← Chapters

မုဆိုး၏ မျက်နှာဖုံး

Vol. 25 Ch. 348

မုဆိုး၏ မျက်နှာဖုံး

Vol. 25 Ch. 348

တစ်ဖန် ထရပ်လိုက်စဉ် စုမင်ဆံပင်များက လေတွင် လွင့်မျောသွားသည်။ သူ့ဆံပင်များတွင် သွေးစက်အချို့ စွန်းထင်းနေသဖြင့် ၎င်းတို့လွင့်မျောကခုန်လို့နေစဉ် သွေးစက်အချို့မှာ လေဖြင့်လွင့်စဉ်သွားကြသည်။

"ရန်သူနှစ်ဦးက လမ်းကျဉ်းတစ်ခုမှာ တွေ့ဆုံကြပြီး တိုက်ပွဲကနေ ရှောင်လွှဲလို့ မရနိုင်တဲ့အခါ... ရဲရင့်သူက အနိုင်ရလိမ့်မည်" စုမင် နောက်တစ်ကြိမ်ထပ်၍ တီးတိုး ရေရွတ်လိုက်ပြန်သည်။ ပေ ၁၀၀၀အဝေးမှ သူ့ဆီ လျှောက်လာနေသော ရှာမန်အား လှမ်းကြည့်လိုက်ရင်း စုမင်မျက်လုံးများအတွင်း စူးရှသောအလင်းတစ်ဖြာ ဖျတ်ခနဲတောက်ပသွားသည်။ ထို့နောက် စစ်မြေပြင်လေကို တဝကြီး ရှူရှိုက်လိုက်သည်။

သူသည် စကားလုံးများဖြင့်ပင် ဖော်ပြ၍မရနိုင်သော အသွင်ပြောင်းလဲမှု တစ်ခုကို ဖြတ်သန်းခဲ့ရသည်ဟု စုမင်ခံစားနေရသည်။ ရှေ့သို့တက်လိုက်ပြီး သူလုံးဝ နောက်ပြန်ဆုတ်လိမ့်မည် မဟုတ်ဟု ပြောဆိုနေသကဲ့သို့ ကြောက်မက်ဖွယ် သတ်ဖြတ်ခြင်းအသိ၊ အရှိန်အဝါတစ်ရပ်နှင့်အတူ ထိုရှာမန်းယောက်ျားဆီသို့ တန်းတန်းမတ်မတ် ဦးတည်လာသည်။ စူးရှသော လေတိုးသံတစ်သံနှင့်အတူ သူချဉ်းကပ်သွားခဲ့ချေပြီ။

မျက်နှာဖုံးတပ် ရှာမန်၏ မျက်နှာထက်တွင် အေးစက်စက် လှောင်ပြုံးတစ်ခု ဖြစ်ပေါ်လာသည်။ သူ၏ အေးစက်စက်အကြည့်ထဲတွင်လည်း အထင်သေးမှု အရိပ်အမြွက် ပါဝင်နေသည်။ ဤမာန်စွမ်းအားရှင်သည် ရှောင်တိမ်းဖို့နှင့် ကာကွယ်ဖို့သာ သိသောကြောင့် သူ ဤမာန်စွမ်းအားရှင်ကို အထင်မကြီးပေ။ ဤလိုလူမျိုးသည် သူ့ကိုယ်သူ မာန်စွမ်းအားရှင် စစ်သည်တော် တစ်ဦးဟု ခေါ်ဆိုရန်လည်း မထိုက်တန်ပေ။

စုမင်အနီးသို့ ရောက်လာချိန်တွင် စုမင်ထံမှ တစ်စုံတစ်ရာ ကွဲပြားခြားနားနေမှု အရိပ်အမြွက်ကို သူခံစားမိလိုက်သော်လည်း ရှာမန်သည် စုမင်အား မထီမဲ့မြင်ပြုနေဆဲသာ ဖြစ်သည်။

နှစ်ဦးကြား အကွာအဝေးမှာ ဆက်လက်ကျဉ်းမြောင်းလာပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် နှစ်ဦးက ပေ၂၀၀တောင် မကွာဝေးတော့ချေ။ ထိုရှာမန်သည် စုမင်ထံ ပြေးဝင်လာသောအခါ တစ်ဖက်နှင့်တစ်ဖက် တိုက်ခိုက်နေကြသော အခြားမာန်စွမ်းအားရှင်များနှင့် ရှာမန်များအားလုံးက လမ်းမှဖယ်ပေးခဲ့ကြသည်။ ဤသည်မှာ ကြီးမားသော စစ်မြေပြင်၏ ထောင့်တစ်နေရာတွင် ဖြစ်ပွားနေခဲ့ခြင်း ဖြစ်၏။ သို့သော်ငြား ဤထောင့်နေရာမှ စုမင်နှင့် မျက်နှာဖုံးတပ်ရှာမန်တို့အကြား တိုက်ပွဲသည် ဤစစ်မြေပြင်ထဲရှိ ရှာမန်များနှင့် မာန်စွမ်းအားရှင်များ အကြားဖြစ်ပွားနေသော အဆင့်မြင့်တိုက်ပွဲများစွာထဲမှ တစ်ခုဖြစ်နေလေသည်။

ဤသည်က မုဆိုးများအကြား တိုက်ပွဲတစ်ခုပင်။

အကယ်၍ ရှာမန်က အနိုင်ရခဲ့လျှင် သူ့ရမှတ်များထဲသို့ အခြား သတ်ဖြတ်မှုတစ်ခု တိုးလာလိမ့်မှာ ဖြစ်သည်။ သို့သော် အကယ်၍ စုမင်အနိုင်ရခဲ့လျှင်တော့ သူက ဤမုဆိုး၏ တည်ရှိမှုကို အဆုံးသတ်ပြီး မာန်စွမ်းအားရှင် မျိုးနွယ်စု၏ မုဆိုးတစ်ယောက်အဖြစ် အစားထိုးသွားပေလိမ့်မည်။

ဤတိုက်ပွဲမျိုးသည် ထိုဧရိယာ သေးသေးလေးအတွင်းမှ ရှာမန်များနှင့် မာန်စွမ်းအားရှင်တို့၏ အာရုံကို ဆွဲဆောင်သွားခဲ့ချေပြီ။ အဝေးမှ ရှာမန်မျိုးနွယ်စုနှင့် မာန်စွမ်းအားရှင်မျိုးနွယ်စုတို့၏ မုဆိုးများသည်ပင် လှည့်ကြည့်လာကြချေပြီ။

တိုက်ပွဲ၏ရလဒ်သည် စစ်ပွဲကို မည်သည့်နည်းနှင့်မျှ မထိခိုက်စေနိုင်သော်လည်း နောက်ဆုံးတွင် စုမင်နှင့် ရှာမန်ယောက်ျား မည်သူက အနိုင်ရရှိခဲ့သည်ဖြစ်စေ စုမင်အတွက်တော့ ဤသည်က သူ့ကိုယ်သူ တိုက်ခိုက်ရသော တိုက်ပွဲဖြစ်သည်။

သူသည် ဤနေရာတွင် ကြောက်ရွံ့မှုကို ကျော်လွှားပြီး သူ့စိတ်ကိုသူ အနိုင်ရချင်၏။ ထို့နောက် ဂုဏ်သရေရှိသော အသွင်ပြောင်းလဲမှုတစ်ခုအား ဖြတ်သန်းကာ ထိုအရာမှတစ်ဆင့်  သူ့ကို အစွမ်းထက် မာန်စွမ်းအားရှင်တစ်ဦးအဖြစ် ပြောင်းလဲပေးမည့် စိတ်စွမ်းအားတစ်ခုကို ဖန်တီးချင်၏။

'ငါ ဒီတိုက်ပွဲကို နိုင်မှဖြစ်မယ်။ ငါ နိုင်ကိုနိုင်ရမယ်'

စုမင်မျက်လုံးများအတွင်း စိတ်ဓာတ်ကြံ့ခိုင်မှုများ ပေါ်လာခဲ့သည်။ သူ့ကိုယ်ပိုင်ခွန်အားအပေါ် အလွန်အထင်ကြီးထားခြင်း မဟုတ်ပေ။ တစ်ကယ်တမ်းတွင် သူ့တိုက်ပွဲစွမ်းရည်မှာ ရှာမန်ယောကျ်ားနှင့် တန်းတူသာဖြစ်သည်။ အကယ်၍ ထိုထူးဆန်းသော သားရဲဟိန်းသံကြောင့်သာ မဟုတ်ခဲ့လျှင်  စုမင် ယခုလောက်အထိ သနားစရာ ကောင်းသွားလိမ့်မည် မဟုတ်သည်မှာ သေချာပေါက်ပင်။

ဤအချိန်တွင်တော့ သူသည် ထိုထူးဆန်းသော အသံကို အနိုင်ရရန် နည်းလမ်းအား ရှာတွေ့ထားခဲ့ချေပြီ။ ထိုအရာက... ရဲရင့်သော စစ်သည်တော်တစ်ဦး ဖြစ်လာပြီး အနိုင်ယူရန်ပင် ဖြစ်သည်။

"သတ်" စုမင်သည် ရှေ့သို့တစ်ချက်ခုန်ကာ မြေပြင်ထက်မှ ပျံတက်လျက် တိုးဝင်လာနေသော ရှာမန်ယောကျ်ားဆီ ဦးတည်လိုက်ရင်း ကျယ်လောင်းစွာ အော်ဟစ်လိုက်သည်။

၎င်းတို့နှစ်ဦးသည် မြေပြင်ထက်မှ ပစ်လွှတ်လိုက်သော မြားနှစ်ချောင်းသဖွယ် အချင်းချင်းတိုက်မိသွားကြသည်။

ဝုန်း...

စုမင် တုန်ယင်သွားသည်။ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရပြီးသည်နှင့် တစ်ပြိုင်နက် သူ့နှုတ်ခမ်းမှ သွေးများစီးကျလာသော်လည်း သူ့ထံ၌ တွန့်ဆုတ်မှု၊ မသေချာမရေရာမှုများမှာတော့ အရိပ်အမြွက်ပင် ရှိမနေချေ။ ရှေ့သို့ ထပ်မံပြေးထွက်သွားပြီး ရှာမန်ယောက်ျားနှင့် တစ်ဖန်တိုက်ခိုက်လိုက်ပြန်သည်။

ဝုန်း... ဝုန်း... ဝုန်း... ဝုန်း...

တိုတောင်းသော အသက်ရှူကြိမ် အနည်းငယ်အတွင်းမှာပင် ၎င်းတို့နှစ်ဦးသည် အချင်းချင်း အကြိမ်ဒါဇင်မက တိုက်ခိုက်ခဲ့ပြီးချေပြီ။ ရှာမန်၏ မျက်နှာပေါ်ရှိ အထင်သေးမှုများမှာလည်း တင်းမာရက်စက်သော အမူအရာတစ်ခုဖြင့် အစားထိုးသွားခဲ့ပြီ ဖြစ်၏။ စုမင်နှင့်ပတ်သက်၍ တစ်စုံတစ်ရာ ကွဲပြားသွားကြောင်း သူပြောနိုင်သည်။ ယခုလက်ရှိ မာန်စွမ်းအားရှင်မှာ ယခင်ကနှင့် များစွာကွဲပြားခြားနား သွားခဲ့ချေပြီ။ သူသည် ရှောင်တိမ်းခြင်းလည်း မပြု၊ နတ်ဘုရားစွမ်းရည်များကိုလည်း အသုံးပြုရန် မကြိုးစားတော့သလို မျက်လုံးစုံမှိတ်၍ သူ့ကိုယ်သူသာ ခုခံကာကွယ်နေရန်လည်း မကြိုးစားတော့ချေ။

စုမင်ထံ၌ ရှာမန်ယောက်ျားကိုပင် ထိတ်လန့်စေသည့် ဆုံးဖြတ်ချက်ခိုင်မာမှု တစ်ခုရှိနေသည်။ သူသည် ရုပ်ခန္ဓာကိုယ်တစ်ခုနှင့် တိုက်ခိုက်နေရခြင်း မဟုတ်ပဲ ဧရာမတောင်ကြီးတစ်လုံးနှင့် တိုက်ခိုက်နေရသည့်အလား ခံစားနေရလေသည်။

ဘယ်သောအခါမျှ ပြိုလဲပျက်စီး သွားလိမ့်မည် မဟုတ်သော မြင့်မား၊ မတ်စောက်သည့် တောင်ကြီးတစ်လုံးလိုပင်။

ထိုအရာက တစ်ဖန်ပြန်လည် ထရပ်လာပြီးနောက် စုမင်၏ စွမ်းအားနှင့် ရုပ်ခန္ဓာကိုယ်တို့မှာ သန်မာလာသည်ဟု ဆိုလိုခြင်းမဟုတ်ချေ။ ထိုအစား သူ့အကြည့်၊ သူ့လုပ်ရပ်၊ သူ့ခြေလှမ်းများနှင့် သူ့အပြုအမူများ... ထိုအရာများအားလုံးသည် သန်မာသော ဖိအားအရှိန်အဝါ တစ်ရပ်အဖြစ် ပြောင်းလဲသွားခြင်းပင်။ ထိုအရှိန်အဝါ၏ အရင်းအမြစ်သည်ကား စုမင်၏ မမြင်ရသော စိတ်စွမ်းအားဖြစ်သည်။

သူ့အား နောက်ဆက်မဆုတ်စေတော့ပဲ နောက်သို့ ခြေတစ်လှမ်း ဆုတ်ရမည်ထက် သေခြင်းတရားနှင့်သာ တိုက်ခိုက်ရင်း မတ်မတ်ရပ်နိုင်စေရန် ပြုလုပ်ပေးနေသည့် ထောက်ပံ့နေသော စွမ်းအားတစ်မျိုး ရှိနေသည့်အလားပင်။ ဤစိတ်စွမ်းအားက သူ့အရှိန်အဝါအဖြစ် ပြောင်းလဲသွားခဲ့ချေပြီ။ ၎င်းကို အခြားသူများက သတိမြုမိခဲ့ပြီး အထူးသဖြင့် စုမင်အား တိုက်ခိုက်နေသော ရှာမန်ယောက်ျားက ပိုမိုခံစားနေရလေသည်။

"ရဲစွမ်းသတ္တိဆိုတာ ဘာလဲ။ ငါ့ကို ဖြေ စုမင်"

စုမင် လက်သီးတစ်ချက် ထိုးသွင်းလိုက်သည်။ သူ့မျက်လုံးများ အတွင်း ဆုံးဖြတ်ချက်ခိုင်မာမှုနှင့် ပြတ်သားမှုများ ပေါ်နေရင်းမှပင် သူ နက်မှောင်တောင်တွင် ရှိနေစဉ်က ဖြစ်ပျက်ခဲ့သော အရာတစ်ခုကို သတိရသွားခဲ့သည်။

"ရဲရင့်တယ်ဆိုတာ သားရဲရိုင်းတွေနဲ့ ရင်ဆိုင်တိုက်ခိုက်ရချိန်မှာ မကြောက်ရွံ့တာကို ဆိုလိုတာပဲ" ထိုစဉ်အချိန်က စုမင်သည် လာစုငယ်လေး တစ်ဦးသာ ဖြစ်၏။ သူသည် ထိုမေးခွန်းကို လူငယ်လေးတစ်ဦး၏ အသံဖြင့် ဖြေဆိုခဲ့သည်။

"အဲဒါက ရဲစွမ်းသတ္တိ တစ်မျိုးပါပဲ။ ဒါပေမဲ့ ငါမင်းကို ပြောပြမယ်၊ အစစ်အမှန် ရဲစွမ်းသတ္တိဆိုတာ မင်း အစွမ်းထက် စစ်သည်တော်တစ်ယောက်နဲ့ ထိပ်တိုက်ရင်ဆိုင်ရချိန်မှာ နောက်မဆုတ်တာပဲ။ မင်းက တစ်ဟုန်ထိုးပြေးဝင်ပြီး သေသည်အထိ တိုက်ခိုက်ရမယ်"

"အလားတူပဲ၊ အစွမ်းထက် စစ်သည်တော်ဆယ်ယောက်နဲ့ တွေ့ဆုံချိန်မှာလည်း မင်း အလားတူပဲ တုံ့ပြန်ရမယ်။ မင်းက အစွမ်းထက်တဲ့ စစ်သည်တော် တစ်ရာ သို့မဟုတ် အဲထက်ပိုများတဲ့ လူတွေနဲ့တွေ့တောင် အဲလိုပဲ တုံ့ပြန်ရမယ်။ တွေးကြည့် စုမင်၊ အကယ်၍ ငါက အိုမင်းမစွမ်းဖြစ်ပြီး မလှုပ်ရှားနိုင်တော့လို့ မင်းက ငါ့ရှေ့မှာရပ်ပြီး ကာကွယ်ပေးရတော့မယ့် အချိန်ကျ မင်းရှေ့မှာ မရေမတွက်နိုင်အောင် များပြားတဲ့ အစွမ်းထက်ရန်သူတွေ ရှိနေမယ်ဆိုရင်..."

"မင်းမျက်လုံးတွေကို မှိတ်ပြီး မြင်ယောင်ကြည့်။ မင်းရဲ့ ရွေးချယ်မှုက ဆက်နေမယ်ဆိုရင်တော့ ရဲရင့်ခြင်းဆိုတာ ဘာကိုဆိုလိုမှန်း မင်းနားလည်သွားပြီပဲ။ အဲဒါကမှ ရဲစွမ်းသတ္တိလို့ ငါယုံကြည်တယ်"

'ငါ သေမှာလား...'

'ဆက်နေဖို့လား။ ငါ ဆန္ဒရှိနိုင်ပေမဲ့ မဖြစ်နိုင်ဘူး။ ဒါပေမဲ့ ငါထွက်ခွာသွားဖို့ဆိုရင်ရော။ အဖြေကတော့ အတူတူပဲ။ ငါ ဆန္ဒရှိနိုင်ပေမဲ့ မဖြစ်နိုင်ဘူး"

'ဒါဆိုရင်တော့ ငါဆက်နေဖို့ပဲ ရွေးချယ်မယ်'

"ရဲစွမ်းသတ္တိဆိုတာလည်း အရှိန်အဝါတစ်မျိုးပဲ။ အဲဒါက အဆင်အခြင်မဲ့မှု မဟုတ်ဘူး။ အဲဒီအစား မင်းရဲ့ ကြံ့ခိုင်မှုကြောင့် မင်းရန်သူတွေကို ပြိုလဲသွားစေနိုင်မယ့် တောင်တစ်လုံးလို အရှိန်အဝါတစ်ခုပဲ"

"ရဲစွမ်းသတ္တိဆိုတာ မင်းရန်သူတွေကို အောင်နိုင်မယ့် နည်းလမ်းတစ်ခုဆိုလည်း ဟုတ်တယ်။ မင်း ကမ္ဘာလောကတစ်ခွင် ခရီးဆက်တဲ့အခါ မင်း ရိုးဖြောင့်တဲ့ ယောက်ျားတစ်ယောက် ဖြစ်လာဖို့ လိုအပ်တဲ့ ပင်ကိုလက္ခဏာဆိုလည်း ဟုတ်တယ်။ စုမင် ငါ့စကားတွေကို မှတ်ထားပါ။ တစ်နေ့နေ့ တစ်ချိန်ချိန်ကျရင်တော့ မင်း အဲဒါတွေကို တကယ်နားလည်လာနိုင်ပါလိမ့်မယ်"

စုမင်၏ လက်သီးက ရှာမန်ယောက်ျား၏ ညာလက်သီးအား ထိုးနှက်မိသွားသည်။ ပြင်းထန်သော နာကျင်မှုက လက်မောင်းတစ်လျှောက် ထိုးတက်လာပြီး သူ့အရိုးများ ကျိုးကြေနေသည်ဟု ခံစားနေရသော်ငြား စုမင်မျက်နှာပေါ်တွင်တော့ နောက်ဆုတ်လိုမှု အရိပ်အမြွက်ပင် ရှိမနေချေ။ ထိုအစား ရှေ့သို့ပြေးဝင်၍ နောက်သို့ဆုတ်ခွာခြင်းမရှိသော ရှာမန်ယောက်ျားနှင့် ထပ်မံတိုက်ခိုက်လိုက်သည်။

ရှာမန်ယောက်ျားမှာ ပိုမိုတိုက်ခိုက်မိလေလေ၊ ပို၍ ကြောက်ရွံ့လာရလေလေ ဖြစ်သည်။ သူ၏ ယခင်ကောက်ချက်များအပေါ် အခြေခံ၍ ဤကဲ့သို့ တိုက်ပွဲများတွင် သူလုပ်ခဲ့သမျှ အရာအားလုံးကို ပြုလုပ်ခဲ့ပြီးချေပြီ။ သူ့ ပြိုင်ဘက်သည်လည်း သူယခင်က တွေ့ခဲ့ဖူးသောလူများနှင့် တူညီသင့်သည်။ ပထမဦးစွာ သူတို့စိတ်များ ပြိုလဲသွားပြီးနောက်တွင် ထိုပြိုလဲမှုမှာ သူတို့ကိုယ်ခန္ဓာများသို့ ပျံ့နှံ့သွားပေလိမ့်မည်။ သူ၏ မဆုတ်မနစ် ကြိုးပမ်းမှုအောက်တွင် သူတို့စိတ်နှင့် ခန္ဓာကိုယ်များ၌ ဆုတ်ခွာလိုသောဆန္ဒဖြင့်သာ ပြည့်သွားမှာ ဖြစ်သည်။

ဤသို့ ဖြစ်ပျက်သွားပြီးသည်နှင့် တစ်ပြိုင်နက် တိုက်ပွဲအတွင်း သူ့အောင်မြင်မှုက သေချာနေချေပြီ။

ဤသည်မှာ အစွမ်းထက် တိုက်ပွဲရှာမန်တစ်ဦးအနေဖြင့် သူ့အတွက် စမ်းသပ်မှုတစ်ခုဖြစ်ပြီး ရပ်တန့်ခြင်းမရှိပဲ ရှေ့ဆက်တိုးရန် ဖြစ်သည်။ သူ့နှလုံးသားအတွင်းမှ အကြောက်တရားကို ကျော်လွှားရပေမည်။ သူ့ရန်သူ၏ စိတ်စွမ်းအားကို ခြေမွှကာ သူ့အား တားဆီးချင်သူတိုင်း၏ စိတ်ကို ဖျက်ဆီးပစ်ပေမည်။ ထို့နောက် သူ့ရန်သူ၏ စိတ်ဓာတ်ပြိုလဲ သွားသည်နှင့် သူသည် ရှုံးနိမ့်သွားသော ရန်သူထံ တန်းတန်းမတ်မတ် လျှောက်သွားမှာဖြစ်၏။

"ရဲစွမ်းသတ္တိဆိုတာ မဆင်မခြင် ပြုမူတာမဟုတ်ဘူး" စုမင် တီးတိုးရေရွတ်လိုက်သည်။ သူရှေ့သို့ တစ်ဟုန်ထိုး ပြေးလွှားသွားရင်း ခြေထောက်ကို လှည့်၍ ရှာမန်၏ လုပ်ရပ်များကို အတုခိုးလိုက်၏။ သူ ခြေထောက်ကိုလှည့်၍  ကန်လိုက်သလိုပင် သူ့ရန်သူ၏ခြေထောက်မှာလည်း အလားတူပင် ထွက်ပေါ်လာခဲ့သည်။

ပေါက်ကွဲသံများက ကောင်းကင်နှင့်မြေပြင်ကိုပင် တုန်ခါသွားစေခဲ့သည်။ ဤပြင်းထန်သော တိုက်ပွဲသည် ထိုဧရာမစစ်မြေပြင်ကြီးအတွင်းမှ နေရာငယ်လေးထဲရှိ လူများ၏ အာရုံစိုက်မှု အားလုံးနီးပါးကို ဆွဲဆောင်ထားပြီးဖြစ်သည်။

၎င်းတို့မှာ ရှာမန်ဖြစ်စေ၊ မာန်စွမ်းအားရှင်ဖြစ်စေ အရေးမကြီးတော့ချေ။ စုမင်နှင့် မျက်နှာဖုံးတပ်လူတို့ သွေးအန်လိုက်ရသည်ကို သူတို့အားလုံး မြင်လိုက်ရပေ၏။ တစ်ခုတည်းသော ကွဲပြားခြားနားမှုမှာ တစ်ဦးအန်ထုတ်လိုက်သော သွေးများသည် ထိုလူ့ရှေ့တွင် သွေးမြူများအဖြစ် ပြောင်းလဲသွားခြင်း ဖြစ်ပြီး အခြားတစ်ဦး၏ သွေးများမှာတော့ မျက်နှာဖုံးထောင့်စွန်းမှ စီးကျလာခြင်း ဖြစ်၏။

စုမင် မြေပေါ်ဆင်းသက် လိုက်သောအခါ တိုက်ခိုက်မှု၏ အားကြောင့် နောက်သို့ ခြေလှမ်းအနည်းငယ်ခန့် ဒယိမ်းဒယိုင်ဆုတ်လိုက်ရလေသည်။ သူ တုန်ယင်သွားရသလို တစ်ချိန်တည်းမှာပင် ရှာမန်ယောကျ်ားသည်လည်း ပထမဆုံးအကြိမ်အဖြစ် အနောက်သို့ ခြေလှမ်းအနည်းငယ်ခန့် ဆုတ်သွားခဲ့ရသည်။ သူ့ရန်သူအား လှမ်းကြည့်လာသော သူ့မျက်လုံးများထဲတွင်လည်း ထိတ်လန့် တုန်လှုပ်မှုများဖြင့် ပြည့်နေခဲ့၏။

စုမင်သည်ကား စုမင်ဖြစ်နေဆဲပင်။ သူ့ကျင့်ကြံဆင့်နှင့် သူ့ခွန်အားမှာ အတူတူသာ ဖြစ်နေသေးသည်။ သူနှင့် ပက်သက်၍ မတူကွဲပြားသွားသည့် တစ်ခုတည်းသော အရာမှာ ယခုသူ့ထံတွင် ခိုင်မာတည်ကြည်သော အရှိန်အဝါတစ်ရပ် ရှိနေခြင်းပင်။

သူ အနိုင်ရချင်သည်။ သူ အနိုင်ရမှ ဖြစ်မည်။

သူ့အတွက် ပြောနေစရာပင် မလိုချေ။ စုမင်၏ အကြည့်အတွင်းမှ ထိုပြတ်သားသော အမူအယာ၊ သူ့ခန္ဓာကိုယ်မှ ထုတ်လွှတ်နေသော အရှိန်အဝါနှင့် ထိုအချိန်တွင် တစ်ဖန်ဦးတည်လိုက်ပြန်သော သူ့ကြောင့်  သူ၏ တိုက်ပွဲဝိညာဉ်နှင့် အနိုင်ရချင်သည့် စိတ်ဓာတ်ခိုင်မာမှုတို့ကို ကြည့်နေမိသူတိုင်း ရှင်းရှင်းလင်းလင်း တွေ့မြင်နိုင်ချေသည်။

"တိုက်" စုမင် တည်ငြိမ်စွာ ပြောဆိုလိုက်သည်။ သူ့အသံမှာ ကျယ်လောင်ခြင်း မရှိသော်လည်း သူ့မျက်နှာထက်မှ အမူအရာကြောင့် ထိုစကားတစ်လုံး ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် စုမင်မှာ ဧရာမသားရဲရိုင်းကြီး တစ်ကောင်အဖြစ် ပြောင်းလဲသွားသည့်အလားပင် ဖြစ်သည်။ ထိုသားရိုင်း ဟိန်းဟောက်လိုက်သည်နှင့် ထိတ်လန့်ဖွယ် အရှိန်အဝါတစ်ရပ်က ဧရိယာတစ်လျှောက် ပျံ့နှံ့လာခဲ့သည်။

ရှာမန်ယောက်ျားသည် အံကြိတ်လိုက်ပြီး သူ့မျက်လုံးများမှာလည်း နီရဲလာခဲ့၏။ ထို့နောက် ခပ်တိုးတိုး ကြုံးဝါးသံတစ်သံနှင့်အတူ ပြေးဝင်လာခဲ့သည်။ စုမင် အနီးသို့ရောက်လာသည်နှင့် သူ့အနီရောင်မျက်လုံးများမှာ တောက်ပသွားပြီး ထိုရှာမန်က အော်ဟစ်ဟိန်းဟောက်လိုက်လေသည်။

ထိုဟိန်းဟောက်သံမှာ စုမင်၏နှလုံးသားကို အကြိမ်ပေါင်းများစွာ တုန်လှုပ်ချောက်ချားစေခဲ့သည့် ထိုထူးဆန်းသော အသံပင်ဖြစ်သည်။

ထို ဟိန်းဟောက်သံ စတင်ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် စုမင်စိတ်မှာ တစ်ဖန်ထပ်မံ တုန်ယင်သွားပြန်သည်။ သို့သော် ဤတစ်ကြိမ်တွင်တော့ သူ့ထံတွင် ထိုထိန်းချုပ်မရနိုင်သော အကြောက်တရား လှိုင်းလုံးကြီး မြင့်တက်ထွက်ပေါ်လာသော်ငြား စုမင် နောက်ပြန်မဆုတ်ခဲ့ပေ။ ထိုအစား သူ့လက်သီးကို မြှောက်လိုက်ပြီး ခေတ္တခဏပင် ရပ်တန့်ခြင်းမပြုပဲ အကြောက်တရားအား ဖြတ်သန်းလာသည့်  ချွန်ထက်သော မြားတစ်ချောင်းသဖွယ် ရှေ့သို့ ခြေတစ်လှမ်းတက်လိုက်၏။ ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သော ရှာမန်ရှေ့တွင် ရပ်တန့်၍ ပြန်လည်တိုက်ခိုက်လိုက်တော့သည်။

ထိုတန်ပြန်တိုက်ခိုက်မှုသည်ကား စုမင်၏လက်သီးချက်ပင် ဖြစ်သည်... ထို့နောက် နောက်တစ်ချက်... ထို့နောက် အခြားတစ်ချက်...

သူ လက်သီးချက်မည်မျှ ပစ်သွင်းခဲ့မိမှန်း စုမင်မသိတော့ချေ။ လေထဲတွင်လည်း ပေါက်ကွဲသံများ ပဲ့တင်ထပ်နေခဲ့သည်။ ပထမဆုံးအကြိမ်အဖြစ် မျက်နှာဖုံးတပ် ရှာမန်ယောကျ်ားမှာ စုမင်၏ ထပ်ခါတလဲလဲ ဖိအားပေးခံလိုက်ရခြင်း ဖြစ်သည်။ သူသည် နောက်သို့ တစ်လှမ်းဆုတ်လိုက်ရပြီး ထို့နောက် နောက်ထပ်တစ်လှမ်း ဆုတ်လိုက်ရပြန်သည်။ သူသည် အဆက်မပြတ် ဖိအားပေးခံရမှုကြောင့် နောက်သို့ဆုတ်ခွာနေစဉ်မှာပင် သူ့စိတ်စွမ်းအား၊ သူ့ယုံကြည်ချက်နှင့် တိုက်ပွဲရှာမန်တစ်ဦးအနေဖြင့် သူ၏ ယုံကြည်ချက် ခိုင်မာမှုများသည် နည်းနည်းချင်း လျော့ကျလျက် တဖြည်းဖြည်းချင်း ပြိုလဲပျက်စီးလာခဲ့သည်။

သူ့မျက်စိထဲတွင်တော့ စုမင်သည် ဖြတ်သန်း၊ ဖျက်ဆီး၍ မရနိုင်သော အစစ်အမှန် ဧရာမတောင်ကြီးတစ်လုံး ဖြစ်လာခဲ့ချေပြီ။

"မင်း အကြောက်တရားတွေကို ကျော်လွှားနိုင်သွားပြီး ရဲစွမ်းသတ္တိရဲ့ အရသာက ဘယ်လိုလဲဆိုတာ မင်းသိသွားတာနဲ့ မင်း ဘယ်လိုခံစားရမှာပါလိမ့်... အဲဒီ အချိန်ကျရင်လည်း ငါမင်းဘေးမှာ ရှိနေပြီး ဘယ်လိုခံစားရလဲဆိုတဲ့ မင်းပြောပြတာကို ကြားရဦးမယ်လို့ ငါမျှော်လင့်မိပါရဲ့" အကြီးအကဲ၏ ကြင်နာ၊ ချစ်ခင်သော အပြုံးအား စုမင်မျက်စိထဲတွင် မြင်ယောင်လာခဲ့သည်။

စုမင်သည် ထိုထူးဆန်းသော ဟိန်းဟောက်သံထံသို့ လက်သီးချက်များ တရစပ်ထိုးသွင်းနေရင်း အကြီးအကဲ ပြောဆိုခဲ့သော ခံစားချက်ကို ရှာဖွေတွေ့ရှိသွားခဲ့သည်။ ထိုအရာသည်ကား...

'ကိုယ့်ကိုယ်ကိုယ် အောင်နိုင်သွားရတဲ့ ခံစားချက်တစ်ခုပဲ'

စုမင် မျက်လုံးများကို ပိတ်လိုက်သည်။ တစ်ဖန် ပြန်ဖွင့်လိုက်ချိန်တွင်တော့ သူ့လက်မောင်းများကို ကျယ်ပြန့်စွာ ဖြန့်ကားလိုက်ပြီး ရှာမန်ယောက်ျားနောက်သို့ ဆက်မလိုက်တော့ပါချေ။ သူ၏ နတ်ဘုရားစိတ်အာရုံမှာ ချက်ချင်းဖြန့်ကြက်သွားပြီး ကျောက်စိမ်းဓားမြှောင်ငယ်က လေထုအားထိုးခွင်းသံ တစ်သံနှင့်အတူ တိုးထွက်သွားသည်။ လျှပ်စီးအလင်းလုံးများစွာမှာလည်း စုဝေးသွားကြပြီး ဧရိယာတစ်ခုလုံး ပြည့်နှက်သွားသည်။ ဟန်တောင်တန်းခေါင်းလောင်းသည်လည်း ပုံရိပ်ယောင်တစ်ခုအသွင်ဖြင့် ဖြစ်ပေါ်လာပြီး ရှာမန်ယောက်ျားထံ တည့်တည့်တိုးဝင်သွားသည်။

ထိုနတ်ဘုရားစွမ်းရည်များအားလုံးမှာ ထွက်ပေါ်လာကြသည်နှင့်တစ်ပြိုင်နက် ယခုအချိန်တွင် သွေးများစွာအန်နေရပြီး မယုံကြည်နိုင်မှု အရိပ်အမြွက်ပါဝင်သည့် မိန်းမောထုံထိုင်းနေသော အကြည့်တစ်ခုဖြင့် ရှာမန်ယောက်ျားကို တိုက်ခိုက်လိုက်ကြသည်။

စုမင်သည်လည်း တစ်ချက်လှုပ်ရှားကာ တစ်ဟုန်ထိုးပြေးဝင်သွားသည်။ ပေါက်ကွဲသံများက ကောင်းကင်သို့တိုင် ရောက်ရှိသွားပြီး ဧရိယာပတ်လည်မှ မြေပြင်ကို တုန်ခါသွားစေသည်။ တစ်ခဏအကြာတွင်တော့ စောင့်ကြည့်နေသူများ၏ မျက်မှောက်သို့  စစ်မြေပြင်အတွင်းရှိ ထိုဧရိယာငယ်လေးထဲမှ လူအားလုံးနီးပါးကို အေးခဲသွားစေသော မြင်ကွင်းတစ်ခု ထွက်ပေါ်လာခဲ့လေသည်။

ထိုမြင်ကွင်းထဲတွင် စုမင်သည် သူ့လက်ကိုမြှောက်ထားပြီး ထိုလက်ထဲတွင်တော့ သွေးများ တစက်စက် စီးကျနေသော ဦးခေါင်းတစ်လုံး ရှိနေခဲ့သည်။ ထို့နောက် စုမင်သည် ၎င်းဦးခေါင်းမှ မျက်နှာဖုံးကို ဖြည်းညင်းစွာ ချွတ်ယူလိုက်ချေ၏။

ထိုအရာသည်ကား ကန်လန့်ဖြတ်ပုံ အက်ကြောင်းတစ်ခုရှိနေသည့် အဖြူရောင်မျက်နှာဖုံးတစ်ခု... မုဆိုးတစ်ဦး၏  မျက်နှာဖုံးပင် ဖြစ်သည်။

***

All Chapters