ငါက စုမင်
Vol. 26 Ch. 352
စစ်မြေပြင်တွင် အမှန်၊ အမှားဟူ၍ မရှိချေ။
စစ်မြေပြင်၌ အမိန့်နာခံမှုတစ်ခုသာ ရှိ၏။
စုမင်အနေဖြင့် ဤစစ်ပွဲတွင် ပါဝင်ရန် ရွေးချယ်ခဲ့ပြီးမှတော့ ကျိုးသဲ၏ အမိန့်ကို လိုက်နာရမည်သာ ဖြစ်သည်။ ခမ်းနားထည်ဝါသော စွမ်းဆောင်ရည်ကို ပြသပြီး ဤစစ်ဆေးမှုကို အောင်မြင်အောင် လုပ်ရပေမည်။
တောင်ပိုင်းစစ်မျက်နှာပြင်မှ သူပြေးထွက်လာချိန်အထိပင် လူပေါင်းတစ်ထောင်က သူ့အနောက်မှ လိုက်ပါလာဆဲ ဖြစ်သည်။ ရာချီသော ရှာမန်များ ရှိနေသည့် ဧရိယာမှာ အလွန်ဝေးကွာသော နေရာတစ်ခုတွင်ရှိသည်။
ရာချီသော ရှာမန်တို့၏ အကြည့်များမှာ သူတို့ဘက်သို့ လှည့်လာကြပြီး သူတို့အားလုံးအား အေးစက်စွာ စိုက်ကြည့်နေကြသည်ကိုပင် စုမင်မြင်နေရ၏။
"ဆရာ၊ မင်း လူခွဲပြီးတော့ ရှာမန်တွေရဲ့ အင်အားကို ခွဲထုတ်ပစ်ချင်လား..." ယန်ပေါ်နှလုံးသားမှာ ရင်ဘတ်ထဲမှ ပေါက်ထွက်တော့မည်ကဲ့သို့ ခုန်လှုပ်နေသည်။ သူ အလွန်ရူးမိုက်စွာ ပြုမူခဲ့မိသည်ဟုလည်း ခံစားနေရသည်။ မူလကတော့ သူသည် ဤစစ်မြေပြင်၌ မိမိ၏ ရှင်သန်ရပ်တည်နိုင်ရေး အတွက် တိုက်ခိုက်ရန် လူတစ်ဒါဇင်ခန့်ကိုသာ ဦးဆောင်နေခဲ့သည့် မည်သူမျှဂရုမစိုက်သော ဘာမဟုတ်သူ တစ်ဦးသာ ဖြစ်သည်။
သို့သော် စုမင်နှင့် ဆုံတွေ့ခဲ့ပြီးချိန်မှစ၍ ဤအရာများအားလုံးက သိသိသာသာ ပြောင်းလဲသွားခဲ့သည်။ လူတစ်ရာကို ဦးဆောင်ရသောအခါ သူသိသိသာသာပင် ကျေနပ်ပျော်ရွှင်နေခဲ့သည်။ သူ့အမိန့်အောက်တွင်ရှိနေသော ထိုလူတစ်ရာနှင့်ဆိုလျှင် ပိုမိုများပြားသော ရှာမန်များကို သတ်ဖြတ်နိုင်ပြီး သူတို့၏ ရှင်သန်ကျန်ရစ်နိုင်မည့် အခွင့်အရေးများမှာလည်း အမြင့်ဆုံးသို့ ရောက်ရှိလာလိမ့်မည်ဟု သူယုံကြည်နေခဲ့သည်။
သို့သော်လည်း ထိုစိတ်ကျေနပ်မှုက ကြာရှည်မခံခဲ့ပေ။ သူတို့ နောက်လိုက်များမှာ နှစ်ရာမှ သုံးရာအထိ တိုးများလာခဲ့ပြီး အချိန်ကုန်လွန်လာသည်နှင့်အမျှ အရေအတွက်က ပိုမိုများပြားလာခဲ့သည်။ ဤသို့သော ပြောင်းလဲမှုမျိုးက ယန်ပေါ်ကို စိတ်လှုပ်ရှားစေရုံသာမက ကြောက်ရွံ့လာစေ၏။
တပ်မှူးကျိုး၏ အမိန့်များ ရောက်ရှိလာချိန်တွင်တော့ သူ့နှလုံးသားအတွင်း နှုတ်ထွက်လိုခြင်းနှင့်အတူ လေးပင်သော စိတ်ခံစားချက်တစ်ခုသာ ရှိနေခဲ့သည်။
သူ ထွက်ပြေးချင်ခဲ့သော်ငြားလည်း အမိန့်က တောင်ကြီးတစ်လုံးသဖွယ် ခိုင်မာနေခဲ့သည်။ သူဆုတ်ခွာလိုက်သည်နှင့် တစ်ပြိုင်နက် သူ့မျိုးနွယ်စုမှ သူ့ကို အထင်သေးသွားတော့မှာ ဖြစ်သည်။ ထို့ကြောင့် သူ နောက်ဆုတ်၍ မရခဲ့ပေ။
သူ့အနောက်၌ ရှိနေသည်က ကောင်းကင်မြူခိုး အတားအဆီး ဖြစ်သည်။ အကယ်၍ သူဆုတ်ခွာခဲ့လျှင်၊ အကယ်၍ အခြားသူများသည်လည်း ဆုတ်ခွာခဲ့လျှင် စစ်မီးက မာန်စွမ်းအားရှင် မျိုးနွယ်စုတစ်ခုလုံးသို့ ပျံ့နှံ့သွားပေလိမ့်မည်... ဤစစ်ပွဲမှာ ရာစုနှစ်တစ်စုလျှင် တစ်ကြိမ်သာ ဖြစ်ပွားသော အရာဖြစ်ပြီး နောက်ဆုံးစစ်ပွဲမဟုတ်ဟု သူ့ကိုယ်သူ အဆက်မပြတ် သတိပေးနေခဲ့လျှင်တောင် ထိုအရာက သူစိတ်ကူးမကြည့်ရဲသည့် မြင်ကွင်းတစ်ခု ဖြစ်နေဆဲပင်။
ကောင်းကင်မြူခိုး အတားအဆီးမှာ ကျိုးပေါက်သွားလိမ့်မည် မဟုတ်ဟု သူ့ကိုယ်သူ ပြောနေခဲ့သော်ငြားလည်း စစ်ပွဲသို့ အမှန်တစ်ကယ် ဝင်ရောက်ပါဝင်လိုက်ချိန်တွင်တော့ ၎င်း၏ ရက်စက်ကြမ်းကြုတ်မှုနှင့် ကြောက်မက်ဖွယ်ကောင်းမှုကို ကြုံတွေ့ခဲ့ရလေသည်။
အရာအားလုံးက ဖြစ်ပျက်သွားနိုင်၏။
"သူတို့ကို ဘယ်လိုဦးဆောင်သင့်လဲဆိုတဲ့ အချက်တွေကို ငါမသိဘူး။ မင်းပဲ စီစဉ်လိုက်ပါ" စုမင် ခေါင်းလှည့်မကြည့်ခဲ့ပေ။ သူ့မျက်လုံးများသည် အဝေးမှ ရှာမန်များကိုသာ အာရုံစိုက်နေပြီး ရှေ့သို့ချီတက်နေရင်းမှ အသံတိုးတိုးဖြင့် ပြောလိုက်သည်။
"ဆရာ၊ ကျွန်တော့ အတွေးကတော့ ကျွန်တော်တို့ အဖွဲ့တွေကို ပြောင်းလဲပစ်ဖို့လိုတယ်လို့ မထင်ဘူး။ ဒီနေရာကနေ အဲဒီကိုရောက်ဖို့ဆို ပေ ၁၀၀၀၀၀လောက် ဝေးတယ်။ သူတို့ဆီကို အခုလိုပဲ တိုက်ရိုက်ဦးတည်သွားကြတာပေါ့" ယန်ပေါ် အံတင်းတင်းကြိတ်ထားလိုက်မိသည်။ သူတို့လူခွဲလိုက်သည်နှင့် လူအချို့က ထိတ်လန့်ကြောက်ရွံ့လျက် ပြန်လည်ဆုတ်ခွာသွားကြမည်ကို သူစိုးရိမ်နေခြင်း ဖြစ်သည်။ အကယ်၍ ထိုသို့သာ ဖြစ်မည်ဆိုလျှင်တော့ စုမင်နောက်သို့ လိုက်ခြင်းက ပိုကောင်းပေသည်။
"မင်း ကြောက်လား" စုမင် မေးလိုက်၏။
"မကြောက်ပါဘူး" ယန်ပေါ် အံကြိတ်ထားမိသည်။
"ကျွန်တော်လည်း မကြောက်ပါဘူး။ အများဆုံးမှ ကျွန်တော်သေသွားရုံပဲ ရှိမှာ" ကျီချဲသည် အခြားသူများထံသို့ အမိန့်ပေးပြီးသည်နှင့် လူအုပ်ထဲမှ ပြန်တိုးထွက်လာကာ စုမင်အနောက်မှ သူ့နေရာသို့ ပြန်လာခဲ့သည်။ အရှေ့သို့ ပြေးလာရင်းမှ စုမင်နှင့် ယန်ပေါ်တို့ စကားများကို ကြားလိုက်ရသဖြင့် နံဘေးမှနေ၍ ရယ်မောလျက် သူ့အဖြေကိုပြောဆိုလိုက်ခြင်း ဖြစ်သည်။
စုမင် ပြုံးလိုက်မိသည်။ သူ့မျက်လုံးများမှာတော့ တိုက်ခိုက်လိုသည့် စိတ်ဝိညာဉ်များဖြင့် ပြည့်နေခဲ့သည်။
သူရှေ့သို့ ဦးတည်ချီတက်လိုက်သည်နှင့် တစ်ပြိုင်နက် လူတစ်ထောင်အဖွဲ့ကြီးသည်လည်း လေပြင်းတစ်ခုသဖွယ် ဦးတည်လိုက်ကြသည်။ ထိုလေပြင်းသည် ကောင်းကင်မြူခိုး၏ ပိုင်နက်ဧရိယာ အလွန်မှနေ၍ စတင်တိုက်ခတ်လာပြီး ရှာမန်အုပ်စုကြီးဆီသို့ ဦးတည်တိုက်ခတ်ခဲ့လေသည်။
ပေ ၁၀၀၀၀၀၊ ပေ ၉၀၀၀၀၊ ပေ ၈၀၀၀၀၊ ပေ ၇၀၀၀၀...
စုမင်နှင့် ကျန်လူများ ရှေ့သို့ ဦးတည်ချီတက်နေကြစဉ် အဖွဲ့အတွင်းမှ ထွက်ပေါ်လာနေသည့် ခပ်တိုးတိုးကြွေးကြော်သံများကိုပင် ကြားနိုင်ချေသည်။ သူတို့သည် စစ်မြေပြင်မှ လုံးဝ ထွက်ခွာလာခဲ့ပြီဖြစ်သလို စစ်ပွဲအတွင်း မယုံနိုင်ဖွယ် ထူးခြားထင်ရှားသော တည်ရှိမှုတစ်ခုအဖြစ်လည်း ပြောင်းလဲသွားခဲ့ချေပြီ။
ရှာမန်အုပ်စုကြီးနှင့် ပေ၆၀၀၀၀ အကွာအဝေးသို့ သူတို့ရောက်သွားသည်နှင့် ရှာမန်များက စတင်လှုပ်ရှားလာခဲ့သည်။ မျက်နှာဖုံးတပ် မုဆိုးငါးဦးနှင့် ၎င်းတို့အနောက်မှ ရှာမန်စစ်သည် တစ်ရာဝန်းကျင်ခန့်က စုမင်ဆီသို့ ဦးတည်ပြေးဝင်လာခဲ့သည်။
ထိုအခိုက်အတန့်တွင် စုမင်တို့သည် လူအားလုံး၏ အာရုံစိုက်မှု အလယ်ဗဟို မဟုတ်လျှင်တောင် လူပေါင်းများစွာ၏ အကြည့်များက သူတို့အပေါ် ကျရောက်နေဆဲဖြစ်သည်။ အထူးသဖြင့်တော့ ကောင်းကင်မြူခိုးမြို့တော် အတွင်းမှလူများပင်။ မြို့ရိုးပေါ်မှ အဘိုးအိုရှစ်ဦးအပြင် အခြားသူများသည်လည်း စုမင်တို့အဖွဲ့ကို တွေ့မြင်နေခဲ့ချေပြီ။
ကောင်းကင်မြူခိုး မြို့တော်အတွင်း အမြင့်ဆုံး အဆောက်အဦးမှာ ကြီးမားသော ဒုလုံးရှည်(ဆလင်ဒါ)ပုံသဏ္ဍာန် အဆောက်အဦးကြီး ဖြစ်သည်။ ၎င်း၏ထိပ်ဖျားတွင်တော့ ပေ ၁၀၀၀ အရွယ်အစားရှိသော စက်ဝန်းပုံ ဘောလုံးကြီးတစ်ခုရှိသည်။
၎င်းက ဒုလုံးချွန်ကြီးအထက်တွင် လွင့်မျောနေပြီး ထိုဘောလုံးကြီးထဲမှာပင် တိတ်ဆိတ်ငြိမ်သက်နေသော အခန်းတစ်ခု ရှိနေသည်။
ယခုအချိန်တွင်တော့ ထိုအခန်းတွင်း၌ တင်ပလ္လင်ခွေလျက် ထိုင်နေသော အဘိုးအိုသုံးဦး ရှိနေလေသည်။
အလယ်ရှိ အဘိုးအိုမှာ ခြောက်သွေ့မှုန်မှိုင်းသော အသားအရေ ရှိသည်။ နှစ်သိန်းပေါင်းများစွာ နေထိုင်လာခဲ့ရဟန်ဖြင့် သူ့မျက်လုံးများအတွင်း သိမ်မွေ့နက်နဲမှု တစ်စွန်းတစ်စ ရှိနေ၏။ အဘိုးအိုက သူ့အရှေ့တည့်တည့်သို့ စိုက်ကြည့်နေခြင်း ဖြစ်သည်။ အကယ်၍ သူကြည့်နေသော နေရာကိုသာ ကြည့်လိုက်မိမည်ဆိုလျှင် သူ့မြင်ကွင်းကို နံရံများ ပိတ်ဆီးထားကြောင်း တွေ့ရပေလိမ့်မည်။ သို့သော် ဘောလုံးကြီး၏ နံရံများမှာ အတွင်းသို့မမြင်ရအောင် ပိတ်ဆို့ထားခဲ့သည်ဆိုသော်လည်း အဘိုးအိုကိုတော့ စစ်မြေပြင်ပေါ်မှ နေရာတိုင်းကို ရှင်းရှင်းလင်းလင်း မြင်နေရစေသည်။
အဘိုးအို၏ အကြည့်က စုမင်၏ လူတစ်ထောင် အဖွဲ့ကြီးအပေါ် ကျရောက်နေခဲ့သည်။
သူ့မျက်လုံးများသာ မဟုတ်ပဲ နံဘေးရှိ အဘိုးအိုနှစ်ဦး၏ အကြည့်များမှာလည်း စုမင်တို့အဖွဲ့အပေါ် စူးစိုက်ကျရောက်နေလေသည်။
"တောင်ပိုင်းစစ်မြေပြင်မှာ ရှိတဲ့ မာန်စွမ်းအားရှင် အများစုက ငါ့ရဲ့ အနောက်ပိုင်းပင်လယ်ကလန်ကပဲ" ညာဘက်တွင် ထိုင်နေသော အပြာရောင်ဝတ်ရုံနှင့် အဘိုးအိုက ပြုံးလျက် ပြောသည်။
ဘယ်ဘက်တွင် ထိုင်နေသော အနက်ရောင်ဝတ်ရုံနှင့် အဘိုးအိုမှာ ထိုစကားကို ကြားသော် ဟမ့်ခနဲ အေးစက်စွာရေရွတ်လိုက်သော်လည်း ဘာစကားမှတော့ ပြန်မပြောခဲ့ပေ။
သူတို့အကြည့်များ အောက်မှာပင် ရှာမန်မျိုးနွယ်စုမှ မုဆိုးများ ဦးဆောင်လာသော ရှာမန်တစ်ရာခန့်မှာ စုမင်တို့အဖွဲ့ဆီသို့ အရှေ့တည့်တည့်မှနေ၍ မယုံနိုင်ဖွယ် အလျင်ဖြင့် ချဉ်းကပ်လာခဲ့သည်။ ထိုစစ်တပ်နှစ်ခုသည် ရှာမန်များ၏ နေရာမှ ပေ ၄၀၀၀၀ အကွာတွင် ထိပ်တိုက်ရင်ဆိုင်လိုက်မိကြသည်။
ဤအရာက မယုံနိုင်လောက်အောင် အပျက်အစီးများသော တိုက်ပွဲတစ်ခု ဖြစ်ခဲ့သည်။ ရှာမန်များ၏ အရေအတွက်မှာ တစ်ရာနီးပါးခန့်သာ ရှိသော်လည်း စစ်မြေပြင်တွင် စုမင်ဆုံတွေ့ခဲ့ဖူးသော လူများနှင့် လုံးဝခြားနားနေခဲ့သည်။ သူတို့တိုက်ခိုက်မှုများက ပြတ်သားသလို သူတို့စွမ်းအားများမှာလည်း စစ်မြေပြင်မှလူများနှင့် သိသိသာသာ ကွဲပြားနေခဲ့သည်။ ဤရှာမန်များမှာ တစ်ယောက်တစ်လေမျှပင် အားနည်းခြင်းမရှိချေ။
အခြားတစ်ဖက်ရှိ စုမင်ဘက်တွင် လူများစွာရှိသော်လည်း သူတို့ကျင့်ကြံဆင့်များကတော့ မတူညီကြပေ။ သူတို့ကို ဦးဆောင်နေသော စုမင်၏ စိတ်စွမ်းအားဖြင့် မရပ်မနား ဖိအားပေးထားခြင်းသာ မရှိလျှင် သူတို့မှာ အချိန်ကြာမြင့်စွာတည်းကပင် ပြိုကွဲနေခဲ့လောက်ချေပြီ။
နှစ်ဖက် ရင်ဆိုင်တွေ့မိကြသည်နှင့် စုမင်လူများထဲမှ တစ်ရာနီးပါးက ချက်ချင်းသေဆုံးသွားခဲ့သည်။ လေထုအတွင်း တိုက်ခိုက်သံများ ပဲ့တင်ထပ်နေပြီး စုမင်အရှေ့ရှိ ရှာမန်မျိုးနွယ်စုမှ မုဆိုးနှစ်ဦးသည် သူ့အား နှစ်ဖက်ညှပ်ကာ တိုက်ခိုက်လာခဲ့သည်။
မုဆိုးနှစ်ဦး၏ စွမ်းအားမှာ ရိုးရေစတေးနယ်ပယ် အလယ်ဆင့်မှ လူများနှင့် တူညီနေသည်။ သူတို့နှစ်ဦး၏ ပူးတွဲတိုက်ခိုက်မှုသည် စုမင်ကို ရှေ့ဆက်မတက်နိုင်စေရန် တားဆီးလိုက်သည်။ စုမင်၏ ဘယ်ဘက်မျက်လုံးသည် တိုက်ခိုက်လိုစိတ်ဖြင့် တောက်ပနေသော်လည်း အေးစက်နေဆဲ ဖြစ်ပြီး ညာဘက်မျက်လုံးအတွင်း သတ်ဖြတ်လိုသည့် အသိနှင့်ယှဉ်ပါက သိသိသာသာပင် ကွဲပြားခြားနားနေခဲ့သည်။
တိုက်ပွဲက စတင်ခဲ့ရုံပင် ရှိသေးသော်လည်း သူ့မာန်စွမ်းအားရှင်များ အဖွဲ့မှာ ထိခိုက်ဒဏ်ရာရနေကြချေပြီ။ ထိုအချိန်မှာပင် ပေ ၄၀၀၀၀ အဝေးရှိ ရှာမန်များ၏နေရာမှ မုဆိုးငါးဦး ဦးဆောင်သော အခြား ရှာမန်တစ်ရာဝန်းကျင် ထပ်မံ ထွက်ခွာလာကြပြန်သည်။
သူတို့ရောက်ရှိလာမှုက တိုက်ပွဲကို ချက်ချင်းလှုံ့ဆော်လိုက်နိုင်မည် မဟုတ်သော်လည်း စုမင်အဖွဲ့အပေါ်ကိုတော့ ဖိအားများစွာ ဖြစ်စေခဲ့သည်။ ဤဖိအားမှာ အလွန်ကောင်းသော နည်းဗျူဟာတစ်ခုဖြစ်ပြီး ၎င်း၏ အကျိုးသက်ရောက်မှုများမှာ အားအကောင်းဆုံး နတ်ဘုရားစွမ်းရည်များနှင့်ပင် ယှဉ်ပြိုင်နိုင်သည်ဟု ဆိုနိုင်၏။
"ကောင်းလိုက်တဲ့ လှုပ်ရှားမှု" ယန်ပေါ်၏ မျက်နှာက သွေးများဖြင့် ရွှဲနစ်နေသည်။ သူသည် တိုက်ခိုက်နေရာမှ ဤမြင်ကွင်းကို မြင်လိုက်ချိန်တွင်တော့ သက်ပြင်းချလိုက်မိရုံသာ တတ်နိုင်လေ၏။
ရဲစွမ်းသတ္တိရှိမှသာ စစ်မြေပြင်မှ ပြေးလွှားထွက်ခွာလာနိုင်မည်ဖြစ်ပြီး ထိုသို့ပြုလုပ်နိုင်ရန် လိုအပ်သော သတ္တိမှာလည်း အနည်းအကျဉ်းခန့်သာ မဟုတ်ချေ။ တစ်ပြိုင်တည်း ပြေးထွက်လာကြသော လူတစ်ထောင်ထဲတွင်တော့ သူတို့ရှေ့တွင် ရှိနေသော စုမင်၏ စိတ်စွမ်းအားနှင့် သူတို့ပတ်ဝန်းကျင်တွင် မည်သည့်အပြောင်းအလဲမှ မရှိခြင်းတို့ကြောင့်သာ ထိုသတ္တိမျိုးကို ပိုင်ဆိုင်ထားသူများ ရှိနေ၏။
သို့သော် သူတို့ ထွက်ခွာလာချိန်မှာပင် အတားအဆီးများနှင့် ရင်ဆိုင်ရပြီး သူတို့လူတစ်ရာနီးပါးခန့်မှာ ချက်ချင်း သေဆုံးသွားခဲ့ချေပြီ။ အဝေးမှ ပြေးဝင်လာနေသော အလားတူ ရှာမန်အဖွဲ့မျိုး နောက်တစ်ဖွဲ့ကို မြင်လိုက်ရသည်နှင့် တစ်ပြိုင်နက် ဖြစ်ပေါ်လာသော မမြင်နိုင်သည့် ဖိအားပမာဏမှာ လူတစ်ဦး၏ စိတ်ဝိညာဉ်ကို ပြိုလဲသွားစေရန် လုံလောက်နေခဲ့သည်။
ထို့ကြောင့် ဒုတိယအသုတ် ရှာမန်များ ရောက်မလာခင်မှာပင် အဖွဲ့၏ အစွန်ဆုံးတွင် ရှိနေသော မာန်စွမ်းအားရှင်အချို့မှာ ဤအကြောက်တရားအောက်၌ စတင်ဆုတ်ခွာလာကြတော့သည်။
အစပိုင်းတွင် ဆုတ်ခွာသွားသူများမှာ ဒါဇင်အနည်းငယ်သာ ရှိသော်လည်း ခဏအကြာတွင်တော့ ရာချီသော လူများမှာ ရှေ့ဆက်မတိုးတော့ပဲ နောက်ဆုတ်ရန် ရွေးချယ်သွားခဲ့ကြသည်။ ၎င်းတို့၏ နောက်ပြန်ဆုတ်သော အရှိန်များ လျင်မြန်လာသည်နှင့်အမျှ လူတစ်ထောင်အဖွဲ့ကြီးမှာလည်း အပိုင်းနှစ်ပိုင်း ကွဲထွက်သွားပုံ ရသည်။
ကျိုးသဲတစ်ယောက် ဤမြင်ကွင်းကို မြင်သောအခါ လုံးဝဥဿုံ စိတ်ပျက်သွားရသည်။
မြောက်ပိုင်းစစ်မြေပြင်မှ အဘိုးအိုသည်လည်း သက်ပြင်းချလျက် ခေါင်းခါယမ်းလိုက်မိသည်။
ထျန်းလန်မုန်၏ မျက်နှာလေးမှာလည်း ဖြူဖျော့နေချေပြီ။
သူမအကြည့်များကတော့ စုမင်တစ်ဦးတည်း အပေါ်တွင်သာ စူးစိုက်ကျရောက်နေခဲ့သည်။
အရှေ့ပိုင်းစစ်မြေပြင်မှ ထျန်းလန်ယို့သည်တော့ စုမင်တို့အဖွဲ့အား တစ်ချက်ကြည့်ကာ မိုက်မဲသည်ဟု မှတ်ချက်ချပြီးချိန်တည်းက အာရုံထပ်မစိုက်ခဲ့ပါချေ။ စုမင်တို့အဖွဲ့မှာ သူမ၏ အာရုံစိုက်မှုကို အနည်းငယ်မျှတောင် မရရှိနိုင်သကဲ့သို့ပင် ဖြစ်သည်။
ကောင်းကင်မြူခိုး မြို့တော်အပေါ်မှ အဘိုးအိုရှစ်ဦးမှာ တည်ငြိမ်နေဆဲ ဖြစ်သည်။ သူတို့၏ နှစ်ပေါင်းများစွာ အသက်ရှင်သန်လာခဲ့ရမှုက သူတို့အား ဖျော်ဖြေမှုတစ်ခုလုံးကို စောင့်ကြည့်ရန် လုံလောက်သော စိတ်ရှည်သည်းခံမှုမျိုး ပေးစွမ်းနေသည်။
စုမင် သွေးတစ်လုပ် အန်ထုတ်လိုက်ရ၏။ ထို့နောက် ရက်စက်ကြမ်းကြုတ်သော အမူအယာတစ်ခုနှင့် အတူ သူ့အရှေ့ရှိ မုဆိုး၏မျက်နှာဖုံးအား ခေါင်းဖြင့် တိုက်ချလိုက်သည်။ ဤမျှ နီးကပ်နေသော အကွာအဝေးကြောင့် မျက်နှာဖုံးတပ် ရှာမန်ယောကျ်ား၏ မျက်လုံးများအတွင်းမှ ထိတ်လန့်တုန်လှုပ်မှုကိုပင် သူ မြင်လိုက်ရလေသည်။
စုမင်သည် မည်သည့်အချိန်ကမျှ လှုပ်ရှားမှုကို မရပ်တန့်ခဲ့ပေ။ အဖွဲ့မှ ဆုတ်ခွာနေသူများကိုလည်း တားဆီးရန် မရွေးချယ်ခဲ့ပေ။ ၎င်းအစား ရန်သူနှစ်ဦး ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်ရချိန်တွင် အောင်နိုင်မှုကို ရရှိစေနိုင်မည့် ရဲရင့်ခြင်း၏ နိယာမများကို ဤလူများအား ပြောပြရန် သူ့လှုပ်ရှားမှုများကိုသာ အသုံးပြုခဲ့လေသည်။
'မင်း တစ်ကြိမ် နောက်ဆုတ်နိုင်သလို နှစ်ကြိမ် နောက်ဆုတ်လို့လည်းရတယ်။ ဒါပေမယ့် သုံးကြိမ်မြောက် နောက်ဆုတ်လိုက်မိပြီ ဆိုရင်တော့ မင်းမသေရင်တောင်မှ စစ်ပွဲရဲ့ စွန့်ပစ်ခြင်းကို ခံလိုက်ရပြီပဲ...'
'ဒီလိုလူမျိုးက အစွမ်းထက်စစ်သည်တော် တစ်ယောက် ဖြစ်မလာနိုင်ဘူး။ အစွမ်းထက် စစ်သည်တော်တွေဆိုတာ စစ်ပွဲရာပေါင်းများစွာကနေ အသက်ရှင်ကျန်ရစ်ခဲ့ကြသူတွေပဲ။ သေခြင်း၊ရှင်ခြင်း အတွေ့အကြုံတွေကပဲ အဲလိုလူမျိုးတွေကို ပြုလုပ်ပေးနိုင်တာ'
'လူတိုင်းက အစွမ်းထက်မာန်စွမ်းအားရှင် ဖြစ်လာနိုင်တယ်'
နီရဲနေသော မျက်လုံးများနှင့် စုမင်သည် မျက်နှာဖုံးတပ် ရှာမန်၏ နံဖူးကို သူ့ဦးခေါင်းဖြင့် တရစပ် တိုက်ပစ်လိုက်သည်။ ထိုမုဆိုးသည် ကြောက်လန့်တကြား အော်ဟစ်၍ အလျင်အမြန် ထွက်ခွာသွားရန် ကြိုးစားလိုက်သော်လည်း စုမင်က ၎င်းကို ဖမ်းဆွဲလိုက်သည်။ ဆုတ်ဖြဲမှု တစ်ချက်နှင့်အတူ ထိုမုဆိုး၏ ခန္ဓာကိုယ်မှာ ကွဲထွက်သွားပြီး သွေးများက လေထဲသို့ မိုးစက်များသဖွယ် ပန်းထွက်လာကြသည်။
သို့သော် စုမင်မှာလည်း ဤလုပ်ရပ်အတွက် တန်ဖိုးတစ်ခု ပေးဆပ်လိုက်ရသည်။ သူ့ဒဏ်ရာများက ပိုမိုဆိုးရွားသွားခဲ့ချေပြီ။
"ငါ့နောက်လိုက်တို့၊ မင်းတို့သာ စစ်ပွဲများစွာကနေ ရှင်သန်နိုင်ခဲ့မယ်ဆိုရင် မင်းဟာ သန်မာတဲ့ အစွမ်းထက်စစ်သည်တော် တစ်ယောက် ဖြစ်လာလိမ့်မယ်" ထိုသွေးမိုးများကြားမှပင် စုမင်မှာ သူ၏ ပထမဆုံးစကားကို အော်ဟစ်လိုက်သည်။
သွေးနီရောင် မျက်လုံးများနှင့် ကျီချဲမှာ သူ့နောက်သို့ ရူးသွပ်စွာလိုက်ပါလာသည်။ ယန်ပေါ်သည်လည်း အော်ဟစ်ကြွေးကြော်သံ တစ်ချက်ပြုလျက် လိုက်ပါလာ၏။ သူတို့အနောက်၌ စစ်ပြေးတစ်ချို့ ရှိနေလျှင်တောင် အဖွဲ့ထဲတွင် ရာချီသော လူများ ရှိနေဆဲဖြစ်သည်။ ထိုလူများသည် စုမင်၏ လုပ်ရပ်များနှင့် စကားတို့ကို မြင်လိုက်၊ ကြားလိုက်ကြရသည်။
ဤနေရာက စစ်မြေပြင်ဖြစ်သည်။ ယုံကြည်မှု၊ အားကိုးမှုနှင့် လေးစားမှုများ အလွယ်ကူဆုံး ဖြစ်ပေါ်လာနိုင်သော နေရာလည်းဖြစ်၏။
ဤနေရာတွင် အားနည်းသော စိတ်စွမ်းအားရှိသူများက အာကြီးသော စိတ်စွမ်းအားရှိသူများနောက်လိုက်ရန် အလိုလိုရွေးချယ်မိကြပေလိမ့်မည်။ ဤသည်က စစ်ပွဲ၏ နည်းဥပဒေသတစ်ခုပင်။
"ငါ့နာမည်က စုမင်။ ငါက မုဆိုးစုမင်ပဲ။ ငါက ကောင်းကင်မြူခိုးမြို့တော်ရဲ့ ညတံဆိပ်ပြားကို ကိုင်ဆောင်ထားတဲ့ စုမင်ပဲ။ ငါ ရှာမန်တွေ အများကြီး သတ်ခဲ့ပြီးပြီ။ သေသည်ဖြစ်စေ၊ ရှင်သည်ဖြစ်စေ ငါ့နောက်ကိုလိုက်တဲ့သူတွေနဲ့ ငါအတူရှိနေမယ်"
စုမင် ရှေ့တစ်လှမ်းတက်ကာ ရှာမန်မျိုးနွယ်စုမှ အခြားမုဆိုးများထံ ဦးတည်လိုက်သည်။ သူ၏ ကျယ်လောင်သော ကြုံးဝါးသံများက ပတ်ဝန်းကျင်လေထုအတွင်း ပဲ့တင်ထပ်ပျံ့လွင့်နေသည်။
အဖွဲ့ထဲသို့ စုမင်ကြုံးဝါးသံ ရောက်ရှိလာသည်နှင့် ကျန်လူရာပေါင်းများစွာမှာ သူတို့၏ အကြောင်းပြချက်များ ပျောက်ဆုံးသွားခဲ့သည်။ ယခုအချိန်တွင်တော့ ရှင်သန်ခြင်း၊ သေဆုံးခြင်းတို့ ဖြစ်စေ၊ ဆုတ်ခွာခြင်းနှင့် အကြောက်တရားများဖြစ်စေ သူတို့စိတ်ထဲမှ လွင့်ပျောက်သွားခဲ့ချေပြီ။ သူတို့နှလုံးသားထဲ၌ ကျန်ရှိနေသည့် တစ်ခုတည်းသော အရာမှာ စုမင်၏ ကြုံးဝါးသံများကြောင့် ပူလောင်ပြင်းပျစွာ လောင်ကျွမ်းနေသော သူတို့သွေးများသာ ဖြစ်သည်။
စိတ်ခံစားချက် လှိုင်းတစ်ခုကို ကစားလိုက်သည်နှင့် ၎င်းတို့အကြား ထူးခြားသော ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာပြီး အဖွဲ့ထဲရှိ လူတိုင်း၏ စိတ်စွမ်းအားမှာ စစ်မြေပြင်အတွင်း ချွန်ထက်သော ဓားရှည်တစ်ချောင်းက ၎င်း၏ ထိပ်ဖျားကို ထုတ်ဖော်ပြသလိုက်သည့်သဖွယ် ထွက်ပေါ်လာခဲ့သည်။
ကျိုးသဲတစ်ယောက် သိသိသာသာပင် တုန်လှုပ်သွားခဲ့ချေပြီ။
မြောက်ပိုင်းစစ်မြေပြင်အတွင်းမှ အဘိုးအို၏ မျက်လုံးများထဲတွင်လည်း လေးနက်သောအကြည့်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။ ထျန်းလန်မုန်၏ မျက်လုံးများထဲတွင်တော့ တွေဝေသော အကြည့်တစ်ခု ဖြတ်ပြေးသွားခဲ့၏။ သူမသည် စုမင်အား စိုက်ကြည့်ရင်း... ဆက်၍ ဆက်၍သာ စိုက်ကြည့်နေခဲ့မိလေသည်...
အရှေ့ပိုင်းစစ်မြေပြင်မှ ထျန်းလန်ယို့သည် စုမင်ရှိနေရာ ဘက်ဆီသို့ ဒုတိယအကြိမ်အဖြစ် လှည့်ကြည့်လိုက်သည်။
ကောင်းကင်မြူခိုး မြို့ရိုးများပေါ်ရှိ အဘိုးအိုရှစ်ဦးထဲမှ တစ်ဦးက ရုတ်တရက်ပြောဆိုလိုက်သည်။ "သူတို့အတွက် စစ်ဗုံတွေ တီးခတ်ပေးလိုက်"
ဒုံ... ဒုံ... ဒုံ....
သူ့စကားဆုံးသည်နှင့် ကောင်းကင်မြူခိုးမြို့တော်ထံမှ စစ်ဗုံသံများ လျင်မြန်စွာ ထွက်ပေါ်လာခဲ့သည်။ ထိုအသံများမှာ စိတ်ဓာတ်တက်ကြွလာစေနိုင်သည့် တောက်လောင်မှုများဖြင့် ပြည့်နေခဲ့သည်။ ၎င်းတို့မှာ စုမင်နှင့် သူအဖွဲ့အတွက်သာ တီးခတ်ပေးနေခြင်း ဖြစ်ပြီး စုမင်နှင့် သူ့အဖွဲ့တို့အတွက်သာ မြည်ဟည်းပေးနေခြင်းလည်း ဖြစ်သည်။
"ကောင်းကင်မြူခိုး မြို့တော်က သူရဲကောင်းတစ်ဦး လိုသလို ဒီစစ်ပွဲကလည်း သူရဲကောင်းတစ်ဦး လိုအပ်တယ်... မာန်စွမ်းအားရှင် မျိုးနွယ်စုရဲ့ သူရဲကောင်းတစ်ဦး..."
***