← Chapters

အခန်း (၉၆၃-၉၆၄)

Vol. 80 Ch. 963-964

အခန်း (၉၆၃-၉၆၄)

Vol. 80 Ch. 963-964

အခန်း ၉၆၃ - လန်ဖုန်းအင်ပါယာ ရေတပ်စု၏ လှုပ်ရှားမှု

ထိုအခါ ကျန်းယွင်ထျန်းက ချက်ချင်း ပြောလိုက်သည်။

“ကျွန်းပိုင်ရှင် မဟာမိတ်အဖွဲ့ မြောက်ဘက်ကျွန်းရဲ့ အရှေ့မြောက်ဘက်မှာ ထူးဆန်းတဲ့ သင်္ဘောတွေကို တွေ့ရှိထားပါတယ်။ အဲ့ဒါတွေက လန်ဖုန်းအင်ပါယာရဲ့ ရေတပ်စု ဟုတ်မဟုတ်ဆိုတာ လောလောဆယ် မသေချာသေးဘူး။ ငါ သွားကြည့်လိုက်ဦးမယ်။”

“ငါလည်း လိုက်ခဲ့မယ်။”

ရှောင်းယီသည် ပန်းကန်ထဲမှ အစားအစာများကို အလျင်အမြန်စားသောက်ပြီးနောက် မြို့ပြန်ကျောက်ကို အသုံးပြုကာ ကျန်းယွင်ထျန်းနှင့်အတူ မြောက်ဘက်ကျွန်းသို့ ရောက်ရှိလာခဲ့သည်။

ကျန်းယွင်ထျန်းသည် ရေငုပ်သင်္ဘော နှစ်စင်းကိုသာ အပြင်သို့ လွှတ်ထားသဖြင့် ကမ်းခြေတွင် အရန်သင့်စောင့်နေသော ရေငုပ်သင်္ဘော တစ်စင်း ကျန်ရှိနေသေးသည်။ ရှောင်းယီနှင့် ကျန်းယွင်ထျန်းတို့သည် ထိုရေငုပ်သင်္ဘောပေါ်သို့ တက်ကာ အရှေ့မြောက်ဘက်သို့ ဦးတည်မောင်းနှင်သွားကြတော့လေသည်။

မကြာမီမှာပင် ရေငုပ်သင်္ဘောသည် သတ်မှတ်ထားသော နေရာသို့ ရောက်ရှိသွားပြီး အခြားရေငုပ်သင်္ဘော တစ်စင်းမှာ ထိုထူးဆန်းသော သင်္ဘောများ၏ တည့်တည့်အောက်တွင် ရှိနေခဲ့သည်။

ရှောင်းယီက ဆက်သွယ်ရေးကိရိယာကို ကိုင်ကာ မေးမြန်းလိုက်သည်။

“ဒီသင်္ဘောတွေက ဒီမှာပဲ တစ်ချိန်လုံး ရပ်ထားတာလား။”

“အခုလေးတင် ရပ်လိုက်တာပါ။”

အခြားရေငုပ်သင်္ဘောပေါ်ရှိ စစ်သားက ချက်ချင်း ပြန်လည်ဖြေကြားလိုက်သည်။

ရှောင်းယီက အနည်းငယ် စဉ်းစားပြီးနောက် ညွှန်ကြားလိုက်သည်။

“ရေမျက်နှာပြင်နဲ့ နီးကပ်အောင် အထက်ကို တက်လိုက်မယ်။”

“ဟုတ်ကဲ့။”

ကျန်းယွင်ထျန်းက တုံ့ပြန်ပြီးနောက် ရေငုပ်သင်္ဘောကို အထက်သို့ ပေါ်လာစေရန် ချက်ချင်းပင် မောင်းနှင်လိုက်သည်။

ရေငုပ်သင်္ဘောသည် သတ်မှတ်ထားသော နေရာသို့ လျင်မြန်စွာ ရောက်ရှိသွားပြီး ပတ်ဝန်းကျင်ကြည့် မှန်ပြောင်းကို ဖြည်းညှင်းစွာ မြှင့်တင်လိုက်သည်။ ရှောင်းယီသည် မှန်ပြောင်းမှတစ်ဆင့် ကြည့်ရှုစစ်ဆေးလိုက်ရာ နောက်ဆုံးတွင် လိုဂိုတစ်ခုကို တွေ့ရှိသွားသဖြင့် မှန်ပြောင်းကို ချက်ချင်း ပြန်နှိမ့်ချလိုက်သည်။

“ဒါက လန်ဖုန်းအင်ပါယာပဲ။ အဲ့ဒီ အမြီးရှည်ဝတ်စုံနဲ့လူက တကယ် အချိန်ဆွဲနေခဲ့တာပဲ။”

ရှောင်းယီက လှောင်ပြုံးတစ်ခုဖြင့် ဆိုလိုက်သည်။ ကျန်းယွင်ထျန်းက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

“လန်ဖုန်းအင်ပါယာရဲ့ အမှတ်တံဆိပ် ပါနေတာလား။”

ရှောင်းယီ ခေါင်းငြိမ့်ပြလိုက်သည်။

ယခင်က ရေငုပ်သင်္ဘောမောင်းသူများသည် ရေငုပ်သင်္ဘောနှင့် သိပ်မရင်းနှီးကြသေးသဖြင့် ရေတပ်စုရှိနေကြောင်း သိရန် ရေဒါကိုသာ အသုံးပြုခဲ့ကြသည်။ ထို့ကြောင့် ပင်လယ်ရေမျက်နှာပြင်ပေါ်ရှိ အခြေအနေကို ကြည့်ရန် ပတ်ဝန်းကျင်ကြည့်မှန်ပြောင်းကို အသုံးပြုရမည်အား မသိခဲ့ကြပေ။

ဘာပဲဖြစ်ဖြစ် ၎င်းမှာ ရေငုပ်သင်္ဘောပေါ်တွင် ပထမဆုံးအကြိမ် တာဝန်ထမ်းဆောင်ခြင်း ဖြစ်သဖြင့် လိုအပ်ချက်များကို အလွန်အမင်း မြင့်မားစွာ သတ်မှတ်၍ မရနိုင်ပေ။

“သူတို့ အခုထိ ဘာမှမလုပ်သေးဘူးဆိုတော့ ကြည့်ရတာ သန်းခေါင်ယံလောက်မှာ တိုက်ခိုက်ဖို့ ကြံနေပုံရတယ်။”

ကျန်းယွင်ထျန်းက ခန့်မှန်းလိုက်သည်။

“ဟုတ်တယ်။ သူတို့ ဘာတွေ ဆက်လုပ်မလဲဆိုတာ ဒီကနေပဲ စောင့်ကြည့်ကြတာပေါ့။”

ရှောင်းယီ စကားမဆုံးမီမှာပင် သူ၏ဖုန်းမှ အသံမြည်လာသည်။ ရေငုပ်သင်္ဘောများသည် ရေဒီယို ဆက်သွယ်မှု ဖြတ်တောက်ထားခြင်း မရှိသဖြင့် ဖုန်းကို ဤနေရာတွင် အသုံးပြု၍ ရနေသေးသည်။ အကြောင်းမှာ လက်ရှိအချိန်တွင် ဒေသခံအင်အားစု အများစုမှာ ဤအကြောင်းကို နားလည်ဦးမည် မဟုတ်ပေ။ ဆက်သွယ်မှု မဖြတ်တောက်ထားလျှင်ပင် ရေအောက်တွင် ရေငုပ်သင်္ဘောရှိနေသည်ကို မည်သူမျှ သတိပြုမိမည်ကို စိုးရိမ်ရန် မလိုပေ။

“ကျွန်းပိုင်ရှင် လန်ဖုန်းအင်ပါယာက လူတွေ ထပ်ပြီး လာရောက်လည်ပတ်နေပါတယ်။”

ဖုန်းထဲမှ အန်းယွဲ့၏ အသံ ထွက်ပေါ်လာခဲ့သည်။ ရှောင်းယီက ပြုံးကာ ပြန်ဖြေလိုက်သည်။

“သူတို့ကို ပုံမှန်အတိုင်းပဲ ဆက်ဆံလိုက်ပါ။ အခြေအနေအားလုံးကို လိုက်ဖ်လွှင့်ပေးထားဦး။ ကျုပ်တို့လည်း သူတို့ရဲ့ ကပြအသုံးတော်ခံမှုကို ကြည့်ရအောင်။”

“ဟုတ်ကဲ့။”

အန်းယွဲ့က ပြန်ဖြေလိုက်သည်။

အန်းယွဲ့သည် ဗီဒီယိုကောလ်တစ်ခုကို ချက်ချင်း ပို့လိုက်၏။ ရှောင်းယီက လက်ခံလိုက်ပြီးနောက် အမြီးရှည်ဝတ်စုံ ဝတ်ထားသော အမျိုးသားတစ်ဦး စခရင်ပေါ်တွင် ထွက်ပေါ်လာခဲြသည်။

“ကျုပ်တို့ရဲ့ ကျွန်းပိုင်ရှင်က ကိစ္စတချို့ကြောင့် ကိုယ်တိုင်မလာနိုင်လို့ ခွင့်လွှတ်ပေးဖို့ တောင်းဆိုချင်ပါတယ်။”

အန်းယွဲ့က ယဉ်ကျေးစွာ ပြောလိုက်သည်။

“ရပါတယ်။ ကျုပ် ဒီတစ်ခါ လာတာက ခင်ဗျားတို့ဆီကနေ အဆင့်မြင့် အစားအသောက် အချို့ကို ကုန်သွယ်ဖို့ပါ။”

အမြီးရှည်ဝတ်စုံနှင့်လူက ပြုံးကာ ပြန်ဖြေလိုက်သည်။

“ဘယ်လိုအဆင့်မျိုး လိုချင်တာလဲ။ ပြီးတော့ ဘယ်လောက်အထိ လိုအပ်လဲ။”

အန်းယွဲ့က မေးလိုက်သည်။

“B အဆင့် အစားအသောက်ပါ။ ပမာဏကတော့ များလေ ကောင်းလေပါပဲ။”

ထိုလူက ပြန်ဖြေလာခဲ့သည်။

“B အဆင့် အစားအသောက်အတွက်လေးနဲ့ လူတွေအများကြီး ခေါ်လာတာလား။”

အန်းယွဲ့က သိချင်စိတ်ဖြင့် မေးလိုက်သည်။ အမြီးရှည်ဝတ်စုံနှင့်လူမှာ ခဏမျှ မှင်တက်သွားပြီးနောက် ပြောလိုက်သည်။

“B အဆင့် အစားအသောက်ဆိုတာ ကျုပ်တို့အတွက် အရမ်းတန်ဖိုးရှိတယ်။ အထက်လူကြီးတွေကလည်း ဒါကို အလေးအနက်ထားကြတယ်။”

အန်းယွဲ့ ခေါင်းငြိမ့်ကာ ဆက်မေးလိုက်သည်။

“လန်ဖုန်းအင်ပါယာက ဒီကနေဆိုရင် ဘယ်လောက်ဝေးလဲ။”

ထိုလူက ပြုံးကာ ပြန်ဖြေလိုက်၏။

“ကီလိုမီတာ တစ်ထောင်လောက် ဝေးပါတယ်။”

“သိပ်တော့ မဝေးလှဘူးပဲ။”

အန်းယွဲ့က ဆိုသည်။

“ဟုတ်ကဲ့။ အဲ့ဒါကြောင့် ကျုပ်တို့က ခင်ဗျားတို့ မဟာမိတ်အဖွဲ့နဲ့ ရေရှည်မဟာမိတ် ဖြစ်ချင်တာပါ။”

အမြီးရှည်ဝတ်စုံနှင့်လူက တုံ့ပြန်လိုက်လေသည်။

အန်းယွဲ့က သူ့ဘေးနားရှိလူကို B အဆင့် အစားအသောက် ၃ တန် ပြင်ဆင်ခိုင်းလိုက်ပြီးနောက် ဆက်မေးလိုက်သည်။

“ခင်ဗျားတို့ လန်ဖုန်းအင်ပါယာက ဒီစားသောက်ကုန်တွေကို ဘယ်လိုနည်းနဲ့ ပြန်သယ်မှာလဲ။”

အမြီးရှည်ဝတ်စုံနှင့်လူက အနည်းငယ် မှင်တက်သွားပြီးမှ ပြုံးကာ ပြန်ဖြေလိုက်သည်။

“ကျုပ်တို့ အစားအသောက်တွေ သယ်ဖို့အတွက် သီးသန့်သင်္ဘောတွေ စီစဉ်ထားပြီးသားပါ။”

“ကောင်းပြီ။ ပစ္စည်းတွေ အဆင်သင့်ဖြစ်ပြီ။ ကျုပ်တို့ ယီရန်ပင်း မဟာမိတ်အဖွဲ့က ငြိမ်းချမ်းရေးကို အရမ်းမြတ်နိုးတဲ့ အဖွဲ့ပါ။ ခင်ဗျားတို့နဲ့ ဆက်လက်ပူးပေါင်းဆောင်ရွက်နိုင်ဖို့ မျှော်လင့်ပါတယ်။”

အန်းယွဲ့က မတ်တပ်ရပ်ရင်း ပြောလိုက်သည်။ အမြီးရှည်ဝတ်စုံနှင့်လူကလည်း ထရပ်ကာ ပြန်ပြောလိုက်သည်။

“သေချာတာပေါ့။ ကျူပ်တို့ လန်ဖုန်းအင်ပါယာကလည်း ခင်ဗျားတို့နဲ့ ဆက်လက်လက်တွဲသွားနိုင်မယ်လို့ မျှော်လင့်ပါတယ်။”

“ကောင်းပြီ။ တကယ်လို့ ကျုပ်တို့ ပူးပေါင်းလို့မရရင်တောင် စစ်မြေပြင်မှာတော့ မဆုံချင်ဘူး။”

အန်းယွဲ့က အဓိပ္ပာယ်ပါပါ ပြောလိုက်၏။ထိုလူမှာ အနည်းငယ် တုန်လှုပ်သွားပြီးနောက် ပြန်ပြောလိုက်သည်။

“ဟုတ်ကဲ့။ ဒါကလည်း ကျုပ်တို့ရဲ့ မျှော်လင့်ချက်ပါပဲ။”

အုတ်မြစ်ကျောက်အရေအတွက် စစ်ဆေးနေသော ဝန်ထမ်းများက အမြီးရှည်ဝတ်စုံနှင့်လူ ယူဆောင်လာသော အုတ်မြစ်ကျောက်များကို ရေတွက်ပြီးစီးသွားပြီဖြစ်ကြောင်းနှင့် အရေအတွက် မှန်ကန်ကြောင်း အန်းယွဲ့ကို ခေါင်းငြိမ့်ပြလိုက်သည်။

“ကောင်းပြီ။ ဟိုဘက်က B အဆင့် အစားအသောက်အားလုံးကို ယူသွားလို့ရပါပြီ။”

အန်းယွဲ့က ဘေးနားရှိ အစားအသောက်များကို ညွှန်ပြကာ ပြောလိုက်သည်။

“ကောင်းပါပြီ။ ဒါဆို ကျုပ်တို့ ခွင့်ပြုပါဦး။”

အမြီးရှည်ဝတ်စုံနှင့်လူက ဆို၏။

ထို့နောက် သူသည် သူ၏လူများကိုခေါ်ကာ B အဆင့် အစားအသောက်အားလုံးကို သင်္ဘောပေါ်သို့ ရွှေ့ပြောင်းပြီး ပြန်လည်ထွက်ခွာသွားတော့သည်။

“ကျွန်းပိုင်ရှင် ဒီအမြီးရှည်ဝတ်စုံနဲ့လူရဲ့ အကြံအစည်က တကယ့်ကို နက်နဲလွန်းတယ်။”

အန်းယွဲ့သည် ဗီဒီယိုကောလ်ကို ပိတ်မထားသေးပေ။ ရှောင်ယီ ခေါင်းငြိမ့်လိုက်သည်။

“ဟုတ်တယ်။ သူက ကျုပ်တို့ကို တိုက်ခိုက်ဖို့ ရည်ရွယ်ထားတယ်ဆိုတာကို လုံးဝ မရိပ်မိနိုင်ဘူး။ တကယ်လို့ သူတို့ရဲ့ နောက်ကွယ်က ရေတပ်စုကိုသာ ကျုပ်တို့ ရှာမတွေ့ခဲ့ရင် ကျုပ်တို့တွေ အမှောင်ချခံထားရမှာ အသေအချာပဲ။”

“ကျွန်းပိုင်ရှင်။သူတို့က တကယ်ပဲ မိတ်ဆွေဖွဲ့ဖို့ လာတာမျိုးကော ဖြစ်နိုင်မလား။”

အန်းယွဲ့က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

“ဖြစ်နိုင်ပါတယ်။ အဲ့ဒါကြောင့်လည်း သူတို့ရဲ့ စစ်ကူတွေကို ကျုပ် ချက်ချင်း မတိုက်ခိုက်သေးတာပေါ့။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

ဘေးနားရှိ ကျန်းယွင်ထျန်းကမူ ခေါင်းခါကာ ပြောလိုက်သည်။

“သူတို့မှာ မကောင်းတဲ့ ရည်ရွယ်ချက်ရှိတယ်လို့ပဲ ငါခံစားရတယ်။ ငါတို့တွေ မသေမျိုးတွေကို တိုက်ခိုက်တုန်းက အလွယ်တကူ အနိုင်ယူခဲ့ပေမဲ့ သူတို့ကတော့ ငါတို့ရဲ့ တကယ့်တိုက်ခိုက်ရေးစွမ်းအားကို သိမှာမဟုတ်ဘူး။ သူတို့မှာ တိုက်ခိုက်ဖို့ အခွင့်အရေးရှိသေးတယ်လို့ ထင်နေပုံရတယ်။”

“သူတို့ ဘာပဲတွေးတွေး စောင့်ကြည့်လိုက်ရင် သိရမှာပဲ မဟုတ်ဘူးလား။”

ရှောင်းယီက ဂရုမစိုက်သည့်လေသံဖြင့် ဆိုလိုက်သည်။

အချိန်များ တဖြည်းဖြည်း ကုန်ဆုံးသွားပြီး မကြာမီမှာပင် သန်းခေါင်ယံအချိန်သို့ ရောက်ရှိလာခဲ့သည်။

ငြိမ်သက်နေသော သင်္ဘောများမှာ ရုတ်တရက် လှုပ်ရှားလာတော့၏။

“သတင်းပို့ပါတယ် ကျွန်းပိုင်ရှင်နှင့် နည်းပြ။ အပေါ်က သင်္ဘောတွေ လှုပ်ရှားလာပါပြီ။”

စစ်သားတစ်ဦးက ရှောင်းယီနှင့် ကျန်းယွင်ထျန်းကို ချက်ချင်း သတင်းပို့လာခဲ့သည်။

ထိုအချိန်တွင် ၎င်းတို့နှစ်ဦးမှာ ရေငုပ်သင်္ဘော၏ အနားယူခန်းတွင် နားနေကြခြင်းဖြစ်သည်။ ထိုသတင်းကြားသည်နှင့် ချက်ချင်းထကာ ပဲ့ကိုင်ခန်းသို့ လျှောက်သွားလိုက်ကြသည်။

“သူတို့နောက်ကို လိုက်နေလား။”

ရှောင်းယီက မေးလိုက်သည်။ ရေငုပ်သင်္ဘော မောင်းနှင်နေသော စစ်သားက “နောက်ကနေ လိုက်နေပါတယ်။” ဟု ပြန်ဖြေလိုက်သည်။

“သူတို့ရဲ့ အရှိန်က ဘယ်လောက်လဲ။”

ကျန်းယွင်ထျန်းက မေးလိုက်သည်။

“တစ်နာရီကို ၆၀ ကီလိုမီတာလောက် ရှိပါတယ်။”

သင်္ဘော၏ အရှိန်ကို စောင့်ကြည့်နေသော စစ်သားက ဖြေလိုက်သည်။

“ဒါက အရှိန်အပြည့်နဲ့ မောင်းနေတာပဲ။ ငါတို့ အငိုက်မိတုန်း တိုက်ခိုက်ချင်နေပုံပဲ။”

ကျန်းယွင်ထျန်းက ပြုံးကာ ဆိုလိုက်သည်။

“ဖြစ်နိုင်တယ်။”

ရှောင်းယီ ခေါင်းငြိမ့်လိုက်သည်။

“ကမ်းခြေကအဖွဲ့ကို သတိပေးလိုက်တော့။ လန်ဖုန်းအင်ပါယာက တိုက်ခိုက်လာနိုင်တယ်လို့။”

“ဟုတ်ကဲ့။”

ကျန်းယွင်ထျန်း၏ သတိပေးချက်ကြောင့် ကမ်းခြေရှိ အဖွဲ့မှာလည်း တိုက်ပွဲဝင်ရန် အသင့်ပြင်ဆင်လိုက်ကြသည်။

တစ်နာရီခန့်အကြာတွင် ထိုသင်္ဘောအစင်း ၂၀ သည် အမြီးရှည်ဝတ်စုံနှင့်လူရှိရာ ရေတပ်စုနှင့် သွားရောက်ပူးပေါင်းလိုက်ကြ၏။

သို့သော် ရှောင်းယီကို အံ့သြသွားစေသည့်အချက်မှာ တစ်ဖက်ရန်သူသည် ချက်ချင်း တိုက်ခိုက်ခြင်း မပြုလုပ်သေးခြင်းပင် ဖြစ်သည်။

ဤကဲ့သို့သော အချိန်တွင် အလစ်အငိုက် တိုက်ခိုက်ခြင်းက အထိရောက်ဆုံး ဖြစ်သင့်သည်ကို လူတိုင်းသိရမည်ဖြစ်သည်။ သူတို့အနေဖြင့် အမြီးရှည်ဝတ်စုံနှင့်လူရှိသည့်နေရာတွင် ကြာရှည်စောင့်ဆိုင်းလေလေ၊ သူတို့၏ တိုက်စစ်အတွက် ပို၍ အားနည်းချက် ဖြစ်လာလေလေ ဖြစ်လိမ့်မည်။

“သူတို့က တကယ်ပဲ ငါတို့ မဟာမိတ်အဖွဲ့နဲ့ မိတ်ဆွေလာဖွဲ့တာလား။”

ရှောင်းယီမှာ တစ်ဦးတည်း ရေရွတ်လိုက်မိတော့သည်။

အခန်း ၉၆၄ - လန်ဖုန်းအင်ပါယာ၏ တိုက်ခိုက်မှုနှင့် အလဲအလဲ အကွဲအပြဲ ရှုံးနိမ့်ခြင်း

ကျန်းယွင်ထျန်းက ခေါင်းခါယမ်းလိုက်သည်။

“လုံးဝ မဖြစ်နိုင်ဘူး။ သူတို့က တကယ်ပဲ ငါတို့နဲ့ မိတ်ဆွေဖွဲ့ချင်တာဆိုရင် ဘာလို့ ကီလိုမီတာ ခုနစ်ဆယ်၊ ရှစ်ဆယ်အကွာမှာ ဒီလောက်ကြာအောင် အချိန်ဆွဲနေပြီး အခုမှ လှုပ်ရှားရတာလဲ။”

အကယ်၍ သူတို့က မိတ်ဆွေဖွဲ့ချင်ရုံသက်သက်ဆိုလျှင် ရေတပ်စုသည် ယီရန်ပင်း မဟာမိတ်အဖွဲ့၏ ကျွန်းအထိ တိုက်ရိုက် ရောက်လာသင့်သည်။ သန်းခေါင်ယံအချိန်အထိ စောင့်ဆိုင်းနေစရာ အကြောင်းမရှိပေ။

ရှောင်းယီက ခေါင်းငြိမ့်ပြလိုက်သည်။

“ကမ်းခြေအဖွဲ့တွေ တိုပီဒိုတွေ အဆင်သင့်ဖြစ်ပြီလား။”

“ဟုတ်ကဲ့ အဆင်သင့်ပါပဲ။ အခု ငါတို့ဆီမှာရှိတဲ့ ရေနွေးငွေ့စွမ်းအင်သုံး တိုပီဒိုတွေက အရမ်းနက်တဲ့နေရာကနေ ပစ်လို့မရသေးဘူး။ တကယ်လို့ ပစ်လို့ရမယ်ဆိုရင် ငါ ရေငုပ်သင်္ဘောပေါ်ကနေပဲ တိုက်ရိုက်ပစ်လိုက်မှာ။”

ကျန်းယွင်ထျန်းက စိတ်ပျက်လက်ပျက် ဆိုလိုက်သည်။

“ဒီရေငုပ်သင်္ဘောက လက်နက်အပြည့်အစုံ တပ်ဆင်ဖို့ လိုသေးတာပဲ။ ငါတို့ တဖြည်းဖြည်းချင်း တပ်ဆင်သွားကြတာပေါ့။”

ရှောင်းယီက ပြောလိုက်သည်။

“သူတို့ လှုပ်ရှားလာပြီ။”

လန်ဖုန်းအင်ပါယာ၏ ရေတပ်စုသည် ကမ်းခြေဘက်သို့ ချက်ချင်း ဦးတည်လာ၏။ တစ်ကီလိုမီတာခန့် အကွာအဝေးသို့ ရောက်သောအခါ သင်္ဘောတိုင်းမှာ ဘေးတိုက် အနေအထားသို့ ကွေ့လိုက်ကြသည်။

အကယ်၍ ရှောင်းယီနှင့် ကျန်သူများသာ ကမ်းခြေပေါ်တွင် ရှိနေမည်ဆိုပါက သင်္ဘောပေါ်ရှိ အမြောက်များမှာ ပစ်မှတ်ချိန်ရန် ပြင်ဆင်နေသည်ကို တွေ့ရပေလိမ့်မည်။

ရန်သူ၏ လှုပ်ရှားမှုကို မြင်သည်နှင့် ကမ်းခြေစောင့်အဖွဲ့မှာ မဆိုင်းမတွဘဲ တိုပီဒိုများကို ချက်ချင်း လွှတ်တင်လိုက်ကြတော့သည်။

ဝေါ့... ဝေါ့... ဝေါ့...

ရေနွေးငွေ့စွမ်းအင်သုံး တိုပီဒိုများသည် ရေပူဖောင်းများ ထွက်ပေါ်စေလျက် လန်ဖုန်းအင်ပါယာ သင်္ဘောများဆီသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားတော့သည်။

“ဒါ ဘာကြီးလဲ။”

အမြောက်များကို ပစ်မှတ်ချိန်ရန် သင်္ဘောကို လှည့်နေသော လန်ဖုန်းစစ်သားများသည် ရေအောက်မှ ရှည်လျားသော လှိုင်းရာများကို သတိပြုမိသွားကြ၏။

မည်သူမျှ တိုပီဒိုကို မမြင်ဖူးကြသော်လည်း ၎င်းမှာ ကောင်းသောနိမိတ်မဟုတ်ကြောင်းတော့ သူတို့ သိလိုက်ကြသည်။

ထိုအချိန်မှာပင် ကမ်းခြေဘက်မှ အမြောက်သံများ ဟိန်းထွက်လာတော့သည်။

ဝုန်း... ဝုန်း... ဝုန်း

“သူတို့ ငါတို့ကို သိသွားပြီ။ အခုချက်ချင်း ပြန်ဆုတ်ကြ။”

လန်ဖုန်းစစ်သားများက အော်ဟစ်လိုက်ကြ၏။

လမ်းကြောင်း ပြန်လှည့်နေဆဲဖြစ်သော လန်ဖုန်းသင်္ဘောများသည် ဆုတ်ခွာရန်အတွက် သင်္ဘောဦးကို ပြန်လှည့်လိုက်ကြသည်။ သို့သော် အမြောက်ကျည်များနှင့် တိုပီဒိုများသည် သူတို့၏ သင်္ဘောကိုယ်ထည်များကို စတင်ထိမှန်နေပြီ ဖြစ်သည်။

ဝုန်း... ဝုန်း... ဝုန်း

မီးတောက်များ ကောင်းကင်သို့ ထိုးတက်သွားပြီး သင်္ဘောအများအပြားမှာ မီးခိုးအမည်းရောင်အလုံးကြီးများ ထွက်ပေါ်လျက် နောက်သို့ တရွေ့ရွေ့ ဆုတ်ခွာနေကြရသည်။ သင်္ဘောသားများမှာ ထိတ်လန့်တုန်လှုပ်နေကြပြီး ပျက်စီးသွားသော အစိတ်အပိုင်းများကို ဖာထေးရန် အပြေးအလွှား ကြိုးစားနေကြရလေသည်။

သို့သော် ကမ်းခြေရှိ အမြောက်တပ်ဖွဲ့မှာ ရပ်နားမည့် အရိပ်အယောင် လုံးဝမရှိပေ။

“သူတို့က သေချာပေါက် ပြင်ဆင်ထားတာပဲ။ လေးညှို့တင်ပြီးမှတော့ ပြန်လျှော့လို့ မရတော့ဘူး။ အားလုံးနဲ့ တိုးတိုက်မလား ဒါမှမဟုတ် အကုန်လုံးကို ပြန်ဆုတ်ခိုင်းမလား။ ခင်ဗျား ဘယ်လိုထင်လဲ။”

အမြီးရှည်ဝတ်စုံနှင့်လူက ခေါင်းကို ညည်းညည်းညူညူ ခါယမ်းလျက် မေးလိုက်သည်။ သူ့ဘေးတွင်ရှိသော မျက်နှာညိုညိုနှင့် လူငယ်တစ်ဦးမှာ သူ၏ ရေတပ်စု တစ်စစီ ပျက်စီးနေသည်ကို ကြည့်နေ၏။

“တကယ်လို့ ငါတို့ အတင်းတိုးတိုက်ရင်ရော အခွင့်အရေး ရှိပါ့မလား။”

အမြီးရှည်ဝတ်စုံနှင့်လူက ခဏမျှ စဉ်းစားပြီးနောက် ပြောလိုက်သည်။

“လေးဆယ် - ခြောက်ဆယ်ပဲ။ ကမ်းခြေပေါ် တက်နိုင်ဖို့က ၄၀ ရာခိုင်နှုန်းပဲ အခွင့်အရေး ရှိတယ်။”

“၄၀ ရာခိုင်နှုန်းဆို လုံလောက်တယ်။ အမိန့်ပေးလိုက်တော့။ ကမ်းခြေကို အရှိန်အပြည့်နဲ့ တိုးတိုက်ကြ။”

ပျက်စီးနေသော သင်္ဘောများသည် အမိန့်အတိုင်း ကမ်းခြေဘက်သို့ အတင်းတိုးဝင်လာကြ၏။ သို့သော်လည်း နောက်ထပ် တိုပီဒိုလှိုင်းများ ထပ်မံရောက်ရှိလာခဲ့ပြန်သည်။

ဒုန်း... ဒုန်း... ဒုန်း

ထပ်မံထိမှန်သွားပြန်သဖြင့် သင်္ဘောအချို့မှာ ဆက်လက်မခံနိုင်တော့ဘဲ နစ်မြုပ်စပြုလာခဲ့သည်။

“အားလုံး တိုက်ခိုက်ရေးလှေငယ်တွေပေါ်တက်ပြီး ဆက်တိုက်ကြ။”

ထိုလူငယ်က ဟိန်းဟောက်လိုက်သည်။

လန်ဖုန်းစစ်သားများသည် နစ်မြုပ်နေသော စစ်သင်္ဘောများကို စွန့်ခွာကာ တိုက်ခိုက်ရေးလှေငယ်များပေါ်သို့ စုပြုံတက်ရောက်ပြီး ကမ်းခြေသို့ ဦးတည်ပြေးဝင်သွားကြတော့သည်။

သို့သော် ကမ်းခြေဘက်မှ တိုပီဒိုလှိုင်းများ ထပ်မံထွက်ပေါ်လာသောအခါ သူတို့၏ မျှော်လင့်ချက်များ ပျက်သုဉ်းသွားရ၏။

သံမဏိစစ်သင်္ဘောများတောင်မှ ထိုလက်နက်များကို မခုခံနိုင်လျှင် သစ်သားဖြင့်ပြုလုပ်ထားသော အားနည်းသည့် လှေငယ်များမှာ မည်သို့မျှ အခွင့်အရေး ရှိအါမည်နည်း။

ဝုန်း... ဝုန်း... ဝုန်း

တိုပီဒိုများသည် တိုက်ခိုက်ရေးလှေငယ်များနှင့် အပေါ်ရှိ လူများကိုပါ အပိုင်းပိုင်းအစစ ဖြစ်အောင် ချေမှုန်းပစ်လိုက်သည်။

အသက်ရှင်ကျန်ရစ်ခဲ့သော လန်ဖုန်းစစ်သားများသည် ကြောက်ရွံ့ထိတ်လန့်ကာ ကြောင်အမ်းသွားကြ၏။ ပင်လယ်ပြင်တွင် ပြေးစရာ နေရာမရှိပေ။ သူတို့သည် ရေထဲသို့ ခုန်ချလိုက်ကြပြီး ကျည်ဆံများ သူတို့ဆီသို့ ရောက်မလာပါစေနဲ့ဟုသာ ဆုတောင်းနေကြရတော့သည်။

အခြားသူများကလည်း “ကျုပ်တို့ အရှုံးပေးပါတယ်။ ပစ်တာ ရပ်ပေးကြပါ။” ဟု အော်ဟစ်နေကြ၏။

သူတို့သည် အော်ဟစ်ရင်း သူတို့၏ လက်နက်များကို ရေထဲသို့ လွှဲပစ်လိုက်ကြသည်။

၎င်းတို့ကို ကြည့်ပြီး လူငယ်စစ်သူကြီးက ဒေါသတကြီးဖြင့် ဟိန်းဟောက်လိုက်၏။

“အင်ပါယာအတွက် တကယ်အရှက်ရစရာတွေပဲ။ သူတို့အားလုံး သေဒဏ်ပေးခံရဖို့ ထိုက်တန်တယ်။”

အမြီးရှည်ဝတ်စုံနှင့်လူက သက်ပြင်းချလိုက်သည်။

“သခင်လေးလန် ကျုပ်တို့ ဆုတ်ခွာရပါလိမ့်မယ်။ ကမ်းခြေကို မရောက်နိုင်တော့ဘူး။ ကျုပ် ဒီမဟာမိတ်အဖွဲ့ရဲ့ တိုက်ခိုက်ရေးစွမ်းအားကို လျှော့တွက်မိသွားတယ်။”

လန်ရှောက်သည် မျက်နှာတွင် စိတ်ပျက်မှုများ ပြည့်နှက်လျက် လေပူတစ်ချက် မှုတ်ထုတ်လိုက်ကာ “ဆုတ်ခွာမယ်” ဟု အမိန့်ပေးလိုက်၏။

အမြီးရှည်ဝတ်စုံနှင့်လူသည် ကျန်ရှိနေသော သင်္ဘောသုံးစင်းကို အရှေ့မြောက်ဘက်သို့ ဦးတည်ရန် အချက်ပြလိုက်သည်။

သို့သော် သူတို့ ဆယ်မီတာခန့်ပင် မသွားရသေးမီ ပြင်းထန်သော တိုက်မိသံကြီးတစ်ခုက သင်္ဘောကိုယ်ထည်ကို တုန်ခါသွားစေခဲ့သည်။ ကုန်းပတ်ပေါ်ရှိ လန်ရှောက်နှင့် အမြီးရှည်ဝတ်စုံနှင့်လူတို့မှာ လွင့်ထွက်သွားပြီး လဲကျလုနီးပါး ဖြစ်သွားခဲ့ကြသည်။

“ဘာဖြစ်တာလဲ။”

အမြီးရှည်ဝတ်စုံနှင့်လူက မျက်မှောင်ကြုတ်ကာ မေးလိုက်၏။

“အရှင် ကျုပ်တို့ ကျောက်ဆောင်တစ်ခုကို တိုက်မိသွားပုံရတယ်။”

ပဲ့ကိုင်က ချက်ချင်း ပြန်ဖြေလိုက်သည်။

“အလကား စကားတွေ။ သင်္ဘော အစင်းနှစ်ဆယ်လုံး ဒီကနေ ဖြတ်လာတာ။ ကျောက်ဆောင်ရှိရင် အစောကြီးကတည်းက တိုက်မိနေမှာပေါ့။”

လန်ရှောက်က ဆဲဆိုလိုက်၏။ အကယ်၍ ကျောက်ဆောင်သာ ရှိနေပါက သူတို့၏ ရှေ့ပြေးသင်္ဘောများသည် အစောကတည်းက တိုက်မိပြီးသား ဖြစ်ပေလိမ့်မည်။

ပဲ့ကိုင်မှာလည်း ဇဝေဇဝါ ဖြစ်နေသော်လည်း ခံစားချက်မှာ ကျောက်ဆောင်ကို တိုက်မိသကဲ့သို့ ဖြစ်နေခြင်းပင်။

အမြီးရှည်ဝတ်စုံနှင့်လူက လူအချို့ကို သွားရောက်စစ်ဆေးခိုင်းလိုက်သည်။

သင်္ဘောသားတစ်ဦး တိုက်မိသည့်နေရာသို့ ရောက်သောအခါ မျက်လုံးများ ပြူးထွက်သွားပြီး ထစ်ထစ်ငေါ့ငေါ့ အော်ဟစ်လိုက်၏။

“အ... အရှင် ဒီကို လာကြည့်ပါဦး။”

ထိုအော်သံကြောင့် အမြီးရှည်ဝတ်စုံနှင့်လူသည် အပြေးအလွှား ရောက်လာကာ ကြည့်လိုက်ရာ မှင်တက်သွားတော့သည်။

ပင်လယ်အောက်တွင် ကြီးမားသော အနက်ရောင် အရိပ်ကြီးတစ်ခု ရှိနေပြီး သူတို့၏ သင်္ဘောမှာ ၎င်းနှင့် တိုက်မိနေခြင်း ဖြစ်သည်။

“ဧရာမ ပင်လယ်နဂါးကြီးလား။”

လန်ရှောက်သည် အသံများ တုန်ရီလျက် တံတွေးမြိုချလိုက်မိ၏။

အမြီးရှည်ဝတ်စုံနှင့်လူက ခေါင်းခါပြလိုက်သည်။

“ကြည့်ကြည့် အဲ့ဒါက ဘယ်လောက်တောင် ချောမွတ်ပြီး ဝိုင်းစက်နေလဲဆိုတာ။ ဒါက လူလုပ်ထားတဲ့ အရာတစ်ခုပဲ။”

“ဘာ...။ ခင်ဗျားပြောချင်တာက ဒီမဟာမိတ်အဖွဲ့က ဒါကို တည်ဆောက်ထားတာလို့လား။”

လန်ရှောက်က အံ့သြတကြီး အော်ပြောလိုက်သည်။

အမြီးရှည်ဝတ်စုံနှင့်လူက ခေါင်းငြိမ့်ပြလိုက်သည်။

“ကျုပ်တို့ ဒီကနေ ထွက်သွားလို့ရမှာ မဟုတ်တော့ဘူးထင်တယ်။”

သင်္ဘောသုံးစင်း ထွက်ပြေးရန် ကြိုးစားနေသည်ကို မြင်သောအခါ ရှောင်းယီက ရေငုပ်သင်္ဘော သုံးစင်းလုံးကို သင်္ဘောများအား ဝက်တိုက်ရန်နှင့် ရပ်တန့်စေရန် ချက်ချင်း အမိန့်ပေးလိုက်သည်။

တိုက်မိပြီးနောက် ရေငုပ်သင်္ဘောများသည် ရေမျက်နှာပြင်ပေါ်သို့ ပေါ်ထွက်လာပြီး သင်္ဘောများ၏ ထွက်ပေါက်ကို ပိတ်ဆို့ထားလိုက်တော့လေသည်။

“လက်နက်တွေ ချပြဖိး လက်ကို ခေါင်းပေါ်တင်ထား။ ခုခံတဲ့သူမှန်သမျှ ညှာတာမှာမဟုတ်ဘူး။”

ရှောင်းယီက အသံချဲ့စက်မှတစ်ဆင့် ဟိန်းဟောက်လိုက်သည်။

လန်ရှောက်သည် အမြီးရှည်ဝတ်စုံနှင့်လူကို ကြည့်လိုက်ရာ ထိုသူက အသာအယာ ခေါင်းငြိမ့်ပြလိုက်သည်။ ထို့ကြောင့် သူတို့သည် သေနတ်များကို ကုန်းပတ်ပေါ်တွင် တင်လိုက်ကြပြီး လက်ချောင်းများကို ဦးခေါင်းနောက်တွင် ယှက်ထားလိုက်ကြ၏။

ပတ်ဝန်းကျင်ကြည့် မှန်ပြောင်းများ ပေါ်လာပြီး ရေငုပ်သင်္ဘောအတွင်းမှ ရှောင်းယီသည် အခြေအနေကို လေ့လာစစ်ဆေးပြီးနောက် သူ၏ ကိုယ်ကျပ်ဝတ်စုံကို ဝတ်ကာ အပြင်သို့ ထွက်လာခဲ့သည်။

ရှည်လျားပြီး မှောင်မည်းကာ ဆလင်ဒါပုံစံ အရာဝတ္ထုကြီးအတွင်းမှ သူ ထွက်လာသည်ကို ကြည့်ရင်း အမြီးရှည်ဝတ်စုံနှင့်လူ၏ မျက်လုံးများတွင် စပ်စုလိုစိတ်များဖြင့် တောက်ပလာခဲ့သည်။

“ဒီမှာပဲ နေခဲ့ကြ။ ငါ အပေါ်တက်ပြီး သွားကြည့်လိုက်ဦးမယ်။”

ရှောင်းယီက ညွှန်ကြားလိုက်သည်။

သူ၏ ကိုယ်ကျပ်ဝတ်စုံက သူ့ကို ယုံကြည်မှု ပေးထား၏။ ရန်သူ့ဘက်တွင် ထိပ်တန်း ကျွမ်းကျင်ပညာရှင်များ ရှိနေလျှင်ပင် သူသည် ဘာမှမဖြစ်ဘဲ လွတ်မြောက်နိုင်သော်လည်း ကျန်သူများမှာမူ ထိုသို့ မဟုတ်ပေ။

“နားလည်ပါပြီ ကျွန်းပိုင်ရှင် ဂရုစိုက်ပါ။”

ကျန်းယွင်ထျန်းက သတိပေးလိုက်သည်။

ရှောင်းယီသည် ပေါ့ပါးစွာ ခုန်တက်လိုက်ရာ လန်ဖုန်းအင်ပါယာ၏ သင်္ဘောပေါ်သို့ ကျဆင်းသွားလေတော့သည်။

All Chapters