အခန်း (၉၆၁-၉၆၂)
Vol. 80 Ch. 961-962
အခန်း ၉၆၁ - အထူးစစ်သင်တန်း၊ အရင်းအမြစ်ရှားပါးမှုနှင့် ကုန်သွယ်မှုပုံစံပြောင်းလဲခြင်း
သို့သော် ဤအဆင့်မြင့်လက်နက်အမျိုးအစားသစ်များကို အကျိုးခံစားခွင့်နှစ်ဆရချိန်ကို မစောင့်ဘဲ ရောင်းချလိုက်ပါက အနည်းငယ် နစ်နာသွားပေလိမ့်မည်။
“ခြောက်လုံးပြူးတွေကို လောလောဆယ် အများပြည်သူဆီ မရောင်းချသေးဘူး။”
ရှောင်းယီက ကြေညာလိုက်သည်။
“လူတိုင်းအနေနဲ့ ဒီအခွင့်အရေးကို အသုံးချပြီး ကိုယ့်မဟာမိတ်အဖွဲ့ရဲ့ တိုက်ခိုက်ရေးစွမ်းရည်ကို မြှင့်တင်သင့်တယ်။ အဲ့ဒါမှသာ တကယ့်တိုးတက်မှုကို ရရှိလိမ့်မယ်။”
“ဟူး... သူဌေးက ဘာလို့ ဒီလောက်တောင် အလေးအနက်ထားနေတာလဲ။ နှစ်ရက်လောက် စောရောင်းလိုက်တာ ဘာမှမဖြစ်ပါဘူး။”
“ဒါပေမဲ့ သူဌေးရဲ့ လုပ်ပုံလုပ်နည်းကိုတော့ ငါသဘောတူတယ်။ ငါတို့တွေ သူ့ကိုပဲ ထာဝရမှီခိုနေလို့ မရဘူးလေ။ နောင်တစ်ချိန်မှာ သူသာမရှိတော့ရင် ဘယ်လိုလုပ်မလဲ။”
“ဖက် ဖက် ဖက်...။ မင်း ဘာနိမိတ်မရှိတာတွေ လာပြောနေတာလဲ။ သူဌေး မရှိတော့ရင် ဟုတ်လား။ မင်းသာ သေရင်သေသွားမယ်။ သူဌေးကတော့ ရှိနေဦးမှာကွ။”
“အဟမ်း... ငါ စကားမှားသွားတာပါ။ ငါဆိုလိုတာက သူဌေး နောက်ထပ်အဆင့်တစ်ခုကို တက်လှမ်းသွားပြီး ငါတို့က ဒီအဆင့်မှာပဲ ပိတ်မိနေခဲ့ရင် ဘယ်လိုလုပ်မလဲလို့ပါ။”
“အဲ့ဒါတော့ ဖြစ်နိုင်တယ်။ သူဌေးက ငါတို့ထက် အများကြီး ရှေ့ရောက်နေပြီ။ ငါတို့ တကယ့်ကို ကိုယ့်အဖွဲ့ကိုယ် သင်တန်းပေးဖို့ လိုနေပြီ။”
“ဟုတ်တယ်။ သူဌေးး ပြောသလိုပဲ လုပ်လိုက်တော့မယ်။ ငါ ရှေ့တန်းကိုသွားပြီး ကွပ်ကဲလိုက်ဦးမယ်။”
“ဟူး... ဒါဆိုရင်လည်း သူဌေး အမြန်ဆုံး စစ်တက္ကသိုလ်တစ်ခု ဖွင့်ပေးဖို့ မျှော်လင့်မိတယ်။ ငါတို့ မဟာမိတ်အဖွဲ့ တစ်ခုလုံးက အပျော်တမ်းသမားတွေချည်းပဲ။ တကယ့်ကို သင်တန်းပေးဖို့ လိုအပ်နေပြီ။”
အမှန်တကယ်တော့ ကျန်းယွင်ထျန်းသည် ပြင်ပသင်တန်းများအတွက် ဘာသာရပ်များကို စီစဉ်ပြီးသားဖြစ်သော်လည်း ရှောင်းယီက အကျိုးခံစားခွင့်နှစ်ဆရမည့်အချိန်ကို စောင့်ချင်သောကြောင့် ဆိုင်းငံ့ထားခြင်းဖြစ်သည်။
လူတိုင်းက ဤအကြောင်းကို ထပ်မံပြောဆိုလာကြသည်ကို မြင်သောအခါ ရှောင်းယီက ခဏမျှ စဉ်းစားပြီး ကျန်းယွင်ထျန်းကို သင်တန်းချက်ချင်းစတင်ရန် ဆုံးဖြတ်လိုက်တော့သည်။
အကြောင်းမှာ ဤသင်တန်းကို လာတက်သူ မည်သူမဆို ကြိုးစားအားထုတ်မည်ဆိုပါက သင်တန်းပါ အကြောင်းအရာများကို ပြန်ယူသွားပြီး မိမိတို့ မဟာမိတ်အဖွဲ့ရှိ အခြားသူများကို ပြန်လည်သင်ကြားပေးနိုင်သောကြောင့်ပင်။
ထို့ကြောင့် သင်တန်းသား အရေအတွက်မှာ အလွန်အမင်း များပြားလိမ့်မည်မဟုတ်ပေ။ ထိုသို့ဖြစ်ပါက အမြတ်အစွန်းမှာလည်း အလွန်အကျွံ ရှိမည်မဟုတ်သောကြောင့် အမြတ်အစွန်းအနည်းငယ်အတွက် နှစ်ဆအခြေအနေကို စောင့်နေရန် မလိုအပ်တော့ပေ။
ကျန်းယွင်ထျန်းကို စောစောစီးစီး စတင်ခိုင်းလိုက်ခြင်းက ရှားနိုင်ငံ အသက်ရှင်ကျန်ရစ်သူများ၏ ရှင်သန်နိုင်စွမ်းကို မြှင့်တင်ပေးရာ ရောက်မည်ဖြစ်သည်။
ထိုသို့တွေးတောပြီးနောက် ရှောင်းယီက အဖွဲ့ထဲတွင် ပြောလိုက်သည်။
“ကျုပ်တို့ မဟာမိတ်အဖွဲ့က အဆင်သင့်ဖြစ်နေပါပြီ။ လူတိုင်း စာရင်းပေးသွင်းနိုင်ပါတယ်။ အချိန်က ကန့်သတ်ချက်ရှိတဲ့အတွက် ဒါက ရေတိုသင်တန်းပဲ ဖြစ်ပါလိမ့်မယ်။ သင်တန်းချိန် သုံးရက်ကြာမြင့်မှာဖြစ်ပြီး တည်းခိုခန်း၊ အစားအသောက်နဲ့ သင်တန်းကြေး အားလုံးပေါင်း အုတ်မြစ်ကျောက်တစ်ထောင် ကျသင့်မှာဖြစ်ပါတယ်။”
“အုတ်မြစ်ကျောက်တစ်ထောင် ဟုတ်လား။ ဒါက နည်းနည်း ဈေးမကြီးလွန်းဘူးလား။”
“အဆင်ပြေပါတယ်။ ငါတို့ မဟာမိတ်အဖွဲ့က လူ ၅၀ စာရင်းပေးမယ်။ [အုတ်မြစ်ကျောက်] ၅၀၀၀၀ ကို ယီရန်ပင်းဆီ လွှဲလိုက်ပါပြီ။”
“ငါ့မှာ ပြောစရာတောင် မရှိတော့ဘူး။ အားလုံးက ဘယ်လိုလုပ်ပြီး ဒီလောက်ထိ ချမ်းသာနေကြတာလဲ။”
“တစ်ထောင်ဆိုတာ တကယ်တော့ နည်းနည်းတော့ ဈေးကြီးပေမဲ့ ပေးရတာနဲ့ တန်လိမ့်မယ်လို့ ငါယုံကြည်တယ်။ စဉ်းစားကြည့်လေ။ တကယ်လို့ မင်းသာ ယီရန်ပင်း မဟာမိတ်အဖွဲ့ရဲ့ နည်းပြတွေဆီက တကယ့်အနှစ်သာရတွေကို သင်ယူနိုင်ပြီး ပြန်ပြန့်ပွားအောင် လုပ်နိုင်မယ်ဆိုရင် မဟာမိတ်အဖွဲ့တစ်ခုလုံးရဲ့ တိုက်ခိုက်ရေးစွမ်းအားက အရည်အသွေးပိုင်းအရ တိုးတက်လာမှာပဲ။”
“အတိအကျပဲ။ ငါလည်း အဲ့ဒါကိုပဲ တွေးနေတာ။ ဒါပေမဲ့ လူတစ်ယောက်တည်း လွှတ်လိုက်ရင် သူ ကောင်းကောင်း သင်ယူနိုင်ပါ့မလားလို့ စိုးရိမ်မိတယ်။”
“ရိုးရိုးလေးပါပဲ။ အဆင့် အမြင့်ဆုံးလူကို လွှတ်လိုက်လေ။ ငါတို့ရဲ့ ရုပ်ခန္ဓာကြံ့ခိုင်မှုတွေ တိုးတက်လာတာက ခွန်အားနဲ့ အရှိန်တင် မဟုတ်ဘူးနော်။ မင်းတို့ရဲ့ မှတ်ဉာဏ်တွေပါ ပိုအားကောင်းလာတာကို သတိမထားမိကြဘူးလား။”
“အဲ့လိုပဲ ထင်တယ်။ ဒီစမ်းသပ်မှုတွေက တစ်ခုပြီးတစ်ခု လာနေတော့ ငါ အရမ်းအလုပ်များပြီး ကိုယ့်ကိုယ်ကိုယ် ပြောင်းလဲလာတာတောင် သတိမထားမိလိုက်ဘူး။”
“အလကား လျှောက်ပြောမနေနဲ့။ ‘တစ်ခုပြီးတစ်ခု’ ဆိုတာ ဆင်ခြေပဲ။ ပြီးခဲ့တဲ့အပတ်က မင်း ယီရန်ပင်း မဟာမိတ်အပန်းဖြေစခန်းမှာ အနည်းဆုံး သုံးရက်လောက် ကစားနေတာ ငါ မြင်သားပဲ။”
“အဲ... အဲ့ဒါက နည်းနည်း အပန်းဖြေတာပါကွာ။”
မဟာမိတ်အဖွဲ့ အများစုမှာ အထူးသင်တန်းအတွက်် ယီရန်ပင်းဘက်သို့ လာကြရန် နေရာနှစ်နေရာစာ စာရင်းပေးသွင်းခဲ့ကြသည်။
ရှောင်းယီက ကျန်းယွင်ထျန်းကို ဖုန်းဆက်ပြီး ပြင်ဆင်ထားရန် ပြောလိုက်သည်။
“စိတ်မပူပါနဲ့ ကျွန်းပိုင်ရှင်။ ကျုပ်တို့ ဒီသင်တန်းတွေကို အကြိမ်ပေါင်းများစွာ လုပ်ခဲ့ပြီးပါပြီ။ ကျုပ်တို့ သင်ကြားပေးခဲ့တာ လူသားတွေတင် မဟုတ်ဘူး။ လူပုတွေ၊ နတ်သူငယ်တွေ၊ သမန်းဝံပုလွေတွေနဲ့ တခြား မျိုးနွယ်စုတွေကိုပါ သင်ပေးခဲ့တာဆိုတော့ အတွေ့အကြုံ အများကြီး ရှိပါတယ်။”
ကျန်းယွင်ထျန်းက ပြုံးကာ ပြန်ဖြေလိုက်သည်။
“ကောင်းပြီ။ ဒါဆို မင်းကိုပဲ အပ်ထားလိုက်တော့မယ်။ ခဏနေရင် အထူးသင်တန်းတက်မယ့်သူတွေကို စစ်စခန်းဆီ တိုက်ရိုက် တည်နေရာကူးပြောင်းခိုင်းလိုက်မယ်။ မင်းဘက်က အဆင်သင့်ဖြစ်အောင် စီစဉ်ထားလိုက်တော့။”
ရှောင်းယီက ဆိုသည်။
“ဟုတ်ကဲ့။”
ကျန်းယွင်ထျန်းက ပြန်လည်ဖြေကြားပြီး ကျန်းရွှဲ့ကို အကြောင်းကြားလိုက်လေသည်။
“ငါ့ကိုသာ လွှဲထားလိုက်။”
ကျန်းရွှဲ့က တိုတိုတုတ်တုတ်ပင် ပြန်ဖြေလိုက်သည်။
ကျန်းယွင်ထျန်းသည် အထူးသင်တန်းတက်ရောက်မည့်သူများအတွက် စိတ်ထဲမှ တိတ်တဆိတ် ဆုတောင်းပေးရင်း ဖုန်းချလိုက်၏။ အကယ်၍ စစ်စခန်းအတွင်းရှိ စစ်သားများ အကြောက်ရဆုံးသော နည်းပြမှာ မည်သူနည်းဟု မေးလာပါက ကျန်းယွင်ထျန်းသည် ဒုတိယသာဖြစ်ပြီး ကျန်းရွှဲ့မှာ ပထမဖြစ်သည်။
အသက်ရှင်ကျန်ရစ်သူများနှင့် ဒေသခံများကြား တိုက်ပွဲများ ပိုမိုပြင်းထန်လာသည်နှင့်အမျှ လက်နက်နှင့် ခဲယမ်းမီးကျောက် သုံးစွဲမှုမှာလည်း တဖြည်းဖြည်း မြန်ဆန်လာခဲ့သည်။ ရှောင်းယီ၏ မဟာမိတ်အဖွဲ့အတွင်းရှိ အရင်းအမြစ်များသည် အသက်ရှင်ကျန်ရစ်သူအားလုံး၏ ခဲယမ်းသုံးစွဲမှုကို ထောက်ပံ့ပေးရန် မလုံလောက်တော့ပေ။
“ကျွန်းပိုင်ရှင် လူအတော်များများက လက်နက်နဲ့ ခဲယမ်းတွေကို ဝယ်ဖို့ ရှာနေကြတုန်းပဲ။ ဒါပေမဲ့ ငါတို့ရဲ့ လက်ကျန်က အန္တရာယ်ရှိတဲ့ အဆင့်ကို ရောက်နေပြီ။ ရောင်းတာကို ရပ်လိုက်ရမလား။”
အန်းယွဲ့က ဖုန်းဆက်မေးလာခဲ့သည်။ ရှောင်းယီ ခဏမျှ စဉ်းစားပြီးနောက် ပြန်ဖြေလိုက်သည်။
“ဆက်ရောင်းလိုက်ပါ။ ဒါပေမဲ့ လက်နက်ထုတ်လုပ်ဖို့ လိုအပ်တဲ့ အုတ်မြစ်ကျောက်တွေအပြင် အရင်းအမြစ်တွေနဲ့ပါ လဲလှယ်ခိုင်းလိုက်။ သတ်မှတ်ဈေးနှုန်းတွေကိုတော့ ဦးလေးပဲ ဆုံးဖြတ်လိုက်ပါ။”
“ဟုတ်ကဲ့။”
ရှောင်းယီသည် ယီထျန်းဂရုချက်တင်တွင်လည်း အထူးသတင်းစကားတစ်ခု တင်လိုက်သည်။
“မိတ်ဆွေတို့ခင်ဗျာ...ကျုပ်တို့ မဟာမိတ်အဖွဲ့ရဲ့ အရင်းအမြစ်တွေက ကန့်သတ်ချက်ရှိနေပြီး လက်နက်နဲ့ ခဲယမ်းထုတ်လုပ်ဖို့ အရင်းအမြစ် မလုံလောက်တော့ပါဘူး။ အဲ့ဒါကြောင့် နောင်တိုက်ရိုက် ကုန်သွယ်မှုတွေမှာ အရင်းအမြစ်နဲ့ အုတ်မြစ်ကျောက်ကို ပေါင်းစပ်ပြီး အသုံးပြုကြဖို့ မျှော်လင့်ပါတယ်။ ဒီနည်းလမ်းနဲ့ဆိုရင် လူတိုင်းကို ခဲယမ်းတွေ ဆက်လက်ထောက်ပံ့ပေးနိုင်မှာပါ။ သတ်မှတ်ဈေးနှုန်းတွေအတွက်တော့ ကျုပ်တို့ရဲ့ ကုန်သွယ်ရေးဝန်ထမ်းတွေကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။”
“တကယ်တော့ သူဌေး လက်နက်နဲ့ ခဲယမ်းတွေ စတင်ရောင်းချကတည်းက ငါစဉ်းစားနေတာ။ သူ့ရဲ့ မဟာမိတ်အဖွဲ့တစ်ခုတည်းနဲ့ ငါတို့အားလုံးကို လက်နက်တွေ ဘယ်လိုထောက်ပံ့ပေးနေတာလဲလို့ပေါ့။ သူမှာ အရင်းအမြစ်တွေ အဲ့ဒီလောက်တောင် များနေတာလား။”
“ဟုတ်တယ်။ အခုမှပဲ သူက အရင်းအမြစ်တွေကို စတင်စုဆောင်းတော့တာပဲ။ ဘာပဲဖြစ်ဖြစ် သူဌေးရဲ့ မဟာမိတ်အဖွဲ့က တကယ့်ကို သန်မာပါတယ်။ ဒီလောက်ကြာမှ အရင်းအမြစ်ပေါင်းစပ်တဲ့ ကုန်သွယ်မှုပုံစံကို သုံးတာဆိုတော့။”
“မဟာမိတ်အဖွဲ့တစ်ခုတည်းက တစ်ကမ္ဘာလုံးက အသက်ရှင်ကျန်ရစ်သူတွေကို ထောက်ပံ့ပေးနေတာ။ တကယ် အနှိုင်းမဲ့ပဲ။”
“ဒါက ဒဏ္ဍာရီထက်တောင် ကျော်လွန်နေပြီ။ တကယ့်ကို အံ့သြဖို့ကောင်းတယ်။”
“ဒီလိုလုပ်တာလည်း ကောင်းပါတယ်။ အုတ်မြစ်ကျောက်အချို့ကို သက်သာစေတာပေါ့။ ဒီအရင်းအမြစ်တွေက ငါတို့ကျွန်းပေါ်မှာ ဖုန်တက်နေတာပဲ ရှိတာ။ လောလောဆယ်မှာတော့ ဒါတွေကို အများအပြား သုံးစွဲဖို့ တခြားနေရာလည်း မရှိသေးဘူးလေ။”
“မှန်တယ်။ အခုဆိုရင် ငါ ပိုတောင် ဝယ်နိုင်သေးတယ်။ ဒါက ဒေသခံအဖွဲ့တွေကို ရင်ဆိုင်တဲ့အခါ ငါ့ကိုပိုပြီး ယုံကြည်မှုရှိစေတယ်။”
“ငါလည်း ငါ့ရဲ့ သတ္တုကျိုချက်တဲ့ လုပ်ငန်းကို အပြည့်အဝ စတင်နိုင်တော့မယ် ထင်တယ်။”
“နေဦး...မင်းက အခုထိ သတ္တုကျိုချက်တာကို မလုပ်ရသေးဘူးလား။ သူဌေးရောင်းတဲ့ သတ္တုကျိုဖိုကိုတောင် မဝယ်ထားဘူးလို့တော့ မပြောနဲ့ဦးနော်။”
“မဝယ်ဘဲ နေမလား။ အဲ့ဒါမရှိရင် မဟာမိတ်အဖွဲ့ထဲက သတ္တုရိုင်းတွေက လုံးဝ အသုံးမဝင်ဘူးလေ။”
“ခဏလေး သူဌေး ကျုပ်ကို သတ္တုကျိုဖိုတွေ ထပ်လိုချင်ပါတယ်။ သူဌေးး နောက်ထပ်နည်းနည်းလောက် ထပ်ရောင်းပေးနိုင်မလား။”
“ဒီမှာလည်း နည်းနည်း လိုအပ်နေပါတယ်။”
အဖွဲ့ထဲရှိ လိုအပ်ချက်များကို မြင်သောအခါ ရှောင်းယီသည် အန်းယွဲ့ကို ဂရု၏ လိုအပ်ချက်အရ သတ္တုကျိုဖိုများ ချက်ချင်း ထုတ်လုပ်ခိုင်းလိုက်၏။ ယခင်က လူအများသည် သတ္တုလိုအပ်ချက် အလွန်နည်းပါးခဲ့ကြပြီး အနည်းငယ် တူးဖော်ကျိုချက်ရုံဖြင့် လုံလောက်ခဲ့သည်။ သို့သော် ယခုအခါ တိုက်ပွဲအတွက် လိုအပ်သော လက်နက်နှင့် ခဲယမ်းများအားလုံးမှာ သတ္တုလိုအပ်သောကြောင့် ယခင်က ပမာဏအနည်းငယ်မှာ လုံးဝ မလုံလောက်တော့ပေ။
အချိန်တိုအတွင်းမှာပင် ယီရန်ပင်း မဟာမိတ်အဖွဲ့သည် သတ္တုကျိုဖိုပေါင်း ၃၀၀၀၀၀ ကျော် ရောင်းချခဲ့ရ၏။ တစ်ချိန်တည်းမှာပင် လက်နက်နှင့် ခဲယမ်းကုန်သွယ်မှုမှာလည်း အရှိန်အဟုန်ဖြင့် ဖြစ်ပေါ်နေခဲ့သည်။ ဆွေးနွေးတိုင်ပင်ပြီးနောက် အန်းယွဲ့၏အဖွဲ့သည် ခဲယမ်းရောင်းချမည့် နည်းလမ်းကို သတ်မှတ်လိုက်တော့သည်။
မူလဈေးနှုန်း၏ ၄၀ ရာခိုင်နှုန်းကို လျှော့ပေးမည်ဖြစ်သော်လည်း လက်နက်ထုတ်လုပ်ရန် လိုအပ်သော အရင်းအမြစ်၏ နှစ်ဆကို ပေးဆောင်ရမည်ဖြစ်သည်။
ဤနည်းလမ်းဖြင့် ယီရန်ပင်း မဟာမိတ်အဖွဲ့သည် အပိုအရင်းအမြစ်များကို ရရှိနိုင်သလို အုတ်မြစ်ကျောက်များကိုလည်း ရိတ်သိမ်းနိုင်မည်ဖြစ်သည်။ ဤလုပ်ဆောင်ချက်ကြောင့် အရင်းအမြစ် အမြောက်အမြားသည် မဟာမိတ်အဖွဲ့အတွင်းသို့ လျင်မြန်စွာ စုပုံလာခဲ့တော့လေသည်။ လွန်ခဲ့သော နှစ်နာရီက အရင်းအမြစ် ရှားပါးမည်ကို စိုးရိမ်ခဲ့ရသော်လည်း ယခုအခါတွင်မူ သုံးမကုန်နိုင်လောက်အောင်ပင် ဖြစ်နေလေတော့သည်။
အခန်း ၉၆၂ - ကင်းထောက်ရန် ရေငုပ်သင်္ဘောနှစ်စင်း ထပ်မံတည်ဆောက်ခြင်း၊ ဝဘ်ဆိုက်
“ကျွန်းပိုင်ရှင် ငါတို့ ဂိုဒေါင်ကြီးတစ်ခုလုံး ပြည့်လုနီးပါး ဖြစ်နေပြီ။ ဒီအတိုင်းသာ ဆက်သွားရင် အရင်းအမြစ်တချို့ကို အပြင်မှာပဲ ဒီတိုင်း ပုံထားရတော့မယ်။”
အန်းယွဲ့က ပျော်ရွှင်စရာကောင်းသော အခက်အခဲတစ်ခုနှင့် ရင်ဆိုင်နေရ၏။ ရှောင်းယီက ပြုံးကာ ပြန်ပြောလိုက်သည်။
“စိတ်မပူပါနဲ့။ အရင်းအမြစ်တွေက လျှံထွက်မသွားပါဘူး။ ကျုပ်တို့ဆီမှာ သတ္တုတွေကို အများကြီး စားသုံးမယ့် အရာတစ်ခု ရှိသေးတယ်။ ဒီလောက်များတဲ့ သတ္တုတွေက အလတ်စား ရေငုပ်သင်္ဘောအချို့ တည်ဆောက်ဖို့တောင် လောက်ငှမှာ မဟုတ်ပါဘူး။”
ထိုစကားကို ကြားလိုက်ရသောအခါ အန်းယွဲ့သည် ယနေ့နံနက် နံနက်စာစားချိန်က ကျန်းယွင်ထျန်း ပြောပြခဲ့သည့် ရေငုပ်သင်္ဘောအကြောင်းကို သတိရသွားခဲ့သည်။
ထိုစဉ်က သူသည် အံ့သြရုံသာရှိခဲ့ပြီး ၎င်းမှာ ထုတ်လုပ်မှုပုံစံတစ်ခုသာ ဖြစ်လိမ့်မည်ဟု ထင်မှတ်ခဲ့၏။ ရှောင်းယီတွင် ရေငုပ်သင်္ဘော တည်ဆောက်မှု ပုံစံခွက်တစ်ခု ရှိနေလိမ့်မည်ဟုတော့ သူ မထင်ထားခဲ့ပေ။
“ငါတို့ဆီမှာ ရေငုပ်သင်္ဘော ပုံစံခွက် ရှိတာလား။”
အန်းယွဲ့က အဖြေကို သိနေသော်လည်း မမေးဘဲ မနေနိုင် ဖြစ်သွားခဲ့သည်။
“ဟုတ်တယ်။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“အဲ့ဒါကြောင့် အရင်းအမြစ်တွေ အများကြီး ရှိနေတာကို စိတ်မပူပါနဲ့။”
“နားလည်ပါပြီ။”
အန်းယွဲ့ ခေါင်းငြိမ့်ပြလိုက်သည်။
ဂိုဒေါင်ထဲတွင် အရင်းအမြစ်များ အလွန်များပြားနေသည်ဟု အန်းယွဲ့က ဆိုသောကြောင့် ရေငုပ်သင်္ဘော နှစ်စင်း ထပ်မံတည်ဆောက်ရန် ရှောင်းယီ ဆုံးဖြတ်လိုက်တောပသည်။
သူသည် ဆောက်လုပ်ရေးစာမျက်နှာသို့ သွားကာ ရေငုပ်သင်္ဘော နှစ်စင်းကို ထုတ်လုပ်လိုက်ရာ ဂိုဒေါင်အတွင်းရှိ အရင်းအမြစ် အများစုမှာ ချက်ချင်းပင် ပျောက်ကွယ်သွားတော့သည်။
သူသည် ထုတ်လုပ်ပြီးသော ရေငုပ်သင်္ဘော နှစ်စင်းကို မဟာမိတ်အဖွဲ့၏ မြောက်ဘက်ကျွန်းတွင် ထားရှိလိုက်၏။ လက်ရှိတွင် မဟာမိတ်အဖွဲ့အတွင်း ဤရေအောက်တိုက်ခိုက်ရေးစွမ်းအားကို မြောက်ဘက်ကျွန်းကသာ လိုအပ်နေသောကြောင့် ဖြစ်သည်။
သို့သော် ရေငုပ်သင်္ဘောတွင် လက်ရှိ၌ လုံလောက်သော လက်နက်များ မရှိသေးသဖြင့် ရန်သူ့သင်္ဘောများကို ဝင်တိုက်မိအောင် မောင်းနှင်သည့် နည်းလမ်းကိုသာ အသုံးပြုနိုင်ပေသည်။ လက်ရှိ ခေတ်စားနေသော သင်္ဘောများသည် ၎င်း၏ တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိလိမ့်မည် မဟုတ်ပေ။
ရေငုပ်သင်္ဘောများကို နေရာချပြီးနောက် ရှောင်းယီက စွန်းကုထောင်ကို ဖုန်းဆက်လိုက်သည်။
“လန်ဖုန်းအင်ပါယာအဖွဲ့ဆီက တခြားလှုပ်ရှားမှုတွေ ရှိသေးလား။”
“အရမ်း တည်ငြိမ်နေပါတယ်။ သူတို့က ဇွန်ဘီးကျွန်းနဲ့ သုံးကီလိုမီတာလောက် အကွာမှာပဲ စခန်းချနေကြတယ်။”
စွန်းကုထောင်က ပြန်ဖြေလိုက်သည်။
“ဖြစ်နိုင်တာက သူတို့ ကျုပ်တို့ မဟာမိတ်အဖွဲ့ရဲ့ အင်အားကို မြင်သွားလို့ ကျုပ်တို့နဲ့ စစ်ဖြစ်ဖို့ အဆင်သင့်မဖြစ်သေးတာ ဖြစ်လိမ့်မယ်။”
“အဲ့ဒီလို ဖြစ်ပါစေလို့ပဲ မျှော်လင့်ပါတယ်။ ဒါပေမဲ့ ငါတို့ နိုးနိုးကြားကြားရှိဖို့တော့လိုတယ်။ သတိကို လျှော့လိုက်လို့မရဘူး။”
ရှောင်းယီက ညွှန်ကြားလိုက်သည်။
“ဟုတ်ကဲ့။”
ဖုန်းချပြီးနောက် ရှောင်းယီ စဉ်းစားနေမိသည်။
ကမ္ဘာ့စည်းမျဉ်းများက ဤမျှလောက် ကြင်နာတတ်ပါ့မလား။ သူ့ကို ငြိမ်းချမ်းရေးလိုလားတဲ့ မဟာမိတ်တစ်ဦး တကယ်ပဲ ပေးပါ့မလား။
ခေါင်းကို ခါယမ်းရင်း ရှောင်းယီသည် ယီထျန်း အဖွဲ့ထဲတွင် ထပ်မံမေးမြန်းလိုက်သည်။
“ခင်ဗျားတို့အားလုံး အခုလေးတင် မဟာမိတ်ဖွဲ့ထားတဲ့ ဒေသခံတွေရဲ့ တိုက်ခိုက်တာကို ခံနေကြရပြီလား။ ငြိမ်းချမ်းတဲ့ ဒေသခံမဟာမိတ်တွေရော ရှိကြလား။”
“သူဌေး ဘာကို ဆိုလိုတာလဲ။ ဒေသခံတွေက ကျုပ်တို့နဲ့ ငြိမ်းငြိမ်းချမ်းချမ်း နေနိုင်လို့လား။”
“ဘာပဲဖြစ်ဖြစ် ငါ့ဘက်က ဒေသခံတွေကတော့ ငါတို့ မဟာမိတ်အဖွဲ့ရဲ့ ကျွန်းခွဲတွေကို တိုက်ရိုက်ဝါးမြိုဖို့ပဲ စောင့်နေကြတာ။ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ဖို့ စိတ်ကူးတောင် မရှိကြဘူး။”
“ဟုတ်တယ်။ ဒီဒေသခံတွေက ငါတို့အတွက် စမ်းသပ်ချက်တွေ မဟုတ်ဘူးလား။ သူတို့နဲ့ ငြိမ်းငြိမ်းချမ်းချမ်း နေလို့ရတယ်ဆိုတာ သေချာလို့လား။”
“သူဌေးက ဒီမေးခွန်းကို မေးတယ်ဆိုတော့ သူဌေးနဲ့ မဟာမိတ်ဖွဲ့ထားတဲ့ ဒေသခံတွေက သူဌေးရဲ့ကျွန်းကို မတိုက်ခိုက်လို့ပဲ ဖြစ်ရမယ်။”
“ဒါက အရမ်းကောင်းတာပဲ။ ငါတို့ တိုက်ခိုက်စရာ မလိုတော့ဘူးပေါ့။ ငါ့မှာလည်း ငြိမ်းချမ်းတဲ့ ဒေသခံမဟာမိတ်တစ်ယောက်သာ ရှိရင် ဘယ်လောက်ကောင်းလိုက်မလဲ။”
“ငြိမ်းချမ်းတဲ့ ဒေသခံမဟာမိတ် ဟုတ်လား။ အများကြီး မတွေးစမ်းပါနဲ့။ သူဌေးဘက်မှာ ငြိမ်းချမ်းနေတာက သူတို့က သူဌေးရဲ့ အင်အားကို မြင်ထားလို့ပဲ ဖြစ်ရမယ်။ မဟုတ်ရင် သေချာပေါက် တိုက်ခိုက်မှာပဲ။”
“မှန်တယ်။ မင်း ငြိမ်းချမ်းချင်ရင် ကိုယ့်ကိုယ်ကိုယ် ပိုပြီးသန်မာအောင် လုပ်ရမယ်။ အဲ့ဒါမှ ဒေသခံတွေက မင်းကို မြင်တာနဲ့ တိုက်ခိုက်ချင်စိတ် ပျောက်သွားမှာ။”
“ငါတို့ကျွန်းကို စုတ်ပြတ်သတ်နေအောင် ထားရင်ရော ဖြစ်နိုင်မလား။ အဲ့ဒီလို စုတ်ပြတ်နေတဲ့ ကျွန်းကို မြင်ရင် ဒေသခံတွေက တိုက်ချင်စိတ် ရှိမှာမဟုတ်ဘူးလေ။”
“မင်း စမ်းကြည့်လို့ရပါတယ်။ ဒါပေမဲ့ အသက်ရှင်ကျန်ရစ်သူရဲ့ ကျွန်းက ဘယ်လောက်ပဲ စုတ်ပြတ်နေပါစေ ဒေသခံတွေကတော့ တိုက်ခိုက်ချင်နေဦးမှာပဲလို့ ငါထင်တယ်။ ဘာလို့လဲဆိုတော့ အဲဒီမှာ ကျွန်းအထိမ်းအမှတ်ကျောက်တိုင် ရှိနေလို့ပဲ။”
“ဟုတ်တယ်။ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဆိုတာ အဲ့ဒီဒေသခံတွေအတွက်တော့ ရတနာပဲ။ သူတို့ ဒါကို လက်မလွှတ်နိုင်ကြဘူး။”
ဂရုအတွင်း ဆွေးနွေးမှုများကို ကြည့်ရင်း ရှောင်းယီသည် ငြိမ်းချမ်းသော ဒေသခံဟူ၍ မရှိနိုင်ကြောင်း တွေ့ရှိခဲ့ရသည်။
“လန်ဖုန်းအင်ပါယာက တခြား ပူးပေါင်းကြံစည်မှုတွေကို ကြံစည်နေတာပဲ ဖြစ်ရမယ်။”
ရှောင်းယီက တစ်ဦးတည်း တွေးတောနေမိသည်။
ရှောင်းယီ ခဏမျှ စဉ်းစားပြီးနောက် ကျန်းယွင်ထျန်းကို ချက်ချင်း ဖုန်းဆက်လိုက်၏။
“အစ်ကိုကျန်း ငါ ရေငုပ်သင်္ဘော နှစ်စင်း ထပ်လုပ်ထားတယ်။ စစ်သားတွေကို အဲ့ဒီရေငုပ်သင်္ဘောတွေ မောင်းပြီး အဝေးကို သွားကင်းထောက်ခိုင်းလိုက်ပါ။ လန်ဖုန်းအင်ပါယာဆီကနေ စစ်ကူတွေ လာနေသလားဆိုတာကို အထူးသတိထားကြည့်ပေး။”
“ဟုတ်ကဲ့။ ငါ အခု ရေငုပ်သင်္ဘောပေါ်မှာ ရောက်နေပြီ။”
ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်သည်။
“ကျန်တဲ့ ရေငုပ်သင်္ဘောနှစ်စင်းဆီကိုလည်း စစ်သားတွေလွှတ်ဖို့ ငါ စီစဉ်လိုက်ပါ့မယ်။”
“ကောင်းပြီ။”
ရှောင်းယီက တုံ့ပြန်လိုက်သည်။
ကျန်းယွင်ထျန်းသည်လည်း တစ်ဖက်ရန်သူထံတွင် စစ်ကူများ ရှိနေမည်ကို စိုးရိမ်နေပုံရသည်။ ထို့ကြောင့် ရေငုပ်သင်္ဘောကို မောင်းနှင်ကာ အဝေးသို့ စောစောစီးစီး ကင်းထောက်ထွက်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ညနေစောင်းသည့်တိုင်အောင် ကျန်းယွင်ထျန်းသည် လန်ဖုန်းအင်ပါယာထံမှ အခြားမည်သည့် ရေတပ်စုကိုမျှ ရှာမတွေ့ခဲ့ပေ။
ရေငုပ်သင်္ဘောနှစ်စင်းကို ဆက်လက်ကင်းထောက်ရန် စီစဉ်ပြီးနောက် ကျန်းယွင်ထျန်းသည် ညစာစားရန် ဗီလာသို့ အပြေးအလွှား ပြန်လာခဲ့လိုက်သည်။
“ဒီရက်ပိုင်းအတွင်း အားလုံးပဲ ပင်ပန်းသွားကြပြီ။”
ရှောင်းယီက လူတိုင်းကိုကြည့်ကာ ပြောလိုက်သည်။
မသေမျိုးများ၏ တိုက်ခိုက်မှုများသည် ညဘက်တွင်သာ ဖြစ်ပွားပြီး မရေရာမှုများစွာ ရှိနေသောကြောင့် လူတိုင်းမှာ နေ့နှင့်ည ပြောင်းပြန်ဖြစ်နေခဲ့ကြရ၏။
“မပင်ပန်းပါဘူး။ ညဂျူတီ နည်းနည်း ဆင်းရရုံတင်ပါ။”
ကျန်းယွင်ထျန်းက ပြုံးကာ ပြန်ဖြေလိုက်သည်။
“ဒါက ပုံမှန် လေ့ကျင့်ခန်း လုပ်နေရသလိုပါပဲ။”
“ဟုတ်တယ်။ ငါတို့ မဟာမိတ်အဖွဲ့က အရမ်းလုံခြုံနေတော့ အိပ်ချိန်လေး ပြောင်းသွားရုံနဲ့ ဘယ်သူမှ ဒီလောက်အထိ အထာမများကြပါဘူး။”
အန်းယွဲ့က ထောက်ခံပြောဆိုလိုက်သည်။ ထောက်ပံ့ပို့ဆောင်ရေး လုပ်ငန်းများ အဆင်ပြေစေရန်အတွက် အန်းယွဲ့သည်လည်း သူ၏ အလုပ်ချိန်ကို ညဘက်သို့ ပြောင်းလဲထားခဲ့သည်။
ကျန်သူများကလည်း ခေါင်းငြိမ့်လိုက်ကြသည်။ ရှောင်းယီက ဆက်ပြောသည်။
“ဒီကမ္ဘာ့တိုက်ပွဲမြေပြင်ရဲ့ အဓိကရန်သူက ဒီမသေမျိုးမျိုးနွယ်စုတွေ ဖြစ်ပုံရတယ်။ ဒါကြောင့် ကျုပ်တို့ ဒီမှာရှိနေသရွေ့ မသေမျိုးတွေရဲ့ တိုက်ခိုက်မှုကို အချိန်မရွေး ခံရနိုင်ပြီး နောင်မှာလည်း ဒီလိုအခြေအနေတွေ ရှိလာနိုင်တယ်။”
“အင်း ငါ ကင်းစောင့်အဖွဲ့ကို ပြင်ဆင်ထားပြီးပြီ။ နေ့ရောညပါ လုံလောက်တဲ့ ခုခံကာကွယ်မှု ရှိစေရမယ်လို့ အာမခံပါတယ်။”
ကျန်းယွင်ထျန်းက ဆိုသည်။
“ကျွန်းပိုင်ရှင် ထောက်ပံ့ပို့ဆောင်ရေးအတွက်လည်း စိတ်ချပါ။ ဘယ်တော့မှ ပြဿနာရှိမှာ မဟုတ်ပါဘူး။”
အန်းယွဲ့က အာမခံလိုက်သည်။ ရှောင်းယီ ခေါင်းငြိမ့်ပြလိုက်သည်။
“ကောင်းပြီ။ ဒါဆိုရင်တော့ အားလုံးပဲ ဒီတိုက်ခိုက်မှု ခေတ္တရပ်နားနေတဲ့ အချိန်ကို အခွင့်ကောင်းယူပြီး အနားယူလိုက်ကြပါဦး။”
“ကောင်းပါပြီ။”
လူတိုင်းက ပြန်လည်ဖြေကြားလိုက်ကြသည်။
အန်းယွဲ့က ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားပြီး ပြောလိုက်သည်။
“ကျွန်းပိုင်ရှင် ငါတို့ ကိုယ်ပိုင်ဝဘ်ဆိုက်တစ်ခု တည်ဆောက်ထားပြီးပြီ။ အဲ့ဒါကို နည်းနည်းလောက် ကြော်ငြာလိုက်ရမလား။”
“ကောင်းတာပေါ့။ ကြော်ငြာလိုက်ပါ။ ဝဘ်ဆိုက်လုပ်တတ်တဲ့ အသက်ရှင်ကျန်ရစ်သူတွေ ရှိရင်လည်း ကန့်သတ်ချက်မရှိဘဲ သူတို့ဘာသာ တည်ဆောက်လို့ရတယ်။ ဒါပေမဲ့ ကျန်းမာရေးနဲ့မညီညွတ်တဲ့ ဝဘ်ဆိုက်တွေကိုတော့ နည်းနည်း ထိန်းချုပ်ရလိမ့်မယ်။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
စူပါဆာဗာတစ်ခု ရှိနေသောကြောင့် ဆာဗာမခံနိုင်မှာကို စိတ်ပူစရာမလိုပေ။ လူတိုင်းကို လွတ်လပ်စွာ ဝဘ်ဆိုက်များ တည်ဆောက်ခွင့်ပေးပြီး ကွန်ရက်ကို ပိုမိုစုံလင်အောင် ပြုလုပ်နိုင်ပေသည်။
“ဒါပေမဲ့ အခု လူတိုင်းမှာ ကွန်ပျူတာမရှိသေးတော့ ဝဘ်ဆိုက်တည်ဆောက်ချင်ရင်တောင် နည်းလမ်းမရှိလောက်ဘူး ထင်တယ်။”
အန်းယွဲ့က မတတ်သာသည့်လေသံဖြင့် ဆိုလိုက်သည်။
“မိုဘိုင်းဖုန်း ရှိတာပဲ မဟုတ်ဘူးလား။”
ရှောင်းယီက ပြုံးကာ ပြန်ဖြေလိုက်၏။ အန်းယွဲ့မှာ အနည်းငယ် မှင်တက်သွားပြီးနောက် ခေါင်းခါကာ ပြောလိုက်သည်။
“ဒီ SSS အဆင့် မိုဘိုင်းဖုန်းရဲ့ စွမ်းဆောင်ရည်ကို ငါ လျှော့တွက်မိသွားတာပဲ။ ကောင်းပါပြီ။ ငါ ယီထျန်းဂရုနဲ့ မိုဘိုင်းဖုန်း စာတို (SMS) တွေကနေတစ်ဆင့် ကြော်ငြာလိုက်ပါ့မယ်။”
ရှောင်းယီ၏လက်ထဲရှိ မိုဘိုင်းဖုန်းများ (သို့မဟုတ် SSS-အဆင့် ဆက်သွယ်ရေးကိရိယာများ) သည် ယခင်ကမ္ဘာက ဖုန်းများထက် များစွာအင်အားသာပြီး တွဲဖက်အသုံးပြုနိုင်မှုလည်း အလွန်ကောင်းမွန်၏။ ဖုန်းပေါ်တွင်ပင် ပရိုဂရမ်ရေးဆွဲခြင်းနှင့် ဝဘ်ဆိုက်ပြုလုပ်ခြင်း လုပ်ငန်းများကို အပြည့်အဝ လုပ်ဆောင်နိုင်ပေသည်။
မှန်ပါသည်။ စခရင်မှာ အနည်းငယ်သေးငယ်နေပြီး ကုဒ် ရိုက်ရာ၌ အခက်အခဲအချို့ ရှိနိုင်ပါသည်။ သို့သော် လက်ရှိအခြေအနေတွင် ဤအခက်အခဲများက ဘာမျှမဟုတ်ပေ။
အန်းယွဲ့သည် ညစာစားပြီးနောက် ဧည့်ခန်းရှိ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ထံသို့ ချက်ချင်းလာရောက်ကာ ပြုလုပ်ထားသော ဝဘ်ဆိုက်ဒိုမိန်းအမည်ကို ပို့ရန် ပြင်ဆင်လိုက်တော့သည်။
ထိုအချိန်တွင် ကျန်းယွင်ထျန်း၏ ဖုန်းမြည်လာသဖြင့် သူက ချက်ချင်းကိုင်လိုက်၏။
“သတင်းပို့ပါတယ် နည်းပြ။ မဟာမိတ်အဖွဲ့ မြောက်ဘက်ကျွန်းရဲ့ အရှေ့မြောက်ဘက် ၈၀ ကီလိုမီတာအကွာမှာ ရေတပ်စုတစ်ခုကို တွေ့ရှိထားပါတယ်။ သင်္ဘောစုစုပေါင်း အစင်း ၂၀ ရှိပြီး မြောက်ဘက်ကျွန်းဆီကို ဦးတည်မောင်းနှင်နေပါတယ်။”