အခန်း (၉၆၇-၉၆၈)
Vol. 80 Ch. 967-968
အခန်း ၉၆၇ - လန်ယုံ၏ ထိတ်လန့်မှု၊ ဝဘ်ဆိုက်ဖိုရမ်များနှင့် ဖွံ့ဖြိုးတိုးတက်မှု
“ဟုတ်ကဲ့။”
စစ်သားသည် ထိုစကားကို ကြားလျှင် ချက်ချင်းပင် ခေါင်းငြိမ့်ပြပြီး နန်းတော်စောင့်၏ နောက်မှ နန်းတော်အတွင်းပိုင်းသို့ လိုက်ပါသွားခဲ့သည်။ မကြာမီမှာပင် ထိုစစ်သားကို ဘုရင်ကြီး၏ ရှေ့မှောက်သို့ ခေါ်ဆောင်သွားခဲ့ကြ၏။
“အရှင်မင်းကြီးကို ဂါရဝပြုပါတယ်။”
စစ်သားသည် အလောတကြီးဖြင့် ပုံစံတကျ ဒူးထောက်ကာ အလေးပြုလိုက်သည်။
လန်ယုံက တည်ကြည်သော မျက်နှာအမူအရာဖြင့် ဆိုလိုက်သည်။
“အခမ်းအနားတွေ မလိုပါဘူး။ ထပြီး ပြောစရာရှိတာ ပြောပါ။”
“ဟုတ်ကဲ့။”
လန်ယုံက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
“မင်းက စစ်သူကြီး ထန်လော့ရဲ့ လက်အောက်က စစ်သားတစ်ယောက် ဖြစ်ရမယ် ဟုတ်တယ်မလား။”
“ဟုတ်ပါတယ် အရှင်မင်းကြီး။”
“အခု ရှေ့တန်းက အခြေအနေ ဘယ်လိုရှိလဲ “
“အားလုံး တစ်ဖက်ရန်သူရဲ့ ဖမ်းဆီးခြင်းကို ခံလိုက်ရပါပြီ။”
စစ်သား၏ အဖြေကြောင့် လန်ယုံမှာ အလွန်အမင်း ထိတ်လန့်သွားပြီး နေရာမှ ထရပ်လိုက်မိ၏။
“ဘာ။ အကုန်လုံး အဖမ်းခံလိုက်ရတယ် ဟုတ်လား။ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ငါတို့က သံချပ်ကာသင်္ဘော အစင်းနှစ်ဆယ်ကျော်တောင် ထည့်ပေးလိုက်တာလေ။”
လန်ယုံက မျက်လုံးအပြူးသားဖြင့် ဆိုသည်။ စစ်သားက ခါးသီးသော အပြုံးဖြင့် ခေါင်းခါယမ်းလိုက်၏။
“တစ်ဖက်ရန်သူမှာ ကျွန်တော်မျိုးတို့ရဲ့ သံချပ်ကာသင်္ဘောတွေကို ဖျက်ဆီးဖို့ သီးသန့်ထုတ်ထားတဲ့ အရမ်းအဆင့်မြင့်တဲ့ လက်နက်တွေ ရှိနေပါတယ်။ ကျွန်တော်မျိုးတို့ဘက်က သူတို့ကို ထိခိုက်ဒဏ်ရာ တစ်ဦးတစ်ယောက်တောင် ရအောင် မလုပ်နိုင်ခဲ့ပါဘူး။”
“မနေ့ညက တိုက်ပွဲအခြေအနေကို အသေးစိတ် ပြန်ပြောပြစမ်း။”
လန်ယုံ ပြန်ထိုင်လိုက်ပြီး အမိန့်ပေးလိုက်သည်။
“ဟုတ်ကဲ့ပါ။”
ထို့နောက် စစ်သားက လန်ယုံအား တိုက်ပွဲအခြေအနေကို တင်ပြနေစဉ်မှာပင် ရှောင်းယီသည် သူ၏ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ထံသို့ ပြန်ရောက်နေပြီ ဖြစ်သည်။
ယီထျန်း ဂရုချက်ထဲတွင်မူ အသစ်ဖွင့်လှစ်လိုက်သော ယီရန်ပင်း မဟာမိတ်အဖွဲ့၏ ဝဘ်ဆိုက်အကြောင်းကို ဆွေးနွေးနေကြသည်။
“သူဌေးက ငါတို့ထက် တကယ့်အဝေးကြီး ရောက်နေတာပဲ။ ဝဘ်ဆိုက်တောင် တည်ဆောက်ထားပြီးပြီ။ အနည်းငယ် ရိုးရှင်းနေသေးပေမဲ့ လုပ်ဆောင်ချက်တွေကတော့ အစုံပဲ။”
“ဟုတ်တယ်။ ငါတို့တွေ အင်တာနက်ခေတ်ထဲကို ဆွဲခေါ်ခံနေရပြီလား။”
“ငါတို့တွေ သူဌေးရဲ့ အရှိန်ကို အပြေးလိုက်ရင်တောင် မမီနိုင်တော့ဘူး။ ဒီတိုင်း တွဲလောင်းခိုပြီးလိုက်ရုံပဲ ရှိတော့တယ်။”
“ဟားဟား...ငါ ဒီမှာ ဒိုမိန်းအမည်တစ်ခု လျှောက်ထားပြီး အသက်ရှင်ကျန်ရစ်သူ ဖိုရမ်တစ်ခု လုပ်ထားတယ်။ အားလုံးပဲ လာလည်ပြီး ပို့စ်တွေ အများကြီး တင်ပေးကြပါဦး။”
“ဝိုး... မင်း တကယ်ပဲ မိုဘိုင်းဖုန်းကိုသုံးပြီး ဝဘ်ဆိုက်တည်ဆောက်လိုက်တာလား။”
“အင်းလေ။ အားနေတာနဲ့ လုပ်လိုက်တာ။ မသေမျိုးတွေကလည်း အဖမ်းခံနေရပြီ။ အဲ့ဒီဒေသခံတွေကလည်း ငါ့ကို ဘာမှမလုပ်နိုင်ကြဘူး။ ဒါကြောင့် အားလုံး အသက်ရှင်ကျန်ရစ်သူ ပုံပြင်တွေအကြောင်း ပြောလို့ရအောင် ဝဘ်ဆိုက်တည်ဆောက်လိုက်တာ။ ကွန်ရက်ပေါ်မှာ ငါတို့ရဲ့ အမှတ်အသားလေးတွေ ချန်ထားခဲ့သလိုပေါ့။”
“အဲ့ဒါ စိတ်ကူးကောင်းပဲ။ ငါ အရင်ဆုံး သွားပြီး စာစုတစ်ခု တင်လိုက်ဦးမယ်။ အားလုံးပဲ လာပြီး ကူညီဝန်းရံပေးကြပါဦး။”
“ငါက ဘယ်လို ဝန်းရံပေးရမှာလဲ။ ငါ့မှာ အခုထိ မိုဘိုင်းဖုန်းတောင် မရှိသေးဘူး။”
“အခုထိတောင် မရှိသေးဘူးလား။ မိုဘိုင်းဖုန်းဝယ်ဖို့ အုတ်မြစ်ကျောက်တွေ မသုံးချင်သေးဘူးလား။ အခု လူတော်တော်များများက ဖုန်းနဲ့ပဲ ဆက်သွယ်နေကြပြီ။ သတင်းအချက်အလက်တွေ နောက်ကျကျန်ခဲ့မှာ မကြောက်ဘူးလား။”
“ဒါက ငါ့အမှား မဟုတ်ဘူး။ သူဌေးဘက်က ဖုန်းတွေကို နေ့တိုင်း အကန့်အသတ်နဲ့ပဲ ရောင်းပေးနေတာ။ ငါက လုံးဝ လုမဝယ်နိုင်လို့ပါကွာ...။”
“ဒါဆိုရင် ပွဲစားတစ်ယောက်ဆီမှာသာ သွားရှာလိုက်တော့။ ဈေးနည်းနည်း ပိုပေးရပေမဲ့ အနည်းဆုံးတော့ ဖုန်းကို တစ်ရက်စောပြီး သုံးရတာပေါ့။”
အဖွဲ့အတွင်း ဆွေးနွေးမှုများကို မြင်ပြီးနောက် ရှောင်းယီ ခဏမျှ စဉ်းစားကာ ဝမ်ရှင်းဖုန်းဆီ ဖုန်းဆက်လိုက်သည်။
“အင်ဂျင်နီယာဝမ် ငါတို့ မဟာမိတ်အဖွဲ့အတွင်းမှာ မိုဘိုင်းဖုန်း လိုအပ်ချက်က အပြည့်အဝ မရသေးဘူးလား။”
“အခု အားလုံးနီးပါးဆီကို ပျံ့နှံ့သွားပါပြီ။”
ဝမ်ရှင်းဖုန်းက သူ၏ ထုတ်လုပ်မှု ပမာဏကို စစ်ဆေးပြီးနောက် ပြန်ဖြေလိုက်သည်။
“ကောင်းပြီ။ ဒါဆိုရင် အပြင်လောကကို အင်တိုက်အားတိုက် ရောင်းချပေးလိုက်တော့။”
ရှောင်းယီက ညွှန်ကြားလိုက်သည်။
“ဟုတ်ကဲ့။”
ဝမ်ရှင်းဖုန်းနှင့် အတည်ပြုပြီးနောက် ရှောင်းယီက ဂရုထဲတွင် ချက်ချင်းပြောလိုက်သည်။
“အားလုံးပဲ စိတ်မပူကြပါနဲ့။ ကျုပ်တို့ မဟာမိတ်အဖွဲ့ရဲ့ ပြည်တွင်းလိုအပ်ချက်က ပြည့်ဝသွားပါပြီ။ အခု အပြင်ကို ဖုန်းတွေ အင်တိုက်အားတိုက် ရောင်းချပေးနေပါပြီ။ အားလုံး ဝယ်ယူနိုင်မှာပါ။”
“ဒါကတော့ အရမ်းကောင်းတာပဲ။ ကျေးဇူးပါ သူဌေး။ ကျုပ် ပွဲစားဆီမှာ ဈေးနှစ်ဆပေးပြီး ဝယ်တော့မလို့။”
“တော်သေးတာပေါ့ သူဌေး အချိန်မီ ပြောပေးလို့။ မဟုတ်ရင် ကျုပ် ပိုက်ဆံတွေ အလကား ကုန်တော့မှာ။”
“ဟားဟား...အခုလေးတင် အစ်ကိုကြီး တည်ဆောက်ပေးထားတဲ့ အသက်ရှင်ကျန်ရစ်သူ ဖိုရမ်မှာ ကျုပ် ပို့စ်တင်လိုက်ပြီ။ ခြေရာလေး ချန်ခဲ့တဲ့ သဘောပေါ့။ အားလုံးပဲ သွားကြည့်ပေးကြဦး။”
“ဟုတ်ပြီ။ ငါလည်း အခုပဲ သွားပြီး ဝန်းရံပေးလိုက်မယ်။ ဟာ... ခုလေးမှ စတာကို ပို့စ်တွေက အများကြီးပဲ။ တစ်သောင်းကျော်တောင် ရှိနေပြီဟ။”
“လူတိုင်းရဲ့ ဖိုရမ်မှာ စာတိုပို့တဲ့ ကျွမ်းကျင်မှုတွေကတော့ တကယ့်ကို နက်နဲကြတာပဲ။”
“ဟိုးအရင်က ဖိုရမ်တစ်ခု စဖွင့်တုန်းကဆိုရင် ငါ့အချိန် တော်တော်များများကို အဲ့ဒီထဲမှာပဲ မြုပ်နှံထားခဲ့တာကို သတိရမိတယ်။”
“နောက်ပိုင်းမှာ ဖိုရမ်တွေက တဖြည်းဖြည်း မှေးမှိန်သွားခဲ့ပေမဲ့ အခု ပြန်ပေါ်လာပြီဆိုတော့ ဒီဖိုရမ်ကို ငါ သေသေချာချာလေး စီမံခန့်ခွဲရမယ်။”
ရှောင်းယီသည် သိချင်စိတ်ဖြင့် ထိုသူ တည်ဆောက်ထားသော အသက်ရှင်ကျန်ရစ်သူ ဖိုရမ်ကို ဖွင့်ကြည့်လိုက်၏။
“[ပင်ပို့စ်] မရှိမဖြစ် အသက်ရှင်ရပ်တည်ရေး ကျွမ်းကျင်မှုများ (အဖိုးတန် အချက်အလက်များ)။”
“[ပင်ပို့စ်] အဓိက အသက်ရှင်ကျန်ရစ်သူ မဟာမိတ်အဖွဲ့များ၏ အင်အား ခွဲခြမ်းစိတ်ဖြာချက်။”
“အတွေ့အကြုံ ရဖို့သက်သက်ပါ။ အားလုံးပဲ လာရောက် ကူညီပေးကြပါဦး။”
...
ရှောင်းယီသည် ပို့စ်အချို့ကို ဖတ်ကြည့်ရာ တော်တော်လေး စိတ်ဝင်စားဖို့ကောင်းသည်ကို တွေ့လိုက်ရလေသည်။ အချို့လူများမှာ သူတို့ ကြုံတွေ့နေရသော အခက်အခဲများကို ဖိုရမ်တွင် တင်ထားကြပြီး အောက်တွင်လည်း လာရောက် ဖြေကြားပေးသူ အများအပြား ရှိနေခဲ့သည်။
အချို့က အတည်ပေါက် ဖြေကြားကြသလို အချို့ကတော့ နောက်ပြောင်နေကြခြင်း ဖြစ်သည်။
“တကယ်လို့ တစ်ယောက်ယောက်က ငါတို့ အရင်ဘဝက အက်ပလီကေးရှင်း (App) တွေလိုမျိုးသာ ထွင်နိုင်မယ်ဆိုရင် နောင်ကျရင် ဆက်သွယ်ရေးအတွက် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို လုံးဝ အားကိုးနေစရာ မလိုတော့ဘူး။”
ရှောင်းယီက တစ်ဦးတည်း တွေးတောလိုက်မိသည်။
ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှာ အစွမ်းထက်ပြီး အသက်ရှင်ကျန်ရစ်သူများအတွက် လက်ရှိတွင် မရှိမဖြစ် ဖြစ်နေသော်လည်း ၎င်းမှာ ကမ္ဘာ့စည်းမျဉ်းများက ပေးထားသည့် အရာသာ ဖြစ်သည်။ အကယ်၍ လူတိုင်း၏ ဆက်သွယ်ရေးမှာ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်နှင့် ကင်းကွာပြီး လွတ်လပ်သွားမည်ဆိုလျှင် ၎င်းမှာ ကြီးမားသော ခြေလှမ်းသစ်တစ်ခု ဖြစ်လာပေလိမ့်မည်။
ဤသို့ တွေးမိသည်နှင့် ရှောင်းယီက အဖွဲ့ထဲတွင် ချက်ချင်း ပြောလိုက်သည်။
“တကယ်လို့ တစ်ယောက်ယောက်မှာ ငါတို့ အရင်ဘဝက သုံးခဲ့တဲ့ App မျိုးတွေကို ထွင်နိုင်တဲ့ အရည်အချင်း ရှိမယ်ဆိုရင် ငါတို့တွေ ဖုန်းထဲက App တွေကတစ်ဆင့် ဆက်သွယ်လို့ ရသွားလိမ့်မယ်။ ဒါဆိုရင်တော့ ဘယ်နေရာ၊ ဘယ်အချိန်မှာမဆို ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို အားကိုးနေစရာမလိုဘဲ အချင်းချင်း ချိတ်ဆက်နိုင်မှာ ဖြစ်လို့ ဒါဟာ တကယ့်ကို ကြီးမားတဲ့ တိုးတက်မှုတစ်ခု ဖြစ်လာလိမ့်မယ်။”
“သူဌေး ပြောတာ မှန်ပါတယ်။ ကျုပ် အရင်က ချက်တင်းဆော့ဖ်ဝဲတွေ လုပ်တဲ့အကြောင်း လေ့လာခဲ့ဖူးတယ်။ ကျုပ် စမ်းကြည့်လိုက်ပါ့မယ်။”
“ကျုပ်လည်း အဲ့ဒါကို လေ့လာခဲ့ဖူးတယ်။ အခွင့်အရေးရရင် အတူတူ ဆွေးနွေးကြတာပေါ့။”
“ကျုပ်ကိုလည်း ထည့်လိုက်ပါဦး။”
“ဒါဆိုရင် အချိန်တစ်ခု သတ်မှတ်ပြီး ယီရန်ပင်း သူဌေးရဲ့ ကျွန်းမှာ ဆုံကြမလား။ အဲ့ဒီမှာ ဒါကို အတူတူ ဝိုင်းပြီးတည်ဆောက်ကြတာပေါ့။”
“ကောင်းတဲ့ စိတ်ကူးပဲ။ အချိန်ဆွဲနေမယ့်အစား အခုပဲ စုလိုက်ကြရအောင်။ အားလုံးပဲ ကိုယ့်မဟာမိတ်အဖွဲ့ထဲက ကိစ္စတွေကို စီစဉ်ပြီးတာနဲ့ ဒီဘက်ကို လာခဲ့ကြပါ။ ဒီဆော့ဖ်ဝဲကို အမြန်ဆုံး ထွက်လာအောင် ကြိုးစားကြတာပေါ့။”
“ဟုတ်ပြီ။ ကျုပ် စီစဉ်ဖို့ နာရီဝက်လောက်တော့ လိုမယ်။”
“ကျုပ်တော့ အခုချက်ချင်း သွားလို့ရတယ်။ ဘာပဲဖြစ်ဖြစ် မိုဘိုင်းဖုန်းနဲ့ မြို့ပြန်ကျောက် ရှိနေတာပဲ။ အချိန်မရွေး ပြန်လာလို့ ရတာပဲဥစ္စာ။”
“ဟုတ်သားပဲ အခုပဲ သွားကြစို့။”
ထိုသူများသည် မကြာမီမှာပင် အပန်းဖြေစခန်းသို့ စုရုံးရောက်ရှိလာကြ၏။ ရှောင်းယီက အန်းယွဲ့ဆီ ဖုန်းဆက်လိုက်သည်။
“ဦးလေးအန်း အဖွဲ့ထဲက ကုဒ်ရေးသူ (Coder) အချို့ ချက်တင်းဆော့ဖ်ဝဲ လုပ်ဖို့ ရောက်လာကြလိမ့်မယ်။ သူတို့အတွက် သီးသန့်နေရာလေး တစ်ခု စီစဉ်ပေးလိုက်ပါဦး။”
“ကောင်းပါပြီ။”
အန်းယွဲ့က ပြန်ဖြေလိုက်သည်။ သို့သော် သူက ခေတ္တ တုံ့ဆိုင်းသွားပြီးမှ မေးလိုက်သည်။
“ကျွန်းပိုင်ရှင် တကယ်လို့ ဒါကို လုပ်လိုက်ရင် ထိန်းချုပ်လို့ မရတာမျိုး ဖြစ်မသွားဘူးလား။”
“ရပါတယ်။ အခုလောလောဆယ် ကျုပ်တို့ဆီမှာပဲ ဆာဗာတွေ ရှိတာလေ။ ဆာဗာပေါ်က အချက်အလက်တွေကို ကျုပ်တို့ အချိန်မရွေး စစ်ကြည့်လို့ရနေတာပဲ။ အဲ့ဒါကြောင့် စိတ်မပူပါနဲ့။”
ရှောင်းယီက ပြုံးကာ ပြန်ဖြေလိုက်သည်။
တစ်နည်းအားဖြင့်ဆိုသော် သူတို့ ချက်တင်းဆော့ဖ်ဝဲ ပြုလုပ်လိုက်လျှင်ပင် ပြောဆိုသမျှ အချက်အလက်များသည် ဆာဗာပေါ်တွင် သိမ်းဆည်းထားမည်ဖြစ်ရာ သူ အလိုရှိသည့် အချိန်တိုင်း စစ်ဆေးနိုင်မည် ဖြစ်သည်။
အန်းယွဲ့ ခေါင်းငြိမ့်ပြလိုက်၏။
“နားလည်ပါပြီ။”
ထို့နောက် အန်းယွဲ့သည် ဘားထဲတွင် ထိုကုဒ်ရေးသူများကို ရှာဖွေလိုက်ပြီး ရှောင်းယီ၏ စေတနာကို ပြောပြလိုက်သည်။
“သူဌေးက တကယ် ဂရုစိုက်တတ်တာပဲ။ ကျုပ်တို့အတွက် သီးသန့်နေရာတောင် ပေးထားတယ်။ ဒါကတော့ အရမ်းကောင်းတာပဲ။”
“ဟုတ်တယ်။ သူဌေးကို ကျေးဇူးတင်ရမယ်။”
“မင်းတို့ ကြိုက်တဲ့နေရာ ရှိလား။”
“ဒီဘားထဲမှာပဲဆိုရင်တော့ အရမ်းကောင်းပါတယ်။ ဒါပေမဲ့ ပတ်ဝန်းကျင်က နည်းနည်း ဆူညံနေမလားလို့။”
ထိုအခါ အန်းယွဲ့က ပြုံးကာ ပြောလိုက်သည်။
“ဒါက ပြဿနာမရှိပါဘူး။ အပေါ်ထပ်က သီးသန့်ခန်းတစ်ခုကို သွားလိုက်ကြပါ။ ငါးလွှာက ပထမဆုံး အခန်းကို သွားလိုက်လို့ရတယ်။ ဒီချက်တင်းဆော့ဖ်ဝဲ ပြီးတဲ့အထိ အဲ့ဒီအခန်းကို မင်းတို့အတွက် ရေရှည် သတ်မှတ်ပေးထားပါ့မယ်။”
အခန်း ၉၆၈ - ကျိမိသားစုနှင့် ဧရာမသားရဲကြီး ထပ်မံတွေ့ဆုံခြင်း၊ ဖြစ်နိုင်ခြေရှိသော ပုံစံတစ်ခု
“မိုက်လိုက်တာ။ ငါတို့ တကယ်ပဲ ဘားရဲ့ သီးသန့်ခန်းထဲမှာ ထိုင်ခွင့်ရလိုက်တာလား။”
ဒီဘားရဲ့ သီးသန့်ခန်းတွေက ဈေးအရမ်းကြီးတာလေ။
“ကျေးဇူးတင်ပါတယ် သူဌေး။ ကျေးဇူးတင်ပါတယ် အကြီးအကဲအန်း။”
“ငါ စဉ်းစားနေတာ... ဒါကို အောင်အောင်မြင်မြင် လုပ်ပြီးသွားရင် သူဌေးကို အစုရှယ်ယာ တချို့ ခွဲပေးသင့်တယ် မဟုတ်လား။”
“ဒါက လုပ်ကိုလုပ်ရမှာပေါ့။”
အန်းယွဲ့က သူတို့ကို ဘား၏ ငါးလွှာကို ခေါ်သွားပြီး သီးသန့်ခန်း ၅၀၁ ကို ဖွင့်ပေးလိုက်ကာ ပြောလိုက်သည်။
“ဒီအခန်းပဲ။ မင်းတို့ဆီကနေ အချောသတ် ဆော့ဖ်ဝဲကို အမြန်ဆုံး မြင်တွေ့ရဖို့ မျှော်လင့်ပါတယ်။”
“ဟုတ်ကဲ့။ ကျုပ်တို့ အစွမ်းကုန် ကြိုးစားသွားပါ့မယ်။”
ထိုလူအချို့က တညီတညွတ်တည်း ပြန်ဖြေလိုက်ကြသည်။
ဘား၏ သီးသန့်ခန်းများသည် အသံလုံစနစ် အလွန်ကောင်းမွန်လှ၏။ သူတို့ ငါးလွှာအခန်းထဲသို့ ဝင်လိုက်သည်နှင့် အပြင်ဘက်မှ ဆူညံသံများကို မကြားရတော့ဘဲ ဆော့ဖ်ဝဲထုတ်လုပ်ရေးတွင် အာရုံအပြည့်အဝ မြှုပ်နှံနိုင်ကြတော့သည်။
ကုဒ်ရေးသူများကို နေရာချပေးပြီးနောက် အန်းယွဲ့ ဘားမှ ထွက်ခွာသွား၏။
ရှောင်းယီသည် အသက်ရှင်ကျန်ရစ်သူ ဖိုရမ်ပေါ်ရှိ ပို့စ်များကို ဖတ်ရှုနေစဉ် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှ အကြောင်းကြားသံ ရုတ်တရက် ထွက်ပေါ်လာသည်။
“သင့်ထံတွင် သီးသန့်စာတိုတစ်စောင် ရှိနေပါသည်။ ကြည့်ရှုလိုပါသလား။”
“ကြည့်မယ်။”
“ကျုပ်တို့ ဧရာမသားရဲကြီးတစ်ကောင်ရဲ့ တိုက်ခိုက်မှုကို ခံနေရပါတယ်။ သူဌေးဆီကနေ တိုပီဒိုအချို့ ဝယ်ယူချင်ပါတယ်။”
ရှောင်းယီသည် သီးသန့်ချက်တင်ကို ဖွင့်ကြည့်လိုက်ရာ ထိုစာကို တွေ့လိုက်ရ၏။
“ကျိမိသားစုလား။ ဒါက နောက်တစ်ခါပဲ။”
ရှောင်းယီက မျက်မှောင်ကြုံ့ကာ ရေရွတ်လိုက်သည်။
ထို့နောက် ယခင်မှတ်တမ်းများကို အနည်းငယ် ပြန်စစ်ကြည့်လိုက်ရာ သူတို့ နောက်ဆုံးအကြိမ် တိုပီဒို အကူအညီတောင်းခဲ့သည်မှာ ၉၁ ရက်မြောက်နေ့ဖြစ်ပြီး ယနေ့မှာ ၉၈ ရက်မြောက်နေ့ ဖြစ်နေသည်။
နှစ်ကြိမ်ကြား ကွာဟချက်မှာ အတိအကျ ၇ ရက်ဖြစ်နေပြီး ၎င်းမှာ သူ၏ကိုယ်ပိုင် မဟာမိတ်အဖွဲ့ သားရဲကြီးများနှင့် ကြုံတွေ့ရသည့် အချိန်ကာလနှင့် ထပ်တူကျနေခဲ့လေသည်။
“တစ်နည်းအားဖြင့် မဟာမိတ်အဖွဲ့တစ်ခုမှာ SSS အဆင့် အသက်ရှင်ကျန်ရစ်သူတစ်ယောက် ပေါ်လာတာနဲ့ ၇ ရက်တစ်ကြိမ် ဧရာမသားရဲကြီးတွေရဲ့ တိုက်ခိုက်မှုကို ခံရတော့မှာပေါ့။”
ရှောင်းယီက စိတ်ထဲမှ တွေးလိုက်မိသည်။
ခဏမျှ စဉ်းစားပြီးနောက် ရှောင်းယီက ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှတစ်ဆင့် ပြန်ဖြေလိုက်သည်။
“မင်းတို့က ကျိမိသားစုရဲ့ မဟာမိတ်အဖွဲ့ မဟုတ်လား။”
ကျိကျန့်ထျန်းသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှ အဖြေကိုကြည့်ကာ အခြေအနေ မဟန်တော့ဟု ထင်မိသော်လည်း ပြန်မေးလိုက်သည်။
“သူဌေး ယီရန်ပင်း ဒီစကားက ဘာကို ဆိုလိုတာလဲ။”
“ကျိမိသားစုရဲ့ ပါရမီရှင် ကျိကျိယင် တစ်ယောက်ပဲ SSS အဆင့်ကို ဒီလောက်မြန်မြန် ရောက်နိုင်မယ်လို့ ငါယုံကြည်တယ်။”
ရှောင်းယီက ဆိုသည်။
“ပွင့်ပွင့်လင်းလင်းပဲ ပြောကြရအောင်။ ဖုံးကွယ်နေစရာ မလိုပါဘူး။”
ကျိကျန့်ထျန်းသည် ရှောင်းယီ၏ အဖြေကို ကြည့်ပြီး မျက်မှောင်ကြုံ့ကာ အတွေးနက်သွား၏။ ထို့နောက် ကျိပါ့ထျန်းထံ ဖုန်းဆက်ကာ ပြောလိုက်သည်။
“အစ်ကိုကြီး ယီရန်ပင်းက ကျုပ်တို့ရဲ့ အထောက်အထားကို သိနေပြီ။”
“သူက ငါတို့ကို တိုပီဒိုတွေ မရောင်းဘဲ အဲ့ဒီသားရဲကြီးနဲ့ တိုက်ရိုက်ရင်ဆိုင်ခိုင်းဖို့ ကြံနေတာလား။”
ကျိပါ့ထျန်းက မျက်မှောင်ကြုတ်လျက် မေးလိုက်သည်။
“သူက အတိအလင်းတော့ ငြင်းမထားသေးဘူး။ ဒါပေမဲ့ သူ တစ်ခုခု ကြံစည်နေသလို ခံစားရတယ်။”
ကျိကျန့်ထျန်းက ပြန်ဖြေလိုက်သည်။ ကျိကျန့်ထျန်း ကျိပါ့ထျန်းနှင့် ဆက်သွယ်နေစဉ်မှာပင် ရှောင်းယီက ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တွင် ဆက်လက်ရေးသားလိုက်သည်။
“ငါ့ဆီက တိုပီဒိုတွေကို လိုချင်တယ်ဆိုရင် ရပါတယ်။ ငါ့ရဲ့ တစ်ခုတည်းသော တောင်းဆိုချက်ကတော့ မင်းတို့ ကျိမိသားစုရဲ့ သိုင်းပညာနဲ့ လဲလှယ်ပေးဖို့ပဲ။”
ရှောင်းယီ၏ တောင်းဆိုချက်ကို မြင်သောအခါ ကျိကျန့်ထျန်းက ချက်ချင်း ပြန်ဖြေလိုက်သည်။
“ဒါက လုံးဝ မဖြစ်နိုင်ဘူး။”
“ဒါဆိုရင်တော့ မေ့လိုက်ပါတော့။”
ရှောင်းယီက ပြတ်သားစွာ ငြင်းဆိုလိုက်ပြီး ချက်တင်ကို ပိတ်လိုက်တော့သည်။
ရှောင်းယီသည် ရှေးဟောင်းသိုင်းပညာ မိသားစုများ၏ ပညာရပ်များကို သိချင်ရုံသာ ဖြစ်သည်။ စနစ်က သူ့ကိုပေးထားသော တာအိုကျမ်းစာများသည် ထိုမိသားစုများ၏ နည်းစနစ်များထက် မနိမ့်ကျကြောင်း သူသိသော်လည်း ဗဟုသုတအဖြစ် ပိုမြင်တွေ့ရခြင်းမှာ ဆိုးကျိုးမရှိပေ။
နောင်တွင် သူသည် ကျိကျိယင်နှင့် ထိပ်တိုက်တွေ့နိုင်ခြေ ရှိသည်။ ရန်သူ့အကြောင်းနှင့် ကိုယ့်အကြောင်းကိုယ် သိထားလျှင် ဘယ်တော့မှ မရှုံးနိမ့်နိုင်ဆိုသည့် စကားအတိုင်း ၎င်းမှာ အနာဂတ်အတွက် ပြင်ဆင်ခြင်းလည်း ဖြစ်သည်။
စကားပြောပြီးနောက် ရှောင်းယီ အတွေးထဲတွင် နစ်မြောနေမိသည်။
ဧရာမသားရဲကြီးက ၇ ရက်တစ်ကြိမ် တိုက်ခိုက်၏။ အကယ်၍ မတောင့်ခံနိုင်လျှင် ကျွန်းနှင့် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပါ ဆုံးရှုံးသွားနိုင်သည်။
ဒါပေမဲ့ ဒါတွေက ဘယ်တော့မှ ပြီးဆုံးမှာလဲ။
ဒါတွေက ထာဝရ ဒီအတိုင်း တိုက်ခိုက်နေမှာတော့ မဟုတ်နိုင်ဘူး မဟုတ်လား။
“SSS အဆင့်ကို အားလုံးရောက်သွားမှပဲ ဧရာမသားရဲကြီးတွေရဲ့ တိုက်ခိုက်မှုက ရပ်တန့်သွားမှာလား။”
ရှောင်းယီသည် ရုတ်တရက် ဖြစ်နိုင်ခြေတစ်ခုကို တွေးမိသွား၏။
ဤကမ္ဘာကြီးသည် အသက်ရှင်ကျန်ရစ်သူအားလုံး၏ အင်အားကို အမြဲတမ်း မျှတအောင် ညှိပေးလေ့ရှိသောကြောင့် SSS အဆင့်သို့ ဦးဆောင်ရောက်ရှိသွားသူများသည် စမ်းသပ်မှုပုံစံဖြင့် အထူးဂရုစိုက်မှုကို အမြဲရရှိလေ့ရှိပြီး ထိုစမ်းသပ်မှုမှာ ဧရာမသားရဲကြီးများ၏ တိုက်ခိုက်မှုပင် ဖြစ်သည်။
SSS အဆင့်သို့ စောစောရောက်လေ သားရဲကြီးများ၏ တိုက်ခိုက်မှုကို ပို၍ရင်ဆိုင်ရလေဖြစ်သည်။ အသက်ရှင်ကျန်ရစ်သူအားလုံး SSS။အဆင့်သို့ ရောက်ရှိသွားချိန်သည် အသက်ရှင်ကျန်ရစ်သူများ ဘွဲ့ရသည့်အချိန် ဖြစ်ပေလိမ့်မည်။
ထိုအချိန်တွင် သားရဲကြီးများက တိုက်ခိုက်မှုရပ်သွားခြင်းမျိုး မဟုတ်ဘဲ အားလုံးဘွဲ့ရရှိသွားပြီး နောက်ထပ်အဆင့်တစ်ခုသို့ တက်လှမ်းသွားခြင်းမျိုး ဖြစ်နိုင်သည်။
“ဟုတ်တယ်၊ ဒီလိုပဲ ဖြစ်ရမယ်။”
ရှောင်းယီသည် ဤတွေးဆချက်မှာ အလွန်ဖြစ်နိုင်ခြေရှိသည်ဟု ခံစားလိုက်ရသည်။
ထို့ကြောင့် သူသည် သားရဲကြီးများ၏ တိုက်ခိုက်ခံရမည့် အကြိမ်ရေကို လျှော့ချလိုလျှင် နည်းလမ်းတစ်ခုသာ ရှိသည်။ ၎င်းမှာ လူတိုင်းကို SSS အဆင့်သို့ အမြန်ဆုံးရောက်အောင် ကူညီပေးရန်ပင် ဖြစ်သည်။
အားလုံးအတူတူ ဘွဲ့ရကြမည်။ ဘွဲ့ရပြီးနောက် နောက်ထပ်စမ်းသပ်မှုအဆင့်များ ရှိနေဦးမည်မှာ သေချာသော်လည်း အနည်းဆုံးတော့ ဤအဆင့်ကို အရင်ကျော်ဖြတ်ရမည်ဖြစ်သည်။
ဤသို့တွေးမိသည်နှင့် ရှောင်းယီက အန်းယွဲ့နှင့် ကျန်သူများထံ ဂရုစာတို ချက်ချင်းပို့လိုက်၏။
“အားလုံး သတိပြုကြပါ။ လာမယ့်ကာလရဲ့ ပန်းတိုင်က အသက်ရှင်ကျန်ရစ်သူအားလုံးရဲ့ အဆင့်ကို SSS အထိ အမြန်ဆုံး မြှင့်တင်ပေးဖို့ပဲ။”
အန်းယွဲ့နှင့် ကျန်သူများမှာ ဇဝေဇဝါဖြစ်သွားသော်လည်း “ဟုတ်ကဲ့” ဟု အသီးသီး ပြန်ဖြေကြသည်။
အသေးစိတ်အကြောင်းပြချက်ကိုတော့ ညစာစားချိန်ကျမှ ရှောင်းယီကို မေးမြန်းကြတော့မည်ဖြစ်သည်။
မကြာမီ နေ့လယ်စာစားချိန်သို့ ရောက်ရှိလာပြီး အန်းယွဲ့နှင့် ကျန်သူများမှာ ထမင်းစားရန် ဗီလာသို့ ပြန်လာခဲ့ကြသည်။
လူတိုင်း ပြန်ရောက်လာသည်ကို ရှောင်းယီ မအံ့သြပေ။ အကြောင်းမှာ သူ ခုနက ပို့လိုက်သောစာမှာ အလွန်စဉ်းစားစရာ ကောင်းနေသောကြောင့်ပင်။
“ကျွန်းပိုင်ရှင် တကယ်ပဲ ဘာတွေဖြစ်နေတာလဲ။ ငါတို့တွေ အရမ်းအင်အားကြီးတဲ့ ရန်သူနဲ့ ရင်ဆိုင်ရတော့မှာလား။”
အဆင့်မြှင့်တင်ရန် ညွှန်ကြားချက်ကို ရရှိကတည်းက ကျန်းယွင်ထျန်း၏ ပထမဆုံးအတွေးမှာ အင်အားကြီးရန်သူနှင့် တွေ့ရတော့မည်ဟူ၍ ဖြစ်သည်။
အန်းယွဲ့ကလည်း သိချင်စိတ်ဖြင့် ရှောင်းယီကို ကြည့်နေ၏။ သူလည်း ထိုသို့ပင် ထင်နေခြင်းဖြစ်သည်။ ရှောင်းယီက ပြုံးကာ ရှင်းပြလိုက်သည်။
“စိတ်မပူကြပါနဲ့။ ဒါက ကျုပ်ရဲ့ တွေးဆချက်တစ်ခုပါ။”
ရှောင်းယီသည် ကျိမိသားစု၏ အကူအညီတောင်းခံမှုနှင့် သူ၏တွေးဆချက်ကို ပေါင်းစပ်ကာ ရှင်းပြလိုက်ရာ လူတိုင်း အံ့အားသင့်သွားခဲ့ကြသည်။
“ကျွန်းပိုင်ရှင်ရဲ့ တွေးဆချက်က တကယ် ဖြစ်နိုင်ခြေရှိတယ်လို့ ငါ ပြောရမယ်။”
ယွမ်နွန်က လေးနက်သောလေသံဖြင့် ဆိုသည်။
“ဟုတ်တယ်။ ဒါက ဘွဲ့နှင်းသဘင်စာမေးပွဲလိုမျိုးပဲ။ အခြေခံလိုအပ်ချက်တစ်ခု အမြဲရှိတယ်။ အားလုံးက အဲ့ဒီလိုအပ်ချက် ပြည့်မီသွားတာနဲ့ အဆင့်တက်သွားကြတာမျိုးပေါ့။”
အန်းရန်က ခေါင်းငြိမ့်ကာ ပြောလိုက်၏။အန်းယွဲ့က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
“ဒါပေမဲ့ အဲ့ဒီလိုဆိုရင် SSS အဆင့်ကို အရင်ရောက်တဲ့သူတွေက အရှုံးပေါ်နေတာမဟုတ်ဘူးလား။”
“အတိအကျပဲ။ SSS အဆင့်ရောက်တာနဲ့ သားရဲကြီးတွေက တိုက်ခိုက်တော့မှာပဲ။ တကယ်လို့ ကျုပ်တို့ကျွန်းက အသက်ရှင်ကျန်ရစ်သူအားလုံးသာ SSS အဆင့်ကို ရောက်သွားမယ်ဆိုရင် သားရဲကြီး ထောင်ပေါင်းများစွာရဲ့ တိုက်ခိုက်မှုကို ရင်ဆိုင်ရမှာ မဟုတ်ဘူးလား။”
ဒူခန်းက စိုးရိမ်တကြီး ပြောလိုက်သည်။
မည်သို့ပင်ဆိုစေကာမူ ယီရန်ပင်း မဟာမိတ်အဖွဲ့ထဲမှာတင် အသက်ရှင်ကျန်ရစ်သူ တစ်ထောင်ကျော် ရှိနေပြီ မဟုတ်ပါလော။
ရှောင်းယီ မျက်မှောင်ကြုတ်ကာ ပြန်ဖြေလိုက်သည်။
“အဲ့ဒါလည်း အရမ်းဖြစ်နိုင်ခြေ ရှိတယ်။ ဒါပေမဲ့ ငါတို့က ကိုယ့်မဟာမိတ်အဖွဲ့ထဲက လူတွေကိုပဲ ထိန်းချုပ်လို့ရတယ်။ တခြားအဖွဲ့တွေကိုတော့ သွားပြီးထိန်းချုပ်လို့ မရဘူးလေ။”
“ကျုပ် အကြံပြုချင်တာကတော့ အဆင့်မြင့်အစားအသောက်တွေရဲ့ ဈေးနှုန်းကို ဆက်ပြီးလျှော့ချပေးဖို့နဲ့ အဆင့်တက်ဖို့အတွက် လိုအပ်တဲ့ အတွေ့အကြုံတွေကို လူတိုင်းနဲ့ ဝေမျှပေးဖို့ပဲ။ ဒါနဲ့ တစ်ယောက်ယောက်က အသက်ရှင်ကျန်ရစ်သူ ဖိုရမ် ဆောက်ထားတယ် မဟုတ်လား။ အဲ့ဒီမှာ သွားဝေမျှပေးလိုက်ပါ။ လူတိုင်း သိသွားကြရင် သူတို့ရဲ့အဆင့်တွေက အရမ်းမြန်မြန် တက်လာကြမှာပါ။”
အန်းယွဲ့က အနည်းငယ် စဉ်းစားပြီးနောက် ပြောလိုက်သည်။
“ဒီနည်းလမ်းက အလုပ်ဖြစ်တယ်။ တစ်ချိန်တည်းမှာပဲ ငါတို့ မဟာမိတ်အဖွဲ့ထဲက လူတွေရဲ့ အဆင့်တက်နှုန်းကိုလည်း ကြိုးစားပြီး ထိန်းထားရမယ်။”
ကျန်းယွင်ထျန်းက ထပ်လောင်းပြောကြားလိုက်သည်။
“အနည်းဆုံးတော့ တခြားသူတွေ မလိုက်နိုင်ခင်မှာ SSS အဆင့်တွေ အရမ်းမများသွားအောင်ပေါ့။ အဲ့ဒီသားရဲကြီးတွေက တကယ့်ကို ဒုက္ခပေးလွန်းတယ်။”
“ကောင်းပြီ။ ဒါဆို ဦးလေးအန်းနဲ့ အစ်ကိုကျန်းရဲ့ အကြံဉာဏ်အတိုင်း ဆက်လုပ်ကြတာပေါ့။ တခြားအဖွဲ့က လူတွေလည်း အစွမ်းကုန် ကြိုးစားကြလိမ့်မယ်လို့ မျှော်လင့်ရတာပဲ။”
ရှောင်းယီက ဆိုသည်။
“ဟုတ်ကဲ့။”
မကြာမီမှာပင် အသက်ရှင်ကျန်ရစ်သူ ဖိုရမ်၌ အရေးကြီး ပင်တိုင်ပို့စ်တစ်ခု ထွက်ပေါ်လာတော့သည်။
“[အရေးကြီး] [အထူးတင်ဆက်မှု] သင့်ရဲ့အဆင့်ကို ဘယ်လိုမြန်မြန်မြှင့်တင်မလဲ။ သူဌေးယီရန်ပင်း ကိုယ်တိုင် ရေးသားထားသည်။”