အခန်း (၉၃၅-၉၃၆)
Vol. 77 Ch. 935-936
အခန်း (၉၃၅) - လက်နက်ကိုင်အရိုးစုများ၊ ဗုံးကြဲခြင်းနှင့် သတင်းအချက်အလက်
ရှေ့တန်းစစ်မြေပြင် တပ်မှူးများနှင့် ကျွန်းတာဝန်ခံ အားလုံးသည် ဤလက်ကိုင်ဖုန်းဂရုထဲတွင် ရှိနေကြ၏။ ထို့ကြောင့် ရှောင်းယီ တစ်ခါပြောရုံနှင့် အားလုံး နားလည်သွားကြသည်။
အမှန်စင်စစ် ဤဖုန်းများတွင် ယခင်ကမ္ဘာကကဲ့သို့ မက်ဆေ့ဂျ်ပို့သည့် အက်ပ် (Apps) များ မရှိဘဲ Bulk SMS (အုပ်စုလိုက် စာတိုပေးပို့ခြင်း) စနစ်ကဲ့သို့သာ အလုပ်လုပ်ခြင်း ဖြစ်သည်။ ၎င်းမှာ ဖုန်း၏ စွမ်းဆောင်ရည် ညံ့ဖျင်း၍ မဟုတ်ဘဲ အင်တာနက် ဆာဗာမရှိသောကြောင့် ဖြစ်သည်။ အခြေစိုက်စခန်းသည် လိုင်းအချက်ပြမှုကိုသာ ထုတ်လွှင့်ပေးနိုင်ပြီး ဆာဗာအဖြစ် အသုံးမပြုနိုင်ပေ။ သို့သော်လည်း အချိန်နှင့်တပြေးညီ သတင်းပေးပို့နိုင်ခြင်းကပင် လုံလောက်နေပြီ ဖြစ်သည်။
သတင်းရရှိပြီးနောက် အားလုံးက “လက်ခံရရှိပါပြီ” ဟု ပြန်လည် အကြောင်းပြန်လိုက်ကြ၏။
ရှောင်းယီနှင့် အဖွဲ့သားများသည် လေကြောင်းခံတပ်ကို စီးနင်းလျက် အရိုးစုများ၏ နောက်သို့လိုက်ကာ ယီရန်ပင်း မဟာမိတ်အဖွဲ့၏ ခံစစ်စည်းသို့ ရောက်ရှိလာခဲ့သည်။ ရှေ့တွင် တောက်လောင်နေသော မီးတံတိုင်းကြီးကို မြင်သောအခါ အရိုးစုများသည် အနည်းငယ် တုံ့ဆိုင်းသွားသော်လည်း မကြာမီမှာပင် ခံစစ်စည်းများဆီသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်လာကြတော့သည်။
ရွှစ်... ရွှစ်... ရွှစ်...
အရိုးစုများသည် ၎င်းတို့လက်ထဲရှိ အရိုးလှံများကို ယီရန်ပင်း မဟာမိတ်တပ်စခန်းများဆီသို့ တစ်ကျော့ပြန် ပစ်လွှတ်လိုက်ကြပြန်သည်။ ရှောင်းယီ၏ ကြိုတင်သတိပေးချက်ကြောင့် ခံစစ်တပ်သားများသည် သံပြားကပ်ထားသည့် အထူစား ဒိုင်းများကို အဆင်သင့် ပြင်ထားကြပြီးဖြစ်သည်။
ခရက်... ခရက်... ခရက်...
ဒိုင်းများကို ထိမှန်သွားသည့် အရိုးလှံတိုင်းမှာ နှစ်ပိုင်းကျိုးသွားကြ၏။ ဒိုင်းများ၏ နောက်ကွယ်မှ စစ်သားများသည် S။အဆင့် လက်သုံးဒူးလေးများကို မြှောက်ကာ တစ်ပြိုင်နက် ပစ်ခတ်လိုက်ရာ အရိုးစုများ၏ ဦးခေါင်းခွံများမှာ တစ်တန်းလုံး ပေါက်ကွဲထွက်ကုန်ကြတော့သည်။
အရိုးစုများသည် အရိုးပုံကြီးများအဖြစ် မြေပြင်ပေါ်သို့ ပြိုလဲကျသွားကြတော့၏။
“ကျွန်းပိုင်ရှင် ပေးထားတဲ့ အနက်ရောင်ရွှေသစ်သား မြားတွေက တကယ့်ကို အလန်းစားပဲ။ B အဆင့် ဝါးမြားတွေတုန်းကဆို သူတို့ကို ခြစ်ရာတောင် ထင်အောင်မလုပ်နိုင်ဘူး။”
“ဟုတ်တယ်။ ဒီတစ်ခါတော့ အရမ်းလွယ်သွားပြီ။ ငါတို့မှာ အနက်ရောင်ရွှေသစ်သား မြားတွေ ရှိနေသရွေ့ ဘယ်အရိုးစုမှ ငါတို့ကျွန်းပေါ်ကို ခြေမချနိုင်စေရဘူး။”
“မှန်တယ်။ ဒီမြားတွေရှိရင် S အဆင့် အရိုးစုတွေကိုတောင် ကြောက်စရာ မလိုတော့ဘူး။”
လက်သုံးဒူးလေးများဖြင့် အရိုးစုများကို အလွယ်တကူ နှိမ်နင်းနိုင်သည်ကို ကြည့်ပြီး ရှောင်းယီသည် အနက်ရောင်ရွှေသစ်သား မြားများအပေါ် ပိုမိုကျေနပ်သွားခဲ့သည်။ နတ်သူငယ်မျိုးနွယ်စုကို သူ၏ကျွန်းသို့ ပြောင်းရွှေ့ရန် ဖျောင်းဖျခဲ့ခြင်းမှာ တကယ့်ကို မှန်ကန်သော ဆုံးဖြတ်ချက် ဖြစ်သည်။ သူတို့သာ မရှိပါက ဤမကုန်ခမ်းနိုင်သော အရိုးစုများကြောင့် မဟာမိတ်အဖွဲ့၏ အရင်းအမြစ်များမှာ ခန်းခြောက်သွားနိုင်ပေသည်။
“ကျွန်းပိုင်ရှင် ကျုပ်တို့ သူတို့ကို ဆက်ပြီး စမ်းသပ်ဦးမလား။”
ပိုင်ချီက ကျွန်းကို ငုံ့ကြည့်ရင်း မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။ ထိုအခါ ရှောင်ယီက ခေါင်းခါပြလိုက်သည်။
“မလုပ်သေးဘူး။ ကျွန်းရဲ့ အလယ်ဗဟိုကို ချဉ်းကပ်တာက သူတို့ရဲ့ လက်နက်စွမ်းရည်ကို နှိုးဆွပေးမလားဆိုတာ ငါတို့ မသိသေးဘူး။ အရင် စောင့်ကြည့်ရအောင်။”
အကယ်၍ အလယ်ဗဟိုသို့ ဝင်ရောက်ခြင်းက အရိုးစုများကို လက်နက်တပ်ဆင်ပေးသကဲ့သို့ ဖြစ်နေပါက ဆက်လက်စမ်းသပ်ခြင်းမှာ ပြဿနာကို ဖိတ်ခေါ်သကဲ့သို့ ဖြစ်နေပေလိမ့်မည်။
“ဟုတ်ကဲ့ပါ အရှင်။”
လေကြောင်းခံတပ်သည်သည် မဟာမိတ် အနောက်ဘက်ကျွန်းသို့ ပြန်ရောက်လာခဲ့ပြီး ရှောင်းယီနှင့် အဖွဲ့သားများလည်း အောက်သို့ ဆင်းလာခဲ့ကြသည်။ သူသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင် တစ်ခုသို့ သွားကာ ဂရုထဲမှ မက်ဆေ့ဂျ်အသစ်များကို စစ်ဆေးလိုက်သည်။
“ဟားဟား... လေယာဉ်ပျံတွေက တကယ်ကောင်းတယ်။ ဆီစားတာ တစ်ခုပဲ နည်းနည်းများတာ။”
“မင်း လေယာဉ်ပျံကို ဘာအတွက် သုံးလိုက်တာလဲ။”
“ငါတို့ ဖုတ်ကောင်ကျွန်းပေါ်ကို ပျံတက်ပြီး သူတို့ အများဆုံး စုဝေးနေတဲ့ နေရာတွေကို ဗုံးနည်းနည်း ကြဲချခဲ့တာလေ။”
“ကောင်းတဲ့ အကြံပဲ။ ငါတို့လည်း မီးပုံးပျံနဲ့ စမ်းကြည့်ရမယ်။ ဖုတ်ကောင်တွေကို လျှော့ချနိုင်ရင် ခံစစ်စည်းက ပိုသက်သာသွားလိမ့်မယ်။”
“သတိထားဦး။ မီးပုံးပျံတွေက ပျံသန်းတာ နှေးပြီး ခပ်နိမ့်နိမ့်ပဲ ပျံနိုင်တယ်။ လှည့်ရတာလည်း ခက်တယ်။ ဖုတ်ကောင်တွေက မင်းတို့ကို ကောင်းကင်ပေါ်ကနေ ပစ်ချနိုင်တယ်။”
“ဖုတ်ကောင်တွေက ငါတို့ကို ပစ်ချမယ် ဟုတ်လား။ အိပ်မက်ယောင်မနေစမ်းပါနဲ့။ ငါတို့က ပစ္စည်းတွေ လျှော့ချပြီး အမြင့်ကို ပိုတက်လိုက်ရုံပဲ။”
“ပြဿနာက မင်း အမြင့်ကို ပိုတက်လေလေ၊ ပစ်မှတ်ကို ထိဖို့ ပိုခက်လေလေပဲ။”
“ဒါက အရေးမကြီးပါဘူး။ စမ်းသပ်ရုံပဲလေ။ ထိရင်တော့ အမြတ်ပေါ့။”
“ဟုတ်တယ်။ စမ်းကြည့်ရကျိုး နပ်ပါတယ်။”
“ငါတို့လည်း စမ်းကြည့်ဦးမယ်။”
အားလုံး စမ်းသပ်ချင်နေကြသည်ကို မြင်သောအခါ ရှောင်းယီက ဝင်ပြောလိုက်သည်။
“သတိထားကြပါ။ တချို့ မသေမျိုးတွေမှာ လေကြောင်းရန် တိုက်ခိုက်နိုင်စွမ်း ရှိတယ်။ မီးပုံးပျံကို အမြင့်မှာပဲ ထားပါ။ ပြီးတော့ ထိခိုက်ပျက်စီးမှုတွေကို ချက်ချင်း ပြုပြင်နိုင်ဖို့ ကျွန်းအထိမ်းအမှတ်ကျောက်တိုင် တပ်ဆင်ထားတဲ့ မီးပုံးပျံတွေကိုပဲ သုံးကြပါ။”
“သူဌေးက သတိပေးနေတယ်ဆိုတော့ သူကိုယ်တိုင် စမ်းကြည့်ပြီးပြီ ထင်တယ်။”
“ဒါပေါ့...သူ စမ်းမကြည့်ဘဲနဲ့တော့ ငါတို့ကို သတိပေးမှာ မဟုတ်ဘူး။”
“သူဌေး အသေးစိတ်လေး ပြောပြပါဦး။”
“ဟုတ်တယ်။ ပြောပြပေးပါဦး။”
လူတိုင်း စပ်စုနေကြသဖြင့် ရှောင်းယီလည်း ပြန်ဖြေပေးလိုက်သည်။
“ငါတို့ မဟာမိတ်အဖွဲ့ရဲ့ လေကြောင်းတပ်ဖွဲ့နဲ့ အရိုးစုကျွန်းပေါ်မှာ စမ်းသပ်ခဲ့တယ်။ အမြင့် မီတာ ၂၀ လောက်မှာ သူတို့ ငါတို့ကို သတိပြုမိသွားတယ်။ မြေကြီးထဲက ထွက်လာပြီး မော့ကြည့်ကြတယ်။ ပြီးတော့ အရိုးလှံတွေကို တူးထုတ်ပြီး ပစ်လွှတ်ကြတာပဲ။”
“ဘာ... အရိုးစုတွေမှာ အဝေးပစ်လက်နက်တွေပါ ရှိလာပြီလား။”
“ကျွန်းရဲ့ အလယ်ဗဟိုကို ဝင်လိုက်လို့ အဲ့ဒီလက်နက်တွေ ပေါ်လာတာလား ဆိုတာတော့ ငါလည်း မသေချာဘူး။ ဒါပေမဲ့ သတိတော့ ထားကြပါ။”
“မှန်တယ်။ ကြိုမသိထားရင် သူတို့တွေက လက်ဗလာနဲ့ပဲ တိုက်မယ်လို့ ထင်နေမိဦးမှာပဲ။”
“ငါ ခံစစ်တပ်သားတွေကို ချက်ချင်း သတိပေးလိုက်ဦးမယ်။ ကျစ်... ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကနေပဲ စကားပြောနေရတာ တကယ် အဆင်မပြေဘူး။ သူဌေး... ကျုပ် လက်ကိုင်ဖုန်း နည်းနည်းလောက် ဝယ်ချင်ပါတယ်။”
“ဖုန်းတွေက ဒီမှာရော အလုပ်လုပ်လို့လား။”
ထိုမေးခွန်းကို မြင်သောအခါ ရှောင်းယီက ပြန်ဖြေသည်။
“ဒါပေါ့။ ငါတို့ အားလုံး သုံးနေကြတာပဲ။ ဒါပေမဲ့ ကမ္ဘာ့စည်းမျဉ်းတွေက မင်းတို့ကို ဝေးဝေးမှာ သွားချထားနိုင်လို့ အရင်ဆုံး တစ်လုံး ငှားပြီး လိုင်းမိမမိ စမ်းကြည့်လိုက်ပါ။”
“အကြံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် သူဌေး။ ကျုပ်တို့ ငှားပြီး စမ်းကြည့်လိုက်ပါ့မယ်။”
“ငါတို့လည်း စမ်းကြည့်မယ်။”
“စမ်းနေစရာ မလိုပါဘူး။ ဖုန်းရှိပြီး လိုင်းမမိတဲ့သူတွေ ရှိလား။”
“ကျုပ်ဆီမှာ ရှိတယ်။”
“ကျုပ်ဆီမှာလည်း ရှိတယ်။”
“ရှိတယ် +၁၀၀၈၆”
“တွေ့လား။ ငါတို့အားလုံးက တစ်နေရာတည်းမှာ ကျလာတာ မဟုတ်နိုင်ဘူး။”
“ဟုတ်တယ်။ ဒါပေမဲ့ စမ်းကြည့်တာက ပိုလွယ်ပါတယ်။”
ရှောင်းယီသည် သူတို့ကို ဖုန်းများ ငှားရမ်းပေးလိုက်ရာ ငှားရမ်းသူတိုင်း လိုင်းအချက်ပြမှု အားကောင်းသည်ကို အတည်ပြုနိုင်ခဲ့ကြသည်။ ဆိုလိုသည်မှာ လူအများသည် ကမ္ဘာ့စစ်မြေပြင်တွင် ပြန့်ကျဲနေကြသော်လည်း ဧရိယာမှာ အလွန်အမင်း ကျယ်ပြန့်သွားခြင်း မရှိသေးပေ။
လိုင်းမိသည်ကို အတည်ပြုပြီးနောက် ၎င်းတို့သည် ဖုန်းများကို တိုက်ရိုက် ဝယ်ယူကြတော့သည်။ ဖုန်းများရှိလာခြင်းကြောင့် သတင်းအချက်အလက် စီးဆင်းမှု ပိုမြန်လာကာ တိုက်ပွဲများတွင်လည်း များစွာ အထောက်အကူ ဖြစ်စေနိုင်ပေသည်။
အချို့က ဖုန်းဝယ်ရန် အလုပ်ရှုပ်နေစဉ် အချို့ကမူ လှံကိုင်အရိုးစုများအပေါ် အာရုံစိုက်နေခဲ့ကြသည်။
“သူဌေး အဲဒီအရိုးလှံတွေက ဘယ်လောက်အထိ အဝေးကြီး ပစ်နိုင်လဲ။”
“ဟုတ်တယ်။ အဲ့ဒီအချက်အလက်က ကျုပ်တို့အတွက် အရမ်းအရေးကြီးတယ်။”
“အမြင့်ပိုင်းဆိုရင် မီတာ ၆၀ လောက်အထိ ရောက်တယ်။ ဒါပေမဲ့ မီတာ ၄၀ နဲ့ ၅၀ ကြားကတော့ အန္တရာယ်ဇုန်ပဲ။ အဲ့ဒီထက် မြင့်သွားရင်တော့ လှံတွေက အရှိန်လျော့သွားပါပြီ။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“ဒီလောက်တောင် မြင့်တာလား။ အဲ့ဒီအရိုးတွေက တကယ် တောင့်တင်းတာပဲ။”
“ဒုက္ခပဲ... ငါ မီးပုံးပျံ အဖွဲ့သားတွေကို သတိပေးရမယ်။ သူတို့က ဗုံးကြဲဖို့ မီတာ ၅၀ လောက်အထိ သေချာပေါက် ဆင်းသွားကြမှာ။”
“တကယ်ပဲ မစရသေးခင် ကြိုသိလိုက်ရတာ ကံကောင်းတယ်။ သတိပေးတဲ့အတွက် ကျေးဇူးပါ သူဌေး။”
ရှောင်းယီ ခဏရပ်သွားပြီးနောက် ပြောလိုက်သည်။
“သိပ်တော့ စိုးရိမ်မနေကြပါနဲ့။ ငါတို့နဲ့တွေ့တဲ့ မသေမျိုးတွေက မင်းတို့နဲ့တွေ့တဲ့အကောင်တွေနဲ့ တူချင်မှ တူမှာပါ။”
အခန်း ၉၃၆ - နောက်ကျသွားပြီနှင့် ဝါဒဖြန့်ချိရေး၏ စွမ်းအား
“မတူဘူး ဟုတ်လား။”
ရှောင်းယီ၏ စကားကို ကြားသောအခါ လူတိုင်း အံ့အားသင့်သွားခဲ့ကြသည်။
“သူဌေး ခင်ဗျားတို့ မဟာမိတ်အဖွဲ့ ရင်ဆိုင်နေရတဲ့ မသေမျိုးမျိုးနွယ်က ထူးခြားလို့လား။”
“ဖြစ်နိုင်တာက သူဌေးနဲ့ ကျုပ်တို့က ကမ္ဘာဦးစစ်မြေပြင်တစ်ခုတည်းမှာ မဟုတ်တာလား။”
လူတိုင်း ဇဝေဇဝါဖြစ်နေသည်ကို မြင်သောအခါ ရှောင်းယီက ဆက်လက်ရှင်းပြလိုက်သည်။
“ကျုပ် ‘မတူဘူး’ လို့ ပြောတာက မျိုးနွယ်စုကို ပြောတာမဟုတ်ဘူး။ အဆင့်ကို ပြောတာပါ။”
“အဆင့်လား။ နားလည်ပြီ။ သူဌေး ဆိုလိုတာက သူတို့ ရင်ဆိုင်နေရတဲ့ မသေမျိုးတွေက အဆင့်မြင့်လို့ အဝေးကြီး လှမ်းပစ်နိုင်တာပေါ့။ မဟုတ်ရင် အဲ့ဒီလောက် အမြင့်ကြီးကို ပစ်နိုင်မှာ မဟုတ်ဘူး။”
“ဟုတ်တယ်။ အရင်က ဌာနေရန်သူတွေနဲ့ တွေ့တုန်းကလည်း ဒီလို ပုံစံမျိုး ရှိခဲ့ဖူးတယ်။”
“သူဌေး ခင်ဗျား ဘယ်အဆင့်ရှိတဲ့ မသေမျိုးတွေနဲ့ ရင်ဆိုင်နေရတာလဲ။”
တစ်စုံတစ်ယောက်က စပ်စုလိုက်သည်။
“S အဆင့်။”
ရှောင်းယီက တည်ငြိမ်စွာ ပြန်ဖြေလိုက်၏။
“S အဆင့်လား။ ရှစ်တ်... အဆင့်က အဲ့လောက်တောင် မြင့်တာလား။ ဒါဆိုရင် S အဆင့် လက်နက်အေးတွေ လိုအပ်မှာပဲ။”
“အေးလေ...အဲ့ဒါကြောင့်လည်း သူဌေးက သူတို့ မဟာမိတ်အဖွဲ့မှာ ခဲယမ်းမီးကျောက်တွေ အများကြီး လိုအပ်နေလို့ အပြင်လူတွေကို အခုလောလောဆယ် မရောင်းနိုင်သေးဘူးလို့ ပြောတာပေါ့။”
“S အဆင့် မသေမျိုးတွေနဲ့ တွေ့ရတာက တကယ်ကို ကြောက်စရာပဲ။ လက်နက်ပြင်းတွေ ဘယ်လောက်ပဲ ရှိရှိ။သူတို့ကို ကာကွယ်နိုင်ပါ့မလားဆိုတာတောင် မသေချာဘူး။”
“သူဌေးက အခုထိ ကျွန်းအထိမ်းအမှတ်ကျောက်တိုင် ရှေ့မှာ ကျုပ်တို့နဲ့ စကားပြောနိုင်သေးတယ်ဆိုရင် သူ အခြေအနေကို ထိန်းချုပ်ထားနိုင်ပြီလို့ ဆိုလိုတာပဲ။”
“သူဌေးကတော့ တကယ်လန်းလွန်းတယ်။”
ဂရုထဲရှိ လူတိုင်းက သူ့ကို ချီးကျူးနေကြသည်။
ထိုစဉ် လူတစ်ယောက်က အဖွဲ့ထဲတွင် ရုတ်တရက် ပေါ်လာပြီး ပြောလိုက်သည်။
“လူတိုင်း သတိထားကြ။ မြေပြင်နဲ့ အရမ်းနီးနီးကပ်ကပ် မနေကြနဲ့။ အဲ့ဒီ မသေမျိုးတွေက ဝေဟင်ကိုပါ တိုက်ခိုက်နိုင်တယ်။”
ထိုသတင်းစကားကို မြင်သောအခါ လူတိုင်း မှင်သက်သွားကြပြီး ပြန်လည် ဆွေးနွေးကြပြန်သည်။
“ဟမ်... မင်းတို့ရဲ့ လေတပ်သားတွေ ဇွန်ဘီတွေရဲ့ ပစ်ချတာ ခံလိုက်ရတာလား။”
“ဟုတ်တယ်။ ငါတို့ ဒေသခံစစ်သား အတော်များများ ဆုံးရှုံးသွားတယ်။ မင်းတို့ထဲမှာ မသေမျိုးတွေကို ဗုံးကြဲဖို့ မီးပုံးပျံတွေ မသုံးကြဘူးလား။”
“သူဌေးက ဒီအကြောင်းကို အဖွဲ့ထဲမှာ ပြောနေတာ ကြာပြီလေ။ မင်းတို့မှာ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို အမြဲစောင့်ကြည့်နေမယ့်သူ တစ်ယောက်မှ မရှိကြဘူးလား။”
“ဟမ်...မရှိဘူး။ ငါတို့ ကျွန်းက အရမ်းကြီးတော့ လူအင်အား မလောက်ဘူး။ အားလုံးက ရှေ့တန်းမှာ ရောက်နေကြတာ။”
“ညီအစ်ကို... မင်းတော့ ၄၉ ခုနှစ်မှာ G တပ်မတော်ထဲ ဝင်သလို ဖြစ်နေပြီ။ မင်း အရမ်း နောက်ကျသွားပြီ။”
“တချို့ကိစ္စတွေကို သူဌေးကို အရင်မေးထားဖို့ လိုမယ်ထင်တယ်။”
“သူဌေး အခုနက ဘာပြောသွားလဲဆိုတာ တစ်ယောက်လောက် ပြန်ပြောပြလို့ ရမလား။”
“စကားပြောမှတ်တမ်းကို ကိုယ့်ဘာသာကိုယ် ပြန်လှန်လိုက်ကြည့်ပါလား။ ဒါမှမဟုတ် သူဌေးရဲ့ မက်ဆေ့ချ်တွေကိုပဲ စစ်ထုတ်ပြီး ဖတ်လိုက်။”
ရှောင်းယီသည် ခေါင်းခါယမ်းလိုက်ပြီး ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရှေံမှ ထွက်လာခဲ့လိုက်သည်။ ဝင်လုဆဲဆဲ နေရောင်ခြည်ကို ကြည့်ရင်း သူ သက်ပြင်းချလိုက်မိသည်။
“မသေမျိုးတွေ တစ်ကျော့ပြန် လှုပ်ရှားလာတော့မယ် ထင်တယ်။”
ရှောင်းယီသည် မဟာမိတ်အနောက်ဘက်ကျွန်းတွင် ညစာကို အလျင်အမြန် စားလိုက်၏။ ကောင်းကင်သည်လည်း လုံးဝ မှောင်မိုက်သွားပြီ ဖြစ်သည်။
မျှော်လင့်ထားသည့်အတိုင်းပင် အရိုးစုကျွန်းပေါ်တွင် လှုပ်ရှားမှုများ ရှိလာပြီး အရိုးစုများမှာ မြေကြီးထဲမှ တစ်ကောင်ပြီးတစ်ကောင် ထိုးထွက်လာကြတော့သည်။
ယခုတစ်ကြိမ်တွင် အရိုးစုအားလုံးသည် အရိုးလှံများကို ကိုင်ဆောင်ထားကြပြီး ယီရန်ပင်း မဟာမိတ်အဖွဲ့၏ ခံစစ်စည်းဆီသို့ စတင်ချီတက်လာကြသည်။
“အားလုံးပဲ...ကြိုက်သလိုသာ ပစ်ခတ်ကြ။ အရိုးစုအားလုံးကို ဘေးကင်းလုံခြုံရေး စည်းအပြင်ဘက်မှာပဲ ထားရမယ်။”
ပိုင်ချီက ရှေ့မှ အရိုးစုအုပ်ကြီးကို ကြည့်ရင်း အသံနက်ကြီးဖြင့် အမိန့်ပေးလိုက်သည်။
“ဟုတ်ကဲ့”
ရွှတ်... ရွှတ်... ရွှတ်
မဟာမိတ်တပ်မတော်သည် အရိုးစုများကို ချက်ချင်းပင် စတင်ပစ်ခတ်တော့၏။ အရိုးစုများသည်လည်း ခံစစ်စည်းဆီသို့ အရိုးလှံများကို အဆက်မပြတ် ပစ်လွှတ်လိုက်ကြသည်။
တစ်ဖက်က မြှားမိုးရွာနေပြီး အခြားတစ်ဖက်က လှံမိုးရွာနေ၏။
နှစ်ဖက်စလုံးသည် အလယ်တွင် ထိပ်တိုက်တွေ့သွားကြပြီး မှောင်မိုက်သော ညထဲတွင် မီးပွင့်များပင် ထွက်ပေါ်လာခဲ့သည်။
မဟာမိတ်ခံစစ်စည်း၏ မလှမ်းမကမ်းတွင် လောက်လွှဲစင်ကြီးများ အများအပြားကို စုစည်းထားပြီး အရိုးစုကျွန်းပေါ်သို့ ကျောက်ခဲများ အဆက်မပြတ် ပစ်တင်နေခဲ့သည်။
ဘုန်း... ဘုန်း... ဘုန်း
ဂျွတ်... ဂျွတ်....ဂျွတ်
လက်လွှဲစင်များမှ ပစ်လွှတ်လိုက်သော ကျောက်ခဲများသည် အလွန်ပြင်းထန်လှပြီး အရိုးစုအုပ်ထဲသို့ ကျရောက်သွားကာ ထိုအရိုးစုများကို တစစီ ဖြစ်သွားစေခဲ့သည်။ အရေးကြီးသည့်နေရာကို ထိသည်ဖြစ်စေ၊ မထိသည်ဖြစ်စေ ထိုအရိုးစုများအား ချက်ချင်းပင် တိုက်ခိုက်နိုင်စွမ်း ဆုံးရှုံးသွားစေခဲ့သည်။
ဘေးနားရှိ ဒူးလေးစင်ကြီးများမှာ ပို၍ပင် အစွမ်းထက်လှပြီး တစ်ချီပစ်လိုက်တိုင်း အရိုးစု အမြောက်အမြားကို ရှင်းလင်းပေးနေခဲ့သည်။
“လက်နက်အေးတွေက ဒီလောက် အသုံးဝင်လိမ့်မယ်လို့ မထင်ထားခဲ့မိဘူး။”
ရှောင်းယီက တိုက်ပွဲအခြေအနေကို ကြည့်ရင်း ပြောလိုက်သည်။
သူတို့သည် လက်နက်အေးများကိုသာ အသုံးပြုပြီး တိုက်ပွဲကို အသာစီးရအောင် ထိန်းထားနိုင်ခဲ့၏။ တန်ပြန်တိုက်စစ် ဆင်နွှဲရန်အတွက်မူ အရိုးစုကျွန်းပေါ်တွင် အရိုးစု မည်မျှရှိသည်ကို မသိရသေးသောကြောင့် မည်သူမျှ မစွန့်စားရဲကြပေ။
ဤစစ်သားများသည် လူသားများ ဖြစ်ကြရာ လက်နက်ပြင်းများဖြင့် တိုက်ခိုက်နိုင်သော်လည်း အရိုးစု အရေအတွက်မှာ အလွန်များပြားလွန်းသောကြောင့် တိုက်ရင်းနှင့်ပင် ပင်ပန်းနွမ်းနယ်ပြီး သေသွားနိုင်ပေသည်။ ထို့ပြင် ကျွန်းထဲသို့ တိုးဝင်ခြင်းသည် အရပ်မျက်နှာအနှံ့မှ ထွက်ပေါ်လာမည့် အရိုးစုများကို ရင်ဆိုင်ရမည်ဖြစ်ရာ ကာကွယ်ရမည့် နေရာများ ပိုများလာမည်ဖြစ်သည်။ အနည်းငယ်မျှ ပေါ့ဆလိုက်သည်နှင့် S အဆင့်အရိုးစုများ၏ ဒဏ်ရာပေးခြင်းကို ခံရနိုင်ပေသည်။
တစ်ချိန်တည်းမှာပင် ရှေ့တန်းနှင့် နီးကပ်သော လူနေရပ်ကွက်များတွင်မူ စပ်စုလိုစိတ်များ ပြည့်နှက်နေခဲ့သည်။
မနေ့ညက အမြောက်သံများမှာ နားကွဲလုမတတ် ပြင်းထန်ခဲ့ပြီး ညဉ့်နက်ပိုင်းအထိ ကောင်းကောင်းမအိပ်ခဲ့ရပေ။ ယခုမူ ဘာကြောင့် ဤမျှ တိတ်ဆိတ်နေရသနည်း။
အလွန်ဆုံးကြားရသည်မှာ တစ်ချက်တစ်ချက် ကြားရသော ထုရိုက်သံ ခပ်အုပ်အုပ်များသာ ဖြစ်သည်။ တံခါးနှင့် ပြတင်းပေါက်များ ပိတ်ထားပါက ဘာသံမှ မကြားရသလောက်ပင်။
“ဒီနေ့ ဘာဖြစ်နေတာလဲ။ ငါတို့ ရှေ့တန်းအတပ်ဖွဲ့က မသေမျိုးတွေကို မခုခံတော့တာလား။”
“ဘာတွေ လျှောက်ပြောနေတာလဲ။ ငါတို့တပ်ဖွဲ့က ရှေ့တန်းမှာ တိုက်နေတုန်းပဲ။ ကျွန်းပိုင်ရှင်က မသေမျိုးတွေကို ငါတို့ကျွန်းပေါ် ပေးတက်မှာ မဟုတ်ဘူး။”
“မင်းတို့ နှစ်ယောက် ဝရံတာမှာ စကားပြောမနေနဲ့တော့။ ရှေ့တန်းမှာ ဘာဖြစ်နေလဲ သိချင်ရင် တီဗီဖွင့်ကြည့်လိုက်ပါလား။”
“ဟမ်...တီဗီကြည့်ရမယ် ဟုတ်လား။ အဲ့ဒီမှာ ထုတ်လွှင့်နေလို့လား။”
“မဟာမိတ်လိုင်း ၄ ကို သွားကြည့်လိုက်။ ရှေ့တန်းအသီးသီးက တိုက်ရိုက်ထုတ်လွှင့်မှုတွေ ရှိတယ်။ ဒီတစ်ခါ ငါတို့အဖွဲ့က လက်နက်အေးတွေ သုံးနေတာ။ သတင်းထောက် ပြောပြချက်အရဆိုရင် ကျွန်းပိုင်ရှင်က ငါတို့ အိပ်ရေးပျက်မှာ စိတ်ပူလို့ လက်နက်အေးတွေ ပြောင်းသုံးခိုင်းတာတဲ့။ ပြီးတော့ ကျည်ဆန်နဲ့ ယမ်းမှုန့်တွေလည်း သက်သာတာပေါ့။”
“ကျွန်းပိုင်ရှင်က တကယ် စဉ်းစားပေးတတ်တာပဲ။”
“အေး ငါလည်း သွားကြည့်လိုက်ဦးမယ်။ ရှေ့တန်းကနေ တိုက်ရိုက်ထုတ်လွှင့်နေမယ်လို့ မထင်ထားဘူး။”
“အရင်တုန်းကတော့ တီဗီစခန်းတစ်ခု တည်ထောင်တယ်လို့ပဲ ကြားဖူးတာ။ အခုလို တိုက်ရိုက်လွှင့်နိုင်မယ်လို့ မထင်ထားမိဘူး။”
ဝရံတာတွင် စကားပြောနေကြသော အိမ်နီးနားချင်းများမှာ အခန်းထဲသို့ အသီးသီး ပြန်ဝင်သွားကြပြီး တီဗီဖွင့်ကာ မဟာမိတ်လိုင်း ၄ ကို ပြောင်းကြည့်လိုက်ကြသည်။ ချက်ချင်းပင် ထိုလိုင်း၏ ကြည့်ရှုနှုန်းမှာ ထိုးတက်သွားတော့၏။
ရှေ့တန်းအခြေအနေကို မသိရသဖြင့် လူတိုင်းမှာ သိချင်စိတ်များ ပြင်းပြနေကြသည်။ ယခုကဲ့သို့ တိုက်ရိုက်ထုတ်လွှင့်မှုကြောင့် လူတိုင်း အခြေအနေကို ရှင်းရှင်းလင်းလင်း သိရှိသွားကြတော့သည်။
ကျွန်းနေပြည်သူများသည် မဟာမိတ်အစောင့်တပ်က အရိုးစုများအား လုံးဝတားဆီးထားနိုင်သည်ကို မြင်သောအခါမှ စိတ်အေးလက်အေးဖြင့် မိမိတို့အလုပ်ကို မိမိတို့ ဆက်လုပ်နိုင်ကြတော့လေသည်။
ထိုအချိန်တွင် အခြားသော အသက်ရှင်ကျန်ရစ်သူများ၏ ကျွန်းများတွင်မူ အခြေအနေက တခြားစီပင်။ သူတို့၏ ကျွန်းသားများသည် ကြောက်ရွံ့တုန်ရင်နေကြပြီး အလုပ်အပေါ် အာရုံမစိုက်နိုင်ကြသဖြင့် ကျွန်းတစ်ခုလုံး၏ ဖွံ့ဖြိုးတိုးတက်မှုမှာ ရပ်တန့်လုနီးပါး ဖြစ်နေကြ၏။
ရှောင်းယီသည် ယခင်က ရိုးရှင်းသောလေယာဉ်တစ်စင်း တည်ဆောက်ခဲ့သော အသက်ရှင်ကျန်ရစ်သူကို သင်ပေးခဲ့သကဲ့သို့ပင်။ မိမိရရှိထားသော ပစ္စည်းတိုင်းတွင် ၎င်း၏ အသုံးဝင်ပုံတစ်ခုစီတော့ ရှိစမြဲဖြစ်သည်။ အသုံးပြုသူက မည်သို့သုံးရမည်ကို သိရန်သာ လိုအပ်ပေသည်။
တိုက်ပွဲအခြေအနေမှာ တည်ငြိမ်နေပြီဖြစ်ကြောင်း မြင်သောအခါ ရှောင်းယီ အနည်းငယ် စဉ်းစားပြီးနောက် လေကြောင်းခံတပ်ပေါ်သို့ တစ်ဖန် ပြန်တက်လိုက်သည်။
ပိုင်ချီသည် ရှောင်းယီ၏ လှုပ်ရှားမှုကို မြင်သောအခါ ချက်ချင်း လိုက်လာပြီး ပြောလိုက်သည်။
“သခင် ဒီအချိန်မှာ အရိုးစုကျွန်းထဲကို အရမ်းအနက်ကြီး မဝင်ပါနဲ့လား။”
“အင်းပါ။ ငါက တခြား မသေမျိုးကျွန်းတွေ ငါတို့ဆီကို ချဉ်းကပ်လာတာ ရှိ၊ မရှိ သိချင်လို့ အပြင်ဘက်ကို ခဏသွားကြည့်မလို့ပါ။”
ရှောင်းယီက ပြုံးကာ ပြန်ဖြေလိုက်သည်။
“ကောင်းပါပြီ။ ဒါဆို ကျုပ်လည်း လိုက်ခဲ့မယ်။”
ပိုင်ချီက ဆိုသည်။
“ကောင်းပြီ။ သွားကြစို့။”
ရှောင်းယီက သဘောတူလိုက်သည်။
ပိုင်ချီသည် ဤနေရာတွင် မရှိမဖြစ် မဟုတ်တော့ပေ။ ကာကွယ်ရေး အစီအစဉ်အားလုံးကို ချမှတ်ပြီးသား ဖြစ်သဖြင့် သူတို့နှစ်ဦး ရှေ့သို့သွား၍ ကင်းထောက်ခြင်းမှာ ဘေးကင်းပါသည်။