← Chapters

အခန်း (၉၄၁-၉၄၂)

Vol. 78 Ch. 941-942

အခန်း (၉၄၁-၉၄၂)

Vol. 78 Ch. 941-942

အခန်း ၉၄၁ - တစ်စုံတစ်ခုကို ရှာဖွေရန် အမြောက်ဆန်များကို အသုံးပြုခြင်း

ရှောင်းယီသည် ဂရုချက်အတွင်းရှိ ဆွေးနွေးမှုများကို ကြည့်ရှုပြီးနောက် သူကိုယ်တိုင်လည်း မရေမရာဖြစ်သွားမိသည်။ ထို မသေမျိုးကျွန်းများပေါ်တွင် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်များ ရှိနေခြင်းကြောင့် တကယ်ပဲ ဤသို့ အသစ်ပြန်လည်ဖြစ်ပေါ်ခြင်း ဂုဏ်သတ္တိများ ဖြစ်ပေါ်နေရခြင်းလော။

တကယ်သာ ထိုသို့ဖြစ်နေပါက သူသာ မသေမျိုးကျွန်းပေါ်ရှိ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို ရှာဖွေပြီး သိမ်းပိုက်နိုင်ခဲ့လျှင် အဆုံးမရှိ ထွက်ပေါ်လာနေသော မသေမျိုးမျိုးနွယ်စုများ၏ ပြဿနာကို ဖြေရှင်းနိုင်မည် မဟုတ်ပါလော။

လောလောဆယ်တွင် အခြားသဲလွန်စများ မရှိသေးသဖြင့် သူသည် ထိုအတွေးအတိုင်းပင် ဆက်လက်လုပ်ဆောင်ရန် ဆုံးဖြတ်လိုက်သည်။

ရှောင်းယီသည် အနည်းငယ် စဉ်းစားပြီးနောက် အရိုးစုကျွန်းနားသို့ ပြန်လည်၍ တည်နေရာကူးပြောင်းသွားခဲ့သည်။ သူသည် စမ်းသပ်မှုတစ်ခုပြုလုပ်ရန်အတွက် ထိုအရိုးစုကျွန်းကို အသုံးပြုရန် စီစဉ်လိုက်ခြင်းပင်။

အရိုးစုကျွန်းသို့ ရောက်ရှိသွားချိန်၌ ပိုင်ချီက သူ့ကို လာရောက်ကြိုဆိုလာခဲ့သည်။

“ကျွန်းပိုင်ရှင်...။”

ရှောင်းယီက ခေါင်းကို အသာအယာညိတ်ပြပြီး ပြောလိုက်သည်။

“ခဏနေရင် ကျွန်းရဲ့အလယ်ဗဟိုကို ငါနဲ့အတူလိုက်ခဲ့ဖို့ မီးပုံးပျံ ခြောက်လုံး စီစဉ်ထားလိုက်ပါ။ ငါ စမ်းသပ်မှုတစ်ခု လုပ်ရမယ်။”

“ဟုတ်ကဲ့။”

ပိုင်ချီက ပြန်လည်ဖြေကြားလိုက်ပြီး မီးပုံးပျံများကို ပြင်ဆင်ရန် ချက်ချင်းထွက်ခွာသွားခဲ့သည်။

ရှောင်းယီသည် လေကြောင်းခံတပ်ပေါ်သို့ ရောက်ပြီးဖြစ်ကာ ပိုင်ချီဘက်ကလည်း လျင်မြန်စွာပင် ပြင်ဆင်၍ ပြီးစီးသွားသည်။

ထို့နောက် လေကြောင်းခံတပ်နှင့် မီးပုံးပျံခြောက်လုံးတို့သည် အတူတကွ ပျံတက်သွားကြပြီး အရိုးစုကျွန်း၏ အလယ်ဗဟိုဆီသို့ ဦးတည်ကာ ပျံသန်းသွားလိုက်ကြသည်။

ကျွန်း၏ အလယ်ဗဟိုသို့ ရောက်ရှိသောအခါ ရှောင်းယီသည် အောက်ဘက်ရှိ အခြေအနေကို လေ့လာပြီး တစ်ကိုယ်တည်း တွေးတောနေမိသည်။

“တကယ်လို့ ဒါက အရင်အသုတ်က အသက်ရှင်ကျန်ရစ်သူတွေရဲ့ ကျွန်းသာဆိုရင် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်က ဒီအဝါရောင်သဲကန္တာရရဲ့ အလယ်ဗဟိုမှာပဲ ရှိနေရမယ်။”

ထို့နောက် ရှောင်းယီက အမိန့်ပေးလိုက်သည်။

“အမြင့်ပေကို လျှော့ချပြီး မြေပြင်အထက် မီတာ ၃၀ မှာ ရပ်နားထားလိုက်။”

“ဟုတ်ကဲ့။”

သူတို့ အရင်က စမ်းသပ်ထားပြီးသားဖြစ်သည်။ အမြင့် ၂၀ မီတာသို့ ရောက်ပါက အရိုးစုများအား မြေအောက်မှ ထွက်လာစေရန် လှုံ့ဆော်မိသွားပေလိမ့်မည်။

မီတာ ၃၀ အမြင့်မှာ ဘေးကင်းသေးသည့် အနေအထားဖြစ်သည်။

မကြာမီ လေကြောင်းခံတပ်နှင့် မီးပုံးပျံများသည် မြေပြင်အထက် မီတာ ၃၀ တွင် ရပ်တန့်သွားကြ၏။

“အားလုံးပဲ အမြောက်တွေနဲ့ အောက်ကို အခုချက်ချင်း ကြဲချလိုက်တော့။”

ရှောင်းယီက အမိန့်ပေးလိုက်သည်။

ထိုအခါ ပိုင်ချီနှင့် အခြားသူများသည် ပြင်ဆင်ထားသော အမြောက်ဆန်များကို ချက်ချင်း ကြဲချလိုက်ကြတော့သည်။

ဝုန်း ဝုန်း ဝုန်း

အမြောက်ဆန်များသည် အဝါရောင်သဲများကို လေထဲသို့ လွင့်စင်သွားစေခဲ့၏။

“အခု ပေါက်ကွဲသွားတဲ့ ကျင်းတွေကိုပဲ ပစ်မှတ်ထားပြီး ဆက်ဗုံးကြဲ။”

ဗုံးကြဲချရုံမျှဖြင့် အရိုးစုများ ထွက်မလာသည်ကို မြင်သောအခါ ရှောင်းယီက ဆက်လက်ခိုင်းစေလိုက်သည်။

သူတို့သည် ပေါက်ကွဲထားသော ကျင်းများထဲသို့ အမြောက်န်ေများကို ဆက်တိုက်ချလိုက်ကြသည်။

မကြာမီ နှစ်မီတာ၊ သုံးမီတာခန့် နက်သော ကျင်းကြီးတစ်ခု ဖြစ်သွားခဲ့၏။

“ရပ်လိုက်တော့။”

ရှောင်းယီက ဗုံးကြဲခြင်းကို ရပ်တန့်ရန် အမိန့်ပေးလိုက်သည်။

အားလုံး ရပ်တန့်ပြီး ရှောင်းယီကို ကြည့်လိုက်ကြသော်လည်း ရှောင်းယီက သူတို့ကို ဂရုမစိုက်ဘဲ နက်ရှိုင်းသော ကျင်းကြီးကိုသာ ဂရုတစိုက် လေ့လာနေလိုက်သည်။

ပတ်ပတ်လည်ကို ဝေ့ကြည့်သော်လည်း သူမြင်ချင်သောအရာကို မတွေ့ရသေးပေ။ ရှောင်းယီသည် အနည်းငယ် ထပ်မံစဉ်းစားလိုက်ပြီးနောက် အပြင်ဘက်သို့ အနည်းငယ် ရွှေ့လိုက်ကာ ပြောလိုက်သည်။

“ငါ့အတွက် ဆက်ပြီး ဗုံးကြဲလိုက်စမ်း။”

“ဟုတ်ကဲ့။”

ပိုင်ချီနှင့် အခြားသူများက ပြန်ဖြေလိုက်ကြ၏။

ထို့နောက် သူတို့သည် အောက်ဘက်သို့ အမြောက်ဆန်များ ဆက်တိုက် ကြဲချကြပြန်သည်။

အနီးနားရှိ လူနေအဆောက်အဦးများမှ နေထိုင်သူများသည်လည်း အမြောက်သံများကို ပြန်လည်ကြားလိုက်ကြရသည်။

“မသေမျိုးမျိုးနွယ်စုတွေက ညဘက်မှပဲ တိုက်ခိုက်တာ မဟုတ်ဘူးလား။ နေ့ခင်းဘက်မှာလည်း တိုက်ခိုက်မှုတွေ စနေပြီလား။”

“ဟုတ်ပါ့...။ ညဘက်ထက်တောင် ပိုပြီး ဆူညံနေသလိုပဲ။”

“ငါ အခုလေးတင် မဟာမိတ်ချန်နယ် ၄ ကို စစ်ဆေးကြည့်ပြီးပြီ။ ရှေ့တန်းမှာ တိုက်ပွဲဖြစ်နေတဲ့ပုံ မပေါ်ဘူး။”

“ရှေ့တန်းမှာ တိုက်ပွဲဖြစ်တာ မဟုတ်ရင် သူတို့ မသေမျိုးကျွန်းထဲကို နက်နက်ရှိုင်းရှိုင်း ဝင်သွားကြတာလား။”

“နောက်ဆုံးရသတင်း - ကျွန်းပိုင်ရှင်က လူတွေကို ခေါ်ပြီး ကျွန်းရဲ့ ဗဟိုအထိ သွားနေပြီ။”

“တကယ်လား။ ဒါက အရမ်းအန္တရာယ်များလွန်းတယ်။ ကျွန်းပိုင်ရှင်က အရမ်းစွန့်စားလွန်းနေတာ မဟုတ်ဘူးလား။”

“ဟုတ်တယ် တခြားလူတွေကိုပဲ လွှတ်လိုက်သင့်တာ။”

စစ်သား အများအပြားသည် ရှောင်းယီက ပိုင်ချီနှင့် အခြားသူများကို ဦးဆောင်ပြီး ကျွန်းအနက်ပိုင်းသို့ ဝင်ရောက်သွားသည်ကို မြင်လိုက်ရသဖြင့် သတင်းမှာ အလျင်အမြန် ပျံ့နှံ့သွားခဲ့၏။

ထိုအခိုက်တွင် လေးနာရီခန့် အနားယူထားသော ကျန်းယွင်ထျန်းသည်လည်း အပြေးအလွှား ရောက်ရှိလာခဲ့သည်။ ရှေ့တန်းတာဝန်ခံ၏ အစီရင်ခံစာကို ကြားသောအခါ သူ မျက်မှောင်ကြုတ်လိုက်မိသည်။

“ကျွန်းပိုင်ရှင် ဒီလိုလုပ်တာက တကယ်ပဲ အန္တရာယ်များတယ်။ မဖြစ်ဘူး။ ငါ သွားကြည့်ရမယ်။ တစ်ယောက်ယောက် မီးပုံးပျံတစ်ခု ပြင်လိုက်စမ်း။”

“ဟုတ်ကဲ့။”

လေကြောင်းခံတပ်မှာ နှစ်ခုသာရှိသဖြင့် သူသည် မီးပုံးပျံကိုသာ အသုံးပြုပြီး အမီလိုက်ကာ ကြည့်ရှုရမည်ဖြစ်သည်။

မီးပုံးပျံ အဆင်သင့်ဖြစ်သည်နှင့် ကျန်းယွင်ထျန်းသည် မီးပုံးပျံပေါ်တက်ကာ အရိုးစုကျွန်း၏ အလယ်ဗဟိုသို့ ဦးတည်ထွက်ခွာသွားတော့သည်။

ကျန်းယွင်ထျန်း ရောက်သွားချိန်တွင် သူတို့သည် အရိုးစုများကို မြေအောက်မှ ဗုံးကြဲထုတ်နေသည့်အလား အမြောက်ဆန်များကို ဆက်တိုက်ကြဲချနေသည်ကိုသာ တွေ့လိုက်ရသည်။

သို့သော် သဲများကို လေထဲ လွင့်စင်သွားစေသည်မှလွဲ၍ ထိုအမြောက်ဆန်များမှာ မည်သည့်အရိုးစုကိုမျှ ပေါ်ထွက်လာစေခြင်း မရှိပေ။

“ကျွန်းပိုင်ရှင် မင်း ဒီလိုလုပ်နေရုံနဲ့တော့ အရိုးစုတွေ ထွက်လာမှာ မဟုတ်ဘူးထင်တယ်။”

ကျန်းယွင်ထျန်းက အနား ကပ်သွားရင်း ပြောလိုက်သည်။

ရှောင်းယီက သူ့ကို မြင်သောအခါ ပြန်ပြောလိုက်သည်။

“နိုးလာပြီလား။ ငါတို့ အမြောက်သံတွေကြောင့် နိုးလာတာတော့ မဟုတ်ပါဘူးနော်။”

“မဟုတ်ပါဘူး။ ငါတို့ရဲ့ ပင်မကျွန်းက ဒီနဲ့ အဝေးကြီးပဲ။ ငါ့မှာ အကြားစွမ်းအင် အထူးကောင်းနေရင်တောင် ကြားရမှာ မဟုတ်ဘူး။”

ကျန်းယွင်ထျန်းက ပြုံးကာ လက်ယမ်းပြလိုက်သည်။

“အင်း ငါတို့ အရိုးစုတွေကို ဗုံးကြဲနေတာ မဟုတ်ဘူး။ တစ်ခုခုကို ရှာဖွေဖို့ ကြိုးစားနေတာ။”

ရှောင်းယီက ရှင်းပြလိုက်သည်။

ပြီးခဲ့သည့်အကြိမ်က ဤကျွန်း၏အလယ်ဗဟိုသို့ လာစဉ် ရှောင်းယီ ပြောခဲ့သော ခန့်မှန်းချက်နှင့် ပေါင်းစပ်ပြီး ကျန်းယွင်ထျန်းသည် ရှောင်းယီ ဘာကို ရှာနေသလဲဆိုသည်ကို ချက်ချင်းပင် သဘောပေါက်သွားတော့သည်။

ဤရှာဖွေနည်းမှာ အမြောက်ဆန်များ အလွန်ကုန်ကျသော်လည်း အလွန်ဘေးကင်းသည်ဟု ဆိုရပေမည်။

သူတို့သည် အရိုးစု အများအပြားနှင့် ရင်ဆိုင်စရာ မလိုဘဲ သတ်မှတ်ထားသော နေရာအတွင်းသို့ အမြောက်ကျည်များ ကြဲချပေးရန်သာ လိုအပ်ပေသည်။

သူတို့ နှစ်မီတာ၊ သုံးမီတာခန့် နက်သော ကျင်းကြီးဖြစ်အောင် ဗုံးကြဲပြီးနောက် ရှောင်းယီသည် ကျင်းအတွင်းရှိ အရာများအား ဂရုတစိုက် လေ့လာနေသည်ကို ကျန်းယွင်ထျန်း ကြည့်နေမိ၏။ တစ်ခါတစ်ရံတွင် ရှောင်းယီမှာ မှန်ပြောင်းကိုပင် ထုတ်သုံးတတ်သေးသည်။

အကွာအဝေးမှာ အလွန်နီးသော်လည်း မှန်ပြောင်းကို ချိန်ညှိခြင်းဖြင့် ပစ်မှတ်နေရာကို ပိုမိုနီးကပ်စွာ မြင်တွေ့နိုင်ပေသည်။ ခဏမျှ လေ့လာပြီးနောက် ထူးခြားသည့်အရာများ ဘာမျှ မတွေ့ရသေးပေ။

“ငါတို့ ခန့်မှန်းတာ မှားသွားတာများလား။”

ရှောင်းယီ ဘာမှ မတွေ့သည်ကို မြင်သောအခါ ကျန်းယွင်ထျန်းက မျက်မှောင်ကြုတ်ပြီး မေးလိုက်သည်။

“ငါလည်း မသိဘူး။ ဒါပေမဲ့ စမ်းကြည့်ရတာ တန်ပါတယ်။”

ရှောင်းယီက သက်ပြင်းချရင်း ပြန်ဖြေလိုက်သည်။

“စောစောက ငါ မဟာမိတ် မြောက်ဘက်ကျွန်းကို သွားတုန်းက စွန်းကုထောင်က သတိပေးခဲ့တယ်။ နေ့ခင်းဘက်မှာ အုပ်စုလိုက်ရှိနေတဲ့ ဇွန်ဘီးတွေကို ဗုံးကြဲတာက ညသန်းခေါင်ယံအထိပဲ ထိရောက်မှုရှိတယ်တဲ့။ သန်းခေါင်ကျော်သွားရင် ဘာထိရောက်မှုမှ မရှိတော့ဘူး။”

“အို... အဲလိုမျိုးလည်း ရှိသေးတာလား။”

ကျန်းယွင်ထျန်းက အံ့သြတကြီး မေးလိုက်သည်။

“အင်း သူ မင်းကို ဒီအခြေအနေအကြောင်း ပြောပြဖို့ အချိန်မရသေးတာ ဖြစ်နိုင်တယ်။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။ ကျန်းယွင်ထျန်းက ခေါင်းညိတ်ပြီး မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

“တခြားကျွန်းတွေမှာလည်း ဒီလိုပဲလား။”

“ငါတို့ မဟာမိတ်အဖွဲ့ထဲက အခြေအနေကိုတော့ ငါ မစုံစမ်းရသေးဘူး။ ဒါပေမဲ့ ဂရုချက်ထဲမှာ တခြား မဟာမိတ်အဖွဲ့တွေကို မေးကြည့်ခဲ့တယ်။ အားလုံးကလည်း တကယ်ပဲ အဲ့ဒီလို ခံစားရတယ်လို့ ပြောကြတယ်။”

ရှောင်းယီက ပြန်ပြောလိုက်သည်။

“တစ်နည်းအားဖြင့် ပြောရရင် သူတို့ ဇွန်ဘီးတွေကို ဗုံးကြဲတဲ့ အာနိသင်က ညရဲ့ ပထမပိုင်းမှာပဲ ခံပြီး ဒုတိယပိုင်းမှာတော့ မူလအခြေအနေအတိုင်း ပြန်ဖြစ်သွားသလိုပဲ။”

“ဒါက အသစ်ပြန်လည်ဖြစ်ပေါ်ခြင်း ဂုဏ်သတ္တိများလား။”

ကျန်းယွင်ထျန်းက မရေမရာဖြင့် မေးလိုက်သည်။

“အင်း လူတိုင်းကလည်း အဲ့လိုပဲ ခန့်မှန်းနေကြတယ်။ အဲ့ဒါကြောင့် ငါက ဒီသီအိုရီကို အတည်ပြုချင်တာ။”

ရှောင်းယီက ပြန်ဖြေလိုက်ပြီးနောက် လူတိုင်းကို နေရာပြောင်းကာ အမြောက်ကျည်များ ဆက်လက်ကြဲချရန် ညွှန်ကြားလိုက်သည်။

ဝုန်း ဝုန်း ဝုန်း

ကျွန်းပေါ်တွင် ပေါက်ကွဲသံများသည် နှစ်နာရီနီးပါး ဆက်တိုက် ထွက်ပေါ်နေခဲ့သည်။

ရှောင်းယီ ဘာမှ ရှာမတွေ့သေးပေ။ သူသည် စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းခါကာ သက်ပြင်းချလိုက်မိသည်။

“နောက်ဆုံးတစ်ကြိမ် ထပ်စမ်းကြည့်မယ်။ ဘာမှ မတွေ့ရင်တော့ ခဏနားကြတာပေါ့။ ဒီနေရာပဲ....။”

ပိုင်ချီနှင့် အခြားသူများသည် ရှောင်းယီ ညွှန်ပြသော နေရာကို ချက်ချင်းပင် ဗုံးကြဲချလိုက်တော့လေသည်။

အမြောက်ကျည် တစ်သုတ် ကြဲချပြီးသည်နှင့် ပိုင်ချီက အံ့သြတကြီး အော်ဟစ်လိုက်၏။

“ကျွန်းပိုင်ရှင် ကြည့်ပါဦး။ အဲ့ဒါ ဘာကြီးလဲ...။”

ရှောင်းယီနှင့် ကျန်းယွင်ထျန်းတို့သည် လေကြောင်းခံတပ်နှင့် မီးပုံးပျံ၏ အစွန်းများမှ အောက်ဘက်သို့ ချက်ချင်းပင် ငုံ့ကြည့်လိုက်ကြသည်။

သဲကျင်းထဲတွင် ကျောက်တိုင်တစ်ခု၏ သေးငယ်၍ မှောင်မည်းနေသော အစိတ်အပိုင်းတစ်ခု ပေါ်ထွက်နေခဲ့သည်။

ဖိုစဉ် စနစ်၏ သတိပေးချက်တစ်ခု ချက်ချင်း ထွက်ပေါ်လာတောသည်။

[သေခြင်းစွမ်းအင်ကြောင့် ဆွေးမြေ့ပျက်စီးနေသော ကျွန်းအထိမ်းအမှတ်ကျောက်တိုင်: ၎င်းတွင် အရှိန်မြှင့်တင်ခြင်းနှင့် အသစ်ပြန်လည်ဖြစ်ပေါ်ခြင်း ဂုဏ်သတ္တိများ ရှိနေဆဲဖြစ်သည်။ ဤကျွန်းအထိမ်းအမှတ်ကျောက်တိုင် ရှိနေသရွေ့ မသေမျိုးမျိုးနွယ်စု သတ္တဝါများ အဆုံးမရှိ ဖြစ်ပေါ်နေလိမ့်မည်။]

အခန်း ၉၄၂ - သေခြင်းစွမ်းအင် ကူးစက်ခံရခြင်း၊ သိမ်းပိုက်၍မရနိုင်ခြင်းနှင့် ပိုးသတ်ဆေးရည်

“တွေ့ပြီ။”

ဖော်ထုတ်လိုက်သော ကျွန်းအထိမ်းအမှတ်ကျောက်တိုင်၏ အစိတ်အပိုင်းအသေးလေးကို ကြည့်ရင်း ရှောင်းယီက ဝမ်းသာအားရ ပြောလိုက်သည်။

ကျန်းယွင်ထျန်းလည်း ထပ်တူပင် ဝမ်းသာသွားသော်လည်း မကြာမီ မျက်မှောင်ကြုတ်လိုက်မိသည်။

“အခု ရှာတွေ့ပြီဆိုတော့ ဒါကို ဘယ်လိုသိမ်းပိုက်မလဲ။”

ရှောင်းယီက ခဏမျှ စဉ်းစားပြီး ပြန်ဖြေလိုက်သည်။

“ငါ အောက်ဆင်းပြီး ကြည့်လိုက်မယ်။”

“မဖြစ်ဘူး။”

ကျန်းယွင်ထျန်းနှင့် ပိုင်ချီတို့က တပြိုင်နက်တည်း တားဆီးလိုက်ကြ၏။

“ဒါက အရမ်းအန္တရာယ်များတယ်။”

ရှောင်းယီသည် ယီရန်ပင်း မဟာမိတ်အဖွဲ့၏ ပင်မမဏ္ဍိုင်ဖြစ်ရာ သူ့ဆီ၌ ဘာတစ်ခုမှ အမှားအယွင်း အဖြစ်မခံနိုင်ပေ။

အခြားမည်သူမဆို ဆုံးရှုံးသွားပါက ကြီးမားသော တုန်လှုပ်မှု မရှိနိုင်သော်လည်း ရှောင်းယီမှာမူ ခြွင်းချက်ဖြစ်သည်။

“ငါ ကိုယ်ကျပ်ဝတ်စုံ ဝတ်ထားမှာပါ။ နောက်ပြီး ဒီမှာ ငါက တစ်ဦးတည်းသော SSS အဆင့် ရှိတဲ့သူပဲ။ တခြားဘယ်သူဆင်းဆင်း ငါ့ထက် ပိုအန္တရာယ်များလိမ့်မယ်။”

“ဒါပေမဲ့...”

ကျန်းယွင်ထျန်းက ဆက်လက်ငြင်းခုံချင်သော်လည်း ရှောင်းယီက စကားဖြတ်လိုက်သည်။

“ထပ်ပြောနေဖို့ မလိုတော့ဘူး။ ငါ ဆုံးဖြတ်ပြီးပြီ။”

ပြောပြောဆိုဆိုနှင့် ရှောင်းယီသည် ကိုယ်ကျပ်ဝတ်စုံကို လဲလှယ်ဝတ်ဆင်လိုက်ပြီး အနီးရှိ စစ်သားများ ပြင်ဆင်ထားသော ကြိုးကို အောက်သို့ ချခိုင်းလိုက်သည်။

ရှောင်းယီ၏ ခိုင်မာသော စိတ်ဓာတ်ကို မြင်သောအခါ ကျန်းယွင်ထျန်းက အမိန့်ပေးလိုက်သည်။

“အားလုံးပဲ ကျွန်းပိုင်ရှင်ကို အကာအကွယ်ပေးဖို့ ပြင်ထားကြ။”

“ဟုတ်ကဲ့။”

ရှောင်းယီသည် ကြိုးကို ကိုင်ကာ အောက်သို့ လျှောဆင်းသွားခဲ့သည်။ မြေပြင်အထက် မီတာ ၂၀ အမြင့်သို့ ရောက်သောအခါ အောက်ဘက်တွင် လှုပ်ရှားမှုများ ချက်ချင်းပင် စတင်လာတော့သည်။

အရိုးစုများသည် မြေအောက်မှ ထိုးထွက်လာကြပြီး ယခုတစ်ကြိမ်တွင်မူ သူတို့၏ လက်ထဲ၌ အရိုးဓားများကို ကိုင်ဆောင်ထားကြသည်။

အပေါ်မှ လျှောဆင်းလာသော ရှောင်ယီကို မြင်သောအခါ သူတို့သည် ချက်ချင်းပင် ဝိုင်းအုံလာပြီး သူတို့၏ အရိုးဓားများဖြင့် ရှောင်းယီကို တရစပ် ဝှေ့ယမ်းတိုက်ခိုက်ကြတော့သည်။

အချို့သော အရိုးစုများကမူ သူတို့၏ အရိုးဓားများကို ဓားပျံများအဖြစ် အသုံးပြုကာ ရှောင်းယီထံသို့ တိုက်ရိုက် ပစ်ပေါက်လိုက်ကြ၏။

ဒိုင်း

အရိုးဓားသည် လေထဲသို့ တစ်ဝက်ခန့်သာ ရောက်ရှိသေးသော်လည်း အပေါ်မှ ပစ်လိုက်သော ကျည်ဆန်တစ်ခုကြောင့် လမ်းကြောင်းလွဲသွားခဲ့သည်။

ကျန်းယွင်ထျန်းသည် သူ၏ ပစ်မှတ်ကို ချက်ချင်းပြောင်းကာ ရှောင်းယီထံသို့ ပျံသန်းလာသော အခြားအရိုးဓားတစ်ခုကို ဆက်လက်ပစ်ခတ်လိုက်သည်။

ဒိုင်း ဒိုင်း ဒိုင်း

ကျန်းယွင်ထျန်းသည် သူ၏ ခြောက်လုံးပြူးသေနတ်ထဲမှ ကျည်ဆန် ခြောက်တောင့်လုံးကို ခဏချင်းအတွင်း ပစ်ထုတ်လိုက်ပြီး ပျံသန်းလာသော အရိုးဓား ခြောက်ခုကို ရိုက်ထုတ်လိုက်သည်။

အခြားစစ်သားများသည်လည်း ကျန်ရှိနေသော အရိုးဓားများကို ဝိုင်းဝန်းပစ်ခတ်ကြ၏။ သူတို့၏ တိကျမှုမှာ ကျန်းယွင်ထျန်းလောက် မကောင်းသော်လည်း လူအင်အားများပြားသောကြောင့် အချို့ကို ထိမှန်သွားခဲ့သည်။

ရှောင်းယီသည် အလွန်လျင်မြန်စွာ လျှောဆင်းသွား၏။ ကျန်းယွင်ထျန်းနှင့် အခြားသူများက ပျံသန်းလာသော ဓားများကို ကာကွယ်ပေးနေစဉ်အတွင်း သူသည် မြေပြင်ပေါ်သို့ အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့သည်။

အရိုးစု အမြောက်အမြား ထွက်ပေါ်လာပြီးဖြစ်သည်။ ရှောင်းယီက သူတို့၏ နယ်မြေအတွင်းသို့ ဆင်းသက်ရဲသည်ကို မြင်သောအခါ သူတို့သည် ပို၍ပင် စိတ်လှုပ်ရှားလာကြပြီး အရိုးဓားများဖြင့် အနားသို့ တိုးကပ်လာကြသည်။

ဓားများ ပစ်ပေါက်လိုက်သော အရိုးစုများကမူ မြေကြီးထဲမှ တစ်ခုခုကို ပြန်လည်နှိုက်ယူနေကြ၏။

အခြေခံအားဖြင့် သူတို့တွင် လိုအပ်သောအရာများကို မြေကြီးထဲ တူးရုံဖြင့် ရှာတွေ့နိုင်ပုံပင်။

ကျန်းယွင်ထျန်းနှင့် အခြားသူများသည် ရှောင်းယီအနားရှိ အရိုးစုများကို ချက်ချင်း ရှင်းလင်းပေးနေကြသော်လည်း သူ ဆင်းသက်လိုက်သည်နှင့် မြေအောက်မှ အရိုးစုများ ပိုမိုထွက်ပေါ်လာခဲ့ရာ အားလုံးကို အချိန်မီ ရှင်းလင်းရန်မှာ မဖြစ်နိုင်တော့ပေ။

ရှောင်းယီသည်လည်း ထိုအခြေအနေကို သိရှိထားပေသည်။ သူသည် တွန့်ဆုတ်မနေဘဲ သေခြင်းစွမ်းအင် ကူးစက်ခံထားရသော ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်သို့ သူ၏ လက်ဝါးကို တင်လိုက်တော့သည်။

ကျွန်းကို သိမ်းပိုက်မလားဟု မေးသော သတိပေးချက်တစ်ခု ကျောက်တိုင်ပေါ်တွင် အမှန်တကယ် ပေါ်လာခဲ့လေသည်။

တွန့်ဆုတ်နေစရာ မလိုဘူး။ သိမ်းပိုက်မယ်။

“သိမ်းပိုက်မှု မအောင်မြင်ပါ။ ကျေးဇူးပြု၍ သိမ်းပိုက်ရန် မကြိုးစားမီ သေခြင်းစွမ်းအင်ကို အရင်ရှင်းလင်းပါ။”

ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်တွင် ပေါ်လာသော စာသားကို မြင်ရသောအခါ ရှောင်းယီ အံ့အားသင့်သွား၏။

“သေစမ်း ဒါက တကယ့် ထောင်ချောက်ပဲ။”

သို့သော် သူ့တွင် ညည်းညူနေရန် အချိန်မရှိပေ။ သူသည် ရွှမ်းယွမ်ဓားကို ဆွဲထုတ်လိုက်ပြီး သူ့ကိုယ်သူ ဗဟိုပြုကာ စက်ဝိုင်းပုံစံ ဝှေ့ယမ်းလိုက်သည်။

သူ့အနားရှိ အရိုးစုများသည် ခါးမှနေ၍ တိခနဲ ပြတ်တောက်သွားကြ၏။

ရှောင်းယီသည် ခါးကို အနည်းငယ် ကုန်းလိုက်ပြီး ခွန်အားကို စုစည်းကာ ငါးမီတာခန့် အမြင့်သို့ ခုန်တက်ပြီး ကြိုးကို လှမ်းဖမ်းလိုက်သည်။

“မြန်မြန် ဆွဲတင်ကြ။”

ကျန်းယွင်ထျန်းက ချက်ချင်း အမိန့်ပေးလိုက်သည်။

ထို့နောက် လေကြောင်းခံတပ်မှာ ချက်ချင်း မြင့်တက်သွားတော့သည်။ မြေပြင်ပေါ်ရှိ အရိုးစုများသည် ရှောင်းယီထံသို့ ဓားပျံများဖြင့် ထပ်မံ ပစ်ပေါက်ကြပြန်သည်။

ရှောင်းယီသည် ရွှမ်ယွမ်ဓားကို အသုံးပြု၍ အနားသို့ ရောက်လာသော အရိုးဓားများကို ရိုက်ထုတ်လိုက်ပြီး ကျန်းယွင်ထျန်းတို့ကလည်း အပေါ်မှ ကာကွယ်ပေးထားသဖြင့် ထိုအရိုးဓားများက သူ့ကို ဘာမှ မထိခိုက်စေနိုင်ခဲ့ပေ။

မကြာမီ လေကြောင်းခံတပ်သည် ဘေးကင်းသော အမြင့်သို့ ရောက်ရှိသွားခဲ့၏။ ပတ်ပတ်လည်ရှိ မီးပုံးပျံများထဲမှ တစ်ခုမှာ အောက်မှ အရိုးစုများ ပစ်လိုက်သော ဓားကြောင့် အောက်ခြေပိုင်း အနည်းငယ် ထိခိုက်သွားသော်လည်း ကြီးမားသော ပြဿနာတော့ မဟုတ်ပေ။

“ကျွန်းပိုင်ရှင် ဘယ်လိုလဲ။ သိမ်းပိုက်လို့ ရခဲ့လား။”

ကျန်းယွင်ထျန်းက စူးစမ်းစွာ မေးလိုက်သည်။ ရှောင်းယီက ခေါင်းညိတ်ပြပြီးနောက် ပြန်လည်၍ ခေါင်းခါပြလိုက်သည်။

ကျန်းယွင်ထျန်းနှင့် အခြားသူများမှာ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားကြတော့သည်။

“ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရဲ့ သတိပေးချက်အရတော့ သိမ်းပိုက်လို့ ရနိုင်တယ်။ ဒါပေမဲ့ အခုရှိနေတဲ့ အခြေအနေနဲ့တော့ သိမ်းပိုက်လို့ မရသေးဘူး။”

ရှောင်းယီက ရှင်းပြလိုက်သည်။

“ဘာကို ဆိုလိုတာလဲ။”

ကျန်းယွင်ထျန်း နားမလည်သေးပေ။

“ဒီကျောက်တိုင်က သေခြင်းစွမ်းအင် ကူးစက်ခံထားရတယ်။ ငါတို့ အရင်ဆုံး အဲဒီစွမ်းအင်ကို ရှင်းထုတ်ပစ်ဖို့ လိုတယ်။”

ရှောင်းယီက ဆက်ပြောသည်။

“ကျောက်တိုင်က သေခြင်းစွမ်းအင်ကို ရှင်းထုတ်ရမယ် ဟုတ်လား။”

ကျန်းယွင်ထျန်းက အံ့သြတကြီး ပြောလိုက်၏။

“မီးနဲ့ မြှိုက်ရမှာလား။”

ထိုအခါ ရှောင်းယီက ခဏစဉ်းစားပြီး ပြန်ဖြေလိုက်သည်။

“အဲဒါလည်း အကြံကောင်းပဲ။ အရင်ဆုံး မီးနဲ့ မြှိုက်ကြည့်ကြတာပေါ့။”

ထို့နောက် သူသည် လေကြောင်းခံတပ်ရှိ ကျောက်တိုင်မှတစ်ဆင့် ဓာတ်ဆီအချို့ကို လဲလှယ်ရယူလိုက်ပြီး ကျောက်တိုင်၏ ပေါ်နေသော အစိတ်အပိုင်းပေါ်သို့ တိုက်ရိုက်လောင်းချကာ မီးရှူးတိုင်တစ်ခု ပစ်ချပြီး မီးရှို့လိုက်သည်။

ဝုန်း

ပြင်းထန်သော မီးတောက်များ စတင်လောင်ကျွမ်းလာ၏။ ပတ်ဝန်းကျင်ရှိ အရိုးစုများသည် မီးတောက်ကို ကြောက်ရွံ့ပုံရပြီး မီးနှင့် ဝေးရာသို့ ရှောင်တိမ်းကာ မဟာမိတ် အနောက်ဘက်ကျွန်းဘက်သို့ ဦးတည်သွားကြတော့သည်။

မသေမျိုးကျွန်းပေါ်ရှိ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်သည် နှစ်နာရီကြာအောင် လောင်ကျွမ်းပြီးနောက် မီးမှာ တဖြည်းဖြည်း ငြိမ်းသက်သွားခဲ့သည်။

ရှောင်းယီ အနီးကပ်ကြည့်လိုက်သော်လည်း စနစ်၏ သတိပေးချက်မှာမူ သေခြင်းစွမ်းအင် ကူးစက်ခံထားရသော ကျောက်တိုင်အဖြစ်သာ ပြသနေဆဲပင်။

“ဒီလို မီးရှို့ရုံနဲ့တော့ အသုံးမဝင်ဘူး။”

ရှောင်းယီက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

ကျန်းယွင်ထျန်းသည် အခြားမီးပုံးပျံပေါ်မှ လေကြောင်းခံတပ်ပေါ်သို့ ကူးပြောင်းလာပြီးဖြစ်သည်။ ရှောင်းယီ၏ စကားကို ကြားသောအခါ သူက ဇဝေဇဝါဖြင့် မေးလိုက်သည်။

“ဒီသေခြင်းစွမ်းအင်က အပူဒဏ်မခံနိုင်တဲ့ အဏုဇီဝပိုးတစ်မျိုးလို့ ပြောကြတယ် မဟုတ်ဘူးလား။ အဲ့ဒါဆိုရင် မြင့်မားတဲ့အပူချိန်က အလုပ်ဖြစ်သင့်တယ်လေ။”

ရှောင်းယီက ခေါင်းခါလိုက်သည်။

“ဒီလို မီးရှို့ရုံနဲ့က ကျောက်တိုင်းရဲ့ အတွင်းပိုင်းအထိ အပူမရောက်နိုင်လို့ ဖြစ်မယ်။”

“ဒါဆို တခြားနည်းလမ်း မရှိတော့ဘူးလား။”

ဘေးမှ ပိုင်ချီက မေးလိုက်သည်။

“လောလောဆယ်တော့ တကယ့်ကို ကောင်းတဲ့နည်းလမ်း မရှိသေးဘူး။”

ရှောင်းယီက သက်ပြင်းချရင်း ပြောလိုက်၏။

သို့သော် ထိုကျောက်တိုင်သည် မသေမျိုးမျိုးနွယ်စုများ ထွက်ပေါ်လာခြင်းနှင့် ဆက်စပ်နေပေသည်။ အကယ်၍ ၎င်းကို မဖြေရှင်းနိုင်ပါက မသေမျိုးများမှာ အဆုံးမရှိ ထွက်ပေါ်နေပေလိမ့်မည်။

“အရင်ဆုံး ပြန်ကြရအောင်။”

ရှောင်းယီက မျက်မှောင်ကြုတ်ကာ အမိန့်ပေးလိုက်သည်။

ထို့နောက် လေကြောင်းခံတပ်သည် မဟာမိတ် အနောက်ဘက်ကျွန်းသို့ ပြန်ရောက်လာပြီး ရှောင်းယီလည်း အောက်ဆင်းလာခဲ့လိုက်သည်။

“မနေ့က အရိုးလှံတွေက ဒီနေ့ အရိုးဓားတွေ ဖြစ်လာပြီ။ နောက်ဆိုရင် သူတို့ရဲ့ လက်နက်တွေက တဖြည်းဖြည်း ပိုအားကောင်းလာလိမ့်မယ်လို့ ငါ ထင်တယ်။”

ကျွန်းအလယ်ဗဟိုမှ ပြေးလာနေသော အရိုးစုများကို ကြည့်ရင်း ရှောင်းယီက တိုးတိုးလေး ပြောလိုက်သည်။

ကျန်းယွင်ထျန်းက အသာအယာ ခေါင်းညိတ်ပြီး စိုးရိမ်တကြီး ပြောလိုက်သည်။

“နောက်ဆိုရင် သေနတ်တွေပါ ပါလာမလားဆိုတာပဲ ငါ စိုးရိမ်မိတယ်။”

အကယ်၍ အရိုးစုများစွာတွင် သေနတ်များသာ ရှိလာပါက ယီရန်အင်း မဟာမိတ်အဖွဲ့၏ ကာကွယ်ရေးစည်းမှာ ထိန်းသိမ်းရန် အလွန်ခက်ခဲသွားပေလိမ့်မည်။ ကျရှုံးသွားတာမျိုးတောင် ဖြစ်နိုင်သည်ဟု သူတွေးမိသည်။

“ဘုရားပဲ သိလိမ့်မယ်။ ဒါပေမဲ့ ငါတို့သာ မသေမျိုးကျွန်းရဲ့ ကျောက်တိုင်ကို အမြန်ဆုံး ဖြေရှင်းနိုင်ရင် အဲ့ဒီ အဆုံးမရှိတဲ့ အရိုးစုတွေကို စိုးရိမ်နေစရာ လိုမှာမဟုတ်ဘူး။”

ရှောင်းယီသည် ကမ္ဘာ့စစ်မြေပြင်သို့ ရောက်ရှိပြီးနောက် မသိနိုင်သော အရာများ ပို၍ပို၍ များပြားလာသည်ဟု ခံစားနေရသည်။

“အခုတော့ ဓာတ်ခွဲခန်းကနေ တစ်ခုခု ထူးခြားလာမလားဆိုတာပဲ စောင့်ကြည့်ရတော့မယ်။”

ကျန်းယွင်ထျန်းက ပြောလိုက်သည်။

ထိုစဉ်မှာပင် ဓာတ်ခွဲခန်းမှ ဖုန်းခေါ်ဆိုမှုတစ်ခု ဝင်ရောက်လာခဲ့သည်။ ရှောင်းယီ အလျင်အမြန်ပင် ဖုန်းကိုင်လိုက်သည်။

“ကျွန်းပိုင်ရှင် ကျုက်တို့ ဒီအဏုဇီဝပိုးကို သတ်နိုင်တဲ့ ဆေးရည်တစ်ခုကို ဖော်ထုတ်နိုင်ခဲ့ပါပြီ။”

ဓာတ်ခွဲခန်းရှိ စက်ရုပ်က ပြောလိုက်သည်။

“ကောင်းတယ်...။ အန်းရန်ကို အဲဒီပစ္စည်းတွေ သွားယူခိုင်းပြီး ဒီကို ချက်ချင်း လာပို့ခိုင်းလိုက်မယ်။”

ရှောင်းယီက ဝမ်းသာအားရ ပြောလိုက်သည်။

“ဟုတ်ကဲ့။”

ထို့နောက် ရှောင်းယီသည် အန်းရန်ကို ချက်ချင်း ဖုန်းခေါ်လိုက်တော့သည်။ အန်းရန်သည် ရှောင်းယီ၏ ညွှန်ကြားချက်အတိုင်း ဓာတ်ခွဲခန်းသို့ သွားကာ ပိုးသတ်ဆေးရည်ကို ယူပြီးနောက် မြို့ပြန်ကျောက်ကို အသုံးပြုကာ မဟာမိတ် အနောက်ဘက်ကျွန်းသို့ ကူးပြောင်းလာခဲ့သည်။

All Chapters