← Chapters

အခန်း (၉၆၉-၉၇၀)

Vol. 80 Ch. 969-970

အခန်း (၉၆၉-၉၇၀)

Vol. 80 Ch. 969-970

အခန်း ၉၆၉ - အဆင့်တက်ခြင်း၏ လျှို့ဝှက်ချက်များနှင့် ကျိမိသားစု၏ အခြေခံလက်သီးသိုင်း

အသက်ရှင်ကျန်ရစ်သူဖိုရမ်ပေါ်တွင် ယီရန်ပင်းဆိုသည့် စာလုံးကြီးသုံးလုံးနှင့် တင်ထားသော ပို့စ်ကို မော်ဒရေတာ (Moderator) က အရေးကြီးပင်တိုင်ပို့စ်အဖြစ် သတ်မှတ်ပြီး အရောင်ဖြင့် ထင်ရှားအောင် ပြုလုပ်ပေးထား၏။ ၎င်းမှာ အတည်ပြုပြီးသား ပို့စ်တစ်ခုဖြစ်ကြောင်း ပြသနေခြင်းပင်။

ခဏအတွင်းမှာပင် လူအများအပြားက ထိုစာစုကို ဝိုင်းဝန်းဝန်းရံလိုက်ကြသဖြင့် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်၏ ချက်တင်ထက်ပင် ပိုမိုစည်ကားလာတော့သည်။

လက်ရှိတွင် မဟာမိတ်အဖွဲ့တစ်ခုစီ၌ ရှိသော အသက်ရှင်ကျန်ရစ်သူ အရေအတွက်မှာ ရရှိနိုင်သော ကျွန်းအထိမ်းအမှတ်ကျောက်တိုင် အရေအတွက်ထက် ပိုများနေခြင်းဖြစ်သည်။ အသက်ရှင်ကျန်ရစ်သူ အများအပြားသည် အခြားသူများနှင့် ပထမဆုံးအကြိမ် ဆုံစည်းကြစဉ်က ကျွန်းအထိမ်းအမှတ်ကျောက်တိုင် သယ်ဆောင်လာသူ နည်းပါးခဲ့သဖြင့် လူအတော်များများမှာ သူတို့၏ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်များကို စွန့်လွှတ်ခဲ့ကြရ၏။

သေချာသည်မှာ အချို့မှာမူ လုယက်ခံရခြင်းကြောင့် ဆုံးရှုံးခဲ့ရခြင်း ဖြစ်သည်။ ထိုလုယက်သူများသည် နေရာမချရသေးသော ကျွန်းအထိမ်းအမှတ်ကျောက်တိုင်များကို ညင်ညင်သာသာ ကိုင်တွယ်လေ့မရှိကြပေ။

ထို့ကြောင့် ကျွန်းအထိမ်းအမှတ်ကျောက်တိုင် အသုံးပြုနိုင်သူ အရေအတွက်မှာ အကန့်အသတ်ရှိသော်လည်း မိုဘိုင်းဖုန်း အသုံးပြုမှုမှာမူ ယခုအခါ အလွန်မြင့်မားနေပြီဖြစ်သည်။ အန်းယွဲ့၏ တမင်တကာ မြှင့်တင်ပေးမှုကြောင့် လူတိုင်းနီးပါး အွန်လိုင်းပေါ်သို့ ရောက်ရှိနေကြပြီ ဖြစ်သည်။

“အရင်ဆုံး ဝန်းရံလိုက်မယ်။ ပြီးမှ ဖတ်တော့မယ်။”

“ဟုတ်တယ်။ အရင်ဆုံး တစ်ချက်လောက် ဝန်းရံပေးလိုက်ကြပါဦး။ ပြီးမှ သူဌေးက ဘယ်လိုလုပ် အဆင့်တွေ ဒီလောက်မြန်မြန် တက်သွားတာလဲဆိုတာ ကြည့်ရမယ်။”

“ဖတ်လို့ ပြီးသွားပြီ။ ဒါပေမဲ့ သူဌေးရဲ့ နည်းလမ်းက လူတိုင်းနဲ့တော့ ကိုက်ညီပုံမရဘူး။ အထူးသဖြင့် အဆင့်မြင့်အစားအသောက် လိုအပ်ချက်ပေါ့။ သူဌေးဆီမှာပဲ အစားအသောက်တွေ ပေါပေါများများ ရှိနေတာလေ။”

“ဟုတ်တယ်။ ဒါပေမဲ့ တခြားနည်းလမ်းတွေကတော့ စမ်းကြည့်ဖို့ ထိုက်တန်ပါတယ်။ ရုပ်ခန္ဓာကြံ့ခိုင်မှု ကို မြှင့်တင်တာ၊ ကိုယ့်ကိုယ်ကိုယ် အမြဲတမ်း တွန်းအားပေးပြီး ပိုမြင့်မားတဲ့ နယ်ပယ်တစ်ခုဆီ ရောက်အောင် ကြိုးစားတာမျိုးပေါ့။”

“မင်းတို့ ပို့စ်ကို သေသေချာချာရော ဖတ်ကြရဲ့လား။ အသက်ရှင်ကျန်ရစ်သူ အားလုံးရဲ့ အဆင့်ကို မြှင့်တင်ပေးနိုင်ဖို့အတွက် ယီရန်ပင်း မဟာမိတ်အဖွဲ့က အဆင့်မြင့်အစားအသောက် အားလုံးရဲ့ ဈေးနှုန်းကို လျှော့ချပေးလိုက်ပြီလို့ ပြောထားတယ်လေ။ အစားအသောက်အတွက် စိတ်ပူနေစရာ မလိုတော့ဘူး။”

“တကယ်လား။ ငါ ဘယ်လိုလုပ် လွတ်သွားတာလဲ။ ပြန်သွားပြီး ထပ်စစ်ကြည့်ဦးမယ်။”

“အပေါ်ကလူ မင်းကို ယီရန်ပင်း မဟာမိတ် ဆေးရုံက မျက်စိဌာနကို သွားပြဖို့ အကြံပြုချင်တယ်။”

“ဘာတွေစောင့်နေကြတာလဲ။ အခုပဲ သွားဝယ်ကြစို့။”

“ဘာတွေ အလောတကြီး ဖြစ်နေတာလဲ။ အထောက်အပံ့တွေ အများကြီး ရှိတယ်လို့ သူဌေး ပြောထားတာပဲ။ ပစ္စည်းပြတ်သွားမှာ စိတ်ပူနေစရာ မလိုပါဘူး။”

“သူဌေးကတော့ တကယ့်ကို ဗောဓိသတ္တ စိတ်ဓာတ်ပဲ။ ဒီလို အတွေ့အကြုံမျိုးကိုတောင် ဝေမျှပေးတယ်။”

ဂသို့သော်လည်း ရှေးဟောင်းသိုင်းပညာ မိသားစုများကမူ ရှောင်းယီ၏ လုပ်ရပ်ကို မြင်သောအခါ ဇဝေဇဝါ ဖြစ်ကုန်ကြသည်။

“ဒီယီရန်ပင်း ဘာတွေ ကြံစည်နေတာလဲ။ အဆင့်မြင့်အစားအသောက် ဈေးနှုန်းတွေကို လျှော့ချပြီး အဆင့်တက်တဲ့ အတွေ့အကြုံတွေကိုပါ အကုန်ချပြနေတယ်။ သူက လူတိုင်းကို အဆင့်တက်စေချင်နေတာလား။”

“ဒါက သူ့အတွက် ဘာအကျိုးအမြတ် ရှိလို့လဲ။ သူ့ရဲ့ အသာစီးရနေမှုတွေ အကုန် ပျောက်သွားမှာပေါ့။”

“သူတို့မှာ အကြံစည် တစ်ခုခု ရှိရမယ်လို့ ငါ ခံစားရတယ်။ ယီရန်ပင်းရဲ့ စရိုက်နဲ့ဆိုရင် အမြတ်မရှိဘဲ ဘာမှ လုပ်မယ့်လူ မဟုတ်ဘူး။ သူ တစ်ခုခုကို လိုချင်နေတာပဲ ဖြစ်ရမယ်။”

“ဒါဆို သူ တကယ်ပဲ ဘာကို လိုချင်နေတာလဲ။”

ဤမေးခွန်းမှာ ရှေးဟောင်းသိုင်းပညာ မိသားစုများသာမက အခြားသူများလည်း အဖြေရှာမရ ဖြစ်နေခဲ့ကြသည်။ အသိတရားရှိသူတိုင်း ယီရန်ပင်းသည် အကြောင်းအရင်း တစ်ခုခုကြောင့် ဤသို့လုပ်နေခြင်း ဖြစ်မည်ဟု ခန့်မှန်းနိုင်ကြသည်။

အကယ်၍ ယီရန်ပင်းသည် မည်သည့်အကျိုးမျှ မမျှော်လင့်ဘဲ အသက်ရှင်ကျန်ရစ်သူများ၏ ရုပ်ခန္ဓာကြံ့ခိုင်မှု တိုးတက်လာစေရန်အတွက်သာ စေတနာသက်သက်ဖြင့် လုပ်ဆောင်နေခြင်းဖြစ်သည်ဟု ပြောလျှင် မည်သူမျှ ယုံကြည်ကြမည် မဟုတ်ပေ။

တိလင်းထျန်းရှားနှင့် ဂျေဘီတို့ပင်လျှင် အလွန်အမင်း ဇဝေဇဝါ ဖြစ်နေခဲ့ကြသည်။

လူတိုင်း သိချင်စိတ် ဖြစ်နေကြစဉ် ကျိမိသားစုသည်လည်း ဤကိစ္စကို ဆွေးနွေးရန် စုရုံးနေကြသည်။

“ဒီ ယီရန်ပင်း တကယ်ပဲ ဘာကို ဆိုလိုတာလဲ။”

ကျိကျိယင်က မျက်မှောင်ကြုတ်လျက် ပြောလိုက်သည်။

“ပိရမစ်ရဲ့ ထိပ်ဆုံးကို လူနည်းစုပဲ ရောက်တာက သဘာဝပဲ။ သူက လူတိုင်းကို ထိပ်ဆုံးကို ခေါ်သွားချင်နေတာလား။”

ကျိပါ့ထျန်းက အတွေးနက်စွာဖြင့် မျက်မှောင်ကြုတ်ကာ တိတ်ဆိတ်နေ၏။

ကျိကျန့်ထျန်းက ပြောလိုက်သည်။

“ငါတို့ ရှေ့မှာ ရှိနေတာက ငါတို့ဆီကို လာနေတဲ့ ဧရာမသားရဲကြီးပဲ။ ယီရန်ပင်းက ငါတို့ ကျိမိသားစုရဲ့ သိုင်းပညာကို ရမှဖြစ်မယ်လို့ ဇွတ်အတင်း ပြောနေတယ်။ အဲ့ဒါကို မပေးရင် သူက တိုပီဒိုတွေ ပေးမှာမဟုတ်ဘူး။ သူ ဒါတွေလုပ်နေတဲ့ ရည်ရွယ်ချက်ကိုတော့ နောက်မှ အေးအေးဆေးဆေး စဉ်းစားလို့ ရတယ်။”

ကျိပါထျန်းက နောက်ဆုံးတွင် ဖြည်းညှင်းစွာ ပြောလိုက်သည်။

“သူ့ကို ပေးလိုက်ပါ။ ငါတို့ ကျိမိသားစုရဲ့ အခြေခံလက်သီးသိုင်းကို သူ့ဆီ လဲလှယ်လိုက်။”

“အစ်ကိုကြီး မင်း သေချာလား။”

ကျိကျန့်ထျန်းက မျက်မှောင်ကြုတ်ကာ မေးလိုက်၏။

“အဖေ တကယ်လို့ ဒါကိုသာ ကျုပ်တို့ စလုပ်လိုက်ရင် နောင်တစ်ချိန်မှာ ဧရာမသားရဲကြီးနဲ့ တွေ့တိုင်း ကျုပ်တို့ ကျိမိသားစုရဲ့ ကိုယ်ခံပညာရပ်တွေ တစ်စစီ အညှစ်ခံရလိမ့်မယ်။”

ကျိကျိယင်က ချက်ချင်း ကန့်ကွက်လိုက်သည်။ ကျိပါ့ထျန်းက မျက်မှောင်ကြုတ်လိုက်၏။

“နောက်ဆုံးတစ်ခေါက် သားရဲကြီးလာခဲ့တာ လွန်ခဲ့တဲ့ ခုနစ်ရက်ကပဲ။ တကယ်လို့ ပုံစံက မပြောင်းလဲဘူးဆိုရင် နောက်ထပ် တိုက်ခိုက်မှုက နောက်ထပ် ခုနစ်ရက်နေရင် လာလိမ့်မယ်။ ဒီခုနစ်ရက်အတွင်းမှာ ငါတို့ အဲ့ဒီသားရဲကြီးကို တောင့်ခံနိုင်တဲ့အထိ ဒါမှမဟုတ် သတ်ပစ်နိုင်တဲ့ လက်နက်ရတဲ့အထိ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ရမယ်။ ဒါကို ကိုယ့်ကိုယ်ကိုယ် တွန်းအားပေးတဲ့ နည်းလမ်းတစ်ခုလို့ပဲ မှတ်ယူလိုက်ပါ။”

သူ၏စကားကို ကြားသောအခါ ကျိကျန့်ထျန်းက အနည်းငယ် ခေါင်းငြိမ့်ပြလိုက်သည်။

“ဟုတ်တယ်။ ရှေးဟောင်းသိုင်းပညာ မိသားစုတစ်ခုအနေနဲ့ ငါတို့က သာမန်လူတွေရဲ့ လိုက်မီခြင်းကို ခံနေရပြီ။ ငါတို့မှာ အရေးတကြီး လိုအပ်ချက်တစ်ခုခုတော့ ရှိဖို့ လိုနေပြီ။”

“အင်း ဒါဆို မင်းပဲ ဒီကိစ္စကို သွားစီစဉ်လိုက်တော့။”

ကျိပါ့ထျန်းက ပြောလိုက်သည်။ ကျိကျန့်ထျန်းက အမိန့်ကို လက်ခံပြီး ထွက်ခွာသွားကာ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တွင် ပြန်ဖြေလိုက်သည်။

“သူဌေး ယီရန်ပင်း၊ ကျုက်တို့ အဖွဲ့တွင်း ဆွေးနွေးပြီးတဲ့နောက် ခင်ဗျားရဲ့ တောင်းဆိုချက်ကို သဘောတူပါတယ်။”

ထိုအဖြေကို ရရှိလိုက်သောအခါ ရှောင်းယီမှာ အံ့အားသင့်သွားခဲ့ရ၏။

“သူတို့ တကယ် သဘောတူလိုက်တာလား။”

ရှောင်းယီ အနည်းငယ် စဉ်းစားပြီးမှ ပြန်ဖြေလိုက်သည်။

“ပြဿနာမရှိပါဘူး။ မင်းတို့ ကျိမိသားစုရဲ့ သိုင်းပညာစာအုပ်ကို အရင်ပို့လိုက်ပါ။ ပြီးမှ ငါ တိုပီဒိုတွေကို လဲလှယ်ပေးမယ်။”

ကျိကျန့်ထျန်းက ‘ကောင်းပြီ’ ဟု ပြန်ဖြေလိုက်သည်။

ထို့နောက် သူသည် စာအုပ်တစ်အုပ်ကို လဲလှယ်ပေးလိုက်တော့သည်။ စာအုပ်ဟု ဆိုရသည်ထက် စာရွက်အချို့ကို ကြိုးဖြင့် တွဲချုပ်ထားခြင်းသာ ဖြစ်သည်။ လဲလှယ်မှု ပြုလုပ်စဉ်တွင် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်၌ ဤသို့ ဖော်ပြနေခဲ့သည်။

“[စာသားနှင့် ပုံစံများပါသော စာရွက်] ၁၀ - အခမဲ့လဲလှယ်ခြင်း။”

ရှောင်းယီက ချက်ချင်း သဘောတူလိုက်ပြီး ထိုလက်စွဲစာအုပ်အသေးလေးကို ရရှိလိုက်သည်။

[ချို့ယွင်းချက်ရှိသော အခြေခံလက်သီးသိုင်း: လက်ဆင့်ကမ်းစဉ်အတွင်း ကျန်ရစ်ခဲ့မှုများနှင့် အခြားပြဿနာများကြောင့် ချို့ယွင်းချက်များ ရှိနေသည်။ ဤလက်သီးသိုင်းအတိုင်း လေ့ကျင့်ပါက ခန္ဓာကိုယ်ကို သန်မာစေနိုင်သော်လည်း အချို့သော ဖုံးကွယ်နေသည့် အန္တရာယ်များ ရှိနိုင်ပါသည်။]

စနစ်၏ အချက်ပေးချက်ကို ကြည့်ပြီး ရှောင်းယီ မျက်မှောင်ကြုတ်သွား၏။ စနစ်က လက်ဆင့်ကမ်းစဉ်တွင် ကျန်ရစ်ခဲ့မှုများ ရှိသည်ဟု ဆိုသည်။ ၎င်းမှာ ကျိမိသားစုက တမင်တကာ လုပ်ဆောင်ခဲ့ခြင်းလော၊ သို့မဟုတ် ၎င်းမှာ သူတို့ကိုယ်တိုင် လေ့ကျင့်နေသည့် ဗားရှင်းလော။

ရှောင်းယီမှာ လောလောဆယ် အဖြေမသိနိုင်သဖြင့် ဆက်ပြီး စဉ်းစားမနေတော့ပေ။ စနစ်၏ အချက်ပေးချက်အရ ကျိမိသားစုသည် သူ့ကို လိမ်လည်ခြင်းမျိုး မဟုတ်ဘဲ သဘောတူညီချက်ထဲမှ ဟာကွက်တစ်ခုကို ရှာတွေ့သွားခြင်းသာ ဖြစ်သည်။

ရှောင်းယီသည်လည်း သူ၏ကတိကို မဖျက်ဘဲ တိုပီဒို ၅ ခုကို လဲလှယ်ပေးလိုက်၏။ ထိုတိုပီဒို ၅ ခုနှင့် သားရဲကြီးကို ကိုင်တွယ်နိုင်၊ မကိုင်တွယ်နိုင်ဆိုသည်မှာ သူတို့၏ ပြဿနာသာ ဖြစ်တော့သည်။

ကျိကျန့်ထျန်းသည် ရှောင်းယီက တိုပီဒိုများကို တကယ် လဲလှယ်ပေးလိုက်သည်ကို မြင်သောအခါ အလွန်ဝမ်းသာအားရဖြင့် လက်ခံလိုက်သည်။

“ကျေးဇူးတင်ပါတယ်။”

ကျိကျန့်ထျန်းက ပြန်ဖြေပြီးနောက် တိုပီဒိုများကို ယူကာ သားရဲကြီးကို တွေ့ရှိခဲ့သည့် ကမ်းခြေသို့ ချက်ချင်း အပြေးအလွှား သွားတော့သည်။

ရှောင်းယီသည် ကျိမိသားစု လဲလှယ်ပေးလိုက်သော လက်သီးသိုင်းကို သေသေချာချာ ကြည့်ရှုတော့မည့်အချိန်မှာပင် သူ၏ မိုဘိုင်းဖုန်းမှ အသံမြည်လာခဲ့၏။

“ဟယ်လို အစ်ကိုကျန်း ဘာဖြစ်လို့လဲ။”

ရှောင်းယီက ဖုန်းဖြေရင်း မေးလိုက်သည်။

“ကျွန်းပိုင်ရှင် လန်ဖုန်းအင်ပါယာက လူတွေ ရောက်နေပါပြီ။”

ကျန်းယွင်ထျန်းက လေးနက်သော လေသံဖြင့် ပြန်ဖြေလိုက်သည်။

“ခဏ စောင့်နေဦး။”

ဖုန်းချပြီးနောက် ရှောင်းယီသည် မြို့ပြန်ကျောက်ကို အသုံးပြုကာ အကျဉ်းထောင်အနီးသို့ ရောက်ရှိသွားခဲ့သည်။

ကျန်းယွင်ထျန်းနှင့် သူ၏အဖွဲ့မှာ လန်ဖုန်းအင်ပါယာမှ သံတမန်ကို စောင့်ကြည့်နေကြသည်။

“ထန်လုံ (S အဆင့်) - ထန်လော့၏ ဖခင်...”

“မင်္ဂလာပါ ကျုပ်က ဒီမဟာမိတ်အဖွဲ့ရဲ့ ခေါင်းဆောင် ယီရန်ပင်းပါ။ ခင်ဗျားက ဘယ်သူလဲဆိုတာ မေးလို့ရမလား။”

ရှောင်းယီက သူ၏ရှေ့ရှိ ဆံပင်များ ဖြူစပြုနေသော လူလတ်ပိုင်းအရွယ် အမျိုးသားကို ကြည့်ကာ သိလျက်နှင့် မေးလိုက်၏။

“ကျုပ်နာမည်က ထန်လုံ။ ထန်လော့ရဲ့ ဖခင်ပဲ။ အခု ကျုပ်က ခင်ဗျားတို့ မဟာမိတ်အဖွဲ့နဲ့ ညှိနှိုင်းဖို့ အာဏာအပြည့်အဝရထားတဲ့သူအဖြစ် လာခဲ့တာပါ။”

ထန်လုံက အပြုံးတစ်ခုဖြင့် ပြန်ဖြေလိုက်သည်။ ရှောင်းယီက ခေါင်းငြိမ့်ပြလိုက်၏။ အနည်းဆုံးတော့ ထိုသူက သူ၏အမည်ကို ဖုံးကွယ်ပြီး လိမ်ညာရန် မကြိုးစားခဲ့ပေ။

“တကယ်တော့ ပြောစရာ သိပ်မရှိပါဘူး။ ကျုပ်တို့ရဲ့ တောင်းဆိုချက်ကို ပြောပြီးသားပဲ။ ခင်ဗျားတို့ဘက်က အဲ့ဒီအတိုင်း လုပ်ဆောင်ဖို့ပဲ လိုတယ်။ မဟုတ်ရင်တော့ ဒီလူတွေက ကျုပ်တို့ မဟာမိတ်အဖွဲ့ထဲမှာ ထာဝရ နေသွားရပါလိမ့်မယ်။”

ရှောင်းယီက ဆိုသည်။ ထန်လုံ ခဏမျှ စဉ်းစားပြီးနောက် ပြောလိုက်သည်။

“ခင်ဗျား တောင်းဆိုတဲ့ အုတ်မြစ်ကျောက်ပမာဏက အရမ်းများလွန်းတယ်။ ကျုပ်တို့မှာ အဲ့လောက်အထိ မရှိပါဘူး။ ကျုပ်တို့ဘက်က မလိုက်နာချင်လို့ မဟုတ်ပါဘူး။ ကျုပ်တို့ရဲ့ အင်အားက ခင်ဗျားရဲ့ ဆန္ဒကို မဖြည့်ဆည်းပေးနိုင်လို့ပါ။”

သူက ပြန်လည် တုံ့ပြန်လိုက်လေသည်။

အခန်း ၉၇၀ - ညှိနှိုင်းချင်သော်လည်း အလျှော့အတင်းမရှိခြင်း

ရှောင်းယီက ထန်လုံကို တစ်ချက်ကြည့်ကာ ပြန်ဖြေလိုက်သည်။

“ခင်ဗျားတို့ လန်ဖုန်းအင်ပါယာမှာ အုတ်မြစ်ကျောက် ဘယ်လောက်ရှိတယ်ဆိုတာ ထန်လော့က ကျုပ်ကို ပြောပြထားပြီးသားပဲ။ ဒါကြောင့် ဖုံးကွယ်ဖို့ မကြိုးစားနဲ့။ ပွင့်ပွင့်လင်းလင်းပဲ လုပ်ကြရအောင်။ လူတွေနဲ့လဲလှယ်ဖို့ အုတ်မြစ်ကျောက်တွေ ယူလာခဲ့ပါ။ ဒါဟာ အရမ်းရိုးရှင်းပါတယ်။”

“မဟာမိတ်ခေါင်းဆောင် ယီရန်ပင်း ကျုပ် အဲ့ဒီလို အရေအတွက်အများကြီး ပြောခဲ့တာက အချိန်ဆွဲဖို့အတွက်ပဲဆိုတာ ခင်ဗျား သိသင့်တယ်။ တကယ်လို့ အဲ့ဒီလိုမပြောခဲ့ရင် ကျုပ်တို့ ဒီမှာ ဆက်ရှိနေနိုင်မယ်လို့ မထင်ဘူး။”

ထန်လုံက ဆိုသည်။

“ဒါကို လူကြီးမင်းလည်း ရိပ်မိပြီးသားဖြစ်မှာပါ။”

သူသည် စကားပြောရင်း ရှောင်းယီကို သွယ်ဝိုက်၍ပင် မြှောက်ပင့်လိုက်သေးသည်။

သို့သော် ရှောင်းယီက ပြန်ပြောလိုက်သည်။

“ကျုပ်တော့ ဘာကိုမှ ရိပ်မမိပါဘူး။ ကျုပ်ကတော့ အဲ့ဒါကို အမှန်လို့ပဲ သတ်မှတ်ထားပြီး ကျုပ်က အရမ်းလည်း ခေါင်းမာတတ်တယ်။ တကယ်လို့ ခင်ဗျားတို့ဘက်က အဲ့ဒီလောက်များတဲ့ အုတ်မြစ်ကျောက်တွေကို မပေးနိုင်ဘူးဆိုရင်တော့ သူတို့ကို ကွပ်မျက်ရုံပဲ ရှိတော့မယ်။”

ထန်လုံ မျက်မှောင်ကြုတ်ကာ ခေါင်းခါယမ်းလိုက်၏။

“ဒါဆိုရင်တော့ ကျုပ် တကယ် ဘာမှမတတ်နိုင်တော့ပါဘူး။ အထက်လူကြီးတွေက လူငယ်တွေရဲ့ နာရေးကို လိုက်ပို့ရမယ့် ကိန်းဆိုက်ပြီပေါ့။”

ရှောင်းယီက မျက်မှောင်ကြုံ့လိုက်၏။

“အဲ့ဒီလိုဆိုရင်လည်း သူ့ကို အပြင်ကို ပို့လိုက်ကြတော့။”

ကျန်းယွင်ထျန်းက သူ့ကို ခေါ်ထုတ်သွားရန် ချက်ချင်း ရှေ့သို့ တက်လာ၏။

ထန်လုံမှာ အလွန်အံ့အားသင့်သွားခဲ့သည်။ ဤယီရန်ပင်းသည် ညှိနှိုင်းရန် လုံးဝဆန္ဒမရှိပေ။ သူပြောသည့် အရေအတွက်မှာ အတည်ဖြစ်ပြီး ပြောင်းလဲရန် နေရာလွတ် လုံးဝမရှိချေ။

“သွားကြစို့။”

ကျန်းယွင်ထျန်းက ရှေ့သို့တိုးရင်း ပြောလိုက်သည်။

“နေဦး။”

ထန်လုံက ထပ်မံပြောဆိုလိုက်သည်။

“ကျုပ်တို့ အရေအတွက် ပြည့်မီအောင် ဘေးပတ်ဝန်းကျင် နိုင်ငံတွေဆီကနေ အုတ်မြစ်ကျောက်တွေ ချေးငှားဖို့ ကြိုးစားကြည့်ပါ့မယ်။ ဒါပေမဲ့ ခင်ဗျားတို့ မဟာမိတ်အဖွဲ့နဲ့ ကုန်သွယ်ရေးကိုတော့ ဆက်ပြီး ထိန်းသိမ်းထားချင်ပါတယ်။”

“တစ်ခါမှာ တစ်ခုပဲ လုပ်ကြရအောင်။ အရင်ဆုံး အကျဉ်းသားကိစ္စကို ဖြေရှင်းမယ်။ ပြီးမှ ကျန်တဲ့ကိစ္စတွေ ပြောကြတာပေါ့။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

“ဒါ့အပြင် ခင်ဗျားတို့ လန်ဖုန်းအင်ပါယာရဲ့ ယုံကြည်ကိုးစားမှုက ကျုပ်ဆီမှာ အနုတ်လက္ခဏာ ပြနေပြီးသား။”

ယခင် အရောင်းအဝယ်လုပ်ခဲ့စဉ်က ပြဿနာမရှာရန် ထန်လော့ကို သတိပေးခဲ့သော်လည်း နောက်ဆုံးတွင် သူတို့က တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြသည်။ ရှောင်းယီမှာ ဤကိစ္စအတွက် အလွန်ဒေါသထွက်နေခြင်း ဖြစ်သည်။

ထန်လုံ သက်ပြင်းချကာ မေးလိုက်၏။

“အင်း... ဒါဆို ကျုပ်တို့ လူတွေကို ဘယ်တော့ လာရွေးလို့ ရမလဲ။”

“ကျုပ်ရဲ့ အကြောင်းကြားစာကို စောင့်ပါ။ လူရွေးရမယ့်အချိန်ကျရင် ခင်ဗျားတို့ကို ပြောပြဖို့ လူလွှတ်လိုက်ပါ့မယ်။ ဒါပေမဲ့ ခင်ဗျားတို့ ကြိုတင်ပြင်ဆင်ထားရမယ်။ လူရွေးရမယ့်နေ့မှာ အုတ်မြစ်ကျောက် အလုံအလောက် မရှိဘူးဆိုရင်တော့ စိတ်မကောင်းပါဘူး။ ခင်ဗျားတို့မှာ နောက်ထပ် အခွင့်အရေး ရှိတော့မှာ မဟုတ်ဘူး။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။ ထန်လုံက ခေါင်းငြိမ့်လိုက်၏။

“ကောင်းပါပြီ။”

စကားပြောပြီးနောက် ထန်လုံမှာ ဆက်မနေတော့ဘဲ တည်နေရာကူးပြောင်းခြင်းအစီအရင်မှတစ်ဆင့် လန်ဖုန်းအင်ပါယာသို့ တိုက်ရိုက် ပြန်သွားတော့သည်။

“ဘယ်လိုလဲ။”

လန်ဖုန်းအင်ပါယာ၏ အရှင်သခင် လန်ယုံသည် ထန်လုံ ပြန်ရောက်လာသည်ကို မြင်သည်နှင့် အလောတကြီး ရှေ့တိုးကာ မေးလိုက်၏။ ထန်လုံ ခေါင်းခါပြလိုက်သည်။

“အရှင်မင်းကြီး ကျွန်တော်မျိုး အရှင့်ရဲ့ အရေးကြီးတဲ့ တာဝန်ကို မထမ်းဆောင်နိုင်ခဲ့ပါဘူး။ အဲ့ဒီ ယီရန်ပင်းက လုံးဝ အလျှော့မပေးဘဲ ကျွန်တော်မျိုးတို့ဆီကနေ အုတ်မြစ်ကျောက် ဘီလီယံ ၂၀၀ ကိုပဲ အတင်းတောင်းနေပါတယ်။ ဒါတောင် ကျွန်တော်မျိုးက အဲ့ဒီ ဘီလီယံ ၂၀၀ နဲ့ သူတို့ဆီက ကုန်သွယ်ရေးလမ်းကြောင်းကို ပြန်ဖွင့်ဖို့ ကြိုးစားခဲ့ပါသေးတယ်။ ဒါပေမဲ့ သူက ကျွန်တော်မျိုးတို့မှာ ယုံကြည်ရမှု မရှိတော့ဘူးဆိုပြီး ငြင်းဆိုခဲ့ပါတယ်။”

“အင်း... ဒီတစ်ခါတော့ ငါ့ရဲ့ ဆုံးဖြတ်ချက် မှားယွင်းသွားပုံပဲ။ အဲ့ဒီအချိန်တုန်းက စစ်သူကြီး ထန်လော့ရဲ့ အကြံပြုချက်ကို ငါ လက်ခံခဲ့သင့်တယ်။ တကယ်လို့ ငါတို့ ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခု ရှိခဲ့မယ်ဆိုရင် ငါတို့ အင်ပါယာဟာ အဆင့်မြင့် အစားအသောက်တွေ အများကြီး ရရှိနိုင်ပြီး အင်ပါယာရဲ့ အင်အားကိုလည်း မြှင့်တင်နိုင်လိမ့်မယ်။”

လန်ယုံက မျှော်လင့်ချက်ကင်းမဲ့နေသည့်လေသံဖြင့် ခေါင်းခါကာ ဆိုသည်။

“အခုတော့ ငါတို့ မအောင်မြင်တဲ့အပြင် မင်းရဲ့သားနဲ့ ငါ့ရဲ့သားကိုပါ ဆုံးရှုံးလိုက်ရပြီ။ တကယ့်ကို အရှုံးကြီး ရှုံးတာပဲ။”

“အရှင်မင်းကြီး ဒီကိစ္စက အရှင့်အပြစ်ချည်းပဲ မဟုတ်ပါဘူး။ အဓိက အကြောင်းရင်းက ကျွန်တော်မျိုးတို့ရဲ့ သတင်းအချက်အလက်တွေ မပြည့်စုံတာနဲ့ အဲ့ဒီ အပြင်လူတွေရဲ့ မဟာမိတ်အဖွဲ့ကို ကောင်းကောင်း နားမလည်ခဲ့တာကြောင့်ပါ။ တကယ်လို့ ကောင်းကောင်းနားလည်ခဲ့ရင် ပိုပြီး မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်မှာပါ။ ဒါပေမဲ့ အခု ပြဿနာက ကျွန်တော်မျိုးတို့ ဒီ အုတ်မြစ်ကျောက် ဘီလီယံ ၂၀၀ ကို တကယ်ပဲ ထုတ်ပေးရမှာလား။”

ထန်လုံက နှစ်သိမ့်ရင်း မေးလိုက်သည်။

လန်ယုံမှာ အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် ခေါင်းမော့ကာ ပြောလိုက်သည်။

“ပေးရမှာပေါ့။ ဘီလီယံ ၂၀၀ တင်မကဘူး။ နောက်ထပ် ၁၀ ဘီလီယံ ကိုပါ ပေါင်းပြီး ထုတ်ပေးလိုက်ပါ။”

လန်ယုံ၏ စကားကြောင့် ထန်လုံ ခဏမျှ မှင်တက်သွားပြီးနောက် အရှင်မင်းကြီး၏ ဆိုလိုရင်းကို ချက်ချင်း နားလည်သွားတော့သည်။

“အရှင်မင်းကြီး... အဲ့ဒီ ၁၀ ဘီလီယံ ကို တောင်းပန်တဲ့အနေနဲ့ သုံးမလို့လား။”

ထန်လုံက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။ လန်ယုံက ခေါင်းငြိမ့်ပြလိုက်လေသည်။

“တောင်းပန်ရုံသက်သက်ဆိုရင် ဒီလောက်အများကြီး မလိုဘူး မဟုတ်လား။”

ထန်လုံက ဆက်ပြောလိုက်သည်။

“ဒါမှသာ ငါတို့ရဲ့ စိတ်ရင်းမှန်ကို ပြသရာရောက်ပြီး ငါတို့ကြားက ဆက်ဆံရေးကို ပြန်လည် ပြုပြင်နိုင်လိမ့်မယ်။”

လန်ယုံက ဆိုသည်။ ထန်လုံကတော့ မျက်မှောင်ကို တင်းတင်းကြုတ်ထားဆဲပင်။ ထိုအခါ လန်ယုံက ဆက်လက်ရှင်းပြလိုက်သည်။

“ပြီးခဲ့တဲ့တစ်ခါက ထန်လော့ ပို့လိုက်တဲ့ စာရင်းကိုလည်း မင်း မြင်ဖူးတာပဲ။ သူတို့ဆီမှာ အစားအသောက် အမျိုးအစားတိုင်း၊ အဆင့်တိုင်းနီးပါး ရှိနေတယ်။ ဒါက ဘာကို ဆိုလိုတာလဲ။”

“သူတို့က အစားအသောက် အဆင့်မျိုးစုံကို စုဆောင်းထားနိုင်တယ်လို့ ဆိုလိုတာလား။”

ထန်လုံက ပြန်မေးလိုက်သည်။

“ဟုတ်တယ်။ အရင်က ဒီလောက်အင်အားကြီးတဲ့ အပြင်လူမျိုးတွေအကြောင်း ငါတို့ တစ်ခါမှ မကြားဖူးဘူး။ ဒါ့အပြင် သူတို့က ငါတို့ရဲ့ ရေတပ်စုကြီးကို အားစိုက်စရာမလိုဘဲ အနိုင်ယူခဲ့တာက သူတို့ရဲ့ တိုက်ခိုက်ရေးစွမ်းရည်ကို ပိုပြီး သက်သေပြနေတာပဲ။”

လန်ယုံက သက်ပြင်းရှည်ကြီးကို ချလိုက်၏။

“အရင်က ငါတို့ရဲ့ ရည်မှန်းချက်က ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို သိမ်းပိုက်ဖို့ ဖြစ်ခဲ့ပေမဲ့ အဲ့ဒီလို လုပ်ချင်တာကလည်း အင်ပါယာ ဖွံ့ဖြိုးတိုးတက်ဖို့အတွက်ပဲ မဟုတ်လား။”

ထန်လုံ အနည်းငယ် ခေါင်းငြိမ့်လိုက်သည်။

“အခုဆိုရင် ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို မဖြစ်မနေ သိမ်းယူစရာ မလိုတော့ဘူး။ အင်အားကြီးတဲ့ အပြင်လူမျိုးတစ်ဦးနဲ့ မဟာမိတ်ဖွဲ့ပြီး ကုန်သွယ်မှုပြုတာကလည်း ငါတို့အင်ပါယာကို လျင်လျင်မြန်မြန် ဖွံ့ဖြိုးတိုးတက်လာစေနိုင်တယ်။”

လန်ယုံက ဆက်ပြောလိုက်သည်။

“အရှင်မင်းကြီးက တကယ့်ကို အမြော်အမြင်ရှိပါတယ်။”

ထန်လုံက ချက်ချင်းပင် ထောမနာပြုလိုက်၏။

“တစ်ဖက်လူက လန်ရှမ့်တို့အဖွဲ့ကို ဘယ်တော့ လာခေါ်လို့ရမလဲဆိုတာ ပြောလိုက်သေးလား။”

လန်ယုံက ထပ်မံမေးမြန်းလိုက်သည်။

“အဲ့ဒီ ယီရန်ပင်းက အကြောင်းကြားစာကို စောင့်ခိုင်းထားပါတယ်။ အကြောင်းကြားတဲ့နေ့မှာ အုတ်မြစ်ကျောက်တွေ အဆင်သင့်မဖြစ်ဘူးဆိုရင်တော့ သူတို့တွေ ဘယ်တော့မှ ပြန်မလာနိုင်တော့ဘူးလို့ ပြောလိုက်ပါတယ်။”

ထန်လုံက ပြန်ဖြေလိုက်သည်။

“ကောင်းပြီ။ ဒါဆို စောင့်ကြတာပေါ့။”

လန်ယုံက ခေါင်းငြိမ့်ကာ ပြောလိုက်သည်။

“အဲ့ဒီအချိန်ကျရင် ငါလည်း မင်းနဲ့အတူ လိုက်ခဲ့မယ်။”

“ဒါကတော့ မသင့်တော်ပါဘူး အရှင်မင်းကြီး။”

ထန်လုံ မျက်မှောင်ကြုတ်သွားခဲ့သည်။

“မသင့်တော်စရာ မရှိပါဘူး။ ဒီတိုင်းပဲ အတည်ပြုလိုက်မယ်။ ငါလည်းပဲ အဲ့ဒီ အင်အားကြီးတဲ့ အပြင်လူမျိုးကို တွေ့ချင်နေတာ။”

လန်ယုံက ပြတ်ပြတ်သားသား ဆို၏။ လန်ယုံက ဆုံးဖြတ်ပြီးသားဖြစ်ကြောင်း မြင်သောအခါ ထန်လုံလည်း ဆက်ပြီး မတားတော့ပေ။

ယီရန်ပင်း မဟာမိတ်အဖွဲ့အတွင်းတွင်မူ ကျန်းယွင်ထျန်းသည် ထန်လုံကို တည်နေရာကူးပြောင်းခြင်းအစီအရင်ဆီသို့ ပို့ဆောင်ပေးပြီးနောက် အပြေးအလွှား ပြန်လာခဲ့လေသည်။

ရှောင်းယီက ပြုံးကာ ပြောလိုက်သည်။

“အဲ့ဒီလူကလည်း မြေခွေးအိုကြီးတစ်ကောင်ပဲ။”

“ဟုတ်တယ်။ သူတို့ဆီမှာ အုတ်မြစ်ကျောက်တွေ အဲ့ဒီလောက် မရှိမှာကို မင်း မကြောက်ဘူးလား။”

ကျန်းယွင်ထျန်းက သိချင်စိတ်ဖြင့် မေးလိုက်သည်။

“ထန်လော့ရဲ့ အဖေကိုယ်တိုင် လာတယ်ဆိုကတည်းက ထန်လော့နဲ့ လန်ရှမ့်က တော်တော်လေး အရေးပါတဲ့သူတွေ ဖြစ်ရမယ်။ မဟုတ်ရင် သံတမန်တစ်ယောက်လောက်ပဲ လွှတ်မှာပေါ့။ သူတို့က ဈေးဆစ်နေသေးတယ်ဆိုတာ ညှိနှိုင်းဖို့ နေရာရှိနေသေးလို့ပဲ။ ဒါကြောင့် ငါတောင်းတဲ့ဈေးက အရမ်းကြီး မတရားဘူးလို့ ထင်တာနဲ့ လောင်းကြေးထပ်ကြည့်လိုက်တာ။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

“တော်သေးတာပေါ့ ငါ့ခန့်မှန်းချက် မှန်သွားလို့။ လန်ဖုန်းအင်ပါယာမှာ အုတ်မြစ်ကျောက် ဘီလီယံ ၂၀၀ ထက်မက ရှိမှာ သေချာတယ်။ ထန်လော့ပြောတဲ့ ဘီလီယံ ၅၀၀ ထက်တောင် ပိုရင် ပိုဦးမယ်။”

ရှောင်းယီသည် ထန်လုံ၏ စကားများကို လုံးဝမယုံကြည်ပေ။ သူက ရလဒ်ကိုသာ ကြည့်ပြီး နောက်ဆုံးတွင် ထန်လုံသည် ဤအုတ်မြစ်ကျောက် ဘီလီယံ ၂၀၀ ကို ထုတ်ပေးနိုင်လိမ့်မည်ဟု ယုံကြည်နေသည်။

ကျန်းယွင်ထျန်းက ရှောင်းယီကို လက်မထောင်ပြလိုက်၏။

“ကျိမိသားစုကရော အလျှော့ပေးသွားပြီလား။”

“သူတို့က အခြေခံလက်သီးသိုင်း တစ်ခုကိုပဲ တွေ့ကရာ ယူပြီး ငါ့ကို ပစ်ပေးလိုက်တာ။ ငါလည်း သေသေချာချာ မကြည့်ရသေးဘူး။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။ ထိုအခါ ကျန်းယွင်ထျန်း မျက်မှောင်ကြုတ်ကာ သတိပေးလိုက်သည်။

“သူတို့ လက်သီးသိုင်းထဲမှာ လှည့်ကွက်တွေ သုံးထားမှာကို သတိထားဦး။”

“စိတ်မပူပါနဲ့။ မင်းက ငါ့ရဲ့ အမြင်အာရုံကို မယုံဘူးလား။”

ရှောင်းယီက ပြုံးကာ ပြန်ဖြေလိုက်သည်။

“ကောင်းပြီ... မင်းလည်း မင်းအလုပ်တွေ သွားလုပ်တော့။ ငါလည်း ပြန်သွားပြီး အဲ့ဒီ လက်သီးသိုင်းကို ကြည့်လိုက်ဦးမယ်။”

ကျန်းယွင်ထျန်းက ခေါင်းငြိမ့်ပြပြီးနောက် ရှောင်းယီသည် မြို့ပြန်ကျောက်ကို အသုံးပြုကာ ထိုနေရာမှ ပျောက်ကွယ်သွားတော့သည်။

ကျွန်းအထိမ်းအမှတ်ကျောက်တိုင် ရှေ့သို့ ပြန်ရောက်သောအခါ ရှောင်းယီသည် လက်သီးသိုင်းစာအုပ်ကို မကောက်ရသေးမီ သူ၏ဖုန်းမှ ထပ်မံ အသံမြည်လာခဲ့ပြန်သည်။

ခေါ်ဆိုသူအမည်ကို ကြည့်လိုက်ရာ ဆုဝမ် ဖြစ်နေ၏။

“ဟယ်လို ဆုဝမ် ဘာဖြစ်လို့လဲ။”

ရှောင်းယီက ဖုန်းဖြေရင်း မေးလိုက်သည်။

“ဂရုထဲက တစ်ယောက်ယောက်က အခြေအနေသစ်တစ်ခုကို ရှာတွေ့ထားလို့ပါ။”

ဆုဝမ်က ပြန်ဖြေလိုက်လေသည်။

All Chapters