အခန်း (၉၅၃-၉၅၄)
Vol. 79 Ch. 953-954
အခန်း ၉၅၃ - ရေအောက်မိုင်းတစ်လုံးကို စတင်လိုက်ခြင်း၊ အလိုအလျောက် ငါးဖမ်းပိုက်၏ ဒုတိယမြောက် နွေဦး
ထိတွေ့ပေါက်ကွဲစေသော ရေအောက်မိုင်းပုံစံခွက်...။
ရှောင်းယီ လက်မှတ်ထိုးဝင်ရာမှ ရရှိခဲ့သော ထိတွေ့ပေါက်ကွဲစေသော ရေအောက်မိုင်းပုံစံကွက်သည် ရေထဲတွင် ချိတ်ဆွဲထားနိုင်သော ရေအောက်မိုင်းများကို ဖန်တီးနိုင်၏။ သူ့အနေဖြင့် မသေမျိုးများ၏ တိုက်ခိုက်မည့် ရေအနက်ကိုသာ အတည်ပြုနိုင်ပါက ၎င်းတို့ကို ပစ်မှတ်ထား၍ ဖြန့်ကျက်ချထားနိုင်မည်ဖြစ်သည်။
အသက်ရှင်ကျန်ရစ်သူများ ရရှိထားကြသော ရေငုပ်ယာဉ်များသည် မသေမျိုးများ၏ တိုက်ခိုက်မည့် ရေအနက်ကို စမ်းသပ်ရန်အတွက်သာ ဖြစ်ရပေလိမ့်မည်။ ရေငုပ်ခေါင်း သို့မဟုတ် ရေငုပ်သင်္ဘော တစ်စီးတည်းက မသေမျိုးသတ္တဝါများကို ကာကွယ်ရာ၌ များစွာအသုံးမဝင်နိုင်ပေ။
အကြောင်းမှာ မဟာမိတ်အဖွဲ့တစ်ခုတွင် ကျွန်းခွဲရှစ်ခုရှိပြီး ကျွန်းခွဲတိုင်းက မသေမျိုးကျွန်းနှင့် ထိပ်တိုက်တွေ့ရမည်ဆိုသည်မှာ သေချာသောကြောင့်ပင်။ ရေငုပ်ပစ္စည်းကိရိယာ အရေအတွက် မလုံလောက်ပါက ရေအောက်မသေမျိုးများ၏ တိုက်ခိုက်မှုအားလုံးကို ခုခံရန်မှာ လုံးဝမဖြစ်နိုင်ပေ။
ထိုအချက်ကို တွေးမိရင်း ရှောင်းယီသည် ထိုမသေမျိုးများ၏ ရေအောက်အနေအထားမှာ ရေမျက်နှာပြင်အောက် ၅ မီတာခန့်တွင် ရှိနေသည်ကို သတိရသွားခဲ့လေသည်။ ရှောင်းယီအနေဖြင့် ရေအောက်မိုင်းများကို ရေမျက်နှာပြင်အောက် ၅ မီတာခန့်တွင် ချထားရုံဖြင့် ၎င်းတို့ ကျူးကျော်ဝင်ရောက်လာခြင်းကို တားဆီးနိုင်မည်ဖြစ်သည်။
“အစ်ကိုကျန်း ကျောက်တိုင် ပြုပြင်တဲ့ကိစ္စကို တခြားသူတွေကို လွှဲထားလိုက်ပါ။ ရေအောက်မသေမျိုးတွေ ရှိနေတဲ့နေရာ အားလုံးကို အတည်ပြုပေးဖို့ ငါ မင်းကို လိုနေတယ်။”
ရှောင်းယီက ကျန်းယွင်ထျန်းကို ဖုန်းခေါ်ပြီး ပြောလိုက်သည်။ ကျန်းယွင်ထျန်း အနည်းငယ် မှင်တက်သွားခဲ့သည်။
“ဟုတ်ကဲ့။”
“ရေငုပ်ဝတ်စုံ ဝတ်သွားလိုက်။ ဂရုလည်း စိုက်ဦး။”
ရှောင်းယီက တိုက်တွန်းလိုက်သည်။
“ကောင်းပြီ။”
ရေအောက်မသေမျိုးများ၏ တည်နေရာကို အတည်ပြုရန်အတွက်သာဆိုလျှင် ရေငုပ်သင်္ဘောအများအပြား ထုတ်လုပ်နေရန်မှာ မထိုက်တန်ပေ။ သင်္ဘောကို မသေမျိုးကျွန်း၏ တစ်ဖက်ခြမ်းသို့ မောင်းနှင်သွားကာ အကွာအဝေးတစ်ခုမှနေ၍ ရေထဲဆင်းကာ စစ်ဆေးရုံသာဖြစ်သည်။
ထို့အပြင် ရေငုပ်သင်္ဘောတစ်စီးသည် အရင်းအမြစ်များစွာ ကုန်ကျပြီး အထူးသဖြင့် ရှောင်းယီ၏လက်ထဲရှိ ရေငုပ်သင်္ဘောပုံစံကွက်မှာ အလတ်စားအဆင့်ဖြစ်ရာ ပိုမိုကုန်ကျလေသည်။
ကျန်းယွင်ထျန်းသည် သံချပ်ကာစစ်သင်္ဘောပေါ်သို့ တက်သွားပြီး မသေမျိုးကျွန်း၏ တစ်ဖက်ခြမ်းသို့ ပတ်မောင်းသွားကာ ကိုယ်ကျပ်ဝတ်စုံဝတ်၍ ပင်လယ်ထဲသို့ ခုန်ဆင်းလိုက်၏။ သူသည် မသေမျိုးကျွန်းအနီးသို့ ဖြည်းညှင်းစွာ ချဉ်းကပ်သွားရာ ကျွန်းဘေးရှိ ရေအောက်၌ ထူထပ်လှသော မသေမျိုးသတ္တဝါများ စုဝေးနေကြသည်ကို တွေ့လိုက်ရတော့သည်။
သူသည် ၎င်းတို့နှင့် ရေမျက်နှာပြင်အကွာအဝေးကို ခန့်မှန်းတွက်ချက်ပြီးနောက် သံချပ်ကာစစ်သင်္ဘောပေါ်သို့ ပြန်တက်လာခဲ့လိုက်သည်။ စစ်သင်္ဘောပေါ်သို့ ပြန်ရောက်သောအခါ ကင်းထောက်မှုရလဒ်ကို မှတ်တမ်းတင်ပြီး နောက်ထပ်ကျွန်းခွဲတစ်ခုသို့ သွားရန် မြို့ပြန်ကျောက်ကို အသုံးပြုလိုက်သည်။
မသေမျိုး ရေအောက်တပ်ဖွဲ့များ ရှိနေသည့် နေရာအားလုံးကို ရှာဖွေပြီးနောက် ကျန်းယွင်ထျန်းသည် ရှောင်းယီအား ဖုန်းခေါ်လိုက်တော့သည်။
“ကျွန်းပိုင်ရှင် ငါ့ရဲ့ ထောက်လှမ်းမှုအရ မသေမျိုး ရေအောက်တပ်ဖွဲ့တွေ အားလုံးက ရေမျက်နှာပြင်အောက် ၅ မီတာခန့်မှာ တည်တည်ငြိမ်ငြိမ် ရှိနေကြပါတယ်။”
ကျန်ယွင်ထျန်းက အစီရင်ခံလိုက်သည်။
“ကောင်းပြီ။ ဒါဆို ငါ မဟာမိတ်မြောက်ဘက်ကျွန်းမှာ တွေ့ခဲ့တာနဲ့ အတူတူပဲ။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။ ထိုအခါ ကျန်းယွင်ထျန်းက ဆက်မေးလိုက်သည်။
“ကျွန်းပိုင်ရှင် ရေအောက်မိုင်းတွေကို သုံးဖို့ စီစဉ်နေတာလား။”
“ဟုတ်တယ်။ ငါတို့ဆီမှာရှိတဲ့ ထိတွေ့ပေါက်ကွဲစေတဲ့ ရေအောက်မိုင်းတွေက ဖြန့်ကျက်ချထားရမယ့် ရေအနက်ကို ချိန်ညှိလို့ရတယ်။”
“ငါ့အမြင်အရတော့ အရင်ကမ္ဘာမှာ ကျောက်ဆူးချထားတဲ့ ရေအောက်မိုင်းတွေပဲ ရေအနက်ကို ချိန်လို့ ရတာပါ။ ဒါပေမဲ့ ငါတို့မဟာမိတ်အဖွဲ့မှာရှိတဲ့ အမျိုးအစားက ကျောက်ဆူးချတဲ့ အမျိုးအစား မဟုတ်ဘူး။”
ကျန်းယွင်ထျန်းက အားကိုးရာမဲ့စွာ ပြောလိုက်သည်။
“ဒါပေမဲ့ ဒီကမ္ဘာမှာ ရှိသမျှ အရာအားလုံးကို အရင်က အတွေ့အကြုံတွေနဲ့ပဲ တွက်ဆလို့ မရဘူးလေ။”
ရှောင်းယီသည် ရေအောက်မိုင်းနှင့် ပတ်သက်လျှင် ကျန်းယွင်ထျန်းလောက် ကျွမ်းကျင်မှု မရှိသည်မှာ သဘာဝပင်ဖြစ်သော်လည်း သူ လက်မှတ်ထိုးဝင်၍ ရခဲ့သော ရေအောက်မိုင်းများက အလွန်အဆင့်မြင့်သည်ကိုတော့ သူသိပေသည်။
“ကောင်းပြီ။ ငါ ဒီကနေ ရေအောက်မိုင်းတွေ အားလုံးကို အဆင်သင့် လုပ်ထားလိုက်မယ်။ မင်း လူတွေကို စီစဉ်ပြီး ငါတို့ကျွန်းအနီးမှာ ချထားဖို့ လုပ်လိုက်တော့။”
ရှောင်းယီက အမိန့်ပေးလိုက်သည်။
“ဟုတ်ကဲ့။”
ရှောင်းယီသည် ရေအောက်မိုင်းများကို စတင်ထုတ်လုပ်ပြီး စစ်တန်းလျားထဲသို့ တိုက်ရိုက်ပို့ထားလိုက်သည်။ ကျန်းယွင်ထျန်းက လူများကို အစောင့်ချထားပြီး ရေအောက်မိုင်းများ ထွက်လာသည်နှင့် ချက်ချင်း ရေထဲသို့ ပစ်ချစေခဲ့သည်။
ရှောင်းယီ ရေအောက်မိုင်းအလုံအလောက် ထုတ်လုပ်ပြီးနောက် ယီထျန်းဂရုထဲသို့ ပြန်ဝင်လိုက်သည်။ ဂရုထဲတွင်လည်း ဤပြဿနာကို ဆွေးနွေးနေကြပုံပင်။
“ခုနက ငါ တော်တော်လန့်သွားတယ်။ ငါတို့ကျွန်းနဲ့ ဆက်နေတဲ့ မသေမျိုးကျွန်းရဲ့ တစ်ဖက်ခြမ်း ရေအောက်မှာ မသေမျိုးတွေ အများကြီး စုနေကြတာ။ သူဌေးကြီးသာ သတိမပေးရင် အဲ့ဒီဘက်ကို သွားကြည့်ဖို့တောင် စဉ်းစားမိမှာ မဟုတ်ဘူး။”
“ဟုတ်တယ်။ ခုနလေးတင် ငါ့ရဲ့ရေငုပ်ခေါင်းက သူတို့နဲ့ နည်းနည်းနီးသွားတယ်။ အဲ့မှာ အဲ့ဒီမသေမျိုးသတ္တဝါတွေက ငါ့ဆီကို ကူးလာကြလို့ လန့်ပြီး အမြန်ပြန်ပေါ်လာခဲ့ရတယ်။”
“အဲ့ဒါနဲ့ သူတို့ မင်းနောက်ကို လိုက်လာကြသေးလား။”
“မလိုက်လာဘူး။ တကယ်လို့သာ လိုက်လာရင် ငါအခု ဒီမှာ မင်းတို့နဲ့ စကားပြောနိုင်တော့မှာ မဟုတ်ဘူးလေ။”
“သူတို့က သတ်မှတ်ထားတဲ့ ရေအနက်တစ်ခုမှာပဲ လှုပ်ရှားကြတာလား။”
“မဟုတ်လောက်ဘူး။ ခုနက ငါက အဲ့ဒီမသေမျိုးတွေထက် ပိုနက်တဲ့နေရာအထိ ငုပ်ကြည့်တာ သူတို့က ငါ့ကိုတောင် လာတိုက်ခိုက်သေးတယ်။”
“ဒါဆိုရင်တော့ သူတို့က ရေအနက်တစ်ခုမှာ ပုံမှန်ကူးခတ်နေပြီး ရန်သူတွေ့ရင်တော့ အပေါ်တက်တာ၊ အောက်ဆင်းတာမျိုး လုပ်နိုင်တာပေါ့။”
“တကယ်လို့ သူတို့က ရေအနက်တစ်ခုမှာပဲ ပုံသေရှိနေတာဆိုရင် ငါတို့ ထောင်ချောက်တွေ ဆင်ထားလို့ရတယ်။ ဥပမာ ရေအောက်မိုင်းတွေလိုမျိုးလေ။”
“အကြံကောင်းပဲ။ ဒါပေမဲ့ ငါတို့မဟာမိတ်အဖွဲ့မှာရှိတဲ့ ရေအောက်မိုင်းတွေက ရေမျက်နှာပြင်ပေါ်မှာပဲ ပေါ်နေတဲ့ အမျိုးအစားတွေလေ။ ရေအောက်ကကောင်တွေကို ဘယ်လိုမှ ဖောက်ခွဲလို့ရမှာမဟုတ်ဘူး။”
“ရေထဲမှာ ချိတ်ဆွဲထားလို့ရတဲ့ ရေအောက်မိုင်းမျိုး ရထားတဲ့သူ ရှိလား။ အဲ့ဒါသာရှိရင် ငါတို့အတွက် ကာကွယ်ရတာ အများကြီး ပိုလွယ်သွားလိမ့်မယ်။”
ထိုစကားကို မြင်သောအခါ ရှောင်းယီက ဝင်ပြောလိုက်သည်။
“ငါ့ဆီမှာ အဲ့ဒါတွေရှိတယ်။ နည်းနည်းလောက်တော့ ထောက်ပံ့ပေးလို့ရတယ်။”
“သူဌေးကြီးကတော့ တကယ်ပဲ အချိန်ကိုက်ရောက်လာတဲ့ မိုးရေစက်လေးလိုပါပဲလား။ ဘာပဲလိုလို သူဌေးကြီးကို ရှာလိုက်ရုံပဲ။
“ကောင်းလိုက်တာ သူဌေး။ ကျုပ် အခု အလုံးတစ်ရာ လိုချင်ပါတယ်။”
“တစ်ရာနဲ့ ဘာလုပ်ရမှာလဲ။ မလောက်ဘူး။ ကျုပ် အလုံးတစ်သောင်း လိုချင်တယ်။”
“ဝိုး... နောက်ထပ် သူဌေးကြီးတစ်ယောက်ပဲ။ သူလည်း ဆပွားစာလိပ်တွေ သုံးပြီး အုတ်မြစ်ကျောက်တွေ အများကြီး သိမ်းထားပုံရတယ်။”
“တစ်လုံးကို အုတ်မြစ်ကျောက် ၃၀ နှုန်းပဲ။ ဘယ်နှလုံးလိုချင်လဲဆိုတာ တိုက်ရိုက် အရောင်းအဝယ်လုပ်လို့ ရပါပြီ။”
ရှောင်းယီက ဈေးနှုန်းကို ပေါ့ပေါ့ပါးပါးပင် သတ်မှတ်ပေးလိုက်သည်။ ဈေးနှုန်းသတ်မှတ်ပြီးနောက် ဂရုထဲတွင် အရောင်းအဝယ်များ ဆက်တိုက်ဖြစ်ပေါ်လာတော့သည်။
“ဒါပေမဲ့ ရေအောက်မိုင်းတစ်ခုတည်းနဲ့တော့ သူတို့အားလုံးကို သတ်နိုင်မှာမဟုတ်ဘူး။ ငါတို့ကျွန်းကို ရေအောက်ကနေလာတိုက်မယ့် မသေမျိုးတွေကို တားဆီးဖို့ တခြားနည်းလမ်းတွေလည်း ရှာရဦးမယ်။”
“ဟုတ်တယ်။ အများစုကို ရေအောက်မိုင်းနဲ့ သတ်ပြီးရင်တောင် ကျန်တာတွေကိုတော့ ငါတို့ကိုယ်တိုင် ရှင်းရဦးမှာပဲ။”
“ဒါဆို ဘာလုပ်ရမလဲ။ သူတို့က ရေအောက် ၄ မီတာ၊ ၅ မီတာလောက်မှာဆိုတော့ ငါတို့က ပိုရှည်တဲ့ လက်နက်တွေ လုပ်ရမှာလား။”
“ငါ့မှာ အကြံတစ်ခုရှိတယ်။ အလုပ်ဖြစ်ပါ့မလားတော့ မသိဘူး။”
“ဘာအကြံလဲ။ မြန်မြန်ပြောစမ်းပါ။”
“ဟုတ်တယ်။ အခုက အားလုံးဝိုင်းပြီး အကြံထုတ်ရမယ့်အချိန်ပဲ။”
“ငါ့အကြံကတော့ သူတို့ကို ငါးဖမ်းပိုက်တွေနဲ့ အကုန်လုံး သိမ်းကျုံးဖမ်းပြီးမှ သတ်ပစ်ဖို့ပဲ။”
“အမ်... ဒီအတွေးက စိတ်ဝင်စားဖို့ကောင်းသားပဲ။ မင်းက သူတို့ကို ပင်လယ်သတ္တဝါတွေလို သဘောထားနေတာလား။”
“သူတို့က မူလကတည်းက ပင်လယ်သတ္တဝါတွေပဲလေ။ မသေမျိုးတွေ ဖြစ်သွားပေမဲ့လည်း ပင်လယ်သတ္တဝါတွေပါပဲ။ အခုပြဿနာက လူတိုင်းမှာ ကောင်းမွန်တဲ့ ငါးဖမ်းပိုက်တွေ ရှိ၊ မရှိပဲ။ ဥပမာ မင်းကို လာတိုက်တဲ့ကောင်က B အဆင့်ဆိုရင် မင်းမှာ B အဆင့် ဒါမှမဟုတ် အဲ့ဒီထက်မြင့်တဲ့ ငါးဖမ်းပိုက် ရှိလား။”
“အဲ့ဒါ ဟုတ်တယ်။ အဆင့်မမီတဲ့ ငါးဖမ်းပိုက်နဲ့သာဆိုရင် သူတို့ကို ဖမ်းမိဖို့နေနေသာသာ သူတို့ရဲ့ ဖျက်ဆီးတာကိုပဲ ခံလိုက်ရလိမ့်မယ်ယ”
“ဟူး...ငါပိုက်မပစ်တာတောင် ကြာပြီ။ အခုမှ အရင်ကနည်းလမ်းဟောင်းကို ပြန်သွားနေရတယ်။”
အားလုံး ပြောဆိုနေကြသည်ကို ကြည့်ပြီး ရှောင်းယီလည်း အနည်းငယ် အံ့သြသွားမိသည်။
“အလိုအလျောက် ငါးဖမ်းပိုက်က သူ့ရဲ့ ဒုတိယမြောက် နွေဦးကို ပြန်ရောက်လာတာလား။”
ချင်းလုံနှင့် လူသတ်ဝေလငါးများကို အိမ်မွေးတိရစ္ဆာန်အဖြစ် ရရှိထားကတည်းက အလိုအလျောက် ငါးဖမ်းပိုက်မှာ ဂိုဒေါင်ထဲတွင် ဖုန်တက်နေခဲ့သည်မှာ ကြာပြီဖြစ်သည်။
အထောက်အပံ့သေတ္တာများတွေ့လျှင်လည်း ၎င်းတို့ကို ကမ်းခြေသို့ တွန်းပို့ပေးမည့်သူများ ရှိနေသည်။ ထို့အပြင် မဟာမိတ်အဖွဲ့ တည်ထောင်ပြီးနောက် သင်္ဘောများလည်း အလုံအလောက်ရှိနေသဖြင့် အထောက်အပံ့သေတ္တာများကို အလိုအလျောက် ငါးဖမ်းပိုက်ဖြင့် ဖမ်းယူရန် မလိုအပ်တော့ပေ။
သို့သော် အလိုအလျောက် ငါးဖမ်းပိုက်မှာ တစ်ခုတည်းသာ ရှိသောကြောင့် ရေအောက်ကလာသည့် မသေမျိုးသတ္တဝါများကို တစ်ခုချင်းစီသာ ကိုင်တွယ်နိုင်မည်ဖြစ်သည်။
မှန်ပါသည်။ ယီရန်ပင်း မဟာမိတ်အဖွဲ့မှ ကျွန်းများအတွက်မူ ထိုပိုက်ကို မလိုအပ်ချေ။ အဘယ်ကြောင့်ဆိုသော် ရှောင်းယီတွင် ရေအောက်တိုက်ခိုက်ရေးအဖွဲ့ ရှိပြီးသားဖြစ်သောကြောင့်ပင်။
သို့သော်... အလိုအလျောက် ငါးဖမ်းပိုက်များကို ငှားရမ်းပေး၍တော့ ရသည်မဟုတ်ပါလော။
အခန်း ၉၅၄ - တော်ပီဒိုများဖြင့် ဖုတ်ကောင်များကို ဗုံးကြဲခြင်း၊ ရွှမ်းဝူက အလွယ်တကူ ရှင်းလင်းနိုင်ခြင်း
ယီထျန်းဂရုချက်သည် ခဏတာ တိတ်ဆိတ်သွားပြီးနောက် ပြန်လည် ဆွေးနွေးလာကြသည်။
“အဲ့ဒါမှ ဒုက္ခပဲ။ ငါ့ဆီမှာ C အဆင့် ငါးဖမ်းပိုက်တွေပဲ ရှိတယ်။ အဲ့ဒီ မသေမျိုးသတ္တဝါတွေရဲ့ ရုန်းကန်မှုကို ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး။”
“ငါ့ဆီမှာလည်း အဆင့်မြင့်ငါးဖမ်းပိုက် မရှိဘူး။ ဒါ တကယ် ဆိုးတာပဲ။ ငါတို့ကို တိုက်ခိုက်နေတဲ့ ဖုတ်ကောင်တွေက B အဆင့်တွေ။”
“ငါ့မှာ B အဆင့် ပိုက်ရှိတယ်။ ဒါပေမဲ့ ငါတို့ဆီက ဖုတ်ကောင်တွေက A အဆင့်တွေ ဖြစ်နေတယ်။”
“အပေါ်က ညီအစ်ကို မင်းရဲ့ B။အဆင့် ပိုက်ကို ငါ့ကို ရောင်းပေးပါလား။ မင်းလည်း သုံးလို့ရတာ မဟုတ်ဘူးလေ။”
“သွားစမ်းပါ။ မင်းကို ရောင်းလိုက်ရင် ငါက သာမန်ပိုက်တွေနဲ့ အဲ့ဒီဖုတ်ကောင်တွေကို ဖမ်းရမှာလား။”
“မဟုတ်သေးဘူး။ ငါတို့ တခြားနည်းလမ်းတွေ စဉ်းစားရမယ်။”
“ငါကတော့ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကိုသုံးပြီး ခြောက်မီတာရှည်တဲ့ လှံတွေကို စပြီး သွန်းလုပ်နေပြီ။ အဲ့ဒါနဲ့ဆိုရင်တော့ ခဏလောက် ထိန်းထားနိုင်မှာပါ။”
“ဟင်း...။ ငါလည်း အဲ့လိုမျိုး ရအောင်လုပ်ထားရမယ်။”
“ငါ့အမြင်တော့ ရေထဲမှာ တိုက်ရိုက်တိုက်ခိုက်တာက ပိုပြီး စိတ်ချရမယ်ထင်တယ်။ ရေကူးကျွမ်းကျင်တဲ့သူ တချို့ကိုပဲ ရှာလိုက်တော့။”
“အပေါ်ကလူ မင်းက လာနောက်နေတာလား။ မင်းတို့မဟာမိတ်အဖွဲ့က စစ်သားတွေရဲ့ အဆင့်က ဒီမသေမျိုးတွေရဲ့ အဆင့်ထက် သာနေလို့လား။ တကယ်လို့ မသာဘူးဆိုရင် ရေထဲမှာ သေနတ်တွေရဲ့ အားသာချက်လည်း မရှိဘဲနဲ့ အဲ့ဒီမသေမျိုးတွေကို မင်းနိုင်မယ်ဆိုတာ သေချာလား။”
“မသေချာဘူး။ ဒါပေမဲ့ ငါတို့မှာ လူအင်အား ပိုများတယ်။ သူဌေးဆီက ရေအောက်မိုင်းတွေကို သုံးပြီး သူတို့ရဲ့ တစ်စိတ်တစ်ပိုင်းကို ဗုံးခွဲပြီးရင် အများကြီး ကျန်တော့မှာ မဟုတ်ဘူး။ ငါတို့ စမ်းကြည့်လို့ ရတယ်။”
“အဲ့ဒါက တကယ်တော့ စဉ်းစားသင့်တဲ့ အချက်ပဲ။ လက်နက်ရှည်တွေကို သုံးပြီး လူအတော်များများ စုပေါင်းတိုက်မယ်ဆိုရင် သူတို့ ရေကူးကျွမ်းကျင်နေသရွေ့တော့ ပြန်တိုက်ထားနိုင်မှာပဲ။”
“သူတို့ကို တိုက်ခိုက်ဖို့ တော်ပီဒိုတွေ သုံးလို့ရလောက်မလား။”
“ငါးဖမ်းဖို့ တော်ပီဒို သုံးမလို့လား။ အဲဒါက ခြင်တစ်ကောင်ကို သတ်ဖို့ အမြောက်နဲ့ ပစ်သလို ဖြစ်နေမှာပေါ့။”
“ဒါဆိုရင်တော့ မင်း တော်ပီဒိုတွေ အများကြီး ဝယ်ရလိမ့်မယ်။”
“မဟုတ်ဘူး။ ဝယ်နိုင်ရင်တောင် သူဌေးက ရောင်းပေးမှ ရမှာ။ အခုက ဝယ်ပြီးတာနဲ့ ချက်ချင်းသုံးရမှာဆိုတော့ နည်းနည်းတော့ အလုပ်ရှုပ်စရာပဲ။”
“ဒါက အကြံကောင်းပဲ။ အခု အဲ့ဒီမသေမျိုးတွေက စုဝေးနေကြတာဆိုတော့ တော်ပီဒိုတွေနဲ့ တိုက်ရိုက်ပစ်လိုက်ရင် အနည်းဆုံးတော့ တချို့ကို ရှင်းပစ်နိုင်မယ်။ ဒါဆိုရင် ကုန်းပေါ်က အဖွဲ့တွေလိုပဲ ညဘက် တိုက်ခိုက်မှုဒဏ်ကို လျှော့ချနိုင်လိမ့်မယ်။”
“ဟုတ်တယ်။ ရေအောက်က ရန်သူတွေကလည်း လေထဲက ရန်သူတွေလိုပဲ တစ်ကြိမ်တည်း လာတိုက်တာမျိုး ဖြစ်နိုင်တာပဲလေ။”
“အကြံကောင်းပဲ။”
ဆွေးနွေးပြီးနောက် လူတိုင်းက ရှောင်းယီကို ချက်ချင်း လှမ်းခေါ်ကြတော့သည်။ ရှောင်းယီက စကားဝိုင်းထဲက ခေါ်ဆိုမှုများကို ကြည့်ပြီး ပြန်ဖြေလိုက်သည်။
“ကောင်းပြီ။ ငါ အခုချက်ချင်း စီစဉ်ပေးမယ်။”
ရှောင်းယီ၏ ရွှမ်းဝူသည် အော်ကာဝေလငါးများကို ဦးဆောင်ကာ ရေအောက်ရန်သူများကို ရှင်းလင်းနေပြီ ဖြစ်သော်လည်း သူသည် ငါးများကို ဗုံးခွဲရန် တော်ပီဒို သုံးဖို့ကိုတော့ မစဉ်းစားမိခဲ့ပေ။
ယခု အခြားမဟာမိတ်များက အကြံပြုလာပြီဖြစ်ရာ သဘာဝအတိုင်း စမ်းကြည့်ရပေမည်။ မည်သို့ပင်ဆိုစေကာမူ ၎င်းသည် မိမိအတွက် ဝင်ငွေဖန်တီးပေးနေခြင်း ဖြစ်သောကြောင့် အဘယ်ကြောင့် ငြင်းဆိုရမည်နည်း။
သူသည် ဤတာဝန်ကို ကျန်းယွင်ထျန်းထံ လွှဲပေးလိုက်ပြီး ကျန်းယွင်ထျန်းက တော်ပီဒိုများကို အခြားမဟာမိတ်များထံသို့ ယူဆောင်သွားရန် လူများကို ချက်ချင်း စီစဉ်ပေးလိုက်သည်။
ထိုမဟာမိတ်အဖွဲ့များသည် ယီရန်ပင်းမဟာမိတ်အဖွဲ့မှ ရောက်လာသောအဖွဲ့နှင့်အတူ မသေမျိုးသတ္တဝါများ တွေ့ရှိရာနေရာသို့ အလျင်အမြန် သွားလိုက်ကြသည်။
ထို့နောက် မသေမျိုးများ စုဝေးရာနေရာကို ဦးတည်ကာ တော်ပီဒိုများကို စတင်ပစ်ခတ်ကြတော့သည်။ တော်ပီဒို၏ ပေါက်ကွဲနိုင်စွမ်း အကွာအဝေးအရ မသေမျိုးအားလုံးကို လွှမ်းခြုံနိုင်ရန် တစ်ပြိုင်နက်တည်း တော်ပီဒို ဆယ်ခုထက်မက ပစ်လွှတ်လိုက်ကြ၏။
ရေနွေးငွေ့သုံး တော်ပီဒိုများသည် သိသာထင်ရှားသော လမ်းကြောင်းများ ရှိသော်လည်း ရေအောက်မသေမျိုးများသည် ထိုကဲ့သို့သော အရာမျိုးကို တစ်ခါမှ မမြင်ဖူးသဖြင့် မည်သို့ရှောင်ရမည်ကို မသိကြပေ။
တော်ပီဒိုများသည် မသေမျိုးများ စုဝေးနေသည့် နေရာသို့ တိကျစွာ ထိမှန်သွားတော့သည်။
ဘုန်း
ပြင်းထန်သော ပေါက်ကွဲမှုကြောင့် အနီးအနားရှိ မသေမျိုးများကို တိုက်ရိုက် ရှင်းလင်းပစ်လိုက်၏။
ဟုတ်ပါသည်။ မသေဘဲ ကျန်ရစ်ခဲ့သည့် ကံကောင်းသော မသေမျိုးအချို့ ရှိနေသေးသော်လည်း ဆယ်ပုံတစ်ပုံခန့်သာ အသက်ရှင်ကျန်ရစ်တော့လေသည်။
ထိုမဟာမိတ်အဖွဲ့များသည် ရေအောက်သို့ ဆင်းကြည့်ရန် ရေငုပ်သင်္ဘောများကို အသုံးပြုခဲ့ကြပြီး အခြေအနေကို မြင်သောအခါ အလွန်ပင် စိတ်လှုပ်ရှားသွားခဲ့ကြသည်။
ကျန်ရှိနေသော ပြန့်ကျဲနေသည့် မသေမျိုးများကို တစ်ကောင်ချင်းစီ ရှင်းလင်းရန် လူအင်အား စီစဉ်လိုက်ရုံသာ ရှိတော့သည်။
“တကယ် ကောင်းတာပဲ။ ကျေးဇူးတင်ပါတယ် သူဌေး။ တော်ပီဒို အနည်းငယ်နဲ့တင် အားလုံးပြီးသွားလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ ဒီလောက် လွယ်ကူမှန်းသိရင် အစောကြီးကတည်းက စိတ်ပူနေမှာ မဟုတ်ဘူး။”
“ဟုတ်တယ်။ ဒါပေမဲ့ ဒီတော်ပီဒိုတွေက တော်တော်လေး ဈေးကြီးတယ်နော်။”
“ရောင့်ရဲစမ်းပါ။ ဘယ်အရာမှ အလကားမရဘူးလေ။ သူဌေးလည်း တော်ပီဒိုတွေ ထုတ်လုပ်ဖို့ ကုန်ကျစရိတ် ပေးရတာပဲ။”
“ဟီးဟီး ငါက ဒီတိုင်း ညည်းညူကြည့်တာပါ။ ဘယ်လောက်ပဲ ဈေးကြီးကြီး ဝယ်မှာပါ။ ဒါက ငါတို့ မဟာမိတ်ကျွန်းကို ကယ်တင်နိုင်တာပဲလေ။ အခုချိန်မှာ အသက်ရှင်ဖို့က အရေးကြီးဆုံးပဲ။”
“မှန်တယ်။ အခုချိန်မှာ အုတ်မြစ်ကျောက်တွေက ပြဿနာမဟုတ်တော့ဘူး။ အသက်ရှင်ဖို့ကသာ အဓိကပဲ။ ဒီကမ္ဘာ့စစ်မြေပြင်က ဘယ်လောက်ကြာဦးမလဲ မသိဘူး။ ငါ့စိတ်ထဲမှာတော့ ငါတို့သာ ဆက်ပြီး တောင့်ခံထားနိုင်ရင် ဒီကမ္ဘာရဲ့ စမ်းသပ်ရွေးချယ်မှုကို အောင်မြင်တော့မယ်လို့ ခံစားနေရတယ်။”
“မျှော်လင့်တာပဲ။ မြန်မြန်ပြီးသွားပါစေ။ နောက်ထပ် ဘာလာဦးမလဲဆိုတာ ကြည့်ချင်သေးတယ်။”
“ငါတို့ကို အိမ်ပြန်ပို့ပေးဖို့ပဲ မျှော်လင့်တယ်။”
“အဲ့ဒါတော့ အိပ်မက်မက်မနေပါနဲ့။ မဖြစ်နိုင်ဘူး။”
ရှောင်းယီသည် လူတိုင်း၏ ဆွေးနွေးမှုများကို ကြည့်ပြီးနောက် စာချုပ်စွမ်းအားဖြင့် ရွှမ်းဝူကို ဆက်သွယ်လိုက်သည်။
“ဒီည ၁၂ နာရီမတိုင်ခင် ရေအောက်က မသေမျိုးတပ်ဖွဲ့တွေအားလုံးကို မင်းအပြီးသတ် ရှင်းနိုင်မလား။”
“ပြဿနာမရှိပါဘူး။ နေ့လယ် ၂ နာရီလောက်ဆိုရင် အားလုံး ရှင်းပြီးလောက်ပါပြီ။”
ရွှမ်းဝူက ပြန်ဖြေလိုက်သည်။
“အဲ့လောက်တောင် မြန်တယ်လား။”
ရှောင်းယီ အနည်းငယ် အံ့သြသွားခဲ့သည်။
သို့သော် ပြန်စဉ်းစားကြည့်လျှင်လည်း ဖြစ်နိုင်ပါသည်။ ရွှမ်းဝူကဲ့သို့ အလွန်တောင့်တင်းသော ခံစစ်ရှိသည့် သတ္တဝါသည် ထိုမသေမျိုးများထက် အဆင့်နှစ်ဆင့်ပင် မြင့်နေခြင်းဖြစ်သည်။
ထိုမသေမျိုးများသည် ရွှမ်းဝူ၏ ခံစစ်ကို မည်သို့မျှ မထိုးဖောက်နိုင်ဘဲ ရွှမ်းဝူကသာ မသေမျိုးအုပ်စုထဲသို့ တိုးဝင်ကာ အငြိုးတကြီး ချေမှုန်းနိုင်ခြင်း ဖြစ်သည်။
ထို့ပြင် ဤကဲ့သို့သော အထူးယူနစ်များမှာ တရစပ် ပြန်ပေါ်လာခြင်းမျိုး မရှိပေ။ သို့မဟုတ် ပေါ်လာခဲ့လျှင်ပင် အဝေးကနေ လာရမည်ဖြစ်သဖြင့် ရွှမ်းဝူ၏ တိုက်ပွဲကို ထိခိုက်စေမည် မဟုတ်ပေ။
ရွှမ်းဝူရှိနေသဖြင့် ရှောင်းယီသည် တော်ပီဒို အမြောက်အမြားကို သက်သာစေခဲ့သည်။
ရလဒ်ကို သိရပြီးနောက် ရှောင်းယီ စိတ်အေးသွားကာ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်များ ပြုပြင်ပြီးစီးမှုကိုသာ စောင့်ဆိုင်းနေလိုက်တော့လေသည်။
ထိုသို့တွေးတောရင်း ရှောင်းယီသည် လေကြောင်းခံတပ်၏ အစွန်းသို့ တစ်ဖန်ပြန်လာကာ အောက်ဘက်ရှိ ကျွန်းအထိမ်းမ်းအမှတ်ကျောက်တိုင်ကို ငုံ့ကြည့်လိုက်သည်။
“ပိုင်ရှင်မဲ့ ကျွန်းအထိမ်းအမှတ်ကျောက်တိုင် - ပြုပြင်ခြင်းနှင့် သေခြင်းစွမ်းအင် ညစ်ညမ်းမှုများကို ဖယ်ရှားပြီး ပုံမှန်ကျွန်းအထိမ်းအမှတ်ကျောက်တိုင် ဖြစ်လာပါပြီ။”
“ပြီးသွားပြီလားဟ။”
ရှောင်းယီက အံ့သြစွာ ရေရွတ်လိုက်ပြီး စိတ်ထဲမှ တွက်ချက်ကြည့်လိုက်သည်။
“ဒါဆို တစ်ရက်ကျော်ကျော်ပဲ ကြာတာပေါ့။ တကယ်လို့ ကြားထဲမှာ အနှောင့်အယှက်မရှိဘူးဆိုရင် တစ်ရက်တည်းနဲ့ ပြီးနိုင်တာပဲ။”
ထိုသို့တွေးပြီးနောက် ရှောင်းယီ အမိန့်ပေးလိုက်သည်။
“အမြင့်ကို လျှော့ချလိုက်။”
“ဟုတ်ကဲ့။”
လေကြောင်းခံတပ်သည် အမြင့်ကို ဖြည်းညင်းစွာ လျှော့ချလိုက်ပြီး မီတာ ၂၀ ခန့် အကွာအဝေးသို့ ရောက်လာသောအခါ ရှောင်းယီသည် ကိုယ်ကျပ်ဝတ်စုံကို ဝတ်ဆင်ကာ ခံတပ်ပေါ်မှ လျှောဆင်းလာခဲ့သည်။
ရှောင်းယီသည် မသေမျိုးကျွန်းပေါ်သို့ ခြေချလိုက်သောအခါ မြေကြီးထဲမှ မည်သည့်အရိုးစုမျှ ထွက်မလာသည်ကို အံ့သြဖွယ် တွေ့ရှိလိုက်ရ၏။
“ကျွန်းအထိမ်းအမှတ်ကျောက်တိုင် ပြုပြင်နေစဉ်အတွင်းမှာ မသေမျိုးတွေ အသစ်ပြန်မပေါ်လာတာဖြစ်မယ်။”
ရှောင်းယီက တွေးတောရင်း ကျောက်တိုင်ပေါ်သို့ လက်တင်လိုက်သည်။
“ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို သိမ်းပိုက်မလား သို့မဟုတ် ဖျက်ဆီးမလား။”
“သိမ်းပိုက်မယ်။”
ရှောင်းယီသည် ချက်ချင်းပင် သိမ်းပိုက်ရန် ရွေးချယ်လိုက်ပြီးနောက် မဟာမိတ်အဖွဲ့၏ အနောက်ဘက်ကျွန်း မြေပြင်ခံစစ်တာဝန်ခံကို ဖုန်းခေါ်ကာ ပြောလိုက်သည်။
“လူတိုင်း ဒီကျွန်းပေါ်ကို အခုချက်ချင်းတက်ပြီး ထောင့်စေ့အောင် ရှာဖွေကြ။ မသေမျိုးတွေ တစ်ကောင်မှ ကျန်မနေစေနဲ့။ ရှာဖွေပြီးတာနဲ့ ကျွန်းကို မီးရှို့ပစ်လိုက်။”
“ဟုတ်ကဲ့။”
ထို့နောက် မြေပြင်ခံစစ်တာဝန်ခံသည် အဖွဲ့ကို ဦးဆောင်ကာ မသေမျိုးကျွန်းပေါ်သို့ ချက်ချင်းတက်လာခဲ့တော့သည်။
သူတို့သည် မသေမျိုးကျွန်းပေါ်သို့ သတိထားကာ ခြေချလိုက်သော်လည်း သူတို့အံ့သြသွားသည်မှာ မြေကြီးထဲမှ အရိုးစုများ ထွက်မလာခြင်းပင် ဖြစ်သည်။
“ဘာဖြစ်တာလဲ။ အဲ့ဒီအရိုးစုတွေ ဘာလို့ ထွက်မလာတာလဲ။”
“ဟုတ်တယ်။ ငါတို့ ခြေသံတွေက အရမ်းတိုးနေလို့များလား။”
“လျှောက်မပြောနဲ့။ အရင်ကဆို ခြေသံတိုးတိုးလေးနဲ့ လမ်းလျှောက်ရင်တောင် အဲ့ဒီအရိုးစုတွေက ဆွဲထုတ်ခံရသလို ထွက်လာတာ။”