← Chapters

ရှာမန်အား တိုက်ခိုက်ခြင်း

Vol. 25 Ch. 346

ရှာမန်အား တိုက်ခိုက်ခြင်း

Vol. 25 Ch. 346

စစ်မြေပြင်၌ အကြိမ်ကြိမ် သတ်ဖြတ်နေရင်းဖြင့် သူသည် မည်မျှ အရေးမပါကြောင်း စုမင် သိလာရသည်။ သို့သော် အလားတူစွာပင် ဤရက်စက်ကြမ်းကြုတ်သော စစ်ပွဲအတွင်း သူ ပိုမိုသန်မာစေနိုင်မည့် လမ်းကြောင်းကိုလည်း ရှာတွေ့ခဲ့သည်။

စိတ်စွမ်းအင်။ အစွမ်းထက် စစ်သည်တော်တစ်ဦး၏ စိတ်စွမ်းအားမျိုး ရရှိသည်အထိ ဤစစ်မြေပြင်အတွင်းမှ သွေးများကိုသုံး၍ မိမိကိုယ်ကို သန်မာလာစေရမည်။

သူ မည်မျှ ဘေးအန္တရာယ်ကြုံနေရပါစေ မပျက်စီးနိုင်သည့် ထိုသို့ စိတ်စွမ်းအားမျိုး။ သူသည် အချိန်ကာလ အပြောင်းအလဲနှင့် ကမ္ဘာပေါ်ရှိ အပြောင်းအလဲများကို ဖြတ်သန်းခဲ့ရလျှင်ပင် ထိုစိတ်စွမ်းအားသည် ၎င်း၏လမ်းကြောင်း၌ ပိတ်ဆို့ရန်ကြိုးစားသမျှကို လောင်ကျွမ်းစေမည့် ငြိမ်းသတ်၍ မရနိုင်သော မီးတောက်လုံးတစ်ခုကဲ့သို့ ဆက်လက်တည်ရှိသွားမှာ ဖြစ်သည်။

'ငါက ဒီစစ်ပွဲကနေ ရှင်သန်ချင်ရုံတင်မကဘဲ အတွေ့အကြုံတွေလည်း ရချင်တာ' စုမင်၏ မျက်လုံးများထဲတွင် တွေ့ရခဲသော တိုက်ပွဲဝိညာဉ်တစ်ခု ထွက်ပေါ်လာခဲ့သည်။ ဤအရာသည် စုမင်ဘဝအား မီးစာအဖြစ်ထည့်ပေးလိုက်သည့် မီးတောက်တစ်ခုလိုပင်။

သူသည် ကျီချဲနှင့် ယန်ပေါ်တို့ရှိရာမှ အလျင်အမြန် ထွက်ခွာလာပြီး သူ့အားလှမ်းကြည့်နေသည့် အဝေးမှ မာန်စွမ်းအားရှင်မုဆိုးထံ တည့်တည့်တန်းတန်း တိုးဝင်သွားခဲ့သည်။ ထိုသူ၏ မျက်နှာဖုံးမှာ အဖြူရောင်ဖြစ်ပြီး သူ့မျက်နှာပေါ်ရှိ အက်ကွဲရာကို စုမင် မြင်ဖူးခဲ့ကြောင်း မှတ်မိသွားခဲ့ရသည်။ ထိုလူသည်

မကြာသေးခင်ကမှ စုမင်ရင်ဘတ်ဆီသို့ လှံရှည်ပစ်လွှတ်၍ သေလုမြောပါး ဒဏ်ရာတစ်ခု ဖြစ်ပေါ်လာစေခဲ့သူပင်။

'စိတ်စွမ်းအင်ဆိုတာ စိတ်ကူးဝေါဟာရ တစ်ခုပဲ။ အဲဒါက လူတစ်ဦးရဲ့ စိတ်ဓာတ်ခိုင်မာမှု၊ လူတစ်ဦးရဲ့ ဘဝထဲက မီးအလင်းရောင်လေး တစ်ခုလိုမျိုး... ဒါပေမဲ့လည်း ဘယ်လိုပဲဖြစ်ဖြစ် အဲဒါက စိတ်ကူးတစ်ခု ဖြစ်နေတုန်းပဲ...'

စုမင် ညာလက်ထဲတွင် ကျောက်စိမ်းဓားရှည်ကို ကိုင်ဆောင်ထားသည်။ ဓားအလင်းသည် ဒါဇင်ချီသော ဧရိယာအား ထွန်းလင်းနေစေပြီး သူဖြတ်သန်းသွားရာ တစ်လျှောက်ရှိ တားဆီးပိတ်ဆို့ရန် ကြိုးစားသော ရှာမန်အားလုံးသည် စူးရှနာကျင်စွာ အော်ဟစ်၍ အလျင်အမြန် နောက်ဆုတ်သွားကြသည်။

အဘယ်ကြောင့်ဆိုသော် စုမင်သည် သူတို့၏ မုဆိုးနှင့် တိုက်ခိုက်ချင်နေခြင်း ဖြစ်ကြောင်း သူတို့ သတိထားမိလိုက်သောကြောင့် ဖြစ်၏။ ထို့အပြင် သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာနေသော သတ်ဖြတ်ခြင်း အရှိန်အဝါမှာလည်း များသောအားဖြင့် တွေ့မြင်နိုင်သည့် အရာမျိုး မဟုတ်ချေ။

ဤသည်က မုဆိုးများအကြား တိုက်ပွဲတစ်ခု ဖြစ်၏။ ကြည့်ရှုသူများသည် များသောအားဖြင့်တော့ သူတို့ကို  ဝင်ရောက်စွက်ဖက်မည် မဟုတ်ပေ။

မျက်နှာဖုံးတပ်ရှာမန်သည် သူ့ထံသို့ စုမင်ဆက်တိုက် ချဉ်းကပ်လာနေသည်ကို အေးစက်တင်းမာစွာဖြင့် စောင့်ကြည့်နေခဲ့သည်။ သူသည် လှုပ်ရှားခြင်းမပြုပဲ ငြိမ်သက်နေဆဲ ဖြစ်သည်။ သို့သော် မလှုပ်ရှားလျှင်ပင် သူသည် ပတ်ဝန်းကျင်မှ ကမ္ဘာလောက ပြိုကွဲပျက်စီးသွားချိန်တွင်တောင် သူသည်ကား ဖြိုဖျက်မရနိုင်သော တောင်တစ်လုံးသဖွယ် ခံစားချက်တစ်ခုကို ပေးစွမ်းနေဆဲပင်။

'ဒီစစ်မြေပြင်ထဲမှာ ငါ့ကိုယ်ပိုင် စည်းမျဉ်း နိယာမတစ်ခုကို ဦးဆုံးထားရမယ်။ အဲဒီစည်းမျဉ်းက စိတ်ကူးသက်သက်ပဲ ဆိုပေမယ့် ဆက်တိုက် သန့်စင်သန်မာလာခဲ့ရင်တော့ တစ်နေ့နေ့ တစ်ချိန်ချိန်ကျ အဲဒီစိတ်ကူးကပဲ ငါ့စိတ်စွမ်းအင်အဖြစ် ပြောင်းလဲသွားလိမ့်မယ်'

'အဲဒီနေ့ ရောက်လာခဲ့ရင် ငါ့ရဲ့စိတ်စွမ်းအင်အဖြစ် ပြောင်းလဲသွားတဲ့ အဲဒီစည်းမျဉ်းနဲ့အတူ ဒီစစ်မြေပြင်ကနေ လျှောက်လှမ်းထွက်ခွာသွားမယ်။ အဲဒါက... ငါ့တည်ရှိမှုအားလုံး ဖြစ်လာလိမ့်မယ်'

စုမင် ရှေ့တစ်လှမ်းတက်ကာ လေထုကို ဖြတ်သန်းသွားခဲ့သည်။ သူ့အရှေ့တွင် လျှပ်စီးအလင်းများ တောက်ပသွားပြီး လျှပ်စီးအလင်းလုံး ရှစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ဟန်တောင်တန်း ခေါင်းလောင်းသည်လည်း လေထဲတွင် လွင့်မျောနေပြီး စုမင် ရှေ့တိုးနေစဉ် သူနှင့်အတူ လိုက်ပါလာခဲ့သည်။

သူ့အား ဝန်းရံထားသော အနက်ရောင်မျဉ်းကြောင်းများမှာ တောက်ပနေပြီး သားရဲရိုင်းအချို့ကို ကြောက်ရွံ့သွားစေခဲ့သည်။

'ငါ့စည်းမျဉ်း နိယာမ...' လျှပ်တစ်ပြက် တောက်ပသွားသော အလင်းတစ်ချက်နှင့်အတူ စုမင်သည် မျက်နှာဖုံးတပ်ရှာမန်နှင့် ပေ၃၀၀၀ခန့်ပင် မဝေးသော နေရာသို့ ရောက်ရှိသွားသည်။ သူသည် အမြန်နှုန်းအပြည့်ဖြင့် ပြေးလွှားနေခြင်း မဟုတ်သည့်တိုင် ထိုအရာကပင် ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခု ဖြစ်နေချေပြီ။

'အကယ်၍ ဘယ်သူကမှ ငါ့ကို မတိုက်ခိုက်ရင်၊ ငါလည်း မတိုက်ခိုက်ဘူး။ ဒါပေမယ့် တစ်ယောက်ယောက်က ငါ့ကို တိုက်ခိုက်လာရင်တော့ ငါ အဲလူကို သေချာပေါက်သတ်မယ်။ စစ်မြေပြင်ထဲမှာတော့ ငါက လက်ဦးမှုယူတဲ့ လူဖြစ်ဖြစ်၊ တိုက်ခိုက်ခံရသူဖြစ်ဖြစ် အရေးမကြီးဘူး။ ဘယ်သူမဆို ငါ့ကိုတိုက်ခိုက်လာခဲ့ရင်၊ အဲလူဟာ တခြားတစ်ယောက်ရဲ့ သတ်ဖြတ်တာကို မခံရသရွေ့ ငါ အဲလူကို သေချာပေါက်သတ်ပစ်မယ်'

'အဲဒါက တစ်ချိန်ကျရင် ငါ့စိတ်စွမ်းအင်အဖြစ် ပြောင်းလဲသွားမယ့် ငါ့စည်းမျဉ်းနိယာမပဲ'

စုမင် ခေါင်းကို လျင်မြန်စွာ မော့လိုက်သည်။ မျက်နှာဖုံးတပ် မာန်စွမ်းအားရှင်နှင့် ပေ၂၀၀၀ ခန့်ပင် မဝေးတော့ချိန်တွင် စုမင်အမြန်နှုန်းမှာ အဆပေါင်းများစွာ တိုးမြင့်သွားပြီး ၎င်း၏အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။ ထိုလွန်ကဲသော အမြန်နှုန်းအောက်တွင် စုမင် ခန္ဓာကိုယ်မှာ အေးခဲရပ်တန့်သွားပုံ ပေါ်သည်။

သို့သော်လည်း ထိုတစ်ခဏတာ ရပ်တန့်သွားမှုသည် အမှန်တကယ်တွင်တော့ အနောက်ဘက်၌ ကျန်ရစ်ခဲ့သော စုမင်ပုံရိပ်ယောင်သာ ဖြစ်၏။

စုမင် အမြန်နှုန်း တိုးမြင့်သွားသည်နှင့် တစ်ပြိုင်နက် ပေ၁၀၀၀ခန့် အဝေးမှ သူ့အားအေးစက်စွာ စိုက်ကြည့်နေသော မျက်နှာဖုံးတပ်ရှာမန်၏ မျက်ဝန်းများမှာ ကျဉ်းမြောင်းသွားခဲ့သည်။

တစ်ခဏပင် တွန့်ဆုတ်နေခြင်းမရှိပဲ ရှာမန်မှာ နောက်သို့ ခြေလှမ်းအနည်းငယ် ချက်ချင်းဆုတ်လိုက်သည်။ သူသည် မလျင်မြန်သော်လည်း သူ့ခြေလှမ်းတိုင်းမှာ မြေပြင်အား တုန်ခါသွားစေသကဲ့သို့ ခံစားရစေသည်။ တစ်ချိန်တည်းမှာပင် သူသည် ညာလက်ကိုမြှောက်၍ လက်သည်းတစ်ခုပုံစံ ဖွဲ့စည်းကာ သူ့အရှေ့ရှိ လေထုကို ကုတ်ချလိုက်သည်။

သူ ထိုသို့လုပ်လိုက်သည်နှင့် တစ်ပြိုင်နက် သူ့မျက်နှာဖုံးအောက်ရှိ ဆေးမင်ကြောင်သည်လည်း အနက်ရောင်အလင်းတစ်ဖြာ တောက်ပလာခဲ့သည်။ သူ့ပတ်ဝန်းကျင်လေထုအတွင်း တွန့်လိမ်ပုံပျက်မှုများ ချက်ချင်းဖြစ်ပေါ်လာပြီး များပြားလှစွာသော လှိုင်းဂယက်များအဖြစ် ပြောင်းကာ အလျင်အမြန် ပျံ့နှံ့သွားကြသည်။

ရုတ်တရက်ဆိုသလိုပင် သူ့နံဘေးရှိ နေရာတစ်ခုမှ လှိုင်းတွန့်များ ခုန်ထွက်လာခဲ့သည်။ စုမင် လျှောက်လှမ်း ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် မျက်နှာဖုံးတပ်လူ၏ နှုတ်ခမ်းများမှာ အေးစက်စက်အပြုံးတစ်ခုဖြင့် တွန့်ကွေးလို့သွားသည်။ စူးရှသော လေပြင်းတစ်ခုနှင့်အတူ သူ့ကိုယ်အား လှည့်ပတ်လိုက်ပြီး စုမင်ဘက်မှအရှိန်ကို သုံး၍ ညာခြေထောက်ကိုလည်း ကြာပွတ်တစ်ခုသဖွယ် ဝှေ့ယမ်းလိုက်သည်။

သူတို့နှစ်ဦးကြား လေထဲတွင် ပေါက်ကွဲသံများ ပဲ့တင်ထပ်သွားသည်။ ဤသည်မှာ စုမင် ထိုလွန်ကဲသော အမြန်နှုန်း အသုံးပြုထားချိန်တွင် တစ်စုံတစ်ဦးမှ သူ့အားရှာတွေ့ခဲ့ပြီး တစ်ဆက်တည်းမှာပင် သူ့အား တုံ့ပြန်တိုက်ခိုက်မှုတစ်ခု ထုတ်ဖော်နိုင်ခဲ့သည်အား စုမင် ပထမဦးဆုံးအကြိမ်အဖြစ် မြင်ဖူးခြင်းဖြစ်သည်။

ရှာမန်အမျိုးသား၏ ခြေကန်ချက်မှ ထွက်ပေါ်လာသော အားသည် စုမင် အရှေ့ရှိ လျှပ်စီးလုံးများကို ထိမိသွားပြီး

လေထဲ၌ မြည်ဟည်းသံများ ပဲ့တင်ထပ်သွားခဲ့သည်။ ထိုအားကပင် စုမင်၏ ကျောက်စိမ်းဓားရှည်နှင့်လည်း တိုက်မိသွားခဲ့၏။

ဓားရှည်ပေါ်သို့ ထိုတိုက်ခိုက်မှု ရောက်ရှိလာသည်နှင့် စုမင်၏ အမြင်အာရုံမှာ ဝေဝါးသွားသည်။ ရှာမန်ယောက်ျား၏ ခြေထောက်မှာ သူ့အား ရိုက်ချလာသည့် သားရဲရိုင်းကြီးတစ်ကောင်၏ အမြီးကဲ့သို့ သူ့ရှေ့တွင် ပေါ်လာသည်ကိုသာ စုမင် ဝေဝါးဝါးမြင်လိုက်ရလေသည်။

ဤအမြီးသည် ဘယ်သတ္တဝါ၏ အမြီးမှန်း သူမသိချေ။ သူမြင်လိုက်ရသော အရာသည် ရှာမန်၏ နတ်ဘုရားစွမ်းရည်မှ ဖြစ်ပေါ်လာသည့် ပုံရိပ်ယောင်သက်သက်သာ ဖြစ်ကြောင်း သူသိနေခဲ့လျှင်တောင် ထိုကန်ချက်အတွင်းမှ ကြောက်မက်ဖွယ်စွမ်းအားမှာမူ ကျောက်စိမ်းဓားရှည်ပေါ်သို့ ချက်ချင်း ကျရောက်လာခဲ့သည်။ ၎င်းသည် ခေတ္တခဏ ရပ်တန့်သွားပြီးနောက် ကန်ချက်မှအားသည် စုမင်အပေါ် ဆက်လက်ကျရောက်လာခဲ့၏။

သူ့ကိုယ်အား ဧရာမတောင်ကြီးတစ်လုံး ရိုက်ခတ်သွားသည်ဟု စုမင်ခံစားလိုက်ရ၏။ ပါးစပ်အပြည့်သွေးများ အန်ထုတ်လိုက်ရပြီး နောက်သို့ ချက်ချင်း လွင့်ထွက်သွားကာ ပေ ၁၀၀၀နီးပါး ဆုတ်ခွာသွားပြီးမှသာ သူမြေပြင်ပေါ်သို့ ဆင်းသက်လိုက်နိုင်ချေသည်။ မြဲမြံစွာ မရပ်နိုင်သေးခင် နောက်သို့ ခြေလှမ်းအနည်းငယ်ခန့် ဒယိမ်းဒယိုင် ဆုတ်ခွာလိုက်ရသေးသည်။ သူ့ပါးစပ်မှလည်း သွေးများ တစ်ဖန် ထပ်မံစီးကျလာပြန်၏။

ရှာမန်သည် စုမင်အား အေးစက်စွာစိုက်ကြည့်၍ ရှေ့တစ်လှမ်း တက်လာသည်။ သူ့ကိုယ်အတွင်းမှလည်း မယုံနိုင်ဖွယ် သန်မာသော သတ်ဖြတ်ခြင်း အရှိန်အဝါတစ်ရပ် ပျံ့နှံ့လာခဲ့သည်။ နေဝင်ရီတရောအချိန်တွင် ထိုသတ်ဖြတ်ခြင်း အရှိန်အဝါမှာ ရုပ်ဝတ္ထုကိုယ်ထည် ရရှိလာပုံပေါ်ပြီး ကြောက်မက်ဖွယ် အရှိန်အဝါတစ်ရပ်အဖြစ် ပြောင်းလဲသွားသည်။ ဧရိယာတစ်ခုလုံး ထိုအရှိန်အဝါဖြင့် ပြည့်သွားပြီး ရှာမန်၏ ပတ်ဝန်းကျင်မှ အငြိုးအတေး ဝိညာဉ်များ၏ မပီဝိုးတဝါး အော်ဟစ်သံများကိုပင် ကြားနေရချေသည်။

ထိုအငြိုးအတေး ဝိညာဉ်အများစုမှာ မာန်စွမ်းအားရှင်များထံမှ ဖြစ်ပြီး ၎င်းတို့၏ ခန္ဓာကိုယ်များစွာသည် အပိုင်းပိုင်းအစစ ပေါက်ကွဲသွားခဲ့ကြခြင်း ဖြစ်သည်။ ၎င်းတို့က စီစီညံညံ အော်ဟစ်နေကြသည်။ အမှန်တကယ်တော့ ထိုစိတ်ဝိညာဉ်များကြားတွင် မာန်စွမ်းအားရှင် မျိုးနွယ်စု၏ မျက်နှာဖုံးတပ် မုဆိုးငါးဦးကိုပင် စုမင် မြင်နေရချေ၏။

သူသည် ရှာမန်လူမျိုးများကို နက်နက်နဲနဲ မသိနိုင်သော်လည်း သူ၏နားလည်မှုကိုလည်း ကန့်သတ်ခံထားရခြင်းမရှိပေ။ သူသည် သူတို့နှင့် အကြိမ်ကြိမ် ကြုံတွေ့ခဲ့ဖူးပြီး အထူးသဖြင့် နတ်ဆရာများကိုပင် အကြိမ်ပေါင်းများစွာ မြင်တွေ့ခဲ့ဖူးချေသည်။ ထိုအချိန်တွင်တော့ ရှာမန်ယောကျ်ား၏ ပတ်ဝန်းကျင်ရှိ အငြိုးအတေး ဝိညာဉ်များသည် ထိုရှာမန်ယောကျ်ားက နတ်ဆရာတစ်ဦး ဖြစ်နေ၍ သူ့အနားတွင် စုဝေးနေကြခြင်းမဟုတ်ကြောင်း စုမင် တစ်ချက်ကြည့်ရုံနှင့် သိသွားခဲ့သည်။

ထိုအငြိုးအတေး ဝိညာဉ်များသည် သူ၏ သတ်ဖြတ်ခြင်း အရှိန်အဝါကြောင့် သူ့အနီး၌ ထာဝရပိတ်မိနေကြခြင်း ဖြစ်၏။ ၎င်းတို့သည် ထွက်ခွာမသွားနိုင်ပဲ အဆုံးမရှိသော အချိန်ကာလအတွင်း အဆက်မပြတ် အော်ဟစ်မြည်တန်းနေရုံသာ တတ်နိုင်ကြသည်။ ဤလူသေဆုံးမှသာ သူတို့ ထွက်ခွာသွားနိုင်ပေလိမ့်မည်။

'တိုက်ပွဲရှာမန်'

စုမင် ပါးစပ်ထောင့်မှ သွေးများကို သုတ်ပစ်လိုက်သည်။ ထိုအချိန်တွင် သူ့ကိုယ်မှ စူးရှနာကျင်သော ဝေဒနာများ ခံစားနေရလေသည်။ ယခုလေးတင် ခံစားခဲ့ရသော ရှာမန်ယောက်ျား၏ ကန်ချက်မှအားအရ ထိုလူသည် ကြောက်မက်ဖွယ် ရုပ်ခန္ဓာကိုယ် စွမ်းအားပိုင်ဆိုင်ကြောင်း စုမင် သိသွားခဲ့သည်။

ထိုခွန်အားနှင့် သတ်ဖြတ်ခြင်း အရှိန်အဝါတို့သည် အငြိုးအတေးများကို ပိတ်လှောင်ထားရန် နတ်ဆရာများ အသုံးပြုသော နည်းလမ်းမဟုတ်ပေ။ ရှာမန်များကြားတွင်မှ အဆင့်တစ်ခုထိ ရောက်ရှိနေသော တိုက်ပွဲရှာမန်များသာ ဤစွမ်းအားကို ပိုင်ဆိုင်နိုင်ပေသည်။

ရှာမန်ယောက်ျားသည် စုမင်အရှေ့သို့ ရောက်လာရန် ခြေလေးလှမ်းသာ လိုအပ်ခဲ့သည်။ တပ်ဆင်ထားသော မျက်နှာဖုံးကြောင့် သူ့မျက်လုံးများ အတွင်းမှ အေးစက်စက်အကြည့်ကိုသာ မြင်နေရလေသည်။ သူ့အမူအရာနှင့် ပုံပန်းသွင်ပြင်တို့ကိုမူ ဖုံးကွယ်ခံထားရသည်။ အနီးသို့ ချဉ်းကပ်လာသည်နှင့် တစ်ပြိုင်နက် ရှာမန်ယောက်ျားသည် လက်သီးကိုမြှောက်၍ စုမင်ထံ တည့်တည့်ထိုးသွင်းလိုက်သည်။

ဤသည်မှာ တိုက်ပွဲရှာမန်တစ်ဦးနှင့် စုမင် ပထမဆုံးအကြိမ် ဆုံဖူးခြင်း မဟုတ်ချေ။ ဤစစ်မြေပြင်ထဲတွင် ရန်သူစစ်သည်များထဲ၌ တိုက်ပွဲရှာမန်များမှာ အရေအတွက်အများဆုံး ဖြစ်သည်။ တိုက်ပွဲရှာမန်များစွာကို စုမင် သတ်ဖြတ်ခဲ့ဖူးသော်ငြား ဤတစ်ကြိမ်သည် အစွမ်းထက်သော တိုက်ပွဲရှာမန်တစ်ဦးနှင့် ပထမဆုံးအကြိမ် တွေ့ဖူးခြင်းဖြစ်၏။

တွေ့ရများသော ရှာမန်များ၏ တစ်စိတ်တစ်ပိုင်းဖြစ်သာ သာမန်ပုံစံ တိုက်ပွဲရှာမန်သည် စုမင်ကို မယုံနိုင်လောက်အောင်ပင် ဖိအားပေးထားနိုင်ခဲ့သည်။ ထိုလက်သီးချက်ကြောင့် ရှာမန်ယောက်ျားသည် သူ့မျက်စိရှေ့မှာပင် ဧရာမသားရဲရိုင်းကြီး တစ်ကောင်အဖြစ် ပြောင်းလဲသွားသကဲ့သို့ စုမင်အား ခံစားလိုက်မိစေသည်။ ထိုသတ္တဝါကြီးသည် သူ့တစ်ကိုယ်လုံးကိုသုံး၍ စုမင်၏ဦးခေါင်းကို တိုက်ခိုက်လိုက်သည်။

စုမင် နောက်သို့ဆုတ်ခွာခြင်း မပြုခဲ့ပေ။ သူသည် သူ့ကိုယ်ပိုင် စည်းမျဉ်းတစ်ခုအား ချမှတ်ထားပြီး ၎င်းအား သူ့စိတ်စွမ်းအင်အဖြစ် ပြောင်းလဲမည့်လမ်းပေါ် ရောက်ရှိနေခဲ့ချေပြီ။ အကယ်၍ ဤလူကိုပင် မနိုင်လျှင်၊ ဤစစ်မြေပြင်မှ အသက်ရှင်လျက် ထွက်သွားနိုင်ရန် ခဲယဉ်းလိမ့်မည်ဖြစ်သောကြောင့် သူ့စိတ်စွမ်းအင် သန်မာလာစေရန် လုပ်ဆောင်မည့်အိပ်မက်ကို မေ့ထားနိုင်ချေပြီ။

မျက်နှာဖုံးတပ်ရှာမန်၏ လက်သီးချက်တိုးဝင်လာသည်နှင့် တစ်ပြိုင်နက် စုမင်၏ စစ်နတ်ဘုရားချပ်ဝတ်မှာလည်း ပုံပေါ်ဖြစ်တည်လာခဲ့သည်။ သို့သော် ၎င်းထွက်ပေါ်လာရုံနှင့်ပင် ရှာမန်ယောက်ျားထံမှ ထွက်ပေါ်လာနေသော သန်မာသည့်ဖိအားကြောင့် အတင်းအကျပ် ဖြိုခွဲခံလိုက်ရလေသည်။ ၎င်းမှာ ထိုဖိအားအောက်တွင် ဆက်လက်ရပ်တည်နိုင်ခြင်း မရှိသကဲ့သို့ပင်။

"ငါ့ရှေ့မှာ မင်းချီထဲက မင်းတို့ မာန်မျိုးနွယ်စုရဲ့ စစ်နတ်ဘုရားချပ်ဝတ် ဆိုတာကတောင် မဖြစ်ပေါ်လာရဲဘူး... ဒါနဲ့များတောင် မင်းကိုယ်မင်း စစ်နတ်ဘုရားတစ်ပါးလို့ ခေါ်နေသေးတာလား"

ရှာမန်ယောက်ျားသည် ပထမဦးဆုံးအကြိမ်အဖြစ် စကားပြောဆိုလိုက်ခြင်း ဖြစ်သည်။ စကားဆုံးသည်နှင့် သူ့လက်သီးချက်မှာ စုမင်ရှေ့ရှိလေထဲသို့ ကျရောက်လာခဲ့သည်။ ထိတ်လန့်မှုကြောင့် စုမင်ကိုယ်မှာ တုန်ယင်သွားပြီး တစ်ဖန်ထပ်မံ၍ အတင်းအကျပ် ဆုတ်ခွာလိုက်ရပြန်သည်။

သို့သော် သူသည် နောက်သို့ ဆုတ်ခွာလိုက်ရလျှင်တောင် ပြန်လည်တိုက်ခိုက်ခဲ့ဆဲ ဖြစ်သည်။ ရှာမန်ယောက်ျားသည် ထိုလက်သီးချက်ဖြင့် စုမင်ကိုယ်ပေါ် တိုက်ခိုက်ရမည့်အစား သူ့လက်သီးကို ပြန်လည်ဆွဲယူလိုက်ရသော အကြောင်းအရင်းမှာ အတိအကျဆိုလျှင်... စုမင်က ထိုရှာမန်၏ ဦးခေါင်းအပေါ်တည့်တည့်သို့ ဟန်တောင်တန်းခေါင်းလောင်းကို ပို့လွှတ်လိုက်သည့် တန်ပြန်တိုက်ခိုက်မှုကြောင့်သာ ဖြစ်သည်။

ခေါင်းလောင်းမှာ စူးရှကျယ်လောင်သံ တစ်ခုနှင့်အတူ ထိုရှာမန်ထံ တိုးဝင်သွားသည်။ မျက်နှာဖုံးတပ် ရှာမန်သည် ခေါင်းမော့ကြည့်လိုက်သော်ငြား ရှောင်တိမ်းခြင်းပြုခဲ့ပေ။ ထိုအစား လေထဲသို့ခုန်တက်၍ ဟန်တောင်တန်းခေါင်းလောင်းအား လက်သီးဖြင့် တည့်တည့်ထိုးသွင်းလိုက်သည်။

လေထဲသို့ မြည်ဟည်းသံများ ပဲ့တင်ထပ်သွားပြီး ထိုလက်သီး တစ်ချက်တည်းနှင့်ပင် ဟန်တောင်တန်းခေါင်းလောင်းမှာ အနောက်သို့ ပြန်လည်လွင့်စင်လာခဲ့သည်။ သို့သော်လည်း ၎င်းမှာ လုံးဝပကတိ ထိခိုက်ခြင်းမရှိခဲ့ပေ။ ရှာမန်ယောက်ျား၏ ခန္ဓာကိုယ်မှာမူ တန်ပြန်အားကြောင့် မြေပြင်ထက်သို့ ပြုတ်ကျသွားပြီး သူ့မျက်နှာဖုံးအောက်မှ သွေးများ စီးကျလာခဲ့သည်။

စုမင် ဆက်လက်ဆုတ်ခွာနေရာမှ ခေါင်းမော့ကြည့်ကာ ရှာမန်ယောက်ျားဆီ တစ်ဟုန်ထိုး ပြန်လည်ဦးတည်လိုက်သည်။ လျှပ်စီးအလင်းလုံးများသည် သူ့အရှေ့လေထုအား ဖြတ်သန်းသွားပြီး ဓားအလင်းရောင်သည်လည်း အရှေ့သို့ တိုးထွက်သွားသည်။ သို့သော် ပြုတ်ကျလာသော ရှာမန်အနီးသို့ လျှပ်စီးနှင့် ဓားရှည်၏ အလင်းတို့ ရောက်ရှိသွားသည်နှင့် တစ်ပြိုင်နက် ထိုရှာမန်သည် ပါးစပ်ကိုဟ၍ ကျယ်လောင်စွာ ကြုံးဝါးလိုက်သည်။

ထိုကြုံးဝါးသံက ကောင်းကင်ကိုပင် တုန်ခါသွားစေ၏။ ၎င်းအသံထဲတွင် ထူးဆန်းသော စွမ်းအားတစ်မျိုး ပါဝင်နေပုံရပြီး ထိုအသံကို သားရဲရိုင်းတစ်ကောင်၏ ဟိန်းဟောက်သံကဲ့သို့ ဖြစ်ပေါ်သွားစေသည်။ ထိုအသံအား ကြားလိုက်ရသူများသည် ကျားတစ်ကောင်နှင့် ရင်ဆိုင်တွေ့သော သာမန်လူတစ်ဦး ထိုကျား၏ဟိန်းဟောက်သံကြောင့် ခြေမခိုင်တော့သကဲ့သို့၊ ဟိန်းဟောက်နေသော ဝံပုလွေတစ်ကောင်နှင့် တည့်တည့်တိုးသော ကလေးငယ်တစ်ဦး ကြောက်လန့်သွားသကဲ့သို့ ခံစားလိုက်ရပေလိမ့်မည်။

အသံများ၊ အထူးသဖြင့် လူတစ်ဦးအား သူအလိုရှိသလို သူ့ကိုယ်သူ မထိန်းချုပ်နိုင်ဖြစ်စေသည်အထိ ထိတ်လန့် ချောက်ချားသွားစေနိုင်သော သားရဲရိုင်းတို့၏ အသံများ...

ရှာမန်ယောက်ျား၏ ကြုံးဝါးသံမှာ ထိုအသံများထဲမှ တစ်ခုပင်ဖြစ်သည်။ ၎င်းသည် စုမင်၏ နှလုံးသားကို ထိတ်လန့်ချောက်ချားသွားစေပြီး သူ၏ နတ်ဘုရားစိတ်အာရုံမှာလည်း ပြန့်ကျဲသွားခဲ့သည်။ ဓားရှည်မှအလင်းသည် ချက်ချင်းမှောင်ကျသွားပြီး လျှပ်စီးအလင်းလုံးများသည်ပင် စတင်၍ အလျင်အမြန် ကျုံ့ဝင်လာကြသည်။

ဤသည်မှာ တိုက်ပွဲရှာမန်များနှင့်သာ သက်ဆိုင်သည့် မန္တာန်တစ်ခုဖြစ်သည်။ ၎င်းသည် ထူးခြားသော အခြေအနေများအောက်တွင် လေ့ကျင့်သင်ကြားပေးခံရသော စွမ်းအားမြင့် တိုက်ပွဲရှာမန်များသာ ထုတ်ဖော်သုံးစွဲနိုင်သည့် မန္တာန်တစ်ခု ဖြစ်လေသည်။

***

All Chapters