ရဲရင့်သော စစ်သည်တော်
Vol. 25 Ch. 347
စုမင်၏ လျှပ်စီးအလင်းလုံးနှင့် ကျောက်စိမ်းဓားရှည်တို့မှာ ရှာမန်ယောက်ျား၏ ကြုံးဝါးသံကြောင့် လျော့နည်းငြိမ်ကျလာစဉ်မှာပင် ရှာမန်ယောက်ျားသည်
ဟန်တောင်တန်းခေါင်းလောင်းကို ခုခံရာမှ ဖြစ်ပေါ်လာခဲ့သော သူ၏ချီ ပရမ်းပတာဖြစ်ခြင်းကို ပြန်လည်ထိန်းချုပ်သွားနိုင်ခဲ့သည်။
ထို့နောက် သူက အရှေ့သို့ဦးတည်တိုးဝင်လာခဲ့သည်။ သူနှင့် ထိပ်တိုက်တွေ့မိသည်နှင့် လျှပ်စီးအလင်းလုံးများမှာ ဖျက်ဆီးခံလိုက်ရလေသည်။ မှုန်မှိုင်းနေသော ကျောက်စိမ်းဓားရှည်သည်လည်း သူနှင့်တွေ့သည်နှင့် အဝေးသို့ ချက်ချင်းပျံပြေးသွားသည်။ ရှာမန်ယောက်ျားသည် စုမင်ထံ ဦးတည် တိုးဝင်လာနေသော လေပြင်းကြီးတစ်ခုသဖွယ် ပြောင်းလဲသွားပုံပေါ်၏။ သူသည် စုမင် အနီးသို့ရောက်လာသည်နှင့် တစ်ပြိုင်နက် တစ်ဖန်လက်သီးဆုပ်၍ ထိုးနှက်လိုက်ပြန်သည်။
စုမင် အနောက်သို့ ချက်ချင်းဆုတ်ခွာလိုက်သည်။ အမြန်နှုန်းကို အသက်သွင်းလိုက်ပြီး တိုးဝင်လာသော လက်သီးချက်ကို ချက်ချင်းတိမ်းရှောင်လိုက်၏။ ရှောင်တိမ်းပြီးသည်နှင့် ညာလက်ကိုမြှောက်၍ လက်သုံးချောင်းဖြင့် ရှာမန်၏ဘေးသို့ မျဉ်းတစ်ကြောင်းဆွဲချလိုက်သည်။
နတ်ဆိုးသုံးဖော် ကွပ်မျက်...
စုမင်သည် တောင်ပိုင်းအရုဏ်ဦးကုန်းမြေသို့ ရောက်လာချိန်မှစ၍ နက်မှောင်တောင်မျိုးနွယ်စု၏ မည်သည့်ပညာရပ်ကိုမျှ သူအသုံးမပြုခဲ့ပါချေ။ ဤသည်မှာ သူ ထိုအရာကို စစ်မြေပြင်၌ ပထမဆုံးအကြိမ်အဖြစ် အသုံးပြုလိုက်ခြင်းပင်။ သူ့ကျင့်ကြံဆင့် ပြောင်းလဲလာသည်နှင့်အမျှ နတ်ဆိုးသုံးဖော်ကွပ်မျက်၏ စွမ်းအားမှာလည်း မတူညီလောက်တော့ပေ။
နတ်ဆိုးသုံးဖော် ကွပ်မျက်၏ ပထမဆုံးခုတ်ချက်ကို သူထုတ်ဖော်လိုက်သည်နှင့် တစ်ပြိုင်နက် ရှာမန်ယောက်ျား၏ ခန္ဓာကိုယ်ပတ်လည်တွင် ပိတ်မိနေကြသော အငြိုးအတေးဝိညာဉ်များ၏ တစ်ဝက်ခန့်မှာ စူးရှကျယ်လောင်စွာ အော်ဟစ်ရင်း ပျောက်ကွယ်သွားကြသည်။ ရှာမန်ယောကျ်ားမှာ တုန်လှုပ်သွားသော်လည်း ချက်ချင်း တုံ့ပြန်လိုက်နိုင်၏။ သူသည် တစ်ပတ်လှည့်ကာ သူ့ညာလက်ကို စက်ဝိုင်းပုံအပြည့် လွှဲယမ်းပြီးနောက် လေထဲ၌ တဝှီးဝှီးလေတိုးသံများ ထွက်ပေါ်နေစဉ်မှာပင် စုမင်ထံ ဦးတည်တိုးဝင်လာခဲ့ပြန်သည်။
စုမင် တစ်ဖန်ထပ်မံ၍ နောက်ဆုတ်ကာ တိုက်ခိုက်မှုအား ရှောင်တိမ်းရန် ထိုလွန်ကဲသော အမြန်နှုန်းကို အသုံးပြုလိုက်ပြန်သည်။ အခြားဦးတည်ရာ တစ်ဖက်တွင် ပေါ်လာခဲ့ပြီး သူ့လျှာကိုကိုက်၍ သွေးတစ်ငုံ ထွေးထုတ်လိုက်သည်။ ထိုသွေးများမှာ ထွက်ပေါ်လာသည်နှင့် ချက်ချင်း စတင်လောင်ကျွမ်းသွားကြပြီး မီးတောက်ပင်လယ် တစ်ခုအဖြစ် ပြောင်းလဲကာ ထိုရှာမန်အား ဝန်းရံသွားသည်။
သို့သော် ထိုလူအား မီးပင်လယ်ကြီး ဝန်းရံသွားစဉ်မှာပင် ဧရာမလက်သီးကြီးမှာ မီးပင်လယ်အားဖြတ်၍ စုမင်ရင်ဘတ်ဆီသို့ တည့်တည့်တိုးဝင်လာခဲ့ချေ၏။
စုမင် လွန်ကဲသောအမြန်နှုန်းကို တစ်ဖန်အသက်သွင်းလိုက်မှသာ ထိုလက်သီးကို ရှောင်တိမ်းနိုင်ခဲ့လေသည်။
"မင်း အဲဒီအမြန်နှုန်းကို အကြိမ်ဘယ်လောက် သုံးနိုင်မလဲဆိုတာ ကြည့်ရသေးတာပေါ့" မီးပင်လယ်အတွင်းမှ ရှာမန်က အေးစက်စွာဖြင့် သရော်ပြုံး ပြုံး၏။ ထို့နောက် သူသည် တစ်ချက်ခုန်၍ ခန္ဓာကိုယ်ကို လှည့်ပတ်ကာ လေပြင်းတစ်ခုဖန်တီးလျက် သူ့ပတ်လည်ရှိ မီးတောက်များကို ငြိမ်းသေသွားစေခဲ့သည်။ ထို့နောက် စုမင်ဆီသို့ စတင်လျှောက်လှမ်းလာခဲ့ချေသည်။
ရှာမန်ယောက်ျားတွင် နတ်ဘုရားစွမ်းရည် များစွာမရှိချေ။ သို့သော်ငြား သူ၏ရုပ်ပိုင်းဆိုင်ရာ စွမ်းရည်များကပင် အလွန်အမင်း အားကောင်းနေပြီဖြစ်သောကြောင့် သူ့တိုက်ခိုက်မှုများကို စုမင် ရှောင်တိမ်းနေရခြင်း ဖြစ်သည်။ သူ့ကိုယ်ပေါ်သို့သာ ထိုးနှက်ချက်တစ်ခု ကျရောက်ခံလိုက်လျှင် သူ ထိုအရာမှတစ်ဆင့် အသက်ဆက်ရှင်နိုင်ရန် ခဲယဉ်းသွားပေလိမ့်မည်။
စုမင် ဆုတ်ခွာနေရင်းမှပင် ဟန်တောင်တန်းခေါင်းလောင်း ရှာမန်ယောကျ်ားအပေါ်သို့ လေထဲမှနေ၍ တစ်ဖန်ကျရောက်လာပြန်သည်။ မျက်နှာဖုံးအောက်တွင် ဖုံးကွယ်ထားသော ရှာမန်၏ မျက်လုံးများအတွင်း ရူးသွပ်မှုအရိပ်အမြွက်တစ်ခု ပေါ်လာခဲ့သည်။ သူသည် ဟန်တောင်တန်းခေါင်းလောင်း၏ ခွန်အားကို သိရှိထားပြီးဖြစ်သော်ငြား ရှောင်တိမ်းရန် မရွေးချယ်ခဲ့ပါချေ။ သူ စုမင်ထံ လျှောက်လာနေစဉ်မှာပင် ခေါင်းလောင်းက သူ့ကိုယ်ပေါ်သို့ တည့်တည့်ကျရောက်သွားခဲ့သည်။
လေထဲသို့ ပေါက်ကွဲမြည်ဟည်းသံများ ပျံ့နှံ့သွားသော်ငြား ရှာမန်သည် ခေတ္တခဏသာ ရပ်တန့်သွားပြီး ခြေကိုကြွ၍ ရှေ့ဆက်လျှောက်လာခဲ့၏။
စုမင်မျက်နှာထားက ပြောင်းလဲသွားရသည်။ သူ့စိတ်ဖြင့် ဟန်တောင်တန်းခေါင်းလောင်းကို တစ်ဖန်ပြန်လည် ပင့်မြှောက်လိုက်သော်လည်း ထိုအခိုက်အတန့်မှာပင် ရှာမန်ကလည်း ရုတ်တရက်ဆိုသလို ထူးဆန်းသော သားရိုင်းဟိန်းသံကို ထပ်မံပြုလုပ်လိုက်ပြန်သည်။
ထိုဟိန်းဟောက်သံ ထွက်ပေါ်လာသောအခါ စုမင်စိတ်မှာ တုန်လှုပ်ချောက်ခြားသွားပြီး သူ့ကိုယ်သူ ထိန်းချုပ်နိုင်စွမ်း မရှိတော့ပဲ စတင်တုန်လှုပ်သွားရသည်။ ထိုအရာက ဟန်တောင်တန်းခေါင်းလောင်း၏ ပြုတ်ကျလာနေသော အမြန်နှုန်းကို နှေးကွေးသွားစေသည်။ တစ်ချိန်တည်းမှာပင် ရှာမန်ယောက်ျားသည်လည်း စုမင်အရှေ့သို့ ရောက်ရှိလာပြီး သူ့ထံ လက်သီးတစ်ချက် ပစ်သွင်းလာသည်။
"သေစမ်း"
စုမင် သူ့နှလုံးသားကိုတောင် မထိန်းချုပ်နိုင်တော့ပေ။ သားရိုင်းဟိန်းသံမှာ အလွန်ထူးဆန်းလွန်းနေသည်။ ထိုအရာက လူတိုင်း၏ နှလုံးသားများကို တုန်လှုပ်ချောက်ချားသွားစေသော အသံတစ်ခုဖြစ်သည်။
စုမင် သူ့အမြန်နှုန်းကို အသက်သွင်း၍ ထိုလက်သီးချက်ကို ရှောင်တိမ်းရန် ပြင်လိုက်စဉ်မှာပင် ရှာမန်ယောကျ်ား၏ အမြန်နှုန်းမှာ ရုတ်ခြည်းတိုးမြင့်သွားသည်။ သူ့လက်သီးချက်မှာ ကျရောက်လာသော်လည်း စုမင်အပေါ်ကိုတော့ မဟုတ်ခဲ့ပေ။ ထိုအစား လက်သီးချက်ကို စုမင်နံဘေးရှိ လေဟာနယ်ကိုသာ ထိုးသွင်းလိုက်ခြင်း ဖြစ်သည်။
ထိုလက်သီးချက်သည် ကျရောက်လာသောအခါ လေထဲတွင် တွန့်လိမ်ပုံပျက်မှုနှင့် လှိုင်းတွန့်များစွာ ဖြစ်ပေါ်လာစေပြီး စုမင်၏ ဆုတ်ခွာနေသော အမြန်နှုန်းကို ချက်ချင်းနှေးကျသွားစေသည်။ ရှာမန်ယောက်ျားသည် ဤအခွင့်အရေးကိုသုံး၍ အရှေ့သို့ ပြေးဝင်လာသည်။ အနီးသို့ ရောက်လာသည်နှင့် တစ်ပြိုင်နက် စုမင်ရှောင်တိမ်းချိန် မရလိုက်ခင်မှာပင် ရှာမန်ယောက်ျား၏ ကြမ်းတမ်းသော ရယ်မောသံကြီးကို ကြားလိုက်ရချေ၏။ ထိုလူသည် သူ့လက်သီးများ၊ ခြေထောက်များကို အသုံးပြုခဲ့ခြင်းမရှိပဲ ထိုအစား စုမင်အနီးသို့ ရောက်လာသည်နှင့် စုမင်နံဖူးကို သူ့ခေါင်းဖြင့်တိုက်ချလိုက်လေသည်။
ဘန်း...
စုမင်၏ အမြင်အာရုံမှာ ဝေဝါးသွားပြီး အော့အန်ချင်သော ခံစားချက်တစ်ခုက ချက်ချင်းမြင့်တက် ထွက်ပေါ်လာခဲ့သည်။ သူ့ခေါင်းထဲတွင်လည်း မြည်ဟည်းသံများ ပဲ့တင်ထပ်သွားသည်။ စုမင် နောက်သို့ လဲပြိုကျသွားသည်နှင့် ရှာမန်ယောက်ျားသည် မျက်နှာဖုံးအောက်မှ သူ့နှုတ်ခမ်းများကို လျှာဖြင့်သပ်လိုက်ပြီးနောက် ပြေးဝင်လာပြန်သည်။ ဤတစ်ကြိမ်တွင်တော့ သူ့မျက်လုံးများထဲ၌ သတ်ဖြတ်လိုသည့် အသိတစ်ခု ပေါ်လာခဲ့သည်။ လက်သည်းတစ်ခုအသွင် သူ့ညာလက်ဖြင့် စုမင်၏ရင်ဘတ်ကို ကုတ်ခြစ်လိုက်သည်။
သူသည် စုမင်၏နှလုံးသားကို ဆွဲထုတ်၍ ဆုတ်ဖြဲပစ်ချင်၏။
စုမင်နံဖူးမှ သွေးများစီးကျလာသည်။ ၎င်းတို့သည် သူ့မျက်လုံးများအတွင်း စီးဝင်လာကြပြီး ကမ္ဘာလောကမှာ အနီရောင်ပြောင်းလဲသွားသည်။ ရှာမန်ယောက်ျား၏ တိုက်ခိုက်မှုကို သူရှင်းရှင်းလင်းလင်း မမြင်လိုက်ရသော်လည်း သူ့ထံ အလျင်အမြန်ဦးတည်လာသည့် သတ်ဖြတ်ခြင်းအသိ လှိုင်းကိုတော့ ခံစားမိလိုက်ချေသည်။
အန္တရာယ်ကျရောက်လာသည်နှင့် စုမင် ခပ်တိုးတိုးဟိန်းဟောက်၍ အနောက်သို့ ဆုတ်ခွာလိုက်သည်။ ဟန်တောင်တန်း ခေါင်းလောင်းမှာလည်း ကျုံ့ဝင်သွားပြီး သူ့ထံ ပြန်လည်ရောက်ရှိလာသည်။ ၎င်းသည် သူ့ဘေးသို့ရောက်ရှိလာပြီး သူ့ကိုယ်နှင့် ပြန်လည် ပေါင်းစည်းသွားခဲ့သည်။ ရှာမန်ယောက်ျားက ကုတ်ခြစ်လိုက်သည်နှင့် တစ်ပြိုင်နက် ဟန်တောင်တန်းခေါင်းလောင်းမှာ စုမင်ပတ်လည်တွင် ထွက်ပေါ်လာပြီး သူ၏ခုခံကာကွယ်မှုအဖြစ် ပြောင်းလဲသွားခဲ့သည်။
မရေမတွက်နိုင်သော ပဲ့တင်ထပ် ခေါင်းလောင်းသံများနှင့်အတူ ကျယ်လောင်သော မြည်ဟည်းသံကြီး ထွက်ပေါ်လာသည်။ စုမင်လည်း နောက်သို့ ဒယိမ်းဒယိုင်ဖြင့် ဆုတ်ခွာလိုက်ရသည်။ စုမင် ခေါင်းလောင်းသံများကြောင့် ထုံကျင်သွားရ၏။ သို့သော် သူအဝေးသို့ မဆုတ်ခွာနိုင်ခင်မှာပင် ရှာမန်ယောကျ်ားသည် တစ်ဖန်နီးကပ်လာပြီး ခေါင်းလောင်းပေါ်သို့ လက်သီးချက်များ တစ်ချက်ပြီးတစ်ချက် စတင်ကျရောက်လို့လာသည်။
"မင်းက ဘယ်လိုရှောင်တိမ်းရမယ်၊ ဘယ်လိုခုခံကာကွယ်ရမယ် ဆိုတာကိုပဲသိတဲ့ မာန်စွမ်းအားရှင် ကလေးလေးတစ်ယောက်ပဲ။ မင်းက ဒီစစ်မြေပြင်အတွက် ရည်ရွယ်တဲ့ မာန်စွမ်းအားရှင် စစ်သည်တော်တစ်ယောက် မဖြစ်လာနိုင်ဘူး" ရှာမန်ယောက်ျားက ပြောဆိုလိုက်ရင်း သူ့မျက်လုံးများ ထဲတွင်လည်း မထီမဲ့မြင်ပြုခြင်းများ အထင်းသားပေါ်လာခဲ့သည်။ အဆက်မပြတ် ခုခံတားဆီးနေရခြင်းသည် စုမင်ကို ပြင်ပဒဏ်ရာ မရရှိစေနိုင်သော်လည်း သူ့ခေါင်းကို တိုက်ခိုက်ခံရပြီးနောက် ထုံထိုင်းမူးဝေနေချိန်တွင် ခေါင်းလောင်းသံများ ပဲ့တင်ထပ်နေသဖြင့် သူ့နှုတ်ခမ်းမှ သွေးများ အဆက်မပြတ် ပွက်ပွက်အန်နေရသည်။
လက်သီးချက်များ ပစ်သွင်းပြီးသည်နှင့် ရှာမန်ယောက်ျားသည် ခြေထောက်ကိုလှည့်၍ ဟန်တောင်တန်းခေါင်းလောင်းကို ကန်ထုတ်လိုက်သည်။ သူ့ကန်ချက်မှာ သားရဲရိုင်းတစ်ကောင်၏ ဘေးတိုက်အမြီးရိုက်ချက်လိုပင်။ ဟန်တောင်တန်းခေါင်းလောင်း ပေါ်သို့ ကန်ချက်ကျရောက်လာသည်နှင့် ယခင်ခေါင်းလောင်းသံများထက် အဆပေါင်းများစွာ ပိုမိုကျယ်လောင်သော မြည်သံကြီး ထွက်ပေါ်လာခဲ့သည်။
စုမင်ပါးစပ်မှ သွေးတစ်လုပ်အန်ထုတ်လိုက်ရသည်။ သူ့ခန္ဓာကိုယ်မှာလည်း အနောက်ဘက်သို့ ပေထောင်ပေါင်းများစွာ လွင့်ထွက်သွားပြီး မြေပြင်နှင့် ရိုက်မိသွားခဲ့သည်။
မြေပြင်ပေါ် ပြုတ်ကျသွားသည်နှင့် တစ်ပြိုက်နက် ဟန်တောင်တန်းခေါင်းလောင်းမှာလည်း သူ့ကိုယ်တွင်းသို့ ပြန်လည်ဆုတ်ခွာသွားသောကြောင့် စုမင်ထံတွင် သူ့လက်ကောက်ဝတ်ရှိ အနက်ရောင် လက်ကောက်လေးမှအပ... မည်သည့် ခုခံကာကွယ်မှုမျိုးမှ မရှိတော့ချေ။
သူ၏ အကြီးဆုံးအစ်ကိုကြီး ပေးခဲ့သော အစေခံအမျိုးသမီးသည် ရှာမန်ယောက်ျားနှင့် စုမင် တိုက်ခိုက်ချိန်တည်းက ထွက်ပေါ်မလာခဲ့ခြင်း ဖြစ်သည်။ သူမ ပေါ်လာပြီး စုမင်နှင့် အတူတွဲလုပ်ကိုင်လိုက်သည်နှင့် ထိုရှာမန်ယောက်ျားကို သတ်ရန်က အလွန်ခက်ခဲတော့မည် မဟုတ်ချေ။ သို့သော် သူမထိုသို့ လုပ်ခဲ့ပြန်လျှင်လည်း စုမင် ထိုမျက်နှာဖုံးကို ရရှိခဲ့လျှင်တောင် ထိုအရာက သူနှင့် လုံးလုံးတော့ သက်ဆိုင်မည်မဟုတ်ပေ။
အကယ်၍ သူသာ ဤနည်းလမ်းကိုသုံး၍ မျက်နှာဖုံးကို ရရှိကာ မုဆိုးတစ်ယောက် ဖြစ်လာခဲ့မည်ဆိုလျှင်တောင် သူ့အား စောင့်ကြိုနေမည့်အရာမှာ တစ်စုံတစ်ယောက်အပေါ် ထာဝရမှီခိုအားကိုးချင်သည့် အားနည်းချက်တစ်ခုသာ ဖြစ်ပေလိမ့်မည်။
အစ်ကိုကြီးပေးခဲ့သော လက်ကောက်သည် စုမင်အန္တရာယ်ကျရောက်သောအခါ သူ့အားကာကွယ်ရန် သက်သက်သာဖြစ်သည်။ စုမင် မှိခိုအားကိုးနေရမည့် အရာမျိုးမဟုတ်ချေ။ စုမင် ထိုအရာကို ကောင်းစွာနားလည်၏။
စုမင် ပါးစပ်မှ သွေးများစီးကျနေပြီး သူ့အကြည့်ကိုပင် အာရုံစူးစိုက်နိုင်ရန် ကြိုးစားနေရသော ခက်ခဲသည့်အချိန်ကာလတစ်ခု ဖြစ်သည်။ တကယ်တမ်းတွင်တော့ ဟန်တောင်တန်းခေါင်းလောင်း၏ ကာကွယ်ပေးခဲ့မှုကြောင့် သူ့ဒဏ်ရာများမှာ အလွန်ဆိုးရွားနေခဲ့သည်တော့ မဟုတ်ပေ။ သူ၏ရုပ်ခန္ဓာကိုယ်က အတော်အတန် ထုံကျင်နေခြင်းသာ ဖြစ်၏။
အမှန်တကယ် အရေးပါသော ဒဏ်ရာမှာ သူ့စိတ်ထဲတွင်ရှိနေသည်။ ထိုကျယ်လောင်သော ဟိန်းဟောက်သံကြီးအောက်၌ သူ့စိတ်ဝိညာဉ်၏ တုန်လှုပ်ချောက်ခြားသွားမှုမှာ စုမင်ထိန်းချုပ်နိုင်သော အရာမဟုတ်ချေ။ သူ ဤမျှ ပျက်စီးလွယ်လိမ့်မည်ဟု... မမျှော်လင့်ထားခဲ့မိချေ။
'ငါ ကြောက်နေတာလား...' စုမင်၏ အမြင်အာရုံက ပိုမိုဝေဝါးလာသည်။ သူ့ထံလျှောက်လှမ်းလာနေသော ရှာမန်ယောကျ်ားကို မမြင်နိုင်တော့သလို အချိန်မရွေး တိုးထွက်သွားတော့မည့် အနက်ရောင်မီးခိုးငွေ့များ အဖြစ် ပြောင်းလဲလာနေသော သူ့လက်ကောက်ဝတ်မှ အနက်ရောင်လက်ကောက်ကိုလည်း မမြင်နိုင်တော့...
'ဒါပေမယ့် ငါက ဘာကိုကြောက်နေတာလဲ...' စုမင် မျက်နှာထက်တွင် မှိုင်တွေမှုများ ပေါ်လာခဲ့သည်။ ဤစစ်ပွဲသည် သူ့အား အချိန်တိုအတွင်းမှာပင် များစွာကြီးပြင်း လာစေခဲ့ပုံ ရသည်။
'ဟုတ်တယ်။ ငါက သေရမှာကို ကြောက်နေတာ... ငါ သေသွားပြီးတာနဲ့ အိမ်အပြန်လမ်းကို မရှာနိုင်တော့မှာကို ငါကြောက်နေခဲ့တာ။ ငါ သေဆုံးသွားတာနဲ့ ဒီလျှို့ဝှက်ဆန်းကြယ်မှုတွေ အားလုံး ပျောက်ကွယ်သွားမှာကို ငါကြောက်နေတာ... ငါသေသွားတာနဲ့... ငါ့မျက်လုံးတွေ မဖွင့်နိုင်မှာကို ကြောက်နေခဲ့တာ'
စုမင်၏ အမြင်အာရုံက ပိုမို၍ ဝေဝါးလာပြီး သူ့စိတ်ဆန္ဒမှာလည်း စတင်ပျောက်ကွယ်စ ပြုလာသည်။ ထိုသားရိုင်းဟိန်းသံ အတွင်းမှ ထူးဆန်းသော စွမ်းအားကြောင့် သူ့စိတ်မှာ အတင်းအကျပ် ပိတ်ချခံနေရသည်။ ဤသည်မှာ သူဖြစ်ချင်သော အရာမဟုတ်သော်လည်း သူ့အတွက် ထိုအရာကို ထိန်းချုပ်နိုင်ရန် ခဲယဉ်းနေ၏။
"ငါ... ဘာလုပ်... သင့်လဲ" စုမင် တီးတိုးရေရွတ်မိသည်။
သူ၏စိတ် မပြတ်မသား ရှုပ်ထွေးနေသော အခြေအနေအတွင်း သူ့ပတ်ဝန်းကျင်မှ အသံများအားလုံး ပျောက်ကွယ်သွားသည်။ သူမြင်နေရသမျှ အရာအားလုံးသည် ကောင်းကင်ထက်တွင် လှုပ်ရှားနေသော အစိမ်းရောင်မြူများသာ ဖြစ်သည်။
တဖြည်းဖြည်းနှင့် ထိုအစိမ်းရောင်မြူခိုးများမှာလည်း ပျောက်ကွယ်သွားပြီး ဆီးနှင်းနှင့် လေပြင်းများ ပြည့်နေသော ညအချိန်အတွင်း ငြိမ်းချမ်းသော မျိုးနွယ်စုလေး တစ်ခုအတွင်းမှ ဖယောင်းတိုင် မီးတောက်များဖြင့် လင်းထိန်နေသော အိမ်လေးတစ်လုံး၏ မြင်ကွင်းဖြင့် အစားထိုးသွားခဲ့သည်။
စုမင်၏ အကြီးအကဲသည် လက်ထဲတွင် ဝါးစာလိပ်တစ်လိပ်ကို ကိုင်ထားပြီး စုမင်ကိုယ်တိုင်မှာမူ အကြီးအကဲ၏ဘေးတွင် မေးကိုလက်ဖြင့်ထောက်၍ ထိုင်နေခဲ့ချေသည်။
"နက်မှောင်တောင်မျိုးနွယ်စုရဲ့ ငါတို့ဘိုးဘေးတွေအတွက် အရာရာတိုင်းက ချောမွေ့ခဲ့တာမဟုတ်ဘူး။ ဧရာမနက်မှောင်တောင် မျိုးနွယ်စုကြီး ဖွဲ့စည်းဖြစ်ပေါ်မလာခင် သူတို့ဟာ စမ်းသပ်ချက်တွေ၊ ဒုက္ခတွေအများကြီး ရင်ဆိုင်ခဲ့ကြရတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ နက်မှောင်တောင်မျိုးနွယ်စုက ပြိုကွဲသွားတာပါပဲလေ... နက်မှောင်တောင်ရဲ့ ဘိုးဘေးအကြောင်း ပြောကြတာပေါ့"
"သူက ဆင်းရဲဒုက္ခ၊ အခက်အခဲတွေ အများကြီးကို ဖြတ်သန်းခဲ့ပြီးတော့ သူနဲ့ပက်သက်တဲ့ ဒဏ္ဍာရီတွေလည်း အများကြီး ကျန်ရစ်ခဲ့တယ်။ အဲဒါတွေအားလုံးကို သူ့သားစဉ်မြေးဆက်တွေ အတွက် အားပေးမှုအနေနဲ့ အခြားလူတွေက ဒီဝါးစာလိပ်ပေါ်မှာ ရေးထွင်းထားခဲ့ကြတယ်။ မင်းဒါတွေအားလုံးကို မှတ်မိနေရမယ်။ အခုတော့ ငါမင်းကို စမ်းသပ်ကြည့်မယ်။ နက်မှောင်တောင်ရဲ့ ဘိုးဘေးက နက်မှောင်တောင်ကို ပထမဆုံးရောက်လာချိန်မှာ ဘယ်သူနဲ့တိုက်ခိုက်ခဲ့တာလဲ"
"သူက နယ်မြေရဲ့ တောင် ဝိညာဉ်သားရဲနဲ့ ထိပ်တိုက်တွေ့ခဲ့တာပါ။ ကျွန်တော်တို့ရဲ့ ဘိုးဘေးက ဒီနေရာမှာ မျိုးနွယ်စုတစ်ခု တည်ဆောက်ချင်ပေမယ့် အဲဒါက ခွင့်မပြုခဲ့တာကြောင့် သူက အဲဒါနဲ့တိုက်ခိုက်ခဲ့တယ်" စုမင် မေးထောက်ကာ သန်းဝေရင်း ပျင်းရိပျင်းတွဲ ပြောဆိုလိုက်သည်။
"ဆက်ပြော" အကြီးအကဲ ပြုံးသည်။
"ဘာပြောစရာ ရှိလို့လဲ။ သူက တောင်တစ်ဝက်မှာတင် ကြီးမားတဲ့ သတ္တဝါကြီးတစ်ကောင်နဲ့ တိုးလို့ အဲဒါကို တိုက်ခိုက်ခဲ့တာလေ။ သားရဲက အသက်ရှူသွင်း ရှူထုတ်ရုံနဲ့ လူတွေကို ကြောက်ရွံ့အောင်လုပ်နိုင်လို့ တကယ် အစွမ်းထက်ပုံပေါ်တယ်။ တောင်တစ်ဝက်က ချောက်ကမ်းပါးနေရာမှာမို့ ဘိုးဘေးက အဲဒီသတ္တဝါနဲ့ တိုက်ခိုက်ဖို့ ခက်ခဲခဲ့တယ်။ အဆုံးမှာတော့ သူပဲအနိုင်ရခဲ့တာကို"
"အိုး... ပြီးတော့ရော မင်း အဲဒီဒဏ္ဍာရီကနေ ဘာသင်ယူရရှိခဲ့တာလဲ" အကြီးအကဲ အပြုံတစ်ခုဖြင့် မေးသည်။
"ရန်သူနှစ်ဦးက လမ်းကျဉ်းတစ်ခုမှာ တွေ့ဆုံကြပြီး တိုက်ပွဲကနေ ရှောင်လွှဲလို့ မရနိုင်တဲ့အခါ ရဲရင့်သူက အနိုင်ရလိမ့်မယ်။ အကြီးအကဲ ကျွန်တော့ကို ဒါပြောပြတာ အကြိမ်အများကြီးရှိနေပြီ။ ကျွန်တော် သိတယ်။ ကျွန်တော် တကယ်သိနေပြီ"
"ကောင်းပြီလေ၊ ဒါဆိုလည်း မင်းသိထားပြီးသားလို့ပဲ ငါသဘောထားပေးပါ့မယ်။ ဖြစ်ကောင်းဖြစ်နိုင်တာက နောင်အနာဂတ် တစ်ချိန်ချိန်ကျရင်တော့ မင်း အဲဒီစကားရဲ့ နောက်ကွယ်က အဓိပ္ပါယ်ကို တကယ်နားလည်လာပြီး အဲဒီအချိန်က ငါတို့ဘိုးဘေး ဘယ်လိုခံစားခဲ့ရတယ်ဆိုတာ နားလည်လာနိုင်မှာပါ..."
စုမင်သည် ကောင်းကင်မြူခိုး မြို့တော်အပြင်ဘက် ရှာမန်များ၏ နယ်မြေထဲမှ စစ်မြေပြင်တွင် လဲလျောင်းလို့နေစဉ် သူ၏ မိန်းမောထုံထိုင်းနေသော စိတ်မှာတော့ လွန်ခဲ့သော နှစ်ပေါင်းများစွာခန့်က ဆီးနှင်းဖုံးသော ညတစ်ညသို့ ပြန်လည်ရောက်ရှိသွားသည်။ ရန်သူနှစ်ဦး တွေ့သည့်အခါ ရဲရင့်သူက အနိုင်ရသည်ဟူသော ထိုအချိန်က ပြောဆိုခဲ့သည့် စကားများကို ပြန်လည်ကြားယောင်မိသည်နှင့် တစ်ပြိုင်နက် စုမင် အပြင်းအထန်တုန်ယင်သွားခဲ့သည်။
သူ၏ ဝေဝါးနေသော အကြည့်မှာလည်း စူးရှသေ ာအလင်းတစ်ဖြာဖြင့် ချက်ချင်းပြည့်လာခဲ့သည်။
"ရန်သူနှစ်ဦးက လမ်းကျဉ်းတစ်ခုမှာ တွေ့ဆုံကြပြီး တိုက်ပွဲကနေ ရှောင်လွှဲလို့ မရနိုင်တဲ့အခါ... ရဲရင့်သူက အနိုင်ရလိမ့်မယ်" စုမင် တီးတိုးရေရွတ်လိုက်မိသည်။ မူလပထမက တိုက်ပွဲသံများကို ဆက်မကြားနိုင်တော့သော သူ့နားများမှာလည်း ရုတ်တရက် ကြည်လင်ပြတ်သားလာခဲ့သည်။
ပေ ၁၀၀၀ခန့် အဝေးတွင်တော့ မျက်နှာဖုံးတပ်ရှာမန်သည် သူ့ထံသို့ ခြေလှမ်းကျဲကြီးများဖြင့် ဦးတည်လာနေခဲ့သည်။ သူ့ထံမှ ထွက်ပေါ်လာနေသော သတ်ဖြတ်ခြင်း အရှိန်အဝါသည် သန်မာသော ဖိအားတစ်ခုအဖြစ် ပြောင်းလဲသွားပြီး မာန်စွမ်းအားရှင် ဖြစ်စေ၊ ရှာမန်ဖြစ်စေ သူ့အား တားဆီးရန်ကြိုးစားသူ အားလုံးကို အနောက်သို့ ပြန်လည်ဆုတ်ခွာသွားစေခဲ့သည်။
စုမင်၏ လက်ကောက်ဝတ်ပေါ်ရှိ လက်ကောက်မှာ အနက်ရောင်မီးခိုးများအဖြစ် ပြောင်းလဲသွားပြီဖြစ်ပြီး တိုးထွက်သွားရန် အသင့်ဖြစ်နေသော်ငြား ၎င်းသည် ချက်ချင်းဆိုသလို စုမင်၏ဘယ်လက်ဖြင့် ဖိအုပ်ခြင်းခံလိုက်ရသည်။
"ငါ့ဘာသာ လုပ်မယ်"
တည်ငြိမ်သော အမူအရာတစ်ခုနှင့်အတူ စုမင် မြေပြင်မှ ထရပ်လိုက်တော့သည်။
***