အခန်း (၃၆၁-၃၆၃)
Vol. 25 Ch. 361-363
အခန်း (၃၆၁) - အတွင်းနှင့် ပြင်ပ လျှပ်စစ်စနစ်များအား အကြီးစား ပြုပြင်ပြောင်းလဲခြင်း
ရွှီရှင်းသည် အလျားတစ်မီတာစီရှိသော လျှပ်စစ်ကွန်ရက် ဆယ်ခုကို အရင်ဆုံး ဖန်တီးလိုက်ပြီး ၎င်းတို့ကို တစ်ခုနှင့်တစ်ခု ချိတ်ဆက်ကာ ဆယ်မီတာအရှည်ရအောင် လုပ်လိုက်သည်။
သူသည် သစ်ပင်အိမ်ပေါ်မှ ဆင်းလာခဲ့ပြီး အိမ်နှင့် မီတာ ၅၀ အကွာအဝေးရှိသော နေရာသို့ လျှောက်လှမ်းခဲ့၏။
လက်ရှိ အခြေအနေအရ မီတာ ၅၀ အတွင်းမှာတော့ စိုက်ပျိုးရေး လုပ်ဆောင်နိုင်သေးသော်လည်း မီတာ ၅၀ ကျော်လွန်သွားပါက အပင်များ ထပ်မံ ပေါက်ရောက်နိုင်ခြင်း မရှိတော့ပေ။
ထို့ကြောင့် ဤနေရာအား စနစ်တကျ ဝိုင်းပတ်ကာရံထားနိုင်မည် ဖြစ်သည်။
ရွှီရှင်းသည် ထိုနေရာတွင် လျှပ်စစ်ကွန်ရက် ဆယ်ခုကို ဘေးချင်းယှဉ်လျက် ချထားလိုက်၏။
နန်းကြိုးကွန်ရက်များမှာ မြေအောက်ထဲသို့ ဆယ်စင်တီမီတာပင် မပြည့်သော အနက်အထိသာ မြှုပ်နှံထားသော်လည်း အလွန်ပင် မြဲမြံလှပေသည်။
ရွှီရှင်း၏ လက်ရှိ ခွန်အားနှင့်ပင် ၎င်းတို့ကို လုံးဝ ရွှေ့၍မရနိုင်ပါပေ။
စိတ်ဝင်စားစရာပဲ ဒီနန်းကြိုးကွန်ရက်တွေက မြေကြီးထဲမှာ အမြစ်တွယ်နေတာများလား။
ရွှီရှင်းသည် သူ၏လက်သီးကို ဝေ့ယမ်းကာ လျှပ်စစ်ကွန်ရက်ကို အားကုန် သုံး၍ ထိုးနှက်လိုက်၏။
ကွန်ရက်မှာ အနည်းငယ်မျှသာ တုန်ခါသွားပြီး ပုံသဏ္ဌာန် အနည်းငယ် ပျက်ယွင်းသွားသော်လည်း သူ၏လက်သီးမှာမူ သံနန်းကြိုးကွက်များကြောင့် ပွန်းပဲ့သွားခဲ့ရသည်။
"ဒီလောက် ကြံ့ခိုင်ရင်တော့ လုံလောက်ပါပြီ"
ရွှီရှင်းသည် သူ၏လက်သီးကို ဆုပ်ကိုင်ရင်း ကျေနပ်စွာ ခေါင်းညိတ်လိုက်မိသည်။
သူသည် သစ်ပင်အိမ်ဘက်သို့ လှည့်ကြည့်လိုက်၏။
ဤနေရာမှာ သစ်ပင်အိမ်နှင့် မီတာ ၅၀ အကွာတွင် ရှိနေခြင်းဖြစ်ရာ အကယ်၍ သစ်ပင်အိမ်အတွင်းရှိ ဂျင်နရေတာနှင့် ဘက်ထရီတို့မှတစ်ဆင့် နန်းကြိုးများ သွယ်တန်းမည်ဆိုပါက သစ်ပင်အိမ်ပေါ်မှ အောက်သို့အရင်ဆွဲချပြီးမှ ဤနေရာအထိ သယ်ဆောင်လာရမည် ဖြစ်သည်။
သစ်ပင်အိမ်မှာ ဆယ်မီတာ မြင့်သဖြင့် နန်းကြိုး အရှည် မီတာ ၆၀ ခန့် လိုအပ်မည်ဖြစ်ကာ ယင်းအတွက် ကြေးနီတုံး ခြောက်တုံး ကုန်ကျပေလိမ့်မည်။
ထိုမျှလောက် ရှည်လျားသော နန်းကြိုးမှာ ပြင်ပသက်ရောက်မှုများကြောင့် ထိခိုက်ပျက်စီးရန် လွယ်ကူလှပေသည်။
ထို့ကြောင့် ကာကွယ်ရေးကွန်ရက်နှင့် ထောင်ချောက်များအတွက်သာ သီးသန့်အသုံးပြုမည့် ဂျင်နရေတာနှင့် ဘက်ထရီတို့ကို ဤနေရာမှာပင် နောက်ထပ်တစ်စုံ ထပ်မံဖန်တီးထားခြင်းက ပို၍ ကောင်းမွန်ပေလိမ့်မည်။
ကာကွယ်ရေးကွန်ရက်၏ ပါဝါနှင့် သစ်ပင်အိမ်အတွင်း အသုံးပြုမည့် ပါဝါတို့ကို ခွဲခြားထားခြင်းမှာ အလွန်ကောင်းသော အကြံတစ်ခုပင်။
ဘာပဲဖြစ်ဖြစ် အပြင်က လျှပ်စစ်ကွန်ရက် တိုက်ခိုက်ခံရပြီး ပါဝါအလွန်အကျွံ ကုန်ဆုံးသွားခဲ့လျှင် သစ်ပင်အိမ်အတွင်း လျှပ်စစ်ဓာတ်အား ပြတ်တောက်သွားသည့် အခြေအနေမျိုး ဖြစ်ပေါ်လာနိုင်သည် မဟုတ်ပါလား။
ဒါဟာ မကောင်းချေ။
ခွဲခြားထားတာကသာ အကောင်းဆုံးပင်။
ရွှီရှင်းသည် သစ်ပင်အိမ်သို့ ပြန်လာခဲ့၏။
သူ့လက်ထဲတွင် ကျန်ရှိနေသော အပြာရောင်အဆင့် ကြေးနီသတ္တုရိုင်း ၁၁ ခုကို ကြည့်ပြီး ရွှီရှင်းသည် အပြာရောင်အဆင့် ကျောက်မီးသွေးသုံး ဂျင်နရေတာကို ဖန်တီးရန် ကြိုးစားကြည့်သော်လည်း မအောင်မြင်ခဲ့ပေ။
ကျောက်မီးသွေးသုံး ဂျင်နရေတာအတွက် သံတုံး ၃၀ နှင့် ကြေးနီတုံး ၅ တုံး လိုအပ်ရာ ကုန်ကြမ်းပမာဏ အများအပြား လိုအပ်နေခြင်းပင်။
မီးလင်းဖို သို့မဟုတ် မီးဖိုချောင် စည်းမျဉ်းများအတိုင်းပင် အရာဝတ္ထုကြီးတစ်ခုလုံးကို အပြာရောင်အဆင့်သို့ မြှင့်တင်ရန်အတွက် အပြာရောင်အဆင့် ကုန်ကြမ်းတစ်ခုတည်းနှင့် မရနိုင်ပါပေ။
ဤကဲ့သို့ ကြီးမားသော အရာဝတ္ထုတစ်ခုအတွက် အသုံးပြုမည့် ကုန်ကြမ်းအားလုံးမှာ အပြာရောင်အဆင့် ဖြစ်နေရန် လိုအပ်ပေသည်။
ထို့ကြောင့် အပြာရောင်အဆင့် ကျောက်မီးသွေးသုံး ဂျင်နရေတာတစ်ခုအတွက် အပြာရောင်အဆင့် သံတုံး ၃၀ နှင့် အပြာရောင်အဆင့် ကြေးနီတုံး ၅ တုံး လိုအပ်မည်ဖြစ်ရာ ၎င်းမှာ အမှန်တကယ်ပင် များပြားလွန်းလှပေသည်။
အမှန်အတိုင်းဆိုလျှင် လီဝမ်ရှီးအနေဖြင့် အပြာရောင်အဆင့် သံတုံး ၃၀ ကို ထောက်ပံ့ပေးနိုင်သော်လည်း လောလောဆယ်တွင် ထိုမျှအထိ မလိုအပ်သေးပေ။
အနည်းဆုံးတော့ သူ၏ ကိုယ်ပိုင်လူနေမှုဘဝနှင့် သစ်ပင်အိမ် ကာကွယ်ရေးအတွက်ဆိုလျှင် အစိမ်းရောင်အဆင့် ကျောက်မီးသွေးသုံး ဂျင်နရေတာကပင် လုံးဝ လုံလောက်နေပြီ ဖြစ်သည်။
အပြာရောင်အဆင့် သို့မဟုတ် ထို့ထက်မြင့်သော ဂျင်နရေတာများကိုမူ အဖွဲ့အစည်းကြီးများအတွက်သာ ရည်ရွယ်ထားပုံရပေသည်။
ရွှီရှင်းသည် နောက်ထပ် ကျောက်မီးသွေးသုံး ဂျင်နရေတာ တစ်လုံးနှင့် အပြာရောင်အဆင့် ဘက်ထရီ တစ်လုံးကို ဖန်တီးလိုက်ပြီး သံနန်းကြိုးကွန်ရက် ဆယ်ခုရှိရာသို့ ပြန်လာခဲ့သည်။
ကျောက်မီးသွေးသုံး ဂျင်နရေတာနှင့် ဘက်ထရီကို လျှပ်စစ်ကွန်ရက်အတွင်း၌ ထားရှိလိုက်ပြီး ရွှီရှင်းသည် ၎င်းတို့ကို ကျန်ရှိနေသော နန်းကြိုးများဖြင့် အချင်းချင်း ချိတ်ဆက်ပေးလိုက်၏။
ကွန်ရက် ဆယ်ခု ရှိနေစေကာမူ နန်းကြိုးကို ကွန်ရက်တစ်ခုနှင့် ချိတ်ဆက်လိုက်ရုံနှင့် ကျန်ရှိသော ကွန်ရက်အားလုံးတွင် လျှပ်စစ်ဓာတ်အားများ စီးဆင်းသွားမည် ဖြစ်သည်။
ရွှီရှင်းသည် ကျောက်မီးသွေး နှစ်ရာကို ဂျင်နရေတာအသစ်အတွင်းသို့ ထည့်လိုက်၏။
သူ့လက်ထဲတွင် ကျောက်မီးသွေး ငါးသောင်းကျော် ရှိနေသည် မဟုတ်ပါလား။
နှစ်ရာဆိုသည်မှာ သူ့အတွက်တော့ ဘာမှမဟုတ်ပါပေ။
ဂျင်နရေတာမှာ ဟိန်းဟောက်သံနှင့်အတူ တုန်ခါကာ စတင်လည်ပတ်လာခဲ့ပြီး ဘက်ထရီအတွင်းရှိ ပါဝါအဆင့်မှာလည်း မြင့်တက်လာခဲ့ချေပြီ။
အင်ဂျင် စတင်လည်ပတ်ပြီးနောက် လျှပ်စစ်ကွန်ရက်တစ်ခုလုံးပေါ်တွင် လျှပ်စစ်စီးကြောင်းများ တစ်ချက်တစ်ချက် ဝင်းလက်လာခဲ့ပြီး တရှဲရှဲ မြည်သံများလည်း ထွက်ပေါ်လာခဲ့သည်။
သူ၏ လက်သီးချက်ကြောင့် အနည်းငယ် ပုံပျက်သွားသော ကွန်ရက်မှာလည်း လျှပ်စစ်အား ရရှိသွားပြီးနောက်တွင် ၎င်း၏ မူလပုံသဏ္ဌာန်သို့ ဖြည်းဖြည်းချင်း ပြန်လည် ရောက်ရှိသွားခဲ့သည်။
သူ့အလိုလို ပြန်လည် ပြုပြင်နိုင်တာလား။
တကယ်ကို အစွမ်းထက်တာပဲ။
လျှပ်စစ်ကွန်ရက်သည် ရန်လိုသော ယူနစ်များကိုသာ ထိခိုက်စေမည်ဟု ဖော်ပြထားသော်လည်း ဤကဲ့သို့သော လျှပ်စစ်ကွန်ရက်ကိုတော့ ရွှီရှင်းကိုယ်တိုင်လည်း လုံးဝ မထိရဲပါပေ။
နှမြောစရာကောင်းသည်မှာ လောလောဆယ် ပတ်ဝန်းကျင်၌ ရန်လိုသော ယူနစ်များ မရှိသဖြင့် လျှပ်စစ်ကွန်ရက်ကို စမ်းသပ်ရန် မဖြစ်နိုင်ခြင်းပင်။
အလုပ်ဖြစ်မည်မှာ သေချာသွားပြီဖြစ်၍ သူ ဆက်လက် လုပ်ဆောင်ရတော့မည်။
သူသည် သစ်ပင်အိမ်သို့ ပြန်လာပြီး လီဝမ်ရှီးထံသို့ အစိမ်းရောင်အဆင့် သံတုံး ၁၀၀၀ ပို့ပေးရန် မက်ဆေ့ခ်ျ ပို့လိုက်၏။
လီဝမ်ရှီးသည် သူ ဗို့အားမြင့် လျှပ်စစ်ကွန်ရက်ဖြင့် ဝိုင်းပတ်ကာရံချင်နေသည်ကို သိရှိထားပြီးဖြစ်သဖြင့် ချက်ချင်းပင် ပို့ပေးလိုက်ပြီးနောက် "ကျွန်မ သံတုံးတွေကို အဲဒီလောက်တောင် သုံးနေတာ၊ ကျွန်မနဲ့အတူ သတ္တုလာတူးဖို့ စိတ်မကူးဘူးလား" ဟု စာပြန်ပို့လာခဲ့သည်။
ရွှီရှင်း သံတုံးများကို ယူကာ လျှပ်စစ်ကွန်ရက်များကို ဖန်တီးရင်း "နောက်တစ်ခေါက် သေချာပေါက် လာခဲ့ပါ့မယ်" ဟု ပြန်ဖြေလိုက်၏။
ခဲခဲလေးသည် အစာဝပြီး ရေငတ်ပြေသွားပြီဖြစ်ရာ ဒုတိယထပ်သို့ ရောက်လာပြီး ရွှီရှင်းအား ရှာဖွေကာ သူ၏ပုခုံးပေါ်သို့ တက်လာခဲ့သည်။
"ဗိုက်ဝသွားပြီလား"
"အီး"
ဆယ်မိနစ်ကျော် ကြာပြီးနောက်...။
ရွှီရှင်းသည် ပတ်ပတ်လည်တွင် ဝိုင်းပတ်ကာရံထားသော လျှပ်စစ်ကွန်ရက်ကြီးကို ကြည့်ပြီး ကျေနပ်စွာ ခေါင်းညိတ်လိုက်မိသည်။
ဗို့အားမြင့် လျှပ်စစ်ကွန်ရက်သည် မိတ်ဆွေ သို့မဟုတ် ကြားနေယူနစ်များအပေါ် လျှပ်စစ်ထုတ်လွှတ်မည် မဟုတ်ကြောင်း သူ သိရှိသွားခဲ့ပြီ ဖြစ်သည်။
အကြောင်းမှာ သူ သတိမထားမိခင်မှာပင် ခဲခဲလေးသည် လျှပ်စစ်ကွန်ရက်ပေါ်သို့ ခိုးတက်သွားခဲ့သောကြောင့် ဖြစ်၏။
လက်ရှိတွင် ဗို့အားမြင့် လျှပ်စစ်ကွန်ရက်မှာ တည်ငြိမ်သွားခဲ့ပြီဖြစ်ရာ၊ အစောပိုင်းကကဲ့သို့ လျှပ်စစ်စီးကြောင်းများ ဝင်းလက်ခြင်း သို့မဟုတ် အသံမြည်ခြင်းများ မရှိတော့ပါပေ။
ကွန်ရက်မှာ ယခုအခါ သာမန် နန်းကြိုးကွက်တစ်ခုနှင့်သာ တူနေတော့သည်။
"ခဲခဲလေး... အောက်ဆင်းတော့၊ အပေါ်ကို တက်မဆော့နဲ့လေ" ဟု ရွှီရှင်းက လျှပ်စစ်ကွန်ရက်အပေါ်ဘက်ရှိ ရှုပ်ထွေးနေသော နန်းကြိုးများကို လှမ်းထိရန် ပြင်နေသည့် ခဲခဲလေးအား လှမ်းပြောလိုက်၏။
"အီး"
ခဲခဲလေးသည် ရှုပ်ထွေးနေသော နန်းကြိုးများကို သူမ၏ လက်သည်းလေးဖြင့် အသာအယာ တို့ကြည့်လိုက်ရာ ဆူးစူးသွားပုံရသဖြင့် နာကျင်စွာ အော်ဟစ်လိုက်ပြီး ချက်ချင်းပင် ပြန်ဆင်းလာကာ ရွှီရှင်း၏ ရင်ခွင်ထဲသို့ ခုန်ဝင်လာတော့သည်။
"အီး..."
ရွှီရှင်းသည် ခဲခဲလေးကို ပွေ့ချီထားရင်း အသက်ကို ဝဝရှူကာ ဗို့အားမြင့် လျှပ်စစ်ကွန်ရက်ကို လက်ဖြင့် လှမ်းထိလိုက်၏။
သူ၏ လက်ထိပ်နှင့် ထိမိလိုက်သည့် ခဏမှာပင် လက်ထိပ်ပေါ်တွင် လျှပ်စစ်စီးကြောင်း အနည်းငယ် ဖြတ်သန်းသွားသည်ကို ခံစားလိုက်ရသဖြင့် သူ၏လက်ကို ချက်ချင်း ပြန်ရုပ်လိုက်ရသည်။
သို့သော်လည်း ဗို့အားမြင့် လျှပ်စစ်ကွန်ရက်မှာ သူ့အား အန္တရာယ် မပေးခဲ့ပါပေ။
စတက်တစ်လျှပ်စစ် ထိမိသကဲ့သို့ လက်ထိပ်ကို အနည်းငယ် ကျဉ်သွားစေရုံသာ ဖြစ်၏။
[နန်းကြိုးသုံး ဗို့အားမြင့် လျှပ်စစ်ကွန်ရက် (အစိမ်းရောင်အဆင့်): ရန်သူယူနစ်များ ထိတွေ့မိပါက ဘက်ထရီပါဝါကို အသုံးပြု၍ ဗို့အားမြင့် လျှပ်စစ်ဓာတ်အားများကို ထုတ်လွှတ်ပေးလိမ့်မည်။တရှဲရှဲနဲ့ ကင်ထားတဲ့ အသားနံ့လေး ရတော့မှာပေါ့။ လျှပ်စစ်ဓာတ်အား ရှိနေစေကာမူ မိတ်ဆွေ သို့မဟုတ် ကြားနေယူနစ်များကို အန္တရာယ် မပေးပါပေ။ သို့သော် ရန်သူယူနစ်များကိုမူ အလွန်ပြင်းထန်သော ထိခိုက်ပျက်စီးမှုများ ပေးစွမ်းနိုင်ပါသည်။]
အခန်း ၃၆၁ ပြီး။
အခန်း (၃၆၂) - အတွင်းနှင့် ပြင်ပ လျှပ်စစ်စနစ်များအား အကြီးစား ပြုပြင်ပြောင်းလဲခြင်း (၂)
ဤရှင်းလင်းချက်ကို မြင်လိုက်ရမှသာ ရွှီရှင်းသည် လုံးဝ စိတ်အေးသွားတော့သည်။
သူသည် လျှပ်စစ်ကွန်ရက်၏ အရပ်လေးမျက်နှာဖြစ်သော အရှေ့မြောက်၊ တောင်နှင့် အနောက်တို့တွင် အဖွင့်အပိတ်လုပ်၍ရသည့် သံနန်းကြိုးတံခါးများကို တပ်ဆင်လိုက်ရာ သူ အဝင်အထွက်လုပ်ရန် များစွာ လွယ်ကူသွားခဲ့သည်။
နေရာကူးပြောင်းရေး တည်နေရာမှာလည်း ဗို့အားမြင့် လျှပ်စစ်ကွန်ရက်အတွင်း၌ပင် တိုက်တိုက်ဆိုင်ဆိုင် ကျရောက်နေသဖြင့် ဤနေရာသို့ ကူးပြောင်းလာသူများသည် အပင်နှလုံးသားနှင့် လျှပ်စစ်ကွန်ရက်တို့၏ နှစ်ထပ်ကာကွယ်မှုကို ရရှိသွားကြပြီဖြစ်ရာ အားနည်းနေသည့် အခြေအနေမှာပင် ဘာမှစိုးရိမ်စရာ မလိုတော့ပါပေ။
ဤအလုပ်များကို အဆုံးသတ်ပြီးနောက် ရွှီရှင်းသည် သူအသစ်တပ်ဆင်ထားသော ဂျင်နရေတာနှင့် ဘက်ထရီများရှိရာသို့ ပြန်လာခဲ့သည်။
သူသည် သံမဏိဘောင်များနှင့် သစ်လုံးများကို အသုံးပြုကာ ထိုစက်ပစ္စည်းနှစ်ခုကို အကာအကွယ်ပေးရန် သစ်သားအိမ်ငယ်လေးတစ်လုံး ဆောက်လုပ်လိုက်၏။
အင်း... မဆိုးပါဘူး။ အခုဆိုရင် လေဒဏ်မိုးဒဏ်ကို ကြောက်စရာ မလိုတော့ဘူးပေါ့။
မှန်ပါသည်။အကယ်၍ မိုးရာသီကဲ့သို့ ပြင်းထန်သော ရာသီဥတု သို့မဟုတ် ဧရာမသားရဲကြီးများ၏ တိုက်ခိုက်မှုမျိုး ကြုံလာရပါက ဤအိမ်ငယ်လေးမှာ ခံနိုင်ရည်ရှိမည် မဟုတ်ပါပေ။
သို့သော် ထိုအချိန်ရောက်လျှင် ဗို့အားမြင့် လျှပ်စစ်ကွန်ရက်ပင်လျှင် သိပ်ပြီး အသုံးဝင်တော့မည်မဟုတ်ရာ ပြင်ပရှိ ဂျင်နရေတာနှင့် ဘက်ထရီတို့အတွက် သိပ်ပြီး ပူပန်မနေတော့ပေ။
ထိုအချိန်ကျလျှင် သစ်ပင်အိမ်ကိုသာ အသေအလဲ ကာကွယ်ရမည် မဟုတ်ပါလား။
ဤပြင်ဆင်မှုများကို အဆုံးသတ်ပြီးနောက် ရွှီရှင်း သစ်ပင်အိမ်သို့ ပြန်လာခဲ့သည်။
သူသည် ကျိချောင်းယန်ထံသို့ အသံမက်ဆေ့ခ်ျ တိုက်ရိုက်ပို့လိုက်သော်လည်း ချက်ချင်းပင် ဖုန်းချခြင်း ခံလိုက်ရ၏။
တစ်ဖက်မှ သီးသန့်မက်ဆေ့ခ်ျ ပြန်ရောက်လာသည်။
"ညဘက် ငါသစ်ပင်အိမ်ပြန်ရောက်မှ စကားပြောကြရအောင်၊ အခု ငါအပြင်မှာ"
ဒီလူကတော့... မနက်ဖြန် ဘေးအန္တရာယ် ကျရောက်တော့မှာကို ဒီအချိန်အထိ အပြင်မှာ စူးစမ်းနေတုန်းလား။
ရွှီရှင်း ခေါင်းခါယမ်းလိုက်မိသည်။
အနည်းငယ် ဇဝေဇဝါဖြစ်မိသော်လည်း ကျိချောင်းယန်၏ ပင်ကိုယ်စရိုက်အရ အဆင်အခြင်မဲ့သော အလုပ်မျိုးကို လုပ်မည်မဟုတ်သည်မှာ သေချာသည်။
ဖြစ်နိုင်သည်မှာ သူ၏နိမိတ်အမြင်ထဲတွင် တစ်စုံတစ်ခုကို ထပ်မံတွေ့ရှိခဲ့ခြင်းလည်း ဖြစ်နိုင်ပေသည်။
ရွှီရှင်းသည် စူးစမ်းရှာဖွေသူ အုပ်စုအတွင်း၌ လျှပ်စစ်ကွန်ရက်အကြောင်းကို တိုက်ရိုက်အသိပေးလိုက်ပြီး ဘယ်သူတွေ သစ်ပင်အိမ်မှာ ရှိနေသလဲဟု မေးမြန်းလိုက်၏။
ဝမ်လေ့: " ဗို့အားမြင့် လျှပ်စစ်ကွန်ရက်လား။ ကြားရတာတင် တကယ့်ကို လုံခြုံသွားသလိုပဲ"
ကျောက်ရှောင်ချွမ်း: "ရှင်းအစ်ကိုကြီး... တကယ့်ကို အထာကျတယ်ဗျာ။ ထိန်းချုပ်ရေးခလုတ် တစ်ခုတည်းနဲ့ သားရဲလှိုင်းလုံးကြီးကို ခုခံဖို့ဆိုတာ အတော်လေး ပျာယာခတ်ရလိမ့်မယ်လို့ စိုးရိမ်နေတာ၊ အခုတော့ လျှပ်စစ်ကွန်ရက်ကြီး ရှိလာပြီပဲ။ အခုချက်ချင်း သစ်ပင်အိမ်ကို ပြန်လာနေပြီ"
ဝမ်ကွေ့ရှင်း: "လျှပ်စစ်ရေနွေးအိုးနဲ့ ရေစုပ်စက်လား။ ကြားရတာ တော်တော်ကောင်းတာပဲ။ ငါအခု အပြင်ရောက်နေလို့ ညဘက်ပြန်ရောက်တာကိုပဲ စောင့်ရတော့မယ်"
ရွှီရှင်း: "အပင်နှလုံးသား မရှိတဲ့သူတွေက အရင်ဆုံး သစ်ပင်အိမ်ကို အမြန်ပြန်ကြပါ။ လျှပ်စစ်ကွန်ရက်ကို အရင်ဦးဆုံး တပ်ဆင်ဖို့ ဦးစားပေးရမယ်"
ချီရွှယ်ဖေး: "ငါ သစ်ပင်အိမ်မှာ ရှိနေတယ်"
ထိုအချိန်မှာပင် ချင်ယွမ်လုံ က သူ့ထံသို့ သီးသန့်မက်ဆေ့ခ်ျ ပို့လာခဲ့သည်။
ချင်ယွမ်လုံ: "ရွှီရှင်း... မင်း ကြေးနီသတ္တုတွင်းကို ရေအောက်မှာ ရှာတွေ့တာလား။ ရေအောက် ဘယ်လောက်အနက်မှာလဲ"
သူ ကြေးနီသတ္တုတွင်းအကြောင်းကို ခဏမျှသာ ပြောလိုက်ရသေးသော်လည်း ရေအောက်အရင်းအမြစ်များကို အာရုံခံနိုင်စွမ်းရှိသော ချင်ယွမ်လုံက ချက်ချင်းပင် စုံစမ်းလာခြင်း ဖြစ်သည်။
ရွှီရှင်း ချက်ချင်း ပြန်ဖြေလိုက်၏။
"မီတာ လေးဆယ် ဝန်းကျင်လောက်မှာ။ မင်းအတွက်တော့ ပြဿနာမရှိဘူး မဟုတ်လား။ မင်းဘက်မှာရော အဲဒီလို သတ္တုရိုင်းမျိုးတွေ မတွေ့ဘူးလား"
အကယ်၍ ချင်ယွမ်လုံကလည်း သူ့ဘက်တွင် ကြေးနီသတ္တုတွင်း ရှာတွေ့မည်ဆိုလျှင် အကောင်းဆုံးပင် ဖြစ်ပေလိမ့်မည်။
ချင်ယွမ်လုံ: "မီတာ လေးဆယ် ဝန်းကျင်... မင်းရဲ့ ရေငုပ်နိုင်စွမ်းကလည်း တော်တော်လေး ကောင်းတာပဲ"
"အရင်က သာမန်လူတွေတောင် မီတာ တစ်ရာအထိ ငုပ်နိုင်တယ်လို့ မင်းပြောခဲ့ဖူးတယ် မဟုတ်လား" ဟု ရွှီရှင်းက ချင်းယွမ်လုံ၏ စကားဟောင်းကို ပြန်ဖော်ကာ စနောက်လိုက်၏။
ချင်ယွမ်လုံ: "ဟားဟား၊ အဲဒီတုန်းက ငါ့ရဲ့ စွမ်းရည်တွေကို မဖော်ပြချင်သေးလို့ပါ။ အခုတော့ လူတိုင်းမှာ စွမ်းရည်တွေ ရှိနေပြီဆိုတော့ ဖုံးကွယ်ထားစရာ မလိုတော့ပါဘူး"
"ဒါနဲ့ မင်းဘက်မှာကော အဲဒီအစိမ်းရောင် သတ္တုရိုင်းတွေ ရေအောက်မှာ ရှိလား"
ချင်ယွမ်လုံ: "ဝန်ခံရမယ်ဆိုရင်တော့ ငါ သတ္တုရိုင်းတွေကို မြင်ဖူးတယ်၊ ဒါပေမဲ့ အစိမ်းရောင် မဟုတ်ဘူး။ ပြီးတော့... ရေအောက်သားရဲတွေက စောင့်နေတာမို့လို့ ငါလည်း တူးဖော်ဖို့ မရဲဘူး"
"ရေအောက်သားရဲတွေလား"
ရွှီရှင်း၏ မျက်လုံးများ လှုပ်ခတ်သွားသည်။
သူ ချက်ချင်းပင် ရေကန်ထဲက ဧရာမမြွေကြီးကို ပြေးမြင်ယောင်မိသွား၏။
ချင်ယွမ်လုံဘက်မှာလည်း အလားတူ မိစ္ဆာကောင်ကြီးတွေ ရှိနေတာလား။
"ငါတို့ ညီအစ်ကို နှစ်ယောက်လုံးရဲ့ သစ်ပင်အိမ်တွေနားမှာ ရေကန်ငယ်လေး တစ်ခုစီ ရှိတယ်။ ဧရိယာကတော့ သိပ်မကျယ်ပေမဲ့ အတော်လေး နက်ပြီး ဂူတွေ အများကြီး ရှိတယ်။ အထဲမှာ အလွန် အန္တရာယ်များသလို အစွမ်းထက်တဲ့ ဗီဇပြောင်းသတ္တဝါတွေလည်း ရှိနေတာမို့လို့ ငါတို့တွေ စိတ်ကြိုက် မစူးစမ်းဝံ့သေးဘူး။ ဘာပဲဖြစ်ဖြစ် ငါတို့မြင်တဲ့ သတ္တုရိုင်းတွေကတော့ ကြေးနီတွင်း မဟုတ်လောက်ဘူး၊ အနည်းဆုံးတော့ မင်းပြောတဲ့ အစိမ်းရောင် သတ္တုရိုင်းတွေ မဟုတ်တာတော့ သေချာတယ်"
ကောင်းပြီလေ၊ ဒါဆိုရင်တော့ လောလောဆယ် ကြေးနီတုံးတွေကို ချွေတာသုံးရတော့မယ်။
ရွှီရှင်းက သူ့အား ခရမ်းရောင်အဆင့် လက်နက်တစ်ခု ဖန်တီးရန်နှင့် သူ၏ ရုပ်ပိုင်းဆိုင်ရာ စွမ်းရည်များကို မြှင့်တင်ပေးမည့် ဗီဇပြောင်းဆေးရည်များကို အသုံးပြုရန် အကြံပြုလိုက်ပြီး ထိုသတ္တုရိုင်းများအကြောင်းကို အမြန်ဆုံး စုံစမ်းရန် တိုက်တွန်းလိုက်သည်။
ချင်ယွမ်လုံနှင့် စကားပြောပြီးနောက် ရွှီရှင်းသည် ချီရွှယ်ဖေးအား လျှပ်စစ်ကွန်ရက် တည်ဆောက်ရန် ကူညီပေးတော့သည်။
သူသည် ချီရွှယ်ဖေးထံသို့ ကျောက်မီးသွေးသုံး ဂျင်နရေတာ၊ ဘက်ထရီ၊ နန်းကြိုးများနှင့် လျှပ်စစ်ကွန်ရက်များကို ပို့ပေးလိုက်ပြီး၊ သစ်ပင်အိမ်ပတ်လည် မီတာ ဆယ်ဂဏန်းခန့်ကို ကာရံနိုင်မည့် သံနန်းကြိုး ခြံစည်းရိုးများကိုပါ ပေးကာ အသုံးပြုပုံကို ကျွမ်းကျင်စွာ သင်ကြားပေးလိုက်၏။
စူးစမ်းရှာဖွေသူ အုပ်စုထဲက အခြားလူတွေကတော့ သူ့လိုမျိုး အတွင်းပိုင်းနဲ့ ပြင်ပ လျှပ်စစ်လမ်းကြောင်းတွေကို သီးခြားခွဲထားဖို့ မလိုချေ။
အဲဒါက ကုန်ကြမ်းတွေ အရမ်း ဖြုန်းတီးရာ ရောက်ပေလိမ့်မည်။
သူတို့အတွက်တော့ သစ်ပင်အိမ်အောက်က နေရာအနည်းငယ်ကို ဝိုင်းပတ်ကာရံထားပြီး သစ်ပင်ပင်စည်ကို တိုက်ခိုက်မခံရအောင် ကာကွယ်နိုင်ရင်ပဲ လုံလောက်လေပြီ။
မကြာမီမှာပင် ချီရွှယ်ဖေးဘက်တွင် တပ်ဆင်မှု ပြီးဆုံးသွားသလို ကျောက်ရှောင်ချွမ်းလည်း သစ်ပင်အိမ်သို့ ပြန်ရောက်လာသဖြင့် ရွှီရှင်းက သူ့အတွက်လည်း စနစ်တစ်ခုကို ချက်ချင်း ပြင်ဆင်ပေးလိုက်သည်။
အပင်နှလုံးသား မရှိသူများကိုသာ ဦးစားပေး လုပ်ဆောင်ပေးခဲ့ခြင်းပင်။
တစ်ချိန်တည်းမှာပင် သူသည် မာဟုန်ဝေ၏ ကပ်ပါးသစ်ပင်အိမ်သို့လည်း သွားရောက်ကာ စနစ်တစ်ခု တပ်ဆင်ပေးခဲ့သေးသည်။
သူသည် အလွန်အရေးကြီးသော လူတစ်ယောက်ဖြစ်သဖြင့် ဘာအန္တရာယ်မှ ကျရောက်ခွင့် မပေးနိုင်ပါပေ။
မာဟုန်ဝေမှာ လျှပ်စစ်စွမ်းအင်စနစ်ကို မြင်ပြီး ချက်ချင်းပင် မှင်သက်သွားရသည်။
"...ဒီကို လာခဲ့တာက ကျွန်တော့်အတွက် အကောင်းဆုံး ရွေးချယ်မှု ဖြစ်မှာပါ"
မိမိ၏ သစ်ပင်အိမ်သို့ ပြန်ရောက်သောအခါ ရွှီရှင်းသည် သစ်ပင်အိမ်အတွင်း၌ လျှပ်စစ်ပစ္စည်းအချို့ကို တပ်ဆင်ရန် စီစဉ်လိုက်သည်။
အကြောင်းမှာ အခြားသူများအတွက် လျှပ်စစ်ကွန်ရက်များ ပြင်ဆင်ပေးခြင်းက ကြေးနီတုံး အများကြီး မကုန်သဖြင့် သူ့အတွက် လျှပ်စစ်ပစ္စည်း အစုံအလင်ကို တပ်ဆင်နိုင်ရန် ကြေးနီတုံးများ လုံလောက်နေသေးသောကြောင့် ဖြစ်၏။
အရင်းအမြစ်များ ကြွယ်ဝနေသဖြင့် ရွှီရှင်းသည် လျှပ်စစ်ရေနွေးအိုးနှင့် ရေစုပ်စက်တို့ကို ချက်ချင်း ဖန်တီးလိုက်ပြီး ရေပိုက်လိုင်းများကိုလည်း ဆက်သွယ်ကာ ဒုတိယထပ်ရှိ ဘက်ထရီနှင့် လျှပ်စစ်နန်းကြိုးများ ချိတ်ဆက်၍ လျှပ်စစ်စနစ်အတွင်းသို့ ပေါင်းစည်းလိုက်တော့သည်။
နောက်တစ်ဆင့်မှာတော့ ရေစုပ်ယူရန် ဖြစ်၏။
ရေကန်မှာ ရွှီရှင်း၏ သစ်ပင်အိမ်နှင့် မီတာ နှစ်ရာခန့် ဝေးကွာနေသဖြင့် အကယ်၍ သူသာ သံပိုက်လိုင်းများကို သုံး၍ ရေသွယ်ယူမည်ဆိုပါက ကုန်ကြမ်းများ ဖြုန်းတီးရာ ရောက်ရုံတင်မကဘဲ ဖျက်ဆီးခံရရန်လည်း လွယ်ကူလှပေသည်။
ရွှီရှင်းသည် ရေကန်မှရေကို သစ်ပင်အိမ်အောက်သို့ ရောက်အောင် ရေမြောင်းတစ်ခု တူးဖော်ရန် ဆုံးဖြတ်လိုက်ပြီး သစ်ပင်အိမ်အောက်မှနေ၍ တိုက်ရိုက် ရေစုပ်ယူတော့မည် ဖြစ်သည်။
အချိန်မဆွဲတော့ဘဲ သူသည် ဂေါ်ပြားတစ်လက်ကို ကိုင်ကာ အောက်သို့ ဆင်းလာခဲ့၏။
ကန်ဘောင်တွင် ရပ်ကာ ရေကန်ထဲကို လှမ်းကြည့်လိုက်သည်။
ရေကန်မှာ အေးဆေးငြိမ်သက်နေဆဲဖြစ်ပြီး အောက်ခြေကိုလည်း မမြင်ရပေ။
"အီး"
သူ၏ပုခုံးပေါ်က ခဲခဲလေးက သူ့အား ရှေ့မတိုးရန် သတိပေးသံ ပြုလုပ်လိုက်သည်။
ကြည့်ရသည်မှာ ရေကန်ထဲက အန္တရာယ်က ရှိနေဆဲပင်။
သူ ကြားလိုက်ရသော မှိန်ပျပျ ဟိန်းဟောက်သံကြီးက တကယ်တမ်း ဘာများဖြစ်နေမလဲ။
ဘာပဲဖြစ်ဖြစ် ဒါဟာ အနာဂတ်မှာ သူ ဘယ်တော့မှ ခြေမချဝံ့တော့မယ့် နေရာတစ်ခု ဖြစ်သွားခဲ့ချေပြီ။
သူ ခေါင်းခါယမ်းလိုက်ပြီး ဆက်မတွေးတော့ဘဲ ကန်ဘေးကနေ ရေမြောင်းစတင်တူးတော့သည်။
အပြာရောင်အဆင့် ဂေါ်ပြားရှိနေသဖြင့် သူ့အတွက် တူးရသည်မှာ အတော်လေး လွယ်ကူလှပေသည်။
ဂေါ်တစ်ချက် ထိုးလိုက်တိုင်း မြေကြီး တစ်ယူနစ်ကို တူးထုတ်နိုင်ပြီး ကျင်းမှာ တစ်မီတာခန့် နက်သွားကာ မြေကြီးများကို ဖယ်လိုက်သည်နှင့် ရေကန်ထဲမှရေများက ချက်ချင်းပင် တိုးဝင်လာတော့သည်။
သူ ဆက်တိုက် တူးဖော်သွားရာ နောက်ဆုံးတွင် ဤရေမြောင်းကို သစ်ပင်အိမ်အောက်အထိ ချိတ်ဆက်နိုင်ခဲ့၏။
ထို့နောက် သူသည် ရေများ စီးဆင်းနိုင်စေရန် ရေမြောင်းပတ်ပတ်လည်ကို ပတ်၍ တူးလိုက်သည်။
မဟုတ်ပါက ရေဝပ်နေသကဲ့သို့ ဖြစ်နေပြီး သန့်ရှင်းမည် မဟုတ်သောကြောင့် စီးဆင်းနေခြင်းကသာ ပို၍ ကောင်းမွန်ပေလိမ့်မည်။
ခဲခဲလေးမှာ သစ်ပင်အိမ်အောက်က ရေမြောင်းဘေးတွင် နားနေရင်း ရေပေါ်က သူမ၏ ပုံရိပ်ကို လက်သည်းလေးဖြင့် တို့ကြည့်ကာ ဤရေမြောင်းလေးကို စိတ်ဝင်တစား ကြည့်နေရှာသည်။
ရွှီရှင်း သစ်ပင်အိမ်အောက်သို့ ပြန်လာပြီး ဂေါ်ပြားကို မှီကာ ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ဂေါ်ပြားကို နောက်တစ်ကြိမ် ဝေ့ယမ်းကာ သစ်ပင်အိမ်အောက်ရှိ ဤနေရာကို နှစ်မီတာခန့် နက်သော ရေကန်ငယ်လေးတစ်ခုအဖြစ် တူးဖော်လိုက်တော့သည်။
ဤရေကန်မှာ သူ၏ ရေချိုသိုလှောင်ကန် ဖြစ်လာမည်ဖြစ်ပြီး နောင်တွင် ငါးအချို့ကိုလည်း စမ်းသပ်မွေးမြူကြည့်နိုင်ပေလိမ့်မည်။
သစ်ပင်အိမ်သို့ ပြန်တက်လာကာ ရေပိုက်များကို ဖန်တီးလိုက်ပြီး ၎င်းတို့ကို သစ်ပင်အိမ်အပြင်နံရံနှင့် ပင်စည်တစ်လျှောက် သွယ်တန်းကာ သစ်ပင်အိမ်အောက်ရှိ မြေအောက်ထဲတွင် မြှုပ်နှံ၍ ရေကန်အောက်ခြေအထိ ရောက်အောင် လုပ်လိုက်သည်။
အေးစိမ့်သောနေ့ရက်များ ရောက်တော့မည် ဖြစ်သော်လည်း ဤစနစ်ကိုတော့ အပြီးသတ်ရမည် မဟုတ်ပါလား။
ဒါ့အပြင် အလွန်အမင်း အေးစိမ့်ခြင်း မရှိပါက ရေခဲပြင်မှာ နှစ်မီတာအထိ ထူထဲမည်မဟုတ်သဖြင့် ရေအောက်မှာတော့ အရည်အဖြစ် ရှိနေဦးမည်ဖြစ်ရာ သူ့အတွက် ရေကို ဆက်လက် ရယူနိုင်မည် ဖြစ်သည်။
သားရဲလှိုင်းကြီး၏ ရိုက်ခတ်မှုကြောင့် ကန်ဘောင်မှာ အန္တရာယ်အရှိဆုံး နေရာဖြစ်လာတော့မည် ဖြစ်၏။
အခြားသော ဗီဇပြောင်းသတ္တဝါများကို စွမ်းအင်အမြုတေ အပိုင်းအစများဖြင့် မောင်းထုတ်နိုင်စေကာမူ ရေကန်ထဲက ဧရာမမြွေကြီးကိုတော့..။
ထိုနယ်မြေကို ရှောင်ရှားတာကသာ အကောင်းဆုံးပင်။
အခု အသစ်တူးထားတဲ့ ရေကန်လေးကတော့ အပင်နှလုံးသားရဲ့ ကာကွယ်မှုနယ်ပယ်အတွင်းမှာရော လျှပ်စစ်ကွန်ရက်အတွင်းမှာပါ ရှိနေသဖြင့် အတော်လေး ဘေးကင်းလှပေသည်။
"အီး..."
ခဲခဲလေးသည် အသစ်တူးထားသော ရေကန်လေးထဲတွင် ပက်လက်လှန်ကာ သူမ၏ ခြေသည်းလေးများဖြင့် ရေကူးနေသည်မှာ အတော်လေးကို သက်သောင့်သက်သာ ရှိနေပုံရ၏။
"နင်ကတော့လေ... မအေးဘူးလား"
ငါးဒီဂရီ၊ ခြောက်ဒီဂရီလောက်ပဲရှိတဲ့ ရေထဲမှာ ကူးနေတာ တကယ်ပဲ မအေးသလိုပင်။
"အီး"
ခဲခဲလေးက မအေးကြောင်း ပြန်ထူးလိုက်ပြီး ဆက်လက် ကူးခတ်နေတော့သည်။
ထိုအချိန်မှာပင် ကြင်ယာတော်ကြီးသည် သားငယ်လေး နှစ်ကောင်နှင့်အတူ မြေအောက်တွင်းထဲက ထွက်လာပြီး ဒီဘက်ကို လှမ်းချောင်းကြည့်နေကြသည်။
ရေကန်လေးကို မြင်လိုက်ရသောအခါ သားငယ်လေး နှစ်ကောင်မှာ စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်ကာ ပြေးလာပြီး ရေထဲသို့ ဒိုင်ဗင်ထိုးချလိုက်ကြတော့၏။
သို့သော်လည်း သူတို့ ချက်ချင်းပင် ရေပေါ်သို့ ပြန်တက်လာကြပြီး မြေပြင်ပေါ်မှာ တစ်ပတ်လောက် လူးလိမ့်ပြီးမှ ကြင်ယာတော်ကြီး၏ ဘေးနားသို့ မကျေမနပ် အော်ဟစ်သံလေးနှင့်အတူ ပြန်ကပ်သွားကြသည်။
သူတို့ အအေးဒဏ်ကို ခံစားလိုက်ရခြင်းပင်။
သင်းခွေချပ်တွေက အပူကို ကြိုက်တဲ့ သတ္တဝါတွေ ဖြစ်ကြသည်။
သားပေါက်လေးတွေမှာ အအေးဒဏ်ကို ခံနိုင်ရည်ရှိသည့် ဗီဇပြောင်းသွေးသားတွေ ပါရှိစေကာမူ အအေးကိုတော့ မကြိုက်ကြပါပေ။
"နင်တို့ ဒီမှာပဲ ဆော့နေကြ၊ ငါ အပေါ်တက်တော့မယ်"
အခန်း ၃၆၂ ပြီး။
အပိုင်း (၃၆၃) - အရိပ်များ ဖုံးလွှမ်းနေသော လုဖေးအာ
ရွှီရှင်းသည် သစ်ပင်အိမ်သို့ ချက်ချင်းပြန်လာပြီး လျှပ်စစ်ရေစုပ်စက်ကို အသက်သွင်းလိုက်သည်။
တဝီဝီမြည်သံနှင့်အတူ စက္ကန့်အနည်းငယ်အကြာတွင် ရေစုပ်စက်သည် သစ်ပင်အိမ်အတွင်းသို့ ရေများကို စတင်တင်ပေးတော့သည်။
ဆီးနှင်းထူထပ်သော ရာသီဥတုက မည်မျှကြာရှည်မည်ကို မသေချာသဖြင့် ရွှီရှင်းသည် ရေများကို စတင်သိုလှောင်တော့သည်။
သူသည် ရေပုံးကြီးများကို တစ်ခုပြီးတစ်ခု ဖန်တီးကာ ရေများကို ဖြည့်ပြီး သစ်ပင်အိမ်၏ ပထမထပ်ရှိ ပိုလျှံနေသော နေရာလွတ်များတွင် သိုလှောင်ထားလိုက်၏။
မကြာမီမှာပင် ပထမထပ်တစ်ခုလုံး ရေပုံးများဖြင့် ပြည့်သွားတော့သည်။
ဒီလောက်ဆိုရင်တော့ လုံလောက်ပါပြီ။
လျှပ်စစ်ရေနွေးအိုးပေါ်ရှိ မျက်နှာပြင်ငယ်လေးမှာ လင်းလာပြီး ကိန်းဂဏန်းနှစ်ခုကို ပြသနေသည်။
တစ်ခုမှာ ရေပမာဏရာခိုင်နှုန်းဖြစ်ပြီး ကျန်တစ်ခုမှာ အပူချိန်ဖြစ်သည်။
ရာခိုင်နှုန်းမှာ အရှိန်အဟုန်ဖြင့် မြင့်တက်လာနေပြီး အပူချိန်မှာတော့ ၆ ဒီဂရီစင်တီဂရိတ်ကို ပြနေသည်။
စက္ကန့်အနည်းငယ်အကြာတွင် ရေနွေးအိုးအတွင်း ရေပမာဏ ၁၀၀ ရာခိုင်နှုန်း ပြည့်သွားသောအခါ ရေစုပ်စက်မှာ အလိုအလျောက် ရပ်တန့်သွား၏။
ရွှီရှင်းသည် ရေနွေးအိုးကို စတင်အပူပေးလိုက်ရာ အပူချိန်ပြဂဏန်းမှာ ဖြည်းဖြည်းချင်း မြင့်တက်လာတော့သည်။
ကောင်းတယ်၊ အတော်လေး သက်သောင့်သက်သာ ရှိတာပဲ။
ထို့နောက် သူသည် ရေစုပ်စက်ကို အိမ်သာရှိ ရေကန်နှင့် ချိတ်ဆက်ကာ ရေဆိုးထုတ်ပိုက်လိုင်းကိုလည်း သစ်ပင်အိမ်အောက်ရှိ ပိုမိုနက်ရှိုင်းသော နေရာတစ်ခုဆီသို့ သွယ်တန်းလိုက်သည်။
ဒါက သစ်ပင်ကို မြေသြဇာကျွေးတာလို့ပဲ သတ်မှတ်ရမလား မသိဘူး။
ဆက်လက်ပြီး ရွှီရှင်းသည် အခန်းတိုင်းတွင် လျှပ်စစ်မီးသီးများ တပ်ဆင်လိုက်ပြီး လျှပ်စစ်မီးဖိုနှင့် မီးခိုးစုပ်စက်တို့ကိုလည်း ဖန်တီးကာ မီးဖိုချောင်ကို အဆင့်အတန်းတစ်ခုအထိ ရောက်အောင် ပြင်ဆင်လိုက်သည်။
ဤအရာအားလုံးကို တပ်ဆင်ပြီးနောက် ရွှီရှင်းသည် တတိယထပ်သို့ ပြန်တက်လာကာ ဆိုဖာပေါ်တွင် အားရပါးရ ထိုင်ချလိုက်ပြီး သက်ပြင်းတစ်ချက်ကို ဝဝလင်လင် ချလိုက်တော့သည်။
သူ၏ သစ်ပင်အိမ်မှာ ယခုအခါ ကိုယ့်အားကိုယ်ကိုးနိုင်သည့် အခြေအနေသို့ ရောက်ရှိသွားပြီဖြစ်ရာ အပြင်သို့ ခြေတစ်လှမ်းမျှ မထွက်ဘဲနှင့်ပင် ရှင်သန်နိုင်တော့မည့် ခံစားချက်မျိုး ပေးစွမ်းနေပေသည်။
ဒါက ကမ္ဘာပျက်ကပ် ခံတပ်တစ်ခုရဲ့ ခံစားချက်မျိုးလား။
လက်နက်၊ စွမ်းအင်၊ အစားအစာ သူ့မှာ အားလုံး အလျှံပယ် ရှိနေပြီဖြစ်သည်။
ဤခံစားချက်မှာ တကယ့်ကို ကောင်းမွန်လှ၏။
အလုပ်များအားလုံး ပြီးဆုံးသွားသည့်အချိန်တွင် ကောင်းကင်မှာ အနည်းငယ် မှောင်စပြုနေပြီဖြစ်ရာ စူးစမ်းရှာဖွေသူ အဖွဲ့ဝင်များမှာလည်း သူတို့၏ သစ်ပင်အိမ်များသို့ တဖြည်းဖြည်း ပြန်ရောက်လာကြပြီ ဖြစ်သည်။
ရွှီရှင်းသည် သူတို့အား လျှပ်စစ်ကွန်ရက်များ တပ်ဆင်ပေးရန် ချက်ချင်းပင် စတင်ပြင်ဆင်တော့သည်။
ကျိချောင်းယန်လည်း သစ်ပင်အိမ်သို့ ပြန်ရောက်လာပြီဖြစ်သဖြင့် ရွှီရှင်းက သူ့ထံသို့ ကြေးနီတုံးများကို တိုက်ရိုက် လွှဲပေးလိုက်၏။
သူသည် ပုံစံငယ် များကို ကိုယ်တိုင် အသက်သွင်းနိုင်သူဖြစ်ရာ ရွှီရှင်းအနေဖြင့် ကိုင်တွယ်ပေးစရာ မလိုဘဲ သူကိုယ်တိုင်ပင် ဖန်တီးနိုင်ပေလိမ့်မည်။
တစ်ချိန်တည်းမှာပင် ဒေသတွင်းချန်နယ်ရှိ လူများမှာ စတင်၍ စိုးရိမ်ထိတ်လန့်နေကြပြီ ဖြစ်သည်။
အကြောင်းမှာ သစ်ပင်အိမ်အပြင်ဘက်က အပူချိန်မှာ သိသိသာသာ ထိုးဆင်းသွားသည်ကို သူတို့ အသေအချာ ခံစားနေရသောကြောင့် ဖြစ်၏။
အမှန်တကယ်ပင် နေ့ခင်းဘက်တွင် အပူချိန်မှာ ခြောက်ဒီဂရီ၊ ခုနစ်ဒီဂရီခန့် ရှိခဲ့ပြီး မွန်းတည့်ချိန်တွင် ဆယ်ဒီဂရီဝန်းကျင်အထိ ရှိခဲ့သော်လည်း၊ ညအချိန် ရောက်သည်နှင့် အပူချိန်မှာ သုညဒီဂရီနီးပါးအထိ ရောက်ရှိသွားခဲ့ချေပြီ။
"အို ဘုရားရေ... ထိပ်သီးကြီးတွေ ပြောခဲ့တဲ့အတိုင်း တကယ်ပဲ အေးစိမ့်တဲ့ ဆောင်းရာသီထဲကို ဝင်တော့မှာပဲ"
"ကံကောင်းလို့ ထိပ်သီးကြီးတွေက မီးလင်းဖိုတွေကို ကြိုလုပ်ထားဖို့နဲ့ သစ်ပင်တွေ အများကြီး ခုတ်ထားဖို့ သတိပေးခဲ့တာ။ အခုတော့ ငါ့ဆီမှာရှိတဲ့ ထင်းတွေက အတော်လေး အချိန်ကြာကြာ အသုံးခံမှာပါ"
"ငါကတော့ အနားက သစ်ပင်တွေအကုန် ခုတ်ပစ်လိုက်တာ၊ ပုဆိန်တောင် အတော်များများ ပျက်သွားတယ်။ အခုတော့ စွမ်းအင်တွေ အပြည့်ရှိနေပြီဆိုတော့ လုံခြုံသွားသလိုပဲ"
"ဘာလုံခြုံတာလဲဗျ။ မနက်ဖြန် သားရဲလှိုင်းကြီး ရောက်လာမယ်လို့ ထိပ်သီးကြီးတွေ ပြောထားတာ မေ့နေပြီလား"
"ငါကတော့ ဒူးလေး လေးလက်တောင် ဝယ်ထားပြီးပြီ။ ဘယ်သားရဲကမဆို သစ်ပင်အိမ်ကို လာတိုက်ရဲရင်တော့ အကုန် သုတ်သင်ပစ်မယ်"
"လေးလက်တောင်လား။ မင်း ဘယ်လိုဝယ်လိုက်တာလဲ။ ငါ့မှာ နှစ်လက်ပဲ ရှိသေးတယ်"
"နောက်ဆုံးတော့ စားစရာ အသားတွေ ရတော့မယ်၊ အသားငတ်နေတာ ကြာလှပြီ။ အခုလို အေးနေတော့ အသားတွေကလည်း အကြာကြီး အထားခံမှာဆိုတော့ တကယ်ကောင်းတယ်"
နယ်မြေ ၁၈၈ က လူများမှာလည်း အခြေခံအားဖြင့် အပြည့်အဝ ပြင်ဆင်ထားကြပုံရပေသည်။
ထိန်းချုပ်ရေးခလုတ်နှင့် လျှပ်စစ်ကွန်ရက် မရှိသောကြောင့် သူတို့၏ ရှင်သန်နိုင်နှုန်းမှာ စူးစမ်းရှာဖွေသူ အဖွဲ့ဝင်များနှင့် နှိုင်းယှဉ်လျှင် နိမ့်ကျနေဦးမည် ဖြစ်စေကာမူ သူတို့အတွက် အချက်အလက်များ ပေးခြင်းနှင့် ဒူးလေးအသစ်များကို ရောင်းချပေးခြင်းဖြင့် စူးစမ်းရှာဖွေသူ အဖွဲ့ဝင်များအနေဖြင့် အစွမ်းကုန် ကူညီပေးခဲ့ပြီး ဖြစ်သည်။
ယနေ့တွင် လီဝမ်ရှီးသည် ယမ်းစိမ်း ပမာဏ အတော်များများကို ရှာတွေ့ခဲ့သဖြင့် သာမန်ရှင်ကျန်သူများကိုပါ အချို့တစ်ဝက်ဝေမျှပေးရန် လုံလောက်နေပေသည်။
ရွှီရှင်းသည် စူးစမ်းရှာဖွေသူအဖွဲ့ဝင်အားလုံးအတွက် လျှပ်စစ်ကွန်ရက်များ တပ်ဆင်ပေးခဲ့ပြီး သူတို့အလိုရှိသော လျှပ်စစ်ပစ္စည်းများကိုပင် ဖန်တီးပေးခဲ့၏။
ကျောက်ရှောင်ချွမ်း : "အခုတော့ မနက်ဖြန် သားရဲလှိုင်းကြီးကို ခုခံဖို့အတွက် တကယ်ကို ယုံကြည်မှုတွေ ပြည့်နေပြီဗျာ။ ထိန်းချုပ်ရေးခလုတ်၊ ပေါက်ကွဲမြားတွေနဲ့ မြှားပစ်စက်ကြီး၊ ပြီးတော့ ဗို့အားမြင့် လျှပ်စစ်ကွန်ရက်ရော... ဘယ်သူက ငါ့ရဲ့ခံစစ်ကို ထိုးဖောက်နိုင်မှာလဲ။ ရှင်းအစ်ကိုကြီးနဲ့ ချောင်းယန်အစ်ကိုကြီးတို့တောင် မရလောက်ဘူး"
လီဝမ်ရှီး : "နင်တို့အားလုံး ဗီဇပြောင်းနွယ်ပင်အရည် ဘယ်လောက် စုမိကြပြီလဲ။ ငါ့ဆီမှာတော့ အစိမ်းရောင်အဆင့် ယမ်းစိမ်း ကီလိုဂရမ် တစ်သောင်းကျော် ရှိနေပြီ"
ဝမ်လေ့: "ဘာ ကီလိုဂရမ် တစ်သောင်းကျော်တောင်လား"
လီဝမ်ရှီး : "အာ... ငါနဲ့အတူ ရှိနေတဲ့သူတွေလည်း များသလို၊ ရွှီရှင်းကလည်း အများကြီးတူးဖို့ မှာထားတာကြောင့် မတော်တဆ အများကြီး တူးမိသွားတာပါ"
ရွှီရှင်းသည်လည်း မှင်သက်သွားရ၏။
သူသည် ပေါက်ကွဲ ပစ္စည်းများ ဖန်တီးရန် ပုံစံငယ်ကို ချက်ချင်း စစ်ဆေးလိုက်သည်။
[ပေါက်ကွဲစေတတ်သော ပစ္စည်းငယ် (အစိမ်းရောင်အဆင့်): ထိမှန်ပါက ပေါက်ကွဲစေနိုင်ပြီး အတော်လေး အစွမ်းထက်သည်။ ပေါက်ကွဲမြားများနှင့် ဒူးလေးမြားများ ဖန်တီးရာတွင် အသုံးပြုနိုင်သည်။ ပေါက်ကွဲစေတတ်သော ပစ္စည်းငယ် အခု ၂၀ အတွက် နွယ်ပင်အရည် ၁ ကီလိုဂရမ်၊ ယမ်းစိမ်း ၂ ကီလိုဂရမ်နှင့် ကျောက်မီးသွေးမှုန့် ၂၀ လိုအပ်သည်။]
ပေါက်ကွဲစေတတ်သော ပစ္စည်းငယ် အခု ၂၀ ဆိုသည်မှာ ဒူးလေးမြား အစင်း ၂၀ အတွက် ဖြစ်ပြီး ယမ်းစိမ်း ၂ ကီလိုဂရမ် လိုအပ်ပေသည်။
ထို့ကြောင့် ယမ်းစိမ်း ကီလိုဂရမ် တစ်သောင်းကျော်နှင့်ဆိုလျှင် နွယ်ပင်အရည်သာ လုံလောက်ပါက ဒူးလေးမြား အစင်းရေ တစ်သိန်းအထိ ဖန်တီးနိုင်မည် ဖြစ်သည်။
ဤမျှများပြားသော ဒူးလေးမြားများရှိလျှင် အခြားသူများကိုပါ ဝေမျှပေးနိုင်မည်ဖြစ်ရာ လူတိုင်း၏ ရှင်သန်နိုင်နှုန်းကို မြှင့်တင်ပေးနိုင်ပေလိမ့်မည်။
သို့သော်လည်း...
ရွှီရှင်းသည် မိမိ၏ နွယ်ပင်အရည် ပမာဏကို စစ်ဆေးလိုက်သည်။
သူသည် အစွမ်းထက်သော ဗီဇပြောင်းနွယ်ပင် တစ်ရာကျော်ကို သတ်ဖြတ်ခဲ့ပြီး တစ်ပင်လျှင် သာမန်နွယ်ပင်များထက် အဆပေါင်းများစွာ ပို၍ အရည်ထွက်စေကာမူ အရင်က ကျန်ရှိနေသည်များနှင့် ပေါင်းလျှင်ပင် သူ့ထံ၌ နွယ်ပင်အရည် ၈၀၀ ကီလိုဂရမ်ကျော်သာ ရှိသေးသည်။
ဒူးလေးမြား တစ်သိန်း ဖန်တီးရန်အတွက် အနည်းဆုံး နွယ်ပင်အရည် ၅၀၀၀ ကီလိုဂရမ် လိုအပ်ပေသည်။
ရွှီရှင်း : "ငါ့ဆီမှာတော့ နွယ်ပင်အရည် ၈၀၀ ကီလိုဂရမ်ကျော်ပဲ ရှိတယ်"
ဝမ်ကွေ့ရှင်း : "ငါ့ဆီမှာတော့ အခု ၂,၃၀၀ ကီလိုဂရမ် ရှိနေပြီ"
၂၃၀၀ ကီလိုဂရမ်တောင်လားဟ။
ရွှီရှင်း မျက်ခုံးပင့်သွားမိသည်။
အနည်းငယ် အံ့သြသွားသော်လည်း ထိတ်လန့်သွားခြင်းတော့ မရှိပါပေ။
ဘာပဲဖြစ်ဖြစ် ဒါဟာ တိုက်ခိုက်ရေးစွမ်းအားက ထိပ်တန်းမှာရှိတဲ့ ဝမ်ကွေ့ရှင်း မဟုတ်ပါလား။
အခြားအဖွဲ့ဝင်များကလည်း သူတို့ထံ၌ရှိသော နွယ်ပင်အရည် အလေးချိန်များကို စတင်ဖော်ပြလာကြတော့သည်။
အခန်း ၁၆၃ ပြီး။