မုဆိုးစုမင်
Vol. 26 Ch. 349
စုမင်နှင့် မျက်နှာဖုံးတပ် ရှာမန်ယောကျ်ားတို့ တိုက်ခိုက်နေခဲ့သော နေရာမှာ ဧရာမစစ်မြေပြင်ကြီး၏ အရေးမပါသော အစိတ်အပိုင်းနေရာငယ်လေး တစ်ခုသာ ဖြစ်သည်။ သူတို့နှစ်ဦးအား အာရုံစိုက်နေသော အနီးအနားရှိ လူများမှအပ အနည်းငယ်ကွာဝေးသော နေရာတွင်ရှိနေသည့် မည်သူတစ်ဦးတစ်ယောက်ကမျှ စုမင်တို့နှစ်ဦး တိုက်ခိုက်နေခြင်းကို စိတ်ပါဝင်စားခြင်း မရှိခဲ့ချေ။
သို့သော်ငြား ရှာမန်ယောကျ်ား၏ ဦးခေါင်းထက်မှ မျက်နှာဖုံးကို စုမင် ချွတ်ယူလိုက်ချိန်တွင်တော့ ထိုဧရိယာငယ်လေးအတွင်းရှိ လူအပေါင်းတို့၏ အာရုံကို ဆွဲဆောင်သွားတော့သည်။
ကျီချဲ၊ ယန်ပေါ်နှင့် စုမင်အဖွဲ့ထဲရှိ အသက်ရှင်ကျန်ရစ်နေဆဲ အဖွဲ့ဝင်များအားလုံး ထိုအရာကို မြင်တွေ့လိုက်ကြရသည်။ ၎င်းနေရာရှိ မာန်စွမ်းအားရှင်အားလုံးတို့သည်လည်း ထိုအခြင်းအရာကို မြင်တွေ့လိုက်ကြ၏။
အလားတူပင် ရှာမန်မျိုးနွယ်စုမှ မုဆိုး၏ ဦးခေါင်းကို စုမင်လေထဲသို့ မြှောက်လိုက်သောအခါ ၎င်းဧရိယာအတွင်းမှ ရှာမန်အားလုံးသည်လည်း ထိုအရာကို မြင်တွေ့သွားကြသည်။
“ရှာမန်တွေကို အမဲလိုက်ကြ” လေထဲသို့မြှောက်ထားသော ရှာမန်ယောကျ်ား၏ ဦးခေါင်းနှင့်အတူ စုမင် ထိုနေရာတွင် မတ်တပ်ရပ်ရင်း သူ့အနီးရှိ မာန်စွမ်းအားရှင်များထံသို့ ခပ်တိုးတိုး အော်ဟစ်ကြုံးဝါးလိုက်သည်။
စုမင်အသံ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ထိုဧရိယာအတွင်းရှိ မာန်စွမ်းအားရှင်များ အားလုံးသည်လည်း သူနှင့်အတူ ချက်ချင်းလိုက်ပါ အော်ဟစ်လိုက်ကြ၏။ ၎င်းတို့မျက်နှာများပေါ်တွင် စိတ်အားထက်သန်မှုများ ထွက်ပေါ်လာပြီး စုမင်အား ကြည့်နေသော အကြည့်များသည်လည်း လေးစားမှုများဖြင့် ပြည့်နေခဲ့သည်။
ထိုဧရိယာငယ်လေးအတွင်း၌ မာန်စွမ်းအားရှင် အရေအတွက်မှာ မြောက်မြောက်များများ မရှိပဲ ရာဂဏန်းခန့်သာ ရှိနေခြင်းဖြစ်သည်။ သို့သော် ထိုရာချီသောလူများမှာ စုမင်၏စကားလုံးတို့ကို အဖန်တလဲလဲ အော်ဟစ်လိုက်ကြသည်။
“ရှာမန်တွေကို အမဲလိုက်ကြ”
ဤကဲ့သို့ စစ်မြေပြင်ကြီးထဲတွင်တော့ ရာချီသော လူများအကြားမှ တိုက်ခိုက်သံများမှာ အာရုံစိုက်မှုများစွာ ဆွဲဆောင်နိုင်လိမ့်မည် မဟုတ်ချေ။ အဆုံးတွင်တော့ လေထဲ၌ နေရာအနှံ့မှ အလားတူသံများ ပဲ့တင်ထပ်နေခဲ့ခြင်းဖြစ်သည်။ သို့သော် ထိုအခိုက်အတန့်လေးတွင်တော့ ၎င်းဧရိယာအတွင်းရှိ ရာပေါင်းများစွာသော လူများ၏ တူညီစွာ အော်ဟစ်ကြုံးဝါးလိုက်မှုကြောင့် သေးငယ်သော လှိုင်းလုံးငယ်တစ်ခုက စစ်မြေပြင်တစ်ခုလုံးသို့ ဖြတ်သန်းသွားခဲ့သည်။
ဤရာပေါင်းများစွာသော လူများမှာ ရှာမန်များနှင့် မာန်စွမ်းအားရှင်များအကြား စစ်မြေပြင်၏ တောင်ဘက်ပိုင်းတွင် ရှိနေခြင်းဖြစ်သည်။ အကယ်၍ မည်သူမဆို ကောင်းကင်ပေါ်မှ ကြည့်လိုက်မည်ဆိုလျှင်တော့ ဧရာမစစ်ပွဲကြီးအတွင်း ပရမ်းပတာ ဖြစ်မှုများကိုသာ တွေ့မြင်ရမှာဖြစ်၏။ သို့သော် ပိုမို၍ ဂရုတစိုက်ကြည့်ရှုမိခဲ့မည်ဆိုလျှင်တော့ မတူကွဲပြားသော တစ်စုံတစ်ရာအား တစ်ဖြည်းဖြည်း တွေ့မြင်လာရပေလိမ့်မည်။ အမှန်တစ်ကယ်တမ်းတွင် ဤစစ်မြေပြင်ကို လေးပိုင်းခွဲခြားထားခဲ့ခြင်းဖြစ်သည်။
မြောက်ဘက်အပိုင်း၊ တောင်ဘက်အပိုင်း၊ အရှေ့ဘက်အပိုင်းနှင့် အနောက်ဘက်အပိုင်း ဟူ၍ပင်။ ဤအပိုင်းလေးပိုင်းသည် စစ်မြေပြင်ကြီးလေးခုနှင့် ဆင်တူသည်။ ဧရိယာအပိုင်းများကို ရှင်းလင်းသေချာသော မျဉ်းများဖြင့် ခွဲဝေထားခြင်းမဟုတ်သော်လည်း လူအုပ်ကြီးအနေဖြင့် ၎င်းဧရိယာများအတွင်း တိုးဝင်လိုက်သည်နှင့် တစ်ပြိုင်နက် ထိုအရာကို တွေ့မြင်နိုင်နေဆဲဖြစ်သည်။
တောင်ပိုင်းစစ်မြေပြင်တွင် သိန်းနှင့်ချီသောလူများ အချင်းချင်းတိုက်ခိုက်နေကြပြီး ၎င်းတို့အကြား၌
အသေအပျောက်၊ အပျက်အစီးများက အမြဲတစေ ဖြစ်ပျက်နေသည်။ အဆိုပါ မာန်စွမ်းအားရှင် အစုအဝေးကြီး၏ အဆုံးသတ်နေရာသည်တော့ အခြားနေရာများနှင့်ယှဉ်ပါက အတော်အတန် တိတ်ဆိတ်နေသော ဧရိယာတစ်ခု ဖြစ်လို့နေသည်။ ထိုနေရာတွင် အနက်ရောင်မျက်နှာဖုံးများနှင့် မာန်စွမ်းအားရှင်ကိုးဦးတို့သည် မျက်နှာထက်တွင် မည်သည့်အမွေးအမျှင်မျှ မရှိသော ဖြူဖျော့ဖျော့မျက်နှာနှင့် သက်လတ်ပိုင်းအရွယ် ယောကျ်ားတစ်ဦးအား ဗဟိုပြုလျက် ဝန်းရံကာကွယ်ပေးလျက်ရှိသည်။ အဆိုပါယောကျ်ားသည် ဝတ်ရုံရှည်တစ်ထည်အား ဝတ်ဆင်ထားပြီး ဆံပင်တို့အား စည်းနှောင်ထားခြင်းမရှိချေ။ သူ၏ မျက်လုံးများမှာတော့ နက်နက်ရှိုင်းရှိုင်းပင် စူးရှတောက်ပနေကြသည်။
သူသည် စကားတစ်ခွန်းမျှ မဆိုပဲ ထိုနေရာတွင်ရပ်လျက် တောင်ပိုင်းစစ်မြေပြင်အား ကြည့်ရှုနေခဲ့ခြင်း ဖြစ်၏။ မာန်စွမ်းအားရှင်မျိုးနွယ်စုမှ မုဆိုးကိုးဦးသည်တော့ တောင်ပိုင်းစစ်မြေပြင်တစ်ခုလုံးမှ အပြောင်းအလဲများကို ထိုသက်လတ်ပိုင်းလူ အေးအေးဆေးဆေး အာရုံံခံနိုင်စေရန်အလို့ငှာ အနီးသို့ကပ်လာကြသော ရှာမန်များအားလုံးကို ပိတ်ဆို့ပေးထားကြသည်။
လူလတ်ပိုင်းယောကျ်ားသည် ထိုနေရာတွင် အချိန်ကြာမြင့်စွာ ရပ်နေခဲ့သည်မှာ စစ်ပွဲစတင်ချိန်မှစ၍ မာန်စွမ်းအားရှင်များနှင့် ရှာမန်များကို လေ့လာကာ စစ်ပွဲ၏ အနုပညာရသအချို့ကို နားလည်သဘောပေါက်လာရန် အလျင်အမြန် သင်ယူနေသကဲ့သို့ပင် ဖြစ်သည်။
“ငါတို့ မာန်စွမ်းအားရှင်တွေ အခုလိုစစ်ပွဲမျိုး မဆင်နွှဲဖြစ်ခဲ့တာတောင်… အချိန်တော်တော် ကြာနေပြီပဲ… ဆယ်စုနှစ်တစ်ခုစီမှာ ဖြစ်တဲ့ တိုက်ပွဲတွေရဲ့ အတိုင်းအတာက ဒီဟာနဲ့ နှိုင်းယှဉ်လို့တောင်မရဘူး။ အဲဒါတွေက ဒီအတိုင်း ကလေးကစားပွဲ သာသာလောက်တွေပဲ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀၊ ၂၀၀ တုန်းက ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေမှာတောင် ဒီလိုတိုက်ပွဲမျိုးကို တွေ့နိုင်ဖို့ဆိုတာ ကြုံတောင့်ကြုံခဲ ဖြစ်ရပ်ပဲမဟုတ်လား…”
“ဒါပေမယ့် အခုတော့ သုံးလဆိုတဲ့ အချိန်တိုလေးအတွင်းမှာတင် ဒီလိုတိုက်ပွဲမျိုး သုံးကြိမ်ဖြစ်ပြီးသွားပြီ” လူလတ်ပိုင်းယောကျ်ားသည် ရှာမန်များနှင့် ရက်စက်စွာတိုက်ခိုက်နေကြသော သူ့မျိုးနွယ်စုဝင်များအား တည်ငြိမ်စွာကြည့်လျက် သက်ပြင်းချလိုက်သည်။
“ငါတို့ရဲ့ စစ်သည်တော်တွေမှာ စေ့စေ့စပ်စပ် ဖြန့်ကျက်နေရာချထားတာမျိုးလည်းမရှိ၊ ဘယ်လိုသတင်းအချက်အလက်မျိုးမှ အထောက်အပံ့အဖြစ် ရထားတာမျိုးလည်း မရှိသလို၊ တပ်မှူးတွေဆီက ညွှန်ကြားချက်ရတာမျိုးလည်းမရှိဘူး… ငါတို့ဆီမှာ ရှိတာဆိုလို့ သူတို့ကိုယ်ပိုင်စစ်ပွဲတွေကို တိုက်ခိုက်နေကြတဲ့ အဖွဲ့ငယ်လေးတွေကလွဲရင် ဒါက လုံးဝပရမ်းပတာဖြစ်နေတဲ့ အခြေအနေကြီးတစ်ခုပဲ”
“သူတို့တွေတင် သင်ယူနေကြတာမဟုတ်ဘူး။ ငါတို့မျိုးနွယ်စုဝင်တွေက ဒီစစ်မြေပြင်မှာတိုက်ခိုက်ရင်း ဘယ်လိုရှင်သန်ရမလဲဆိုတာ သင်ယူနေကြသလို၊ ငါ့လိုလူတွေကလည်း အခုလိုဧရာမစစ်ပွဲကြီးတွေကို ထိန်းချုပ်နိုင်မယ့် နည်းလမးတွေကို ကျွမ်းကျင်ဖို့အတွက် ဒီလိုစစ်ပွဲမျိုးတွေကတစ်ဆင့် သင်ယူနေကြတယ်…”
“ရှာမန်တွေလည်း အလားတူပဲ လုပ်နေကြမှာ” လူလတ်ပိုင်းယောကျ်ားသည် ရှာမန်များရှိရာဘက်ဆီသို့ တစ်ချက်လှမ်းကြည့်လိုက်သည်။ သို့သော်ငြား သူလှမ်းကြည့်လိုက်သည့် အခိုက်အတန့်မှာပင် သူ့အကြည့်ကျရောက်သွားသော တောင်ပိုင်းစစ်မြေပြင်၏ အစွန်အဖျားနေရာ၌ လူရာပေါင်းများစွာ၏ တစ်ချိန်တည်းလိုလို ဟစ်ကြွေးသံများက ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ ၎င်းတို့၏ ဟစ်ကြွေးသံများမှာ လေထဲမှတစ်ဆင့် စစ်မြေပြင်တစ်လျှောက် ပျံ့နှံ့သွားခဲ့လေသည်။
“ရှာမန်တွေကို အမဲလိုက်ကြ”
“ရှာမန်တွေကို အမဲလိုက်ကြ”
“ရှာမန်တွေကို အမဲလိုက်ကြ”
ထွက်ပေါ်လာသော ထိုအသံများမှာ တစ်ဖြည်းဖြည်း ပိုမိုကျယ်လောင်လာပြီး အခြားသော မာန်စွမ်းအားရှင်များအနေဖြင့်လည်း ၎င်းအသံတို့အား ကြားသိလာကြရသည်။ ထိုသူတို့သည် တိုက်ခိုက်နေရင်းမှပင် အသံထွက်ပေါ်လာရာသို့ လှမ်းကြည့်လိုက်မိကြ၏။ လူလတ်ပိုင်းယောကျ်ားသည်လည်း စူးရှတောက်ပသော မျက်လုံးများဖြင့် ထိုနေရာသို့ စိုက်ကြည့်လိုက်မိသည်။
“အဲဒီနေရာမှာ ဘာတွေဖြစ်နေလဲဆိုတာ သွားကြည့်လိုက်” သူက ဖြည်းညှင်းစွာ အမိန့်ပေးလိုက်သည်။ မာန်စွမ်းအားရှင်မျိုးနွယ်စုမှ မုဆိုးတစ်ဦးသည် အေးစက်စက်အမူအယာဖြင့် ရှေ့သို့ ခြေတစ်ချက်လှမ်းလိုက်ပြီး အသက်တစ်ရှိုက်စာ အတွင်းမှာပင် စစ်မြေပြင်အတွင်းသို့ ရောနှောသွားခဲ့သည်။ ထို့နောက် ရာချီသော အသံများထွက်ပေါ်နေရာဆီသို့ တည့်တည့်ဦးတည်သွားလေသည်။
စုမင်ဝန်းကျင်ရှိ မာန်စွမ်းအားရှင်များ၏ အော်ဟစ်ကြွေးကြော်သံများမှာ အသံလှိုင်းများအဖြစ် ပြောင်းလဲသွားကြသည်။ ၎င်းတို့ အော်ဟစ်ကြွေးကြော်နေကြစဉ်မှာပင် စုမင်သည် တစ်ချက်လှုပ်ရှားလိုက်ပြီး ကျီချဲနှင့် ယန်ပေါ်တို့ နံဘေးတွင် ပြန်ပေါ်လာခဲ့သည်။
ကျီချဲမျက်နှာတွင် စိတ်လှုပ်ရှားမှု၊ လေးစားမှုများ ထင်ဟပ်နေသည်။ ယန်ပေါ်မှာလည်း အလားတူပင် ဖြစ်၏။ စုမင်အား ကြည့်နေသော သူ့အကြည့်သည်ပင် သူ့စိတ်ဝိညာဉ်ထဲမှ နက်ရှိုင်းစွာ ထွက်ပေါ်လာသော လေးစားမှုတစ်ခု ဖြစ်နေခဲ့သည်။
“မုဆိုးသခင်၊ မင်းနဲ့အတူတူသာဆိုရင် ငါတို့ မျိုးနွယ်စုဝင်တွေကို ဆင့်ခေါ်ပြီး ငါတို့ဘက်မှာ စုရုံးထားနိုင်လိမ့်မယ်။ အဲလိုသာဆို ငါတို့ ခွန်အားလည်း ပိုသန်မာလာမှာပဲ” ယန်ပေါ် စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
သဘောတူ ခွင့်ပြုသည့်အနေဖြင့် စုမင် ခေါင်းညိတ်ပြလိုက်သည်နှင့် ယန်ပေါ်သည် ရှေ့သို့ ခြေလှမ်းအနည်းငယ်တက်ကာ စုမင်အနောက်တွင် ရပ်လိုက်သည်။ ထို့နောက် သူတို့ဝန်းကျင်ရှိ စစ်ပွဲတွင် ပါဝင်ဆင်နွှဲနေကြသူများထံသို့ အလွန်အမင်း စိတ်အားတက်ကြွဖွယ် စကားလုံးများကို ကြွေးကြော်လိုက်တော့သည်။
“ငါ့ရဲ့ မျိုးနွယ်စုဝင် ညီနောင်တို့၊ ငါတို့ဟာအတူတကွ ရှိနေချိန်မှာ သန်မာကြတယ်။ မင်းတို့ ဘာစောင့်နေကြသေးတာလဲ။ ဆရာစုမင် ဘာလုပ်ခဲ့လည်း ဆိုတာကိုလည်း မင်းတို့ မြင်ခဲ့ပြီးပြီ။ သူဟာ ရှာမန်မျိုးနွယ်စုက မုဆိုးတစ်ယောက်ကို သတ်ခဲ့တယ်။ သူဟာ အခု မာန်စွမ်းအားရှင်တွေရဲ့ မုဆိုး၊ ငါတို့ရဲ့ မုဆိုးပဲ”
“ငါတို့တွေ လက်သီးဆုပ်တစ်ခုသဖွယ် စုဝေးပြီး ရှာမန်တွေကို သတ်ကြစို့”
လေထဲတွင် ယန်ပေါ်အသံ ပျံ့လွင့်ထွက်ပေါ်လာစဉ်မှာပင် စုမင်သည် ရှေ့သို့ တစ်ဟုန်ထိုး ပြေးထွက်သွားပြီး ရှာမန်များထံသို့ လေပြင်းတစ်ခုသဖွယ် တိုးဝင်သွားခဲ့သည်။
တရစပ် သတ်ဖြတ်မှုများနှင့်အတူ နေရာအနှံ့သို့ သွေးများ လွင့်စင်နေခဲ့သည်။ တစ်ဖြည်းဖြည်းဖြင့်ပင် ထိုဧရိယာငယ်လေးအတွင်းမှ ရန်သူများမရှိတော့သော မာန်စွမ်းအားရှင်များအားလုံးမှာ စုမင်ဝန်းကျင်သို့ အလျင်အမြန် စုဝေးလာကြ၏။ တစ်ခဏအကြာတွင်တော့ စုမင်နောက်သို့ လိုက်ပါလာကြသော မာန်စွမ်းအားရှင်များမှာ နှစ်ရာနီးပါးခန့်ပင် ရှိလာခဲ့ချေပြီ။
ဖရိုဖရဲဖြစ်နေသာ စစ်မြေပြင်ကြီးတွင် ဤလူအုပ်ကြီးမှာ ထင်ရှားပေါ်လွင်နေခဲ့သည်။ စုမင်မှာ အမိန့်ပေးရာတွင် ကျွမ်းကျင်မှုမရှိသလို ဤနေရာကလည်း သူ့ကိုယ်သူ မွမ်းမံသန့်စင်လိုသော နေရာမျိုးမဟုတ်ပါချေ။ သို့သော် လူများအကြား၌ မတူကွဲပြားမှုများ ရှိနေဆဲ ဖြစ်သည်။
ယန်ပေါ်သည် ဤကိစ္စမျိုးနှင့်ပက်သက်၍ မယုံနိုင်လောက်အောင်ပင် စိတ်အားထက်သန်သူဖြစ်ပြီး ကျီချဲသည်ပင် ဤအပိုင်း၌ စွမ်းရည်အချို့ရှိပုံ ပေါ်နေခဲ့သည်။ ထိုနှစ်ဦး၏ ဖွဲ့စည်းမှုအောက်တွင် နှစ်ရာနီးပါး မာန်စွမ်းအားရှင် အဖွဲ့ကြီးက ရှေ့သို့ ရဲရင့်စွာ တိုးဝင်နေကြသည်မှာ တောင်ပိုင်းစစ်မြေပြင်အတွင်းရှိ လေထုအား ဖြတ်သန်းနေသည့် လှံတံရှည်ကြီး တစ်ချောင်းကဲ့သို့ပင်။
စုမင်က အရှေ့တွင် ရပ်နေခဲ့သည်။ သူ၏စိတ်စွမ်းအင်နှင့် အရှိန်အဝါတို့မှာ သူ့အနောက်ရှိ နောက်လိုက်များအားလုံးအပေါ် အကျိုးသက်ရောက်မှု ရှိနေခဲ့၏။ ထိုအရာကြောင့်ပင် သူတို့အဖွဲ့ ရောက်ရှိသွားရာနေရာတိုင်း၌ ရှာမန်များကို သတ်ဖြတ်ရာတွင် အမြန်ဆုံးမုန်တိုင်းတစ်ခု ဖြစ်ပေါ်လာခဲ့လေသည်။
ဤသို့ အကွဲကွဲအပြားပြားဖြစ်နေသော စစ်မြေပြင်ကြီး၌ အပြည့်အဝလုံခြုံမှုရှိသူဟူ၍ မရှိသဖြင့် လူများသည် ကြီးမားသော လူအုပ်ကြီးအနီးသို့ကပ်လာရန် အလိုလို ရွေးချယ်လာမိကြသည်။ ဤအလိုလိုလုပ်ရပ်ကြောင့် ပိုမိုများပြားသော မာန်စွမ်းအားရှင်များသည် စဉ်ဆက်မပြတ် သတ်ဖြတ်ကာ ရှေ့သို့ချီတက်ရင်းဖြင့် စုမင်အဖွဲ့သို့ ဆက်တိုက်ဆိုသလို ပူးပေါင်းလာကြ၏။
ယန်ပေါ်၏ ရံဖန်ရံခါ အော်ဟစ်ကြုံးဝါးသံသည်လည်း ဤအကြောင်းခြင်းရာကို များစွာ အထောက်အကူပြုနေခဲ့သည်။ ထိုအော်ဟစ်ကြုံးဝါးသံထဲတွင်တော့ သူသည် စုမင်မှာ ရှာမန်မျိုးနွယ်စုမှ မုဆိုးတစ်ဦးအား ဆန့်ကျင်အနိုင်ယူ၍ မာန်စွမ်းအားရှင်မျိုးနွယ်စု၏ မုဆိုးတစ်ယောက် ဖြစ်လာကြောင်းကို အခြားသူများအား ပြောပြလေ့ရှိသည်။ ထိုစကားလုံးများနှင့်အတူ ရှေ့တန်းမှနေ၍ ရှာမန်များအား သတ်ဖြတ်နေသော စုမင်၏ အေးစက်စက် မျက်နှာအမူအယာ၊ သူ့အကြည့်ထဲရှိ ပြတ်သားမှုများ၊ ခါးတွင်ချိတ်ဆွဲထားသော အဖြူရောင်မျက်နှာဖုံးနှင့် အခြားအချက်များအားလုံးသည် ယန်ပေါ်ပြောပြနေသည်များက အမှန်ဖြစ်ကြောင်း သက်သေပြရန် လုံလောက်နေခဲ့သည်။
ထိုကဲ့သို့ မျက်နှာဖုံးအား ချိတ်ဆွဲထားခြင်းမှာ ယန်ပေါ်နှင့် ကျီချဲတို့၏ အကြံပြုချက် ဖြစ်သည်။ သူတို့သည် ၎င်းအား စုမင်ကိုယ်ပေါ်ရှိ သိသာထင်ရှားသော တစ်နေရာရာတွင် ချိတ်ဆွဲထားရန် အကြံပြုခဲ့ကြသည်။ သို့မှသာ ၎င်းက ဤနေရာသို့ လာရောက်စုဝေးနိုင်ရန် တိုက်ခိုက်ခဲ့ရသဖြင့် ပင်ပန်းနေသော မာန်စွမ်းအားရှင်များအတွက် အလံတစ်ခုသဖွယ် ဖြစ်လာနိုင်စေရန် ဖြစ်သည်။
သူတို့၏ အရေအတွက်များမှာ ပိုမိုများပြားလာပြီး အစိမ်းရောင်မြူခိုးများအတွင်းမှ ပေါက်ကွဲသံများ ကျယ်လောင်လာသော မိုးမလင်းသေးခင်အချိန်မှာပင် စုမင်အနောက်သို့ လိုက်ပါလာသော မာန်စွမ်းအားရှင် အရေအတွက်မှာ ၄၀၀ခန့် ရှိနေခဲ့ချေပြီ။
ဤမာန်စွမ်းအားရှင်များထဲမှ အချို့မှာ ကောင်းကင်မြူခိုးမြို့တော်၏ စစ်သည်တော်များဖြစ်ပြီး အချို့မှာ အနောက်ပိုင်းပင်လယ်ကလန်၏ တပည့်များနှင့် အချို့မှာ အေးခဲကောင်းကင်ကလန်မှ စုမင်၏ ဂိုဏ်းတူတပည့်များ ဖြစ်သည်။ ထို့အပြင် စစ်ပွဲသို့ လာရောက်ပူးပေါင်းကြသည့် တောင်ပိုင်းအရုဏ်ဦး ကုန်းမြေအတွင်းရှိ အရွယ်အစားမျိုးစုံသော မျိုးနွယ်စုအသီးသီးမှ မာန်စွမ်းအားရှင်အချို့လည်း ပါဝင်သည်။
သူတို့က နေရာအမျိုးမျိုးမှ လာကြခြင်းဖြစ်သည်။ ယနေ့မတိုင်ခင်အထိ သူတို့အချင်းချင်း တစ်ဦးနှင့်တစ်ဦး တစ်ကြိမ်တစ်ခါမျှ မသိခဲ့ကြသည်လည်း ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော် အတူတကွ တိုက်ခိုက်ကြရင်းဖြင့် ဤစစ်မြေပြင်ထက်မှာပင် သူတို့အသွေးအသားများမှတစ်ဆင့် ဖြစ်တည်လာသော ခင်မင်ရင်းနှီးမှုတစ်ခုက ပုံပေါ်လာခဲ့သည်။ ထိုခင်မင်ရင်းနှီးမှုသည် အတူတကွ အော်ဟစ်ကြုံးဝါးခြင်း၊ အတူတကွ ထိခိုက်ဒဏ်ရာရခြင်းနှင့် အတူတကွ သတ်ဖြတ်ခြင်းများမှတစ်ဆင့် ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်သည်။
စစ်မြေပြင်ကြီးတစ်ခုလုံးအတွက် တောင်ပိုင်းစစ်မျက်နှာသည် တစ်စိတ်တစ်ပိုင်းခန့်သာ ဖြစ်သည်။ တောင်ပိုင်းစစ်မြေပြင်အတွက်တော့ စုမင်လက်အောက်ရှိ ရာပေါင်းများစွာသော မာန်စွမ်းအားရှင်များမှာ အစိတ်အပိုင်းတစ်ခုမျှသာဖြစ်ပြီး အမှန်တစ်ကယ်တွင်တော့ ၎င်းတို့သည် အလွန်သေးငယ်သော အစိတ်အပိုင်းငယ်လေး တစ်ခုခန့်သာ ဖြစ်သည်။
သို့သော် စစ်မြေပြင်ကြီး၏ ဤအစိတ်အပိုင်းငယ်လေးမှ ထွက်ပေါ်လာသော စွမ်းအားကတော့ အလွန်အမင်း အံ့အားသင့်ဖွယ် ဖြစ်နေခဲ့သည်။ သူတို့သည် တိုက်ခိုက်နေကြရင်းဖြင့် ယန်ပေါ်နှင့် ကျီချဲတို့ အမိန့်အောက်မှာပင် သူတို့အတွက် အကျွမ်းတဝင်ဖြစ်နေသော အပြောင်းအလဲများကို လုပ်ဆောင်လေ့ရှိသည်။ ထိုသို့လုပ်ခြင်းအားဖြင့် လူတိုင်းအတွက် အနားယူရန် အခွင့်အရေးရှိလာသလို လုံခြုံမှုလည်း ရှိလာခဲ့သည်။ ဤနည်းလမ်းကြောင့်ပင် အဖွဲ့၏ တိုက်ပွဲစွမ်းရည်သည်လည်း အင်အားအကောင်းဆုံး ဖြစ်လာခဲ့သည်။
သူတို့အနောက်၌ ရဲဘော်ရဲဘက်များ ရှိနေသည့်အတွက် သူတို့တစ်ဦးချင်းစီတိုင်း အနေဖြင့်လည်း နောက်ကျောမှ ချောင်းမြောင်းတိုက်ခိုက်ခံရမည်ကို စိုးရိမ်စရာမလိုတော့ချေ။
ရဲဘော်ရဲဘက်… စစ်မြေပြင်တွင်တော့ ဤအရာက လူမျိုးစုတစ်စု ဆိုသည်ထက်ပင် ပိုမိုသာလွန်သော စကားစုတစ်ခုဖြစ်သည်။
ဤအရာများအပြင် သူတို့အကြည့်များအတွင်း စိတ်ဓာတ်ကြံ့ခိုင်မှုများ တစ်ဖြည်းဖြည်း ပြည့်နှက်လာစေပြီး သူတို့၏တိုက်ခိုက်မှုများအား ပိုမို၍ အကြောက်အရွံ့ကင်း ရဲရင့်လာစေသည့် အရေးကြီးသော တည်ရှိမှုတစ်ခုလည်း ရှိနေသေးသည်။ ထိုအရာသည်ကား ရှေ့တန်းမှနေ၍ တစ်ကြိမ်တစ်ခါမျှ အနားယူခြင်းမရှိပဲ တိုက်ခိုက်နေသော… မုဆိုးစုမင်ပင် ဖြစ်သည်။
စုမင်သည် အဖွဲ့၏ရှေ့ဆုံး၌ အမြဲတမ်းလိုလို ရှိနေခဲ့သည်။ တိုက်ခိုက်နေစဉ် အချိန်အတွင်း စုမင်ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်တိုင်း သူ့နောက်မှ အဖွဲ့သည်လည်း ရှေ့သို့ ခြေလှမ်းတစ်လှမ်း တက်လိမ့်မည်ဟု ဆိုလိုနေသည်။
စုမင်သည် အမိန့်ပေးခြင်းနှင့် အကျွမ်းတဝင် မရှိသောကြောင့် စကားများများ ပြောဆိုခဲ့ခြင်း မရှိချေ။ သို့သော်ငြား သူသည် သူ့နောက်မှလူများအား သေခြင်းတရားအပေါ် ကြောက်ရွံ့ခြင်းမရှိပဲ ရဲရင့်စွာ ရှေ့ဆက်တိုးနိုင်မည့် စိတ်စွမ်းအင်တစ်ခု ပေးစွမ်းနေခဲ့သဖြင့် စုမင်၏တည်ရှိမှုကပင် လူပေါင်း၄၀၀သော အဖွဲ့ကြီး၏ စိတ်ဝိညာဉ်ဖြစ်နေခဲ့သည်။
ထိုစိတ်စွမ်းအင်က ယန်ပေါ်၏ အမိန့်များထက်ပင် ပိုမိုအရေးပါနေခဲ့၏။ ၎င်းကပင် ရာပေါင်းများစွာသော လူတို့အား ရှေ့သို့ချီတက်နိုင်စေရန် ပြုလုပ်ပေးနေသည့် တွန်းအားလည်းဖြစ်သည်။ အဖွဲ့ထဲရှိ မာန်စွမ်းအားရှင်များ အားလုံးသည် စစ်ပွဲနှင့် ကြုံတွေ့ပြီးနောက်မှာပင် အသက်ရှင်နေသေးမည်ဆိုလျှင်တော့ သူတို့ရှေ့တွင် စုမင်ရပ်နေသည်ကို မြင်တွေ့နေရသမျှ ကာလပတ်လုံး တွန့်ဆုတ်ခြင်းအလျင်းမရှိပဲ စုမင်နောက်သို့ လိုက်ပါကြတော့မှာဖြစ်သည်။
ဤအရာက စစ်မြေပြင်တစ်ခုပင်။ ဤနေရာသည် မည်သည့် ပုဂ္ဂိုလ်ရေးခံစားချက်များမှ မလိုအပ်သော နေရာတစ်ခုဖြစ်သည်။ စစ်သားများ အချင်းချင်း အပြန်အလှန် အကောက်ကြံရန် မလိုအပ်သလို အလွန်အမင်း စဉ်းစားနေရန် မလိုအပ်သော နေရာတစ်ခုလည်းဖြစ်သည်။ စင်စစ်အားဖြင့်တော့ ၎င်းမှာ သူတို့ စဉ်းစားတွေးခေါ်နေစရာပင် မလိုအပ်သော နေရာတစ်ခု ဖြစ်၏။
ဤနေရာတွင်တော့ သူတို့လိုအပ်သည့် တစ်ခုတည်းသောအရာမှာ ယခုလို စိတ်စွမ်းအင်မျိုးသာ ဖြစ်သည်။ အကယ်၍ သူတို့တွင်သာ ဤကဲ့သို့ စိတ်စွမ်းအင်မျိုး ရှိနေခဲ့ပါက အခြားသူများ၏အမြင်တွင် သူတို့သည် ညအချိန်မှာပင် ထိုဒေသကို ထွန်းလင်းတောက်ပပေးနိုင်မည့် မီးတောက်များနှင့် တူနေလိမ့်မည် ဖြစ်ပြီး သူတို့အနောက်သို့ ပိုမိုများပြားသောလူများ လိုက်ပါလာစေရန် ဆွဲဆောင်နိုင်ပေလိမ့်မည်။
စုမင်တို့အဖွဲ့ ဆက်လက်တိုက်ခိုက်နေကြစဉ် တောင်ပိုင်းစစ်မြေပြင်၏ ဆိတ်ငြိမ်သောနေရာမှ လူလတ်ပိုင်းယောကျ်ားသည်လည်း စုမင်တို့ရှိရာဘက်သို့ ဆက်လက်ကြည့်ရှုနေခဲ့သည်။ ထို့နောက် သူ့မျက်လုံးများအတွင်း တောက်ပသော အလင်းတစ်ဖြာ ထွက်ပေါ်လာခဲ့သည်။
ထိုအခိုက်အတန့်တွင် သူ့အနောက်၌ အနက်ရောင်မျက်နှာဖုံး ဝတ်ဆင်ထားသော မာန်စွမ်းအားရှင်မျိုးနွယ်စုမှ မုဆိုးတစ်ဦး ရှိနေခဲ့၏။ ထိုလူက အသံတိုးတိုးဖြင့် ပြောပြလာသည်။
“သူ့နာမည်က စုမင်ပါ။ သူက မကြာသေးခင်ကပဲ ရှာမန်မျိုးနွယ်စုက မုဆိုးတစ်ယောက်ကိုသတ်ပြီး ကျွန်တော်တို့ မုဆိုးဖြစ်လာတာ… သူတို့အဖွဲ့ထဲမှာ လူ၄၀၀လောက် ရှိတယ်။ ပြီးတော့ သူသာမသေဘူးဆိုရင် အဖွဲ့ဝင်အရေအတွက်က ဆက်တိုးလာနေဦးမှာပဲ”
“စိတ်စွမ်းအင်… စိတ်စွမ်းအင်… ငါနားလည်ပြီ”
သက်လတ်ပိုင်းလူ၏ မျက်လုံးများအတွင်းမှ အလင်းရောင်က ပိုမိုတောက်ပလာခဲ့သည်။ စုမင်ဘက်တွင် ဖြစ်ပျက်နေသော အရာကြောင့်ပင် သူသည် မာန်စွမ်းအားရှင်များအတွက် တိုက်ခိုက်ရန် နည်းလမ်းတစ်ခု ရှာတွေ့သွားခဲ့ချေပြီ။
***