အခန်း (၉၂၁-၉၂၂)
Vol. 76 Ch. 921-922
အခန်း ၉၂၁ - မခုတ်ဖြတ်နိုင်ခြင်း၊ ဝိညာဉ်ပုံဆောင်ခဲနှင့် လက်နက်အေးတွေက အဆင့်ပေါ်မူတည်တယ်
ကလန်....
ပိုင်ချီ၏ ဓားကြီးသည် အရိုးစုများကို ရိုက်ခတ်မိသွားခဲ့ရာ သတ္တုအချင်းချင်း ထိမှန်သကဲ့သို့ အသံများ ထွက်ပေါ်လာခဲ့သည်။
“မာလှချည်လား။”
ပိုင်ချီ အံ့အားသင့်သွားပြီး နောက်သို့ ချက်ချင်း ခုန်ဆုတ်လိုက်၏။
သူ မြေပြင်ပေါ် မနင်းမိခင်မှာပင် ရှောင်းယီ၏ အော်ဟစ်သတိပေးသံကို ကြားလိုက်ရပြန်သည်။
“မင်းနောက်ကိုကြည့်...မင်းခြေထောက်အောက်မှာ။”
ပိုင်ချီသည် ခေါင်းကို နောက်သို့လှည့်မကြည့်ဘဲ လက်ထဲရှိ ဓားကြီးကို နောက်သို့ ဝှေ့ယမ်းလိုက်၏။
ကလန်...
ဓားကြီးထံမှ ခံစားလိုက်ရသော တန်ပြန်မှုကို အသုံးချကာ ပိုင်ချီ ဘေးသို့ လိမ့်ထွက်လိုက်သည်။ သို့သော် သူလိမ့်ဝင်သွားသော နေရာ၌ပင် ဖြူဖွေးသော အရိုးလက်များစွာသည် မြေပြင်ထဲမှ ထိုးထွက်လာခဲ့သည်။
အခြားနည်းလမ်းမရှိတော့သဖြင့် ပိုင်ချီသည် သူ၏ခါးကြားမှ ခြောက်လုံးပြူးသေနတ်ကို ဆွဲထုတ်လိုက်ရတော့လေသည်။
ဒိုင်း ဒိုင်း ဒိုင်း
သူ့အနားသို့ ချဉ်းကပ်လာသော အရိုးစုသုံးခု၏ ဦးခေါင်းများကို ပစ်ခတ်ခြေမှုန်းလိုက်၏။ သို့သော် အံ့သြစရာကောင်းသည်မှာ ပတ်ဝန်းကျင်ရှိ အရိုးစုများသည် ပို၍ပင် မြန်မြန်ဆန်ဆန် ထွက်ပေါ်လာခြင်းပင်။
ပိုင်ချီနှင့် အခြားသူများသည် လုံးဝ ဝိုင်းရံပိတ်ဆို့ခြင်း ခံလိုက်ရပြီဖြစ်သည်။
“အများကြီးပါလား...။”
ပိုင်ချီ အံ့ဩမှင်တက်သွားခဲ့၏။ သူ့တွင် ကျည်ဆန်များစွာ ရှိနေလျှင်ပင် အဆုံးမရှိသော ဤအရိုးစုများကို ကုန်အောင်သတ်ပစ်နိုင်မည် မဟုတ်ပေ။ သူသာ မောဟိုက်ပြီး သေဆုံးသွားနိုင်ပေသည်။
ထိုအချိန်တွင် ကမ်းခြေ၌ ထိုမြင်ကွင်းကို ကြည့်နေသော ကျန်းယွင်ထျန်းက ချက်ချင်း အမိန့်ပေးလိုက်သည်။
“ပစ်...။”
ကမ်းခြေရှိ တပ်ဖွဲ့ဝင်များသည် ပိုင်ချီနှင့် အခြားသူများကို ဝိုင်းကူကာ မဟာမိတ်ကျွန်းသို့ ချဉ်းကပ်လာသော အရိုးစုအားလုံးကို ရှင်းလင်းပေးလိုက်ကြလေသည်။
ပိုင်ချီတို့အဖွဲ့သည် တိုက်ခိုက်ရင်း ဆုတ်ခွာလာခဲ့ကြသော်လည်း သူတို့အနောက်မှ အရိုးစုများက ဆက်တိုက် ထွက်ပေါ်လာနေဆဲပင်။ အကယ်၍ ယီရန်ပင်း မဟာမိတ်အဖွဲ့၏ ပစ်ခတ်အားသာ မလုံလောက်ပါက သူတို့ ထိုကျွန်းထဲ၌ ပိတ်မိသွားမည်မှာ အသေအချာပင်။
ပိုင်ချီတို့အဖွဲ့ မသေမျိုးကျွန်းမှ ဆုတ်ခွာလာသည်နှင့် မြေပြင်မှ အရိုးစုများ ထပ်ထွက်မလာတော့ပေ။ ထွက်လာပြီးသား အရိုးစုများသည်လည်း မဟာမိတ်အဖွဲ့၏ အနောက်ဘက်ကျွန်းဆီသို့သာ ဦးတည်သွားကြတော့သည်။
ကျန်းယွင်ထျန်းတို့အဖွဲ့က နောက်ထပ်တစ်ကြိမ် ပစ်ခတ်နှိမ်နင်းလိုက်ရာ ထွက်ပေါ်လာသမျှ အရိုးစုအားလုံး အသတ်ခံလိုက်ရပြီး တစ်ဖက်ကျွန်းသည်လည်း ပြန်လည် တိတ်ဆိတ်သွားခဲ့ပြန်သည်။
“ကျွန်းပိုင်ရှင် အရိုးစုတွေရဲ့ အရိုးတွေက အရမ်းမာလွန်းတယ်။ လုံးဝ ခုတ်ဖြတ်လို့မရဘူး။”
ပိုင်ချီသည် ခြစ်ရာများ ထင်ကျန်နေသော သူ၏ဓားကြီးကို ထုတ်ပြလိုက်၏။ ရှောင်းယီက ခေါင်းညိတ်ကာ အနည်းငယ် စဉ်းစားပြီးနောက် ပြောလိုက်သည်။
“အစ်ကိုကျန်း အဆင့်အမျိုးမျိုးရှိတဲ့ လက်နက်အေးတွေကို သွားရှာပြီး စမ်းသပ်ဖို့ ယူလာခဲ့ပါ။”
“ဟုတ်ကဲ့။”
ထို့နောက် ရှောင်းယီသည် ရွှမ်းယွမ်ဓားကို ဆွဲထုတ်ကာ ကျွန်းဆီသို့ လျှောက်သွားလိုက်၏။ သူ ကျွန်းပေါ် ခြေချလိုက်သည်နှင့် အရိုးစုများ ချက်ချင်း ထွက်ပေါ်လာခဲ့ပြန်သည်။
ရှောင်းယီ သူ၏ဓားကို ဝှေ့ယမ်းလိုက်ရာ အရိုးစုတစ်ခု၏ ဦးခေါင်းကို အလွယ်တကူ နှစ်ခြမ်းခွဲလိုက်နိုင်၏။ ထိုစဉ် ဖြတ်ခနဲ လင်းလက်သွားသော အလင်းရောင်တစ်ခုက ရှောင်းယီ၏ အာရုံကို ဖမ်းစားသွားခဲ့သည်။
ရှောင်းယီသည် ပတ်ဝန်းကျင်ရှိ အရိုးစုများကို ရှင်းလင်းလိုက်ပြီးနောက် မြေပြင်ပေါ်မှ ကျိုးကြေသွားသော ဦးခေါင်းခွံတစ်ခုကို ကောက်ယူကာ မဟာမိတ် အနောက်ဘက်ကျွန်းဆီသို့ အလျင်အမြန်ပြန်လာခဲ့လိုက်သည်။ အရိုးစုများသည် ရှောင်းယီကို အမီမလိုက်နိုင်ခဲ့ကြဘဲ ကျွန်းပေါ်သို့ ချောမွေ့စွာ ပြန်လည်ရောက်ရှိလာခဲ့သည်။
“သူတို့ကို ရှင်းပစ်လိုက်တော့။”
ရှောင်းယီက ညွှန်ကြားလိုက်သည်။
သေနတ်သံများအပြီးတွင် အရိုးစုအားလုံး အသတ်ခံလိုက်ရ၏။ ထို့နောက် ကျန်းယွင်ထျန်းက ရှောင်းယီလက်ထဲမှ ဦးခေါင်းခွံကို ကြည့်ကာ မေးလိုက်သည်။
“ဒါကို ဘာလို့ယူလာတာလဲ။ နောက်ထပ် စမ်းသပ်ဖို့လား။”
“စမ်းသပ်ဖို့တင် မဟုတ်ဘူး။ ဒီဟာကြောင့်လည်း ပါတယ်။”
ရှောင်းယီသည် ဦးခေါင်းခွံအတွင်းရှိ တလက်လက်တောက်ပနေသော ပုံဆောင်ခဲတစ်ခုကို ညွှန်ပြလိုက်၏။
ကျန်းယွင်ထျန်း သေချာကြည့်လိုက်ရာ အမှန်တကယ်ပင် နက်မှောင်သော စိမ်းပြာရောင် ပုံဆောင်ခဲတစ်ခု ရှိနေခဲ့လေသည်။
“ဒါက ဘာလဲ။”
ကျန်းယွင်ထျန်း စပ်စုလိုက်မိ၏။
ရှောင်းယီ ခေါင်းမခါမီမှာပင် စနစ်ဆီမှ အသိပေးချက် ထွက်ပေါ်လာခဲ့လေသည်။
“ရရှိသော အရင်းအမြစ် - ဝိညာဉ်ပုံဆောင်ခဲ ( S အဆင့်) ၁။”
“နှစ်ဆရိတ်သိမ်းမှုကို အသက်သွင်းလိုက်ပါပြီ။ ရရှိသော အရင်းအမြစ်- ဝိညာဉ်ပုံဆောင်ခဲ (S အဆင့်) ၂။”
“ဝိညာဉ်ပုံဆောင်ခဲ (S အဆင့်): နက်မှောင်သော စိမ်းပြာရောင်ဖြစ်ပြီး မသေမျိုးတို့၏ စွမ်းအင်များ ပါဝင်သည်။ အသက်ရှင်ကျန်ရစ်သူများ စုပ်ယူနိုင်သော်လည်း နောက်ဆက်တွဲ ဆိုးကျိုးများ ရှိလိမ့်မည်။ သတိထား၍ အသုံးပြုပါ။”
“ဒါကို ဝိညာဉ်ပုံဆောင်ခဲလို့ ခေါ်တယ်။ မသေမျိုးတိုင်းမှာ ရှိ၊ မရှိတော့ ငါ မသိဘူး။ ဒီထဲမှာ ငါတို့ စုပ်ယူနိုင်တဲ့ စွမ်းအင်တွေ ပါပေမဲ့ စုပ်ယူပြီးရင်တော့ ဆိုးကျိုးတွေ ရှိလိမ့်မယ်။”
ရှောင်းယီက ရှင်းပြလိုက်၏။ တစ်ချိန်တည်းမှာပင် သူ ပဟေဠိလည်း ဖြစ်နေခဲ့မိသည်။
“စုပ်ယူမိရင် ဆိုးကျိုးရှိတယ်ဆိုမှတော့ ဒါတွေက ဘာလို့ ထွက်လာတာလဲ။ ကမ္ဘာ့စည်းမျဉ်းတွေက လုံးဝ အသုံးမဝင်တဲ့အရာကိုတော့ စီစဉ်ထားမှာ မဟုတ်ဘူး မဟုတ်လား။”
“ဒီလိုဟာမျိုးလည် ရှိသေးတယ်လား။ ကိစ္စတွေက ပိုပိုပြီး ထူးဆန်းလာနေပြီ။ ကျွန်းပိုင်ရှင် ငါတို့ လက်နက်တွေ အကုန်ပြင်ထားပြီးပြီ။ စမ်းသပ်မှု စတော့မလား။”
ကျန်းယွင်ထျန်း မေးလိုက်သည်။
“အင်း စမ်းကြည့်ကြရအောင်။”
ရှောင်းယီ ခေါင်းငြိမ့်ပြလိုက်၏။
ထို့နောက် ကျန်းယွင်ထျန်းသည် လက်နက်များကို ယူဆောင်ကာ ကျွန်းထဲသို့ ဝင်သွားခဲ့ကြသည်။ အရိုးစုများ ထွက်ပေါ်လာသောအခါ ကျန်းယွင်ထျန်းသည် ဦးစွာ C အဆင့်ဓားကောက်ဖြင့် ခုတ်ကြည့်လိုက်သော်လည်း ၎င်းတို့ကို လုံးဝ မထိခိုက်စေခဲ့ပေ။
သူ့အနား ကပ်လာသော အရိုးစုကို သေနတ်ဖြင့် ပစ်သတ်လိုက်ပြီးနောက် B အဆင့် ဓားတစ်လက်ကို ဆွဲထုတ်ကာ နောက်ထပ် အရိုးစုတစ်ခုကို ခုတ်ဖြတ်လိုက်ပြန်သည်။ အကာအကွယ်ကို မထိုးဖောက်နိုင်သေးပေ။
ထို့နောက် A အဆင့်လှံဖြင့် အရိုးစု၏ မျက်လုံးတွင်းသို့ တိုက်ရိုက် ထိုးသွင်းလိုက်ရာ ဦးခေါင်းခွံအနောက်အထိ ဝင်ရောက်သွားခဲ့တော့လေသည်။
ခရက်...
အရိုးအက်သံ အနည်းငယ် ထွက်ပေါ်လာခဲ့ရာ A အဆင့်လက်နက်များသည် အရိုးစုများကို အနည်းငယ် ထိခိုက်စေနိုင်သော်လည်း ထိရောက်မှု သိပ်မရှိသေးကြောင်း ပြသနေခဲ့သည်။
နောက်ဆုံးတွင် သူသည် S အဆင့်လေးနှင့် မြားကို ထုတ်ယူလိုက်တော့သည်။ ထို့နောက် သူသည် မြားတစ်ချက်တည်းဖြင့်ပင် အရိုးစု၏ ဦးခေါင်းကို အပိုင်းပိုင်းပြတ်သွားအောင် ပစ်ခတ်နိုင်ခဲ့သည်။
ထိုစမ်းသပ်မှုကို ကြည့်ရှုပြီးနောက် ရှောင်းယီက ပြောလိုက်သည်။
“ဒီအရိုးစုတွေကို လက်နက်အေးတွေနဲ့ တိုက်ခိုက်တဲ့အခါ အဆင့်ပေါ်မှာ မူတည်နေပုံရတယ်။ တစ်ဆင့်နိမ့်ရင် ဒဏ်ရာရစေနိုင်ပြီး အဆင့်တူ ဒါမှမဟုတ် ပိုမြင့်ရင်တော့ အလွယ်တကူ ထိခိုက်စေနိုင်တယ်။”
ကျန်းယွင်ထျန်းကလည်း သဘောတူဟန်ဖြင့် ခေါင်းငြိမ့်လိုက်သည်။
“စောစောက ငါ တိုက်ခိုက်နေရင်း သေချာကြည့်ခဲ့တယ်။ အရိုးစုတိုင်းမှာ ကျွန်းပိုင်ရှင်လက်ထဲကလို ဝိညာဉ်ပုံဆောင်ခဲတွေ မရှိဘူး။”
“ဟုတ်တယ်။ ဒါကို အရင်ဆုံး ဓာတ်ခွဲခန်းကို ပို့ထားလိုက်မယ်။ စက်ရုပ်တွေကို ဒါကို လေ့လာခိုင်းရမယ်။”
“ကောင်းပါပြီ။”
ထို့နောက် ရှောင်းယီသည် မြို့ပြန်ကျောက်ကို အသုံးပြုကာ ဗီလာသို့ ပြန်သွားခဲ့ပြီး ဦးခေါင်းခွံအစိတ်အပိုင်းကို ဓာတ်ခွဲခန်းသို့ ပို့ပေးလိုက်လေသည်။
အားလုံးပြီးနောက် သူသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရှေ့တွင် ပြန်ထိုင်ကာ လက်နက်များ ရောင်းချရင်း ယီထျန်းဂရုထဲ၌ လူအများ ဘာတွေ ဆွေးနွေးနေသလဲဆိုသည်ကို ဆက်ကြည့်လိုက်လေသည်။
“ငါတို့ဆီမှာလည်း ဖုတ်ကောင်တွေနဲ့ တွေ့နေရပြီ။ အဲ့ဟာတွေက အရမ်းကြမ်းလွန်းတယ်။ ငါတို့ရဲ့ ရှေးဟောင်း သေနတ်တွေနဲ့ဆို အချက်ပေါင်းများစွာ ပစ်မှ သေတာ။ ဒါပေမဲ့ သူဌေးရဲ့ ပင်ဖိုင်းယားရိုင်ဖယ်နဲ့ဆိုရင်တော့ တစ်ချက်တည်းပဲ။”
“ဟုတ်တယ်။ တော်သေးတာပေါ့ သူဌေးက ပင်ဖိုင်းယားရိုင်ဖယ်တွေ ရောင်းပေးထားလို့။ မဟုတ်ရင် ငါတို့ ထိန်းထားနိုင်မှာ မဟုတ်ဘူး။”
“မတတ်နိုင်ဘူးလေ။ သူဌေးရဲ့ လက်နက်တွေက အဆင့်မြင့်လွန်းတော့ တိုက်ခိုက်ရေးစွမ်းအားကလည်း အလိုလို မြင့်နေတာပေါ့။ ငါတို့ရဲ့ သာမန်သေနတ်တွေက သူဌေးရဲ့ လက်နက်တွေကို မယှဉ်နိုင်ဘူး။”
“မင်းတို့က ဒီမှာ စကားပြောဖို့ အားနေသေးတာလား။ ပင်ဖိုင်းယားရိုင်ဖယ်တွေ မြန်မြန်ဝယ်ကြလေ။ ဒါမှမဟုတ်လည်း ဖုတ်ကောင်သွားသတ်ကြပါလား။”
“အဆင်ပြေပါတယ်။ ငါတို့မှာ ကာကွယ်ရေးအဖွဲ့ရှိတယ်။ ပြဿနာမရှိနိုင်ပါဘူး။”
“ဟားဟားဟား...ကြည့်ကြစမ်း ငါဘာရလာသလဲဆိုတာ။ [ဝိညာဉ်ပုံဆောင်ခဲ] (B အဆင့်) ၁”
“ချီး ဒါက ဘာကြီးလဲ။ တော်တော်အဆင့်မြင့်မယ့်ပုံပဲ။”
“ဒါကို ဖုတ်ကောင်ရဲ့ ဦးနှောက်ထဲမှာ တွေ့ခဲ့တာ။ ငါ အရင်က ဖုတ်ကောင် ဝတ္ထုတွေ၊ ရုပ်ရှင်တွေ ကြည့်ဖူးတော့ သူတို့မှာ ပုံဆောင်ခဲတွေ ရှိတတ်တာ သတိရသွားတယ်လေ။ အဲ့ဒါနဲ့ လူတွေကို ရှာခိုင်းလိုက်တာ။ တကယ်တွေ့လာတာပဲ။ ဟားဟားဟား...ငါက တကယ့်ဂျင်းနီးယပ်ပဲ။”
“ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်မှာတော့ ရှင်းပြချက်တွေ သိပ်မရှိဘူး။ စွမ်းအင်ပါတဲ့ ပုံဆောင်ခဲတစ်မျိုးလို့ပဲ ပြောထားတယ်။ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်က လက်လွတ်စပယ် လုပ်နေသလားပဲ။”
အခြားသူများလည်း ဝိညာဉ်ပုံဆောင်ခဲများကို တွေ့ရှိနေသည်ကို မြင်လိုက်ရသောအခါ ရှောင်းယီက ဂရုထဲတွင် အလျင်အမြန်သတိပေးလိုက်သည်။
“အဲ့ဒါက စွမ်းအင်ရှိတယ်ဆိုပေမဲ့ မစုပ်ယူကြနဲ့ဦး။ ဒါက မသေမျိုးတွေရဲ့ ဝိညာဉ်ပုံဆောင်ခဲ ဖြစ်တဲ့အတွက် ငါတို့ စုပ်ယူလိုက်ရင် နောက်ဆက်တွဲ ဆိုးကျိုးတွေ ရှိလာနိုင်တယ်။”
“အာ... သူဌေးက စျေးရောင်းရင်း ကျောက်တိုင်က စကားဝိုင်းကိုပါ ဖတ်နေတာပဲ။ မိုက်လိုက်တာ။”
အခန်း ၉၂၂ - ဝိညာဉ်ပုံဆောင်ခဲ စမ်းသပ်ချက်နှင့် ဆေးဖော်စပ်မှု အတတ်ပညာများအား သင်ကြားပေးခြင်း
“မင်းတို့ရဲ့ အာရုံစူးစိုက်မှုက တကယ်ထူးဆန်းတာပဲ။ သူဌေးက ဒီဝိညာဉ်ပုံဆောင်ခဲကို စုပ်ယူလို့ရမှန်း ဘယ်လိုသိတာလဲဆိုတာကို ပိုပြီးစိတ်ဝင်စားသင့်တာ မဟုတ်ဘူးလား။ သူကိုယ်တိုင် စမ်းသပ်ကြည့်ထားတာလား။”
“ဟုတ်သားပဲ။ သူဌေးက အရာအားလုံးကို သိနေသလိုပဲ။ တကယ့်ကို အံ့သြဖို့ကောင်းတယ်။”
လူတိုင်း၏ ဆွေးနွေးမှုများကို ကြည့်ရှုပြီးနောက် ရှောင်းယီက ဆက်ပြောလိုက်သည်။
“ကျုပ်ကိုယ်တိုင်တော့ မစုပ်ယူရသေးပါဘူး။ ဒါပေမဲ့ ဒါက ကျုပ်ရထားတဲ့ သတင်းအချက်အလက်ပဲ။ အကယ်၍ မင်းတို့ စမ်းကြည့်ချင်တယ်ဆိုရင်တော့ ဖြစ်လာမယ့် နောက်ဆက်တွဲ အကျိုးဆက်တွေကို တာဝန်ယူနိုင်သရွေ့ စမ်းကြည့်လို့ရတယ်။”
“ကျုပ်တို့ မဝံ့ရဲပါဘူး။ သူဌေးသာ ဘာမှမပြောဘူးဆိုရင် ကျုပ်တို့က ဒီလိုဟာမျိုးကို စုပ်ယူဖို့ စိတ်ကူးတောင် ယဉ်မိမှာမဟုတ်ဘူး။”
“ဟုတ်တယ်။ အခု သူဌေး ပြောလိုက်တော့မှ ကျုပ် စမ်းကြည့်ချင်စိတ်တွေ တဖွားဖွား ဖြစ်လာမိပြီ။။”
“ဒါဆိုရင်လည်း စမ်းကြည့်လိုက်လေ။ ဘာကိုကြောက်နေတာလဲ။”
“စမ်းမှာပေါ့။ အရင်ဆုံး စမ်းသပ်ဖို့အတွက် ဂင်းနီဝက်တစ်ကောင်လောက် အရင်ရှာလိုက်ဦးမယ်။”
“ချီး... မင်းက တကယ့်ကို ကလိမ်ကကျစ်ကောင်ပဲ။ မင်းရဲ့ လက်အောက်ငယ်သားတွေအတွက်တော့ ငါ တကယ် စိတ်မကောင်းဘူး။”
“ဝှက်သယ်ဟဲလ်...။ ငါက ဂင်းနီဝက်နဲ့ စမ်းသပ်မှာလေ။ အဲဒါက ဘယ်လိုလုပ်ပြီး ကောက်ကျစ်တယ် ဖြစ်သွားရတာလဲ။”
“မင်းရဲ့ကျွန်းမှာ ဂင်းနီဝက်တွေ ရှိလို့လား။”
“ရှိတာပေါ့။ တိရစ္ဆာန်လေးတွေ အများကြီးကို စမ်းသပ်မှုအတွက် သုံးလို့ရတာပဲလေ။”
“မင်းက တကယ် ရက်စက်တာပဲ။”
“ချီး... ငါ ဘာပြောပြော မင်းတို့က အကောင်းကိုမမြင်ဘူး မဟုတ်လား။”
“အမှန်ပဲလေ။ ဂင်းနီဝက်လေးတွေက ဒီလောက် ချစ်စရာကောင်းတာကို ရှင်က စမ်းသပ်ဖို့ ဘယ်လိုများ ရက်စက်နိုင်ရတာလဲ။”
“လူသားမျိုးနွယ် တိုးတက်ဖို့နဲ့ ငါတို့ ပိုမိုကောင်းမွန်စွာ ရှင်သန်နိုင်ဖို့အတွက် ငါ သူ့ကို ကောင်းကောင်းမွန်မွန် သင်္ဂြိုဟ်ပေးပါ့မယ်။”
ရှောင်းယီသည်လည်း လူသားများ ထိုဝိညာဉ်ပုံဆောင်ခဲများကို စုပ်ယူလျှင် ဖြစ်ပေါ်လာမည့် ဘေးထွက်ဆိုးကျိုးများကို အနည်းငယ် စပ်စုချင်သော်လည်း သူ၏ လူများကိုတော့ စမ်းသပ်မှုအတွက် အသုံးချမည် မဟုတ်ပေ။ သူ၏ ဓာတ်ခွဲခန်းက သုတေသနရလဒ်များကို သေချာပေါက် ထုတ်ပေးနိုင်လိမ့်မည်ဟု သူ ယုံကြည်ပေသည်။
ကုန်သွယ်မှုများ ဆက်လက်လုပ်ဆောင်ခဲ့၏။ သုံးနာရီဆက်တိုက် ထုတ်လုပ်ပြီးနောက် ရှောင်းယီသည် နောက်ထပ် တစ်နာရီခန့် အနားယူရန် ရွေးချယ်လိုက်ပြီး ညနေပိုင်းတွင်မှ ဆက်လုပ်ရန် ဆုံးဖြတ်လိုက်လေသည်။
ထို့နောက် ရှောင်းယီ အနည်းငယ် စဉ်းစားလိုက်ပြီး မဟာမိတ်အဖွဲ့၏ တောင်ဘက်ကျွန်းသို့ တည်နေရာကူးပြောင်းသွားလိုက်သည်။ ရှောင်းယီကို မြင်သည်နှင့် စွန်းယောင်က ချက်ချင်းပင် ရှေ့တက်လာကာ နှုတ်ဆက်လာခဲ့သည်။
“ကျွန်းပိုင်ရှင်”
“အင်း မင်းတို့ဘက်မှာ အခြေအနေ ဘယ်လိုရှိလဲ။”
“ဒီဖုတ်ကောင်တွေကို တားဆီးထားဖို့အတွက်တော့ ပြဿနာမရှိပါဘူး။”
စွန်းယောင်က ရိုသေစွာ ပြန်ဖြေလိုက်သည်။ ရှောင်းယီက ခေါင်းငြိမ့်ကာ သူ့နောက်မှလိုက်၍ ရှေ့တန်းသို့ သွားကြည့်လိုက်လေသည်။
အသစ်တည်ဆောက်ထားသော မြို့ရိုးပေါ်တွင် လူတိုင်းသည် အပြင်ဘက်သို့ ဆက်တိုက် ပစ်ခတ်နေကြသည်ကို သူမြင်လိုက်ရ၏။ ဖုတ်ကောင်များသည် အရိုးစုများထက် ပို၍ ဦးဆောင်လှုပ်ရှားမှု ရှိကြသည်။ အရိုးစုများမှာမူ မဟာမိတ်ကျွန်းများသို့ အလိုအလျောက် လာရောက်တိုက်ခိုက်ခြင်း မရှိသော်လည်း ဖုတ်ကောင်များကမူ ကွဲပြား၏။
ဤနေရာတွင် ကာကွယ်ရေး ခိုင်မာနေသည်ကို မြင်သောအခါ ရှောင်းယီက ခဏစဉ်းစားပြီး ပြောလိုက်သည်။
“သွားရအောင်။ မင်းရဲ့ ဆေးဖော်စပ်ခန်းမှာ ခဏထိုင်ကြမယ်။”
“ဟုတ်ကဲ့”
စွန်းယောင်က ချက်ချင်း သဘောတူလိုက်ပြီး ရှောင်းယီကို ဆေးဖော်စပ်ခန်းသို့ ခေါ်ဆောင်သွားလိုက်သည်။
ဆေးဖော်စပ်ခန်းသို့ ရောက်သောအခါ ရှောင်းယီသည် စွန်းယောင်ကို ရူးသွပ်ဆေး ဖော်စပ်ရန်အတွက် လိုအပ်သော ကုန်ကြမ်းများကို ပြင်ဆင်ခိုင်းလိုက်သည်။
“ငါ တစ်ကြိမ်ပဲ ဖော်စပ်ပြမယ်။ သေချာကြည့်ထား။”
ရှောင်းယီက စွန်းယောင်ကို တစ်ချက်ကြည့်ကာ ပြောလိုက်သည်။
“ဗျာ...”
စွန်းယောင် အနည်းငယ် ဇဝေဇဝါ ဖြစ်သွားခဲ့၏။ ရှောင်းယီသည် ယခင်က ရူးသွပ်ဆေး ဖော်စပ်ရာတွင် လာရောက် လမ်းညွှန်ပေးဖူးသော်လည်း ထိုစဉ်က ရှောင်းယီကိုယ်တိုင် လက်တွေ့ မလုပ်တတ်သေးပေ။ ၎င်းသည် ရေကူးမတတ်သော ရေကူးနည်းပြနှင့်ပင် တူနေခဲ့သည်။ သို့သော် ယခုတစ်ကြိမ်တွင် “သေချာကြည့်ထား” ဟု ပြောလိုက်ခြင်းမှာ ဘာကို ဆိုလိုသနည်း။
ကျွန်းပိုင်ရှင်က လက်တွေ့ကျွမ်းကျင်မှုကို တိတ်တဆိတ် လေ့လာပြီးသွားပြီလား။
ထိုသို့ပြောပြီးနောက် ရှောင်းယီသည် ဘေးတွင် ကြောင်တောင်တောင် ဖြစ်နေသော စွန်းယောင်ကို ဂရုမစိုက်တော့ဘဲ တင်ပျဉ်ခွေထိုင်ကာ စိတ်ကို တည်ငြိမ်အောင် ထားလိုက်၏။ ဖြည်းဖြည်းချင်းပင် ရှောင်းယီ၏ ပတ်ဝန်းကျင်ရှိ လေထုတစ်ခုလုံး ပြောင်းလဲသွားသည်ကို စွန်းယောင် သတိပြုမိလိုက်လေသည်။
ထိုအချိန်တွင် ရှောင်းယီသည် မျက်လုံးပြန်ဖွင့်ကာ ဆေးဖော်စပ်ခြင်း လုပ်ငန်းစဉ်ကို စတင်လိုက်တော့သည်။
သူ၏ လှုပ်ရှားမှုများသည် အဟန့်အတားမရှိ ချောမွေ့စွာ စီးဆင်းနေပြီး တုံ့ဆိုင်းမှု အလျဉ်းမရှိပေ။ တစ်ချိန်တည်းမှာပင် ကုန်ကြမ်းများ ထည့်သည့် အချိန်နှင့် ပမာဏမှာလည်း အပြစ်ပြောစရာမရှိအောင် ပြည့်စုံလွန်းလှပေသည်။ စွန်းယောင်မှာ မည်သည့် အားနည်းချက်ကိုမျှ ရှာမတွေ့နိုင်ခဲ့ပေ။
သူ၏ ဆေးဖော်စပ်မှု လုပ်ငန်းစဉ်နှင့် လှုပ်ရှားမှုများသည် အနည်းငယ် အကြမ်းဆန်နေသေးသော်လည်း ရှောင်းယီ၏ လှုပ်ရှားမှုများသည် ယခုအခါ အလွန် သဘာဝကျပြီး မွေးရာပါ ပြီးပြည့်စုံမှု ရှိနေသကဲ့သို့ ခံစားနေခဲ့ရလေသည်။
မကြာမီ ဖော်စပ်မှု ပြီးဆုံးသွားခဲ့သည်။ ၎င်းသည် သူတို့ ပုံမှန် အချိန်ပေးရသည်ထက် ထက်ဝက်မျှသာ ကြာသော်လည်း ထွက်လာသော ဆေးလုံးပမာဏမှာမူ သူတို့ထက် နှစ်ဆ ပိုများနေ၏။ စွန်းယောင်သည် ဖော်စပ်ပြီးသား ရူးသွပ်ဆေးများကို ကြည့်လိုက်ရာ သူဖော်စပ်ထားသည်များနှင့် ကွဲပြားနေသည်ကို တွေ့လိုက်ရလေသည်။ ဤဆေးလုံးများပေါ်တွင် မှိန်ပျပျ လျှပ်စီးအလင်းတန်းလေးများ စီးဆင်းနေသကဲ့သို့ပင် ရှိနေခဲ့သည်။
[ရူးသွပ်ဆေး (SSS အဆင့်): အသုံးပြုသူ၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုကို အဆင့်တစ်ဆင့်တိုးမြှင့်ပေးနိုင်သည်။ ဖော်စပ်သူ၏ နည်းစနစ်မှာ ပြည့်စုံပြီး ဆေးဖက်ဝင်ပစ္စည်းများ ပေါင်းစပ်မှုမှာလည်း မျှတသဖြင့် ဆေး၏ အာနိသင်ကို အပြည့်အဝ ရရှိစေသည်။ သောက်သုံးပြီးနောက် နာရီဝက်ခန့် အားအင်ချည့်နဲ့သော ကာလ ရှိလိမ့်မည်။]
ရှောင်းယီ ကိုယ်တိုင် ပထမဆုံးအကြိမ် ဖော်စပ်သော ဆေးလုံးမှာ အဆင့်အမြင့်ဆုံးအဆင့် SSS အဆင့် ဖြစ်နေပြီး သောက်သုံးပြီးနောက် အားနည်းသည့် အချိန်မှာလည်း နာရီဝက်အထိ တိုတောင်းသွားခဲ့သည်။
“မဆိုးဘူး။”
ရှောင်းယီ အသာအယာ ခေါင်းငြိမ့်လိုက်သည်။ ထိုစဉ် စွန်းယောင်က ထိုဆေးလုံးကို ကြည့်ပြီး မေးလိုက်သည်။
“ကျွန်းပိုင်ရှင် ဒီဆေးလုံးက အနည်းဆုံး A အဆင့်တော့ ရှိမှာပဲ ဟုတ်တယ်မလား။”
ရှောင်းယီက ပြုံးလိုက်၏။
“ဒါက SSS အဆင့်ပဲ။”
“ဘာ...SSS အဆင့် ဟုတ်လား။”
စွန်းယောင် တုန်လှုပ်သွား၏။ ရူးသွပ်ဆေးကို အမြင့်ဆုံးအဆင့်အထိ ဖော်စပ်နိုင်လိမ့်မည်ဟု သူ တစ်ခါမျှ မတွေးခဲ့ဖူးပေ။ စွန်းယောင်နှင့် ဝေပေါ်တို့ ပူးပေါင်းဖော်စပ်ခဲ့စဉ်ကပင် အကောင်းဆုံးအဆင့်မှာ C အဆင့်သာ ဖြစ်ပြီး SSS နှင့် အလှမ်းဝေးလွန်းလှပေသည်။
“ကျွန်းပိုင်ရှင် ဒါကို ဘယ်လိုလုပ်လိုက်တာလဲ။”
စွန်းယောင်က သူ၏အံ့သြမှုကို ထိန်းချုပ်ရင်း မေးလိုက်သည်။
“ငါ ဆေးဖော်စပ်နည်းစာအုပ်တစ်အုပ် ရထားလို့ စမ်းကြည့်လိုက်တာ။ ရလဒ်က ဒီလောက်အထိ ကောင်းလိမ့်မယ်လို့ မထင်ထားမိဘူး။”
အမှန်စင်စစ် ရှောင်းယီ၏ ဆေးဖော်စပ်မှု အတတ်ပညာမှာ တာအိုကျမ်းစာမှ သင်ယူခဲ့ခြင်းဖြစ်သည်။ ထိုအခါ စွန်းယောင်သည် ချက်ချင်း ဒူးထောက်လိုက်ကာ တောင်းဆိုတော့သည်။
“ကျုပ်ကိုလည်း သင်ကြားပေးပါ ကျွန်းပိုင်ရှင်။”
ရှောင်းယီက သူ့ကို ထူပေးလိုက်၏။
“အဲ့ဒါကြောင့်ပဲ ငါ အခု ဒီကို ရောက်လာတာပေါ့။ ငါလုပ်တာကို မင်းတစ်ခါ မြင်ပြီးသွားပြီ။ မင်းမှာ သိချင်တဲ့ မေးခွန်းတွေရှိရင် အခု မေးတော့။”
စွန်းယောင်က ခေါင်းငြိမ့်ကာ ဆေးဖော်စပ်မှုအတွင်း သူကြုံတွေ့ခဲ့ရသော အခက်အခဲများကို ရှောင်းယီအား တစ်ခုချင်း မေးမြန်းလေတော့သည်။ ရှောင်းယီကလည်း သူ့ကို အသေးစိတ် ရှင်းပြပေးခဲ့၏။
စွန်းယောင်သည် ရုတ်တရက် အရာအားလုံးကို နားလည်သွားသကဲ့သို့ ခံစားလိုက်ရသည်။
“မင်းမှာ အခု သီအိုရီပိုင်းဆိုင်ရာ ပြဿနာ မရှိတော့ပေမဲ့ ဆေးလုံးဖော်စပ်ခြင်းက မင်းရဲ့ အဆီအနှစ်၊ ချီနဲ့ စိတ်စွမ်းအားတို့ တသားတည်း ကျဖို့ လိုအပ်တယ်။ အဲ့ဒါကြောင့် မင်းက ဆရာဝန်တစ်ယောက် ဖြစ်နေရင်တောင် မင်းရဲ့ ခန္ဓာကိုယ် ကြံ့ခိုင်မှုကို မြှင့်တင်ဖို့ လိုအပ်တယ်။”
ရှောင်းယီက နိဂုံးချုပ်အနေဖြင့် ပြောလိုက်သည်။
“ကျွန်းပိုင်ရှင်ရဲ့ သင်ကြားမှုကို ကျုပ် မှတ်သားထားပါ့မယ်။”
စွန်းယောင်က ရိုသေစွာ ပြောလိုက်သည်။
“အင်း...ကျန်တာကတော့ မင်းအပေါ်မှာပဲ မူတည်တယ်။ မင်းရဲ့ ကြံ့ခိုင်မှုကို မြှင့်တင်ပြီး ဆေးဖော်စပ်နည်းတွေကို လေ့ကျင့်ပါ။”
ရှောင်းယီ မတ်တပ်ရပ်ရင်း ပြောလိုက်သည်။
“ဟုတ်ကဲ့။”
ရှေးစကားရှိသည် မဟုတ်လား...။ ဆရာက တံခါးဝအထိ လမ်းပြပေးနိုင်သော်လည်း ကျင့်ကြံအားထုတ်မှုကတော့ မိမိအပေါ်တွင်သာ မူတည်သည်။ ကျန်ရှိသော လမ်းစဉ်ကို စွန်းယောင်ကိုယ်တိုင် လျှောက်လှမ်းရမည်ဖြစ်၏။
ရှောင်းယီသည် SSS အဆင့် ရူးသွပ်ဆေးလုံးများကို ယူဆောင်ကာ ထွက်ခွာလာခဲ့သည်။ သူ ဗီလာသို့ ပြန်ရောက်သောအခါ ညစာကို အမြန်စားပြီး ကျောက်တိုင်ရှေ့တွင် လက်နက်များ ဆက်လက် ရောင်းချလိုက်လေသည်။
ယီထျန်းဂရုထဲ၌ စမ်းသပ်မှု ပြုလုပ်ခဲ့သူမှာလည်း ရလဒ်ကို စတင် အစီရင်ခံနေပြီဖြစ်သည်။
“ငါ အဲဒီဝိညာဉ်ပုံဆောင်ခဲကို ယုန်တစ်ကောင်ကို ကျွေးလိုက်တယ်။ ဘာဖြစ်သွားလဲဆိုတာ ခန့်မှန်းကြည့်ကြစမ်း။”
“ယုန်လေးတွေက အရမ်းချစ်စရာကောင်းတာကို။ မင်းက ဘယ်လိုလုပ် ယုန်လေးနဲ့ စမ်းသပ်ရတာလဲ။ ယုန်လေးခင်ဗျာ သနားစရာပဲ ဟီးဟီးဟီး။”
“ငါ အဲ့ဒီ တဟီးဟီးအော်နေတဲ့ ကောင်တွေကို တစ်ချက်စီ ထိုးပစ်ချင်လာပြီ။ မြန်မြန်ပြောပါဦး ရလဒ်ကို။ ဟိုကောင်တွေကို ဂရုမစိုက်နဲ့။ ငါဆို ဒီည ယုန်ခေါင်းချက်စားမှာ။”
“ယုန်က ရူးသွားတယ်။ သူ့ရဲ့မျက်လုံးတွေက သွေးနီရောင်ဆိုးထားသလို နီရဲလာပြီး တွေ့တဲ့သူမှန်သမျှကို လိုက်ကိုက်တော့တာပဲ။”
“ငါ ကြောက်ကြောက်နဲ့ မေးပါရစေ။ အဲဒီဝိညာဉ်ပုံဆောင်ခဲကို အရိုးစုဆီက ရတာလား၊ ဖုတ်ကောင်ဆီက ရတာလား။”
“ဖုတ်ကောင်ဆီကလေ။ စောစောက ပြောပြီးသားပဲ မဟုတ်ဘူးလား။”
“မင်း အဲဒီယုန်ကို တခြားသတ္တဝါတွေကို ကိုက်ခိုင်းမိသေးလား။”
“မကိုက်မိပါဘူး။ မင်းက ဘာကို ဆိုလိုချင်တာလဲ။”
“ငါ စိုးရိမ်တာက အဲဒီယုန်က ဖုတ်ကောင်အသွင် ပြောင်းသွားမှာကိုပဲ။ အကယ်၍ အဲ့လိုသာ တကယ်ဖြစ်လာခဲ့ရင် မင်းတို့ မဟာမိတ်အဖွဲ့တော့ ဒုက္ခရောက်ပြီ။”
“ဘာ... မင်းက ငါတို့ မဟာမိတ်အဖွဲ့ထဲမှာ ဖုတ်ကောင်ဗိုင်းရပ်စ် ကူးစက်မှုကြီး ဖြစ်သွားနိုင်တယ်လို့ ပြောချင်တာလား။”