← Chapters

အခန်း (၃၆၄-၃၆၆)

Vol. 25 Ch. 364-366

အခန်း (၃၆၄-၃၆၆)

Vol. 25 Ch. 364-366

အပိုင်း (၃၆၄) - အရိပ်များ ဖုံးလွှမ်းနေသော လုဖေးအာ ၂

စုစုပေါင်း ပမာဏမှာ လေးထောင်ကီလိုဂရမ် ကျော်ရုံသာ ရှိသော်လည်း လုံလောက်မှုတော့ ရှိပါသည်။

ထိုစဉ်အထိ နှုတ်ဆိတ်နေသော ကျိချောင်းယန်က "ငါ ဒေသတွင်းချန်နယ်မှာ လိုက်မေးကြည့်လိုက်မယ်။ ငါတို့အပြင် သွေးရောင်မျိုးနွယ် နွယ်ပင်တွေကို သတ်နိုင်တဲ့ တခြားအရည်အချင်းရှိသူတွေလည်း ရှိဦးမှာပဲ" ဟု ပြောလာ၏။

ထင်သည့်အတိုင်းပင် ကျိချောင်းယန်၏ စုံစမ်းမှုအပြီးတွင် ရှင်ကျန်သူအချို့က သူတို့ထံ၌ နွယ်ပင်အရည်များ ရှိနေသော်လည်း ဘာလုပ်ရမှန်းမသိကြောင်း ပြောလာကြသည်။

ရွှီရှင်းနှင့် ကျိချောင်းယန်တို့က ထိုသူများထံ ချက်ချင်းစာပို့ကာ ၎င်းမှာ ပေါက်ကွဲစေတတ်သော ပစ္စည်းများအတွက် ကုန်ကြမ်းဖြစ်ကြောင်း ရှင်းပြပြီး အချောသတ်ထားသော ပေါက်ကွဲဒူးလေးမြားများနှင့် လဲလှယ်ပေးမည်ဟု ကမ်းလှမ်းလိုက်ရာ နွယ်ပင်အရည်အားလုံးကို အလွယ်တကူပင် ရရှိလိုက်တော့သည်။

ဘာပဲဖြစ်ဖြစ် ထိုအရည်များမှာ သူတို့အတွက် အသုံးမဝင်လှသည် မဟုတ်ပါလား။

ကျိချောင်းယန် : "ကုန်ကြမ်းအားလုံး ငါ့ဆီပို့လိုက်၊ ငါပဲ လုပ်လိုက်မယ်။ ငါ့ရဲ့ ဖန်တီးရေးခန်းမ က အမှတ် ၁၅၀ ရာခိုင်နှုန်း မြှင့်တင်ပေးနိုင်တယ်။ နင်တို့အားလုံးထဲမှာ ငါ့လောက်များတဲ့သူ မရှိနိုင်ဘူး။ ပြီးတော့ ဖန်တီးရေးခန်းမက ကုန်ကြမ်းသုံးစွဲမှုကိုလည်း လျှော့ချပေးတယ်"

ရွှီရှင်း၏ ဖန်တီးရေးခန်းမမှာ ၁၀၀ ရာခိုင်နှုန်းသာ မြှင့်တင်ပေးနိုင်သဖြင့် သူသည် တွန့်ဆုတ်မနေဘဲ နွယ်ပင်အရည်အားလုံးကို လွှဲပေးလိုက်၏။

ဝမ်လေ့ : "ဝါး... ချောင်းယန်အစ်ကိုကြီးရဲ့ ဖန်တီးရေးခန်းမ တစ်ခုတည်းကတင် ငါ့ရဲ့ စုစုပေါင်းအမှတ်ထက် များနေပါလား"

ဝမ်ကွေ့ရှင်း : "ငါ ပို့ပေးလိုက်ပြီ"

လီဝမ်ရှီး : "အကုန်လုံး ပို့ရမှာလား"

ကျိချောင်းယန် : "မဟုတ်ဘူး၊ တစ်သုတ်ချင်းစီပဲ ပို့ပေး။ တစ်ခါတည်းဆိုရင် များလွန်းလို့"

ထိုအချိန်တွင် ရွှီရှင်း၏ သစ်ပင်အိမ်အပြင်ဘက်ရှိ နေရာကူးပြောင်းရေး စနစ်ဆီမှ စူးရှသောအသံတစ်ခု ထွက်ပေါ်လာပြီး ထွက်ပေါက်ပွင့်သွားသည်။

လုဖေးအာ ထွက်ပေါ်လာပြီးသည်နှင့် မြေပြင်ပေါ်သို့ ချက်ချင်းလဲကျသွားကာ တစ်ကိုယ်လုံး တုန်ရီနေရှာသည်။

သူမ အားယူ၍ ပြန်ထရပ်ပြီး အနီးရှိ အိမ်ငယ်လေးထဲသို့ တန်းတန်းမတ်မတ် ဝင်သွားတော့သည်။

မိနစ်အနည်းငယ်အကြာတွင် သူမသည် ကျေနပ်အားရစွာ ပြုံးလျက် အိမ်ထဲမှ ပြန်ထွက်လာ၏။

သူမ၏ မျက်နှာပေါ်ရှိ သွေးကြောမျှင်များမှာမူ လုံးဝ ပျောက်ကွယ်သွားခြင်း မရှိသေးပါပေ။

သူမသည် ဗို့အားမြင့် လျှပ်စစ်ကွန်ရက်ကို မြင်သော်လည်း လန့်မသွားပေ။

အကြောင်းမှာ လီဝမ်ရှီးဘက်တွင် တစ်ခုတပ်ဆင်ရန် သူမကိုယ်တိုင် ကူညီပေးခဲ့သောကြောင့် ဖြစ်၏။

"ရွှီရှင်းက ဒီလောက်အကျယ်ကြီးကို ကာရံထားတာလား၊ ဝါး... ရေကန်လေးတောင် ပါသေးတယ်"

မြေပြင်ပေါ်က အသစ်တူးထားသော ရေကန်ကိုမြင်ပြီး သူမ အံ့သြသွားသည်။

"တကယ့်ကို ကောင်းမွန်တဲ့ ဘဝကို ပိုင်ဆိုင်ထားတာပဲနော်"

ရွှီရှင်းသည် မြှင့်တင်ထားသော အကြားအာရုံကြောင့် လုဖေးအာ၏ စကားများကို ကြားနေရပြီး မျက်လုံးအသာလှန်မိလိုက်သည်။

လုဖေးအာသည် ရွှီရှင်းကို သွားမရှာပါပေ။

သူမ တစ်နေ့လုံး သတ္တုတူးထားရသဖြင့် နုံးခွေနေပြီး အနားယူချင်ရုံသာ ရှိတော့သည်။

သူမသည် တံခါးကိုတွေ့သဖြင့် လှမ်း၍ တွန်းဖွင့်လိုက်ရာ

"ရှဲ..ရှဲ"

"အား..."

အပြင်ဘက်မှ ဓာတ်လိုက်သံနှင့်အတူ အော်ဟစ်သံတစ်ခုကို ရွှီရှင်း ကြားလိုက်ရသည်။

ပြတင်းပေါက်မှ လှမ်းကြည့်လိုက်ရာ လုဖေးအာသည် လျှပ်စစ်ကွန်ရက်ဘေးတွင် လဲကျနေပြီး တစ်ကိုယ်လုံး ဆက်တိုက် တုန်ခါနေသည်ကို တွေ့လိုက်ရ၏။

သူ သစ်ပင်အိမ်ပေါ်မှ အမြန်ဆင်းကာ သူမရှိရာသို့ ပြေးသွားတော့သည်။

သူမမှာ အနည်းငယ် တုန်ရီနေဆဲဖြစ်ပြီး မျက်လုံးများမှာလည်း အပေါ်သို့ လန်တက်နေသည်။

အိမ်ငယ်လေးထဲမှာတုန်းက ပေါ်နေသော မျက်နှာပေါ်က သွေးကြောများမှာ ယခုအခါ သိသိသာသာ မှိန်သွားခဲ့ချေပြီ။

ရွှီရှင်း သူမကို အမြန်ပင် ထူပေးလိုက်သည်။

ထိုအချိန်တွင် လုဖေးအာ သတိပြန်ဝင်လာခဲ့၏။

ရွှီရှင်းကို မြင်သည်နှင့် သူမသည် ဝေါခနဲ ငိုချလိုက်တော့သည်။

"ဝါးးး ဘာလို့ ကျွန်မကို ဓာတ်လိုက်ရတာလဲ... ဟီးးး... ကျွန်မ တစ်နေ့လုံး သတ္တုတူးထားရတာ... ရှင်တို့အတွက် နေ့လယ်စာတောင် ချက်ပေးခဲ့သေးတယ်... ဟီးးး... ကျွန်မက ဒီလောက် လိမ္မာနေတာကို... ဒီအစုတ်ပလုတ် ကွန်ရက်ကြီးက ကျွန်မကို ဓာတ်လိုက်တယ်... နာလိုက်တာ... ဝါး"

လုဖေးအာသည် တွေးလေ စိတ်ဆိုးလေဖြစ်ကာ မြေပြင်ပေါ်တွင် လူးလိမ့်ငိုယိုနေတော့သည်။

"ကဲပါ၊ ကဲပါ၊ မငိုနဲ့တော့"

ရွှီရှင်း သူမကို နှစ်သိမ့်သည့်အနေဖြင့် ကျောကို အသာအယာ ပုတ်ပေးလိုက်သည်။

တကယ်တမ်း ဘာဖြစ်သွားတာလဲ။

ရွှီရှင်း မြေပုံကို ကြည့်လိုက်ရာ လုဖေးအာမှာ အစိမ်းရောင်အစက်အဖြစ် ပြနေသဖြင့် သေချာပေါက် မိတ်ဆွေယူနစ် ဖြစ်နေသည်။

လျှပ်စစ်ကွန်ရက်က ချို့ယွင်းနေတာလား။

မဖြစ်နိုင်ပါပေ။ ရွှီရှင်းကိုယ်တိုင် ကွန်ရက်ကို လှမ်းကိုင်ကြည့်သော်လည်း ဘာမှမဖြစ်ပါပေ။

ဒါကိုမြင်တော့ လုဖေးအာက ပို၍ပင် အားရပါးရ ငိုပြန်သည်။

"ဝါးးး... ဒီအစုတ်ပလုတ် ကွန်ရက်ကတောင် ကျွန်မကို အနိုင်ကျင့်နေတယ်..."

ထိုအချိန်တွင် သူမမျက်နှာပေါ်က သွေးကြောများမှာ လုံးဝ ပျောက်ကွယ်သွားပြီး ပုံမှန်အတိုင်း ပြန်ဖြစ်သွားခဲ့သည်။

ရွှီရှင်း အကြောင်းရင်းကို ရိပ်မိလိုက်ချေပြီ။

သွေးမြူခိုး ကြောင့် အားကောင်းလာသော သတ္တဝါများကို စနစ်က ရန်သူယူနစ် အဖြစ် အလိုအလျောက် သတ်မှတ်ပုံရသည်။

ဒီသွေးမြူခိုးက တကယ်ကို ဘာကြီးလဲ။

ဒါကို စုပ်ယူထားတဲ့ မိတ်ဆွေယူနစ်တွေကိုတောင် ရန်သူအဖြစ် မှားယွင်းသတ်မှတ်နေတာပဲ။

သွေးမြူခိုးမှာ အလွန်အန္တရာယ်များကြောင်း ရွှီရှင်း ပို၍ ခံစားလာရသည်။

နောင်တွင် လိုအပ်ချက်မရှိဘဲ လုဖေးအာနှင့် ငွေရောင်ဘုရင်တို့ကို ထိုသွေးမြူခိုးအခန်းထဲသို့ မဝင်ခိုင်းတော့ရန် သူ ဆုံးဖြတ်လိုက်၏။

"ကဲ တိတ်တော့၊ မငိုနဲ့တော့။ အခု ဘယ်လိုနေသေးလဲ"

ရွှီရှင်းက ကလေးတစ်ယောက်ကို ချော့သကဲ့သို့ မေးလိုက်သည်။

လုဖေးအာ ရှိုက်သံလေးများနှင့်အတူ "...အား လုံးဝမရှိတော့ဘူး၊ အားနည်းနေတဲ့ အချိန်လိုပဲ... ခုနကလည်း အရမ်းနာတာပဲ..."

သူမက ဘယ်ဘက်ဘက်လက်ကို အသာအယာ လှုပ်ရှားလိုက်ရာ ထိုလက်ကလေးမှာ အတော်လေး ဆိုးဆိုးရွားရွား ပျက်စီးနေသည်ကို ရွှီရှင်း တွေ့လိုက်ရသည်။

ဒဏ်ရာက တော်တော်ပြင်းတာပဲ။

အခုချိန်မှာ ပြောဖို့မသင့်ပေမဲ့ ဒီလျှပ်စစ်ကွန်ရက်ရဲ့ စွမ်းအားကတော့ တကယ်ကို အထင်ကြီးစရာပဲ။

ရွှီရှင်း ဆေးလုံးတစ်လုံးကို အမြန်ထုတ်ကာ သူမအား တိုက်လိုက်သည်။

"ဒါက ဘာလဲ"

လုဖေးအာက တွန့်ဆုတ်မနေဘဲ မျိုချပြီးမှ မေးသည်။

"ချီရွှယ်ဖေး ဖော်စပ်ထားတဲ့ ဆေးလုံးလေ"

လုဖေးအာ သူမ၏ ဘယ်ဘက်ဘက်လက်တွင် ပြင်းထန်သော ယားယံမှုကို ခံစားလိုက်ရပြီး ငုံ့ကြည့်လိုက်ရာ ပျက်စီးနေသော လက်ကလေးမှာ ပြန်လည်ကောင်းမွန်သွားချေပြီ။

ဗို့အားမြင့် ဓာတ်လိုက်မှုကြောင့် နုံးခွေနေသော သူမ၏ ခန္ဓာကိုယ်မှာလည်း အားအင်များ ပြန်လည် ရရှိလာသည်။

လုဖေးအာ မျက်လုံးပြူးသွားသည်။

"ဒါက... သူမလုပ်ထားတဲ့ ဆေးလုံးလား။ တကယ်ကို အစွမ်းထက်တာပဲ"

"...နင် ဓာတ်လိုက်ရတာက သွေးမြူခိုးရဲ့ အာနိသင်ကြောင့် ဖြစ်နိုင်တယ်" ဟု ရွှီရှင်းက သူ၏ ခန့်မှန်းချက်ကို ပြောပြလိုက်သည်။

"သွေးမြူခိုး..."

လုဖေးအာ ပုံမှန်ပြန်ဖြစ်သွားသော သူမ၏ မျက်နှာကို စမ်းကြည့်သည်။

"ဒါကြောင့်ကိုး... ဒါဆို အခု ကိုင်ကြည့်ရင်တော့ ဘာမှမဖြစ်တော့ဘူး မဟုတ်လား"

"ငါလည်း မသိဘူး၊ နင် စမ်းကြည့်ချင်ရင်တော့ ရတာပေါ့"

ရွှီရှင်းကတော့ လုဖေးအာကို သူ၏ အယူအဆအား လက်တွေ့စမ်းသပ်စေချင်နေသည်။

"...ဒါဆို ကျွန်မ စမ်းကြည့်မယ်"

ယနေ့ ရွှီရှင်း၏ ဆွဲဆောင်မှုစွမ်းအား မြင့်တက်နေခြင်းနှင့် စာချုပ်၏ လွှမ်းမိုးမှုတို့ကြောင့် လုဖေးအာမှာ ရွှီရှင်း၏ စကားကို အတော်လေး ယုံကြည်နေပြီး ကိုယ်တိုင်လည်း အတည်ပြုချင်နေသည်။

သူမ မတ်တတ်ရပ်ကာ အံကြိတ်၍ ကွန်ရက်ကို လှမ်းကိုင်လိုက်၏။

ထိလိုက်သည့် ခဏတွင် သူမ၏ ခန္ဓာကိုယ်မှာ တစ်ချက်မျှ တုန်ခါသွားပြီးနောက် ဘာမှ ထပ်ဖြစ်မလာပါပေ။

"ဟူးးး..."

လုဖေးအာ သက်ပြင်းရှည်ကြီး ချလိုက်သည်။

"အဆင်ပြေသွားပြီ၊ ကိုင်လို့ရသွားပြီ"

သို့သော် သူမ၏ စိတ်ထဲတွင်တော့ နောက်ထပ် စိတ်ဒဏ်ရာတစ်ခု ထပ်တိုးသွားခဲ့ချေပြီ။

ရွှီရှင်းနှင့် တွေ့ပြီးကတည်းက သူမ၏ဘဝမှာ အရိပ်တွေ ဖုံးလွှမ်းနေတော့သည်။

"ဒီနေ့ ပင်ပန်းသွားပြီ၊ သွားနားလိုက်တော့"

ရွှီရှင်း ဘာပြောရမှန်း မသိတော့ပါပေ။

အစက သူမသည် သူ့ကို သတ်ရန် ကြိုးစားခဲ့သူဖြစ်သော်လည်း ထိုက်တန်သော အပြစ်ပေးမှုကို ခံယူပြီးနောက်တွင်တော့ သူမ၏ မူလရည်ရွယ်ချက်များကို လုံးဝ စွန့်လွှတ်လိုက်ပုံရသည်။

ယခုဆိုလျှင် သူမကို ကိုယ့်လူတစ်ယောက်အဖြစ် သတ်မှတ်၍ ရနိုင်ပေပြီ။

"ဟုတ်ကဲ့"

လုဖေးအာက လိမ္မာစွာ ခေါင်းညိတ်ပြီး ပြန်အထွက်တွင် အဝေးက မာဟုန်ဝေ၏ သစ်ပင်အိမ်အပြင်ဘက်က လျှပ်စစ်ကွန်ရက်ကို လှမ်းမြင်သွားသည်။

"...ကျွန်မလည်း လျှပ်စစ်ကွန်ရက် လိုချင်တယ်"

လုဖေးအာ သနားစဖွယ် မျက်နှာလေးဖြင့် ရွှီရှင်းဘက်သို့ လှည့်ကြည့်လာသည်။

"နင်က သစ်ပင်အိမ်အသေးလေးပဲ ရှိတာလေ၊ ဒါကြီးက ဘာလုပ်ဖို့လဲ"

ရွှီရှင်း ချက်ချင်းပင် ငြင်းလိုက်သည်။

"နင့်အိမ်ကို ဒီဘက်မှာ လာပြောင်းပြီးရင်တော့ ငါ တပ်ပေးမယ်"

"ဒါပေမဲ့ မနက်ဖြန်ကျရင် ဘယ်လိုလုပ်မလဲ"

လုဖေးအာက အကျိုးအကြောင်းပြ၍ ငြင်းခုံသည်။

"မနက်ဖြန်ကျရင် ငါ့သစ်ပင်အိမ်ကို လာခဲ့" ဟု ရွှီရှင်းက ဆုံးဖြတ်ချက် ချလိုက်သည်။

သူမ၏ လက်ရှိ သစ်ပင်အိမ်မှာ အပင်နှလုံးသား ကာကွယ်မှု၏ အပြင်ဘက်အကျဆုံး နေရာတွင် ရှိနေသဖြင့် အန္တရာယ်ရှိသောကြောင့် ထားခဲ့ပြီး ဤဘက်သို့ လာခိုင်းခြင်းက ပို၍ စိတ်ချရပေမည်။

ဘာပဲဖြစ်ဖြစ် ကပ်ပါးသစ်ပင်အိမ်မှာ ပျက်စီးသွားလျှင်ပင် ပြန်လည် ဖန်တီး၍ ရသည် မဟုတ်ပါလား။

မာဟုန်ဝေကိုမူ သူ၏သဘောအတိုင်းသာ ထားလိုက်မည်။

သူ လာချင်လျှင် လာနိုင်သလို၊ သူ၏ကိုယ်ပိုင် သစ်ပင်အိမ်မှာပဲ နေချင်လျှင်လည်း ရပါသည်။

ဘာပဲဖြစ်ဖြစ် သူ၏ အရင်းအမြစ်များမှာ အခြားစူးစမ်းရှာဖွေသူများကဲ့သို့ပင် ပြည့်စုံသဖြင့် ပြဿနာရှိမည် မဟုတ်ပါပေ။

သစ်ပင်အိမ်သို့ ပြန်ရောက်သောအခါ ကျိချောင်းယန်က စူးစမ်းရှာဖွေသူ ချန်နယ်တွင် ပေါက်ကွဲ ဒူးလေးမြား တစ်သိန်းကို ဖန်တီးပြီးပြီဖြစ်ကြောင်း အကြောင်းကြားလာသည်။

တစ်သိန်းတောင်လား၊ မယုံနိုင်စရာပဲ။

ရွှီရှင်း : "ဒီနယ်မြေမှာ လူသုံးထောင်ကျော် ရှိတာဆိုတော့၊ တစ်ယောက်ကို အစင်းနှစ်ဆယ်စီ ပေးလိုက်ရင်တောင် ငါတို့အတွက် လေးသောင်းလောက် ကျန်ဦးမှာပဲ။ ဘယ်လိုလဲ"

လီဝမ်ရှီး : "ရပါတယ်၊ ပြဿနာမရှိဘူး"

ကျိချောင်းယန် : "ငါလည်း အဲဒီအတိုင်းပဲ စဉ်းစားထားတာ။ အခု လဲလှယ်ရေးစင်ပေါ် တင်ပေးလိုက်ရမလား"

ရွှီရှင်း : "မတင်နဲ့ဦး။ မနက်ဖြန် ဘယ်လောက်အထိ အန္တရာယ်များမလဲ အရင်ကြည့်ရအောင်။ တကယ်ပဲ အခြေအနေ ဆိုးလာမှ ဝေပေးလိုက်တာက ပိုကောင်းမယ်။ ငါတို့က အရင်းအမြစ်တွေ ဝေပေးရုံတင် မဟုတ်ဘဲ သူတို့ရဲ့ အသက်တွေကို ကယ်တင်ပေးနေတာလေ"

"...မင်းပြောတာ မှန်တယ်၊ မနက်ဖြန်ကျမှပဲ ဆုံးဖြတ်ကြတာပေါ့"

ယမ်းစိမ်းတူးသူများနှင့် ခေါင်းဆောင်နှစ်ဦး သဘောတူညီမှု ရသွားကြပြီဖြစ်ရာ အခြားပြဿနာ မရှိတော့ပါပေ။

ဝမ်ကွေ့ရှင်း : "တကယ်တော့ ငါ့အတွက် အဲဒီလောက် အများကြီး မလိုပါဘူး။ နင်တို့ပဲ ပိုယူလိုက်ကြပါ။ ငါကတော့ ပေါက်ကွဲမြားတွေ လိုမယ်မထင်ဘူး"

"ငါ မေ့တော့မလို့ပဲ"

ရွှီရှင်း သူ၏ နဖူးကို တစ်ချက်ပွတ်လိုက်သည်။

"ငါတို့ အချင်းချင်း ကိုယ့်ရဲ့ စွမ်းရည်တွေကို မျှဝေကြရအောင်လေ"

အခန်း ၃၆၄ ပြီး။

အပိုင်း (၃၆၅) - ဖုံးကွယ်သူနှင့် စစ်သည်တော်

"...တကယ်ပဲ ပြောရမှာလား"

ဝမ်ကွေ့ရှင်းသည် စကားပြောရမည်ကို အနည်းငယ် တွန့်ဆုတ်နေပုံရသည်။

ချီရွှယ်ဖေး : "ဒီဘက်မှာ ဆုံမိတဲ့ ငါတို့အားလုံးကတော့ ပွင့်ပွင့်လင်းလင်း ပြောပြပြီးကြပြီ။ နင်တို့ဘက်ကလူတွေရော အချင်းချင်း ဆုံမိကြပြီလား"

ကျောက်ရှောင်ချွမ်း : "ဆုံသလောက်တော့ ရှိပါပြီ။ ချင်ယွမ်လုံနဲ့ ဝမ်ကွေ့ရှင်းတို့ ဆုံပြီးပြီ၊ ချင်ယွမ်လုံနဲ့ ကျွန်တော်လည်း ဆုံပြီးပြီ၊ ဝမ်လေ့လည်း ဒီနေ့ ကျွန်တော့်ဆီ ရောက်လာတယ်။ အားလုံး တစ်စုတစ်ဝေးတည်း မဆုံဖြစ်ကြသေးပေမဲ့ တစ်ယောက်ရဲ့ တည်နေရာကို တစ်ယောက်ကတော့ သိနေကြပါပြီ"

ချင်ယွမ်လုံ : "ကျွန်တော်တို့က ဟိုဘက်ကလူတွေလို စီးစရာ သားရဲတွေ မရှိကြဘူးလေ။ လူချင်းဆုံဖို့ဆိုရင် လမ်းလျှောက်ရမှာဆိုတော့ အချိန်တွေ အများကြီး ကုန်မှာစိုးလို့ပါ။ တစ်ယောက်ရဲ့ တည်နေရာကို တစ်ယောက် သိထားရင်ပဲ လုံလောက်ပါပြီ"

မှန်ပေသည်။ စီးနင်းစရာ သားရဲမရှိဘဲ အတင်းအဓမ္မ ဆုံတွေ့ရန် ကြိုးစားခြင်းမှာ အချိန်ဖြုန်းရာ ရောက်ပေလိမ့်မည်။

ယခုကဲ့သို့သော အခြေအနေမျိုးတွင် အချိန်သည် အသက်ပင် ဖြစ်သည်မဟုတ်ပါလား။

ဝမ်ကွေ့ရှင်း : "ဒါပေမဲ့ ကျွန်မတို့ အားလုံးရဲ့ တည်နေရာတွေက အရမ်းနီးပါတယ်။ နယ်မြေ ၁၈၉ ရဲ့ အလယ်ပိုင်းက လူတွေကလွဲရင် ကျွန်မတို့တွေက တစ်ယောက်နဲ့တစ်ယောက် အပေါ်အောက် ထပ်နေသလောက်ကို နီးနေတာပါ"

တစ်နေရာတည်းမှာ ထပ်ပြီး စုပြုံနေကြပြန်ပြီပေါ့...။

ရွှီရှင်း ခေတ္တစဉ်းစားလိုက်ပြီးနောက် မေးလိုက်သည်။

"နင်တို့ဘက်မှာ လူရဲ့ ကိုယ်လက်အင်္ဂါတွေနဲ့ တူတဲ့ တောင်ကုန်းတွေ ဒါမှမဟုတ် တောင်တွေ ရှိလား"

ချင်ယွမ်ဟု က ချက်ချင်း ပြန်ဖြေသည်။

"ရှိတယ်၊ ဟိုဘက်က လည်ပင်းစောင်းနေတဲ့ သစ်ပင်ရှိတဲ့ တောင်ကုန်းလေ"

ဝမ်ကွေ့ရှင်း : "ဟုတ်တယ်၊ ဟုတ်တယ်။အဲဒီတောင်ပဲ။ အဲဒီတောင်က ကြည့်လိုက်ရင် ခြေထောက်တစ်ဖက်နဲ့ တူတယ်လို့ ကျွန်မ အမြဲခံစားရတယ်။ လူတစ်ယောက်က ပက်လက်လှန်အိပ်နေပြီး ခြေထောက်ကို မြှောက်ထားသလိုမျိုးပဲ၊ တောင်ထိပ်မှာ ခြေချောင်းလေးတွေကိုတောင် အထင်အရှား ခွဲခြားလို့ရတယ်။ တကယ်ကို တူတာ။ ဘာဖြစ်လို့လဲ၊ တစ်ခုခု လျှို့ဝှက်ချက် ရှိလို့လား။ အဲဒါက တကယ်ပဲ ခြေထောက်ကြီးလား"

ထင်သည့်အတိုင်းပင်။

ထိုဘက်မှာလည်း ဧရာမလူသားကြီး၏ ခန္ဓာကိုယ် အစိတ်အပိုင်းတွေ ရှိနေတာပဲ။

သူတို့ရဲ့ ထူးခြားတဲ့ စွမ်းရည်တွေဟာ ဧရာမလူသားကြီးရဲ့ ခန္ဓာကိုယ်ကြောင့် လွှမ်းမိုးခံရတာ ဖြစ်နိုင်၏။

ဒီစွမ်းရည်တွေကို ဧရာမလူသားကြီးက ပေးသနားခဲ့တာလား။

ဖြစ်နိုင်ခြေတော့ နည်းပါသည်၊ အကြောင်းမှာ ဧရာမလူသားကြီး ချန်ထားခဲ့သော သတင်းစကားအရ ၎င်း၏ စွမ်းအားများသည် စွမ်းအင်အမြုတေ အတွင်း၌သာ တည်ရှိသောကြောင့် ဖြစ်၏။

ဤကိစ္စနှင့် ပတ်သက်၍ သွေးရောင်မျိုးနွယ်စုနှင့် ဧရာမလူသားကြီးများအပြင်၊ တတိယအင်အားစု တစ်ခုရှိနေပုံရသည်။

၎င်းမှာ ဧရာမလူသားကြီး သေခါနီးအချိန်တွင် နားထဲ၌ ကြားလိုက်ရသောအခြားကမ္ဘာမှ ခရီးသွားများ ရောက်လာပြီး ဤကမ္ဘာကို ကယ်တင်လိမ့်မည်ဟု ပြောခဲ့သည့် အသံပင် ဖြစ်သည်။

ထိုအသံက ဘာများပါလိမ့်။

မည်သို့ပင်ဆိုစေကာမူ သူတို့၏ ထူးခြားသော စွမ်းရည်များသည် ဧရာမလူသားကြီး၏ ခန္ဓာကိုယ်နှင့် တစ်နည်းနည်းဖြင့် ဆက်စပ်နေမည်မှာ သေချာပါသည်။

ဧရာမလူသားကြီး၏ ခန္ဓာကိုယ် အစိတ်အပိုင်းအားလုံးကို စုစည်းနိုင်လျှင်၊ ဤကမ္ဘာကြီးကို အမှန်တကယ် တန်ပြန် တိုက်ခိုက်နိုင်ပေလိမ့်မည်။

ဧရာမလူသားကြီးနှင့် ပတ်သက်၍ ရွှီရှင်းနှင့် ကျိချောင်းယန်တို့သည် အခြားသူများကို မပြောပြရသေးသော်လည်း၊ ယခုအချိန်မှာတော့ အမှန်အတိုင်း ဖွင့်ဟရမည့် အချိန်ရောက်ပြီဟု ယူဆမိသည်။

သို့သော် ထိုသို့မလုပ်မီ တစ်ဦးနှင့်တစ်ဦး၏ စွမ်းရည်များကို အရင် နားလည်ထားရန် လိုအပ်ပေသည်။

ရွှီရှင်း : "ကျိချောင်းယန်နဲ့ ငါကတော့ သိပြီးသားပါ။ နင်တို့အားလုံး ကိုယ့်စွမ်းရည်တွေကို ပြောပြပြီးရင် ငါတို့လည်း အမှန်တရားကို ပြောပြမယ်"

ဝမ်ကွေ့ရှင်း : "ဘာလို့ တခြားသူတွေရဲ့ စွမ်းရည်တွေကို အဲဒီလောက်တောင် သိချင်နေရတာလဲ..."

ချီရွှယ်ဖေး : "ငါပဲ အရင်စပြောပါ့မယ်၊ ငါ့ရဲ့ စွမ်းရည်ကတော့..."

ချီရွှယ်ဖေးသည် သူမ၏ စွမ်းရည်ကို အုပ်စုထဲတွင် ဖွင့်ပြောလိုက်သည်။

သူမ၏ ဆေးဘုရင် စွမ်းရည်မှာ လူတိုင်း ခန့်မှန်းထားကြပြီးသား ဖြစ်သဖြင့် တစ်ဖက်နယ်မြေက လူများအတွက်လည်း အထူးအဆန်း မဖြစ်လှပါပေ။

ဝမ်ကွေ့ရှင်း : "ဖေးအစ်မရဲ့ စွမ်းရည်က ကျွန်မ ထင်ထားတဲ့အတိုင်းပါပဲ။ ဒဏ်ရာအားလုံးကို ကုသပေးနိုင်တဲ့ ဆေးလုံးပေါ့။ ဖေးအစ်မသာ ရှိနေရင် ကျွန်မတို့ သေဖို့တောင် ခက်သွားဦးမယ်"

"ဒါဆိုရင်တော့ ကျွန်မအလှည့်ပဲ"

လီဝမ်ရှီးက ရှေ့ထွက်၍ သူမ၏ စွမ်းရည်ကို တစ်ဖက်နယ်မြေသို့ ရှင်းပြလိုက်သည်။

"ကျွန်မရဲ့ စွမ်းရည်ကတော့..."

လီဝမ်ရှီး၏ သတ္တုတွင်းမုဆိုး စွမ်းရည်က တစ်ဖက်နယ်မြေရှိ လူများကို ချက်ချင်း မှင်သက်သွားစေသည်။

ချင်ယွမ်လုံ : "အဆတစ်ရာ အထွက်နှုန်း။ အရင်က တစ်ခါပြောတုန်းက နောက်နေတာလို့ ထင်ခဲ့တာ၊ တကယ်ပဲ အရင်းအမြစ်တွေကို အဆတစ်ရာအထိ ရနိုင်တာလား"

လီဝမ်ရှီး : "ဟိဟိ၊ ငါက ဘယ်တော့မှ မလိမ်ဘူးနော်"

ဝမ်လေ့ : "ခင်ဗျားတို့ရဲ့ စွမ်းရည်တွေက တကယ့်ကို အံ့သြစရာပဲ။ ရုတ်တရက်ကြီး ငါက အားအနည်းဆုံးလို့ ခံစားလိုက်ရတယ်။ ရှင်းအစ်ကိုကြီးနဲ့ ချောင်းယန်အစ်ကိုကြီးတို့ရဲ့ စွမ်းရည်ကိုတော့ တကယ် သိချင်နေပြီ"

ကျောက်ရှောင်ချွမ်း : "ရှင်းအစ်ကိုကြီးနဲ့ ချောင်းယန်အစ်ကိုကြီးတို့ကတော့ နောက်ဆုံးမှ ပြောရမှာပေါ့။ သူတို့ အရင်ပြောလိုက်ရင် ကျွန်တော်တို့ ပြောဖို့ ဘယ်အားရှိတော့မှာလဲ။ ကျွန်တော် အရင်ပြောမယ်ဗျာ။ ကျွန်တော့်စွမ်းရည် နာမည်က ဖုံးကွယ်သူ တဲ့"

နောက်ထပ် အသက်မွေးဝမ်းကျောင်းပုံစံ စွမ်းရည်တစ်ခုပေါ့။

ကျောက်ရှောင်ချွမ်း၏ ရှင်းပြချက်အရ သူ၏စွမ်းရည်မှာ စူးစမ်းရှာဖွေသူ အဖွဲ့ဝင်များ၏ ရှေ့တွင် ပေါ်လွင်လာခဲ့သည်။

ဖုံးကွယ်သူ]ဆိုသည့် နာမည်အတိုင်းပင် မိမိ၏ တည်ရှိမှုကို ဖျောက်ကွယ်ထားသူ ဖြစ်သည်။

ကျောက်ရှောင်ချွမ်း၏ စွမ်းရည်မှာ ရိုးရှင်းပါသည်။

၎င်းမှာ ဖုံးကွယ်ခြင်း ပင် ဖြစ်၏။ သူသည် မိမိကိုယ်ကို တည်ရှိမှု အာရုံခံစားချက် လုံးဝ မရှိတော့အောင် ပြုလုပ်နိုင်သည်။

သူသည် ပတ်ဝန်းကျင်ရှိ ဗီဇပြောင်းသတ္တဝါများ အပါအဝင် သက်ရှိအားလုံးက သူ့အား လမ်းဘေးက ကျောက်တုံးတစ်တုံးကဲ့သို့ မှတ်ယူသွားအောင် ပြုလုပ်နိုင်ပြီး သူရှိနေသည်ကို လုံးဝ သတိမထားမိစေရန် လုပ်ဆောင်နိုင်ခြင်း ဖြစ်၏။

"...ငါတို့ ရှင်ကျန်သူတွေတောင် မင်းကို အာရုံမခံနိုင်ဘူးလား" ဟု ရွှီရှင်းက အသေအချာ မေးလိုက်သည်။

"သေချာတာပေါ့။ ဒီစွမ်းရည်ကြောင့်ပဲ ကျွန်တော် နယ်မြေ ၁၈၉ ထဲက သစ်ပင်အိမ်တွေနားကို အလွယ်တကူ ကပ်သွားနိုင်ပြီး ကျွန်တော့်နောက်လိုက်တွေကို ဖျောင်းဖျနိုင်ခဲ့တာလေ"

လီဝမ်ရှီး : "ဝါး... ဒါဆိုရင် လူသတ်ဖို့ဆိုရင် အရမ်းလွယ်တာပေါ့။ ဒီအတိုင်း လျှောက်သွားပြီး သတ်လိုက်ရုံပဲလေ"

ဒါဟာ ရွှီရှင်း တွေးနေတဲ့ အချက်လည်း ဖြစ်သည်။

ဒီလို စွမ်းရည်မျိုးနှင့်ဆိုလျှင် လူသတ်ရန်မှာ အလွန်ပင် လွယ်ကူလှပေသည်။

ဒါဟာ ထိပ်တန်း လူသတ်သမား တစ်ယောက်ရဲ့ အဆင့်အတန်းမျိုးပင်။

သို့သော်လည်း ကျောက်ရှောင်ချွမ်းက ဆက်ပြောပြသည်။

"ဖုံးကွယ်တာအပြင် ဒီစွမ်းရည်က ကျွန်တော့်ကို အရမ်းမြန်တဲ့ ပြေးနှုန်းကိုလည်း ပေးတယ်။ အခုဆိုရင် ကျွန်တော် ပြေးတဲ့အရှိန်က သာမန်ကားတစ်စီးလောက် မြန်နေပြီ။ အစောပိုင်းက တောဆီးသီးတွေကို စားထားမယ်ဆိုရင် ငါးမိနစ်၊ ခြောက်မိနစ်လောက်အထိ အရှိန်ထိန်းထားဖို့က ပြဿနာမရှိဘူး။ ဒါပေမဲ့..."

သူသည် သူ၏စွမ်းရည်၏ အားနည်းချက်ကိုလည်း ပြောပြခဲ့သည်။

"ကျွန်တော် အရှိန်အရမ်းမြန်သွားရင်တော့ ဖုံးကွယ်တဲ့ စွမ်းရည်က ပျက်သွားတတ်တယ်။ တည်ရှိမှုကို ဖျောက်ဖို့ဆိုရင် ဖြည်းဖြည်းချင်းပဲ လမ်းလျှောက်လို့ ရတယ်။ ပြီးတော့ တစ်စုံတစ်ယောက်ကို သွားထိမိရင်လည်း သူတို့က ကျွန်တော့်ကို ချက်ချင်း အာရုံခံမိသွားလိမ့်မယ်"

ဒါတောင်မှ တကယ့်ကို အစွမ်းထက်နေပါသေးသည်။

ဖြည်းဖြည်းချင်း လမ်းလျှောက်ရုံနှင့် တည်ရှိမှုကို ဖျောက်နိုင်သလို ပြဿနာတက်လာလျှင်လည်း လျင်မြန်စွာ လှုပ်ရှားနိုင်သည် မဟုတ်ပါလား။

ဒါဟာ လူသတ်သမားတွေနဲ့ စပိုင်တွေအတွက် အသင့်တော်ဆုံး စွမ်းရည်ပင် ဖြစ်နေ၏။

အခန်း ၃၆၅ ပြီး။

အပိုင်း (၃၆၆) - ဖုံးကွယ်သူနှင့် စစ်သည်တော် ၂

ဝမ်လေ့ : "...မင်းရဲ့စွမ်းရည်ကတော့ လုံးဝသွားမနောက်သင့်တဲ့ အမျိုးအစားပဲ။ ဒါဟာ တကယ့်ကို ချောင်းမြောင်းတိုက်ခိုက်ရေး ကျွမ်းကျင်မှုပဲဗျာ"

ချင်ယွမ်လုံ : "မနေ့က မင်းအိမ်ကို ဘယ်လိုများ ဒီလောက်မြန်မြန် ပြန်ရောက်သွားတာလဲလို့ ငါစဉ်းစားနေတာ၊ တကယ်တော့ မင်းမှာ ကားတစ်စီးလို ပြေးနိုင်တဲ့ အရှိန်ရှိနေတာကိုး"

ကျောက်ရှောင်ချွမ်း : "တကယ်တော့ ကျွန်တော်လည်း အသားမကျသေးပါဘူး။ သစ်ပင်တွေမရှိတဲ့ ချောင်းဘေးတစ်လျှောက်ပဲ ပြေးလို့ရတာ၊ မဟုတ်ရင် သစ်ပင်တွေကို ဝင်တိုက်မိမှာ..."

ကျိချောင်းယန်ကလည်း ဝင်မေးလိုက်သည်။

"မင်းရော တစ်ခုခု ဖန်တီးလို့ရသလား။ ဥပမာ - မင်းတစ်ယောက်တည်းပဲ လုပ်နိုင်တဲ့ ကိရိယာ ဒါမှမဟုတ် ပစ္စည်းမျိုးပေါ့"

ရွှီရှင်းလည်း ဒါကိုပဲ မေးချင်နေခြင်း ဖြစ်သည်။

သူ၊ ချီရွှယ်ဖေးနှင့် လီဝမ်ရှီးတို့အားလုံးတွင် ကိုယ်ပိုင်သီးသန့် ဖန်တီးနိုင်သော ပစ္စည်းများ ရှိကြသည်။

ကျိချောင်းယန်က သူတို့ကို ထုတ်မပြောသေးသော်လည်း သူ့မှာလည်း သေချာပေါက် ရှိပေလိမ့်မည်။

သူ၏ နိမိတ်ဖတ်ခန်းမ ဆိုသည်မှာ အခန်းအလွတ်ကြီးတော့ ဖြစ်မနေနိုင်ပါပေ။

ထို့ကြောင့် ထူးခြားသောစွမ်းရည်ရှိသူတိုင်းသည် တစ်ခုခုကို ထူးထူးခြားခြား ဖန်တီးနိုင်စွမ်းရှိသည်ဟု သူ ယူဆထားခြင်း ဖြစ်၏။

"ဟုတ်ကဲ့၊ ရပါတယ်။ လောလောဆယ်တော့ တစ်ခုပဲ လုပ်လို့ရသေးတယ်၊ အဲဒါက ကိုယ်ပျောက်ဝတ်ရုံ ပါ"

နာမည်ကို ကြားလိုက်ရုံနှင့်ပင် ၎င်းဘာလုပ်နိုင်သည်ကို ရွှီရှင်း သိလိုက်ပြီ ဖြစ်သည်။

ကျောက်ရှောင်ချွမ်းက ကိုယ်ပျောက်ဝတ်ရုံ၏ ဖော်ပြချက်ကို ချက်ချင်း ပို့ပေးလာ၏။

[ကိုယ်ပျောက်ဝတ်ရုံ (ခရမ်းရောင်အဆင့်): မိမိ၏ တည်ရှိမှုကို ဖုံးကွယ်ပေးနိုင်သော ဝတ်ရုံဖြစ်သည်။ ဝတ်ဆင်ထားစဉ်အတွင်း ရှင်ကျန်သူသည် ငြိမ်သက်စွာ နေထိုင်ပါက ရန်သူယူနစ်များက သူ့အား လမ်းဘေးက ကျောက်တုံးတစ်တုံးကဲ့သို့ မှတ်ယူကာ လျစ်လျူရှုသွားပါလိမ့်မည်။ သားရဲသားရေ (ခရမ်းရောင်အဆင့်) ၁ခု လိုအပ်သည်။]

ဝါး... ကျောက်ရုပ်လုပ်တမ်း ကစားနေသလိုပဲ။

ငြိမ်ငြိမ်လေးနေရင် ဘယ်သူမှ မမြင်ရဘူးပေါ့။

သို့သော် ဤဝတ်ရုံအတွက် အနည်းဆုံး ခရမ်းရောင်အဆင့် (ခရမ်းရောင်အဆင့်) သားရဲသားရေ လိုအပ်ပေသည်။

သားရဲသားရေဆိုသည်မှာ အခြေခံကုန်ကြမ်း မဟုတ်ပါပေ။

၎င်းကို သစ်ပင်အိမ်အူတိုင်ဖြင့် အဆင့်မြှင့်၍မရဘဲ သားရဲအသေကောင်များကို အရေခွံခွာခြင်းဖြင့်သာ ရရှိနိုင်ခြင်း ဖြစ်သည်။

၎င်းအတွက် ခရမ်းရောင်အဆင့် အရေခွံခွာဓား လိုအပ်ပြီး မဟုတ်ပါက ခရမ်းရောင်အဆင့် သားရေကို ရရှိရန် မဖြစ်နိုင်ပါပေ။

ပြီးခဲ့သည့်အကြိမ်က ရွှီရှင်းသည် အလယ်အလတ်အဆင့် ဗီဇပြောင်း အသားစားငါး အသေကောင် ဒါဇင်ဝက်ခန့်ကို ခရမ်းရောင်အဆင့်ဓားဖြင့် ခွာခဲ့သော်လည်း နောက်ဆုံးတွင် ခရမ်းရောင်သားရေ တစ်ခုတည်းသာ ရရှိခဲ့သည်။

ရရှိနိုင်ခြေမှာ အလွန်ပင် နည်းပါးလှ၏။

ထိုသားရေကို သူသည် လက်ရှိသယ်ထားသော၊ အလေးချိန်ကို ၂ ရာခိုင်နှုန်းအထိ လျှော့ချပေးသည့် ခရမ်းရောင်အဆင့် ကျောပိုးအိတ် ပြုလုပ်ရာတွင် သုံးစွဲခဲ့ခြင်း ဖြစ်သည်။

ကိုယ်ပျောက်ဝတ်ရုံတစ်ခုအတွက်လည်း ခရမ်းရောင်သားရေ တစ်ခု လိုအပ်ပေသည်။

၎င်း၏ အစွမ်းထက်လှသော လုပ်ဆောင်ချက်ကို ကြည့်လျှင် ခရမ်းရောင်အဆင့်ဖြစ်မှသာ သဘာဝကျပေလိမ့်မည်။

"တွေ့တဲ့အတိုင်းပါပဲ၊ ကျွန်တော်က ခင်ဗျားတို့အတွက် မလုပ်ပေးချင်တာ မဟုတ်ပါဘူး၊ ဒီခရမ်းရောင်သားရေက..."

ကျောက်ရှောင်ချွမ်းမှာ ဘာမှမတတ်နိုင်ပုံရသည်။

"ဒီဖန်တီးမှု ပုံစံငယ်ကို ကျွန်တော် ပထမဆုံး မြင်တုန်းက ဘယ်လောက် စိတ်ပျက်သွားလဲဆိုတာ စဉ်းစားကြည့်ကြပါဦး။ ကျွန်တော့်ဆီမှာ အစိမ်းရောင်အဆင့် သားရေတောင် မရှိသေးခင်မှာ သူက ခရမ်းရောင်သားရေကို တောင်းနေတာလေ။ ဒါက တကယ့်ကို အဓိပ္ပာယ်မရှိတာပါ။ ပြီးတော့ ဒီပစ္စည်းက ကျွန်တော့်အတွက် အသုံးမဝင်ဘူး၊ အစကတည်းက တခြားလူတွေအတွက် လုပ်ပေးဖို့ ရည်ရွယ်ထားတာ ဖြစ်ရမယ်။ ခုနက ခင်ဗျားတို့ မပြောရင် ကျွန်တော်တောင် မေ့နေပြီ"

မှန်ပေသည်။ ကျောက်ရှောင်ချွမ်း ပြောပြချက်အရ သူသည် ငြိမ်သက်နေရုံတင်မကဘဲ ဖြည်းဖြည်းချင်း လမ်းလျှောက်လျှင်ပင် တည်ရှိမှုကို ဖျောက်နိုင်သည်ဖြစ်ရာ၊ ဤဝတ်ရုံမှာ သူ့အတွက် အဓိပ္ပာယ်မရှိလှပါပေ။

သို့သော် ရွှီရှင်းနှင့် အခြားသူများအတွက်မူ ဤအရာသည် အရေးကြီးသော အခြေအနေများတွင် အသက်ကယ်ပစ္စည်း ဖြစ်လာနိုင်သည်မှာ သေချာပါသည်။

အထူးသဖြင့် တိုက်ခိုက်ရေးစွမ်းအား မရှိသည့် လီဝမ်ရှီးနှင့် ချီရွှယ်ဖေးတို့ကဲ့သို့ အထောက်အကူပြု အဖွဲ့ဝင်များအတွက်ဆိုလျှင် အန္တရာယ်နှင့် ကြုံတွေ့ရချိန်၌ ငြိမ်ငြိမ်လေး နေလိုက်ရုံဖြင့် အသက်ဘေးမှ လွတ်မြောက်နိုင်စေမည့် ရတနာပင် ဖြစ်၏။

ကုန်ကြမ်းတွေကသာ တကယ့်ကို အဖိုးတန်လွန်းနေခြင်း ဖြစ်သည်။

"ဒါကတော့ ကျွန်တော့်ရဲ့ စွမ်းရည်တွေပါပဲ။ ဖေးအစ်မနဲ့ အလှလေး ဝမ်ရှီးတို့ရဲ့ စွမ်းရည်တွေနဲ့ ယှဉ်ရင်တော့ ကျွန်တော့်စွမ်းရည်က ခင်ဗျားတို့ကို သိပ်ပြီး ကူညီနိုင်မှာ မဟုတ်ဘူး ထင်တယ်..."

ကျိချောင်းယန် : "မဟုတ်ဘူး၊ မင်းရဲ့စွမ်းရည်က မဟာဗျူဟာမြောက်ပါတယ်။ ဝတ်ရုံမပါရင်တောင် မင်းမှာ ဒီစွမ်းရည်ရှိနေတာက ငါတို့ရဲ့ အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် တကယ့်ကို ကြီးမားတဲ့ အဓိပ္ပာယ် ရှိပါတယ်"

အမှန်ပင်။ ရန်သူ့တပ်သား သန်းပေါင်းများစွာထဲမှနေ၍ ရန်သူ့ခေါင်းဆောင်ကို ဖြတ်ယူနိုင်မည့် စွမ်းရည်မျိုးပင် ဖြစ်သည်။

"ကဲ ကျွန်တော် ပြီးပါပြီ။ ဝမ်လေ့၊ မင်းအလှည့်ပဲ။ မင်းရဲ့ စွမ်းရည်က ဘာလဲ"

ကျောက်ရှောင်ချွမ်းနှင့် ဝမ်လေ့မှာ ရင်းနှီးကြသော်လည်း တစ်ဦးနှင့်တစ်ဦး၏ စွမ်းရည်ကို မသိကြပါပေ။

"ပြီးခဲ့တဲ့ ခုခံကာကွယ်ရေး တိုက်ပွဲတုန်းက မင်းမှာ အပြာရောင်အဆင့် သံချပ်ကာအစုံရှိလို့ နွယ်ပင်တံတိုင်းကို သေချာပေါက် ထိုးဖောက်နိုင်တယ်လို့ ပြောခဲ့လို့ ငါတို့ မင်းကို အခွင့်အရေး ပေးခဲ့တာလေ"

ချင်ယွမ်လုံ : "အခု ပြန်တွေးကြည့်ရင် ငါတောင် နည်းနည်း နောင်တရမိတယ်။အပင်နှလုံးသားလေ"

ဝမ်လေ့ : "ဟားဟား၊ အပင်နှလုံးသားကတော့ တကယ့် ရတနာပဲဗျာ။ ကျွန်တော် တကယ့်ကို ကံကောင်းသွားတာ"

ဝမ်ကွေ့ရှင်း : "မြန်မြန်ပြော၊ နင့်ရဲ့စွမ်းရည်ကို ငါလည်း သိချင်နေပြီ"

ဝမ်လေ့ : "ကောင်းပါပြီ၊ ကောင်းပါပြီ။ ကျွန်တော့်စွမ်းရည် နာမည်က ခွန်အားဗလတဲ့။ နာမည်ကို ကြားတာနဲ့တင် ဘာလဲဆိုတာ ခန့်မှန်းလို့ ရတယ် မဟုတ်လား"

ခွန်အားဗလ ဆိုသည့် မူလအဓိပ္ပာယ်မှာ ကြီးမားသော ခွန်အားရှိသူ သို့မဟုတ် ရှေးဟောင်းအရာရှိဘွဲ့ တစ်ခုလည်း ဖြစ်ပြီး၊ ဧကရာဇ်မင်းများ ထွက်တော်မူရာတွင် လိုက်ပါရသည့် အစွမ်းထက်စစ်သည်တော်များ (ဥပမာ- ထန်ရွှမ်ကျုံးဘေးက ကောင်းလိရှီ ကဲ့သို့သောသူများ) ကို ဆိုလိုခြင်းလည်း ဖြစ်သည်။

ရွှီရှင်း : "အရမ်း သန်မာတာလား"

ဝမ်လေ့ : "ရှင်းအစ်ကိုကြီး ပြောတာ မှန်တယ်။ တကယ့်ကို ထူးကဲတဲ့ ခွန်အား ပဲ"

ဝမ်ကွေ့ရှင်း: "အခု ငါလည်း ခွန်အားတွေ အများကြီး ရှိနေတာပဲ၊ နင်က ငါ့ထက် တကယ် သန်မာလို့လား"

ဝမ်လေ့ : "ဟားဟား၊ တိုက်ခိုက်ရေးစွမ်းရည်မှာဆိုရင်တော့ ငါ နင့်ကို မယှဉ်နိုင်တာ သေချာပါတယ်။ ဒါပေမဲ့ ခွန်အားချင်း သက်သက်ပဲ ယှဉ်မယ်ဆိုရင်တော့ နင် ထမရအောင် ငါ ဖိထားနိုင်တယ်"

ဝမ်ကွေ့ရှင်း : "ဝိုး... ဒီလောက်တောင် လူပါးဝတာလား။ ငါက သစ်ပင်တစ်ပင်ကို ခြေတစ်ချက်တည်းနဲ့ ကန်လှဲနိုင်တယ်နော်"

ဝမ်လေ့ : "သစ်ပင်တစ်ပင်တည်းလား ဟားဟား"

ဝမ်ကွေ့ရှင်း : "ဘာရယ်တာလဲ။ မြန်မြန်ပြောစမ်း၊ နင့်ရဲ့စွမ်းရည် အသေးစိတ်ကို"

ဝမ်လေ့က သူ၏စွမ်းရည်အကြောင်းကို စတင်ဖော်ပြတော့သည်။

သူ၏ ခွန်အားမှာ သာမန်လူသားတစ်ယောက် ခံနိုင်ရည်ရှိသည်ထက် များစွာ ကျော်လွန်နေပေသည်။

အကယ်၍ ထိုစွမ်းအားကို ဖော်ပြရမည်ဆိုလျှင် တောင်တွေကို မနိုင်ပြီး ကမ္ဘာကြီးကို လွှမ်းမိုးနိုင်လောက်သည့် စွမ်းအားမျိုးပင် ဖြစ်၏။

သူသည် မိမိ၏ ကိုယ်အလေးချိန်ထက် အဆ ၅၀၀ ရှိသော အရာဝတ္ထုများကို မနိုင်ပေသည်။

ကျောက်ရှောင်ချွမ်း : "အိုးရှစ်"

ချင်ယွမ်လုံ : "အဆ ၅၀၀ တောင်လား။အဆတစ်ရာ အထွက်နှုန်းထက်တောင် ပိုပြီး အံ့သြစရာ ကောင်းနေပါလား။ မင်း သံချပ်ကာဝတ်ပြီး နွယ်ပင်တွေကို သေချာပေါက် ထိုးဖောက်နိုင်တယ်လို့ ပြောတာ မဆန်းတော့ပါဘူး။ ဒီလောက် ခွန်အားမျိုးနဲ့ဆိုရင် ဘယ်သူက မင်းကို တားနိုင်မှာလဲ"

အခန်း ၃၆၆ ပြီး။

All Chapters