← Chapters

အာရုံစိုက်မှု

Vol. 26 Ch. 351

အာရုံစိုက်မှု

Vol. 26 Ch. 351

ထူထဲသော အစိမ်းရောင်မြူခိုးများမှာလည်း ဧရာမစစ်မြေပြင်ကြီး အထက်တွင် အုပ်ဆိုင်းလို့နေသည်။ ၎င်းအတွင်းမှ အဆက်မပြတ် ထွက်ပေါ်လာနေသည့် ဝုန်းဒိုင်းကြဲမြည်ဟည်းသံများကိုလည်း ကြားနေရသည်။ ၎င်းအတွင်းမှ တိုက်ပွဲသည် မာန်စွမ်းအားရှင်များနှင့် ရှာမန်မျိုးနွယ်စုတို့၏ အစွမ်းထက် စစ်သည်တော်များနှင့်သာ သက်ဆိုင်သည်မှာ ရှင်းလင်းလို့နေ၏။ ထိုသူတို့မှာ အချင်းချင်း အပြင်းအထန် တိုက်ခိုက်နေခဲ့ကြပြီး သူတို့အကြားမှ စစ်ပွဲ၏ ရလဒ်သည် သူတို့အောက်ရှိ စစ်ပွဲ၏တိုးတက်မှုကို ဆုံးဖြတ်နိုင်ပေလိမ့်မည်။ သို့သော် အလားတူပင် မြေပြင်ထက်မှ စစ်ပွဲသည်လည်း ဤအစွမ်းထက် စစ်သည်တော်များ ဆက်နေခြင်းနှင့် ထွက်ခွာသွားခြင်းတို့ကို ဆုံးဖြတ်နိုင်ပေသည်။

သူတို့အထဲမှ တစ်ခုပင် မရှိလို့မဖြစ်ပါချေ။

ဤစစ်ပွဲအား အစောကြီးတည်းကပင် အပိုင်းနှစ်ပိုင်း ခွဲခြားထားခဲ့ခြင်းဖြစ်သည်ဟု ပြောဆိုနိုင်၏။ အပိုင်းတစ်ပိုင်းသည် ကောင်းကင်ထက်တွင် ရှိပြီး အခြားအပိုင်းတစ်ခုကတော့ မြေပြင်ထက်မှ စစ်ပွဲပင်ဖြစ်သည်။ မြေပြင်ပေါ်ရှိ စစ်ပွဲကိုတော့ စစ်မျက်နှာပြင် လေးခုအဖြစ် မာန်စွမ်းအားရှင်များမှ ပိုင်းခြားထားခဲ့လေသည်။

စုမင်က တောင်ပိုင်းစစ်မျက်နှာပြင်တွင် ရှိနေခဲ့ခြင်းပင်။

ကျိုးသဲ၏ သစ်သားစာလိပ်လေးခု လောင်ကျွမ်းသွားပြီး တောင်ပိုင်းစစ်မြေပြင်မှ ကောင်းကင်သို့ ပျံတက်သွားချိန်၌ မြောက်ပိုင်းစစ်မြေပြင်ထဲတွင်တော့ မာန်စွမ်းအားရှင်များစွာ ဝန်းရံကာကွယ်ပေးခြင်း ခံထားရသော အဘိုးအိုတစ်ဦး ရှိနေခဲ့၏။ အဘိုးအို၏မျက်နှာမှာ အရေးအကြောင်းများဖြင့် ပြည်နှက်နေသည်။ သူသည် ညာလက်ဖြင့် တစ်စုံတစ်ရာအား ရေတွက်ရင်း မျက်မှောင်ကြုတ်နေခဲ့၏။ အဘိုးအိုသည် ရံဖန်ရံခါဆိုသလိုပင် အရှေ့သို့ ခြေလှမ်းအနည်းငယ် တက်၍ စူးရှတောက်ပသော မျက်လုံးများဖြင့် မြောက်ပိုင်းစစ်မြေပြင် တစ်ခုလုံးအတွင်းမှ အပြောင်းအလဲများကို လေ့လာစောင့်ကြည့်တတ်သည်။

အတိအကျဆိုရလျှင် အဘိုးအိုရပ်နေသော နေရာမှာ အလွန်မြင့်မားခြင်း မရှိပေ။ ယုတ္တိကျကျ ပြောရမည်ဆိုလျှင်တော့ ထိုနေရာမှနေ၍ မြောက်ပိုင်း စစ်မြေပြင်၏ အခြေအနေတစ်ရပ်လုံးကို မြင်တွေ့နိုင်ရန် ခက်ခဲသင့်ပေသည်။ သို့သော်ငြား အဘိုးအိုကတော့ ဖြစ်ပျက်နေသော အရာအများစုကို နားလည်ရန်  ကြည့်ရှုစရာပင် မလိုသည့် ထူးခြားသောနည်းလမ်းတစ်မျိုးကို အသုံးပြုနေခဲ့သည်မှာ ရှင်းလင်းလို့နေ၏။

သူ့ပုံစံမှာ လက်ချောင်းများဖြင့် အဆက်မပြတ် တွက်ချက်နေရင်း အခြေအနေကို ထိန်းချုပ်နိုင်သည့် စည်းမျဉ်းဥပဒေသများကို ရှာတွေ့နေသည့်အလားပင်။

ခဏအကြာတွင် အဘိုးအိုသည် ခေါင်းကို ရုတ်တရက်မော့လိုက်ပြီး လက်တစ်ဖက်ကို မြှောက်လိုက်ရာ သူ့လက်ဖဝါးပေါ်၌ အရိုးအပိုင်းအစတစ်ခု ထွက်ပေါ်လာခဲ့သည်။

ထိုအရိုးပိုင်းသည် ခုနစ်လက်မခန့် အရှည်ရှိပြီး တစ်ခုလုံးက အဖြူရောင်ဖြစ်နေသည်။ ၎င်း၏ပုံစံအရ သတ္တဝါတစ်ကောင်၏ သွားမှ ဖန်တီးပြုလုပ်ထားသကဲ့သို့ပင်။ အဘိုးအိုသည် ထိုအရိုးပိုင်းကို ပစ်ထုတ်လိုက်ရာ ၎င်းက အဖြူရောင်အလင်းတန်းတစ်ခု အဖြစ်ဖြင့် အဝေးရှိ စစ်မြေပြင်ထဲမှ နေရာတစ်ခုအတွင်းသို့  တိုးဝင်ပျောက်ကွယ်သွားခဲ့သည်။

အရိုးပိုင်းအား လက်ထဲမှ ပစ်ထုတ်လိုက်ပြီးနောက် ခေါင်းငုံ့ကာ ဆက်လက်တွက်ချက်တော့မည့် အချိန်မှာပင် အဘိုးအို၏ အမူအယာက ရုတ်တရက် ပြောင်းလဲသွားသည်။ လောင်ကျွမ်းနေသော သစ်သားစာလိပ်တစ်ခုမှာ စူးရှသံတစ်ခုနှင့်အတူ လေထုအား ထိုးခွင်းလျက် သူ့အရှေ့သို့ ရောက်ရှိလာခဲ့၏။ သစ်သားစာလိပ်သည် သူ့ခေါင်းရှေ့တွင် စတင်လွင့်မျောနေပြီးသည်နှင့် လောင်ကျွမ်းလျက်မှပင် တောင်ပိုင်းစစ်မြေပြင်မှ ကျိုးသဲ၏ ပုံရိပ်ယောင်ရုပ်ပုံ ပေါ်လာခဲ့သည်။

ကောင်းကင်မြူခိုး၏ အရှေ့ဘက်အကျဆုံး အပိုင်းမှာ အရှေ့ပိုင်းစစ်မြေပြင်ဖြစ်ပြီး ၎င်းသည် ကောင်းကင်မြူခိုးမြို့တော်၏ အရှေ့တည့်တည့်တွင် ရှိနေသလို စစ်မြေပြင်ကြီးတစ်ခုလုံး၏ အဆုံးတွင် ရှိနေသော အပိုင်းလည်းဖြစ်သည်။ အရှေ့ပိုင်းစစ်မြေပြင် အတွင်းရှိတိုက်ပွဲများသည် စစ်မြေပြင်ရှိ အခြားတိုက်ပွဲများ အားလုံးထက် အပြင်းထန်ဆုံးဖြစ်၏။ ထိုစစ်မြေပြင်ရှိ မာန်စွမ်းအားရှင်များသည်လည်း အခြားအပိုင်းများထက် ပိုမိုအားကောင်း၍ သန်မာကြသည်။ အကယ်၍ တစ်စုံတစ်ဦးကသာ ဂရုတစိုက် ကြည့်ရှုမိခဲ့မည်ဆိုလျှင်တော့ အရှေ့ပိုင်းစစ်မြေပြင်အတွင်း အမိန့်တစ်မျိုး ရှိနေသည်ကို တွေ့ရပေလိမ့်မည်။

အရှေ့ပိုင်းစစ်မြေပြင်မှာ အတော်ကြီးမားသော်လည်း ပြီးပြည့်စုံသော ရပ်တည်မှုတစ်ခုသဖွယ် ခံစားရစေသည်။

ထိုနေရာတွင် တိုက်ခိုက်နေကြသော အဖွဲ့များအားလုံးမှာ အလွန်စေ့စပ်စွာ လုပ်ဆောင်နေကြ၏။ အလယ်ဗဟိုမှလည်း အမိန့်များ ထပ်ခါတလဲလဲ ထုတ်ပေးလို့နေသည်။ အဖွဲ့များထံသို့ အရှေ့ပိုင်းစစ်မြေပြင် တပ်မှူး၏ အမိန့်များကို ပို့ဆောင်ပေးရန် အထူးတာဝန်ပေးအပ်ခြင်း ခံထားရသော မုဆိုးများလည်းရှိသည်။

အရှေ့ပိုင်း စစ်မြေပြင်သည် ရှာမန်လူမျိုးများကို သတ်ဖြတ်နိုင်ခြင်းတွင် အမြင့်ဆုံးဖြစ်သော်ငြား အလားတူစွာပင် သူတို့၏ ထိခိုက်သေဆုံးမှုကလည်း အမြင့်ဆုံးဖြစ်သည်။ သူတို့ထံ ပေးပို့လာသော အမိန့်များသည် များသောအားဖြင့်တော့ မဆုတ်မနစ်သော စိတ်ဓာတ်ကို ဖြစ်ပေါ်စေပေ၏။

ဤစစ်မြေပြင်၏ အလယ်ဗဟိုတွင်တော့ အမျိုးသမီးတစ်ဦး ရပ်နေခြင်းဖြစ်သည်။ အနက်ရောင်ဝတ်ဆင်ထားသော ဤအမျိုးသမီး၏ ဆံပင်ရှည်များမှာ လေထဲတွင် လွင့်မျောနေကြသည်။ သူမမျက်လုံးများကတော့ အေးစက်တည်ငြိမ်လို့ နေ၏။ သူမနံဘေးတွင် မာန်စွမ်းအားရှင်မျိုးနွယ်စုမှ မုဆိုးတစ်ဒါဇင်နီးပါး ရပ်နေကြသည်။ ထိုမုဆိုးများသည် အမျိုးသမီးအား အလွန်အမင်း လေးလေးစားစား ဆက်ဆံကြပြီး ထိုအရာက တောင်ပိုင်းစစ်မြေပြင်အတွင်းရှိ ကျိုးသဲ၏ ဘက်ခြမ်းတွင် မတွေ့နိုင်သော အရာလည်းဖြစ်သည်။

သို့သော် မည်သူမဆို ဂရုတစိုက်ကြည့်ရှုမည်ဆိုလျှင် အဆိုပါမျက်နှာဖုံးတပ် မုဆိုးများ၏ စွမ်းအားနှင့် လေ့ကျင့်သော ပညာရပ်များမှ ထွက်ပေါ်လာနေသည့် စွမ်းအင်အတက်အကျတို့မှတစ်ဆင့် ၎င်းတို့အထဲမှ အများစုမှာ အနောက်ပိုင်းပင်လယ်ကလန်မှ လာသူများဖြစ်ကြောင်း ပြောနိုင်ကြပေလိမ့်မည်။ ကလန်မှ မဟုတ်သူ အနည်းငယ်ရှိခဲ့လျှင်တောင် ၎င်းတို့သည် အနောက်ပိုင်းပင်လယ် ကလန်နှင့် ဆက်နွှယ်နေသော မျိုးနွယ်စုများမှ လူများဖြစ်နေဆဲပင် ဖြစ်သည်။

အမျိုးသမီး၏ အဆင့်အတန်းမှာ လူသိများကျော်ကြားနေခဲ့ပြီး ဖြစ်သည့်အပြင် ထိုအရာကို ပိုမိုသိသာထင်ရှားအောင် ပြုလုပ်ပေးနေသော အရာမှာ ထျန်းလန်မုန်နှင့် မယုံနိုင်ဖွယ် ဆင်တူနေသော သူမ၏ ရုပ်ရည်သွင်ပြင်ပင် ဖြစ်သည်။ သို့သော် သူတို့နှစ်ဦး၏ အရှိန်အဝါများကတော့ ဆန့်ကျင်ဘက် ဝင်ရိုးစွန်းနှစ်ခုလိုပင်။

သူမက ထျန်းလန်မုန်၏ အစ်မဖြစ်သူ ထျန်းလန်ယို့ပင် ဖြစ်သည်။

သူမအရှိန်အဝါမှာ ဟန်ဖေးကျစ်နှင့် မယုံနိုင်လောက်အောင်ပင် တူညီနေသည်။ သူမတို့နှစ်ဦးလုံးသည် ရေခဲသဖွယ် အေးစက်နေကြသော်လည်း သူမတို့အကြားမှာပင် မတူကွဲပြားသော တစ်စုံတစ်ရာလည်း ရှိနေသေး၏။

ဟန်ဖေးကျစ်၏ အေးစက်စက် အမူအကျင့်မှာ သူမထံတွင်ရှိသော မာနကြောင့် ဖြစ်တည်လာသည့် ပြင်ပအရာဖြစ်သည်။ ထိုမာနတရားမှာ မည်သည့်အရာမျှမရှိသော ချိုင့်ဝှမ်းတစ်ခုအတွင်း ဝင့်ဝင့်ကြွားကြွား ပွင့်လန်းနေသည့် သစ်ခွပန်းတစ်ပွင့်နှင့် ဆင်တူသည်။

ထျန်းလန်ယို့၏ အေးစက်စက် အမူအကျင့်ကတော့ သူမ၏ လုပ်ရပ်များဖြစ်စေ၊ သူမ၏ စိတ်ဝိညာဉ် အနက်ပိုင်းထဲမှဖြစ်စေ ဖြစ်တည်နေခြင်းဖြစ်ပြီး သူမ၏ ဖြစ်တည်မှုတစ်ခုလုံးထံမှ ထွက်ပေါ်နေသော အရာဖြစ်သည်။ သူမသည် မည်သည့်အခါမှ အရည်မပျော်တော့မည့် ရေခဲတုံးတစ်ခုသဖွယ်ပင်။ သူမ၏စိတ်ဝိညာဉ်အား ရေခဲတို့ဖြင့် ချိပ်ပိတ်ထားခြင်းကြောင့်

သူမစိတ်ဝိညာဉ်ပေါ်၌ လှပသော မျဉ်းကြောင်းအချို့ကိုပင် တွေ့မြင်နိုင်သည်။ ထိုမျဉ်းတို့မှာ အချင်းချင်းဖြတ်သန်းလျက် ရေခဲပန်းပွင့်တစ်ခုအသွင် ဖြစ်တည်နေခဲ့သည်။

ထိုရေခဲပန်းပွင့်က သူမကိုယ်တိုင်ပင် ဖြစ်သည်။

ထျန်းလန်မုန်သည် အေးစက်ခြင်းမရှိသော်ငြား သူမမှာလည်း ကိုယ်ပိုင်မာနရှိပေသည်။ သို့သော် အင်မော်တယ်များ၏ တာအိုလမ်းစဉ်ကို လေ့လာ လိုက်စားပြီးနောက်တွင်တော့ သူမထံ၌ ထိုမာနတရားနှင့်အတူ တည်ငြိမ်အေးချမ်းမှုနှင့် ကျက်သရေရှိသော အရှိန်အဝါများပါ ဖြစ်တည်လာခဲ့သည်။

လူသုံးယောက်... မတူကွဲပြားသော အမျိုးသမီး သုံးဦး။

သူတို့နှင့် ယှဉ်လျင်တော့ ဖန်းချန်းလန်က အတော်လေး သာမန်ဆန်ပေသည်။ သူမတွင် မာနတရားနှင့် အေးစက်စက် လျစ်လျူရှုခြင်းများ မရှိသလို သာလွန်သည့် ကြော့ရှင်းလှပမှုမျိုးလည်း မရှိချေ။ သို့သော် သူမ၏ ရေကဲ့သို့ နူးညံ့ကြင်နာမှုအောက်တွင်တော့ တည်ကြည်ခိုင်မာသည့် စိတ်ဝိညာဉ်တစ်ခု ရှိနေခဲ့သည်။

ထိုအချိန်တွင် ထျန်းလန်ယို့၏ လက်များအတွင်း ဆက်လက် လောင်ကျွမ်းနေခြင်း မရှိတော့သည့် သစ်သားစာလိပ်တစ်ခုကို ကိုင်ဆောင်ထားခဲ့သည်။ ၎င်းသည် ကျိုးကြေသံတစ်ခုနှင့်အတူ အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားပြီး အနက်ရောင်ပြာများအဖြစ် ပြောင်းလျက် သူမရှေ့၌ လွင့်မျောလို့နေသည်။ ထိုအနက်ရောင်ပြာများအတွင်း တောင်ပိုင်းစစ်မြေပြင်မှ ကျိုးသဲ၏ ပုံရိပ်ယောင်ရုပ်ပုံ ပေါ်လာခဲ့သည်။

"ကျူပ်ရဲ့ အဖွင့်ဝင် တပ်မှူးသုံးယောက်တို့၊ ကျူပ်ရဲ့ ဒီနေရာမှာ ဖျော်ဖြေမှုတစ်ခုရှိလို့ အတူတူစောင့်ကြည့်ဖို့ မင်းတို့သုံးဦးကို ဖိတ်ခေါ်ချင်တယ်" ထိုအရာက အလွန်ရိုးရှင်းသော စကားတစ်ခွန်းသာဖြစ်သည်။ ကျိုးသဲ၏ စကားဆုံးသည်နှင့် သူ့ပုံရိပ်ယောင်မှာ သဲလွန်စပင်မကျန်အောင် ပျောက်ကွယ်သွားတော့သည်။

မြောက်ပိုင်းစစ်မြေပြင်မှ အဘိုးအိုသည် မျက်မှောင်ကြုတ်လျက် တောင်ဘက်သို့ လှမ်းကြည့်လိုက်၏။ ထျန်းလန်ယို့သည်တော့ ထိုအရာကို လုံးဝလျစ်လျူရှုထားပြီး သူမနေရာတွင်သာရပ်လျက် ရက်စက်ကြမ်းကြုတ်သော အမိန့်များကို ပေးပို့နေရင်း သူမကိုယ်ပိုင် စစ်မျက်နှာပြင်ကိုသာ အာရုံစိုက်ထားလေသည်။

ကောင်းကင်မြူခိုး မြို့တော်နှင့် အနီးဆုံးဖြစ်ကာ မာန်စွမ်းအားရှင်များ၏ ဘေးကင်းလုံခြုံမှုအတွက် အပြည့်စုံဆုံး အာမခံချက်ပေးနိုင်သည့် နေရာဟုဆိုနိုင်သော အနောက်ပိုင်းစစ်မြေပြင်တွင်လည်း သစ်သားစာလိပ်မှတစ်ဆင့် ကျိုးသဲ၏ စကားများကို ကြားလိုက်ရသည်။

အနောက်ပိုင်းစစ်မြေပြင် အတွင်းမှ တပ်မှူးသည်လည်း အမျိုးသမီးတစ်ဦးပင် ဖြစ်သည်။ သူမသည်ကား ထျန်းလန်မုန်ပင် ဖြစ်၏။ ကောင်းကင်မြူခိုး မြို့တော်၏ မြို့တော်သားတစ်ဦး အနေဖြင့် သူမသည်လည်း သူမအစ်မကဲ့သို့ပင် တပ်မှူးတစ်ဦး ဖြစ်လာပြီး အချိန်မည်မျှ ကြာမည်မှန်းမသိသော ဤစစ်ပွဲတွင် ပါဝင်ခဲ့ရသည်။

သူမဘေးတွင်ရှိနေသော မာန်စွမ်းအားရှင် မျိုးနွယ်စုမှ မုဆိုးအမြောက်အများမှာ အေးခဲကောင်းကင်ကလန်မှ ဖြစ်သည်။ သို့သော် ထိုလူများနှင့် စုမင် တစ်ခါမှ မဆုံခဲ့ဖူးပေ။ သူတို့သည် အေးခဲကောင်းကင်(ဓားရှည်)ကြီးထံမှ လာခြင်းမဟုတ်ပဲ ထျန်းလန်မုန်အား ကာကွယ်ရန် ဤစစ်မြေပြင်ထံသို့ အခြားနည်းဖြင့် ရောက်ရှိလာခဲ့ဟန်တူ၏။

ထျန်းလန်မုန်သည် သူမအရှေ့ရှိ ကျိုးသဲ၏ ပျောက်ကွယ်သွားသော ပုံရိပ်ကို ကြည့်လိုက်ရင်း အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။ သူမသည်တော့ သူမအစ်မ၏ အေးစက်စက်သဘောထားနှင့် ကွဲပြားသော လုပ်ရပ်တစ်ခု အနေဖြင့် တောင်ဘက်ပိုင်းသို့ လှမ်းကြည့်လိုက်သည်။

တစ်ချိန်တည်းမှာပင် ညာလက်ကိုမြှောက်၍ သူမအရှေ့ရှိ ဟင်းလင်းပြင်အား လှုပ်ခတ်စေလိုက်သည်။ သလင်းကျောက်သဖွယ် အလင်းစက်လေးများ ချက်ချင်းဖြစ်ပေါ်လာပြီး သူမအရှေ့၌ အလင်းမျက်နှာပြင် တစ်ခုအဖြစ် စုဝေးလို့သွား၏။ ထိုအလင်းမျက်နှာပြင်ထက်တွင် တွန့်လိမ်ပုံပျက်မှုများက ဦးဆုံးဖြစ်ပေါ်လာခဲ့သည်။ အချိန်အနည်းငယ် ကြာပြီးနောက် ၎င်းမှာ တစ်ဖြည်းဖြည်း ရှင်းလင်းပြတ်သားလာပြီး အလင်းမျက်နှာပြင်ပေါ်၌ တောင်ပိုင်းစစ်မြေပြင် တစ်ခုလုံး၏ ပုံရိပ်များ ထွက်ပေါ်လာခဲ့သည်။

ထျန်းလန်မုန်သည် ထိုနေရာတွင် ဖြစ်ပျက်နေသော အရာများကို ဝေ့ဝဲကြည့်ရှုလိုက်ပြီး တစ်ချက်ကြည့်လိုက်ရုံနှင့်ပင် တောင်ပိုင်းစစ်မြေပြင်ထဲမှ မတူကွဲပြားနေသော နေရာတစ်ခုကို မြင်လိုက်ရချေ၏။ ထိုနေရာတွင် ရာချီသောလူများဖြင့် ဖွဲ့စည်းထားသည့် အဖွဲ့တစ်ခု ရှိဟန်တူပြီး ၎င်းတို့ တစ်ဦးနှင့်တစ်ဦး နီးကပ်စွာရှိနေကြပုံမှာ ခန္ဓာကိုယ်တစ်ခုတည်း တိုက်ခိုက်နေသည့်အလားပင် ဖြစ်သည်။

အခြားနေရာများရှိ ပရမ်းပတာ ဖြစ်နေမှုများနှင့် ယှဉ်လျင်တော့ ထိုအဖွဲ့က အလွန် ထင်ရှားပေါ်လွင်နေခဲ့သည်။

ထျန်းလန်မုန်သည် ညာလက်ကိုဖြည်းညှင်းစွာ မြှောက်၍ အလင်းမျက်နှာပြင်ပေါ်မှ နေရာတစ်ခုကို ထိတွေ့လိုက်သည်။

သူမ ထိုသို့ ထိလိုက်သည်နှင့် အလင်းမျက်နှာပြင်ပေါ်တွင် ပုံရိပ်ထင်ဟပ်နေသော တောင်ပိုင်းစစ်မြေပြင် တစ်ခုလုံးမှာ ပုံကြီးချဲ့ခံလိုက်ရပြီး ပိုမိုရှင်းလင်းနီးကပ်လာခဲ့သည်။ မျက်နှာပြင်ထက်တွင် မာန်စွမ်းအားရှင်များနှင့် ရှာမန်များ တိုက်ခိုက်နေသော မြင်ကွင်းများ ဆက်တိုက်ဆိုသလို ပေါ်လာပြီးနောက်ဆုံးတွင်တော့ မြင်ကွင်းက ဧရိယာငယ်လေး တစ်ခုအပေါ်၌ ရပ်တန့်ငြိမ်သက်သွားခဲ့သည်။

ထိုနေရာတွင် လူငါးရာ နီးပါး ပါဝင်သော အဖွဲ့တစ်ခု ရှိနေသည်။ ၎င်းတို့သည် အရှေ့သို့ လေပြင်းတစ်ခုသဖွယ် ရွေ့လျားနေကြပြီး တစ်ဦးနှင့်တစ်ဦး မယုံနိုင်ဖွယ် နားလည်မှုမျိုးနှင့် ပူးပေါင်းလုပ်ဆောင်နေကြသည်။ ထိုအဖွဲ့ကြားတွင် ဖော်ပြခြင်းငှါမစွမ်းသာသော အရှိန်အဝါတစ်ရပ်လည်း တည်ရှိလို့နေသည်။

'ကျိုးသဲက ငါ့ကို ဒီအဖွဲ့ကို ပြချင်တာများလား'

ထျန်းလန်မုန်၏ အကြည့်သည် မျက်နှာပြင်အား ဝေ့ဝဲကြည့်ရှုလိုက်ပြီး အဖွဲ့အတွင်းရှိ လူတစ်ယောက်ချင်းစီတိုင်းကို စတင်၍ လေ့လာစောင့်ကြည့်လိုက်သည်။ သူမသည် ၎င်းတို့အား ကြည့်နေရင်းမှ ညာလက်ကိုမြှောက်၍ မျက်နှာပြင်အား တစ်ဖန်ထိလိုက်ပြန်သည်။ လှုပ်ရှားနေသော ရုပ်ပုံများမှာ နောက်ထပ်တစ်ဖန် ပိုမိုကြီးမားလာကြပြီး ရှေ့သို့ စတင်ရွေ့လျားသွားခဲ့သည်။

တစ်ခဏအကြာ၌ ရုပ်ပုံထဲတွင် အဖွဲ့၏ထိပ်ဖျားပိုင်းက ထွက်ပေါ်လာခဲ့သည်။ ထိုနေရာတွင် တစ်ကိုယ်လုံး လျှပ်စီးအလင်းများ ကူးခပ်နေသော လူတစ်ဦးရှိပြီး သူ့ဘေးတွင်တော့ အစိမ်းရောင်အလင်းက တောက်ပလို့နေသည်။ စစ်ပွဲနတ်ဘုရား တစ်ပါးကဲ့သို့ပင် ထိုသူသည် ရှေ့သို့တိုးဝင်နေရင်း များစွာသော သေခြင်းတရားတို့ကို ယူဆောင်လာခဲ့သည်။

သူ့တည်ရှိမှုကပင် ဤအဖွဲ့အား ရှေ့သို့ ရဲရဲရင့်ရင့် ချီတက်စေနိုင်ခဲ့ခြင်းဖြစ်သည်။

ဤလူကို မြင်လိုက်သည့်တစ်ခဏ ထျန်းလန်မုန်၏ မျက်လုံးတို့ ပြူးကျယ်ဝိုင်းစက်သွားရ၏။ သူမ အသက်ရှူသံများမှာလည်း အလိုလို လျင်မြန်လာပြီး ညာလက်ကို အလျင်အမြန်မြှောက်၍ အလင်းမျက်နှာပြင်ပေါ်ရှိ စစ်ပွဲနတ်ဘုရားသဖွယ် ပုံရိပ်ကို ထိတွေ့လိုက်သည်။

ရုပ်ပုံသည် တစ်ခဏအတွင်းမှာပင် ပိုမိုကြီးမားလာပြီး ထို့နောက်တွင်တော့... စုမင်တစ်ဦးတည်းကိုသာ မြင်နိုင်တော့ချေသည်။

စုမင်သည် ထိုနေရာတွင် ရှိနေပြီး လေပြင်းတစ်ခုသဖွယ် ရှေ့သို့ ရွေ့လျားနေခဲ့သည်။

သူ၏ ခရမ်းရောင် ဆံပင်ရှည်များက လေထဲတွင် လှိုင်းတွန့်များသဖွယ် လှုပ်ရှားလူးလွန့်နေပြီး သွေးနီရောင် ဝတ်ရုံရှည်ကလည်း လေတွင် တဖျတ်ဖျတ် လှုပ်ခတ်နေသည်။ ထိုအကျွမ်းတဝင်ရှိသော ပုံရိပ်က ထျန်းလန်မုန်အား ခဏတာ မင်သက်ငေးမော သွားစေသော်လည်း ထို့နောက်တွင်တော့ သူမနှုတ်ခမ်းများထက်၌ ခပ်ဖျော့ဖျော့ အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့ချေသည်။

'သူ... ပြန်လာပြီပဲ...' ထျန်းလန်မုန်၏ မျက်လုံးများမှာ မျက်နှာပြင်ထက်ရှိ စုမင်အပေါ်တွင်သာ ရပ်တန့်နေပြီး သူ့အား ဆက်လက်စောင့်ကြည့်နေခဲ့သည်။

ထိုအချိန်တွင် စစ်မျက်နှာပြင်လေးခုမှ တပ်မှူးသုံးဦးသည်သာ စုမင်အား သတိပြုမိခဲ့ခြင်း မဟုတ်ပေ။ ကောင်းကင်မြူခိုး မြို့တော်ထဲတွင်လည်း သူ့အားအာရုံစိုက်နေသူများ ရှိနေခဲ့၏။

ကောင်းကင်မြူခိုးမြို့တော်၏ မြို့ရိုးများပေါ်တွင် ရပ်နေသော အဘိုးအိုရှစ်ဦး၏ အကြည့်များမှာလည်း တောင်ပိုင်းစစ်မြေပြင်ပေါ်သို့ စုဝေးကျရောက်နေခဲ့သည်။

"ဒီကလေးက ငါတို့ကို ကျိုးသဲမြင်စေချင်တဲ့ဟာပေါ့"

"ဒီကလေးရဲ့ စိတ်ခွန်အားက အရမ်းသန်မာတယ်။ ကျိုးသဲက သူ့အုပ်ချုပ်မှုနယ်မြေထဲမှာ စိတ်ခွန်အားကို အာရုံစိုက်တဲ့ စစ်ဆင်ရေးနည်းဗျူဟာ တစ်ခုကို အသုံးချချင်တာများလား"

"တစ်ချက်လောက် ကြည့်ကြတာပေါ့။ သူ့မှာ ငါတို့ကိုပြဖို့ ယုံကြည်ချက်ရှိတယ် ဆိုမှတော့ အဲဒါနဲ့ပက်သက်ပြီး ယုံကြည်ချက်နည်းနည်း ရှိတယ်ဆိုတဲ့ သဘောပဲလေ"

"စစ်မြေပြင်မှာ မင်းရဲ့ စိတ်ခွန်အားကို ပြုပြင်တယ်ဆိုတာ အသစ်အဆန်းတော့ မဟုတ်ပါဘူး။ အဲဒါက ကျူပ်တို့မုဆိုးတွေ လုပ်နေကြတဲ့ အရာပဲလေ။ ဒါပေမယ့် လူအနည်းငယ်လောက်ပဲ တစ်ကယ်လုပ်နိုင်ကြတာ။ သူက တစ်ခြားသူတွေကိုပါ အလားတူ လုပ်ဆောင်စေနိုင်ဖို့ ဆိုတာကတော့ မဖြစ်နိုင်ဘူး။ ကျိုးသဲအစီအစဉ်က အလုပ်ဖြစ်လိမ့်မယ်လို့ ငါတော့မထင်ဘူး"

ဤအရာက စုမင် ကြိုတင်ခန့်မှန်းထားခဲ့သလိုပင်။ သူတို့၏ ယခုဖျော်ဖြေမှုကို တပ်မှူးကျိုး တစ်ဦးတည်းသာ စောင့်ကြည့်နေခြင်းမဟုတ်ပဲ အခြားသူများလည်း စောင့်ကြည့်နေခဲ့လေသည်။ ဤအခိုက်အတန့်တွင်တော့ သူတို့ကို စောင့်ကြည့်သူအနည်းငယ်သာ ရှိကောင်းရှိနိုင်သည်။ သို့သော်လည်း ဤခမ်းနားကြီးကျယ်သော ဖျော်ဖြေမှုအား... တစ်ဖြည်းဖြည်း ပိုမိုသတိထားမိလာကြပေလိမ့်မည်။

တောင်ပိုင်းစစ်မြေပြင်တွင် စုမင်သည် ရှေ့သို့ ခြေတစ်လှမ်းတက်လိုက်၏။ သူ့ကိုယ်ပေါ်တွင် အစိမ်းရောင်အလင်း တောက်ပသွားပြီး ကျောက်စိမ်းဓားမြောင်ငယ်လေး တိုးထွက်သွားသည်နှင့် ညာလက်ကိုမြှောက်၍ ဓားသွားပုံသဏ္ဍာန် ဖွဲ့စည်းကာ မတူညီသော နေရာသုံးခုအား သုံးကြိမ် ခုတ်ပိုင်းချလိုက်သည်။

နတ်ဆိုးသုံးဖော် ကွပ်မျက်... ထိုက်စွေ့ကိုပင် သတ်ဖြတ်နိုင်သော ပညာရပ်။ နတ်ဆိုးသုံးဖော်ကို သတ်ဖြတ်မှုသုံးခုဟူ၍လည်း သိကြသည်။

ကောင်းကင်နှင့် မြေကြီးအကြားတွင် ခွဲခြားခြင်း၊ အစပျိုးခြင်းနှင့် ပြုစုပျိုးထောင်ခြင်း ဟူသည့် အင်အားသုံးရပ်ရှိသည်။ ခွဲခြားခြင်းအား လုယက်မှုနတ်ဆိုးဟူ၍ လည်းကောင်း၊ အစပျိုးခြင်းအား ဘေးဒုက္ခ၏နတ်ဆိုး အဖြစ်လည်းကောင်း၊ ပြုစုပျိုးထောင်ခြင်းကိုမူ အချိန်၏ နတ်ဆိုးအဖြစ်လည်းကောင်း သိရှိကြသည်။ ၎င်းတို့အား လုယက်မှု၊ ဘေးဒုက္ခနှင့် အချိန်၏ သတ်ဖြတ်မှုများ အဖြစ်လည်း သိထားကြ၏။

ခုတ်ချက်တစ်ချက်ဖြင့် လုယက်မှုကို ခုတ်ပိုင်းချလိုက်ပြီးနောက် ဘေးဒုက္ခနှင့် အချိန်တို့ကိုပါ ဆက်တိုက် ခုတ်ပိုင်းချလိုက်သည်။ နဂါးတစ်ကောင်က လေဟာနယ်ကို ဖျက်ဆီးလိုက်သကဲ့သို့ နတ်ဆိုးသုံးဖော်လုံးအား ခုတ်ပိုင်းချလိုက်ခြင်း ဖြစ်သည်။

စစ်မြေပြင်၌ နတ်ဆိုးသုံးဖော် ကွပ်မျက်ကို အကြိမ်ပေါင်းများစွာ အသုံးပြုပြီးနောက်တွင်တော့ ဤပညာရပ်၏ အဖျက်စွမ်းအားမှာ တစ်ဦးချင်း ယှဉ်ပြိုင်တိုက်ပွဲမျိုးတွင် အမှန်တစ်ကယ် လုံလောက်မှုမရှိကြောင်း စုမင် တစ်ဖြည်းဖြည်း သိလာခဲ့သည်။ သို့သော် ဤစစ်မြေပြင်တွင်တော့ ၎င်းက အံ့အားသင့်ဖွယ် အကျိုးသက်ရောက်မှုများကို ထုတ်ဖော်ပြသနိုင်ခဲ့၏။

ထို့အပြင် သူ၏ ယခုလက်ရှိ ကျင့်ကြံဆင့်နှင့်ဆိုလျှင် ခုတ်ချက်သုံးခုလုံးကို လုပ်ဆောင်နိုင်နေပြီ ဖြစ်သည်။

'စစ်မြေပြင်၊ ပရမ်းပတာဖြစ်မှု အားလုံးရဲ့ မူလအစ'

ရှေ့သို့ ချီတက်နေရင်းမှ စုမင်မျက်လုံးများ တောက်ပသွားပြီး ညာလက်ဖြင့် ပထမဆုံးအကြိမ်အဖြစ် ခုတ်ချက်တစ်ခု ပြုလုပ်လိုက်သည်။ လုယက်မှုနတ်ဆိုးမှာ သာမန်မျက်စိဖြင့် မမြင်နိုင်သော လှိုင်းဂယက်ငယ်များ အသွင်ဖြင့် ဖြစ်ပေါ်လာပြီး စုမင်အား ဗဟိုပြုလျက် အရပ်မျက်နှာအားလုံးသို့ အရူးအမူး စတင်ပျံ့နှံ့သွားကြသည်။

'အများအမြင်မှာတော့ အနိုင်ရဖို့က စစ်ပွဲရဲ့ အဓိကအချက်ပဲ။ ဒါပေမယ့် ကမ္ဘာပေါ်မှာရှိတဲ့ အရာတွေထဲမှာ စစ်ပွဲဆိုတာ အတင်းအဓမ္မ လုယူလိုတဲ့ ဆန္ဒပေါ်မှာပဲ အခြေခံထားတာ။ အောင်နိုင်သူတွေက ဒီကပ်ဘေးဒုက္ခအတွက် အကြောင်းအရင်းပဲ။ ဒီနေရာမှာ  နတ်ဆိုးသုံးဖော်ကွပ်မျက် အရမ်းထိရောက်မှုရှိနေတာက အဲဒါနဲ့ပက်သက်ပြီး ငါရဲ့ နားလည်သဘောပေါက်မှုက နက်ရှိုင်းလွန်းနေတာကြောင့် မဟုတ်ဘူး။ ဒီနေရာကို တည်ဆောက်ထားတဲ့ ပုံစံတွေက နတ်ဆိုးသုံးဖော် ကွပ်မျက်ရဲ့ စွမ်းအားကို အဆပေါင်းများစွာ တိုးတက်သွားစေခဲ့တာကြောင့်ပဲ'

စုမင် မျက်လုံးများက စူးရှတောက်ပနေသည်။ သူ့လက်ဖဝါးဖြင့် ခုတ်ပိုင်းချလိုက်ပြီးသည်နှင့် လှိုင်းဂယက်ငယ်များက စတင်ပျံ့နှံ့သွားကြပြီး  လှိုင်းဂယက်များ ဖုံးလွှမ်းခံလိုက်ရသော သူတို့ပတ်ဝန်းကျင်ရှိ ရှာမန်များအားလုံး စတင်တုန်ယင်လာကြသည်။

လှိုင်းဂယက်ငယ်များသည် စုမင်ပတ်ပတ်လည်ရှိ ပေထောင်ပေါင်းများစွာသော စက်ဝိုင်းပုံဧရိယာတစ်ခုလုံး ပျံ့နှံ့သွားခဲ့သည်။ ထိုဧရိယာအတွင်းရှိ ရှာမန်များသည် တစ်ယောက်ပြီး တစ်ယောက် စတင်တုန်ယင်လာကြပြီး သူတို့၏ သတ်ဖြတ်လိုစိတ်များလည်း လုံးဝ ပျောက်ဆုံးသွားကြသည်။ သူတို့၏ သေခြင်းတရားအပေါ် ကြောက်ရွံ့မှုမှာ ရုတ်ခြည်းဆိုသလို အဆပေါင်းများစွာ တိုးပွားသွားဟန်ဖြင့် သူတို့ စိတ်နှလုံးများက ရုတ်တရက် လေးလံလာခဲ့၏။

အခြားသူများ၏ အသက်ကို လုယူဖျက်ဆီးချင်သော သူတို့၏ နတ်ဆိုးစိတ်ဆန္ဒများမှာ စုမင်၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရသောကြောင့် ဖြစ်သည်။

လုယက်မှု နတ်ဆိုး မရှိတော့သောအခါ ဤစစ်ပွဲကြောင့် ဖြစ်ပေါ်လာသည့် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများအပေါ် မမြင်နိုင်သော ထိုးနှက်ချက်တစ်ခု ဖြစ်ပေါ်လာပြီး ရှာမန်လူမျိုးများသည်တော့ ဒေါသတကြီးဖြစ်နေသော ပင်လယ်ပြင်၌ ရုန်းကန်နေရသည့် မိမိတို့၏သင်္ဘောများကို ဆုံးရှုံးထားရသော  သင်္ဘောသားများသဖွယ် ဖြစ်လာကြသည်။

'နတ်ဆိုးသုံးဖော် ကွပ်မျက်က ကမ္ဘာလောကရဲ့ ပုံစံတွေကို ပြောင်းလဲစေတာပဲ။ အဲတော့ အကျိုးဆက်အနေနဲ့ ဒီပညာရပ်က ကောင်းကင်နဲ့ မြေပြင်ကိုတောင် ဖျက်ဆီးပစ်နိုင်တဲ့ စွမ်းအားတစ်မျိုးကို ထုတ်လွှတ်နိုင်သွားတယ်။ ဒီ လျှို့ဝှက်ဆန်းကြယ်တဲ့ စွမ်းအားက ကမ္ဘာလောကထဲမှာရှိတဲ့ ပုံစံတွေရဲ့ စွမ်းအင်ပဲ'

စုမင်အနေဖြင့် စွမ်းအားတိုးလာခြင်း၊ အရွယ်ရောက်လာခြင်းနှင့် အတူ များပြားလှသော အရာများကို ဖြတ်သန်းလာခဲ့ရခြင်းတို့ကြောင့် ဤပညာရပ်ကို ထုတ်ဖော်လိုက်ချိန်တွင် သူယခင်က နားမလည်ခဲ့သော စကားလုံးများစွာကိုပင် ပိုမို နားလည်သဘောပေါက်လာခဲ့၏။

'ငါ နတ်ဆိုးသုံးဖော်ကို ကွပ်မျက်နိုင်တယ်ဆိုတော့ သူတို့ကို နေရာချထားလို့ရမလားဆိုတာ သိချင်မိတယ်' ဤအတွေးက စုမင်ခေါင်းထဲ၌ ရုတ်တရက် ထွက်ပေါ်လာသည်။ သို့သော်ငြားလည်း ယခုအချိန်တွင်တော့ သူ့၌ ထိုအရာကို စမ်းသပ်နေရန်အချိန် မရှိပေ။ ရှေ့သို့ချီတက်ကာ ရှာမန်များကို ဆက်လက်သတ်ဖြတ်နေရင်း ညာလက်ကိုမြှောက်လျက် နောက်တစ်ဖန် လွှဲယမ်းကာ ခုတ်ချလိုက်ပြန်သည်။

ဤတစ်ကြိမ်တွင်လည်း လေကိုသာ ပိုင်းဖြတ်လိုက်ခြင်း ဖြစ်သည်။ သို့သော်လည်း ခုတ်ချက် ပြီးပြည့်စုံသွားချိန်တွင်တော့ သူ့ခြေထောက်အောက်ရှိ မြေပြင်က တုန်ခါလာသကဲ့သို့ စတင်ခံစားလိုက်ရသည်။ ထိုတုန်ခါမှုများကို သူတစ်ဦးတည်းသာ ခံစားရခြင်းဖြစ်သည်။ သူ့ပတ်လည်ရှိ လူများပင် သတိမပြုမိကြပေ။

'ခွဲခြားခြင်း၊ အစပျိုးခြင်းနဲ့ ပြုစုပျိုးထောင်ခြင်း။ အစပျိုးခြင်းကို ကပ်ဘေးဒုက္ခနတ်ဆိုးလို့လည်း သိကြတယ်။ သူ့ပုံစံကတော့ လူတစ်ဦးကို ဖွဲ့စည်းထားတဲ့ ပုံစံတွေနဲ့ မတူဘူး။ ဒီဖြစ်ရပ်ကိုယ်တိုင်ကကို ဘေးဒုက္ခတစ်ခု ဖြစ်နေတာ။ ပြီးတော့ သူက အဓိကကပ်ဘေးကြီးအဖြစ် ကြီးထွားလာတယ်။ မူလအတိုင်းဆိုရင်တော့ ဒီကပ်ဘေးကို သတ်ဖြတ်ခြင်းက ကောင်းတဲ့အရာတစ်ခု ဖြစ်လာသင့်တာ။ ဒါပေမယ့် ဒီလို ဖရိုဖရဲ အခြေအနေထဲမှာ ဘေးဒုက္ခနတ်ဆိုးကို သတ်ဖြတ်လိုက်မယ်ဆိုရင်တော့ ကွင်းဆက်ဖြစ်ရပ်တစ်ခု ဖြစ်ပေါ်စေလိမ့်မယ်။ ပြီးတော့  အဲဒါက ကောင်းချီးမဟုတ်တဲ့ ကပ်ဘေးတစ်ခုကလွဲလို့ ဘာမှဖြစ်လာမှာမဟုတ်ဘူး'

စုမင် ခေါင်းကို အလျင်အမြန်မော့လိုက်သည်။ လက်ရှိအချိန်တွင် သူသည် ဘေးဒုက္ခနတ်ဆိုးကို သတ်ဖြတ်ပြီးချိန်မှစ၍ ဤဧရိယာငယ်လေးအတွင်းရှိ အပြောင်းအလဲများကို မတွေ့ရသေးသော်လည်း ကောင်းကင်၊ မြေကြီးနှင့် မြေပြင်ပေါ်မှ သွေးများ၊ ကျောက်တုံးများအပြင် သူတို့အား တိုက်ခတ်နေသော လေများသည်ပင် ကွဲပြားခြားနားလာခဲ့သည်ကိုတော့ သူခံစားနိုင်နေခဲ့၏။

မူလက ဤနေရာသည် ရှာမန်များ၏ နယ်မြေဖြစ်သော်ငြား ယခုတော့ သူသည် မာန်စွမ်းအားရှင်များ၏ ပိုင်နက်မြေပေါ်တွင် ရပ်နေသကဲ့သို့ ခံစားနေရလေသည်။ စုမင် တစ်ဦးတည်းသာ ဤသို့ ခံစားနေရခြင်းမဟုတ်ပဲ သူ့အနောက်ရှိ ရာနှင့်ချီသော နောက်လိုက်များ အားလုံးမှာလည်း အလားတူ ခံစားနေရခြင်းဖြစ်သည်။

အခြားတစ်ဖက်တွင်တော့ ရှာမန်များဘက်၌ အရာရာက အကြီးအကျယ် ကွဲပြားခြားနားနေခဲ့သည်။ စုမင်တို့ လူအုပ်စုကြီး ရှေ့သို့ချီတက်လာသည်နှင့်အမျှ သူတို့ဆီသို့ ကစဉ့်ကလျား ဦးတည်ပျံသန်းလာကြသော မြားအချို့နှင့် အချို့လူများ ရှောင်ရှားလိုက်သော နတ်ဘုရားစွမ်းရည်အချို့ ဦးတည်တိုးဝင်လာချိန်တွင် စုမင်သည် ဘေးဒုက္ခနတ်ဆိုးကို သတ်ဖြတ်၍ ဤနေရာရှိ သတ်ဖြတ်မှုဆန္ဒအပေါ် လွှမ်းမိုးမှုပုံစံကို ပြောင်းလဲစေလိုက်ခြင်း ဖြစ်သည်။

ရှာမန်များမှာ ကံဆိုးမိုးမှောင်ကျနေဟန်ဖြင့် ထိုမြားများနှင့် နတ်ဘုရားစွမ်းရည်များက ၎င်းတို့အပေါ် ကျရောက်သွားခဲ့သည်။ ဤစစ်မျက်နှာပြင်ထဲတွင် ကစဉ့်ကလျား မြားများကြောင့် သေဆုံးနှုန်းက အမြင့်ဆုံးဖြစ်သည်။ ဤအခိုက်အတန့်တွင်တော့ ကစဉ့်ကလျားမြားအားလုံးသည် မာန်စွမ်းအားရှင်တို့အား မထိပဲ ရှာမန်များအပေါ်သာ ကျရောက်သွားခဲ့သည်။

စုမင် အလွန်အမင်း အံ့သြထိတ်လန့်သွားရသော်လည်း ရပ်တန့်ခြင်းမပြုခဲ့ပေ။ နတ်ဆိုးသုံးဖော်အနက် နောက်ဆုံးနတ်ဆိုးက အချိန်ဖြစ်သည်။ သူ ထိုအရာကို သတ်ဖြတ်လိုက်သည်နှင့် တစ်ပြိုင်နက် လေပြင်းတစ်ခုသည် နယ်မြေတစ်ခုလုံးကို ဖြတ်သန်းတိုက်ခတ်သွားပြီး ထိုဧရိယာအား ဝန်းရံသွားခဲ့သည်။ ၎င်းက ထိုနေရာရှိ လေများကို ချက်ချင်း ပြောင်းလဲသွားစေပြီး ရှာမန်တို့၏ ခန္ဓာကိုယ်များပေါ်ရှိ ဒဏ်ရာများက ပိုမိုဆိုးရွားလာခဲ့သည်။

ပြုစုပျိုးထောင်ခြင်း နတ်ဆိုး ပျောက်ကွယ်သွားပြီးသောအခါ ကောင်းကင်နှင့် မြေကြီးသည်ပင် ချက်ချင်းရပ်တန့်သွားခဲ့သည်။

စုမင် ရှင်းရှင်းလင်းလင်း မသိရသေးသော နိယာမများစွာ ရှိနေသေးသော်လည်း နတ်ဆိုးသုံးဖော် ကွပ်မျက်ခြင်းက ဤစစ်မြေပြင်ထဲရှိ ပုံစံများကို ပြောင်းလဲလိုက်ပြီးသည်နှင့် သူ့မျက်လုံးရှေ့မှာပင် ထူးဆန်းအံ့အားသင့်ဖွယ် စွမ်းအားတစ်ခု ဖြစ်ပေါ်လာသည်ကို မြင်နေရကြောင်းတော့ သူသေချာပြောနိုင်ဆဲ ဖြစ်သည်။

"သူတို့ကို သတ်" စုမင်အနောက်ရှိ ကျီချဲက ကျယ်လောင်စွာ ကြုံးဝါးလိုက်သည်။ စုမင်အနောက်သို့ လိုက်ပါနေသော ပတ်ဝန်းကျင်ရှိ မာန်စွမ်းအားရှင်များသည် ထိုနယ်မြေအား လေပြင်းမုန်တိုင်းတစ်ခုသဖွယ် ရှင်းလင်းဖြတ်သန်းသွားကြသည်။ သူတို့ဖြတ်သန်းသမျှ နေရာတိုင်း ရှာမန်များစွာ သေဆုံးသွားလေ့ရှိ၏။

မကြာမီမှာပင် ယန်ပေါ်ကလည်း ကောင်းကင်သို့မော့၍ ကျယ်လောင်စွာ အော်ဟစ်လိုက်ပြန်သည်။ "မုဆိုးစုမင်က ဒီနေရာမှာရှိနေတယ်။ ငါတို့ရဲ့မျိုးနွယ်ဝင် မာန်စွမ်းအားရှင်တွေ အားလုံးကို ငါတို့နဲ့ လာစုဝေးဖို့ ဖိတ်ခေါ်ပါတယ်။ ဂုဏ်ကျက်သရေအတွက် ငါတို့နဲ့ လာပူးပေါင်းလှည့်ပါ။ ရှာမန်တွေကို အမဲလိုက်ဖို့ ငါတို့နဲ့ လာပူးပေါင်းကြပါ"

ယန်ပေါ်တစ်ဦးတည်းသာ အော်ဟစ်နေခြင်း မဟုတ်ချေ။ သူ့စီစဉ်မှုများအောက်၌ လူတစ်ရာကျော်ကလည်း သူနှင့်အတူ လိုက်ပါအော်ဟစ်နေခဲ့ကြသည်။ သူတို့အသံများမှာ ဧရိယာတစ်လျှောက် လှိုင်းလုံးများသဖွယ် ပျံ့နှံ့သွားကြပြီး သူတို့အဖွဲ့ ရှေ့သို့ချီတက်လာသည်နှင့် ပိုမိုများပြားသော မာန်စွမ်းအားရှင်များလည်း ပူးပေါင်းလာကြသည်။

ယန်ပေါ်လုပ်ရပ်များအပေါ် စုမင် ဂရုမစိုက်ခဲ့ပေ။ သူသည် ရှေ့ဆုံးတွင်သာရပ်လျက် သတ်ဖြတ်ရင်း၊ လမ်းကြောင်းဖွင့်ရင်းဖြင့် သူ့အနောက်မှ လူများကို ခေါ်ဆောင်လျက် သူတို့ဦးတည်ရာသို့ တိုးဝင်လာခဲ့သည်။ လမ်းကြောင်းဧရိယာတွင်တော့ သွေးနှင့်သတ်ဖြတ်မှုများဖြင့် ပြည့်နေခဲ့၏။

လူအုပ်စုကြီးသည် ရှေ့သို့ချီတက်ရင်း ပိုမိုကြီးထွားလာခဲ့သလို ယန်ပေါ်၏ စီစဉ်မှုအောက်၌ အော်ဟစ်နေသူများသည်လည်း တစ်ဖြည်းဖြည်းဖြင့် လူတစ်ရာမှ နှစ်ရာသို့ ရောက်ရှိလာခဲ့သည်။

လူနှစ်ရာထံမှ ထွက်ပေါ်လာသော ကြွေးကြော်သံများမှာ ပိုမိုအားကောင်းလာသလို၊ ပိုမိုထိုးဖောက်နိုင်သည့် အင်အားလည်း ပါဝင်လာပြီး စစ်မြေပြင်တစ်လျှောက် ပျံ့နှံ့သွားကြသည်။ မကြာမီမှာပင် ကြွေးကြော်နေသော လူအရေအတွက်မှာ သုံးရာအထိ တိုးမြင့်လာပြီး လေထုထဲရှိ အသံလှိုင်းများသည်လည်း ကောင်းကင်ကို လှုပ်ခါနေသည့် မိုးကြိုးများသဖွယ် ဖြစ်ပေါ်လာခဲ့သည်။

အော်ဟစ်ကြွေးကြော်နေသူ အရေအတွက် ၆၀၀ ဖြစ်သွားချိန်တွင်တော့ သူတို့အသံများမှာ တောင်ပိုင်းစစ်မြေပြင်တစ်ခုလုံးကိုပင် လွှမ်းခြုံထားနိုင်ခဲ့ပြီး  မာန်စွမ်းအားရှင်များနှင့် ရှာမန်များအားလုံး ကြားနိုင်နေခဲ့ချေပြီ။

"ဒီနေရာမှာ မုဆိုးစုမင်ရှိတယ်..."

"ဒီနေရာမှာ မုဆိုးစုမင်ရှိတယ်..."

အသံလှိုင်းများ ဖြန့်ကျက်ခြင်းနှင့် စုမင်အဖွဲ့သို့ လူများ အဆက်မပြတ် ဝင်ရောက်ပူးပေါင်းလာကြသည်နှင့် အမျှ သူတို့ အရေအတွက်မှာလည်း တစ်ထောင်သို့ပင် ရောက်ရှိလာခဲ့ချေပြီ။ ဤလူတစ်ထောင်သည် အံ့အားသင့်ဖွယ် အရှိန်အဝါတစ်ခု ပါဝင်နေသည့် လူအုပ်ကြီးတစ်ခုသဖွယ် ဖြစ်ပြီး တောင်ပိုင်းစစ်မြေပြင်အတွင်း၌ သိသာထင်ရှားသော အလံကြီးတစ်ခုနှင့် တူနေခဲ့သည်။ သူတို့သွားသမျှ နေရာတိုင်းသို့ ဒီရေလှိုင်းလုံးကြီးသဖွယ် အရှိန်အဝါဖြင့် ရောက်ရှိလာခဲ့ကြလေသည်။

အချိန်အများစုတွင်တော့ ရှာမန်တို့၏ မုဆိုးများသည် စုမင်ဦးဆောင်လာသော မိုးခြိမ်းသံကဲ့သို့ ကြွေးကြော်သံများနှင့် လူတစ်ထောင် အဖွဲ့ကြီးကို မြင်လိုက်တိုင်း မျက်နှာအမူအယာများ ပြောင်းလဲကာ ရှောင်ရှားရန် ရွေးချယ်သွားလေ့ရှိ၏။ သူတို့၏ မုဆိုးများသည်ပင် ထိုကဲ့သို့ ပြုမူနေကြခြင်းဖြစ်ရာ အခြားရှာမန်များအတွက်တော့ ပိုမိုဆိုးရွားလို့နေခဲ့သည်။

"ဆရာ၊ ကျွန်တော်ရဲ့ စွမ်းရည်ကြောင့် ကျီချဲက ကျွန်တော်နဲ့အတူ လုပ်ကိုင်နေတဲ့ အချိန်မှာတောင် လူ ၁၀၀၀ကို အတူတကွ စုစည်းထားတာက ကျွန်တော့ရဲ့ အကန့်အသတ်ဖြစ်နေပါပြီ။ တစ်ထောင်ကျော်သွားတာနဲ့ သူတို့ကို ထိန်းချုပ်နိုင်ဖို့ တော်တော်ခက်သွားလိမ့်မယ်။ ဆရာ ဘယ်လိုထင်လဲ..." ယန်ပေါ်သည် ရှေ့သို့ခြေလှမ်းအနည်းငယ်ခန့် အလျင်အမြန်လျှောက်ကာ စုမင်နောက်သို့ ရောက်ရှိလာပြီး မြန်မြန်ဆန်ဆန် ပြောဆိုလိုက်သည်။

"လူတစ်ထောင်ဆို အဆင်ပြေပါပြီ။ ဒီလူတွေနဲ့ပဲ ငါတို့ ထိုးဖောက်ဝင်ရောက်ကြတာပေါ့"

လူအုပ်စုကြီးကို စုမင်တစ်ချက် လှည့်ကြည့်လိုက်သည်။

သူ့အနောက်တွင် များပြားလှသော လူများ စုဝေးနေကြသည်။ မာန်စွမ်းအားရှင် တစ်ထောင်လုံးနီးပါးက သူ့အား လှမ်းကြည့်နေကြ၏။ ဤအဖွဲ့ကို စုမင် ထိန်းချုပ်ထားခြင်း မဟုတ်သော်လည်း သူ့လုပ်ရပ်များနှင့် ရဲရင့်သော သူ့စိတ်ဓာတ်တို့က လူတိုင်းကို ခွန်အားပေးနေခဲ့ခြင်း ဖြစ်သည်။

သူ၏ စိတ်စွမ်းအားကို ပြသခြင်းအားဖြင့် သူ့နောက်မှ လိုက်ပါလာသော မာန်စွမ်းအားရှင်များအားလုံးအပေါ် လွှမ်းမိုးနိုင်လာပြီး သူကပင် ထိုအဖွဲ့ကြီး၏ စိတ်ဝိညာဉ်ဖြစ်လာခဲ့လေသည်။

စုမင် အကြည့်ပြန်လွှဲလိုက်သည်။ သူ့အနောက်မှ ယန်ပေါ်နှင့် ကျီချဲတို့က သူ့အမိန့်များကို အဖွဲ့ဆီသို့ ပြန်လည်ဖြန့်ဝေလိုက်သည်။ တစ်ခဏအကြာတွင်တော့ ထိုလူပေါင်းတစ်ထောင်၏ ပါးစပ်မှ ကောင်းကင်နှင့် မြေပြင်ကို လှုပ်ခါသွားစေနိုင်သည့် ကျယ်လောင် ရှည်လျားသော ကြွေးကြော်သံကြီး ထွက်ပေါ်လာခဲ့တော့သည်။ တစ်ဖြည်းဖြည်းဖြင့် ၎င်းတို့သည် တောင်ပိုင်းစစ်မြေပြင် တစ်ခုလုံးအား လှုပ်ခတ်သွားစေနိုင်သည့် အသံကြီးအဖြစ် ပြောင်းလဲသွားခဲ့သည်။ အရာအားလုံးကို အမြစ်ပြတ်သုတ်သင်ရှင်းလင်းရန် ပြောဆိုနေသည့် သင်္ကေတတစ်ခုကဲ့သို့ အခြားစစ်မျက်နှာပြင်များမှပင် တိုးသဲ့စွာ ကြားလိုက်ရလေသည်။

ဤအသံသည် ၎င်းလူပေါင်းတစ်ထောင်၏ ဘဝ၌ အကျယ်လောင်ဆုံးသော အသံများဖြင့် တစ်ပြိုင်နက်တည်း အော်ဟစ်လိုက်ကြသော ကြွေးကြော်သံများဖြစ်သည်။

"သူတို့ကို သတ်"

လေထုအတွင်းရှိ ထိုကြွေးကြော်သံနှင့်အတူ စုမင်သည် အဖွဲ့၏ ရှေ့ဆုံးမှနေ၍ အဝေးရှိ ရာပေါင်းများစွာသော ရှာမန်များရှိနေသည့် နေရာဆီသို့ တည့်တည့် ဦးတည်တိုးဝင်သွားတော့သည်။

ထိုနေရာတွင် ရာနှင့်ချီသော ရှာမန်များ၊ ဒါဇင်ချီသော မုဆိုးများ၊ ပေ တစ်ထောင်အရွယ်အစားရှိသည့် သားရဲရိုင်း တစ်ဒါဇင်ကျော်နှင့် ပေ ၁၀၀၀၀ အရွယ်အစားရှိ ဧရာမ သားရဲရိုင်းကြီးတစ်ကောင် ရှိနေသည်။ ၎င်းက... ရှာမန်များအတွက် အရေးပါသော နေရာတစ်ခုဖြစ်သည်။

လူတစ်ထောင်အဖွဲ့ကြီးမှာ စုမင်နောက်မှ ကပ်လျက်လိုက်ပါလာကြသည်။ လူအုပ်စုကြီးသည် မြေပြင်ထက်၌ ဧရာမနဂါးကြီးတစ်ကောင် သဖွယ် လှုပ်ရှားနေကြပြီး ၎င်းတို့ ရှေ့သို့ ချီတက်လာသည်နှင့်အမျှ သူတို့၏ အင်အားကြီးမားသော တည်ရှိမှုက အာရုံစိုက်ခံရသည့် အလယ်ဗဟို ဖြစ်လာခဲ့သည်။

ရှာမန်များမှာ သူတို့လမ်းကြောင်းမှ စွန့်ခွာသွားကြပြီး မာန်စွမ်းအားရှင်များကတော့ ထိတ်လန့်တုန်လှုပ်သွားကြသည်။ စုမင်၏ လမ်းညွှန်မှုအောက်တွင် လူတစ်ထောင်အဖွဲ့ကြီးသည် တောင်ပိုင်းစစ်မြေပြင်အား လေးညှို့မှ လွှတ်လိုက်သော မြားတစ်စင်းသဖွယ်  ဖြတ်သန်းလာခဲ့လေသည်။

ကျိုးသဲတစ်ယောက် ဤအရာများအားလုံးကို မြင်တွေ့ခဲ့ရသည်။ သူ့လက်သီးများကို တင်းတင်းဆုပ်ထားမိပြီး မျက်လုံးများကတော့ မျှော်လင့်ချက်ကြောင့် စူးရှတောက်ပနေခဲ့သည်။ ဆက်လက်စောင့်ကြည့်နေရင်း သူ့အသက်ရှူသံများကလည်း လျင်မြန်လာခဲ့လေသည်။

'စုမင် ငါ့ကို ပြလိုက်စမ်းပါ။ စိတ်စွမ်းအားက ဘယ်လောက်သန်မာတယ်ဆိုတာ လူတိုင်းကို ပြသလိုက်စမ်းပါ။ ဒါက မင်းရဲ့ ဖျော်ဖြေမှုပဲ။ တောင်ပိုင်းစစ်မြေပြင်ထဲက မင်းရဲ့ ကံကြမ္မာဆိုလည်း ဟုတ်တယ်။ ပြီးတော့ ဒါက ငါ့အခွင့်အရေးပဲ...'

'ဒီစစ်ပွဲထဲမှာ မင်းက လူတိုင်းရဲ့ အာရုံစိုက်မှု ဗဟို ဖြစ်လာနိုင်တယ်ဆိုရင်၊ ငါလည်း သူတို့ရဲ့ အာရုံစိုက်မှုကို ရလာလိမ့်မယ်။ မင်းသာ အောင်မြင်ခဲ့ရင် အနာဂတ်မှာ တောင်ပိုင်းစစ်မျက်နှာပြင်က မုဆိုးတွေ ခေါင်းဆောင်တဲ့ ကိုယ်ပိုင်အဖွဲ့တွေရှိတဲ့ နေရာတစ်ခုအဖြစ် ထူးခြားတဲ့နည်းလမ်းနဲ့ တိုက်ခိုက်နိုင်လိမ့်မယ်။ အဲဒီ မုဆိုးတွေက သူတို့အဖွဲ့တွေကို သူတို့စိတ်စွမ်းအားတွေနဲ့ လွှမ်းမိုးပြီး တိုက်ခိုက်ကြလိမ့်မယ်'

စုမင်ဦးဆောင်သော လူတစ်ထောင်အဖွဲ့က လေပြင်းမုန်တိုင်းတစ်ခုသဖွယ် တောင်ပိုင်းစစ်မျက်နှာပြင်ကို ဖြတ်သန်းရင်း မယုံနိုင်ဖွယ် မြင်ကွင်းတစ်ခု ဖြစ်လာခဲ့သည်နှင့် မြောက်ပိုင်းစစ်မြေပြင် တပ်မှူး၏ မျက်လုံးများမှာလည်း စတင်တောက်ပလာခဲ့သည်။ လက်ချောင်းများကိုသုံးလျက် တွက်ချက်နေပုံပေါ်သော အဘိုးအိုသည် အရာရာကို လေ့လာစောင့်ကြည့်ရန် သူ့မျက်လုံးများကို အသုံးပြုစရာ မလိုဟန်ရ၏။ ထူးခြားသော ပညာရပ်တစ်ခုကြောင့် သူ့ကိုယ်ပိုင် မျက်လုံးများဖြင့် မြင်နေရသကဲ့သို့ပင် အရာရာကို သိရှိနိုင်နေခဲ့သည်။

ထျန်းလန်မုန်သည်လည်း စုမင်နေရာတွင် ဖြစ်ပျက်နေသော အရာများကို အာရုံစိုက်နေခဲ့၏။ အလင်းမျက်နှာပြင်အတွင်းရှိ ကြွေးကြော်နေသော လူတစ်ထောင်အား ဦးဆောင်နေသည့် စုမင်ကို စူးစိုက်ကြည့်နေသော သူမမျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှု အရိပ်အမြွက်တစ်ခုပင် ရှိနေခဲ့သည်။

ကောင်းကင်မြူခိုး မြို့တော်အတွင်းရှိ အချင်းချင်း စကားပြောဆိုနေခဲ့သော အဘိုးအိုရှစ်ဦးသည်လည်း ယခုတော့ လုံးဝတိတ်ဆိတ်ငြိမ်သက်နေခဲ့ချေပြီ။ သူတို့၏ အကြည့်များအားလုံးသည် အဝေးရှိတောင်ပိုင်းစစ်မြေပြင် အစွန်အဖျားမှ ချီတက်လာနေသည့် လူတစ်ထောင်ဖြင့် ဖွဲ့စည်းထားသော နဂါးကြီးပေါ်တွင်သာ ရှိနေကြသည်။

စောင့်ကြည့်နေရင်းမှပင် ထိုမြင်ကွင်းအပေါ် အာရုံစိုက်နေကြသူ အားလုံးမှာ နဂါးကြီး၏ ခေါင်းပိုင်းမှ ထွက်ပေါ်လာပြီး အတွင်းရှိလူတစ်ထောင်အား ဖြည့်ဆည်းပေးနေသည့် အနိုင်မခံ၊ အရှုံးမပေးသော စိတ်ဝိညာဉ်တစ်ခုကို ခံစားမိကြလေသည်။ ထိုစိတ်ဝိညာဉ်သည်ပင် ၎င်းတို့အကြား မယုံနိုင်ဖွယ် စိတ်စွမ်းအားတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ခြင်း ဖြစ်သည်။

ယခင်က စုမင်အား အလျင်နှုန်းပညာရပ်ကို သင်ကြားပေးခဲ့သည့် အေးခဲကောင်းကင်ကလန်မှ အဘိုးအိုသည် အေးခဲကောင်းကင် ဓားရှည်ကြီး၏ ထိပ်ဖျားတွင် ထိုင်နေခဲ့ခြင်း ဖြစ်သည်။ မူလကတော့ သူ့၌ ကိုယ်ပိုင်တာဝန်တစ်ခု ရှိနေခဲ့၍ ကောင်းကင်နှင့် မြေပြင်မှ စစ်ပွဲများအပေါ် အာရုံသိပ်မစိုက်မိခဲ့ပေ။

သို့သော် ထိုအခိုက်အတန့်တွက်တော့ သူ့ပုံစံက အံ့သြထိတ်လန့်နေခဲ့ပြီး သူ့အကြည့်က တောင်ပိုင်းစစ်မြေပြင်ကို ဖြတ်သန်းနေသည့် စုမင်နှင့် သူ၏လူတစ်ထောင်ပေါ်တွင် ကျရောက်နေခဲ့သည်။

"စုမင်..." အဘိုးအိုတွင် သာလွန်ထူးခြားသော စွမ်းအားများရှိပြီး သူ့အကြည့်က လျှပ်စီးတစ်ခုသဖွယ်ပင်။ အဖွဲ့၏ ရှေ့ဆုံးရှိ သွေးများရွှဲနစ်နေသော ဝတ်ရုံနှင့်လူက... စုမင်ဖြစ်ကြောင်း သူမြင်နိုင်ချေသည်။

တောင်ပိုင်း စစ်မြေပြင်၏ အထက်ကောင်းကင်တွင် မျောလွင့်နေသည့် အနောက်ပိုင်းပင်လယ်ကလန်မှ ဧရာမကြေးမုံမှန်ကြီးပေါ်တွင်လည်း လူတစ်ဦးထိုင်နေခဲ့သည်။ ထိုလူမှာ လူငယ်လေးတစ်ဦး ဖြစ်ပြီး အကယ်၍ စုမင်သာ သူ့ကိုမြင်လိုက်လျှင် ဤလူငယ်လေးမှာ လေလံပွဲအတွင်း ထွက်ပေါ်လာခဲ့သည့် အနောက်ပိုင်းပင်လယ်ကလန်၏ အဖွဲ့ဝင်ဖြစ်ကြောင်း တစ်ချက်ကြည့်လိုက်ရုံဖြင့်ပင် မှတ်မိသွားပေလိမ့်မည်။

'အဲဒါ သူပဲ...' လူငယ်၏ မျက်လုံးများက တောက်ပသွားပြီး မြေပြင်ပေါ်ရှိ စုမင်ကိုကြည့်နေရင်း သူ့အမူအယာကလည်း ပြောင်းလဲသွားခဲ့သည်။

ထိူလူများအပြင် စစ်မြေပြင်အစွန်းများရှိ မာန်စွမ်းအားရှင်များသည်လည်း ရာနှင့်ချီသော ရှာမန်များသာ ရှိသော ရှာမန်နယ်မြေထဲသို့ ဦးတည်တိုးဝင်သွားသော စုမင်နှင့် သူ့အဖွဲ့ကို တွေ့လိုက်ကြသည်။

အရှေ့ပိုင်း စစ်မျက်နှာပြင်တွင် ထျန်းလန်ယို့သည် တောင်ပိုင်းစစ်မျက်နှာပြင် ရှိရာဘက်ဆီသို့  ပထမဆုံးအကြိမ်အဖြစ် လှည့်ကြည့်လိုက်သည်။

"မိုက်မဲတယ်" သူမက အေးစက်စက် တစ်ခွန်းသာပြောလိုက်ပြီး အရှေ့ပိုင်းစစ်မြေပြင်အတွင်းမှ စစ်ပွဲကို ဆက်လက်ဆောင်ရွက်ရန် အကြည့်ပြန်လွှဲလိုက်လေသည်။

***

All Chapters