← Chapters

အခန်း (၉၁၉-၉၂၀)

Vol. 75 Ch. 919-920

အခန်း (၉၁၉-၉၂၀)

Vol. 75 Ch. 919-920

အခန်း ၉၁၉ - ဒါက သိပ္ပံနည်းမကျဘူး၊ အစပျိုးစူးစမ်းလေ့လာခြင်းနှင့် ဈေးရောင်းပွဲတော်ကြီး

နောက်တစ်နေ့ နံနက် ၆ နာရီတွင် ရှောင်းယီ နိုးလာခဲ့ပြီး ဝရန်တာသို့ထွက်ကာ နေ့စဉ်လုပ်နေကျ နံနက်ခင်း တရားထိုင်ခြင်းကို စတင်လိုက်လေသည်။

အန်းရန်မှာမူ မနေ့ညက ပင်ပန်းထားခဲ့သဖြင့် နှစ်ခြိုက်စွာ အိပ်ပျော်နေဆဲပင်။

နှစ်နာရီခန့်အကြာတွင် အန်းရန် တဖြည်းဖြည်း နိုးလာခဲ့ပြီး ဖုန်းကိုလှမ်းကြည့်လိုက်ရာ အချိန်ကိုမြင်ပြီး အလန့်တကြား အော်ဟစ်လိုက်မိသည်။

“ရှောင်းယီ ဘာလို့ ငါ့ကို ထမင်းချက်ဖို့ မနှိုးတာလဲ။ အခုတော့ သွားပြီ။ အားလုံး မနက်စာ ငတ်ကုန်တော့မယ်။”

အန်းရန် အပြေးအလွှားဖြင့် အောက်ထပ်သို့ ဆင်းသွားတော့လေသည်။

ရှောင်းယီက တရားထိုင်ရာမှ မျက်လုံးဖွင့်ကြည့်ပြီး ပြာပြာသလဲ ပြေးဆင်းသွားသော သူမကိုကြည့်ကာ ပြုံး၍ ခေါင်းခါလိုက်မိသည်။

သူမ ဗီလာ၏ ပထမထပ်သို့ ရောက်သောအခါ ဆုဝမ်က မနက်စာကို စားပွဲပေါ်တွင် ပြင်ဆင်ပြီးနေပြီဖြစ်သည်။

“မောနင်း။”

ဆုဝမ်က ပြုံး၍ နှုတ်ဆက်လိုက်သည်။

“မောနင်းပါ။”

အန်းရန်က ရှက်ကိုးရှက်ကန်းဖြင့် ပြန်ပြောလိုက်သည်။

“မနေ့ညက အိပ်ယာဝင် နောက်ကျသွားလို့ ဒီမနက် မထနိုင်ဘူး ဖြစ်သွားတယ်။ ကူညီပေးလို့ ကျေးဇူးအများကြီးတင်ပါတယ်။”

“ငါတို့ကြားထဲ ဒီလောက် အားနာနေဖို့ လိုလို့လား။”

ဆုဝမ်က ပြုံးလျက် ပြန်ဖြေလိုက်သည်။

“အင်း ဒါဆို ငါ အရင်ဆုံး မျက်နှာသွာစသစ်လိုက်ဦးမယ်နော်။”

ထို့နောက် အန်းရန်က ဒုတိယထပ်သို့ ပြန်တက်သွားခဲ့သည်။

အန်းရန် လှည့်ထွက်သွားပြီးနောက် ဆုဝမ်တစ်ယောက် ခါးသီးစွာ ပြုံးလိုက်မိသည်။ သူမ၏ မျက်နှာမှာ ခဏတာ စိတ်ပျက်သွားသော်လည်း ချက်ချင်းပင် စိတ်ကိုပြန်ထိန်းကာ တောက်ပသော မျက်နှာထားသို့ ပြောင်းလဲလိုက်လေသည်။

ရှောင်းယီသည်လည်း ကိုယ်လက်သန့်စင်ပြီးနောက် မနက်စာစားရန် အောက်ထပ်သို့ ဆင်းလာခဲ့သည်။ မနေ့ညက မသေမျိုးကျွန်း ကိစ္စကြောင့် အားလုံး အိပ်ရာထ နောက်ကျနေကြခြင်းပင်။

ရှောင်းယီ စားပွဲသို့ ရောက်သောအခါ အခြားသူများလည်း တစ်ပြိုင်တည်း ရောက်ရှိလာခဲ့ကြသည်။

“အစ်ကိုကျန်း မနေ့ညက အခြေအနေ ဘယ်လိုလဲ။”

ရှောင်းယီက စားသောက်ရင်းဖြင့် မေးလိုက်သည်။

“ငါတို့ မဟာမိတ်ကျွန်းစုတွေနဲ့ နောက်ထပ် ကျွန်းသုံးကျွန်း ထပ်တိုက်မိတယ်။ မီးတံတိုင်းတွေကို ကြိုတင်ပြင်ဆင်ထားလို့ သေခြင်းတရားစွမ်းအင်‌ ကျူးကျော်မှုဒဏ်ကိုတော့ မခံရဘူး။”

ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်သည်။

“ကျွန်းနှစ်ကျွန်းက မနေ့က ပထမဆုံးကျွန်းလို အကုန်လုံး အရိုးစုတွေချည်းပဲ။ ငါတို့ဘက်က မလှုပ်ရှားရင် သူတို့ ထွက်မလာဘူး။ ကျန်တဲ့ကျွန်းကတော့ ဖုတ်ကောင်တွေနဲ့ ပြည့်နေတယ်။ သူတို့ကို ခုခံဖို့တော့ တံတိုင်းတွေ တည်ဆောက်ထားတယ်။”

ရှောင်းယီက ခေါင်းငြိမ့်လိုက်သည်။

“အဲဒီ ဖုတ်ကောင်တွေနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်မျိုးစုံကို ဂရုစိုက်ပြီး စောင့်ကြည့်မှတ်တမ်းတင်ထားပါ။”

“ဟုတ်ကဲ့။”

ကျန်းယွင်ထျန်းက တုံ့ပြန်လိုက်သည်။

“ဦးလေးအန်း မသေမျိုးကျွန်းတွေ ကျုပ်တို့ရဲ့ ပင်မကျွန်းဘက်ကို ဦးတည်လာတာမျိုး မရှိဘူးမလား။”

ရှောင်းယီ ဆက်မေးလိုက်သည်။

“မရှိပါဘူး။”

အန်းယွဲ့က ပြန်ဖြေလိုက်သည်။

“လောလောဆယ် မရှိသေးပေမဲ့ ပေါ့ဆလို့တော့ မရဘူး။ အစ်ကိုကျန်း အစ်ကိုနဲ့ အစ်မရွှဲ့တို့က ကင်းလှည့်တာနဲ့ စောင့်ကြပ်တဲ့အပိုင်းကို အပြည့်အဝ တာဝန်ယူပေးပါ။ ဦးလေးအန်းကတော့ တခြားကိစ္စတွေကို စီမံထားပေးပါ။”

“ဟုတ်ကဲ့။”

“မနေ့ညက ဘာဖြစ်ခဲ့လဲဆိုတာ တချို့လူတွေ မသိသေးဘူးလို့ထင်တယ်။ ကျုပ် အကျဉ်းချုပ် ပြောပြမယ်။”

ထို့နောက် ရှောင်းယီက မနေ့ညက ဖြစ်ရပ်ကို ရှင်းပြလိုက်လေသည်။

ယွမ်နွန်နှင့် အခြားသူများမှာ လုံးဝ ဆွံ့အသွားခဲ့ကြသည်။

“ဒါက သိပ္ပံနည်းမကျလိုက်တာ။”

ယွမ်နွန်က ရေရွတ်လိုက်၏။

“အရိုးစုတွေမှာလည်း သက်စောင့်အား ရှိနိုင်လို့လား။”

“သိပ္ပံနည်းမကျတာကို ပြောမယ်ဆိုရင် ဒီကမ္ဘာထဲကို ပစ်ချခံထားရတာက အကြီးမားဆုံး သိပ္ပံနည်းမကျတဲ့ကိစ္စပဲ။”

အန်းယွဲ့က ခေါင်းခါရင်း ပြောလိုက်သည်။ဒူခန်းသည်မူ ထူးထူးခြားခြား စိတ်လှုပ်ရှားနေခဲ့သည်။

“မိုက်တယ်။ ဖုတ်ကောင်တွေ တကယ်ရှိတာပဲ။ အဲဒီမှာ ဖုတ်ကောင်စစ်သည်တော် မသေမျိုးစစ်သည်တွေ ဘာတွေ ရှိမလား မသိဘူး။ တကယ် မြင်ချင်မိတယ်။”

ထိုအခါ ရှောင်းယီက သူ့ကို တစ်ချက်ကြည့်ပြီး ပြောလိုက်သည်။

“လွယ်ပါတယ်။ ခဏနေရင် မင်း အဲဒီမသေမျိုးကျွန်းကို သွားပြီး စူးစမ်းလေ့လာတာကို တာဝန်ယူလိုက်။ တစ်ရက်လောက် ပြန်မလာနဲ့။”

“မလုပ်ပါနဲ့ ကျွန်းပိုင်ရှင် ကျုပ်က အပျော်ပြောတာပါ။ ပါးစပ်သရမ်းမိတာပါ ဟဲဟဲ။”

ဒူခန်း ချက်ချင်းပင် အရှုံးပေးလိုက်သည်။သူ့တွင် အရည်အချင်းကောင်းများ ရှိသော်လည်း တိုက်ခိုက်ရသည်ကို မနှစ်သက်ပေ။ သူက သူ၏ အချဉ်ဖောက်ခြင်း အတတ်ပညာဖြင့် အရက်ချက်ရသည်ကိုသာ ဝါသနာပါသူဖြစ်သည်။ ယီရန်ပင်းမဟာမိတ်အဖွဲ့မှ အရက်အားလုံးနီးပါးမှာ သူ၏ လက်ရာများပင် ဖြစ်သည်။

“ဒါပေမဲ့ ကျွန်းပိုင်ရှင်ပြောတာ ကျိုးကြောင်းဆီလျော်တယ်လို့ ကျုပ်ထင်တယ်။”

ကျန်းယွင်ထျန်းက ကြားဖြတ်ပြောလိုက်သည်။

“အခု ကျုပ်တို့ မသေမျိုးတွေအကြောင်း ဘာမှမသိသေးဘူး။ တကယ်လို့ တစ်နေ့မှာ သူတို့က အကြီးအကျယ် တိုက်ခိုက်လာရင် ကျုပ်တို့ အငိုက်မိသွားနိုင်တယ်။ အခုကတည်းက အစပျိုးပြီး လေ့ကျင့်တဲ့အနေနဲ့ ကျွန်းကို စူးစမ်းတာ ပိုကောင်းမယ်။”

အားလုံး စဉ်းစားကြည့်ပြီးနောက် ကျန်းယွင်ထျန်း ပြောသည်မှာ မှန်ကန်သည်ဟု လက်ခံကာ ခေါင်းငြိမ့်လိုက်ကြသည်။

“ကောင်းပြီ အစ်ကိုကျန်း ကျွန်းထဲကို ဝင်ရောက်စူးစမ်းဖို့ ထူးချွန်တဲ့ တပ်ဖွဲ့ဝင်အနည်းငယ်ကို စီစဉ်လိုက်ပါ။ သတိထားရမှာက အထဲကို အရမ်းနက်နက်ရှိုင်းရှိုင်း မဝင်ဖို့ပဲ။”

ရှောင်းယီ ညွှန်ကြားလိုက်သည်။

“ဟုတ်ကဲ့။”

“ဆုဝမ် ဒီနေ့ ယီရန်ပင်း မဟာမိတ်အဖွဲ့ကနေ လက်နက်တွေနဲ့ တခြားပစ္စည်းတွေကို အများအပြား ရောင်းချပေးမယ်လို့ ဂရုထဲမှာ ကြေညာပေးလိုက်ပါ။ အဲဒါတွေက ဒီကမ္ဘာ့စစ်မြေပြင်မှာ ဖုတ်ကောင်တွေကို ပိုကောင်းကောင်း ရင်ဆိုင်နိုင်ဖို့ အထောက်အကူဖြစ်စေလိမ့်မယ်။”

ရှောင်းယီက နောက်ဆုံးအနေဖြင့် မှာကြားလိုက်သည်။

“ကောင်းပါပြီ။”

ဆုဝမ်က ခေါင်းငြိမ့်ကာ ခွက်ထဲမှ နွားနို့ကို အကုန်သောက်လိုက်ပြီး ကြော်ငြာစာမူ ရေးသားရန် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဆီသို့ လျှောက်သွားတော့လေသည်။

မကြာမီ ဆုဝမ်သည် ယီထျန်းဂရုထဲ၌ အကြောင်းကြားစာ ထုတ်ပြန်လိုက်သည်။

“လူတိုင်း ဖုတ်ကောင်တွေကို ပိုမိုကောင်းမွန်စွာ ရင်ဆိုင်နိုင်စေဖို့ ကျွန်မတို့ ယီရန်ပင မဟာမိတ်အဖွဲ့က လက်နက်နဲ့ တခြားပစ္စည်း အမြောက်အမြားကို ပြင်ဆင်ထားပါတယ်။ ခဏနေရင် ဂရုထဲမှာ တင်ပေးမှာမို့ အားလုံး အားပေးကြပါဦး။”

ဆုဝမ် တင်လိုက်သော စာကို မြင်သည်နှင့် ယီထျန်းဂရုတစ်ခုလုံး ချက်ချင်းပင် ဆူညံသွားတော့သည်။ ဆုဝမ်အသုံးပြုသော အကောင့်သည် ယီရန်ပင်း၏ ပြောရေးဆိုခွင့်ရှိသူနှင့် အတူတူပင် ဖြစ်သဖြင့် သူမ တင်သမျှမှာ အမှန်တကယ်ပင် ဖြစ်သည်။

“သူဌေးကြီးက အရမ်းသဘောကောင်းတာပဲ။ ဒါက တကယ်ကို လိုအပ်နေတဲ့အချိန်မှာ အကူအညီရလိုက်တာပဲ။”

“ဟုတ်တယ်။ ကျည်ထိုးရိုင်ဖယ်တွေ နည်းလွန်းနေသလိုပဲ။ အဲဒီဖုတ်ကောင်တွေကို ရင်ဆိုင်ဖို့ ကျည်ထိုးရိုင်ဖယ်မှ ရမှာ။ ရှေးဟောင်းသေနတ်တွေ သုံးရင် တစ်ချက်ပစ်ပြီးတာနဲ့ ဖုတ်ကောင်တွေက ငါတို့ပေါ် ခုန်အုပ်လာမှာပဲ။”

“ဟုတ်တယ်။ သူဌေး အရင်တစ်ခါ ပြောဖူးတဲ့ ဆိုင်ကယ်တွေကိုလည်း ရောင်းပေးရင် ကောင်းမယ်။ အဲဒါဆိုရင် မသေမျိုးကျွန်းပေါ်မှာ ပတ်မောင်းပြီး နယ်မြေစူးစမ်းလို့ ရလိမ့်မယ်။ အဲဒီဖုတ်ကောင်တွေက အရမ်းနှေးလွန်းတယ်။”

“လက်ပစ်ဗုံးတွေနဲ့ တော်ပီဒိုတွေလည်း ပါရင် ကောင်းမှာပဲ။”

“အခုဆို အားလုံးလည်း မသေမျိုးကျွန်းတွေနဲ့ ကြုံနေရပြီ မဟုတ်လား။”

“ဟုတ်တယ်။ တစ်ညလုံး မအိပ်ရသေးဘူး။ ငါ အရမ်းအိပ်ငိုက်နေပြီ။”

“ညီအစ်ကိုရာ အဲဒီလို လုပ်မနေပါနဲ့။ ဘာပဲဖြစ်ဖြစ် သူဆဌးကြီးက သေခြင်းတရားစွမ်းအင်ကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ သင်ပေးထားပြီးပြီပဲဟာ။ မီးတံတိုင်း ချပြီးတာနဲ့ လက်အောက်ငယ်သားတွေကို တာဝန်ခွဲပြီး အလှည့်ကျ အနားယူခိုင်းလိုက်ပါ။ ဒီစစ်ပွဲက ရေရှည်တိုက်ရမယ့်ပွဲပဲ။ မအိပ်ဘဲ မနေနဲ့။”

“အပေါ်ကလူ ပြောတာမှန်တယ်။ ကျုပ်ကတော့ ၃ နာရီလောက် အိပ်ပြီး ပြန်ထလာပြီ။”

ရှောင်းယီသည် မနက်စာစားပြီးနောက် ပစ္စည်းသေတ္တာများကို သိမ်းဆည်းရန် ထွက်လာခဲ့လိုက်၏။ ဆုလာဘ်နှစ်ဆတိုးသည့်တိုင် ပစ္စည်းများမှာ အရင်လောက် မများသော်လည်း ရှိသမျှဖြင့် အကျိုးရှိအောင်တော့ လုပ်ဆောင်ရပေမည်။

တောအုပ်ထဲတွင်လည်း စားစရာများစွာ ရှိပေသည်။ ရှောင်းယီက ရှောင်ရှန်းကို အဆင့်မြင့်အစားအစာအချို့ကိုသာ ပို့ခိုင်းပြီး ၎င်းတို့အပေါ်၌ နှစ်ဆတိုးခြင်းစနစ်ကို အသုံးပြုလိုက်သည်။ ကျန်သည့်အရာများမှာ အဆင်ပြေပါသည်။

ယခုအခါ စားသောက်ကုန် အရောင်းအဝယ်မှာ နည်းပါးသွားပြီဖြစ်သည်။ ဆောင်းရာသီ ကျော်လွန်သွားပြီဖြစ်၍ လူတိုင်း ကိုယ်တိုင် စိုက်ပျိုးနိုင်ကြပြီ မဟုတ်ပါလော။ ထွက်နှုန်းမှာ ယွမ်လောင်ရှိသော ယီရန်ပင်း မဟာမိတ်အဖွဲ့လောက် မကောင်းသော်လည်း စားလောက်ရုံတော့ ရှိကြသည်။

သို့သော် အဆင့်မြင့် အစားအစာများမှာမူ လူကြိုက်များနေဆဲပင်။

ပစ္စည်းများ သိမ်းဆည်းပြီးနောက် ရှောင်းယီသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်သို့ ပြန်လာကာ ယီထျန်းဂရုထဲသို့ မက်ဆေ့ခ်ျ ပို့လိုက်သည်။

“ဒီနေ့ ရောင်းချပေးမယ့် လက်နက်တွေထဲမှာ အမြောက်တွေ၊ ပင်ဖိုင်းယားရိုင်ဖယ်တွေ၊ လေကြောင်းရန်ကာကွယ်ရေး ဒုံးကျည်တွေ၊ လက်ပစ်ဗုံးတွေ ပါဝင်ပါတယ်။ သယ်ယူပို့ဆောင်ရေး အနေနဲ့ သံချပ်ကာစစ်သင်္ဘော၊ ဆိုင်ကယ်နဲ့ ဘက်စုံသုံး တပ်သားတင်ယာဉ်တွေလည်း ပါဝင်မှာပါ။ ဒါ့အပြင် အဆင့်မြင့် အစားအစာတွေလည်း အစုံအလင်ရှိပြီး ဒီနေ့အတွက်တော့ ဝယ်ယူမှု အရေအတွက် ကန့်သတ်ချက် မရှိပါဘူး။”

အခန်း (၉၂၀) - ကျွန်းကြီးမားခြင်းက အားနည်းချက်ဖြစ်လာခြင်းနှင့် ကုန်သွယ်မှုပြုလုပ်ခြင်း

ဝယ်ယူနိုင်သည့် အရေအတွက် ကန့်သတ်ချက်မရှိကြောင်း ရှောင်းယီ ပြောလိုက်သည်ကို မြင်သောအခါ လူအုပ်ကြီးမှာ တစ်ကျော့ပြန် စိတ်လှုပ်ရှားသွားကြပြန်သည်။

ယခင် အဆင့်မြင့်လက်နက်များကို ရောင်းချသည့်အခါက အများစုမှာ ဝယ်ယူမှု ကန့်သတ်ချက်ရှိတတ်ပေသည်။ ဥပမာအားဖြင့် အိုင်ဒီတစ်ခုလျှင် ပင်ဖိုင်းယားရိုင်ဖယ် ဆယ်လက်သာ ဝယ်ယူခွင့်ရှိခြင်းမျိုး ဖြစ်သည်။

သို့သော် ယခုတစ်ကြိမ်တွင်မူ ရှောင်းယီက မည်သည့်ကန့်သတ်ချက်မှ မထားရှိတော့ပေ။

“သူဌေးကတော့ တကယ်ကို အံ့မခန်းပဲ။ ဒီတစ်ခါတော့ ကျုပ် ပင်ဖိုင်းယားရိုင်ဖယ် အလက်တစ်ရာလောက် အပြတ်ဝယ်ရမယ်။”

“ဟုတ်တယ်။ အခု ငါ့မှာ အုတ်မြစ်ကျောက်တွေ အများကြီးရှိတယ်။ လက်ပစ်ဗုံးတွေလည်း ပိုဝယ်ထားရမယ်။ အနီးကပ်တိုက်ပွဲတွေမှာ ဒါတွေက အသုံးအဝင်ဆုံးပဲ။”

“ကျုပ်ကတော့ အမြောက်တချို့ ဝယ်မယ်။ အဲ့ဒီမသေမျိုးမျိုးနွယ်ရဲ့ ကျွန်းတစ်ကျွန်းလုံးကို အမြောက်နဲ့ လှမ်းထုပစ်မယ်။ သူတို့ကို အမှုန့်ဖြစ်အောင် မလုပ်နိုင်ဘူးဆိုတာ မယုံဘူး။”

“သူဌေး မြန်မြန်လုပ်ပေးပါတော့။ ကျုပ်ဘက်မှာ မသေမျိုးမျိုးနွယ် သတ္တဝါတွေနဲ့ စတွေ့နေပြီ။ ရိုင်ဖယ်နဲ့ လက်ပစ်ဗုံးတွေသာ လုံလုံလောက်လောက် မရှိရင် တောင့်ခံနိုင်ပါ့မလား မသိတော့ဘူး။”

“အပေါ်ကလူ မင်းကလည်း အပိုတွေ ပြောနေပြန်ပြီ။ ကျွန်းချင်း ထိစပ်နေတဲ့ နယ်နိမိတ်က အလွန်ဆုံးမှ မီတာတစ်ရာပဲ ကျယ်တာလေ။ အဲဒီလောက် အကွာအဝေးလေးကိုတောင် မကာကွယ်နိုင်ဘူးလား။”

“မင်း မသိလို့ပါ။ ကျုပ် စောစောက ရတနာသိုက် တူးရင်းနဲ့ သုံးဆပွားစာလိပ်တစ်ခု ရခဲ့တယ်။ အဲဒါက ရင်းမြစ်တစ်ခုတည်းကနေ ရမယ့်ပစ္စည်းတွေကို သုံးဆ တိုးပွားစေတာပဲ။”

“သေစမ်း... မင်းကတော့ မိုက်သွားတာပဲ။”

“အဲဒီလို စာလိပ်မျိုးတောင် ရှိတာလား။ အကယ်၍ အုတ်မြစ်ကျောက် အများကြီးရှိတဲ့သူတစ်ယောက်ကို ရှာပြီး ကုန်သွယ်နိုင်ရင် ချမ်းသာပြီပေါ့။”

“ဒါပေါ့။ သူ ယီရန်ပင်းသူဌေးဆီ သွားမှာ သေချာတယ်။”

“မင်းတို့ ခန့်မှန်းတာ မှန်တယ်။ ကျုပ် သူဌေးကြီးယီရန်ပင်းဆီသွားပြီး အုတ်မြစ်ကျောက်ပေါင်း ဆယ်ဘီလီယံကျော်ဖိုး ကုန်သွယ်ခဲ့တယ်။ အဲဒါကြောင့် ကျုပ်တို့ကျွန်းတွေက ဒီလောက်အထိ ကြီးမားနေတာ။ အခုလို ကျွန်းချင်း ထိစပ်တဲ့နေရာတွေကနေ စမ်းသပ်မှုတွေ ရောက်လာမယ်မှန်းသာ ကြိုသိခဲ့ရင် ကျုပ်ရဲ့ ကျွန်းခွဲ ရှစ်ကျွန်းကို စတုရန်းမီတာ တစ်ရာစီပဲ ထားခဲ့မှာ။ ဒါဆိုရင် ရန်သူက ဘယ်လောက်ပဲကြီးကြီး ထိစပ်တဲ့နေရာက ဆယ်မီတာပဲ ရှိမှာလေ။”

“ဆယ်ဘီလီယံကျော် ဟုတ်လား။ ဝိုး... အားကျလိုက်တာ။”

“ဟုတ်ပါ့ ကျုပ်လည်း အားကျတယ်ဗျာ။ ဒါက မတရားတာပဲ။ ကျုပ် ကန့်ကွက်တယ်။”

“ကန့်ကွက်နေလို့ ဘာထူးမှာလဲ။ ဒီကမ္ဘာကြီးရဲ့ စည်းမျဉ်းတွေက မင်းကို ဂရုစိုက်တယ်ဆိုရင် ငါ့နာမည်ကို ပြောင်းပြန်ရေးပစ်မယ်။”

“ညီအစ်ကိုတို့ အဓိကအချက်ကိုပဲ အာရုံစိုက်ကြစမ်းပါ။ ဒီအခြေအနေက ကျွန်းဧရိယာ ကြီးမားတဲ့ မဟာမိတ်အဖွဲ့တွေအတွက် ကမ္ဘာ့စည်းမျဉ်းတွေက အခက်အခဲကို တမင်တိုးမြှင့်လိုက်တာပဲ။”

“ဟုတ်တယ်။ ကျွန်းကြီးတယ်ဆိုတာ ဖွံ့ဖြိုးမှုကောင်းလို့ပဲ။ အဲ့ဒါကြောင့် စမ်းသပ်မှုကလည်း လိုက်ပြီး ကြီးသွားတာပေါ့။ ဒါက ယုတ္တိရှိပါတယ်။”

“ငိုချင်တယ်... ကျုပ်တို့က ကံကောင်းလို့ ကြီးသွားတာလေ။ တကယ်တမ်း ဖွံ့ဖြိုးတိုးတက်မှုက အဲ့လောက် မကောင်းသေးဘူး။”

“ဒါဆိုရင်တော့ မင်းတို့ကိုယ်မင်းတို့ပဲ အပြစ်တင်တော့။ ငါသာ အဲဒီလောက်များတဲ့ အုတ်မြစ်ကျောက်တုံးတွေ ရခဲ့ရင် ကျွန်းကို ဒီလောက်ကြီးအောင် ချဲ့မှာမဟုတ်ဘူး။ ဘာလို့လဲဆိုတော့ ငါ့အရည်အချင်းနဲ့ ငါမထိန်းချုပ်နိုင်မှန်း သိလို့ပဲ။”

“ဟုတ်တယ်။ ရုတ်တရက် ကျွန်းသေးသေးလေးပဲ ရှိတာက မဆိုးဘူးလို့ ခံစားရတယ်။”

ချက်တင်ကို ကြည့်ရင်း ရှောင်းယီသည်လည်း သူတို့၏ အမြင်များကို အခိုင်အမာ ထောက်ခံလိုက်မိ၏။ ကျွန်းကြီးမားလေလေ ရင်ဆိုင်ရမည့် စိန်ခေါ်မှုများက ပိုကြီးမားလေလေ ဖြစ်မည်မှာ သေချာပေသည်။

အနည်းငယ် စဉ်းစားပြီးနောက် ရှောင်းယီသည် ယနေ့ရောင်းချမည့် ပစ္စည်းများအတွက် ဈေးနှုန်းသတ်မှတ်လိုက်တော့သည်။

လေကြောင်းရန်ကာကွယ်ရေး ဒုံးကျည်များ၊ ပင်ဖိုင်းယားရိုင်ဖယ်များနှင့် သံချပ်ကာ စစ်သင်္ဘောများကို ယခင်ဈေးနှုန်းများအတိုင်းသာ ဆက်လက်ရောင်းချမည်ဖြစ်သည်။

တစ်ခုချင်းစီ၏ ဈေးနှုန်းမှာ အုတ်မြစ်ကျောက် ၁၀၀၊ ၈၀ နှင့် ၁၅၀၀၀ အသီးသီး ဖြစ်ကြသည်။

အမြောက်များအတွက် တစ်လက်လျှင် အုတ်မြစ်ကျောက် ၂၀၀၊ လက်ပစ်ဗုံးများအတွက် ၅ ခု၊ မော်တော်ဆိုင်ကယ်များအတွက် ၅၀၀ နှင့် ဘက်စုံသုံး စစ်သည်တင်ယာဉ်များအတွက်မူ အုတ်မြစ်ကျောက် ၈၀၀ ဟု သတ်မှတ်လိုက်သည်။

လူတိုင်း ထိုဈေးနှုန်းများကို မြင်သောအခါ အနည်းငယ် ခေါင်းငြိမ့်မိလိုက်ကြသည်။

အနည်းဆုံးတော့ ယခင်က ရောင်းခဲ့သည့် ပစ္စည်းများမှာ ဈေးမတက်သွားပေ။ သူက ကျိုးကြောင်းဆီလျော်မှု ရှိပါသေးသည်။

ထို့အပြင် အမြောက်ဈေးနှုန်းမှာ အနည်းငယ်ပင် ကျသွားသေးပြီး လက်ပစ်ဗုံးဈေးမှာလည်း လက်ခံနိုင်စရာ ရှိသည်။

သို့သော် မော်တော်ဆိုင်ကယ်နှင့် ဘက်စုံသုံး စစ်သည်တင်ယာဉ်များမှာမူ အနည်းငယ် ဈေးကြီးနေသေးသည်။

“သူဌေး မော်တော်ဆိုင်ကယ်ဈေးကို နည်းနည်းလောက် လျှော့ပေးလို့ မရဘူးလား။ တစ်စီးကို အုတ်မြစ်ကျောက် ငါးရာဆိုတာ များလွန်းတယ်။”

“ဟုတ်တယ်။ ပြီးတော့ အဲဒီ ဘက်စုံသုံး စစ်သည်တင်ယာဉ်ဆိုတာက ဘယ်လိုမျိုးလဲ။ ဘာလို့ ဒီလောက် ဈေးကြီးရတာလဲ။”

“အားလုံးပဲ စိတ်ချပါ။ ဒီဈေးနှုန်းတွေကို ကျုပ်တို့ မဟာမိတ်အဖွဲ့အတွင်း သေချာတိုင်ပင်ပြီးမှ သတ်မှတ်ထားတာပါ။ ပေးရတဲ့ဈေးနဲ့ ထိုက်တန်စေရပါမယ်။”

ရှောင်းယီက မျက်နှာပြောင်တိုက်ကာ လိမ်ညာပြောဆိုလိုက်၏။

အမှန်စင်စစ် ဤဈေးနှုန်းများသည် သူ စိတ်ကူးပေါက်ရာ သတ်မှတ်ထားခြင်းသာ ဖြစ်သည်။

“မင်းတို့ ငမွဲတွေ...စစ်သည်တင်ယာဉ်တစ်စီးကို အုတ်မြစ်ကျောက် တစ်ထောင်တောင်မပြည့်တာကို ဈေးကြီးတယ်လို့ ပြောနေကြတာလား။ သူဌေး ကျုပ်ကို အစီးတစ်ရာ ပေးပါ။”

“ဝိုး... အပေါ်ကလူက တကယ်ချမ်းသာတာပဲ။ အုတ်မြစ်ကျောက်တွေ ဘယ်က ရတာလဲ။”

“တိုက်သစ်တွေကို ခဏခဏသွားပြီး ရတနာသေတ္တာတွေ ရှာကြည့်လေ။ အုတ်မြစ်ကျောက်တွေ အများကြီး တွေ့နိုင်တယ်။”

“သူဌေး ကျုပ်တို့ဘက်က စစ်သည်တင်ယာဉ် အစီးတစ်ထောင် လိုချင်ပါတယ်။”

“ဘာတွေဖြစ်ကုန်တာလဲ။ မင်းတို့အားလုံး အုတ်မြစ်ကျောက်ပုံထဲ ပြုတ်ကျလာကြတာလား။ ဘယ်လိုလုပ် ဒီလောက်အများကြီး ရှိနေရတာလဲ။”

“ကျုပ်ရဲ့အခြေအနေက အပေါ်ကလူနဲ့ မတူဘူး။ ကျုပ်က မြှောက်ကိန်းစာလိပ် ဖွင့်မိထားလို့ အုတ်မြစ်ကျောက်တွေ အတော်များများ ရှိနေသေးတယ်။ ကျုပ်ကျွန်းက ကြီးတော့ နေရာအနှံ့ကို အထောက်အပံ့ပေးနိုင်ဖို့ အဆင့်မြင့် သယ်ယူပို့ဆောင်ရေးယာဉ်တွေ ဝယ်မှဖြစ်မှာလေ။”

“နောက်ထပ် ဆတိုးကိန်းနဲ့ တစ်ယောက်လား။ လူဘယ်လောက်များများ ဒီလိုစာလိပ်တွေ ရထားကြတာလဲ။”

“ငါ့မျက်လုံးတွေတောင် မနာလိုဖြစ်လွန်းလို့ နီကုန်ပြီ။”

“ထားလိုက်ပါတော့။ မနာလိုဖြစ်နေလို့လည်း မထူးပါဘူး။ အရင်ဆုံး ပင်ဖိုင်းယားရိုင်ဖယ်နဲ့ လက်ပစ်ဗုံးတွေ အရင်ဝယ်ကြရအောင်။ ဒါတွေကမှ အဓိက အင်အားစုပဲ။”

“ဟုတ်တယ်။ မြန်မြန်ဝယ်ကြစို့။ ကန့်သတ်ချက်မရှိဘူးဆိုပေမဲ့ သူဌေးဆီက အရင်းအမြစ်တွေကလည်း အကန့်အသတ်မရှိတာမှ မဟုတ်တာ။ တစ်ချိန်ကျရင် ကုန်သွားမှာပဲ။”

လူတိုင်း ချက်ချင်းပင် ဝယ်ယူမှုများ စတင်ပြုလုပ်ကြတော့သည်။

ရှောင်းယီသည် ကြိုတင်ပြင်ဆင်ထားသော ကုန်ကြမ်းပစ္စည်းများကို အသုံးပြု၍ ထုတ်လုပ်မှုကိုသာ အာရုံစိုက်ကာ လုပ်ဆောင်ရတော့သည်။

“ဟူး... ဒီနှစ်ဆ အခြေအနေက ငါ့အပေါ်မှာပဲ သက်ရောက်တာ။ တခြားသူတွေကို ပေးလို့မရဘူး။”

ရှောင်းယီသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရှေ့တွင် ခိုကိုးရာမဲ့စွာ ထိုင်ရင်း ထိုပစ္စည်းများကို ထပ်ခါတလဲလဲ ထုတ်လုပ်နေရလေသည်။

သုံးနာရီဆက်တိုက် အလုပ်လုပ်ပြီးနောက် ရှောင်းယီသည် ထရပ်ကာ ကိုယ်လက်ဆန့်ထုတ်ရင်း ညည်းတွားလိုက်၏။

“ဒါက မနေ့ညကထက်တောင် ပိုပြီးပင်ပန်းသေးတယ်။”

ညည်းတွားပြီးနောက် ရှောင်းယီက အဖွဲ့ထဲတွင် ချက်ချင်းပြောလိုက်သည်။

“ခဏနားဦးမယ်။ ကျုပ် အရမ်းပင်ပန်းနေပြီ။”

“သူဌေး မလုပ်ပါနဲ့ဦး။ ကျုပ်အလှည့် ရောက်ခါနီးမှ ဘယ်လိုလို့ နားမှာလဲ။”

“ဒါက ပြောရတာ နည်းနည်းတော့ ထူးဆန်းသလိုပဲ။ သူဌေး ဖောက်သည်တွေ ဆက်ပြီးလက်ခံပေးပါဦး။ အားလုံးက စောင့်နေကြတာပါ။”

“ဟေ့လူတွေ မင်းတို့ကလည်း အဲဒီလောက်ကြီး မလုပ်ကြပါနဲ့ဟ။ ထုတ်လုပ်ရေးအဖွဲ့က မြည်းတောင် ဒီလောက် အလုပ်မလုပ်ရဘူး။ သူဌေးကို ခဏလောက်တော့ နားခွင့်ပေးလိုက်ပါဦး။”

“မင်းတော့ သွားပြီ။ သူဌေးကို မြည်းလို့ တင်စားလိုက်တာလား။”

“ငါ အဲဒီလို မပြောဘူးနော်။ မင်းပြောတာ။ မယုံရင် ချက်တင်မှတ်တမ်းကို ပြန်ကြည့်။”

“မင်း ငါ့ကို အကွက်ဆင်တာပဲကွ။”

ရှောင်းယီသည် အဖွဲ့ချက်တင်ကို ကြည့်ကာ မျက်လုံးလှန်လိုက်မိ၏။

“တစ်နာရီလောက် နားဦးမယ်။ ပြီးမှ ပြန်လာခဲ့မယ်။”

ထိုစာတိုကို ပို့ပြီးနောက် ရှောင်းယီသည် အဖွဲ့ထဲမှ တောင်းပန်မှုများကို လျစ်လျူရှုကာ မြို့ပြန်ကျောက်ကို အသုံးပြုပြီး မဟာမိတ်အဖွဲ့၏ အနောက်ဘက်ကျွန်းသို့ တိုက်ရိုက်ရောက်ရှိသွားခဲ့သည်။

ဤကျွန်းသည် မနေ့က မသေမျိုးမျိုးနွယ်နှင့် ပထမဆုံး ထိတွေ့မှုဖြစ်ပွားခဲ့သည့် ကျွန်းဖြစ်သည်။

ဤအချိန်တွင် ကျန်းယွင်ထျန်းသည် မီးတံတိုင်းကြီးရှေ့တွင် ရပ်နေပြီး မှန်ပြောင်းဖြင့် တစ်ဖက်ကျွန်းကို ကြည့်နေခဲ့လေသည်။

“အခြေအနေ ဘယ်လိုလဲ။”

ရှောင်းယီ လျှောက်လာရင်း မေးလိုက်သည်။

ကျန်းယွင်ထျန်းက မှန်ပြောင်းကို ချလိုက်ပြီး ပြောလိုက်သည်။

“ပိုင်ချီက လက်ရွေးစင်စစ်သည်တစ်ဖွဲ့ကို ခေါ်ပြီး အတွင်းထဲ ဝင်သွားတယ်။ အခုထိတော့ အရိုးစုတချို့နဲ့ပဲ တွေ့သေးတယ်။ တခြား ထူးထူးခြားခြား ဖြစ်စဉ်တော့ မရှိသေးဘူး။”

ရှောင်းယီက ခေါင်းငြိမ့်ပြကာ ကမ်းပေးလာသည့် မှန်ပြောင်းကိုယူ၍ မသေမျိုးမျိုးနွယ်ကျွန်းဘက်သို့ ကြည့်လိုက်သည်။

ထိုအချိန်တွင် ပိုင်ချီတို့အဖွဲ့၏ ပတ်ဝန်းကျင်ရှိ မြေပြင်ပေါ်မှ အရိုးစုများစွာ ရုတ်တရက် ထွက်ပေါ်လာပြီး သူတို့ထံသို့ လျှောက်လှမ်းလာခဲ့ကြသည်။

“အားလုံးပဲ...ကိုယ့်ရဲ့ ဓားတွေကို သုံးပြီး သူတို့ရဲ့ အင်အားကို စမ်းသပ်ကြည့်ရအောင်။”

ပိုင်ချီက အသံနက်ကြီးဖြင့် ပြောလိုက်သည်။

“ဟုတ်ကဲ့”

လူအုပ်ကြီးက တုံ့ပြန်လိုက်ကြသည်။

သူတို့သည် ပစ္စတိုများကို သိမ်းဆည်းလိုက်ပြီး ကျောပေါ်တွင် လွယ်ထားသော ဓားရှည်ကြီးများကို ဆွဲထုတ်ကာ အရိုးစုများဆီသို့ ဦးတည်၍ အားလုံး ပြေးဝင်သွားကြတော့လေသည်။

All Chapters