← Chapters

ရိုးရေစတေးနယ်ပယ်၏ လက္ခဏာများ

Vol. 26 Ch. 353

ရိုးရေစတေးနယ်ပယ်၏ လက္ခဏာများ

Vol. 26 Ch. 353

စစ်ဗုံတို့၏ မြည်ဟီးသံများက လေထုအတွင်း မိုးခြိမ်းသံများသဖွယ် ပဲ့တင်ထပ်နေသည်။ ကောင်းကင်ထက်မှ ထူထဲသော အစိမ်းရောင်မြူခိုးများသည်ပင် ပိုမိုပြင်းထန်စွာ တုန်ခါလာသည်။ မြူခိုးများအတွင်းမှ အစွမ်းထက်စစ်သည်တော်များအကြား တိုက်ပွဲမှာ ဆုံးခန်းတိုင်လုနီးပါး ဖြစ်လာပုံပေါ်သည်။

စုမင်နှင့် သူ၏လူရာပေါင်းများစွာသော အဖွဲ့မှာလည်း ကောင်းကင်မြူခိုး မြို့တော်ထံမှ စစ်ဗုံသံများကို ကြားလိုက်ရသည်။ မြူးကြွသော စစ်ဗုံသံများမှာ ပြင်းထန်သော ပျံ့လွင့်အား တစ်ခုဖြင့် ပြည့်နှက်နေပြီး စုမင်နှင့် အခြားသူများ၏ နားထဲ၌ ပဲ့တင်ထပ်နေခဲ့သည်။

"ငါ့ရဲ့နောက်လိုက်တို့၊ မင်းတို့သာ စစ်ပွဲများစွာကနေ ရှင်သန်နိုင်ခဲ့မယ်ဆိုရင် မင်းဟာ သန်မာတဲ့ အစွမ်းထက်စစ်သည်တော် တစ်ယောက် ဖြစ်လာလိမ့်မယ်"

စုမင်၏ ယခင်ကြုံးဝါးသံသည် စစ်ဗုံများ၏ မြည်ဟီးသံများနှင့် ပေါင်းစည်းသွားပြီး ဤရာပေါင်းများစွာသော လူများ၏ စိတ်စွမ်းအားကို အကြောက်တရားမရှိ ရှေ့ဆက်တက်စေနိုင်မည့် လှုံ့ဆော်မှုတစ်ခု ဖြစ်လာခဲ့သည်။ ထိုအချိန်တွင်တော့ သူတို့အားလုံးမှာ သေခြင်းတရားနှင့်ပက်သက်၍ မေ့လျော့သွားခဲ့ကြချေပြီ။ သူတို့၏ မျက်လုံးများထဲတွင် ရှေ့သို့ ဆက်လက်ချီတက်နေသော စုမင်တစ်ဦးတည်းသာ

ကျန်ရစ်တော့သည်။

ထိုပုံရိပ်ရှိသော နေရာတွင် သူ့စိတ်စွမ်းအားရှိသည်။ ထိုပုံရိပ်ရှိသော နေရာတွင် သူ့အရှိန်အဝါ ရှိ၏။

ထိုအချိန်တွင် သူတို့ကား အာရုံစိုက်မှုများစွာကို ရရှိနေကြပြီဖြစ်သည်။ များပြားလှသော မာန်စွမ်းအားရှင်များ၏ အကြည့်များမှာ သူတို့အပေါ် ကျရောက်လာပြီး အဖက်မလုပ်ခဲ့သော ထျန်းလန်ယို့သည်ပင် အေးစက်စက် စိုက်ကြည့်နေခဲ့ချေပြီ။

ကောင်းကင်မြူခိုး မြို့တော်မှာလည်း အလားတူပင်ဖြစ်သည်။

ဤအဖွဲ့ငယ်လေး၏ ဖျော်ဖြေမှုမှာ ယခုအချိန်တွင် ၎င်း၏ အပြင်းထန်ဆုံး အခိုက်အတန့်သို့ ရောက်ရှိလာလေပြီ။ စုမင်သည် ရှေ့ဆုံးမှ တိုးဝင်လှုပ်ရှားနေပြီး သူ့အနောက်မှ လူပေါင်းသုံးရာနီးပါး လိုက်ပါလာကြသည်။ သူတို့၏ ပုံသဏ္ဍာန်မှာ မည်သည့်အရာကိုမှ ဂရုမစိုက်သော ဒေါမာန်တကြီး ကျားတစ်ကောင်သဖွယ်၊ ကြောက်မက်ဖွယ် နဂါးကြီးတစ်ကောင် သဖွယ်ပင် ဖြစ်သည်။

ရန်သူနှစ်ဦး ရင်ဆိုင်တိုက်ခိုက်ရချိန်တွင် သတ္တိရှိသူက အနိုင်ရသည်ဆိုသော အကြံဉာဏ်သည် ရံဖန်ရံခါတွင်တော့ လူတစ်ဦးတည်းအတွက်သာမက တစ်အုပ်စုလုံးကိုပါ ရည်ရွယ်လေ၏။ ယခုလိုပင် စုမင်အနောက်မှ ရာနှင့်ချီသော လူများမှာ ထိုအတိုင်း အတိအကျပင်ဖြစ်သည်။

သူတို့၏ ကျင့်ကြံဆင့်များက မညီမျှသော်လည်း သူတို့ထံတွင် သေခြင်းတရားကိုပင် မျက်တောင်မခတ် စိုက်ကြည့်နိုင်ရန် ပြုလုပ်ပေးနေသည့် တည်ရှိမှုတစ်ခုတော့ရှိနေခဲ့သည်။

"သေခြင်းတရားကို ကြောက်နေစရာအကြောင်း မရှိဘူးကွ" ခန္ဓာကိုယ်တစ်ခုလုံး သွေးများဖုံးလွှမ်းနေသော ယန်ပေါ်က ကျယ်လောင်စွာ အော်ဟစ်ကြုံးဝါးသည်။ ရက်စက်ကြမ်းကြုတ်သော မျက်နှာထားနှင့် သူသည် စုမင်နောက်မှ လိုက်ပါ၍ အရူးအမူး တိုက်ခိုက်နေခဲ့ခြင်းဖြစ်သည်။

တစ်ရာနီးပါးသော ရှာမန်တို့ကား သန်မာလျှင် သန်မာလိမ့်မည်။ သို့သော် သူတို့မည်မျှ သန်မာနေပါစေ အကန့်အသတ်တော့ ရှိနေဆဲပင်။ အကယ်၍ စုမင်နောက်လိုက်များထဲမှ တစ်ယောက်ကသာ ထိုရှာမန်အား နိုင်အောင်မတိုက်နိုင်လျှင် နှစ်ယောက်ပေါင်းကာ တိုက်ခိုက်ပေလိမ့်မည်။ အကယ်၍ နှစ်ယောက်တောင် မတတ်နိုင်သေးလျှင် သုံးယောက်ပေါင်း တိုက်ခိုက်လိမ့်မှာဖြစ်သည်။

အကယ်၍ သူတို့သုံးဦးပေါင်းလျှင်တောင် မတတ်နိုင်သေးလျှင်တော့ ဒဏ်ရာအပြင်းထန်ဆုံး ရရှိထားသူမှာ အံတင်းတင်းကြိတ်၍ သူ့ကိုယ်သူ ဖောက်ခွဲရန်ရွေးချယ်သွားပေလိမ့်မည်။ မိမိကိုယ်ကို ဖောက်ခွဲခြင်းမှ ဖြစ်ပေါ်လာသော ထိုအင်အား၊ မိုးခြိမ်းသံသဖွယ် ပေါက်ကွဲသံများနှင့် အဖျက်အဆီး အဆင့်တို့မှာ အခြားနေရာများနှင့် နှိုင်းယှဉ်လျှင် များစွာပိုမိုကြီးမားသော်လည်း ဝမ်းနည်းစရာလည်း ကောင်းပေသည်။

လူတစ်ဦး မိမိကိုယ်ကို ဖောက်ခွဲဖျက်ဆီးနိုင်ရန်မှာလည်း သတ္တိရှိဖို့ လိုအပ်သေး၏။ ထိုသတ္တိမှာလည်း တစ်စုံတစ်ဦးကို သတ်ရန် သို့တည်းမဟုတ် အသတ်ခံရရန် လိုအပ်သော သတ္တိထက် ပိုမိုများပြားသော အရာဖြစ်သည်။ ဤအရာမှာ ကိုယ်ပိုင်ရွေးချယ်မှုတစ်ခု ဖြစ်ပြီး လူတစ်ဦးအနေဖြင့် သူ့ကိုယ်ပိုင်အတွေးများဖြင့် ရုန်းကန်ရန် လိုအပ်သည့်အပြင် ထိုသို့ပြုလုပ်နိုင်မည့် စစ်မှန်သော ရဲစွမ်းသတ္တိမျိုးလည်း လိုအပ်သေးသည်။

လူတို့တွင် ယခုလိုသတ္တိမျိုး မရှိခဲ့သည့် အချိန်များ ရှိကောင်းရှိနိုင်ခဲ့သည်။ သို့သော် စစ်မြေပြင်တွင်တော့ တစ်စုံတစ်ယောက်အနေဖြင့် မိမိကိုယ်ကို ဖျက်ဆီးရန် မရွေးချယ်ခဲ့လျှင်တောင် သေဆုံးနိုင်ချေ အများဆုံးရှိနေဆဲ ဖြစ်သည်။ စစ်မှန်သော ယောကျ်ားတစ်ဦးမှာ သူတစ်ဦးတည်း သေဆုံးသွားရမည့်အစား သူ့ရန်သူကိုပါ သူနှင့်အတူ ဆွဲချသွားလိမ့်မှာ ဖြစ်၏။

လေထုအတွင်း ပေါက်ကွဲသံများ ပဲ့တင်ထပ်နေသည်။

မိမိကိုယ်ကို ဖောက်ခွဲခြင်းကြောင့် ဖြစ်ပေါ်လာသော ပေါက်ကွဲသံများက ဆက်တိုက်ဆိုသလို ထွက်ပေါ်လာခဲ့သည်။ သူတို့၏ မျက်နှာများ ပေါက်ထွက်မသွားခင်က ဆိုးညစ်သောအပြုံးများနှင့် သူတို့ပြောခဲ့သော နောက်ဆုံးစကားများက အခြားသူများကို လှုပ်ရှားသွားစေပြီး စောင့်ကြည့်နေသော မာန်စွမ်းအားရှင်များကိုလည်း လှုံ့ဆော်သွားခဲ့သည်။

လေထုအတွင်း မြည်ဟီးနေသော စစ်ဗုံသံများအကြား ရာနှင့်ချီသော မာန်စွမ်းအားရှင်များက အရူးအမူး တိုက်ခိုက်နေကြပြီး စုမင်သည်လည်း အဖွဲ့၏ ရှေ့ဆုံးမှနေ၍ တိုးဝင်တိုက်ခိုက်နေခဲ့သည်။ ဤမိနစ်အနည်းငယ်အတွင်းမှာပင် ရှာမန်များစွာ သေဆုံးသွားခဲ့လေပြီ။

ရှာမန်များအား စောင့်ကြိုနေသည့် တစ်ခုတည်းသော အရာမှာ သေခြင်းတရားသာဖြစ်သည်။ ပိုအရေးကြီးသော အရာမှာ ပထမဆုံးအကြိမ်အဖြစ် စုမင်အားကြည့်သော သူတို့အကြည့်များ၌ ကြောက်ရွံ့မှုများ ရောထွေးလာခြင်းပင်။

သူတို့ မကြောက်ဖို့ဆိုသည်ကလည်း မဖြစ်နိုင်ချေ။ မျက်လုံးများထဲတွင် ရူးသွပ်မှုများသာ အပြည့်ဖြစ်နေသော လူများ၊ သူတို့ကိုသာ မသတ်နိုင်ခဲ့လျှင် ၎င်းတို့ ဒဏ်ရာအပြင်းအထန်ရသွားသည်နှင့် ကိုယ့်ကိုယ့်ကို ဖောက်ခွဲပစ်မည့် လူများနှင့် ရင်ဆိုင်နေရခြင်းဖြစ်ရာ၊ သူတို့... ဘယ်လိုလုပ် မကြောက်ပဲနေနိုင်ပါမည်နည်း။

စုမင်၏ တိုက်ပွဲမှာလည်း ကြောက်ခမန်းလိလိပင်။ သူ၏ ညာဘက်လက်မောင်းမှာ သွေးသံရဲရဲ ဖြစ်နေပြီး သူ့ရင်ဘတ်မှလည်း သွေးများစီးကျနေသည်။ သူ့ဆံပင်များမှာ ဖရိုဖရဲဖြစ်နေပြီး အလွန်အမင်း ပင်ပန်းနွမ်းနယ်သော ခံစားချက်တစ်ခုမှာလည်း သူ့တစ်ကိုယ်လုံးကို အဆက်မပြတ်ပျံ့နှံ့နေခဲ့သည်။

သို့သော် သူ့မျက်လုံးကား ကြည်လင်ပြတ်သားလို့နေဆဲ ဖြစ်သည်။ သူ၏ ဘယ်ဘက်မျက်လုံးမှာ ထိုအေးစက်စက်အကြည့်ကို ထိန်းသိမ်းထားဆဲ ဖြစ်ပြီး ညာဘက်မျက်လုံးမှာတော့ ညှို့ယူဖမ်းစားနိုင်စွမ်းရှိသော အနီရောင်ဖြင့် တောက်ပလျက်ရှိသည်။ သူ၏ ဆံပင်များမှာလည်း သွေးတို့ကြောင့် ခရမ်းရောင်ပြောင်းနေခဲ့ချေပြီ။ သူသည်ကား ဆည်းဆာချိန်မှာပင် မျက်စိကိုဖမ်းစားထားနိုင်ဆဲ ဖြစ်၏။

စုမင်မှာ သူ၏အမြန်နှုန်းကို အပြည့်အဝ အသက်သွင်းထားပြီး ဖြစ်သည်။  အလင်းတန်းတစ်ခုသဖွယ် ရှေ့ဆက်တိုးလာသော စုမင်နှင့် သူ့နောက်မှ ရူးသွပ်စွာလိုက်ပါလာကြသော နောက်လိုက်များကြောင့် သူတို့၏ အဖော်အများစုသေဆုံးသွားပြီ ဖြစ်သော ကျန်ရှာမန်များအုပ်စုမှာ  စတင်ပြိုလဲလာကြလေသည်။

ဤသည်မှာ သူတို့၏စိတ်ဓာတ်များ ရိုက်ချိုးခံလိုက်ရပြီဖြစ်၍ နောက်ပြန်ဆုတ်ချင်နေသည့် သင်္ကေတတစ်ခုပင် ဖြစ်သည်။

ကျန်ရှိနေသော မုဆိုးနှစ်ဦးအပါအဝင် ရှာမန်သုံးဆယ့်တစ်ယောက်မှာ တစ်ပြိုင်နက်တည်း ဆုတ်ခွာသွားကြသည်။ အနောက်မှ လျင်မြန်စွာ ပြေးတက်လာနေသော ဒုတိယမြောက် ရှာမန်စစ်သည်တော်လှိုင်းနှင့် ပူးပေါင်းရန် ရွေးချယ်လိုက်ကြခြင်း ဖြစ်သည်။

သူတို့ ကြောက်လန့်နေခဲ့လေပြီ။

မာန်စွမ်းအားရှင်များမှာလည်း တန်ဖိုးကြီးကြီး ပေးဆပ်ခဲ့ရသည်။ ယခင်က ထွက်ပြေးသွားခဲ့သူများမှအပ ယခုအချိန်တွင်တော့ စုမင်နောက်၌ မာန်စွမ်းအားရှင် တစ်ရာခန့်သာ ကျန်ရှိတော့ချေသည်။

ခေါင်းမှ ခြေဖျားတိုင်အောင် သွေးများဖုံးလွှမ်းနေကြပြီး သွေးနီရောင်မျက်လုံးများအတွင်း အေးစက်စက်အကြည့်များနှင့် ထိုလူပေါင်းတစ်ရာသည်ကား... သူရဲကောင်းများပင် ဖြစ်၏။

ရှာမန်သုံးဆယ့်တစ်ယောက် စတင်ဆုတ်ခွာသွားသည်နှင့် တစ်ပြိုင်နက် မောပန်းစွာ အသက်ရှူနေသော စုမင်ဦးခေါင်းက မော့လာခဲ့သည်။ ထို့နောက် ရုတ်တရက်ဆိုသလို ညာခြေဖြင့် ရှေ့တစ်လှမ်းတက်လိုက်၏။ ထိုခြေတစ်လှမ်းတည်းဖြင့်ပင် သူ့ပုံရိပ်ယောင်မှာ အနောက်တွင် ကျန်ရစ်ခဲ့လေသည်။ သူ့ခန္ဓာကိုယ်မှာ လေဟာနယ်ကို တိုက်ရိုက်ဖြတ်ကျော်သွားပုံရပြီး ထွက်ပြေးသွားကြသော ရှာမန်များနှင့် သိပ်မဝေးသော နေရာရှိလေထုထဲ၌ သွေးမြူလွှာတစ်ခု ရုတ်ခြည်းဖြစ်ပေါ်လာသည်ကို လူတိုင်းရှင်းရှင်းလင်းလင်း မြင်လိုက်ကြရသည်။ ထိုသွေးမြူများ ပေါ်လာသည်နှင့် တစ်ပြိုင်နက် အနည်းငယ်တွန့်လိမ်ပုံပျက်နေသော ခန္ဓာကိုယ်နှင့် စုမင်သည်လည်း ရှာမန်မုဆိုးနှစ်ဦး၏ ဘေးတွင် မတ်တပ်ရပ်လျက်ပေါ်လာခဲ့သည်။

စုမင်၏ အသွင်အပြင်မှာ မယုံနိုင်လောက်အောင်ပင် ထူးဆန်းလို့နေ၏။ ပေါ်လာသည်နှင့် တစ်ပြိုင်နက် သူ့ခြေထောက်များမှာ လျင်မြန်စွာပင် သွေးသံရဲရဲ ဖြစ်သွားကြသည်။ ယခုလေးတင် ပေါ်လာခဲ့သော သွေးမြူလွှာမှာလည်း ထိုကဲ့သို့ အမြန်နှုန်းမျိုးကို အကြိမ်များစွာ အသုံးပြုခဲ့ခြင်းကြောင့် ဖြစ်ပေါ်လာသည့် အကျိုးဆက်များအား သူ့ခန္ဓာကိုယ်မှ တောင့်ခံနိုင်ခြင်းမရှိတော့ခြင်းကြောင့် ဖြစ်သည်။ သူ့ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခု ပေါက်ကွဲသွားသောအခါ ထိုသွေးမြူများ ပေါ်လာခဲ့ခြင်းပင်။

စုမင်သည် ထိုအသွင်အပြင်နှင့်ပင် ရှာမန်မျိုးနွယ်စုမှ မုဆိုးနှစ်ဦးဆီ တည့်တည့် တိုးဝင်သွားရာ လေပြင်းတစ်ခုပင် ဖြစ်ပေါ်လာခဲ့သည်။ လေထုအတွင်း ကျယ်လောင်သော ကြုံးဝါးသံတစ်ခုနှင့်အတူ မုဆိုးတစ်ဦးမှာ သတိလွတ်၍ တုန်ယင်သွားရသည်။ သူ့အားစောင့်ကြိုနေခဲ့သော အရာမှာတော့ သူ့ဦးခေါင်းအား စုမင်၏ လက်ဝါးဖြင့် ခုတ်ဖြတ်ခံလိုက်ရသောကြောင့် သူ၏ ကမ္ဘာကြီး ဇောက်ထိုးမိုးမျှော် ဖြစ်သွားခဲ့ရခြင်းပင်။

ထိုမုဆိုးသည် ယခုလောက် အားနည်းမနေသင့်သော်ငြား ယခင်တိုက်ပွဲအတွင်း သူ့စိတ်ဓာတ်မှာ ပြိုလဲနေခဲ့ပြီး ဖြစ်သည့်အပြင် ထွက်ပြေးနေရင်းမှ စစ်ကူများကို မြင်နေရခြင်းကြောင့်လည်း ပါ၏။ ပြိုလဲနေသော သူ့စိတ်တို့ သက်သာရာရသွားချိန်မှာပင် စုမင်၏ အလွန်လျင်မြန်လှသော အရှိန်နှုန်းက သူ့ကြမ္မာဆိုးကို ယူဆောင်လာခဲ့ခြင်း ဖြစ်သည်။

သို့သော် သူသည်လည်း မုဆိုးတစ်ယောက် ဖြစ်နေဆဲပင်။ ခေါင်းဖြတ်ခံလိုက်ရသည်နှင့် တစ်ပြိုင်နက် သူ့ခန္ဓာကိုယ်က ပေါက်ကွဲသွားခဲ့သည်။ သူသေဆုံးပြီဟု သိလိုက်ရချိန်တွင် ကိုယ့်ကိုယ်ကို ဖောက်ခွဲရန် ရွေးချယ်သွားခဲ့ခြင်း ဖြစ်သည်။

၎င်းအနားတွင် စုမင်အပြင် အခြားရှာမန်များပါ ရှိနေခဲ့ခြင်းကြောင့် ထိုမုဆိုး၏ ကိုယ့်ကိုယ်ကို ဖောက်ခွဲလိုက်သော လုပ်ရပ်မှာ ကိုယ့်ဘက်ကိုယ် ထိခိုက်စေခဲ့သည့် ရူးသွပ်မှုတစ်ခုသာ ဖြစ်သွားခဲ့သည်။ စုမင်သည် တိုက်ခိုက်မှုဒဏ်ကို အပြင်းအထန်ခံလိုက်ရပြီး ပေါက်ကွဲမှု၏ ပြင်းထန်သောစွမ်းအားက သူ့အား ရိုက်ခတ်လာခဲ့သည်။ သူအထင်လွဲမှားသွားခြင်းလား မသိသော်ငြား ထိုအချိန်အခိုက်အတန့်လေးမှာပင် သူ့ကိုယ်ထဲရှိ မာန်တောင်တန်းဘိုးဘေး၏ စတေးခံအရိုးမှာ အနည်းငယ် အရည်ပျော်သွားခဲ့သည်ဟု ခံစားလိုက်ရလေသည်...

သို့သော်ငြား ၎င်းက အနည်းငယ်သာ အရည်ပျော်သွားခြင်း ဖြစ်သည်။ စုမင်တွင် ထိုအကြောင်းအရာနှင့် ပက်သက်ပြီး စဉ်းစားနေချိန်မရှိသေးပေ။ သူ့အမြန်နှုန်းကို နောက်တစ်ဖန် အသက်သွင်း၍ ပြန်လည်ဆုတ်ခွာလာလိုက်သည်။ ထို့နောက် တစ်ခဏအတွင်းမှာပင် ပျောက်ကွယ်သွားခဲ့ပြီး ပြန်ပေါ်လာသောအခါ ကျန်ရှိနေသော မာန်စွမ်းအားရှင် တစ်ရာခန့်၏ အရှေ့တွင် ပြန်ရောက်နေခဲ့ချေပြီ။

စုမင် ပြန်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ကျယ်လောင်သော ပေါက်ကွဲသံများက ကောင်းကင်နှင့် မြေပြင်ကိုပင် တုန်ခါသွားစေခဲ့သည်။ ရှာမန်မုဆိုး၏ ကိုယ့်ကိုယ်ကို ဖောက်ခွဲမှုသည် ပေါက်ကွဲမှုအတွင်းသို့ အခြားသူများကိုပါ ဆွဲခေါ်သွားခဲ့ပြီး သူ့ပတ်ပတ်လည်ရှိ ရှာမန်များစွာမှာ ရှောင်တိမ်းရန် မတတ်နိုင်ခဲ့ချေ။ လေထုအတွင်း နာကျင်စွာ အော်ဟစ်သံများဖြင့် ပြည့်နှက်သွားပြီး ၎င်းတို့လူတစ်ဒါဇင်ခန့် သေသူသေ၊ ဒဏ်ရာရသူရ ဖြစ်သွားခဲ့သည်။

စုမင်ပါးစပ်မှ သွေးများစီးကျလာကာ ယိုင်ထိုးသွားပြီး ပါးစပ်အပြည့် သွေးအန်ထုတ်လိုက်ရသည်။ သူ၏ မျက်နှာမှာ ဖြူဖျော့နေသလို အမြင်အာရုံထဲမှ ကမ္ဘာလောကကြီးမှာလည်း ဝေဝါးလို့နေသည်။ သူ အံတင်းတင်းကြိတ်ပြီးမှသာ ၎င်းကို တောင့်ခံလိုက်နိုင်ချေသည်။

သူ့နှလုံသားမှာ ရင်ဘတ်မှပေါက်ထွက်တော့မည်ကဲ့သို့ ခုန်လှုပ်နေသည်။ ပေါက်ကွဲမှုဖြစ်စဉ်အတွင်း ရရှိခဲ့သော ခံစားချက်က သူ့မျက်လုံးများကို တောက်ပသွားစေသည်။ ယခုအချိန်တွင်တော့ သူ အလွန်သေချာသွားခဲ့ချေပြီ။ ထိုခဏတာ အချိန်လေးအတွင်း သူ့ခန္ဓာကိုယ်တွင်းရှိ အရိုးမှာ အမှန်တစ်ကယ်ပင် အနည်းငယ် အရည်ပျော်သွားခဲ့ခြင်း ဖြစ်သည်။

စုမင် ထိုနေရာတွင် ရပ်လျက်မှ အရှေ့သို့ မျှော်ကြည့်လိုက်သည်။ သူ့အနောက်တွင် သူ့နောက်လိုက် တစ်ရာ ရှိနေပြီး သူ့အရှေ့တွင်တော့ အပြင်းအထန် ခံစားခဲ့ရသော ရှာမန် ပထမသုတ်နှင့် အလျင်အမြန် နီးကပ်လာနေပြီဖြစ်သော ရှာမန်ဒုတိယသုတ်တို့ ရှိနေသည်။

"မုဆိုး စုမင်"

"မုဆိုး စုမင်"

စုမင်အနောက်ရှိ မာန်စွမ်းအားရှင် တစ်ရာထဲမှ မည်သူစအော်လိုက်မှန်း မသိသော်လည်း မကြာမီမှာပင် ၎င်းတို့တစ်ယောက်ချင်းစီတိုင်းထံမှ ကျယ်လောင်စွာအော်ဟစ်သံများ ထွက်ပေါ်လာခဲ့သည်။ ၎င်းတို့မျက်လုံးများမှာလည်း ပြင်းပြသော စိတ်ဆန္ဒများဖြင့် တောက်ပလို့နေသည်။ စုမင်၏ နောက်ဆုံးလှုပ်ရှားမှုနှင့် သူ့လက်ထဲမှ ဦးခေါင်းပြတ်တို့ကို သူတို့အားလုံး မြင်နေရလေသည်။

တောင်ပိုင်းစစ်မြေပြင်အတွင်းရှိ ကျိုးသဲတစ်ယောက် အသက်ပြင်းပြင်း ရှူရှိုက်လိုက်မိပြီး သူ့နှုတ်ခမ်းထက်တွင်လည်း ဖျော့တော့သော အပြုံးတစ်ခုပေါ်လာခဲ့သည်။ စုမင်၏ နောက်ဆုံးလုပ်ရပ်ကို မြင်တွေ့လိုက်ရသလို မာန်စွမ်းအားရှင်တစ်ရာ၏ အရူးအမူး ကြွေးကြော်သံများကိုလည်း ကြားခဲ့ရ၏။

ထျန်းလန်မုန်သည် သူမအရှေ့ရှိ အလင်းမျက်နှာပြင်ပေါ်မှ ပုံရိပ်တစ်ခုကိုသာ မမှိတ်မသုန် စိုက်ကြည့်နေမိသည်။ ထိုသူ၏ သွေးတို့ဖြင့် ရွှဲနစ်နေသော ဝတ်ရုံများနှင့် သွေးသံရဲရဲ ခန္ဓာကိုယ်အစိတ်အပိုင်းများကို ကြည့်နေရင်းဖြင့် သူမနှုတ်ခမ်းကိုကိုက်လျက် ကိုယ်ပိုင် အတွေးများအတွင်း နစ်မြုပ်နေခဲ့လေသည်။

လက်ချောင်းများဖြင့် တွက်ချက်နေခဲ့သော မြောက်ပိုင်းစစ်မြေပြင်မှ အဘိုးအိုသည်လည်း သိသိသာသာပင် သက်ရောက်ခံလိုက်ရသည်။

ထျန်းလန်ယို့ တစ်ဦးတည်းသာ မျက်မှောင်ကြုတ်လျက် ယခင်အတိုင်း အေးတိအေးစက်ပုံစံဖြင့် ရှိနေခြင်းဖြစ်သည်။

ကောင်းကင်မြူခိုး မြို့တော်မှ စစ်ဗုံသံများမှာလည်း ပိုမိုပြင်းထန်လာသည်။ မြို့ရိုးပေါ်တွင် ရပ်နေသော အဘိုးအိုများမှာလည်း စကားပြောဆိုခြင်းမပြုတော့ပဲ စုမင်ရှိနေရာဆီသို့သာ စူးစိုက်ကြည့်နေကြချေပြီ။

ကောင်းကင်မြူခိုး မြို့တော်အတွင်းရှိ ဧရာမကတော့ချွန်ပုံ အဆောက်အဦးကြီးအထက်တွင် လွင့်မျောနေသော ဘောလုံးကြီးထဲ၌ ထိုင်နေသူ သုံးဦးမှာလည်း တိတ်ဆိတ်မှုအတွင်း နစ်မြုပ်နေခဲ့သည်။

စုမင်၏ ကျင့်ကြံဆင့်မှာ သူတို့အာရုံစိုက်နေရသော အကြောင်းအရင်း မဟုတ်ချေ။ သူတို့အမြင်တွင်တော့ စုမင်မှာ တစ်ချက်တည်းနှင့် သတ်ပစ်နိုင်လောက်သည်အထိ အလွန်အားနည်းပေသည်။ လူတစ်ရာအပေါ် လွှမ်းခြုံထားသော သူတို့ခေါင်းဆောင် စုမင်၏ စိတ်စွမ်းအားကိုသာ သူတို့စောင့်ကြည့်နေကြခြင်း ဖြစ်သည်။

သူတို့ တန်ဖိုးထားသော အရာမှာ စုမင်၏ ပြတ်သားမှု၊ ဆုံးဖြတ်ချက်ခိုင်မာမှုနှင့် ရဲစွမ်းသတ္တိတို့ကိုသာဖြစ်၏။

စုမင် သူ့လက်ထဲရှိ ဦးခေါင်းပြတ်ကို  အနောက်တွင်ရပ်နေသော ကျီချဲထံသို့ လှမ်းပေးလိုက်ပြီး မောပန်းစွာ အသက်ရှူလိုက်သည်။ ထိုအချိန်တွင် ရှာမန်ဒုတိယအသုတ်မှာ သူတို့နှင့် ပေ၁၀၀၀၀ပင် မဝေးတော့သဖြင့် ဤနေရာသို့ မကြာမီရောက်ရှိလာကြပေတော့မည်။

သူ့အနောက်ရှိ မာန်စွမ်းအားရှင် တစ်ရာမှာလည်း ပင်ပန်းနွမ်းနယ်နေကြချေပြီ။ သူတို့သည် တစ်နေ့တာလုံး တိုက်ပွဲဝင်ခဲ့ကြရပြီး အချို့ဆို ပို၍ပင်ကြာသေး၏။ ထိုကောင်းမွန်စွာ အနားယူထားသော ရှာမန်များနှင့် နှိုင်းယှဉ်လျှင် သူတို့အားလုံးက အားနည်းသော အခြေအနေတစ်ခုသို့ ရောက်ရှိနေလသည်။

ရှာမန်ဒုတိယလှိုင်းနှင့်သာ ရင်ဆိုင်ပြီးသည်နှင့် သူ့အဖော်များ အနည်းငယ်ခန့်သာ ကျန်ရစ်တော့မည်ကို သူတွေးကြည့်နိုင်နေချေပြီ...

အထူးသဖြင့် ၎င်းမှာ ဒုတိယလှိုင်းသာ ရှိသေး၏။ တတိယလှိုင်းလည်း ရှိလိမ့်ဦးမည်ဖြစ်သလို... ပေ၁၀၀၀ အရွယ်အစားရှိ သားရဲရိုင်းတစ်ဒါဇင်ခန့်နှင့် ပေ ၁၀၀၀၀ အရွယ်အစားရှိ အရည်အသွေးနိမ့် ထွတ်မြတ်သားရဲ တစ်ကောင်လည်း ရှိနေသေးသည်။

"ဖျော်ဖြေမှုက ပြီးသွားပြီ။ ကျီချဲ၊ ယန်ပေါ် သူတို့ကိုခေါ်ပြီး တောင်ပိုင်းစစ်မြေပြင်ထဲကို ပြန်ဆုတ်တော့" စုမင်မျက်လုံးများအတွင်း ပြတ်သားသော အကြည့်တစ်ခုပေါ်လာပြီး ပါးစပ်ကိုဟကာ ရုတ်ခြည်းဆိုသလို စကားပြောဆိုလိုက်သည်။

ကျီချဲမှာ ခဏတာ အံ့အားသင့်မင်သက်သွားသလို ယန်ပေါ်ကလည်း စုမင်ကို ချက်ချင်းလှည့်ကြည့်လာခဲ့သည်။

"ဒါပေမယ့် ဆရာ၊ တပ်မှူးကျိုးက..."

"ပြန်ဆုတ်ကြ" စုမင် ယန်ပေါ်ကို တစ်ချက်ကြည့်လိုက်သည်။

စုမင်၏ အကြည့်တစ်ချက်ကြောင့် ယန်ပေါ် တိတ်ဆိတ်သွားပြီး ခေါင်းညိတ်ပြလိုက်မိ၏။  အံတင်းတင်းကြိတ်လိုက်မိသော်လည်း သူက အမိန့်ချရမည့်သူ မဟုတ်ပေ။ မာန်စွမ်းအားရှင် တစ်ရာခန့်သည်လည်း စုမင်စကားများကို ကြားလိုက်ကြရသည်။

"ငါ မင်းတို့ အားလုံးကို အသက်ရှင်စေချင်တယ်။ အခု ပြန်ဆုတ်ကြတော့။ ကျီချဲ မင်းလည်း နောက်ဆုတ်၊ ဒါ နဝမတောင်ထွတ်ရဲ့ အမိန့်ပဲ"

ကျီချဲ အံကိုသာ တင်းတင်းကြိတ်၍ ခေါင်းညိတ်ပြလိုက်မိချေသည်။

All Chapters