← Chapters

ကျီချဲ

Vol. 25 Ch. 344

ကျီချဲ

Vol. 25 Ch. 344

ပင်ပန်း နွမ်းနယ်မှု... အစိမ်းရောင် မြူခိုးများမှာ ကောင်းကင်အား ဖုံးလွှမ်းထားဆဲ ဖြစ်၍ အချိန်တို့ မည်မျှ ကုန်ဆုံးသွားမှန်း စုမင် မသိခဲ့ချေ။ ထိုမြူခိုးများသည်  လေထဲတွင်ပျံ့လွင့်နေပြီး အတွင်းမှ ထွက်ပေါ်လာနေသော အသံများကိုပင် ကြားနိုင်သေးသည်။

စုမင် ပတ်ဝန်းကျင်ရှိ တိုက်ပွဲများ၏အသံသည် နာကျင်စွာ အော်ဟစ်သံများ၊ အခြား မျိုးစုံသော အသံများနှင့် ရောနှောသွားပြီး ဘယ်သောအခါမှ ပြောင်းလဲသွားလိမ့်မည် မဟုတ်ဟု ခံစားရသည့် အသံတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ လေထဲတွင် ထိုအသံများ မြည်ဟည်းနေစဉ် အရာရာတိုင်းမှာ ထပ်ခါတလဲလဲ ဖြစ်ပျက်နေသလိုပင်...

မထင်ရှား၊ အရေးမပါသော စုမင်ကိုယ်တိုင်သည်ပင် စစ်မြေပြင်၌ ကိစ္စတစ်ခုတည်းကိုသာ ထပ်ခါတလဲလဲ လုပ်ဆောင်နေသည့်အလားပင်... သတ်ဖြတ်ခြင်း၊  သတ်ဖြတ်ခြင်းနှင့် တစ်ဖန် သတ်ဖြတ်ခြင်းများ။ တဖြည်းဖြည်းနှင့် ထိုပင်ပန်းနွမ်းနယ်မှုမှာ ပိုမိုနက်ရှိုင်းလာပြီး သူ၏စိတ်သည် တုန်လှုပ်ချောက်ချား၍ မိန်းမောတွေဝေစ ပြုလာသည်။

ထို့အပြင် အာရုံပျံ့လွင့်ခြင်းသည် များသောအားဖြင့် လူတစ်ဦး၏ ဘဝအား သေခြင်းတရားနှင့်သာ  အဆုံးသတ်သွားစေလိမ့်မှာ ဖြစ်၏။ အကယ်၍ သူတို့သေဆုံးခဲ့လျှင် ထိုသူတို့မှာ ထာဝရအိပ်စက်ခြင်းသို့ ကျရောက်သွားပေမည်။ အကယ်၍ အသက်ရှင်ခဲ့လျှင်တော့ သူတို့အား ယာယီ စွမ်းအင်တိုးပွား လာစေနိုင်မည့် ခွန်အားများ ရရှိလာပေလိမ့်မည်။ သို့သော် ထိုစွမ်းအင်သည် သူတို့အသက်စွမ်းအား၏ ကျန်ရှိနေသမျှ ခွန်အားကို ထုတ်ယူ သုံးစွဲလိုက်ခြင်း၏ ရလဒ်သာ ဖြစ်၏... ထိုတစ်ခဏတာ စွမ်းအင်ပေါက်ကွဲ ထုတ်ယူမှု ပြီးလျှင်တော့ ထိုလူသည် ပိုမိုနက်ရှိုင်းသော ပင်ပန်းနွမ်းနယ်မှုနှင့် မေ့မျောမှု အခြေအနေအတွင်း တစ်ဖန် ပြန်လည် နစ်မြုပ်သွားလိမ့်မှာ ဖြစ်သည်။

သူတို့ကိုယ်ပိုင် အာရုံစူးစိုက်နိုင်မှု ပျောက်ဆုံးသွားခြင်းကြောင့် ဖြစ်ပေါ်လာမည့် သေခြင်းတရားမှ လူမည်မျှ လွတ်မြောက်နိုင်ပါမည်နည်း။

သူတို့ တစ်ကြိမ် လုပ်နိုင်ကောင်း လုပ်နိုင်လိမ့်မည်။ နှစ်ကြိမ်လည်း ဖြစ်နိုင်၏။ သို့သော် သုံးကြိမ်၊ လေးကြိမ်နှင့်  အဆုံးမရှိသော အကြိမ်ကြိမ်ဆိုလျှင်ရော... ဤသည်မှာ လူများအား ရှာမန်များ၏ ဝိုင်းရံခံထားရသည့် တိုက်ပွဲတစ်ခုသာ မဟုတ်ပေ။ သူတို့ကိုယ်သူတို့ ဆန့်ကျင်၍လည်း စစ်ပွဲတစ်ခု ဆင်နွှဲနေရခြင်း ဖြစ်သည်။

သတ်ဖြတ်မှုများမှာ ရပ်တန့်ခြင်းမရှိ ဆက်လက်ဖြစ်ပွားနေခဲ့သည်။ မြေပြင်ပေါ်တွင်လည်း သွေးများ ဆက်လက် စုဝေးလာနေဆဲပင်။ ကောင်းကင်မြူခိုး မြို့တော်အပြင်ဘက်ရှိ ရှာမန်များ၏မြေသည် သွေးမြစ်များနှင့် ပြည့်နှက်နေသည်ဟု ပြောဆိုလျှင်တောင် ချဲ့ကားပြောဆိုခြင်း မဟုတ်ပါချေ။ သူတို့ကိုယ်ပေါ် လွင့်စဉ်ကျလာနေသော သွေးစက်များသည် သူတို့ရှေ့တွင် ပေါ်ပေါက်လာမည့် အရာမှန်သမျှကို ရက်စက်စွာ စောင့်ကြည့်နေသော အေးစက်စက် မျက်လုံးအစုံပေါင်း များစွာကဲ့သို့ပင်။

ဟယ်ဖုန်းသည်လည်း စုမင်ဘေးသို့ ပြန်ရောက်နေခဲ့ချေပြီ။ သူသည် ထိုအရာအား ကိုယ်တိုင် လုပ်ဆောင်ခဲ့ခြင်း မဟုတ်ချေ။ ထိုအစား စုမင်သည် စူးရှသောအော်ဟစ်သံ တစ်ခုအား ပြုလုပ်လိုက်သောအခါ သူ့အား ခံစားနိုင်သည့် လ၏အတောင်ပံများကို လှုံ့ဆော်ပေးခဲ့သလို ဖြစ်သွားခဲ့ပြီး ဟယ်ဖုန်းအား ဖိအားပေး၍ သူ့ဘေးသို့ ပြန်ရောက်လာစေခြင်း ဖြစ်သည်။

ဟယ်ဖုန်းသည် စုမင်ဘေးသို့ ပြန်ရောက်လာသောအခါ ယခင်က သားရဲရိုင်းကြီး၏ ခန္ဓာကိုယ်အား သိမ်းပိုက်ထားဆဲ ဖြစ်သည်။ သို့သော် ထိုသတ္တဝါ၏ ခန္ဓာကိုယ်မှာ တစ်ဝက်သာ ကျန်ရှိတော့သည်။ ထူးဆန်းသည်မှာ ၎င်းက အသက်ရှင်နေဆဲ ဖြစ်ခြင်းပင်။

စစ်ပွဲမှာ ဆက်လက် ဖြစ်ပွားနေခဲ့သည်။ သူ ရှာမန် မည်မျှ သတ်ဖြတ်ခဲ့သည်၊ ဒဏ်ရာ မည်မျှ ရရှိခဲ့သည်ကို စုမင် မသိတော့သလို သူ့ စစ်နတ်ဘုရား ချပ်ဝတ် အကြိမ်မည်မျှ ပျက်စီးခဲ့သည်ကိုလည်း သူ မသိတော့ချေ။ အမှန်စင်စစ် ဟန်တောင်တန်း ခေါင်းလောင်းသည်ပင် နတ်ဘုရားစွမ်းရည် များစွာကို တားဆီးပိတ်ဆို့ပြီးနောက်

သူ့ကိုယ်အတွင်းသို့ အကြိမ်ပေါင်းများစွာ အတင်းအဓမ္မ ပြန်ပို့ခံခဲ့ရသောကြောင့် ယခုဆိုလျှင် သူ့ခန္ဓာကိုယ်က ဒဏ်ရာရနေခဲ့ချေပြီ။

အထူးသဖြင့် သူ့ရင်ဘတ်တွင် ဖြစ်သည်။ ထိုနေရာတွင် သူ့အား သေလုမျောပါး ဖြစ်သွားစေသည့် သူ့ကိုပင် ထိုးဖောက်သွားလုနီးပါး အပေါက်တစ်ခုရှိနေသည်။ ထိုဒဏ်ရာသည် စုမင်အား ရည်ရွယ်သော တိုက်ခိုက်မှုတစ်ခုအား အနက်ရောင်မီးခိုးငွေ့ အမျိုးသမီးက ပိတ်ဆို့ တားဆီးနေချိန်၌ စုမင်မှာ လေထုအား ဖြတ်သန်းလာသော လှံရှည်တစ်ချောင်း၏ ထိုးစိုက်ခံလိုက်ရခြင်း ဖြစ်သည်။

ဤသည်က စစ်မြေပြင်ပင်။  သည်နေရာတွင်

ထိန်းချုပ်၍မရသော အကြောင်းအရာများစွာ ရှိသလို  ရန်သူလည်း များ၏။ ဤသည်မှာ လူတစ်ဦးတည်းက ပြိုင်ဘက်တစ်ဦးနှင့်သာ ရင်ဆိုင်နေရခြင်းမျိုး မဟုတ်ပေ...

စစ်ပွဲ ဆက်လက်ဖြစ်ပွားနေစဉ် စုမင်လည်း စစ်မြေပြင်အား ဖြတ်သန်း၍ လှုပ်ရှားနေခဲ့သည်။ သူ ဘယ်နေရာရောက်နေမှန်းပင် မသိတော့ချေ။  ရှာမန်တစ်ဦး၏ ခေါင်းဖြတ်ခံလိုက်ရသော ကောင်းကင်တွင် လွင့်ပျံလာသည့် သူနှင့် ရင်းနှီးသော လူဦးခေါင်းတစ်လုံးကို စုမင် တွေ့လိုက်ရသည်။ ထိုလူက အေးခဲကောင်းကင် ကလန်၏ တပည့်တစ်ယောက် ဖြစ်သည်။

ထိုလူ့ဦးခေါင်းသည် စုမင်ရှေ့သို့ ပြုတ်ကျလာခဲ့၏။ သူ့မျက်နှာထက်တွင် ရှုပ်ထွေးမှု အရိပ်အယောင်များ ရှိနေသလို စိတ်သက်သာရာရမှု အရိပ်အမြွက်လည်း ရှိနေခဲ့သည်။ ထိုလူသည် အဆုံးတွင်တော့ ပင်ပန်းနွမ်းနယ်မှုများအကြား မျက်လုံးများပိတ်၍ အနားယူနိုင်သွားပြီ ဖြစ်သကဲ့သို့ပင်။

စုမင် ထိုဦးခေါင်းကို ကြည့်နေရင်း ညာလက်ကိုမြှောက်၍ သူ့အနောက်ဘက်သို့ အလျင်အမြန် တွန်းထုတ်လိုက်သည်။ ပေါက်ကွဲသံများ၊ လေတိုးသံများ ထွက်ပေါ်လာသည်။ အဆိုပါ ပေါက်ကွဲသံများသည် စုမင်အနောက်သို့ ရုတ်တရက် ရောက်ရှိလာသော ရှာမန်တစ်ဦးအား အနောက်သို့လွင့်စဉ် သွားစေရာမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။ လေတိုးသံများမှာမူ စုမင်၏ ကျောက်စိမ်းဓားမြှောင်ငယ်လေးသည် ထိုရှာမန်နောက်သို့လိုက်၍ ထိုးဖောက်ပိုင်းဖြတ်သွားခြင်း ဖြစ်၏။

စုမင် သူ့ဘယ်လက်ကို ဖြေလျှော့လိုက်ရာ သူ့လက်ဖဝါးပေါ်မှ ပြာမှုန်များသည် လေထဲသို့ လွင့်မျောသွားကြသည်။ ထိုပြာများမှာ ကျောက်ဒင်္ဂါးတစ်ပြား၏ အကြွင်းအကျန်များ ဖြစ်သည်။

သူသည် ဆေးပမာဏများစွာကို မျိူချထားပြီးချေပြီ။ ၎င်းမှာ သူ ဆက်လက်တိုက်ခိုက်နေနိုင်သည့် တစ်ခုတည်းသော အကြောင်းအရင်း ဖြစ်၏။ သူ ကျောက်ဒင်္ဂါးများစွာကိုလည်း အသုံးပြုခဲ့သည်။ သူ၏ နတ်ဘုရားစိတ်အာရုံကို ဧရိယာတစ်ဝိုက်တွင် ဖြန့်ကြက်ထားနိုင်မှသာ သူ အသက်ရှင်နိုင်မည့် အခွင့်အလမ်းကို များစွာ တိုးလာစေမည့်အပြင် သူ၏ ကျောက်စိမ်းဓားငယ်ကိုလည်း ဆက်လက်၍ ချွန်ထက်နေစေပေလိမ့်မည်။

စုမင်သည် ရံဖန်ရံခါတွင် အလွန်လျင်မြန်စွာ ဖြတ်သန်းသွားတတ်ပြီး တစ်ခါတစ်ရံတွင်မူ ဖြည်းညင်းစွာ သွားလာတတ်သည်။ သူတိုက်ခိုက်လိုက်သည်နှင့် သူ၏ သတ်ဖြတ်လိုသောအသိ မှာလည်း ထွက်ပေါ်လာပေလိမ့်မည်။ အကယ်၍ သူသည် သူ့ရန်သူကို သတ်လိုက်နိုင်လျှင်တော့ အားလုံးအဆင်ပြေ၏။ သို့သော် စစ်ပွဲတစ်ခုအတွင်း တွန့်ဆုတ်မနေရန် စုမင် တစ်ဖြည်းဖြည်း သင်ယူလာနိုင်ခဲ့သည်။ အကယ်၍ သူသာ ထိုရန်သူကို မသတ်နိုင်ခဲ့လျှင်တော့ ချက်ချင်းဆုတ်ခွာ၍ အခြားဦးတည်ရာတစ်ခုဆီ ဦးတည်သွားပေလိမ့်မည်။

"စုမင်"

စုမင် ဆက်လက် သတ်ဖြတ်နေရင်း အခြားရှာမန်တစ်ဦးကို ခေါင်းဖြတ်လိုက်စဉ် သူ့မျက်နှာက ဖြူဖျော့သွားပြီး သူ့ပေါင်ပေါ်တွင် အရိုးပေါ်သည်အထိ နက်ရှိုင်းသော ဒဏ်ရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ ထိုအချိန် အခိုက်အတန့်မှာပင် သူ့အား ခေါ်လိုက်သည့် ထူးဆန်းသောအသံတစ်သံကို ကြားလိုက်ရချေ၏။

လှည့်ကြည့်လိုက်မိချိန်အထိ စုမင်စိတ်မှာ အတန်ငယ် မိန်းမောတွေဝေနေဆဲ ဖြစ်သည်။ သို့သော် သူ့ခေါင်းသည် ရှုပ်ထွေးနေလျှင်တောင် သူ့ကိုယ်သူ ကာကွယ်ရန် အလိုလိုသိစိတ်ဖြင့် နတ်ဘုရားစိတ်အာရုံကိုတော့ ဖြန့်ကျက်ထားဆဲပင်။ သူ့ကို စောင့်ကြည့်နေသည့် ရှာမန်တစ်ဦးအား ခေါင်းဖြတ်သတ်လိုက်သူတစ်ဦးကို စုမင် မြင်လိုက်ရသည်။ စုမင် သူ့အား ယခင်က မြင်ဖူးခဲ့သည်။ ထိုသူသည် အေးခဲကောင်းကင်ကလန်၏ တပည့်တစ်ဦး ဖြစ်သည်။

ထိုလူ့မျက်လုံးများမှာလည်း သွေးနီရောင်ပြောင်းနေပြီး ပင်ပန်းနွမ်းနယ်နေခဲ့သည်။ ထိုလူသည် စုမင်အား ခေါင်းတစ်ချက် ညိတ်ပြကာ ဤနေရာမှ အလျင်အမြန် ထွက်ခွာသွားခဲ့၏။

"ဒါက အိပ်မက်တစ်ခုလိုပဲ ခံစားရတယ်..."

စုမင် လှည့်ထွက်လိုက်သည်။ သူ ရှေ့ဆက်တိုးရင်း၊ ဆက်လက် သတ်ဖြတ်ရင်း ပိုမိုနက်ရှိုင်းသော ပင်ပန်းနွမ်းနယ်မှုအတွင်း ဆက်လက်နစ်မြုပ်လာခဲ့သည်။ သူ့နားထဲတွင် ကြားနေရသော တိုက်ပွဲသံများသည်လည်း ထာဝရကဲ့သို့ ဖြစ်လာပြီး လေထဲတွင် အဆက်မပြတ် ပဲ့တင်ထပ်နေကြသည်။

မတူညီသော သားရဲရိုင်းများနှင့် ရှာမန်များကို သူမြင်ခဲ့သည်။ မျက်နှာဖုံးများ တပ်ထားသူအချို့ကိုလည်း သူတွေ့ခဲ့ရသည်။ ထိုလူများသည် စုမင်နှင့် အတူတူပင်ဖြစ်သည်။ သူတို့သည်လည်း စစ်မြေပြင်အား ဖြတ်သန်းပြေးလွှားနေကြပြီး သူတို့ရောက်သွားရာ နေရာတိုင်း သွေးမိုးရွာသွား ပေလိမ့်မည်။

မျက်နှာဖုံးတပ်ထားသော ရှာမန်အားလုံးထံမှ မယုံနိုင်ဖွယ် သန်မာသော သတ်ဖြတ်ခြင်း အရှိန်အဝါတစ်ရပ် ထွက်ပေါ်နေသည်။ သာမန် မာန်စွမ်းအားရှင်တစ်ဦး အနေဖြင့် သူတို့အတွက် ပြိုင်ဘက်ဖြစ်နိုင်ရန် မျှော်လင့်ချက် မရှိချေ။ စုမင် တွေဝေမိန်းမော နေရင်းမှပင် ထိုမျက်နှာဖုံးတပ် ရှာမန်များနှင့် တိုက်ခိုက်နိုင်သော မာန်စွမ်းအားရှင်အချို့ကို သူမြင်ခဲ့ရသည်။  ထိုမာန်စွမ်းအားရှင်တို့သည်လည်း မျက်နှာဖုံးများ ဝတ်ဆင်ထားကြသည်။

သို့သော် ထိုမာန်စွမ်းအားရှင်များ ဝတ်ဆင်ထားသော မျက်နှာဖုံးများမှာ အနက်ရောင်များ ဖြစ်၍ ရှာမန်များ ဝတ်ဆင်ထားသော အဖြူရောင် မျက်နှာဖုံးများနှင့် လုံးဝ ကွဲပြားခြားနားနေခဲ့သည်။

စုမင် တွေဝေမိန်းမောစွာဖြင့်ပင် ရှေ့ဆက်တိုးရင်း ဆက်လက်သတ်ဖြတ် နေခဲ့သည်။ သူ့ရင်ဘတ်ပေါ်မှ သေလုမျောပါး ဒဏ်ရာသည်လည်း မျက်နှာဖုံးတပ် ရှာမန်တစ်ဦး ပစ်လွှတ်လိုက်သော လှံရှည်ကြောင့် ဖြစ်ပေါ်ကျန်ရစ်ခဲ့ခြင်းပင်။ ထိုလူ၏ မျက်နှာဖုံးပေါ်တွင် ကြက်ခြေခတ်ပုံ အက်ကွဲရာတစ်ခု ရှိနေသည်။ ထိုလူသည် လှံရှည်အား ပစ်လွှတ်ပြီးသည်နှင့် စုမင်အား အဝေးမှနေ၍ တစ်ချက်လှမ်းကြည့်လာပြီးနောက် တစ်ဖက်သိုလှည့်ကာ ထွက်ခွာသွားခဲ့သည်။

စုမင် ထိုအရာအားလုံးကို မြင်ခဲ့သော်လည်း သူသည် ပင်ပန်းနွမ်းနယ်မှုကြောင့် ဖြစ်ပေါ်လာသည့် တွေဝေမိန်းမောမှု အခြေအနေအတွင်း ကျရောက်နေခြင်း ဖြစ်သည်။ သူ့နားထဲတွင် မသဲမကွဲကြားနေရသော တိုက်ပွဲသံများနှင့်အတူ စုမင် ရှေ့တစ်လှမ်းတက်လိုက်ပြီး လူကြီးဖြစ်ကာစအရွယ် ရှာမန်တစ်ယောက်ရှေ့၌ ပေါ်လာခဲ့သည်။

ဤတစ်ဦးမှာ အတော်အတန်ပင် ငယ်ရွယ်သေးပုံပေါ်သော ရှာမန်တစ်ဦးဖြစ်ပြီး မျက်နှာထက်တွင် သွေးများဖုံးလွှမ်းနေခဲ့၏။ ထိုရှာမန်သည် ကျယ်လောင်စွာ ဟိန်းဟောက်၍ ရှေ့သို့ တိုးဝင်လာခဲ့သည်။ စုမင် သူ့ဘေးသို့ရောက်သွားသောအခါ ထိုရှာမန်၏ဦးခေါင်းကို ဖြတ်ယူလိုက်သည်။ သူ့ခန္ဓာကိုယ်မှ သွေးများ ပန်းထွက်လာပြီး ထိုရှာမန်သည် ရှေ့သို့ ခြေလှမ်းအနည်းငယ် ဆက်လက်ပြေးလွှားသွားပြီးမှ လဲပြိုကျသွားခဲ့သည်။

စုမင် သူ့အား ထုံထိုင်းစွာ ဖြတ်ကျော်သွားပြီး အခြားရှာမန်တစ်ဦး ဘေးသို့ ရောက်ရှိသွားသည်။ စုမင် ထိုလူအား ဖြတ်ကျော်သွားပြန်သောအခါ သူ့လက်သီးဆုပ်ထဲတွင် ထိုလူ့ဦးခေါင်းက ရောက်ရှိနေခဲ့ချေပြီ။ သို့သော် ထိုရှာမန်သည် ခေါင်းဖြတ်ခံလိုက်ရချိန်၌ သူ့ကိုယ်သူ ဖောက်ခွဲရန် ရွေးချယ်သွားခဲ့၏။ ပေါက်ကွဲသံများနှင့်အတူ ပေါက်ကွဲမှုမှ ထွက်ပေါ်လာသော အားကြောင့် စုမင်နှုတ်ခမ်းမှ သွေးများ စီးကျလာသော်လည်း သူ ရပ်တန့်မသွားမိပေ။ သူ ရှေ့သို့သာ ဆက်တိုးခဲ့၏။

သူ လမ်းလျှောက်ရင်း၊ ရှေ့ဆက်လျှောက်ရင်း... အကြိမ်ပေါင်းများစွာ ပျက်စီးမှုနှင့် ပြန်လည်ဖွဲ့စည်းမှုများ ပြီးနောက်တွင် စုမင်၏ စစ်နတ်ဘုရားချပ်ဝတ်သည်ပင် သူ့မောပန်းနွမ်းနယ်မှုများ၏ သက်ရောက်ခံလိုက်ရပုံ ပေါ်၏။ ၎င်း၏ ပြန်လည်ကောင်းမွန်သော အမြန်နှုန်းမှာပင် စတင်နှေးကွေးလာခဲ့ချေပြီ။ ဟန်တောင်တန်း ခေါင်းလောင်းသည်လည်း စုမင်အား မရည်ရွယ်သော ပြန့်ကျဲထွက်လာသည့် နတ်ဘုရားစွမ်းရည်များအား ပိတ်ဆို့တားဆီးရင်း စတင်မြည်ဟည်းနေခဲ့သည်။

ဟယ်ဖုန်းသည်လည်း လူအုပ်ကြောင့် စုမင်နှင့် ကွဲသွားခဲ့ချေပြီ။ သူ၏ လက်ရှိခန္ဓာကိုယ်ဖြစ်သော ရှာမန်သားရဲရိုင်း၏ ရုပ်အလောင်းသည် မိန်းမောထုံထိုင်းသည် အထိ တိုက်ခိုက်ထားပြီးသော မာန်စွမ်းအားရှင်များအကြား နားလည်မှုလွဲခြင်းများ ဖြစ်ပေါ်စေခဲ့သည်။ သူ ဘယ်ရောက်သွားမှန်း စုမင်မသိတော့ပေ။

အကယ်၍ ဤသို့သာ ဆက်လက်ဖြစ်ပွားနေခဲ့လျှင် စုမင်သည် ဆက်လက်ရှင်သန်လိမ့်မည် ဖြစ်ကောင်းဖြစ်နိုင်သော်လည်း သူ၏ မိန်းမောတွေဝေနေသော အခြေအနေတွင် သေခြသ်းတရားဆီ တည့်တည့်တိုးဝင်သွားမိမည့် အခွင့်အလမ်းက ပိုမိုများပြားပေသည်။

ဤသည်မှာ အဝေးရှိ ဒါဇင်ပေါင်းများစွာသော ရှာမန်များ ဝန်းရံခံထားရသည့် လူအုပ်အတွင်းမှ အလွန်ရင်းနှီးနေသော မျက်နှာတစ်ခုကို စုမင် မြင်လိုက်ရသည့် အချိန်အထိပင်။

ရူးသွပ်စွာ အဆက်မပြတ် တိုက်ခိုက်နေသော ထိုလူ၏ သွေးစွန်းနေသော မျက်နှာထက်တွင် စိတ်ပိုင်းဖြတ်ထားဟန်များ အထင်းသားပေါ်နေခဲ့သည်။

ဤလူ၏ ပုံပန်းသွင်ပြင်သည် စုမင်အား မိန်းမောတွေဝေမှုအတွင်းမှ ခဏတာ လွတ်မြောက်လာစေ၏။ ရင်းနှီးနေသောလူနှင့် တိုက်ခိုက်နေသော ရှာမန်သည် ၎င်းအပြင်းအထန် ဒဏ်ရာရသွားသည်နှင့် သူ့ကိုယ်ပိုင်အသက်အား အဖိုးအခအဖြစ်သုံးထားသော သွေးများ ထွေးထုတ်လိုက်သည်ကို စုမင် ကိုယ်ပိုင်မျက်လုံးများဖြင့် တွေ့လိုက်ရသည်။

ထိုအနက်ရောင် သွေးများထဲတွင် ဖျက်ဆီးနိုင်သော စွမ်းအားတစ်ရပ် ပါဝင်နေသည်မှာ ထင်ရှားလို့နေ၏။ အကယ်၍ စုမင်ရင်းနှီးသောလူအား ထိုသွေးများသာ ထိသွားခဲ့မည်ဆိုလျှင် ထိုလူ၏ မျက်နှာနှင့် ဦးခေါင်းခွံတို့မှာ သွေးစက်များ၏ ထိုးဖောက်ခြင်းကို ခံရပေလိမ့်မည်။

စုမင်မျက်ဝန်းတို့ ကျဉ်းမြောင်း သွားသည်။ ထိုအခိုက်အတန့်တွင် သူ့တစ်ကိုယ်လုံးသည် အိပ်မက်မှ နိုးထလာသကဲ့သို့ပင် တွေဝေမိန်းမောနေရာမှ ပြန်လည် သတိဝင်လာခဲ့သည်။

သူ့နားထဲမှ တိုက်ပွဲသံများသည်လည်း ယခင်က မသဲမကွဲဖြစ်နေရာမှ နေ့အချိန်ကဲ့သို့ ရှင်းလင်းပြတ်သားလာခဲ့သည်။ သူ့မျက်မှောက်ရှိ ကမ္ဘာလောကမှာလည်း ကြည်လင်သွားပြီး ယခင်ထုံထိုင်းတွေဝေနေသော အခြေအနေနှင့် လုံးလုံးကွဲပြားသွားသည်။

"ကျီချဲ..." စုမင် တီးတိုးရေရွတ်မိ၏။

သူ တွန့်ဆုတ်မနေခဲ့ချေ။ နိုးထလာသည်နှင့် တစ်ပြိုင်နက်တစ်ပြိုင်နက် ရှေ့သို့ ခြေလှမ်းကျယ်ကြီးတစ်လှမ်း လှမ်းလိုက်သည်။ ထိုခြေတစ်လှမ်းနှင့်အတူ သူ့နားထဲရှိ တိုက်ခိုက်သံများမှာ ပျောက်ကွယ်သွားပြီး လေတိုးသံများဖြင့် အစားထိုးသွားခဲ့၏။ စကားလုံးများဖြင့် ဖော်ပြနိုင်ရန် ခက်ခဲသော အလွန်လျင်မြန်သည့် အရှိန်နှုန်းဖြင့် စုမင် ရှေ့သို့ အမြန်ဦးတည်ခဲ့သည်။

ကျီချဲ၏မျက်နှာပေါ်သို့ ရှာမန်သွေးများ မကျရောက်ခင်မှာပင် စုမင်သည် ပေထောင်ပေါင်းများစွာကို ဖြတ်ကျော်၍ သူ့အရှေ့၌ ပြန်ပေါ်လာခဲ့ချေပြီ။ စုမင်ကြောင့် ဖြစ်ပေါ်လာသည့် ပြင်းထန်သော လေပြင်းတစ်ခုကြောင့် အနက်ရောင်သွေးများမှာ ချက်ချင်းလွင့်စဉ်သွားကြသည်။ ဒဏ်ရာ အပြင်းအထန်ရထားသော ရှာမန်သည်တော့ သူ့အားတိုက်မိသွားသည့် မြို့ရိုးနံရံတစ်ခုသဖွယ် အားတစ်ရပ်ကိုသာ ခံစားလိုက်မိပြီး ဘာဖြစ်သွားမှန်းတောင် စစ်ဆေးချိန်မရလိုက်ပေ။ အစွမ်းထက်သော လေပြင်းကြောင့် ထိုသူမှာ နောက်လွင့်ထွက်သွားပြီး သူ့ခန္ဓာကိုယ်မှာလည်း ပေါက်ကွဲပျက်စီးသွားတော့သည်။

"ဆရာဦးလေး" ကျီချဲအသံကို စုမင်နားထဲတွင် ကြားလိုက်ရသည်။

စုမင် နောက်သို့ ယိမ်းယိုင်သွားသော်လည်း ဆက်လက်တိုက်ခိုက်နေမိသည်။ ထိုအစွန်းရောက် အမြန်နှုန်းကို အကြိမ်များစွာ အသုံးပြုခဲ့ပြီးချိန်တွင်တော့ စုမင်ခန္ဓာကိုယ်မှာလည်း အကန့်အသတ်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်၍ နက်ရှိုင်းသော မောပန်းနွမ်းနယ်မှုအတွင်း တစ်ဖန်ပြန်လည် နစ်မြုပ်သွားပြန်သည်။ သို့သော် သူ ဆက်လက်တိုက်ခိုက်နေခဲ့ပြီး လျင်မြန်စွာ တိုက်ခိုက်နိုင်ရန်အတွက် ထိုအစွန်းရောက် အမြန်နှုန်းကို တစ်ဖန်အသက်သွင်း လိုက်ပြန်သည်။

စုမင်၏ အကူအညီကြောင့် ဒါဇင်ပေါင်းများစွာသော ရှာမန်များ ဝန်းရံခံထားရသူတို့သည် အပြင်းအထန် ပြန်လည်တိုက်ခိုက်လာခဲ့သည်။ ထိုသူတို့သည် တိုက်ခိုက်ရင်း နောက်သို့လည်း ဆုတ်နေခဲ့၏။ ခဏအကြာ သူတို့အား ဝန်းရံထားခဲ့သော ရှာမန်အများစုမှာ သေသူသေ၊ ဒဏ်ရာရသူရ ဖြစ်သွားသောအခါ သူတို့သည် ဝန်းရံခံရမှုမှ လွတ်မြောက်လာခဲ့လေသည်။

ဤမတိုင်ခင်အထိ စုမင်မှာ အကြိမ်ပေါင်းများစွာ သွေးအန်ခဲ့ရပြီးချေပြီ။ သူနောက်သို့ လဲပြိုကျတော့မလို ယိမ်းယိုင်သွားသောအခါ ကျီချဲက သူ့အား ဖမ်းထိန်းထားပေးလိုက်၏။

ကျန်မာန်စွမ်းအားရှင်များမှာလည်း ဒဏ်ရာများဖြင့် ဖုံးလွှမ်းနေကြချေပြီ။ သူတို့သည် ပင်ပန်းနွမ်းနယ်နေရင်းမှပင် စုမင်နှင့် ကျီချဲတို့အား အတွင်းတွင်ထား၍ ကာကွယ်ပေးရန် ဝန်းရံလိုက်ကြသည်။ ထို့နောက် ပတ်ဝန်းကျင်အား သတိကြီးစွာထားရင်း နောက်ဆုတ် လိုက်ကြသည်။

ကျီချဲ၏အသံက စုမင်နားထဲ၌ အလွန်ဝေးကွာနေသလိုပင်... စိုးရိမ်နေသော ကျီချဲအား ကြည့်လိုက်ပြီးနောက် စုမင် မျက်လုံးများကို ခဏတာ ပိတ်ထားပြီးမှ ပြန်ဖွင့်လိုက်သည်။ ထို့နောက် ကျီချဲအား ခေါင်းတစ်ချက် ညိတ်ပြလိုက်မိ၏။

"ကျီချဲ၊ သူက မင်းရဲ့ ဆရာဦးလေးလား"

"သူက အရမ်းမြန်တာပဲ။ သူ အဲဒီအမြန်နှုန်းကို သုံးလိုက်တုန်းက ဖြစ်ပေါ်လာတဲ့ လေပြင်းကတောင် နတ်ဘုရားစွမ်းရည် တစ်ခုလို အစွမ်းထက်နေပြီ"

"ကျီချဲ၊ မင်းဆရာဦးလေးရဲ့ နာမည်က ဘာလဲ"

ကျီချဲနှင့် စုမင်တို့အား ဝန်းရံကာကွယ်ပေးထားကြသော မာန်စွမ်းအားရှင်များသည် ဆုတ်ခွာနေရင်းမှပင် မေးခွန်းများစွာ မေးမြန်းနေခဲ့ကြသည်။

"ကျုပ်က စုမင်ပါ"

စုမင် အသက်ပြင်းပြင်း ရှူရှိုက်လိုက်ပြီးနောက်၌ ကျီချဲ၏ ပံ့ပိုးတွဲကူပေးထားမှုကို ဆက်လက် မလိုအပ်တော့ချေ။ သူ ဆေးဝါးအချို့ ထုတ်ယူမြိုချပြီးသည်နှင့် တစ်ပြိုင်နက် အခြားမာန်စွမ်းအားရှင် ဒါဇင်ခန့်နှင့်အတူ စတင်ဆုတ်ခွာလိုက်တော့သည်။

"ငါတို့ ဒီစစ်ပွဲကနေ အသက်ရှင်ကျန်ရစ်နိုင်ပါ့မလား ဆိုတာတောင် သိရတာမဟုတ်ဘူး။ ဒီတော့ အဆင့်အတန်းတွေနဲ့ ပတ်သက်လို့ ဆက်ပြီး စိတ်ထဲ ထားမနေကြရအောင်။ ညီနောင်စု မင်းပုံစံကြည့်ရတာ နည်းနည်း ပင်ပန်းနေသလိုပဲ။ မင်းက တစ်ကိုယ်တည်း ရှာမန်မုဆိုး အဖြစ် ဒီစစ်ပွဲကို ဝင်ပါခဲ့တာလား"

သူတို့ ပြန်လည်ဆုတ်ခွာနေကြချိန်တွင် ဒါဇင်ခန့် မာန်စွမ်းအားရှင်များမှာ အလွန်အချိတ်အဆက် မိနေခဲ့သည်။ စုမင်အား ဝန်းရံထားသော အုပ်စုသည် လုံးဝအပြည့်အဝ အာရုံစူးစိုက်ထားကြသည်။ ဆုတ်ခွာနေသည်နှင့် အမျှ သူတို့အနီးသို့ ကပ်လာသော ရှာမန်များကို တိုက်ခိုက်ကြသည်။ အချိန်အနည်းငယ် ကြာပြီးနောက်တွင်တော့ ထိုသူများသည် သူတို့အနားယူနိုင်ရန်အတွက် အတွင်းစက်ဝိုင်းမှ သူတို့အဖော်များနှင့် နေရာလဲကြလေသည်။

***

All Chapters