← Chapters

အခန်း (၉၅၅-၉၅၆)

Vol. 79 Ch. 955-956

အခန်း (၉၅၅-၉၅၆)

Vol. 79 Ch. 955-956

အခန်း ၉၅၅ - သတင်းအချက်အလက်ရောင်းချခြင်း၊ နိုင်ငံခြားသားများထံမှ အရင်ကောက်ခံခြင်း

“အားလုံး သတိထားကြဦး။ ကျွန်းပိုင်ရှင် ခုနကပြောသွားတာက ပိုက်ကွန်ထဲက လွတ်သွားတဲ့ ငါးလိုမျိုး ကျန်နေသေးတဲ့ကောင်တွေ ရှိနိုင်တယ်လို့ ဆိုထားတယ်။”

တာဝန်ခံက ပြောလိုက်သည်။

“ဟုတ်ကဲ့။”

အားလုံးက တုံ့ပြန်လိုက်ကြပြီးနောက် ကျွန်းပေါ်တွင် ဖြည်းဖြည်းချင်း စူးစမ်းရှာဖွေကြတော့သည်။

မကြာမီ ကျွန်းပေါ်သို့ တက်လာသော စစ်သားများသည် အရိုးစုများ၏ တိုက်ခိုက်မှုကို ကြုံတွေ့ခဲ့ရသော်လည်း အရေအတွက်မှာ အနည်းငယ်သာ ရှိတော့သည်။

ထိုအချိန်တွင် ရှောင်းယီသည် ကိုယ်ကျပ်ဝတ်စုံကို ချွတ်၍ စနစ်သိုလှောင်ခန်းထဲသို့ ပြန်ထည့်လိုက်ပြီးနောက် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုလိုက်သည်။

ဤကျွန်းသည် သေခြင်းအငွေ့အသက်များ ဖုံးလွှမ်းနေဆဲဖြစ်ရာ ရှောင်းယီကို အလွန်နေမသာမယာ ဖြစ်စေသည်။ သူသည် ခေါင်းခါလိုက်ပြီး မြို့ပြန်ကျောက်ကို ထုတ်ကာ မိမိ၏ အိပ်ခန်းသို့ တိုက်ရိုက်ပြန်လာခဲ့လိုက်တော့သည်။

သူ အိမ်နှင့်ဝေးနေသည်မှာ တစ်ညရှိပြီဖြစ်၍ သူ၏ အိပ်ရာကို တကယ်ပင် လွမ်းဆွတ်နေပြီဖြစ်သည်။

မြင့်မားသော အပူချိန်သည် အပင်များကို သေစေသည့် အဏုဇီဝပိုးမွှားများကို သတ်ပစ်နိုင်၏။ ထို့ကြောင့် အရိုးစုများ မရှိတော့ကြောင်း အတည်ပြုပြီးပါက မီးရှို့လိုက်ရုံသာ ရှိတော့သည်။

ထို့နောက်တွင် ရှောင်းယီသည် ပိုးသတ်ဆေးများပါ ပက်ဖျန်းရန် စီစဉ်ထားရာ ၎င်းသည် အဏုဇီဝပိုးမွှား ပြဿနာကို အပြီးသတ် ဖြေရှင်းနိုင်လိမ့်မည်ဖြစ်သည်။

သို့သော် သေခြင်းစွမ်းအင်ကိုတော့ သစ်ပင်ပန်းမန် စိုက်ပျိုးခြင်းဖြင့်သာ ပြန်လည် ကုစားရမည့်ပုံရသည်။

ဤသို့ ဟုတ်၊ မဟုတ်ကိုတော့ နောက်ပိုင်း စမ်းသပ်မှုများ လုပ်ဆောင်ပြီးမှသာ သိနိုင်မည်ဖြစ်သည်။

ကျန်းယွင်ထျန်းသည် ပိုင်ချီ၏ အစီရင်ခံစာကို လက်ခံရရှိပြီးနောက် မဟာမိတ်အဖွဲ့၏ အနောက်ဘက်ကျွန်းသည် မသေမျိုးကျွန်းတစ်ခုကို ဖြေရှင်းနိုင်ခဲ့ပြီဖြစ်ကြောင်း သိလိုက်ရသဖြင့် အခြေအနေ အသေးစိတ်ကို သိရှိရန် အလျင်အမြန် ရောက်ရှိလာခဲ့သည်။

“ပြုပြင်ထားတဲ့ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို သိမ်းပိုက်လို့ရတယ်။ ပြီးတော့ မသေမျိုးတွေ ထပ်ပေါ်လာမယ့် ပြဿနာကိုလည်း ဖယ်ရှားပေးတယ်ဆိုတော့ ဒါက မသေမျိုးတွေကို အမြစ်ပြတ် ရှင်းလင်းနိုင်တဲ့ နည်းလမ်းပဲ။”

ကျန်းယွင်ထျန်းက ပြောလိုက်သည်။

“ဟုတ်တယ်။ ကျွန်းပိုင်ရှင်ရဲ့ ဦးနှောက်က ဘယ်လို အလုပ်လုပ်သလဲတောင် မသိတော့ဘူး။ ဒီလိုနည်းလမ်းမျိုးကို ရှာတွေ့နိုင်တာ တကယ်ကို အံ့သြဖို့ကောင်းတယ်။”

ပိုင်ချီက စိတ်လှုပ်ရှားစွာ ရေရွတ်လိုက်သည်။

“ကျွန်းပိုင်ရှင်က ငါတို့ထက် အမြဲတမ်း ပိုပြီး အမြော်အမြင်ရှိတာပဲ မဟုတ်လား။ ငါတော့ ဒါတွေကို ကျင့်သားရနေပါပြီ။”

ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်သည်။

“ကောင်းပြီ... ဒီကိစ္စတွေကို မင်းပဲ ဆက်ကိုင်တွယ်လိုက်ဆော့။ ဒီမှာ အားလုံးပြီးသွားရင် အနောက်မြောက်ဘက်က ကျွန်းတွေကို သွားကူညီလိုက်ပါ။”

“ဟုတ်ကဲ့။”

ရှောင်းယီသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင် ရှေ့တွင် ထိုင်ကာ ခဏမျှ စဉ်းစားပြီးနောက် ယီထျန်းဂရုချက်ထဲတွင် ပြောလိုက်သည်။

“လက်ရှိ မသေမျိုးတိုက်ခိုက်မှုတွေကို အပြီးသတ် ဖြေရှင်းနိုင်မယ့် နည်းလမ်း ငါ့မှာ ရှိတယ်။ အဖွဲ့ထဲမှာ နိုင်ငံခြားသား သူလျှိုတွေ အများကြီး ရှိနေတာ ငါသိတယ်။ သူတို့ကို ပြောလိုက်ပါ။ ငါ့ကို အုတ်မြစ်ကျောက်တွေ ပေးမယ်ဆိုရင် ဒီနည်းလမ်းကို မျှဝေပေးမယ်။”

“အား သူဌေးက လန်းလိုက်တာ။ ဒီလောက် မြန်မြန်ဆန်ဆန် သိသွားပြီလား။”

“သူဌေး ကျုပ်တို့လည်း ပေးပါ့မယ်။ ကျုပ်တို့ကိုလည်း သင်ပေးပါဦး။”

“ဟုတ်တယ်။ နိုင်ငံခြားသားတွေကိုပဲ မပြောပါနဲ့။ ကိုယ့်လူမျိုးအချင်းချင်း ကူညီကြရအောင်။”

ထိုအခါ ရှောင်းယီက အေးအေးဆေးဆေးပင် ပြန်ပြောလိုက်သည်။

“မစိုးရိမ်ကြပါနဲ့။ သူတို့ကို အရင် ပေးခိုင်းလိုက်ဦးမယ်။”

“သူဌေးကတော့ ရှယ်ပဲ။ ဒီလို လက်ဝါးကြီးအုပ်ထာစတဲ့ စီးပွားရေးမျိုးက တကယ် အမြတ်ထွက်မှာ သေချာတယ်။”

“ဟုတ်တယ်၊ ဟုတ်တယ်။ သူဌေးရဲ့ အကွက်က အရမ်းလှတယ်။ အရင်တုန်းက နိုင်ငံခြားသားတွေ ငါတို့ ယီထျန်းအဖွဲ့ဆီကနေ ဘယ်လောက်တောင် အခွင့်အရေးယူခဲ့သလဲ။ အခု အဲ့ဒါတွေကို ပြန်ပေးရမယ့် အချိန်ပဲ။”

“မှန်တယ်။ အရင်တုန်းက သူဌေး ပေးခဲ့တဲ့ သတင်းအချက်အလက်တွေက ဘယ်တုန်းကမှ ပိုက်ဆံ မယူခဲ့ဖူးဘူး။”

နိုင်ငံခြားသား အသက်ရှင်ကျန်ရစ်သူများသည် ဤသတင်းကို ကြားသောအခါ အထင်သေးသည့် ပုံစံများ ပြသလာခဲ့ကြလေသည်။

“မင်းက မင်းရဲ့ လူမျိုးတွေကို မပြောဘဲ နေမှာမဟုတ်ဘူးဆိုတာ ငါတို့ မယုံဘူး။ ငါတို့ စောင့်ကြည့်ကြတာပေါ့။”

“ဟားဟားဟား ဟုတ်တယ်။ သူ တခြားလူတွေကို ပြောတာနဲ့ ငါတို့ ဒီသတင်းကို ရဖို့ အခွင့်အရေး ရှိလာမှာပဲ။ ကိစ္စမရှိဘူး။ ဘယ်သူက ပိုပြီး သည်းခံနိုင်မလဲဆိုတာ ကြည့်ကြတာပေါ့။”

“သူငယ်ချင်း။ဒီတစ်ခါတော့ ငါတို့မှာ စောင့်ဖို့ အချိန်မရှိဘူး။ အခု တရုတ်လူမျိုးတွေက ငါတို့ထက် ပိုပြီး အင်အားတောင့်တင်းနေပြီ။ ငါတို့သာ ဒီလို ဆက်ပြီး အချိန်ဆွဲနေရင် တောင့်ခံနိုင်တော့မှာ မဟုတ်ဘူးလို့ ငါထင်တယ်။”

ထိုအချိန်တွင် လွတ်လပ်သောနိုင်ငံမှ ဂိမ်းဗျူဟာ ကျွမ်းကျင်သူ ဂျေဘီသည် ရှောင်းယီကို သီးသန့်ချန်နယ်မှ ဆက်သွယ်လာခဲ့ပြီ ဖြစ်သည်။

“ယီရန်ပင်း အုတ်မြစ်ကျောက် ဘယ်လောက်လဲ။ ငါဝယ်မယ်။”

ဂျေဘီက တိုတိုတုတ်တုတ်ပင် ပြောလိုက်သည်။

“မလောပါနဲ့။ ကမ္ဘာ့ချန်နယ်မှာ အိုင်ဒီ ပေါင်း ၅ သောင်းကျော် ရှိသေးတယ်။ ငါ့ရည်မှန်းချက်က အိုင်ဒီတစ်ခုကို အုတ်မြစ်ကျောက် ၁၀၀ နှုန်းနဲ့ စုစုပေါင်း အုတ်မြစ်ကျောက် ၅ သန်း ရဖို့ပဲ။ လုံလောက်အောင် ရပြီဆိုရင် ငါ ကြေညာပေးမှာပါ။ လုံလောက်အောင် မရရင်တော့ ထားလိုက်တော့ပေါ့။ ဘာပဲဖြစ်ဖြစ် ငါတို့ တရုတ်မဟာမိတ်အဖွဲ့တွေက သေချာပေါက် တောင့်ခံနိုင်တယ်။”

ရှောင်းယီက ပြန်ဖြေလိုက်ပြီး ထိုတောင်းဆိုချက်ကို ယီထျန်းအဖွဲ့ထဲတွင်လည်း ပို့လိုက်လေသည်။

“သူဌေး ဒီနည်းလမ်းက တကယ် ကောင်းတယ်။ နိုင်ငံခြားသားတွေ ဘယ်လိုလုပ်မလဲဆိုတာ ငါ ဂရုမစိုက်ဘူး။ ဘာပဲဖြစ်ဖြစ် သူဌေးကို စုစုပေါင်းပမာဏ ပေးလိုက်။ လုံလောက်အောင် စုမိရင် မျှဝေပေး၊ မစုမိရင်တော့ ထားလိုက်တော့ပေါ့။ ဘာပဲဖြစ်ဖြစ် ငါတို့က ဒါကို ကိုင်တွယ်နိုင်တယ်။”

“ဟားဟား ဟုတ်တယ်။ ဘယ်သူက ပိုတောင့်ခံနိုင်မလဲ ကြည့်ကြသေးတာပေါ့။ အခုချိန်မှာ ငါတို့က အသာစီးရနေပြီ။”

“မှန်တယ်။ ကျုပ်ဆိုရင် ဒီနည်းလမ်းကို မသိရရင်တောင် သူဌေးရဲ့ ဆုံးဖြတ်ချက်ကို ထောက်ခံတယ်။”

ထိုအချိန်တွင် နိုင်ငံအသီးသီးသည် မိမိတို့၏ အစုအဖွဲ့ငယ်လေးများထဲတွင် စတင်ဆွေးနွေးကြတော့သည်။

“ငါတို့ အုတ်မြစ်ကျောက်တွေ ပေးသင့်လား။”

“မပေးနဲ့။ တစ်ယောက်ယောက်တော့ ငါတို့အစား ပေးမှာပဲ။ ငါတို့က ဘေးကနေ ထိုင်ကြည့်ပြီး အကျိုးအမြတ်ယူရုံပဲ။”

“ငါတို့နိုင်ငံက မဟာမိတ်အဖွဲ့ကြီးတွေကတော့ ငါတို့ကို အတူတူပါဝင်ဖို့ ဆွဲခေါ်မှာပဲ။ တကယ်လို့ ငြင်းဆန်ရင် အဲ့ဒီအဖွဲ့ကြီးတွေရဲ့ တိုက်ခိုက်မှုကို ခံရနိုင်တယ်။”

“ယီရန်ပင်းရဲ့ အကွက်က တကယ် ယုတ်မာတာပဲ။ ဒါက ငါတို့ကို အုတ်မြစ်ကျောက်တွေ အတင်းအကျပ် ထုတ်ပေးခိုင်းနေတာပဲ။”

ထိုအချိန်တွင် ဂျေဘီက ဝင်ပြောလိုက်သည်။

“တကယ်လို့ အားလုံးက အုတ်မြစ်ကျောက် မထုတ်ပေးချင်ဘူးဆိုရင် ငါတို့မဟာမိတ်အဖွဲ့ကပဲ အားလုံးအတွက် စိုက်ထုတ်ပေးလိုက်မယ်။ ဒါပေမဲ့ သတင်းအချက်အလက်ကိုတော့ မင်းတို့နဲ့ မျှဝေမှာမဟုတ်ဘူး။ မင်းတို့ဘာသာမင်းတို့ပဲ နည်းလမ်းရှာကြတော့။”

မကြာသေးမီက မသေမျိုးများ၏ တိုက်ခိုက်မှုသည် တစ်နေ့ထက်တစ်နေ့ ပိုမိုပြင်းထန်လာသည်ကို ထည့်သွင်းစဉ်းစားကာ သူတို့ ဝေခွဲမရဖြစ်နေကြသည်။

ခဏတာ ရုန်းကန်ပြီးနောက် နောက်ဆုံးတွင် လူတိုင်းသည် သတင်းအချက်အလက်ရရှိရန် အုတ်မြစ်ကျောက်များဖြင့် လဲလှယ်ရန် ဆုံးဖြတ်လိုက်ကြသည်။

ရှောင်းယီသည် နိုင်ငံခြား အိုင်ဒီများထံမှ လွှဲပြောင်းပေးလာသော အုတ်မြစ်ကျောက်များကို လျင်မြန်စွာ လက်ခံရရှိခဲ့ပြီး စုစုပေါင်း အရေအတွက်မှာ ငါးသန်းပင် ကျော်လွန်သွားခဲ့သည်။

“ကောင်းပြီ။ မင်းတို့ တကယ့်ကို မှန်ကန်တဲ့ ရွေးချယ်မှုတစ်ခုကို လုပ်ခဲ့တာပဲ။”

ရှောင်းယီက အများသုံးချန်နယ်တွင် ပြောလိုက်သည်။

“မသေမျိုတွေကို အပြီးသတ် ရှင်းလင်းနိုင်မယ့် နည်းလမ်းကို ခဏနေရင် ယီထျန်းအဖွဲ့ထဲမှာ ကြေညာပေးမယ်။ မင်းတို့ဘာသာမင်းတို့ သွားကြည့်လိုက်ကြပါ။”

ယီထျန်းအဖွဲ့ထဲသို့ ပြန်ရောက်သောအခါ အဖွဲ့ဝင်များသည်လည်း ထိုကိစ္စကို ဆွေးနွေးနေကြသည်။

“သူဌေးကို ဒီလိုမျိုး အမြဲတမ်း အလကား ပေးဆပ်ခိုင်းလို့ မဖြစ်ဘူး မဟုတ်လား။ သူဌေးက နိုင်ငံခြားသားတွေကို အိုင်ဒီတစ်ခုကို အုတ်မြစ်ကျောက် ၁၀၀ ကောက်တယ်ဆိုတော့ ငါတို့အဖွဲ့ထဲကလူတွေကလည်း သတင်းအချက်အလက်ရယူခအဖြစ် အိုင်ဒီတစ်ခုကို အုတ်မြစ်ကျောက် ၁၀ ခုလောက် ထုတ်ပေးရင် ဘယ်လိုလဲ။”

“အကြံကောင်းပဲ။ ငါသဘောတူတယ်။ အမြဲတမ်း အလကားပဲ ယူနေလို့ မကောင်းဘူး။”

“သဘောတူတယ်။ ဂရုထဲမှာ တိုက်ရိုက် အရောင်းအဝယ် စလုပ်ကြရအောင်။ အိုင်ဒီတစ်ခုကို ၁၀ခုဆိုတာ ဘာမှ မဟုတ်ပါဘူး။”

ခဏအတွင်းမှာပင် ယီထျန်းဂရာထဲတွင် သီးသန့်လဲလှယ်မှုများစွာ ပေါ်လာပြီး အားလုံးမှာ ယီရန်ပင်းထံသို့ လွှဲပြောင်းပေးထားကြခြင်း ဖြစ်သည်။

ရှောငယီသည်လည်း အားနာမနေတော့ဘဲ ပြောလိုက်သည်။

“ဒါဆိုရင် အားလုံးကို ကျေးဇူးတင်ပါတယ်။ မသေမျိုးတွေ တရစပ် ပြန်ပေါ်နေရတဲ့ အကြောင်းရင်းက ငါတို့နဲ့ နယ်နိမိတ်ချင်း ထိနေတဲ့ အဲ့ဒီမသေမျိုးကျွန်းက တကယ်တော့ အုတ်မြစ်ကျောက်ကျွန်းတစ်ခု ဖြစ်နေလို့ပဲ။”

“ဘာ...။ အဲ့ဒါကလည်း အုတ်မြစ်ကျောက်ကျွန်းတစ်ခု ဟုတ်လား။”

“ငါတော့ လုံးဝကို မရိပ်မိဘူး။ ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ။”

“အားလုံး ခဏလောက် တိတ်ပေးကြပါဦး။ သူဌေး စကားအဆုံးထိ ပြောပါစေဦး။ ပြီးမှ ဆွေးနွေးကြမယ် ဟုတ်ပြီလား။”

“ကောင်းပြီ၊ ကောင်းပြီ။ သူဌေး အရင်ပြောပါ။”

ထိုအခါ ရှောင်းယီက ဆက်ပြောလိုက်သည်။

“သူတို့ရဲ့ တရစပ် ပြန်ပေါ်လာတဲ့ ဂုဏ်သတ္တိကို ငါတို့ အရင်ကတည်းက သတိထားမိခဲ့လို့ အဲ့ဒီကျွန်းဟာ အုတ်မြစ်ကျောက်ကျွန်း ဖြစ်ရမယ်၊ ပြန်ပေါ်လာတဲ့ ဂုဏ်သတ္တိရှိတယ်ဆိုရင် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်လည်း ရှိရမယ်လို့ ငါခန့်မှန်းခဲ့တယ်။

အဲ့ဒါကြောင့် ငါတို့ ကျွန်းပေါ်မှာ ကျောက်တိုင်ကို လိုက်ရှာခဲ့ကြတယ်။ ကျောက်တိုင်ကို တွေ့တဲ့အခါမှာ အဲ့ဒီကျောက်တိုင်ဟာ သေခြင်းစွမ်းအင်တွေရဲ့ ကျူးကျော်မှုကို ခံထားရတာကို တွေ့ခဲ့ရတယ်။ အဲ့ဒါကြောင့် သူက မသေမျိုးတွေကို မပြတ်တမ်း ထုတ်လွှတ်နေတာပဲ။”

ထိုအခါမှသာ လူတိုင်း ရုတ်တရက် နားလည်သွားကြသည်။

“တကယ်လို့ ဒီပြဿနာကို အပြီးသတ် ဖြေရှင်းချင်တယ်ဆိုရင်တော့ အဲ့ဒီကျောက်တိုင်မှာ ရှိနေတဲ့ သေခြင်းစွမ်းအင် ပြဿနာကို တိုက်ရိုက် ဖြေရှင်းလိုက်ရုံပဲ။ ဒါဆို ပြီးပြီ။”

ရှောင်းယီက ရိုးရှင်းစွာ ပြောလိုက်သည်။

“ဒါက လုပ်ရတာ တော်တော်ခက်မယ့်ပုံပဲ။”

“ဟုတ်တယ်။ ပထမဆုံးအနေနဲ့ အဲ့ဒီကျွန်းရဲ့ ကျောက်တိုင်ကို အရင်ရှာတွေ့ဖို့ လိုတယ်။ ကျွန်းက အရမ်းမကြီးသလို အရမ်းလည်း မသေးဘူး။ အချိန်တိုအတွင်း ကျောက်တိုင်ကို ရှာဖို့ဆိုတာ တကယ် ခက်ခဲတယ်။”

“မှန်တယ်။ ငါတို့လည်း ဖုတ်ကောင်ကျွန်းကို အကြိမ်ကြိမ် ပတ်ကြည့်ဖူးတယ်။ ကျောက်တိုင်ရဲ့ အရိပ်အယောင်တစ်ခုတောင် မတွေ့ခဲ့ရဘူး။”

အခန်း ၉၅၆ - အချက်အလက်မျှဝေခြင်း၊ ပြန်လည်တိုက်စစ်ဆင်ခြင်းနှင့် ငါးဖမ်းပိုက်ငှားရမ်းခြင်း

ရှောင်းယီက ဆက်ပြောလိုက်သည်။

“အဲ့ဒီကျွန်းက အရင်က အသက်ရှင်ကျန်ရစ်သူအဖွဲ့တွေ ချန်ထားခဲ့တာ ဖြစ်နိုင်တဲ့အတွက် သူတို့ရဲ့ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တွေဟာ တိုက်စားပျက်စီးသွားတဲ့ အဆောက်အဦးတွေအောက်မှာ နစ်မြုပ်နေတာမျိုး ဖြစ်နိုင်တယ်။”

“အမ်... ဒါဆိုရင် ငါတို့က အဲ့ဒါတွေကို တစ်လက်မချင်း လိုက်တူးရမှာလား။ အဲ့ဒါက ပိုပြီးတော့တောင် မဖြစ်နိုင်တော့ဘူး။”

“ဟုတ်တယ်လေ။ အခု ခံစစ်စည်းမှာတင် မသေမျိုးမျိုးနွယ်တွေရဲ့ ကျူးကျော်မှုကို တားဆီးဖို့က တော်တော်လေး ခက်ခဲနေတာ။ အဲ့ဒီအပေါ်တက်ပြီး တူးခိုင်းတာတော့ လုံးဝ အလုပ်ဖြစ်မှာ မဟုတ်ဘူး။”

“မင်းတို့ကိုယ်တိုင် တက်တူးဖို့ဆိုတာတော့ တကယ်ကို မဖြစ်နိုင်ဘူး။ ဒါပေမဲ့ မင်းတို့အနေနဲ့ မီးပုံးပျံတွေကိုသုံးပြီး ကျည်ဆန်တွေ ကြဲချနိုင်တယ်၊ သဲနဲ့ မြေကြီးတွေကို ဗုံးခွဲပစ်လိုက်ရင် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တွေကို ရှာတွေ့နိုင်လိမ့်မယ်။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

“ဒါ တကယ့်အကြံကောင်းပဲ။”

လူတိုင်းက တစ်ပြိုင်နက် အာမေဍိတ်သံမျိား ထွက်လာခဲ့ကြ၏။

“ဒါ့အပြင် အသက်ရှင်ကျန်ရစ်သူ အများစုဟာ သူတို့ရဲ့ ကျောက်တိုင်တွေကို အလယ်ဗဟိုဧရိယာမှာပဲ ထားလေ့ရှိကြတယ်။ အဲ့ဒါကြောင့် အားလုံးက ဗဟိုချက်မနေရာကိုပဲ ရှာဖို့ လိုတယ်။”

ရှောင်းယီက ဆက်လက် သတိပေးလိုက်သည်။

“သူဌေးကြီးကတော့ သူဌေးကြီးပါပဲ။ ဘယ်လိုလုပ်ရမလဲဆိုတာကို အသေးစိတ် သင်ပေးသွားတယ်။ ဒီလောက်အထိ ‘အိမ်စာ’ ကူးခွင့်ရနေတာတောင် မပြီးမြောက်နိုင်သေးဘူးဆိုရင်တော့ ဒါက ငါတို့ရဲ့ အပြစ်ပဲ။”

“မှန်တယ်။ ငါ အခုချက်ချင်း ကျောက်တိုင်ကို လိုက်ရှာခိုင်းတော့မယ်။”

“သူဌေးကြီး ကျောက်တိုင်ကို တွေ့ပြီးရင် အဲ့ဒီအပေါ်က သေခြင်းစွမ်းအင်ကိုရော ဘယ်လို ဖယ်ရှားရမလဲ။”

တစ်ယောက်က လှမ်းမေးသည်။ ရှောင်းယီက ဆက်ပြောပြလိုက်သည်။

“တကယ်တော့ ကျောက်တိုင်ကို တွေ့ပြီးရင် ရွေးချယ်စရာ နှစ်ခုရှိတယ်။ တစ်ခုက တိုက်ရိုက် ရိုက်ခွဲပစ်ဖို့နဲ့ နောက်တစ်ခုက သေခြင်းစွမ်းအင်ကို ဖယ်ရှားဖို့ပဲ။”

“ဒါနဲ့ စကားမစပ်။ ငါ အခုမှ သတိရတယ်။ ကျည်ဆန်တွေ ကြဲချလိုက်ရင် ကျောက်တိုင်က ကွဲမသွားဘူးလား။”

“မင်းက ငတုံးလား။ ငါတို့ ပင်လယ်ပြင်တိုက်ပွဲတွေ ဒီလောက်ပြင်းထန်တာ၊ ကျည်ဆန်ထိလို့ ကျောက်တိုင် ကွဲသွားတာကို မင်းမြင်ဖူးလို့လား။”

“အဲ့ဒါလည်း ဟုတ်သားပဲ။ ဒါပေမဲ့ ငါတို့ ကျောက်တိုင်ကို ကိုင်လိုက်ရင် ဘာလို့ ‘သိမ်းပိုက်မလား’ ဒါမှမဟုတ် ‘ဖျက်ဆီးမလား’ ဆိုပြီး ရွေးခိုင်းတာလဲ။”

“အဲ့ဒါကိုတော့ ကမ္ဘာ့စည်းမျဉ်းတွေကိုပဲ သွားမေးလိုက်လေ။ ငါက ဘယ်လိုသိမှာလဲ။ စကားများမနေဘဲ သူဌေး ရှင်းပြနေတဲ့ သေခြင်းစွမ်းအင် ဖယ်ရှားနည်းကိုပဲ နားထောင်စမ်းပါ။”

သူတို့အချင်းချင်း အဖြေကို ဆွေးနွေးပြီးသွားသည်ကို တွေ့ရသဖြင့် ရှောင်းယီက ထပ်ရှင်းမပြတော့ဘဲ ဆက်ပြောလိုက်သည်။

“သေခြင်းစွမ်းအင်ကို ဖယ်ရှားဖို့ဆိုရင် ကျောက်တိုင်ပေါ်က အဏုဇီဝပိုးမွှားတွေကို သတ်နိုင်တဲ့ ပိုးသတ်ဆေးကို သုံးရမယ်။ အဲ့ဒါကို ကျောက်တိုင်ပေါ် လောင်းချလိုက်ရင် သူက အလိုအလျောက် စုပ်ယူသွားလိမ့်မယ်။ မင်းတို့အနေနဲ့ ပိုးသတ်ဆေးကို မပြတ်တမ်း ထောက်ပံ့ပေးနေရမယ်။ တစ်ချိန်တည်းမှာပဲ မသေမျိုးတွေက ကျောက်တိုင်ကို ပြန်ပြီးမြှုပ်ပစ်တာမျိုး မလုပ်နိုင်အောင် တားဆီးရမယ်။”

“မသေမျိုးတွေက ကျောက်တိုင်ကို ပြန်ပြီး‌ မြေမြှုပ်တတ်လို့လား။”

“ဟုတ်တယ်။ ငါတို့က ငါတို့ရဲ့ ကျောက်တိုင်တွေကို ကာကွယ်သလိုမျိုးပဲ သူတို့လည်း လုပ်တယ်။”

ရှောင်းယီက အတည်ပြုပေးလိုက်သည်။

“ပိုးသတ်ဆေး လောင်းပြီးရင်ကော နောက်ထပ် ဘာလုပ်ဖို့ လိုသေးလဲ။”

“စောင့်ရုံပဲ။ ကျောက်တိုင်က သူ့ဘာသာသူ ပြန်လည်ပြုပြင်ဖို့ တစ်ရက်နဲ့ တစ်ည ကြာလိမ့်မယ်။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

“အဲ့ဒီအခြေအနေကို တစ်ချိန်လုံး ထိန်းထားရမှာလား။ အဲ့ဒါက တော်တော်ခက်ခဲမှာပဲ။”

“ဟုတ်တယ်။ အဲ့ဒီလိုသာဆိုရင် ငါကတော့ တိုက်ရိုက် ရိုက်ခွဲပစ်တာကိုပဲ ပိုကြိုက်တယ်။ အဲ့ဒါက ပိုပြီး အလုပ်တွင်မယ် ထင်တယ်။”

“မှန်တယ်။ ရိုက်ခွဲပစ်တာက ပိုလွယ်တာပေါ့။ ဒါပေမဲ့ အဲ့ဒီလိုဆိုရင် ငါတို့ အုတ်မြစ်ကျောက်တွေ အများကြီး ဆုံးရှုံးသွားမှာ မဟုတ်ဘူးလား။”

“ဆုံးရှုံးတော့ရော ဘာဖြစ်လဲ။ အခုချိန်မှာတောင် လူတစ်ယောက်ကို အုတ်မြစ်ကျောက် တစ်ခုနှုန်းထက် ပိုပြီး ရှိနေကြတာပဲ။”

“ငါကတော့ နောက်ပိုင်းမှာ ဒီကျောက်တိုင်တွေက အသုံးဝင်လာမလားလို့ နည်းနည်း စိုးရိမ်မိတယ်။”

“မင်း စိုးရိမ်နေရင်တော့ သေခြင်းစွမ်းအင်ကို ဖယ်ရှားကြည့်ပေါ့။ သူဌေး ပေးထားတဲ့ နည်းလမ်းအတိုင်းဆိုရင်တော့ ကြီးကြီးမားမား ပြဿနာရှိမှာ မဟုတ်ပါဘူး။”

“အင်း... ဒါဆိုရင် ငါ သေခြင်းစွမ်းအင် ဖယ်ရှားဖို့ပဲ ကြိုးစားကြည့်တော့မယ်။”

“နေဦး နောက်ထပ် ပြဿနာတစ်ခု ရှိသေးတယ်။ ငါတို့ကသာ ဒီမှာ အားတက်သရော ပြောနေကြတာ။ ပိုးသတ်ဆေးကရော ဘယ်မှာလဲ။”

“သူဌေးဆီမှာ သေချာပေါက် ရှိမှာပေါ့။ ငါတို့ အုတ်မြစ်ကျောက်တွေနဲ့ တိုက်ရိုက် ဝယ်လိုက်ရုံပဲ။”

အားလုံးက ပိုးသတ်ဆေးအကြောင်း ဆွေးနွေးနေကြသည်ကို မြင်သောအခါ ရှောင်းယီသည် ဓာတ်ခွဲခန်းသို့ တိုက်ရိုက် ဖုန်းခေါ်ကာ မေးမြန်းကြည့်လိုက်သည်။

“ဒီပိုးသတ်ဆေး ထုတ်ဖို့အတွက် ဘယ်လောက်အထိ အရင်းအမြစ်တွေ လိုအပ်သလဲ။”

“အစီရင်ခံပါတယ် ကျွန်းပိုင်ရှင်။ လျှပ်စစ်ဓာတ်အား အနည်းငယ်ပဲ လိုအပ်ပါတယ်။ ကျုပ်တို့က စက်ကိရိယာတွေကို သုံးပြီး ဒီဓာတုပစ္စည်းတွေကို ပေါင်းစပ်ထုတ်လုပ်တာဖြစ်လို့ ကုန်ကျစရိတ်က အလွန်နည်းပါတယ်။”

ဓာတ်ခွဲခန်းမှ စက်ရုပ်က ပြန်ဖြေလာခဲ့သည်။

လျှပ်စစ်ဓာတ်အားဟူသည် ရှောင်းယီအတွက် ကုန်ကျစရိတ် မရှိသလောက်ပင် ဖြစ်သည်။ နျူကလီးယားဓာတ်အားပေးစက်ရုံသည် လက်ရှိတွင် လိုအပ်သည်ထက် ပိုလျှံစွာ ထုတ်လုပ်ပေးနေခြင်းဖြစ်သည်။

ရင်းနှီးမြှုပ်နှံမှု ကုန်ကျစရိတ် မရှိသလောက်ဖြစ်သဖြင့် ရှောင်းယီသည် ဂရုချက်တွင် ချက်ချင်း ကြေညာလိုက်တော့သည်။

“ပိုးသတ်ဆေး နှစ်တန်ကို အုတ်မြစ်ကျောက် ၁၀၀ နှုန်းနဲ့ ရောင်းပေးမယ်။ ပိုးသတ်ဆေး နှစ်တန်ဟာ ကျွန်းအထိမ်းအမှတ်ကျောက်တိုင် တစ်ခုက သေခြင်းစွမ်းအင်တွေကို ဖယ်ရှားဖို့ လုံလောက်တယ်။”

“အရမ်းကောင်းတာပဲ။ ကျုပ် ၁၈ တန် ဝယ်မယ်။ ကျုပ်ဆီမှာ မသေမျိုးကျွန်း ၉ ကျွန်းရှိတယ်။ အားလုံးကို သန့်စင်ကြည့်ပြီး ဘာဖြစ်လာမလဲဆိုတာ ကြည့်ချင်တယ်။”

“ကျုပ် ၈ တန် ယူမယ်။ အားလုံးကို သန့်စင်ဖို့က အရမ်းအလုပ်ရှုပ်လွန်းတယ်။ တစ်ဝက်ပဲ လုပ်တော့မယ်။”

“သူဌေး ကျုပ် အရင်ဆုံး ၆ တန် လိုချင်ပါတယ်။ သုံးလို့ကုန်မှပဲ ထပ်ဝယ်တော့မယ်။”

ရှောင်းယီသည် ဤကိစ္စကို ဆုဝမ်ထံ လွှဲပြောင်းပေးလိုက်ပြီး သူမကိုသာ ဆက်သွယ်ရန် လူတိုင်းကို ညွှန်ကြားလိုက်သည်။

တစ်ချိန်တည်းမှာပင် နိုင်ငံခြားအင်အားစု အများအပြားသည်လည်း ရှောင်းယီထံမှ ဝယ်ယူရန် တောင်းဆိုလာခဲ့ကြသည်။ ယီထျန်းအဖွဲ့ထဲတွင် ဝယ်ယူမှုကို ကန့်သတ်ထားသဖြင့် သူတို့သည် ထိုနေရာမှ အမြောက်အမြား ဝယ်ယူ၍ မရကြပေ။

ထိုနိုင်ငံခြားအင်အားစုများသည် ရှောင်းယီထံသို့ တိုက်ရိုက်တောင်းဆိုရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။

ရှောင်းယီသည် ဈေးနှုန်းကို ချက်ချင်း ဆယ်ဆမြှောက်၍ ရောင်းချလိုက်သည်။ ဈေးကြီးသည်ဟု ခံစားရသော်လည်း နိုင်ငံခြားမဟာမိတ်အဖွဲ့များတွင် ဓာတုဗေဒလုပ်ငန်း မရှိသေးသဖြင့် ဤပိုးသတ်ဆေးကို မထုတ်လုပ်နိုင်ကြပေ။ ထို့ကြောင့် အံကြိတ်ကာ ဝယ်ယူကြရတော့သည်။

ပိုးသတ်ဆေးအတွက် အရောင်းအဝယ်များ တရစပ် ဖြစ်နေသည်ကို ကြည့်ရင်း ရှောင်းယီက စိတ်လှုပ်ရှားစွာ သက်ပြင်းချလိုက်မိသည်။

“အရင်းမလိုတဲ့ စီးပွားရေးက တကယ်ကို အမြတ်ထွက်တာပဲ။ ဓာတုဗေဒလုပ်ငန်းတွေ ဘာလို့ ဒီလောက် ချမ်းသာကြသလဲဆိုတာ မဆန်းတော့ဘူး။ အလှကုန်တွေလိုပဲပေါ့။ သဘာဝပစ္စည်း ဒါမှမဟုတ် ဓာတုနည်းနဲ့ ပေါင်းစပ်ထားတာတွေကို ပုလင်းလေးထဲ ထည့်လိုက်ရုံနဲ့ ဈေးကြီးကြီး ရောင်းလို့ရတယ်။ တကယ့်ကို အမြတ်အကြီးစားပဲ။”

အမှန်စင်စစ် ဤပစ္စည်းများကို သုတေသနနှင့် ဖွံ့ဖြိုးရေး (R&D) လုပ်ဆောင်ရန် အချိန်နှင့် ငွေကြေး အမြောက်အမြား ကုန်ကျသည်ကိုတော့ ငြင်းပယ်၍ မရပေ။ ထို့ကြောင့် ထိုကုန်ကျစရိတ်များကို နောက်ဆုံးရောင်းဈေးတွင် ထည့်သွင်းတွက်ချက်ကြရခြင်း ဖြစ်သည်။

မကြာမီ ညဉ့်နက်လာ၏။ ယီရန်ပင်းမဟာမိတ်အဖွဲ့၏ ကျွန်းအထိမ်းအမှတ်ကျောက်တိုင် အားလုံးသည် ပြန်လည်ပြုပြင်နေသည့် အခြေအနေတွင် ရှိနေကြ လေသည်။ ယနေ့ည သန်းခေါင်ယံတွင် မသေမျိုးအသစ်များ ထပ်မံထွက်ပေါ်လာမည် မဟုတ်သော်လည်း မနေ့က ထွက်ပေါ်လာခဲ့သော အကောင်များမှာမူ ရှိနေဆဲပင်။

ခံစစ်စည်းပေါ်က ဖိအားများမှာ သိသိသာသာ လျော့နည်းသွားခဲ့သည်။ မသေမျိုးများကို တိုက်ခိုက်နေရင်း စကားစမြည်ပင် ပြောနိုင်သည့် အခြေအနေ ဖြစ်လာခဲ့သည်။

မသေမျိုးများသည် တိုက်ခိုက်လေလေ နည်းပါးသွားလေလေ ဖြစ်ပြီး သန်းခေါင်ယံ အချိန်တွင်တော့ အားလုံးကို အပြီးသတ် ချေမှုန်းနိုင်ခဲ့သည်။

ကျန်းယွင်ထျန်းထံမှ အစီရင်ခံစာကို ရရှိလိုက်သည်နှင့် ရှောင်းယီက ချက်ချင်း အမိန့်ပေးလိုက်တော့သည်။

“တပ်ဖွဲ့တွေအားလုံး မသေမျိုးကျွန်းထဲကို ဝင်ပြီး ရှာဖွေရေးလုပ်ကြ။ ထောင့်စေ့အောင် ရှာ။ ဖုတ်ကောင်တစ်ကောင်မှ ကျန်မနေစေနဲ့။”

“နားလည်ပါပြီ။”

ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်သည်။

ယီရန်ပင်းမဟာမိတ်အဖွဲ့သည် ပြန်လည်တိုက်စစ်ဆင်သည့် ခရုသင်းသံကို မှုတ်လိုက်ပြီ ဖြစ်သည်။

ထိုအချိန်တွင် အခြားမဟာမိတ်အဖွဲ့များမှာ ရေအောက်သတ္တဝါများ၏ တိုက်ခိုက်မှုကို ခံနေရပြီဖြစ်သည်။

နေ့ခင်းပိုင်းက တော်ပီဒိုများကြောင့် ရေအောက်သတ္တဝါ အများစု သေဆုံးသွားသော်လည်း ကျန်ရစ်နေသည့် အနည်းငယ်သော အကောင်များသည် အသက်ရှင်ကျန်ရစ်သူများ၏ ကျွန်းအုတ်မြစ်ကျောက်များကို စတင်တိုက်ခိုက်လာကြသည်။

“ဒီ... ဒီ ကျွန်းအုတ်မြစ်ကျောက် တိုက်ခိုက်ခံနေရပါသည်။ ကျေးဇူးပြု၍ ကျွန်းကို ကာကွယ်ပါ။”

ကျွန်းအထိမ်းအမှတ်ကျောက်တိုင်က သတိပေးချက်များ တရစပ် ထုတ်ပြန်လာခဲ့သည်။

တိုက်ခိုက်ခံရသည့် နေရာကို သိသည်နှင့် သူတို့ ချက်ချင်း အရေးယူကြတော့သည်။

လူအချို့သည် အဖွဲ့ဖွဲ့ကာ သတ္တုလှံရှည်များကို ကိုင်စွဲ၍ အုတ်မြစ်ကျောက် တိုက်ခိုက်ခံနေရသည့် နေရာသို့ ပြေးသွားကြ၏။

အခြားသူများသည်မူ ငါးဖမ်းပိုက်များကို ကိုင်ကာ အနီးအနားတွင် အသင့်စောင့်နေကြသည်။ ထိုပိုက်များသည် အဆင့်မြင့်မသေမျိုးများကို မဖမ်းနိုင်လျှင်တောင် အနည်းဆုံးတော့ သူတို့ကို ရစ်ပတ်နှောင့်ယှက်ထားနိုင်မည်ဖြစ်သည်။

“ဟူး...တော်သေးတယ်။ သူဌေးက နေ့ခင်းက တော်ပီဒိုတွေ ပေးလို့ ရေအောက်မသေမျိုး အတော်များများ သေသွားတာ။ မဟုတ်ရင်တော့ အခုအချိန်မှာ ရန်သူဝိုင်းတာကို တကယ် ခံနေရတော့မှာ။”

“ဟုတ်တယ်။ ဒီမသေမျိုးတွေက ဘယ်နေရာကိုမဆို ပုံစံမရှိဘဲ လျှောက်တိုက်နေတာပဲ။”

“ငါတော့သွားပြီ။ သူတို့တွေ ငါ့ရဲ့ ပင်မကျွန်းကြီးနားအထိ ရောက်လာကြပြီ။”

“ဒါက တော်တော်ခက်တာပဲ။ တစ်ယောက်ယောက်ဆီမှာ ငှားဖို့ ပိုကောင်းတဲ့ ငါးဖမ်းပိုက် ရှိလား။”

“ငါလည်း ပိုကောင်းတဲ့ ပိုက်တစ်ခု လိုချင်တယ်။”

ရှောင်းယီသည် အလိုအလျောက် ငါးဖမ်းပိုက်ကို မတင်ရသေးမီမှာပင် သီးသန့်စာတစ်စောင် ရောက်လာခဲ့လေသည်။

“ကျွန်းပိုင်ရှင်ရှောင်း ခင်ဗျားဆီမှာ အဆင့်မြင့် ငါးဖမ်းပိုက် ရှိလား။ ကျုပ်ကို တိုက်ခိုက်နေတဲ့ ရေအောက်မသေမျိုးတွေက S အဆင့်တွေ ဖြစ်နေလို့။”

တိလင်းထျန်းရှားက အကူအညီတောင်းသည့် စာကို ပို့လာခြင်း ဖြစ်သည်။

All Chapters