ လက်နက်များမှာ အားနည်းခြင်းမရှိပေ။ သို့မဟုတ်ပါက အဆင့်မြန်မြန်တက်ခြင်းက မဟာမိတ်အဖွဲ့ကို ချောက်ထဲသို့ တွန်းပို့လိုက်သလို ဖြစ်နေပေလိမ့်မည်။
ရှောင်းယီက သားရဲအကြောင်း အချက်အလက်များကို ကျန်းယွင်ထျန်းထံ ပေးပို့လိုက်ပြီး နောက်ဆုံးတွင် မှာကြားလိုက်သည်။
“တော်ပီဒိုတွေကို သုံးလိုက်တော့။ သူ့ကို ပါးစပ်ဟအောင် မျှားနိုင်ရင် အကောင်းဆုံးပဲ။ မဟုတ်ရင် အပြင်ကနေ ပစ်ရတာ ခက်လိမ့်မယ်။”
ရှောင်းယီ၏ သတင်းစကားကို မြင်သောအခါ ကျန်းယွင်ထျန်းက ကျိကျန့်ထျန်းကို ချက်ချင်း ပြောလိုက်သည်။
“မိုးပျံပူဖောင်းပေါ်ကလူတွေကို အသားစိမ်းတွေ ပေးလိုက်ပါ။ သွေးချင်းချင်းနီနေရင် ပိုကောင်းတယ်။ မိုဆာဆောရပ်စ် ရှေ့မှာ ချကျွေးပြီး ပါးစပ်ဟအောင် လုပ်ရမယ်။ ဒါမှ တော်ပီဒိုက အထိရောက်ဆုံး အလုပ်လုပ်နိုင်မှာ။ အပြင်ကနေ ပေါက်ကွဲရင်တော့ သူ့ကို သတ်ဖို့ ခက်လိမ့်မယ်။”
ကျိကျန့်ထျန်းကလည်း သူ၏လူများကို အသားစိမ်းနှင့် သွေးအင်တုံတစ်လုံးကို မိုးပျံပူဖောင်းပေါ်သို့ ချက်ချင်း လဲလှယ်ပေးပို့စေခဲ့သည်။
အကွာအဝေးကို တွက်ချက်ပြီးနောက် ကျန်းယွင်ထျန်းက ပြောလိုက်သည်။
“ကမ်းခြေကနေ မီတာ ၅၀၀ အကွာရောက်ရင် အသားတွေကို ပစ်ချခိုင်းလိုက်။”
“ကောင်းပြီ။”
ကျိကျန့်ထျန်းက အမိန့်ပေးလိုက်၏။
မိုးပျံပူဖောင်းသည် ကမ်းခြေဘက်သို့ ပျံသန်းလာပြီး မီတာ ၅၀၀ အရောက်တွင် အသားနှင့် သွေးများအားလုံးကို ပင်လယ်ထဲသို့ သွန်ချလိုက်တော့လေသည်။
ထိုအချိန်တွင် ကျန်းယွင်ထျန်းနှင့် အခြားသူများသည် သူတို့ယူဆောင်လာသော တော်ပီဒိုငါးလုံးကို အသားများရှိရာ အရပ်သို့ တစ်ပြိုင်နက် ပစ်လွှတ်လိုက်ကြတော့၏။
သွေးနံ့မှာ ပင်လယ်ရေထဲသို့ ပြန့်နှံ့သွားခဲ့သည်။ အဝေးမှ ဧရာမ မိုဆာဆောရပ်စ်ကြီးသည် သွေးနံ့ကို ရရှိသွားပြီးနောက် ရူးသွပ်စွာဖြင့် ကူးခတ်လာတော့သည်။
“ကျန်းယွင်ထျန်း... ခင်ဗျားပြောတဲ့ သားရဲနာမည်က မိုဆာဆောရပ်စ် ဟုတ်လား။”
ကျိကျန့်ထျန်းက အားလပ်ချိန်ရသွားသဖြင့် မေးလိုက်သည်။
“အင်း... ဓာတ်ပုံကို ကြည့်ပြီးတော့ ကျွန်းပိုင်ရှင် ပြောပြခဲ့တာပဲ။ ဒါက ဧရာမ မိုဆာဆောရပ်စ်ပဲ။ သူ့ရဲ့ ခန္ဓာကိုယ်အရှည်က...”
ကျန်းယွင်ထျန်းက မိုဆာဆောရပ်စ်၏ အချက်အလက်များကို အကျဉ်းချုပ် ရှင်းပြနေစဉ်မှာပင်...
ပင်လယ်မျက်နှာပြင်ပေါ်တွင် မိုဆာဆောရပ်စ်သည် ၎င်း၏ ဧရာမပါးစပ်ကြီးကို ဟလိုက်ပြီး အသားများကို ကိုက်ခဲစားသောက်ရန် ကြိုးပမ်းလိုက်၏။
ထိုအချိန်တွင်ပင်... တော်ပီဒိုများသည်လည်း အချိန်ကိုက် ရောက်ရှိလာတော့သည်။
အခန်း ၉၀၀ - ဘယ်သူဖြစ်မလဲ၊ ဘာကြောင့် သားရဲတွေက တိုက်ခိုက်ရတာလဲ
ကျန်းယွင်ထျန်း၏ အချိန်ကိုက် တိုက်ခိုက်နိုင်စွမ်းကို မြင်သောအခါ ဘေးနားရှိ ကျိကျန့်ထျန်းမှာလည်း အံ့အားသင့်စွာဖြင့် သူ့ကို လှမ်းကြည့်မိသွားခဲ့လေသည်။
‘ဒီကျန်းယွင်ထျန်းက ယီရန်ပင်းရဲ့ နံပါတ်တစ် စစ်ဗိုလ်ချုပ်ဆိုတဲ့အတိုင်း တကယ်ပဲ အရည်အချင်းရှိတာပဲ။’
ကျိကျန့်ထျန်း စိတ်ထဲမှ ချီးကျူးလိုက်မိသည်။
အသားတုံးများနှင့်အတူ တော်ပီဒိုများသည် မိုဆာဆောရပ်စ်၏ သွေးချင်းချင်းရဲနေသော ပါးစပ်ကြီးထဲသို့ အကုန်ဝင်သွားတော့သည်။
ဝုန်း ဝုန်း ဝုန်း
ပါးစပ်ထဲသို့ ရောက်သွားသော တော်ပီဒိုများ ပေါက်ကွဲသွားသည့်အခါ မိုဆာဆောရပ်စ်၏ ဦးခေါင်းကြီးမှာ တစ်စစီ ဖြစ်သွားတော့၏။ ရှေးဦးဧရာမသားရဲကြီးသည် မည်မျှပင် အစွမ်းထက်စေကာမူ ဦးခေါင်းမရှိတော့လျှင် အသက်ရှင်နိုင်မည် မဟုတ်ပေ။
ပင်လယ်ပြင်တစ်ခုလုံး သွေးချင်းချင်းနီသွားခဲ့၏။ တစ်ချက်တည်းနှင့် ပစ်မှတ်အား ထိမှန်သွားသည်ကို မြင်သောအခါ ကျန်းယွင်ထျန်းက ပြောလိုက်သည်။
“တခြားကိစ္စ မရှိတော့ရင် ကျုပ်တို့ ပြန်တော့မယ်။ သားရဲအလောင်းကို သိမ်းဆည်းဖို့အတွက် ကျုပ်တို့ မဟာမိတ်အဖွဲ့က ကျွမ်းကျင်သူတွေ ရောက်လာပါလိမ့်မယ်။”
“ကောင်းပါပြီ။”
ကျိကျန့်ထျန်းက ပြုံးကာ ပြန်ဖြေလိုက်သည်။
ထိုစဉ် အဝေးမှ ကျန်းယွင်ထျန်းတို့ကို စောင့်ကြည့်နေသော ကျိကျိယင်းက ပြောလာခဲ့သည်။
“အဖေ... သူတို့ကို ဒီမှာပဲ သတ်ပစ်လိုက်ရမလား။”
ကျိပါ့ထျန်းက ချက်ချင်း ခေါင်းခါပြလိုက်လိုက်သည်။
“မဖြစ်ဘူး။ သူတို့ကို ဒီမှာ သတ်လိုက်ရင် ယီရန်ပင်း မဟာမိတ်အဖွဲ့နဲ့ ငါတို့ရဲ့ ဆက်ဆံရေးက လုံးဝ ပြတ်တောက်သွားလိမ့်မယ်။ နောက်တစ်ခါ ဧရာမသားရဲတွေ ထပ်ပေါ်လာရင် ငါတို့ ဘယ်လိုလုပ်မလဲ။”
ကျိကျိယင်က မျက်မှောကျုံ့လိုက်သည်။
“ကျုပ်တို့က ယီရန်ဖိန်နဲ့ ဒီလိုပဲ အေးအေးဆေးဆေး နေသွားကြရမှာလား။ ကျုပ် ဒါကို လက်မခံနိုင်ဘူး။”
“လောလောဆယ်တော့ သည်းခံထားရမယ်။ စိတ်လိုက်မာန်ပါ မလုပ်နဲ့။ ငါတို့အင်အားနဲ့ ဧရာမသားရဲကြီးတွေကို ရင်မဆိုင်နိုင်သေးဘူး။ ဒါက ငါတို့ကျွန်းနဲ့ မဟာမိတ်အဖွဲ့တစ်ခုလုံးကို ဒုက္ခရောက်စေလိမ့်မယ်။”
ကျိပါ့ထျန်း ဖျောင်းဖျလိုက်လေသည်။ ကျိကျိယင်က စိတ်မပါသော်လည်း ခေါင်းငြိမ့်ပြလိုက်သည်။
“ကောင်းပြီ။ ကျုပ် သည်းခံထားလိုက်မယ်။ ဒါပေမဲ့ နောက်ပိုင်း အခွင့်အရေးရရင်တော့ အဲဒီ ယီရန်ပင်းကို ကျုပ် ကိုယ်တိုင် ကိုင်တွယ်ခွင့် ပေးရမယ်။”
“စိတ်မပူနဲ့။ အခွင့်အရေးက သေချာပေါက် ရှိလာမှာပါ။”
ကျိပါ့ထျန်းက ပြန်ဖြေလိုက်သည်။
ကျန်းယွင်ထျန်းနှင့် အခြားသူများသည် မြို့ပြန်ကျောက်ကို အသုံးပြု၍ ကျိမိသားစုကျွန်းမှ ယီရန်ပင်းန် မဟာမိတ်အဖွဲ့သို့ ချက်ချင်း ပြန်လာခဲ့ကြ၏။
ပြန်ရောက်မှသာ ကျန်းယွင်ထျန်းသက်ပြင်းချနိုင်တော့လေသည်။ ထိပ်တန်းပညာရှင်တစ်ယောက်က သူ့ကို စိုက်ကြည့်နေသလို ခံစားရသဖြင့် သူ အလျင်အမြန် ပြန်လာခဲ့ခြင်းဖြစ်သည်။ သူသည် စစ်သားများကို လက်နက်တိုက်သို့ တော်ပီဒိုများ ပြန်အပ်ခိုင်းပြီးနောက် ဗီလာသို့ သွား၍ ရှောင်းယီကို ရှာလိုက်တော့လေသည်။
“အစောကြီး ပြန်ရောက်လာတာလား။”
ရှောင်းယီက အံ့သြစွာ မေးလိုက်သည်။
“မိုဆာဆောရပ်စ်ကို မဖြေရှင်းခဲ့ဘူးလား။”
“ဖြေရှင်းပြီးပါပြီ။ ဒါပေမဲ့ အဲဒီမှာ ထိပ်တန်းပညာရှင်တစ်ယောက်က ငါ့ကို စိုက်ကြည့်နေသလို ခံစားရတယ်။ စိတ်ထဲမှာ တစ်မျိုးကြီး ဖြစ်နေတာနဲ့ ချက်ချင်း ပြန်လာခဲ့လိုက်တာ။”
ကျန်းယွင်ထျန်းက ဖြေလိုက်သည်။
“ထိပ်တန်းပညာရှင် ဟုတ်လား။”
ရှောင်းယီက မျက်မှောင်ကျုံ့လိုက်၏။
“ဒါဆိုရင် အဲဒီ မဟာမိတ်အဖွဲ့ထဲမှာ တစ်ယောက်ယောက်က SSS အဆင့်ကို တက်သွားတာပဲ ဖြစ်ရမယ်။”
ယေဘုယျအားဖြင့် ကျန်းယွင်ထျန်းကဲ့သို့ ဝါရင့်စစ်သည်တစ်ယောက်ကို စိတ်မသက်မသာ ဖြစ်အောင် လုပ်နိုင်သူမှာ SSအဆင့် သို့မဟုတ် ထို့ထက် မြင့်ရမည်ဖြစ်သည်။ သို့သော် ထိုကဲ့သို့ ပညာရှင်မျိုးမှာ များသောအားဖြင့် မိမိကိုယ်ကိုယ် ဖုံးကွယ်ထားတတ်ကြပေသည်။
တစ်ဖက်လူက ကျန်းယွင်ထျန်းထက် အဆင့်မြင့်နေပြီး ကျန်းယွင်ထျန်းကို အာရုံရစေသည်မှာ ထိုလူသည် အဆင့်တက်ခါစ ဖြစ်သဖြင့် မိမိအရှိန်အဝါကို ကောင်းကောင်း မထိန်းချုပ်နိုင်ခြင်းကြောင့် ဖြစ်နိုင်၏။ သို့မဟုတ် ထိုလူသည် ကျန်းယွင်ထျန်းအပေါ် အလွန်အမင်း ရန်ငြိုးထားနေခြင်းကြောင့်လည်း ဖြစ်နိုင်ပေသည်။
ရှောင်းးယီ၏ ခန့်မှန်းချက်ကို ကျန်းယွင်ထျန်းကလည်း ထောက်ခံလိုက်၏။
“နှစ်ခုလုံး ဖြစ်နိုင်ခြေ ရှိတယ်။”
“ငါတို့မှာ ဖုံးကွယ်ထားတဲ့ ရန်သူတွေ ရှိနေသေးပုံပဲ။”
ရှောင်းယီက မျက်မှောင်ကျုံ့လိုက်သည်။
“ငါတို့ မဟာမိတ်အဖွဲ့က တော်တော်လေး ကောင်းကောင်းမွန်မွန် နေထိုင်နေတာပဲ။ ဘယ်သူက ငါတို့ကို ရန်ငြိုးထားနေတာလဲ။”
ကျန်းယွင်ထျန်းက နားမလည်နိုင် ဖြစ်သွားခဲ့လေသည်။ ရှောင်းယီသည် အနည်းငယခ စဉ်းစားပြီးနောက် လူတစ်ယောက်ကို သတိရသွားခဲ့သည်။
“ကျိမိသားစု ဖြစ်နိုင်မလား။”
အဘယ်ကြောင့်ဆိုသော် ရှောင်းယီနှင့် ရန်ငြိုးရှိသူများကို သူကိုယ်တိုင် အပြတ်ရှင်းခဲ့ပြီး ဖြစ်ရာ ရှေးဟောင်းသိုင်းပညာ မိသားစုများသာ ကျန်တော့သောကြောင့်ပင်။
ရှောင်းယီနှင့် ပြဿနာဖြစ်ဖူးသော မိသားစု သုံးစုရှိ၏။ တစ်ခုမှာ ရွှမ်းယွမ်ဝူဝေ့နှင့် ပတ်သက်သော ကျိမိသားစု၊ နောက်တစ်ခုမှာ ရတနာမြေပုံ တူးရာမှ ပြဿနာဖြစ်ခဲ့သော ယွမ်မိသားစု နှင့် နောက်ဆုံးတစ်ခုမှာ နယ်မြေသစ်တွင် တွေ့ခဲ့သော ကျင်းမိသားစုတို့ ဖြစ်ပေသည်။
ရှောင်းယီသည် ယွမ်မိသားစုနှင့် အဆက်အသွယ် သိပ်မရှိဘဲ အစွန်အဖျား အဖွဲ့ဝင်အချို့ကိုသာ ကိုင်တွယ်ခဲ့ခြင်းဖြစ်သဖြင့် ရန်ငြိုးကြီးမားပုံမရပေ။ ကျင်းမိသားစုမှာလည်း အဆင့်မမြင့်သဖြင့် ကျန်းယွင်ထျန်းကို ခြိမ်းခြောက်နိုင်စွမ်း မရှိလှပေ။
သို့သော် ကျိမိသားစုမှာ မတူပေ။ ရှောင်းယီသည် ကျိကျိယင်းကို ပြင်းပြင်းထန်ထန် ဒဏ်ရာရအောင် လုပ်ခဲ့ဖူးသည်။ ထို့ကြောင့် တစ်စုံတစ်ယောက်က သူ့ကို အလွန်မုန်းတီးနေသည်ဆိုပါက ၎င်းမှာ ကျိကျိယင်သာ ဖြစ်ပေလိမ့်မည်။ ထို့အပြင် ယခုအချိန်တွင် SSS အဆင့်သို့ ရောက်ရှိနိုင်ရန် အလားအလာ အရှိဆုံးမှာ အစကတည်းက ကြံ့ခိုင်မှု အားသာချက်ရှိသော သိုင်းပညာမိသားစုများသာ ဖြစ်ပေသည်။
ကျန်းယွင်ထျန်းက ခေါင်းငြိမ့်လိုက်သည်။
“တကယ် ဖြစ်နိုင်ခြေ ရှိတယ်။”
“ကျိကျိယင်က တကယ့် ပါရမီရှင်ပဲ။”
ရှောင်းယီ ချီးကျူးလိုက်မိ၏။
“ပြီးခဲ့တဲ့အကြိမ်က ဒဏ်ရာပြင်းပြင်းထန်ထန် ရခဲ့တာတောင် အခု ပြန်ကောင်းလာပြီး SSS အဆင့်ကို ရောက်နေပြီ။ ရှေးဟောင်းသိုင်းပညာမိသားစုတွေက တကယ်ကို မခေဘူးပဲ။”
“ဟုတ်တယ်။ အရင်က ကျွန်းပိုင်ရှင် ပြောခဲ့သလို SSS အဆင့် ရောက်မှသာ သိုင်းပညာရဲ့ အခြေခံကို ထိတွေ့နိုင်တာဆိုတော့ သူတို့ အဆင့်တက်သွားရင် ခွန်အားတွေက အများကြီး ပိုတိုးလာမှာ မဟုတ်လား။”
ကျန်းယွင်ထျန်းက မေးလိုက်၏။
“ဖြစ်နိုင်ခြေ များတယ်။ SSS အဆင့် ရောက်သွားရင် သူတို့ရဲ့ သိုင်းပညာတွေက ပိုပြီး စွမ်းအားကြီးလာလိမ့်မယ်။”
ရှောင်းယီက ခေါင်းငြိမ့်လိုက်သည်။
“ရှေ့မှာ စိန်ခေါ်မှုတွေ အများကြီး ရှိလာဦးမယ့်ပုံပဲ။”
“အဆင်ပြေပါတယ်။ သိုင်းပညာရှင်တွေ ဘယ်လောက်တော်တော် ငါတို့ စစ်တပ်ကလည်း ငပျော့တွေ မဟုတ်ပါဘူး။”
“အင်း ငါယုံပါတယ်။”
ရှောင်းယီက ပြုံး၍ ပြန်ပြောလိုက်သည်။
“ဒါတွေက ငါတို့ရဲ့ ခန့်မှန်းချက်တွေပဲ ရှိသေးတာပါ။ သူတို့လည်း အချိန်အကြာကြီး လေ့လာနေရဦးမှာပဲ။ ငါတို့က စိတ်ဓာတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားဖို့ပဲ လိုတယ်။”
တစ်ဖက်တွင်လည်း ယီရန်ပင်း မဟာမိတ် စစ်စခန်း၌ ကျန့်ရွှဲ့သည် သူမရှေ့ရှိ အသွင်သစ်ဖြင့် နတ်သူငယ်အဖွဲ့ကို ကြည့်ကာ သက်ပြင်းချလိုက်မိ၏။
“ဒီနတ်သူငယ်တွေက တကယ်ကို မွေးရာပါ စစ်သည်တော်တွေပဲ။”
တစ်ရက်တည်း လေ့ကျင့်ပေးရုံဖြင့် ကျန့်ရွှဲ့ သင်ကြားပေးသမျှ စစ်ရေးကျွမ်းကျင်မှု အားလုံးကို ၎င်းတို့ တတ်မြောက်လုနီးပါး ဖြစ်နေပြီဖြစ်သည်။ ရှုံးနိမ့်ခဲ့ပြီးနောက် နတ်သူငယ်များသည် ကတိအတိုင်း ကျန့်ရွှဲ့၏ လေ့ကျင့်မှုများကို လုံးဝ နာခံခဲ့ကြ၏။ သူတို့ အမြဲတစေ အထင်သေးခဲ့သော အနီးကပ်တိုက်ခိုက်ရေးပညာကိုပင် ကောင်းမွန်စွာ တတ်မြောက်နေပြီဖြစ်သည်။
“ဒီအတိုင်းဆိုရင် နောက်တစ်ရက်ဆို ပြီးသလောက် ဖြစ်သွားလောက်ပြီ။”
ကျန့်ရွှဲ့က ထိုသို့တွေးလိုက်ပြီး နတ်သူငယ်များကို အော်ပြောလိုက်သည်။
“အားလုံး သတိ... သတိ... အနားယူ... နောက်ထပ် ငါတို့ ရုပ်ဖျက်အတတ်ကို လေ့ကျင့်မယ်။”
ရုပ်ဖျက်အတတ်ဟူသော စကားကို ကြားသောအခါ ဟေအာ အပါအဝင် နတ်သူငယ် ၁၀ ဦးစလုံး မျက်လုံးများ တောက်ပသွားခဲ့ကြလေသည်။ ၎င်းတို့သည် ကျန့်ရွှဲ့၏ ရုပ်ဖျက်နိုင်စွမ်းကို ကိုယ်တိုင် မြင်တွေ့ခဲ့ဖူးကြ၏။
စစ်စခန်းထဲတွင် ကျန့်ရွှဲ့သည် ရုပ်ဖျက်နည်းစနစ်များကို စတင် ရှင်းပြတော့လေသည်။
အခြားနယ်မြေသစ်ရှိ အသက်ရှင်ကျန်ရစ်သူများ တည်နေရာကူးပြောင်းသည့်နေရာ၌ ဝတ်ရုံရှည်ကြီး ဝတ်ဆင်ထားသူတစ်ဦး ထွက်ပေါ်လာခဲ့လေသည်။
“ဟေး သူငယ်ချင်း... ဒီလောက် ပူနေတာကို ဘာလို့ ဝတ်ရုံကြီး ဝတ်ထားတာလဲ။ မပူဘူးလား။”
တည်နေရာကူးပြောင်းခြင်းဂိတ်မှ လူတစ်ဦးက ထိုသူ၏ ထူးဆန်းသော ဝတ်စားဆင်ယင်မှုကို မြင်သောအခါ သေနတ်ကို အသာအယာ အသင့်ပြင်ကာ ရှေ့တက်၍ မေးလိုက်သည်။
ရှောင်းယီက ဗန်ပိုင်းယားများအကြောင်း အုပ်စုထဲတွင် သတိပေးထားသဖြင့် အားလုံးက အလွန်သတိကြီးနေခဲ့ကြ၏။ မည်သူမှ ထိုကဲ့သို့ အလင်းမရနိုင်သော ဂြိုဟ်သားမျိုး မဖြစ်ချင်ကြပေ။
သို့သော် ထိုသူက ဝတ်ရုံကို ချက်ချင်းချွတ်လိုက်ပြီး ပြန်ဖြေလာခဲ့သည်။
“ငါ လာတာကို တခြားလူတွေ မမြင်စေချင်လို့ပါ။ မင်းက ငါ့ကို ဗန်ပိုင်းယားလို့ ထင်နေတာလား။”