← Chapters

အခန်း (၉၃၃-၉၃၄)

Vol. 77 Ch. 933-934

အခန်း (၉၃၃-၉၃၄)

Vol. 77 Ch. 933-934

အခန်း (၉၃၃) - ရိုးရှင်းသော လေယာဉ်၊ စမ်းသပ်ခြင်းနှင့် အသုံးမဝင်သည်တော့မဟုတ်

ဤကမ္ဘာကြီးသည် ချမ်းသာသူနှင့် ဆင်းရဲသူများကြားရှိ ကွာဟချက်ကို လျှော့ချရန် အမြဲတမ်း ရည်ရွယ်ထားပုံရသည်။ တစ်စုံတစ်ဦးက ရှေ့ကနေ ဦးဆောင်နေပြီဆိုလျှင် ထိုသူသည် အခြားသူများထက် ပိုမိုထူးခြားသော ဂရုစိုက်မှုနှင့် အမြဲကြုံတွေ့ရလေ့ရှိသည်။

ဥပမာအားဖြင့် ရှောင်းယီသည် အစကတည်းက အပျော်စီးရွက်သင်္ဘောတစ်စီးကို ပိုင်ဆိုင်ခဲ့သော်လည်း ထိုရွက်သင်္ဘောကို ကန့်သတ်ချက်များ ထားရှိကာ လွတ်လပ်စွာ မောင်းနှင်ခွင့်မပေးခဲ့ပေ။ သတ်မှတ်ထားသော လမ်းကြောင်းပေါ်တွင် မဟုတ်ပါက ရှေးဦး ဧရာမသားရဲကြီးများ၏ တိုက်ခိုက်ခြင်းကို ခံရမည်ဖြစ်သည်။

ဖွံ့ဖြိုးတိုးတက်မှုကောင်းမွန်သော ကျွန်းကြီးများ ကြုံတွေ့ရသည့် ပြဿနာများသည်လည်း ကျွန်းငယ်လေးများ ကြုံတွေ့ရသည်ထက် အမြဲတမ်း ပိုများနေတတ်သည်။ အပြန်အလှန်အားဖြင့် ထိုကျွန်းကြီးများသည် ကျွန်းငယ်လေးများထက် အခွင့်အရေး ပိုမိုရရှိသည်ဆိုသည်မှာလည်း ငြင်းမရသော အချက်တစ်ခုပင်။

ယင်းသည် စွန့်စားရမှုနှင့် အခွင့်အလမ်းတို့ ဒွန်တွဲနေခြင်းပင် ဖြစ်ရမည်။

ရှောင်းယီ မျှော်လင့်ချက်ကင်းမဲ့စွာ ခေါင်းခါးလိုက်မိ၏။ ဤကမ္ဘာ့စည်းမျဉ်းများကို အထက်ကလူများက သတ်မှတ်ထားခြင်းဖြစ်ရာ သူကိုယ်တိုင် ထိုစည်းမျဉ်းများကို မချိုးဖျက်နိုင်သရွေ့ စည်းမျဉ်းအတိုင်းသာ ကစားရုံရှိတော့သည်။

“ညီအစ်ကိုတို့ အားလုံးပြောနေကြတဲ့ စကားတွေအရဆိုရင် အဲ့ဒီဒေသခံတွေက မဟာမိတ်တွေ ဖြစ်မနေဘူးလား။ သူတို့ကို ကမ္ဘာ့စည်းမျဉ်းတွေက စေလွှတ်ပြီး သေခြင်းစွမ်းအင်ကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ လာပြောခိုင်းတာလေ။”

“အဲဒီလိုတွေးကြည့်ရင်တော့ ဟုတ်သလိုပဲ။ သူတို့က တကယ်ပဲ မဟာမိတ်တွေ ဖြစ်နိုင်မလား။”

“မသေချာဘူး။ သူတို့ သေခြင်းစွမ်းအင်အကြောင်း လာပြောပြတာဟာ ငါတို့ဆီကနေ အကျိုးအမြတ်တစ်ခုခု ပြန်လိုချင်ရုံသက်သက်ပဲ ဖြစ်လိမ့်မယ်။”

“မှန်တယ်။ ထာဝရမိတ်ဆွေဆိုတာ မရှိဘူး။ ထာဝရအကျိုးစီးပွားပဲ ရှိတယ်။”

“မင်း အဲ့ဒီစကားပုံကို အသုံးချလိုက်တာ တကယ့်ကို ကွက်တိပဲ။”

“ဟုတ်တယ်။ တကယ်လို့ သူတို့ရဲ့အင်အားက ငါတို့ကို ခြေမှုန်းပစ်နိုင်မယ်ဆိုရင် သူတို့က ငါတို့ကျွန်းတွေကို တိုက်ရိုက်သိမ်းပိုက်လိုက်မှာပေါ့။ ဒါဆို အဆင့်မြင့်အစားအစာတွေအားလုံးလည်း သူတို့အပိုင်ဖြစ်သွားမှာပဲ။ ဘာလို့ မလုပ်ဘဲ နေမလဲ။”

“ဒါဆိုရင်တော့ ငါတို့ အရမ်းအန္တရာယ်များတဲ့ အနေအထားမှာ ရှိနေတုန်းပဲ။”

“ဟုတ်တယ်။ အခုဆိုရင် မသေမျိုးတွေကိုတင် မကဘဲ ဒီက ဒေသခံအင်အားစုတွေကိုပါ သတိထားပြီး နေရမယ်။ တကယ်လို့ ငါတို့အရင်ရှိခဲ့တဲ့ ပင်လယ်ပြင်က ဒေသခံတွေပါ လိုက်လာမယ်ဆိုရင်တော့ တကယ့်ကို ရှုပ်ထွေးသွားပြီ။”

“သူတို့ လိုက်လာကြမယ်လို့ ငါခံစားရတယ်။ အုတ်မြစ်ကျောက်တိုင်ရှိတဲ့ ကျွန်းတွေအားလုံး ဒီကို ဆွဲသွင်းခံလိုက်ရတာပဲလေ။”

“ဒီနေရာက တကယ်ပဲ ကမ္ဘာ့စစ်မြေပြင် ပီသပါပေတယ်။ အင်အားစုမျိုးစုံ ရောယှက်နေတာဆိုတော့ ရှေ့မှာ တိုက်ပွဲတွေ အများကြီးလာဦးမယ်လို့ ငါထင်တယ်။”

“ဟူး... ငါတို့ ရှားနိုင်ငံက ငြိမ်းချမ်းရေးကို ဘယ်လောက်မြတ်နိုင်းသလဲဆိုတာ တွေးကြည့်စမ်းပါ။ ဒီကိုရောက်မှ ဘာလို့ အဲ့ဒါတွေ ပျက်စီးကုန်ရတာလဲ။”

“မင်း ဒီမှာလည်း ငြိမ်းချမ်းရေးကို ဆက်ပြီးမြတ်နိုးလို့ရပါတယ်။ မင်းရဲ့မေတ္တာတရားနဲ့ သူတို့ကို အလင်းဝင်လာအောင် လုပ်လိုက်ပေါ့။ မင်း လုပ်နိုင်ပါတယ်။”

“အားလုံးပဲ အဲ့လောက်ကြီးလည်း စိတ်ဓာတ်ကျမနေကြပါနဲ့။ ဒီနေရာက ငါတို့အတွက် စမ်းသပ်ကွင်းတစ်ခုပဲ။ စမ်းသပ်ကွင်းဖြစ်တဲ့အတွက် ဖြေရှင်းနည်းလည်း ရှိမှာပါ။ လုပ်ငန်းစဉ်က ခက်ခဲနိုင်ပေမဲ့ ငါတို့ကြိုးစားရင် ဒီစမ်းသပ်မှုကို အောင်မြင်နိုင်ပါတယ်။”

“အောင်မြင်မှုဆိုတာ လုံ့လဝီရိယပေါ်မှာပဲ မူတည်ပါတယ်။ ဘယ်တော့မှ အရှုံးပေးပြီး လဲမကျနဲ့။”

“မှန်တယ်။ လူတိုင်း ပြင်ပတိုက်ခိုက်မှုတွေကို ကာကွယ်နေရင်းနဲ့ ကိုယ့်ကျွန်းကိုလည်း ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဖို့ မမေ့ကြနဲ့။ ငါ ထောက်ပံ့ရေးသေတ္တာထဲကနေ ခုလေးတင်ရထားတဲ့ ပစ္စည်းကောင်းတစ်ခု ပြလိုက်မယ်။ [ရိုးရှင်းသော လေယာဉ် ထုတ်လုပ်မှုပုံစံ] ၁။”

“ဟမ်... ဘာတွေဖြစ်ကုန်တာလဲ။ အခု လေယာဉ်ပျံတွေတောင် ရနေပြီလား။”

“သေစမ်း... ငါ့မှာ လေသင်္ဘောတောင် မရသေးဘူး။ တကယ်ပဲ ရေငတ်တဲ့သူက ငတ်သေပြီး ရေကြီးတဲ့သူက နစ်သေနေတာပဲ။”

“မင်း အဲ့ဒီအရာကို ရရင်တောင် ပျံနိုင်ပါ့မလား။ မင်းမှာ လေယာဉ်သုံး ရေနံဆီ ဒါမှမဟုတ် ဒီဇယ် ရှိလို့လား။”

“အပေါ်က ညီအစ်ကိုရာ... မနာလိုမဖြစ်စမ်းပါနဲ့။ သူမှာမရှိရင်တောင် သူဌေးဆီမှာ ရှိတာပဲ။ သူဌေးက ဓာတ်ဆီနဲ့ ဒီဇယ်အမျိုးမျိုးကို အများပြည်သူဆီ စတင်ရောင်းချနေပြီဆိုတာ မင်းမသိဘူးလား။”

“ဟမ်... တကယ်လား။ သူဌေးဆီမှာ အရမ်းအဆင့်မြင့်တဲ့ ဆီချက်စက်ကိရိယာတွေ ဘယ်လိုရှိနေတာလဲ။”

“ဟီးဟီး...သူဌေးမှာ အပန်းဖြေစခန်းတောင် ရှိသေးတာပဲ။ အဲဒါကိုရော ဘာလို့ မမေးတာလဲ။”

“အဟုတ်ပဲ။ သူဌေးမှာ ဘယ်လိုအဆင့်မြင့်စက်ကိရိယာတွေ ရှိလဲဆိုတာ မင်းကို သတင်းပို့နေရဦးမှာလား။”

“ငါ့အမှားပါ။ အားလုံး တော်ကြပါတော့။ ငါက ရေတွင်းထဲက ဖားတစ်ကောင်မှန်း ငါသိသွားပါပြီ။”

“လေယာဉ်ပျံရဖို့ဆိုတာ မင်း ကံကောင်းခြင်းနတ်သမီးနဲ့ အတူအိပ်ခဲ့လို့ပဲ ဖြစ်ရမယ်။”

“အဲ့လောက်ကြီးတော့ ရိုင်းရိုင်းစိုင်းစိုင်း မပြောပါနဲ့။ ငါက ကံကောင်းခြင်းနတ်သမီးရဲ့ အနမ်းကို ခံလိုက်ရတာပါ။”

“ဒါပေမဲ့ ဒီရိုးရှင်းတဲ့ လေယာဉ်က ဘယ်လောက်အထိ ပျံနိုင်မလဲနဲ့ ဘယ်လောက်အထိ ဘေးကင်းမလဲဆိုတာ ဘယ်သူသိမှာလဲ။ ဟိုးတုန်းက ရိုက်ညီနောင်ရဲ့ Flyer 1 တောင် စက္ကန့်အနည်းငယ်ပဲ ဝေဟင်မှာ နေနိုင်ခဲ့တာလေ။”

“အဲ့ဒီလိုဆိုရင်တော့ အဲ့ဒီညီအစ်ကို့ရဲ့ ကံက တကယ်ဆိုးတာပဲ။ စက္ကန့်အနည်းငယ်ပဲ ပျံနိုင်တဲ့ လေယာဉ်ရတာက အသုံးမဝင်တာနဲ့ အတူတူပဲ။”

“မဟုတ်လောက်ပါဘူး။ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်က ငါတို့ကို အခြေခံအကျဆုံးအဆင့်ကြီးတော့ ပေးမှာမဟုတ်ဘူး။ မဟုတ်ရင် ဘာမှ အဓိပ္ပာယ်ရှိတော့မှာ မဟုတ်ဘူးလေ။ ငါတို့ကို သုတေသနလုပ်ဖို့သက်သက် ပေးရုံပဲဖြစ်ပါ့မလား။”

“သုတေသနလား။ ဟာသလုပ်မနေစမ်းပါနဲ့။ အခုချိန်မှာ အသက်ရှင်ဖို့တောင် မနည်းလုပ်နေရတာကို သုတေသနက လုပ်ရဦးမှာလား။”

“အားလုံးပဲ မငြင်းကြပါနဲ့တော့။ ငါ အဲ့ဒါကို တည်ဆောက်ပြီးသွားပြီ။ ပျံလို့ရတယ်။ ဒါပေမဲ့ ဝေးဝေးတော့ ပျံလို့မရဘူးထင်တယ်။ ငါ အရင်စမ်းသပ်ကြည့်လိုက်ဦးမယ်။ ပြန်လာမှ ပြောပြမယ်။”

“ညီအစ်ကို သတိထားနော်။ အဝေးကြီး မပျံသွားနဲ့ဦး။ မဟုတ်ရင် ပြန်လာဖို့ ဆီမလောက်ဘဲ နေဦးမယ်။”

ထို့နောက် ထိုလူသည် ရှောင်းယီထံသို့ ချက်ချင်းပင် သီးသန့်စာ ပို့လာခဲ့သည်။

“သူဌေး ကျုပ် ဓာတ်ဆီနည်းနည်းလောက် ဝယ်ချင်လို့ပါ။ သူဌေးဆီမှာ ရှိလား။”

“ရှိတယ်။”

ရှောင်းယီက ပြတ်ပြတ်သားသား ပြန်ဖြေလိုက်ပြီး စပ်စုသည့်အနေဖြင့် မေးလိုက်သည်။

“မင်းရဲ့လေယာဉ်က ဓာတ်ဆီအင်ဂျင် သုံးတာလား။”

“ဟုတ်ကဲ့။ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရဲ့ ညွှန်ကြားချက်အရဆိုရင် ခြောက်လုံးထိုး ရေအေးပေးစနစ်သုံး ဓာတ်ဆီအင်ဂျင် (six-cylinder water-cooled gasoline engine) ပါ။”

“ကောင်းပြီ။အုတ်မြစ်ကျောက်တိုင် ၁၀၀။ မင်းစမ်းသပ်ဖို့ လိုအပ်တဲ့ ဓာတ်ဆီအားလုံးကို ငါပေးမယ်။ မင်းစမ်းသပ်တဲ့အခါ မင်းရဲ့လက်ကိုင်ဖုန်းကနေ ငါ့ကို Live လွှင့်ပြပေးပါ။ ပြီးတော့ မင်းရလာတဲ့ စမ်းသပ်မှုရလဒ်အားလုံးကိုလည်း ငါသိချင်တယ်။”

ရှောင်းယီက အနည်းငယ်စဉ်းစားပြီး ပြန်ဖြေလိုက်သည်။

“ပြဿနာမရှိပါဘူး။”

တစ်ဖက်လူက ပြန်ဖြေပြီး ချက်ချင်းပင် လဲလှယ်မှုတစ်ခုကို စတင်လိုက်သည်။

“[အုတ်မြစ်ကျောက်] ၁၀၀ - အခမဲ့ လဲလှယ်ခြင်း။”

ရှောင်းယီ လဲလှယ်မှုကို သဘောတူပြီးနောက် ထိုသူလိုအပ်သည့် ဓာတ်ဆီများကို ပို့ပေးလိုက်သည်။ တစ်ဖက်လူကလည်း လက်ခံပြီးသည်နှင့် Live လွှင့်ခြင်းကို ချက်ချင်း စတင်လိုက်တော့သည်။

ထို့နောက် အလွန်ပင် ကြမ်းတမ်းရိုးရှင်းသော လေယာဉ်တစ်စင်း ရှောင်းယီ၏ ဖုန်းမျက်နှာပြင်ပေါ်တွင် ထွက်ပေါ်လာခဲ့သည်။

“ရိုးရှင်းသော လေယာဉ်- လေယာဉ်မှူး ၁ ဦး၊ ခရီးသည် ၁ ဦး၊ အရှည် ၇ မီတာ၊ တောင်ပံအကျယ်...”

စနစ်၏ ညွှန်ကြားချက်များကို ကြည့်ခြင်းအားဖြင့် ရှောင်းယီသည် ထိုရိုးရှင်းသောလေယာဉ်အကြောင်းကို အခြေခံအားဖြင့် နားလည်သွားခဲ့သည်။

ဓာတ်ဆီဖြည့်ပြီးနောက် စမ်းသပ်သူနှစ်ဦးမှာ လေယာဉ်ပေါ်သို့ တက်လိုက်ကြတော့သည်။ ကျွန်းပေါ်တွင် လေယာဉ်ပြေးလမ်းကိုလည်း ရှင်းလင်းထားပြီးဖြစ်သည်။

ထို့နောက် စတင်လိုက်၏။

လေယာဉ်၏အရှိန်မှာ မြန်သထက် မြန်လာသည်နှင့်အမျှ လေယာဉ်တစ်ခုလုံး ကောင်းကင်ယံသို့ တဖြည်းဖြည်း တက်လှမ်းသွားတော့သည်။

ရိုးရှင်းသော လေယာဉ်ဖြစ်သော်လည်း ဆီတိုင်ကီထဲရှိ ဆီအမှတ်အသားမှာ အလွန်ပင် ရှင်းလင်းလှသည်။

ကောင်းကင်ယံတွင် မိနစ် ၂၀ ခန့် ဝဲပျံပြီးနောက် ဆီထက်ဝက်ခန့် ကုန်သွားသည်ကို တွေ့ရသဖြင့် ၎င်းတို့ ပြန်လှည့်လာခဲ့ကြလေသည်။

ဆင်းသက်ပြီးနောက် စမ်းသပ်သူနှစ်ဦးက ဗီဒီယိုရှေ့တွင် တိုက်ရိုက် အစီရင်ခံလာခဲ့သည်။

“မောင်းနှင်ရတာ အလွန်လွယ်ကူပြီး အသားကျတာ မြန်ပါတယ်။ ဒါပေမဲ့ အရမ်းကို ကြမ်းတမ်းရိုးရှင်းလွန်းတော့ အပေါ်မှာ မျက်စိတောင် ကောင်းကောင်းဖွင့်လို့မရဘူး။”

“တိုင်းတာရေးကိရိယာတွေအရဆိုရင် ဒီလေယာဉ်က တစ်နာရီကို ကီလိုမီတာ ၇၀ အထိ အရှိန်မြှင့်နိုင်ပါတယ်။ ပျံတက်ချိန်ကစပြီး တွက်ကြည့်ရင် မိနစ် ၄၀ လောက် ပျံသန်းနိုင်လိမ့်မယ်။ နည်းနည်းတော့ ပိုကြာနိုင်ပေမဲ့ ဒီကိန်းဂဏန်းက ပိုပြီး စိတ်ချရပါတယ်။”

ထိုအစီရင်ခံစာကို ကြားသောအခါ တစ်စုံတစ်ယောက်က ညည်းညူလိုက်သည်ကို ရှောင်းယီ ကြားလိုက်ရသည်။

“ထင်တဲ့အတိုင်းပါပဲ။ တကယ် အသုံးမဝင်ဘူး။”

ထိုအခါ ရှောင်းယီက ဝင်ပြောလိုက်သည်။

“တကယ်တော့ ဒီလေယာဉ်က အသုံးဝင်ပါသေးတယ်။ ပျံသန်းနိုင်စွမ်းက နည်းနည်းအားနည်းတယ်ဆိုပေမဲ့ ဒါကို ဗုံးကြဲဖို့နဲ့ ကင်းထောက်ဖို့အတွက် သုံးလို့ရတယ်။ အထူးသဖြင့် အခုလို မသေမျိုးကျွန်းတွေရဲ့ ကျူးကျော်မှုကို ရင်ဆိုင်နေရတဲ့အချိန်မှာ ဒါကိုသုံးပြီး ကျွန်းတွေရဲ့ အတွင်းပိုင်းအထိ ဘေးကင်းကင်းနဲ့ ကင်းထောက်နိုင်လိမ့်မယ်။”

တစ်ဖက်လူမှာ သိသိသာသာပင် အံ့အားသင့်သွားပြီး ချက်ချင်းပြောလိုက်သည်။

“သူဌေး ပြောတာ မှန်တယ်။ လေယာဉ်ရဲ့အရှိန်က မီးပုံးပျံထက် အများကြီး ပိုမြန်တယ်ဆိုတော့ မသေမျိုးကျွန်းကို ကင်းထောက်ဖို့အတွက် ပိုပြီး ဘေးကင်းတာပေါ့။ အကြံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် သူဌေး။”

“ပြောမနေနဲ့တော့။ ထောက်ပံ့ရေးသေတ္တာကနေ ဒါကို ရထားတယ်ဆိုကတည်းက အသုံးဝင်မှု တစ်ခုခုတော့ ရှိလို့ဖြစ်မှာပဲ။ မင်းဘာသာမင်း ထပ်ပြီး စဉ်းစားကြည့်လိုက်ပါ။ ရလာတဲ့ ပစ္စည်းတွေကို အလဟဿ မဖြစ်စေနဲ့။”

ရှောင်းယီက စကားဆုံးသည်နှင့် ဗီဒီယိုခေါ်ဆိုမှုကို ရပ်စဲလိုက်တော့သည်။

အခန်း (၉၃၄) - မသေမျိုးကျွန်းကို ကင်းထောက်ရန် လေကြောင်းခံတပ်ကို အသုံးပြုခြင်း

ရှောင်းယီနှင့် ဗီဒီယိုခေါ်ဆိုမှု ပြီးဆုံးသွားပြီးနောက် ထိုလူသည် စမ်းသပ်မှုရလဒ်များကို ချက်ချင်းပင် ထုတ်ပြန်လိုက်တော့သည်။

ယီထျန်းဂရုထဲတွင် လူများက စမ်းသပ်မှုရလဒ်များကို စတင်ဆွေးနွေးကြတော့သည်။

“ကျစ်... ဒါက တော်တော် အသုံးမဝင်တာပဲ။ အရှိန်ကတော့ အဆင်ပြေပါတယ်။ ဒါပေမဲ့ မိနစ် ၄၀ ပဲ ပျံနိုင်တာလား။ အချိန်က အရမ်းတိုလွန်းတယ် မဟုတ်ဘူးလား။”

“ဟုတ်တယ်။ မိနစ် ၄၀ ဆိုတော့... ဘယ်လောက်အထိ ပျံနိုင်မလဲ တွက်ကြည့်ရအောင်။ ၇၀ × ၀.၆ = ၄၂ ကီလိုမီတာ။ အသွားအပြန်ကို ထည့်တွက်ပြီး နှစ်နဲ့စားလိုက်ရင် ၂၁ ကီလိုမီတာပဲ ရှိတယ်။ ဒီလေယာဉ်က ဟာသလုပ်နေတာလား။”

“၂၁ ကီလိုမီတာပဲ ပျံနိုင်တဲ့ လေယာဉ်က အသုံးမဝင်သလောက်ပဲ။ ပြီးတော့ ဆီလည်း ကုန်သေးတယ်ဆိုတော့ ပိုတောင် မတန်သေးတယ်။”

“အသုံးဝင်မှု တစ်ခုခုတော့ ရှိနိုင်တယ်လို့ ထင်တယ်။ ဒီအရှိန်က ငါတို့ မီးပုံးပျံတွေနဲ့ တချို့ လေသင်္ဘောတွေထက်တောင် ပိုမြန်နေတာပဲ။ အခု မသေမျိုးကျွန်းတွေက ငါတို့ မဟာမိတ်ကျွန်းနဲ့ ဆက်နေတာဆိုတော့ ဒီလေယာဉ်က သူ့ရဲ့ အကွာအဝေးအတွင်းမှာ ကင်းထောက်တာနဲ့ ဗုံးကြဲတာတွေကို သေချာပေါက် လုပ်နိုင်မှာပါ။”

“မှန်တယ်။ ငါတို့ လေ့လာထားချက်အရဆိုရင် အခုရှိနေတဲ့ မသေမျိုးကျွန်းတွေက သိပ်မကြီးသေးဘူး။ ၁၀ ကီလိုမီတာ ပတ်လည်လောက်ပဲ ရှိတယ်။”

“အဲဒီလိုတွက်ရင်တော့ အဆင်ပြေပါတယ်။”

ဤဆွေးနွေးမှုအပြီးတွင် လူတိုင်း လေယာဉ်၏ အသုံးဝင်ပုံကို ချက်ချင်း နားလည်သွားကြတော့သည်။

“ကျွန်းအထိမ်းအမှတ်ကျောက်တိုင်က အကြောင်းပြချက်မရှိဘဲ အသုံးမဝင်တဲ့ ပစ္စည်းတွေကို ပေးမှာမဟုတ်ဘူး။”

“ဟုတ်တယ်။ အသုံးမကျတဲ့ ကိရိယာဆိုတာ မရှိဘူး။ အသုံးမကျတဲ့ လူပဲ ရှိတယ်။”

“ဟေ့... မင်း အပေါ်ကလူ ငါ့ကို ပြောနေတာလား။”

“ငါက တချို့လူတွေကို ပြောတာပါ။ မင်းနဲ့မဆိုင်ရင် မနာနဲ့။”

ရှောင်းယီသည် ဂရုထဲမှ ဆွေးနွေးမှုများကို ကြည့်ရင်း အနည်းငယ် အံ့အားသင့်သွားခဲ့၏။ တစ်ဖက်လူက စမ်းသပ်မှုရလဒ်များကို ချက်ချင်း တင်ပေးလိမ့်မည်ဟု သူ မထင်ထားမိပေ။ လူအများစုမှာ ထိုသို့သော ရလဒ်မျိုးကို ကိုယ့်အတွက်ကိုယ်သာ လျှို့ဝှက်ထားတတ်ကြသည် မဟုတ်ပါလော။

တစ်ချိန်တည်းမှာပင် လူတိုင်း အတော်လေး ထက်မြက်ကြသည်ကို သူ ချီးကျူးမိသွားခဲ့သည်။ မဟုတ်ပါက ဤကဲ့သို့သော လေယာဉ်မျိုးအတွက် အသုံးဝင်မည့် နည်းလမ်းကို မည်သို့ တွေးမိကြမည်နည်း။

“ဟူး... ငါကျတော့ ဘာလို့ ဒီလို ခေတ်ရှေ့ပြေးတဲ့ ပစ္စည်းတွေ တစ်ခါမှ မရတာလဲ။”

ရှောင်းယီသည် မျှော်လင့်ချက်ကင်းမဲ့စွာဖြင့် သက်ပြင်း ထပ်ချလိုက်မိပြန်သည်။

အန်းယွဲ့သည် ယနေ့ ထောက်ပံ့ရေးသေတ္တာများကို ဖွင့်ခဲ့ပြီးဖြစ်သော်လည်း အခြား အသစ်အဆန်း ပစ္စည်းများ မပါဝင်ခဲ့ပေ။ အခြေခံကုန်ကြမ်းများနှင့် အုတ်မြစ်ကျောက်တိုင် အချို့သာ ပါဝင်ပေသည်။

ရှောင်းယီ ခေါင်းကို ခါယမ်းလိုက်ပြီး ကျောက်တိုင်ရှေ့မှ ထွက်လာခဲ့ကာ အရိုးစုကျွန်းသို့ နောက်တစ်ကြိမ် သွားရောက်ရန် ပြင်ဆင်လိုက်သည်။

အသက်ရှင်ကျန်ရစ်သူတစ်ဦး လေယာဉ်ရခဲ့သည်ကို သတိရမိရာမှ သူ၏ လေကြောင်းခံတပ်ကို အသုံးပြု၍ အရိုးစုကျွန်းအတွင်းရှိ အခြေအနေများကို ကောင်းကင်ယံမှ လေ့လာရန် သူ စဉ်းစားမိသွားခဲ့၏။

လေကြောင်းခံတပ်သည် တစ်နာရီလျှင် ကီလိုမီတာ ၆၀ အရှိန်ဖြင့် သွားနိုင်ပြီး ရိုးရှင်းသော လေယာဉ်လောက် မမြန်သော်လည်း နှေးကွေးသည်ဟုတော့ မဆိုနိုင်ပေ။

ရှေ့တန်းစစ်မျက်နှာသို့ ရောက်သောအခါ ကျန်းယွင်ထျန်းမှာ ထိုနေရာတွင် မရှိဘဲ ပိုင်ချီသာ ကျွန်းပေါ်ရှိ အခြေအနေကို စောင့်ကြည့်နေလေသည်။

“ကျွန်းပိုင်ရှင်”

ရှောင်းယီကို မြင်သည်နှင့် ပိုင်ချီက ထရပ်ကာ နှုတ်ဆက်လိုက်သည်။ ရှောင်းယီက ခေါင်းညိတ်ပြလိုက်သည်။

“လေကြောင်းခံတပ်ကို အခုချက်ချင်း စတင်လိုက်တော့။ အဲ့ဒီအရိုးစုကျွန်းထဲမှာ ဘာတွေဖြစ်နေလဲဆိုတာ ငါတို့ သွားကြည့်ကြမယ်။”

“ဟုတ်ကဲ့။”

ပိုင်ချီက တုံ့ပြန်လိုက်သည်။

ထို့နောက် လေကြောင်းခံတပ်ကို ချက်ချင်းပင် လဲလှယ်ရယူလာပြီး ရှောင်းယီနှင့် အဖွဲ့သားများသည်လည်း လေကြောင်းခံတပ်ပေါ်သို့ တက်လိုက်ကြတော့သည်။

“ကျွန်းပိုင်ရှင်...အရှင် ကမ်းခြေမှာပဲ နေခဲ့တာ ပိုကောင်းမယ်ထင်ပါတယ်။ ကျုပ် လူအချို့ခေါ်ပြီး သွားကြည့်လိုက်ပါ့မယ်။”

ပိုင်ချီက အနည်းငယ် တုံဆိုင်းစွာဖြင့် အကြံပေးလိုက်သည်။

အကယ်၍ မသေမျိုးကျွန်းပေါ်တွင် လေကြောင်းရန်ကာကွယ်ရေး လက်နက်များ ရှိနေပါက လေခံတပ်မှာ အလွန်ပင် ထိခိုက်လွယ်ပေလိမ့်မည်။ ၎င်းမှာ လျင်မြန်သော်လည်း လေကြောင်းခံတပ်မှာ အရွယ်အစား ကြီးမားလွန်းသဖြင့် ပစ်မှတ်ထားခံရလွယ်ကူပြီး လှုပ်ရှားရုန်းထွက်နိုင်စွမ်းသည်လည်း မလုံလောက်ပေ။

ရှောင်းယီက လက်ကာပြလိုက်၏။

“ရပါတယ်။ ငါတို့ရဲ့ လေကြောင်းခံတပ် ပစ်ချခံရရင်တောင် သူတို့ ငါ့ကို အဲ့ဒီမှာ ဖမ်းထားနိုင်မှာ မဟုတ်ဘူး။”

ရှောင်းယီက ထိုသို့ပြောလာသဖြင့် ပိုင်ချီလည်း ထပ်မပြောတော့ဘဲ လူတိုင်း လေကြောင်းခံတပ်ပေါ်သို့ အတူတူ တက်လိုက်ကြတော့သည်။

လေကြောင်းခံတပ်သည်သည် အမြင့် မီတာ ၅၀၀ အထိ အရင်တက်လိုက်ပြီးနောက် အရိုးစုကျွန်း၏ အလယ်ဗဟိုသို့ ဦးတည်ပျံသန်းကာ အခြေအနေကို လေ့လာရင်း အနည်းငယ် နိမ့်ဆင်းလာခဲ့သည်။

“ဒီအရိုးစုကျွန်းမှာ အသက်ဓာတ်လုံးဝ မရှိဘူး။ ဒါပေမဲ့ သစ်ပင်တွေကတော့ အများကြီး ကျန်နေသေးတယ်။”

ပိုင်ချီက လေ့လာရင်း ပြောလိုက်သည်။ ရှောင်းယီ ခေါင်းညိတ်လိုက်လိုက်သည်။

“သေခြင်းစွမ်းအင်တွေ မကူးစက်ခင်တုန်းက ဒီနေရာက အပင်တွေ အရမ်း စိမ်းလန်းစိုပြေခဲ့ပုံပဲ။”

“ဟမ်...။”

ရှောင်းယီ၏ စကားကို ကြားသောအခါ ပိုင်ချီက အနည်းငယ်တန့်သွားခဲ့၏။

“ကျွန်းပိုင်ရှင် ဒါက အရင်တုန်းက အသက်ရှင်ကျန်ရစ်သူ တစ်ယောက်ယောက်ရဲ့ ကျွန်းဖြစ်နိုင်တယ်လို့ ထင်လား။”

သူက မေးလိုက်သည်။

“ဟမ်...”

ရှောင်းယီလည်း အံ့အားသင့်သွား၏။

“ဒါလည်း ဖြစ်နိုင်ခြေ ရှိတယ်။ ရှေ့ကို ထပ်ပျံကြည့်ပြီး အကဲခတ်ရအောင်။”

လေကြောင်းခံတပ်သည်သည် အတွင်းပိုင်းသို့ ဆက်လက်ပျံသန်းလာခဲ့ရာ ကျွန်းအလယ်တွင် သဲဝါများဖြင့် ဖုံးလွှမ်းနေသည့် မြေကွက်လပ်တစ်ခု အမှန်တကယ်ပင် တည်ရှိနေခဲ့သည်။

“ဒါက တကယ်ပဲ အသက်ရှင်ကျန်ရစ်သူ တစ်ယောက်ရဲ့ ကျွန်း ဖြစ်နိုင်တယ်။”

ရှောင်းယီက တီးတိုး ပြောလိုက်သည်။

အဘယ်ကြောင့်ဆိုသော် ဤနေရာသည် ယခင်က သူရှာတွေ့ခဲ့ဖူးသော ယခင်မျိုးဆက် အသက်ရှင်ကျန်ရစ်သူ၏ ကျွန်းနှင့် အလွန်ဆင်တူနေသောကြောင့်ပင်။ ကွာခြားချက်မှာ ဤကျွန်းပေါ်ရှိ အပင်အားလုံး ညှိုးနွမ်းခြောက်သွေ့ပြီး သေဆုံးနေခြင်းသာ ဖြစ်သည်။

“အရှင်ဆိုလိုတာက ဒီမြေကွက်လပ်က အသက်ရှင်ကျန်ရစ်သူရဲ့ အိမ်ရှိခဲ့တဲ့ နေရာပေါ့ ဟုတ်လား။”

ပိုင်ချီက သဘောပေါက်သွားပြီး မေးလိုက်၏။ ရှောင်းယီက အနည်းငယ် ခေါင်းညိတ်ပြလိုက်သည်။

“တကယ်လို့ ငါတို့ ဒီနေရာမှာ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တစ်ခုကို တူးဖော်တွေ့ရှိခဲ့ရင်တော့ ဒါက သေချာသွားပြီ။”

“ဒါဆို အောက်ဆင်းပြီး တူးကြည့်ကြမလား။”

ပိုင်ချီက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

ထိုအခါ ရှောင်းယီသည် တိတ်ဆိတ်နေသော ပတ်ဝန်းကျင်ကို ကြည့်ကာ လေးလေးနက်နက် ပြောလိုက်သည်။

“အမြင့်ကို ထပ်လျှော့လိုက်။ အားလုံး သတိနဲ့နေကြ။”

“ဟုတ်ကဲ့”

လေကြောင်းခံတပ်သည်သည် အမြင့်ကို တဖြည်းဖြည်း ထပ်လျှော့လိုက်ပြီး ကျွန်းမျက်နှာပြင်နှင့် ပိုမိုနီးကပ်လာခဲ့သည်။

မီတာ ၁၀၀၊ မီတာ ၈၀၊ မီတာ ၆၀... မြေပြင်မှ အမြင့် မီတာ ၂၀ အထိ ရောက်သည့်တိုင် အရိုးစုကျွန်းဘက်မှ ဘာတုံ့ပြန်မှုမှ မရှိသေးပေ။

ထိုစဉ် မြေပြင်မှာ ရုတ်တရက် စတင် လှုပ်ရှားလာခဲ့၏။ အရိုးစုများသည် မြေအောက်မှ တစ်ခုပြီးတစ်ခု ထိုးထွက်လာကြကာ ဝေခွဲမရဟန်ဖြင့် ဟိုကြည့်ဒီကြည့် လုပ်နေကြပြီးနောက် နောက်ဆုံးတွင် ၎င်းတို့၏ ဦးခေါင်းခွံများကို မော့၍ လေကြောင်းခံတပ်ကို ကြည့်လိုက်ကြသည်။

၎င်းတို့၏ မျက်လုံးများကို မမြင်ရသော်လည်း ရှောင်းယီနှင့် အခြားသူများမှာမူ ထိုအရိုးစုများက သူတို့ကို မြင်နေရသည်ဟု သေချာပေါက် ခံစားနေမိ၏။

ထို့နောက် အရိုးစုများသည် မြေကြီးထဲမှ အရိုးလှံများကို ဆွဲထုတ်လိုက်ပြီး လေကြောင်းခံတပ်ဆီသို့ ပစ်လွှတ်လိုက်ကြတော့သည်။

ရွှစ်... ရွှစ်... ရွှစ်...

ထိုအရိုးလှံများ လေထုကို ဖြတ်သန်းသွားသည့်အခါ အသံများပင် ထွက်ပေါ်လာပြီး ထိုအရာက ၎င်းတို့၏ အရှိန် မည်မျှလျင်မြန်သည်ကို သိသာလှပေသည်။

“အမြင့်ကို ပြန်တက်...။”

ရှောင်းယီက ဟစ်အော်လိုက်ပြီး သူ၏ ရွှမ်းယွမ်ဓားကို ဆွဲထုတ်ကာ လေကြောင်းခံတပ်၏ ပျံသန်းရေး ကိရိယာများကို ထိမှန်နိုင်သည့် အရိုးလှံများကို လိုက်လံ ပိတ်ဆို့လိုက်လေသည်။

အခြားစစ်သားများကလည်း သူ၏ စံနမူနာအတိုင်း အရိုးလှံများကို တစ်ခုပြီးတစ်ခု ပစ်ချလိုက်ကြ၏။

သို့သော် ရှောင်းယီအား အံ့အားသင့်သွားစေသည်မှာ ထိုအရိုးစုများသည် မြေကြီးထဲမှ အရိုးလှံများကို မပြတ်တမ်း ဆွဲထုတ်နိုင်ပြီး ကောင်းကင်သို့ ဆက်တိုက် ပစ်လွှတ်နေနိုင်ခြင်းပင်။

၎င်းတို့၏ လှံပစ်နိုင်သည့်အမြင့်မှာ မီတာ ၆၀ ကျော်အထိပင် ရောက်ရှိနိုင်ပြီး အလွန်ပင် အံ့သြဖွယ် ကောင်းလှသည်။ အမှန်စင်စစ် မီတာ ၆၀ အမြင့်သို့ ရောက်သည့်အခါတွင်မူ အရိုးလှံများသည် အရှိန်လျော့သွားပြီး ထိခိုက်စေနိုင်စွမ်း မရှိတော့ပေ။

ရှောင်းယီနှင့် စစ်သားများ၏ အကာအကွယ်အောက်တွင် ထိုအရိုးလှံများသည် လေကြောင်းခံတပ်ကို ကြီးကြီးမားမား ထိခိုက်အောင် မလုပ်နိုင်ခဲ့ပေ။

လေကြောင်းခံတပ်သည်သည် မီတာ ၇၀ အမြင့်တွင် ဆက်လက်ရှိနေပြီး အောက်က အရိုးစုများကို ငုံ့ကြည့်လိုက်၏။

၎င်းတို့အနေဖြင့် လေကြောင်းခံတပ်ကို ဆက်လက်တိုက်ခိုက်၍ မရတော့ကြောင်း မြင်သောအခါ အရိုးစုများမှာ ၎င်းတို့၏ အရိုးလှံများကို ယူဆောင်ကာ ယီရန်ပင်း မဟာမိတ်အဖွဲ့၏ ခံစစ်စည်းဆီသို့ စတင် လမ်းလျှောက်သွားကြတော့သည်။

“ဒါ...ကျုပ်တို့ အရိုးစုတွေရဲ့ လက်နက်စွမ်းရည်ကို သွားပြီး နှိုးဆွလိုက်မိတာလား။”

ပိုင်ချီက မသေချာသလို ပြောလိုက်သည်။

ယခင်က ထွက်လာသမျှ အရိုးစုများမှာ လက်နက် တစ်ခုမှ ပါလာခြင်း မရှိခဲ့ပေ။ ယခုမှာ တကယ့်ကို ပထမဆုံးအကြိမ်ပင် ဖြစ်သည်။

ရှောင်းယီလည်း မျက်မှောင်ကြုတ်လိုက်ပြီး သူ၏ လက်ကိုင်ဖုန်းကို ထုတ်ကာ ဂရုထဲတွင် အသိပေးလိုက်သည်။

“အားလုံး သတိထားကြ။ အခု အရိုးစုတွေမှာ လက်နက်တွေ ရှိနေပြီ။ သတိနဲ့ နေကြပါ။ ငါတို့ အခု လေ့လာထားချက်အရဆိုရင် သူတို့မှာ ပြင်းထန်တဲ့ အားနဲ့ ပစ်လွှတ်နိုင်တဲ့ အရိုးလှံတွေ ရှိနေတယ်။ အခြား လက်နက်အသစ်တွေ ရှိဦးမလားဆိုတာတော့ မသေချာသေးဘူး။”

All Chapters