← Chapters

အခန်း (၃၆၇-၃၆၉)

Vol. 25 Ch. 367-369

အခန်း (၃၆၇-၃၆၉)

Vol. 25 Ch. 367-369

အပိုင်း (၃၆၇) - ဖုံးကွယ်သူနှင့် စစ်သည်တော် (၃)

လီဝမ်ရှီး : "နင့်ကိုယ်အလေးချိန်က ဘယ်လောက်လဲ။ ကီလို ၁၀၀ လား။ အဲဒါကို အဆ ၅၀၀ နဲ့ မြှောက်ရင်... ကီလိုဂရမ် ငါးသောင်းလား။ တန် ၅၀ တောင်လား"

ချီရွှယ်ဖေး: "တန် ၅၀ ဝန်တင်နိုင်တယ်ဆိုတော့... နင်က တကယ့် လူသားကုန်တင်ကားကြီးပဲ"

ချင်ယွမ်ဟု : "ခုနကတင် သူတို့စွမ်းရည်တွေက လွန်လွန်းတယ်လို့ ပြောရက်တယ်၊ တကယ်တော့ မင်းက အဆိုးဆုံးပဲ မဟုတ်လား"

ဝမ်ကွေ့ရှင်း : "...ဒါက လူသားတစ်ယောက် ပိုင်ဆိုင်နိုင်တဲ့ ခွန်အားမျိုးလား..."

ရွှီရှင်းလည်း မှင်သက်သွားရသည်၊ ဒါက ဘယ်လိုမျိုး မိစ္ဆာခွန်အားကြီးလဲ။

တိရစ္ဆာန်လောကမှာ ခန္ဓာကိုယ်အချိုးအစားအလိုက် အသန်မာဆုံး သတ္တဝါတွေကို ပြောရရင် ပုရွက်ဆိတ်တွေက ထိပ်ဆုံးကပင်။

ပုရွက်ဆိတ်တွေဟာ သူတို့ကိုယ်အလေးချိန်ရဲ့ အဆ ၄၀၀ ကျော်ကို မနိုင်ကြတာကြောင့် အချိုးအစားအရဆိုရင် တကယ့် စွမ်းအားရှင်တွေ ဖြစ်ကြ၏။

ဒါပေမဲ့ အဲဒါက သူတို့ရဲ့ ခန္ဓာကိုယ် သေးငယ်လွန်းလို့ ရရှိတဲ့ အားသာချက်တစ်ခုသာ ဖြစ်၏။

လူသားတွေသာ အဲဒီလောက်အထိ သေးသွားမယ်ဆိုရင် လူတိုင်းဟာလည်း စွမ်းအားရှင်တွေ ဖြစ်လာကြမှာပါ။

ဒါပေမဲ့ ဘယ်သူက ထင်မှာလဲ။ ဝမ်လေ့ဟာ သာမန်လူသား ခန္ဓာကိုယ် အရွယ်အစားနဲ့တင် အဲဒီအချိုးအစားကို ရရှိထားရုံတင်မကဘဲ ကျော်လွန်နေတာကိုပေါ့။

ရွှီရှင်းသည် သူ၏ ခွန်အားတိုးဆေးရည်အကြောင်းကို စဉ်းစားမိလိုက်သည်။

အကယ်၍ သူ၏ ခွန်အားတိုးဆေးရည်ကို ဝမ်လေ့အား တိုက်ကျွေးမည်ဆိုပါက ထိရောက်မှု ရှိဦးမည်လား။

အကယ်၍ ဆေးရည်က ခွန်အားကို ရာခိုင်နှုန်းနှင့် မြှင့်တင်ပေးတာဆိုလျှင်တော့...။

ဝမ်လေ့ : "ဟာ ကျွန်တော်က အဲဒီလို လေးလံတဲ့ အရာတွေကိုပဲ မနိုင်တာပါ။ ကျွန်တော့်ရဲ့ လက်သီးချက်တွေ ဒါမှမဟုတ် လက်နက်ဝေ့ယမ်းတဲ့ အားက အဲဒီလောက်အထိ မပြင်းထန်ပါဘူး... တကယ်တော့ အဲဒီလောက် အားထည့်လို့ ရပေမဲ့... ကျွန်တော့်ခန္ဓာကိုယ်က မခံနိုင်ဘူးဗျ။ အကယ်၍ ကျွန်တော်ကသာ အဲဒီလောက် ခွန်အားနဲ့ တကယ်ပဲ လက်သီးနဲ့ထိုးတာ ဒါမှမဟုတ် လက်နက်ဝေ့ယမ်းတာမျိုး လုပ်လိုက်ရင်၊ တခြားအရာတွေ မပျက်စီးခင်မှာ ကျွန်တော့်ရဲ့ လက်သီးတွေနဲ့ လက်မောင်းတွေက အရင်ဆုံး ကျိုးသွားလိမ့်မယ်။ အဲဒါကြောင့် ကျွန်တော့်ခွန်အားက အရာဝတ္ထုတွေကို မ တဲ့နေရာမှာပဲ ရှိတာပါ... ကြည့်ရတာ အတော်လေး အသုံးမဝင်သလိုပဲ..."

ဝမ်ကွေ့ရှင်း : "ဘာလို့ အသုံးမဝင်ရမှာလဲ၊ တကယ်တော့ အများကြီး အသုံးဝင်တာပေါ့။ နင့်ရဲ့ခန္ဓာကိုယ် မထိခိုက်အောင် ခွန်အားကို ထိန်းညှိဖို့ပဲ လိုတာ။ လူသားတစ်ယောက်ရဲ့ အကန့်အသတ်အပြည့်နဲ့ ထိုးတဲ့ လက်သီးချက်တစ်ချက်ကို ဘယ်သူက ခံနိုင်မှာလဲ။ ဘယ်သူမှ ခံနိုင်မှာ မဟုတ်ဘူးလေ"

ဝမ်လေ့ : "အဲဒါတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ ဘယ်သူက ကျွန်တော် ထိုးတာကို ငြိမ်ခံနေမှာလဲ... ကျွန်တော်က တိုက်ကွမ်ဒိုတို့၊ ဂျူဒိုတို့၊ ထိုက်ချိတို့လည်း တတ်တာ မဟုတ်ဘူး..."

ဝမ်ကွေ့ရှင်း : "နည်းနည်းလောက် လေ့ကျင့်လိုက်ရုံပါပဲ။ တိုက်ခိုက်ရေးဆိုတာ နည်းစနစ်ထက် စွမ်းအားပေါ်မှာပဲ မူတည်တာ။ဒီကမ္ဘာမှာ စည်းမျဉ်းတွေ အများကြီး မရှိဘူး။ ဒီမှာတော့ ကိုယ်အလေးချိန် က အဓိကပဲ၊ အဲဒါက နည်းစနစ်နဲ့ မကျော်လွှားနိုင်တဲ့ ကွာဟချက်ပဲ။အရေးကြီးဆုံးကတော့ လွှတ်ပစ်လိုက်တဲ့ အုတ်ခဲတစ်ခဲကို ဘယ်နည်းစနစ်ကမှ မကာကွယ်နိုင်ဘူး။ နင်သာ အားကုန်သုံးပြီး အုတ်ခဲတစ်ခဲကို ပေါက်လိုက်မယ်ဆိုရင်..."

ဝမ်လေ့: "နင်ကတော့... တိုက်ခိုက်ရေးကို တကယ် ဝါသနာပါတာပဲ။ အဲဒါကြောင့်မို့လို့ နဂါးမကြီး ဖြစ်နေတာလား"

ဝမ်ကွေ့ရှင်း : "ဝမ်လေ့၊ နင်တော့ သေပြီသာမှတ်။ နင်ဘယ်မှာ နေလဲဆိုတာ ငါသိပြီးသား။ အခုပဲ နင်ကို လာရှင်းပစ်တော့မယ်"

ဝမ်လေ့ : "နောက်တာပါဗျာ၊ နောက်တာပါ..."

ရွှီရှင်းက ဝင်မေးလိုက်သည်။

"ပုံမှန်အားဖြင့်ဆိုရင် မင်းရဲ့ လှုပ်ရှားမှုကို မထိခိုက်စေဘဲ ဘယ်လောက်အထိ အလေးချိန်ကို သယ်ထားနိုင်လဲ"

အလေးမအားကစားသမား တစ်ယောက်ဟာ ကီလို ၂၀၀ ကို မနိုင်ပေမဲ့၊ အဲဒါကို ပုခုံးပေါ်တင်ပြီး ဘယ်နေရာမဆို လျှောက်သွားလို့ မရပါပေ။

ဝမ်လေ့ : "အင်း... ကျောပိုးအိတ်နဲ့ သယ်တာကို ပြောတာလား။ တန် နှစ်ဆယ်လောက်ဆိုရင်တော့ ဘာမှ ပြဿနာမရှိလောက်ဘူး ထင်တယ်"

တန်နှစ်ဆယ်...။

အကယ်၍ အလေးချိန်ကို အပုံ ၅၀ ပုံ ၁ ပုံအထိ လျှော့ချပေးတဲ့ ခရမ်းရောင်အဆင့် ကျောပိုးအိတ်နဲ့သာ တွဲဖက်လိုက်မယ်ဆိုရင်၊ သူဟာ တန်တစ်ထောင်ကိုတောင် သယ်နိုင်လိမ့်မည်။

တန်တစ်ထောင်..။

လူတစ်ယောက်တည်းက ကုန်တင်ကားကြီး အစီးပေါင်း ဒါဇင်အချို့နဲ့ ညီမျှနေတာပဲ။

ဒါဟာ တကယ့်ကို လွန်လွန်းလှပေ၏...။

ကျန်တဲ့လူတွေလည်း ဒီအခြေအနေကို စဉ်းစားမိပြီး မှင်သက်ကုန်ကြသည်။

ဒါဟာ တကယ်ကို အစွမ်းထက်လှပေသည်။

တန် ဆယ်ဂဏန်းကနေ ရာဂဏန်းအထိကို အလွယ်တကူ သယ်ဆောင်နိုင်ခြင်းက ဘာမှ အခက်အခဲ မရှိပါပေ။

ရွှီရှင်းအနေဖြင့် နာရီ၏ လဲလှယ်ရေးလုပ်ဆောင်ချက်ကို သုံးပြီး ပစ္စည်းတွေ လွှဲပေးနိုင်သည်ဆိုဦးတော့ မြေကြီးနှင့် အခြားကုန်ကြမ်းအချို့မှာ ထိုစနစ်ဖြင့် လွှဲပြောင်း၍ မရပါပေ။

ထို့အပြင် နာရီဖြင့် လွှဲပြောင်းနိုင်သော ပစ္စည်းပမာဏမှာလည်း အကန့်အသတ် ရှိလှသဖြင့် ဝမ်လေ့၏ စွမ်းရည်မှာ အမှန်တကယ်ပင် အလွန်အရေးပါလှ၏။

အခန်း ၃၆၇ ပြီး။

အခန်း(၃၆၈) - ဝမ်ကွေ့ရှင်း၏ စွမ်းရည်ကြောင့် အားလုံး တုန်လှုပ်သွား

ခြင်း

ကျိချောင်းယန်က မေးလိုက်သည် ။

"ဝမ်လေ့ မင်းရဲ့စွမ်းရည်မှာရော ထူးခြားတဲ့ ကိရိယာတစ်ခုခု ဖန်တီးနိုင်တာမျိုး ပါလား"

ကျောက်ရှောင်ချွမ်းမှာ တစ်ခုရှိနေသည်ဖြစ်ရာ ဝမ်လေ့မှာလည်း ရှိသင့်သည် မဟုတ်ပါလား။

"ရှိပါတယ်၊ ရှိပါတယ်။ အားလုံးကြည့်ရအောင် ကျွန်တော် ပို့ပေးလိုက်မယ်"

စက္ကန့်အနည်းငယ်အကြာတွင် ဝမ်လေ့သည် ဖန်တီးမှုပုံစံငယ်တစ်ခုကို ပေးပို့လာခဲ့၏။

[ခွန်အားထိန်းပတ်တီး(ခရမ်းရောင်အဆင့်): ခွန်အားကို ထိန်းချုပ်ရာတွင် အထောက်အကူပြုသော ပတ်တီးဖြစ်သည်။ ရှင်ကျန်သူ၏ ခွန်အားထိန်းချုပ်မှုအဆင့်ကို မြှင့်တင်ပေးပြီး မိမိ၏စွမ်းအားကို အပြည့်အဝ ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးချနိုင်စေသည်။ သားရဲသားရေ (ခရမ်းရောင်အဆင့်) ၁ခု လိုအပ်သည်။]

နောက်ထပ် ခရမ်းရောင်အဆင့် ပုံစံငယ်တစ်ခုပေါ့။

" ကျွန်တော်လည်း အဲဒီတုန်းက ကျောက်ရှောင်ချွမ်း ခံစားရသလိုပါပဲ။ ခရမ်းရောင်အဆင့် သားရေဆိုတာက တကယ့်ကို အဓိပ္ပာယ်မရှိသလိုပဲ၊ ပြီးတော့ ဒီစွမ်းရည်က ကြည့်ရတာ သာမန်ကာလျှံကာပဲ မဟုတ်လား"

ဝမ်လေ့က ညည်းညူစွာ ဆိုသည်။

ခွန်အားထိန်းချုပ်မှုအဆင့်ကို မြှင့်တင်ပေးတယ်ဆိုတာက လုံးဝကို သာမန်မဟုတ်ပေ။

လူအများစုဟာ မိမိကိုယ်ပိုင်ခွန်အားကို ထိန်းချုပ်ရာမှာ အားနည်းကြတယ်ဆိုတာ သိထားရပေမည်။

အကယ်၍သာ မိမိရဲ့စွမ်းအားကို အပြည့်အဝ ထိန်းချုပ်နိုင်မယ်ဆိုရင် ခန္ဓာကိုယ်ရဲ့ စွမ်းဆောင်ရည်အားလုံးဟာ သိသိသာသာ မြင့်တက်လာမှာဖြစ်ပြီး ခွန်အားသက်သက် တိုးလာတာထက် အဆပေါင်းများစွာ ပိုပြီး အစွမ်းထက်မှာ ဖြစ်သည်။

ဝမ်လေ့ : "ဒါကတော့ ကျွန်တော့်ရဲ့ စွမ်းရည်တွေပါပဲ။ တခြားမေးစရာ ရှိသေးလား"

ကျောက်ရှောင်ချွမ်းနဲ့ ဝမ်လေ့ ဒီနှစ်ယောက်စလုံးဟာ အမြဲတမ်း လူမသိအောင် နေထိုင်ခဲ့ကြသူတွေပါ။

ရွှီရှင်းကိုယ်တိုင်တောင် သူတို့မှာ စွမ်းရည်ရှိရဲ့လားလို့ တစ်ခါတစ်ရံ သံသယဝင်ခဲ့မိသည်အထိ သူတို့ရဲ့ စွမ်းရည်တွေက အားလုံးကို အံ့အားသင့်စေခဲ့ပါတယ်။

ထိုအချိန်မှာပင် ကျိချောင်းယန်က စကားပြောလာသည်။

"နောက်တစ်ယောက်အနေနဲ့ ငါပြောမယ်၊ ငါ့ရဲ့စွမ်းရည်အကြောင်းကို..."

ချင်ယွမ်လုံ : "နေဦးဗျ၊ ကျွန်တော် အရင်ပြောပါရစေ။ ခင်ဗျားနဲ့ ရွှီရှင်းတို့ ပြောပြီးမှ ပြောရတာက ကျွန်တော့်အတွက် အမြဲတမ်း အားနာစရာ ဖြစ်နေလို့ပါ"

ချင်ယွမ်ဟု : "ကျွန်တော့်စွမ်းရည်ကလည်း အခြေခံအားဖြင့် အစ်ကို့ရဲ့ စွမ်းရည်နဲ့ အတူတူပါပဲ"

ချင်ယွမ်လုံက သူ၏စွမ်းရည်ကို စတင်၍ ရှင်းပြတော့သည်။

"ကျွန်တော့်စွမ်းရည် နာမည်က ပင်လယ်ဘုရင်တဲ့၊ ကျွန်တော့်ညီလည်း အတူတူပါပဲ"

ဝမ်ကွေ့ရှင်း : "နင်တို့ စွမ်းရည်နာမည်ကလည်း..."

လီဝမ်ရှီး: "ဖူးးး"

ဒီနာမည်ကတော့ ကြားရတာ တကယ်ကို အားကောင်းမယ့်ပုံပင်။

ရွှီရှင်း သံသယဝင်ခဲ့သည့်အတိုင်းပင် သူတို့၏ စွမ်းရည်များသည် ရေနှင့် ရေငုပ်ခြင်းတို့နှင့် သက်ဆိုင်နေပေသည်။

ပထမဦးဆုံးအနေဖြင့် သူတို့သည် ရွှီရှင်း၏ ခရမ်းရောင်အဆင့် မြွေကြေးခွံချပ်ဝတ်က ပေးစွမ်းနိုင်သော ရေအောက်တွင် လွတ်လပ်စွာ လှုပ်ရှားနိုင်စွမ်း ကို မွေးရာပါ စွမ်းရည်အနေဖြင့် ရရှိထားကြသည်။

ထို့အပြင် သူတို့က ပို၍ပင် အစွမ်းထက်ပုံရ၏။

သူတို့၏ ရေအောက် ကူးခတ်မှုအရှိန်မှာ မယုံနိုင်လောက်အောင် မြန်ဆန်လှပေသည်။

သူတို့ပြောပြချက်အရ ရေအောက်တွင် တစ်နာရီလျှင် ကီလိုမီတာ ခုနစ်ဆယ်၊ ရှစ်ဆယ်အထိ မြန်နိုင်သည်ဟု ဆို၏။

ကီလိုမီတာ ရှစ်ဆယ်။

ဒါဟာ ကုန်းပေါ်က ငွေရောင်ဘုရင်ရဲ့ အရှိန်နဲ့တောင် သွားတူနေပြီ မဟုတ်ပါလား။

ကျောက်ရှောင်ချွမ်း : "တကယ့်ကို အထင်ကြီးစရာပဲ အစ်ကိုရာ။ အားတဲ့အခါကျရင် အရှိန်ချင်း ယှဉ်ပြိုင်ကြတာပေါ့၊ အစ်ကိုက ရေထဲကနေ၊ ကျွန်တော်က ကုန်းပေါ်ကနေ"

လီဝမ်ရှီး : "အဲဒါကို ဘယ်လိုများ ယှဉ်မှာလဲ"

ကျောက်ရှောင်ချွမ်း : "ကျွန်တော်က မြစ်ကမ်းဘေးကနေ ပြေးမယ်၊ သူက မြစ်ထဲကနေ ကူးမယ်လေ"

ဒီတောအုပ်ကြီးထဲမှာ မြစ်ချောင်းတွေက အများကြီးရှိနေတယ်ဆိုတာ သူတို့ စူးစမ်းရှာဖွေထားတဲ့ မြေပုံအရ သိသာလှ၏။

မြေပုံပေါ်မှာ ကျိချောင်းယန်၊ လုဖေးအာနဲ့ ရွှီရှင်းတို့ရဲ့ သစ်ပင်အိမ်တွေဟာ ချောင်းငယ်လေးတစ်ခုနဲ့ ချိတ်ဆက်ထားသလို၊ လီဝမ်ရှီးရဲ့ သစ်ပင်အိမ်ဘေးမှာလည်း မြောက်ကနေ တောင်ကို စီးဆင်းနေတဲ့ ချောင်းတစ်ခု ရှိ၏။

ချီရွှယ်ဖေးရဲ့ သစ်ပင်အိမ်ဘေးမှာတော့ မြေပုံပေါ်က ချောင်းငယ်တွေထက် ပိုကြီးတဲ့ မြစ်ကြီးတစ်စင်း ရှိနေတာပင်။

လီဝမ်ရှီးရဲ့ သစ်ပင်အိမ်ဘေးက ချောင်းဟာ ဒီမြစ်ကြီးကနေ ခွဲထွက်လာတာ ဖြစ်၏။

ဆိုလိုတာက ဒီရေလမ်းကြောင်းတွေအားလုံးဟာ တစ်ခုနဲ့တစ်ခု ချိတ်ဆက်နေနိုင်ခြင်းပင်။

ထို့ကြောင့် တောအုပ်ထဲမှာ သူတို့စွမ်းရည်ကို ပြသဖို့ ဧရာမရေကန်ကြီးတွေ မရှိစေကာမူ ရေလမ်းကြောင်းတွေကို အသုံးပြုပြီး အခြားဒေသအားလုံးကို ရောက်ရှိနိုင်မှာဖြစ်သဖြင့် သူတို့ရဲ့ ရေအောက်အရှိန်ဟာ အလွန်ပင် အသုံးဝင်လှပေသည်။

ချင်ယွမ်လုံ : "ဒါ့အပြင် ကျွန်တော်တို့မှာ ရေဖိအားရဲ့ သက်ရောက်မှုကို အများကြီး လျှော့ချပေးနိုင်တဲ့ နောက်ထပ် စွမ်းရည်တစ်ခု ရှိပါသေးတယ်။ ကျွန်တော်တို့ ဘာကိရိယာမှ မပါဘဲ အနက်ကြီးကို ငုပ်နိုင်သလို၊ အနက်ကြီးကနေ တစ်နာရီ ကီလိုမီတာ ရှစ်ဆယ်အရှိန်နဲ့ ရေပေါ်ကို ပြန်တက်ရင်လည်း ဘာမအီမသာမှ မဖြစ်ပါဘူး"

ကြားရတာ တကယ့်ကို အစွမ်းထက်လှပေသည်။

သူတို့ မီတာ တစ်ရာအထိ ငုပ်နိုင်မှန်း သိကတည်းက ရွှီရှင်းဟာ ဒီလိုစွမ်းရည်မျိုး ရှိမယ်လို့ သံသယဝင်ခဲ့သော်လည်း ရေပေါ်ကို အရှိန်နဲ့ ပြန်တက်တဲ့အခါမှာတောင် ဘာမှမဖြစ်တာကတော့ တကယ့်ကို ထူးဆန်းလှပေသည်။

ကမ္ဘာပေါ်မှာဆိုရင် လူသားတွေ တီထွင်ထားတဲ့ ရေငုပ်သင်္ဘောတွေတောင် ဒီလောက်အရှိန်နဲ့ တက်ရင် အန္တရာယ်ရှိ၏။

ဒါပေမဲ့ သဘာဝလောကထဲမှာတော့ စပမ်းဝေလငါး လိုမျိုး တကယ့်ကို ထူးကဲတဲ့ သတ္တဝါတွေ ရှိ၏။

စပမ်းဝေလငါးတွေဟာ ရေအောက်ကို တစ်စက္ကန့် မီတာ ၁၇၀ အရှိန်နဲ့ ဆင်းနိုင်သလို၊ ရေပေါ်ကိုလည်း အရှိန်အဟုန်နဲ့ ပြန်တက်နိုင်၏။

ဒီလိုကြည့်မယ်ဆိုရင် ချင်ယွမ်လုံနဲ့ ချင်ယွမ်ဟုတို့ ညီအစ်ကိုဟာ လူသားပုံသဏ္ဌာန်ရှိတဲ့ ဝေလငါးကြီးတွေအလား ပင်လယ်ဘုရင် ဆိုတဲ့ ဘွဲ့နဲ့ ထိုက်တန်လှပေသည်။

သို့သော် ကျန်တဲ့လူတွေကတော့ ရေငုပ်ခြင်းနဲ့ ပတ်သက်ပြီး သိပ်ပြီး ဗဟုသုတ မရှိကြတာကြောင့် ဒီစွမ်းရည်က တကယ့်ကို မယုံနိုင်စရာပဲလို့သာ မှတ်ချက်ပေးကြ၏။

လီဝမ်ရှီး: "ဝါး... ဒါဆိုရင် ရှင်တို့က ရေအောက်ကမ္ဘာကို စိတ်ကြိုက် စူးစမ်းလို့ရတာပေါ့၊ တကယ့်ကို အံ့သြစရာပဲ..."

ဝမ်ကွေ့ရှင်း: "ဒီလိုစွမ်းရည်တွေရှိရင် ရေအောက်မှာတင် နေလို့ရတာ မဟုတ်ဘူးလား"

ချင်ယွမ်လုံ: "ကျွန်တော်တို့ ရေအောက်မှာ အသက်တော့ ရှူလို့မရပါဘူး။ ကျွန်တော်တို့က အရင်ကတည်းက ရေငုပ်နည်းပြတွေ ဖြစ်ခဲ့တာကြောင့် အသက်အောင့်နိုင်တဲ့ အချိန်က အများကြီး တိုးလာတယ်ဆိုပေမဲ့၊ ရေအောက်မှာ အသက်ရှူဖို့အတွက်တော့ ရေမှော်ပင်တွေက ပေးတဲ့ စွမ်းရည်ကို သုံးနေရတုန်းပါပဲ"

"ဒါ့အပြင် ရေအောက်သတ္တဝါတွေက ကျွန်တော်တို့ကို ရင်းနှီးသလို ခံစားကြရတယ်။ ရန်လိုတဲ့ ရေအောက်သတ္တဝါတွေတောင် ကျွန်တော်တို့ကို မတိုက်ခိုက်ကြဘူး။ ဗီဇပြောင်းသတ္တဝါတွေကတော့ ကျွန်တော်တို့ကို သတိထားကောင်း ထားလိမ့်မယ်၊ ဒါပေမဲ့ သူတို့ကို သွားမစသရွေ့ ဒါမှမဟုတ် သူတို့နယ်မြေထဲကို အတင်းမဝင်သရွေ့တော့ ကျွန်တော်တို့ကို မြင်ရင်တောင် တိုက်ခိုက်မှာ မဟုတ်ပါဘူး"

ဒါဟာ မြွေကြေးခွံချပ်ဝတ်ရဲ့ အာနိသင်နဲ့ ဆင်တူလှပေသည်။

ပင်လယ်ဘုရင်တွေပီပီ သူတို့စူးစမ်းနိုင်တဲ့ နယ်မြေဟာ အခြားရှင်ကျန်သူတွေထက် များစွာ ပိုမိုကျယ်ပြန့်လှသလို၊ အဆင်အခြင်မဲ့စွာ မလုပ်သရွေ့ သူတို့ရဲ့ စူးစမ်းမှုတွေဟာ အခြေခံအားဖြင့် ဘေးကင်းလှ၏။

အခန်း ၃၆၈ ပြီး။

အခန်း (၃၆၉) - ဝမ်ကွေ့ရှင်း၏ စွမ်းရည်ကြောင့် အားလုံး တုန်လှုပ်သွားခြင်း (၂)

ရွှီရှင်းက မေးလိုက်သည်။

"မင်းတို့ရော ရေအောက်က အရင်းအမြစ်တွေကို လှမ်းမြင်နိုင်လား။ လီဝမ်ရှီးနဲ့ ချီရွှယ်ဖေးတို့ အရင်းအမြစ်တွေကို ရှာဖွေနိုင်သလိုမျိုးပေါ့"

ချင်ယွမ်လုံ: "မရဘူး။ ကျွန်တော်တို့က အဲဒီအရာတွေကို လက်နဲ့ထိမိမှပဲ ဘာလဲဆိုတာ သိတာပါ"

ရွှီရှင်း ခေတ္တစဉ်းစားပြီးနောက် ထပ်မေးလိုက်သည်။

"မင်းတို့ပဲ သီးသန့်ဖန်တီးနိုင်တဲ့ ကိရိယာတွေရော ရှိလား"

"ရှိတယ်၊ ဒါကတော့ ကျွန်တော်နဲ့ ကျွန်တော့်ညီကြားက စွမ်းရည်ချင်း ကွဲပြားသွားတဲ့ တစ်ခုတည်းသော အချက်ပါပဲ"

ထို့နောက် သူတို့ ညီအစ်ကိုနှစ်ဦးစလုံးသည် သူတို့၏ ဖန်တီးမှုပုံစံငယ်များကို မျှဝေလိုက်ကြသည်။

[ပင်လယ်ဘုရင် ရေယက် (ခရမ်းရောင်အဆင့်): ဝတ်ဆင်ထားပါက ရှင်ကျန်သူ၏ ရေအောက်ကူးခတ်မှုအရှိန်ကို သိသိသာသာ မြှင့်တင်ပေးသည်။ ကပ်စေး ရေမှော် (ခရမ်းရောင်အဆင့်) ၁ခု လိုအပ်သည်။]

[ပင်လယ်ဘုရင် ရေငုပ်ဝတ်စုံ (ခရမ်းရောင်အဆင့်): ဝတ်ဆင်ထားပါက ရေဖိအားကြောင့် ခန္ဓာကိုယ်အပေါ် သက်ရောက်မှုကို လျှော့ချပေးသည်။ ပင်လယ်နက်ငါးအရေခွံ (ခရမ်းရောင်အဆင့်) ၁ခု လိုအပ်သည်။]

ရှေ့ကတစ်ခုမှာ ချင်ယွမ်လုံ၏ ပုံစံငယ်ဖြစ်ပြီး၊ နောက်တစ်ခုမှာ ချင်ယွမ်ဟု၏ ပုံစံငယ်ဖြစ်သည်။

နောက်ထပ် ခရမ်းရောင်အဆင့် ကိရိယာနှစ်ခုပေါ့။

တစ်ခုက ကူးခတ်မှုအရှိန်ကို မြှင့်တင်ပေးပြီး၊ နောက်တစ်ခုက ရေဖိအားဒဏ်ကို လျှော့ချပေးသည်။

အစောပိုင်းက ကျောက်ရှောင်ချွမ်းနှင့် ဝမ်လေ့တို့ သူတို့၏စွမ်းရည်များကို ရှင်းပြစဉ်ကပင် ထိုသူနှစ်ဦး၏ စွမ်းရည်များမှာ ဆင်တူနေသည်ဟု ရွှီရှင်း ခံစားခဲ့ရသည်။

ယခု ချင်ယွမ်လုံ ညီအစ်ကိုများတွင်လည်း ဆင်တူသော စွမ်းရည်များ ရှိနေသည်ကို တွေ့ရသောအခါ ရွှီရှင်း တစ်စုံတစ်ခုကို ရိပ်မိလိုက်သည်။

တကယ်တော့ ထိုဘက်က လူလေးဦးစလုံး၏ စွမ်းရည်များသည် မိမိကိုယ်ကိုယ် မြှင့်တင်ပေးသည့် စွမ်းရည်ချည်းများပင် ဖြစ်သည်။

ကျောက်ရှောင်ချွမ်း၏ လျင်မြန်သောပြေးနှုန်းနှင့် ကိုယ်ဖျောက်နိုင်စွမ်း၊ ဝမ်လေ့၏ မိစ္ဆာခွန်အားနှင့် ဝန်တင်ဆောင်နိုင်စွမ်း၊ ချင်ယွမ်လုံ ညီအစ်ကို၏ ရေကူးနှုန်းနှင့် ရေငုပ်နိုင်စွမ်း ဤအရာအားလုံးမှာ သူတို့၏ ခန္ဓာကိုယ်ကို မြှင့်တင်ပေးခြင်းနှင့်သာ သက်ဆိုင်နေသည်။

ဝမ်ကွေ့ရှင်းက သူမ၏စွမ်းရည်ကို မိတ်မဆက်ရသေးသော်လည်း၊ သူမတွင်လည်း သေချာပေါက် ခန္ဓာကိုယ်ပိုင်းဆိုင်ရာ မြှင့်တင်မှုတစ်ခု ရှိပေလိမ့်မည်။

မဟုတ်ပါက ထိုမျှလောက် ပြင်းထန်သော တိုက်ခိုက်ရေးစွမ်းအားကို မည်သို့ ရရှိနိုင်မည်နည်း။

တစ်ဖက်တွင်မူ ရွှီရှင်းတို့ဘက်က လူလေးဦး၏ စွမ်းရည်များမှာ လုံးဝ ကွဲပြားခြားနားနေသည်။

သူတို့၏ စွမ်းရည်များမှာ အထောက်အကူပြုစွမ်းရည်များ သက်သက်သာ ဖြစ်ပုံရ၏။

သူ၏ ဖန်တီးရှင် အခွင့်အာဏာအရ အဆင့်မြှင့်တင်ထားသော စွမ်းရည်သုံးခုဖြစ်သည့် ခွဲခြားစိတ်ဖြာခြင်း၊ မြေပုံဆွဲခြင်းနှင့် အဂ္ဂိရတ်ပညာတို့မှာ အားလုံး အထောက်အကူပြု စွမ်းရည်များပင်။

ကျိချောင်းယန်၏ နိမိတ်ဖတ်ခြင်း မှာလည်း အထောက်အကူပြု စွမ်းရည်တစ်ခု ဖြစ်သည်။

လီဝမ်ရှီး၏ သတ္တုတွင်းမုဆိုး နှင့် ချီရွှယ်ဖေး၏ ဆေးဘုရင် တို့မှာလည်း ရာနှုန်းပြည့် အထောက်အကူပြု စွမ်းရည်များ ဖြစ်ကြသည်။

မာဟုန်ဝေ၏ သစ်ပင်အိမ်လက်နက်များ ထုတ်လုပ်နိုင်စွမ်းမှာပင် သူ၏ ကိုယ်လက်ကြံ့ခိုင်မှုနှင့် ဘာမှမသက်ဆိုင်သော အထောက်အကူပြု စွမ်းရည်တစ်ခုသာ ဖြစ်၏။

သူတို့ထဲမှ မည်သူမျှ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ခွန်အားကို တိုက်ရိုက်မြှင့်တင်ပေးခြင်း မရှိပါပေ။

၎င်းမှာ အခြားတစ်ဖက်အုပ်စုနှင့် သိသိသာသာ ကွဲပြားနေခြင်းပင်။

ထိုဘက်က လူများ၏ ထူးခြားသောစွမ်းရည်များမှာ သူတို့ကိုယ်တိုင်ကို မြှင့်တင်ပေးပြီး တိုက်ခိုက်ရေးစွမ်းရည်များကို အဆမတန် တိုးတက်စေသည်။

ထူးဆန်းလိုက်တာ။

နှစ်ဖက်စလုံးရဲ့ စွမ်းရည်ရရှိမှုအပေါ် လွှမ်းမိုးနေတဲ့ အချက်တွေက ကွဲပြားနေတာများလား။

ဝမ်ကွေ့ရှင်း : "ပြောလို့ ပြီးကြပြီလား။ အခု ကျွန်မအလှည့်လား... ဒါမှမဟုတ် ရှင်တို့နှစ်ယောက် အရင်ပြောမလား"

ဝမ်လေ့ : "မြန်မြန်ပြောစမ်းပါဗျာ။ ရှင်းအစ်ကိုကြီးနဲ့ ချောင်းယန်အစ်ကိုကြီးတို့ရဲ့ စွမ်းရည်တွေက အရမ်းကြီးသွားရင် ခင်ဗျား နောက်မှ မပြောချင်ဘဲ နေဦးမယ်"

ဝမ်ကွေ့ရှင်း : "အေးပါ... ဟုတ်ပါပြီ..."

လီဝမ်ရှီး : "နောက်ဆုံးတော့ ကွေ့ရှင်းအစ်မရဲ့ စွမ်းရည်ကို သိရတော့မယ်။ တကယ် ရင်ခုန်စရာပဲ"

ဝမ်ကွေ့ရှင်း : "ဟို... ကျွန်မစွမ်းရည် နာမည်က... ဧကရီ တဲ့"

ကြားရတာ တကယ့်ကို အထင်ကြီးစရာပင်။

ဝမ်လေ့: "...ဘာပြောတယ်"

ကျောက်ရှောင်ချွမ်း: "...ဝိုး"

ချင်ယွမ်ဟု : "ဒီနာမည်ကတော့ တကယ့်ကို အလန်းစားပဲ"

ဝမ်ကွေ့ရှင်း: "နာမည်ကို ထပ်မပြောနဲ့တော့လေ၊ ကြားရတာ ရှက်ဖို့ကောင်းလောက်အောင် ကြွားလွန်းသလိုပဲ"

ချင်ယွမ်လုံ: "ပင်လယ်ဘုရင် ဆိုတာထက် ပိုရှက်စရာ ကောင်းလို့လား"

ချီရွှယ်ဖေး: "ဒီနာမည်နဲ့ဆိုရင်တော့ တိုက်ခိုက်ရေးစွမ်းအားက ဘာလို့ ဒီလောက်တောင် ပြင်းထန်နေရလဲဆိုတာ မဆန်းတော့ပါဘူး"

လီဝမ်ရှီး : "လန်းတယ်။ကွေ့ရှင်းအစ်မရေ... ကျွန်မလည်း ဧကရီ ဖြစ်ချင်တယ်"

ဝမ်ကွေ့ရှင်း : "တော်ကြပါတော့ နင်တို့ကလည်း"

ကျိချောင်းယန် : "ကဲပါ... ဘာလို့ နင့်ရဲ့ တိုက်ခိုက်ရေးစွမ်းအားက ဒီလောက်အထိ သန်မာနေရလဲဆိုတာ မြန်မြန်ပြောပြပါဦး"

ဝမ်ကွေ့ရှင်းက သူမ၏ စွမ်းရည်အကြောင်းကို စတင်ရှင်းပြတော့သည်။

သူမ ရှင်းပြလိုက်သည့် အချက်များကြောင့် စူးစမ်းရှာဖွေသူ အဖွဲ့ဝင်တိုင်းမှာ မှင်သက်သွားရ၏။

ပထမဦးဆုံးအချက်မှာ သူမ၏ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ပင် ဖြစ်သည်။

ဤစွမ်းရည်သည် သူမအား အလွန်ပြင်းထန်သော တုံ့ပြန်မှုအရှိန် ၊ တိုက်ခိုက်ရေး ကျွမ်းကျင်မှုများ၊ တိုက်ခိုက်ရေးပါရမီနှင့် အခြားလူသားများ၏ ခန္ဓာကိုယ်အရည်အသွေးများကို ကျော်လွန်သော စွမ်းအင်များကို ပေးအပ်ထားသည်။

ထို့ကြောင့် သူမသည် မည်သူ့ကိုမဆို လက်ဗလာနှင့်ပင် မကြောက်မရွံ့ ရင်ဆိုင်နိုင်ခြင်း ဖြစ်၏။

သူမက ထပ်လောင်းပြောပြသည်မှာ သူမ၏ဖခင်မှာ ကိုယ်ခံပညာသင်တန်းကျောင်း ဖွင့်ထားသူဖြစ်ပြီး သူမအား ငယ်စဉ်ကတည်းက ကွန်ဖူး သင်ပေးခဲ့သဖြင့် သူမတွင် အခြေခံကောင်းများ ရှိနှင့်ပြီးသား ဖြစ်သည်။

မထင်မှတ်ဘဲ ဤကမ္ဘာတွင်တော့ သူမ၏ ကွန်ဖူးစွမ်းရည်မှာ အဆပေါင်းများစွာ တိုးတက်လာခဲ့ခြင်းပင်။

သူမသည် ဝမ်လေ့၏ တုံ့ပြန်မှုစွမ်းရည်များကို ဒေါသတကြီး ဝေဖန်ခဲ့သော်လည်း၊ တကယ်တမ်းတွင် ထိုစွမ်းရည်များကို သူမကိုယ်တိုင် ပိုင်ဆိုင်ထားရုံတင်မကဘဲ အလွန်အမင်းလည်း ကျွမ်းကျင်နေသူ ဖြစ်သည်။

သူမ၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုကို သူမနှင့် ဆုံတွေ့ခဲ့ဖူးသော ချင်ယွမ်လုံ ညီအစ်ကိုများကလည်း အလွန်သန်မာကြောင်း အတည်ပြုပေးခဲ့ကြသည်။

သူမက အလွန်သန်မာလွန်းသဖြင့် သူမနောက်က လိုက်လာကြသော ချင်ယွမ်လုံ ညီအစ်ကိုများမှာ တိုက်ခိုက်ရေးတွင် ပါဝင်စရာပင် မလိုပါပေ။

သူတို့သည် သူမ၏နောက်တွင် အရပ်ရှည်ရှည်၊ ကြောက်စရာကောင်းသော ပုံစံမျိုးဖြင့် ရပ်နေပေးပြီး ဒူးလေးများကို ကိုင်ကာ ရန်သူများကို ခြိမ်းခြောက်ပေးရုံသာ တာဝန်ယူခဲ့ကြရသည်။

လီဝမ်ရှီး : "ဝါး... ကွန်ဖူးလား။ ကွေ့ရှင်းအစ်မကတော့ တကယ့်ကို အထာကျတာပဲ"

လီဝမ်ရှီး၏ ကိုယ်လက်ကြံ့ခိုင်မှုမှာလည်း မဆိုးလှပါပေ။

သို့သော် သူမက လေ့ကျင့်ခန်းလုပ်ရသည်ကို နှစ်သက်ရုံသာဖြစ်ပြီး ဝမ်းဗိုက်ကြွက်သားအချို့သာ ရှိသူဖြစ်ရာ ဝမ်ကွေ့ရှင်း၏ တိုက်ခိုက်ရေးစွမ်းအားနှင့်တော့ လုံးဝ နှိုင်းယှဉ်၍ မရနိုင်ပါပေ။

ဝမ်လေ့ : "...မိန်းမတွေ ပြောတဲ့စကားကို ဘယ်တော့မှ မယုံတော့ဘူး။ ဘယ်အဆင့်က အစစ်အမှန်လဲ၊ ကျွန်တော့်ကို လိမ်ခဲ့တာပဲ"

သူသည် နာမည်ကြီး တက္ကသိုလ်တစ်ခုက ပါရဂူဘွဲ့ရတစ်ယောက်က "စာသင်ရတာ အလကားပဲ၊ အလုပ်အကိုင်တစ်ခု တတ်ထားတာကမှ ပိုကောင်းတာ" ဟု ပြောသည်ကို ကြားလိုက်ရသည့် ကောလိပ်ကျောင်းသားတစ်ယောက်ကဲ့သို့ ခံစားလိုက်ရသည်။

ကြည့်ရသည်မှာ ထိုစကားက မှန်သလိုရှိသော်လည်း ထိုကဲ့သို့သော လူမျိုးဆီက ကြားရသည်မှာတော့ အနည်းငယ် လှောင်ပြောင်သံ ပါနေသကဲ့သို့ပင်။

ဝမ်ကွေ့ရှင်း : "ငါက အတည်ပြောတာပါ။ ငါရဲ့ ခွန်အားက အမြဲတမ်း အားနည်းနေတယ်လို့ ခံစားရတယ်၊ ပေါ့လွန်းတယ်၊ အဆင့်ကလည်း နိမ့်လွန်းတယ်။ ဧရာမမိစ္ဆာကြီးတွေနဲ့ ရင်ဆိုင်ရရင် ယုံကြည်မှု မရှိသလို ခံစားရတယ်"

ဒါကတော့ သူမက သစ်ပင်တစ်ပင်ကို ကန်လှဲနိုင်ပြီး ဝမ်လေ့နှင့် ခွန်အားချင်း ယှဉ်ချင်သည်ဟု ခုနကတင် ပြောခဲ့သည် မဟုတ်ပါလား။

ကြည့်ရသည်မှာ သူမ၏ အားနည်းသည် ဆိုသော စကားမှာ ဝမ်လေ့နှင့် နှိုင်းယှဉ်လျှင်သာ ဖြစ်ပုံရသည်။

မည်သို့ပင်ဆိုစေကာမူ ခွန်အားမြှင့်တင်ရန်မှာ သူမအတွက် မခက်ခဲပါပေ။

ရွှီရှင်း၏ အဂ္ဂိရတ်ဆေးရည်များသည်လည်း သူမအတွက် အသုံးဝင်လာနိုင်၏။

အခန်း ၃၆၉ ပြီး။

All Chapters