← Chapters

အခန်း (၉၂၅-၉၂၆)

Vol. 76 Ch. 925-926

အခန်း (၉၂၅-၉၂၆)

Vol. 76 Ch. 925-926

အခန်း ၉၂၅ - အားလုံးတွင် ခဲယမ်းမီးကျောက် ပြတ်လပ်နေခြင်းနှင့် လက်နက်အေးများ၏ ဒုတိယနွေဦး

“နေထွက်လာလို့လား။”

ရှောင်းယီက ခန့်မှန်းကြည့်လိုက်သည်။

ထိုမသေမျိုးသတ္တဝါများသည် ယန်လောကနှင့် မသက်ဆိုင်သင့်ပေ။ အထူးသဖြင့် အဆုံးစွန်သော အလင်းနှင့် ယန်စွမ်းအင်ရှိသည့် နေမင်းနှင့် ရင်ဆိုင်ရပါက သွေးစုပ်ဖုတ်ကောင်များကဲ့သို့ပင် သူတို့ သက်တောင့်သက်သာ ရှိမည်မဟုတ်ပေ။

မသေမျိုးတို့၏ တိုက်ခိုက်မှု ရပ်တန့်သွားသော်လည်း အသက်ရှင်ကျန်ရစ်သူများ အားလုံးမှာ သတိကို လုံးဝ မလျှော့ရဲကြပေ။ သူတို့သည် မသေမျိုးများကို အကုန်သတ်ဖြတ်နိုင်ခဲ့ခြင်း မဟုတ်ဘဲ ထိုသတ္တဝါများသည် အချိန်မရွေး ပြန်လည်ပေါ်ပေါက်လာနိုင်ကြောင်း ထင်ရှားနေပေသည်။

ယီထျန်းဂရုထဲတွင် လူတိုင်းသည် ရှောင်းယီအား လက်နက်ခဲယမ်းများ ပိုမိုရောင်းချပေးရန် အဆက်မပြတ် တောင်းဆိုနေကြဆဲပင်။

“သူဌေးရေ... အမြန်ထွက်လာပြီး တစ်ခုခုပြောပါဦး။ ကျုပ်တို့ အားလုံး သူဌေးရဲ့ ကျည်ဆန်တွေကို စောင့်နေကြပါတယ်။”

“ဟုတ်တယ် သူဌေး။ နောက်ဆုံးမှာ ကျုပ်တို့ ဒူးလေးတွေ၊ လေးနဲ့မြားတွေတောင် သုံးလိုက်ရတယ်။ ဒါပေမဲ့ ဒူးလေးတွေက သူတို့ရဲ့ အကာအကွယ်ကို လုံးဝ မထိုးဖောက်နိုင်ဘူး။”

“ဟူး... ဒီမသေမျိုးတွေရဲ့ အခွံက အရမ်းမာတယ်။ အပူစွမ်းအင်သုံး လက်နက်တွေ မပါဘဲ သူတို့ကို ကိုင်တွယ်ဖို့ဆိုတာ ခက်ခဲလွန်းတယ်။”

ထိုစကားများကို မြင်သောအခါ ရှောင်းယီက ဂရုထဲတွင် ချက်ချင်း အကြောင်းပြန်လိုက်သည်။

“ကျုပ်တို့ မဟာမိတ်အဖွဲ့လည်း အရမ်းပြင်းထန်တဲ့ တိုက်ခိုက်မှုကို ကြုံခဲ့ရတာမို့လို့ အခုလောလောဆယ် ကျည်ဆန်တွေ ပြတ်လပ်နေပါတယ်။ အဲ့ဒါကြောင့် အပြင်ကို ရောင်းချပေးဖို့ မဖြစ်နိုင်သေးတာကို နားလည်ပေးကြပါ။”

အခြားသူများသည် ရှောင်းယီ၏ အကြောင်းပြန်စာကို မြင်သောအခါ တစ်ယောက်ပြီးတစ်ယောက် အော်ဟစ်ညည်းညူကြတော့သည်။

“သူဌေး... အဲ့လိုမလုပ်ပါနဲ့။ ကျုပ်တို့ကို စွန့်ပစ်တော့မလို့လား။”

“သူဌေးရဲ့ လက်နက်တွေ မပါဘဲ နောက်ထပ်လာမယ့် မသေမျိုးလှိုင်းကို ကျွန်တော်တို့ ဘယ်လို ခုခံနိုင်မှာလဲ။”

“သွားပြီ... ငါတို့တော့ ကျွန်းခွဲတွေကို စွန့်လွှတ်ဖို့ ပြင်ထားရတော့မယ်။”

“မင်းတို့ကလည်း ဘယ်လောက်တောင် အသုံးမကျလိုက်လဲ။ ကျည်ဆန်မရှိတာနဲ့ပဲ တိုက်ပွဲမဝင်တတ်တော့ဘူးလား။ ငါတို့ ဒီနေရာကို ဘယ်လိုရောက်လာလဲဆိုတာ ပြန်စဉ်းစားကြည့်ကြဦး။ အစတုန်းကဆို အပူစွမ်းအင်သုံး လက်နက်တွေ မပြောနဲ့၊ လေးနဲ့မြားတောင် မရှိဘူး။ အဲဒီတုန်းက လှံတွေနဲ့ပဲ ပင်လယ်သတ္တဝါတွေကို တိုက်ခဲ့ကြတာ မဟုတ်ဘူးလား။”

“အတိအကျပဲ။ အခု လက်နက်တွေ အများကြီး ရှိနေပါလျက်နဲ့ ကျည်ဆန်မလောက်တာလေးနဲ့တင် လက်လျှော့ချင်နေကြတယ်။ မင်းတို့ ကျွန်းခွဲတွေ ဆုံးရှုံးရတာ ထိုက်တန်တယ်ကွ။”

“လူတွေလည်း ဒီလောက်များ၊ လက်နက်တွေလည်း ဒီလောက်ရှိနေတာကို မီတာ ၁၀၀ တောင်မရှိတဲ့ ကာကွယ်ရေးစည်းကို မထိန်းနိုင်ဘူးဆိုတာ ငါတော့ မယုံနိုင်ဘူး။”

ရှောင်းယီသည် လူတိုင်း၏ ဆွေးနွေးမှုကို ကြည့်ရှုကာ ထပ်မံ ပြောကြားလိုက်သည်။

“ကျုပ်တို့ မဟာမိတ်အဖွဲ့က အရင်က စမ်းသပ်မှုတွေ လုပ်ခဲ့တယ်။ ဒီမသေမျိုးတွေကို ထိခိုက်စေဖို့ ဒါမှမဟုတ် သူတို့ရဲ့ အကာအကွယ်ကို ထိုးဖောက်ဖို့ဆိုရင် သူတို့ရဲ့ အဆင့်ထက် အနည်းဆုံး တစ်ဆင့်နိမ့်တဲ့ လက်နက်အေးတွေကို သုံးရမယ်။ ဥပမာ ခင်ဗျားတို့ဘက်မှာရှိနေတဲ့ မသေမျိုးက A အဆင့်ဆိုရင် သူတို့ကို ထိခိုက်ဖို့ အနည်းဆုံး B အဆင့်လက်နက်အေးကို သုံးရမယ်။ အပူစွမ်းအင်သုံး လက်နက်တွေကတော့ အမြဲတမ်းလိုလို ထိခိုက်စေနိုင်ပါတယ်။”

“ကောင်းလိုက်တာ။ ကျေးဇူးတင်ပါတယ် သူဌေး။ ကျုပ်တို့ အခုချက်ချင်း အဆင့်မြင့် လက်နက်အေးတွေ သွားစုဆောင်းလိုက်မယ်။”

“ကြည့်စမ်း... သူဌေးက ကျည်ဆန်တွေ အများကြီး ရှိနေတုန်းကတည်းက ရန်သူကို လက်နက်အေးနဲ့ ဘယ်လိုသတ်ရမလဲဆိုတာ စမ်းသပ်ဖို့ စဉ်းစားထားခဲ့တယ်။ အဲ့ဒါကြောင့်လည်း သူဌေးက ဒီလောက်အထိ တိုးတက်နေတာပေါ့။ ပွင့်ပွင့်လင်းလင်း ပြောရရင် မင်းတို့ကို Cheat တွေ ပေးရင်တောင် သေချာ သုံးတတ်ပါ့မလားပဲ။”

“အမှန်ပဲ။ ငါတို့က သူဌေးရဲ့ Cheat တွေအပေါ် အရမ်းအားကိုးနေမိပြီ။ ဒီနေ့ကစပြီး ငါလည်း ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်ရမယ်။”

“စကားပြောမနေကြနဲ့တော့။ ငါတော့ ရှက်လွန်းလို့ မျက်နှာတောင် ဘယ်နားထားရမလဲ မသိတော့ဘူး။ ငါသာ Cheat တွေ ရထားရင် အခုထိ ကျည်ဆန်လုပ်ဖို့နဲ့ပဲ အလုပ်ရှုပ်နေဦးမှာ။ လက်နက်အေးတွေနဲ့ စမ်းသပ်ဖို့ကို လုံးဝ စဉ်းစားမိမှာ မဟုတ်ဘူး။”

“အေးလေ ဘယ်သူက စဉ်းစားမိမှာလဲ။ အပူစွမ်းအင်သုံး လက်နက်တွေ ရှိနေမှတော့ ဘယ်သူက လက်နက်အေး သုံးချင်တော့မှာလဲ။”

“ဒါပေမဲ့ အဲ့ဒီလက်နက်တွေက ကန့်သတ်ချက် ရှိတယ်။ ကျည်ဆန်သာ ကုန်သွားရင် ငါတို့လက်ထဲက လက်နက်တွေက တုတ်တစ်ချောင်းထက်မပိုတော့ဘူး။”

“ကဲ စကားစ ဖြတ်ကြရအောင်။ ဘယ်သူ့ဆီမှာ A အဆင့် ဒါမှမဟုတ် အဲဒီထက်မြင့်တဲ့ လက်နက်အေးတွေ ရှိလဲ။ ငါ အများကြီး ဝယ်ချင်တယ်။”

“ငါလည်း ဝယ်မယ်၊ ငါလည်း ဝယ်မယ်...။”

ရှောင်းယီ ကျောက်တိုင်၏ ထုတ်လုပ်မှုစာမျက်နှာကို စစ်ဆေးကြည့်လိုက်ရာ သူ့တွင် အဆင့်မြင့် လက်နက်အေးအချို့ ရှိနေသည်ကို တွေ့လိုက်ရသည်။ ဥပမာ လက်မှတ်ထိုးဝင်ရာမှ ရရှိထားသော A အဆင့် သုံးချက်ပစ်လောက်လွှဲစင် ပုံစံခွက်နှင့် ရတနာမြေပုံမှ ရထားသော S အဆင့် ဒူးလေးကြီး၊ S အဆင့် လက်ကိုင်ဒူးလေး ပုံစံခွက်များ ဖြစ်သည်။

ဂရုထဲ၌ လူတိုင်း ထိုအရာများကို အရေးတကြီး လိုအပ်နေသည်ကို မြင်သောအခါ ရှောင်းယီက ထပ်မံပြောကြားလိုက်သည်။

“ကျုပ် A အဆင့် သုံးချက်ပစ် လောက်လွှဲစင်တွေ ထုတ်လုပ်ပေးလို့ရတယ်။ ခင်ဗျားတို့ဆီမှာလည်း အဲ့ဒါတွေ ရှိသင့်တယ်။ လိုအပ်ရင် ကျုပ်ဆီက ထပ်ဝယ်လို့ရသလို S အဆင့် ဒူးလေးကြီးတွေနဲ့ လက်ကိုင်ဒူးလေးတွေကိုလည်း ဝယ်လို့ရတယ်။ ဈေးနှုန်းတွေကတော့ လောက်လွှဲစင် တစ်ခုကို အုတ်မြစ်ကျောက် ၃၀၊ ဒူးလေးကြီး တစ်ခုကို ၅၀ နဲ့ လက်ကိုင်ဒူးလေး တစ်ခုကို ၁၀ ပါ။”

“သူဌေးကတော့ သူဌေးပါပဲ။ ပစ္စည်းကောင်းတွေ အများကြီး ရှိနေတယ်။”

“သူဌေးသာ မပြောရင် ငါ့ကျွန်းပေါ်မှာ လောက်လွှဲစင်တွေ ရှိနေတာတောင် မေ့နေတော့မလို့။”

“ဟုတ်တယ်။ အမြောက်တွေ ရလာကတည်းက လောက်လွှဲစင်တွေက ပစ်ထားလွန်းလို့ ဖုန်တက်နေတာတောင် ကြာပြီ။”

“တကယ်တော့ အခုအချိန်မှာ လောက်လွှဲစင် သုံးရတာ အကောင်းဆုံးပဲ။ ဘာလို့လဲဆိုတော့ အဲဒီမသေမျိုးတွေက အုပ်စုလိုက်ကြီး လာတာလေ။”

“ပြီးတော့ ဒီ S အဆင့် ဒူးလေးကြီးကလည်း သုံးလို့ကောင်းတယ်။ သူက ဧရိယာအလိုက် တိုက်ခိုက်မှု လုပ်နိုင်တယ်။”

“ဟုတ်တယ် မြန်မြန်ဝယ်ထားကြ။ တကယ်တော့ လောက်လွှဲစင်တွေနဲ့ ဒူးလေးကြီးတွေက အကောင်းဆုံးပဲ။ ဘာလို့လဲဆိုတော့ အဲ့ဒါတွေက ကျည်ဆန် ခဏခဏ ဝယ်စရာ မလိုဘူး။ ငါတို့ဘာသာ နေရာမရွေး၊ အချိန်မရွေး ကျည်ဆန် (ခဲလုံး/မြား) တွေကို ထုတ်လုပ်လို့ရတယ်။”

“ဟုတ်တယ်။ ဒီပစ္စည်းတွေရယ်၊ S အဆင့် လက်ကိုင်ဒူးလေးရယ် ရှိရင်တော့ ငါတို့ အခြေအနေ ပြန်ကောင်းလာမှာပါ။”

ထိုလက်နက်အေးများအတွက် တောင်းဆိုမှု များပြားနေသည်ကို ကြည့်ကာ ရှောင်းယီ တွေးလိုက်မိသည်။

“ဒီလက်နက်အေးတွေရဲ့ ဒုတိယမြောက်နွေဦးကာလကို ပြန်ရောက်လာလိမ့်မယ်လို့ ငါ လုံးဝ မထင်ထားခဲ့မိဘူး။”

ထိုစဉ် ရှောင်းယီ၏ ဖုန်းမှ အသံမြည်လာခဲ့သည်။ သူ ကြည့်လိုက်ရာ အမှောင်နတ်သူငယ်ဘုရင်မ ဆာရာထံမှ ဖြစ်နေသည်ကို တွေ့လိုက်ရ၏။

“ဟယ်လို ဘာလို့ ဒီလောက် စောစောကြီး ဖုန်းဆက်တာလဲ။”

ရှောင်းယီက မေးလိုက်သည်။

“ပြီးခဲ့တဲ့ နှစ်ရက်အတွင်း စစ်စခန်းက စစ်သည်တွေ အကုန်လုံး လှုပ်ရှားနေတာ ကျွန်မ သတိထားမိတယ်။ ရှင် အခက်အခဲ တစ်ခုခု ကြုံနေရတာလား။”

“ဟုတ်တယ်။ ငါတို့ အခု ကမ္ဘာ့စစ်မြေပြင်ထဲ ရောက်နေတယ်။ မသေမျိုးကျွန်းတစ်ခုက ငါတို့ကျွန်းနဲ့ လာတိုက်မိနေလို့ သူတို့ကို တားဆီးဖို့ စစ်သည်တွေ အလှည့်ကျ ကင်းစောင့်နေရတယ်။”

ရှောင်းယီက အမှန်အတိုင်း ပြောပြလိုက်သည်။

“ကျွန်မတို့ကိုကျ ဘာလို့ သွားခွင့်မပေးတာလဲ။ ကျွန်မတို့လည်း မဟာမိတ်အဖွဲ့ရဲ့ အစိတ်အပိုင်းတစ်ခုပဲလေ။”

ဆာရာက လေးနက်စွာ ပြောလိုက်၏။ရှောင်းယီ အနည်းငယ် တုံ့ဆိုင်းသွားခဲ့သည်။

“ငါ ဒါကို အစ်ကိုကျန်းနဲ့ တိုင်ပင်ပြီး သူ ဘယ်လို စီစဉ်မလဲဆိုတာ ကြည့်လိုက်မယ်။”

“ကောင်းပါပြီ။ ကျွန်မ စစ်စခန်းမှာ သတင်းစောင့်နေပါ့မယ်။”

ဖုန်းချပြီးသည်နှင့် လူပုဘုရင်က ဖုန်းဆက်လာခဲ့ပြန်သည်။

“အမြောက်သံတွေကလည်း တစ်ညလုံးပဲနော်။”

လူပုဘုရင်က ရယ်ရင်းမောရင်း ပြောလာခဲ့သည်။

“ငါတို့ကိုလည်း ပါဝင်ခွင့် ပေးပါဦး။”

“မဖြစ်နိုင်တာ...ခင်ဗျားတို့ နန်းတော်ထဲကနေ အဲ့ဒီအသံကို ကြားရမှာ မဟုတ်ဘူးထင်တယ်။”

ရှောင်းယီက သံသယဖြင့် ပြောလိုက်သည်။ မဟာမိတ်ကျွန်းခွဲများသည် ပင်မကျွန်းနှင့် အလွန်ဝေးကွာလှပေသည်။

“ငါ ပင်လယ်နားမှာ ရပ်နေတုန်း ကြားလိုက်ရတာပါ။ တိုက်ပွဲက တော်တော် ပြင်းထန်ပုံပဲ။”

လူပုဘုရင်က ဆိုသည်။

“ကောင်းပြီ။ ကျုပ် အစ်ကိုကျန်းနဲ့ ဆွေးနွေးပြီး ခင်ဗျားတို့အတွက် ဘယ်လို စီစဉ်ပေးရမလဲဆိုတာ ကြည့်လိုက်ပါ့မယ်။”

ရှောင်းယီ ပြန်ပြောလိုက်သည်။ ထို့နောက် ရှောင်းယီသည် ကျန်းယွင်ထျန်းထံသို့ ချက်ချင်း ဖုန်းဆက်ကာ နတ်သူငယ်များနှင့် လူပုများ၏ တိုက်ပွဲဝင်လိုသည့် တောင်းဆိုမှုကို ရှင်းပြလိုက်တော့သည်။

ထိုအကြောင်းကို ကြားသောအခါ ကျန်းယွင်ထျန်းက မျက်မှောင်ကျုံ့လိုက်သည်။

“နတ်သူငယ်တွေကတော့ ပြဿနာမရှိပါဘူး။ သူတို့က ငါတို့ရဲ့ လေ့ကျင့်မှုကို ခံယူထားပြီးပြီ။ ဒါပေမဲ့ လူပုတွေကတော့ အဆင်မပြေဘူး။ သူတို့က ငါတို့ရဲ့ လေ့ကျင့်မှုကို မရထားတော့ ငါတို့ရဲ့ ကာကွယ်ရေးစည်းထဲမှာ သူတို့လို အဖွဲ့မျိုးကို ထည့်လိုက်ရင် ပြဿနာတက်ဖို့ လွယ်သွားလိမ့်မယ်။”

ကျန်းယွင်ထျန်း၏ စကားကို ကြားသောအခါ ရှောင်းယီ ခေါင်းငြိမ့်လိုက်သည်။

“ကောင်းပြီ။ နတ်သူငယ်တွေကိုတော့ မင်းပဲ စီစဉ်လိုက်ပါ။ ဒါနဲ့ သမန်းဝံပုလွေတွေကိုလည်း ထည့်လိုက်ဖို့ မမေ့နဲ့။ မဟုတ်ရင် သူတို့လည်း ငါ့ဆီ ဖုန်းဆက်လာမှာ သေချာတယ်။”

“နားလည်ပါပြီ။”

ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်သည်။

“ငါ နောက်သုံးနာရီလောက် နားလိုက်ဦးမယ်။ ကိစ္စတစ်ခုခုရှိရင် ကျန်းရွှဲ့ ကို အရင်ရှာလိုက်ပါ။”

အခန်း ၉၂၆- တိုက်ပွဲဝင်ရန် လျှောက်ထားခြင်းနှင့် လူပုမျိုးနွယ်စုများ စစ်စခန်းသို့ ဝင်ရောက်လိုခြင်း

မသေမျိုးမျိုးနွယ်စု၏ တိုက်ခိုက်မှုကြောင့် ကျန်းယွင်ထျန်းမှာ တစ်ညလုံး မအိပ်ရသေးပေ။

“ကောင်းပြီ။ မင်းရဲ့ဖုန်းကို Call Forwarding (ဖုန်းလွှဲပြောင်းခြင်း) လုပ်ထားလိုက်။ လောလောဆယ် မက်ဆေ့ချ်တွေနဲ့ ဖုန်းခေါ်ဆိုမှုအားလုံးကို အစ်မရွှဲ့ဆီ လွှဲထားလိုက်ပါ။”

ရှောင်းယီက ပြန်ပြောလိုက်သည်။

“အင်း”

ဖုန်းချပြီးနောက် ရှောင်းယီသည် အနည်းငယ် စဉ်းစားပြီးနောက် လူပုဘုရင် ထံသို့ ဖုန်းပြန်ခေါ်လိုက်သည်။

“ဘယ်လိုဖြစ်သွားပြီလဲ။”

လူပုဘုရင်က အလောတကြီး မေးလာခဲ့သည်။

“စိတ်မကောင်းပါဘူး။ အစ်ကိုကျန်းဘက်မှာ လောလောဆယ် လူအင်အား လုံလောက်နေသေးတယ်။ ခင်ဗျားတို့တပ်ဖွဲ့တွေ နောက်ထပ် ခဏလောက် ထပ်နားထားလိုက်ပါဦး။”

ရှောင်းယီက ပြောလိုက်သည်။ လူပုဘုရင်သည် မျက်တောင်ခတ်ရင်း အနည်းငယ် တွေးတောကာ နားလည်သွားခဲ့သည်။

“ကျန်းယွင်ထျန်းက ငါတို့တပ်ဖွဲ့တွေနဲ့ မင်းတို့တပ်ဖွဲ့တွေ ပေါင်းစပ်လို့ မရမှာကို စိုးရိမ်နေတာလား။”

“အဲ့ဒါကလည်း အကြောင်းရင်း တစ်ခုပေါ့။”

ရှောင်းယီက အရှိကိုအရှိအတိုင်း ဝန်ခံလိုက်သည်။

“ဒီတစ်ခေါက် မသေမျိုးတွေရဲ့ တိုက်ခိုက်မှုက တော်တော်ပြင်းထန်တယ်။ အမှားအယွင်း တစ်ချက်လေးတောင် အဖြစ်မခံနိုင်ဘူး။ ဒါကို ခင်ဗျားနားလည်ပေးမယ်လို့ မျှော်လင့်ပါတယ်။”

“နားလည်ပါတယ်။ နားလည်ပါတယ်။”

လူပုဘုရင်၏ လေသံထဲ၌ စိတ်ပျက်မှုများ ပါဝင်နေခဲ့သည်။

“မင်းတို့ရဲ့ တပ်ဖွဲ့တွေကို ငါမြင်ဖူးပါတယ်။ တကယ်ကို ကြောက်စရာကောင်းတယ်။ ဒါပေမဲ့ ငါတို့ လူပုမျိုးနွယ် စစ်သည်တွေကလည်း ပြင်းထန်ပြီး သန်မာကြပါတယ်။”

ရှောင်းယီသည် လူပုဘုရင်၏ စိတ်ပျက်သွားမှုကို ခံစားမိလိုက်သောကြောင့် ထပ်လောင်းပြောလိုက်သည်။

“ဒါဆို ဒီလိုလုပ်ရင်ကော ဘယ်လိုလဲ။ ခင်ဗျားရဲ့တပ်ဖွဲ့တွေကို ကျုပ်တို့ရဲ့ စစ်စခန်းဆီကို တစ်ရက်လောက် လာလည်ဖို့ ခေါ်လာခဲ့ပါလား။”

“သဘောတူတယ်။ လူသားမျိုးနွယ်တွေ ဘယ်လို လေ့ကျင့်သလဲဆိုတာကို ငါတို့လည်း ကြည့်ချင်နေတာ။”

လူပုဘုရင်က ချက်ချင်း သဘောတူလိုက်၏။ ထို့နောက် ရှောင်းယီသည်လည်း ကျန်းရွှဲ့ထံသို့ ဖုန်းခေါ်လိုက်တော့သည်။

“အစ်မရွှဲ့ ပြင်ဆင်ထားလိုက်ပါ။ ကျုပ် လူပုစစ်သည်တွေကို ကြည့်ရှုဖို့ ခေါ်လာခဲ့မယ်။ သူတို့ကို ပုံမှန်လေ့ကျင့်ခန်းတွေပဲ လုပ်ပြလိုက်။”

“ဟုတ်ကဲ့။”

မကြာမီ လူပုဘုရင် ကိုယ်တိုင်ဦးဆောင်၍ သူ၏တပ်ဖွဲ့များကို စစ်စခန်းသို့ ခေါ်ဆောင်လာခဲ့၏။ ရှောင်းယီသည် ထိုနေရာ၌သာ ကြိုတင် စောင့်ဆိုင်းနေလိုက်သည်။

“ခင်ဗျားကိုယ်တိုင် ဦးဆောင်လာလိမ့်မယ်လို့ မထင်ထားမိဘူး။”

ရှောင်းယီက အံ့သြနေဟန်ဖြင့် ပြောလိုက်သည်။

“လူသားတွေရဲ့ လေ့ကျင့်မှုကို ငါကိုယ်တိုင်မြင်ချင်လို့လေ။”

လူပုဘုရင်က ဖြေလိုက်သည်။ ထို့နောက် ရှောင်းယီသည် သူတို့ကို လေ့ကျင့်ရေးကွင်းဆီသို့ ခေါ်ဆောင်သွားလိုက်၏။ ကွင်းပြင်ထဲတွင် တပ်ဖွဲ့တစ်ခုသည် ညီညာဖျတ်လတ်သော အရှိန်အဟုန်၊ တိကျသော အမိန့်နာခံမှုတို့ဖြင့် လေ့ကျင့်နေကြသည်။

“ဒါတွေက ဘာအသုံးကျမှာလဲ။ ငါတို့က စစ်မြေပြင်မှာ အလှအပအတွက် တိုက်ခိုက်နေတာ မဟုတ်ဘူး။”

လူပုအရာရှိတစ်ဦးက လှောင်ပြောင်သလို ပြောလိုက်သည်။ ရှောင်းယီ မျက်ခုံးပင့်လိုက်မိ၏။

“အမိန့်ကို ချက်ချင်းမနာခံနိုင်တဲ့ တပ်ဖွဲ့တစ်ခုက စစ်ကို အောင်နိုင်မယ်လို့ မင်းထင်သလား။”

လူပုအရာရှိသည် ခဏမျှ တိတ်ဆိတ်သွားပြီး ခေါင်းခါပြလိုက်သည်။

“မထင်ပါဘူး။”

“ဒီလို ဖွဲ့စည်းပုံတွေက စည်းကမ်းကို တည်ဆောက်တာပဲ။”

ရှောင်းယီက ဆက်ပြောသည်။ သို့သော် ထိုအရာရှိက မကျေမနပ်ဖြစ်နေဆဲပင်။

“လေ့ကျင့်မှုဆိုတာ တစ်ဦးချင်းစီရဲ့ ခွန်အားအပေါ်မှာပဲ အာရုံစိုက်သင့်တယ်။”

ထိုစဉ်...

“တစ်ဦးချင်းစီရဲ့ ခွန်အား ဟုတ်လား။ နင်ကရော ဘယ်လောက်သန်မာလို့လဲ။”

ကျန်းရွှဲ့က စိန်ခေါ်သည့် လေသံဖြင့် လျှောက်လာခဲ့သည်။ သူမ၏စကားကိုကြားသောအခါ ထိုအရာရှိက နှာခေါင်းရှုံ့လိုက်၏။

“ငါက ငါတို့စစ်တပ်ထဲမှာ လက်ဗလာနဲ့ တိုက်ခိုက်ရာမှာ အတော်ဆုံးပဲ။ မင်း စမ်းကြည့်ချင်လား။”

ကျန်းရွှဲ့က ဟမ့်ခနဲ နှာမှုတ်လိုက်သည်။

“ငါနဲ့ မတိုက်ခင် ငါ့ရဲ့ စစ်သည်တစ်ယောက်ကိုပဲ အရင်နိုင်အောင် တိုက်ကြည့်လိုက်ဦး။ လုံချောင်...”

“ရှိပါတယ်။”

ထိုစဉ် သွယ်လျသန်စွမ်းသော စစ်သည်တစ်ဦး ရှေ့သို့ ထွက်လာခဲ့သည်။

“သူနဲ့ ပြိုင်လိုက်။”

ကျန်းရွှဲ့က ညွှန်ကြားလိုက်သည်။

“ဟုတ်ကဲ့။”

ထို့နောက် လုံချောင်က ထိုလူပုအရာရှိကို ဦးညွှတ်လိုက်၏။

“ကျေးဇူးပြုပြီး လမ်းညွှန်ပေးပါဦး။”

လူပုအရာရှိမှာ ဒေါသထွက်သွားခဲ့သည်။

ငါက အရာရှိတစ်ယောက်ပဲ။ ဒါကို မင်းက သာမန်စစ်သည်တစ်ယောက်နဲ့ ယှဉ်ခိုင်းတယ်ပေါ့ ဟုတ်လား။

“ကောင်းပြီ...။ ငါ သူ့ကို အရင်ခြေမွပြီးမှ မင်းနဲ့ ဆက်တိုက်မယ်။”

ထို့နောက် သူသည် လုံချောင်နှင့် ရင်ဆိုင်ရန် အနေအထားကို ပြင်ဆင်လိုက်၏။

အပြန်အလှန် တစ်ကြိမ်တိုက်ခိုက်ပြီးနောက် လူပုအရာရှိ၏ မျက်နှာအမူအယာ ပျက်ယွင်းသွားခဲ့သည်။ ၎င်းမှာ ကျွမ်းကျင်သူ အချင်းချင်း ထိတွေ့လိုက်သည်နှင့် အဆင့်အတန်းကို သိရှိသွားခြင်း ဖြစ်သည်။

ဤလူက ပျော့ဖတ်ဖတ်မဟုတ်ကြောင်း သူသိလိုက်ရပြီးနောက် အားကုန်သုံးကာ တိုက်ခိုက်တော့လေ။ သို့သော် လုံချောင်၏ အဆင့်ကို သူ မမှီနိုင်ပေ။ လုံချောင်၏ တိုက်ကွက်တိုင်းသည် ပြင်းထန်လှပြီး လူပုအရာရှိမှာ ခုခံနေရုံသာ တတ်နိုင်ခဲ့လေသည်။

ဘုန်း...

လုံချောင်၏ ကန်ချက်တစ်ခုကြောင့် လူပုအရာရှိမှာ လွင့်ထွက်သွားခဲ့သည်။

“မင်း ရှုံးပြီ။”

လုံချောင်က အေးဆေးတည်ငြိမ်စွာ ပြောလိုက်ပြီး တပ်စုထဲသို့ ပြန်ဝင်သွားခဲ့သည်။ ထိုအခါ ကျန်းရွှဲ့က အရှေ့တက်လာကာ မေးလိုက်သည်။

“နင် ငါနဲ့ ထပ်တိုက်ချင်သေးလား။”

သူမသည် အမျိုးသမီးတစ်ဦး ဖြစ်သော်လည်း သူမ၏ လက်အောက်ငယ်သားကပင် ဤမျှ တော်နေလျှင် သူမသည် ပို၍ ကြောက်စရာကောင်းမည်ကို သိလိုက်ရသည်ဖြစ်ရာ လူပုအရာရှိမှာ လက်လျှော့လိုက်တော့သည်။ အမျိုးသမီးတစ်ဦးကို ရှုံးနိမ့်ခြင်းမှာ သူ၏ သိက္ခာအတွက် ပို၍ ဆိုးရွားပေလိမ့်မည်။

လူပုဘုရင်က ၎င်း၏မျက်လုံးများကို မှေးစင်းလိုက်၏။

“မင်းတို့ လူသားတွေရဲ့ လေ့ကျင့်မှုက တကယ်ထူးခြားတာပဲ။”

ရှောင်းယီက ပြုံးလိုက်သည်။

“ကျုပ်တို့မှာ ကျွမ်းကျင်တဲ့ နည်းပြတွေနဲ့ တိုက်ခိုက်ရေး နည်းစနစ်တွေ ရှိတယ်။ ခင်ဗျားတို့က အင်အားနဲ့ တုံ့ပြန်မှုကိုပဲ အားကိုးနေကြတယ်။ အဲ့ဒါက မလုံလောက်ဘူး။ စစ်သည်အသစ်တိုင်းက ကျုပ်တို့ရဲ့ အထူးစစ်သား ကိုယ်ခံပညာကို သင်ယူကြရတယ်။ အဲ့ဒီထဲမှာ နတ်သူငယ်တွေနဲ့ သမန်းဝံပုလွေမျိုးနွယ်တွေလည်း ပါဝင်တယ်။”

“နတ်သူငယ်မျိုးနွယ်တွေတောင် ဒီမှာ လာလေ့ကျင့်တာလား။”

လူပုဘုရင်က အံ့သြစွာ မေးလိုက်၏။

“ဒါပေါ့။ ဟိုမှာ ကြည့်လိုက်။ သူတို့ လာနေပြီ။”

ရှောင်းယီက ဆာရာ ဦးဆောင်လာသော အဖွဲ့ကို ညွှန်ပြလိုက်သည်။

လူပုဘုရင်မှာ မှင်တက်သွားခဲ့ရလေသည်။ သမန်းဝံပုလွေမျိုးနွယ်စု ကျန်းယွင်ထျန်းနှင့်အတူ လေ့ကျင့်နေသည်ကို သူသိသော်လည်း ဤမာနကြီးသော နတ်သူငယ်များပါ ရှိနေသည်လော။

ခဏလေး...အလင်းနတ်သူငယ်တွေနဲ့ အမှောင်နတ်သူငယ်တွေက တပ်ဖွဲ့တစ်ခုတည်းလား။ ရှောင်းယီ ဒါကို ဘယ်လိုများ စီမံလိုက်တာလဲ။

အလင်းနတ်သူငယ်ဦးရေမှာ နည်းပါးလှသဖြင့် နီးကပ်လာမှသာ သူ သတိထားမိခဲ့ခြင်းဖြစ်သည်။

“နည်းပြကျန်း ကျွန်မတို့ ဘယ်တော့ စစ်တိုက်ထွက်ရမလဲ။”

ဆာရာက တိုက်ရိုက်မေးလိုက်၏။ ထိုအခါ ကျန့်ရွှေးက အေးစက်စွာ ပြန်ဖြေလိုက်သည်။

“အခြေခံလေ့ကျင့်ခန်းကို အရင်ဆုံး ပြီးအောင်လုပ်ရမယ်။”

“စစ်မျက်နှာကို အစောကြီး သွားလို့မရဘူးလား။”

ဆာရာက ထပ်မေးသည်။

“မရဘူး”

ကျန်းရွှဲ့က ပြတ်ပြတ်သားသား ငြင်းလိုက်၏။

“ဒီလေ့ကျင့်မှုတွေက မင်းတို့ရဲ့ အသက်ရှင်သန်နိုင်မှုကို တိုးမြှင့်ပေးလိမ့်မယ်။ ငါ မင်းတို့အားလုံး အသက်ရှင်နေတာကိုပဲ မြင်ချင်တယ်။ နားလည်လား။”

“နားလည်ပါပြီ နည်းပြ။”

ဆာရာက စစ်သည်ပီသစွာ တုံ့ပြန်လိုက်သည်။

“ကောင်းပြီ။ ကြိုးစားပြီး လေ့ကျင့်မယ်ဆိုရင် မင်းတို့ ဒီနေ့ အပြီးသတ်နိုင်လိမ့်မယ်။”

ကျန်းရွှဲ့က ထပ်ပြောလိုက်သည်။

“ဟုတ်ကဲ့။”

နတ်သူငယ်အားလုံးက သံပြိုင် တုံ့ပြန်လိုက်ကြသည်။

ကျန်းရွှဲ့သည် စစ်သည်တစ်ဦးအား သူတို့ကို လေ့ကျင့်ခန်းများ ဆက်လက်လုပ်ဆောင်ရန် တာဝန်ပေးလိုက်၏။ လူပုဘုရင်သည်လည်း သူမြင်တွေ့သမျှကို ကျေနပ်သွားခဲ့သည်။

“ကျွန်းပိုင်ရှင် ငါတို့ရဲ့ တပ်ဖွဲ့တွေ မင်းရဲ့ စစ်စခန်းကို ဝင်ခွင့်ရနိုင်မလား။”

“ရတာပေါ့။ ခင်ဗျားတို့ကလည်း ကျုပ်တို့ရဲ့ မဟာမိတ်အဖွဲ့ဝင်တွေပဲလေ။ ဒါပေမဲ့ တစ်ခါတည်း သတိပေးထားမယ်။ စခန်းထဲ ရောက်တာနဲ့ အမိန့်ပေးစနစ် တစ်ခုတည်းအောက်မှာပဲ နေရမယ်။”

ရှောင်းယီက သတိပေးလိုက်သည်။

“ဒါပေါ့။ အမိန့်ပေးစနစ် တစ်ခုတည်းရှိမှသာ ငါတို့ ဘေးရောက်မသွားမှာပါ။”

လူပုဘုရင်က ပြုံးကာ ပြောလိုက်သည်။

“ကျုပ်တို့လည်း အဲ့ဒီ အထူးသိုင်းပညာတွေကို သင်ယူလို့ ရမလား။”

လူပုအရာရှိကလည်း မနေနိုင်ဘဲ မေးလိုက်သည်။

“အဲဒါက မသင်မနေရပဲ။”

ထိုစဉ်....

ဘီး...ဘီး...

ရှောင်းယီ၏ ဖုန်းမှ အသံမြည်လာခဲ့၏။ ထို့နောက် ဖုန်းထဲမှ ထိတ်လန့်တကြား အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

“ကျွန်းပိုင်ရှင် နောက်ထပ် ဧရာမသားရဲတစ်ကောင် ထပ်ပေါ်လာပြန်ပြီ။ ဒီတစ်ခါတော့ မဟာမိတ် အရှေ့ဘက်ကျွန်းမှာပဲ။”

All Chapters