အခန်း (၈၃၈-၈၄၀)
Vol. 56 Ch. 838-840
အပိုင်း ( ၈၃၈ ) ဘန်း
'သွားပြီ...'
ကြောက်ရွံ့ထိပ်လန့်နေတဲ့ လူပေါင်းရာနဲ့ချီရဲ့ ရှေ့မှာတင်.. ကြီးမားလှတဲ့ ယာဉ်ရပ်နားဝန်းရဲ့ အပြင်ဘက်နံရံ အစိတ်အပိုင်းတစ်ခုက အနည်းငယ် ကွေးညွတ်သွားခဲ့တယ်..။ အရုပ်ဆိုးလှတဲ့ ပုံပျက်မှုတစ်ခု ပေါ်လာပြီး.. နားကွဲမတတ် ကျယ်လောင်လှတဲ့ ပဲ့တင်သံ ပျောက်ကွယ်သွားတဲ့အခါမှာတော့.. စစ်သင်္ဘောကြီးရဲ့ သံချပ်ကာကိုယ်ထည် အလွှာတွေကြားက ကျဉ်းမြောင်းတဲ့ အက်ကြောင်းတွေထဲကို ရေတွေ တိုးဝင်လာတဲ့အသံကို သူတို့ ကြားလိုက်ရပါတယ်..။
ဆန်နီ့ ရဲ့ မျက်နှာက ပိုပြီး နက်မှောင်သွားခဲ့တယ်..။ သူ့ရဲ့ လက်ချောင်းတွေက တုန်ခါသွားပြီးနောက် ခေါင်းကို အနည်းငယ် လှည့်လိုက်ပါတယ်..။
".. မတ်တတ်ရပ်ကြ..စစ်သည်တို့."
ဒွန်း၊ ချီတင်၊ ကင်မ် နဲ့ လူစတာ တို့ဟာ တိုက်ပွဲဝင်ဖို့ အသင့်ဖြစ်နေတဲ့ ပုံစံနဲ့ ထရပ်လိုက်ကြတယ်..။ ဒါပေမဲ့ သူတို့ရဲ့ တည်ငြိမ်ရင့်ကျက်တဲ့ မျက်နှာဖုံးတွေရဲ့ နောက်ကွယ်မှာတော့ သိမ်မွေ့တဲ့ တုံ့ဆိုင်းမှုတွေ ဖုံးကွယ်နေခဲ့ပါတယ်။
အစိုးရတပ်ဖွဲ့ရဲ့ အထူးချွန်ဆုံး စစ်သည်တွေအနေနဲ့ သူတို့ဟာ အိပ်မက်ဆိုး သတ္တဝါတွေ၊ တခြား နိုးထသူ တွေနဲ့ ကြောက်မက်ဖွယ်ရာ အမျိုးမျိုးကို ဘယ်လိုတိုက်ရမလဲဆိုတာ သိကြပါတယ်..။
ဒါပေမဲ့ သမုဒ္ဒရာကြီးကိုတော့ သူတို့ ဘယ်လိုမျိုး တိုက်ခိုက်ရမှာလဲ..။
ခနအကြာမှာတော့ သင်္ဘောရဲ့ ဘေးဘက်ကို တစ်ခုခုက မိုးကြိုးပစ်သလို ကျယ်လောင်တဲ့အသံနဲ့ ထပ်ပြီး ဝင်တိုက်လိုက်ပြန်တာကြောင့်.. ယာဉ်ရပ်နားဝန်းရဲ့ ချိုင့်ဝင်နေတဲ့နေရာက ပိုပြီး သိသာလာခဲ့တယ်..။ အနားမှာ ရှိနေတဲ့ လူတွေဟာ တုန်လှုပ်သွားပြီး နောက်ကို ဆုတ်သွားကြပါတယ်..။ တချို့ကတော့ လှည့်ပြီး ထွက်ပြေးကုန်ကြတယ်..။
မကြာခင်မှာပဲ ပျက်စီးနေတဲ့ နံရံအပိုင်းအစရဲ့ ပတ်ပတ်လည်မှာ ဘယ်သူမှ မရှိတော့ဘဲ ဟာလာဟင်းလင်း ဖြစ်သွားခဲ့ပါတယ်..။ ကျယ်ဝန်းလှတဲ့ ယာဉ်ရပ်နားဝန်းထဲက လူတိုင်းဟာ ဒီနေရာနဲ့ တတ်နိုင်သမျှ ဝေးရာကို ရွှေ့သွားကြပြီး.. တစ်ဖက် နံရံကို ကပ်ကာ ကြီးမားစွာ
ပုံပျက်နေတဲ့ နေရာကြီးကိုပဲ စိုက်ကြည့်နေကြတယ်..။ စက္ကန့်အနည်းငယ်လောက်အထိ လုံးဝ တိတ်ဆိတ်သွားခဲ့ပါတယ်..။
ကြားနေရတာဆိုလို့ ရေတွေ တိုးဝင်လာတဲ့ အသံပဲ ရှိပါတော့တယ်..။
တစ်စုံတစ်ယောက်က တိုးတိုးလေး ကျိန်ဆဲလိုက်တယ်...
ဘန်း..
လူအတော်များများက ထိတ်လန့်တကြား အော်ဟစ်လိုက်ကြတယ်။.. နံရံကြီးက အတွင်းဘက်ကို ပိုမို ကွေးဝင်လာကာ ပုံပျက်နေတဲ့ နေရာက ပိုကြီးလာပြီး ယာဉ်ရပ်နားဝန်းထဲကို ပိုပြီး နက်နက်ရှိုင်းရှိုင်း ထိုးဝင်လာခဲ့ပါတယ်..။ သတ္တုတွေ တွန့်လိမ်သွားတဲ့ အသံကြီးက လေထုထဲမှာ ဟည်းထွက်သွားပြီး သူတို့ရဲ့ အရိုးတွေထဲအထိ တုန်ခါသွားစေခဲ့တယ်..။
"ကပ္ပတိန်.."
ကင်မ် က ပုံပျက်နေတဲ့ နံရံကြီးကို ကြည့်ပြီး မျက်နှာဖြူဖျော့သွားခဲ့တယ်..။ သူမရဲ့ စွမ်းရည် က ဆန်နီ့ရဲ့ စိတ်ကို လာပြီး ထိတွေ့လိုက်တဲ့အခါမှာတော့.. ဆန်နီ့ရဲ့ ကမ္ဘာကြီးကို မြင်ရတဲ့ အာရုံက ပြောင်းလဲသွားခဲ့ပါတယ်..။
အားလုံးကတော့ အရင်အတိုင်းပါပဲ.. ဒါပေမဲ့ ပျက်စီးနေတဲ့ နံရံကတော့ မှိန်ဖျော့တဲ့ အရောင်အမျိုးမျိုးနဲ့ စွန်းထင်းနေခဲ့တယ်..။ ရူးသွပ်နေတဲ့ ပန်းချီဆရာတစ်ယောက်က မငြိမ်မသက်တဲ့ လက်နဲ့ လျှောက်ခြယ်ထားသလိုမျိုးပါပဲ..။
နံရံအများစုကတော့ သတ္တုရောင် မီးခိုးရောင်အတိုင်း ရှိနေပေမဲ့.. ကြီးမားတဲ့ ချိုင့်ခွက်ကြီးရဲ့ အနားကို ရောက်လေလေ.. သံချပ်ကာ သတ္တုတွေက စိုးရိမ်စရာကောင်းတဲ့ လိမ္မော်ရောင်နဲ့ ဖျော့တော့တဲ့ အနီရောင်တွေအဖြစ် ပြောင်းလဲနေတာကို တွေ့ရပါတယ်..။ အနီရောင် အကွက်ငယ်လေးတစ်ခုကတော့ တကယ်ကို တောက်ပပြီး ထင်ထင်ရှားရှား ရှိနေခဲ့တယ်..။
ဆန်နီ အံကြိတ်ထားခဲ့တယ်။
ဘန်း...ဘန်း...ဘန်း...။
ဆက်တိုက်ဆိုသလိုပဲ ပစ်ခတ်မှု သုံးကြိမ်က သင်္ဘောကိုယ်ထည် အပြင်ဘက်ကို လာမှန်တာကြောင့် ပျက်စီးမှုက ပိုဆိုးသွားပြီး နံရံက ပိုပြီး ကွေးဝင်သွားခဲ့ပါပြီ..။ လူတွေက အော်ဟစ်ပြီး ဒီနေရာနဲ့ ပိုဝေးအောင် ပြေးဖို့ ကြိုးစားကြပေမဲ့.. သူတို့ ပြေးစရာ နေရာမရှိတော့ပါဘူး..။ တချို့က ယာဉ်ရပ်နားဝန်းရဲ့ ထွက်ပေါက်ကို လှမ်းကြည့်နေကြပြီး.. တချို့ကတော့ ပုံပျက်နေတဲ့ နံရံကြီးကိုပဲ ကျောက်ရုပ်လို ငေးကြည့်နေကြတယ်..။
ဘယ်လိုပဲဖြစ်ဖြစ် သတ္တုနံရံကတော့ ခံနိုင်ရည် ရှိနေတုန်းပါပဲ..။ သတ္တုတွေက တကျွိကျွိ မြည်နေပေမဲ့လည်း ကြံ့ကြံ့ခံထားဆဲပါ..။
စက္ကန့်အနည်းငယ်လောက် ဘာမှ ထပ်ဖြစ်မလာတော့ပေ..။
ယင်းနောက်မှာတော့ နောက်ထပ် တိုက်ခိုက်မှုတစ်ခုက သင်္ဘောကိုယ်ထည်ရဲ့ ပျက်စီးနေတဲ့ နေရာကို ထပ်မှန်လိုက်ပြီး နံရံက အနည်းငယ် ပိုပြီး ကွေးဝင်လာခဲ့တယ်..။ အဲ့အချိန်မှာပဲ တောက်ပတဲ့ အနီရောင် သတ္တုနေရာကနေ သေးငယ်တဲ့ အက်ကြောင်းလေးတစ်ခု ပေါ်လာပါတယ်..။
အနက်ရောင် ရေစက်တစ်စက်က အဲ့ဒီအက်ကြောင်းကနေတစ်ဆင့် စိမ့်ထွက်လာပြီး အောက်ကို လိမ့်ဆင်းသွားခဲ့တယ်..။
ရာနဲ့ချီတဲ့ လူတွေရဲ့ မျက်နှာပေါ်မှာ ထိတ်လန့်မှုတွေ အပြည့်နဲ့ ဒီရေစက်လေးကို စိုက်ကြည့်နေခဲ့ကြပါတယ်..။
...ဒါပေမဲ့ နောက်ထပ် တိုက်ခိုက်မှုတစ်ခုက သင်္ဘောကိုယ်ထည်ကို ဆွဲဖြဲမပစ်နိုင်ခင်မှာပဲ.. အရိပ်လှိုင်းလုံးကြီးတစ်ခုက ရုတ်တရက် မြင့်တက်လာပြီး ပုံပျက်နေတဲ့ နံရံဆီကို လှိုင်းလုံးကြီးတစ်ခုလို အဟုန်နဲ့ ပြေးဝင်သွားခဲ့ပါတယ်..။ ပျက်စီးနေတဲ့ နေရာပေါ်မှာ အရိပ်တွေက ပျံ့နှံ့သွားပြီးနောက် တစ်မျိုးတစ်ဖုံအားဖြင့် မာကြောသွားကာ ယာယီထောက်တိုင်တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့တယ်..။
ဆန်နီ ဟာ အဲ့ဒီလောက် များပြားလှတဲ့ အရိပ်တွေကို ရုပ်လုံးပေါ်အောင် ထိန်းထားရတဲ့အတွက် အင်အားစိုက်ထုတ်လိုက်ရတာကြောင့် ညည်းညူလိုက်မိတယ်..။ သို့ပေမဲ့ ဒီယိုစိမ့်မှုကို ပိတ်ဆို့ဖို့က သူလုပ်ရမယ့် တစ်ခုတည်းသော အလုပ်ဆိုရင်တော့.. ဒါက သူ့ရဲ့ ကန့်သတ်ချက်အတွင်းမှာပဲ ရှိနေပါသေးတယ်..။
ပြဿနာက ချိုင့်ဝင်နေတဲ့ နံရံကြီးကို ပြင်းပြင်းထန်ထန် လာတိုက်နေတဲ့ အသံတွေက ရပ်မသွားတာပါပဲ..။ တစ်ခုပြီးတစ်ခု လာမှန်နေတာကြောင့် ယာဉ်ရပ်နားဝန်း တစ်ခုလုံး တုန်ခါနေခဲ့တယ်..။
ဆန်နီ ဟာ နံရံကြီးကို မပြိုလဲသွားအောင် တစ်ဖက်ကနေ ပြန်ပြီး ဖိအားပေးထားရပါတယ်..။ ဒါက ကြီးမားလှတဲ့ သစ်သားတုံးကြီးနဲ့ အပြင်ကနေ အဆက်မပြတ် ထုရိုက်နေတဲ့ ရဲတိုက်တံခါးကြီးကို အတွင်းကနေ ထောက်ထားရသလိုမျိုးပါပဲ..။
အရိပ်တွေကို ရုပ်လုံးပေါ်အောင် ထိန်းထားရတာ ခက်ခဲပေမဲ့.. ဒီလောက် များပြားတဲ့ အင်အားနဲ့ ရှေ့ကို အဆက်မပြတ် တွန်းကန်ထားဖို့က ပိုပြီး ခက်ခဲပါတယ်..။
ဆန်နီ ဟာ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး သူ့ရဲ့ လက်အောက်ငယ်သားတွေကို အားစိုက်ထားရတဲ့ အသံနဲ့ ပြောလိုက်တယ်..။
"ဒွန်း.. ငါ့ကို ကူပြီး ဒီထောက်တိုင်ကို နံရံမှာ ကပ်အောင် တွန်းထားပေး..။ ချီတင်.. မင်းရဲ့ စွမ်းရည် ကို သုံးပြီး အက်ကြောင်းတွေကို ပြင်ဖို့ ကြိုးစားကြည့်..။ လူစတာ.. ဒွန်း နဲ့ ချီတင် ဆီကို အဆီအနှစ်တွေ ထောက်ပံ့ပေးထား.. သူတို့ထဲက တစ်ယောက်ယောက် ဒါမှမဟုတ် နှစ်ယောက်လုံး အဆီအနှစ် ကုန်တော့မယ်ဆိုရင် မင်းရဲ့ အဆီအနှစ်တွေကို သူတို့ဆီ လွှဲပေးလိုက်.."
ယင်းနောက် သူက ယာဉ်ရပ်နားဝန်းထဲမှာ စုဝေးနေတဲ့ ကျန်တဲ့လူတွေဘက်ကို လှည့်ပြီး အမိန့်ပေး လိုက်ပါတယ်..။
"ဘာကို ငေးကြည့်နေကြတာလဲ.. အသုံးဝင်အောင် လုပ်ကြစမ်း ငတုံးတွေ..။ မင်းတို့ထဲက အသုံးဝင်တဲ့ စွမ်းရည် ရှိတဲ့ နိုးထသူ တွေရှိရင် တတ်နိုင်သမျှ ကူညီကြ..။ ဘာမှမလုပ်တတ်တဲ့ လူသာမန်တွေကလည်း.. ဒီစောက်ကျိုးနည်း နေရာထဲမှာ ကိရိယာတွေနဲ့ စက်ပစ္စည်းတွေ အများကြီး ရှိတယ်လေ..။လုံးဝ ငတုံး
ဆိုရင်တောင် ဒီပစ္စည်းတွေနဲ့ သင်္ဘောကိုယ်ထည်ကို ဘယ်လို ခိုင်မာအောင် လုပ်ရမလဲဆိုတာ ရှာတွေ့နိုင်မှာပဲ.. ဒီတော့..တစ်ခုခု လုပ်ကြစမ်း.."
လူတွေဟာ သူ့ကို ခနလောက် ကြောင်ကြည့်နေခဲ့ကြတယ်..။ ယင်းနောက်မှာတော့ ဒွန်း နဲ့ ချီတင် တို့ဟာ အရိပ်ထောက်တိုင်ဆီကို ပြေးသွားခဲ့ကြပါတယ်..။ ဒါကို မြင်တဲ့အခါမှာတော့ တခြားလူတွေလည်း စပြီး လှုပ်ရှားလာကြပါပြီ..။
နောက်ထပ် ဒိုင်းခနဲ အသံကြီးက ကျယ်ဝန်းလှတဲ့ နေရာကြီးထဲမှာ ထပ်ပြီး ဟည်းထွက်သွားပေမဲ့ ဘယ်သူမှ ဂရုမစိုက်ကြတော့ပါဘူး..။ ဆန်နီ က ပထမ တပ်မတော် ရဲ့ အဖွဲ့ဝင်တွေကို ကျောက်ရုပ်လို ဖြစ်စေခဲ့တဲ့ ကြောက်ရွံ့မှုတွေကို ဖယ်ရှားပေးလိုက်ပြီးတဲ့နောက်မှာ.. လူတိုင်းဟာ နံရံတွေ ခိုင်ခံ့နေအောင် လုပ်ဖို့အတွက် အလုပ်ရှုပ်သွားကြပါပြီ..။
အရိပ်ထုကြီးက ပိုပြီး ပျက်စီးနေတဲ့ နေရာကို အားဖြည့်ပေးထားတာကြောင့်.. တခြားနေရာတွေမှာ ပေါ်လာတဲ့ သေးငယ်တဲ့ ချိုင့်ခွက်လေးတွေကတော့ ပေါက်ထွက်မသွားအောင် ထိန်းထားဖို့ သူတို့အတွက် မခက်ခဲတော့ပါဘူး..။
လတ်တလော အကျပ်အတည်းကတော့ ကျော်လွန်သွားခဲ့ပါပြီ..။ ယာဉ်ရပ်နားဝန်းထဲက လူတွေလည်း အသက်ရှင်ခဲ့ကြပါတယ်..။
အခုတော့ လာမယ့် နာရီအနည်းငယ်အတွင်းမှာ သူတို့ ဆက်ပြီး အသက်ရှင်နိုင်ဦးမလားဆိုတာကို စောင့်ကြည့်ဖို့ပဲ ကျန်ပါတော့တယ်..။
...သူတို့ လုပ်နိုင်ခဲ့ကြတယ်..။
အရမ်းကို ပင်ပန်းဆိုးရွားလှတဲ့ တိုက်ပွဲကြီး ပြီးဆုံးသွားဖို့ ထာဝရလောက် ကြာမြင့်သွားတယ်လို့ ထင်ရတဲ့နောက်မှာတော့.. အပြင်ဘက်က တိုက်ပွဲဟာ အရှိန်လျော့သွားတဲ့ အရိပ်အယောင်တွေ စပြီး ပြလာခဲ့ပါတယ်..။ သူ့ရဲ့ အဆီအနှစ် ပမာဏ အတွက် စိုးရိမ်လာတဲ့ ဆန်နီ ဟာ သက်သာရာရစွာ သက်ပြင်းချလိုက်မိပါတယ်..။
အပေါ်ထပ် ကုန်းပတ်ပေါ်မှာရှိနေတဲ့ သူ့ရဲ့ အရိပ်ကတစ်ဆင့် ကြည့်လိုက်တဲ့အခါမှာတော့.. စစ်ရေယာဉ်စုကြီးဟာ သမုဒ္ဒရာ မျက်နှာပြင်ပေါ်မှာ စွန်းထင်းနေတဲ့ ကြီးမားလှတဲ့ အနက်ရောင်ရေပြင်ကြီးထဲကနေ လွတ်မြောက်လာတာကို သူ မြင်ရပါတယ်..။ အမြောက်တွေကလည်း သူတို့ရဲ့ ဗုံးကြဲမှုကို ဖြည်းဖြည်းချင်း ရပ်တန့်လိုက်ကြပြီး.. စစ်သင်္ဘောပေါ်က အဖွဲ့သားတွေကလည်း ပျက်စီးမှုတွေကို စတင် စစ်ဆေးနေကြပါပြီ..။
ရေနက်ပိုင်းထဲကနေ ကြီးမားတဲ့ ပုံသဏ္ဌာန်တစ်ခု မြင့်တက်လာပြီး ရေမျက်နှာပြင်ကို ခွဲထွက်ကာ လေထဲကို ခုန်တက်လိုက်ပါတယ်..။ ဆန်နီ ဟာ ကြောက်မက်ဖွယ်ကောင်းတဲ့ လူသတ်ဝေလငါး နဲ့ တူတဲ့ သတ္တဝါကြီးကို တစ်ချက် မြင်နေခဲ့ရတယ်..။ ဒီသတ္တဝါကြီးရဲ့ အဖြူအမည်း အရေခွံတွေက ဆုတ်ပြဲထွက်နေပြီး အမည်မသိ ကြမ်းတမ်းလှတဲ့ ရန်သူနဲ့ အပြင်းအထန် တိုက်ခိုက်ခဲ့ရတဲ့ အမှတ်အသားတွေ အများကြီး ရှိနေခဲ့ပါတယ်..။ ယင်းနောက်မှာတော့ ဒီအရာက တောက်ပသွားပြီး လူသားတစ်ယောက်ရဲ့ သေးငယ်တဲ့ ပုံရိပ်အဖြစ် ပြောင်းလဲသွားကာ.. အလံတင်သင်္ဘောရဲ့ ကုန်းပတ်ပေါ်ကို ပင်ပန်းနွမ်းနယ်စွာ တက်သွားပြီး ပျောက်ကွယ်သွားခဲ့တယ်..။
ရေထဲကနေ နောက်ထပ် လူရိပ်တွေ ထပ်ပေါ်လာကြပြီး စစ်ရေယာဉ်စုရဲ့ သင်္ဘောတွေပေါ်ကို ပြန်တက်လာခဲ့ကြပါတယ်..။ မာစတာ နေဗီ လည်း သူတို့ထဲမှာ ပါဝင်နေခဲ့တယ်..။
ချောမောခန့်ညားတဲ့ လူဟာ ဆန်နီရဲ့ အရိပ်ပုန်းနေတဲ့ နေရာနဲ့ မလှမ်းမကမ်းက ကုန်းပတ်ပေါ်ကို တက်လာပြီး ပင်ပန်းနွမ်းနယ်တဲ့ အမူအရာနဲ့ ထိုင်ချလိုက်ပါတယ်..။ သူ့ရဲ့ အနက်ရောင် ဆံပင်တွေကနေ ရေစက်တွေ ကျနေခဲ့တယ်..။ သူ့ရဲ့ ရေငုပ်ဝတ်စုံက ပထမဆုံး တွေ့တုန်းကထက် ပိုပြီး စုတ်ပြတ်နေပေမဲ့.. ညအိမ်တော် ရဲ့ အနွယ်ဝင်ဟာ ပြင်းထန်တဲ့ ဒဏ်ရာတွေ ရထားတဲ့ပုံ မရှိပါဘူး..။
မကြာခင်မှာပဲ အရှေ့ဘက် မိုးကုတ်စက်ဝိုင်းကနေ ထိုးထွက်လာတဲ့ ပထမဆုံး နေရောင်ခြည်အလင်းတန်းတွေကို ရောင်ပြန်ဟပ်ရင်း သူ့ရဲ့ ခရမ်းရောင် မျက်လုံးတွေက တောက်ပလာခဲ့ပါတယ်..။ နေ့သစ်တစ်ခု ရောက်ရှိလာခဲ့တာပါ..။
ကြောက်မက်ဖွယ်ကောင်းတဲ့ တိုက်ပွဲကြီးက ပြီးဆုံးသွားခဲ့ပါပြီ..။
အပိုင်း ( ၈၃၈ ) ပြီး၏။
အပိုင်း ( ၈၃၉ ) မသန့်စင်သောသွေး
နောက်ဆုံးမှာတော့ ကြီးမားလှတဲ့ သင်္ဘောအစင်း ၄၀ ထဲက တစ်စင်းမှ နစ်မြုပ်မသွားခဲ့ပါဘူး..။ အချို့ကတော့ သူတို့ရဲ့ သင်္ဘောကိုယ်ထည်မှာ အတော်အသင့် ပျက်စီးဒဏ်ရာတွေ ရခဲ့ပေမဲ့.. စစ်သင်္ဘောတွေရဲ့ စနစ် မြင့်မားမှုနဲ့ ခိုင်ခံ့လှတဲ့ အင်ဂျင်နီယာ နည်းပညာတွေကြောင့် နစ်မြုပ်မသွားအောင် တားဆီးနိုင်ခဲ့ပါတယ်..။
စစ်ရေယာဉ်စုကြီးဟာ ကြီးမားကျယ်ပြန့်လှတဲ့ အနက်ရောင်ရေပြင်ကြီးထဲကနေ လွတ်မြောက်လာတာနဲ့ တစ်ပြိုင်နက်.. အရှိန်မလျှော့ဘဲ တောင်ဘက်ကို ဆက်လက် ဦးတည်မောင်းနှင်ခဲ့ကြတယ်..။အမှန်တော့ စစ်ရေယာဉ်စုရဲ့ အရှိန်ကို ပိုမိုမြှင့်တင်ဖို့ နဲ့ အနောက်မှာ ကျန်ရစ်ခဲ့တဲ့ အန္တရာယ်တွေရဲ့ အဝေးကို မြန်မြန်ဆန်ဆန် ဖြတ်ကျော်ဖို့အတွက်.. နျူကလီးယား ဓာတ်ပေါင်းဖိုတွေကိုတောင် ဝန်ပိုအခြေအနေအထိ ပို့ဆောင်မောင်းနှင်ခဲ့ကြတာပါ..။
ထိခိုက်ခံထားရးတဲ့ သင်္ဘောတွေဟာ လှိုင်းလုံးတွေကို ဖြတ်ကျော်နေစဉ်မှာပဲ.. သင်္ဘောကိုယ်ထည်ရဲ့ ဆုတ်ပြဲသွားတဲ့ အစိတ်အပိုင်းတွေကို ပြန်လည်ဖာထေးဖို့အတွက် သင်္ဘောသား ထောင်ပေါင်းများစွာကို ပြုပြင်ရေးအဖွဲ့တွေအဖြစ် တာဝန်ပေးအပ်ခဲ့ပါတယ်..။ သူတို့ထဲက ဘယ်သူမှ သင်္ဘောကြီးက ခရီးဆက်နေဆဲ ဖြစ်တယ်ဆိုတဲ့ အချက်ကို ဂရုမစိုက်ကြပါဘူး..။ ဒါကတော့ ဒီလို အန္တရာယ်များတဲ့ အလုပ်မျိုးဟာ သူတို့အတွက် အသစ်အဆန်း မဟုတ်တော့ဘူးဆိုတာကို ပြသနေခဲ့တာပါ..။
စီတန်းထားတဲ့ အမြောက်တွေကိုလည်း စစ်ဆေးပြီး ကျည်ပြန်ဖြည့်ထားကြပါတယ်..။ ဒုံးကျည်အသစ်တွေနဲ့ တော်ပီဒိုတွေကိုလည်း အလွတ်ဖြစ်နေတဲ့ နေရာတွေမှာ အစားထိုး ထည့်သွင်းလိုက်ကြတယ်..။ ဒဏ်ရာရသူတွေကို ဆေးရုံဆောင်တွေဆီ ပို့ဆောင်ပေးခဲ့သလို သေဆုံးသွားသူတွေကိုတော့ ပင်လယ်ပြင်မှာပဲ သင်္ဂြိုဟ်ပေးခဲ့ပါတယ်..။ တိုက်ပွဲရဲ့ အတိုင်းအတာက ထိတ်လန့်စရာကောင်းလောက်အောင် ကြီးမားပေမဲ့လည်း.. လူအများကြီး မသေဆုံးခဲ့တာကတော့ ကံကောင်းတယ်လို့ ဆိုရမှာပါ..။
တကယ်လို့ ညအိမ်တော် ရဲ့ နိုးထသူ တွေသာ အချိန်မီ မလှုပ်ရှားခဲ့ရင်.. အခြေအနေတွေက တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားနိုင်ပါတယ်..။
ရက်အနည်းငယ် ကြာပြီးတဲ့နောက်မှာတော့.. ဆန်နီ ဟာ ဒဏ်ရာဒဏ်ချက်တွေ ပြည့်နေတဲ့ စစ်သင်္ဘောကြီးရဲ့ အရာရှိနားနေဆောင်မှာ မာစတာ နေဗီ နဲ့ စကားပြောရင်း အနားယူနေခဲ့တယ်..။ သင်္ဘောပေါ်မှာ တခြား တက်ရောက်သူ အဆင့်တွေ မရှိတာကြောင့် သူတို့နှစ်ယောက်ဟာ တစ်ခါတစ်လေမှာ အချင်းချင်း အဖော်ပြုပေးဖြစ်ကြတာများပါတယ်.။
"...ဒီတော့..ဘာပဲဖြစ်ဖြစ် အဲဒီဘီလူးကြီးက သူ့ရဲ့ တူနဲ့ ရွံစရာကောင်းတဲ့ ဦးခေါင်းခွံကြီးကို ထုချပစ်လိုက်တာပဲ..။ ဝုန်းခနဲပဲ..။ ကျုပ် ပြောပြမယ်.. အဲ့တုန်းက ကျုပ် ဘောင်းဘီက ရေတွေနဲ့ စိုနေပြီးသား ဖြစ်နေလို့ တော်သေးတာပေါ့..။အဲ့သတ္တဝါ သေလား မသေဘူးလားဆိုတာ ကျုပ် သေချာမသိပေမဲ့.. အဲဒီနောက်ပိုင်းမှာ သူက ကျုပ်တို့ကို လာမနှောင့်ယှက်တော့ဘူး.."
ကြီးမြတ်တဲ့ ကလန် ရဲ့ အနွယ်ဝင်ဟာ သူ့ကို စိတ်ဝင်တစားနဲ့ ကြည့်နေခဲ့ပါတယ်..။
"ဒါဆို မေ့ပျောက်ကုန်းမြေ ရဲ့ အမှောင်ပင်လယ်က အနည်းဆုံးတော့ အဆင့်မြင့် တိုက်တန် တစ်ကောင်ပဲ ဖြစ်ရမယ်.."
ဆန်နီ ပခုံးတွန့်ပြလိုက်တယ်..။
"ကျုပ်လည်း အဲလိုပဲ ထင်တာပဲ..။ ဒါပေမဲ့ ဘယ်သူက သေချာ ပြောနိုင်မှာလဲ..။ အဲ့နေရာ တစ်ခုလုံးက ထူးဆန်းနေတာလေ.."
သူ ခနလောက် တုံ့ဆိုင်းနေပြီးမှ မေးလိုက်ပါတယ်..။
"အဲဒါက အခု အနက်ရောင်ရေတွေနဲ့ ဆက်စပ်နေတယ်လို့ ခင်ဗျား ထင်လား..။ အခုဟာက ဘာကြီးလဲ..."
နေဗီ ရဲ့ အမူအရာက အနည်းငယ် သုန်မုန် သွားခဲ့တယ်..။
"အင်း.. တကယ်တော့ ဘယ်သူမှ သေချာ မသိကြဘူး..။ အနက်ရောင်ရေပြင် နဲ့ ငါတို့ အကြိမ်ကြိမ် ဆုံဖူးတယ်.. တကယ့်ကမ္ဘာမှာရော အိပ်မက်ကမ္ဘာ ထဲမှာရောပေါ့..။ အဲဒါက မုန်တိုင်းပင်လယ် ထဲမှာ အထင်ရှားဆုံး အန္တရာယ်တွေထဲက တစ်ခုပဲ..။ တချို့က ဒါကို အိပ်မက်ဆိုး သတ္တဝါ အမျိုးအစား တစ်ခုလို့ ထင်ကြသလို.. တချို့ကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်းထောင်ချီက အပိုင်းပိုင်း ပြတ်သွားခဲ့တဲ့ အစွမ်းထက်လှတဲ့ တယ်ရာ တစ်ကောင်လို့ ထင်ကြတယ်..။ တချို့ကတော့ ရှေးဟောင်းခေတ်က သေဆုံးသွားခဲ့တဲ့ တိုက်တန် တစ်ကောင်ရဲ့ သွေးတွေလို့တောင် ထင်ကြတာပေါ့.."
သူက ခေါင်းခါရင်း သက်ပြင်းချလိုက်တယ်..။
"ဘာပဲဖြစ်ဖြစ်.. အဲ့အရာကို ရှောင်တာ အကောင်းဆုံးပဲလို့ အားလုံးက သဘောတူထားကြတယ်..။ အနက်ရောင်ရေပြင် က အမှန်တက
ယ် အသိစိတ်ရှိတာ မဟုတ်တော့.. သူတို့ဆီကနေ ပုန်းကွယ်ဖို့က သိပ်မခက်ဘူးလေ..။ ပြဿနာက ဒီစစ်ရေယာဉ်စုက အရမ်းကြီးလွန်းနေတာပဲ..။ ဝိဥာဉ်တွေလည်း အများကြီး.. နိုးထသူ တွေလည်း အများကြီးဆိုတော့.. သူတို့ရဲ့ အနံ့က ရေပြင်ကိုရော အထဲမှာ နေထိုင်တဲ့ မိစ္ဆာကောင်တွေကိုပါ ဆွဲဆောင်လိုက်သလို ဖြစ်သွားတာပေါ့..။ ကံကောင်းချင်တော့ ဒီတစ်ခေါက်မှာ ဒီအကောင်တွေက သိပ်ပြီး အစွမ်းမထက်ကြဘူးလေ.."
ချောမောတဲ့ မာစတာ က ခနလောက် စဉ်းစားလိုက်တယ်..။
"ဒါပေမဲ့ အနက်ရောင်ရေပြင် က မင်းပြောတဲ့ မေ့ပျောက်ကုန်းမြေ ရဲ့ အမှောင်ပင်လယ်နဲ့တော့ တူမယ် မထင်ဘူး..။ အပေါ်ယံကြည့်ရင် ဆင်တူသလို ရှိပေမဲ့.. မင်းတို့ဆုံခဲ့တဲ့ ပင်လယ်က ပိုပြီး ကျယ်ပြန့်သလို ပိုလည်း စွမ်းအားကြီးတယ်..။ မင်းတို့ သူငယ်ချင်းတစ်စုက အိပ်စက်သူ ဘဝနဲ့တင် ဒီအရာကို ချိတ်ပိတ်နိုင်ခဲ့တာကတော့ တကယ့်ကို အံ့ဩစရာပါပဲ.."
ဆန်နီ က နေဗီ ကို တည်ငြိမ်တဲ့ အမူအရာနဲ့ ကြည့်လိုက်တယ်..။
"ဒါက အံ့ဩစရာ မဟုတ်ပါဘူး..။ အမှောင်ပင်လယ်ကို နောက်ဆုံးမှာ ကျုပ်တို့ ချိတ်ပိတ်နိုင်ဖို့အတွက်..ဆယ်စုနှစ် နှစ်ခုအတွင်းမှာတင် မေ့ပျောက်ကုန်းမြေ ပေါ်မှာ လူငယ် ထောင်ပေါင်းများစွာ အသက်ပေးခဲ့ကြရတယ်လေ..။သူတို့က ကျုပ်တို့လိုအပ်တဲ့ လျိုဝှက်ချက်တွေ ရှာပေးသွားကြတာ..။ သူတို့သာ အသက်ရှင်ခဲ့မယ်ဆိုရင် အခုအချိန်မှာ လူသားထုရဲ့ ထောက်တိုင်တွေ ဖြစ်နေကြမှာပေါ့..။ ကျုပ်တို့က သူတို့ စတင်ခဲ့တာကို အဆုံးသတ်ပေးလိုက်ရုံတင်ပါ.."
ပထမဆုံး အရှင်သခင်နဲ့ သူ့ရဲ့ အဖွဲ့ဝင်တွေ.. အိပ်မက်တပ်မတော် ရဲ့ အဖွဲ့ဝင်တွေ.. ဂန်လောင် နဲ့ သူ့ရဲ့ လက်အောက်ငယ်သားတွေအထိ..။ သူတို့ရဲ့ ပါဝင်ကူညီမှုတွေသာ မရှိခဲ့ရင် နစ်ဖီ နဲ့ ဆန်နီ တို့ဟာ ကြက်သွေးရောင် မျှော်စင်ကို ဝန်းရံတိုက်ခိုက်ပြီး သိမ်းပိုက်နိုင်ခဲ့မှာ မဟုတ်ပါဘူး..။
ညအိမ်တော် ရဲ့ အနွယ်ဝင်က သက်ပြင်းချလိုက်တယ်..။
"ပြဿနာ အတော်များများကိုတော့ လုံလောက်တဲ့ လူအင်အား စတေးပြီးသွားရင် ဖြေရှင်းလို့ ရသွားတာ ချည်းပဲလေ..။ အန္တာတိက စစ်ဆင်ရေးကတော့ ဒါနဲ့ ကွဲပြားလိမ့်မယ်လို့ မျှော်လင့်ရတာပဲ.."
ဒါက ကွဲပြားမှကို ရမှာပါ..။ ဘာလို့လဲဆိုတော့ ဒီလောက်ကြီးမားတဲ့ ပြဿနာမျိုးကို စတေးဖို့အတွက် ဘယ်လောက်ပဲ လူအင်အား သုံးပါစေ လုံလောက်မှာ မဟုတ်လို့ပါပဲ..။
ဆန်နီ မျက်နှာပျက်သွားခဲ့တယ်..။
"ဒါနဲ့.. ကျွန်တော်တို့ အဲ့ဒီကို ရောက်ဖို့ ဘယ်လောက် လိုသေးလဲ.."
နေဗီ က ကိုယ်နေဟန်ထားကို အနည်းငယ် ပြင်လိုက်ပြီး ပြုံးပြလိုက်တယ်..။
"အခြေအနေတွေကတော့ ကောင်းပါတယ်..။ အားလုံး အဆင်ပြေမယ်ဆိုရင် အလွန်ဆုံး တစ်ပတ်ပေါ့.."
ယင်းနောက် သူက ရှေ့ကို အနည်းငယ် ကိုင်းလိုက်ပြီး ထပ်ပြောလိုက်တယ်..။
"အိုး.. စကားမစပ်.. ငါ သတင်းတစ်ခု ရထားတယ်..။ အစိုးရက လာမယ့် ရက်အနည်းငယ်အတွင်းမှာ စေတနာ့ဝန်ထမ်း စစ်သားစုဆောင်းမှုကို ကြေညာတော့မယ်တဲ့..။ မင်းတို့ ကုန်းပေါ် ရောက်တဲ့အချိန်လောက်ဆိုရင် ဒုတိယမြောက် ကယ်ဆယ်ရေးတပ်မတော် က စပြီး ဖွဲ့စည်းနေလောက်ပြီ.."
ဆန်နီ က သူ့ကို သံသယရှိတဲ့ အကြည့်နဲ့ ကြည့်လိုက်ပါတယ်..။
"ဒါက ကောင်းတာပေါ့..။ ဒါပေမဲ့ အဲဒီတပ်က ကျွန်တော်တို့ဆီကို အချိန်မီ ရောက်လာပြီး အားဖြည့်ပေးနိုင်မယ်လို့တော့ မထင်ဘူး..။ ဒီလိုမျိုး ကိစ္စတွေက အချိန်အများကြီး ယူရတာလေ..။ ပြီးတော့ အစိုးရမှာ ရှိသမျှ အတော်ဆုံးနဲ့ အကောင်းဆုံး လူတွေကလည်း အခု ဒီသင်္ဘောတွေပေါ်မှာ ရောက်နေကြပြီပဲ..။အမွေအနှစ်ကလန် တွေကသာ ဘေးထွက်နေကြဦးမယ်ဆိုရင်တော့.. ဒီစစ်ကူတွေကလည်း သိပ်ပြီး ထူးခြားလာမှာ မဟုတ်ပါဘူး.."
နေဗီ က ပခုံးတွန့်လိုက်တယ်..။
"အမွေအနှစ်ကလန် တွေက ဒီပွဲထဲကို ဝင်မလာပဲ နေမယ်လို့တော့ ငါ မထင်ဘူး.."
ဆန်နီ မျက်မှောင်ကျုတ်လိုက်တယ်..။
"ဆောင် ရော ဗာလာ ရောက ဒီစစ်ဆင်ရေးမှာ ပါဝင်ဖို့ စိတ်မဝင်စားကြဘူးလို့ ကျွန်တော် ကြားထားတယ်..။ခင်ဗျား တို့တွေက ဒီမှာ ကူညီပေးနေကြပေမဲ့ ညအိမ်တော် ကလည်း ကုန်းပေါ်တိုက်ပွဲတွေအတွက် စစ်သားတွေ ပို့မှာ မဟုတ်ဘူး မလား.."
နေဗီ က ခနလောက် တုံ့ဆိုင်းနေခဲ့တယ်..။
"ငါ့ရဲ့ မျိုးနွယ်စုက ပင်လယ်ပြင်မှာပဲ အသုံးဝင်ဆုံးပဲလေ..။ တခြား နှစ်ခုကတော့.. အမှန်ပဲ.. သူတို့က ပထမ တပ်မတော် ဆီကို အနည်းအကျဉ်းလောက်ပဲ လူပို့ထားကြတာ..။ အခုလောလောဆယ်တော့ သူတို့က ဝန်လေးနေသလို ဟန်ဆောင်နေကြတာလေ.."
သူက ခေါင်းခါယမ်းလိုက်တယ်..။
"ဒါပေမဲ့ သူတို့ရဲ့ ဟန်ဆောင်မှုတွေကြောင့် အရူးမလုပ်ခံပါနဲ့..။အမွေအနှစ် ကလန်တွေက ဒီတိုက်ပွဲထဲကို သေချာပေါက် ဝင်လာကြမှာပဲ..။ သူတို့တွေက ပထမလှိုင်းမှာ နဲ့.. ဒုတိယလှိုင်းတွေမှာတော့ ပါချင်မှ ပါလိမ့်မယ်.. ။ဒါပေမဲ့ သူတို့ ကျိန်းသေ လာကြမှာ.."
ဆန်နီ က သူ့ကို မယုံကြည်တဲ့ ပုံစံနဲ့ ကြည့်လိုက်ပါတယ်..။
"ဘာလို့ ဒီလို ပြောနိုင်တာလဲ.."
ခန့်ညားတဲ့ မာစတာ က ပြုံးရုံသာ ပြုံးပြလိုက်တယ်..။
"ကြီးကျယ်ခမ်းနားတဲ့ တိုက်ပွဲတစ်ခု ကို ငြင်းဆန်တဲ့ ကြီးမြတ်တဲ့ ကလန် မျိုးကို မင်း တွေ့ဖူးလို့လား.."
သူက နောက်ကို မှီလိုက်ပြီး ရယ်မောလိုက်ပါတယ်..။
"အထူးသဖြင့် ဒီတိုက်ပွဲထဲမှာ မရေမတွက်နိုင်တဲ့ ရတနာတွေ၊ တိုးတက်မှုတွေနဲ့ အောင်ပွဲရလဒ်တွေ အများကြီး ရနိုင်တဲ့အခါမျိုးမှာပေါ့..."
ဆန်နီ့ ရဲ့ အမူအရာက နက်မှောင်သွားခဲ့တယ်..။
ကလန်ကြီးတွေဟာ အာဏာနဲ့ အခွင့်အရေးနောက်ကို လိုက်ကြတယ်ဆိုတာ အမှန်ပါပဲ..။ အကယ်၍ ကျန်ရှိနေတဲ့ မျိုးနွယ်စုကြီး နှစ်ခုသာ အန္တာတိက စစ်ဆင်ရေးမှာ အမှန်တကယ် ပါဝင်လာကြမယ်ဆိုရင်.. တပ်မတော်ရဲ့ ဝန်ထုပ်ဝန်ပိုး အတော်များများကို လျှော့ချပေးနိုင်ပါလိမ့်မယ်..။
သို့ပေမယ်.. ဆောင်ကလန် နဲ့ ဗာလာကလန် ကြားက ပဋိပက္ခတွေအကြောင်း သူ သိထားတာနဲ့ဆိုရင်တော့...
သူတို့က လူသားထုကြီးကို ကူညီ တိုက်ခိုက်ပေးဖို့အတွက် အိပ်မက်ဆိုး ချိန်း တွေဆီကို ဝင်လာကြမှာလား.. ဒါမှမဟုတ် အန္တာတိက ကုန်းမြေကြီးက သူတို့ရဲ့ ကိုယ်ပိုင်စစ်ပွဲအတွက် အသင့်တော်ဆုံး စစ်မြေပြင် ဖြစ်လာနိုင်တာကြောင့်ပဲ ရောက်လာခဲ့ကြမှာလား..။
အပိုင်း ( ၈၃၉ ) ပြီး၏။
အပိုင်း ( ၈၄၀ ) ဆော်ဩ စည်းရုံးခြင်း
ရေတပ်စုကြီးက အန္တာတိက နဲ့ ပိုပိုပြီး နီးကပ်လာတာနဲ့အမျှ.. ဆန်နီ ဟာ သူ့ရဲ့ စစ်သားတွေပိုင်ဆိုင်တဲ့ မှတ်သားမှု တွေထဲမှာ ပိုမိုကောင်းမွန်တဲ့ ရက်လုပ်မူတွေ ၊ တိုးမြှင့်မူအသစ် တွေကို ထည့်သွင်းဖို့အတွက် အရှိန်မြှင့် ကြိုးစားခဲ့ရပါတယ်..။
သူ့ရဲ့ မှော်စွမ်အားနဲ့ ပတ်သက်ပြီး အခြေခံ အသိပညာတွေက အမှန်တကယ် အစွမ်းထက်တဲ့ အရာတစ်ခု ဖန်တီးဖို့အတွက် မလုံလောက်သေးပေမဲ့လည်း.. အဖွဲ့ရဲ့ လက်နက်တိုက်ကိုတော့ အလုံးစုံ အဆင့်မြှင့်တင်ပေးနိုင်ခဲ့ပါတယ်..။ သူပြုပြင်လိုက်တဲ့ အချက်တွေက သာမန်ပဲ ဆိုရင်တောင်.. အားလုံးက ပထမ အမြောက်တပ်ခွဲ ရင်ဆိုင်ရမယ့် တာဝန်တွေအတွက် ကိုက်ညီအောင်မူရှိအောင် လုပ်ထားတာပါ..။
ဆန်နီ ဟာ မှတ်သားမှု တွေကို သိသိသာသာ
ပို အစွမ်းထက်အောင် မလုပ်နိုင်ခဲ့ပေမဲ့.. အခြေအနေတွေနဲ့ ကိုက်ညီအောင် ပြုပြင်နိုင်ခဲ့သလို.. ပိုပြီး အရေးကြီးတာက အသုံးပြုမယ့်သူတွေနဲ့ တစ်သားတည်းဖြစ်အောင် လုပ်ပေးနိုင်ခဲ့ပါတယ်..။
ဒါနဲ့တင် လုံလောက်နေပါပြီ..။
အခုဆိုရင် သူ့ရဲ့ လက်အောက်ငယ်သားတွေ ကိုင်ဆောင်ထားတဲ့ မှတ်သားမှု အတော်များများဟာ သူ့မျက်စိထဲမှာတော့ အတော်လေး ထူးခြား နေခဲ့တယ်..။ တကယ်လို့ သူသာ ဒီအရာတွေကို ထိတွေ့ပြီး အတွင်းပိုင်းကို သေချာကြည့်လိုက်မယ်ဆိုရင်.. ပုံမှန်မြင်နေကျ နတ်ဘုရားအလင်းတန်းတွေ ၊ အရိပ်အဆီအနှစ်တွေ နဲ့ ပြုလုပ်ထားတဲ့ အလင်းမဲ့ ချည်မျှင်တွေ ပေါင်းစပ်ထားတဲ့ ထူးဆန်းတဲ့ ရက်လုပ်မှုတွေကို မြင်တွေ့ရမှာပါ..။ ဒီမြင်ကွင်းက ဆန်နီ ကို
သူကိုယ်တိုင် နဲ့ နစ်ဖီ တို့ကို ပြန်ပြီး သတိရစေပါတယ်..။
ပြောင်းလဲနေတဲ့ ကြယ်ပွင့် အကြောင်း ပြောရမယ်ဆိုရင်တော့...
စစ်ရေယာဉ်တွေ အန္တာတိက ကို မရောက်ခင် ရက်အနည်းငယ်အလိုမှာပဲ.. အစိုးရက ထုတ်ပြန်လိုက်တဲ့ အရေးပေါ် ကြေညာချက်ကြောင့် တစ်ကမ္ဘာလုံး တုန်လှုပ်သွားခဲ့ရပါတယ်..။ အမှန်အတိုင်း ပြောရရင်တော့ ဝါဒဖြန့်ချိရေး ယန္တရားကြီးက မကြာခင် ကျရောက်တော့မယ့် ကပ်ဘေးကြီးကို လူတွေ လက်ခံရလွယ်ကူပြီး စိတ်ဓာတ်တက်ကြွစေမယ့် ပုံစံမျိုးနဲ့ တင်ပြသွားခဲ့တာပါ..။
ဒါက သွေးချောင်းစီးမယ့် အတားအဆီးမဲ့ ဘေးအန္တရာယ်ကြီး တစ်ခုထက်စာရင်.. အိပ်မက်ဆိုး ချိန်းကြိုး တွေဟာ သူရဲကောင်းပီသမှု၊ ရဲစွမ်းသတ္တိနဲ့ လူသားတွေရဲ့ အောင်ပွဲအတွက် ခမ်းနားတဲ့ စင်မြင့်ကြီးတစ်ခု ဖြစ်တော့မယ့်အတိုင်းပါပဲ..။
သို့ပေမယ့် အစိုးရက ဘယ်လောက်ပဲ ကြိုးစားပါစေ.. လူတွေကို လှည့်စားဖို့ကတော့ မလွယ်ကူခဲ့ပါဘူး..။ဒီသတင်းက ပထမ ကယ်ဆယ်ရေးတပ်မတော် က စစ်သားတွေအတွက် ဘာမှ ထူးထူးခြားခြား ပြောင်းလဲသွားတာ မရှိပေမဲ့.. ကျန်တဲ့ ကမ္ဘာတစ်ဝှမ်းမှာတော့ ထိတ်လန့်တုန်လှုပ်မှုတွေ ပျံ့နှံ့နေပြီဆိုတာ ဆန်နီ သေချာပေါက် သိနေပါတယ်..။
တောင်ပိုင်းစတုတ္ထဝန်းရံခြင်း ရဲ့ လူနေထူထပ်တဲ့ မြို့ပြတွေကတော့ အဆိုးရွားဆုံး ပါပဲ ..။ အဲ့မှာ နေထိုင်တဲ့ လူတွေအနေနဲ့ ဘယ်အရာတွေကို ရင်ဆိုင်နေရလဲဆိုတာ သူ စိတ်တောင်မကူးနိုင်ပါဘူး.. ။ဒါပေမဲ့ တခြား တိုက်ကြီးတွေက လူတွေလည်း ကြောက်ရွံ့မှုတွေနဲ့ လွှမ်းမိုးနေလောက်ပါပြီ..။
အန္တာတိက မှာ ဒီလိုမျိုး ဖြစ်နိုင်တယ်ဆိုရင် တခြား နေရာတွေမှာလည်း ဖြစ်လာနိုင်တာပဲ မဟုတ်ဘူးလား..။ ဝိုင်းရံခံထားရတဲ့ တိုက်ကြီးကနေ ဒုက္ခသည် သန်းပေါင်းရာနဲ့ချီ ရောက်လာတဲ့အခါမှာ အခြေခံ အဆောက်အအုံတွေလည်း အကြီးအကျယ် ပျက်စီးတော့မှာပါ..။ တကယ်လို့ သူတို့ကို ကယ်ထုတ်နိုင်ခဲ့ရင်ပေါ့..။ တကယ်လို့ ကယ်ဆယ်ရေးသာ ကျရှုံးသွားခဲ့ရင် ဘယ်လိုဖြစ်လာမှာလဲ..။
သူတို့ဟာ မကြာခင်မှာ ကျန်တဲ့ လူသားထုကြီး နဲ့ အဆက်အသွယ် ပြတ်တောက်သွားတော့မယ်ဆိုတာကို သိနေတဲ့ တောင်အမေရိကက လူတွေရော ဘယ်လို ခံစားနေရမှာလဲ..။
...ဒီတုန်လှုပ်စရာ သတင်းကြောင့် ဘယ်သူမှ စိတ်အေးလက်အေး မနေနိုင်ကြပါဘူး..။
နစ်ဖီ နဲ့ ကျန်တဲ့ အဖွဲ့ဝင်တွေလည်း ဒီကြေညာချက်ကို မြင်တွေ့ပြီးလောက်ပါပြီ..။
လာမယ့် ရက်သတ္တပတ် အနည်းငယ်အတွင်းမှာ အခြေအနေတွေက အကြီးအကျယ် ရုန်းရင်းဆန်ခတ် ဖြစ်တော့မယ်ဆိုတာ သိနေတာကြောင့်.. ဆန်နီ ဟာ သူ့ရဲ့ အခန်းထဲကို ဝင်သွားပြီး အဆက်အသွယ်အသစ် တစ်ခု တည်ဆောက်ဖို့ အချိန်အနည်းငယ် ပေးကာ မျက်လုံးတွေကို မှိတ်လိုက်ပါတယ်..။
အိပ်မက်ကမ္ဘာ ရဲ့ ကျောက်ဆူးကို ရှာတွေ့ဖို့အတွက် မိနစ်အနည်းငယ်လောက် အာရုံစိုက်လိုက်ရတယ်..။ ယင်းနောက် သူ့ရဲ့ အဆီအနှစ်တွေကို မြန်ဆန်ပြီး ရှုပ်ထွေးတဲ့ ပုံစံအတိုင်း လှည့်ပတ်လိုက်တဲ့အခါမှာတော့.. သူက နေရာကနေ ပျောက်ကွယ်သွားခဲ့ပါတယ်..။
အခန်းလေးထဲမှာတော့ ရုတ်တရက် တိတ်ဆိတ်ပြီး ဟာလာဟင်းလင်း ဖြစ်ကာ ကျန်ရစ်နေခဲ့တယ်..။ လေထုထဲမှာတော့ အေးစိမ့်စိမ့်နဲ့ ထူးဆန်းတဲ့ ခံစားချက်တစ်ခုသာ ကျန်နေခဲ့ပါတယ်..။
............
ဆင်စွယ်ရောင် တာဝါ ဟာ ဆန်နီ နောက်ဆုံး ရောက်ခဲ့တဲ့ လအနည်းငယ်ကနေက အတိုင်း ရှိနေဆဲဖြစ်ပြီး အပြင်ပန်းအားဖြင့် သိပ်ပြီး ပြောင်းလဲသွားတာ မရှိပါဘူး..။
ကောင်းပြီလေ..သူက ဘာကို မျှော်လင့်နေတာလဲ..။ ဒီကြီးမားလှတဲ့ ဘုရားကျောင်းကြီးက နှစ်ပေါင်းထောင်ချီအောင် ဒီအတိုင်း ရှိနေခဲ့တာပဲ မဟငတ်ဘူးလား..။ဘာလို့.. အခုမှ ရုတ်တရက် ပြောင်းလဲသွားရမှာလဲ..။ မီးစောင့်ရှောက်သူတွေ က ဒါကို သူတို့ရဲ့ အိမ်အဖြစ် သတ်မှတ်ထားကြပေမဲ့လည်း.. သူတို့မှာ ဒီရှေးဟောင်း အဆောက်အအုံကြီးကို ပြန်ပြီး ပုံဖော်နိုင်စွမ်း မရှိကြပါဘူး..။
ဒါပေမဲ့ ကျွန်း ကိုယ်တိုင်ကတော့ အနည်းငယ် ထူးခြားနေခဲ့တယ်..။
သပ်ရပ်လှပတဲ့ သစ်သားခြံစည်းရိုးတွေနဲ့ ဝန်းရံထားတဲ့ ကြီးမားတဲ့ ဥယျာဉ်တစ်ခုကို ဆန်နီ သတိထားမိလိုက်တာကြောင့် အံ့ဩသွားခဲ့ပါတယ်..။ အတွင်းထဲမှာတော့ မြေဆီလွှာပေါ်မှာ ဟင်းသီးဟင်းရွက် အမျိုးမျိုး ပေါက်ရောက်နေခဲ့ကြတယ်..။ထပ်ပြောရရင် ဒီနေရာ ဟိုနေရာမှာလည်း သစ်သား အဆောက်အအုံတွေ အများကြီး ရှိနေပါသေးတယ်..။ တချို့က လေ့ကျင့်ရေးအတွက် ဖြစ်ပုံရပြီး တချို့ကတော့ ရိုးရှင်းတဲ့ စပါးကျီတွေနဲ့ တူပါတယ်..။ အားလုံးက ကြည့်ရတာ တစ်သားတည်း ဖြစ်နေသလိုပါပဲ..။
'ဒါတွေက ကာအို နဲ့ ရှက်ကီ တို့ရဲ့ လက်ရာပဲ ဖြစ်ရမယ်..'
ကတ်စီ ရဲ့ အရင်အဖွဲ့ဝင် နှစ်ယောက်က အရင်တုန်းက တောက်ပတဲ့ ရဲတိုက် ထဲမှာ လက်မှုပညာရှင်တွေ ဖြစ်ခဲ့ကြတာပါ..။ တစ်ယောက်က နိုးထသူ လက်သမားဖြစ်ပြီး နောက်တစ်ယောက်ကတော့ အပင်တွေနဲ့သက်ဆိုင်တဲ့ စွမ်းရည် ရှိတဲ့ ကီဒို ရဲ့ တပည့်ဖြစ်ပါတယ်..။
ဆင်စွယ်ရောင် ကျွန်း က အခုဆိုရင် လူနေထိုင်တဲ့ ပုံစံ ပိုပေါက်နေပါပြီ..။
ဒါတင်မကသေးဘဲ သူနဲ့ ရင်းနှီးပြီးသား သင်္ဘောတစ်စင်းကလည်း ရေကန် မျက်နှာပြင်ပေါ်မှာ ရှိနေပါတယ်..။ သူ့ရဲ့ အရင် ကပ္ပတိန် ပျောက်ကွယ်သွားခဲ့တာ နှစ်ပေါင်းထောင်ချီ ကြာခဲ့ပြီ ဖြစ်ပေမဲ့.. ဒီပျံသန်းနိုင်တဲ့ သင်္ဘောကတော့ အရင်အတိုင်းပါပဲ..။
ဆန်နီ သက်ပြင်းချလိုက်မိတယ်..။
သူက ရိုင်နို ကိုမြင်ပြီး တော်တော်လေး သဘောကျနေခဲ့တာပါ..။ ဒါပေမဲ့ အခု ဒီရှေးဟောင်းသင်္ဘောကြီးရဲ့ လှပတဲ့ ကိုယ်ထည် အချိုးအစားတွေကို ကြည့်လိုက်တဲ့အခါမှာတော့.. သူ့ရဲ့ သံချပ်ကာကားကြီးက သေးသိမ်ပြီး စုတ်ပြတ်နေသလို ခံစားလိုက်ရပါတယ်..။
'ဘာပဲဖြစ်ဖြစ်..ငါ့ ကားမှာက ရေပိုက်စနစ် ပိုကောင်းတယ်လေ..။ အဲဒါကမှ တကယ့် အရေးကြီးတဲ့ အချက်ပဲ..'
ဆန်နီ သူ့ကိုယ်သူ ပြန်အားပေးလိုက်ပြီး..လှပတဲ့ ကျွန်းကလေးရဲ့ အေးချမ်းမှုနဲ့ တိတ်ဆိတ်မူ ကို
ခနလောက် ခံစားလိုက်ကာ တာဝါ ဆီကို ဦးတည်လိုက်ပါတယ်..။
အဲ့အချိန်မှာပဲ သူ့ နောက်ကနေ မိုးခြိမ်းသလို အော်ဟစ်သံတစ်ခုက ထွက်ပေါ်လာခဲ့တယ်။
"ဆန်နီ.."
သူ အရှိန်လျှော့လိုက်ပြီး သတိထားကာ လှည့်ကြည့်လိုက်ပါတယ်..။
အယ်ဖီ က မြက်ခင်းစိမ်းတွေပေါ်မှာ ခြေလှမ်းကျဲကြီးတွေနဲ့ လျှောက်လာနေခဲ့တယ်..။ သူမရဲ့ မျက်လုံးတွေထဲမှာတော့ ပြင်းထန်တဲ့ ခံစားချက်တွေ တောက်လောင်နေခဲ့ပါတယ်..။
'အိုး.. အိုး..'
မုဆိုးမလေး သူ့ဆီ မရောက်ခင် စက္ကန့်ပိုင်းအလိုမှာပဲ.. မြက်ခင်းပေါ်မှာ မြန်ဆန်တဲ့ အရိပ်တစ်ခု ဖြတ်သန်းသွားပြီး ကိုင် က ရုတ်တရက် မြေပြင်ပေါ် ဆင်းသက်လာခဲ့တယ်..။ လေးသည်တော်ကတော့ စိုးရိမ်နေတဲ့ ပုံပါပဲ..။
"ဆန်နီ..."
အယ်ဖီ က သူ့ကို ကြားဖြတ်ပြီး လှမ်းအော်လိုက်ပါတယ်..။
"ဒါက ဘယ်လို ငရဲတွေလဲ ဆန်နီ..။ အန္တာတိက ဆိုတာက နင့်ရဲ့ လျှို့ဝှက်ချက်ကြီးလား..။ နင်က ငါတို့ကိုတောင် ဘာမှမပြောဘဲ.. စစ်ပွဲထဲကို ထွက်သွားတာလား.."
ဆန်နီ က သူတို့ကို ခနလောက် စိုက်ကြည့်နေပြီးမှ လည်ချောင်းကို ရှင်းလိုက်ပါတယ်..။
"...တကယ်တော့ နင်တို့လို မြို့သားတွေ အတွက် ငါက ကပ္ပတိန် ဆန်းလပ်စ် ဖြစ်နေပြီနော်..။ ကျေးဇူးပြုပြီး ယဉ်ယဥ်ကျေးကျေး ပြုမူပါ.."
အယ်ဖီ ရဲ့ မျက်လုံးတွေ ကျဥ်းမြောင်းသွားခဲ့တယ်..။
မုဆိုးမိန်းကလေးက သူတို့နှစ်ယောက်လုံး နောင်တရမယ့် အရာ တစ်ခုခုကို မလုပ်မိခင်မှာပဲ ..ဆန်နီ က လက်နှစ်ဖက်ကို မြှောက်လိုက်ပါတယ်..။
"ကောင်းပြီ..ကောင်းပြီ ။ဟုတ်တယ်.. ငါ အခု တောင်ပိုင်းစတုတ္ထဝန်းရံခြင်း မှာ ရောက်နေတာ..။ ဒါက ငါရဲ့ လျို့ဝှက်ချက် မဟုတ်ဘူးလေ ဟုတ်ပြီလား..။ အစိုးရက လျှို့ဝှက်သတင်းအချက်အလက်တွေနဲ့ ပတ်သက်ရင် အရမ်း တင်းကျပ်တယ်ဆိုတာ နင်တို့လည်း သိတာပဲ.."
သူ ခနလောက် တုံ့ဆိုင်းနေပြီးမှ ထပ်ပြောလိုက်တယ်..။
"ပြီးတော့.. နင်တို့လည်း ငါ့ဆီ လာလို့ မရတာမှ မဟုတ်တာ..။ ဒုတိယ စစ်တပ် က နာမည်ကြီး မာစတာ နှစ်ယောက်ကို ပိုင်ဆိုင်ခွင့် ရမယ်ဆိုရင် အရမ်း ဝမ်းသာမှာပဲ..။အသက်ပေးပြီး တာဝန်ထမ်းဆောင်တယ် ဆိုတာက စိတ်ဓာတ်ပျော့ညံ့တဲ့ သူတွေအတွက် မဟုတ်ဘူးလေ..။..ဒါပေမဲ့ ဒါပေါ့..အကျိုးအမြတ်တွေကတော့.. အသက်ပေးရကျိုး နပ်ပါတယ်..."
မုဆိုးမိန်းကလေးက သူ့ကို ဆွံ့အစွာနဲ့ ကြည့်နေခဲ့တယ်..။ နောက်ဆုံးမှာတော့ သူမက မျက်နှာကို လက်နဲ့ပွတ်လိုက်ပြီး ပြောလိုက်ပါတယ်..။
"ငတုံးလေး..မဟုတ်ဘူး ,..ဆောရီး..။
ကပ္ပတိန် ငတုံးလေး..နင်က ငါတို့ကို စစ်ထဲဝင်ဖို့ စည်းရုံးရေး ဆင်းနေတာလား.."
ဆန်နီ သူမကို အထက်အောက် ကြည့်လိုက်ပြီးမှ ပြုံးလိုက်တယ်..။
"ကောင်းပြီလေ..အဲလိုလည်း မဟုတ်ပါဘူး..။ ဒါပေမဲ့..နင်က ယူနီဖောင်းနဲ့ဆို အတော်လေး လိုက်မယ်လို့ ငါခံစားနေရတယ်..."
အပိုင်း ( ၈၄၀ ) ပြီး၏။