အခန်း (၂၇၇-၂၇၈)
Vol. 15 Ch. 277-278
အခန်း (၂၇၇) - အရိပ်နက် မိစ္ဆာကျင့်ကြံသူ ဖြစ်နေသလား
ဖေးစီသည် သတင်းပို့ပြီးနောက် မုန့်ခွေ၏ ခွင့်ပြုချက်ဖြင့် ရွှမ်းလင်းမြို့သို့ အပြေးအလွှား ပြန်လာခဲ့လေသည်။
ကျူးရွှမ်းကျိနှင့် စုန့်ဖူလီတို့ကို တစ်ဖန်ပြန်၍ တွေ့ဆုံသောအခါ သူသည် ရှေးဦးစွာ အကြီးအကဲကျူးထံသို့ အသံလှိုင်းဖြင့် စကားပါးလိုက်သည်မှာ "အကြီးအကဲကျူး... အခုအချိန်မှာ မီးလျှံတောင် မသေမျိုးမြို့တော်နဲ့ ချော်ရည်နန်းတော်တို့ဟာ ဝိုင်းရံပိတ်ဆို့ ခံထားရပါတယ်၊ ဒီဘေးဒုက္ခကို အတူတကွ ကျော်ဖြတ်နိုင်ဖို့ ငါတို့တွေ စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ကြရပါမယ်"
"လက်ရှိမှာတော့ သားရဲဒီရေရန်ကို ပိုပြီးထိရောက်စွာ ခုခံနိုင်ဖို့နဲ့ ဒီဘေးအန္တရာယ်ကနေ လွတ်မြောက်ဖို့အတွက် စုန့်ဖူလီနဲ့ သူ့လူတွေရဲ့ အကူအညီကိုလည်း ငါတို့ အားကိုးဖို့ လိုအပ်နေပါတယ်"
"စုန့်ဖူလီနဲ့ လျော်ကြေးကိစ္စတွေ ဆွေးနွေးဖို့အတွက် ကျွန်တော်ဟာ အရှင်မုန့်ခွေဆီကနေ လုပ်ပိုင်ခွင့် အာဏာရရှိထားပြီးပါပြီ"
"သူကတော့ ဈေးနှုန်းကို အဆမတန် တောင်းဆိုလာမှာကို ကျွန်တော် စိုးရိမ်မိပါတယ်... ခက်တာက ကျွန်တော်တို့ရဲ့ အခြေအနေက တကယ်ပဲ အားနည်းတဲ့ဘက်မှာ ရှိနေတာပါ"
"ဒါကြောင့် အကြီးအကဲကျူး အနေနဲ့ ကျွန်တော်တို့ကို တမ်းတခြင်းပြည်ရဲ့ နိုင်ငံသားချင်းဖြစ်တယ်ဆိုတာ ငဲ့ညှာသောအားဖြင့် ကူညီပေးပါလို့ မျှော်လင့်မိပါတယ်"
ကျူးရွှမ်းကျိက ခေါင်းညိတ်ပြကာ ချက်ချင်းပင် အသံလှိုင်းဖြင့် ပြန်လည်ဖြေကြားသည်မှာ "ငါဟာလည်း မုန့်ခွေနဲ့ တစ်နန်းတော်တည်းက အရာရှိတစ်ယောက်ပါပဲ၊ ငါတို့အားလုံးဟာ တစ်ကိုယ်တည်း တစ်စိတ်တည်းပါပဲ၊ အခုလို လှေခွက်ချည်းကျန် အလံမလှဲရမယ့် အခြေအနေမျိုးမှာ ငါတို့ အစွမ်းကုန် ကြိုးစားကြရမှာပေါ့"
"စိတ်မပူပါနဲ့... ငါလည်း ဆွေးနွေးပွဲမှာ ပါဝင်ပါ့မယ်၊ နန်းတွင်းမိသားစုရဲ့ ကိစ္စအချို့မှာ ငါမှာ ဆုံးဖြတ်ပိုင်ခွင့် ရှိပါတယ်"
သူ၏ ပုဂ္ဂိုလ်ရေး အမြင်အရသော်လည်းကောင်း၊ တိမ်မြုပ်နေသော ကတိကဝတ်များကြောင့်သော်လည်းကောင်း ကျူးရွှမ်းကျိသည် ဆွေးနွေးပွဲတွင် တက်ကြွစွာ ပါဝင်ရန် ဆုံးဖြတ်လိုက်လေသည်။
ကျူးရွှမ်းကျိ၏ အားပေးကူညီမှုကို ရရှိသည်တွင် ဖေးစီသည် တိတ်တဆိတ် သက်ပြင်းချကာ စိတ်အေးသွားရတော့သည်။
သူသည် စုန့်ဖူလီအား မြို့စားမင်းဂေဟာသို့ ဖိတ်ကြားကာ ကျူးရွှမ်းကျိအားလည်း အတူလိုက်ပါရန် အကူအညီတောင်း၍ ဆွေးနွေးပွဲကို စတင်လိုက်လေသည်။
ခိုးယူခံထားရသော တန်ဖိုးကြီးပစ္စည်းများကို နှစ်ရက်အတွင်း ပြန်လည်ခြေရာခံ၍ ကုန်သည်အဖွဲ့ထံသို့ ပေးအပ်ရန်မှာ မဖြစ်နိုင်သည်မှာ သိသာလှပေသည်။
မြို့စားမင်းဂေဟာကမူ ကုန်သည်အဖွဲ့နှင့် ပူးပေါင်း၍ သားရဲဒီရေရန်ကို တွန်းလှန်လိုနေခြင်း ဖြစ်သည်။
ရိုးသားမှုကို ပြသသောအားဖြင့် ၎င်းတို့သည် စုန့်ဖူလီအား ဆွဲဆောင်နိုင်ရန်အတွက် လျော်ကြေးပေးရေးကိစ္စကို ဆွေးနွေးရန် ဆုံးဖြတ်လိုက်ကြခြင်း ဖြစ်၏။
ဆွေးနွေးပွဲမှာ ခက်ခဲလှပေသည်၊ သုံးဖက်သုံးတန် ရှုပ်ထွေးပွေလီစွာဖြင့် အခြေအနေမှာ အတော်ပင် တင်းမာနေတော့သည်။
အပေါ်ယံတွင် ကျူးရွှမ်းကျိနှင့် ဖေးစီတို့သည် စုန့်ဖူလီနှင့် ဆွေးနွေးရာတွင် ပူးပေါင်းဆောင်ရွက်နေသကဲ့သို့ ရှိသော်လည်း၊ တကယ်တမ်းတွင် ကျူးရွှမ်းကျိနှင့် စုန့်ဖူလီတို့၌ တိတ်တဆိတ် နားလည်မှုတစ်ခု ရှိနေကြပြီး မြို့စားမင်းဂေဟာကိုသာ ပိုမိုသွေးထွက်သံယို ဖြစ်စေချင်နေကြခြင်း ဖြစ်သည်။
နှစ်နာရီခန့် ကြာပြီးနောက်တွင် လျော်ကြေးပေးရေး ဆွေးနွေးပွဲမှာ အဆုံးသတ်ရလဒ် ထွက်ပေါ်လာလေသည်။
ဧည့်ခန်းဆောင်အတွင်းမှ စုန့်ဖူလီ၏ ရွှင်မြူးလှသော ရယ်မောသံမှာ ထွက်ပေါ်လာတော့သည်။
ဖေးစီ၏ မျက်နှာမှာမူ အလွန်ပင် ညှိုးငယ်နေချေပြီ။
မြို့စားမင်းဂေဟာအနေဖြင့် အဖိုးအခ အမြောက်အမြား ပေးဆောင်လိုက်ရကာ သူသည်လည်း မုန့်ခွေ သတ်မှတ်ပေးထားသော နောက်ဆုံးစည်းကိုပင် မနည်းထိန်းထားလိုက်ရခြင်း ဖြစ်သည်။
ကျူးရွှမ်းကျိသည်လည်း သူ၏ နဖူးမှ ချွေးများကို သုတ်လိုက်ရသည်၊ သူသည်လည်း တမ်းတခြင်းပြည် နန်းတွင်းမိသားစုကိုယ်စား တန်ဖိုးကြီးလှသော လျော်ကြေးများကို ပေးအပ်ခဲ့ရသောကြောင့် ဖြစ်၏။
စုန့်ဖူလီမှာမူ အမြတ်အစွန်းကြီးစွာ ရရှိသွားခဲ့လေပြီ။
သူသည် ချော်ရည်နန်းတော်ရှိ ပြိုင်ပွဲများတွင် တရားဝင် ပါဝင်ခွင့် ရရှိခဲ့ရုံသာမက၊ သားရဲဒီရေ အန္တရာယ်ကို အခွင့်ကောင်းယူကာ မြို့စားမင်းဂေဟာနှင့် တမ်းတခြင်းပြည် နန်းတွင်းမိသားစုတို့ထံမှ ၎င်းတို့၏ အကူအညီအတွက် အဖိုးအခ အမြောက်အမြားကိုပါ ရယူနိုင်ခဲ့ခြင်း ဖြစ်သည်။
အဆုံးသတ်တွင်မူ ခိုးယူခံရသော ရတနာများကြောင့် ဖြစ်ပေါ်ခဲ့သော ဆုံးရှုံးမှုများမှာ လုံးဝပြန်လည်ပြည့်စုံသွားသည့်အပြင် အမြတ်အစွန်းကြီးစွာပင် ရရှိခဲ့တော့သည်။
သုံးဦးသုံးဖက်လုံးသည် အသေးစိတ်အချက်အလက်များကို အတည်ပြုပြီးနောက် စာချုပ်တွင် အလျင်အမြန် လက်မှတ်ရေးထိုးလိုက်ကြလေသည်။
ထိုအချိန်တွင် တံခါးကို ခေါက်သံပေါ်လာကာ မြို့စားမင်းဂေဟာမှ ကျင့်ကြံသူတစ်ဦးမှာ သတင်းပို့ရန် ရောက်ရှိလာသည်။
ဤကဲ့သို့သော အချိန်တွင် သတင်းလာပို့ခြင်းမှာ အရေးကြီးသော ကိစ္စရပ်တစ်ခု ဖြစ်နေပေလိမ့်မည်။
ဖေးစီသည် မြို့ကာကွယ်ရေးတွင် ပြဿနာတစ်ခုခု ရှိနေပြီဟု ထင်မှတ်ကာ လက်အောက်ငယ်သားကို အလျင်အမြန် ဝင်ခွင့်ပြုလိုက်ရာ "ဘဏ္ဍာတိုက်စောင့်၏ ငွေကြေးအလွဲသုံးစားမှုနှင့် တာဝန်ဝတ္တရား ပျက်ကွက်မှု" အကြောင်းကို ကြားလိုက်ရလေသည်။
အဖြစ်မှာ သားရဲများ တိုက်ခိုက်နေစဉ်အတွင်း မီးလျှံတောင် မသေမျိုးမြို့တော်သည် ခုခံကာကွယ်နေရခြင်း ဖြစ်သည်။ ဖေးစီသည် အရေးကြီးသော အချိန်တွင် အသုံးပြုနိုင်ရန်အတွက် မီးလျှံသီးများကို အမြောက်အမြား အသုံးချ၍ ပေါက်ကွဲစေတတ်သော ပစ္စည်းများ ပြုလုပ်ရန် စိတ်ကူးမိသည်။
သို့သော်လည်း လက်အောက်ငယ်သားများက မီးလျှံသီးများကို သွားရောက်ထုတ်ယူသောအခါတွင် မီးလျှံသီး အမြောက်အမြား ပျောက်ဆုံးနေသည်ကို တွေ့ရှိလိုက်ရခြင်း ဖြစ်သည်။
မီးလျှံသီးများကို မီးလျှံသီးပွဲတော် ကာလအတွင်း ရိတ်သိမ်းခဲ့ပြီးကတည်းက ဘဏ္ဍာတိုက်ကို ပိတ်ဆို့ထားခဲ့ခြင်း ဖြစ်ကာ စီမံခန့်ခွဲရေး ဝန်ထမ်းများသာ ဝင်ထွက်သွားလာခွင့် ရှိခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် ပြစ်တင်ဝေဖန်မှုများမှာ ဘဏ္ဍာတိုက် တာဝန်ခံထံသို့ တိုက်ရိုက် ဦးတည်သွားတော့သည်။
သူသာ အလွဲသုံးစား မလုပ်ခဲ့ပါက အခြား မည်သူက လုပ်နိုင်ပါမည်နည်း။
ဤအချက်က ဖေးစီအား ချက်ချင်းပင် ဒေါသအမျက် ချောင်းချောင်းထွက်စေတော့သည်။
"ကောင်းတယ်... ကောင်းတယ်... တကယ့်ကို ကောင်းတယ်"
"အခုလို အရေးကြီးလှတဲ့ အချိန်မျိုးမှာ အလွဲသုံးစားမှုနဲ့ လာဘ်ပေးလာဘ်ယူမှုတွေ လုပ်နေကြတာဟာ ငါတို့ မြို့စားမင်းဂေဟာအတွက် တကယ့်ကို အရှက်ရစရာပဲ"
ဖေးစီသည် ဒေါသကြောင့် မျက်နှာမှာ ဖြူလျော်နေတော့သည်။
သူသည် ကျူးရွှမ်းကျိနှင့် စုန့်ဖူလီတို့ ရှေ့မှောက်တွင် ဤအကြောင်းအရာကို ထုတ်ဖော်ပြသမိသလို ဖြစ်သွားသည့်အတွက် ထိုလက်အောက်ငယ်သားကို ဝင်ခွင့်ပေးမိသည်ကို နောင်တရနေမိသည်။
အထူးသဖြင့် စုန့်ဖူလီမှာမူ မယုံကြည်နိုင်သော အကြည့်များဖြင့် တစ်ဖန် ပြန်လည်ကြည့်ရှုနေပြန်သည်။
"ငါတော့ တကယ့်ကို စိတ်နောက်နေပြီ ထင်တယ်၊ အပြင်လူတွေ ရှေ့မှာ အခုလို ရုံးကိစ္စတွေကို ကိုင်တွယ်မိတာဟာ တကယ့်ကို ပညာမဲ့ရာ ကျသွားပြီ"
"အင်း..."
ဖေးစီသည် သက်ပြင်းချလိုက်မိသည်။ ခုနက ဆွေးနွေးပွဲများမှာ သူ၏ စိတ်နှင့် ခန္ဓာကို အတော်ပင် ပင်ပန်းနွမ်းနယ်စေခဲ့သဖြင့် သူ၏ အာရုံခံစားမှုများမှာလည်း ထက်မြက်ခြင်း မရှိတော့ချေ။
ထိုအချိန်တွင် သူသည် လျော်ကြေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များကို အခြေချ၍ စာချုပ်လက်မှတ် ထိုးပြီးဖြစ်သည်ကိုပင် ကံကောင်းသည်ဟု မှတ်ယူလိုက်မိသည်။
သို့မဟုတ်ပါက စုန့်ဖူလီသည် ဤဖြစ်ရပ်ကို အခွင့်ကောင်းယူကာ မြို့စားမင်းဂေဟာထံမှ ပိုမိုမြင့်မားသော ဈေးနှုန်းများကို တောင်းဆိုလာနိုင်ပေသည်။
ဤသို့သော အခြေအနေမျိုးတွင် မြို့စားမင်းဂေဟာ၏ ဂုဏ်သိက္ခာကို ပြန်လည်ထိန်းသိမ်းရန်အတွက် ဖေးစီက ပြတ်သားစွာ အမိန့်ပေးလိုက်သည်မှာ "အဲဒီ အလွဲသုံးစားလုပ်တဲ့ အရာရှိကို ဒီကို ခေါ်ခဲ့စမ်း"
မကြာမီတွင်ပင် ထိုအရာရှိမှာ ခေါ်ဆောင်လာခြင်း ခံရကာ ဖေးစီနှင့် ရွှေအမြုတေအဆင့် ကျင့်ကြံသူ သုံးဦးတို့၏ ရှေ့တွင် ဒူးထောက်နေရတော့သည်။
"ပြောစမ်း... မင်း ဘယ်လို အလွဲသုံးစား လုပ်ခဲ့တာလဲ၊ အစီအရင် မှတ်တမ်းတွေကို ဘယ်လို နည်းလမ်းနဲ့ အတုလုပ်ခဲ့တာလဲ၊ အဲဒီ မီးလျှံသီးတွေကို ဘယ်သူ့ဆီ ရောင်းခဲ့တာလဲ" ဟု ဖေးစီက မေးမြန်းလိုက်သည်။
အခြေခံအုတ်မြစ် တည်ဆောက်ခြင်း အဆင့်ရှိသော ဘဏ္ဍာတိုက် တာဝန်ခံမှာ ထိတ်လန့်တုန်လှုပ်စွာဖြင့် အော်ဟစ်လိုက်သည်မှာ "သခင်လေး... အရှင်ဖေးစီ... ကျေးဇူးပြုပြီး အခြေအနေကို မျှတစွာ ဆုံးဖြတ်ပေးပါဦး"
"ကျွန်တော်မျိုးဟာ အပြစ်ကင်းစင်ပါတယ်၊ မီးလျှံသီး တစ်လုံးကိုတောင် အလွဲသုံးစား မလုပ်ခဲ့ပါဘူး"
"ပွဲတော်မှာ ရိတ်သိမ်းပြီးကတည်းက မီးလျှံသီးတွေကို သယ်ယူပို့ဆောင်ရေး အစီအရင်ကနေတစ်ဆင့် ဘဏ္ဍာတိုက်ထဲကို တိုက်ရိုက် ပို့ဆောင်ခဲ့တာပါ"
"ကျွန်တော်မျိုးဟာ ပတ်ဝန်းကျင်ကိုပဲ စစ်ဆေးခဲ့တာပါ၊ အဲဒါတွေကို လက်ဖျားနဲ့တောင် မတို့ရဲပါဘူး"
ဖေးစီ၏ မျက်လုံးများမှာ စူးရှနေတော့သည် "မင်းကတော့ ငြင်းဆန်နေတုန်းပဲပေါ့"
"မင်းဟာ နေ့တိုင်း စစ်ဆေးနေခဲ့တာပဲ၊ ဘာဖြစ်လို့ ဒီလောက်များပြားတဲ့ လိုအပ်ချက်ကို မီးလျှံသီးတွေ တကယ်လိုလာတဲ့ ဒီနေ့ကျမှ သိရတာလဲ"
ထိုအရာရှိမှာ မျက်ရည်စက်လက်ဖြင့် ပြန်လည်လျှောက်တင်သည်မှာ "ကျွန်တော်မျိုးဟာ နေ့စဉ် စစ်ဆေးခဲ့တာ မှန်ပေမယ့် အပြင်ပိုင်းကိုပဲ စစ်ဆေးခဲ့တာပါ၊ မီးလျှံသီးပုံရဲ့ အတွင်းပိုင်းထဲကနေ လိုအပ်နေတာကို သတိမထားမိခဲ့တာပါ"
"ကျွန်တော်မျိုးရဲ့ တာဝန်ဝတ္တရား ပျက်ကွက်မှုဟာ တကယ်ပဲ ကျွန်တော့်ရဲ့ အမှားပါ"
"ဒါပေမဲ့ ကောင်းကင်ကို တိုင်တည်ပြီး ကျိန်ဆိုရဲပါတယ်၊ ကျွန်တော်မျိုး မီးလျှံသီး တစ်လုံးကိုမှ မထိခဲ့ပါဘူး"
ထိုအရာရှိ၏ ငိုယိုမှုမှာ ရိုးသားပုံပေါ်နေချေသည်။
"ကောင်းပြီလေ... အပြစ်ကို ရှောင်ရှားပြီး ပေါ့ပေါ့ပါးပါးပဲ ပြောနေတာပေါ့၊ မင်း ဒါကို ကြိုတင်စီစဉ်ထားပြီးသား ဖြစ်မှာပါ" ဟု ဖေးစီက ပြောလိုက်ကာ သူ၏ မျက်နှာမှာ မှောင်ကျသွားပြီး သတ်ဖြတ်လိုသော အရှိန်အဝါများ ထွက်ပေါ်လာတော့သည်။
ကျူးရွှမ်းကျိသည် အသာအယာ သက်ပြင်းချလိုက်မိသည်။ ဖေးစီအနေဖြင့် မြို့စားမင်းဂေဟာ၏ ဂုဏ်သိက္ခာကို ပြန်လည်ဆယ်တင်ရန်အတွက် ဤကိစ္စကို အလျင်အမြန် ကိုင်တွယ်ဖြေရှင်းလိုနေသည်ကို သူ သိမြင်လိုက်သည်။
သို့သော်လည်း ဤသည်မှာ အလျင်စလို ဆုံးဖြတ်ခြင်း ဖြစ်ပေလိမ့်မည်။
ကျူးရွှမ်းကျိသည် မကြည့်ရက်သဖြင့် ထရပ်လိုက်ကာ "ကျွန်တော် အခုလေးတင် နည်းလမ်းတစ်ခုနဲ့ ကြည့်လိုက်ပြီးပါပြီ၊ ဒီလူ လိမ်ညာနေတာ မဟုတ်ပါဘူး"
"မီးလျှံသီး ဘယ်လောက်တောင် ပျောက်ဆုံးနေတာလဲ"
ဖေးစီ၏ မျက်နှာမှာ ခက်ထန်နေကာ ကျူးရွှမ်းကျိအား သိန်းငှက်ကဲ့သို့ စိုက်ကြည့်နေတော့သည်။
သူတို့နှစ်ဦးသည် အကြည့်ချင်း ဆုံလိုက်ကြသည်။ အဆုံးတွင်မူ ဖေးစီသည် စုန့်ဖူလီအား တမ်းတခြင်းပြည်၏ အတွင်းရေး ပြဿနာများကို မတွေ့စေလိုသဖြင့် တစ်လှမ်းဆုတ်ရန် ဆုံးဖြတ်လိုက်ကာ အရေအတွက်ကို လျှော့၍ ပြောဆိုလိုက်လေသည်။
ကျူးရွှမ်းကျိ၏ မျက်လုံးများမှာ ရွှေရောင်အလင်းတန်းများ တောက်ပလာကာ ဖေးစီသည် အရေအတွက်ကို လိမ်ညာနေကြောင်း ချက်ချင်းပင် သိရှိလိုက်တော့သည်။
ဤကဲ့သို့သော အခြေအနေမျိုးတွင် ဖေးစီအနေဖြင့် ဆုံးရှုံးမှုများကို လျှော့ပေါ့၍သာ ပြောဆိုနိုင်ပေလိမ့်မည်။
ဤအချက်က ကျူးရွှမ်းကျိအား ချက်ချင်းပင် မျက်မှောင်ကြုတ်သွားစေကာ သူ၏ အမူအရာမှာလည်း ပျက်ယွင်းသွားတော့သည်။
"ဒီလောက်တောင် များနေတာလား"
များပြားလှသော မီးလျှံသီးများ၊ အထူးသဖြင့် နှစ်ပေါင်းထောင်ချီ သက်တမ်းရှိသော မီးလျှံသီးများမှာ ပျောက်ဆုံးနေခြင်း ဖြစ်သည်။
မီးလျှံသီးများမှာ မီးလျှံအနှစ်သာရနှင့် ဆင်တူလှပေသည်၊ အကယ်၍ ၎င်းတို့ကို မကောင်းသော ရည်ရွယ်ချက်ရှိသူများက အသုံးပြုခဲ့ပါက ချော်ရည်နန်းတော်အား ကြီးမားသော ဘေးဒုက္ခများ ပေးနိုင်မည် ဖြစ်ကာ၊ အထူးသဖြင့် သားရဲဒီရေများ တိုက်ခိုက်နေသော ယခုကဲ့သို့ အချိန်မျိုးတွင် ပို၍ပင် စိုးရိမ်ရလေသည်။
အကယ်၍ ထိုမီးလျှံသီးများသာ ပေါက်ကွဲသွားပြီး ရှေ့တန်းတွင် ပြိုလဲမှုများ ဖြစ်ပေါ်ကာ သားရဲများကို မြို့ထဲသို့ ဝင်ရောက်ခွင့် ပေးလိုက်ရပါက ကြီးမားသော အသေအပျောက်များ ဖြစ်ပေါ်လာနိုင်ပေသည်။
"ဒီကိစ္စကို သေချာ စုံစမ်းစစ်ဆေးရမယ်၊ ပေါ့ပေါ့တန်တန် သဘောမထားသင့်ဘူး"
ကျူးရွှမ်းကျိသည် သူ၏ ရွှေမျက်စိ ပညာရပ်ကို အသုံးပြု၍ ထိုအရာရှိအား စိုက်ကြည့်လိုက်လေသည်။
ဤသည်မှာ တကယ်ပင် တုန်လှုပ်ဖွယ်ရာ သတင်းတစ်ခု ဖြစ်ကာ ကုန်သည်အဖွဲ့၏ ကုန်စည်များ ခိုးယူခံရခြင်းထက်ပင် ပိုမိုအရေးကြီးလှပေသည်။
စုန့်ဖူလီကလည်း ပြောဆိုလိုက်သည်မှာ "မြို့စားမင်းဂေဟာရဲ့ ဘဏ္ဍာတိုက်ထဲကနေ အခုလို လွယ်လွယ်ကူကူ ခိုးယူနိုင်ပြီး အခုမှ သိရတယ်ဆိုတာ... ဒါဟာ ဟိုလူတွေရဲ့ လက်ချက်ပဲ ဖြစ်နေမလား"
"ဗုဒ္ဓနှလုံးသားဂိုဏ်းလား" ဟု ဖေးစီ၏ မျက်လုံးများမှာ တောက်ပသွားကာ "ဖြစ်နိုင်ခြေ အများကြီး ရှိတာပဲ"
အကယ်၍ ကျူးရွှမ်းကျိသာ မရှိခဲ့ပါက သူသည် ဤကိစ္စကို ချက်ချင်းပင် ထိုသို့ နိဂုံးချုပ်လိုက်မည် ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ သူသည် ဤအပြစ်ကို တစ်ဦးတည်း မထမ်းဆောင်နိုင်ပေ။
၎င်းသည် သူ၏ အသက်မွေးဝမ်းကြောင်းကို ထိခိုက်စေနိုင်သောကြောင့် ဖြစ်သည်။
ကျူးရွှမ်းကျိမှာမူ သူ၏ ကိုယ်ပိုင်မူဝါဒများ ရှိနေသဖြင့် "စစ်မှန်တဲ့ တရားခံကို သိနိုင်ဖို့အတွက် ငါတို့ စုံစမ်းစစ်ဆေးဖို့ လိုအပ်ပါသေးတယ်" ဟု ဆိုလိုက်သည်။
မူလကမူ သူသည် ကုန်သည်အဖွဲ့၏ ကိစ္စမှာ ပြေလည်သွားပြီ ဖြစ်သဖြင့် ချော်ရည်နန်းတော်သို့ ချက်ချင်း ပြန်နိုင်တော့မည်ဟု ထင်မှတ်ခဲ့သော်လည်း၊ ယခုကဲ့သို့ မီးလျှံသီး ခိုးယူမှုကြီး ပေါ်ပေါက်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။
သူသည် အချိန်မဆွဲဘဲ ဘဏ္ဍာတိုက်သို့ ကိုယ်တိုင်သွားရောက်ကာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်တော့သည်။
သူ၏ ရွှေမျက်စိ အောက်တွင် မည်သည့်အရာမျှ ဖုံးကွယ်ထား၍ မရနိုင်ချေ။
မကြာမီတွင်ပင် ကျူးရွှမ်းကျိသည် တုန်လှုပ်ဖွယ်ရာ ရှာဖွေတွေ့ရှိမှုတစ်ခုကို တွေ့ရှိလိုက်ရတော့သည်။
"အရိပ်နက် မိစ္ဆာကျင့်ကြံသူလား"
အတိတ်ကို ပြန်လည်ခြေရာခံကြည့်ရာတွင် ကျူးရွှမ်းကျိသည် ထိုနေရာတွင် ဖြစ်ပျက်ခဲ့သော မြင်ကွင်းတစ်ခုကို မြင်လိုက်ရသည်။
အရိပ်နက် မိစ္ဆာကျင့်ကြံသူ တစ်ဦးသည် မီးလျှံသီး ဘဏ္ဍာတိုက်အတွင်း ပုန်းအောင်းနေခဲ့ပြီး မီးလျှံသီး အမြောက်အမြားကို ယူဆောင်ကာ၊ ထို့နောက်တွင် အစိမ်းပုပ်ရောင် မီးခိုးငွေ့များအတွင်း ပျောက်ကွယ်၍ မြွေနက်ကြီး တစ်ကောင်ကဲ့သို့ အစီအရင်များ၏ ကြားလပ်များမှတစ်ဆင့် လျှောတိုက်ထွက်ခွာသွားခြင်း ဖြစ်သည်။
ဘဏ္ဍာတိုက်တွင် အစီအရင် ခြောက်ထပ် ရှိသော်လည်း ထိုမြွေနက်မှာ အစီအရင်များအကြားရှိ ကြားလပ်များမှတစ်ဆင့် လွယ်ကူစွာပင် ထွက်ခွာသွားနိုင်ခဲ့ခြင်း ဖြစ်၏။
"ဒါဆိုရင် အရိပ်နက် မိစ္ဆာကျင့်ကြံသူဟာ ဒီမှာ အစကတည်းက ပုန်းနေခဲ့တာပေါ့... ဒါပေမဲ့ သူဟာ တကယ့် အရိပ်နက် မိစ္ဆာကျင့်ကြံသူ အစစ်အမှန် ဟုတ်ရဲ့လား"
ရွှေအမြုတေ စစ်ပွဲအတွင်းတွင် အရိပ်နက် မိစ္ဆာကျင့်ကြံသူ အမြောက်အမြား ပေါ်ထွက်လာခဲ့ဖူးသည်။ ကျူးရွှမ်းကျိအနေဖြင့် အတိတ်က ပုံရိပ်ကို ကြည့်ရုံမျှဖြင့် ထိုသူ၏ မည်သူမည်ဝါ ဖြစ်ကြောင်းကို အတည်မပြုနိုင်သေးချေ။
"ဒါဟာ မုန့်မျိုးနွယ်စုရဲ့ အတွင်းလူတွေ ခိုးယူတာလား၊ ဒါမှမဟုတ် မြို့စားမင်းဂေဟာဟာ တကယ်ပဲ သားကောင် ဖြစ်နေတာလား"
ရုတ်တရက် ကျူးရွှမ်းကျိ၏ စိတ်အတွင်းတွင် သံသယ မြူထုများ ဖုံးလွှမ်းသွားတော့သည်။
ကျူးရွှမ်းကျိ၏ အမူအရာ ပြောင်းလဲသွားသည်ကို မြင်လျှင် ဖေးစီက အလျင်အမြန် မေးမြန်းလိုက်သည်မှာ "အကြီးအကဲကျူး... အရေးကြီးတဲ့ သဲလွန်စတစ်ခုခု တွေ့ပြီလား"
"တစ်ခုတော့ တွေ့ပြီ၊ မီးလျှံသီးတွေကို ခိုးသွားတာဟာ အရိပ်နက် မိစ္ဆာကျင့်ကြံသူပဲ" ဟု ကျူးရွှမ်းကျိက ပွင့်လင်းစွာ ပြောဆိုလိုက်လေသည်။
ဖေးစီ၏ မျက်လုံးများ ပြူးကျယ်သွားကာ "အရိပ်နက် မိစ္ဆာကျင့်ကြံသူ ဟုတ်လား"
သူသည် ခဏမျှ ကြောင်အသွားပြီးနောက်မှ "နေဦး... ဒါဆိုရင် ဘယ်သူမဆို တရားခံ ဖြစ်နိုင်တာပေါ့"
ရွှေအမြုတေ စစ်ပွဲပြီးနောက်တွင် အရိပ်နက် မိစ္ဆာကျင့်ကြံသူ၏ အမှတ်အသားမှာ လူသိများလာခဲ့ပြီး မည်သူမဆို ထိုအသွင်ကို ယူနိုင်ပေသည်။
ကျူးရွှမ်းကျိက နှေးကွေးစွာ ခေါင်းညိတ်လိုက်သည်။
သူက ပြောသည်မှာ "မီးလျှံတောင်တန်းဟာ မကြာခဏဆိုသလို တုန်ခါနေတတ်ပါတယ်၊ ချော်ရည်နန်းတော်က ဖိနှိပ်ထားရင်တောင် တုန်ခါမှုတွေကတော့ မရှောင်လွှဲနိုင်ပါဘူး"
"မြို့စောင့်အစီအရင်ကြီးကတော့ ပြောင်းလဲမှု မရှိပေမဲ့ တောင်တုန်ခါမှုတွေကြောင့် ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းတွေကတော့ အမြဲတမ်း လုပ်နေရတာပါ"
"အစီအရင် ခြောက်ထပ်ကို မူလက ကြားလပ်မရှိအောင် တင်းကျပ်စွာ တည်ဆောက်ထားတာပါ"
"ဒါပေမဲ့ အချိန်ကြာလာတာနဲ့အမျှ တောင်တုန်ခါမှုတွေကြောင့် အစီအရင်တွေကြားမှာ ကြားလပ်တွေကတော့ ရှောင်လွှဲလို့မရဘဲ ဖြစ်ပေါ်လာရတာပါ"
"အရိပ်နက် မိစ္ဆာကျင့်ကြံသူဟာ အဲဒီ ကြားလပ်တွေကို အသုံးချပြီး ဘဏ္ဍာတိုက်ထဲကို ဝင်ထွက်သွားခဲ့တာပဲ"
ဖေးစီ၏ မျက်လုံးများမှာ ပို၍ပင် ပြူးကျယ်သွားရသည် "ဒီလောက် သေးငယ်တဲ့ ကြားလပ်လေးတွေကနေ လူတစ်ယောက် ဝင်နိုင်လို့လား"
ကျူးရွှမ်းကျိက သက်ပြင်းချကာ "သူတို့တွေဟာ တစ်မျိုးမျိုးသော မှော်အတတ် ဒါမှမဟုတ် နတ်ဘုရား ပညာရပ်တွေကို အသုံးပြုသွားတာ ဖြစ်နိုင်တယ်"
ဖေးစီမှာ ဆွံ့အသွားတော့သည်။
ခဏမျှ တိတ်ဆိတ်သွားပြီးနောက် သူသည် အခြေအနေကို အလုံးစုံ သဘောပေါက်သွားတော့သည်။
ဖေးစီသည် ချက်ချင်းပင် ကျူးရွှမ်းကျိအား ဦးညွှတ်လိုက်ကာ ရိုးသားစွာ လျှောက်တင်သည်မှာ "မြို့စားမင်းဂေဟာ ဘက်ကတော့ တကယ်ကို သားကောင်ဖြစ်ခဲ့ရတာပါ၊ ဒါဟာ ကျွန်တော်တို့ဘက်က ဖန်တီးထားတဲ့ ဖြစ်ရပ်မျိုး လုံးဝ မဟုတ်ပါဘူး"
ကျူးရွှမ်းကျိ၏ မျက်လုံးများမှ ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာကာ ဖေးစီအား အကဲခတ်လိုက်သည်။
"မင်း လိမ်မပြောဘူးဆိုတာ ငါ သိပါတယ်၊ ဒါပေမဲ့ မင်း မလုပ်ခဲ့ဘူးဆိုတိုင်း မြို့စားမင်းဂေဟာက မလုပ်ခဲ့ဘူးလို့ မဆိုနိုင်ဘူး မဟုတ်လား" ဟု ကျူးရွှမ်းကျိက အသံလှိုင်းဖြင့် ပေးပို့လိုက်လေသည်။
ဖေးစီမှာ မှင်တက်သွားရတော့သည်။
ကျူးရွှမ်းကျိ၏ ဆိုလိုရင်းမှာ ဖေးစီအား အသိမပေးဘဲ မုန့်ခွေက နောက်ကွယ်မှ စီစဉ်ခဲ့ခြင်းမျိုး ဖြစ်နိုင်သည်ဟူ၍ ဖြစ်သည်။
ထိုသို့ ဖြစ်နိုင်ခြေလည်း ရှိနေပေသည်။
မည်သို့ပင်ဖြစ်စေ မိစ္ဆာနယ်ရုပ်တစ်ခုကို ကောင်းမြတ်သော ကိစ္စများအတွက် အသုံးချခြင်းမှာ တားမြစ်ထားသော ကိစ္စဖြစ်သဖြင့် လျှို့ဝှက်ထားရန်သာ အကောင်းဆုံး ဖြစ်ပေသည်။
အကယ်၍ ထိုသို့သော ကိစ္စမျိုး တကယ် ရှိနေခဲ့ပါက ဖေးစီအနေဖြင့် မသိဘဲ နေခြင်းကသာ ပို၍ ကောင်းပေလိမ့်မည်။
ထိုကဲ့သို့သော လျှို့ဝှက်ချက်များကို ပို၍ သိလာလေလေ၊ သူ၏ အသက်အန္တရာယ်မှာ ပို၍ ကြီးမားလာလေလေ ဖြစ်သောကြောင့် ဖြစ်၏။
ဖေးစီသည် မသိမသာဖြင့် မီးလျှံတောင်တန်း၏ ထိပ်ဖျားသို့ လှမ်းကြည့်လိုက်မိပြီး သူ၏ အပြုအမူမှာ မလျော်ကန်ကြောင်း သိရှိသွားသည်။
သူသည် မျက်မှောင်ကြုတ်လိုက်ကာ ရှေ့တန်းနှင့် မသေမျိုးမြို့တော်ရှိ အရေးကြီးသော နေရာအားလုံးတွင် စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးရန် အမိန့်ထုတ်ပြန်ပါမည်ဟု ကတိပေးလိုက်လေသည်။
"ဒါပေမဲ့ ချော်ရည်နန်းတော်နဲ့ ပတ်သက်ပြီးတော့တော့ ကျွန်တော်မှာ လုပ်ပိုင်ခွင့် မရှိပါဘူး" ဟု ဖေးစီက သက်ပြင်းချကာ ကျူးရွှမ်းကျိအား ထိုဘက်မှ သဲလွန်စကို ဆက်လက် စုံစမ်းပေးပါရန် အကူအညီတောင်းခံလိုက်တော့သည်။
ကျူးရွှမ်းကျိသည်လည်း သက်ပြင်းချလိုက်ကာ "ငါ အရာအားလုံးကို ခြုံငုံပြီး စဉ်းစားရပါလိမ့်မယ်" ဟု ပြန်လည် ပြောဆိုလိုက်လေတော့သည်။
အခန်း (၂၇၈) - နင်းကျော့၏ အားနည်းချက်ကို ရှာဖွေတွေ့ရှိခြင်း
ကျူးရွှမ်းကျိသည် လေလံအုတ်ဂိုဒေါင်ထဲမှ ထွက်လာခဲ့ပြီး လမ်းတစ်လျှောက်တွင် အတွေးနက်နေမိချေသည်။
အရိပ်နက် မိစ္ဆာကျင့်ကြံသူနှင့် ပတ်သက်သည့် သဲလွန်စများမှာ ဤသို့သော ပုံစံမျိုးဖြင့် ရုတ်တရက် ပေါ်ထွက်လာလိမ့်မည်ဟု သူ လုံးဝ မမျှော်လင့်ထားခဲ့ပေ။
"ဒါ မြို့စားမင်းဂေဟာက ဆင်ထားတဲ့ တခြားအကွက်တစ်ခုများလား"
"ဒီလိုနည်းလမ်းကို သုံးပြီး ငါ့ရဲ့ အာရုံကို လွှဲအောင်၊ ငါ့ရဲ့ အာရုံစူးစိုက်မှုကို ပြန့်ကျဲသွားအောင် လုပ်ပြီး ချော်ရည်နန်းတော်ကို ယှဉ်ပြိုင်တဲ့နေရာမှာ ငါ့ရဲ့ စွမ်းဆောင်ရည် အပြည့်အဝ မထုတ်နိုင်အောင် တားဆီးနေတာလား"
အကယ်၍ ထိုသို့သာ မှန်ကန်ခဲ့လျှင် ထိုစီစဉ်မှုမှာ အလွန်ပင် ယုတ်မာကောက်ကျစ်လှသည်ဟု ကျူးရွှမ်းကျိ ဝန်ခံရမည်ပင်။
တစ်ဖက်လူသည် သူ၏ စရိုက်ကို အသေအချာ သိရှိနားလည်ထားပြီး မြို့နေလူထု အမြောက်အမြားကို ကာကွယ်လိုသည့် သူ၏ ပြင်းပြသော ဆန္ဒကို အမိအရ ဆုပ်ကိုင်ထားခြင်း ဖြစ်ပေမည်။
နတ်ဆိုးသားရဲများက မြို့ကို ဝိုင်းရံထားသဖြင့် မြို့စားမင်းဂေဟာ၏ အင်အားစုများမှာလည်း အင်အားလျော့နည်းနေ၏။ ဖေးစီသည် မသေမျိုးမြို့တော်တစ်ခုလုံးကို အသေးစိတ် မစုံစမ်းနိုင်ဘဲ အရေးကြီးသော နေရာများတွင် မီးလျှံသီးများ ဝှက်ထားခြင်း ရှိ၊ မရှိကိုသာ စစ်ဆေးနိုင်ခဲ့သည်။
အရေးကြီးသည့် မဟာဗျူဟာမြောက် နေရာများတွင် မီးလျှံသီးများစွာကို ဖုံးကွယ်ထားခြင်း မရှိစေကာမူ မြို့လယ်ခေါင်တွင်သာ ဖောက်ခွဲလိုက်ပါက အသေအပျောက် အမြောက်အမြား ရှိလာနိုင်ပေသည်။
အကယ်၍ မြို့အတွင်း အသေအပျောက် များပြားပြီး ရုန်းရင်းဆန်ခတ် ဖြစ်သွားခဲ့လျှင် ရှေ့တန်းစစ်မျက်နှာကိုလည်း ထိခိုက်လာမည်မှာ မလွဲဧကန်ပင် ဖြစ်ချေသည်။
ကျူးရွှမ်းကျိသည် မိမိ၏ အရည်အချင်းကို မိမိ ယုံကြည်မှုရှိသလို ဖေးစီသည်လည်း လိမ်ညာနေခြင်း မဟုတ်ဟု ယူဆမိပါသည်၊ သို့သော် မုန့်ခွေကရော မည်သို့နည်း။
မုန့်မျိုးနွယ်စုမှာ ပွင့်လင်းရိုးသားသော သဘာဝရှိသည်ဟု ကျော်ကြားသော်လည်း မုန့်ခွေသည် စစ်သူကြီးလေးဦးထဲတွင် တစ်ဦးတည်းသော စစ်ဗျူဟာရှင် ဖြစ်ပေသည်။
ကျူးရွှမ်းကျိအနေဖြင့် မုန့်ခွေနှင့် ထိပ်တိုက်ရင်ဆိုင်ရလျှင်ပင် ဝိညာဉ်သန္ဓေတည်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦးအား သူ၏ လိမ်ညာမှု စစ်ဆေးသည့် နည်းလမ်းများဖြင့် ဖော်ထုတ်နိုင်ရန်မှာ သိပ်ပြီး ယုံကြည်ချက် မရှိလှပေ။
ကျူးရွှမ်းကျိသည် လမ်းမပေါ်တွင် လျှောက်လှမ်းနေရင်း သူ၏ မျက်ဝန်းများမှာ ဗလာဖြစ်နေကာ စိတ်ထဲတွင် အတွေးပေါင်း သောင်းခြောက်ထောင် ရောထွေးနေမိ၏။
"ဒါပေမဲ့ တကယ်လို့ အဲဒီလို မဟုတ်ခဲ့ရင်ရော"
"မြို့စားမင်းဂေဟာက တကယ်ပဲ နစ်နာသူ ဖြစ်နေခဲ့ရင်ရော။ မုန့်ခွေနဲ့ ဖေးစီတို့က တိတ်တဆိတ် ပူးပေါင်းကြံစည်နေတာ မဟုတ်ဘူးဆိုရင်ရော"
"ဒီအရိပ်နက် မိစ္ဆာကျင့်ကြံသူက မီးလျှံတောင်တန်းကို ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ တရားခံနဲ့ တစ်ယောက်တည်း ဖြစ်နေနိုင်မလား"
ကျူးရွှမ်းကျိ၏ စိတ်ထဲတွင် ဖြစ်နိုင်ခြေပေါင်းများစွာမှာ လျှပ်စီးကဲ့သို့ပင် လက်ခနဲ ဖြတ်ပြေးသွားကြသည်။
သူသည် မြူထုထဲတွင် ရောက်ရှိနေသကဲ့သို့ ခံစားနေရပြီး မည်သည့်လမ်းက အမှန်တရားဆီသို့ ဦးတည်နေမှန်းကိုလည်း မသေချာနိုင်တော့ပေ။
"အကြီးအကဲကျူး နောက်ဆုံးတော့ အကြီးအကဲတွေ့ပြီ" အသံတစ်ခုက ကျူးရွှမ်းကျိ၏ အတွေးများကို ဖြတ်တောက်ပစ်လိုက်သည်။
ကျူးရွှမ်းကျိ အာရုံစိုက်ကြည့်လိုက်သောအခါ အစေခံကဲ့သို့ ဝတ်ဆင်ထားသည့် အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦးကို တွေ့လိုက်ရ၏။
ထို့နောက် ကျူးရွှမ်းကျိက လာရင်းအကြောင်းအရာကို မေးမြန်းလိုက်သည်။
ထိုအစေခံကျင့်ကြံသူက အလေးအနက် အရိုအသေပြုရင်း "ဒီအစေခံဟောင်းက အကြီးအကဲ ကျူးဟို့ရဲ့ လက်အောက်ခံပါ။ အကြီးအကဲ ကျူးဟို့က မကြာသေးခင်ကမှ မီးလျှံတောင် မသေမျိုးမြို့တော်က စီယိုဥယျာဉ်ရဲ့ အကြီးအကဲသစ်အဖြစ် ရွေးချယ်ခံရပြီး လွန်ခဲ့တဲ့ နှစ်ရက်က ဒီကို ရောက်လာခဲ့တာပါ။ သူက အရာအားလုံးကို လွှဲပြောင်းရယူဖို့ အဆင်သင့် ဖြစ်နေပါပြီ"
"မနက်ဖြန်ကျရင် သူ့ကို ရာထူးခန့်အပ်တဲ့ အခမ်းအနား ရှိပါတယ်"
"အကြီးအကဲ ကျူးဟို့က မသေမျိုးမြို့တော်မှာ အကြီးအကဲကျူး ရှိနေတယ်လို့ ကြားသိရတာကြောင့် ရာထူးလွှဲပြောင်းတဲ့ အခမ်းအနားကို တက်ရောက်ပေးဖို့ ဖိတ်ကြားခိုင်းလိုက်တာပါ"
"တကယ်တော့ ဒီစီယိုဥယျာဉ်က ရာထူးဆိုတာ အကြီးအကဲကိုယ်တိုင် တိုက်တွန်းခဲ့တာ မဟုတ်လား"
ကျူးရွှမ်းကျိမှာ စိတ်အားတက်ကြွသွားကာ ပြုံးလျက် "ဒါကတော့ ဒီနေ့ ငါကြားရတဲ့ တစ်ခုတည်းသော သတင်းကောင်းပဲ။ မင်းပြောတာ မှန်တယ်၊ စီယိုဥယျာဉ်ကိစ္စကို ငါကိုယ်တိုင် ဧကရာဇ်မင်းမြတ်ဆီ တင်ပြခဲ့တာ၊ ငါ့ရဲ့ ကျူးမျိုးနွယ်စု တော်ဝင်သွေးနွယ်တွေထဲက အရည်အချင်းရှိသူကို ရွေးချယ်ဖို့လည်း အထူး မှာကြားထားခဲ့တာ။"
"ဒီအလုပ်ကို ဦးလေးကျူးဟို့ တာဝန်ယူလိမ့်မယ်လို့တော့ ငါ မထင်ထားခဲ့ဘူး"
"သူ ရှိနေရင်တော့ ငါ စိတ်အေးရပြီ"
"ဒါပေမဲ့ စိတ်မကောင်းစရာကတော့ ငါက အခု အရေးကြီးတဲ့ ကိစ္စတွေမှာ ပတ်သက်နေရလို့ အခမ်းအနားကို တက်ရောက်ဖို့ အချိန်မရှိဘူး ဖြစ်နေတာပဲ"
ထိုသို့ပြောပြီးနောက် ကျူးရွှမ်းကျိ၏ မျက်ဝန်းများတွင် ဝေခွဲမရသည့် အရိပ်အယောင်များ လက်ခနဲ ပေါ်လာသည်။
ကျူးဟို့၏ ရည်ရွယ်ချက်ကို သူ နားလည်သည်။
အကယ်၍ သူကဲ့သို့သော နတ်ဘုရားမုဆိုးတစ်ဦးသာ မနက်ဖြန် အခမ်းအနားတွင် ရှိနေခဲ့လျှင် ကျူးဟို့၏ နောင်ရေးအတွက် များစွာ အထောက်အကူ ဖြစ်စေမည်ဖြစ်ပြီး စီယိုဥယျာဉ်ကို စီမံခန့်ခွဲရာတွင်လည်း ပိုမို လွယ်ကူသွားမည် ဖြစ်ပေသည်။
"ငါက လီလိုင်ဖုန်းကို ကူညီမယ်လို့ ကတိပေးထားပြီးသားဆိုမှတော့ ဒီကိစ္စကိုလည်း အဆုံးထိ လုပ်ပေးလိုက်တာက ပိုကောင်းမှာပေါ့"
ခဏမျှ စဉ်းစားပြီးနောက် ကျူးရွှမ်းကျိက လိုက်လျောရန် ဆုံးဖြတ်လိုက်သည်။
"ဦးလေးကျူးဆီ ငါ အခုပဲ လိုက်ခဲ့မယ်၊ သွားကြစို့"
ထိုသို့ပြောပြီးနောက် သူသည် အစေခံဟောင်း၏ ကော်လာမှ ဆွဲမလိုက်ကာ ဝေဟင်သို့ ပျံတက်သွားပြီး စီယိုဥယျာဉ်ရှိရာသို့ ခန့်ညားထည်ဝါစွာ ဦးတည်သွားတော့သည်။
ကျူးရွှမ်းကျိ၏ လုပ်ရပ်ကြောင့် လူပေါင်းများစွာ၏ အကြည့်များမှာ သူ၏ဆီသို့ ချက်ချင်း ရောက်ရှိလာကြ၏။
ယခင်က မြွေကို မြက်တောထဲမှ ခြောက်ထုတ်ရန်အတွက် နင်းကျော့အား ပွင့်ပွင့်လင်းလင်း သွားရောက်ရှာဖွေခဲ့သကဲ့သို့ပင်။
ထိုအချိန်မှစ၍ သူသည် ကျူးဟို့အား ထောက်ခံအားပေးနေပြီ ဖြစ်ပေသည်။
ကျူးရွှမ်းကျိသည် အစေခံကျင့်ကြံသူနှင့်အတူ စီယိုဥယျာဉ်အတွင်းသို့ ဆင်းသက်လိုက်ပြီး ကျူးဟို့နှင့် တွေ့ဆုံလေသည်။
ကျူးဟို့မှာ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်သာ ရှိသော်လည်း ဝဖြိုးသော ခန္ဓာကိုယ်ရှိကာ ကြင်နာတတ်ပြီး ရက်ရောသော သဘောရှိသူ ဖြစ်သည်။
ကျူးရွှမ်းကျိသည် ကျူးဟို့ကို မြင်မြင်ချင်း လက်အုပ်ချီကာ ချက်ချင်းပင် အရိုအသေပြုလိုက်၏။
ကျူးရွှမ်းကျိ လူငယ်ဘဝက ကျူးဟို့ထံမှ ကြင်နာမှုနှင့် အကူအညီများစွာ ရရှိခဲ့ဖူးသည်။
ထို့ကြောင့်ပင် သူသည် ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်လာသည့်တိုင် ကျူးဟို့အပေါ် အမြဲတမ်း ရိုသေလေးစားမှု ရှိခဲ့ပြီး မည်သည့်အခါမှ လျစ်လျူမရှုခဲ့ပေ။
ထို့နောက် ကျူးရွှမ်းကျိက ကျူးဟို့အား နောက်တစ်နေ့တွင် ပြုလုပ်မည့် ရာထူးလွှဲပြောင်းခြင်း အခမ်းအနားသို့ မတက်ရောက်နိုင်သည့်အတွက် တောင်းပန်စကား ဆိုလေသည်။
ကျူးဟို့က ခပ်ပြုံးပြုံးဖြင့် ထိုင်ရန် အချက်ပြလိုက်၏။
ကျူးဟို့သည်လည်း ဝင်ထိုင်လိုက်ပြီး "မင်း ဒီလောက် ဟိတ်ဟန်အပြည့်နဲ့ ပျံသန်းလာတာကို မြင်ကတည်းက မင်းရဲ့ ရည်ရွယ်ချက်ကို ငါ နားလည်ပြီးသားပါ။"
"မင်း အချိန်ပေးပြီး ဒီကို လာနိုင်တာကိုပဲ ငါ အရမ်း ဝမ်းသာလှပါပြီ။"
"အခုကစပြီး စီယိုဥယျာဉ်ကို ငါ့လက်ထဲသာ အပ်ထားလိုက်တော့၊ မင်း စိတ်အေးအေးထားလို့ ရပါတယ်။"
"ငါက မင်းကို ငယ်ငယ်ကတည်းက ကြည့်လာတာ၊ မင်းရဲ့ ရည်မှန်းချက်တွေကို ငါ မသိဘဲ နေမလား။ တို့တွေရဲ့ ပန်းတိုင်က အတူတူပါပဲ။"
"ဒီထဲမှာ ရှိတဲ့ အရည်အချင်းရှိသူတွေကို ငါ အစွမ်းကုန် ရှာဖွေဖော်ထုတ်ပြီး တော်ဝင်မျိုးနွယ်စုဆီကို ပို့ပေးသွားမယ်။"
"မြေမှုန့်တွေကို တောင်ပုံရာပုံ စုစည်းမယ်၊ သားမွေးတွေကို စုပြီး ဝတ်ရုံချုပ်မယ်၊ ဒီလိုမျိုး အမြဲတမ်း စုဆောင်းနေခြင်းအားဖြင့် တို့ တော်ဝင်မျိုးနွယ်စုက အင်အားကြီးတဲ့ ဝန်ကြီးတွေကို ပြန်ပြီး ယှဉ်ပြိုင်နိုင်အောင် ငါတို့တွေ သေချာပေါက် ကူညီနိုင်မှာပါ။"
ဤသို့ ပြောရင်း ကျူးဟို့က သက်ပြင်းကို အရှည်ကြီး ချလိုက်မိသည်။
"အခုခေတ် တမ်းတခြင်းပြည်မှာ မုန့်မျိုးနွယ်စုတို့၊ ဆူးမျိုးနွယ်စုတို့နဲ့ တခြားအဖွဲ့တွေက ထိန်းချုပ်လို့ မရနိုင်လောက်အောင် အင်အားကြီးလာကြပြီ။"
"ကွယ်လွန်သူ ဧကရာဇ်မင်းမြတ်က သူ့ရဲ့ နှောင်းပိုင်းနှစ်တွေမှာ ပုဂ္ဂိုလ်ရေး ဝမ်းနည်းပူဆွေးမှုတွေကြောင့် ဒီကိစ္စတွေကို သေချာ မစီမံနိုင်ခဲ့တော့ နောက်မျိုးဆက်တွေအတွက် အရှုပ်ထုပ်ကြီး ချန်ထားခဲ့သလို ဖြစ်နေတာပေါ့။"
ကျူးရွှမ်းကျိမှာမူ တိတ်ဆိတ်စွာသာ နေနေပြီး ဘိုးဘေးများကို ဝေဖန်အပြစ်တင်ရန် ဝန်လေးနေမိ၏။
မည်သို့ပင်ဖြစ်စေ တမ်းတခြင်းပြည်ကို တည်ထောင်ခဲ့သည့် ဧကရာဇ်သည် ဤကဲ့သို့သော အခြေခံအုတ်မြစ်ကို တည်ဆောက်နိုင်ခဲ့သဖြင့် သူ၏ အောင်မြင်မှုများမှာ သူ၏ အမှားများထက် များစွာ သာလွန်နေပါသေးသည်။
ကျူးဟို့သည် ကျူးရွှမ်းကျိ၏ မျက်ဝန်းထဲမှ မှောင်ရိပ်ကို မြင်လိုက်ရသဖြင့် စကားလမ်းကြောင်းကို အမြန်ပင် ပြောင်းလိုက်သည် "ဒါနဲ့ ရှောင်ကျိ၊ လီလိုင်ဖုန်းရဲ့ ပစ္စည်းတွေကို သိမ်းဆည်းရင်းနဲ့ ငါ ကောင်းတာလေးတစ်ခု တွေ့ထားတယ်"
"လာကြည့်စမ်း။"
ကျူးဟို့သည် လျှို့ဝှက်သော အမူအရာဖြင့် ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူကာ ကျူးရွှမ်းကျိအား ကမ်းပေးလိုက်သည်။
ကျောက်စိမ်းပြား၏ မျက်နှာပြင်မှာ ချောမွတ်နေသဖြင့် အမြဲတစေ ကိုင်တွယ်အသုံးပြုခဲ့ကြောင်း သိသာလှ၏။
လီလိုင်ဖုန်းသည် သူ အသက်ရှင်စဉ်က ဤကျောက်စိမ်းပြားကို မကြာခဏ အသုံးပြုခဲ့သည်မှာ ထင်ရှားပေသည်။
ကျူးရွှမ်းကျိသည် ကျောက်စိမ်းပြားကို ယူလိုက်ပြီး သူ၏ စိတ်ဝိညာဉ်အာရုံဖြင့် အတွင်းပိုင်းရှိ အကြောင်းအရာများကို ဖတ်ရှုလိုက်သည်။
၎င်းမှာ လီလိုင်ဖုန်း အသက်ရှင်စဉ်က ရေးသားခဲ့သော နေ့စဉ်မှတ်တမ်း ဖြစ်ကြောင်း သူ ချက်ချင်းပင် သိရှိသွားတော့သတည်း။