အခန်း (၃၇၃-၃၇၅)
Vol. 25 Ch. 373-375
အပိုင်း (၃၇၃) - ဆီးနှင်းထူထပ်သော ဆောင်းရာသီ ရောက်ရှိလာခြင်း
"ပြောင်းစိုက်လို့ ရတယ်ဆိုမှတော့ အခုပဲ အလုပ်စကြရအောင်" ဟု ကျိချောင်းယန်က ပြောရင်း ဂေါ်ပြားတစ်လက်ကို ထုတ်လိုက်သည်။
"ကောင်းပြီ"
သစ်ပင်အိမ်နှင့် ချိတ်ဆက်မထားသော ညောင်ပင်မှာ သစ်ပင်အိမ်များကဲ့သို့ တူးဖော်ရခက်ခဲသော ဂုဏ်သတ္တိများ မရှိပါပေ။
အချက်အနည်းငယ် တူးလိုက်ရုံနှင့်ပင် ကျိချောင်းယန်သည် ထိုညောင်ပင်ကို အမြစ်မှ တူးထုတ်နိုင်ခဲ့၏။
"ဝုန်း"
ညောင်ပင်ကြီးတစ်ခုလုံး မြေပြင်ပေါ်သို့ လဲကျသွားကာ အပေါ်ပိုင်းရှိ သစ်ကိုင်းအချို့ ကျိုးပဲ့သွားခဲ့၏။
သို့သော် ကျိချောင်းယန်၏ မျက်နှာတွင်တော့ ဝမ်းသာပီတိဖြစ်နေသော အမူအရာ ပေါ်လွင်နေသည်။
"ငါ ညောင်ပင်ပင်စည်ကို ရပြီ။ ဒါကို ၂၄ နာရီအတွင်းမှာ ပြောင်းရွှေ့စိုက်လို့ ရတယ်"
ရွှီရှင်းကတော့ သစ်ပင်ကျင်းထဲမှ ညောင်ပင်မျိုးစေ့ကို ကောက်ယူပြီးသား ဖြစ်သည်။
ပြောင်းရွှေ့စိုက်ပျိုးမှု အောင်မြင်နိုင်ခြေမှာ ၅၀ ရာခိုင်နှုန်းရှိသော်လည်း၊ သူတို့သည် ပထမအကြိမ်မှာတင် အောင်မြင်ခဲ့ကြခြင်းပင်။
ကျိချောင်းယန်သည် အမြင့် ၁၂ မီတာ၊ ၁၃ မီတာခန့်ရှိသော ညောင်ပင်ကြီးကို လက်ဖြင့် လှမ်းကိုင်လိုက်ရာ၊ ထိုဧရာမ အပင်ကြီးမှာ သူ၏ ကျောပိုးအိတ်ထဲသို့ တိုက်ရိုက် ရောက်ရှိသွားတော့သည်။
ရွှီရှင်းသည် ထိုအခါမှသာ ကျိချောင်းယန်၏ ကျောပိုးအိတ်မှာလည်း ခရမ်းရောင်အဆင့် ဖြစ်နေကြောင်း သတိထားမိလိုက်၏။
ခရမ်းရောင်အဆင့် ကျောပိုးအိတ်မှာ အလေးချိန်ကို အပုံ ၅၀ ပုံ ၁ ပုံအထိ လျှော့ချပေးနိုင်သဖြင့် ဤညောင်ပင်ကြီးကို တိုက်ရိုက် ထည့်နိုင်ခြင်း ဖြစ်ပေသည်။
"မင်း အဲဒီ ခရမ်းရောင် ငါးသားရေကို အသားစားငါးတွေဆီက ရခဲ့တာလား။ ဘယ်နှခု ရခဲ့လဲ"
"ဒါ တစ်ခုတည်းပါပဲ"
ကျိချောင်းယန်က ကျောပိုးအိတ်ကို ညွှန်ပြရင်း "ခရမ်းရောင်အဆင့် ရဖို့က အရမ်း ခက်ခဲပါတယ်။ အလယ်အလတ်အဆင့် ဗီဇပြောင်းသတ္တဝါတွေဆီကဆိုရင်တော့ ပိုရနိုင်ခြေ ရှိမှာပါ"
ကျိချောင်းယန်သည် ညောင်ပင်ကို သယ်ဆောင်ကာ သူ၏ ပင်မသစ်ပင်အိမ်ရှိရာသို့ လျှောက်သွားပြီး၊ အိမ်နှင့် အနီးဆုံးနေရာတွင် ပြန်လည် စိုက်ပျိုးလိုက်သည်။
ရွှီရှင်းနှင့် ကျိချောင်းယန်တို့၏ မျက်စိရှေ့မှာပင် ညောင်ပင်မှာ မယုံနိုင်လောက်အောင် လျင်မြန်စွာပင် မြင့်တက်လာပြီး သစ်ကိုင်းသစ်ရွက်များမှာလည်း ဝေဆာလာခဲ့တော့သည်။
မူလက အပြာရောင်အဆင့် ညောင်ပင်မှာ ကျိချောင်းယန်၏ ခရမ်းရောင်အဆင့် သစ်ပင်အိမ်ထက် များစွာ ပုနေခဲ့သော်လည်း၊ စက္ကန့်အနည်းငယ် ကြာပြီးနောက်တွင်တော့ ၎င်း၏ အပေါ်ဆုံးပိုင်းမှာ ကျိချောင်းယန် သစ်ပင်အိမ်၏ အမိုးအောက်ခြေနှင့် အညီ ဖြစ်သွားခဲ့ရာ ကျိချောင်းယန်၏ သစ်ပင်အိမ်အတွက် ပထမထပ်နှင့် ဒုတိယထပ် နေရာသစ်များ တိုးလာခဲ့ချေပြီ။
ကြည့်ရသည်မှာ ညောင်ပင်များသည် ပင်မသစ်ပင်အိမ်၏ အမျိုးအစားအလိုက် အလိုအလျောက် လိုက်လျောညီထွေစွာ ကြီးထွားလာပုံရပြီး၊ ပြောင်းရွှေ့စိုက်ထားသော သစ်ပင်အိမ်မှာလည်း တဖြည်းဖြည်း ပြောင်းလဲလာမည် ဖြစ်သည်။
ကျိချောင်းယန်က ရွှီရှင်းကို လှည့်ကြည့်ကာ "အဲဒီမျိုးစေ့ကိုတော့ မင်းပဲ သိမ်းထားလိုက်ပါ။ ဘာပဲဖြစ်ဖြစ် ညောင်ပင်ကို ပြောင်းစိုက်လို့ရမှန်း မင်းပဲ စတွေ့ခဲ့တာလေ။ မင်း အိမ်နဲ့ ဝေးတဲ့နေရာမှာ တစ်ပင် အရင်စိုက်ကြည့်ပါဦး။ ညောင်ပင် နှစ်ပင်က ကာကွယ်ရေးဇုန်ကို ပိုပြီး တိုးချဲ့ပေးနိုင်မလားဆိုတာ ကြည့်ရအောင်။ အကယ်၍ အလုပ်မဖြစ်ဘူးဆိုရင်တော့ တခြားလူတစ်ယောက်ကို ပေးလိုက်ပေါ့"
ရွှီရှင်းမှာလည်း ထိုအတွေးမျိုး ရှိပြီးသားပင်။
သူ၏ဘက်တွင် ညောင်ပင်တစ်ပင် ရှိနေပြီဖြစ်ရာ၊ ကျိချောင်းယန်၏ စကားအရ သူ၏ ကာကွယ်ရေးဇုန်မှာလည်း ၁၂ ကီလိုမီတာအထိ ရှိနေလောက်ပြီ ဖြစ်သည်။
အကယ်၍ သူသာ နောက်တစ်ပင် ထပ်စိုက်လိုက်မည်ဆိုပါက ၁၅ ကီလိုမီတာအထိ ရောက်နိုင်မည်လား။
အကယ်၍ ၁၅ ကီလိုမီတာအထိ တကယ်ရောက်သွားခဲ့လျှင် သူ၏ ကာကွယ်ရေးဇုန်မှာ လီဝမ်ရှီး၏ ကာကွယ်ရေးဇုန်နှင့် တိုက်ရိုက် ထိစပ်သွားမည် ဖြစ်သည်။
ထိုအချိန်ကျလျှင် ပတ်ဝန်းကျင်ရှိ အန္တရာယ်ရှိသော နယ်မြေများမှာ ပိုမို လျော့နည်းသွားမည် မဟုတ်ပါလား။
"ကောင်းပြီလေ၊ ဒါကို ငါပဲ ယူသွားလိုက်မယ်။ ဒါနဲ့ မင်း ဒီနေ့ အပြင်မှာ စူးစမ်းရင်းနဲ့ တစ်ခုခု ထူးထူးခြားခြား တွေ့ခဲ့သေးလား"
ဘေးအန္တရာယ် မကျရောက်မီ တစ်ရက်အလိုတွင် ကျိချောင်းယန် ဘာကြောင့် သစ်ပင်အိမ်မှာ ပြင်ဆင်မှု မလုပ်ဘဲ အပြင်ထွက် စူးစမ်းနေရသလဲဆိုသည်ကို သူ အနည်းငယ် သိချင်နေခြင်းပင်။
ကျိချောင်းယန်၏ အမူအရာမှာ ခေတ္တမျှ တွန့်ဆုတ်သွားပြီးမှ "ငါ အစအနအချို့တော့ တွေ့ခဲ့တယ်၊ ဒါပေမဲ့ မသေချာသေးဘူး။ ဒီဘေးအန္တရာယ် ကျရောက်နေချိန်မှာပဲ ငါ အတည်ပြုချင်တာ။ သေချာသွားပြီဆိုရင်တော့ မင်းကို ငါ ပြန်ပြောပြပါ့မယ်"
သူ၏ မျက်ခုံးများမှာ အနည်းငယ် တွန့်ချိုးနေပြီး တစ်စုံတစ်ရာ မနှစ်မြို့ဖွယ်ကိစ္စကို တွေးတောနေပုံရသည်။
ရွှီရှင်းလည်း ထပ်မမေးတော့ဘဲ ခေါင်းညိတ်ပြလိုက်၏။
"ကောင်းပြီလေ၊ ဒါဆို ငါ ပြန်တော့မယ်"
ညောင်ပင်မျိုးစေ့ကို ကိုင်ကာ ရွှီရှင်းသည် နေရာကူးပြောင်းရေးတံခါးကို အသက်သွင်း၍ သူ၏ သစ်ပင်အိမ်သို့ ပြန်လာခဲ့သည်။
ဤမျိုးစေ့ကိုတော့ တခြားသူကို ပေး၍မရသလို၊ သစ်ပင်အိမ်နှင့် နီးနီးနားနားမှာလည်း စိုက်၍ မရပါပေ။
သူသည် ဤမျိုးစေ့မှတစ်ဆင့် နောက်ထပ် မျိုးစေ့များစွာ ထုတ်လုပ်နိုင်ရန် လိုအပ်ပေသည်။
ရွှီရှင်းသည် ထိုမျိုးစေ့ကို နေရာကူးပြောင်းရေး တည်နေရာဘေးတွင် စိုက်ပျိုးလိုက်ပြီး စတိုးဆိုင်မှ အပြာရောင်အဆင့် မြေသြဇာတစ်ထုပ်ကို ဝယ်ယူကာ အပေါ်မှ ဖြူးပေးလိုက်၏။
စက္ကန့်အနည်းငယ်အတွင်းမှာပင် မျိုးစေ့မှသည် ပျိုးပင်လေးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။
ဤနည်းအတိုင်းဆိုလျှင် မနက်ဖြန် မနက်လောက်ဆိုဤအပင်မှာ ကြီးထွားမှု ပြည့်စုံသွားပေလိမ့်မည်။
မနက်ဖြန် မနက်အထိ စောင့်ကြည့်ရုံပါပဲ...။
"ဟင်"
ရွှီရှင်း၏ မျက်နှာပေါ်သို့ အေးစိမ့်သော ခံစားချက်တစ်ခု ရုတ်တရက် ရိုက်ခတ်လာသည်။
သူ ကောင်းကင်ကို မော့ကြည့်လိုက်မိ၏။
တိမ်တိုက်များ ဖုံးလွှမ်းနေသော ညချမ်းတွင် လမင်း သို့မဟုတ် ကြယ်များ မရှိသဖြင့် ပတ်ဝန်းကျင်မှာ လုံးဝကို မှောင်အတိ ကျနေသည်။
သူ၏ ပင်မသစ်ပင်အိမ်နှင့် လုဖေးအာ၏ သစ်ပင်အိမ်တို့မှ ထွက်ပေါ်နေသော မီးလင်းဖို၏ အလင်းရောင်လေးသာ ရှိတော့သည်။
သူ တောဆီးသီးတွေကို မစားထားစေကာမူ အရင်က သောက်ခဲ့သော အမြင်အာရုံဆေးရည်ကြောင့် ညဘက်တွင် အမြင်အာရုံမှာ အတော်လေး ကြည်လင်နေဆဲဖြစ်ရာ ကောင်းကင်ကို အကြမ်းဖျင်း မြင်နိုင်သေးသည်။
ဆီးနှင်းစလေးများမှာ လေထဲတွင် ဝဲပျံကာ ဖြည်းဖြည်းချင်း စတင်ကျဆင်းလာချေပြီ။
နှင်းကျနေပြီပဲ။
ရွှီရှင်း လက်ကို ဖြန့်လိုက်ရာ၊ နှင်းပွင့်ကြီးတစ်ခုမှာ သူ၏ လက်ဖဝါးပေါ်သို့ ကျလာပြီး လက်၏ အပူရှိန်ကြောင့် တဖြည်းဖြည်း အရည်ပျော်သွားသည်။
ထို့နောက်တွင်တော့ ဆီးနှင်းများမှာ အဆက်မပြတ် ကျဆင်းလာတော့သည်။
မိနစ်ပိုင်းအတွင်းမှာပင် ခြောက်ကပ်နေသော တောအုပ်ကြီးမှာ သိသိသာသာ ပြောင်းလဲသွားခဲ့ပြီး သစ်ကိုင်းများပေါ်တွင် အဖြူရောင်များ ဖုံးလွှမ်းသွားကာ မြေပြင်ပေါ်တွင်လည်း ဆီးနှင်းအလွှာပါးလေး တစ်ခု ဖြစ်ပေါ်လာခဲ့ချေပြီ။
လက်ရှိ အပူချိန်အရဆိုလျှင် ဆီးနှင်းများမှာ အရည်ပျော်ရန် မဖြစ်နိုင်ပါပေ။
၎င်းတို့မှာ တစ်လွှာပြီးတစ်လွှာ ပိုမို ထူထဲလာပေလိမ့်မည်။
ရွှီရှင်း အသက်ရှူလိုက်သည့်အခါ အဖြူရောင် အငွေ့များ ထွက်ပေါ်လာသည်။
ဆောင်းရာသီ ရောက်လာပြီပဲ။
သူသည် ဆက်လက်၍ ကြီးထွားနေသော ပျိုးပင်လေးကို လှမ်းကြည့်လိုက်မိသည်။
၎င်း၏ ကြီးထွားမှု ရပ်တန့်မသွားရန်သာ သူ မျှော်လင့်မိ၏။
လုဖေးအာသည် သစ်ပင်အိမ် ပြတင်းပေါက်မှ ခေါင်းပြူထွက်လာပြီး ကျဆင်းနေသော ဆီးနှင်းများကို အံ့သြတကြီး ကြည့်နေရှာသည်။
"နှင်းတွေ တကယ်ကျနေတာပဲ။အာ... ရှင် ဘာလို့ အပြင်မှာ ရပ်နေတာလဲ၊ နှင်းလုံးတွေနဲ့ ပေါက်တမ်း ကစားချင်လို့လား"
"နှင်းလုံးနဲ့ ပေါက်တမ်းလား။ မကစားချင်ပါဘူး" ဟု ရွှီရှင်းက မောဟိုက်စွာ ပြန်ဖြေရင်း လုဖေးအာကို သတိပေးလိုက်သည်။
"မှတ်ထားဦး၊ မနက်ဖြန် တစ်ခုခုဖြစ်လာရင် ငါ့သစ်ပင်အိမ်မှာ လာခိုလှုံနော်၊ နင့်အိမ်မှာက ကာကွယ်မှု သိပ်မရှိဘူး"
"ဪ ကောင်းပါပြီ၊ ဒါပေမဲ့... ညဘက်မှာ သားရဲတွေ လာတိုက်ရင် ဘယ်လိုလုပ်မလဲ"
လုဖေးအာက ခေါင်းလေးစောင်းကာ စဉ်းစားပြီးနောက် မျက်လုံးများ ဝင်းလက်သွားသည်။
"ဟေး... ကျွန်မ အဲဒီ အပြာရောင်အဆင့် သစ်ပင်အိမ်ကို စောင့်ဖို့အတွက် ကျွန်မအိမ်ကို ပြန်သွားသင့်တယ်လို့ ထင်လား"
အခန်း ၃၇၃ ပြီး။
အပိုင်း (၃၇၄) - ဆီးနှင်းထူထပ်သော ဆောင်းရာသီ ရောက်ရှိလာခြင်း ၂
"ဒါဆိုရင်တော့ နင် သေသေချာချာ စဉ်းစားသင့်တယ်နော်။ ဟိုဘက်ကို ရောက်သွားရင် ငါတို့နဲ့ ဆက်သွယ်လို့မရတော့သလို ပစ္စည်းလဲလှယ်လို့လည်း မရတော့ဘူး။ အရာအားလုံးကို နင်တစ်ယောက်တည်းပဲ ဖြေရှင်းရမှာ"
သူမ၏ နာရီမှာ သူမ၏ ပင်မသစ်ပင်အိမ်နှင့် ချိတ်ဆက်ထားခြင်းဖြစ်ရာ နယ်မြေ ၁၈၇ နှင့်သာ ဆက်သွယ်နိုင်ပေသည်။
အကယ်၍ သူမသာ ဟိုဘက်ကို ကူးသွားခဲ့လျှင် နယ်မြေ ၁၈၇ က ရှင်ကျန်သူတစ်ယောက် ဖြစ်သွားသကဲ့သို့ ဖြစ်သွားမည်ဖြစ်ပြီး သူတို့၏ အကူအညီများကို ရရှိနိုင်တော့မည် မဟုတ်ပါပေ။
"အင်း... ဒါဆိုရင်တော့ မသွားတော့တာပဲ ကောင်းမယ် ထင်တယ်။ ဒါပေမဲ့ အဲဒီသစ်ပင်အိမ်ကြီး သေသွားရင် ဘယ်လိုလုပ်မလဲ... ဟင်း၊ သေလည်းသေပေါ့။ သေသွားရင် ဒီဘက်ကိုပဲ ပြောင်းစိုက်လိုက်မယ်၊ ဒါဆိုရင် ကျွန်မမှာ နေဖို့ သစ်ပင်အိမ်ကြီးတစ်လုံး ရပြီပေါ့၊ အတော်ပဲ"
လုဖေးအာကတော့ ထိုအချက်ကို ပြဿနာဟု မထင်ပါပေ။
သူမ၏ စိတ်ထဲတွင် ထွက်ပြေးရန် သို့မဟုတ် သစ္စာဖောက်ရန်ဟူသော အတွေးမျိုး မရှိသည်မှာ ကြာလှပြီ ဖြစ်၏။
ထိုအချိန်မှာပင် နေရာကူးပြောင်းရေး ထွက်ပေါက်မှာ ရုတ်တရက် ပွင့်လာပြီး ခရမ်းနက်ရောင် ဝဲဂယက်နှင့်အတူ လီဝမ်ရှီး ခုန်ထွက်လာကာ သူမ၏နောက်တွင် လီယာကျွင်းနှင့် လဲ့ယိုဖန်းတို့ ပါလာကြသည်။
"နှင်းတွေ ကျနေပြီ။ နင်နဲ့အတူ လာဆော့တာ"
လီဝမ်ရှီးမှာ အခုဆိုလျှင် နေရာကူးပြောင်းသည့် မူးဝေမှုကို လုံးဝ မခံစားရတော့ပါပေ။
ဝဲဂယက်ထဲမှ ထွက်လာသည်နှင့် အနီးအနားရှိ ရွှီရှင်းကို မြင်လိုက်ရသဖြင့် သူမ အံ့သြဝမ်းသာစွာဖြင့် သူ့ထံသို့ တန်းတန်းမတ်မတ် လျှောက်သွားကာ သူ၏ လက်မောင်းကို ဖက်တွယ်လိုက်သည်။
"နှင်းလုံးတွေနဲ့ ပေါက်တမ်း အတူတူ ကစားကြရအောင်"
လီယာကျွင်းနှင့် လဲ့ယိုဖန်းတို့ကတော့ မြေပြင်ပေါ်မှာပဲ တုံးလုံးလဲနေကြရှာသည်။
အထူးသဖြင့် ပထမဆုံးအကြိမ် နေရာကူးပြောင်းဖူးသော လီယာကျွင်းမှာ အတော်လေးကို နေထိုင်မကောင်း ဖြစ်နေရှာ၏။
လီဝမ်ရှီးကတော့ သူတို့ကို ထူပေးရန် စိတ်မကူးပါပေ။
ဒီနေ့ ဖေးအစ်မ ၏ အိမ်သို့ အလည်လာခြင်း ဖြစ်သည်။
အခုလို မြေပြင်ပေါ်မှာ ခေတ္တ ထိုင်နေခြင်းက သူတို့အတွက် ပို၍ သက်သာစေလိမ့်မည်ဟု သူမ တွေးမိသည်။
"မင်းကတော့လေ... ဒီလိုအချိန်မျိုးမှာတောင် နှင်းလုံးနဲ့ ပေါက်တမ်းကစားဖို့ စဉ်းစားနေသေးတယ်"
ရွှီရှင်း အလိုမကျသလို ရေရွတ်မိသည်။
ဒီမိန်းကလေးမှာ ဘေးအန္တရာယ်အတွက် စိုးရိမ်စိတ် လုံးဝ မရှိတာလား။
"ဟီးဟီး၊ ငါတို့ ပြင်ဆင်စရာရှိတာတွေ အကုန် ပြင်ဆင်ပြီးပြီ မဟုတ်လား"
လီဝမ်ရှီးက ရွှီရှင်းကို မော့ကြည့်ရင်း ပြုံးပြသည်။
"အကုန် အဆင်သင့်ဖြစ်နေမှတော့ စိုးရိမ်နေလည်း အပိုပဲလေ၊ အေးအေးဆေးဆေး အနားယူတာကမှ ပိုကောင်းဦးမယ်။ ဒါ့အပြင် အခုချိန်မှာ ဘာမှ မဖြစ်သေးဘူးလေ။ ယာကျွင်းနဲ့ လဲ့ယိုဖန်းကိုလည်း နေရာကူးပြောင်းရေးတံခါးနဲ့ အသားကျအောင် အကြိမ်အနည်းငယ်လောက် ခေါ်သွားဖို့ အကောင်းဆုံး အချိန်ပဲ"
မှန်ပါသည်၊ သူမ ပြောတာကလည်း အကျိုးအကြောင်း ရှိပါသည်။
ဤလူများသည် နေရာကူးပြောင်းရေး စနစ်နှင့် အစောတလျှင် အသားကျနေရန် လိုအပ်ပေသည်။
ကံမကောင်းသည်မှာ သူ၏ဘက်မှ လူနှစ်ဦးဖြစ်သော လုဖေးအာနှင့် မာဟုန်ဝေတို့မှာ နေရာကူးပြောင်းမှုကို အသားမကျနိုင်ကြဘဲ သွေးမြူခိုးများကိုသာ အားကိုးပြီး ဘေးထွက်ဆိုးကျိုး သက်သာအောင် လုပ်နေရခြင်းပင်။
ထိုသွေးမြူခိုး ဆိုသည်မှာလည်း...။
တတ်နိုင်လျှင် ချွေတာသုံးစွဲပြီး သူ သေသေချာချာ သုတေသန မလုပ်နိုင်သေးမီအထိ စောင့်ဆိုင်းရမည် ဖြစ်သည်။
"ဝမ်ရှီး... ကျွန်မလည်း နှင်းလုံးနဲ့ ပေါက်တမ်း ကစားချင်တယ်"
လုဖေးအာက သစ်ပင်အိမ်ပေါ်မှ ဆင်းလာပြီး လီဝမ်ရှီးတို့ဆီသို့ လျှောက်လာခဲ့သည်။
နေရာကူးပြောင်းရေး တည်နေရာမှာ ဗို့အားမြင့် ခြံစည်းရိုးအတွင်း၌ ရှိသော်လည်း လုဖေးအာ၏ သစ်ပင်အိမ်မှာမူ အပြင်ဘက်တွင် ဖြစ်၏။
လီဝမ်ရှီးသည် ခြံစည်းရိုးကြားမှ လုဖေးအာကို လှမ်း၍ လက်ဝှေ့ယမ်းပြလိုက်သည်။
"ဟေး ဖေးအာ"
ထို့နောက် ရွှီရှင်းကို မော့ကြည့်ကာ လျှာလေးထုတ်ပြရင်း "ရှင့်ရဲ့ ဗို့အားမြင့် ခြံစည်းရိုးက တကယ်ကို အကျယ်ကြီးပဲနော်၊ ဝါး ရေကန်လေးတောင် ပါသေးတယ်။ ဒါက အခုလေးတင် တူးထားတာလား"
သူမသည် ရွှီရှင်း၏ လက်မောင်းကို လွှတ်လိုက်ပြီး ရေကန်ဘေးသို့ ပြေးသွားကာ ရေကို လက်ဖြင့် တို့ကြည့်လိုက်ပြီးနောက် ချက်ချင်းပင် ပြန်ရုပ်လိုက်သည်။
"အရမ်းအေးတာပဲ"
လုဖေးအာမှာ ဗို့အားမြင့် ခြံစည်းရိုးအစွန်းသို့ ရောက်နေသော်လည်း၊ တံခါးဖွင့်ရန် တုံ့ဆိုင်းနေပြီး ရွှီရှင်းအား သနားစဖွယ် လှမ်းကြည့်နေသည်။
"ဟို... တံခါးလေး တစ်ချက်လောက် ဖွင့်ပေးလို့ ရမလား"
"ကိုယ့်ဘာသာကိုယ် ဖွင့်လေ၊ အခု နင့်ကို ဓာတ်မလိုက်တော့ပါဘူး"
ရွှီရှင်းက ငြင်းလိုက်၏။
သူမအတွက် အမြဲတမ်း တံခါးလိုက်ဖွင့်ပေးနေ၍ မဖြစ်ပါပေ။
"ဟင်း..."
ဘာမှမတတ်နိုင်သဖြင့် လုဖေးအာမှာ အံကြိတ်ကာ တံခါးကို ပြတ်ပြတ်သားသား ဆွဲဖွင့်လိုက်ပြီး ပြန်မပိတ်ဘဲ အတွင်းသို့ ပြေးဝင်လာကာ လီဝမ်ရှီးကို တန်းတန်းမတ်မတ် ဖက်လိုက်တော့သည်။
"ဝမ်ရှီး... နင့်ကို သတိရနေတာ"
"ဟင် နင် အခုလေးတင် ပြန်ရောက်တာ မဟုတ်ဘူးလား"
လီဝမ်ရှီး အံ့သြသွားသည်။
"ဟီးးး... နင့်ယောကျ်ားက ငါ့ကို အနိုင်ကျင့်နေလို့ပါ"
"ဘာ"
ဆီးနှင်းများမှာ ဆက်တိုက် ကျဆင်းနေဆဲဖြစ်ပြီး ပို၍ပင် ထူထဲလာခဲ့ချေပြီ။
အမှုန်အမွှားလေးများမှသည် ငှက်မွှေးနုလေးများကဲ့သို့ နှင်းပွင့်ကြီးများအဖြစ် ပြောင်းလဲသွားခဲ့သည်။
လေမတိုက်သဖြင့် နှင်းပွင့်များမှာ ဖြည်းညင်းစွာ ဝဲပျံကျဆင်းနေပြီး၊ အများကြီး ကျနေစေကာမူ ကြည့်ရသည်မှာ နူးညံ့သိမ်မွေ့လှပေသည်။
ထိုအချိန်မှာပင် နေရာကူးပြောင်းရေး ထွက်ပေါက် ထပ်မံပွင့်လာပြန်ရာ ယခုတစ်ကြိမ်မှာတော့ ချီရွှယ်ဖေး ဖြစ်သည်။
သူမ ထွက်လာသောအခါ ယိုင်တိယိုင်တိုင်နှင့် လဲကျလုနီးပါး ဖြစ်သွားခဲ့၏။
"ဖေးအစ်မ"
လီဝမ်ရှီးက သူမကို လှမ်း၍ ထူရန် ပြင်လိုက်သော်လည်း သူမက လက်ကာပြကာ ဆေးလုံးတစ်လုံးကို ပါးစပ်ထဲ ထည့်လိုက်ပြီးနောက်မှ အမူအရာ ပြေလျော့သွားသည်ကို တွေ့လိုက်ရသည်။
ဟင် ဘေးထွက်ဆိုးကျိုးတွေကို ပျောက်ကွယ်စေတဲ့ ဆေးလုံးလား။
"ဟေး... ဖေးအစ်မ၊ မူးတာတွေ ပျောက်သွားပြီလား"
လီဝမ်ရှီးက အံ့သြတကြီးနှင့် အနားသို့ တိုးသွား၏။
"အင်း၊ ငါ အခုလေးတင် ဖော်စပ်ထားတဲ့ ဆေးအသစ်လေးလေ။ နင်က နှင်းလုံးနဲ့ ပေါက်တမ်းကစားပြီး အပန်းဖြေဖို့ ဖိတ်ထားတာဆိုတော့၊ ဆေးအာနိသင်ကို စမ်းသပ်ဖို့ အခွင့်အရေးကောင်းပဲလို့ တွေးမိတာ"
ချီရွှယ်ဖေးက နားထင်ကို အသာဖိရင်း ခေါင်းယမ်းလိုက်ကာ ပြုံးလျက် ဆိုသည်။
"အကုန်လုံး အဆင်ပြေသွားပြီ"
"ဘေးထွက်ဆိုးကျိုး ပျောက်ဆေး"
လုဖေးအာ မှင်သက်သွားပြီး ချီရွှယ်ဖေးဘေးသို့ အမြန်ပြေးသွားကာ "ဟို... ဖေးအစ်မဆီမှာ အဲဒီဆေးတွေ ရှိသေးလားဟင်။ ဟို... ကျွန်မက..."
"ငါ နင့်အတွက်ရော၊ ရွှီရှင်းရဲ့ ငွေရောင်ဘုရင်နဲ့ မီမီတို့လို ဗီဇပြောင်းသတ္တဝါတွေအတွက်ပါ ဖော်စပ်ပေးထားတာပါ"
ချီရွှယ်ဖေးက ဆေးပုလင်းလေးတစ်လုံး ထုတ်ပေးလိုက်သည်။
"နောက်တစ်ခါ နေရာကူးပြောင်းရင် စမ်းကြည့်လို့ ရပြီ"
"ချစ်လိုက်တာ ဖေးအစ်မရယ်"
လုဖေးအာက ချီရွှယ်ဖေးကို ဖက်ကာ စိတ်လှုပ်ရှားစွာ အော်ဟစ်တော့သည်။
"ကောင်းတာပေါ့၊ အခုဆို ဖေးအာလည်း အရင်လို အမြဲ မခံစားရတော့ဘူးပေါ့"
လီဝမ်ရှီးက သူမအတွက် ဝမ်းသာပေးနေသည်။
လုဖေးအာသည် မူးဝေသည့် ဒဏ်ကို အတော်လေး ငြီးငွေ့နေခဲ့ခြင်း ဖြစ်သည်။
အစကတော့ သွေးမြူခိုး အခန်းထဲဝင်ပြီး သက်သာအောင် လုပ်နိုင်သော်လည်း၊ ခြံစည်းရိုးမှာ ဓာတ်လိုက်ပြီးကတည်းက သူမ ထိုအခန်းကို ကြောက်နေခဲ့မိသည်။
ထို့အပြင် ရွှီရှင်းကလည်း သူမကို သွေးမြူခိုးအခန်းထဲသို့ တစ်ယောက်တည်း ပေးမဝင်တော့ပေ။
သူမ ဤကိစ္စအတွက် စိုးရိမ်နေခဲ့ရသော်လည်း ချီရွှယ်ဖေးက ဆေးလုံး ဖော်စပ်ပေးနိုင်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပါပေ။
"ကဲပါ၊ ကဲပါ"
ချီရွှယ်ဖေးက လုဖေးအာကို အသာပုတ်ပေးပြီးနောက် မြေပြင်ပေါ်မှာ ထိုင်နေဆဲဖြစ်သော လူနှစ်ဦးဆီသို့ လျှောက်သွားကာ ဆေးလုံး တစ်လုံးစီ ပေးလိုက်သည်။
"ဒါလေးတွေ စမ်းသပ်ပေးဖို့ ငါ့ကို ကူညီနိုင်မလား"
ထိုလူနှစ်ဦးမှာ အတော်လေး နေရခက်နေကြစေကာမူ ခုနက စကားဝိုင်းကို ကြားခဲ့ရသလို ချီရွှယ်ဖေးကိုယ်တိုင် သောက်သည်ကို မြင်ခဲ့ရသဖြင့် တွန့်ဆုတ်မနေဘဲ ချက်ချင်းပင် မျိုချလိုက်ကြတော့၏။
အခန်း ၃၇၄ ပြီး။
အခန်း (၃၇၅) - ဆီးနှင်းထူထပ်သော ဆောင်းရာသီ ရောက်ရှိလာခြင်း ၃
ထိုသို့သောက်သုံးလိုက်ပြီးနောက် သူတို့၏ အခြေအနေမှာ သိသိသာသာ ကောင်းမွန်လာခဲ့ပြီး ချက်ချင်းပင် မတ်တတ်ရပ်နိုင်သွားကြသည်။
"ကျေးဇူးတင်ပါတယ်"
လီယာကျွင်းက သူမအား ကျေးဇူးတင်စကား ပြောလိုက်၏။
"တကယ်ကို အစွမ်းထက်တာပဲ၊ ဖေးအစ်မက တကယ်ကို တော်တာပဲ။ ထိပ်သီးကြီး ရွှီရှင်းကတောင် သူမကို အစ်မလို့ ခေါ်တာ မဆန်းပါဘူး"
လဲ့ယိုဖန်းလည်း အားအင်များ ပြန်လည်ပြည့်ဖြိုးလာခဲ့ပြီ ဖြစ်သည်။
"လုံးဝ သက်သာသွားပြီလား"
"လုံးဝပဲ၊ နည်းနည်းလေးမှ မမူးတော့ဘူး"
ချီရွှယ်ဖေးသည် ရွှီရှင်း၏ ဘေးသို့ လျှောက်လာပြီး ဆေးပုလင်းလေးကမ်းပေးလိုက်သည်။
"ဒါက နင့်အတွက်။ ဒီဆေးရဲ့ အာနိသင်တွေကို စစ်ဆေးပေးဖို့ ငါ့ကို ကူညီပါဦး။ ငါကိုယ်တိုင်ကျတော့ အကုန်လုံးကို မမြင်နိုင်လို့လေ"
ရွှီရှင်း ဆေးပုလင်းကို ယူ၍ အဖုံးဖွင့်ကြည့်လိုက်ရာ အတွင်း၌ အနီရောင် ဆေးလုံးလေးများစွာ ရှိနေသည်ကို တွေ့လိုက်ရ၏။
သူ တစ်လုံးကို ထုတ်လိုက်သည်။
[စတော်ဘယ်ရီ ဆေးလုံး (အပြာရောင်အဆင့်): သောက်သုံးပါက မကောင်းသော အခြေအနေ များကို ဖယ်ရှားပေးနိုင်သည်။ ဆေးလုံးအဖြစ် ဖော်စပ်ထားသဖြင့် ရှင်ကျန်သူမဟုတ်သူများပင် သောက်သုံးနိုင်သည်။ နှစ်နာရီအတွင်း ဒုတိယမြောက်ဆေးလုံးကို ထပ်မံသောက်သုံးပါက ထိရောက်မှု ရှိမည်မဟုတ်ပါပေ။]
စတော်ဘယ်ရီ။
ဪ။
စတော်ဘယ်ရီလား။
သူ ရုတ်တရက် အပြာရောင်အဆင့် စတော်ဘယ်ရီသီးကို သတိရမိသွားသည်။
မကောင်းသော အခြေအနေများကို ဖယ်ရှားပေးနိုင်ရုံတင်မကဘဲ လူကို ပျော်ရွှင်တက်ကြွစေသည့် အာနိသင်ရှိသော အသီးပင် ဖြစ်၏။
အပြာရောင်အဆင့် စတော်ဘယ်ရီက မကောင်းတဲ့ အခြေအနေတွေကို ဖယ်ရှားပေးနိုင်တာ မဟုတ်ပါလား။
"ဒါက စတော်ဘယ်ရီသီးတွေနဲ့ လုပ်ထားတဲ့ ဆေးလုံးလား"
ရွှီရှင်းက ချီရွှယ်ဖေးကို မော့ကြည့်ကာ မေးလိုက်သည်။
"ဟုတ်တယ်၊ အပြာရောင်အဆင့် စတော်ဘယ်ရီက သူ့ချည်းပဲဆိုရင် နေရာကူးပြောင်းတဲ့ ဘေးထွက်ဆိုးကျိုးတွေအပေါ် သိပ်ပြီး မထိရောက်ဘူးလေ။ ဒါပေမဲ့ ငါ ပြုပြင်မွမ်းမံပြီးတဲ့နောက်မှာတော့ မကောင်းတဲ့ အခြေအနေတွေကို ဖယ်ရှားတဲ့ အစွမ်းက ပိုတိုးလာတယ်။ ဒါပေမဲ့ စိတ်ခံစားချက်အပေါ် သက်ရောက်တဲ့ အပိုင်းကတော့ ပျောက်သွားပြီပေါ့"
"ဒါက ပိုတောင် ကောင်းသေးတယ်"
ရွှီရှင်း ဆေးလုံးကို ပုလင်းထဲ ပြန်ထည့်လိုက်သည်။
အပြာရောင်အဆင့် စတော်ဘယ်ရီ၏ စိတ်ကို ပြောင်းလဲစေသော ဘေးထွက်ဆိုးကျိုးမှာ အမြဲတမ်း တစ်မျိုးကြီး ခံစားရစေသဖြင့်၊ ယခုကဲ့သို့ ဖြစ်သွားခြင်းက ပို၍ပင် ပြည့်စုံလှပေသည်။
သူသည် ဆေးလုံး၏ အပြည့်အစုံ ဖော်ပြချက်ကို ချီရွှယ်ဖေးအား ရှင်းပြလိုက်၏။
"နှစ်နာရီလား..."
ချီရွှယ်ဖေးက စဉ်းစားဟန်ဖြင့် ဆိုသည်။
"ငါ့ဆီမှာ အပြာရောင်အဆင့် စတော်ဘယ်ရီတွေ ကျန်သေးတယ်။ ဒီည နင်နဲ့ အကုန်လုံး လဲလိုက်မယ်လေ"
"ကောင်းပြီလေ။ ငါ အဲဒါတွေကို ပြုပြင်ပြီးရင် နင့်ကိုလည်း ပြန်ဝေပေးမယ်။ ဒါက ရှင်ကျန်သူတွေအတွက်လည်း တော်တော်လေး အသုံးဝင်မှာပါ"
ထိုအချိန်တွင် လီဝမ်ရှီးလည်း လျှောက်လာခဲ့၏။
သူမ၏ ဆံပင်နှင့် ခန္ဓာကိုယ်ပေါ်တွင် နှင်းပွင့်လေးများက အလှဆင်ထားသကဲ့သို့ ဖြစ်နေချေပြီ။
သူမသည် ချီရွှယ်ဖေး၏ လက်မောင်းကို ဆွဲလိုက်ပြီး "ဖေးအစ်မ... မြန်မြန်လာ၊ နှင်းလုံးနဲ့ ပေါက်တမ်း ကစားကြရအောင်။ မနက်ဖြန်ကျရင် နောက်ထပ် သားရဲလှိုင်းကြီး ရောက်လာတော့မှာ။ အဲဒီအချိန်ကျရင် နောက်တစ်ခါ ဘယ်တော့ ဒီလိုမျိုး ကစားရဦးမလဲဆိုတာ ဘယ်သူမှ မသိဘူးလေ။ အခုချိန်လေးပဲ ပျော်ထားရအောင်"
"ဒါကို နောက်ဆုံးအကြိမ် ပျော်ပွဲရွှင်ပွဲလို့ သတ်မှတ်ရမှာလား"
ရွှီရှင်း၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။
"ဘာလို့ အဲဒီလို မကောင်းတဲ့ စကားကို ပြောရတာလဲ"
လီဝမ်ရှီးက ရွှီရှင်းကို မျက်စောင်းထိုးလိုက်ရင်း "ရှင်လည်း လာကစားသင့်တယ်။နည်းနည်းလောက် စိတ်လျှော့ထားဦး။ အမြဲတမ်း စိတ်တင်းကြပ်နေရင် လူက ပျက်စီးသွားလိမ့်မယ်။ဪ... ကျိချောင်းယန်ကိုလည်း လှမ်းခေါ်လိုက်ဦးလေ"
မြေပြင်ပေါ်ရှိ ဆီးနှင်းများမှာ ငါးစင်တီမီတာ၊ ခြောက်စင်တီမီတာခန့် ထူထဲလာခဲ့ချေပြီ။
ပတ်ဝန်းကျင်ရှိ ချုံပုတ်များ၏ ကိုင်းဖျားလေးများပင်လျှင် ဆီးနှင်းများဖြင့် ဖုံးလွှမ်းနေတော့သည်။
အားလုံးသည် ပျော်ရွှင်စွာဖြင့် နှင်းလုံးပေါက်တမ်း ကစားနေကြသလို၊ ကြင်ယာတော် နှင့် သားငယ်နှစ်ကောင်ပင်လျှင် ဂူထဲမှ ထွက်လာကာ လှမ်းကြည့်နေကြသည်။
သူတို့၏ ဂူမှာ သစ်ပင်အိမ်အောက်တွင် ရှိသဖြင့် ဆီးနှင်းများက ဖုံးလွှမ်းမထားပါပေ။
ဤမြင်ကွင်းကို ကြည့်ရင်း ရွှီရှင်း၏ ရင်ထဲတွင် အချိန်အတော်ကြာ ကိန်းအောင်းနေသော တင်းမာမှုများမှာ တဖြည်းဖြည်း ပြေလျော့သွားခဲ့ရသည်။
အရာအားလုံးသာ အမြဲတမ်း ဒီလိုမျိုးပဲ ဖြစ်နေမယ်ဆိုရင် မဆိုးဘူးပဲ။
သူ ကျိချောင်းယန်ထံသို့ အသံမက်ဆေ့ခ်ျ ပို့လိုက်၏။
ဖုန်းမှာ ချက်ချင်းပင် ချိတ်ဆက်သွားသည်။
"ဘာဖြစ်လို့လဲ။ တစ်ခုခု ဖြစ်လို့လား"
"နှင်းလုံးပေါက်တမ်း ကစားဖို့ လာခဲ့ဦးလေ"
"...ဘာပြောတယ်"
...
အပန်းဖြေပြီးနောက်တွင် ရွှီရှင်းသည် အိပ်ရာပေါ်တွင် လဲလျောင်းနေခဲ့၏။
သူ၏ ခေါင်းအုံးဘေးတွင် ခဲခဲလေးမှာ အိပ်မောကျနေချေပြီ။
အရာအားလုံး အဆင်သင့်ဖြစ်နေလေပြီ။
ရွှီရှင်းသည် ပေါင်းစပ်ဒူးလေး လေးလက်တွင် ပေါက်ကွဲမြားများကို အသင့်ပြင်ဆင်ထားပြီး ဖြစ်သလို၊ လျှပ်စစ်ကွန်ရက်နှင့် ချိတ်ဆက်ထားသော ဘက်ထရီမှာလည်း အားအပြည့် ရှိနေသည်။
အသုံးမပြုရသည်မှာ ကြာပြီဖြစ်သော အပင်နှလုံးသားမှာလည်း ၎င်း၏ စွမ်းအားကို ပြသရန် အားခဲထားပုံရ၏။
သူသည် သစ်ပင်အိမ်ထဲတွင် အေးအေးဆေးဆေး ထိုင်ရင်း ဟော့ပေါ့စားကာ သီချင်းဆိုနေရုံနှင့်ပင် သားရဲလှိုင်းလုံးကြီး ဖြတ်ကျော်သွားသည်အထိ စောင့်ဆိုင်းနိုင်တော့မည်ဟု ခံစားနေရသည်။
မှန်ပါသည်၊ အလွန်အကျွံတော့ အကောင်းမမြင်သင့်ပါပေ။
အနီးအနားတွင် ဧရာမရေကန်ကြီး ရှိနေသလို၊ အထဲတွင်လည်း ကြောက်စရာကောင်းသော ရေကန်ထဲက ဧရာမမြွေကြီး ရှိနေသည် မဟုတ်ပါလား။
ဤသားရဲလှိုင်းလုံးနှင့်အတူ ထိုမိစ္ဆာကောင်ကြီး ထပ်မံ ပေါ်လာဦးမလားဆိုသည်ကို မည်သူမျှ မသိနိုင်ပါပေ။
ဒေသတွင်းချန်နယ်တွင်တော့ ထိုအချိန်၌ ဝမ်းသာသံနှင့် စိုးရိမ်သံများ ရောနှောနေတော့သည်။
"နှင်းကျနေပြီ နှင်းကျနေပြီ ဒါ ငါ့ဘဝမှာ ပထမဆုံးအကြိမ် နှင်းမြင်ဖူးတာပဲ"
"ဘုရားရေ... စူးစမ်းရှာဖွေသူ ထိပ်သီးကြီးတွေ ပြောတာ တကယ်မှန်တာပဲ၊ တကယ်ပဲ နှင်းကျလာတာပဲ"
"ဟမ် မင်းက စူးစမ်းရှာဖွေသူ ထိပ်သီးကြီးတွေကို သံသယဝင်နေတာလား။ ငါကတော့ သူတို့ကို လုံးဝ ပုံမှန်ယုံကြည်ပြီးသား"
"မကောင်းတော့ဘူး၊ နှင်းတွေ ကျလာပြီ။ ငါ ဘယ်တော့မှ ထိပ်သီးကြီးတွေဆီ ရောက်နိုင်မှာလဲ။ အဲဒီကျမှပဲ သူတို့နဲ့အတူ အသက်ရှင်နိုင်မှာ..."
"ဟိုကို ရောက်နှင့်နေတဲ့သူတွေကတော့ တကယ်ကို ကံကောင်းတာပဲ"
"ထိပ်သီးကြီးတွေကို သံယယဝင်ခဲ့မိတာ ငါမှားသွားပါတယ်။ ဒါပေမဲ့ ဒါက မနက်ဖြန် သားရဲလှိုင်းလုံးကြီးက တကယ်ဖြစ်လာတော့မယ်ဆိုတဲ့ အဓိပ္ပာယ် မဟုတ်လား"
"စိတ်မပူပါနဲ့၊ ထိပ်သီးကြီးတွေ ပေးထားတဲ့ ချပ်ဝတ်တန်ဆာတွေနဲ့ မြှားပစ်စက်ကြီးတွေ ရှိနေတာပဲ၊ ငါတော့ ယုံကြည်မှုတွေ အပြည့်ပဲ။ ကြားတာတော့ သူတို့က မနက်ဖြန်ကျရင် ပိုပြီး စွမ်းအားကြီးတဲ့ လက်နက်တွေ ထပ်ပေးဦးမယ်ဆို"
"ဘယ်သူက ပြောတာလဲ။ ထိပ်သီးကြီးတွေ ကိုယ်တိုင် မကြေညာရင် အဲဒါတွေက သတင်းမှားတွေပဲ"
"နောက်တာပါ၊ ငါ့သူငယ်ချင်းတစ်ယောက်ကတော့ သူတို့ကို လက်နက်ကုန်ကြမ်းတွေ ပို့ပေးထားတယ်တဲ့။ ကြည့်ရတာ ဗီဇပြောင်းသတ္တဝါတွေရဲ့ သွေးလား ဘာလားပဲ"
ရွှီရှင်းနှင့် အခြားသူများ၏ အကူအညီကြောင့် နယ်မြေ ၁၈၈ ရှိ ရှင်ကျန်သူအများစုမှာ အတော်လေး ပြင်ဆင်ပြီး ဖြစ်သည်။
သူသည် ဘေးတွင် အိပ်ပျော်နေသော ခဲခဲလေး၏ ခေါင်းကို အသာအယာ ပုတ်ပေးလိုက်ပြီးနောက် မျက်လုံးများကို မှိတ်လိုက်တော့သည်။
...
တောက်ပလှသော နေရောင်ခြည်ကြောင့် သူ နိုးလာခဲ့၏။
ရွှီရှင်း မျက်လုံးဖွင့်ကာ အိပ်ရာမှ ထထိုင်လိုက်ပြီး ပြတင်းပေါက်မှ အပြင်သို့ လှမ်းကြည့်လိုက်သည်။
နှင်းကျတာ ရပ်သွားပြီပဲ။
အပြင်ဘက် တစ်လောကလုံးမှာ ဖြူဖွေးတောက်ပနေသဖြင့် သူ မျက်စိများကို မှေးလိုက်ပြီး လက်ဖြင့် အလင်းကို ကာလိုက်ရသည်။
တောအုပ်တစ်ခုလုံး ဆီးနှင်းများဖြင့် ဖုံးလွှမ်းနေချေပြီ။
သူ ထ၍ ပြတင်းပေါက်ကို ဖွင့်လိုက်ရာ၊ အေးစိမ့်လှသော လေပြင်းက သူ့အား တုန်တက်သွားစေသလို အိပ်ရာပေါ်တွင် အိပ်နေသော ခဲခဲလေးကိုလည်း ရုတ်တရက် နိုးသွားစေသည်။
သူမသည် ခုန်ထကာ "အီး အီး အီး " ဟုအော်လိုက်၏။
အမှန်တကယ်ပင် ဆောင်းရာသီ ရောက်ရှိလာခဲ့ချေပြီ။
အခန်း ၃၇၅ ပြီး။