← Chapters

အခန်း (၈၃၅-၈၃၇)

Vol. 56 Ch. 835-837

အခန်း (၈၃၅-၈၃၇)

Vol. 56 Ch. 835-837

အပိုင်း ( ၈၃၅ ) ဆီရန် ရဲ့ သီကျူးသံ

တစ်စုံတစ်ယောက်က သူ အိပ်နေတာကို နှောင့်ယှက်လိုက်တာကြောင့် ဆန်နီ ဟာ ကုတင်ပေါ်မှာ ခနလောက် ငြိမ်ပြီးထိုင်နေခဲ့ပါတယ်..။ စိတ်တိုစရာကောင်းတာက သူ့ကို သီချင်းသံနဲ့ နှောင့်ယှက်တာပါပဲ..။

သို့ပေမဲ့ တဖြည်းဖြည်းနဲ့ သူ့ရဲ့ မျက်နှာအမူအရာက ပြောင်းလဲသွားခဲ့တယ်..။

'ကောင်းပြီလေ.. အနည်းဆုံးတော့ သူတို့ အသံတွေက နားထောင်လို့ ကောင်းသားပဲ.. အင်း..'

အမျိုးသမီးငယ်လေးတွေရဲ့ သီချင်းဆိုသံက တကယ်ကို သာယာလှပလွန်းနေခဲ့ပါတယ်..။ သူတို့ရဲ့ အသံတွေက တစ်ခုနဲ့တစ်ခု စီးဆင်းပေါင်းစပ်နေပြီး.. နားထောင်နေရတဲ့ ဆန်နီကို ကြက်သီးထလာစေနိုင်လောက်တဲ့ ဟာမိုနီတွေကို ဖန်တီးနေခဲ့ကြတယ်..။ ဒီသီချင်းက ဝမ်းနည်းစရာလည်း မဟုတ်သလို ပျော်စရာလည်း မဟုတ်ပါဘူး..။ အဲဒီအစား ဆန်နီကိုနက်ရှိုင်းတဲ့ တမ်းတလွမ်းမောမှုကို ခံစားရစေပါတယ်..။လွမ်းဆွေးစွာပဲ သူ့နှုတ်ခမ်းဖျားကနေ သက်ပြင်းတစ်ချက် ထွက်ပေါ်လာခဲ့တယ်..။

'ငါ.. ငါသွားပြီး မိတ်ဆက်သင့်လား..'

ဒီအလှလေးတွေက ပါတီပွဲလုပ်နေတာဆိုရင်.. သေချာတာက သူပါဝင်တာကိုလည်း ငြင်းကြမှာ မဟုတ်ပါဘူး..။

ဆန်နီ ခနလောက် တွေးတောနေပြီးမှ

မျက်မှောင်ကျုတ်လိုက်တယ်..။ သူက အောက်ကို ငုံ့ကြည့်လိုက်တဲ့အခါမှာတော့ တိတ်တဆိတ်တုန်လှုပ်နေတဲ့ သူ့ရဲ့ အရိပ်တွေကို မြင်လိုက်ရပါတယ်..။ သူ့မျက်နှာက ချက်ချင်းဆိုသလို နက်မှောင် သွားခဲ့တယ်..။

'ပြဿနာတစ်ခု ရှိနေတယ်..'

ဘယ်လိုဖြစ်လို့ သူက ဒီသီချင်းသံကို ဒီလောက် ရှင်းရှင်းလင်းလင်း ကြားနေရတာလဲ..။ သူ့ရဲ့ အခန်းက ဘေးပတ်ပတ်လည်မှာ ထူထဲတဲ့ သတ္တုနံရံတွေ ခြားထားတာပါ..။ ဝင်ပေါက်တံခါးကိုလည်း လုံခြုံအောင် ပိတ်ထားတာကြောင့် စစ်သင်္ဘောကြီးရဲ့ ကျန်တဲ့ အစိတ်အပိုင်းတွေနဲ့ သီးခြားလို ဖြစ်နေပါတယ်..။ ဘယ်အသံကမှ ဒီလောက် လွယ်လွယ်ကူကူ ထိုးဖောက်ဝင်ရောက်လာနိုင်စရာ အကြောင်း မရှိပါဘူး..။

ရုတ်တရက်ဆိုသလိုပဲ သူ့စိတ်ထဲမှာ အရင်တုန်းက မှတ်ဉာဏ်တစ်ခု ပြန်ပေါ်လာခဲ့တယ်..။

ဟောလိုးတောင်တန်း အောက်က မှောင်မည်းနေတဲ့ မြစ်ကို ဖြတ်ကျော်တုန်းက.. အဖွဲ့ဝင်တွေ အားလုံး မျက်လုံးတွေကို ဖယောင်းနဲ့ ပိတ်ထားခဲ့ရတာကို ဆန်နီ သတိရသွားခဲ့တာပါ..။

'အိုဒစ်ဆီးယပ်စ်...'

သူ့ရဲ့ မျက်မှောင်ကျုတ် မှုက ပိုပြီး ပြင်းထန်လာခဲ့တယ်..။ ဆန်နီ ခနလောက် တုံ့ဆိုင်းနေပြီးမှ ထာဝရချိန်း ကို ဆင့်ခေါ်လိုက်ပါတယ်..။ အရောင်ကင်းမဲ့ပြီး မှိန်ဖျော့နေတဲ့ သံမဏိချပ်ဝတ်က သူ့ခန္ဓာကိုယ်ပေါ်မှာ အလင်းစက်လေးတွေအဖြစ် ပေါ်ပေါက်လာတဲ့အခါမှာတော့.. သူ့ရဲ့ အတွေးတွေက အနည်းငယ် ပိုပြီး ကြည်လင်လာသလို ခံစားလိုက်ရတယ်..။

[တမ်းတခြင်း ချိန်းကြိုးများ] ဆိုတဲ့ မှော်အစွမ်းက ဝတ်ဆင်သူကို စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုတွေကနေ အတော်လေး ကာကွယ်ပေးနိုင်ပါတယ်..။

သို့ပေမဲ့ ဒါက သူ မျှော်လင့်ထားတာနဲ့ ဆန့်ကျင်ဘက်ဖြစ်ပြီး.. ဒီသာယာတဲ့ သီချင်းသံကတော့ ဘာမှ ပြောင်းလဲမသွားခဲ့ပါဘူး..။ ဆန်နီ ကတော့ ရှင်းရှင်းလင်းလင်း ကြားနေရတုန်းပါပဲ..။ ဆွဲဆောင်မှုရှိတဲ့ အသံတွေကြောင့် သူ စိတ်လှုပ်ရှားနေဆဲပါ..။

'နေဦး.. သူတို့ ဘယ် ဘာသာစကားနဲ့ ဆိုနေကြတာလဲ..'

ထူးဆန်းတာက ဆန်နီ ဟာ ဒီသီချင်းထဲက စကားလုံးတွေကို နားမလည်တာပါပဲ..။

ပိုပြီး ထူးဆန်းတာက ဒီအချက်ကို သူ အစောကတည်းက သတိမထားမိခဲ့တာပါ..။

ဒီ နားမလည်နိုင်တဲ့ ဘာသာစကားရဲ့ စကားလုံးတွေဟာ သူ့စိတ်ထဲကို အတားအဆီးမရှိ တိုက်ရိုက် စိမ့်ဝင်နေသလို ခံစားနေရပါတယ်..။ ဒီစကားလုံးတွေက တစ်ခုနဲ့တစ်ခု ပေါင်းစပ်နေပြီး သူ့ကို တစ်မျိုးကြီး ခံစားရနေစေခဲ့တယ်..။ သို့ပေမဲ့ သူတို့ရဲ့ လွှမ်းမိုးမှုက ကျူးကျော်တာမျိုး ဒါမှမဟုတ် အန္တရာယ် ပေးတာမျိုး မဟုတ်ပါဘူး..။ အဲဒီအစား အမှန်တကယ်ကို.. သာယာနေခဲ့တာပါ..။

ဆန်နီ မျက်တောင်ခတ်လိုက်မိတယ်..။

'ငါ အသံတွေ ကြားနေရတာပဲ..'

ယင်းနောက် သူက ခေါင်းကို အနည်းငယ် စောင်းလိုက်ပါတယ်..။

'...အသံတွေ ကြားနေရတယ်ဆိုတာက အကြားအာရုံမှာ ထင်ယောင်ထင်မှား ဖြစ်နေတာလား..'

ဘေးကင်းလုံခြုံရေး လမ်းညွှန်ချက်ထဲမှာ ဒီလို အခြေအနေမျိုးနဲ့ ပတ်သက်တဲ့ စည်းကမ်း ရှိတယ် မဟုတ်ဘူးလား..။ ဟုတ်ပါတယ်.. ဒီလိုမျိုး တစ်ခုခု ဖြစ်လာရင် အနီးဆုံး ရေတပ်အရာရှိကို ချက်ချင်း အကြောင်းကြားရမှာပါ..။

ဆန်နီ သက်ပြင်းချလိုက်ပြီး မတ်တတ်ထရပ်လိုက်တယ်..။ ဒီ သီချင်းဆိုနေတဲ့ အလှလေးတွေကို သူ့နှလုံးသားက ဘယ်လောက်ပဲ တွေ့ချင်နေပါစေ.. ဒီသီချင်းသံနောက်ကို လိုက်သွားဖို့တော့ လုံးဝ မဖြစ်နိုင်ပါဘူး..။

သူ့ရဲ့ နှလုံးခုန်နှုန်းတွေကို ဆွဲဆောင်နိုင်တဲ့ သူကအစောကတည်းက ရှိနေပြီးသားပါ..။ သူ့နှလုံးသားက လူပြည့်နေပါပြီ..။

ဆန်နီ ဟာ အခန်းထဲက ထွက်လာပြီး သူ့ရဲ့ အကြားအာရုံ မှားယွင်းမှုတွေကို တိုင်ကြားဖို့ အရာရှိတစ်ယောက်ကို လိုက်ရှာလိုက်ပါတယ်..။ ခြေလှမ်းအနည်းငယ် လျှောက်ပြီးတဲ့နောက်မှာတော့ သူ့ခြေထောက်က ရေအိုင်ထဲ နင်းမိလိုက်သလိုမျိုး "ဗြပ်" ဆိုတဲ့ အသံ ထွက်ပေါ်လာခဲ့တယ်..။ အောက်ကို ငုံ့ကြည့်လိုက်တဲ့အခါ ဆန်နီရဲ့ အရှေ့က စင်္ကြံလမ်း ကြမ်းပြင်ပေါ်မှာ ကြည်လင်တဲ့ ရေလွှာပါးလေးတွေ ဖုံးလွှမ်းနေတာကို မြင်လိုက်ရပါတယ်..။

သူ့ရဲ့ မျက်မှောင်ကျုတ်မှုက ပိုပြီး နက်ရှိုင်းလာခဲ့တယ်..။

အခုက ညအချိန် ဖြစ်နေသေးတာကြောင့် ကြီးမားတဲ့ စစ်သင်္ဘောကြီးရဲ့ စင်္ကြံလမ်းတွေက အတော်လေး အေးစက်တိတ်ဆိတ်နေခဲ့ပါတယ်..။ ဒါပေမဲ့ ဒီလောက် ကြီးမားတဲ့ ယာဉ်ပေါ်မှာ အလုပ်လုပ်တာတွေကတော့ ဘယ်တော့မှ မရပ်နားသွားပါဘူး..။ အဖွဲ့သားတွေက အလှည့်ကျ အိပ်ကြပြီး သင်္ဘောသားတွေနဲ့ ကျွမ်းကျင်သူတွေက သင်္ဘောရဲ့ အတွင်းပိုင်း စနစ်တွေနဲ့ တာဝန်ကျနေရာတွေကို အမြဲ စောင့်ကြည့်နေကြတာပါ..။

ဒီလို တာဝန်ကျနေရာ တစ်ခုကတော့ ထောင့်ကို ချိုးလိုက်ရင် အရှေ့မှာ တိုက်ရိုက် ရှိနေပါတယ်..။ ဘေးပတ်ပတ်လည်မှာတော့ လူတစ်ယောက်မှ မရှိသလို.. ကြမ်းပြင်ပေါ်က ရေလွှာပါးလေးက ဆန်နီကို စိတ်မသက်မသာ ဖြစ်စေခဲ့တယ်..။ သူ ခနလောက် တုံ့ဆိုင်းနေပြီးမှ သူ့ရဲ့ အရိပ်တစ်ခုကို အခြေအနေ သွားကြည့်ဖို့ လွှတ်လိုက်ပါတယ်..။

ကံကောင်းတာက လုံခြုံရေး စစ်ဆေးရေးဂိတ်ကတော့ ပုံမှန်အတိုင်းပါပဲ..။ အပြာရောင် ယူနီဖောင်း ဝတ်ထားတဲ့ အရာရှိငယ်တစ်ယောက်ဟာ နံရံနားမှာ ရပ်နေခဲ့တယ်။သူက.. နံရံမှာ တပ်ဆင်ထားတဲ့ ထိန်းချုပ်မှုကို ကြည့်နေသလို ဒါမှမဟုတ် ပျင်းလို့ နံရံကိုပဲ စိုက်ကြည့်နေသလိုမျိုး ရှိနေခဲ့ပါတယ်..။

'သူ ဒီရေတွေကို မမြင်ဘူးလား..'

ဒါမှမဟုတ်.. ဒီရေတွေကလည်း အမြင်အာရုံ ချွတ်ယွင်းပြီး မြင်နေရတာလား..။

ဆန်နီ အံကြိတ်လိုက်ပြီး ရှေ့ကို ဆက်လျှောက်ကာ လုံခြုံရေးဂိတ်က အရာရှိဆီ သွားလိုက်တယ်..။

"ခွင့်ပြုပါဦး.."

အရာရှိက လှည့်ကြည့်လာပေမဲ့ သူ့မျက်နှာမှာတော့ ဘာအမူအရာမှ ရှိမနေခဲ့ပါဘူး..။

"ပြောပါ.."

ဒီလူက အသက်သုံးဆယ်ကျော်လောက် ရှိပုံရပြီး.. အသားဖြူဖြူနဲ့ ဆံပင်အနက်ရောင်ကို နောက်ကို လန်တင်ထားပါတယ်..။ သူ့ရဲ့ မျက်နှာက အရမ်းကို တည်ငြိမ်လွန်းနေတာကလွဲရင် တခြား ထူးခြားတာမျိုး မရှိပါဘူး..။

ဆန်နီ သက်ပြင်းချလိုက်ပြီး အနေရခက်စွာ ပြောလိုက်တယ်..။

"အာ.. အဲဒါက.. ဘေးကင်းလုံခြုံရေး လမ်းညွှန်ထဲမှာ အသံတွေ ကြားရရင် အနီးဆုံး အရာရှိကို အကြောင်းကြားပါလို့ ပြောထားလို့ပါ..။ အခု ကျွန်တော် အသံတွေ ကြားနေရတယ်.. ဒီတော့.."

အေးစက်နေတဲ့ လူက ရုတ်တရက် အသက်ဝင်လာသလို ဖြစ်သွားခဲ့တယ်..။ သူ့မျက်လုံးထဲမှာ ထူးဆန်းတဲ့ အလင်းရောင်တစ်ခု ပေါ်လာခဲ့ပါတယ်..။

"အိုး.. ဘာသံတွေ ကြားရတာလဲ.."

ဆန်နီ သူ့မျက်နှာကို ပွတ်လိုက်တယ်..။

"...သီချင်းဆိုသံတွေ..။ သာယာတဲ့ သီချင်းသံတွေကို ကြားနေရတာ.."

အရာရှိက သူ့ကို ခနလောက် စိုက်ကြည့်နေပြီးမှ ခေါင်းညိတ်လိုက်တယ်..။

"သိပါပြီ..။ ဒါဆိုရင် ကျွန်တော့်နောက်ကို လိုက်ခဲ့ပါ.. အပေါ်ထပ် ကုန်းပတ်ကို သွားရအောင်.."

ဆန်နီ က ရှေ့ကို လျှောက်ဖို့ ခြေလှမ်းပြင်လိုက်ပေမဲ့.. ခနလောက် တုံ့ဆိုင်းသွားပြီး ဘေးကို အနည်းငယ် စောင်းကြည့်လိုက်ပါတယ်..။ ရေတပ်အရာရှိရဲ့ နောက်ဘက်ကို ကြည့်လိုက်တဲ့အခါ ဒီလူရဲ့ အရိပ်ကို သူ အကဲခတ်လိုက်မိတယ်..။

အရိပ်ကတော့ ရှိသင့်တဲ့အတိုင်း ရှိနေခဲ့တာပါ..။ ဒါက ရေပြင်ပေါ်မှာ အနည်းငယ် ယိမ်းထိုးနေပြီး.. အရိပ်တွေ လုပ်လေ့ရှိသလိုပဲ ဆန်နီကို စိုက်ကြည့်နေခဲ့ပါတယ်..။

သို့ပေမဲ့ တစ်ခုခုကြောင့် သူ့ စိတ်ထဲမှာ မတင်မကျ ဖြစ်နေခဲ့တယ်..။ သူ့ရဲ့ အလိုလိုသိစိတ် က အချက်ပေးသံ ထွက်မလာသေးပေမဲ့ ထူးဆန်းစွာပဲ တကယ်ကို သတိကြီးကြီး ထားနေမိပါပြီ..။

ဆန်နီ က အရာရှိကို ပြန်ကြည့်လိုက်တယ်..။

"ဘာလို့ အပေါ်ထပ် ကုန်းပတ်ကို သွားရမှာလဲ.."

ဒီလူက ပြုံးပြလာခဲ့တယ်..။

"ကျေးဇူးပြုပြီး.. ကျွန်တော့်နောက်ကို လိုက်ခဲ့ပါ.. အပေါ်ထပ် ကုန်းပတ်ကို သွားရအောင်.."

'တစ်ခုခုတော့... မှားနေပြီ..'

ဆန်နီ မျက်မှောင်ကျုတ်လိုက်ပြီး သူ့ကို ဘယ်အရာက စိတ်မသက်မသာ ဖြစ်စေတာလဲဆိုတာကို စဉ်းစားလိုက်တယ်..။ ရေတပ်အရာရှိက မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေတာကြောင့်များလား..။

မျက်တောင်မခတ်ဘူး... ဟုတ်တယ်..။ အရာရှိ ယူနီဖောင်း ဝတ်ထားတဲ့ ဒီလူက သူတို့ စကားပြောနေတဲ့ အချိန်တစ်လျှောက်လုံးမှာ တစ်ခါမှ မျက်တောင်မခတ်ခဲ့ပါဘူး..။

ဆန်နီ သူ့ကို ခနလောက် စိုက်ကြည့်နေပြီးမှ ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်တယ်..။

"...ငါတော့ မလိုက်တော့ဘူး.."

ဖြူဖျော့နေတဲ့ အရာရှိရဲ့ မျက်နှာပေါ်က ယဉ်ကျေးတဲ့ အပြုံးက တဖြည်းဖြည်းနဲ့ ပျောက်ကွယ်သွားခဲ့ပါတယ်..။ သူ့ရဲ့ နက်မှောင်နေတဲ့ မျက်လုံးတွေက အသက်မဲ့တဲ့ ကျင်းကြီးတွေလို ဖြစ်သွားခဲ့တယ်..။

"အိုး.."

ဆန်နီ ဟာ ဒီလူရဲ့ အကြည့်အောက်မှာ နောက်ဆုတ်နေတုန်း.. သူ့ရဲ့ ဆက်သွယ်ရေးစက်က ရုတ်တရက် တုန်ခါလာပြီး စူးရှတဲ့ အသံတစ်ခု မြည်လာခဲ့ပါတယ်..။

ရေတပ်အရာရှိကတော့ ဒီအသံကို ဘာမှ တုံ့ပြန်ခြင်း မရှိပါဘူး..။

တစ်ဖက်မှာတော့ ဆန်နီ ဟာ ဒီအသံကို ချက်ချင်း မှတ်မိလိုက်တယ်..။

'ချီးပဲ...'

နောက်တစ်စက္ကန့်မှာတော့ စင်္ကြံလမ်းထဲက မီးလုံးတွေဟာ တစ်ပုံစံထဲ မှိတ်တုတ်မှိတ်တုတ် ဖြစ်သွားပြီး.. တစ်ပြိုင်နက်တည်း ငြိမ်းသွားခဲ့ကာ အမှောင်ထုထဲကို ကျရောက်သွားခဲ့တော့တယ်..။ စစ်သင်္ဘောကြီးက ရုတ်တရက်ပြင်းပြင်းထန်ထန် တုန်ခါသွားပြီးနောက်မှာတော့.. သူ့ရဲ့ စွမ်းအင်ပေးစနစ်တွေ အကုန်လုံး ရပ်ဆိုင်းသွားတာကြောင့် ငြိမ်သက်သွားခဲ့ပါတယ်..။

ကြီးမားလှတဲ့ ယာဉ်ကြီးပေါ်မှာ တိတ်ဆိတ်မှုတွေ လုံးဝ ဖုံးလွှမ်းသွားခဲ့ပါပြီ..။

ဒါကတော့ အနက်ရောင် အခြေအနေ အသက်ဝင် လာခဲ့တာပါ..။

အပိုင်း ( ၈၃၅ ) ပြီး၏။

[ siren - ဂရိဒဏ္ဍာရီလာ ​မိန်းမကိုယ်လုံး ​၊ ငှက်ဦးခေါင်းရှိသည့် ရေသတ္တဝါ တစ်မျိုး။သူတို့၏ သီကျူးသံဖြင့် သင်္ဘောများကို ကျောက်ဆောင်များထံ မျှားခေါ်လေ့ရှိကြသည် ]

အပိုင်း ( ၈၃၆ ) အနက်ရောင်ရေပြင်

မီးတွေ ငြိမ်းသွားပြီး ကြီးမားလှတဲ့ စစ်သင်္ဘောကြီးရဲ့ အင်ဂျင်တွေ တိတ်ဆိတ်သွားတဲ့အခါမှာတော့ ဆန်နီ ဟာ ကျောက်ရုပ်လို တောင့်တင်းသွားခဲ့တယ်..။ သူ့ရဲ့ အရိပ်အာရုံခံမူ ကို အပြင်ဘက်အထိ ဖြန့်ကျတ်လိုက်တဲ့အခါမှာ တခြားလူတွေလည်း သူ့လိုပဲ လုပ်နေကြတာကို ခံစားမိပါတယ်..။

အနက်ရောင် အခြေအနေ ဆိုတာ က

စစ်ရေယာဉ်စုကြီးဟာ ဆိုးရွားတဲ့ အန္တရာယ်နဲ့ ရင်ဆိုင်နေရပြီလို့ အဓိပ္ပာယ်ရတာပါ..။ ဒီသတိပေးချက် ထွက်လာပြီးတာနဲ့ သင်္ဘော အစင်း ၄၀ ပေါ်မှာ ရှိနေတဲ့ ပထမ တပ်မတော် ရဲ့ အဖွဲ့ဝင်တိုင်းဟာ လှုပ်ရှားမှုအားလုံးကို ရပ်တန့်ရပါမယ်..။ ဘယ်လို အသံမျိုး ဒါမှမဟုတ် ဘယ်လို လှုပ်ရှားမှုမျိုးမှ မလုပ်ရသလို.. ဝိဥာဉ် အဆီအနှစ်ကိုတောင် နည်းနည်းလေးမှ လှုပ်ရှားခွင့် မရှိပါဘူး..။

ပြဿနာကတော့...

ထူးဆန်းတဲ့ ရေတပ်အရာရှိဟာ ဆန်နီ နဲ့ မီတာအနည်းငယ်အကွာမှာပဲ ရှိနေသေးတာပါ..။ သူကလည်း အမှောင်ထဲမှာ လှုပ်ရှားမှုမရှိဘဲ ရပ်နေခဲ့ပါတယ်..။ ခေါင်းငုံ့ထားတာကြောင့် ဆန်နီ အနေနဲ့ သူ့ရဲ့ မျက်နှာကို မမြင်ရပါဘူး..။

သူ့ရဲ့ အသက်ရှူသံကိုပဲ ကြားနေရတယ်..။

ဒီအသံက.. စိုစွတ်နေသလိုမျိုးပါပဲ..။

"မလုပ်နဲ့.. မလုပ်နဲ့ဦး.."

ရုတ်တရက် ဒီလူရဲ့ ပခုံးတွေက တွန့်ခနဲ ဖြစ်သွားခဲ့တယ်..။

ခြေလှမ်းအနည်းငယ်အကွာမှာ ငြိမ်သက်နေတဲ့ ဆန်နီ ဟာ အံကြိတ်လိုက်မိတယ်..။

'ချီးတဲ့မှပဲ.'

အရာရှိက အနည်းငယ် ယိမ်းထိုးသွားပြီးမှ ရှေ့ကို ခြေတစ်လှမ်း တိုးလာခဲ့ပါတယ်..။ ကြမ်းပြင်ပေါ်က ရေတွေက ဘေးကို ဖယ်ပေးလိုက်တာကြောင့် သူ လှုပ်ရှားလိုက်တာက ဘာအသံမှ ထွက်မလာပါဘူး..။ လေထုကလည်း ပိုပြီး အေးစက်လာခဲ့တယ်..။

ဆန်နီ့ ရဲ့ မျက်နှာပေါ်မှာ မကျေမနပ် ဖြစ်နေတဲ့ အမူအရာ ပေါ်လာခဲ့ပါတယ်..။

မလှုပ်ရ.. အသံမထွက်ရ.. အဆီအနှစ်ကို မလှည့်ပတ်ရ.. မှတ်သားမှု တွေကိုလည်း ဆင့်ခေါ်လို့ မရပါဘူး..။

သူ ဘာလုပ်ရမှာလဲ..။ အနက်ရောင် အခြေအနေ စည်းကမ်းကို ဖောက်ဖျက်ပြီး စစ်ရေယာဉ်စု တစ်ခုလုံးကို အန္တရာယ်ဖြစ်အောင် လုပ်ရမလား.. ဒါမှမဟုတ် ဒီအတိုင်း ငြိမ်နေပြီး ဒီအရာရှိ.. ဒါမှမဟုတ် အရာရှိယောင်ဆောင်ထားတဲ့ တစ်ခုခုက.. သူ့နားကို ချဉ်းကပ်လာတာကို ခွင့်ပြုရမှာလား..။

ဆန်နီ ဟာ ဘယ်လက်နက်ကိုမှ ဆင့်ခေါ်လို့မရသလို သူ့ရဲ့ အားကောင်းတဲ့ စွမ်းရည်တွေကိုလည်း သုံးလို့ မရပါဘူး..။ နောက်ဆုတ်လိုက်ဖို့ဆိုတာကလည်း စည်းကမ်းကို ချိုးဖောက်တာပါပဲ..။

'ချီးပဲ..'

တစ်ဖက်မှာတော့ ဒီလူက နောက်ထပ် ခြေတစ်လှမ်း တိုးလာပြန်ပါတယ်..။ အခုဆိုရင် သူတို့ကြားမှာ မီတာအနည်းငယ်ပဲ ခြားတော့တာပါ..။

ဆန်နီ တောင့်တင်းသွားခဲ့တယ်..။

'ငရဲကိုပဲ သွားလိုက်တော့..'

ဒီကောင်သာ ရုတ်တရက် လှုပ်ရှားဖို့ ကြိုးစားတာနဲ့ မာစတာ တစ်ယောက်ကို လာရှုပ်တာ ဘယ်လိုလဲဆိုတာ သိသွားစေရမယ်..။ ဘယ်လောက်ပဲ သတိကြီးကြီး ထားနေရတဲ့ အခြေအနေ ဖြစ်ပါစေ.. ဆန်နီ ကတော့ ဒီရွံစရာကောင်းတဲ့အရာက သူ့ကို လာထိတာမျိုး ခွင့်ပြုမှာ မဟုတ်ပါဘူး..။

သီချင်းသံတွေက ရုတ်တရက် ပိုပြီး ကျယ်လောင်လာခဲ့တယ်..။ သာယာတဲ့ သီချင်းထဲက စကားလုံးအချို့ရဲ့ အဓိပ္ပာယ်ကိုတောင် သူ စပြီး နားလည်လာသလို ခံစားလိုက်ရပါတယ်..။

သူ့ရှေ့ကလူက ဆန်နီ့ဆီကို နောက်ထပ် တစ်လှမ်း တိုးလာပြီး.. ရုတ်တရက် ပျောက်ကွယ်သွားခဲ့တယ်..။

စက္ကန့်အနည်းငယ်အတွင်းမှာပဲ သူ့ပတ်ပတ်လည်မှာ အမှောင်ထုကလွဲရင် ဘာမှ မရှိတော့ပါဘူး..။

'ဘယ်ရောက်သွားတာလဲ..'

ယင်းနောက်မှာတော့ သူ့ရဲ့ နောက်ဘက် တည့်တည့်ကနေ ရေတွေ ဗြပ်ခနဲ ဖြစ်သွားတဲ့ အသံကို ကြားလိုက်ရပါတယ်..။

'ဘာလဲ..'

သူ့ရဲ့ အရိပ်တွေက ဘာကိုမှ မမြင်လိုက်ရပါဘူး..။

ဆန်နီ လှည့်မကြည့်နိုင်ခင်မှာပဲ.. တစ်ခုခုက စင်္ကြံလမ်းကို ဖြတ်ပျံသွားပြီး သူ့နောက်က မမြင်ရတဲ့ အရာတစ်ခုနဲ့ တိုက်မိသွားကာ စူးရှတောက်ပတဲ့ အလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့တယ်..။ သူကတော့ လွင့်ထွက်သွားပြီး စိုစွတ်နေတဲ့ ကြမ်းပြင်ပေါ်မှာ လိမ့်ကျသွားခဲ့ပါတယ်..။

အဲ့အချိန်မှာပဲ ပေါ်ထွက်နေတဲ့ သီချင်းသံတွေက ချက်ချင်း ပျောက်ကွယ်သွားပြီး.. စစ်သင်္ဘောကြီးက အင်ဂျင်တွေ ပြန်လည် အသက်ဝင်လာတာကြောင့် တုန်ခါသွားခဲ့တယ်..။ စင်္ကြံလမ်းက မီးတွေ ပြန်ပွင့်လာပြီး အလင်းရောင်တွေနဲ့ လွှမ်းမိုးသွားခဲ့ပြန်ပါတယ်..။

ရက်စက်သော မြင်ကွင်း ကို လက်ထဲမှာ ဆင့်ခေါ်ရင်း ဆန်နီ ပြန်ထရပ်လိုက်တဲ့အခါမှာတော့.. ရင်းနှီးနေတဲ့ လူတစ်ယောက်က မည်းနက်ပြီး တွန့်လိမ်နေတဲ့ အရာတစ်ခုကို သတ္တုနံရံမှာ ကပ်ပြီး ဖိထားတာကို မြင်လိုက်ရပါတယ်..။

မာစတာ နေဗီ ဟာ သူ့ရဲ့ အပြာရောင် ဝတ်စုံကို ဘယ်မှာ ထားခဲ့လဲ မသိပေမဲ့.. အခုတော့ အနက်ရောင် ရေငုပ်ဝတ်စုံကိုသာ ဝတ်ဆင်ထားခဲ့တယ်..။ သူ့လက်ထဲမှာတော့ ထူးဆန်းတဲ့ အရိုးဓားတစ်လက် ရှိနေပြီး.. အဲဒီဓားနဲ့ ထိုးစိုက်ခံထားရတာကတော့...

ဒီသတ္တဝါက ဘယ်လိုပုံစံလဲဆိုတာ ဆန်နီ သေချာ မမြင်ရခင်မှာပဲ.. အဲဒီအရာက ပုံသဏ္ဌာန် ပျက်သွားပြီး ပုံစံမရှိတဲ့ အနက်ရောင် ရေထုအဖြစ် ပြောင်းလဲသွားကာ ကြမ်းပြင်ပေါ်မှာ ရေအိုင်အဖြစ် ကျဆင်းသွားခဲ့ပါတယ်..။

နေဗီ ရဲ့ ခရမ်းရောင် မျက်လုံးတွေက တောက်ပနေပြီး ဆန်နီ ဘက်ကို လှည့်ကြည့်လာခဲ့တယ်..။

"မာစတာ ဆန်းလပ်စ်.. အဆင်ပြေရဲ့လား.."

ဆန်နီ က သတိ နဲ့ ခေါင်းညိတ်ပြလိုက်ပါတယ်..။

"အဲဒါ.. အဲဒါက ဘာကြီးလဲ.."

ညအိမ်တော် ရဲ့ အနွယ်ဝင်က ပါးစပ်ဟလိုက်ပေမဲ့ သူ ပြန် မဖြေနိုင်ခင်မှာပဲ.. သူတို့ ပတ်ပတ်လည်က စစ်သင်္ဘောကြီးက တုန်ခါသွားပြီး အဝေးတစ်နေရာက အသံဗလံတွေကို ကြားလိုက်ရပါတယ်..။

ဒါကတော့ အဓိက ရေးဂန်း အမြောက်ရဲ့ ပစ်ခတ်သံတွေပါပဲ..။

နေဗီ က ခေါင်းခါယမ်းလိုက်တယ်..။

"အခု အချိန်မရှိဘူး.. မင်းရဲ့ အဖွဲ့ကို သွားကြည့်လိုက်ဦး.."

ဒီစကားကို ပြောပြီးတာနဲ့ ချောမောတဲ့ အဲ့ဒီလူက ပျောက်ကွယ်သွားသလိုမျိုး မြန်ဆန်စွာ ထွက်ခွာသွားခဲ့တယ်..။

ခနအကြာမှာတော့ စင်္ကြံလမ်းကို လင်းထိန်စေတဲ့ မီးလုံးတွေဟာ မှိတ်တုတ်မှိတ်တုတ် ဖြစ်သွားပြီး အန္တရာယ်ရှိတဲ့ အနီရောင်အဖြစ် ပြောင်းလဲသွားခဲ့ပါတယ်..။

'အနီရောင် အခြေအနေ .. အပြည့်အဝ တိုက်ပွဲဝင်ရတော့မယ်..'

ဆန်နီ တုန်လှုပ်သွားပြီးနောက် သူ့ရဲ့ စစ်သားတွေကို ရိုင်နို နားမှာ စုကြဖို့ ဆက်သွယ်ရေးစက်ကနေ အမြန် အမိန့်ပေးလိုက်တယ်..။

သို့ပေမဲ့ သူတို့ဆီ မသွားခင်မှာ သူ ခဏလောက် တုံ့ဆိုင်းနေပြီးမှ.. အရိပ်တွေကြားကနေ တစ်ဆင့် အပေါ်ထပ် ကုန်းပတ်ရဲ့ သီးခြားနေရာတစ်ခုမှာ ပေါ်လာခဲ့ပါတယ်..။

ဘာတွေ ဖြစ်ပျက်နေလဲဆိုတာကို နားလည်ဖို့ သူ ခနလောက် အချိန်ယူလိုက်ရတယ်..။

ရာနဲ့ချီတဲ့ အမြောက်တွေရဲ့ ပစ်ခတ်သံတွေနဲ့အတူ တောက်ပတဲ့ အလင်းတန်းတွေက ည

အမှောင်ထုကို ဖျက်ဆီးနေလိုက်ပြီး.. သံမဏိ ကျည်ဆန်တွေက သမုဒ္ဒရာထဲကို မိုးသီးတွေလို ကျရောက်နေခဲ့ပါတယ်..။ ပင်လယ်ပြင်ရဲ့ အစိတ်အပိုင်း အတော်များများက တစ်စုံတစ်ခုကြောင့် အရောင်ပြောင်းသွားပြီး လုံးဝ မည်းနက်နေခဲ့တယ်..။

လေတိုက်နှုန်းက ပိုမပြင်းထန်လာပေမဲ့ အနက်ရောင် လှိုင်းလုံးတွေကတော့ အဝေးက လှိုင်းတွေထက် ပိုပြီး မြင့်မားကာ ကြမ်းတမ်းနေခဲ့တယ်..။ ဒီလှိုင်းတွေက အမည်မသိ ဘီလူးကြီးတစ်ကောင်ရဲ့ လက်ချောင်းတွေလို သင်္ဘောတွေဆီကို လှမ်းတက်ဖို့ကြိုးစားနေကြပါတယ်..။

စူးရှတောက်ပတဲ့ အလင်းတန်းတစ်ခုနဲ့အတူပဲ စစ်ရေယာဉ်စုရဲ့ အလံတင်သင်္ဘောက အဓိက အမြောက်ကြီးကို ပစ်ခတ်လိုက်ပါတယ်..။အဲ့အချိန်မှာတော့ တန်ပေါင်းများစွာ ရှိတဲ့ အနက်ရောင်ရေတွေက အထက်ကို လွင့်စင်သွားပြီး ကြီးမားတဲ့ တိုင်ကြီးတစ်ခုလို ကောင်းကင်ယံအထိ မြင့်တက်သွားခဲ့တယ်..။ တစ်စက္ကန့်အကြာမှာတော့ ပစ်ခတ်သံကြီးက ဆန်နီ ဆီကို ရောက်လာပြီး သူ့ကို မျက်နှာပျက်သွားစေခဲ့ပါတယ်..။

ဒီလို ပြင်းထန်တဲ့ ဗုံးကြဲတိုက်ခိုက်မှုကြီးရဲ့ အတိုင်းအတာက တကယ်ကို အံ့ဩမှင်သက်စရာပါပဲ..။

သို့ပေမဲ့ ဒါက လှုပ်ရှားနေတဲ့ အနက်ရောင်ရေတွေကို အရှိန်နည်းနည်း လျော့သွားစေတာကလွဲရင် ဘာမှ သိပ်မထူးခြားခဲ့ပါဘူး။

ဆန်နီ စောင့်ကြည့်နေတုန်းမှာပဲ သင်္ဘောတွေရဲ့ မြင့်မားတဲ့ ကုန်းပတ်ပေါ်ကနေ လှိုင်းလုံးတွေထဲကို ခုန်ဆင်းသွားတဲ့ လူရိပ်တွေကို သတိထားမိလိုက်တယ်..။ သူတို့တွေက ညအိမ်တော် ကနေ သင်္ဘော အစင်း ၄၀ ပေါ်မှာ နေရာချထားပေးတဲ့ နိုးထသူ အဖွဲ့တွေပါပဲ..။

အလံတင်သင်္ဘောက ဆန်နီ ရှိနေတဲ့ နေရာနဲ့ အတော်လေး ဝေးပေမဲ့လည်း.. မြင့်မားတဲ့ သင်္ဘောဦးပိုင်းကနေ ရေထဲကို တစ်ယောက်တည်း ခုန်ဆင်းသွားတဲ့ လူရိပ်ကို သူ မြင်လိုက်ရပါတယ်..။ ဘာကြောင့်လဲ မသိပေမဲ့ ဒီ ရေငုပ်သမားက တကယ့်ကို အာရုံစိုက်စရာ ဖြစ်နေခဲ့တယ်..။

ဒီလူရိပ်က လှိုင်းလုံးတွေနဲ့ မထိခင်လေးမှာတင် ခန္ဓာကိုယ်က အနည်းငယ် တောက်ပသွားခဲ့တယ်..။

ယင်းနောက်မှာတော့ ကြီးမားပြီး ကြောက်မက်ဖွယ်ကောင်းတဲ့ အရာတစ်ခုအဖြစ် ရေအောက်ကို ငုပ်လျှိုးသွားခဲ့ပါတယ်..။ ကြီးမားလှတဲ့ အနက်ရောင် ငါးတောင်ပံကြီးက ရေပြင်ကို ဖြတ်တောက်သွားပြီး ရေနက်ပိုင်းထဲ ပျောက်ကွယ်သွားခဲ့တယ်..။

စစ်ရေယာဉ်စုကို စောင့်ရှောက်နေတဲ့ သူတော်စင် က တိုက်ပွဲထဲကို ဝင်ရောက်သွားပါပြီ..။

ကျယ်လောင်စွာပစ်ခတ်နေတဲ့ အမြောက်သံတွေကြားမှာ ရပ်နေရင်း ဆန်နီ ဟာ လိပ်တက်လာတဲ့ အနက်ရောင် လှိုင်းလုံးတွေကို အံ့ဩခြင်း၊ ထိတ်လန့်ခြင်းတွေနဲ့ စိုက်ကြည့်နေမိပါတယ်..။

တဖြည်းဖြည်းနဲ့ သူ့မျက်နှာပေါ်မှာ သုန်မုန်တဲ့အမူအရာ ပေါ်လာခဲ့တယ်..။

'ဒီလို တိုက်ပွဲမျိုးမှာ ငါ့အတွက် နေရာမရှိဘူး.. ဘယ်လိုမှ မရှိနိုင်ဘူး..'

ကောင်းကင်ယံကြီးက သမုဒ္ဒရာကို စစ်ကြေညာနေသလို ဖြစ်ပျက်နေတဲ့ အခြေအနေမှာ.. သူ့လို ပုရွက်ဆိတ်တစ်ကောင်က ဘာများလုပ်နိုင်မှာလဲ..။

အမှောင်ထဲမှာ သူ့မျက်လုံးတွေက တောက်ပလာခဲ့တယ်..။

'...အနည်းဆုံးတော့ အခု မဟုတ်သေးဘူးပေါ့..'

ဒီအတွေးနဲ့အတူပဲ သူက စွမ်းအားမဲ့နေတယ်ဆိုတဲ့ ခါးသီးတဲ့ ခံစားချက်ကို မျိုသိပ်လိုက်ပြီး အရိပ်တွေထဲ ပျောက်ကွယ်သွားကာ သူ့ရဲ့ စစ်သားတွေဆီ သွားလိုက်ပါတယ်..။

ဒီညမှာ သူတို့ လုပ်နိုင်တာက တစ်ယောက်နဲ့တစ်ယောက် မြဲမြဲတွဲထားပြီး.. မနက်ဖြန်အထိ အသက်ရှင်ဖို့ မျှော်လင့်နေဖို့ပါပဲ..။

အပိုင်း ( ၈၃၆ ) ပြီး၏။

အပိုင်း ( ၈၃၇ ) ရေတပ်ရင်ဆိုင်တိုက်ပွဲ

စစ်သင်္ဘောကြီးရဲ့ ယာဉ်ရပ်နားဝန်းအတွင်းမှာတော့ တိတ်ဆိတ်ခြောက်ခြားပြီး တင်းမာမှုတွေ လွှမ်းမိုးနေပါတယ်..။ ရာနဲ့ချီတဲ့ လူတွေဟာ ကိရိယာမျိုးစုံနဲ့ စက်ပစ္စည်း အစိတ်အပိုင်းတွေကို လုံခြုံအောင် လိုက်လံချည်နှောင်ရင်း အသည်းအသန် အလုပ်ရှုပ်နေကြတယ်..။ ကံကောင်းထောက်မစွာနဲ့ ယာဉ်အများစုကတော့ သူတို့ရဲ့ ထိန်းသိမ်းရာ ခုံတွေပေါ်မှာ ဘေးကင်းစွာ ချည်နှောင်ထားပြီးသားပါ..။ ဆန်နီ က အရိပ်တွေထဲကနေ ထွက်လာတဲ့အခါမှာတော့.. ကြီးမားလှတဲ့ အင်ဂျင်အပိုပစ္စည်းတစ်ခုကို တင်ဆောင်ပြီး မောင်းနှင်လာတဲ့ ဝန်ချီစက်ကြီးကို လမ်းဖယ်ပေးလိုက်ရပါတယ်..။

သူတို့ရဲ့ ပတ်ပတ်လည်မှာတော့ ကြီးမားလှတဲ့ စစ်သင်္ဘောကြီးဟာ အမြောက်တွေ မရပ်မနား ပစ်ခတ်နေတာကြောင့် တုန်ခါနေခဲ့တယ်..။ အကြီးစား ကျည်ဆန်တွေဟာ ကျည်ဖြည့်စနစ်ထဲကို လျှောတိုက်ဝင်သွားတဲ့ အသံတွေကလည်း ကုန်းပတ်တစ်ခုလုံးမှာ ပျံ့နှံ့နေခဲ့တာပါ..။ တစ်ခါတစ်ရံမှာတော့ တော်ပီဒို ဒါမှမဟုတ် ဒုံးကျည်တွေ ပစ်လွှတ်လိုက်တဲ့ အလွန်ကျယ်လောင်တဲ့ အသံတွေကလည်း ထွက်ပေါ်နေခဲ့တယ်..။

ဒီလို အမည်မရှိတဲ့ မှောင်မည်းနက်ရှိုင်းတဲ့ သမုဒ္ဒရာထဲမှာ ဖြစ်ပွားနေတဲ့ ကြီးမားလှတဲ့ တိုက်ပွဲကြီးအတွင်းမှာ.. စွမ်းအားမဲ့တယ်ဆိုတဲ့ ခါးသီးတဲ့ ခံစားချက်ကို ခံစားနေရတာ ဆန်နီ တစ်ယောက်တည်း မဟုတ်ပါဘူး..။ စစ်သင်္ဘောပေါ်က အဖွဲ့သားတွေနဲ့ ညအိမ်တော် ရဲ့ နိုးထသူ တွေဟာ စစ်ရေယာဉ်စုကို လာရောက်တိုက်ခိုက်တဲ့ ရှေးဟောင်းဘီလူးကြီးနဲ့ အပြင်းအထန် တိုက်ခိုက်နေကြပေမဲ့.. ပထမ တပ်မတော် က စစ်သားတစ်သိန်းကတော့ ဘာမှမလုပ်နိုင်ဘဲ ငြိမ်သက်စွာ စောင့်ဆိုင်းရင်း သေဆုံးသွားပြီဖြစ်တဲ့ နတ်ဘုရားတွေဆီမှာပဲ ကယ်တင်ဖို့ ဆုတောင်းနေကြရပါတယ်..။

အနည်းဆုံးတော့ သူက တခြားလူတွေထက် အခြေအနေ ပိုကောင်းနေတယ်လို့ ပြောရမှာပါ..။ ဆန်နီ ဟာ တိုက်ပွဲကို စောင့်ကြည့်ဖို့အတွက် သူ့ရဲ့ အရိပ်တစ်ခုကို အပေါ်ထပ်ကုန်းပတ်မှာ ချန်ထားခဲ့ပါတယ်..။ လှုပ်ရှားနေတဲ့ ရေပြင်ပေါ်က အခြေအနေကိုပဲ မြင်ရပြီး ရေနက်ပိုင်းက တကယ့် တိုက်ပွဲအစစ်အမှန်ကို မမြင်ရပေမဲ့လည်း.. ဘာတွေဖြစ်နေလဲဆိုတာကို သိနေရတာကပဲ သူ့အတွက် စိတ်သက်သာရာ ရစေပါတယ်..။

ကျန်တဲ့လူတွေကတော့ ဒီလို အခွင့်အရေးမျိုး မရကြပါဘူး..။ သူတို့တွေက သင်္ဘောရဲ့ ကိုယ်ထည်ကနေတစ်ဆင့် ပျံ့နှံ့လာတဲ့ အသံတွေနဲ့ တုန်ခါမှုတွေကိုပဲ နားထောင်ပြီး အပြင်ဘက်မှာ ဘာတွေဖြစ်နေမလဲဆိုတာကို ခန့်မှန်းနေကြရတာပါ..။

တစ်ခါတစ်ရံမှာတော့ သင်္ဘောရဲ့ ကိုယ်ထည်ကို တစ်ခုခုက ပြင်းပြင်းထန်ထန် လာတိုက်မိတဲ့ "ဒိုင်း" ဆိုတဲ့ ထိတ်လန့်စရာ အသံကြီးတွေကလည်း ကျယ်လောင်လှတဲ့ ယာဉ်ရပ်နားဝန်းအတွင်းမှာ ထွက်ပေါ်လာတတ်ပါတယ်..။

ဆန်နီ ဟာ အတွေးပေါင်းစုံနဲ့အတူ ရိုင်နို ကို ထိန်းသိမ်းထားတဲ့ နေရာဆီကို လျှောက်သွားလိုက်တယ်..။ လမ်းမှာရှိတဲ့ လူအတော်များများကတော့ ဖြတ်သွားတဲ့ မာစတာ ကို ခိုးကြည့်နေကြပြီး.. သူ့ဆီကနေ စိတ်အေးစရာနဲ့ အားကိုးစရာ တစ်ခုခုကို မျှော်လင့်နေကြတာပါ..။ ဒါကို သတိထားမိတဲ့ ဆန်နီ ဟာ သူ့ရဲ့ စိုးရိမ်မှုတွေကို အတတ်နိုင်ဆုံး ဖုံးကွယ်လိုက်ပြီး ယုံကြည်မှု အပြည့်ရှိတဲ့ ပုံစံမျိုး ဖမ်းလိုက်ပါတယ်..။

ဒါကလည်း အလုပ်ဖြစ်ပုံရပြီး လူတွေကို အနည်းငယ် စိတ်အေးသွားစေတဲ့ပုံပါပဲ..။

'သနားစရာကောင်းတဲ့ ငပိန်းတွေ.. သူတို့ မလုပ်နိုင်တာကို ငါကရော ဘာလုပ်ပေးနိုင်မှာမလို့လဲ..'

ရိုင်နို ဆီကို ရောက်တဲ့အခါမှာတော့ တည်ငြိမ်တဲ့ မျက်နှာအမူအရာတွေနဲ့ စောင့်နေကြတဲ့ နိုးထသူ လေးယောက်ကို ဆန်နီ မြင်လိုက်ရပါတယ်..။ ဒွန်း၊ ချီတင်၊ ကင်မ်၊ လူစတာ...

သူ မျက်မှောင်ကျုတ်လိုက်တယ်..။

"ဘယ်လီ နဲ့ ဆမ်မာရာ ရော.."

ချီတင် က သူ့ရဲ့ အထက်လူကြီး ရောက်လာတာကို မြင်တဲ့အခါမှာတော့ ကိုယ်နေဟန်ထားကို အနည်းငယ် ပြင်လိုက်ပါတယ်..။

"သူတို့တွေ အိပ်မက်ရူခင်း ထဲမှာပါ ကပ္ပတိန်..။ သူတို့ရဲ့ ခန္ဓာကိုယ်တွေကိုတော့ ရိုင်နို ထဲက အိပ်စက်ခြင်း သေတ္တာ တွေထဲမှာ လုံလုံခြုံခြုံ ထည့်ထားပြီးသားပါ.."

ဆန်နီ သက်ပြင်းချလိုက်တယ်..။

ဒါကလည်း သူ မျှော်လင့်ထားတဲ့အတိုင်းပါပဲ..။ တကယ်တော့ တိုက်ပွဲစတဲ့အချိန်မှာ သူ့ရဲ့ လက်အောက်ငယ်သား နှစ်ယောက်ပဲ အိပ်နေခဲ့တာကပဲ ကံကောင်းတယ်လို့ ပြောရမှာပါ..။

'အနည်းဆုံးတော့ အားလုံး အသက်ရှင်နေသေးတာပဲ..'

ဆန်နီ ကတော့ လူစတာ တစ်ယောက် ပျောက်နေလိမ့်မယ်လို့တောင် ထင်ထားတာပါ..။ ဒီငတုံးက သာယာတဲ့ သီချင်းသံတွေနဲ့ မျှားခေါ်ခံရပြီး သေမင်းဆီကို ကိုယ်တိုင် သွားမယ့် လူမျိုး မဟုတ်ဘူးလား..။

သူ့ရဲ့ အကြည့်အောက်မှာ နေရခက်နေတဲ့ လူငယ်လေးကို ခနလောက် စိုက်ကြည့်ပြီးမှ ရိုင်နို ဘက်ကို လှည့်လိုက်ပါတယ်..။

ဒီ သံချပ်ကာ ကားကြီးက သီအိုရီအရတော့ ရေပေါ်မှာ သွားနိုင်ပါတယ်..။ ဒါကြောင့် စစ်သင်္ဘောကြီးသာ နစ်မြုပ်သွားခဲ့ရင် ဒါကပဲ သူတို့ရဲ့ နောက်ဆုံး မျှော်လင့်ချက် ဖြစ်လာမှာပါ..။ ဒါပေမဲ့ ဒီကြီးမားလှတဲ့ စက်ယန္တရားကြီးကို ယာဉ်ရပ်နားဝန်းထဲကနေ အပြင်ကို ထုတ်ဖို့ဆိုတာကတော့ တကယ့်ကို ခက်ခဲတဲ့ အလုပ်တစ်ခု ဖြစ်နေပါလိမ့်မယ်..။

တကယ်တော့ ဒါက ဖြစ်နိုင်ပါ့မလားလို့တောင် ဆန်နီ သံသယဝင်မိ ပါတယ်..။

သူက ယာဉ်ရပ်နားဝန်းကြီးရဲ့ ပိတ်ထားတဲ့ တံခါးတွေကို ကြည့်လိုက်သလို ထူထဲလှတဲ့ သတ္တုနံရံတွေကိုလည်း ကြည့်လိုက်ပါတယ်..။ လိုအပ်လာရင် သင်္ဘောကိုယ်ထည်ကို သူ ဖောက်ထွက်နိုင်ပါ့မလား..။

ခနလောက် စဉ်းစားပြီးတဲ့နောက်မှာတော့.. သူ့ရဲ့ အစွမ်းထက်ဆုံး မှတ်သားမှု တွေကို သုံးပြီး အချိန်လုံလောက်အောင် ရမယ်ဆိုရင်တော့ ဒီကြီးမားလှတဲ့ သင်္ဘောကြီးရဲ့ သံချပ်ကာကို ဖောက်ထွက်ဖို့ အခွင့်အရေး ရှိတယ်လို့ ဆန်နီ တွက်ချက်လိုက်ပါတယ်..။ ဒါပေမဲ့ လူတစ်ယောက် ဖြတ်သွားနိုင်တဲ့ အပေါက်မျိုး ဖန်တီးတာနဲ့ ရိုင်နို လို ယာဉ်ကြီးတစ်စီး ဖြတ်သွားနိုင်တဲ့ အပေါက်မျိုး ဖန်တီးတာကတော့ အများကြီး ကွာခြားပါတယ်..။

ဒီနေရာမှာသာ နစ်ဖီ ရှိနေခဲ့ရင်တော့ တစ်မျိုး ဖြစ်မှာပါ..။ သူမရဲ့ မီးတောက်တွေနဲ့ ဆန်နီ့ရဲ့ အရိပ်တွေ တစ်ခုနဲ့တစ်ခု ပေါင်းစပ်ပြီး အားဖြည့်ပေးမယ်ဆိုရင်.. ဒီထူထဲလှတဲ့ သံချပ်ကာတွေကို အလွယ်တကူ ဆွဲဖြဲပစ်နိုင်ပါလိမ့်မယ်.။ ပိုကောင်းတဲ့အချက်က ပြောင်းလဲနေတဲ့ ကြယ်ပွင့် ဆိုရင် စစ်သင်္ဘောကြီးရဲ့ ဘေးဘက်ကို ကြီးမားတဲ့ အပေါက်ကြီး ဖြစ်သွားအောင် အရည်ပျော်ပစ်နိုင်မှာပါ..။

သို့ပေမဲ့ သူမက ဒီမှာ မရှိပါဘူး..။ ပြီးတော့ အပြင်ဘက်မှာလည်း အနက်ရောင်ရေထုကြီးက ရှိနေသေးတာပါ..။ သူ ဘာလို့ ဒီလို အတွေးတွေကို တွေးနေမိတာလဲ..။

ဆန်နီ သက်ပြင်းချလိုက်ပြီး ခေါင်းခါလိုက်တယ်..။

"အနားယူထားကြ.. ဒါက အချိန်အတော်ကြာဦးမှာ.."

သူ့ရဲ့ စစ်သားတွေကလည်း အမိန့်အတိုင်း သေတ္တာတွေပေါ်မှာ ထိုင်တာ ဒါမှမဟုတ် ရိုင်နို ရဲ့ ဘေးဘက်မှာ မှီနေတာမျိုး လုပ်ကြပေမဲ့.. လေးယောက်လုံးကတော့ တည်ငြိမ်နေတဲ့ ပုံစံမျိုး မရှိပါဘူး..။

လူစတာ က ခနလောက် တုံ့ဆိုင်းနေပြီးမှ သတိထားပြီး မေးလိုက်ပါတယ်..။

"ဟို.. ကပ္ပတိန်.. အားနာပါတယ်.. တကယ်တမ်း ဘာတွေ ဖြစ်နေတာလဲ ဟင်.."

ဆန်နီ ပခုံးတွန့်ပြလိုက်တယ်..။

"ကြီးမားပြီး ကြောက်စရာကောင်းတဲ့ တစ်ခုခုက စစ်ရေယာဉ်စုကို လာပြီး ကိုက်ဖို့ ကြိုးစားနေတာပေါ့.. တခြား ဘာရှိဦးမှာလဲ..။ သိပ်ပြီး စိတ်မပူပါနဲ့.. ညအိမ်တော် ကတော့ အခြေအနေကို ထိန်းချုပ်ထားနိုင်မှာပါ..။ သူတို့ရဲ့ သူတော်စင် ကိုယ်တိုင် တိုက်ပွဲထဲ ဝင်သွားတာကို ငါ မြင်လိုက်ရတယ်.."

အခြေအနေက စိုးရိမ်စရာ ဖြစ်နေပေမဲ့ လူစတာ ရဲ့ မျက်လုံးတွေကတော့ ရုတ်တရက် တောက်ပသွားခဲ့တယ်..။

"တကယ်လား.. ဝိုး. ကျွန်တော်လည်း တစ်နေ့ကျရင် သူတော်စင် တစ်ယောက် တိုက်ခိုက်တာကို မြင်ချင်လိုက်တာ.."

ဆန်နီ့ ရဲ့ မျက်နှာက ချက်ချင်း သုန်မုန်သွားပြီး အဲ့ဒီလူငယ်ကို နက်မှောင်စွာ ကြည့်လိုက်ပါတယ်..။

"မင်း ဘာကို မျှော်လင့်နေလဲဆိုတာ သတိထားစမ်း ငတုံး..။ မင်းသာ သူတော်စင်တွေ တိုက်ခိုက်တာကို မြင်ရလောက်အောင် အနားမှာ ရှိနေပြီဆိုရင်.. တစ်ခုခုတော့ မှားယွင်းနေပြီဆိုတာ သေချာတယ်..။ ငါ့ကို ယုံလိုက်.. ငါ အဲဒါကို ကောင်းကောင်း သိတယ်.."

လူစတာ က ပြန်ပြောဖို့ ပါးစပ်ဟလိုက်ပေမဲ့ အဲ့အချိန်မှာပဲ.. သင်္ဘောကိုယ်ထည်ကို တစ်ခုခုက ထပ်ပြီး လာတိုက်မိတာကြောင့် သူ လန့်သွားကာပြောမယ့်စကားတွေ ပျောက်ဆုံးသွားခဲ့ပါတယ်..။

ဒီ ကျယ်လောင်လှတဲ့ တိုက်မိသံတွေက ယာဉ်ရပ်နားဝန်းအတွင်းမှာ မကြာခန ပေါ်လာနေတာ ကြာပြီ ဖြစ်ပေမဲ့.. တစ်ခါကြားတိုင်းလည်း တကယ်ကို ထိတ်လန့်စရာ ကောင်းနေတုန်းပါပဲ..။ ဒီကျယ်ဝန်းလှတဲ့ နေရာကြီးထဲမှာ ပိတ်မိနေတဲ့ လူတွေအတွက်တော့ ဘယ်လောက်ပဲ ဂရုမစိုက်ချင်ပါဘူး ပြောပြော.. ဒီအသံတွေကို အမှုမဲ့အမှတ်မဲ့ ထားဖို့က မဖြစ်နိုင်ပါဘူး..။ ဒါပေမဲ့လည်း သူတို့ဟာ ဒီထိတ်လန့်စရာ အသံတွေနဲ့တော့ တဖြည်းဖြည်း အသားကျ လာကြပါပြီ..။

သို့ပေမဲ့ အခု နောက်ဆုံး အသံကတော့...

ဆန်နီ မျက်မှောင်ကျုတ်လိုက်တယ်..။

နောက်ဆုံး အသံကတော့ မတူပါဘူး..။

သူက ဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်ပြီး ယာဉ်ရပ်နားဝန်းရဲ့ တစ်ဖက်က နံရံတစ်ခုကို စိုက်ကြည့်လိုက်ပါတယ်..။

ဆန်နီ ပဲ စိတ်ထင်နေတာလား.. ဒါမှမဟုတ် ဒီသံကိုယ်ထည် နံရံက တကယ်ပဲ ပုံပျက်သွားတာလား..။

သူ ဒီအတွေးကို မဆုံးသတ်နိုင်ခင်မှာပဲ.. သင်္ဘောကို တစ်ခုခုက ထပ်ပြီး လာတိုက်ခိုက်လိုက်ပြန်ပါတယ်..။ဒီတစ်ကြိမ်မှာတော့ သတ္တုနံရံကြီးက အတွင်းဘက်ကို သိသိသာသာကြီး ချိုင့်ဝင်လာခဲ့ပါပြီ..။

အပိုင်း ( ၈၃၇ ) ပြီး၏။

All Chapters