← Chapters

အခန်း (၂၇၅-၂၇၆)

Vol. 15 Ch. 275-276

အခန်း (၂၇၅-၂၇၆)

Vol. 15 Ch. 275-276

အခန်း (၂၇၅)- ငါ့ကုန်ပစ္စည်းတွေ အခိုးခံလိုက်ရပြီ

ဒုန်း။

ပြင်းထန်လှသော ပေါက်ကွဲသံကြီးတစ်ခု အဝေးဆီမှ ဟိန်းခနဲ ထွက်ပေါ်လာချေသည်။

နင်းရှောင်ဟွေ့သည် ခေါင်းမော့၍ အနောက်ဘက် ကောင်းကင်ယံဆီသို့ အလိုအလျောက် ကြည့်မိသွား၏။

စစ်ဆေးကြည့်ရာ အနောက်ဘက်ရှိ အလင်းကာကွယ်ရေး အစီအရင်တွင် အက်ကြောင်းတစ်ခု ပေါ်နေပြီး ထိုအက်ကြောင်းမှတစ်ဆင့် ထွက်ပြေးလွတ်မြောက်လာသော မီးလျှံမြွေသုံးကောင်မှာ ကျူးကျော်ဝင်ရောက်လာကာ မြေပြင်ပေါ်သို့ တစ်ကောင်ပြီးတစ်ကောင် ဆင့်ကာဆင့်ကာ ကျရောက်လာတော့သည်။

မြေပြင်ပေါ်ရှိ တိုက်ပွဲမှာလည်း ချက်ချင်းပင် အရှိန်အဟုန်ပြင်းစွာ ပေါက်ကွဲထွက်ပေါ်လာ၏။

နင်းရှောင်ဟွေ့သည် သူမရှေ့ရှိ ဘူးသီးပုံစံ ဆေးဖိုဆီသို့ အမြန်ပင် ပြန်လည်အာရုံစိုက်လိုက်ရသည်။

မကြာသေးမီက သူမသည် နင်းကျော့ကြောင့် ရူးမတတ် ဖြစ်နေရကာ အကျိုးပြုမှုတံဆိပ်များကို အသည်းအသန် ရှာဖွေနေခဲ့ရခြင်း ဖြစ်ပေသည်။

ယခုအခါတွင် နင်းရှောင်ဟွေ့သည် သိသိသာသာ ပိန်ချုံးသွားကာ မျက်တွင်းများလည်း ဟောက်ဝင်နေပြီး ကွင်းအမည်းကြီးများ ပေါ်နေသည်မှာ သူမ၏ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ နှစ်ခုစလုံး အလွန်အမင်း ပင်ပန်းနွမ်းနယ်နေသည်ကို ပြသနေချေသည်။

သို့သော်လည်း နင်းရှောင်ဟွေ့၏ မျက်လုံးများမှာမူ ရူးသွပ်သော စိတ်အားထက်သန်မှုတို့ဖြင့် တောက်ပနေပြီး သွေးကြောများ ယှက်သန်းနေသော သူမ၏ မျက်ဝန်းများက သူမ မည်မျှအထိ ရူးသွပ်နေသည်ကို ဖော်ပြနေ၏။

ရုတ်တရက်ဆိုသလို သူမအား မူးဝေမှုက ဒုက္ခပေးလာပြန်သည်။

မြေပြင်ပေါ်တွင် တင်ပလ္လင်ခွေ ထိုင်နေသော နင်းရှောင်ဟွေ့သည် အနည်းငယ် ယိမ်းထိုးသွားသော်လည်း အမြန်ပင် ပြန်လည် ထိန်းမတ်လိုက်နိုင်သည်။

"ဒါက မူလသန့်စင်ရတနာ သွန်းလုပ်ခြင်းရဲ့ အရေးကြီးဆုံး အခိုက်အတန့်ပဲ၊ ငါ လျှော့တွက်လို့ မဖြစ်ဘူး" သူမသည် ဆေးလုံးအချို့ကို အမြန်ထုတ်ကာ ပုလင်းအဖုံးကို ဖွင့်ပြီး ပါးစပ်ထဲသို့ လောင်းထည့်လိုက်တော့သည်။

သူမသည် ဆေးလုံး ငါးလုံး၊ ခြောက်လုံးခန့်ကို တစ်ကျိုက်တည်းနှင့် မျိုချလိုက်၏။

ဆေးလုံးများမှာ သူမ၏ ဗိုက်ထဲသို့ ရောက်ရှိသွားသည်နှင့် နင်းရှောင်ဟွေ့သည် အားအင်များ ပြန်လည်ပြည့်ဖြိုးလာသကဲ့သို့ ခံစားလိုက်ရပြီး ပိန်လိမ်နေသော ခန္ဓာကိုယ်ထဲသို့ ဆေးစွမ်းအင်များကြောင့် လေသွင်းလိုက်သည့် ပူဖောင်းတစ်ခုကဲ့သို့ ပြန်လည်လန်းဆန်းလာချေသည်။

"ဒီပစ္စည်းတစ်သုတ်ကို သန့်စင်ပြီးအောင် အားတင်းထားလိုက်ဦး၊ ဒါဆိုရင် နောက်ထပ် အကျိုးပြုမှု ငါးခု ထပ်ရမှာ"

နင်းရှောင်ဟွေ့သည် သူမ၏ အစောပိုင်း အားသာချက်များမှာ အချိန်ကြာလာသည်နှင့်အမျှ လျော့နည်းလာမည်ကို ကောင်းစွာ သိရှိထားသဖြင့် ရူးသွပ်သော ဇွဲလုံ့လဖြင့် လှုပ်ရှားနေတော့သည်။

သူမသည် သူမ၏ ပါရမီဖြစ်သော ကျောက်စိမ်းနှင်းဆီ လက်ပညာရပ်ကို အစွမ်းကုန် အသုံးချကာ အမျိုးမျိုးသော စက်မှုတည်ဆောက်ပုံများကို ပြုပြင်နေ၏။

ထိုကဲ့သို့သော လုပ်ငန်းဆောင်တာများသည် များသောအားဖြင့် များပြားလှသော အကျိုးပြုမှုများကို ရရှိစေပေသည်။

သို့သော်လည်း သူမ၏ ပါရမီကို မကြာခဏ အသုံးပြုခြင်းက နင်းရှောင်ဟွေ့အပေါ် ထိခိုက်မှုများ ရှိလာစေသည်။

ထို့ကြောင့် သူမသည် ကြားဖြတ်ကာလများတွင် ဘူးသီးပုံစံ ဆေးဖိုများဆီသို့ လာရောက်၍ ရတနာသန့်စင်ခြင်း လုပ်ငန်းများကို လက်ခံဆောင်ရွက်လေ့ရှိ၏။

ချော်ရည်နန်းတော်တွင် ကြေး၊ သံ၊ ငွေနှင့် ရွှေဟူ၍ အဆင့်လေးဆင့် ခွဲခြားထားသော ဆေးဖို မြောက်မြားစွာ ရှိပေသည်။

ဘူးသီးပုံစံ ဆေးဖိုများကို စနစ်တကျ ခပ်လှမ်းလှမ်းတွင် နေရာချထားပြီး အဝေးမှ ကြည့်လျှင် ကျယ်ပြောလှသော ဘူးသီးတောအုပ်ကြီးတစ်ခုကဲ့သို့ ထင်မှတ်ရပေသည်။

ဆေးဝါးခန်းမ၊ ဓာတ်ငါးပါး အမြောက်မျှော်စင်နှင့် အမိန့်ပေးစင်မြင့်တို့ကဲ့သို့ အရေးကြီးသော နေရာများနှင့် မတူသည်မှာ ဆေးဖိုများမှာ လူအများအတွက် ဖွင့်လှစ်ထားခြင်းပင် ဖြစ်သည်။

စမ်းသပ်ခံတပည့် အဆင့်အတန်း မရှိသူများပင်လျှင် ဤနေရာ၌ သန့်စင်ခြင်း လုပ်ငန်းများကို လွယ်ကူစွာ လက်ခံဆောင်ရွက်နိုင်ချေသည်။

နင်းရှောင်ဟွေ့သည် ဆေးဖိုရှေ့တွင် တင်ပလ္လင်ခွေ ထိုင်နေပြီး ပူပြင်းလှသော အပူလှိုင်းများမှာ သူမ၏ ဆံပင်များကို တိုက်ခတ်နေသဖြင့် ဆံကေသာများမှာ ခြောက်သွေ့၍ ဝါကျင့်ကျင့် ဖြစ်နေလေသည်။

သူမသည် သူမရှေ့ရှိ ဆေးဖိုကို အာရုံစိုက်ကာ စိုက်ကြည့်နေပြီး ခဏတာမျှပင် အနားမပေးပေ။

"ငါ အကျိုးပြုမှု တစ်ရာ့နှစ်ဆယ့်ခုနစ်ခု စုမိနေပြီ"

"နောက်ထပ် အကျိုးပြုမှု သုံးဆယ်လောက်ဆိုရင် ရာဇဝင်မှတ်တမ်းဆောင်မှာ ရာထူးတစ်ခု ရနိုင်ပြီ"

"နင်းရှောင်ဟွေ့၊ အစွမ်းကုန် ကြိုးစားစမ်း။ နင်းမိသားစုရဲ့ မူလမျိုးနွယ်စုက ဘာတွေ လုပ်နိုင်လဲဆိုတာ နင်းကျော့နဲ့ တခြားသူတွေကို ပြလိုက်စမ်း"

"ဒီတစ်ကြိမ်တော့ ငါ လုံးဝ အရှုံးမပေးနိုင်ဘူး"

သူမ၏ စိတ်ထဲတွင် နင်းရှောင်ဟွေ့သည် အော်ဟစ်နေမိ၏။

အထီးကျန်မှုနှင့် ဖယ်ကြဉ်ခံရမှုတို့ကြောင့် မသေမျိုးနန်းတော်ထဲသို့ တွန်းပို့ခံခဲ့ရသော နင်းရှောင်ဟွေ့သည် ယခုအခါ လမ်းစပျောက်နေသည့် ချောက်ကမ်းပါးထိပ်တွင် ပိတ်မိနေသကဲ့သို့ ခံစားနေရသည်။

သူမ၏ အတိတ်မှ အရှက်ရမှုများ၊ နင်းကျော့ထံမှ ဖိအားများနှင့် ရွှေအမြုတေအဆင့် ဘိုးဘေး၏ မျှော်လင့်ချက်များ အားလုံးမှာ သူမအပေါ်တွင် လေးလံစွာ ဖိစီးနေပြီး နင်းရှောင်ဟွေ့အား မကြုံစဖူးသော ပြတ်သားမှုများကို ဖြစ်ပေါ်စေခဲ့ချေသည်။

ချော်ရည်နန်းတော်၊ ပင်မဆောင်။

ရာဇပလ္လင်ပေါ်တွင် နဂါးလိပ် မီးလျှံဝိညာဉ်သည် စိုးရိမ်တကြီးဖြင့် ဟိုဟိုဒီဒီ လမ်းလျှောက်နေ၏။

၎င်း၏ အကြည့်မှာ ကောင်းကင်ကို ဖောက်ထွက်၍ နင်းရှောင်ဟွေ့နှင့် နင်းကျော့ နှစ်ဦးစလုံးကို စောင့်ကြည့်နေလေသည်။

နင်းကျော့မှာ နှစ်ခြိုက်စွာ အိပ်ပျော်နေသည်ကို မြင်သောအခါ နဂါးလိပ် မီးလျှံဝိညာဉ်က ညည်းညူလိုက်သည်မှာ - "အိပ်မနေနဲ့တော့။ အခြေအနေက စိုးရိမ်ရနေပြီ၊ မင်းက အိပ်ဖို့ စိတ်ကူးရှိသေးတယ်ပေါ့လေ"

"နင်းရှောင်ဟွေ့ကို ကြည့်စမ်း၊ သူမ ဘယ်လောက်တောင် ကြိုးစားနေလဲ၊ ဘယ်လောက်တောင် ပြတ်သားနေလဲဆိုတာ"

မှန်ပေသည်၊ ၎င်းသည် နင်းကျော့အား ထိုအတွေးများကို တိုက်ရိုက်ထုတ်ဖော်ပြောရန် မဝံ့ရဲပေ။

၎င်းသည် မိမိဘာသာ တိုးတိုးလေး ရေရွတ်ရင်း ဒေါသများကိုသာ ဖြေဖျောက်နေမိခြင်း ဖြစ်သည်။

နဂါးလိပ် မီးလျှံဝိညာဉ်သည် အလွန်အမင်း စိုးရိမ်ပူပန်နေ၏။

၎င်းသာ နင်းရှောင်ဟွေ့၏ တိုးတက်မှုများကို စောင့်ကြည့်မနေခဲ့ပါက ယခုလောက် စိတ်သောက ရောက်မည် မဟုတ်ပေ။

သို့သော် နင်းရှောင်ဟွေ့မှာ တိုးတက်မှုများ ရရှိနေပြီး ရာဇဝင်မှတ်တမ်းဆောင်ရှိ ရာထူးနှင့် နီးကပ်လာသည်ကို မြင်တိုင်း ၎င်းမှာ အလွန်အမင်း ဝေဒနာ ခံစားနေရသည်။

"ဟိုအဘိုးကြီး ကျူးရွှမ်းကျိကလည်း မသာပဲ၊ နင်းကျော့ကို သုံးပြီး နင်းရှောင်ဟွေ့ကို တိတ်တဆိတ် တွန်းအားပေးနေတာ"

နဂါးလိပ် မီးလျှံဝိညာဉ်သည် ဟိုဒီပတ်လျှောက်နေရင်း နောက်ဆုံးတွင် စိတ်ရှည်မှု ကုန်ဆုံးသွားကာ အသက်ပြင်းပြင်းရှူပြီး နင်းကျော့အား ဆက်သွယ်လိုက်တော့သည်။

"သခင်... သခင်..." နဂါးလိပ် မီးလျှံဝိညာဉ်သည် အားနည်းသယောင် ဟန်ဆောင်ကာ နင်းကျော့အား ခပ်တိုးတိုး ခေါ်လိုက်၏။

နင်းကျော့မှာ အိပ်ပျော်ကာစ ရှိသေးသော်လည်း အနှိုးခံလိုက်ရခြင်း ဖြစ်သည်။

သူသည် ပင်ပန်းနေသော မျက်လုံးများကို ဖွင့်လိုက်ပြီး အားနည်းသော လေသံဖြင့် မေးလိုက်သည်မှာ - "နဂါးလိပ် မီးလျှံဝိညာဉ်၊ မင်း နေလို့ ကောင်းသွားပြီလား"

နဂါးလိပ် မီးလျှံဝိညာဉ်က ခါးသီးစွာ ပြုံးလိုက်ပြီး - "မကောင်းပါဘူး သခင်၊ ကျွန်တော် တဖြည်းဖြည်း ပိုဆိုးလာနေတယ်၊ ဒါပေမဲ့ အခု အခြေအနေက သိပ်ပြီး အရေးကြီးနေပြီ"

"ကျွန်တော့်မှာ ရှိသမျှ အားအင်တွေ သုံးပြီး သခင်လေးကို သတိပေးရမယ်၊ ဟို နင်းရှောင်ဟွေ့က သခင်လေးအတွက် ခြိမ်းခြောက်မှု အကြီးကြီးပဲ"

"သူမက ရာဇဝင်မှတ်တမ်းဆောင်မှာ အနိမ့်ဆုံး ရာထူးတစ်ခု ရဖို့အတွက် နောက်ထပ် အကျိုးပြုမှု သုံးဆယ်လောက်ပဲ လိုတော့တာ"

"သခင်လေး၊ သူမကို အမြန်ဆုံး နှိမ်နင်းမှ ဖြစ်မယ်"

နင်းကျော့သည် သက်ပြင်းချလိုက်ပြီး မိမိ၏ ဒုက္ခနှင့် အခက်အခဲများကို ထုတ်ဖော်ပြောလိုက်ချေသည်။

"နင်းရှောင်ဟွေ့ကို တားရမှာပေါ့"

"ဒါပေမဲ့ ငါ့မှာ အခွင့်အရေး မရှိဘူး"

"ရွှေအမြုတေအဆင့် ဘိုးဘေးတွေက အနားမှာ ရှိနေကြတာ၊ ကျူးရွှမ်းကျိကလည်း ငါ့ကို အမြဲ စောင့်ကြည့်နေတယ်၊ သူက ငါ့ကို သံသယဝင်နေတာ"

နင်းကျော့က နဂါးလိပ် မီးလျှံဝိညာဉ်အား ပြန်လည်နှစ်သိမ့်လိုက်သည်မှာ - "နင်းရှောင်ဟွေ့ အောင်မြင်ဖို့အတွက် အကျိုးပြုမှု သုံးဆယ်ကျော် လိုသေးတာပဲ။ ငါတို့မှာ အချိန် နည်းနည်း ကျန်သေးတယ်၊ ဒါက နောက်ဆုံးအချိန် မဟုတ်သေးဘူး"

"အခုက စိတ်အေးအေးထားပြီး သင့်တော်တဲ့ အခိုက်အတန့်ကို စောင့်ရမယ့် အချိန်ပဲ"

နဂါးလိပ် မီးလျှံဝိညာဉ်သည် စိတ်ပျက်လက်ပျက်ဖြင့် ရာဇပလ္လင်ပေါ်တွင် ခုန်ဆွခုန်ဆွ လုပ်နေမိ၏။ "စိတ်အေးအေး ထားပါတဲ့လား၊ ဘယ်လိုလုပ်ပြီး စိတ်အေးနိုင်မှာလဲ။ အို... သခင်လေးကတော့ ကျွန်တော့်ကို ရူးအောင် လုပ်နေပြီ"

မှန်ပေသည်၊ ၎င်းသည် ထိုအတွေးများကို နင်းကျော့အား မပြောရဲဘဲ တိတ်တဆိတ်သာ ပေါက်ကွဲနေမိခြင်း ဖြစ်သည်။

နင်းကျော့သည် ထိုအခွင့်အရေးကို အသုံးချကာ နဂါးလိပ် မီးလျှံဝိညာဉ်အား နင်းရှောင်ဟွေ့ကို အနီးကပ် စောင့်ကြည့်ရန် ညွှန်ကြားလိုက်၏။

ထို့ပြင် သူတို့ နောက်ဆုံး ဆက်သွယ်ခဲ့စဉ်က အဖြေမရခဲ့သော မေးခွန်းကိုလည်း မေးမြန်းလိုက်ပြန်သည်။

မတတ်သာသည့်အဆုံး နဂါးလိပ် မီးလျှံဝိညာဉ်သည် နင်းကျော့၏ ခန့်မှန်းချက် မှန်ကန်ကြောင်း ဝန်ခံလိုက်ရတော့သည်။

ဆေးဝါးခန်းမ အကြီးအကဲ တစ်ယောက်အနေဖြင့် သူ၏ လက်အောက်ငယ်သားများ ရရှိသော အကျိုးပြုမှုများမှ ကော်မရှင် ရနိုင်သည်မှာ အမှန်ပင် ဖြစ်၏။

သို့သော်လည်း လက်အောက်ငယ်သားများက လုပ်ငန်းများကို ဖျက်ဆီးပါက ဆေးဝါးခန်းမ အကြီးအကဲတွင်လည်း တာဝန်ရှိပြီး အကျိုးပြုမှုများ အဖြတ်ခံရမည် ဖြစ်သည်။

ဤရလဒ်မှာ နင်းကျော့ မျှော်လင့်ထားသည်နှင့် အနည်းငယ် ကွဲလွဲနေပေသည်။

နင်းကျော့က ထပ်မံ မေးမြန်းရန် ပြင်လိုက်စဉ်မှာပင် နဂါးလိပ် မီးလျှံဝိညာဉ်သည် ဆက်သွယ်မှုကို ရုတ်တရက် ဖြတ်တောက်လိုက်ချေသည်။

၎င်းသည် ခေါင်းကို ကိုင်ကာ ရာဇပလ္လင်၏ လက်တန်းပေါ်တွင် မှောက်လျက် ညည်းညူနေတော့သည်။ နင်းကျော့နှင့် ဆက်သွယ်တိုင်း ၎င်းမှာ သတင်းအချက်အလက်နှင့် အားသာချက်များစွာ ဆုံးရှုံးနေရခြင်း ဖြစ်ပေသည်။

သို့သော်လည်း နင်းရှောင်ဟွေ့ကို နှိမ်နင်းရန်အတွက် နင်းကျော့ကိုသာ အားကိုးနေရပြန်သည်။

၎င်းမှာ ထိုဒုက္ခကို မခံစားနိုင်တော့ဘဲ အခြေအနေမှာ အလွန်ပင် ခက်ခဲလှချေသည်။

နင်းကျော့သည် နဂါးလိပ် မီးလျှံဝိညာဉ်အား အကြိမ်ကြိမ် ခေါ်သော်လည်း တုံ့ပြန်မှု မရှိသဖြင့် သက်ပြင်းအရှည်ကြီး ချလိုက်ကာ ခုတင်ပေါ်တွင် ငြိမ်သက်စွာ လှဲလျက် ကျန်ရစ်ခဲ့သည်။

သူသည် အိမ်မျက်နှာကြက်ကို စိုက်ကြည့်ရင်း စိတ်မသက်မသာ ဖြစ်နေမိ၏။

နင်းကျော့သည် နင်းရှောင်ဟွေ့ကို တားဆီးချင်သလို ရာဇဝင်မှတ်တမ်းဆောင်နှင့် ပတ်သက်သော သတင်းအချက်အလက်များကိုလည်း ရလိုသော်လည်း အခွင့်အရေး မရှိသေးပေ။

ရွှေအမြုတေအဆင့် ကျင့်ကြံသူများ၏ ကာကွယ်မှုမှာ အလွန်ပင် စေ့စပ်သေချာလှသည်။

နင်းကျော့သည် စိုးရိမ်မှုနှင့် မသက်မသာ ဖြစ်မှုများကို အလွန် ခံစားနေရ၏။

ကုန်လွန်သွားသော နေ့ရက်တိုင်းတွင် နင်းရှောင်ဟွေ့ထံမှ လာသော ဖိအားများမှာ ပို၍ ကြီးမားလာချေသည်။

သို့သော် သူသည် အလွန်အမင်း သတိထားရမည်ကို သိထားသည်။

ဤအခြေအနေသို့ ရောက်ရန်မှာ မလွယ်ကူလှပေ။ ဝိညာဉ်စွမ်းအား သန့်စင်ခြင်းအဆင့် ကျင့်ကြံသူလေး တစ်ယောက်အနေဖြင့် ရွှေအမြုတေအဆင့် ကျင့်ကြံသူများနှင့် ဆက်ဆံရာတွင် အမှားအယွင်း မရှိစေရန် သူ၏ လှုပ်ရှားမှုတိုင်းကို အမြဲ ဂရုစိုက်နေရပေသည်။

သူသာ ထိုဖိအားကို မခံနိုင်ဘဲ နင်းရှောင်ဟွေ့အား မဆင်မခြင် သွားရောက် တိုက်ခိုက်ပါက ကျူးရွှမ်းကျိ၏ ထောင်ချောက်ထဲသို့ ရောက်ရှိသွားကာ မိမိကိုယ်ကိုယ် ဖော်ထုတ်လိုက်သလို ဖြစ်သွားပေလိမ့်မည်။

ကျူးရွှမ်းကျိနှင့် တခြားသော ရွှေအမြုတေအဆင့် ကျင့်ကြံသူများသည် ပြင်ဆင်ရေးအဖွဲ့များကို ငါးစာအဖြစ် သုံးကာ မီးလျှံတောင်တန်းအား ဗုံးကြဲခဲ့သော တရားခံကို ထောင်ဖမ်းရန် ကြိုးစားနေကြခြင်း ဖြစ်သည်။

ထို့အတူပင် ကျူးရွှမ်းကျိသည် နင်းရှောင်ဟွေ့ကို အသုံးချ၍ ငါးမျှားနေခြင်းလည်း ဖြစ်ပေသည်။

နင်းကျော့သာ ငါးစာကို အမြန်ဟပ်မိပါက ကျူးရွှမ်းကျိမှာ အပျော်ဆုံးလူ ဖြစ်လာပေလိမ့်မည်။

"စောင့်ရမယ်"

"အံကြိတ်ပြီး စောင့်ရမယ်"

"သင့်တော်တဲ့ အချိန်ကို စောင့်ရမယ်"

"စုန့်ဖူလီကလည်း သူ့ပစ္စည်းတွေ အခိုးခံရတာကို ဘာလို့ အခုထိ မသိသေးတာလဲ"

နောက်တစ်နေ့၊ မြို့စားမင်းဂေဟာတွင် ဖြစ်သည်။

ခွင့်ပြုချက် ရရှိပြီးနောက် စုန့်ဖူလီသည် ဖေးစီနှင့် တွေ့ဆုံရန် စာကြည့်ခန်းထဲသို့ ဝင်လာခဲ့သည်။

စုန့်ဖူလီ၏ တည်တင်းနေသော မျက်နှာကို မြင်သောအခါ ဖေးစီသည် မသက်မသာ ဖြစ်သွားသော်လည်း အပြုံးမျက်နှာဖြင့်ပင် သူ လာရသည့် အကြောင်းရင်းကို မေးမြန်းလိုက်၏။

စုန့်ဖူလီ၏ ပထမဆုံး စကားကပင် ဖေးစီအား လုံးဝ ထိတ်လန့်သွားစေတော့သည်။

"ဘာ... လေလံပွဲအတွက် ပြင်ဆင်ထားတဲ့ ပစ္စည်းတွေ အားလုံး အခိုးခံလိုက်ရတယ် ဟုတ်လား" ဖေးစီ၏ မျက်လုံးများ ပြူးကျယ်သွား၏။

စုန့်ဖူလီက လေးနက်စွာ ခေါင်းညိတ်ပြပြီး - "ဒါက နောက်ပြောင်နေတာ မဟုတ်ဘူး၊ အကြီးအကဲဖေးစီ"

"ကျွန်တော်တို့ အခုလေးတင်ပဲ သိလိုက်ရတာ"

"သိလိုက်တာနဲ့ အခင်းဖြစ်ပွားတဲ့ နေရာကို ပိတ်ဆို့ထားလိုက်ပြီး အကြီးအကဲဆီကို ချက်ချင်း လာခဲ့တာပါ"

"ကျွန်တော်တို့ ချော်ရည်မသေမျိုး မြို့တော်ကို ပြောင်းလာကတည်းက စည်းကမ်းတွေကို တိတိကျကျ လိုက်နာခဲ့ပါတယ်၊ ကျွန်တော်တို့ရဲ့ ပစ္စည်းတွေနဲ့ ရတနာတွေ အားလုံးဟာလည်း ခွင့်ပြုထားတဲ့ ဘောင်ထဲမှာပဲ ရှိနေခဲ့တာပါ"

"ကျွန်တော်တို့ရဲ့ ကုန်ပစ္စည်းတွေကို ကာကွယ်ဖို့အတွက် ပိုပြီး အဆင့်မြင့်တဲ့ အစီအရင်တွေကို သုံးနိုင်ခဲ့ပါတယ်"

"ဒါပေမဲ့ အကြီးအကဲတို့ မြို့ရဲ့ စည်းကမ်းတွေကို လိုက်နာခဲ့လို့ ကျွန်တော်တို့ရဲ့ ကာကွယ်မှုက ခြောက်ဆယ်ရာခိုင်နှုန်းထက် မပိုခဲ့ပါဘူး"

"အခု ဒီလို ဖြစ်သွားပြီဆိုတော့ အကြီးအကဲဖေးစီရဲ့ အကူအညီ လိုအပ်ပါတယ်၊ ဘာပဲပြောပြော ကျွန်တော်တို့ရဲ့ ပစ္စည်းတွေက မီးလျှံတောင် မသေမျိုးမြို့တော်ထဲမှာ ပျောက်သွားတာလေ"

စုန့်ဖူလီ၏ လေသံမှာ အကူအညီ တောင်းခံနေသော်လည်း မြို့စားမင်းဂေဟာအပေါ် အပြစ်တင်သည့် အငွေ့အသက်များ ပါဝင်နေချေသည်။

ဖေးစီသည် ဤကိစ္စကို ပေါ့ပေါ့တန်တန် မတွေးဝံ့ဘဲ အမြန်ထရပ်ကာ စုန့်ဖူလီနှင့်အတူ အခင်းဖြစ်ပွားရာသို့ လိုက်ပါသွားတော့သည်။

ဘဏ္ဍာတိုက်အတွင်းရှိ စင်များပေါ်တွင် ပစ္စည်းအတုများကို တင်ထားသည်ကို တွေ့ရ၏။

အကယ်၍ စွန်းလင်ထုံနှင့် ယန်ချန်ယွီတို့သာ ဤနေရာ၌ ရှိနေပါက ထိုအတုများ အားလုံးမှာ ခြွင်းချက်မရှိ သူတို့ကိုယ်တိုင် ပြုလုပ်ထားသော ပစ္စည်းများဖြစ်ကြောင်း သိရှိသွားကြပေလိမ့်မည်။

ဖေးစီသည် ပတ်ဝန်းကျင်ရှိ အစီအရင်ကို စစ်ဆေးလိုက်၏။

တိမ်တိုက်ကုန်သည်များ၏ ပစ္စည်းများကို ကာကွယ်ရန်အတွက် မြို့စားမင်းဂေဟာသည် မြို့စောင့်အစီအရင်ကြီးနှင့် ယာယီအစီအရင်ကို ပေါင်းစပ်ရန် ကြိုးပမ်းခဲ့ဖူးသည်။

နည်းပညာအရ ပြောရလျှင် ဤနေရာ၏ ကာကွယ်ရေးမှာ အားမနည်းလှပေ။

သို့သော်လည်း ဖေးစီ၏ မျက်စိရှေ့မှ အမှန်တရားမှာ တိမ်တိုက်ကုန်သည်အဖွဲ့၏ ပစ္စည်းများ အမှန်တကယ် အခိုးခံလိုက်ရခြင်းပင် ဖြစ်သည်။

"ဒါကတော့ ပြဿနာပဲ"

ဖေးစီ၏ မျက်ခုံးများ အတင်းတွန့်ချိုးသွား၏။

ဤဖြစ်ရပ်တစ်ခုတည်းကပင် ကြီးမားသော အမှားအယွင်းတစ်ခု ဖြစ်နေချေပြီ။

ကိုင်တွယ်ပုံ မမှန်ပါက မီးလျှံတောင် မသေမျိုးမြို့တော်၏ ဂုဏ်သိက္ခာကို ပြင်းထန်စွာ ထိခိုက်စေနိုင်ပေသည်။

မြို့တစ်မြို့သည် ကုန်သည်အဖွဲ့များ၏ လုံခြုံရေးကို အာမမခံနိုင်ပါက ထိုကုန်သည်များမှာ မြို့၏ စည်းကမ်းများကို ဆက်လက် လိုက်နာရန် မည်သို့ မျှော်လင့်နိုင်တော့မည်နည်း။

အကယ်၍ ဤယုံကြည်မှုကို ပြန်လည် မတည်ဆောက်နိုင်ပါက အချိန်ကြာလာသည်နှင့်အမျှ မီးလျှံတောင် မသေမျိုးမြို့တော်သို့ လာရောက်သော ကုန်သည်အဖွဲ့များ နည်းပါးသွားမည် ဖြစ်ပြီး မြို့၏ ဖွံ့ဖြိုးတိုးတက်မှုကို ဆိုးကျိုးများ သက်ရောက်စေပေလိမ့်မည်။

လောလောဆယ်တွင် မြို့စားမင်းဂေဟာသည် မီးလျှံတောင် မသေမျိုးမြို့တော်နှင့် ချော်ရည်နန်းတော်တို့ကို ကာကွယ်ရာတွင် တိမ်တိုက်ကုန်သည်များ၏ အကူအညီကို ရရှိရန် မျှော်လင့်နေခြင်း ဖြစ်သည်။

"ဘယ်သူကများ ဒီလို အရေးကြီးတဲ့ အချိန်မှာ တိမ်တိုက်ကုန်သည်တွေရဲ့ ရတနာတွေကို ခိုးသွားတာလဲ"

"တောက်... သူတို့ကတော့ သေထိုက်တာပဲ"

ဖေးစီသည် အလွန်အမင်း ဒေါသထွက်နေသော်လည်း ဒေါသကို ထိန်းချုပ်ကာ မိမိကိုယ်ကိုယ် တည်ငြိမ်အောင် အတင်းအကျပ် ကြိုးစားလိုက်ရသည်။

"ဒီကိစ္စအတွက် မိတ်ဆွေစုန့်ကို ကျွန်တော်တို့ သေချာပေါက် ရှင်းပြပါ့မယ်" ဖေးစီသည် စုန့်ဖူလီအား နှစ်သိမ့်စကား ပြောလိုက်၏။

အခင်းဖြစ်ပွားရာ နေရာကို ပိတ်ဆို့ထားရန် အမိန့်ပေးပြီးနောက် ဖေးစီသည် တိမ်တိုက်ကုန်သည်များ၏ နယ်မြေမှ ထွက်ခွာကာ မုန့်ခွေထံသို့ အစီရင်ခံပြီး ကျူးရွှမ်းကျိအား ဆက်သွယ်လိုက်တော့သည်။

"နတ်ဘုရားမုဆိုးကြီး၊ ကျွန်တော့်ကို ကူညီပါဦး" ဖေးစီသည် သူ၏ သိက္ခာကိုပင် ဂရုမစိုက်နိုင်တော့ဘဲ တောင်းပန်လိုက်ရချေသည်။

ဖေးစီ၏ အရေးပေါ် ဆက်သွယ်မှုကို ရရှိသောအခါ ကျူးရွှမ်းကျိသည် သက်ပြင်းကို သာသာလေး ချလိုက်မိပြီး မျက်နှာတွင် စိုးရိမ်ရိပ်များ ပေါ်လာ၏။

တိမ်တိုက်ကုန်သည်အဖွဲ့တွင် ဝိညာဉ်သန္ဓေတည်ခြင်းအဆင့်ရှိသော တိမ်တိုက်ဝေလငါး ရှိနေသဖြင့် သူတို့သည် အမှန်တကယ်ပင် အားကိုးရသော အင်အားစုတစ်ခု ဖြစ်ပေသည်။

အကယ်၍ ဝိညာဉ်သန္ဓေတည်ခြင်းအဆင့်ရှိသော မီးလျှံနတ်ဆိုး သားရဲများ တစ်ပြိုင်နက်တည်း တိုက်ခိုက်လာပါက တိမ်တိုက်ဝေလငါးက မုန့်ခွေ၏ ဝန်ထုပ်ဝန်ပိုး အချို့ကို ကူညီထမ်းပိုးပေးနိုင်မည်ဟု ကျူးရွှမ်းကျိ မျှော်လင့်ထားခြင်း ဖြစ်သည်။

"ငါ အပြင်ကို ထွက်ရတော့မယ့်ပုံပဲ"

"သေချာ စုံစမ်းစစ်ဆေးပြီး တရားခံကို ဖမ်းရမယ်၊ ခိုးယူခံရတဲ့ ရတနာတွေကိုလည်း ပြန်ရှာရမယ်"

"အဲဒါကို အခြေခံပြီး တိမ်တိုက်ကုန်သည်အဖွဲ့ကို ငါတို့ဘက်ပါလာအောင် စည်းရုံးရမှာပဲ..."

အခန်း(၂၇၆)

ဖေးစီ၏ အကူအညီတောင်းခံမှုကို လက်ခံရရှိပြီးနောက် ကျူးရွှမ်းကျိသည် အများအကျိုးကို ရှေးရှုကာ ချော်ရည်နန်းတော်မှ ချက်ချင်းပင် ထွက်ခွာလာခဲ့ချေသည်။

ကျင့်ကြံသူတစ်ဦးသည် ချော်ရည်နန်းတော်အတွင်းသို့ ဝင်ရောက်သည့်အခါ ရတနာအလင်းတန်း၏ လမ်းညွှန်မှုကို ရရှိသော်လည်း ပြန်လည်ထွက်ခွာသည့်အခါတွင်မူ ထိုသို့သော အထူးအခွင့်အရေးမျိုး မရရှိပေ။

သို့သော်လည်း မုန့်ခွေသည် ငြိမ်သက်စွာ ထိုင်ကြည့်မနေနိုင်ခဲ့ပါချေ။ သူသည် မိစ္ဆာသားရဲတို့၏ အစီအရင်ကို နှောင့်ယှက်ဖျက်ဆီးပေးပြီးနောက်တွင် ကျူးရွှမ်းကျိသည် လွတ်မြောက်သွားကာ ကောင်းကင်ယံသို့ ပျံတက်သွားနိုင်ခဲ့သည်။

ခဏအကြာတွင် သူသည် တိမ်တိုက်မြို့တော်သို့ ရောက်ရှိသွားပြီး စုန့်ဖူလီ၊ ဖေးစီတို့နှင့် တွေ့ဆုံလေသည်။

စုန့်ဖူလီသည် မျှော်လင့်ချက်အပြည့်၊ အရေးတကြီးဖြစ်နေသော မျက်နှာထားဖြင့် ဂါရဝပြုကာ "အကြီးအကဲကျူးရွှမ်းကျိ၊ ကျွန်တော်မျိုး အကြီးအကဲနာမည်ကို ကြားဖူးနားဝရှိတာ ကြာပါပြီ" ဟု ဆိုသည်။

"လေလံပွဲက အရမ်းနီးနေပြီ၊ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ ပစ္စည်းတွေ အားလုံး အခိုးခံလိုက်ရတယ်"

"ကျွန်တော်က အဝေးက လာခဲ့တာပါ၊ မီးလျှံတောင် မသေမျိုးမြို့တော်မှာ သူခိုးနဲ့ တိုးမယ်လို့ မထင်ထားခဲ့ဘူး။ အခုတော့ အကြီးအကဲရဲ့ စွမ်းဆောင်ရည်ကိုပဲ အားကိုးရတော့မယ်"

ကျူးရွှမ်းကျိက ခေါင်းညိတ်ပြလျက် "ကိစ္စမရှိပါဘူး၊ ဒီတစ်ခေါက်မှာ ကျွန်တော် အစွမ်းကုန် ကြိုးစားပေးပါ့မယ်" ဟု ဆိုလေသည်။

အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိသည်နှင့် ကျူးရွှမ်းကျိသည် တွန့်ဆုတ်မနေဘဲ သူ၏ ပညာရပ်ကို ချက်ချင်း ထုတ်ဖော်လိုက်ချေသည်။

အရင်းအမြစ် ရှာဖွေခြင်း ပညာရပ်။

ပါရမီတော်—ရွှေမျက်စိ။

ခဏအတွင်းမှာပင် သူသည် ယန်ချန်ယွီနှင့် စွန်းလင်ထုံတို့ အတူတကွ ပူးပေါင်းကာ ကုန်ပစ္စည်းအတုများကို ပြုလုပ်ပြီး စင်ပေါ်တွင် တင်နေသည်ကို မြင်လိုက်ရသည်။

အမှန်တရားသည် မျက်စိတစ်မှိတ်အတွင်း ပေါ်ပေါက်လာခဲ့ပြီ ဖြစ်သည်။

ကျူးရွှမ်းကျိသည် သက်ပြင်းချကာ ကျင့်စဉ်ကို ရုပ်သိမ်းလိုက်ပြီး စုန့်ဖူလီကို အဓိပ္ပာယ်ပါပါ စိုက်ကြည့်လိုက်သည်။

စုန့်ဖူလီ၏ မျက်နှာမှာ အလွန်စိုးရိမ်ပူပန်နေပုံရပြီး "အကြီးအကဲကျူး၊ ဘယ်လိုနေလဲ" ဟု မေးမြန်းလေသည်။

ဘေးနားရှိ ဖေးစီသည်လည်း ကျူးရွှမ်းကျိကို အသေအချာ စိုက်ကြည့်နေသည်။ ကျူးရွှမ်းကျိက ခေါင်းကို အနည်းငယ် ညိတ်ပြကာ "တွေ့ပြီ... ဒါက ယန်ချန်ယွီနဲ့ စွန်းလင်ထုံတို့ လက်ချက်ပဲ" ဟု ပြောလိုက်သည်။

"သူတို့နှစ်ယောက်က ကိုယ်ပျောက်နေပေမဲ့ ငါ့ရဲ့ ရွှေမျက်စိကနေ မလွတ်နိုင်ပါဘူး။ အသေအချာ စစ်ဆေးပြီးတဲ့နောက် အမှန်တရားကို ဖော်ထုတ်နိုင်ခဲ့ပြီ"

"ဗုဒ္ဓနှလုံးသားဂိုဏ်း" ဖေးစီသည် ဒေါသတကြီးဖြင့် သွားကြိတ်ကာ ပြောလိုက်သည်။

"ဗုဒ္ဓနှလုံးသားဂိုဏ်း..." စုန့်ဖူလီသည်လည်း ဒေါသထွက်နေသော ပုံစံဖြင့် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားသည်။

သူသည် ကျူးရွှမ်းကျိနှင့် ဖေးစီကို ကြည့်ကာ "အခု အဓိကက သူတို့လက်ထဲက ကျွန်တော့်ရတနာတွေကို ဘယ်လို ပြန်ယူမလဲဆိုတာပဲ" ဟု ဆိုသည်။

"အကြီးအကဲဖေးစီ၊ ကျွန်တော်တို့ မြို့ထဲကို စဝင်တုန်းက ရွှေအမြုတေအဆင့် တိုက်ပွဲကြောင့် ပျက်စီးနေတာတွေကို မြင်လို့ ကျွန်တော် အကြီးအကဲကို မေးခဲ့သေးတယ်နော်"

"အဲဒီတုန်းက အကြီးအကဲက ဘာပြဿနာမှ မရှိဘူး၊ မီးလျှံတောင် မသေမျိုးမြို့တော်က တော်တော်လေး ဘေးကင်းပါတယ်၊ မြို့စားမင်းဂေဟာက အခြေအနေကို ထိန်းချုပ်ထားနိုင်ပါတယ်လို့ ပြောခဲ့တယ်"

"ဒါပေမဲ့ အခု ကြည့်ဦး"

"မီးလျှံတောင် မသေမျိုးမြို့တော်မှာ မိစ္ဆာတွေက အတင့်ရဲနေကြတယ်၊ ကျွန်တော့်ရဲ့ ကုန်ပစ္စည်းတွေကလည်း အလွယ်တကူ အခိုးခံလိုက်ရပြီ"

"ဒီကိစ္စနဲ့ ပတ်သက်လို့ အကြီးအကဲ ဘာပြောချင်လဲ။ ကျွန်တော်က နစ်နာသူတစ်ယောက်အနေနဲ့ မြို့စားမင်းဂေဟာဆီက ရှင်းပြချက်တစ်ခုတော့ ရသင့်တယ် မဟုတ်လား"

"ကျွန်တော်တို့ တိမ်တိုက်ကုန်သည်တွေက အဝေးကြီးကနေ လာခဲ့ရတာ၊ အန္တရာယ်ပေါင်းများစွာကို ရင်ဆိုင်ပြီး ခက်ခက်ခဲခဲ လုပ်ကိုင်စားသောက်နေရတာ။ ဒါက လွယ်တယ်လို့ ထင်လား"

"လမ်းမှာ ဘာမှမဖြစ်ဘဲနဲ့ မသေမျိုးမြို့တော်ထဲရောက်မှ အခိုးခံရမယ်လို့ မထင်ထားခဲ့ဘူး"

ဖေးစီ၏ မျက်နှာမှာ အခက်တွေ့နေပုံ ရချေသည်။ သူက အတင်းအကျပ် ပြုံးပြကာ "မိတ်ဆွေစုန့်၊ စိတ်အေးအေးထားပါ။ ကျွန်တော်တို့ ပစ္စည်းတွေကို အစွမ်းကုန် လိုက်လံစုံစမ်းပြီး ပြန်ယူပေးပါ့မယ်" ဟု နှစ်သိမ့်ရန် ကြိုးစားသည်။

စုန့်ဖူလီက လက်နှစ်ဖက်ကို ဖြန့်ကာ "လေလံပွဲက နောက်နှစ်ရက်ဆို စတော့မှာ၊ အဲဒီလောက် အချိန်တိုအတွင်းမှာ ပြန်ယူနိုင်ပါ့မလား" ဟု မေးလေသည်။

"ဒါ့အပြင် လေလံပွဲသတင်းကလည်း ထွက်သွားတာ ကြာလှပြီ"

"တကယ်လို့ ပွဲမလုပ်ဖြစ်ဘူးဆိုရင် တိမ်တိုက်ကုန်သည်တွေရဲ့ ဂုဏ်သိက္ခာက ဘယ်မှာ သွားထားရမလဲ"

"အလိုလေး"

စုန့်ဖူလီသည် အလွန်အမင်း စိုးရိမ်ပူပန်ပြီး စိတ်မရှည်ဖြစ်နေသဖြင့် သူ၏ ပေါင်ကို ဖြန်းခနဲ ရိုက်လိုက်သည်။

ဖေးစီ၏ မျက်နှာမှာ တည်ကြည်သွားသည်။ ဗုဒ္ဓနှလုံးသားဂိုဏ်း၏ တပည့်ရင်းများလက်ထဲမှ ပစ္စည်းများကို အချိန်တိုအတွင်း ပြန်ယူရန်မှာ အလွန်ခက်ခဲပြီး မျှော်လင့်ချက် နည်းပါးကြောင်း သူ ကောင်းကောင်းသိသည်။

သို့သော်လည်း ဤကိစ္စကို ချောချောမောမောနှင့် ကောင်းမွန်စွာ ကိုင်တွယ်ဖြေရှင်းရပေမည်။

သူသည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး "ကျွန်တော် အခုချက်ချင်း အကြီးအကဲမုန့်ခွေဆီ သွားပြီး ဒီကိစ္စကို တင်ပြပါ့မယ်၊ ပြီးတော့ မြို့စားမင်းကို ဒီကိစ္စ ကိုင်တွယ်ပေးဖို့ တောင်းဆိုပါ့မယ်" ဟု ချက်ချင်း ပြောလိုက်သည်။

မထွက်ခွာမီ ဖေးစီသည် ကျူးရွှမ်းကျိကို ကြည့်ကာ စုံစမ်းစစ်ဆေးမှုကို ဆက်လက်လုပ်ဆောင်ပေးရန် အလေးအနက် တောင်းဆိုခဲ့သည်။

ကျူးရွှမ်းကျိက ခေါင်းညိတ်ကာ ချက်ချင်းသဘောတူသော်လည်း သူသည် အစွမ်းကုန်သာ ကြိုးစားနိုင်မည်ဖြစ်ပြီး နှစ်ရက်အတွင်း ရလဒ်ထွက်ရန် အာမမခံနိုင်ကြောင်း ပြောကြားခဲ့သည်။

ဖေးစီသည် သက်ပြင်းချကာ ဂါရဝပြုပြီး ထွက်ခွာသွားသည်။ သူ၏ ခန္ဓာကိုယ်သည် သက်တန့်ရှည်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားကာ မီးလျှံတောင်တန်း၏ ထိပ်ဖျားသို့ တန်းတန်းမတ်မတ် ပျံသန်းသွားလေသည်။

ကျူးရွှမ်းကျိသည် ကျန်ရစ်ခဲ့ပြီး စုန့်ဖူလီကို ခပ်ဖွဖွ ပြုံးပြကာ "မိတ်ဆွေစုန့်၊ ကျွန်တော့်မှာ မိတ်​ဆွေကို ပြောပြစရာ စိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းအရာတစ်ခု ရှိတယ်" ဟု ဆိုသည်။

"ကျွန်တော် ခုနက စုံစမ်းစစ်ဆေးချက်အရ ယန်ချန်ယွီနဲ့ စွန်းလင်ထုံတို့ ရတနာတွေကို ခိုးယူတုန်းက သူတို့က ဒီမှာ ရှိမနေဘူး၊ တိမ်တိုက်ဝေလငါးထဲမှာ ရှိနေတာ"

စုန့်ဖူလီသည် ချက်ချင်းပင် မျက်မှောင်ကြုတ်ကာ "အကြီးအကဲ ဘာကို ဆိုလိုတာလဲ" ဟု မေးသည်။

ကျူးရွှမ်းကျိသည် လက်ကို နောက်ပစ်ကာ ပြတင်းပေါက်မှတစ်ဆင့် ကောင်းကင်ယံတွင် လွင့်မျောနေသော တိမ်တိုက်ဝေလငါးကို ကြည့်လျက် "မိတ်ဆွေကုန်သည်အဖွဲ့ရဲ့ ရတနာတွေက တိမ်တိုက်ဝေလငါးထဲမှာ အခိုးခံရတာ၊ ဒါက မီးလျှံတောင် မသေမျိုးမြို့တော်မှာ အခိုးခံရတာနဲ့ မတူဘူး" ဟု ဆိုလေသည်။

"ပထမအချက်အတွက်ဆိုရင် တာဝန်က မိတ်ဆွေဘက်မှာပဲ ရှိတယ်။ ဒုတိယအချက်အတွက်ကျမှ တာဝန်က မီးလျှံတောင် မသေမျိုးမြို့တော်ရဲ့ မြို့စားမင်းဂေဟာမှာ ရှိတာ"

"မိတ်ဆွေ သဘောမတူဘူးလား"

စုန့်ဖူလီသည် အသက်ကို ပြင်းပြင်းရှူကာ ရယ်မောလိုက်ပြီး "အကြီးအကဲကျူး၊ စကားကို လျှောက်မပြောပါနဲ့။ တကယ်လို့ အကြီးအကဲက ကျွန်တော်တို့ကို မီးလျှံတောင် မသေမျိုးမြို့တော်အတွင်းမှာ ခိုးမှုဖြစ်ပွားသလို ဟန်ဆောင်တယ်၊ ဖုံးကွယ်တယ်၊ လှည့်ဖြားတယ်လို့ စွပ်စွဲချင်ရင် ခိုင်လုံတဲ့ သက်သေရှိဖို့ လိုလိမ့်မယ်" ဟု ဆိုသည်။

"အကြီးအကဲက နတ်ဘုရားမုဆိုး ဖြစ်နေပေမဲ့ အကြီးအကဲက တမ်းတခြင်းပြည် တော်ဝင်မိသားစုဝင် ဖြစ်နေသလို မီးလျှံတောင် မသေမျိုးမြို့တော်နဲ့လည်း တစ်ဖက်တည်းသား ဖြစ်နေတယ်။ ဒါကြောင့် အကြီးအကဲရဲ့ သက်သေထွက်ဆိုချက်ကို ခိုင်လုံတဲ့ သက်သေအဖြစ် သတ်မှတ်လို့ မရနိုင်ဘူး"

ကျူးရွှမ်းကျိသည် နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး စုန့်ဖူလီကို စူးစူးဝါးဝါး စိုက်ကြည့်ကာ "ကျွန်တော်က တော်ဝင်မိသားစုဝင်ဆိုတာ မိတ်ဆွေ သိတာပဲ၊ သက်သေမရှိရင်တောင် မိတ်ဆွေကို အပြစ်ပေးဖို့ ကျွန်တော့်မှာ ဘာအတားအဆီး ရှိမှာလဲ" ဟု မေးလိုက်သည်။

စုန့်ဖူလီသည် ကျူးရွှမ်းကျိ၏ ထက်မြက်သော အရှိန်အဝါကို ရှောင်လွှဲရန် နောက်သို့ အနည်းငယ် ဆုတ်လိုက်ကာ သူ၏ လေသံမှာ ပြတ်သားသော်လည်း ပျော့ပျောင်းနေဆဲ ဖြစ်သည်။

- "တမ်းတခြင်းပြည်ရဲ့ နယ်မြေထဲမှာ အကြီးအကဲက အိမ်ရှင်ဖြစ်ပြီး ကျွန်တော်တို့က ဧည့်သည်ပါ။ ဒါကြောင့် အကြီးအကဲက ကျွန်တော်တို့လို အပြင်လူတွေကို ကိုင်တွယ်ဖို့ လွယ်ကူမှာပေါ့"

"တကယ်လို့ အကြီးအကဲက ကျွန်တော်တို့ကို တကယ်ပဲ ကိုင်တွယ်ချင်တယ်ဆိုရင် ကျွန်တော်တို့မှာ လက်ခံရုံကလွဲလို့ တခြားရွေးချယ်စရာ မရှိပါဘူး"

"ဒါပေမဲ့ ဂုဏ်သရေရှိတဲ့ ကျူးရွှမ်းကျိအနေနဲ့ အဲဒီလို တကယ်လုပ်ပါ့မလား"

"အမြဲတမ်း ဖြောင့်မတ်လှတဲ့ ကျူးနတ်ဘုရားမုဆိုး၊ တမ်းတခြင်းပြည် တော်ဝင်မိသားစုရဲ့ ရွှေအမြုတေအဆင့် ပြယုဂ်ဖြစ်တဲ့ ပုဂ္ဂိုလ်တစ်ယောက်က ခိုင်လုံတဲ့ သက်သေမရှိဘဲ သံသယရှိရုံနဲ့ တစ်ဖက်လူကို အရေးယူမှာ မဟုတ်ဘူး မဟုတ်လား"

"ကျွန်တော် စုန့်ဖူလီကတော့ အဲဒါကို မယုံကြည်ပါဘူး"

စကားအဆုံးတွင် စုန့်ဖူလီ၏ အမူအရာမှာ ခိုင်မာနေပြီး သူ၏ လေသံမှာလည်း ပြတ်သားနေချေသည်။

ထိုအချိန်တွင် ရွှေအမြုတေအဆင့် ကျင့်ကြံသူ နှစ်ဦးကြားရှိ ထိပ်တိုက်ရင်ဆိုင်မှုသည် မည်သည့် ဓားသွားထက်မဆို ပို၍ ထက်မြက်နေသည်။

ကျူးရွှမ်းကျိသည် မျက်ခုံးပင့်လိုက်မိသည်။

သူသည် စုန့်ဖူလီကို အသေအချာ စိုက်ကြည့်လိုက်ရာ သူ၏ ဘေးပတ်လည်ရှိ ထက်မြက်သော အရှိန်အဝါများမှာ လျော့ပါးသွားပြီး လေသံမှာလည်း ပျော့ပြောင်းသွားသည်။

"မိတ်ဆွေက ကျွန်တော့်အကြောင်းကို အသေအချာ စုံစမ်းထားတာပဲ၊ ကျွန်တော့်ရဲ့ ပုံမှန်အပြုအမူတွေနဲ့ ဖန့်ချင်းအပေါ် ထားတဲ့ လေးစားမှုကိုတောင် သိနေတာကိုး"

"မိတ်ဆွေဘက်ကလည်း ချော်ရည်နန်းတော်ရဲ့ အကျိုးအမြတ်ကို ခွဲဝေယူချင်နေတာ ထင်တယ်"

စကားမှာ ဤအထိ ရောက်လာသဖြင့် စုန့်ဖူလီသည်လည်း ဆက်လက်ဖုံးကွယ်ထားရန် အကြောင်းမရှိတော့ပေ။

သူက ပွင့်ပွင့်လင်းလင်းပင် ဝန်ခံလိုက်သည် - "ဟုတ်ပါတယ်၊ ဘုရင်မင်းမြတ် ထုတ်ပြန်ထားတဲ့ လူခေါ်အမိန့်ပြန်တမ်းကို ကြားတာနဲ့ ကျွန်တော်တို့ ဒီကို လာခဲ့တာပါ"

"တိမ်တိုက်ကုန်သည်တွေအနေနဲ့ ကျွန်တော်တို့က အကျိုးအမြတ်မရှိတဲ့ အလုပ်ကို ဘယ်တော့မှ မလုပ်ဘူး"

"ကျွန်တော်တို့ လူခေါ်အမိန့်ပြန်တမ်းကို အသေအချာ လေ့လာကြည့်ပြီး စေ့စေ့စပ်စပ် စဉ်းစားကြည့်တဲ့အခါ ကျွန်တော်တို့မှာလည်း အရည်အချင်း ပြည့်မီတယ်လို့ တွေ့ရတယ်၊ ဟုတ်တယ် မဟုတ်လား"

ကျူးရွှမ်းကျိသည် ခပ်တိုးတိုး ရယ်မောကာ ခေါင်းညိတ်ပြလျက် "ဒါပေါ့၊ မိတ်ဆွေတို့ အရည်အချင်း ပြည့်မီတာပေါ့။ တမ်းတခြင်းပြည် တော်ဝင်မိသားစုဝင် တစ်ယောက်အနေနဲ့ ကျွန်တော်ကြိုဆိုပါတယ်၊ ပြီးတော့ ကျွန်တော်တို့ အတူတူ ပူးပေါင်းဆောင်ရွက်ဖို့ မျှော်လင့်ပါတယ်" ဟု ပြောလိုက်သည်။

ကျူးရွှမ်းကျိ ပြုံးသည်ကို မြင်သောအခါ စုန့်ဖူလီသည်လည်း ရယ်မောလိုက်ရာ အခြေအနေမှာ များစွာ ပျော့ပြောင်းသွားချေသည်။

သူက လေးနက်သော လေသံဖြင့် "အကြီးအကဲကျူးရဲ့ ရိုးသားမှုကို ကျွန်တော် ခံစားရပါတယ်" ဟု ဆိုသည်။

စုန့်ဖူလီက ဆိုလိုသည်မှာ ကျူးရွှမ်းကျိသည် အမှန်တရားကို သိရှိသွားသော်လည်း၊ ဆိုလိုသည်မှာ ယန်ချန်ယွီနှင့် စွန်းလင်ထုံတို့ တိမ်တိုက်ဝေလငါးအတွင်း ရတနာများ ခိုးယူခဲ့ခြင်းကို ဖော်ထုတ်ခြင်းမပြုဘဲ တိမ်တိုက်ကုန်သည်များအတွက် ဖုံးကွယ်ပေးထားခြင်းကို ဆိုလိုခြင်း ဖြစ်သည်။

ကျူးရွှမ်းကျိသည် တော်ဝင်မိသားစုဝင် တစ်ဦးအနေဖြင့် ကျူးမျိုးနွယ်စု၏ အကျိုးစီးပွားကို ထည့်သွင်းစဉ်းစားရပေမည်။

အမှန်တရားကို ဖုံးကွယ်လိုသော သူ၏ ရည်ရွယ်ချက်မှာ သိသာလှသည်၊ စုန့်ဖူလီတို့အဖွဲ့နှင့် မဟာမိတ်ဖွဲ့ရန် ရည်ရွယ်ခြင်းပင် ဖြစ်သည်။

အဆုံးတွင်မူ ချော်ရည်နန်းတော်အတွက် အားပြိုင်မှုတွင် ကျူးရွှမ်းကျိသည် မုန့်ခွေနှင့် ရင်ဆိုင်ရရန် အကြောင်းရှိနေသည်။ ကျူးရွှမ်းကျိမှာ ရွှေအမြုတေအဆင့်သာ ရှိပြီး မုန့်ခွေမှာမူ ဝိညာဉ်သန္ဓေတည်ခြင်းအဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ ကျင့်ကြံမှုအဆင့်မှာ ကွာခြားချက် ကြီးမားလှသည်။

ထို့ကြောင့် ကျူးရွှမ်းကျိသည် စုန့်ဖူလီတို့အဖွဲ့နှင့် တိမ်တိုက်ဝေလငါး၏ အင်အားကို အသုံးချကာ မုန့်ခွေကို အနည်းငယ် တန်ပြန်နိုင်ရန် မဟာမိတ်ဖွဲ့ရန် ကြိုးစားနေခြင်းပင် ဖြစ်သည်။

...

အခြေအနေများမှာ ဖေးစီ မျှော်လင့်ထားသည်ထက် ကျော်လွန်သွားခဲ့သည်။

သူသည် မီးလျှံတောင်တန်း၏ ထိပ်ဖျားသို့ ပျံသန်းသွားကာ မုန့်ခွေနှင့် တွေ့ဆုံလေသည်။

မုန့်ခွေသည် ကောင်းကင်ယံရှိ တိမ်တိုက်ဝေလငါးကို ကြည့်ကာ အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးမှ ခေါင်းကို အနည်းငယ် ညိတ်လိုက်သည်။ သူသည် ဖေးစီအား တိမ်တိုက်ကုန်သည်များနှင့် ကောင်းမွန်စွာ ညှိနှိုင်းရန် ခွင့်ပြုချက်ပေးခဲ့ပြီး အချို့သော လိုက်လျောမှုများကိုလည်း ပြုလုပ်ရန် ခွင့်ပြုခဲ့သည်။

သူ၏ အုပ်ချုပ်မှု စွမ်းဆောင်ရည် အောင်မြင်မှုအတွက် မုန့်ခွေသည် ဆိုးကျိုးနည်းမည့် လမ်းကို ရွေးချယ်ရမည်ဖြစ်ရာ တိမ်တိုက်ကုန်သည်များကို မိမိဘက်ပါအောင် ဆွဲဆောင်ရန် ဆုံးဖြတ်လိုက်သည်။

"ငါ့လို လူအိုကြီးတစ်ယောက်က ဝိညာဉ်တွေရဲ့ လက်ခုပ်ထဲက ရေ ဖြစ်နေရလိမ့်မယ်လို့ တစ်ခါမှ မထင်ခဲ့ဖူးဘူး"

မုန့်ခွေ၏ အကြည့်မှာ တိမ်တိုက်လွှာများကို ဖြတ်ကျော်ကာ တစ်ခုလုံးသော ချော်ရည်နန်းတော်ကို ငုံ့ကြည့်လိုက်ရာ သူ၏ မျက်ဝန်းများတွင် ဒေါသရိပ်များ ပြည့်နှက်နေသည်။

သူ၏ အမြင်တွင် မီးလျှံတောင်တန်းကို ဓာတ်ငါးပါး အမြောက်မျှော်စင်ဖြင့် ပစ်ခတ်မှုမှာ နဂါးလိပ် မီးလျှံဝိညာဉ်ကြောင့် ဖြစ်သည်။

ကျင့်ကြံသူအချို့၏ ပူးပေါင်းဆောင်ရွက်မှု ရှိသော်လည်း နန်းတော်ဝိညာဉ်အနေဖြင့် နဂါးလိပ် မီးလျှံဝိညာဉ်သည် အနည်းဆုံးတော့ အဓိက ကြံရာပါပင် ဖြစ်ရမည်။

"ငါ့ရဲ့ မုန့်မျိုးနွယ်စုက အနာဂတ်မှာ မသေမျိုးနန်းတော်ကို ထိန်းချုပ်နိုင်တဲ့အခါကျရင် ဒီနဂါးလိပ် မီးလျှံဝိညာဉ်ကို ငါ အသေအချာ ပြင်းပြင်းထန်ထန် အပြစ်ပေးမယ်"

"ဒါပေမဲ့ အခုလောလောဆယ်တော့ ငါ ဒီဝိညာဉ်နဲ့ တိတ်တဆိတ် ဆက်သွယ်ပြီး အပေါ်ယံမှာတော့ ဟန်ဆောင်ကိုင်တွယ်ရမယ်"

ဤကာလအတွင်း မုန့်ခွေသည် သူ၏ လက်အောက်ငယ်သားများကို နဂါးလိပ် မီးလျှံဝိညာဉ်နှင့် အကြိမ်ကြိမ် ဆက်သွယ်ရန် အမိန့်ပေးခဲ့သော်လည်း ကြိုးပမ်းမှုအားလုံးမှာ အချည်းနှီးသာ ဖြစ်ခဲ့ပြီး မည်သည့် တိုးတက်မှုမျှ မရှိခဲ့ပေ။

"ကျူးရွှမ်းကျိက လျှို့ဝှက်ချက်အချို့ကို သိနေနိုင်တယ်။ တမ်းတခြင်းပြည် တော်ဝင်မိသားစုက ဘိုးဘေးဆရာကြီး သုံးဦးနဲ့ နက်နက်ရှိုင်းရှိုင်း ဆက်နွှယ်မှု ရှိခဲ့တာ၊ ဒါပေမဲ့ သူ့ကို ဒီကိစ္စနဲ့ ပတ်သက်ပြီး စုံစမ်းဖို့ဆိုတာ အလွန်သတိထားရမယ်"

မုန့်ခွေ၏ အကြည့်မှာ နက်ရှိုင်းလှသည် - "ကျူးရွှမ်းကျိက အကဲခတ် အရမ်းတော်တာ။ တကယ်လို့ သူက နန်းတော်ဝိညာဉ်ရဲ့ နောက်ကွယ်က ရည်ရွယ်ချက်တွေကို သိသွားရင် ပြဿနာတွေ အများကြီး တက်လာနိုင်တယ်"

မုန့်ခွေသည် နန်းတော်ဝိညာဉ်၏ လျှို့ဝှက်ချက်များကို ယာယီအားဖြင့် ဖုံးကွယ်ထားခဲ့သည်။ သူ၏ အမြင်တွင် တမ်းတခြင်းပြည် တော်ဝင်မိသားစုကို ကိုယ်စားပြုသော ကျူးရွှမ်းကျိသည် သူ၏ အဓိက ပြိုင်ဘက်သာ ဖြစ်သည်။

တစ်ဖက်တွင်မူ ကျူးရွှမ်းကျိသည် စုန့်ဖူလီနှင့် တိတ်တဆိတ် နှုတ်ကတိပြုခဲ့ပြီး အင်အားကြီးသူကို ပြန်လည်ရင်ဆိုင်ရန် အင်အားနည်းသူများ စုစည်းရန် ကြိုးစားနေသည်။

စုန့်ဖူလီသည် တော်ဝင်မိသားစုနှင့် ဒေသခံ အာဏာပိုင်များကြားရှိ အားပြိုင်မှုကို အသုံးချကာ အခိုးခံရသော ရတနာများအတွက် လျော်ကြေးရယူရန် ကြိုးပမ်းနေရာ အောင်မြင်ရန် အခွင့်အလမ်း ကောင်းနေချေသည်။

ဤသုံးပွင့်ဆိုင် အားပြိုင်မှုများကြောင့် သူတို့၏ အင်အားနှင့် အချိန်များမှာ သိသိသာသာ ကုန်ဆုံးသွားခဲ့သည်။

ရလဒ်အနေဖြင့် နင်းကျော့နှင့် သူ၏ အဖွဲ့မှာ အသက်ရှူချောင်ရာ ရရှိခဲ့သည်။

ချော်ရည်နန်းတော်။

နဂါးလိပ် မီးလျှံဝိညာဉ်သည် သူ၏ စိတ်လှုပ်ရှားမှုကို မထိန်းနိုင်တော့ဘဲ နင်းကျော့ကို နောက်တစ်ကြိမ် တက်တက်ကြွကြွ ဆက်သွယ်လိုက်ပြန်သည် - "သခင်... သခင်လေး... သတင်းကောင်းပဲ၊ ကျူးရွှမ်းကျိ ထွက်သွားပြီ၊ သူ နန်းတော်ကနေ ထွက်သွားပြီ"

"အခုက အရေးယူရမယ့်အချိန်ပဲ၊ နင်းရှောင်ဟွေ့ကို ဖယ်ရှားလိုက်တော့"

ယန်ချန်ယွီသည်လည်း ကျူးရွှမ်းကျိ၏ လှုပ်ရှားမှုကို အတည်ပြုပေးခဲ့သည်။

စွန်းလင်ထုံသည် နင်းကျော့ရှိရာသို့ တိတ်တဆိတ် ဝင်ရောက်လာပြီး "ညီလေး၊ ငါ အားလုံး စုံစမ်းပြီးပြီ" ဟု အသိပေးသည်။

"အဲဒီ စုန့်ဖူလီက တကယ့်ကို ကောက်ကျစ်တဲ့ ကုန်သည်ပဲ။ သူက ပစ္စည်းတွေ အခိုးခံရတာကို စောစောစီးစီး သိနေတာဖြစ်ရမယ်၊ ဒါပေမဲ့ သူက တိတ်တိတ်နေပြီး ပစ္စည်းအတုတွေကို မသေမျိုးမြို့တော်ထဲ သယ်လာတယ်၊ ပြီးမှ မြို့စားမင်းဂေဟာဆီက လျော်ကြေးရအောင် အခင်းဖြစ်ပွားပုံကို လုပ်ကြံဖန်တီးခဲ့တာ"

"ပစ္စည်းတွေ အခိုးခံရတဲ့ သတင်းက အခု မသေမျိုးမြို့တော်တစ်ခုလုံးကို ပျံ့နှံ့နေပြီ၊ ဒါက စုန့်ဖူလီက သူ့ကိုယ်သူ အပြစ်ကင်းကြောင်း သက်သေပြဖို့နဲ့ မြို့စားမင်းဂေဟာကို ဖိအားပေးဖို့ တမင်လုပ်ခဲ့တာ ဖြစ်ရမယ်"

"ကျူးရွှမ်းကျိက ဒီတစ်ခေါက် နန်းတော်ကနေ ထွက်သွားတာက ဒီခိုးမှုကြီးကို စုံစမ်းဖို့ပဲ"

"အခု သူ နန်းတော်မှာ မရှိတဲ့အချိန်က အရေးယူဖို့ အကောင်းဆုံးအချိန်ပဲ"

"ငါ အရေးယူမယ်၊ ယန်ချန်ယွီက တိတ်တဆိတ် စောင့်ကြည့်ပေးလိမ့်မယ်။ ငါတို့ နင်းရှောင်ဟွေ့ကို ဖယ်ရှားပြီး ဒီအဓိက ခြိမ်းခြောက်မှုကို ဖယ်ရှားပစ်နိုင်ပြီ"

စွန်းလင်ထုံသည် အရေးယူဆောင်ရွက်ရန် အလွန် စိတ်အားထက်သန်နေချေသည်။

သို့သော်လည်း နင်းကျော့သည် မျက်မှောင်ကြုတ်ကာ အခန်းထဲတွင် ခေါက်တုံ့ခေါက်ပြန် လျှောက်နေသည်။

"ဟင့်အင်း၊ ခဏလောက် ထပ်စောင့်ဦး" နင်းကျော့သည် တွန့်ဆုတ်ကာ စိတ်နှစ်ခွဖြစ်နေသော်လည်း အဆုံးတွင် စွန်းလင်ထုံကို ယာယီအားဖြင့် တားဆီးထားလိုက်သည်။

စွန်းလင်ထုံသည် နားမလည်နိုင်ဖြစ်နေသော်လည်း ဆယ်နှစ်တာ နားလည်မှုရှိခဲ့ခြင်းကြောင့် နင်းကျော့တွင် ဤကဲ့သို့ ရွေးချယ်ရခြင်းအတွက် အကြောင်းပြချက် တစ်ခုခု ရှိရမည်ကို သူ သဘောပေါက်လိုက်သည်။

"ကောင်းပြီ၊ ငါ သူမရဲ့ အနားမှာပဲ နေပြီး မင်းရဲ့ အချက်ပြမှုကို စောင့်နေပါ့မယ်"

"ဝိညာဉ်ခေါ်ယူခြင်းပညာရပ်ကို သုံးပြီး ငါ့ကို ဆက်သွယ်လိုက်"

"မင်း စကားတစ်ခွန်း ပြောလိုက်တာနဲ့ ငါ ချက်ချင်း အရေးယူမယ်"

စွန်းလင်ထုံနှင့် နင်းကျော့တို့ သဘောတူညီမှု ရရှိသွားကြသည်။

နဂါးလိပ် မီးလျှံဝိညာဉ်မှာမူ စိတ်မရှည်စွာ စောင့်ဆိုင်းနေသော်လည်း နင်းကျော့ သို့မဟုတ် စွန်းလင်ထုံတို့ထံမှ မည်သည့် လှုပ်ရှားမှုကိုမျှ မမြင်ရပေ။

၎င်းသည် စိတ်ပျက်လက်ပျက်ဖြင့် ပလ္လင်ပေါ်တွင် ခြေဆောင့်လိုက်သည်။

၎င်းသည် တစ်တွတ်တွတ် မြည်တွန်တောက်တီးနေသည် - "နင်းကျော့၊ နင်းကျော့။ မင်း ဘာကို စောင့်နေတာလဲ။ ဘာကို တွန့်ဆုတ်နေတာလဲ"

"အရေးယူတော့၊ အမြန် အရေးယူတော့"

"နင်းရှောင်ဟွေ့က သူမရဲ့ ရာထူးကို အတည်ပြုနိုင်တော့မယ်၊ အလိုလေး။ တကယ်ပါပဲ၊ ကလေးတစ်ယောက်ကို အရေးကြီးတဲ့ အလုပ်တွေ ပေးအပ်လို့ မရပါလား"

ဝူး... ဝူး...

နဂါးလိပ် မီးလျှံဝိညာဉ်သည် ဟိန်းဟောက်ကာ စိတ်ပျက်လက်ပျက်ဖြင့် မီးလျှံတိုင်များကို မှုတ်ထုတ်နေလေတော့သည်။

All Chapters