အခန်း (၉၅၁-၉၅၂)
Vol. 79 Ch. 951-952
အခန်း ၉၅၁ - ရေအောက်ရှိ မသေမျိုးစစ်တပ်
ရှောင်းယီ၏ စကားကြောင့် စွမ်းကုထောင်တစ်ယောက် ဆွံ့အသွားပြီး မသေချာသလိုဖြင့် ပြန်မေးလိုက်သည်။
“ကျွန်းပိုင်ရှင်... ဆိုလိုတာက... ဒါတွေကလည်း မသေမျိုးတွေပဲပေါ့ ဟုတ်လား။”
“ရေဒါမှာ ပြနေတဲ့ ပစ်မှတ်တွေကို သက်ရှိလို့ အညွှန်းမတပ်ထားတော့ ဆယ်ပုံကိုးပုံက မသေမျိုးတွေပဲ ဖြစ်ရမယ်။”
ရှောင်းယီက တည်ငြိမ်လေးနက်စွာ ပြောလိုက်သည်။ စွန်းကုထောင် မျက်မှောင်ကြုတ်လိုက်သည်။
“ဒီပင်လယ်မသေမျိုးတွေက ကျုပ်တို့ရဲ့ အုတ်မြစ်ကျောက်တွေကိုပဲ တိုက်ခိုက်နိုင်မှာ မဟုတ်လား။”
“အဲ့ဒါကပဲ ဆိုးလွန်းနေတာ မဟုတ်ဘူးလား။”
ရှောင်းယီက ပြန်၍မေးခွန်းထုတ်လိုက်သည်။
“မဟုတ်ပါဘူး။ ကျုပ်ဆိုလိုတာက... သူတို့က အုတ်မြစ်ကျောက်ကိုပဲ တိုက်ခိုက်တာဆိုရင် အဲ့ဒါပျက်စီးသွားတာနဲ့ သူတို့လည်း ပျောက်ကွယ်သွားလိမ့်မယ်။ အဲ့ဒါက ကျုပ်တို့ကျွန်းကို မသေမျိုးကျွန်းနဲ့ ပိုဝေးသွားအောင် ဆွဲထုတ်ပေးသလို ဖြစ်သွားမှာမို့ တကယ်တော့ အထောက်အကူတောင် ဖြစ်ဦးမယ်။”
စွန်းကုထောင်က ရှင်းပြလိုက်သည်။ ရှောင်းယီက ထိုစကားကြောင့် မျက်ခုံးပင့်သွားသည်။
အမှန်တကယ်လည်း အဓိပ္ပာယ်ရှိပေသည်။ အကယ်၍ နတ်ဆိုးများက ပင်လယ်ရေမျက်နှာပြင်ကိုသာ ညစ်ညမ်းစေပါက ကျွန်းအတွင်းပိုင်းအထိ မည်သို့ ဆက်လက်ပြန့်ပွားနိုင်မည်နည်း။ ဓာတ်ခွဲခန်း၏ အဆိုအရ ထိုအဏုဇီဝပိုးမှာ လေကြိုက်ပိုးဖြစ်သည့်အတွက် အောက်ဆီဂျင်မရှိဘဲ မပြန့်ပွားနိုင်ပေ။
ထို့ကြောင့် ၎င်းတို့သည် ရေအောက်အပြင်ဘက် အလွှာကိုသာ ညစ်ညမ်းစေနိုင်ပြီး အတွင်းပိုင်းမှာ မူလအတိုင်း ကျန်နေမည်ဖြစ်သည်။ သို့သော် ကိစ္စရပ်များက ထိုမျှလောက် မရိုးရှင်းနိုင်ကြောင်း ရှောင်းယီ သေချာပေါက် သိနေ၏။
အကယ်၍ ၎င်းတို့က ဖျက်ဆီးခဲ့လျှင် ရှေ့သို့ ဆက်တိုးနိုင်မည်ဖြစ်သော်လည်း ဖျက်ဆီးခြင်းဆိုသည်မှာ အုတ်မြစ်ကျောက် ပျောက်ကွယ်သွားခြင်းပင်ဖြစ်သည်။ ၎င်းက မသေမျိုးကျွန်းနှင့် မဟာမိတ်ကျွန်းခွဲကြားတွင် ဟာကွက်တစ်ခု ဖြစ်လာစေမည်ဖြစ်ရာ အသက်ရှင်ကျန်ရစ်သူများ၏ ခုခံရေးအတွက် သေချာပေါက် အကျိုးရှိစေမည်ဖြစ်သည်။
သို့သော် ဤကမ္ဘာ၏ စည်းမျဉ်းများက ထိုမျှလောက် ကြင်နာလိမ့်မည် မဟုတ်ပေ။
“သူတို့က ငါတို့ရဲ့ ခုခံရေးစည်းမှာရှိတဲ့ အုတ်မြစ်ကျောက်တွေကို ပစ်မှတ်မထားဘူးဆိုရင်ကော။”
ရှောင်းယီက မျက်လုံးများကို ကျဉ်းမြောင်းလျက် ပြောလိုက်၏။
“ဆိုလိုတာက သူတို့က တခြားတစ်နေရာကို တိုက်ခိုက်မယ်လို့လား။”
စွန်းကုထောင်က ထိတ်လန့်စွာ မေးလိုက်သည်။ ရှောင်းယီက ခေါင်းငြိမ့်ပြလိုက်သည်။
“တကယ်လို့ သူတို့က တခြားနေရာကို တိုက်ခိုက်တာဆိုရင်တော့ ပြဿနာအကြီးအကျယ် တက်ပြီပဲ။”
စွန်းကုထောင်က စိုးရိမ်တကြီး ပြောလိုက်သည်။ ရှောင်းယီက သက်ပြင်းတစ်ချက်ချလိုက်၏။
“သူတို့ ဘာလုပ်မလဲဆိုတာ အရင်ကြည့်ရအောင်။”
သူသည် ရေငုပ်သင်္ဘောကို ငြိမ်သက်စွာ ရပ်ထားပြီး ရေဒါပေါ်၌ ပစ်မှတ်များ နီးကပ်လာသည်ကို စောင့်ကြည့်နေလိုက်သည်။
နာရီဝက်ခန့် ကြာပြီးနောက်တွင် ရေဒါပေါ်မှ အစက်ကလေးများမှာ မည်သည့်အရာများဖြစ်ကြောင်း သူတို့နှစ်ဦး မြင်လိုက်ရချေသည်။ ၎င်းတို့မှာ ပင်လယ်သတ္တဝါမျိုးစုံ၏ အရိုးစုများဖြစ်ပြီး ရေငုပ်သင်္ဘောဆီသို့ တစ္ဆေများကဲ့သို့ ရွေ့လျားလာနေကြသည်။
ရှေ့ဆုံးမှ ဦးဆောင်လာသည်မှာ သုံးမီတာရှည်သော အရိုးစုကြီးတစ်ခုပင်။ ၎င်း၏ လမ်းကြောင်းကို ပိတ်ဆို့ထားသည့် အမည်းရောင်အရာဝတ္ထုကြီးဖြစ်သည့် ရေငုပ်သင်္ဘောကို မြင်သည်နှင့် တိုက်ခိုက်တော့၏။
“အရိုးစု ငါးမန်း (S အဆင့်): သေဆုံးပြီးနောက် မသေမျိုးနတ်ဆိုးများက ပြန်လည်ပြုပြင်ဖန်တီးထားသည့် ငါးမန်းတစ်ကောင်၊ အလွန်ကြမ်းတမ်းပြီး စွမ်းအားကြီးသည်။”
အရိုးနှင့် သံချပ်ကာတို့ ထိတွေ့သံမှာ ‘ဂလောက် ဂလောက်’ ဟု မြည်ဟည်းနေ၏။ ဟုတ်ပါသည်။ အတွင်းထဲက လူနှစ်ယောက်သည်မူ ဘာအသံမှ မကြားရပါချေ။ သူတို့သည် ငါးမန်းက သင်္ဘောကိုယ်ထည်ကို အလဟဿ တိုက်ခိုက်နေသည်ကိုသာ ကြည့်နေလိုက်ကြသည်။
ထိုအချိန်တွင် ပင်လယ်နေ မသေမျိုးအရိုးစုများ ပိုမိုရောက်ရှိလာပြီး ရေငုပ်သင်္ဘောကို အရှိန်ဖြင့် ဝင်တိုက်ကြတော့၏။
စွန်းကုထောင်က အသံကိုနှိမ့်၍ ပြောလိုက်သည်။
“ကျွန်းပိုင်ရှင် သူတို့ တိုက်နေတာကို ဒီအတိုင်း လွှတ်ထားမလို့လား။ တကယ်လို့ သူတို့ ဖောက်ထွက်နိုင်သွားရင် ကျုပ်တို့တော့ သွားပြီပဲ။ ဒီသင်္ဘောပေါ်မှာ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်လည်း မရှိဘူး။”
ရှောင်းယီက သူ့ကို တစ်ချက်ကြည့်ကာ ရယ်မောလိုက်သည်။
“ဘာလို့ အသံတိုးတိုးနဲ့ ပြောနေတာလဲ။ တစ်ယောက်ယောက် ချောင်းနားထောင်နေမှာ ကြောက်လို့လား။”
“အဲ့ဒီမသေမျိုးတွေကို ကြောက်လို့ပေါ့...။ သူတို့ ကြားသွားရင် ပိုပြီးတောင် ရူးသွပ်သွားနိုင်တယ်။”
စွန်းကုထောင်က တိုးတိုးလေး ကပ်ပြောလိုက်သည်။
“စိတ်အေးအေးထားစမ်းပါ။ ဒီရေငုပ်သင်္ဘောရဲ့ လုံးဝအသံလုံစနစ်ပဲ။ မင်း အော်ဟစ်နေရင်တောင် သူတို့ မကြားနိုင်ဘူး။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“ပြီးတော့ ဒီ S အဆင့် မသေမျိုးတွေက SSS အဆင့် သင်္ဘောကိုယ်ထည်ကို ဘယ်လိုမှ မဖျက်ဆီးနိုင်ဘူး။”
စွန်းကုထောင်၏ မျက်လုံးများ ပြူးကျယ်သွား၏။
“ဒီရေငုပ်သင်္ဘောက SSS အဆင့် ဟုတ်လား။”
“သေချာတာပေါ့။”
ရှောင်းယီက ဆိုသည်။
“ဒါဆိုလည်း စောစောက ပြောရောပေါ့။ အဲ့လိုဆို ကျုပ် စိုးရိမ်နေရမှာ မဟုတ်ဘူး။”
စွန်းကုထောင် တစ်ယောက် စိတ်အေးသွားတော့သည်။ ရှောင်းယီက သူ၏ခေါင်းခါယမ်းကာ အပြင်ဘက်က မသေမျိုးများကို ဆက်လက်စောင့်ကြည့်လိုက်၏။ ၎င်းတို့သည် ရေငုပ်သင်္ဘောတစ်စင်းလုံးကို ဝိုင်းရံထားသော်လည်း မည်သို့ပင် တိုက်ခိုက်စေကာမူ ခြစ်ရာတစ်ခုပင် မထင်ကျန်ရစ်ပေ။
“ရေငုပ်သင်္ဘောကို ဒီမှာ ရပ်ထားပြီး သူတို့ကို အလုပ်ရှုပ်အောင် လုပ်ထားနိုင်ရင် မဆိုးဘူး။”
စွန်းကုထောင် ဝိုင်းရံနေသော ရန်သူများကို ကြည့်ကာ ရယ်မောလိုက်သည်။
ရှောင်းယီက ရေဒါကို လက်ညှိုးထိုးပြလိုက်သည်။
“ရေငုပ်သင်္ဘော တစ်စင်းတည်းနဲ့ အများကြီးကို ထိန်းထားလို့ မရဘူး။ မင်းကြည့်... နောက်ထပ် အကောင်တွေအများကြီး ဘေးကနေ ဖြတ်ကူးသွားနေတုန်းပဲ။”
“ဒါဆို ကျုပ်တို့ နောက်က လိုက်မလား ဒါမှမဟုတ် စောင့်မလား။”
စွန်းကုထောင်က မေးလိုက်သည်။ ရှောင်းယီ အနည်းငယ် စဉ်းစားလိုက်၏။
“နောက်ကလိုက်မယ်။”
သူ ဆုံးဖြတ်လိုက်တော့သည်။
မသေမျိုးများသည် ရေငုပ်သင်္ဘောကို တိုက်ခိုက်ရန် အားခဲထားပုံရသည်။ အချို့မှာ သင်္ဘောကို တိုက်မိ၍ မိမိတို့၏ အရိုးများပင် ကျိုးပဲ့ကုန်သော်လည်း ဆက်လက်တိုက်ခိုက်နေဆဲပင်။
ရှောင်းယီက ၎င်းတို့ကို လွှတ်ပေးပြီး ၎င်းတို့၏ အစစ်အမှန် ပစ်မှတ်ကို သိရှိနိုင်ရန် နောက်ယောင်ခံလိုက်ရန် ရည်ရွယ်ခဲ့သော်လည်း ၎င်းတို့၏ ရူးသွပ်မှုကြောင့် ရွေးချယ်စရာ မရှိတော့ဘဲ ချက်ချင်း စတင်လှုပ်ရှားရတော့သည်။
သူသည် အင်ဂျင်ကို စက်နှိုးလိုက်ပြီး တိုက်ခိုက်မှုများကို လျစ်လျူရှုကာ ရှေ့သို့ ဆက်သွားနေသော တပ်ဖွဲ့နောက်သို့ အရှိန်မြင့်မြင့်ဖြင့် လိုက်ပါသွားတော့သည်။ ရေငုပ်သင်္ဘောအနီးရှိ မသေမျိုးများကလည်း ချက်ချင်းပင် လိုက်လံတိုက်ခိုက်ကြ၏။
မကြာမီ ရေငုပ်သင်္ဘောသည် မသေမျိုးကျွန်းအနီးသို့ ရောက်ရှိသွားခဲ့သည်။ ထိုနေရာတွင် ပင်လယ်နေ အရိုးစုများက ငြိမ်သက်စွာ ရှိနေကြ၏။ သို့သော် ရေငုပ်သင်္ဘောကို တွေ့သည်နှင့် ၎င်းတို့မှာ သက်ဝင်လှုပ်ရှားလာကြတော့သည်။
ရှောင်းယီသည် ပျားအုံကို တုတ်နှင့် ထိုးလိုက်သကဲ့သို့ ခံစားလိုက်ရပြီး အရာအားလုံးက သင်္ဘောဆီသို့ အုန်းခနဲ ပြေးကပ်လာကြ၏။ ထိုအခါ မော်နီတာပေါ်တွင် ကြည့်နေသော စွန်းကုထောင်က ရယ်မောကာ ပြောလိုက်သည်။
“သူတို့ ကျုပ်တို့ကို စားချင်နေပေမဲ့ ဘာမှ မတတ်နိုင်တာကို မြင်ရတာ တကယ် ပျော်ဖို့ကောင်းတာပဲ။”
ရှောင်ယီက ဘေးတွင်ရပ်ကာ အလေးအနက် စဉ်းစားနေခဲ့သည်။
သူတို့က ဒီမှာ ခေတ္တရပ်နားကြတယ်။ ဖြစ်နိုင်တာက သန်းခေါင်ယံမှာ ကုန်းကြောင်းတပ်တွေနဲ့အတူ တပြိုင်တည်း တိုက်ခိုက်ကြဖို့ပဲ လိမ့်မယ်။
ထိုသို့ တွေးတောရင်းဖြင့် သူသည် စာချုပ်စွမ်းအားကို အသုံးပြုလိုက်၏။
“ရွှမ်းဝူ မင်း ရေအောက်မသေမျိုးတွေကို တွေ့လား။”
“ဟုတ်ကဲ့ ကျုပ် သူတို့ကို ရှင်းလင်းနေပါပြီ။”
ရွှမ်းဝူက ပြန်ဖြေလိုက်သည်။ ရှောင်းယီက ခေါင်းငြိမ့်လိုက်၏။ ဤကဲ့သို့သော ရေအောက်မသေမျိုးများသည် မသေမျိုးကျွန်းတိုင်း၏ အနီးအနားတွင် စုဝေးနေလိမ့်မည်ဟု သူ ခန့်မှန်းမိလိုက်သည်။
ဒါဆို မဟာမိတ် အနောက်ဘက်ကျွန်း ရဲ့ အခြေအနေကရော ဘယ်လိုရှိမလဲ။
သူသည် ရေငုပ်သင်္ဘောကို မဟာမိတ် မြောက်ဘက်ကျွန်း၏ ဝှက်ထားသော ပင်လယ်အော်လေးတစ်ခုဆီသို့ မောင်းနှင်သွားပြီး ရေမျက်နှာပြင်ပေါ်သို့ တက်လိုက်သည်။
နောက်ကလိုက်လာသော မသေမျိုးများသည် ခဏမျှ ဆက်လိုက်လာကြသော်လည်း ရေငုပ်သင်္ဘော ရေပေါ်ပေါ်လာသောအခါတွင်မူ လက်လျှော့လိုက်ကြပြီး မသေမျိုးကျွန်းအနီး၌ ပြန်လည်စုဝေးရန် ဆုတ်ခွာသွားကြတော့သည်။
ရေပေါ်သို့ ရောက်သည်နှင့် ရှောင်းယီနှင့် စွန်းကုထောင်တို့ အပြင်သို့ ထွက်လာခဲ့ကြသည်။
“ကျွန်းပိုင်ရှင် ရေအောက်က နတ်ဆိုးတွေကို ကြိုပြီး ရှင်းလင်းထားရမလား။”
စွန်းကုထောင်ကက မေးလိုက်သည်။
“ကုန်းကြောင်းတိုက်ခိုက်မှုကို လောလောဆယ် ဆိုင်းငံ့ထားလိုက်။ ရေအောက်အတွက် ငါ့မှာ ကိုယ်ပိုင်အစီအစဉ် ရှိတယ်။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“ဟုတ်ကဲ့ပါ အရှင်။”
ထို့နောက် ရှောင်းယီသည် မြို့ပြန်ကျောက်ကို အသုံးပြု၍ မဟာမိတ် အနောက်ဘက်ကျွန်းသို့ ချက်ချင်းပင် ကူးပြောင်းသွားလိုက်သည်။
ပိုင်ချီသည် လေကြောင်းခံတပ်ပေါ်တွင် ရှိနေဆဲဖြစ်ပြီး ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ထဲသို့ ပိုးသတ်ဆေးရည်များ လောင်းထည့်ပေးနေသည်။ ကျောက်တိုင်မှာ အောက်ခြေမရှိသော ကျင်းကြီးတစ်ခုကဲ့သို့ ဆေးရည်များကို သောက်သုံးနေ၏။
ရှောင်းယီသည် ခံတပ်ပေါ်သို့ တိုက်ရိုက်မသွားဘဲ မြေပြင်ပေါ်၌သာ ပေါ်လာအောင် လုပ်လိုက်သည်။ ထို့နောက် မသေမျိုးကျွန်းနှင့် အနီးဆုံး ကမ်းခြေသို့ လမ်းလျှောက်သွားပြီး ကိုယ်ကျပ်ဝတ်စုံကို လဲဝတ်ကာ ရေထဲသို့ တိုက်ရိုက် ခုန်ဆင်းသွားတော့သည်။
အခန်း ၉၅၂- ရေငုပ်ပစ္စည်းကိရိယာများ
ရေထဲသို့ ဆင်းပြီးနောက် ရှောင်းယီသည် အရိုးစုကျွန်းး၏ တစ်ဖက်ခြမ်းသို့ ချက်ချင်းကူးခတ်သွားလိုက်၏။ အသက်ရှင်ကျန်ရစ်သူများ ရှာဖွေတွေ့ရှိသွားမည်ကို ကာကွယ်ရန်အတွက် ရပ်နားထားသော ပင်လယ်သတ္တဝါအုပ်စုများအားလုံးသည် မသေမျိုးကျွန်း၏ တစ်ဖက်ခြမ်းတွင်သာ ရှိနေကြသည်။
မကြာမီတွင် ရှောင်းယီသည် တစ်ဖက်ခြမ်းသို့ ရောက်ရှိသွားပြီး ထိုနေရာတွင် မသေမျိုးသတ္တဝါ တစ်ကောင်တစ်လေမျှ မရှိသည်ကို တွေ့လိုက်ရသဖြင့် အံ့အားသင့်သွားခဲ့သည်။
“ကိုယ်တိုင်ပြန်လည်ပြုပြင်နေတဲ့ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်က တကယ်ပဲ အသစ်ပြန်ဖြစ်ပေါ်တာ ရပ်သွားပြီပဲ။ ရန်သူ့တပ်ဖွဲ့သစ်တွေတောင် ထပ်မပေါ်လာတော့ဘူး။”
ရှောင်းယီက တွေးလိုက်သည်။ ထို့နောက် ရှေ့သို့ဆက်လက်ကူးခတ်သွားပြီး ထူးခြားမှုမရှိသည်ကို တွေ့လိုက်ရသဖြင့် ပြန်လှည့်လာခဲ့လိုက်လေသည်။
သူ မဟာမိတ်အဖွဲ့၏ အနောက်ဘက်ကျွန်းသို့ ပြန်ရောက်သောအခါ ကျန်းယွင်ထျန်းလည်း ရောက်ရှိနေပြီဖြစ်သည်။
“ကျွန်းပိုင်ရှင် ဘာလို့ ရေထဲဆင်းသွားတာလဲ။”
ကျန်းယွင်ထျန်းက ရှောင်းယီကို အံ့သြစွာကြည့်ရင်း မေးလိုက်သည်။
“ရေအောက်တိုက်ခိုက်ရေးတပ်ဖွဲ့တွေ ပေါ်လာလို့လေ။ အဲ့ဒါကြောင့် ကိုယ်တိုင်ပြန်လည်ပြုပြင်နေတဲ့ ကျောက်တိုင်ရှိတဲ့ကျွန်းမှာ ရေအောက်တပ်ဖွဲ့တွေ ရှိ၊ မရှိ အတည်ပြုချင်လို့။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။ ကျန်းယွင်ထျန်းက အံ့အားသင့်သွား၏။
“အဲ့ဒါကြောင့် အရင်က တစ်ယောက်ယောက်က ရေငုပ်သင်္ဘော ရခဲ့တာလား။”
ရှောင်းယီက ခေါင်းညိတ်ပြလိုက်သည်။
“ကျွန်းပိုင်ရှင် ရေအောက်က ရန်သူတွေကို ဘယ်လိုရှာတွေ့ခဲ့တာလဲ။”
ကျန်းယွင်ထျန်းက စူးစမ်းလိုစိတ်ဖြင့် မေးမြန်းလိုက်ပြန်သည်။
“ရေငုပ်သင်္ဘောနဲ့လေ။”
“ဘာလဲ...။ ငါတို့မဟာမိတ်အဖွဲ့မှာ ရေငုပ်သင်္ဘောရှိလို့လား။”
ကျန်းယွင်ထျန်း မျက်လုံးပြူးသွား၏။ ဤသတင်းမှာ ရှေ့ကသတင်းထက်ပင် သူ့ကို ပို၍တုန်လှုပ်စေခဲ့သည်။
“ဟုတ်တယ်။ ခုလေးတင် တည်ဆောက်လိုက်တာ။ မဟာမိတ် မြောက်ဘက်ကျွန်းမှာ ရှိတယ်။ မင်းကြည့်ချင်ရင် စွန်းကုထောင်ကို သွားရှာလိုက်။”
ရှောင်းယီက ပြောလိုက်သည်။
“ကောင်းပြီ။”
ကျန်းယွင်ထျန်းက ခေါင်းညိတ်ပြလိုက်၏။
“ဒီနေရာမှာရော ရေအောက်ရန်သူတွေ ရှိလား။”
“မရှိဘူး။ ကိုယ်တိုင်ပြုပြင်နေတဲ့ ကျောက်တိုင်က တကယ်ပဲ အသစ်ထုတ်ပေးတဲ့ ဂုဏ်သတ္တိ မရှိတော့တဲ့ပုံပဲ။”
ရှောင်းယီက လေးနက်သောလေသံဖြင့် ပြောလိုက်သည်။
“အဲ့လိုဆိုရင်တော့ တခြားမသေမျိုး မျိုးနွယ်စုတွေရဲ့ ကျောက်တိုင်တွေကို အမြန်ဆုံး ရှာဖို့လိုနေပြီ။”
ကျန်းယွင်ထျန်း မျက်မှောင်ကြုတ်လိုက်သည်။
“ဟုတ်တယ်။ ကျောက်တိုင်တွေက များသောအားဖြင့် မသေမျိုးကျွန်းတွေရဲ့ အလယ်ဗဟိုမှာ ရှိတတ်တယ်။ မသေမျိုးတွေက အဲ့ဒါတွေကို အလိုအလျောက် မြှုပ်ထားတတ်ကြတယ်။ မင်းက အဲ့ဒီကျောက်တိုင်တွေကို ဖော်ထားဖို့နဲ့ ပိုးသတ်ဆေးရည်တွေကို အလုံအလောက် ထောက်ပံ့ပေးဖို့ လိုတယ်။”
ရှောင်းယီက ကျောက်တိုင်အား ကိုယ်တိုင်ပြုပြင်သည့် အခြေအနေတွင် မည်သို့ထိန်းသိမ်းထားရမည်ကို ကျန်းယွင်ထျန်းအား အသေးစိတ် ပြောပြလိုက်၏။
“ကောင်းပြီ။ ငါ မှတ်ထားလိုက်မယ်။ အခုချက်ချင်း ဒီတာဝန်ကို ခွဲဝေပေးလိုက်တော့မယ်။”
“ကောင်းပြီ။”
ကျန်းယွင်ထျန်းသည် တခြားသော ကျွန်းခွဲများသို့ သွားရောက်ကာ တာဝန်ခံများကို ရှာဖွေပြီး ထိုကိစ္စကို တာဝန်ပေးအပ်လိုက်၏။ ထိုတာဝန်ခံများသည် လူအင်အားအလုံးအရင်းဖြင့် ချက်ချင်းပင် ဦးဆောင်ကာ ထိုကိစ္စကို ကိုင်တွယ်ဖြေရှင်းကြတော့သည်။
ပထမအဆင့်မှာ ကျောက်တိုင်ကို ရှာဖွေရန်ဖြစ်ပြီး ဘေးကင်းစေရန်အတွက် သူတို့သည် လေကြောင်းမှ ဗုံးကြဲသည့်နည်းလမ်းကို အသုံးပြုခဲ့ကြသည်။ ဗုံးကြဲမှုများ အကြိမ်ကြိမ်ပြုလုပ်ပြီးနောက် ကျွန်းခွဲတစ်ခုစီတွင် ကျောက်တိုင် တည်ရှိရာနေရာများကို အောင်မြင်စွာ ရှာဖွေနိုင်ခဲ့သည်။
နောက်တစ်ဆင့်မှာ ပိုးသတ်ဆေးရည်များ လောင်းထည့်ရန်ဖြစ်သော်လည်း ထိုအချိန်တွင် ဇွန်ဘီးကျွန်း၌ ပြဿနာအချို့ ရှိနေခဲ့သည်။ အရိုးစုကျွန်းများသည် နေ့ဘက်တွင် အဟန့်အတား မရှိသလောက်ဖြစ်သော်လည်း ဇွန်ဘီးကျွန်းမှာမူ ဇွန်ဘီးများဖြင့် ပြည့်နှက်နေခြင်းဖြစ်သည်။ ဇွန်ဘီးများသည် နေ့ဘက်တွင် လှုပ်ရှားမှု အလွန်နည်းပါးပြီး ညဘက်တွင်မှသာ တက်ကြွတတ်ကြသည်။
ပိုးသတ်ဆေးရည်များ လောင်းထည့်သည့်အခါ ဇွန်ဘီးများသည် သူတို့၏ခန္ဓာကိုယ်များဖြင့် ပိုးသတ်ဆေးရည်ကို တိုက်ရိုက်ပိတ်ဆို့ကြ၏။ ပိုးသတ်ဆေးရည်က ဇွန်ဘီးများကို ထိခိုက်မှုအချို့ ရှိစေသော်လည်း ဇွန်ဘီးများက ထိုဒဏ်ရာများကို လုံးဝဂရုမစိုက်ကြပေ။
မဟာမိတ်အစောင့်တပ်ဖွဲ့က အမြောက်များကို အသုံးပြုသော်လည်း ဇွန်ဘီးအရေအတွက်က များပြားလွန်းသဖြင့် ဗုံးကြဲတိုက်ခိုက်မှုမှာ အလျင်မမီသလိုပင် ဖြစ်နေခဲ့သည်။
သို့သော် ကျွန်းခွဲများမှ လူများသည် နည်းလမ်းကောင်းတစ်ခုကို စဉ်းစားမိခဲ့ကြ၏။ ၎င်းမှာ လတ်ဆတ်သော အသားနှင့် သွေးများကို အသုံးပြု၍ ဇွန်ဘီးများကို ဆွဲဆောင်ကာ ဝေးရာသို့ ခေါ်ထုတ်သွားခြင်း ဖြစ်သည်။
ထိုဇွန်ဘီးများသည် လတ်ဆတ်သော အသားစိမ်းသွေးစိမ်းနံ့ကို ရသောအခါ ချက်ချင်းပင် လူစုကွဲသွားကြပြီး လေကြောင်းရှိ မီးပုံးပျံကြီးမှာ ပိုးသတ်ဆေးရည်များ လောင်းထည့်ရန် အခွင့်အရေးကို ချက်ချင်း အရယူနိုင်ခဲ့ကြလေသည်။
သို့သော် ဇွန်ဘီးများသည် မကြာမီမှာပင် နောက်သို့ပြန်လှည့်၍ ပြေးဝင်လာကြသည်မှာ မမြင်ရသည့်အင်အားတစ်ခုက သူတို့အား ကျောက်တိုင်ကို ကာကွယ်ရန် စေခိုင်းနေသကဲ့သို့ပင်။
ဤကဲ့သို့ အပြန်အလှန် ဆွဲထုတ်လိုက် ပြန်ဝင်လာလိုက် ဖြစ်နေပြီးနောက်တွင် ကျွန်းတစ်ခုစီသည် ကျောက်တိုင်ပေါ်သို့ ပိုးသတ်ဆေးရည် တစ်တန်ခန့်ကို ဖြည်းညှင်းစွာ လောင်းထည့်နိုင်ခဲ့ကြလေသည်။
လုပ်ငန်းစဉ်များပြီးဆုံးသောအခါ ရှောင်းးယီသည် ကျောက်တိုင်အားလုံး အမှန်တကယ်ပင် ကိုယ်တိုင်ပြုပြင်သည့်အခြေအနေသို့ ရောက်ရှိသွားခြင်းရှိ၊ မရှိ တစ်ခုချင်းစီ လိုက်လံစစ်ဆေးကာ အတည်ပြုခဲ့သည်။
“အားလုံးပဲ ကျောက်တိုင်ရဲ့ အခြေအနေကို အမြဲတမ်း ဂရုစိုက်ကြည့်နေကြပါ။ မသေမျိုးသတ္တဝါတွေကို အဲ့ဒါကို ပြန်မြှုပ်ခွင့်မပေးနဲ့။ ပြီးတော့ ပိုးသတ်ဆေးရည်တွေကိုလည်း ကြားဖြတ်ပြီး ဆက်တိုက် ထည့်ပေးနေရမယ်။”
ရှောင်းယီက အဖွဲ့ထဲတွင် ညွှန်ကြားလိုက်သည်။
“ဟုတ်ကဲ့။”
အားလုံးက ပြန်လည်ဖြေကြားလိုက်ကြသည်။
ရှောင်းးယီသည် အောက်ဘက်ရှိ ကိုယ်တိုင်ပြုပြင်ဆဲဖြစ်သော ကျောက်တိုင်ကို ကြည့်ရင်း အားကိုးရာမဲ့စွာ တိုးတိုးလေး ရေရွတ်လိုက်မိသည်။
“ဒီပြုပြင်မှုက ဘယ်လောက်ကြာဦးမလဲမသိဘူး။”
ထို့သို့ပြောရင်း ရှောင်းယီသည် ကျောက်တိုင်ဆီသို့ ပြန်လာပြီး ယီထျန်းအဖွဲ့ကို တစ်ချက်ကြည့်လိုက်သည်။
“ဟားဟားဟား...။ ငါလည်း ရေငုပ်ခေါင်းတစ်ခု ရလိုက်ပြီ။ မဆိုးဘူး၊ မဆိုးဘူး။ ငါလည်း ရေအောက်ဆင်းလို့ရပြီ။”
“ငါတို့ ရေအောက်ဆင်းနိုင်တာ ကြာပြီမဟုတ်ဘူးလား။ အရင်က သူဌေးကြီး ရေကာကွယ်ပုလဲတွေ ရောင်းတုန်းက မင်းမဝယ်လိုက်ဘူးလား။”
“ဝယ်ထားပါတယ်။ ဒါပေမဲ့ ကိုယ်တိုင်ဆင်းတာနဲ့ စက်ထဲကနေ ဆင်းတာက မတူဘူးလေ။ စက်ထဲမှာဆိုရင် ပိုပြီးဘေးကင်းတယ်လို့ အမြဲခံစားရတယ်။”
“ဟားဟားဟား...။ ရေငုပ်ခေါင်းဆိုတာက ဘာလဲ။ ငါက C အဆင့် ရေငုပ်သင်္ဘောအသေးစားလေး တစ်စီးတောင် ရထားတာ။”
“ဟမ်... မင်းတို့အားလုံး ရေအောက်သုံးပစ္စည်းကိရိယာတွေ ဘယ်လိုလုပ် ရနေကြတာလဲ။ ဒါက ဘာကို ဆိုလိုတာလဲ။”
“ရေအောက်တိုက်ခိုက်မှုတွေ လာတော့မယ်။ အားလုံး သတိထားဖို့ လိုတယ်။”
ရှောင်းယီက ပြောလိုက်သည်။
“ဘာ...။ ရေအောက်တိုက်ခိုက်မှုဟုတ်လား။ ငါတို့က အမြဲတမ်း ရေအောက်ကနေ အတိုက်ခိုက်ခံနေရတာ မဟုတ်ဘူးလား။”
ထိုသူပြောသည်မှာ မှန်ပါသည်။ အဘယ်ကြောင့်ဆိုသော် လူတိုင်း၏ကျွန်းများသည် ပုံမှန်အားဖြင့် ပင်လယ်သတ္တဝါများ၏ တိုက်ခိုက်ခြင်းကို ခံနေရသောကြောင့်ပင်။
“မတူဘူး။ နေ့စဉ်နေ့တိုင်း အုတ်မြစ်ကျောက်ကို လာတိုက်ခိုက်တဲ့ ပင်လယ်သတ္တဝါတွေက ရေမျက်နှာပြင်ပေါ်မှာ ပေါ်နေကြတာများတယ်။ အဲ့ဒါက အတိအကျပြောရရင် ရေအောက်တိုက်ခိုက်မှု မဟုတ်ဘူး။”
ရှောင်းယီက ဆက်လက်ရှင်းပြလိုက်သည်။
“အဲ့ဒါတော့ ဟုတ်တယ်။ ငါတို့က ကမ်းခြေမှာ ရပ်နေရင်းနဲ့တင် အဲ့ဒီပင်လယ်သတ္တဝါတွေကို တိုက်ခိုက်လို့ ရတာပဲ။”
“သူဌေးကြီးပြောတာ မှန်တယ်။ တကယ်ပဲ အဲ့လိုဖြစ်နေတာ။ အခုတိုက်ခိုက်မှုက တကယ်ပဲ ရေအောက်ထဲကနေ ဖြစ်မှာလား။”
“ငါတို့ မဟာမိတ်အဖွဲ့က ရေအောက်မှာ မသေမျိုးသတ္တဝါတွေကို ရှာတွေ့ထားပြီးပြီ။ သူတို့ ငါတို့ကို ဘယ်လိုတိုက်ခိုက်မလဲဆိုတာ အတိအကျ မသိရသေးပေမဲ့ အဲ့ဒီဘက်က တိုက်ခိုက်လာနိုင်တာကို အားလုံးသတိထားဖို့ သတိပေးထားတာပဲ။”
ရှောင်းယီက ထပ်ပြောသည်။
“လူတိုင်း အခုတလော ရရှိနေတဲ့ ပစ္စည်းတွေကို ကြည့်ရရင် ဒီမသေမျိုးတွေရဲ့ တိုက်ခိုက်မှုက ရေအောက်ကနေ ဖြစ်မှာ သေချာသလောက်ပဲ။ ငါ့ရဲ့ ရေငုပ်ခေါင်းက မကောင်းဘူး။ ရေထဲမှာ တစ်နာရီပဲ ခံတယ်။ ဒါက ဘာသွားလုပ်လို့ ရမှာလဲ။”
“ဒါဆို ငါတို့ ဘာလုပ်ရမလဲ။ တကယ်ပဲ ရေထဲခုန်ဆင်းပြီး သူတို့နဲ့ လက်မောင်းချင်း ယှဉ်တိုက်ရတော့မှာလား။”
“ဟာသပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ငါကတော့ ရေထဲမဆင်းဘူး။ ငါက ရေမကူးတတ်ဘူး။”
“အပေါ်ကလူက မြန်မြန် သူဌေးကြီးဆီသွားပြီး ရေကာကွယ်ပုလဲ ဝယ်လိုက်တော့။ အဲ့ဒါဆိုရင် ချက်ချင်း ရေကူးကျွမ်းတဲ့ ဘဲတစ်ကောင် ဖြစ်သွားလိမ့်မယ်။”
“အဲ့ဒါလည်း အဆင်မပြေဘူး။ ငါက ရေကြောက်တယ်။ ငါ ငယ်ငယ်က ရေနစ်ပြီး သေမလို ဖြစ်ခဲ့ဖူးတယ်။”
“ဒါဆို မင်းက အုတ်မြစ်ကျောက်ကို မသေမျိုးတွေ တိုက်ခိုက်နေတာကို ဒီအတိုင်း ထိုင်ကြည့်နေတော့မလို့လား။”
“သူဌေးကြီးကလည်း တိုက်ခိုက်မယ့်နည်းလမ်းကို မသိသေးဘူးလို့ ပြောထားတယ်မဟုတ်လား။ ခေတ္တစောင့်ကြည့်ကြရအောင်။ ရန်သူက ခေါင်းပြူထွက်ပြီးမှ တိုက်ခိုက်ရင် တိုက်ခိုက်မှာပေါ့။”
“မင်းကတော့ တကယ် အေးဆေးနေနိုင်တာပဲ။ ငါတော့ စကားမပြောတော့ဘူး။ သွားပြင်ဆင်တော့မယ်။”
ရှောင်းယီ ပေးလိုက်သော သတင်းအချက်အလက်များကြောင့် လူတိုင်း ပြန်လည်စိုးရိမ်လာခဲ့ကြသည်။ အခြေခံအားဖြင့် ကျွန်းတိုင်းသည် ရေငုပ်ပစ္စည်းကိရိယာများ ရရှိထားကြသော်လည်း တိုက်ပွဲအတွက် မည်မျှအသုံးဝင်မည်ကိုမူ ပြောရန်ခက်ခဲလှသည်။
ရှောင်းးယီသည် ကျောက်တိုင်၏ ထုတ်လုပ်မှုစာမျက်နှာကို လှန်လှောကြည့်ရှုရင်း လွန်ခဲ့သော နှစ်ရက်က လက်မှတ်ထိုးဝင်ရာမှ ရရှိထားသော လက်နက်တစ်ခုကို ရုတ်တရက် မြင်လိုက်မိသည်။
“ဒါကို သုံးရင်တော့ အဲ့ဒီရေအောက်မသေမျိုးတွေကို ကာကွယ်နိုင်လိမ့်မယ်။”