← Chapters

ရှာမန်အမဲလိုက်ပွဲ

Vol. 25 Ch. 345

ရှာမန်အမဲလိုက်ပွဲ

Vol. 25 Ch. 345

"အိုး ကောင်းပြီလေ၊ အခုမှတော့ မင်းကိုယ်ပိုင် အဖွဲ့တစ်ခု သွားရှာမနေနဲ့တော့။ ငါတို့နဲ့သာ လိုက်ခဲ့။ ဒီ ဧရာမစစ်မြေပြင်ကြီးမှာ မင်းတစ်ယောက်တည်းသာ သွားနေရင် ဆက်တိုက်မိန်းမောထုံထိုင်းနေတဲ့ အခြေအနေတစ်ခုထဲကို မင်းကျရောက်သွားလိမ့်မယ်"

သွေးများဖြင့် ရွှဲနစ်နေသော သက်လတ်ပိုင်းလူတစ်ဦးသည် အပြင်ဘက် အဝိုင်းထံမှ ပြန်ဆုတ်ခွာလာပြီးနောက် အမောတကော အသက်ရှူရင်းမှ စုမင်အား ပြောဆိုလာ၏။ ဤလူသည် သာမန်ထက်လွန်ကဲသော စွမ်းအားရှိသူ ဖြစ်ပြီး ရိုးရေစတေးနယ်ပယ်သို့ပင် ရောက်ရှိနေခဲ့ချေပြီ။

"ဆရာဦးလေး၊ သူက ကျုပ်တို့ အဖွဲ့ရဲ့ခေါင်းဆောင် ယန်ပေါ်တဲ့" စုမင်နံဘေးရှိ ကျီချဲက အလျင်အမြန် ရှင်းပြသည်။ သူသည် စုမင်အား တွေ့လိုက်သည်နှင့် ယခင်က ပြုမူခဲ့ပုံအတိုင်း ပြန်လည်ပြောင်းလဲသွားပြီး ပတ်ဝန်းကျင်အား သတိရှိရှိ စူးစမ်းလေ့လာရင်း စုမင်နောက်မှ စတင်လိုက်ပါလာလေသည်။

"မင်းမှာ သာမန်ထက်လွန်ကဲတဲ့ စွမ်းအားရှိတယ်။ မင်းအမြန်နှုန်းကလည်း ကြောက်စရာပဲ။ ဒီလိုဆိုရင်ရော...

အရင်ဆုံး ဒီမှာ အနားယူနေလိုက်။ ငါတို့က တာဝန်တွေကို ဆက်ပြောင်းနေမယ်။ မင်းနည်းနည်း ပြန်ကောင်းလာတာနဲ့ မင်းလည်း ငါတို့နဲ့ ပူးပေါင်းနိုင်တယ်" သက်လတ်ပိုင်းလူက အလျင်အမြန် ပြောဆိုလိုက်သည်။ စကားဆုံးသည်နှင့် အဝိုင်း၏ အပြင်လွှာရှိ ရှစ်ယောက်မြောက်လူနှင့် တစ်ဖန် နေရာချင်း လဲလိုက်ပြန်သည်။ ထို့ကြောင့်ပင် ဒါဇင်ခန့်ရှိသော မာန်စွမ်းအားရှင် အဖွဲ့ငယ်လေးသည် သူတို့နောက်သို့ ဆုတ်ခွာနေရင်းမှပင် ဆက်လက်တိုက်ခိုက်နိုင်နေလေသည်။

စုမင် အသက်ပြင်းပြင်း ရှူသွင်းမိသည်။ သူသည် ဆက်လက်၍ မိန်းမောတွေဝေနေခြင်း မရှိတော့ပေ။ ယခု ပြန်စဉ်းစားကြည့်လိုက် ချိန်တွင်တော့ ယခင် ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးမှာ အိပ်မက်တစ်ခုလိုပင် ဖြစ်သည်။ သက်လတ်ပိုင်းလူ၏ စကားများ၊ အဖွဲ့ဝင်များ အချင်းချင်း နေရာလဲနေကျပုံများမှ တစ်ဆင့် သူ ယခင်က စဉ်ဆက်မပြတ် မိန်းမောနေခဲ့ရခြင်း၏ အကြောင်းရင်းကို စုမင် နားလည်သွားမိသည်။

"ငါ အနားယူပြီးပြီ"

စုမင် မျက်လုံးများအတွင်း တောက်ပသော အကြည့်တစ်ခု ဖြစ်ပေါ်လာသည်။ စက်ဝိုင်း၏ အပြင်လွှာမှ ရှစ်ယောက်မြောက်လူ နောက်ပြန်ဆုတ်လာပြီး အခြားတစ်သုတ်က သူတို့နေရာအား တစ်ဖန် ယူလိုက်သည်နှင့် စုမင်လည်း ရှေ့တစ်လှမ်းတက်၍ အပြင်လွှာ၌ ရပ်လိုက်သည်။

'ဒါက လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်တည်းရဲ့ တိုက်ပွဲမဟုတ်ဘူး'

အဖွဲ့၏ အပြင်လွှာတွင် ရပ်လိုက်မိသောအခါ သူထိုအခြေအနေသို့ ကျရောက်သွားရသည့် အကြောင်းအရင်းကို စုမင် နားလည်လာရသည်။ ပင်ပန်းနွမ်းနယ်မှုသည် အကြောင်းအရင်းတစ်ခု ဖြစ်သလို ထပ်ခါတလဲလဲ သတ်ဖြတ်မှုများသည်လည်း အကြောင်းအရင်းတစ်ခု ဖြစ်သည်။ သို့သော် ထို့ထက်ပိုအရေးကြီးသည်မှာ သူ့တွင် ကိုယ်ပိုင်အဖွဲ့ မရှိခဲ့ခြင်းပင်။ သူသည် စစ်မြေပြင်ထက်တွင် တစ်ဦးတည်း အဆက်မပြတ် တိုက်ခိုက်နေခဲ့ရ၏။

အကယ်၍ မယုံနိုင်ဖွယ် စိတ်ခွန်အားရှိသူ တစ်ဦးပင် ဤသို့သာ ဆက်လက်ဖြစ်ပွား နေမည်ဆိုလျှင် အနှေးနှင့်အမြန် ပြိုလဲသွားပေလိမ့်မည်။ သူသည် ဤသို့သော တိုက်ပွဲများဖြင့် နစ်မြုပ်သန့်စင်ခြင်း မခံခဲ့ရလျှင်တော့ ရုပ်နယ်လွန်နယ်ပယ်မှ မာန်စွမ်းအားရှင်လေး တစ်ဦးဆိုလျှင်ပင် ရိုးရေစတေးနယ်ပယ်မှ လူများက သူ့အား တန်ဖိုးထားကြပေလိမ့်မည်။ အကယ်၍ သူသည် ရိုးရေစတေးနယ်ပယ်မှ လူတစ်ဦးဆိုလျှင်တော့ မာန်ဝိညာဉ်နယ်ပယ်မှ လူများ၏ တန်ဖိုးထားခြင်းကိုတောင် ခံရလိမ့်မှာ ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ဤလူသည် စစ်မှန်သော စစ်သည်တော်တစ်ဦး ဖြစ်နေခဲ့သောကြောင့်ပင်...

ထိုကဲ့သို့သော လူများသည်သာ ဤတိုက်ပွဲမျိုးအတွင်း သူတို့ အကန့်အသတ်ကို ကျော်လွန်၍ သူတို့စွမ်းအားများကို တိုးမြင့်နိုင်ပေလိမ့်မည်။ တစ်ချိန်တည်းမှာပင် သူတို့၏ အသန်မာဆုံး ခွန်အားကိုလည်း ထုတ်ဖော်လာနိုင်လိမ့်မည်။ သူတို့၏ ကြီးမားသော စိတ်စွမ်းအားသည် ကောင်းကင်နှင့်မြေကြီး ဖျက်ဆီးခံရမှုနှင့် ရင်ဆိုင်ရချိန်တွင်လည်း ပျက်စီး သွားလိမ့်မည် မဟုတ်သလို မည်သို့ အန္တရာယ်များသည့် အခြေအနေ ဖြစ်နေပစေ ပြိုလဲသွားမှာလည်း မဟုတ်ချေ။

ဤကဲ့သို့သော ပုဂ္ဂိုလ်တစ်ဦး ဖွံ့ဖြိုးတိုးတက်လာခြင်းမှာ ... ရှာမန်များနှင့် မာန်စွမ်းအားရှင်များ ရှာနေသောအရာ ဖြစ်ကောင်းဖြစ်နိုင်၏။

'ငါ့ စိတ်ဆန္ဒက လုံလောက်အောင် မသန်မာသေးဘူး'

စုမင်၏မျက်လုံးများက တောက်ပနေသည်။ စစ်မြေပြင်အတွင်းမှ တစ်မူထူးခြားသော လေထုကို တစ်ဝကြီးရှူရှိုက်လိုက်ပြီး မိန်းမောတွေဝေမှုအတွင်း ဆက်လက်၍ ပိတ်မိမနေတော့ချေ။ ထိုအစား အဖွဲ့ငယ်လေး၏ အပြင်လွှာတွင်ရပ်ရင်း သူတို့ထံ ချဉ်းကပ်လာသော ရှာမန်များကို စတင်တိုက်ခိုက်ခဲ့သည်။

ဤတစ်ကြိမ်တွင်တော့ သူတစ်ဦးတည်း တိုက်ခိုက်နေခြင်း မဟုတ်တော့ပေ။ သူ့ဘေးတွင် ကျီချဲ ရှိနေချေပြီ။ သူပင်ပန်းနေချိန်က သူ့ကို ကာကွယ်ပေးခဲ့သော အဖော်များလည်း ရှိနေခဲ့ချေပြီ။

သူ ဂရုတစိုက်ဖြင့် ပိုမိုအာရုံစိုက်လိုက်သည်နှင့် စစ်မြေပြင် တစ်လျှောက်လုံးတွင် ဤကဲ့သို့ အဖွဲ့ငယ်များစွာကို စုမင် တွေ့လိုက်ရသည်။ ရှာမန် အတော်များများသည် မိမိတို့ဘာသာ တိုက်ခိုက်နေပုံရသော်လည်း ထိုရှာမန်များကြားရှိ သူတို့ကဲ့သို့ အဖွဲ့များကိုလည်း စုမင် တဖြည်းဖြည်း တွေ့လာရသည်။

သူတို့ကိုယ်တိုင် တိုက်ခိုက်နေကြသော စစ်သည်တော်များသည်တော့  များသောအားဖြင့် မယုံကြည်နိုင်လောက်အောင်ပင် အစွမ်းထက်သော စိတ်စွမ်းအားရှိသူများ ဖြစ်ပြီး  ထိုအခွင့်အလမ်းကို အသုံးချ၍  သူတို့ကိုယ်သူတို့ လေ့ကျင့်နေကြသူများ ဖြစ်သည်။

နောက်ဆုံးတော့ စုမင် နားလည်သွားခဲ့ချေပြီ။

'စစ်မြေပြင်က လူတစ်ဦးရဲ့ စိတ်စွမ်းအားကို လေ့ကျင့်ပေးတယ်။ စိတ်စွမ်းအားကို မမြင်ရပေမယ့် အဲဒါက လူတစ်ဦးကို အစွမ်းထက် စစ်သည်တော် တစ်ဦးအဖြစ် ပြောင်းလဲပေးနိုင်တယ်။ ဒါက လူတစ်ဦးကို အစွမ်းထက် စစ်သည်တော်တစ်ဦး ဖြစ်လာစေမယ့် လမ်းကြောင်းပဲ' စုမင် မျက်လုံးများအတွင်း သဘောပေါက်နားလည်ဟန်များ ပေါ်လာခဲ့သည်။ သူ တိုက်ခိုက်လိုက်ချိန်တွင် အစိမ်းရောင်အလင်းတစ်ဖြာ  တောက်ပသွားပြီး သူ့ထံ ချဉ်းကပ်လာနေသော ရှာမန်မှာ ချက်ချင်း ပြန်လည်ဆုတ်ခွာသွားရန်သာ ရွေးချယ်ခဲ့၏။

'ငါ့မှာရှိတဲ့ နတ်ဘုရားစွမ်းရည် ပညာရပ်တွေက အရမ်းနည်းတယ်... ပြီးတော့ ငါ့ရဲ့ အဖိုးတန် ရတနာတွေ အားလုံးကိုလည်း မှားယွင်းအသုံးပြုနေခဲ့မိတယ်' စုမင်၏ ဘယ်ဘက်မျက်လုံး အတွင်း အေးဆေးတည်ငြိမ်မှုများ တစ်ဖန်ပြန်ပေါ်လာပြီး သူ့ညာမျက်လုံးအတွင်းရှိ အနီရောင်တောက်ပမှုကြောင့် ကြီးမားသော ဆန့်ကျင်ဘက်ကို ဖြစ်ပေါ်လာစေသည်။

တွန့်ဆုတ်မနေတော့ပဲ သူ့ဘယ်လက်ကိုမြှောက်၍ ရင်ဘတ်အား ရိုက်ချလိုက်သည်။ ချက်ချင်းဆိုသလိုပင် ဟန်တောင်တန်းခေါင်းလောင်းသည် စုမင်ရှေ့၌ ပုံရိပ်ယောင် တစ်ခုအသွင်ဖြင့်  ထွက်ပေါ်လာပြီး  လေထုအလယ်၌ လွင့်မျောနေသည်။ ခေါင်းလောင်းသံများ ပျံ့နှံ့သွားသည်နှင့် တစ်ပြိုင်နက် စုမင် ညာလက်ဖြင့် စည်းတံဆိပ်အချို့ကို ပြုလုပ်၍ ခေါင်းလောင်းအား ညွှန်ပြလိုက်သည်။

ဟန်တောင်တန်း ခေါင်းလောင်းမှာ ချက်ချင်းကြီးထွားလာပြီး သူတို့ရှေ့ မြေပြင်ပေါ်သို့  ဆောင့်ချလိုက်ချေသည်။

မြေပြင်သည် တစ်ချက် အပြင်းအထန် တုန်ခါသွားပြီး စုမင် ဟန်တောင်တန်း ခေါင်းလောင်းကို ပြန်မလိုက်သောအခါ မြေပြင်ထက်၌ ပုံပျက်ပန်းပျက် အသားစများသာ ရှိနေတော့လေ၏။

'ကာကွယ်မှုက  အရေးကြီးရင် ကြီးလိမ့်မယ်။ ဒါပေမယ့်  ငါ့ တိုက်ခိုက်မှုတွေကလည်း အရေးကြီးတာပဲ။ ငါ့မှာ ခိုင်မာတဲ့ ခုခံကာကွယ်မှုတွေပဲ ရှိနေမယ်ဆိုရင် သေလုမျောပါး အခြေအနေတွေကို ဖြတ်သန်းပြီးမှ ဖြစ်ပေါ်လာနိုင်တဲ့ အဲဒီလို မကျိုးပျက်နိုင်တဲ့ စိတ်ဆန္ဒမျိုး ရှိလာတော့မှာ မဟုတ်ဘူး'

စုမင်ခေါင်းထဲတွင် အတွေးများမှာ လျှပ်စီးသဖွယ် လျင်မြန်စွာ ဖြစ်ပေါ်လာနေသည်။ သူ့လက်များကို အပြင်သို့ ဖြန့်ကားလိုက်ရာ သူ့ကိုယ်ထဲရှိ လျှပ်စီးများမှာ ချက်ချင်း စတင်လှုပ်ရှားလာကြပြီး သူ့ပတ်လည်တွင် လျှပ်စီးအလင်းလုံး လေးခုအဖြစ် ပြောင်းလဲသွားသည်။ ထိုအလင်းလုံးများသည် လေထုထဲမှ ထွက်ပေါ်လာခြင်း ဖြစ်ပြီး စုမင်ရပ်နေသော နေရာကို လျှပ်စီးအလင်းများဖြင့် လင်းထိန်သွားစေသည်။ လေထဲတွင်လည်း မိုးခြိမ်းသံများဖြင့် ပြည့်နှက်သွားစေ၏။

လျှပ်စီးအလင်းလုံးလေးခုသည် စူးရှကျယ်လောင်သော လေတိုးသံတစ်ခုနှင့် အတူ အလျင်အမြန် ပျံ့နှံ့သွားပြီး တိုးဝင်လာနေသော ရှာမန်များအကြား ကျရောက်သွားရာ လေထဲ၌ ပေါက်ကွဲမြည်ဟည်းသံများ ပဲ့တင်ထပ်လို့သွားခဲ့သည်။

'ငါ မှားယွင်းနေခဲ့တာ။ ဒါက စစ်ပွဲဆိုရင်တောင် ငါ့စွမ်းရည်တွေကို အရောင်တင်ပေးဖို့ အခွင့်အလမ်းကောင်းတစ်ခု ဖြစ်နေဆဲပဲ"

သူ့ရင်ဘတ်ထဲရှိ သိုလှောင်အိတ်အား ညာလက်ဖြင့်ရိုက်၍ စုမင် သားရဲအရေထည်တစ်ခုကို ထုတ်ယူလိုက်သည်။ ထိုသားရဲအရေထည်ကို ဖြန့်ကြက်လိုက်ပြီးသည်နှင့် တစ်ပြိုင်နက် ၎င်းအပေါ်သို့ သွေးတစ်ငုံ ထွေးထုတ်လိုက်ရာ သားရဲအရေသည် အနီရောင် အလင်းတစ်ဖြာအတွင်း ချက်ချင်း ပျောက်ကွယ်သွားခဲ့၏။ ထို့နောက် မကြာမီမှာပင် စုမင် ခြေထောက်အောက်၌ အနီရောင်မြက်ခင်းပြင်တစ်ခု ပေါ်လာခဲ့သည်။

မြက်ခင်းပြင်သည် ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် မြေပြင်ပေါ်ရှိ သွေးများကို ရူးသွပ်ဖွယ် အမြန်နှုန်းဖြင့် စုပ်ယူသွားပြီး စုမင် လှုပ်ရှားသည်နှင့် ၎င်းက လိုက်ပါလာခဲ့ချေသည်။ ၎င်းသည် မြေပြင်ပေါ်ရှိ သွေးများကို စုပ်ယူပြီး အလျင်အမြန် ကျယ်ပြန့်လာသည်မှာ မြင်နေရသည်မှာပင် အလွန်ကြောက်မက်ဖွယ် ကောင်းသော မြင်ကွင်းတစ်ခု ဖြစ်နေခဲ့ချေပြီ။ ၎င်းသည် အလျင်အမြန် ကြီးမားလာနေ၏။ စုမင် မြက်ခင်းပြင်ပေါ်၌ ရပ်နေစဉ် သူ့ခြေထောက်မှ တစ်ဆင့် သူ့ကိုယ်ထဲသို့ စိမ့်ဝင်လာနေသည့် အေးစက်သော လေထုတစ်ခုကို စံစားမိပြီး ထိုစိမ့်ဝင်မှုမှာလည်း ပိုမို မြန်ဆန်လာနေသည်။ ၎င်းတို့ ဝင်ရောက်လာသောအခါ သူ၏ ပင်ပန်းနွမ်းနယ်မှုများမှာ  အနည်းငယ် လျော့နည်းသွားသည်။

ထိုမြက်ခင်းပြင်ကို သူတစ်ဦးတည်းသာ အသုံးပြုနိုင်ပေသည်။ သူ့နံဘေးရှိ အခြားမာန်စွမ်းအားရှင်များ အတွက်မူ ၎င်းက လုံးဝပကတိ အသုံးမဝင်ပါချေ။ စုမင် ဤအရာကို သတိပြုမိလိုက်သည်နှင့် မြက်ခင်းပြင်၏ ကျယ်ပြန့်မှုကို ထိန်းချုပ်၍ သူ့ခြေထောက်အောက်တွင်သာ ရှိနေစေလိုက်သည်။ သူ ၎င်းကို အပြင်သို့ ဖြန့်ကြက်ခွင့် မပြုခဲ့ချေ။

မိုးခြိမ်းသံကဲ့သို့ ခေါင်းလောင်းသံများနှင့်အတူ ဟန်တောင်တန်းခေါင်းလောင်း၏ တဒုန်းဒုန်း ထုဆောင့်နေမှုများ၊ လျှပ်စီးအလင်းလုံးများ၏ အဆက်မပြတ် ပေါက်ကွဲမှုများနှင့် ကျောက်စိမ်းဓားရှည်၏ တရွှီရွှီ အသံများက စုမင်တို့အဖွဲ့အား တုန်လှုပ်ဖွယ် အမြန်နှုန်းဖြင့် ဆုတ်ခွာစေနိုင်ခဲ့သည်။ တစ်ချိန်တည်းမှာပင် သူတို့အဖွဲ့ သွားလိုက်သည်နှင့် ရှာမန်အများစုမှာလည်း နောက်ဆုတ်သွားကြလေသည်။

အကယ်၍ ထိုအရာများသာ ဆိုလျှင်တော့ အနည်းငယ်ပိုမိုအစွမ်းထက်သော ရှာမန်များသည် ပြန်လည်ဆုတ်ခွာရန် ရွေးချယ်ကြလိမ့်မည် မဟုတ်သော်လည်း ဟန်တောင်တန်းခေါင်းလောင်း ဆက်လက်၍ ထိုးနှက်နေသည်နှင့်အမျှ စူးရှသော အော်မြည်သံတစ်ခု ထွက်ပေါ်လာခဲ့လေသည်။ စုမင်မျက်လုံးတို့ ဝင်းလက်တောက်ပသွားသည်။ သူ့လက်ချောင်းများဖြင့် ချိပ်တံဆိပ်အချို့ကို ပြုလုပ်ကာ ခေါင်းလောင်းကို ညွှန်ပြလိုက်သည်။ ဟန်တောင်တန်းခေါင်းလောင်းထံမှ အနက်ရောင်အလင်းတစ်ဖြာ တိုးထွက်လာပြီး စုမင်တို့အဖွဲ့ ပတ်ဝန်းကျင်ဧရိယာအား လူသူကင်းမဲ့သော နေရာတစ်ခု ဖြစ်သွားစေသည်။

ပိုမို၍ ထိတ်လန့်ဖွယ်ကောင်းသည့် အချက်မှာ အနက်ရောင်အလင်း ဖြတ်သန်းသွားပြီးနောက်၌ သူတို့ထံ ချဉ်းကပ်လာသော ရှာမန်သားရိုင်းများသည် သူတို့အနီး ဆက်မတိုးလာဝံ့တော့သကဲ့သို့ စတင် အော်မြည်ခဲ့ကြခြင်း ဖြစ်သည်။ ၎င်းတို့သည် ထိုဧရိယာအတွင်း၌ သူတို့ထိတ်လန့်ကြောက်ရွံ့ရသော တစ်စုံတစ်ရာ ရှိနေသကဲ့သို့ အကျိုးဆက်များကိုပင် ဂရုမစိုက်ပဲ စတင် ဆုတ်ခွာသွားခဲ့ကြသည်။

ကျီချဲသည်သာ ပုံမှန်ကဲ့သို့ တုံ့ပြန်နေခဲ့သော်လည်း ရိုးရေစတေးနယ်ပယ် ကနဦးဆင့်မှ မာန်စွမ်းအားရှင်တစ်ဦး ဖြစ်သော အဖွဲ့ခေါင်းဆောင် ယန်ပေါ် အပါအဝင် အခြား အဖွဲ့ဝင်များမှာမူ အသက်ကိုပင် ပြင်းပြင်းရှူရှိုက်မိနေကြချေပြီ။ ရံဖန်ရံခါတွင် သူတို့သည် စုမင်အား ထူးဆန်းစွာ လှည့်ကြည့်လာကြသည်။

"ညီနောင်စု၊ မင်း ဘာကြောင့် စစ်မြေပြင်ထဲမှာ တစ်ဦးတည်း တိုက်ခိုက်ဖို့ ရွေးချယ်ခဲ့လဲဆိုတာ ငါအခုမှ နားလည်သွားတော့တယ်... မင်းက ရှာမန်မုဆိုး တစ်ယောက် မဟုတ်သေးရင်တောင် သူတို့အထဲက တစ်ယောက် ဖြစ်လာဖို့ အဆင်သင့်ဖြစ်နေပါပြီ" ယန်ပေါ်က လက်သီးဆုပ်၍ စုမင်အား အရိုအသေပေးလိုက်သည်။ စုမင်အား ကြည့်နေသော လူတိုင်း၏ အကြည့်များမှာလည်း လေးစားမှုများအဖြစ် ပြောင်းလဲသွားခဲ့ချေပြီ။

ကျီချဲ သူ့ဘေးတွင် ရှိနေသော စုမင်အား ဘာတွေ ဖြစ်ပျက်နေသည်ကို ချက်ချင်း အသာအယာရှင်းပြလိုက်သည်။

မာန်စွမ်းအားရှင်များနှင့် ရှာမန်များအကြား စစ်ပွဲထဲတွင် မာန်ဝိညာဉ်နယ်ပယ်မှ မဟုတ်သော်လည်း သူတို့၏ နတ်ဘုရားစွမ်းရည်များမှာမူ သူတို့နယ်ပယ်၏ ရှိသင့်သည့်စွမ်းအားထက် သာလွန်နေပြီး အပြင်းအထန် တိုက်ခိုက်နိုင်ကြသူ အနည်းငယ်ရှိသည်။

ဤလိုမျိုး လူများကို မုဆိုးများဟု ခေါ်ကြသည်။ အကယ်၍ သူတို့သည် မာန်စွမ်းအားရှင်များ ဆိုလျှင် ရှာမန်မုဆိုးများဟု ခေါ်ပြီး၊ ရှာမန်များဆိုလျှင်တော့ မာန်စွမ်းအားရှင်မုဆိုးများဟု ခေါ်ဆိုကြသည်။ သူတို့သည် တိုက်ပွဲများမှ ရရှိမည့် အတွေ့အကြုံများကို လိုအပ်သောကြောင့် စစ်ပွဲအတွင်း သူတို့ မည်သူမည်ဝါဖြစ်ကြောင်း ဖုံးကွယ်ရန် ရွေးချယ်လိမ့်မည် မဟုတ်ပေ။ ထို့ကြောင့်ပင် သူတို့သည် မျက်နှာဖုံးများကို ဝတ်ဆင်ရန် ရွေးချယ်ကြခြင်း ဖြစ်၏။

မာန်စွမ်းအားရှင်များ၏ မျက်နှာဖုံးမှာ အနက်ရောင်ဖြစ်ပြီး ရှာမန်များ၏ မျက်နှာဖုံးမှာ အဖြူရောင်ဖြစ်သည်။

ဤမျက်နှာဖုံးများထဲမှ တစ်ခုအား လက်ခံရပြီဆိုလျှင် ထိုလူသည် မုဆိုးတစ်ယောက်အဖြစ် အသိအမှတ်ပြုခံလိုက်ရပြီဟု ဆိုလိုခြင်းဖြစ်သည်။ မျက်နှာဖုံးစွပ်ခြင်းသည် အလွန်ကြီးမားသော အောင်မြင်မှုတစ်ခု ဖြစ်ပြီး ထိုအရာကသာလျှင် မုဆိုးမဟုတ်သူ တစ်ဦးအတွက် မုဆိုးဖြစ်လာနိုင်မည့် တစ်ခုတည်းသော နည်းလမ်းဖြစ်၏။

လူတစ်ယောက်သည် ရှာမန်မျိုးနွယ်စုမှ မုဆိုးတစ်ယောက်ကိုသတ်ပြီး ထိုသူ့မျက်နှာဖုံးကိုယူကာ ကောင်းကင်မြူခိုး မြို့တော်သို့  လွှဲပြောင်းလိုက်လျှင် ထိုလူက မုဆိုး ဖြစ်လာနိုင်၏။ လူတစ်ဦးသည် မုဆိုးဖြစ်လာပြီး မျက်နှာဖုံး ဝတ်ဆင်လိုက်သည်နှင့် ပိုမိုများပြားသော သေခြင်းတရားနှင့် ပျက်စီးမှုများကို ရင်ဆိုင်ရတော့မည် ဖြစ်၍ တစ်စုံတစ်ဦးသည် မျက်နှာဖုံးတပ်၍ သူတို့ကိုယ်သူတို့ လိမ်ညာခြင်းမျိုးကတော့ ရှားပါးပေသည်။ အကယ်၍ သူတို့သည် ကိုယ့်ကိုယ်ကို ထိုအခြေအနေအတွင်း လိမ်ညာရောက်ရှိစေခဲ့မည် ဆိုလျှင်တော့ အခြားတစ်ဦးမှ သူတို့အသက်များကို အလွန်လွယ်ကူစွာ ရယူသွားပေလိမ့်မည်။

စုမင် ကျီချဲ၏ ရှင်းပြချက်များကို နားထောင်၍ ခေါင်းညိတ်ပြလိုက်မိသည်။ ယခင်ကတည်းက ဤအကြောင်းကို သူမှန်းဆထားပြီး ဖြစ်သည်။ ဤလိုမျိုးလူများသည် သေချာပေါက်ပင် သာလွန်ထူးခြားသော စိတ်စွမ်းအားရှိသူများ ဖြစ်ကြ၏။

သူသည် ၎င်းတို့အထဲမှ တစ်ယောက်မဟုတ်ကြောင်း စုမင်သိသည်။ သူ့စိတ်စွမ်းအားမှာ လုံလောက်အောက် မသန်မာသေး၍သာ မကြာသေးခင်က တိုက်ခိုက်ခဲ့ချိန်တွင် သူ့ထံ၌ စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှုနှင့် အတူ စိတ်ဓာတ်ကျခြင်းများ ပေါ်ထွက်လာခဲ့ခြင်းပင်။

"ညီနောင်စု မင်းရဲ့ အကူအညီလည်း ရှိနေမှတော့ ငါတို့ နောက်ဆုတ်နေတာကို ရပ်တန့်လိုက်ရင်ရော ဘယ်လိုလဲ။ ငါတို့ ရှေ့တက်ပြီးတော့ ဂုဏ်ပြုမှတ်များများရဖို့ ကြိုးစားကြမယ်လေ။ ဟုတ်တာပေါ့၊ ဂုဏ်ပြုမှတ်တွေရဲ့ သုံးပုံတစ်ပုံကို မင်းယူနိုင်ပါတယ်။ ငါတို့က ကျန်တာကို ခွဲဝေယူပါ့မယ်" ယန်ပေါ်က နှုတ်ခမ်းများကို လျှာဖြင့်သပ်သည်။ စုမင်အား အသာအယာ တီးတိုးပြောရင်း ရှာမန်များဆီ လှမ်းကြည့်လိုက်သော သူ့မျက်လုံးများထဲ၌ ရက်စက်ကြမ်းကြုတ်သော အကြည့်တစ်ခု ပေါ်လာခဲ့သည်။

"ကောင်းပြီလေ" စုမင် ခဏတာ တိတ်ဆိတ်စွာ စဉ်းစားနေပြီးမှ ခေါင်းညိတ်ပြလိုက်သည်။

သူ ဆုံးဖြတ်ချက်ချပြီးသည်နှင့် အခြားအဖွဲ့ဝင်များကလည်း သဘောတူလိုက်ကြသည်။ သူတို့သည် နောက်သို့ ဆုတ်ခွာနေခြင်းကို ချက်ချင်းရပ်တန့်လိုက်ကြပြီး ယန်ပေါ်၏ အမိန့်အောက်မှာပင် သူတို့၏ ဖွဲ့စည်းပုံမှာ မြားတစ်ချောင်းအသွင် ပြောင်းလဲသွားသည်။ စုမင်က ဦးဆောင်၍ ကျီချဲနှင့် ယန်ပေါ်တို့မှာ သူ့ဘေးနှစ်ဖက်တွင် ရှိပြီး အခြားသူများသည် သူတို့နောက်မှလိုက်ပါကာ ဦးတည်ထွက်ခွာလိုက်ကြသည်။

သူတို့ ရှေ့တက်လာသည်နှင့် အမျှ ကျောက်စိမ်းဓားရှည်သည် သူတို့အား စက်ဝိုင်းပုံပတ်နေပြီး ဟန်တောင်တန်း ခေါင်းလောင်းသံများမှာလည်း  လေထဲ၌ ပဲ့တင်ထပ်နေခဲ့သည်။ မြားတစ်ချောင်းပုံစံ ဖွဲ့စည်းပုံနှင့် အဖွဲ့ ရောက်ရှိသွားသော နေရာတိုင်းတွင် သွေးမုန်တိုင်းတစ်ခု ဖြစ်ပေါ်လာစေခဲ့သည်။

အချိန်များ ဖြည်းညင်းစွာ ကုန်ဆုံးသွားသည်။ စုမင် ဦးဆောင်သော အဖွဲ့ငယ်လေးသည် ရှာမန်များကို မယုံနိုင်ဖွယ် အမြန်နှုန်းဖြင့် သတ်ဖြတ်ခဲ့ကြသော်လည်း အလားတူပင် သူတို့အထဲမှ လူပေါင်းများစွာလည်း သေဆုံးသွားခဲ့သည်။ ထိုအချိန်တွင်တော့ သူတို့ကိုးဦးသာ ကျန်ရှိတော့ချေ၏။

သို့သော် သူတို့ရရှိခဲ့သော အောင်မြင်မှုများမှာလည်း များပြားခဲ့သည်။

ထိုအချိန်တွင် ကောင်းကင်မှာ မှောင်မိုက်နေချေပြီ။ အစိမ်းရောင်မြူခိုးများ အတွင်းမှ ထွက်ပေါ်လာနေသော ပေါက်ကွဲသံများမှာလည်း ပိုမို၍ ခပ်စိပ်စိပ် ဖြစ်လာခဲ့သည်။ စုမင်သည် ရှေ့တိုးနေရာမှာ ရုတ်ခြည်း ရပ်တန့်သွားခဲ့ပြီး သူရပ်တန့်လိုက်သည်နှင့် သူ့နောက်ရှိ အခြားရှစ်ဦးမှာလည်း ရပ်တန့်သွားကြသည်။

အဝေးရှိလူအုပ်ထဲတွင် အဖြူရောင်မျက်နှာဖုံး ဝတ်ဆင်ထားသော ရှာမန် အမျိုးသားတစ်ယောက် ရှိနေသည်။ သူသည် အနက်ရောင်ဝတ်ရုံများ ဝတ်ဆင်ထားပြီး သူတို့အား အေးစက်စွာ စိုက်ကြည့်နေခဲ့သည်။ သူ့မျက်နှာဖုံးပေါ်တွင်တော့ ကန့်လန့်ဖြတ် အက်ကွဲရာတစ်ခု ရှိနေလေသည်...

ဤလူက အခြားရှာမန်များနှင့် မတူပေ။ သူသည် တစ်ဦးတည်းလှုပ်ရှားနေသော မာန်စွမ်းအားရှင် မုဆိုးများထဲမှ တစ်ဦးဖြစ်ပြီး မယုံနိုင်ဖွယ် သန်မာသော စိတ်စွမ်းအားရှိသူများသည်သာ ထိုသို့လှုပ်ရှားဝံ့ခြင်း ဖြစ်သည်။

ပတ်ဝန်းကျင်ရှိ ရှာမန်များ၏ အာရုံစိုက်မှုကို ဖမ်းစားထားသော စုမင်တို့အဖွဲ့ ရှိရာသို့ သူလှမ်းကြည့်လာသည်နှင့် တစ်ပြိုင်နက်တည်းလိုလိုပင် စုမင်မျက်လုံးများထဲ၌လည်း တိုက်ပွဲစိတ်ဝိညာဉ် တစ်ခု တောက်ပလာခဲ့သည်။

"ယန်ပေါ်၊ ခင်ဗျား နေရာပြောင်းလိုက်။ ကျီချဲ၊ မင်းက သူနဲ့ အတူတွဲလုပ်ပေးလိုက်။ မင်းတို့နှစ်ယောက် အဖွဲ့ကိုဦးဆောင်ပြီး အချိန်တစ်ခုကြာသည်အထိ ဒီနေရာမှာစောင့်နေ" စကားဆုံးသည်နှင့် စုမင်သည် ရှေ့သို့တိုးထွက်သွားပြီး ကောင်းကင်သို့ တစ်ချက်ခုန်ကာ တစ်ကိုယ်တည်း တိုက်ခိုက်နေသော မာန်စွမ်းအားရှင် မုဆိုးဆီသို့ ဦးတည်ခဲ့လိုက်သည်။

"မာန်စွမ်းအားရှင် မုဆိုး။ သူက မျက်နှာဖုံး တပ်ထားတယ်။ အဲဒါ မာန်စွမ်းအားရှင် မုဆိုး တစ်ယောက်ပဲ" စုမင် ထွက်ခွာသွားရာ အရပ်သို့ လှမ်းကြည့်လိုက်ပြီး မျက်နှာဖုံးတပ် ရှာမန်တစ်ဦးကို မြင်လိုက်ရချိန်တွင် ယန်ပေါ်၏ မျက်ဝန်းများ ကျဉ်းမြောင်းသွားခဲ့သည်။

"အကယ်၍ သူသာ အဲလူကိုနိုင်ပြီး မျက်နှာဖုံးကို ယူနိုင်ခဲ့မယ်ဆိုရင်၊ ကျီချဲ၊ မင်းဆရာဦးလေးက မုဆိုးတစ်ယောက် ဖြစ်လာမှာပဲ..." ယန်ပေါ်၏ အသက်ရှူသံများမှာ လျင်မြန်သွားပြီး သူ့မျက်လုံးများထဲတွင်လည်း မျှော်လင့်ချက်များ ထင်ရှားလာခဲ့လေသည်။

***

All Chapters