အဆင့်တက်ခြင်း
Vol. 96 Ch. 1329
အလွန်မြင့်မားသော အပေါ်စီးမှ ငုံ့ကြည့်လိုက်ရာတွင် အပြင်သူများကို မန်ဟို မြင်လိုက်ရ၏။ သူတို့အကြားတွင် အပြင်သူများစွာ ခြံရံနေသည့် အနှစ်သာရ ၅ ခု ပညာရှင်သုံးယောက် ရှိသည်။ ထိုမျှသာမက သူတို့သည် ဟိုဟိုသည်သည် လျှောက်သွားမနေဘဲ နေရာသုံးနေရာတွင် အဓိကစုဝေးထားကြ၏။
တိုက်တိုက်ဆိုင်ဆိုင် ထိုနေရာသုံးနေရာက နတ်ဘုရား၏ခေါင်းပေါ်ရှိ ကြယ်များတည်ရှိနေသော နေရာများ ဖြစ်နေသည်။
နတ်ဘုရားသင်္ချိုင်းလျှို၏ တခြားနေရာ .... လျှပ်စီးမိုးကြိုးများ ပြည့်နေသော ဧရိယာ၊ အလောင်းတစ်လောင်းကဲ့သို့အရာကို မြင်ရသောနေရာတွင် ယွီဝမ်ကျန်းကို မန်ဟို မြင်လိုက်ရသည်။
ထိုအလောင်းသည် လွန်စွာရှေးဆန်ပြီး အနီးကပ်ကြည့်ပါလျှင် ... ၎င်းက နတ်ဘုရားတစ်ပါး၏ လက်ချောင်းဖြစ်နေကြောင်း တွေ့ရလိမ့်မည်။
မန်ဟိုက ထိုအရာအားလုံးမှ အကြည့်လွှဲလိုက်သည်။ ဤဒိုင်မန်းရှင်းထဲတွင် သူ မြင်ခဲ့ရသည့် အရာအားလုံးက သူ့ကို အင်မတန် တုန်လှုပ်သွားစေသည်။
ဤကမ္ဘာ၊ နတ်ဘုရားသင်္ချိုင်းလျှိုသည် တကယ်တော့ ... နတ်ဘုရားတစ်ပါး၏ ခေါင်းကြီးဖြစ်၏။
ခေါင်းသာရှိသည့်တိုင် ၎င်းက နဝမတောင်ပင်လယ်၏ အင်မော်တယ်အပျက်အစီးများနယ်တွင် မြင်ခဲ့ရသော အလောင်းထက်ပင် ကြီးမားကြောင်း မန်ဟို ပြောနိုင်သည်။ ထိုအချက်လေးတစ်ချက်လေးကတင် မန်ဟို့ကို လေးနက်စွာ တုန်လှုပ်သွားစေသည်။
“ဒါက .. အပြင်သူနတ်ဘုရားတစ်ပါးလား” ခေါင်းကြီးဖြစ်သော ဧရာမမြေထုကြီးကို ငုံ့ကြည့်လိုက်စဉ် မန်ဟို့မျက်လုံးများသည် ထူးဆန်းစွာ တောက်ပသွား၏။ ရုတ်တရက်ဆိုသလို သူသည် သူ၏စိတ်ထဲတွင် ပြန်တိုက်ခိုက်ဖို့ မဖြစ်နိုင်လောက် ကြီးမားသောကိုယ်ထည်ကြီးများဖြင့် မိုးကောင်းကင်တမျှ မြင့်မားသော နတ်ဘုရားဆိုသည့်အရာများကို မြင်လိုက်ရ၏။
ထိုသူတို့လက်ထဲတွင် ဂြိုဟ်များ စိစိညက်ညက် ကြေကုန်ပြီး သူတို့လက်ချောင်း၏ပွတ်တိုက်မှုလေးက ကျင့်ကြံသူများကို ပြားကပ်သေဆုံးကုန်စေသည်။
ထိုမျှမမျှတသောအင်အားက မန်ဟို့အတွက် လုံးလုံးလျားလျား တုန်လှုပ်စရာကောင်းပေရာ အနာဂတ်တွင် ယခုလိုဖြစ်တည်မှုများနှင့် စစ်ပြိုင်ရမည့် အတွေးက သူ့ကို ပို၍ပင်စိတ်မချမ်းမြေ့ဖြစ်လာစေတော့သည်။ တစ်ချိန်တည်းမှာပင် သူသည် အလွယ်တကူ အရှုံးမပေးနိုင်၍ နှလုံးသွေးတို့ ဆူပွက်နေသည်ကို ခံစားလိုက်ရ၏။
“ဒီနတ်ဘုရားတွေကို ဂရုစိုက်စရာလား
“သူတို့က သေနိုင်သေးတယ်ဆိုမှတော့ သူတို့ကို အနိုင်ယူဖို့က မဖြစ်နိုင်တဲ့အရာမဟုတ်ဘူး။ သူတို့က အနိုင်ယူလို့မရတဲ့ ဖြစ်တည်မှုတွေမဟုတ်ဘူး” မန်ဟို့မျက်လုံးများသည် လင်းလက်တောက်ပလာပြီး သူ၏စွမ်းအားက တဝေါဝေါလည်နေသော ဝဲကြီးတစ်ဝဲကို သူ့ပတ်ပတ်လည်တွင် ပေါ်လာစေသည်။
“နတ်ဘုရားသွေးရဲ့ စွမ်းအားကို ဒီနေရာ ဒီအချိန်မှာ စုပ်ယူနိုင်ရင် ငါ့အပြင်အားကိုယ် အဆင့်တက်လိမ့်မယ်။ ရှေးဟောင်းနယ်ပယ်အထွတ်အထိပ်ကနေ တာအိုအဆင့်ကို တက်လှမ်းနိုင်ပြီ” ဝိညာဉ်မီးအိမ်ငါးလုံးကို ငြိမ်းခဲ့တုန်းက သူ စုဆောင်းခဲ့သော ချီနှင့်သွေးတို့သည် အပြင်အားကိုယ်အဆင့်မတက်နိုင်၍ တစ်ဆို့နေခဲ့ရ
၏။
သို့သော် အပြင်အားကိုယ်အဆင့်တက်လျှင်ချင်း ထိုစွမ်းအား ဝုန်းခနဲ ပေါက်ကွဲထွက်လာပြီး သူ့ကို တာအိုနယ်ပယ်သို့ တွန်းပို့ပေးလိမ့်မည်။
မန်ဟို့အတွက် ယနေ့ကို စောင့်နေခဲ့သည်မှာ ကြာခဲ့လေပြီ။ သူက အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းပြီး ထပ်မံတွန့်ဆုတ်မနေဘဲ ဧရာမနတ်ဘုရားကြီး၏နဖူးပေါ်က ပထမဆုံးကြယ်ရှိရာသို့ တန်းခနဲ သွားလိုက်တော့သည်။
ထိုနေရာတွင် ဧရာမရေကန်ကြီးတစ်ကန်ကို မြင်ရနိုင်သည်။
မန်ဟိုက ကြယ်တံခွန်ကြီးသဖွယ် ပျံသန်းရင်း တဝုန်းဝုန်းမြည်သံများကို ထုတ်လွှတ်နေ၏။ လေပြင်းများ အော်မြည်လာပြီး မိုးခြိမ်းသံများ ဆူညံနေသည်။ ပုံရိပ်အယောင်သော်လည်းကောင်း၊ ပုံရိပ်အစစ်သော်လည်းကောင်း သူ့လမ်းကို မတားနိုင်ပေ။
သူသည် အတားအဆီးဟူသမျှကို ထိုးဖောက်သွားပြီး တခဏကြာသော် ဧရာမရေကန်ကြီး၏အပေါ် ရောက်သွား၏။ ထို့နောက် တခဏလေးပင် တွန့်ဆုတ်မနေဘဲ ရေကန်ထဲ ထိုးဆင်းသွားလေသည်။
ရေထဲ သူ ဝင်လိုက်လျှင်ချင်း ဝုန်းခနဲ မြည်သံအကျယ်ကြီးအား ကြားလိုက်ရသည်။ ကန်ရေများက တိုင်လုံးကြီးသဖွယ် လေပေါ် မြောက်လာပြီး အငွေ့ပျံလွင့်စင်သွားသဖြင့် ပတ်ဝန်းကျင်ရှိ မြေကြီးများ ပြင်းထန်စွာ တုန်ခါလာပြီး တောင်များ ယိမ်းထိုးကုန်သည်။
ယခုတွင် ကန်အောက်ထဲ၌ မှိတ်တုတ်မှိတ်တုတ် လင်းလက်နေသော ချောက်တစ်ချောက်ကို မြင်လိုက်ရလေပြီ။ မှိန်ဖျော့နေသော်လည်း ထိုအလင်းရောင်သည် အလွန်ရှေးကျပြီး ဖော်ပြ၍ပင်မရနိုင်သော ချီနှင့်သွေးစွမ်းအားတစ်ရပ် ပါရှိနေ၏။
မန်ဟို့မျက်လုံးများ လင်းလက်သွားသည်။ သူက ချောက်၏အလယ်သို့ ဆင်းသွားပြီး တင်ပျဉ်ခွေထိုင်လိုက်သည်။ ထို့နောက် လက်တစ်ဖက်စီကို ဘေးတစ်ဖက်စီသို့ ဆန့်ကာ မြေကြီးပေါ် ရိုက်ချလိုက်သည်။
အုန်း
မြေကြီးသည် ပြင်းပြင်းထန်ထန် တုန်ခါသွားပြီး ကန်အောက်ခြေရှိ ရွှံ့နွံများ ပြာကျသွားသည်။ ထိုအခါ ပက်ကြားအက်အမြောက်အမြား မြေထဲတွင် ပေါ်လာသည်။ မန်ဟို့ခြေထောက်အောက်က အသိသာဆုံးဖြစ်၏။ ထိုပက်ကြားအက်၏အလယ်တွင် .... ဧရာမကြယ်ကြီးတစ်စင်း၏အလင်းရောင်အား မြင်ရနိုင်သည်။
ထိုကြယ်သည် ကန်ဧရိယာတစ်ခုလုံးကို လွှမ်းခြုံသွားပြီး မယုံနိုင်လောက်အောင် ရှေးကျသောအရှိန်အဝါတစ်ခုကို မန်ဟို့ထံ ဖြန့်ကျက်လိုက်သည်။ မန်ဟို့ဆံပင်များ လူးလွန့်ပျံလွင့်သွားပြီး အဝတ်စများ တဖတ်ဖတ် လှုပ်ခတ်သွားသည်။ တစ်ချိန်တည်းမှာပင် သူသည် သူ့အပြင်အားကိုယ်ခွန်အား တမုဟုတ်ချင်း မြင့်တက်လာသည်ကို ခံစားလိုက်ရသဖြင့် မျက်လုံးများ လင်းလက်တောက်ပလာ၏။
“ဆိုတော့ ဒါက ဒီမှာ တစ်လျှောက်လုံး ရှိနေခဲ့တာပေါ့” မန်ဟိုက လက်ကို မြှောက်ပြီးနောက် မြေကြီးထဲသို့ ပိုင်းချလိုက်သည်။ သူ၏ကျင့်ကြံခြင်းအခြေခံစွမ်းအား ပေါက်ကွဲထွက်သွားစဉ် သူက ကြယ်ထံသို့ လှံတစ်စင်းသဖွယ် ထိုးဆင်းသွားသည်။
မြေကြီး တဝုန်းဝုန်း တုန်ခါနေသည့်အချိန် မန်ဟိုက မျက်မှောင်ကြုတ်ပြီး အေးစက်စက် နှာမှုတ်လိုက်သည်။ ကြက်တူရွေးက စစ်လက်နက်အသွင်ပြောင်းရင်း ပျံထွက်လာသည်။ သူ စစ်လက်နက်ဖြင့် ပိုင်းချလိုက်သည့်အခါ စစ်လက်နက်သည် ရှည်ထွက်သွားရင်း မြေကြီးအတွင်းထဲအထိ ထိုးဖောက်လိုက်၏။
အသံမဲ့ဟိန်းသံကြီးက မိုးနှင့်မြေတစ်ခွင် ပဲ့တင်ထပ်နေသည့်အလား မြေကြီးသည် တသိမ့်သိမ့် တုန်ခါနေသည်။ မန်ဟို စစ်လက်နက်ကို မြေကြီးထဲမှ ပြန်ဆွဲထုတ်လိုက်သည့်အခါ အကွဲကြောင်းထဲမှ ရွှေရောင်သွေးစက်တစ်စက် ပျံထွက်လာပြီး မန်ဟို့အရှေ့တွင် ပျံဝဲနေ၏။
သွေးစက် ပျံတက်လာလျှင် မြေကြီးသည် အသက်စွမ်းအားတချို့ကို ဆုံးရှုံးလိုက်ရသည့်အလား ကျွံကျခြောက်ကပ်သွားသည်။ ကြယ်လည်း မှိန်ကျသွားသယောင်ပင်။
မန်ဟိုက ရွှေရောင်သွေးစက်ကို ကြည့်ပြီး အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်သည်။ ထို့နောက် တွန့်ဆုတ်မနေဘဲ ၎င်းကို လှမ်းယူပြီး သူ့နဖူးပေါ် ဖိချလိုက်သည်။
ဝုန်း
ရွှေရောင်သွေးစက်သည် မန်ဟို့ကို ထိသည်နှင့် သူ့ကိုယ်ထဲ စိမ့်ဝင်ကာ မိုးခြိမ်းသံကဲ့သို့ အသံများ မြည်ဟည်းသွားစေ၏။ မိုးနှင့်မြေကို ကိုင်လှုပ်နိုင်သော ခန္ဓာကိုယ်ပြောင်းလဲမှုများကို ကြုံတွေ့နေရသဖြင့် မန်ဟို့မျက်နှာမဲ့သွားပြီး တစ်ကိုယ်လုံး တဆတ်ဆတ် တုန်လာသည်။
သူ့နှလုံးခုန်နှုန်းသည် ကြောက်ခမန်းလိလိ မြန်လာပြီး သူ့သွေးတို့သည်လည်း လျင်မြန်စွာ စီးဆင်းလာသည်။ သူ့အရိုးများမှပင် တဂျွတ်ဂျွတ်မြည်သံများ ထွက်လာ၏။ သူကား ပြန်လည်မွေးဖွားလာသည့်အလား၊ သူ့အသွေးအသားက အင်အားများ ညစ်ထုတ်ပေးရန် တစ်မျှင်ကို တစ်မျှင် လိမ်ဖယ်နေသည့်အလားပင်။
ပဲ့တင်ထပ်နေသော တဂျိန်းဂျိန်းမြည်သံများ၏ အလယ်တွင် မန်ဟိုက ခေါင်းနောက်လှန်ကာ ထိတ်လန့်ချောက်ချားဖွယ် ဟိန်းဟောက်သံကြီးကို ထုတ်လွှတ်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူ့ခန္ဓာကိုယ်သည် ကြီးမားလာပြီး သူ၏ချီနှင့်သွေးတို့ တပွက်ပွက်ဆူလာ၏။ သူ့ပတ်ပတ်လည်ရှိ မြေကြီးမှာ တအုန်းအုန်းတုန်နေပြီး အဝေးရှိ ယွီဝမ်ကျန်းနှင့် အပြင်သူများလည်း မန်ဟိုရှိရာဘက်မှ သူတို့၏ဝိညာဉ်များကို ကသောင်းကနင်းဖြစ်သွားစေသော ကြောက်မခန်းလိလိအရှိန်အဝါတစ်ခု လာနေသည်ကို ခံစားလိုက်ကြရ၏။
“ဒါက ... ငါ တောင့်တနေတဲ့ ခံစားချက်ပဲ” မန်ဟို့မျက်လုံးများက နီရဲနေပြီး သူ့မျက်နှာထက်တွင် ရက်စက်ကြမ်းကြုတ်သောအမူအရာကို မြင်ရနိုင်သည်။ သို့သော် ဤအပြင်အားကိုယ်၏အဆင့် နောက်တစ်ဆင့်သို့ တက်လုဆဲဆဲဖြစ်နေသည်ကို ခံစားလိုက်ရသဖြင့် သူ၏မျက်လုံးများတွင် စိတ်လှုပ်ရှားနေသော အရိပ်အယောင်ကိုလည်း မြင်ရနိုင်သည်။
သူ့အရိုးများက ပို၍ကျစ်လျစ်လာသည်၊ ပို၍ခိုင်မာလာနေသည်။
သူ့အသွေးနှင့်အသားလည်း အဆက်မပြတ် သန်စွမ်းလာနေပြီး ကြောက်ခမန်းလိလိ ခွန်အားက သူ့ခန္ဓာကိုယ်တစ်လျှောက် စီးဆင်းနေသည်။ ၎င်းက အသင်္ချေသောမြေပြင်များကို ဖျက်စီးပစ်နိုင်သည့် ကြောက်မက်ဖွယ်ခွန်အား ဖြစ်သည်။ သူ့နှလုံးခုန်သံတစ်ချက်တိုင်းက မိုးထစ်ချုန်းသံကြီးပမာ မြည်ဟည်းလျက်ရှိ၏။
“နည်းနည်းလိုသေးတယ် ...” ဤအခိုက်အတန့်တွင် သူသည် မီတာသုံးဆယ်အထိ ကြီးထွားလာခဲ့ရာ တောင်တစ်လုံးနှင့် တူနေ၏။ သူ့အသားတစ်မျှင်တိုင်းက ကြောက်လန့်စရာ မာကြောသန်စွမ်းမှုကို ထုတ်လွှတ်နေသည်။
မှော်သင်္ကေတများပင်လျှင် ရှေးဆန်သောအငွေ့အသက်များကို ဖြန့်ကျက်လျက် သူ့အရေပြားကို ဖုံးလွှမ်းထား၏။
သူက ကျင့်ကြံခြင်းအခြေခံစွမ်းအားအစလေးတစ်စကို သုံးကာ နေရာမရွှေ့ပြောင်းဘဲ လေပေါ် ခုန်တက်လိုက်သည်။ မန်ဟို ဒုတိယကြယ်ရှိရာသို့ တဟုန်ထိုးထွက်သွားသည့်အချိန် သူ့ခြေထောက်အောက်ရှိ မြေကြီးမှာ ကြေမွပြိုကျကျန်ခဲ့သည်။
သူ့အတွက် ခရမ်းရောင်ချိုနှင့် အနှစ်သာရ ၅ ခု အပြင်သူတစ်ယောက်၏ ပတ်ပတ်လည်တွင် စုရုံးနေသော အပြင်သူများရှိရာသို့ ရောက်သွားရန် တခဏသာ ကြာလိုက်လေသည်။
ဒုတိယကြယ်သည် လွင်ပြင်ကျယ်တစ်ခုထဲတွင် တည်ရှိ၏။ အပြင်သူများက ဤနေရာသို့ အချိန်အတော်ကြာကတည်းက ရောက်နေခဲ့သည့်အချက်က သူတို့ တူးထားသည့် ကျင်းကြီးတစ်ကျင်းကို ကြည့်လျှင် သိသာထင်ရှားသည်။ ကျင်း၏အောက်ခြေတွင် ခရမ်းရောင်ချိုနှင့်အပြင်သူသည် မြေဆီလွှာထဲမှ စိမ့်ထွက်လာနေသော သွေးရောင်ချီမျှင်မျှင်လေးများကို စုပ်ယူရင်း တင်ပျဉ်ခွေထိုင်နေ၏။
သွေးရောင်ချီကို စုပ်ယူနေသည်နှင့်အမျှ သူသည် ဖြည်းဖြည်းချင်း သန်မာလာပြီး မန်ဟိုနှင့် တူညီသောအရှိန်အဝါတစ်ခုပင်လျှင် သူ၏ကိုယ်တွင်း၌ စုဝေးစပြုလာသည်။
ဤအခိုက်အတန့်တွင် မိုးနှင့်မြေ၌ ထစ်ချုန်းသံများ ဆူညံသွားပြီး ခပ်ဝါးဝါးအရာတစ်ခုက မယုံကြည်နိုင်ဖွယ်အမြန်နှုန်းဖြင့် လေကို ခွင်းကာ လွင်ပြင်၏အလယ်တည့်တည့်ရှိ ကျင်းထံ ဦးတည်လာနေသည်။
၎င်းက မန်ဟိုမှတစ်ပါး အခြားမဟုတ်ပေ။
သူ ဆင်းလာသည့်အခါ မြေကြီးသည် ကြေမွသွားပြီး အံ့အားသင့်နေသော အပြင်သူများမှာ အားလှိုင်းကြီး၏ ရိုက်ခတ်ခြင်းခံလိုက်ရသည်။
အားလှိူင်းက အပြင်သူများကို လွှမ်းခြုံရင်း အယောက်တစ်ထောင်ကျော်ကို ချက်ချင်း ပြာချပစ်လိုက်သဖြင့် မချိတင်ကဲအော်သံများနှင့်အတူ ပေါက်ကွဲသံများ ပဲ့တင်ထပ်သွားသည်။
လှိုင်းဒဏ်ကို ရှောင်လိုက်နိုင်သော အဝေးရှိ အပြင်သူများမှာ ဒဏ်ရာအပြင်းအထန်ရသွားကြသဖြင့် သွေးအန်လိုက်ကြရသည်။ တချို့ဆိုလျှင် မြေပြိုမှုနှင့်အတူ ပါသွားကြသည်။
မန်ဟို့အမူအရာသည် တည်ငြိမ်အေးဆေးနေ၏။ သူက သူ၏မီတာသုံးဆယ်ကိုယ်ကြီးမှ ပြင်းထန်သော ဖိအားကို ထုတ်လွှတ်လျက် သူ့ပတ်ဝန်းကျင်ရှိ အသက်ငင်နေသော အပြင်သူများကို အဖက်မလုပ်ပေ။ သူ၏သွေးရောင်တောက်နေသည့် မျက်လုံးများက ထိုင်နေသော ခရမ်းရောင်ချိုနှင့်အပြင်သူကို လှမ်းကြည့်လိုက်သည်။
သူ လှည့်ကြည့်လိုက်သည့်အချိန်မှာပင် အပြင်သူ၏မျက်လုံးများ ပွင့်လာပြီး ထိုလူက သွေးရောင်ချီကို စုပ်ယူနေခြင်းအား ရပ်ကာ ထွက်ပြေးသည်။
“ဒီတိုင်း ပြေးလို့ရမယ်ထင်တယ်ပေါ့” မန်ဟိုက အေးစက်စက် ရယ်ကာ ပြောသည်။ ခရမ်းရောင်ချိုနှင့်အပြင်သူ ထွက်ပြေးသောအခိုက်အတန့်တွင် မန်ဟိုက လှစ်ခနဲ ရှေ့သို့ လှမ်းလိုက်သည်။ မျက်စိတစ်မှိတ်အတွင်း သူကား အပြင်သူ၏အရှေ့တည့်တည့်သို့ ရောက်သွားပြီး အပြင်သူမှာ မန်ဟို့လက် သူ့လည်မျိုအား ဖြစ်ညစ်ထားသည်ကို တွေ့လိုက်ရ၏။
အပြင်သူ ဒေါသတကြီး ဟိန်းဟောက်လိုက်သည့်အချိန်မှာပင် မန်ဟို၏ကျင့်ကြံခြင်းအခြေခံနှင့် အပြင်အားကိုယ်စွမ်းအားက သူ့လက်မှတစ်ဆင် စီးဆင်းသွားသည်။ အပြင်သူသည် ပြန်တိုက်ခိုက်ရန် ကြိုးစားသော်လည်း မန်ဟို့တိုက်ကွက်ကို ခုခံနေသော ကောက်ရိုးမျှင်ပမာဖြစ်နေ၏။ မန်ဟိုက သူ့လက်ဖြင့် ဖြစ်ညစ်လိုက်သည်။
အပြင်သူမှာ စကားပြောခွင့်ပင် မရလိုက်ပေ။
ဂျွတ်ခနဲ ကြားလိုက်ရပြီး ခရမ်းရောင်ချိုနှင့်အပြင်သူ၏မျက်လုံးများ ပြူးထွက်လာသည်။ ထို့နောက် သူ့တစ်ကိုယ်လုံး ပေါက်ကွဲသွားပြီး သူ စုပ်ယူခဲ့သော သွေးချီများသည် လွင့်စင်ထွက်လာကာ မန်ဟို့ကိုယ်ထဲ စိမ့်ဝင်သွားကြ၏။
မန်ဟိုသည် ညာခြေကို မြှောက်၍ ဆောင့်နင်း၏။ မြေကြီးများ ဝုန်းခနဲ ကြေမွကုန်ပြီး ရွှေရောင်သွေးစက်တစ်စက် ပျံတက်လာသည်။ သူက ၎င်းကို လျင်မြန်စွာ ဖမ်းဆုပ်၍ သူ့နဖူးထဲ ဖိချလိုက်သည်။
ဤသည်မှာ ဒုတိယနတ်ဘုရားသွေးစက် ဖြစ်သည်။ ရိုးရိုးသာမန် နတ်ဘုရားသွေးမဟုတ်၊ ဝိညာဉ်သွေးပင်။
၎င်းကို စုပ်ယူနေစဉ် မန်ဟိုက ခေါင်းနောက်လှန်ကာ ကြုံးဝါးလိုက်သည်။ သူ၏အရိုး၊ အသွေးအသားနှင့် ကိုယ်တွင်းကလီစာများအပါအဝင် သူ့တစ်ကိုယ်လုံးသည် ပြင်းပြင်းထန်ထန် တုန်ခါလာ၏။ ဤအခိုက်အတန့်တွင် သူ၏ရှေးဟောင်းနယ်ပယ်အဆင့် အပြင်အားကိုယ်က ... အဆင့်တက်သွားလေပြီ။
တဝုန်းဝုန်းမြည်ဟည်းသံများက မိုးကောင်းကင်နှင့်မြေကြီးကို တုန်ခါနေစေရင်း ပဲ့တင်ထပ်နေသည်။ မန်ဟို၏အပြင်အားကိုယ်သည် သူ့ပတ်ပတ်လည်တွင် သဘာဝနိယာမများစွာ၏ အရိပ်အယောင်များကို မြင်လာရသည့်အတိုင်းအတာအထိ တဟုန်ထိုး အဆင့်တက်သွား၏။
သဘာဝနိယာမများက သူ၏ခန္ဓာကိုယ်မှ ဖြာထွက်နေပြီး သူ၏ပတ်ဝန်းကျင်အပေါ် တိုက်ရိုက်သက်ရောက်နေသည်။
“ဒီတော့ ဒါက တာအိုနယ်ပယ်အပြင်အားကိုယ်ပေါ့လေ” သူက မျက်လုံးလင်းလက်တောက်ပနေလျက် ပြောသည်။ သူ အသက်တစ်ရှိုက်ရှူသွင်းလိုက်သည့်အခါ သူ၏ခန္ဓာကိုယ်သည် မီတာသုံးရာအထိ ထပ်မံကြီးထွားသွား၏။