အခန်း (၉၄၅-၉၄၆)
Vol. 78 Ch. 945-946
အခန်း ၉၄၅ - ကျွန်းအထိမ်းအမှတ်ကျောက်မှ ပိုးသတ်ဆေးရည်ကို စုပ်ယူခြင်းနှင့် ဒေသခံများ နောက်ဆုံးတွင် ရောက်ရှိလာခြင်း
ရှောင်းယီသည် ပိုင်ချီ၏စကားကို ကြားသောအခါ အံ့အားသင့်သွားပြီးနောက် ပြုံးကာ ပြောလိုက်သည်။
“ဒီကျောက်တိုင်က သတင်းမှားတွေနဲ့ ပြည့်နေတဲ့ အနောက်တိုင်းခေါင်းဆောင်လောက်တော့ ယုံကြည်ရမှာပါ။ ဟုတ်တယ်မလား။”
သူတို့သည် ပိုးသတ်ဆေးရည် တစ်တန်ကို လျင်မြန်စွာ လောင်းချလိုက်၏။ ဗုံးကြဲထားသော နက်ရှိုင်းသော ကျင်းကြီးထဲတွင် သိသာထင်ရှားသော ရေအိုင်များကို မတွေ့ရဘဲ ကျောက်တိုင် အနီးတစ်ဝိုက်ရှိ အဝါရောင်သဲများသာ အနည်းငယ် စိုစွတ်နေခဲ့သည်။
“ဒီကျောက်တိုင်က တော်တော် ရေငတ်နေတာပဲ။”
ပိုင်ချီက ရေရွတ်လိုက်သည်။
“ဆေးရည် တစ်တန်လုံး လောင်းချလိုက်တာတောင် ဘာတုံ့ပြန်မှုမှ မရှိဘူး။”
ရှောင်းယီသည် ကျောက်တိုင်ကို ဂရုတစိုက် ကြည့်လိုက်သည်။ ထိုအခါ စနစ်၏ သတိပေးချက် ထွက်ပေါ်လာခဲ့သည်။
“သေခြင်းစွမ်းအင် ကူးစက်ခံထားရသော ကျောက်တိုင် (မိမိဘာသာ ပြန်လည်ပြုပြင်နေဆဲ) - အရှိန်မြှင့်တင်ခြင်းနှင့် အသစ်ပြန်လည်ဖြစ်ပေါ်ခြင်း ဂုဏ်သတ္တိများ ရှိနေဆဲဖြစ်သည်။ ဤကျောက်တိုင် ရှိနေသရွေ့ မသေမျိုးမျိုးနွယ်စု သတ္တဝါများ အဆုံးမရှိ ဖြစ်ပေါ်နေလိမ့်မည်။”
သတိပေးချက်ထဲတွင် အခြေအနေအသစ်တစ်ခု တိုးလာခဲ့၏။
မိမိဘာသာ ပြန်လည်ပြုပြင်နေခြင်း။
ပိုးသတ်ဆေးရည်သည် ဘက်တီးရီးယားများကို သတ်ပစ်ရန် ကူညီပေးခဲ့ပုံရပြီး သေခြင်းစွမ်းအင်များ ကင်းစင်သွားရန်မှာ အချိန်အတန် ကြာဦးမည်ဖြစ်သည်။
“ဒါဆိုရင် ငါတို့ ဒီကျောက်တိုင်ကို ချက်ချင်းရှာတွေ့ပြီး ပိုးသတ်ဆေးရည် ထုတ်နိုင်ခဲ့ရင်တောင် မသေမျိုးတွေ အဆုံးမရှိ ထွက်ပေါ်နေတာကို ရပ်တန့်ဖို့နဲ့ ကျွန်းကို သိမ်းပိုက်ဖို့အတွက် ခဏတော့ စောင့်ရဦးမှာပေါ့။”
ရှောင်းယီက သူ့ဘာသာ တွေးနေမိသည်။
ဤကမ္ဘာကြီးက သူတို့ကို စမ်းသပ်နေခြင်းဖြစ်၏။ ပြဿနာ၏ အရင်းအမြစ်ကို ရှာတွေ့ခဲ့လျှင်ပင် ၎င်းမပြီးဆုံးမီ စမ်းသပ်မှုကာလတစ်ခုကို ကြုံတွေ့ရဦးမည်ဖြစ်သည်။ ဖြတ်လမ်းနည်းဆိုတာ မရှိပေ။
ပိုင်ချီက ခဏကြာအောင် စောင့်ကြည့်နေပြီးနောက် ကျောက်တိုင်ဘေးရှိ အဝါရောင်သဲများမှာ ခြောက်လုနီးပါး ဖြစ်နေပြီဖြစ်သည်။ သူက မေးလိုက်သည်။
“ကျွန်းပိုင်ရှင် ပိုးသတ်ဆေးရည်တွေ ဆက်လောင်းဖို့ လိုသေးလား။”
ရှောင်းယီက ခေါင်းခါပြလိုက်သည်။
“လောလောဆယ်တော့ မလိုသေးဘူး။”
အနည်းဆုံးတော့ စနစ်က ထပ်မံပိုးသတ်ရန် မလိုအပ်ကြောင်းနှင့် ၎င်းမှာ ပြန်လည်ပြုပြင်နေဆဲဖြစ်ကြောင်းသာ ပြသနေခဲ့သည်။
၎င်းက မိမိဘာသာ ပြန်လည်ပြုပြင်နေခြင်းဖြစ်ရာ ပြင်ပအားအင်များ ထပ်မံမလိုအပ်တော့ပေ။ စောင့်ကြည့်ကြတာပေါ့။
ရှောင်းယီသည် မဟာမိတ် အနောက်ဘက်ကျွန်းသို့ ပြန်ရန် မရွေးချယ်ဘဲ လေကြောင်းခံတပ်ကို ကျောက်တိုင်အထက်တွင် ဆက်လက်ရပ်နားကာ အခြေအနေကို စောင့်ကြည့်ခိုင်းထားလိုက်သည်။
သူသည် ဤကိစ္စကို အခြားသူများကို မလွှဲအပ်နိုင်သေးပေ။ အခြားသူများတွင် စနစ်မရှိသောကြောင့် အခြေအနေကို အတည်ပြုရန် ကျောက်တိုင်ကို သွားရောက်ထိတွေ့ရမည်ဖြစ်ရာ အလွန်အန္တရာယ်များပေသည်။ ထို့ကြောင့် သူကိုယ်တိုင် လေကြောင်းခံတပ်ပေါ်တွင် ခဏကြာကြာ နေလိုက်ခြင်းက ပိုကောင်းပါသည်။
လေကြောင်းခံတပ်ပေါ်တွင်လည်း ကျောက်တိုင်တစ်ခု ရှိသည်။ ရှောင်းယီသည် နောက်မှီကုလားထိုင်တစ်ခု ရှာပြီး ကျောက်တိုင်ရှေ့တွင် ထိုင်ကာ ဂရုထဲမှ စာများကို ဖတ်နေလိုက်သည်။
“အားလုံးပဲ ဒီက ဒေသခံတွေနဲ့ မဟာမိတ်ဖွဲ့ပြီးကြပြီလား။”
“အေး...ငါတော့ အခုလေးတင် ဖွဲ့ပြီးသွားပြီ။”
“အဲ့ဒါက အသုံးဝင်တယ်လို့ အားလုံး ခံစားရလား။”
“ဘုရားပဲ သိမှာပေါ့။ ညဘက်မှာ မသေမျိုးတွေ တိုက်ခိုက်တဲ့ ပြင်းအားကတော့ အတူတူပဲ။”
“အဲဒီ ဒေသခံတွေက ငါတို့ကို တကယ်ကူညီချင်စိတ် မရှိဘူးလို့ ငါ သံသယရှိတယ်။”
“ဟုတ်တယ်။ သူတို့က ဟန်ပြလုပ်နေသလိုပဲ။ ငါတို့နဲ့ မသေမျိုးတွေ နှစ်ဖက်စလုံး အင်အားကုန်တဲ့အထိ စောင့်ပြီးမှ သူတို့က ဝင်တိုက်ပြီး အကုန်သိမ်းပစ်မလား မသိဘူး။”
“ဒီဒေသခံတွေက စစ်ရေးဗျူဟာတွေပါ သိနေတာလား။”
“သောက်ကျိုးနည်း...မင်းတို့ မဟာမိတ်အဖွဲ့အကြောင်း ပြောမှပဲ ငါ့မှာလည်း မဟာမိတ်ရှိတာကို မေ့တော့မလို့။ မဖြစ်ဘူး။ သူတို့ကို တရားဝင် အကြောင်းကြားပြီး မသေမျိုးတွေကို မဖြစ်မနေ တိုက်ခိုက်ခိုင်းဖို့ တစ်ယောက်ယောက်ကို စီစဉ်ရမယ်။”
ရှောင်းယီသည်လည်း ဤအချိန်တွင် အနည်းငယ် ဇဝေဇဝါ ဖြစ်သွားခဲ့သည်။
“သူတို့အားလုံး မဟာမိတ်ဖွဲ့နေကြပြီး ငါ့ဘက်မှာတော့ ဘာလို့ ဘာသံမှ မကြားရသေးတာလဲ။”
ဒင်-လင်-လင်
ရှောင်းယီ၏ လက်ကိုင်ဖုန်းမှ အသံမြည်လာခဲ့သည်။ သူက အုပ်စုလိုက်စကားဝိုင်းကို ဖတ်နေရင်း ဖုန်းကိုင်လိုက်သည်။
“ကျွန်းပိုင်ရှင် ဒေသခံ သင်္ဘောတွေ မဟာမိတ် မြောက်ဘက်ကျွန်းကို ချဉ်းကပ်လာနေပါတယ်။”
ကျန်းယွင်ထျန်း၏ အသံက ဖုန်းထဲမှ ထွက်ပေါ်လာခဲ့သည်။
“သူတို့ မဟာမိတ်ဖွဲ့ဖို့ လာတာ ဖြစ်ရမယ်။”
“ပြောရင်းဆိုရင်း ရောက်လာပြီပဲ။ နေဦး ငါ လာကြည့်မယ်။”
ရှောင်းယီက ဖုန်းချလိုက်ပြီး ပိုင်ချီကို မှာကြားစရာရှိသည်များ မှာကြားကာ မြို့ပြန်ကျောက်တုံးကို အသုံးပြုလိုက်၏။
မဟာမိတ် မြောက်ဘက်ကျွန်းသို့ ရောက်သောအခါ ကျန်းယွင်ထျန်းနှင့် စွန်းကုထောင်တို့က သူ့ကို စောင့်နေကြပြီဖြစ်သည်။
“ကျွန်းပိုင်ရှင် ဒေသခံတွေက ကျုပ်ဘက်ကနေ လာလိမ့်မယ်လို့ တကယ် မမျှော်လင့်ထားဘူး။”
စွန်းကုထောင်က ပြောလိုက်သည်။
“မင်းက တားမြစ်ချက်ကို ပထမဆုံး ဖျက်ဆီးပြီး ဒီလုပ်ငန်းစဉ်ကို နှောင့်ယှက်ခဲ့လို့ ဖြစ်မှာပေါ့။”
ရှောင်းယီက ပြုံးကာ ပြန်ဖြေလိုက်သည်။
“အဲ... တကယ်တော့ သူဌေးခိုင်းလို့ အဲ့ဒီတားမြစ်ချက်ကို ဖျက်ဆီးခဲ့တာပါနော်။”
စွန်းကုထောင်က သက်ပြင်းချရင်း ပြောလိုက်သည်။ ရှောင်းယီက ပြုံးပြီး စကားလမ်းကြောင်း ပြောင်းလိုက်သည်။
“ဒေသခံသင်္ဘောတွေ အခု ဘယ်နားမှာလဲ။”
“မဟာမိတ် မြောက်ဘက်ကျွန်းကနေ မီတာ နှစ်သောင်း (၂၀ ကီလိုမီတာ) အကွာမှာပါ။ ရန်သူ့သင်္ဘောတွေက အရမ်းမြန်တယ်။ ငါတို့ရဲ့ ဒုတိယအဆင့် သံချပ်ကာ စစ်သင်္ဘောတွေနဲ့တောင် ယှဉ်လို့ရတယ်။”
ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်သည်။ရှောင်းယီသည် အဝေးရှိ ပင်လယ်ပြင်ရှိ အမည်းစက်လေးများကို ကြည့်ရင်း ရေရွတ်လိုက်သည်။
“နောက်နှစ်ရက်အတွင်း သေခြင်းစွမ်းအင် ကျူးကျော်မှုကို ရပ်တန့်ဖို့ နည်းလမ်း မရှာနိုင်ရင် ငါတို့ရဲ့ ကျွန်းခွဲအများစုက တိုက်စားခံရလိမ့်မယ်လို့ ငါ ထင်တယ်။”
“အဲလောက်တော့ မမြန်လောက်ပါဘူး။ ဟုတ်တယ်မလား။”
ဘေးမှ စွန်းကုထောင်က ထိုမျှအထိ မဆိုးဝါးနိုင်ဟု ခံစားရသည်။
သူ့အမြင်တွင် တစ်နာရီကို အုတ်မြစ်ကျောက် ၁၀၀ ပေးလိုက်ရလျှင်ပင် ၄၈ နာရီအတွက် ၄၈၀၀ သာ ရှိရာ ၎င်းမှာ မဟာမိတ် ကျွန်းခွဲတစ်ခုအတွက်တော့ အနည်းငယ်မျှသာ ဖြစ်သည်။
ကျန်းယွင်ထျန်းက ခေါင်းခါပြကာ ရှင်းပြလိုက်သည်။
“ငါ့ရဲ့ လေ့လာချက်အရ သေခြင်းစွမ်းအင် ကျူးကျော်တဲ့ အရှိန်က ပုံသေမဟုတ်ဘူး။ သူ့ရဲ့ ကျူးကျော်နှုန်းက ထိတွေ့တဲ့ မျက်နှာပြင်ပေါ်မှာ မူတည်တယ်။ ဥပမာ အစမှာ ကျွန်းနှစ်ခုက မီတာ ၅၀ ပဲ ထိတွေ့နေတယ်၊ ဒါပေမဲ့ မီတာ ၅၀ ကျူးကျော်ပြီးသွားရင်တော့ ထိတွေ့မျက်နှာပြင်က ပိုကျယ်လာလိမ့်မယ်။ အဲ့ဒီအခါ ကျူးကျော်နှုန်းကလည်း အသစ်တိုးလာတဲ့ မျက်နှာပြင်အရ တွက်ချက်သွားမှာပဲ။”
ကျန်းယွင်ထျန်း၏ ရှင်းပြချက်ကို ကြားသောအခါ စွန်းကုထောင် ချက်ချင်း သဘောပေါက်သွားခဲ့သည်။
“အဲ့ဒါဆိုရင်တော့ နှစ်ရက်အတွင်း ကျွန်းခွဲတစ်ခုလုံးကို ဝါးမြိုသွားဖို့ လုံလောက်တာပေါ့။”
“ဒီကမ္ဘာ့စည်းမျဉ်းတွေက ငါတို့ ကောင်းကောင်း ဖွံ့ဖြိုးတိုးတက်တာ မမြင်ချင်ဘူးထင်တယ်။”
ရှောင်းယီက ချဉ်းကပ်လာသော သင်္ဘောများကို ကြည့်ကာ ပြောလိုက်သည်။
“သူတို့ကို ရပ်ဖို့ အော်ပြောလိုက်။ မရပ်ရင် သတိပေးချက်အနေနဲ့ ပစ်လိုက်။”
“ဟုတ်ကဲ့။”
ကျန်းယွင်ထျန်းက ချက်ချင်း ဖုန်းဆက်ပြီး အမိန့်ပေးလိုက်သည်။
“အော်ပြောလိုက်တော့။”
ထို့နောက် မဟာမိတ်သင်္ဘောများသည် ပင်လယ်ပြင်ရှိ စိမ်းသက်သော သင်္ဘောများထံသို့ ချဉ်းကပ်သွားတော့သည်။
“ခင်ဗျားတို့ဟာ ယီရန်ပင်း မဟာမိတ်အဖွဲ့ပိုင် ပင်လယ်ပြင်ထဲကို ဝင်ရောက်နေပြီ။ ကျေးဇူးပြုပြီး ချက်ချင်းရပ်တန့်ပြီး မည်သူမည်ဝါဖြစ်ကြောင်း ပြောကြားပါ။ မဟုတ်ရင် ဗုံးကြဲနှင်ထုတ်ရပါမယ်။”
ယီရန်ပင်း မဟာမိတ်သင်္ဘောများသည် ဤသတိပေးချက်ကို ရှားဘာသာစကားနှင့် ဒေသခံဘာသာစကား နှစ်မျိုးလုံးဖြင့် အလှည့်ကျ ထုတ်လွှင့်လိုက်သည်။
ဒေသခံသင်္ဘောများသည် ထိုကြေညာချက်ကို ကြားသောအခါ တကယ်ပင် ရပ်တန့်သွားကြ၏။
ထိုစဥ် ဝတ်စုံအပြည့် ဝတ်ဆင်ထားသော အမျိုးသားတစ်ဦး သင်္ဘောပေါ်မှ ထွက်လာပြီး အဝေးရှိ ယီရန်ပင်း မဟာမိတ်သင်္ဘောများကို ကြည့်ကာ အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်သည်။
“မင်္ဂလာပါ။ ကျုပ်တို့က လေပြာအင်ပါယာ တပ်မတော်ကပါ။ မသေမျိုးမျိုးနွယ်စုတွေကို ခုခံဖို့အတွက် ခင်ဗျားတို့ကို ကူညီပေးဖို့ ရောက်လာတာပါ။”
ရှေ့တန်းမှ ပို့ပေးသော သတင်းစကားကို ရှောင်းယီ ကြားလိုက်ရသောအခါ အနည်းငယ် စဉ်းစားပြီးနောက် မြို့ပြန်ကျောက်တုံးကို အသုံးပြု၍ ရှေ့တန်းရှိသင်္ဘောပေါ်သို့ တိုက်ရိုက် ရောက်သွားခဲ့သည်။
“ကျွန်းပိုင်ရှင်”
သင်္ဘောပေါ်ရှိ လူအားလုံးက နှုတ်ဆက်လိုက်ကြသည်။
ရှောင်းယီက လက်ယမ်းပြပြီး အပြင်သို့ ထွက်လာကာ ရှေ့မှ ဒေသခံသင်္ဘောများကို ကြည့်ပြီး အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။
“လေပြာအင်ပါယာရဲ့ ကောင်းမွန်တဲ့ ရည်ရွယ်ချက်အတွက် ကျေးဇူးတင်ပါတယ်။ ခင်ဗျားတို့ တကယ်ကူညီချင်တယ်ဆိုရင်တော့ မသေမျိုးကျွန်းရဲ့ မြောက်ဘက်ကနေ အာရုံလွှဲတိုက်ခိုက်မှုတွေ လုပ်ပေးပါ။”
ဝတ်စုံဝတ်အမျိုးသားက မျက်မှောင်ကြုတ်သွားသည်။
“အပြင်လူတွေက ဒီလောက်တောင် ရိုင်းစိုင်းကြတာလား။ ငါတို့ ထွက်သွားမှာကို သူတို့ မကြောက်ဘူးလား။”
“ငါတို့ကို ရေတစ်ငုံသောက်ဖို့တောင် ကုန်းပေါ်တက်ခွင့်မပေးဘဲ ပင်လယ်ထဲကနေ မသေမျိုးတွေကို တိုက်ခိုက်ခိုင်းနေတာလား။”
“ဟွန်း ဒါဆိုရင်တော့ သေခြင်းစွမ်းအင်အကြောင်းကို ငါ မပြောပြတော့ဘူး။ တရစပ် ကျူးကျော်လာမယ့် သေခြင်းစွမ်းအင်ကို မင်းတို့ ဘယ်လိုခုခံမလဲ ကြည့်ရသေးတာပေါ့။ နောက်ကျရင်တော့ ငါ့ဆီကို ဒူးထောင်ပြီး လာတောင်းပန်ရမှာပဲ။”
ဝတ်စုံဝတ်အမျိုးသားက ထိုသို့ တွေးတောပြီးနောက် သူ၏ သင်္ဘောအုပ်စုကို မသေမျိုးကျွန်း၏ မြောက်ဘက်သို့ ဦးတည်ခိုင်းလိုက်သည်။
“အို ဒီဒေသခံက တော်တော်လေး နာခံတတ်တာပဲ။”
ကျန်းယွင်ထျန်းသည် ဒေသခံက ရှောင်းယီ၏ တောင်းဆိုချက်ကို အပြည့်အဝ လိုက်နာသွားသည်ကို မြင်သောအခါ အံ့အားသင့်သွားမိသည်။
အခန်း ၉၄၆ - စစ်ကူများ၏ အရည်အသွေးနှင့် ရေငုပ်သင်္ဘော
ကျန်းယွင်ထျန်း၏ ဘေးတွင် ရပ်နေသော စွန်းကုထောင်သည် သူ၏စကားကို ကြားသောအခါ ပြောလိုက်သည်။
“သူတို့က ကျုပ်တို့ရဲ့ သံချပ်ကာ စစ်သင်္ဘောတွေက အရမ်းအဆင့်မြင့်လွန်းလို့ မလှုပ်ရဲကြတာလည်း ဖြစ်နိုင်တာပဲ။”
“ဖြစ်နိုင်ပါတယ်။”
ကျန်းယွင်ထျန်းက မျက်မှောင်ကြုတ်ကာ ပြန်ပြောလိုက်သည်။ ထိုစဥ် ရှောင်းယီသည် ကမ်းခြေသို့ အမြန်ပြန်ရောက်လာပြီး ညွှန်ကြားလိုက်သည်။
“အဲ့ဒီဒေဒသခံတွေရဲ့ လှုပ်ရှားမှုကို သေချာဂရုစိုက်ကြည့်ထား။ သူတို့ စည်းကျော်လာရင် အမြောက်တွေနဲ့ တန်းပစ်လိုက်။”
“ဟုတ်ကဲ့။”
ကျန်းယွင်ထျန်းက ပြန်ဖြေပြီးနောက် ဇဝေဇဝါဖြင့် ပြောလိုက်သည်။
“ဒေသခံတွေက ငါတို့ကို ကုန်သွယ်ဖို့ ဘာညာ ကမ်းလှမ်းလိမ့်မယ်လို့ ကြားထားတာ မဟုတ်ဘူးလား။ အခု ဒီဒေသခံကျ ဘယ်လိုဖြစ်တာလဲ။ သူတို့ကို ဟိုဘက်သွားခိုင်းလိုက်တာနဲ့ ထွက်သွားလိုက်တာပဲ။”
“ဖြစ်နိုင်တာက သူတို့က ငါတို့ကို မကျေနပ်လို့ သေခြင်းစွမ်းအင်ကို ဘယ်လိုခုခံရမလဲဆိုတာ ပြောပြဖို့ အစီအစဉ်မရှိတာ ဖြစ်လိမ့်မယ်။”
ရှောင်းယီက လက်နှစ်ဖက်ကို ဖြန့်ပြရင်း ပြန်ပြောလိုက်သည်။
“ဘာပဲဖြစ်ဖြစ် ငါ ဂရုမစိုက်ဘူး။ သူတို့ ကြိုက်သလို လုပ်ပါစေ။”
ကျန်းယွင်ထျန်း ခဏမျှ ကြောင်သွားပြီးနောက် ပြုံးကာ ပြောလိုက်သည်။
“ဟားဟားဟား သူတို့က ဒီလိုနည်းနဲ့ ငါတို့ကို ထိန်းချုပ်နိုင်မယ်လို့ ထင်နေကြတာလား။”
“တကယ်လည်း အဲ့ဒီလို ထင်နေကြတာ ဖြစ်မှာပေါ့။”
စွန်းကုထောင်က ဘေးမှ ဝင်ပြောလိုက်သည်။
“ဘာပဲဖြစ်ဖြစ် သူတို့ကို မျက်ခြေမပြတ် စောင့်ကြည့်ထား။”
ရှောင်းယီက ပြောလိုက်သည်။
“ငါ အရင်ဆုံး မဟာမိတ်အဖွဲ့ရဲ့ အနောက်ဘက်ကျွန်းကို သွားကြည့်လိုက်ဦးမယ်။ အဲ့ဒီမှာ သေခြင်းစွမ်းအင် တိုက်စားတာ ခံနေရတဲ့ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို သူတို့ ကိုင်တွယ်နေတုန်းပဲ။”
“ထူးခြားမှုရှိလား။”
ကျန်းယွင်ထျန်းက မေးလိုက်သည်။
“တိုးတက်မှု တစ်ခုခုရှိတယ်လို့ ပြောလို့ရပေမဲ့ ဆက်ပြီး စောင့်ကြည့်ဖို့တော့ လိုသေးတယ်။”
ရှောင်းယီက ပြန်ဖြေပြီးနောက် မြို့ပြန်ကျောက်ကို အသက်သွင်းလိုက်သည်။
ဤတစ်ကြိမ်တွင် သူသည် အရိုးစုကျွန်း အထက်ရှိ လေကြောင်းခံတပ်ဆီသို့ တိုက်ရိုက် တည်နေရာကူးပြောင်းလိုက်သည်။
“အပြောင်းအလဲ ရှိလား။”
ရှောင်းယီ ပေါ်လာသည်နှင့် မေးလိုက်သည်။ ပိုင်ချီက ခေါင်းခါပြပြီး ပြန်ဖြေလိုက်သည်။
“ဘာမှ ထူးခြားတာ မတွေ့ရသေးပါဘူး။”
ထိုအခါ ရှောင်းယီသညခလည်း ကိုယ်တိုင်သွားကြည့်ရန်မှတစ်ပါး ရွေးချယ်စရာမရှိတော့ပေ။ စနစ်၏ အသိပေးချက်မှာ ယခင်အတိုင်းပင် ဖြစ်ပြီး မိမိဘာသာ ပြုပြင်နေဆဲဟု ဖော်ပြနေသည်။
ကျွန်းအထိမ်းမ်းအမှတ်ကျောက်တိုင်ဆီသို့ ပြန်လျှောက်သွားရင်း ရှောင်းယီသည် ရှေ့တွင်ထိုင်ချလိုက်ပြီး အဖွဲ့ထဲရှိ လူများ၏ ဆွေးနွေးမှုများကို ဆက်လက် စောင့်ကြည့်နေလိုက်သည်။
စစ်ကူဝန်ဆောင်မှုကို ဝယ်ယူထားသည့် မဟာမိတ်အဖွဲ့များသည် အဖွဲ့ထဲတွင် စတင်ဆွေးနွေးနေကြပြီဖြစ်သည်။
“နောက်ဆုံးတော့ ငါနားလည်သွားပြီ။ သူဌေးက သူကိုယ်တိုင် အားကောင်းရုံတင်မကဘဲ သူ့တပ်ဖွဲ့ကလည်း တကယ်ကို တောင့်တင်းလွန်းတယ်။”
“ဟုတ်တယ်။ ငါတို့အဖွဲ့နဲ့ ယီရန်ပင်း မဟာမိတ်အဖွဲ့ကို နှိုင်းယှဉ်ကြည့်မှ ငါတို့အဖွဲ့က လူစုလူဝေးသက်သက်ပဲဆိုတာ သိလိုက်ရတယ်။”
“သူဌေးဆီမှာ သူ့တပ်ဖွဲ့ကို လေ့ကျင့်ပေးဖို့ ကျွမ်းကျင်ပညာရှင်တွေ ရှိနေတာ ဖြစ်ရမယ်။”
“မင်း အဲ့ဒီလို ပြောဖို့တောင် မလိုပါဘူး။ သူဌေးရဲ့ လက်အောက်မှာရှိတဲ့ ကျန်းယွင်ထျန်းက ကြေးစားစစ်သားတစ်ယောက်လို့ ကြားဖူးတယ်။ အဲ့ဒါကြောင့် သူက တပ်ဖွဲ့ကို ဘယ်လိုလေ့ကျင့်ပေးရမလဲဆိုတာ သေချာပေါက် သိတာပေါ့။”
“ဟူး... ကွာခြားချက်က မသေးဘူး။ သူဌေးက စစ်သင်တန်းကျောင်းတစ်ခုလောက် ဖွင့်ပေးနိုင်ရင် ကောင်းမှာပဲ။ ငါတို့ လူတစ်စုကို အဲ့ဒီကို လေ့ကျင့်ဖို့ ပို့ပေးချင်မိတယ်။”
“ဟုတ်တယ်။ အနာဂတ် တိုက်ပွဲတွေက တစ်ယောက်ချင်း တိုက်ရမှာ မဟုတ်တော့ဘူး။ စည်းလုံးမှုမရှိတဲ့ လူအုပ်စုတွေက ဘယ်တော့မှ အောင်မြင်မှာ မဟုတ်ဘူး။”
“ဒါ အကြံကောင်းပဲ။ သူဌေး ကျေးဇူးပြုပြီး စဉ်းစားပေးပါဦး။”
ထိုအခါ ရှောင်းယီက အဖွဲ့ထဲတွင် ပြောလိုက်သည်။
“ကောင်းပြီ။ ငါ မဟာမိတ်အဖွဲ့ဝင်တွေနဲ့ ဆွေးနွေးကြည့်မယ်။ ငါတို့ ဒါကို စဉ်းစားပေးလို့ရပါတယ်။”
“ဝမ်းသာလိုက်တာ။ ငါ တကယ် သူဌေးရဲ့ တပ်ဖွဲ့ကို အားကျနေတာ။ ငါတို့ လူငါးရာက ကာကွယ်ရေးကို မနည်း ထိန်းနေရပေမဲ့ သူဌေးရဲ့တပ်ဖွဲ့က လူတစ်ရာပဲ ချထားပေးတာ။”
“အမ်... လူတစ်ရာတည်းနဲ့ ထိန်းနိုင်မယ်ဆိုတာ မင်းသေချာလို့လား။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလွန်ကဲပြီး ကာကွယ်ဖို့ ပျက်ကွက်မသွားစေနဲ့ဦးနော်။ မသေမျိုး သတ္တဝါတွေ မင်းတို့ကျွန်းကို ကျူးကျော်လာရင် ဒုက္ခရောက်ကုန်မယ်။”
“ဘယ်သူက သူဌေးရဲ့ တပ်ဖွဲ့ကို သံသယဝင်ရဲလို့လဲ။ သူဌေးရဲ့တပ်ဖွဲ့ ဘယ်လောက်အားကောင်းလဲဆိုတာ မင်းတို့မသိဘူးလား။”
“ဝင်ရဲတာ မဝင်ရဲတာနဲ့ ဘာဆိုင်လို့လဲ။ ဘယ်သူမှ အမြဲတမ်း အနိုင်ရနေမယ်လို့ မပြောနိုင်ဘူးလေ။ ပြီးတော့ အခုတစ်ခေါက်က သူဌေးကိုယ်တိုင် ဦးဆောင်နေတာလည်း မဟုတ်ဘူး။ အဲ့ဒါကြောင့် သူ့လက်အောက်ငယ်သားတွေ ရှုံးနိမ့်သွားတာလည်း ဖြစ်နိုင်တာပဲ။”
“သူဌေးသာ ရှိနေရင်တော့ သေချာပေါက် ပြဿနာမရှိဘူး။ ဒါပေမဲ့ သူ့လက်အောက်ငယ်သားတွေကတော့... သူတို့ တစ်ခါမှ မရှုံးဖူးဘူးဆိုတာ ငါတော့ မယုံဘူး။”
“ဒါတွေကို ငြင်းနေလို့ ဘာအကျိုးရှိမှာလဲ။ ဒီည တိုက်ပွဲစရင် သဘာဝအတိုင်း သိရမှာပဲ။ သူဌေးရဲ့ တပ်ဖွဲ့အမျိုးအစားတွေအကြောင်း ဘာလို့ မဆွေးနွေးကြတာလဲ။”
“တပ်ဖွဲ့အမျိုးအစားလား။ သူဌေးက မင်းတို့ကျွန်းကို မြင်းတပ်တွေ ပို့ပေးလိုက်လို့လား။”
“မဟုတ်ဘူး။ ငါပြောတာက မတူညီတဲ့ လူမျိုးစုတွေရဲ့ တပ်ဖွဲ့တွေကို ပြောတာ။ ငါတို့ မဟာမိတ်အဖွဲ့က တောင်းထားတဲ့ စစ်ကူတွေက အားလုံး နတ်သူငယ်တွေချည်းပဲ။”
“ဟာ... ငါလည်း သူဌေးကို နတ်သူငယ်တွေပဲ ပို့ပေးဖို့ ပြောခဲ့သင့်တာ။”
“သူတို့က လှလား။”
“နတ်သူငယ်မှာ နှစ်မျိုးရှိတယ်။ တစ်မျိုးက တကယ့်ကို အရမ်းလှတာ။ ဒါပေမဲ့ နောက်တစ်မျိုးက မျက်နှာပေါ်မှာ အနက်ရောင် အင်းကွက်တွေရှိတယ်။ အဲ့ဒါက အလှအပကို ဖျက်ဆီးထားသလိုပဲ။”
“မျက်နှာမှာ ဆေးမင်ကြောင်တွေနဲ့လား။ ငါ ကြိုက်တယ်။ ညီအစ်ကို ငါ့ကို မြို့ပြန်ကျောက် တစ်ခုလောက် ပေးပါလား။ ငါ နတ်သူငယ်တွေရဲ့ ဆွဲဆောင်မှုကို သွားကြည့်ချင်လို့။”
“ညီအစ်ကိုရာ... အဲ့လောက်လည်း ဆာမနေစမ်းပါနဲ့။ နတ်သူငယ်တွေကို မြင်ချင်ရင် အပန်းဖြေစခန်းကို တိုက်ရိုက်သွားလို့ရတာပဲ။”
“ဟုတ်တယ်၊ အပန်းဖြေစခန်းက ဘားမှာ နတ်သူငယ်တွေကို ခဏခဏ တွေ့ရတတ်တယ်။”
“တကယ်လား။ ဒါဆို ငါ သူဌေးရဲ့ အပန်းဖြေစခန်းကို သွားပြီး ပျော်ပါးလိုက်ဦးမယ်။”
“အပေါ်က ညီအစ်ကို ကိုယ့်ကိုယ်ကိုယ် နည်းနည်းလောက် ထိန်းပါဦး။ အဲ့ဒီ နတ်သူငယ်တွေကို သွားပြီး မစလိုက်နဲ့နော်။ သူတို့က အရမ်း အစွမ်းထက်တယ်လို့ ငါကြားဖူးတယ်။”
“နတ်သူငယ်တပ်ဖွဲ့တွေ ရထားတဲ့ မဟာမိတ်အဖွဲ့တွေကို တကယ်အားကျမိတယ်။ ငါတို့ မဟာမိတ်အဖွဲ့ တောင်းထားတဲ့ စစ်ကူတွေထဲမှာ တခြားလူမျိုးတွေလည်း ပါတယ်။ ဒါပေမဲ့ သူတို့က ဝံပုလွေခေါင်းနဲ့ ဝံပုလွေလူသား တွေဖြစ်နေတယ်။”
“အဆင်ပြေပါတယ်။ ဝံပုလွေလူသားတွေက တိုက်ခိုက်ရေးမှာ အားကောင်းနေတုန်းပဲ။”
“ငါက အလှအပ အမြင်ကိုပဲ လိုအပ်နေတာဟ။”
“ချီး... မင်း အခုစဉ်းစားရမှာက မဟာမိတ်အဖွဲ့ ဘယ်လို အသက်ရှင်ကျန်ရစ်မလဲဆိုတာပဲဟ။ မင်းမျက်စိ အာသာပြေဖို့ မဟုတ်ဘူး။”
“အခု ညဘက်တွေမှာ တိုက်ပွဲတွေ အရမ်းပြင်းထန်နေတာ။ မင်းတို့ နေ့ဘက်မှာ မနားကြဘူးလား။ ဒီမှာပဲ စကားပြောနေကြတာလား။”
“ငါ မနက်တုန်းက လေးငါးနာရီလောက် အိပ်လိုက်ပြီးပြီ။ အခု လူက ပြန်လန်းနေပြီ။ ဘာပဲဖြစ်ဖြစ် အခု လုပ်စရာလည်း မရှိဘူးဆိုတော့ အဖွဲ့ထဲမှာ စကားမပြောရရင် ငါ နောက်ကျကျန်ခဲ့သလို ခံစားရလို့။”
“ဟားဟား လူတိုင်းပဲ ငါ ဒီမှာ ဘာရခဲ့လဲ ကြည့်လိုက်ဦး။ [ရေငုပ်ယာဉ်(Submersible) ထုတ်လုပ်မှု] ၁။”
“ရေငုပ်ယာဉ်ဆိုတာ ဘာလဲ။ ရေငုပ်သင်္ဘော (Submarine) နဲ့ အတူတူပဲလား။”
“နာမည်ကို ကြည့်ရတာတော့ ဟုတ်ပုံရတယ်။ အခု ရေအောက် ကိရိယာတွေတောင် ပေါ်လာနေပြီလား။ ဒါက ကောင်းတဲ့လက္ခဏာတော့ မဟုတ်ဘူး။”
“မှန်တယ်၊။ ဒီပစ္စည်း ပေါ်လာတယ်ဆိုတာက ရေအောက် တိုက်ခိုက်မှုတွေ လာတော့မယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ။”
“တကယ်လား။ ဒါဆို ရေငုပ်သင်္ဘော မရသေးတဲ့ ငါတို့လို လူတွေက ဘယ်လိုလုပ်မလဲ။”
“ဒါဆိုရင်တော့ ဒါကို သုံးပေါ့။ [အောက်ဆီဂျင်ဘူး] ၁။ ပြီးရင် ရေအောက်ထဲ ဆင်းပြီး ရေအောက် သတ္တဝါတွေကို လက်ဗလာနဲ့ တိုက်ခိုက်လိုက်။”
“နောက်မနေနဲ့။ အောက်ဆီဂျင်ဘူးကြီး ထမ်းပြီး ပြိုင်ဘက်ရဲ့ နယ်မြေထဲမှာ သွားတိုက်ရမယ် ဟုတ်လား။ မင်း ဘယ်လို သေသွားမှန်းတောင် သိလိုက်မှာ မဟုတ်ဘူး။”
တစ်ယောက်ယောက်က ရေငုပ်ယာဉ် ရသွားသည်ကို မြင်သောအခါ ရှောင်းယီသည် သူကိုယ်တိုင်လည်း ရေငုပ်သင်္ဘောအတွက် လက်မှတ်ထိုးဝင်ရင်း ရထားသည်ကို ရုတ်တရက် သတိရသွားခဲ့သည်။ သို့သော် သူ မတည်ဆောက်ရသေးပေ။ ကျွန်းအထိမ်းမ်းအမှတ်ကျောက်တိုင် ပြဿနာ ပြေလည်သွားလျှင် သူ တည်ဆောက်ကြည့်ပြီး စစ်ဆေးကြည့်ရပေမည်။
“မျှော်လင့်ရတာကတော့ ငါတို့ ကြုံတွေ့ရမယ့် ရေအောက် တိုက်ခိုက်မှုတွေက သိပ်ပြီး နက်နက်ရှိုင်းရှိုင်း မဖြစ်ဖို့ပဲ။ မဟုတ်ရင်တော့ ငါတို့ ပြန်ပြီး ဂိမ်းအိုဗာဖြစ်သွားလိမ့်မယ်။”
“စိတ်မပူပါနဲ့၊ ကမ္ဘာ့စည်းမျဉ်းတွေက ဒီလိုတော့ ကစားမှာ မဟုတ်ဘူးလို့ ငါယုံကြည်တယ်။ ငါတို့ကို အကုန်သတ်လိုက်ရင် သူတို့ ကျွမ်းကျင်သူတွေကို ရွေးချယ်နိုင်မှာ မဟုတ်တော့ဘူး။”
“အဲ့ဒါ မှားတယ်။ သူဌေး ရှိနေတဲ့အတွက် ကမ္ဘာ့စည်းမျဉ်းက အခြေခံအားဖြင့် ရွေးချယ်နေဖို့တောင် မလိုဘူး။ တခြားလူတွေ သေသည်ဖြစ်စေ၊ ရှင်သည်ဖြစ်စေ အရေးမကြီးဘူး။ သူဌေးကတော့ သေချာပေါက် အဆုံးထိ ရှင်သန်နေမှာပဲ။”
“အင်း... ဟုတ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကမ္ဘာ့စည်းမျဉ်းက ငါတို့ရဲ့ သေခြင်းရှင်ခြင်းကို ဂရုစိုက်မှာ မဟုတ်ဘူး။”
“အရမ်းကြီးလည်း အဆိုးမမြင်ကြပါနဲ့။ ငါတို့ ရင်ဆိုင်ရတဲ့ စမ်းသပ်မှုတိုင်းက ဘယ်လောက်ပဲ ပြင်းထန်ပါစေ အမြဲတမ်း မျှော်လင့်ချက် အလင်းရောင်လေးတစ်ခုတော့ ချန်ထားပေးတတ်ပါတယ်။ ဒါကြောင့် ရေအောက် တိုက်ခိုက်မှုတွေ စတော့မယ်ဆိုရင်တောင် အဲ့ဒါက တဖြည်းဖြည်းချင်း ဖြစ်လာမှာပါ။ ဒါမှမဟုတ် ရေအောက် တိုက်ခိုက်မှုတွေကို ကာကွယ်ဖို့ နည်းလမ်းတစ်ခုခုတော့ ပေးပါလိမ့်မယ်။”
လူတိုင်းသည် အဖွဲ့ထဲတွင် ညည်းညူနေကြသော်လည်း အသက်ရှင်ရန် အခွင့်အရေးကိုတော့ လက်လွှတ်ကြမည် မဟုတ်ပေ။ အဆုံးမှာတော့ သူတို့အားလုံးသည် ယခုအချိန်အထိ ရှင်သန်လာခဲ့ကြသူများ ဖြစ်ကြရာ ကမ္ဘာ့စည်းမျဉ်းက နောက်ဆုံးတွင် ဘာကို ရည်ရွယ်ထားသလဲဆိုသည်ကို မည်သူက မတွေ့ချင်ဘဲ နေမည်နည်း။