← Chapters

အခန်း (၉၃၁-၉၃၂)

Vol. 77 Ch. 931-932

အခန်း (၉၃၁-၉၃၂)

Vol. 77 Ch. 931-932

အခန်း (၉၃၁) - အမှောင်နတ်သူငယ် မျိုးနွယ်စု သဘောတူညီခြင်းနှင့် ဒေသခံများ၏ မဟာမိတ်ဖွဲ့ရန် ကြိုးပမ်းမှု

ရှောင်းယီသည် သူ ဟေးလ်ကို ပြောခဲ့သည့်စကားများအား ဆာရာကို တစ်ခေါက်ပြန်ပြောပြပြီးနောက် မေးလိုက်သည်။

“မင်းတို့ဘက်ကရော ကန့်ကွက်စရာ ရှိသေးလား။”

ဆာရာက ခေါင်းခါယမ်းလိုက်သည်။

“ကျွန်မတို့ရဲ့ မြားအသုံးပြုမှုကို မနှောင့်နှေးစေသရွေ့ ပြဿနာမရှိပါဘူး။ ဒါ့အပြင် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်က ထုတ်လုပ်တဲ့ မြားတွေက ကျွန်မတို့ လက်နဲ့လုပ်တဲ့ဟာတွေထက် အများကြီး ပိုကောင်းတယ်။”

ဆာရာက သူမလက်ထဲရှိ မြားကို သေချာကြည့်ရင်း စိတ်လှုပ်ရှားစွာဖြင့် မှတ်ချက်ပေးလိုက်သည်။

“ရှင့်ရဲ့ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်က ဘယ်လိုမျိုးအရာလဲဆိုတာ တကယ် သိချင်မိတယ်။ ဒီလောက်မာတဲ့ သစ်သားတွေကိုတောင် ဒီလိုမျိုး ကောင်းမွန်တဲ့ မြားတွေအဖြစ် ပြောင်းလဲပေးနိုင်တယ်။”

“အဲ့ဒါကို ငါလည်း သိချင်မိတယ်။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။ ဆာရာ အံ့အားသင့်သွား၏။

“ရှင်လည်း မသိဘူးလား။”

“ဒါပေါ့။ ငါတို့ ဒီကမ္ဘာထဲကို အဆွဲသွင်းခံရသလိုမျိုးပဲ။ ငါတို့ကိုယ်တိုင်လည်း ဘာဖြစ်မှန်း မသိကြဘူး။”

ရှောင်းယီက ပခုံးတွန့်ရင်း ဖြေလိုက်သည်။

ဆာရာက ကူကယ်ရညမဲ့စွာ ခေါင်းခါယမ်းလိုက်၏။

“ကံကြမ္မာဆိုတာ တကယ်ပဲ မမြင်ရတဲ့ ကြိုးမျှင်တန်းတွေပဲ။ ကျွန်မတို့အားလုံးက အဲ့ဒီကြိုးနောက်ကို လိုက်နေရတဲ့ ရုပ်သေးရုပ်တွေလိုပါပဲ။”

ဆာရာ၏ ခံစားချက်ပါသော စကားကိုကြားလိုက်ရသော် ရှောင်းယီ အနည်းငယ် မှင်သက်သွားခဲ့ပြီး နောက် သူမကို လက်မထောင်ပြလိုက်သည်။

“မင်းသာ ငါတို့ကမ္ဘာမှာဆိုရင် တကယ့်ကို စာပေဝါသနာအိုး ကောင်မလေးတစ်ယောက် ဖြစ်နေမှာပဲ။ မင်းမှာ ကန့်ကွက်စရာ မရှိဘူးဆိုရင်တော့ မင်းရဲ့ လူတွေကို အနက်ရောင်ရွှေသစ်ပင်တွေ အကုန်လုံးကို ခုတ်လဲပြီး နတ်သူငယ်အခြေစိုက်စခန်းရဲ့ အဝင်ဝကို ပို့ပေးဖို့ ပြောထားပေးပါ။ ငါ လူလွှတ်ပြီး သယ်ခိုင်းလိုက်မယ်။”

“ကောင်းပါပြီ။”

ဆာရာသည် အနီးရှိ သိုလှောင်ရုံသို့ သွားကာ သူမ၏ လက်ကိုင်ဖုန်းကို ထုတ်ယူလိုက်ပြီး အကြီးအကဲချုပ်အား ဖုန်းခေါ်၍ အကြောင်းစုံ ရှင်းပြလိုက်တော့သည်။

“အင်း ငါ့ဘက်ကလည်း ဘာမှ ကန့်ကွက်စရာ မရှိပါဘူး။”

အကြီးအကဲချုပ်က တွေဝေမနေဘဲ ချက်ချင်း ပြန်ဖြေလိုက်သည်။

ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း အမှောင်နတ်သူငယ် မျိုးနွယ်စုမှ အကြီးအကဲ ၉ ဦးသည် အပန်းဖြေစခန်းသို့ နေ့တိုင်းနီးပါး သွားရောက်လည်ပတ်ခဲ့ကြ၏။ ၎င်းတို့သည် အချိန်အများစုကို ဘားတွင် ထိုင်ရင်း ကုန်ဆုံးစေခဲ့သော်လည်း ၎င်းတို့အတွက် ဆန်းသစ်သည့် အရာများစွာကို တွေ့မြင်ခဲ့ရပြီး အရသာရှိသော အစားအစာ အမျိုးမျိုးကိုလည်း မြည်းစမ်းခဲ့ကြသည်။

ယီရန်ပင်း မဟာမိတ်အဖွဲ့ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ အသက်ရှင်ကျန်ရစ်သူ အများအပြားသည် ၎င်းတို့၏ ယခင်ကမ္ဘာမှ ကျွမ်းကျင်မှုများကို ပြန်လည်အသုံးချရန် ကြိုးစားလာခဲ့ကြ၏။

၎င်းတို့ထဲတွင် မုန့်လုပ်သူများလည်း ပါဝင်ပေသည်။ အပန်းဖြေစခန်းတွင် သရေစာဆိုင် အတော်များများ ဖွင့်လှစ်ထားပြီးဖြစ်သည်။ ထိုမုန့်များသည် မူရင်းအရသာအတိုင်း အတိအကျ မဟုတ်သေးသော်လည်း အလွန် ရေပန်းစားနေဆဲပင်။

ယီရန်ပင်း မဟာမိတ် အပန်းဖြေစခန်းသို့ လာရောက်သမျှ အသက်ရှင်ကျန်ရစ်သူတိုင်းက “ယီရန်ပင်း မဟာမိတ်အဖွဲ့က အခုဆို တကယ့် မြို့ကြီးပြကြီး တစ်ခုလို ဖြစ်နေပြီ” ဟု မှတ်ချက်ပေးခဲ့ကြသည်။

အကြီးအကဲ ကိုးဦးသည်လည်း အရာရာကို အထူးအဆန်းဖြစ်နေပြီး နေ့စဉ်နှင့်အမျှ အသစ်အသစ်သောအရာများကို တွေ့ကြုံနေကြရသည်။ နားလည်မှုများ ပိုမိုနက်ရှိုင်းလာသည်နှင့်အမျှ ၎င်းတို့သည် ဤအပြင်လူများ အပေါ် ပိုမိုစိတ်ဝင်စားလာပြီး ခုခံကာကွယ်လိုစိတ်များလည်း တဖြည်းဖြည်း လျော့နည်းလာခဲ့သည်။

“ကောင်းပါပြီ။ အဲဒါဆိုရင် ကျွန်းပိုင်ရှင်ရဲ့ လိုအပ်ချက်အတိုင်း ကျွန်မတို့ ဆက်လုပ်ကြတာပေါ့။ ကျွန်မတို့ မျိုးနွယ်စုအတွက် တစ်နေ့ကို မြား ဘယ်လောက်လောက် လိုမလဲ။ ကျွန်းပိုင်ရှင်ဆီ အရင်ဆုံး တင်ပြထားပေးမယ်။”

အကြီးအကဲချုပ်ထံမှ ကန့်ကွက်မှု မရှိသည်ကို တွေ့လိုက်ရသဖြင့် ဆာရာက မေးလိုက်သည်။

“ငါတို့ မျိုးနွယ်စုအတွက် မြားတစ်ထောင်လောက် ပြင်ဆင်ထားပေးပါ။ နေ့တိုင်း ပေးဖို့တော့ မလိုပါဘူး။ ကုန်သွားမှ ထပ်ဝယ်ကြတာပေါ့။”

အကြီးအကဲချုပ်က အနည်းငယ်စဉ်းစားပြီး ပြန်ဖြေလိုက်သည်။

ယခုအခါ အမှောင်နတ်သူငယ် မျိုးနွယ်စုသည် ယီရန်ပင်း မဟာမိတ်အဖွဲ့၏ လက်အောက်တွင် ရှိနေသဖြင့် ၎င်းတို့အနေဖြင့် လက်နက်အများအပြား မလိုအပ်တော့ပေ။ လုံခြုံရေးအရလည်း မဟာမိတ် အစောင့်တပ်ဖွဲ့ ရှိနေသဖြင့် ၎င်းတို့ ကိုယ်တိုင် ပါဝင်တိုက်ခိုက်ရန် မလိုသလောက်ပင် ဖြစ်သည်။ သို့သော်လည်း နတ်သူငယ်များပီပီ လေးရှိပြီး မြားမရှိခြင်းက စိတ်ထဲတွင် တစ်မျိုးကြီး ဖြစ်နေသဖြင့် အချို့ကို တောင်းဆိုထားခြင်းက ပိုကောင်းမည်ဟုသာ ယူဆခြင်းဖြစ်သည်။

“ကောင်းပါပြီ။”

ဆာရာက ပြန်ဖြေကာ ဖုန်းချလိုက်တော့သည်။ ထို့နောက် သူမ ရှောင်းယီဘက်သို့ လှည့်ကာ ပြောလိုက်သည်။

“ကျွန်မတို့ဘက်ကလည်း ပြဿနာမရှိပါဘူး။ ကျွန်မတို့အတွက် အရင်ဆုံး မြားတစ်ထောင်ပဲ ပြင်ဆင်ပေးထားပါ။ အဲ့ဒါတွေ ကုန်သွားရင်တော့ ရှင့်ဆီကနေ ထပ်ဝယ်ပါ့မယ်။”

“အဆင်ပြေပါတယ်။”

ရှောင်းယီက ခေါင်းညိတ်လိုက်သည်။

“ဒါဆိုရင် မင်းတို့ မျိုးနွယ်စုဆီက အနက်ရောင်ရွှေသစ်သားတွေ သယ်ထုတ်လာမယ့်အချိန်ကို ငါ စောင့်နေမယ်။”

“အင်း “

ဆာရာက တုံ့ပြန်လိုက်သည်။

“လေ့ကျင့်ရေး ဆက်လုပ်ကြမယ်။”

ဆာရာသည် ချက်ချင်းပင် ကျန်းရွှဲ့ဘေးသို့ ပြေးသွားကာ အလေးပြုလိုက်၏။

“သတင်းပို့ပါတယ်။”

“တန်းစီ။”

“ဟုတ်ကဲ့။”

ရှောင်စယီသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှ ထုတ်လုပ်ထားသော မြားများကို ကျန်းယွင်ထျန်းထံ ပေးအပ်ပြီး မြား၏အနောက်တွင် အမွေးအတောင်များ တပ်ဆင်ရန်နှင့် ၎င်းတို့ကို လေ့ကျင့်ရေးတွင် အသုံးပြုရန် စီစဉ်ခိုင်းလိုက်သည်။

လူတိုင်းသည် ကျန်းယွင်ထျန်းနှင့် ကျန်းရွှဲ့တို့ကဲ့သို့ အလိုက်သင့် ပြုပြင်ပြောင်းလဲနိုင်စွမ်း မရှိကြပေ။ ထို့ကြောင့် မိမိတို့၏ လက်နက်များနှင့် ကြိုတင်ရင်းနှီးမှုရှိစေရန်မှာ အလွန်ပင် လိုအပ်ပေသည်။

ကျန်းယွင်ထျန်းသည် အနက်ရောင်သစ်သား မြားများကို လက်ခံရရှိပြီးနောက် အံ့အားသင့်သွားခဲ့သည်။

“ဒီမြားတွေက နည်းနည်းပေါ့ပြီး သတ္တုမြားခေါင်းတွေလည်း မပါဘူးပဲ။ ဒီလိုမြားမျိုးကို သုံးမှာ သေချာရဲ့လား။”

ထိုအခါ ရှောင်းယီက ပြုံးကာ ပြန်ဖြေလိုက်သည်။

“ဒါတွေက SSS အဆင့် မြားတွေပဲ။ မင်း တကယ်ပဲ မသုံးချင်ဘူးလား။”

“ဘာ...ဒါက ဘယ်လိပ်ပြီး ထိပ်တန်းအဆင့် မြားတွေ ဖြစ်နိုင်မှာလဲ။”

ကျန်းယွင်ထျန်းက မယုံကြည်နိုင်ဟန်ဖြင့် မေးလိုက်သည်။

“မဖြစ်နိုင်တာ ဘာမှမရှိပါဘူး။ ဒါက နတ်သူငယ်မျိုးနွယ်စုရဲ့ အထူးထုတ်ကုန် အနက်ရောင်ရွှေသစ်သား မြားပဲ။ တစ်ခုလုံးကို အနက်ရောင်ရွှေသစ်သားနဲ့ လုပ်ထားတာဖြစ်ပြီး အချောသတ်ထုတ်ကုန်ရဲ့ မာကျောမှုက သံမဏိထက်တောင် ပိုပြီးတောင့်တင်းသေးတယ်။”

ရှောင်းယီက အကျဉ်းချုပ်ကာ ရှင်းပြလိုက်သည်။

“တကယ်ပဲ အဲ့ဒီလို သစ်ပင်မျိုး ရှိတာလား။”

ကျန်းယွင်ထျန်း အံ့အားသင့်သွား၏။

“ဒီကမ္ဘာက တကယ့်ကို ထူးဆန်းထွေလာတွေ ပိုများလာပြီပဲ။”

“ဒါနဲ့ ဟို မသေမျိုး မျိုးနွယ်တွေဘက်မှာ ဘာထူးခြားမှု ရှိသေးလဲ။”

ရှောင်းယီက မေးလိုက်သည်။ ကျန်းယွင်ထျန်းက ခေါင်းခါပြလိုက်သည်။

“ဒီမနက် တစ်မနက်လုံး ဘာလှုပ်ရှားမှုမှ မရှိသေးဘူး။”

“သူတို့တွေက တကယ်ပဲ နေ့ခင်းဘက်နဲ့ အအင်မပြေဘူးထင်တယ်။”

ရှောင်းယီက ဆိုသည်။

“စစ်သားတွေကို တစ်လှည့်စီ သေချာအနားယူဖို့ စီစဉ်ထားလိုက်ပါ။”

“ဟုတ်ကဲ့။”

ထိုအချိန်တွင် ဆုဝမ်ထံမှ ဖုန်းဝင်လာခဲ့သည်။

“ကျွန်းပိုငိရှင် အစောပိုင်းက ထူးဆန်းတဲ့ သင်္ဘောတွေကို တွေ့ခဲ့တဲ့ မဟာမိတ်အဖွဲ့က အခု သူတို့နဲ့ စတင် ဆက်သွယ်နေပါပြီ။ သူတို့ ဒီကိစ္စကို ဂရုထဲမှာ ဆွေးနွေးနေကြပါတယ်။”

၎င်းကို ကြားသော် ရှောင်းယီက ချက်ချင်းပင် “ကောင်းပြီ ငါ အခု ပြန်လာခဲ့မယ်” ဟု ပြန်ဖြေလိုက်၏။

ထို့နောက် ရှောင်းယီသည် ကျန်းယွင်ထျန်းကို နှုတ်ဆက်ကာ သူ၏ မြို့ပြန်ကျောက်ကို အသုံးပြု၍ သူ၏ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရှိရာသို့ ပြန်သွားခဲ့တော့သည်။

“မင်းပြောပုံအရဆိုရင် ဒီဒေသခံတွေက ငါတို့ကို မသေမျိုး မျိုးနွယ်စုရန်ကနေ ကာကွယ်ဖို့ ကူညီပေးချင်နေတာပေါ့။”

“ဒေသခံတွေက အဲ့လောက် စိတ်ကောင်းရှိပါ့မလား။ ငါတော့ မယုံဘူး။ မင်းကို သတိထားဖို့နဲ့ သူတို့ရဲ့ လှည့်ကွက်ထဲ မဝင်သွားမိဖို့ သတိပေးချင်တယ်။”

“ငါကိုယ်တိုင်လည်း မသေချာလို့ ဂရုထဲမှာ တင်ပြတာပါ။ လူတိုင်းနဲ့ သူဌေးကြီးဆီက အကြံဉာဏ်လေး ရချင်လို့ပါ။”

“သူဌေးက ဒီမှာ ရှိမနေဘူးထင်တယ်။ သူ အလုပ်များနေတာ ဖြစ်လိမ့်မယ်။”

“သူဌေးရဲ့ ကျွန်းက ဒီလောက်ကြီးတာ။ သူလည်း ခေါင်းကိုက်နေမှာပဲ။”

“ဘာကို ခေါင်းကိုက်ရမှာလဲ။ သူဌေးရဲ့ တပ်ဖွဲ့က အရမ်းအင်အားတောင့်တင်းတယ်။ ပြီးတော့ မဟာမိတ် ကိစ္စတွေကို ကူညီစီမံပေးမယ့်သူတွေလည်း ရှိတယ်။ သူ အလုပ်များနေမှာ မှန်ပေမဲ့ ခေါင်းကိုက်နေစရာတော့ မရှိပါဘူး။”

“ဟုတ်တယ်။ စားဝတ်နေရေး၊ သွားလာရေးနဲ့ ဖျော်ဖြေရေး အစစအရာရာအတွက် တာဝန်ခံတွေ ရှိပြီးသားပဲ။ သူဌေးက အဓိက ဆုံးဖြတ်ချက်ကြီးတွေကိုပဲ ချပေးဖို့ လိုတာ။”

“ညီအစ်ကိုတို့ လမ်းကြောင်းမလွဲသွားကြပါနဲ့ဦး။ ဒီဒေသခံတွေနဲ့ မဟာမိတ်ဖွဲ့ဖို့ သဘောတူရမလား၊ ငြင်းရမလားဆိုတာလည်း ပြောပြကြပါဦး။”

“မဟာမိတ်ဖွဲ့ချင်ရင် ဖွဲ့လိုက်၊ မဖွဲ့ချင်ရင် ငြင်းလိုက်ပေါ့။”

“ဒါပေမဲ့ ငါ ငြင်းလိုက်ရင် တစ်ဖက်လူက စိတ်ဆိုးပြီး ငါတို့ မဟာမိတ်အဖွဲ့ကို လာတိုက်ရင် ဘယ်လိုလုပ်မလဲ။ တကယ်လို့ အင်အားစု နှစ်ခုကြားမှာ အညှပ်ခံရရင် ငါတို့ တောင့်ခံနိုင်မှာ မဟုတ်ဘူး။”

“မသေမျိုးတွေက အခု ငြိမ်နေတာပဲလေ။ အင်အားစု တစ်ခုတည်းရှိတာပါ။ မစိုးရိမ်ပါနဲ့။”

၎င်းတို့ကို ကြည့်ခြင်းအားဖြင့် ရှောင်းယီသည် ဘာဖြစ်နေသည်ကို အခြေခံအားဖြင့် နားလည်သွားခဲ့ပြီး ဝင်ပြောလိုက်သည်။

“မဟာမိတ်ဖွဲ့လိုက်ပါ။ ဒါပေမဲ့ အကွာအဝေးတစ်ခုတော့ ထိန်းထား။ သူတို့ကို ပင်လယ်ပြင်ကနေ မသေမျိုးတွေရဲ့ ကျွန်းကို တိုက်ခိုက်ခိုင်းလိုက်။ သူတို့က ကူညီမယ်ဆိုတော့တော့ သူတို့ကိုပဲ မသေမျိုးတပ်တွေကို ဟန့်တားခိုင်းထားလိုက်တာပေါ့။”

“သူဌေးကြီး ပေါ်လာပြီဟေ့။”

“အင်း ကျုပ်လည်း သူဌေးရဲ့ အမြင်ကို သဘောတူတယ်။ တစ်ဖက်လူကို ပင်လယ်ထဲမှာပဲ ထားလိုက်တာက မသေမျိုးတွေကို ဟန့်တားနိုင်သလို ကိုယ့်မဟာမိတ်အဖွဲ့ရဲ့ လုံခြုံရေးကိုလည်း စိတ်ချရစေတယ်။”

“ကောင်းပါပြီ။ ဒါဆိုရင် သူတို့ကို အဲ့ဒီအတိုင်းပဲ ပြောလိုက်မယ်။”

ရှောင်းယီသည် အနည်းငယ်စဉ်းစားပြီးနောက် ဆက်မေးလိုက်သည်။

“သူတို့က အရင်းအမြစ်ပင်လယ်က ဒေသခံတွေလား ဒါမှမဟုတ် ငါတို့ အရင်ရှိခဲ့တဲ့ ပင်လယ်ပြင်က ဒေသခံတွေလားဆိုတာ ခွဲခြားလို့ ရမလား။”

အခန်း (၉၃၂) - ကန်းနိုင်ငံ၊ အဆင့်မြင့်ဒေသခံအင်အားစုနှင့် စည်းမျဉ်းများ

ရှောင်းယီက ထိုမေးခွန်းကို မေးလိုက်သောအခါ လူတိုင်း စိတ်ဝင်တစား ဖြစ်သွားခဲ့ကြသည်။

“ဟုတ်သားပဲ။ ဒါက ဒေသခံအင်အားစု အသစ်လား။”

“အဲ့ဒါက တကယ်ပဲ အရေးကြီးလို့လား။”

တစ်စုံတစ်ယောက်က နားမလည်နိုင်ဟန်ဖြင့် မေးလိုက်သည်။

“အရေးကြီးတာပေါ့။ ဒေသခံအင်အားစု အသစ်ဆိုရင် ရန်သူအသစ်တွေ ဖြစ်လာနိုင်တယ်လေ။ သူတို့ ဘယ်လောက်အင်အားတောင့်လဲဆိုတာ ငါတို့ မသိသေးဘူး။”

“မှန်တယ်။ အရင်က ဒေသခံတွေရဲ့ အင်အားကိုတော့ ငါတို့ အတော်အတန် သိထားပြီးပြီ။ သူတို့နဲ့ အကြိမ်ကြိမ် တိုက်ခိုက်ဖူးတော့ အတွေ့အကြုံလည်း ရှိတယ်။ ဒါပေမဲ့ အသစ်စက်စက် အင်အားစုဆိုရင်တော့ ငါတို့ရဲ့ အရင် နည်းလမ်းဟောင်းတွေက အလုပ်ဖြစ်ပါ့မလားဆိုတာ ဘယ်သူသိမှာလဲ။”

“ဩော်... ဟုတ်သားပဲ။ သူဌေးက အမြော်အမြင်ရှိလိုက်တာ။”

မကြာမီမှာပင် ဒေသခံသင်္ဘောများနှင့် တွေ့ဆုံခဲ့သည့် အသက်ရှင်ကျန်ရစ်သူက ပြန်လည်ဖြေကြားလာခဲ့သည်။

“သတင်းပို့ပါတယ် သူဌေး။ သူတို့က အရင်ဒေသခံတွေနဲ့ မတူဘူး။ သူတို့က သူတို့ကိုယ်သူတို့ ကန်းနိုင်ငံရဲ့ တပ်မတော်လို့ ပြောနေကြပါတယ်။”

“ကန်းနိုင်ငံလား။ တစ်ခါမှ မကြားဖူးဘူး။ နိုင်ငံသစ်၊ အင်အားစုအသစ်ပဲ ဖြစ်ရမယ်။”

“ဟုတ်တယ်။ သူတို့ရဲ့ သင်္ဘောတွေက ငါတို့ဝယ်ထားတဲ့ သံချပ်ကာစစ်သင်္ဘောတွေထက် ပိုအဆင့်မြင့်ပုံရတယ်။ အနည်းဆုံးတော့ ပိုကြီးတယ်။”

ထိုစကားကို ကြားလိုက်ရသော် ရှောင်းယီ၏ စိတ်အခြေအနေမှာ အနည်းငယ် မတည်မငြိမ်ဖြစ်သွားခဲ့၏။

“ဒါဆိုရင် သတိထားပါ။ အခုမှ ပေါ်လာတဲ့ ဒေသခံတွေက မိတ်ဆွေလား ရန်သူလားဆိုတာ ငါတို့ မသိသေးဘူး။ ဖြည်းဖြည်းချင်းပဲ လုပ်ပါ။”

“ဟုတ်ကဲ့။ သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် သူဌေး။”

ထိုသူက ချက်ချင်း ပြန်ဖြေလိုက်သည်။

“ဒေသခံအသစ်တွေ ထပ်ပေါ်လာပြန်ပြီ...။ သူတို့က မိတ်ဆွေထက် ရန်သူဖြစ်ဖို့ ပိုများတယ်လို့ ငါ ခံစားနေရတယ်။ သူတို့တွေ မသေမျိုးတွေနဲ့ ပေါင်းသွားမှာကို စိုးရိမ်မိတယ်။”

“ဟုတ်တယ်။ တကယ်လို့ သူတို့သာ အဲ့ဒီအကောင်တွေနဲ့ ပေါင်းလိုက်ရင် ငါတို့တော့ တကယ် ဒုက္ခရောက်ပြီပဲ။”

“မဖြစ်နိုင်လောက်ပါဘူး။ မသေမျိုးတွေရဲ့ သေခြင်းစွမ်းအင်က အရမ်းကြမ်းတမ်းရက်စက်တယ်။ သာမန်လူဆိုရင် ဝေးဝေးက ရှောင်ကြမှာပဲ။”

“တကယ်လို့ သာမန်မဟုတ်တဲ့လူ ဆိုရင်ကော။”

“ဒါဆိုရင်တော့ သွားလေရမှာ နောက်ကျောကို သတိထားရမှာပေါ့။”

“ဟားဟားဟား...ငါ ရယ်ရလွန်းလို့ သေတော့မယ်။ ငါတို့နဲ့ ခုလေးတင် မဟာမိတ်ဖွဲ့လိုက်တဲ့ ကန်းနိုင်ငံတပ်မတော်က သတင်းအချက်အလက် တစ်ခုနဲ့ ငါတို့ရဲ့ အဆင့်မြင့်အစားအစာတွေကို လဲလှယ်ဖို့ ကြိုးစားနေတာပဲ။”

၎င်းတို့နှင့် မဟာမိတ်ဖွဲ့ပြီးခါစ အသက်ရှင်ကျန်ရစ်သူက ရုတ်တရက် ဝင်ပြောလိုက်ပြန်သည်။

“ဘာသတင်းလဲ။ မသေမျိုးတွေအကြောင်းလား။ ဖြစ်နိုင်ရင် လဲလိုက်ပါ။ အခုအချိန်မှာ အဆင့်မြင့်အစားအစာ မရှိတဲ့သူ မရှိလောက်တော့ပါဘူး။ ဟုတ်တယ်မလား။”

“အပိုတွေတော့ အများကြီး ရှိပါတယ်။ ဒါပေမဲ့ အသုံးမဝင်တဲ့ အတင်းအဖျင်းတွေအတွက်နဲ့တော့ မလဲချင်ဘူးလေ။ ဒါနဲ့ ဘာအကြောင်းလဲလို့ မေးကြည့်တော့ ကျွန်းတွေကို ကူးစက်နေတဲ့ သေခြင်းစွမ်းအင်အကြောင်းတဲ့။ ငါကလည်း အကဲခတ်တဲ့အနေနဲ့ ‘သေခြင်းစွမ်းအင်ကို ဘယ်လို ခုခံရမလဲဆိုတာ ပြောပြမလို့လား’ လို့ မေးလိုက်တာ သူတို့က ခေါင်းညိတ်ပြတယ်။ ငါလည်း မျက်လုံးပြူးပြပြီး ‘အပူချိန်မြှင့်တာနဲ့ မီးတံတိုင်းတွေက သေခြင်းစွမ်းအင်ကို ပိတ်ဆို့နိုင်တယ်ဆိုတာ ငါတို့ သိပြီးသားပဲ’ လို့လည်း ပြောလိုက်ရော သူတို့တွေ အံ့သြသွားပြီး ‘မင်းတို့ ဒီလောက်မြန်မြန် ဘယ်လိုသိသွားတာလဲ’ တဲ့။ ငါလည်း နောက်တစ်ခါ မျက်လုံးပြူးပြပြီး ‘မသေမျိုးကျွန်း ပေါ်လာပြီး ၆ နာရီအတွင်းမှာ အသက်ရှင်ကျန်ရစ်သူ တိုင်း သိနေကြပြီ’ လို့ ပြောလိုက်တော့ သူတို့ မျက်လုံးတွေ ပိုပြီး ပြူးထွက်ကုန်ကြတယ်ရော ဟားဟားဟား။”

“ဖူး...သူတို့က ငါတို့ သိပြီးသား အချက်အလက်တွေနဲ့ ကြွားနေတာပေါ့လေ။”

“ရယ်လိုက်ရတာ... ဘယ်လောက်တောင် အဓိပ္ပာယ်မရှိလိုက်သလဲ။ သူတို့က မင်းဆီကနေ ပစ္စည်းကောင်းတွေ နှိုက်ဖို့ ကြိုးစားနေတာ သိသာတယ်။”

“အရင်မျိုးဆက် အသက်ရှင်ကျန်ရစ်သူတွေတုန်းကတော့ အနှိုက်ခံရတာ အတော်များမှာပဲ။”

ရှောင်းယီသည် ဂရုချက်ထဲမှ စကားများကို ဖတ်ကြည့်ပြီးနောက် အနည်းငယ်စဉ်းစားကာ ရယ်မောလိုက်မိ၏။

“ဒီလိုကိုး။”

အကယ်၍ ရှောင်းယီတို့အဖွဲ့သာ သေခြင်းစွမ်းအင် ကျူးကျော်မှုကို ဘယ်လို ခုခံရမလဲဆိုသည်အား မတွေ့ရှိခဲ့ဘူးဆိုလျှင် လူတိုင်း၏ ကျွန်းအုတ်မြစ်ကျောက်များ အတိုက်စားခံရတော့မည့် အချိန်၌ ကမ္ဘာ့စည်းမျဉ်းများက ထွက်ပေါက်တစ်ခု သေချာပေါက် ပေးထားမည်ဖြစ်သည်။

ထိုထွက်ပေါက်မှာ ဤအရင်းအမြစ်ပင်လယ်ရှိ ဒေသခံများက အသက်ရှင်ကျန်ရစ်သူများကို နည်းလမ်းလာပြောပြခြင်းပင် ဖြစ်လိမ့်မည်။

သို့သော်လည်း ကံမကောင်းစွာဖြင့် ဤမျိုးဆက်တွင် စနစ်၏ Bugတစ်ခု ပါလာခဲ့ပြီဖြစ်သည်။

သေခြင်းစွမ်းအင်များ ကျူးကျော်လာပြီး မကြာမီမှာပင် ရှောင်းယီသည် ၎င်း၏ အရင်းအမြစ်ကို ခြေရာခံနိုင်ခဲ့ပြီး ဖြေရှင်းနည်းကိုလည်း ရှာဖွေတွေ့ရှိခဲ့လေသည်။

စိတ်မကောင်းပါဘူး ကမ္ဘာ့စည်းမျဉ်းတို့ရေ၊ ခင်ဗျားတို့ စီစဉ်ပေးထားတဲ့ ထွက်ပေါက်ကို ငါတို့ မလိုတော့ဘူး။

ထိုစဉ်...

“ကလင်....ကလင်...”

မိုဘိုင်းဖုန်းသံက သူ၏ အတွေးများကို ဖြတ်တောက်လိုက်၏။ ၎င်းမှာ ဓာတ်ခွဲခန်းမှ ဖြစ်သည်။ ဧရာမ စပိုင်နိုဆောရပ်စ်၏ မေးရိုးအောက်ပိုင်းကို စမ်းသပ်ထားသည့် ရလဒ်မှာ ထွက်လာခဲ့ပြီ ထင်၏။

သူ ချက်ချင်း ဖုန်းကိုင်လိုက်သည်။

“ကျွန်းပိုင်ရှင် မေးရိုးခွဲခြမ်းစိတ်ဖြာမှု ပြီးဆုံးပါပြီ။ ဒီပိုးမွှားတွေက မသေမျိုးကျွန်းပေါ်က အပင်တွေကို သတ်တဲ့ ပိုးမွှားတွေနဲ့ ကွဲပြားပါတယ်။ မသေမျိုးကျွန်းရဲ့ မြေဆီလွှာထဲမှာလည်း ဒီမျိုးစိတ်ကို မတွေ့ခဲ့ရပါဘူး။ သူတို့က သက်ရှိသတ္တဝါတွေအပေါ် သက်ရောက်မှု မရှိပေမဲ့ တစ်စုံတစ်ယောက် သေဆုံးသွားတာနဲ့ အသားတွေကို စားပစ်ပြီး အရိုးပဲ ကျန်အောင် လုပ်ပစ်ကြပါတယ်။ အပင်တွေကိုတော့ ဘာမှ မလုပ်ပါဘူး။”

စက်ရုပ်၏ အစီရင်ခံစာကို ကြားလိုက်ရသဖြင့် ရှောင်းယီ သက်ပြင်းချနိုင်သွားခဲ့သည်။

“နားလည်ပြီ။”

အကယ်၍ ၎င်းသည် အပင်များကို သတ်ပစ်နိုင်သည့် ပိုးမွှားမျိုးသာ ဖြစ်နေပါက အခြေအနေမှာ အလွန်ပင် ထိတ်လန့်စရာ ကောင်းနေပေလိမ့်မည်။ ထိုဘက်တီးရီးယားမျိုးစိတ်များကို ရေထဲတွင် တွေ့ရှိခဲ့ခြင်းဖြစ်ရာ အချိန်ကြာလာသည်နှင့်အမျှ တစ်ကျွန်းလုံးရှိ ရေစနစ်တစ်ခုလုံးကို ညစ်ညမ်းစေကာ ကျွန်းကို ပျက်စီးစေနိုင်သောကြောင့် ဖြစ်သည်။ သို့သော် ကံကောင်းထောက်မစွာဖြင့် ထိုသို့ မဟုတ်သဖြင့် စိတ်အေးသွားခဲ့ရသည်။

သို့သော်လည်း ဤပိုးမွှားများသည် အသစ်ဖြစ်သဖြင့် သတိထားရန် လိုအပ်နေဆဲပင်။ ယခင်က သတ်ဖြတ်ခံခဲ့ရသော ပင်လယ်သတ္တဝါများမှာ ဤကဲ့သို့ အမြန်နှုန်းဖြင့် ပုပ်သိုးသွားခြင်း မရှိခဲ့ပေ။ အသားများကို ချက်ချင်း စားပစ်ပြီး အရိုးစုဖြစ်သွားစေသည့် အမြန်နှုန်းမှာ ကြောက်စရာ ကောင်းလှသည်။

“ဒီပိုးမွှားတွေ ပေါ်လာတာက ဘာကို ဆိုလိုတာလဲ။”

ရှောင်းယီ မျက်မှောင်ကြုတ်လိုက်၏။ သူက ရေရွတ်လိုက်သည်

“လာမယ့် တိုက်ပွဲတွေက အရမ်းကြမ်းတမ်းရက်စက်လွန်းတဲ့အတွက် တောင်လိုပုံနေတဲ့ အလောင်းတွေကို အမြန်ရှင်းလင်းဖို့ လိုအပ်လာလို့ ဒီအသားစားပိုးမွှားတွေ ပေါ်လာတာတော့ မဟုတ်ပါဘူးနော်။”

အကယ်၍ ၎င်းသာ မှန်ကန်ပါက တိုက်ပွဲများမှာ မည်မျှအထိ ပြင်းထန်ပါမည်နည်း။

သူ သက်ပြင်းချကာ ခေါင်းခါယမ်းလိုက်ပြီး ဆက်မစဉ်းစားတော့ပေ။ အခြေအနေပေါ်မူတည်၍သာ ရင်ဆိုင်သွားရန် ဆုံးဖြတ်လိုက်တော့သည်။ ဆာရာ ပြောခဲ့သလိုပင်။ သူတို့အားလုံး၊ မျိုးနွယ်စုအားလုံးသည် ရုပ်သေးရုပ်များသာ ဖြစ်ပြီး ရှေ့တွင်ရှိသော လမ်းကြောင်းမှာ သတ်မှတ်ပြီးသားဖြစ်ရာ ကြိုးဆွဲရာအတိုင်းသာ လိုက်ပါရုံရှိတော့သည်။

သူ ယီထျန်း ဂရုကို ကြည့်လိုက်သောအခါ အခြားမဟာမိတ်အဖွဲ့တစ်ခုလည်း ဒေသခံများနှင့် တွေ့ဆုံနေရသည်ကို တွေ့လိုက်ရသည်။

“ငါတို့လည်း ဒေသခံ မဟာမိတ်တပ်တွေနဲ့ တွေ့ပြန်ပြီ။”

“ကျုပ်တို့လည်း အတူတူပဲ။ ခုလေးတင် မဟာမိတ်ဖွဲ့လိုက်တာ။ အရင်လူလိုပဲ...။ သူတို့က ငါတို့ သိပြီးသား သတင်းတွေနဲ့ အဆင့်မြင့်အစားအစာကို လဲလှယ်ဖို့ ကြိုးစားနေတာ။ တကယ် ရယ်ရတယ်။”

“လူတိုင်း သူတို့နဲ့ တွေ့နေရတယ်ဆိုတော့ တစ်ခုခုတော့ ရှိနေပြီ။”

“ဘာလဲ။”

“ကမ္ဘာ့စည်းမျဉ်းတွေက ပြဿနာတွေကို ဖြေရှင်းဖို့ လမ်းစတစ်ခုခုတော့ အမြဲတမ်း ပေးထားတတ်တယ်လေ။ တစ်နည်းနည်းနဲ့ပေါ့။”

“ဟုတ်သားပဲ။ ဒါပေမဲ့ ဘာလို့ တချို့လူတွေကျတော့ ဒေသခံ မဟာမိတ်တပ်တွေနဲ့ မတွေ့သေးတာလဲ။”

“အဲဒါနဲ့ ပတ်သက်ပြီး ငါ ခန့်မှန်းကြည့်မယ်။ ကမ္ဘာ့စည်းမျဉ်းတွေက စိတ်ဝင်စားဖို့ကောင်းတယ်။ သူတို့က ကျွန်းအငယ်လေးတွေကို ဦးစားပေးပြီး ကျွန်းအကြီးကြီးတွေကိုတော့ နောက်မှ ထားပုံရတယ်။ သူတို့က ဆင်းရဲချမ်းသာ ကွာဟချက်ကို လျှော့ချနေတာ ဖြစ်မယ်။”

“အေးပါ သူငယ်ချင်းရာ ငါ့ကျွန်းကို သေးပါတယ်လို့ပဲ ပြောလိုက်ပါတော့လား။”

ပထမဆုံး တွေ့ဆုံခဲ့သည့် အသက်ရှင်ကျန်ရစ်သူက ဝင်ပြောလိုက်သည်။

“ဒါဆို မင်းရဲ့ကျွန်းက တကယ် သေးလို့လား။”

“အတော်လေး သေးတယ်။”

“ဟားဟား...မင်းဟာက ၁၈ မီလီမီတာလောက်တော့ ရှိမှာပါ။”

“ဘာ ၁၈ မီလီမီတာလဲ။ ငါ့ဟာက အနည်းဆုံး ၁၈ စင်တီမီတာတော့ ရှိတယ်ကွ။ ငါက ငါ့ကျွန်းအကြောင်းကို ပြောနေတာ။ စကားကို ယဉ်ယဉ်ကျေးကျေး ပြောကြစမ်းပါ။”

“ကားမောင်း ကျွမ်းကျင်ရင် ဘယ်လမ်းမဆို အဝေးပြေးလမ်းမ ဖြစ်နိုင်တာပဲလေ။”

ထိုခွဲခြမ်းစိတ်ဖြာချက်ကို ဖတ်ကြည့်ပြီးနောက် ရှောင်းယီ မျက်တောင်ခတ်လိုက်မိသည်။

“ဖြစ်နိုင်ခြေ ရှိသားပဲ။”

ယီရန်ပင်း မဟာမိတ်အဖွဲ့၏ ဧရာမကျွန်းကြီးမှာမူ ယခုအချိန်ထိ ဒေသခံ မဟာမိတ်တပ်များနှင့် မတွေ့ဆုံရသေးပေ။

All Chapters