← Chapters

ကောင်းကင်မြူခိုးမှ လူတိုင်းအတွက် ဖျော်ဖြေမှုတစ်ခု

Vol. 26 Ch. 350

ကောင်းကင်မြူခိုးမှ လူတိုင်းအတွက် ဖျော်ဖြေမှုတစ်ခု

Vol. 26 Ch. 350

“သူသေလို့မရဘူး” သက်လတ်ပိုင်းလူက ရုတ်တရက်ပြောသည်။ “စီစဉ်လိုက်။ မင်းရဲ့လူလေးယောက်ကို သူ့ကို ငါ့ဆီခေါ်လာခိုင်းလိုက်” ဖြူဖျော့ဖျော့ မျက်နှာပိုင်ရှင် သက်လတ်ပိုင်းလူက ဆက်ပြောသည်။ သူ့စကားအဆုံးတွင် သူ့အား ဝန်းရံထားသော မာန်စွမ်းအားရှင် မျိုးနွယ်စု၏ မျက်နှာဖုံးတပ် မာန်စွမ်းအားရှင် ကိုးဦးအနက်မှ လေးဦးက ချက်ချင်းမတ်တပ်ထရပ်လိုက်ကြသည်။

ထိုလူလေးဦးတို့ စုမင်ရှိရာဘက်သို့ သွားတော့မည့်အချိန်မှာပင် သက်လတ်ပိုင်းလူက သူ့လက်ကို ရုတ်တရက်မြှောက်ပြလိုက်၏။ ၎င်းတို့လေးဦးသည် ခြေလှမ်းများကို ရပ်တန့်၍ သက်လတ်ပိုင်းလူအား အေးစက်စက်အကြည့်ဖြင့် ပြန်ကြည့်လိုက်ကြသည်။ သူတို့သည် မာန်စွမ်းအားရှင် မျိုးနွယ်စု၏ အမဲလိုက်မုဆိုးများ ဖြစ်သည်။

သူတို့အား ဤသက်လတ်ပိုင်းလူကို ကာကွယ်ပေးရန် တောင်းဆိုခံခဲ့ရပြီး ဤလူ့ထံ၌ သာလွန်ထူးခြားသော စွမ်းအားများ ရှိနေခဲ့သည်ဆိုလျှင်တောင် သူတို့ကိုးဦးမှာ စစ်မြေပြင်နှင့် သက်ဆိုင်နေဆဲဖြစ်သည်။ သူတို့သည် ယခုအချိန်၌ စစ်မြေပြင်အတွင်း ရှိနေသင့်ပြီး သူတို့၏စိတ်များကို မွမ်းမံသန့်စင်ရန် ရန်သူများကို သတ်ဖြတ်နေရပေမည်။ ထို့ကြောင့်ပင် သူတို့ကိုးဦးသည် သက်လတ်ပိုင်းလူအား ကာကွယ်ရန် တောင်းဆိုခံထားရသော်လည်း အေးတိအေးစက် ဖြစ်နေခြင်းဖြစ်သည်။

“ခဏနေဦး။ သူ့ကို ချက်ချင်း ခေါ်မလာနဲ့တော့။ မင်းတို့ထဲက တစ်ယောက် သူ့ကိုသွားပြောချည်။ တောင်ပိုင်းစစ်မြေပြင်ရဲ့ တပ်မှူးအနေနဲ့ ငါ၊ ကျိုးသဲက သူ့အဖွဲ့ကို… အဲဒီနေရာဆီ ခေါ်သွားဖို့ သူ့ကို အမိန့်ပေးလိုက်တယ်။ သူ ဘယ်လိုနည်းလမ်းမျိုးကိုပဲ သုံးသည်ဖြစ်ပစေ၊ ဒီပစ္စည်းကိုတော့ အဲဒီနေရာက မြေပြင်ပေါ်မှာ သူထားရှိနိုင်ရမယ်”

သက်လတ်ပိုင်းလူသည် စကားဆုံးသည်နှင့် ညာလက်ကိုမြှောက်၍ အဝေးတစ်နေရာသို့ ညွှန်ပြလိုက်သည်။ မကြာမီမှာပင် သူ့လက်ဖဝါးထဲ၌ အနက်ရောင် ကတော့ချွန်ပုံ ပစ္စည်းတစ်ခု ပေါ်လာခဲ့သည်။ သက်လတ်ပိုင်းလူသည် ထိုအရာအား သူ့အနောက်ဘက်မှ လျှောက်လှမ်းလာသော အေးစက်စက်အမူအယာဖြင့် မုဆိုးထံ လှမ်းပေးလိုက်သည်။

မုဆိုးသည် ထိုပစ္စည်းကိုသာ လှမ်းယူလိုက်ပြီး လက်သီးလက်ဝါးထပ်၍ နှုတ်ဆက်ခြင်း၊ ရိုသေလေးစားမှု ပြခြင်းများတော့ မရှိခဲ့ပေ။ ထိုအစား ရိုးရိုးရှင်းရှင်းပင် တစ်ဖက်သို့ လှည့်ကာ စစ်မြေပြင်ထဲရှိ လူအုပ်ကြီးထံ လျှောက်သွားလေသည်။

သက်လတ်ပိုင်းလူသည် ထိုမုဆိုး၏ အပြုအမူများကို လုံးဝပင် လျစ်လျူရှုထားလိုက်သည်။ ဤလူများမှာ မာန်စွမ်းအားရှင် မျိုးနွယ်စုအတွင်းရှိ အင်အားအကြီးဆုံး စစ်သည်တော်များဖြစ်ကြောင်း သူသိသည်။ အမှန်စင်စစ် ၎င်းတို့သည် ဤနေရာတွင် မဟုတ်ပဲ စစ်ပြေပြင်တွင်သာ ရှိနေသင့်ပေသည်။

‘ဒါပေမယ့် မင်းတို့နားမလည်ပါဘူးလေ။ စစ်ပွဲရဲ့ အရေးအကြီးဆုံး အပိုင်းက မဟာစစ်မြေပြင်ကြီး လေးခုအတွက် ကောင်းကင်မြူခိုးမြို့တော်ရဲ့ ရွေးချယ်ခံရတဲ့ တပ်မှူးတွေ အမြန်ကြီးထွားလာဖို့ပဲ… ငါတို့မှာ အရည်အချင်း ပြည့်မီတဲ့ တပ်မှူးတစ်ယောက် ရှိပြီဆိုတာနဲ့ မာန်စွမ်းအားရှင်တွေ သေနေတာ အများကြီး လျော့နည်းသွားလိမ့်မယ်…’ သက်လတ်ပိုင်းလူသည် ခေါင်းခါယမ်းလိုက်ပြီး တောင်ပိုင်းစစ်မြေပြင်အတွင်းမှ စုမင်ရှိနေသောနေရာသို့ လှမ်းကြည့်လိုက်သည်။

သူ့အမြင်တွင်တော့ ယခုအချိန်၌ တောင်ပိုင်းစစ်မြေပြင် တစ်ခုလုံးတွင် စုမင်ရှိနေသော နေရာတစ်ခုတည်းကသာ သူ့အာရုံစိုက်မှုနှင့် ထိုက်တန်ပေသည်။ ထိုအဖွဲ့ လုပ်ဆောင်လည်ပတ်နေမှုအတွက် အားသာချက်၊ အားနည်းချက်များကို သူ ပိုမို ရှာဖွေလိုသည်။

စုမင်သည် ရှေ့မှချီတက်နေပြီး လူလေးရာကျော် အဖွဲ့က သူ့နောက်မှ လိုက်ပါလှုပ်ရှားနေသည်။ ထိုလူအုပ်စုကြီးသည် ဧရိယာကို ရှင်းလင်းနေကြပြီး သူတို့သွားလေရာ နေရာတိုင်း၌ သွေးနှင့် အနိဋ္ဌာရုံများသာ ရှိနေတတ်သည်။ စုမင်ဝတ်ရုံများမှာလည်း သွေးများ အကြိမ်ကြိမ်စွန်းထင်းနေခဲ့သည်။ သူ့မျက်လုံးကတော့ ရဲရဲနီနေခဲ့ချေပြီ။ ထိုရဲရဲနီနေခြင်းမှာ ရူးသွပ်မှုကြောင့်တော့ မဟုတ်ပဲ ပင်ပန်းနွမ်းနယ်မှုကြောင့်သာ ဖြစ်သည်။

ယခုအချိန်တွင် ကောင်းကင်မှာ မည်းမှောင်လာခဲ့ပြီဖြစ်သော်လည်း စစ်ပွဲက ဆက်လက်ဖြစ်ပွားနေဆဲပင်။ ဘယ်လောက်ကြာမြင့်လိမ့်ဦးမည်မှန်း စုမင် မသိချေ။ တစ်ညလုံး ဖြစ်သွားနိုင်သလို နောက်တစ်နေ့လည်း ဆက်ကောင်းဆက်သွားနိုင်သည်။

ရံဖန်ရံခါတွင် ကောင်းကင်မြူခိုးမြို့တော်ထံမှ မာန်စွမ်းအားရှင် အုပ်စုကြီးတစ်ခု ရုတ်တရက် တိုးဝှေ့ထွက်ပေါ်လာတတ်သည်။ ရှာမန်လူမျိုးများဘက်တွင်လည်း ရံဖန်ရံခါဆိုသလို မျိုးနွယ်စုအသစ်တစ်ခုအဖြစ် စုစည်းလျက် စစ်မြေပြင်၏ နောက်ကျောဘက်မှ ဝင်ရောက်လာတတ်သည်။ သူတို့၏အရေအတွက်များမှာ အဆုံးမရှိသကဲ့သို့ပင်…။

စုမင် အရှေ့သို့ ခြေတစ်လှမ်းတက်လိုက်သည်။ သူ့နံဘေးတွင် အနက်ရောင်အလင်းတစ်ဖြာ တောက်ပသွားပြီး စုမင်အရှေ့ရှိ ရှာမန်ယောကျာ်း၏ နံဖူးအလယ်၌ အပေါက်တစ်ခု ရုတ်ခြည်းထွက်ပေါ်လာခဲ့သည်။ ထိုလူ မြေပြင်ပေါ်သို့ လဲကျသေဆုံးသွားသည်နှင့် အနက်ရောင်အလင်းတန်းသည်လည်း စုမင်ဘေးသို့ ပြန်ရောက်လာပြီး လဲလျောင်းလိုက်သည်။ ၎င်းအရာမှာ ထိုထူးဆန်းသော တုတ်ချောင်းပုံမြွေလေး ဖြစ်သည်။

မြွေလေးသည် စုမင်ပုခုံးပေါ်တွင် လဲလျောင်းလျက် ပတ်ဝန်းကျင်ဧရိယာကို သတိကြီးစွာ စောင့်ကြည့်နေခဲ့သည်။ ၎င်းခန္ဓာကိုယ်မှ ထွက်ပေါ်နေသော သတ်ဖြတ်ခြင်းအရှိန်အဝါကြောင့် မည်သည့် ရှာမန်သားရဲရိုင်းကမှ စုမင်တို့အဖွဲ့အနီးသို့ ကပ်မလာရဲကြပေ။

ထိုအကြောင်းနှင့်ပက်သက်၍ သိချင်နေသူ အချို့ရှိသော်လည်း အကြောင်းအရင်းကိုတော့ မည်သူတစ်ဦးတစ်ယောက်မှ မသိပါချေ။ ထိုအရာအားလုံးသည် ထူးဆန်းသော တုတ်ချောင်းပုံသတ္တဝါလေးကြောင့် ဖြစ်ကြောင်း စုမင်တစ်ဦးတည်းသာ သိ၏။ သူ့ထံ၌လည်း ဤသတ္တဝါလေးနှင့်ပက်သက်၍ ခန့်မှန်းချက်များသာရှိပြီး အဖြေတော့မရှိပေ။

သို့သော် ဤသတ္တဝါလေးသည် သာမန်အကောင်တစ်ကောင် မဟုတ်ကြောင်းတော့ သူသေချာပေါက် သိနေခဲ့သည်။

အရှေ့သို့ ခြေတစ်လှမ်းထပ်တိုးရန် စုမင် ကြံရွယ်လိုက်စဉ်မှာပင် သူ့မျက်လုံးများအတွင်း စူးရှသောအကြည့်တစ်ခု ရုတ်တရက်ဖြစ်ပေါ်လာသည်။ ကောင်းကင်မြူခိုးမြို့တော်ဘက်ဆီမှ အချင်းချင်းတိုက်ခိုက်နေကြသော လူအုပ်ကြားသို့ အလျင်အမြန်လှည့်ကြည့်လိုက်သည်။ သူတို့ထံသို့ လူအုပ်ကြားမှ လျှောက်လှမ်းလာနေသော အနက်ရောင်မျက်နှာဖုံးနှင့် မာန်စွမ်းအားရှင်မျိုးနွယ်စု၏ မုဆိုးတစ်ဦးကို တွေ့လိုက်ရလေသည်။ ထိုသူသည် စုမင်တို့ထံ လျှောက်လှမ်းလာနေစဉ်မှာပင် သူ့လမ်းကြောင်းရှိ ရှာမန်များအားလုံးကို ရက်ရက်စက်စက်တိုက်ခိုက်၍ ၎င်းတို့ဘဝများကို အဆုံးသတ်ပေးခဲ့သည်။

အကယ်၍ သူ့အနေဖြင့် မျက်နှာဖုံးတပ်ဆင်ရန် မရွေးချယ်ခဲ့လျှင်တောင် သူသည် စစ်မြေပြင်အတွင်း၌ မည်သူမဆို မြင်တွေ့နိုင်သည့် မယုံနိုင်ဖွယ် ထင်ရှားသော တည်ရှိမှုတစ်ခု ဖြစ်နေလိမ့်ဦးမည်ပင်။ အကြောင်းမှာ ထိုသူ့ထံတွင် စိတ်စွမ်းအင်ရှိနေပြီး ၎င်းစိတ်စွမ်းအင်မှာ သူ့အရှိန်အဝါအဖြစ်ပင် ပြောင်းလဲနေခဲ့ချေပြီ။ ထိုအရှိန်အဝါသည် စုမင်၏ ရှေ့ဆက်တိုးရာတွင် သုံးနေသည့် အရှုံးမပေးလိုသည့် စိတ်ဆန္ဒနှင့်မတူပဲ ထိုအစား ရက်စက်ကြမ်းကြုတ်သော စိတ်ဆန္ဒတစ်ခုသာ ဖြစ်သည်။

စုမင် ဤလူကို လှည့်ကြည့်လိုက်ချိန်တွင် မာန်စွမ်းအားရှင်မျိုးနွယ်စု၏ ထိုမုဆိုးမှာလည်း စုမင်ကို မြင်သွားခဲ့သည်။ လူနှစ်ဦးကြားတွင် ပေထောင်ပေါင်းများစွာ ဝေးကွာနေခဲ့သည်လည်း မုဆိုးသည် ထိုအကွာအဝေးကို တစ်ခဏအတွင်း ဖြတ်ကျော်လာခဲ့သည်။

မာန်စွမ်းအားရှင်မျိုးနွယ်စု၏ ထိုမုဆိုး အနားကပ်လာသည်နှင့်အမျှ စုမင်အဖွဲ့ထဲမှလူများသည် တစ်ယောက်ပြီးတစ်ယောက် သူ့အား ရိုသေလေးစားစွာ လှည့်ကြည့်လာကြသည်။

“မင်းမှာ မာန်စွမ်းအားရှင်မျိုးနွယ်စုရဲ့ အမဲလိုက်မုဆိုးတွေထဲက တစ်ယောက် ဖြစ်လာခွင့်ရှိတယ်” ဤအရာသည် အနားသို့လျှောက်လာပြီးချိန်၌ စုမင်အား ထိုလူ ပထမဆုံးပြောလိုက်သော စကားဖြစ်သည်။

“တောင်ပိုင်းစစ်မြေပြင်ရဲ့ တပ်မှူးကျိုးက မင်းကို အမိန့်တစ်ခု ထုတ်ပြန်လိုက်တယ်။ သူက မင်းအဖွဲ့ကို ခေါ်ပြီး အဲဒီနေရာကို ဦးတည်သွားဖို့ အမိန့်ပေးလိုက်တယ်”

ထိုလူက စကားပြောနေရင်းမှပင် အဝေးတစ်နေရာသို့ ညွှန်ပြသည်။ ၎င်းနေရာသည် စစ်မြေပြင်အဆုံးတွင်ရှိသော နယ်နိမိတ်တစ်ခု ဖြစ်သည်။ စုမင် လှမ်းကြည့်လိုက်သောအခါ ထိုနေရာတွင် ပေ ၁၀၀၀ အရွယ်အစားရှိသော သားရဲရိုင်းဒါဇင်ခန့်နှင့် သားရဲရိုင်းများဝန်းကျင်မှ ရာပေါင်းများစွာသော ရှာမန်များကို တွေ့လိုက်ရသည်။

အမှန်စင်စစ်တော့ ထိုနေရာတွင် ပေ ၁၀၀၀၀ခန့်ရှိ ဧရာမသားရဲကြီးတစ်ကောင်ပင် ရှိနေလေသည်။ ၎င်းက လေထဲတွင် ပျံသန်းလျက် မြေပြင်ထက်မှစစ်မြေပြင်ကို စိုက်ကြည့််နေခဲ့သည်။ ထိုနေရာတွင် မယုံနိုင်လောက်အောင်ပင် အေးချမ်းသော နေရာတစ်ခုရှိနေ၏။ ၎င်းဧရိယာ ပတ်ဝန်းကျင်ရှိ ပေသိန်းပေါင်းများစွာ ဧရိယာအတွင်း မာန်စွမ်းအားရှင်ဟူ၍ တစ်ဦးတစ်လေမျှပင် မတွေ့ရချေ။

ထိုအရာက စုမင်မြင်နိုင်သည်ထက် ကျော်လွန်နေခဲ့သည်။ ထိုရှာမန်အုပ်စုအတွင်း မည်သူရှိနေမှန်း သူမမြင်နိုင်သော်ငြား ၎င်းရှာမန်များမှာ တိုက်ခိုက်နေကြခြင်း မဟုတ်ကြောင်းတော့ သူပြောနိုင်ပေသည်။ သူတို့သည် အတွင်းရှိ တစ်စုံတစ်ရာအား ကာကွယ်နေဟန်ဖြင့် သူတိုအရှေ့ရှိ စစ်ပွဲအား အဝေးမှနေ၍ စောင့်ကြည့်ရုံသာ ကြည့်နေခဲ့ခြင်း ဖြစ်သည်။

“မင်း ဘယ်လိုနည်းလမ်းကိုပဲသုံးသုံး ဒီပစ္စည်းကို အဲဒီနေရာမှာ ချထားနိုင်ရမယ်။ မင်းတစ်ယောက်တည်း သွားနိုင်မှာမဟုတ်ဘူး။ မင်းအဖွဲ့ကို မင်းနဲ့အတူ ခေါ်သွားရမယ်လို့ တပ်မှူးကျိုးက အလေးအနက်မှာလိုက်တယ်” မာန်စွမ်းအားရှင်မျိုးနွယ်စုမှ မုဆိုးသည် သူ့လက်များအတွင်း ကိုင်ထားသောအရာကို စုမင်ထံ ပစ်ပေးလိုက်သည်။ ထို့နောက် စုမင်အားဦးတည်၍ လက်သီးလက်ဝါးထပ်ကာ နှုတ်ဆက်လိုက်ပြီးနောက် လှည့်ထွက်သွားခဲ့သည်။

သူသည် တွေ့ဆုံမှု တစ်လျှောက်လုံး အေးတိအေးစက် ပုံစံဖြင့်သာ ရှိနေခဲ့သော်လည်း မုဆိုးတစ်ယောက်ဖြင့် သူ့ထံ၌ မယုံနိုင်ဖွယ် စိတ်စွမ်းအင်မျိုး ရှိပေသည်။ လုံးဝဥဿုံ အစွမ်းထက်သူများ သို့တည်းမဟုတ် သူ့အပေါင်းပါများသည်သာ သူ့ထံမှ လက်သီးလက်ဝါးထပ် ပုံစံမျိုးဖြင့် နှုတ်ဆက်မှုကို လက်ခံရရှိနိုင်ပေ၏။

မုဆိုးများသည်သာ အခြားမုဆိုးများ၏ လေးစားမှုကို ရရှိနိုင်သည်။

စုမင်တစ်ယောက် သူ့ထံသို့ မာန်စွမ်းအားရှင်မျိုးနွယ်စုမှ မုဆိုး ပစ်ပေးလိုက်သော ပစ္စည်းကို ကြည့်လိုက်မိသည်။ ထိုအရာက အနက်ရောင် ကတော့ချွန်ပုံ အရာဝတ္ထုတစ်ခုဖြစ်သည်။ ၎င်းအတွင်း၌ ချောက်ချားဖွယ်ရာ အေးစက်မှုတစ်ရပ် ရှိနေသည်။ ဤထူးခြားသော လက္ခဏာရပ်တစ်ခုမှအပ ပစ္စည်းထံမှ မည်သည့်သဲလွန်စကိုမျှ စုမင် ရှာမတွေ့ခဲ့ပါချေ။

အဝေးရှိ ရှာမန်များအုပ်စု ရှိနေသောနေရာသို့ တိတ်ဆိတ်စွာ ငေးစိုက်ကြည့်ရင်း သူမျက်မှောင်ကြုတ်ထားမိသည်။

“ဆရာ၊ ကျွန်တော်တို့ အဲနေရာကို… ဘယ်လိုရောက်အောင် သွားကြမလဲ”

ပြူးကျယ်နေသော မျက်လုံးများနှင့် ယန်ပေါ်တစ်ယောက် အဝေးရှိ သူတို့၏ ဦးတည်ရာပန်းတိုင်ကို လှမ်းကြည့်လိုက်မိသည်။ သူ့မျက်လုံးများပင် ကျဉ်းမြောင်းသွားခဲ့ရသည်။ ထိုနေရာရှိ ရာပေါင်းများစွာသော ရှာမန်များမှာ သွားစသင့်သည့် သာမန်လူများမဟုတ်ပေ။ ထို့အပြင် အရေးကြီးသော အရာမှာ ထိုနေရာ၌ ပေ ၁၀၀၀ခန့် သားရဲရိုင်း ဒါဇင်ခန့်နှင့်အတူ အထက်တွင် လွင့်မျောနေသော ပေ၁၀၀၀၀ အရွယ်အစားရှိ သားရဲရိုင်းတစ်ကောင် ရှိနေခြင်း ဖြစ်သည်။

“အဲဒီနေရာမှာ ရှာမန်တွေအတွက် အကာအကွယ် ပေးရလောက်တဲ့အထိ အရမ်းအရေးကြီးတဲ့ တစ်ယောက်ယောက် ရှိကိုရှိရမယ်… အဲလို လူတစ်ဦးရဲ့အနောက်မှာ ရှာမန်မျိုးနွယ်စုရဲ့ မုဆိုးတွေတစ်ယောက်မှ မရှိဘူးဆိုတာ မဖြစ်နိုင်ဘူး။ အကယ်၍ ကျွန်တော်တို့ အဲဒီကိုသွားရင် ရှာမန်မျိုးနွယ်စုက မုဆိုးတွေနဲ့ သေချာပေါက် တိုးမှာပဲ” ကျီချဲမှ အသံတိုးတိုးဖြင့် ပြောသည်။

“ဒါပေမယ့်လည်း ဒါက တပ်မှူးကျိုးရဲ့ အမိန့်ဖြစ်နေတော့…”

“တပ်မှူးကျိုးဆိုတာ ဘယ်သူလဲ” စုမင် ရုတ်တရက် ဖြတ်မေးလိုက်သည်။

ယန်ပေါ် အံ့အားသင့်သွား၏။ အလားတူပင် အနီးအနား၌ရပ်နေသော လူလေးရာ အဖွဲ့ကြီးထံ ပူးပေါင်းလာကြသည့် သူတို့ကိုယ်ပိုင် အဖွဲ့ငယ်များ၏ ယခင်ခေါင်းဆောင်များမှာလည်း အံ့အားသင့်မင်သက်သွားကြသည်။ သူတို့အားလုံးသည် စုမင်အား ထူးထူးဆန်းဆန်းအမူအယာများဖြင့် ကြည့်လာကြသည်။

“ဆရာဦးလေး၊ ဒါက တောင်ပိုင်းစစ်မြေပြင်လေ။ ကျွန်တော်တို့အားလုံးကလည်း တောင်ပိုင်းစစ်မြေပြင်ထဲမှာပဲ။ ကျိုးသဲကိုကျတော့ တောင်ပိုင်းစစ်မြေပြင်ရဲ့ တပ်မှူးအဖြစ် ကောင်းကင်မြူခိုးမြို့တော်က ခန့်အပ်ထားတာ။ တောင်ပိုင်းစစ်မြေပြင်ထဲမှာရှိတဲ့ လူအားလုံးက သူ့အမိန့်တွေကို နာခံရတယ်”

“ဒါပေမယ့် အခုချိန်ထိတော့ သူက ဘာအမိန့်မှ မထုတ်ပြန်သေးဘူး။ ကျွန်တော် အမှတ်မှားတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်” ကျီချဲက သူ၏ရှင်းပြချက်ကို အလျင်အမြန် အဆုံးသတ်လိုက်သည်။

“သူအမိန့်တွေထုတ်တယ်လို့ ငါလည်း မကြားဖူးသေးဘူး…”

“ငါလည်း အဲလိုမကြားဖူးဘူး…”

သူတို့ပတ်ဝန်းကျင်ရှိ လူများမှာ တစ်ယောက်ပြီးတစ်ယောက် စကားစပြောလာကြပြီး မကြာမီမှာပင် သူတို့၏ မျက်နှာအမူအယာများမှာလည်း စတင်ပြောင်းလဲလာခဲ့ကြသည်။ အဘယ်ကြောင့်ဆိုသော် သူတို့စကားစပြောလိုက်ပြီးသည်နှင့် ဤလူအုပ်စုကြီးသည် တောင်ပိုင်းစစ်မြေပြင်၏ တပ်မှူးကျိုးမှာ ယခင်က မည်သည့်အမိန့်မှ ထုတ်ပြန်ခဲ့ဖူးခြင်းမရှိကြောင်း ရုတ်တရက် သဘောပေါက်သွားကြသောကြောင့် ဖြစ်သည်။

ယခုအချိန်သည် သူအမိန့်ထုတ်ပြန်လိုက်သည့် ပထမဦးဆုံး အကြိမ်ဖြစ်ပြီး အမိန့်ကို လက်ခံရရှိလိုက်သူများမှာလည်း စုမင်နှင့် သူတို့အားလုံး ဖြစ်နေခဲ့သည်။

“ကျွန်တော်တို့ တိုက်ကြမလား” ယန်ပေါ်သည် ခဏတာ တုန့်ဆိုင်းနေပြီးမှ စုမင်အား ကြည့်လိုက်သည်။ သူ့အတွက် ယခုလို အရေးကြီးသည့် ခက်ခဲသော ဆုံးဖြတ်ချက်မျိုးချရန်မှာ မလွယ်ကူပေ။ ဤကိစ္စတွင်တော့ စုမင်အတွေးများကို သူနားထောင်ရပေလိမ့်မည်။

သူတစ်ဦးတည်းသာ မဟုတ်ချေ။ ပတ်ဝန်းကျင်ရှိ စုမင်၏ နောက်လိုက်များ အားလုံးသည်လည်း စုမင်အား တစ်ချိန်တည်းလိုလို ကြည့်လာကြပြီး သူ့ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေကြသည်။ အကယ်၍ စုမင်ကသာ တိုက်ခိုက်ဖို့ ရွေးချယ်မည်ဆိုလျှင် သူတို့လည်း နောက်ဆုတ်မှာမဟုတ်ပေ။ အကယ်၍ စုမင်ကသာ တိုက်ခိုက်ဖို့ မရွေးချယ်ခဲ့လျှင်တော့ သူတို့ထဲမှ အချို့က ထွက်ခွာသွားပေလိမ့်မည်။ သို့သော်လည်း အတော်များများကတော့ ကျန်နေရစ်ခဲ့ဦးမည်သာ။

အဆုံးတွင်တော့ သူတို့က အမိန့်ကို ဖီဆန်မိကြလိမ့်မှာ ဖြစ်သည်။

‘တစ်ကယ်ပဲ ဒီတပ်မှူးကျိုးရဲ့ ရည်ရွယ်ချက်က ဘာများလဲ’

စုမင်မျက်လုံးများက စူးရှတောက်ပလို့နေသည်။ သူ ချက်ချင်း ဆုံးဖြတ်ချက်မချခဲ့ပဲ ထိုအစား တစ်ဖက်သို့လှည့်၍ ကောင်းကင်မြူခိုး မြို့တော်ရှိရာဘက်ဆီ စိုက်ကြည့်လိုက်သည်။ ခဏအကြာတွင် တစ်ဖက်သို့ပြန်လှည့်ကာ သူ၏ ပစ်မှတ်ဦးတည်ရာဘက်ဆီသို့ တစ်ဖန်လှမ်းကြည့်လိုက်ပြန်၏။

ထိုနေရာရှိ ရှိန်လောက်သော အကာအကွယ်များနှင့် အစွမ်းထက်သားရဲရိုင်းများကို သေချာကြည့်လိုက်ရင်း…

“ငါတို့ အရေအတွက်နဲ့တော့ အဲဒီနေရာကို ထိုးဖောက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ တစ်ကယ်လို့ အောင်မြင်ချင်တယ်ဆိုရင်တော့ ငါတို့နဲ့အတူ လူတွေ ပိုလိုလိမ့်မယ်” စုမင် မနှေးမမြန်ပင် ရှင်းပြလိုက်သည်။

ယန်ပေါ် ခေါင်းညိတ်လိုက်သည်။ သူ့ပတ်ဝန်းကျင်မှ လူများမှာလည်း စုမင်အမြင်ကို သဘောတူကြသည်။

“ဒီတပ်မှူးကျိုးက ငါတို့ကို မဖြစ်နိုင်တဲ့ တာဝန်တစ်ခုတော့ ပေးမှာမဟုတ်ဘူး။ ဒီတိုက်ပွဲမှာ အကြောင်းပြချက်တစ်ခုတော့ ရှိရမယ်။ သူ့ရည်ရွယ်ချက်က ငါတို့ ပိုအားကောင်းလာပြီး အဲဒီနေရာကို ထိုးဖောက်နိုင်ဖို့လည်း ဖြစ်ကောင်းဖြစ်နိုင်တယ်…” စုမင် မျက်မှောင်ကြုတ်လိုက်မိသည်။

“ဒါက ဖျော်ဖြေမှုတစ်ခုများ ဖြစ်နိုင်မလား” စကားပြောလိုက်သူမှာ အနီးတွင် ရပ်နေသူများထဲမှ အရပ်ပုပုနှင့် အားနည်းသော လူငယ်လေးတစ်ဦး ဖြစ်သည်။ ထိုလူငယ်၏ သွေးများ ဖုံးလွှမ်းနေသော မျက်နှာထက်တွင် ရဲရင့်ထက်မြက်သော အမူအယာတစ်ခု ရှိနေသည်။ ရုတ်တရက် စကားထပြောလိုက်ချိန်တွင် သူ့မျက်လုံးများမှာလည်း တောက်ပနေခဲ့၏။

ထိုလူငယ်အား စုမင် အမြန်လှည့်ကြည့်လိုက်ရာ လူငယ်မှာ အနည်းငယ်စိတ်လှုပ်ရှားသွားပြီး ခေါင်းကို အလိုလိုကုတ်လိုက်မိချေသည်။ ဤအချိန်ခဏလေး အတွင်းမှာပင် စုမင်သည် သူ့နှလုံးသားထဲ၌ မယုံနိုင်ဖွယ် ကြီးကျယ်မြင့်မြတ်သော ပုံရိပ်တစ်ခု ချန်ထားရစ်နိုင်ခဲ့ပြီ ဖြစ်သည်။

သူ့အား စုမင်လှည့်ကြည့်လာသောအခါ မည်သို့မျှ မတတ်နိုင်ပဲ အနည်းငယ် စိတ်လှုပ်ရှားသွားခဲ့ရလေ၏။

“ဟုတ်တယ်၊ ဒါ ဖျော်ဖြေမှုတစ်ခုပဲ။ ပြီးတော့ ငါတို့ ပရိသတ်ကတော့ တပ်မှူးကျိုးပေါ့။ ဖြစ်နိုင်တာက… တစ်ခြားသူတွေတောင် ပါရင်ပါနိုင်သေးတယ်… ဘာလို့လဲဆိုတော့ အဲဒီနေရာက ရှင်းလင်းနေလို့ ပရိသတ်အားလုံးအတွက် ဖျော်ဖြေမှုတစ်ခုလုံးကို ကြည့်ဖို့ အကောင်းဆုံးနေရာလည်း ဖြစ်နေတယ်” စုမင် ပြောလိုက်သည်။ လူငယ်၏စကားက သူ့စိတ်ထဲမှ မြူခိုးများကို လွင့်ပျယ်သွားစေခဲ့သည်။

“ကျွန်တော်တို့…” ယန်ပေါ် မရေမရာဖြင့် တီးတိုးရေရွတ်လိုက်သည်။

“ငါတို့ တိုက်ကြတာပေါ့။ ဘာကြောင့် မတိုက်ရမှာလဲ။ ဒါက ဖျော်ဖြေပွဲတစ်ခုဆိုမှတော့ ငါတို့ကလည်း စွမ်းဆောင်ရည်ကောင်းကောင်း ပြပေးရမှာပေါ့။ ဘာပြဿနာရှိလို့လဲ” စုမင်မျက်လုံးများက စူးရှတောက်ပသွားသည်။ ဤတိုက်ပွဲမှ သူရှောင်လွှဲရန် မဖြစ်နိုင်ပေ။ သည်လိုဆိုမှတော့ သူကလည်း ကောင်းကောင်း တိုက်ခိုက်ပြရမည်သာ။

စုမင် ပြောဆိုလိုက်သည်နှင့် သူ့နောက်လိုက် မာန်စွမ်းအားရှင်များသည်လည်း ချက်ချင်းအော်ဟစ်လိုက်ကြသည်။

“တိုက်ကြ”

ထိုအချိန်တွင် ကျိုးသဲမှာ တောင်ပိုင်းစစ်မြေပြင် အတွင်းရှိ စုမင်ရှိနေသော နေရာသို့ ကြည့်နေရင်း သူ့မျက်လုံးများအတွင်း လေးနက်သော မျှော်လင့်ချက်များ ပေါ်လာခဲ့သည်။

စုမင်တို့အဖွဲ့သည် သူသွားရန်တောင်းဆိုထားသော နေရာသို့ ဦးတည်၍ စတင်ရွေ့လျားနေပြီဖြစ်ကြောင်း မြင်လိုက်သောအခါ သူ့လက်ကို ချက်ချင်းမြှောက်လိုက်သည်။ သူ့လက်များထဲတွင်တော့ သစ်သားစာလိပ် လေးခုရှိနေခဲ့၏။ ထိုသစ်သားစာလိပ်လေးခုအား မီးတောက်များ ချက်ချင်းဝါးမြိုသွားပြီး အလင်းတန်းရှည်လေးခုအဖြစ်ပြောင်းလျက် အရပ်မျက်နှာလေးခုသို့ ဦးတည်တိုးဝင်သွားခဲ့သည်။

၎င်းတို့အထဲမှ တစ်ခုသည် မြောက်ပိုင်းစစ်မြေပြင်၊ အခြားနှစ်ခုသည် အနောက်ပိုင်း စစ်မြေပြင်၊ အရှေ့ပိုင်းစစ်မြေပြင် အသီးသီးတို့နှင့် နောက်ဆုံးတစ်ခုမှာ ကောင်းကင်မြူခိုးမြို့တော်တို့ဆီ ဦးတည်သွားကြလေသည်။

***

All Chapters